အခန်း (၃၃၁-၃၃၂)
Vol. 25 Ch. 331-332
အပိုင်း(၃၃၁)
ဖူရှန်းရွှီ၊ ချင်ထျန်းတောင်ထွတ်
အဇူရာတောင်ကြီးဆင်းသက်လာသောအခါ တပည့်များအားလုံးပျံထွက်လာကြပြီး ထိုခမ်းနားသော မြင်ကွင်းကြီး ကြည့်ရှုနေခဲ့ကြသည်။
ကုအန်ကတော့ ရပ်မသွားဘဲ သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့်အန်းရှင်းကိုခေါ်ပြီးသာ ဒင်ထျန်းတောင်ထွတ်သို့ ဆက်သွားခဲ့လိုက်၏။
အန်းရှင်း အဇူရာတောင်ကြီးနှင့်လမ်းတစ်လျှောက်လုံးရှိ ကျင့်ကြံသူများကို ငေးမောကြည့်ရှုခဲ့ပြီးနောက် အံ့အားသင့်သွားပြီး သေမျိုးတောင်ထွတ်ကမ္ဘာသည် အမှန်တကယ်ပင်ထွင်းဖောက်မမြင်နိုင်သော နေရာတစ်ခုဖြစ်ကာ စီနီယာလုပြောတာ မမှားဘူးဟု ခံစားလိုက်ရသည်။
အဇူရာတောင်ကြီးမှဖိအားသည် သေမျိုးတောင်ထွတ်ကမ္ဘာတစ်ခုလုံးကို အချိန်အတန်ကြာလွှမ်းမိုးထားခဲ့ပြီး တပည့်များကြား ဆွေးနွေးပြောဆိုမှုမှာလည်း ဆူညံစွာထွက်ပေါ်လာခဲ့သည်။
ဒင်ထျန်းတောင်သို့ရောက်သောအခါ ကုအန် တောင်ထွတ်ဆီသို့ ဦးတည်သွားလိုက်၏။
ထိုအခါမှသာ အန်းရှင်း ဒင်ထျန်းတောင်ကြီး၏ ကြီးမားပုံနှင့်ကျယ်ပြန့်လှသောအရှိန်အဝါကို ခံစားမိသွားခဲ့သည်။
ထိုမျှကြီးမားသောတောင်ကြီးက သူ့ဆရာပိုင်တာဟုသိလိုက်ရသောအခါ သူမ၏ကုအန်အပေါ် လေးစားအားကျမှုများက ပိုပြီးပင် တိုးသွားခဲ့၏။
သူတို့တောင်ထွတ်ဆီသို့ ရောက်လျှင်ရောက်ခြင်းပင် ကျူရှင်းလန် မကြာခင်တွင်ကျူရှင်းလန်ပေါ်လာခဲ့ပြီး ကုအန်ကို ဦးညွတ်၍ အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
“အခြေအနေဘယ်လိုရှိလဲ” ကုအန်မေးလိုက်၏။
ကျူရှင်းလန်ဖြေလိုက်သည်။
“အဲ့တာက ပင်မတောင်ထွတ်က ဖူရှန်းရွှီက အထွတ်အထိပ်အမတရတနာတစ်ခုကို သိမ်းပိုက်ဖို့ကြိုးစားနေတာပါ သူကအနာဂတ် ပင်မတောင်ထွတ်သခင်လည်းဖြစ်ပြီး နှစ်တစ်သန်းအတွင်း သေမျိုးတောင်ထွတ်ကမ္ဘာရဲ့ အတော်ဆုံးပါရမီရှင်ပါဆရာ”
ဖူရှန်းရွှီအကြောင်းပြောသောအခါ သူ့လေသံထဲတွင် ရှုပ်ထွေးမှုများရောပါနေခဲ့သည်။
ကုအန် ကောင်းကင်ရှိအဇူရာတောင်အရိပ်ကြီးကိုမော့ကြည့်ကာ ရယ်မောလိုက်ပြီး
“ဒါကအတော်လေးတော့ ဆူညံသွားတာပဲ”
အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါက အထွတ်အထိပ်အမတရတနာတစ်ခုကို သိမ်းပိုက်ဖို့ကြိုးစားနေရာတွင် ဤအဖြစ်အပျက်ကတော့ အတော်လေးအားစိုက်နေရသည်ဟု ပြော၍ ရပေသည်။ ပုံမှန်ဆိုလျှင် အပူအပင်မဲ့ကမ္ဘာဦးအမတများအတွက် ကိုယ့်ရှေ့တွင်ေရာက်ေနေသာ အထွတ်အထိပ်အမတရတနာတစ်ခုကို သိမ်းပိုကဖို့က မခက်သင့်ပေ။
ကြည့်ရသည်မှာ ဤရတနာက သာမန်ရတနာတော့ဟုတ်ပုံမရပေ။
ကျူရှင်းလန် ပြောလိုက်၏။
“ဒီအထွတ်အထိပ်အမတရတနာက ကောင်းကင်ပြင်ပကနေ ပင်မတောင်ထွတ်သခင်ကိုယ်တိုင်ယူဆောင်လာတဲ့အရာပါ နောက်ပြီးဒီရတနာက မြင့်မြတ်ခုံရုံးရဲ့ ချီကံကြမ္မာဖိနှိပ်မှုကနေလည်း ကင်းလွတ်တယ် ရတနာရဲ့အမတစိတ်ဝိညာဉ်ကို ယဉ်ပါးအောင်လုပ်ဖို့က အတော်လေးခက်ပါတယ် အရင်ကလည်းကျရှုံးခဲ့တဲ့သူတွေ ရှ်ိခဲ့ဖူးတယ်”
ကုအန်ခေါင်းညိတ်ပြလိုက်ပြီးနောက် ဒင်ထျန်းတောင်ထွတ်ကကိစ္စများအကြောင်းမေးလိုက်ပြီး ဘာပြဿနာမှမရှိသောအခါမှသာ သူ့ဆေးဉယျာဉ်ဆီသို့ လမ်းလျှောက်သွားခဲ့လိုက်သည်။
အန်းရှင်းနှင့်သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူ့နောက်မှလိုက်လာခဲ့ကာ ကျူရှင်းလန်ကတော့ သူတို့ကိုအဖော်ပြုရင်း တစ်ချက်တစ်ချက်ကောင်းကင်သို့မော့ကြည့်ကာ ကောင်းကင်ရှိအဇူရာတောင်ကြီးကို အားကျသည့်မျက်၀န်းဖြင့် ကြည့်ရှုနေခဲ့၏။
မည်သူက အထွတ်အထိပ်အမတရတနာကို မလိုချင်သူရှိပါမည်နည်း။ သို့သော် ထိုရတနာများက အကန့်အသတ်နှင့်သာတည်ရှိကာ လိုချင်ရုံနှင့်ရနိုင်သောအရာများ မဟုတ်ကြပေ။
ဆေးပင်များရိတ်သိမ်းနေစဉ် ကုအန် အန်းရှင်းကိုထိုဆေးပင်များနှင့် မိတ်ဆက်ပေးနေခဲ့သည်။ ထိုဆေးပင်များထဲတွင် အများစုက အန်းရှင်းမကြားဖူးသောအပင်များဖြစ်သောကြောင့် ဂရုတစိုက်နားထောင်နေပြီး ကောင်းကင်က အဖြစ်အပျက်ကြီးက သူတို့ကို မနှောင့်ယှက်နိုင်ခဲ့ပေ။
ကျူရှင်းလန်ကတော့ ထိုမိန်းကလေး၏ဇာစ်မြစ်ကိုစိတ်၀င်စားနေပြီး သူ့ဆရာက ထိုမိန်းကလေးကိုအခြားသူများနှင့်မတူဘဲ ကွဲပြားစွာဆက်ဆံသည်ဟု ခံစားနေခဲ့ရ၏။
အန်းရှင်း၏မျက်နှာဖုံးကို ကုအန်ကိုယ်တိုင်ထွင်းလုပ်ပေးထားခြင်းဖြစ်သောကြောင့် မြေလျှောက်အမတအဆင့်၉ဖြစ်သော ကျူရှင်းလန်၏နတ်အာရုံဖြင့်ပင် ဖြတ်၍ မမြင်နိုင်ခဲ့ပေ။
တစ်နာရီခန့်ကြာသောအခါ သေမျိုးတောင်ထွတ်ကမ္ဘာဆီကျရောက်နေသောတောင်ကြီး၏ဖိအားက စတင်လျော့ကျလာခဲ့ပြီး တောင်၏ပုံသဏ္ဍာန်ကတော့ ကောင်းကင်တွင် ပိုပြီးပင်ထင်ရှားလာခဲ့သည်။ တောင်ပေါ်တွင် လေနှင့်အတူလွင့်နေသော သစ်ပင်များကိုပင်မြင်နေရပြီး အရာအားလုံးက အစစ်အမှန်လိုပင်။
“မင်းတာ၀န်ကိုယ်မင်းသွားလုပ်လို့ရပါတယ် ငါတို့နဲ့လိုက်ပေးနေစရာမလိုပါဘူး”
ကုအန်းဆေးဉယျာဉ်အပိုင်းတစ်ခုထဲမှထွက်လာကာ ကျူရှင်းလန်ဘက်ခေါင်းလှည့်၍ပြောလိုက်သောအခါ ကျူရှင်းလန်လည်း ဦးညွတ်အရိုအသေပေးလိုက်ပြီး လေထဲတွင်ပျောက်ကွယ်သွားခဲ့လေသည်။
သူရုတ်တရက်ပျောက်ကွယ်သွားမှုကိုစိတ်၀င်စားသွားပြီး အန်းရှင်း ကုအန်ကိုမေးလိုက်၏။
“ဆရာ သူ့ကျင့်ကြံခြင်းက ဘယ်အဆင့်မှာလဲ”
ကုအန် သာမန်အတိုင်းပြန်ဖြေလိုက်သည်။
“မြေလျှောက်အမတအဆင့်၉”
အန်းရှင်း၏ မျက်နှာဖုံးအောက်တွင်ဖုံးကွယ်ထားသော သူငယ်အိမ်များပြူးကျယ်သွားခဲ့သည်။ မြေလျှောက်အမတဟူသော စကားလုံးကိုသူကြားဖူးပြီး ထျန်းပန်ပြိုင်ပွဲတွင် ပထမနေရာကိုရယူနိုင်ခဲ့သော လက်ကိုးချောင်းနတ်အရှင်က မြေလျှောက်အမတမှန်း သူသိ၏။
မြေလျှောက်အမတအဆင့်၉သို့ပင် ရောက်ရှိနေခြင်းမှာဤလူက လက်ကိုးချောင်းနတ်အရှင်ထက်ပင် သန်မာနေသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။
ဒင်ထျန်းတောင်ထွတ်ကများပြားလှသောတပည့်များနှင့် ထိုတပည့်များအားလုံးက အမတများဖြစ်မှန်း သိလိုက်ရသောအခါ အန်းရှင်းဖိအားကိုခံစားလိုက်ရသည်။ ထိုသို့သော သူများအားလုံး၏ ဆရာသခင်ဖြစ်သော ကုအန်က သူ့ကိုအာရုံစိုက်၍ သင်ကြားပေးနေသောအခါ သူမည်သို့ဖိအားကိုမခံစားမိဘဲ နေပါမည်နည်း။
အနည်းဆုံးတော့ သူ့ဆရာကိုစိတ်ပျက်သွားအောင်လုပ်၍ မဖြစ်ပေ။
ဆရာတပည့်နှစ်ယောက် တောင်ပေါ်လမ်းတစ်လျှောက် စကားတပြောပြောနှင့် လမ်းလျှောက်လာခဲ့ကြပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း သူတို့နောက်မှ လိုက်လာခဲ့၏။ ပင်လယ်လေပြေက သူတို့ကိုဖြတ်၍ တိုက်ခတ်နေရင်း တောင်ပေါ်မှ ကမ္ဘာကြီးတစ်ခုလုံးကို ငုံ့ကြည့်လိုက်သောအခါ သူတို့၏သိမ်နုတ်မှုကို ခံစားလိုက်ရလေသည်။
ကောင်းကင်ပေါ်ရှိ အဇူရာတောင်ကြီး၏အရိပ်ကလည်း တဖြည်းဖြည်းပြိုကွဲသွားခဲ့ပြီး မကြာခင်တွင် ကောင်းကင်က ပင်ကိုအရောင်သို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
“ဆရာ အဲ့ဒီအထွတ်အထိပ်အမတရတနာနဲ့ ဆရာဦးလေးလီယရဲ့ ကမ္ဘာခြားနတ်မြို့တော်နဲ့ယှဉ်ရင် ဘာကပိုသန်မာလောက်လဲ” အန်းရှင်း မနေနိုင်မထိုင်နိုင် မေးလိုက်မိသည်။
လီယ ထျန်းပန်ပြိုင်ပွဲတွင် ၀င်ပြိုင်ခဲ့စဉ်ကကမ္ဘာခြားနတ်မြို့တော်ကိုအသုံးပြုခဲ့ပုံကို သူမအခုထိ မေ့မရနိုင်သေးပေ။
“အထွတ်အထိပ်အမတရတနာတွေရဲ့ စွမ်းအားက အသုံးပြုသူရဲ့ ခွန်အားအပေါ်မူတည်နေတယ် လီယက ကမ္ဘာခြားနတ်မြို့တော်စွမ်းအားကို အပြည့်အ၀ထုတ်မသုံးနိုင်သေးဘူး” ကုအန် ဖြေလိုက်၏။
အထွတ်အထိပ်အမတရတနာတစ်ခုဧ။်စွမ်းအားအကြီးဆုံးလုပ်ဆောင်နိုင်စွမ်းက ထာ၀ရတည်ရှိနိုင်ခြင်း ဖြစ်သည်။လတ်တလောတွင် ကမ္ဘာပေါ်၌ များစွာသော အထွတ်အထိပ်အမတရတနာများရှိကြပြီး အကုန်လုံးက မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်၏။ ဤအရာက ကောင်းကင်ကိုးဆင့်က တည်ရှိမှုများ၏ ရှည်လျားလှသော သက်တမ်းကိုလည်း ညွှန်ပြနေခဲ့သည်။
ထိုစကားကိုကြားသောအခါ အန်းရှင်း အထွတ်အထိပ်အမတရတနာများအကြောင်း ပိုပြီးပင် စိတ်ဝင်စားသွားခဲ့၏။
ကုအန် သူမကိုဒီနေ့ခေါ်လာရခြင်းမှာလည်း သူမ၏ အသိပညာကိုချဲ့ထွင်ပေးရန်နှင့်အထွတ်အထိပ်အမတရတနာများအကြောင်း ပိုမိုသိရှိသွားစေရန် ဖြစ်ပေသည်။
“အဲ့တာက ဘာလဲ”
သွေးအကျဉ်းထောင်မဟာသူတော်စင် ရုတ်တရက်ပြောလိုက်ရာ အန်းရှင်းလည်း လှည့်ကြည့်လိုက်မိပြီး မိုးကုတ်စက်ဝိုင်းမှ သူတို့ဆီပျံသန်းလာသော အဇူရာရောင်အလင်းတန်းကို တွေ့လိုက်ရ၏။
ထိုအခါ အပြုံးတစ်ပွင့် ကုအန်မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး ထင်ထားသလိုပဲဟု တွေးလိုက်မိသည်။
ထိုအထွတ်အထိပ်အမတရတနာ၏ အမတစိတ်ဝိညာဉ်သည် မရိုးရှင်းသောကြောင့် ကုအန် ဒီနေ့ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
ကောင်းကင်ပြင်ပမှ အထွတ်အထိပ်အမတရတနာတစ်ခုတွင် ဖုံးကွယ်ထားသော အကြံအစည်များ ရှိနေခဲ့သည်။
ဒင်ထျန်းတောင်ထွတ်ဆီသို့ ဦးတည်လာသော ထိုရတနာသည် တောင်ထွတ်ရှိ မိစ္ဆာသန္ဓေသားနှင့် ဆက်စပ်နေမှာ သေချာပေသည်။
အဇူရာအလင်းရောင်သူတို့နှင့်ပိုနီးလာသောအခါ သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့်အန်းရှင်းတို့ရင်ထဲ အကြောက်တရားများ ပေါ်ပေါက်လာခဲ့ကြ၏။
သို့သော် ကုအန်သူတို့ရှေ့သို့ထွက်ရပ်လိုက်သောကြောင့် သူတို့ရင်ထဲရှိအကြောက်တရားများ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် အန်းရှင်းနှင့်သွေးအကျဉ်းထောင်မဟာသူတော်စင်တို့အလိုလို ကုအန်ကို ကြည့်လိုက်မိကြသည်။
ကုအန် ညာလက်ကိုမြှောက်လိုက်ကာ လက်သီးဆုပ်လိုက်သောအခါ အဝေးရှိ အဇူရာအလင်းရောင်က ချက်ချင်းပျောက်ကွယ်သွားခဲ့၏။
အန်းရှင်းနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်တို့လည်း အဇူရာအလင်းရောင်ကိုမမြင်ကြရတော့ဘဲ ခုနကမြင်ကွင်းက တကယ်မရှိခဲ့သည့်ပုံရိပ်ယောင်တစ်ခုလို ခံစားလိုက်ကြရသည်။
သူတို့နှစ်ယောက် ဆန့်တန်းထားသော ကုအန်လက်သီးဆုပ်ထဲကြည့်လိုက်သော်လည်း ကံဆိုးစွာဖြင့် ကုအန်ကသူ့လက်သီးကိုမဖွင့်သောကြောင့် အထဲတွင် ဘာရှိသလဲ မမြင်ခဲ့ရပေ။
ထိုစဉ် တောင်ကမ်းပါးဆီသို့ ပုံရိပ်တစ်ခုဆင်းသက်လာခဲ့ပြီး ထိုပုံရိပ်က ကုအန်နှင့်ခြေ၁၀လှမ်းခန့်ဝေးသောနေရာတွင် ရပ်နေခဲ့၏။
သူမျက်မှောင်ကြုံ့ကာ ကုအန်ကိုကြည့်လိုက်သည်။
[ဖူရှန်းရွှီ(အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၅): ၁၆၈၄၈၇/၇၅၀၀၀၀/၂၅၀၀၀၀၀]
ကုအန် တစ်ဖက်လူ၏သက်တမ်းကိုမြင်သောအခါ သေမျိုးတောင်ထွတ်ကမ္ဘာ၏နံပါတ်၁ပါရမီရှင်ဟူသော ဂုဏ်သတင်းက အလကားရထားခြင်းမဟုတ်မှန်း သိလိုက်ရ၏။
အနာဂတ်တွင် သူသည် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်ကိုပင် ကျော်လွန်သွားနိုင်ပေသည်။
ဖူရှန်းရွှီမေးလိုက်၏။
“စီနီယာက စီနီယာမုန့်လန်များလား”
မုန့်လန်လား!
အန်းရှင်းအကြည့်က စိတ်၀င်စားသွားသည့်ပုံ ပေါ်သွားခဲ့သည်။
တစ်ဖက်တွင် ကုအန်ကတော့ ရယ်မောကာ ပြောလိုက်၏။
“ဒီရတနာက ဒင်ထျန်းတောင်ထွတ်ဆီ ဆိုက်ဆိုက်ကြီးရောက်လာတာဆိုတော့ ကံကြမ္မာကငါ့အတွက် သတ်မှတ်ပေးထားတာလို့များ ပြောလို့ရလောက်မလား”
ဖူရှန်းရွီ၏ အမူအရာရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ နောက်ဆုံးတွင် သူဒုက္ခခံကာယူဆောင်လာခဲ့ရသော ရတနာက အခြားသူတစ်ယောက်လက်ထဲရောက်သွားခြင်းပေလော။
သူသည် ၀မ်လိညီလာခံကိုမတတ်ရောက်သော်လည်း သေမျိုးတောင်ထွတ်ကမ္ဘာတွင် ကြီးမြတ်သည့်ကျင့်ကြံသူအသစ်တစ်ယောက် ထပ်ရောက်နေသည်ကို မည်သို့မသိဘဲနေပါမည်နည်း။
အကြီးအကဲမိုဟန်ကို အလွယ်တကူသတ်ဖြတ်နိုင်သူသည် သူ့တတ်နိုင်စွမ်းထက်ပိုသောနေရာတွင် ရှိနေမည်မှာလည်း သေချာပေသည်။
ထို့အပြင် တစ်ဖက်လူက ရတနာကိုအလွယ်တကူရိတ်သိမ်းပြလိုက်ပုံကလည်း သူတို့ကြားရှိ ကျင့်ကြံခြင်းကွာဟချက်ကို ညွှန်ပြနေခဲ့သည်။
တခဏတော့ ဖူရှန်းရွှီ ဘာလုပ်ရမလဲမသိဖြစ်သွားခဲ့သည်။ သူ့ဆရာ တာအိုအရှင်ယုံနျန်ကလည်း တောင်ထွတ်သခင်မုန့်လန်ကို သေမျိုးတောင်ထွတ်ကမ္ဘာတွင် ဆက်လက်ခန့်အပ်ထားနိုင်ရန် အကောင်းဆုံးကြိုးစားဖို့ မှာထားသေးသည်။
ဤအရာမှာလည်း အထွတ်အထိပ်အမတရတနာဖြစ်နေခဲ့၏။
သာမန်အထွတ်အထိပ်အမတရတနာလည်းမဟုတ်ဘဲ မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာထိန်းချုပ်မှုကို ခံမထားရသည့် ရတနာဖြစ်ပေသည်။
“စီနီယာ…” ဖူရှန်းရွှီ အံကိုကြိတ်လိုက်ကာ ကုအန်အပြုအမူကို စမ်းသပ်၍ စောင့်ကြည့်နေခဲ့၏။
ထို့နောက် ကုအန်သူ့လက်သီးဆုပ်ကိုဖြည်လိုက်သောအခါ လက်ဖဝါးပေါ်တွင် အဇူရာရောင်တောင်အသေးလေးတစ်လုံး ပေါ်လာခဲ့လေသည်။
ထိုတောင်ကိုမြင်သောအခါ ဖူရှန်းရွှီ၏အကြည့်များ တောင်ဆီမှ မခွာနိုင်တော့ပေ။
အန်းရှင်းနှင့်သွေးအကျဉ်းထောင်မဟာသူတော်စင်တို့ အသစ်ရောက်ရှိလာသူ၏ ကျင့်ကြံခြင်းကိုသေချာမသိသော်လည်း ထိုလူက သာမန်မဟုတ်တာတော့ သူတို့လည်းသိနေခဲ့သည်။
သူတို့ ဆရာလက်ထဲကအဇူရာတောင်လေးက အထွတ်အထိပ်အမတရတနာပေလော။
သူသည် အထွတ်အထိပ်အမတရတနာကို သာမန်အတိုင်းလက်တစ်ချမ်းယမ်းရုံဖြင့် ရိတ်သိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
အန်းရှင်းစိတ်ထဲ သူ့ဆရာကို လေးစားအားကျမှုများဖြင့် ပြည့်လျှံနေခဲ့၏။
“ငါလွှတ်ပေးလိုက်ရင်ရော မင်းဖမ်းနိုင်မှာ သေချာလို့လား” ကုအန် ခပ်ဟဟရယ်မောကာ မေးလိုက်သည်။
ဖူရှန်းရွှီ အမြန်ပြန်ဖြေလိုက်၏။
“ကျွန်တော်တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပါ့မယ်”
ထို့နောက် ကုအန် အဇူရာတောင်လေးကို သာမန်အတိုင်းအဝေးသို့လွှင့်ပစ်လိုက်ရာ မိုင်တစ်သန်းအဝေးဆီ လွှင့်ထွက်သွားခဲ့သည်။
ဖူရှန်းရွှီလည်းချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး သူ့လင်းရှီများ ရစ်သိုင်းနေသောလက်ဖြင့် ရတနာကိုလှမ်းဆုပ်ကိုင်လိုက်လေသည်။
ဝုန်းး!
ကြောက်မက်ဖွယ်အဟုန်ကြီးတစ်ခုပေါက်ကွဲထွက်ပေါ်လာပြီး ဖူရှန်းရွှီလည်း နောက်သို့သာ ပြန်လွှင့်သွားခဲ့ရသည်။
အဇူရာတောင်လေးကတော့ ဧရာမတောင်ကြီးအဖြစ်တစ်ဖန်ပြန်လည်ပြောင်းလဲသွားပြီး ဒင်ထျန်းတောင်ထွတ်ဆီ ပြန်လာနေခဲ့ပြန်သည်။
ဖူရှန်းရွှီလည်း လှည့်ကြည့်လိုက်ပြီး ထိုအရာကိုမြင်သောအခါ သူချက်ချင်းလေထဲတွင် ပျောက်သွားခဲ့၏။
သူအမြန်ပင် ဒင်ထျန်းတောင်ထွတ်ဆီပျံသန်းလာခဲ့ပြီး တောင်ကမ်းပါးတွင် ဆင်းသက်လာကာ ရှုပ်ထွေးနေသောအမူအရာများဖြင့် ကုအန်ကိုကြည့်လိုက်သည်။
တောင်ငယ်လေးကတော့ ကုအန် လက်ဖဝါးပေါ်တွင် ထပ်မံမျောလွင့်နေခဲ့ပြန်သည်။
ထိုအခိုက်တွင် ဖူရှန်းရွှီနောက်ရှိ လေထဲ၌ ကျင့်ကြံသူများစွာ ပေါ်လာကြပြီး ထိုသူများက သေမျိုးတောင်ထွတ်ကမ္ဘာ၏ အာဏာရှိပုဂ္ဂိုလ်များဖြစ်ကြပြီး ပင်မတောင်ထွတ်သခင် ယုံနျန်ပင် ရောက်ရှိလာခဲ့သည်။
ကုအန် တာအိုအရှင်ယုံနျန်ဘက်လှည့်ကာ ရယ်မောလိုက်၏။
“တောင်ထွတ်သခင် ဒီရတနာက ကျွန်တော့်ဒင်ထျန်းတောင်ထွတ်ဆီပဲလာချင်နေတယ် ကျွန်တော့်မှာလည်း လက်ခံလိုက်ဖို့ကလွဲ ရွေးစရာမရှိတော့ဘူး”
တာအိုအရှင်ယုံနျန်တစ်ခုခုကို နားလည်သွားဟန်ဖြင့် သူ့မျက်လုံးထဲသဲလွန်စတစ်ခုဖြတ်ပြေးသွားပြီးနောက် ရယ်မောလိုက်လေသည်။
“ဒီရတနာကို ချင်ထျန်းတောင်ထွတ်လို့ခေါ်ပါတယ် အဲ့တာကို ကျွန်တော့်ဂျူနီယာတစ်ယောက်က ကောင်းကင်ပြင်ပကနေယူလာတာလေ တကယ်လို့ တာအိုမိတ်ဆွေကြိုက်တယ်ဆိုရင် ဒါကို တာအိုမိတ်ဆွေကိုပေးဖို့ ဆန္ဒရှိပါတယ်”
ထိုစကားကိုကြားသောအခါ ဖူရှန်းရွှီချက်ချင်းစိတ်ညစ်သွားပြီး သူ့ဆရာကိုကြည့်ကာ ပြောလိုက်၏။
“ဆရာ…”
“ကောင်းပြီ နောက်ကျရင် ငါမင်းအတွက်အထွတ်အထိပ်အမတရတနာတစ်ခုအသစ် ရှာပေးမယ် ဒီတစ်ခုကတော့ မင်းနဲ့ရေစက်မရှိဘူး အဲ့အတွက်အခြားသူတွေကိုအပြစ်ပြောနေစရာ အကြောင်းမရှိဘူး” တာအိုအရှင်ယုံနျန်သတိပေးသံဖြင့် ပြောလိုက်သည်။
သူသည် ဖူရှန်းရွှီထက် အဆင့်ငယ်တစ်ဆင့်သာမြင့်သော်လည်း ဖူရှန်းရွှီကို သူကိုယ်တိုင်ပျိုးထောင်ခဲ့ခြင်းဖြစ်သောကြောင့် ဖူရှန်းရွီသူ့စကားကိုနားထောင်ရုံမှလွဲ ရွေးစရာမရှိခဲ့ပေ။
သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ကုအန်ကိုအရိုအသေပြုလိုက်ကာ လှည့်ထွက်သွားခဲ့လေသည်။
အခြားတောင်ထွတ်သခင်များကတော့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ရင်ထဲ အတွေးကိုယ်စီရှိနေခဲ့ကြသည်။
တာအိုအရှင်ယုံနျန်ကုအန်ကိုကြည့်ကာပြောလိုက်၏။
“ရတနာကတကယ်ပဲ ဒင်ထျန်းတောင်ထွတ်နဲ့ ကံကြမ္မာရေစက်တစ်ခုရှိနေတာပါ တာအိုမိတ်ဆွေက ဒင်ထျန်းတောင်ထွတ်ကိုလည်း ကောင်းကောင်းကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”
ကုအန်ခေါင်းညိတ်ကာ ပြောလိုက်သည်။
“တကယ်လို့ သေမျိုးတောင်ထွတ်ကမ္ဘာက ကျွန်တော့်ကိုလိုရင် ကျွန်တော်လှုပ်ရှားပေးမှာပါ”
တာအိုအရှင်ယုံနျန်လည်း ပြုံးလိုက်ပြီးပျောက်ကွယ်သွားခဲ့၏။
အခြားတောင်ထွတ်သခင်များလည်း သူ့နည်းတူ အရိုအသေပေးကာ ပျောက်ကွယ်သွားခဲ့ကြသည်။
ပိုင်ကျိယ သူ့ကိုစကားပြောဖို့ လာမရှာခဲ့သောကြောင့် ကုအန်စိတ်ထဲတော့ နောင်တအပိုင်းအစတစ်ခုကို ခံစားလိုက်ရ၏။ သူတို့ဆက်ဆံရေးက တဖြည်းဖြည်းဝေးကွာသွားပုံပင်။
လူတိုင်းထွက်သွားသောအခါ အန်းရှင်းမမေးဘဲ မနေနိုင်တော့ပေ။
“ဒီလိုနဲ့ ဆရာက အထွတ်အထိပ်အမတရတနာတစ်ခုရသွားတာလား”
သူ့ဆရာ အခုလို ယုံကြည်မှုရှိရှိနှင့် ပြုမူနေခြင်းကို သူပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။
ဒါပေါ့ ဆရာသခင်ဓားအရှင်ကတော့ ပေါ်ထွက်လာတိုင်း ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားနိုင်သူ ဖြစ်ပေသည်။ သို့သော်လည်း သူသိသောကုအန်ကတော့ သူ့ထက်အဆင့်နိမ့်သောကျင့်ကြံသူများအပေါ်တွင်ပင် ငြင်ငြင်သာသာဆက်ဆံသူ ဖြစ်၏။
သွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ကုအန်လက်ထဲက ချင်ထျန်းတောင်ထွတ်ကိုသာ ကြည့်ရှုနေမိခဲ့သည်။
ကုအန် နတ်အာရုံသုံးကာ ချင်ထျန်းတောင်ထွတ်ကိုစစ်ဆေးနေစဉ် တောင်ထိပ်ဆီသို့ ပြန်တက်လာခဲ့၏။
ချင်ထျန်းတောင်ထွတ်ထဲတွင် အမတစိတ်ဝိညာဉ်ကဖြစ်တည်နေပြီးသားဖြစ်ပြီး ထိုအရာက နှစ်ပေါင်းများစွာရှင်သန်လာခဲ့ပြီးဖြစ်လေရာ ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်ထက်များစွာပိုပြီး အစွမ်းထက်ပေသည်။ ထိုအရာသည် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး လက်ထဲကပင် လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့သူဖြစ်၏။
မကြာခင်တွင် ကုအန်နတ်အာရုံက ချင်ထျန်းတောင်ထွတ်ထဲရှိ ဘုရားကျောင်းပျက်တစ်ခု၏နံရံထဲတွင် ပုန်းအောင်းနေသော ကောင်းကင်မိစ္ဆာတစ်ကောင်ကို ရှာတွေ့သွားခဲ့သည်။ ထိုအကောင်သည် လုံး၀မထောက်လှမ်းနိုင်လောက်အောင် ကောင်းကောင်းကြီးပုန်းကွယ်နေခြင်းဖြစ်ပြီး နတ်အတွေးအစစ်အမှန်အမတတစ်ပါးပင် သူ့ကိုထောက်လှမ်းမိဖို့ မလွယ်လှပေ။
“ကြိုးစားပြီးကျင့်ကြံ တစ်နေ့မင်းလုံလောက်အောင်သန်မာလာရင် ဆရာကဒီရတနာမင်းကိုပေးမယ်” ကုအန် သူ့ဘေးတွင်ကပ်လိုက်ကာ ရတနာကိုစိတ်၀င်တစားကြည့်ရှုရင်း ငြင်သာစွာပြုံးနေသော အန်းရှင်းကို ပြောလိုက်လေသည်။
အပိုင်း(၃၃၂)
နိုးထခြင်း
“တကယ်လား”
ကုအန်စကားကိုကြားသောအခါ အန်းရှင်းရုတ်ချည်းစိတ်လှုပ်ရှားသွားပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ကတော့ မျက်လုံးများ နီရဲသွားခဲ့သည်။
သူ့ဆရာသခင်သည် တကယ်ပဲ အထွတ်အထိပ်အမတရတနာကိုတောင် နှမြောတွန့်တိုနေခြင်းမရှိပေ။
တောင်ထိပ်သို့ရောက်သောအခါ ကုအန်အန်းရှင်းကို သွားကျင့်ကြံခိုင်းလိုက်ပြီး သူကတော့အိမ်ကိုတစ်ယောက်တည်း ပြန်လာခဲ့လိုက်၏။
အိပ်ယာပေါ်တွင်ထိုင်နေရင်း ကုအန်အကြည့်က ချင်ထျန်းတောင်ထွတ်ဆီ ကျရောက်နေခဲ့သည်။ သူအရင်ဆုံး နတ်အာရုံသုံးကာ သတိထားရမည့် အမှတ်အသားများ စည်းများအားလုံးကို ဖျက်ပစ်လိုက်၏။
ချင်ထျန်းတောင်ထွတ်၏အမတစိတ်ဝိညာဉ်သည် အတော်လေးရိုကျိုးလှကာ ကုအန်ကိုလုံး၀မခုခံခဲ့ဘဲ သူ့ပုံစံက ပျော်နေသည့်ပုံပင်ပေါက်နေသေးသည်။
အန္တရာယ်ကင်းတာ သေချာအောင်လုပ်ပြီးမှာ ကုအန် အမတစိတ်ဝိညာဉ်ကို သူ့ကိုသခင်အဖြစ် သတ်မှတ်ခိုင်းလိုက်၏။
ချင်ထျန်းအမတစိတ်ဝိညာဉ်၏ရိုကျိုးမှုကြောင့် ကုအန် တစ်နာရီတောင်မပြည့်သေးခင်တွင် ချင်ထျန်းတောင်ထွတ်ကိုသန့်စင်နိုင်သွားခဲ့ကာ အမတစိတ်ဝိညာဉ်ကလည်း သူ့ကိုအပြည့်အ၀အမှုထမ်းမည့်သူ ဖြစ်လာခဲ့သည်။
ထိုချင်ထျန်းအမတစိတ်ဝိညာဉ်၏ တိုက်ခိုက်ရေးစွမ်းအားက အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးနှင့်ပင် ညီမျှ၏။
ထို့အပြင် ဤချင်ထျန်းတောင်ထွတ်တွင်ပါ၀င်သည့်စွမ်းအားက ကြယ်ခုနှစ်လုံးကြေးမုံ အမတဘုရင်သရဖူနှင့် ကမ္ဘာခြားနတ်မြို့တော်တို့ထက် ပိုကြီးသည်ဟု ကုအန် ခံစားနေရသည်။ ကမ္ဘာခြားနတ်မြို့တော်နှင့် အမတဘုရင်သရဖူတို့က ထိခိုက်ခံထားရသော ရတနာများဖြစ်ကြပြီး ပြန်ကောင်းဖို့ အချိန်ယူရန် လိုနေသေးသည်။
ကြယ်ခုနှစ်လုံးကြေးမုံကတော့ မထိခိုက်ထားသော်လည်း သူ့စွမ်းအားက ချင်ထျန်းတောင်ထွက်အောက်အနည်းငယ်နိမ့်ပြီး အများကြီးကွာဟနေတာမျိုးလည်း မဟုတ်ပေ။
နောက်ဆုံးတွင် ကုအန်နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့၏။
ဤအရာမှာ ကရားတစ်ခုထဲတွင် လိပ်တစ်ကောင်ကို ဖမ်းမိထားသလိုပင်။
မေ့လိုက်ပါတော့ သူ့ကိုလွှတ်ထားလိုက်ပါဦးမယ် နောက်ဆုံးတော့ ဒီကောင်က ထွက်ပြေးလို့လည်းမရသလို အပြင်ကိုသတင်းပို့လို့လည်း ရမှမနေဘဲ!
သူချင်ထျန်းတောင်ထွတ်ထဲတွင် ကောင်းကင်မိစ္ဆာတစ်ကောင်ပုန်းအောင်းနေသည်ကို မသိချင်ယောင်ဆောင်နေလိုက်ပြီး ချင်ထျန်းအမတစိတ်ဝိညာဉ်ကလည်း ထိုအရာကို လုံး၀ သတိမထားမိခဲ့ပေ။
ချင်ထျန်းတောင်ထွတ်ကို သန့်စင်ခဲ့စဉ်က ကုအန် သူ့မှတ်ညဏ်များထဲ၀င်ချောင်းကြည့်ခဲ့ပြီး ထိုအမတစိတ်ဝိညာဉ်က အချိန်အများစုတွင် အိပ်ရင်အိပ် မဟုတ်လျှင် သန်မာသောစွမ်းအားတစ်ခု၏ ချိတ်ပိတ်ခြင်းကိုသာ ခံထားရပြီး သူ့အထဲတွင် ဘာရှိနေမှန်း သူသေချာမသိတာကို သိခဲ့ရသည်။
ဘာရှိမှန်းသေချာမသိသော်လည်း အမတစိတ်ဝိညာဉ်သည် ထိုအရာ၏ လွှမ်းမိုးခြင်းကိုတော့ ခံထားခဲ့ရ၏။ ထိုလွမ်းမိုးခံရမှုကြောင့်လည်း ဒင်ထျန်းတောင်ထွတ်တွင် သူ့ကိုဆွဲဆောင်နေသောအရာတစ်ခုခုရှိသည်ဟုခံစားရပြီး ဒင်ထျန်းတောင်ထွတ်ကိုသာ ဦးတည်ပြီးရောက်လာနေခြင်း ဖြစ်သည်။
အကယ်၍ ကုအန်သာ၀င်မပါခဲ့လျှင် အမတစိတ်ဝိညာဉ်က ဒင်ထျန်းတောင်ထွတ်ကိုအားသုံး၍ ၀င်တိုက်ကာ သူ့ကိုဆွဲဆောင်နေသောအရာကို ကိုယ်တိုင်ထွက်လာအောင်လုပ်မည်ဟု စီစဉ်ထားခြင်းဖြစ်၏။
“ဒီလိုဆိုတော့လည်း ဒင်ထျန်းတောင်ထွတ်အောက်က မိစ္ဆာသန္ဓေသားက ရိုးရှင်းပုံတော့ မရဘူးပဲ”
ကုအန်ကြိတ်၍တွေးလိုက်မိပြီး ထိုမိစ္ဆာသန္ဓေသားကို ဘယ်ရွှေ့ရမလဲဟု စဉ်းစားနေခဲ့သည်။
အကယ်၍ သူရွှေ့လိုက်မှ ထိုအရာကိုနှိုးလိုက်မိသလိုဖြစ်သွားပြီး အစောကြီးနိုးထလာလျှင်လည်း ကပ်ဘေးက ပိုစောပြီး ရောက်ရှိလာနိုင်သေး၏။
ဒီမှာထားတာက သူ့အတွက် ကိစ္စတော့သိပ်ရှိမနေပေ။ အကယ်၍ နောက်ထပ်ကောင်းကင်မိစ္ဆာများ ထပ်လာနေလျှင်လည်း သူဂရုမစိုက်ပေ။
ဘယ်ကောင်းကင်မိစ္ဆာပဲလာလာ သူ့ထက်ကျင့်ကြံခြင်းနိမ့်နေလျှင်တော့ နင်းချေပစ်ရမည်သာ။
သူ့ထက်ပိုမြင့်သော ကောင်းကင်မိစ္ဆာများ စိမ့်၀င်လာနိုင်ဖို့ကတော့ မဖြစ်နိုင်ပေ။ အကယ်၍ ထိုသူများသာ စိမ့်၀င်လာနိုင်ပါက မြင့်မြတ်ခုံရုံး၏ တည်ရှိမှုက ဘာဖြစ်သွားပါတော့မည်နည်း။
ကုအန် ချင်ထျန်းတောင်ထွတ်ကို တန်ဆာတစ်ခုဖြစ်သည်အထိ ခြုံ့လိုက်ပြီး သူ့ခါးပတ်တွင် ချိတ်ဆွဲထားလိုက်လေသည်။
ကုအန်၏ အစွန်းကိုးပါးယင်ယန်ခန္ဓာမှအဆင့်မြင့်သွားသော ဟင်းလင်းပြင်ခန္ဓာတာအိုကလည်း ကမ္မတွက်ချက်မှုများကို တားဆီးပေးနိုင်သောကြောင့် ချင်ထျန်းတောင်ထွတ်ကို ဘယ်သူမှ တွက်ချက်၍ ရနိုင်မည် မဟုတ်ပေ။
ထို့နောက် ကုအန် ထရပ်ကာ ပျင်းရိစွာအကြောဆန့်လိုက်၏။
ကောင်းကင်မိစ္ဆာတွေ မြင့်မြတ်ခုံရုံး….
ဒီကမ္ဘာကြီးထဲမှာ စစ်မှန်တဲ့အေးချမ်းမှုကိုရရှိဖို့ တကယ်ခက်ခဲတာပဲ!
ကုအန် တွေးလိုက်မိသော်လည်း သူ့မျက်နှာပေါ်တွင် ဖိအားများတော့ ရှိမနေခဲ့ပေ။
သူ့တွင် အချိန်များစွာရှိနေသေးပြီး အေးအေးဆေးဆေးလုပ်၍ ရနေသေးသည်။ လက်ရှိ ပဋိပက္ခများက ခပ်သေးသေးသာဖြစ်ပြီး နောက်ဆုံးတွင်ရယ်မော၍ ကျန်ရစ်ခဲ့သောသူကသာ ပဋိပက္ခတုိင်းဧ။် အောင်နိုင်သူ ဖြစ်သည်။
….
ရာသီများပြောင်းကာ နှစ်သစ်သို့ရောက်ရှိလာခဲ့၏။
နှစ်သစ်ကူးပြီးပြီးခြင်းတွင် ကုအန် အန်းရှင်းကို တောထဲတွင် စွမ်းအင်စုပ်ယူခြင်း၌ လမ်းညွှန်ပေးနေခဲ့သည်။
ခေတ်ပြောင်းခြေလှမ်းက အတော်လေးနက်နဲလှသောကြောင့် ကုအန်ကိုယ်တိုင်သင်ကြားပေးနေတာတောင် အန်းရှင်းအတွက် တတ်မြောက်ဖို့ ခက်ခဲနေခဲ့၏။ လက်ရှိအန်းရှင်း၏ ပန်းတိုင်မှာ ခေတ်ပြောင်းခြေလှမ်း၏ ခြေလှမ်းကွက်များကို မှတ်မိရုံသာ ဖြစ်သည်။
အန်းရှင်း လျင်မြန်စွာလှုပ်ရှားနေပြီး ခြေလှမ်း ၅လှမ်း လှမ်းပြီးသည့်နောက် ရုတ်တရက်ခလုတ်တိုက်ကာ မြေပြင်ပေါ် လဲကျသွားခဲ့၏။
ထို့နောက် သူမပြန်ထထိုင်လိုက်ပြီး ခေါင်းမူးသွားဟန်ဖြင့် မျက်လုံးပိတ်ကာ ပါးစပ်လေးကိုအနညး်ငယ်ဟထားသောကြောင့် ကုအန် ရယ်မောလိုက်မိသည်။
သူအန်းရှင်းကိုသွားတော့ ကူမပေးခဲ့ပေ။ ဤအဆင့်က အန်းရှင်းအတွက် မရှိမဖြစ်လိုအပ်သော အဆင့်သာဖြစ်၏။
သူမထိုပုံစံအတိုင်း နာရီ၀က်ခန့်နေပြီးမှသာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ထို့နောက် ကုအန်ဘက်လှည့်ကာ ခါးသက်သက်ပြုံးလိုက်ပြီး ပြောလိုက်၏။
“ဆရာဒီသိုင်းကအရမ်းနက်နဲလွန်းတယ် ကျွန်မတကယ်ပဲဒါကိုသင်ဖို့ လိုတာလား”
ကုအန် ကြယ်ခုနှစ်လုံးကြေးမုံကို ယပ်တောင်တစ်ချောင်းလိုကိုင်ထားရင်း ခပ်ဟဟရယ်မောပြီး ပြောလိုက်သည်။
“မင်းဒါကိုသင်ကိုသင်ရမယ် ကျင့်ကြံခြင်းဆိုတာ စွမ်းအင်စုပ်ယူနေရုံနဲ့ မလုံလောက်ဘူး နောက်ပြီးနတ်သိုင်းတွေသင်ကြားခြင်းက မင်းရဲ့နားလည်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးလိမ့်မယ်”
အန်းရှင်းမျက်နှာရှုံ့မဲ့သွားသော်လည်း အရှုံးတော့ မပေးခဲ့ပေ။ သူမနောက်တစ်ကြိမ်ထရပ်ကာ ဆက်လေ့ကျင့်ဖို့ ပြင်လိုက်လေသည်။
သို့သော် ခုနကမူးဝေသွားသောခံစားချက်ကိုတွေးလိုက်မိစဉ်မှာတင် သူမအန်ချင်လာခဲ့၏။
ထို့နောက် သူမမျက်နှာကိုလက်ဖြင့်ပုတ်လိုက်ပြီး ထိုအတွေးကို ပြန်မတွေးမိဖို့ ကြိုးစားလိုက်သည်။
ထိုအခိုက်တွင် သူမခေါင်းကိုလှည့်လိုက်ရာ တောအုပ်ပြင်ပမှ ကောင်းကင်ယံတွင်တောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။
ကုအန်လည်းမော့ကြည့်လိုက်ပြီး သူ့အမူအရာကတော့ တည်ငြိမ်နေခဲ့သည်။
နောက်ဆုံးတော့ ရောက်လာပြီလား!
ထိုစဉ် ပင်လယ်ပြင်ရှိကျွန်းတစ်ကျွန်းပေါ်တွင် ယန်ကျင်းနှင့်ကောင်းကင်ဂိုဏ်းတို့ ပုခုံးချင်းယှဉ်၍ ရပ်နေခဲ့ကြသည်။
ယန်ကျင်း သူညာလက်ကိုကြည့်လိုက်ပြီး ကောင်းကင်ဂိုဏ်းပေးထားသော ရွှေရောင်ကျောက်စိမ်းပြားကို ချိုးလိုက်ရာ သူ့လက်ဖဝါးကို ရွှေရောင်အလင်းများက ဖုံးအုပ်သွားပြီး ရွှေရောက်ကြယ်များသို့ လေထဲသို့ ပြိုကွဲကာ ပျံ့နှံ့သွားခဲ့၏။
သူအမူအရာကင်းမဲ့နေပုံပေါ်သော်လည်း စိတ်ထဲတွင်တော့ အတော်လေးထိတ်လန့်နေခဲ့မိသည်။
အတိတ်ဘ၀မှတ်ညဏ်များနှင့် ပေါင်းစည်းသွားပြီးနောက် သူသည် လက်ရှိ သူ ဖြစ်နိုင်ပါဦးမည်လော။
ကောင်းကင်ဂိုဏ်းသူ့ကိုကြည့်ကာ နှစ်သိမ့်လိုက်၏။
“စိတ်မပူပါနဲ့ ဒီဖြစ်စဉ်က နာကျင်မှာမဟုတ်ပါဘူး ငါ၀င်္ကပါအစီအရင်လည်းချထားပြီးပြီ ဘယ်သူမှ မင်းကိုနှောင့်ယှက်မှာမဟုတ်တော့ဘူး”
ယန်ကျင်း ကောင်းကင်ရှ်ိ ရွှေရောင်အလင်းများခြုံလွှမ်းနေကာ အလွန်လှပနေသော မြင်ကွင်းကို ကြည့်ရှုနေခဲ့သည်။
“ဒါပေမယ့် ဒီဖြစ်ရပ်က…”ယန်ကျင်း တွန့်ဆုတ်နေခဲ့၏။
ကောင်းကင်ဂိုဏ်း သူ့မုတ်ဆိတ်ကိုဆွဲလိုက်ရင်း ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဒီဖြစ်ရပ်ကြီးက နယ်မြေအကျယ်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားမှာ ဘယ်သူမှမင်းကိုရှာတွေ့မှာမဟုတ်ဘူး စိတ်ပူစရာမလိုပါဘူး”
ယန်ကျင်းလည်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး သူ့လက်ဖဝါးကိုသာ ပြန်အာရုံစိုက်၏။
ထို့နောက်တွင်တော့ သူလက်ဖဝါးထဲမှထွက်လာသော ရွှေရောင်ကြယ်လေးများက သူ့မျက်နှာဆီပျံတက်လာကာ သူ့မျက်လုံးထဲ တိုး၀င်သွားခဲ့လေသည်။
ကျွန်းပေါ်တွင်လေများတိုတ်ခတ်နေပြီး စိတ်ဝိညာဉ်စွမ်းအင်များက ယန်ကျင်းဆီ တိုး၀င်ကုန်ကြ၏။
သူ့လက်ဖဝါးထဲက ရွှေရောင်အလင်းက သူ့မျက်နှာကို ရောင်ပြန်ဟပ်နေပြီး သူ့မျက်လုံးထဲတွင်တော့ ပုံရိပ်မြင်ကွင်းမျိုးစုံ တဖြတ်ဖြတ်ပြောင်းလဲနေခဲ့သည်။
ထိုသည်ကိုမြင်သောအခါ ကောင်းကင်ဂိုဏ်းယန်ကျင်းကိုနေရာပေးဖို့ နောက်သို့ဆုတ်ပေးလိုက်လေသည်။
ထိုစဉ်
အဓိပတိဂိုဏ်းထဲမှ ကုအန် ယန်ကျင်းကို ကောင်းကင်နှင့်မြေပြင်နိယာမများဖုံးလွှမ်းနေသည်ကို မြင်နေရပြီး ထိုထဲတွင် ယင်ယန်နိယာမများလည်းပါနေသည်ကို တွေ့နေခဲ့ရသည်။ သို့သော် ယန်ကျင်းတွင် ဘာအန္တရယ်မှတော့ ရှိမနေပေ။ ကျောက်စိမ်းပြားထဲတွင် ဝိညာဉ်တစ်ခုခုရှိမနေသောကြောင့် ဝိညာဉ်၀င်ပူးခံရတာမျိုးကိုလည်း ကြောက်နေစရာမလိုပေ။
“ဆရာ ကောင်းကင်ကဘာလို့အရောင်ပြောင်းသွားတာလဲ” အန်းရှင်းစိတ်၀င်တစားမေးလိုက်သည်။
“မင်းဆရာတူမောင်လေးရဲ့အတိတ်ဘ၀ကမှတ်ညဏ်တွေ နိုးထလာတာ” ကုအန်ကောင်းကင်ကိုကြည့်နေရင်း သာမန်အတိုင်းဖြေလိုက်၏။
အတိတ်ဘ၀မှတ်ညဏ်တွေလား!
အန်းရှင်းချက်ချင်းစိတ်၀င်စားသွားကာ ဆက်မေးလိုက်ပြီး ကုအန်လည်း ယန်ကျင်း၏ ကမ္မတရားများအကြောင်း အမှန်အတိုင်းပြောပြလိုက်သည်။
ယန်ကျင်းသည် မြင့်မြတ်ခုံရုံးမှ မြင့်မြတ်ဘုရင်တစ်ပါး ပြန်၀င်စားသောသူဟု သိလိုက်ရသောအခါ အန်းရှင်းပိုပြီး တုန်လှုပ်သွားခဲ့ရ၏။
“သူစွမ်းအားကြီးနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး ဆရာ ကျွန်မ စီနီယာအစ်ကိုကရော ပြန်လည်မွေးဖွားလာတဲ့ စွမ်းအားကြီးပုဂ္ဂိလ်တစ်ယောက်ယောက် ဖြစ်နိုင်လောက်လား” အန်းရှင်း သိချင်နေသောမျက်၀န်းများဖြင့် ကုအန်ကိုကြည့်ကာ မေးလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ”
ကုအန်အဖြေက အန်းရှင်းကိုစိတ်ပျက်သွားစေခဲ့၏။
အကယ်၍ အန်းဟောင်သာ ပြန်လည်မွေးဖွားလာသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက်ဖြစ်နေပါက သူမက အလွန်ညံ့နေတာ မဖြစ်နိုင်တော့ပေ။
အန်းဟောင်နှင့်သွားယှဉ်၍သာ ညံ့နေခြင်းဟု ဖြေသိမ့်၍ ရပေသေးသည်။
“ဒါပေမယ့် လူတိုင်းမှာ အတိတ်ဘ၀တစ်ခုတော့ ရှိကြပါတယ် မင်းအဆင့်တစ်ခုရောက်လာရင် အဲ့ဒီအရာကို နားလည်လာလိမ့်မယ်” ကုအန်အဝေးသို့ကြည့်နေရင်း ပြောလိုက်သည်။
ထို့နောက် သူထရပ်ကာ ပြောလိုက်၏။
“ဒီနေ့တော့ဒီလောက်နဲ့ပဲ တော်ရအောင်”
ထိုစကားကိုကြားသောအခါ အန်းရှင်းမျက်နှာပေါ် စိတ်သက်သာရာရသွားသည့် အပြုံးတစ်ပွင့်ပေါ်လာခဲ့လေသည်။
သူမ ကုအန်နောက်မှလိုက်သွားခဲ့လိုက်၏။
“ဆရာ တကယ်လို့ယန်ကျင်းသာ သူ့အတိတ်ဘ၀မှတ်ညဏ်တွေကို ပြန်ရသွားရင် သူကမြင့်မြတ်ဘုရင်ပြန်ဖြစ်လာမှာလို့ ဆိုလိုနေတာမဟုတ်လား မြင့်မြတ်ဘုရင်ကစွမ်းအားကြီးလား”
“သူဘာဖြစ်လာမလဲဆိုတာကတော့ သူ့ဆုံးဖြတ်ချက်အပေါ်မူတည်တယ် မြင့်မြတ်ဘုရင်စွမ်းအားကြီးလားဆိုရင်တော့ အရင်က မဟာအေးစက်မိစ္ဆာဂိုဏ်းဆိုတာ မြင့်မြတ်ဘုရင်တစ်ပါးဆီမှာ အမှုထမ်းရတာ”
“အာ မြင့်မြတ်ဘုရင်တစ်ပါးက စွမ်းအားကြီးတဲ့ မဟာအေးစက်မိစ္ဆာဂိုဏ်းလိုဂိုဏ်းကိုတောင် အမိန့်ပေးနိုင်တယ်လား”
“အရမ်း အံ့ဩမနေပါနဲ့”
“အဲ့လောက်စွမ်းအားကြီးတဲ့ မြင့်မြတ်ဘုရင်တစ်ပါးက ကျွန်မဂျူနီယာမောင်လေးဖြစ်နေတာ တကယ် အိပ်မက်တစ်ခုထဲရောက်နေသလိုပဲ”
“ဆရာမင်းကို ဒါတွေပြောပြတာ အံ့ဩနေဖို့မဟုတ်ဘူး မင်းပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသိသွားဖို့”
“ဟီးဟီး ဆရာ ကျွန်မကြိုးစားကျင့်ကြံပါ့မယ် ဆရာ့သင်ကြားပေးမှုတွေနဲ့ဆို မြင့်မြတ်ဘုရင်တစ်ပါးဆိုတာ ဘာဟုတ်ဦးမှာလဲ”
ဆရာတပည့်နှစ်ယောက်စကားတပြောပြောနှင့် တောင်ကြားဆီပြန်လာခဲ့ကြသည်။ သူတို့စကားဝိုင်းကို ကုအန် ကမ္မစွမ်းအားသုံး၍ ကာဆီးထားသောကြောင့် အခြားသူများကြားသွားမှာလည်း စိုးရိမ်စရာလိုမနေပေ။
နတ်အတွေးအစစ်အမှန်အမတအဆင့်သို့ရောက်ပြီးနောက် ကုအန် ကမ္မစွမ်းအားနှင့် ကံကြမ္မာစွမ်းအားကိုအများဆုံးလေ့လာခဲ့ပြီး ယခုအခါ သူ့ကိုယ်ပိုင်ကမ္မစွမ်းအားကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်နေပြီ ဖြစ်သည်။
ထိုစဉ် ပင်လယ်ချိုးဖျက်နယ်မြေကလူတိုင်း ကောင်းကင်က အဖြစ်အပျက်ကြီးကို မော့ကြည့်နေခဲ့ကြ၏။
ကုအန် မြင့်မြတ်ခုံရုံးမှ အစွမ်းထက်တည်ရှိမှုများ ပင်လယ်ချိုးဖျက်နယ်မြေဆီ ပျံသန်းလာနေကြတာကိုပင် တွေ့လိုက်ရသေးသည်။
ကံကောင်းစွာဖြင့် ယန်ကျင်းက ထိုက်ကန်ကုန်းမြေတိုက်ကြီးတွင် နိုးထလာတာ ဟုတ်မနေခဲ့ပေ။ မဟုတ်လျှင် ဤကုန်းမြေတိုက်ကြီးက ပြဿနာများကို နောက်တစ်ကြိမ်ရင်ဆိုင်ရနေပေဦးမည်။
ရွှေရောင်ဖြစ်စဉ်ကြီးက တစ်ရက်နှင့်တစ်ညကြာဖြစ်ပွားခဲ့ပြီး နောက်နေ့နေ့လည်တွင်
ရှန်းကျန် ကုအန်ဆီအလည်ရောက်ရှိလာပြီး အခန်းထဲတွင် ၀င်္ကပါတစ်ခုတည်ဆောက်လိုက်ပြီးနောက် စားပွဲတွင် ၀င်ထိုင်လိုက်၏။
“ဟဲ့ နင်အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းဖတ်နေတုန်းလား ဘာလို့ ငါ့အဓိပတိလျဝှက်မှတ်တမ်းများ မဖတ်တာလဲ” ရှန်းကျန် စနောက်လိုက်သည်။
ကုအန်ဖြေလိုက်သည်။
“အဓိပတိလျှို့ဝှက်မှတ်တမ်းများက တိုလွန်းတယ်”
သူ့စိတ်ထဲတွင်တော့ နင်ဘယ်တုန်းကအသစ်ရေးလို့လဲဟုပြောနေခဲ့၏။
ထို့နောက် ရှန်းကျန် စာလိပ်တစ်လိပ်ကိုထုတ်ကာ စားပွဲပေါ်တွင် ဖြန့်ချလိုက်လေသည်။
သူမသည် မနေ့က ကောင်းကင်ရှိရွှေရောင်အဖြစ်အပျက်ကြီးကို ဆွဲထားခြင်း ဖြစ်၏။ ကောင်းကင်ရှိရွှေရောင်များက တောင်တန်းများ ကုန်းမြေများကိုဖုံးအုပ်ထားပြီး မြင်ကွင်းက ခမ်းနားလွန်းလှပေသည်။
စာလိပ်ကိုဖြန့်လိုက်သည်နှင့် အနီးရှိကောင်းကင်နှင့်မြေပြင်နိယာမများ တဖြည်းဖြည်းစာလိပ်နားပြေးကပ်လာကြတာကိုလည်း ကုအန်ခံစားလိုက်ရ၏။
သူမသည် ကောင်းကင်နှင့်မြေပြင်နိယာမများကို ရွေ့လျားသွားစေနိုင်သော ပန်းချီမျိုး ထပ်မံဆွဲခဲ့ပြန်ပေပြီ။
“မနေ့က ဖြစ်ရပ်က သာမန်ကိစ္စမဟုတ်ဘူး အဲ့တာကငါ့ကိုဖော်ပြလို့မရတဲ့ ခံစားချက်တစ်ခုကိုပေးတယ်…”ရှန်းကျန် သူမပုံဆွဲသည့် ဖြစ်စဉ်နှင့်ခံစားချက်များအကြောင်း ပြန်ပြောပြနေခဲ့သည်။
သို့သော် ထိုအချိန်တွင် ကုအန်ကတော့ ကောင်းကင်နှင့်မြေပြင်နိယာမအနက်ပိုင်းမှ အထူးစွမ်းအားတစ်ခုကို သတိထားမိသွားခဲ့သည်။
ဤစွမ်းအားက ကောင်းကင်ဂိုဏ်း၏အမွေအနှစ်မှစွမ်းအားနှင့် တူညီနေခဲ့၏။
ယန်ကျင်း၏ အတိတ်ဘ၀ကလည်း ကောင်းကင်ဂိုဏ်းကိုယ်စားပြုသော ကောင်းကင်တာအိုနှင့် ဆက်စပ်နေခြင်းပေလော။
ထိုစွမ်းအားအပြင် ကုအန်ပြန်လည်မွေးဖွားခြင်းနိယာမများကိုလည်း စိတ်၀င်စားနေခဲ့သည်။
ဤပန်းချီက ပြန်လည်မွေးဖွားခြင်းနိယာမများကိုလည်း ဆွဲဆောင်နေခဲ့သည်။
ကောင်းကင်နှင့်မြေပြင်နိယာမများက နေရာတိုင်းတွင်ရှိပြီး သေမျိုးများက ထိုအရာကိုမမြင်နိုင်ကြရုံသာ ဖြစ်သည်။ နတ်အတွေးအစစ်အမှန်အမတတစ်ပါး၏ မျက်လုံးထဲတွင်တော့ ကောင်းကင်နှင့်မြေပြင်နိယာမများ၏ အလွှာအထပ်ထပ်ကိုမြင်နေခဲ့ရသည်။ ထိုနိယာမများ၏ အောက်ခြေတွင် ပိုနက်ရှိုင်းသော အမိန့်စွမ်းအားများပင် ရှိနေသေးပေသည်။
ရှန်းကျန်သူ့ပန်းချီကိုမိတ်ဆက်ပေးပြီးနောက် ဂုဏ်ယူစွာ မေးလိုက်၏။
“နင်ဘယ်လိုထင်လဲ ကြည့်ရတာ နင်ကငါ့ပန်းချီဆန္ဒကိုအာရုံခံမိပုံပဲ မှတ်ချက်မပေးတော့ဘူးလား”
ကုအန်စာလိပ်အပေါ်အာရုံစိုက်လိုက်ကာ ဖြေလိုက်သည်။
“တကယ်ပဲ ဒီပန်းချီကားက ကြည့်ရှုသူရဲ့စိတ်ကို အလွယ်တကူလွတ်ထွက်သွားစေနိုင်တယ် နင်ကတကယ်လေးစားစရာပဲ”
“အမှန်ပဲ!”
ရှန်းကျန် မေးကိုမော့ထားကာ အလွန်အမင်းဂုဏ်ယူနေခဲ့၏။
ကုအန်ပြောဖို့ပြင်လိုက်စဉ်တွင် ရုတ်တရက်စာလိပ်ကမီးလောင်သွားပြီး ရှန်းကျန်လည်းအံ့အားသင့်ကာ မီးငြှိမ်းဖို့ ကြိုးစားလိုက်လေသည်။
“မကပ်နဲ့! ဒီမီးကမူမှန်မနေဘူး!” ကုအန် လေးလေးနက်နက်ပြောလိုက်ရာ ရှန်းကျန်လည်း အလောတကြီးတုန့်ပြန်ရန်ပြင်လိုက်ရင်း ရပ်တန့်သွားခဲ့ရ၏။