← Chapters

တာအိုနှင့်တစ်သားတည်း

Vol. 4 Ch. 386

တာအိုနှင့်တစ်သားတည်း

Vol. 4 Ch. 386

ဆန်းလျန်က ပြုံးလိုက်ရင်း…

"တာအိုဆရာဝမ်နဲ့ တာအိုရောင်းရင်းတို့၊ ရောင်းရင်းတို့ရဲ့ တာအို ဆွေးနွေးမှုကို အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်"

ဝမ်ရှီတောက်က ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့ကို ထိုင်ရန် နေရာများ ပေးလိုက်ပြီး အခြားသော တာအို ဆရာများနှင့် မိတ်ဆက် ပေးလိုက်လေသည်။

ဝတ်ကျောင်းတော် အတွင်း ရောက်ရှိနေကြသည့် ကျင့်ကြံသူများမှာ ရွှမ်ထျန်း ဂိုဏ်းသားများ မဟုတ်ကြသလို အချို့ဆိုလျှင် ကျင့်ကြံသူလောကတွင် ကျော်ကြားသည့် ပုဂ္ဂိုလ်များပင် မဟုတ်ကြပေ။ သို့သော် သူတို့ထဲမှ အနည်းငယ်ကတော့ ဂုဏ်သတင်း ကျော်ကြားသူများ ဖြစ်ကြလေသည်။

ဝမ်ရှီတောက်က ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို ဆွေဟန်သုံးဖော်နှင့် မိတ်ဆက် ပေးလိုက်သည်။ ဆွေဟန်သုံးဖော်မှာ ကျင့်ကြံသူလောကတွင် ကျော်ကြားသူများ ဖြစ်ကြလေ၏။ သူတို့မှာ ထျန်းဆုန်းအရှင်၊ ကူးကျူသခင်ကြီးနှင့် ဆရာကျင့်ဟယ်တို့ ဖြစ်ကြသည်။

သူတို့ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများမှာ ပင်လယ်ပြင်အလား နက်ရှိုင်း ကျယ်ပြန့် လွန်းလှသည်။ ထျန်းဆုန်းအရှင်မှာ ခန္ဓာကိုယ် ကြီးမားကြံ့ခိုင်သူ တစ်ယောက် ဖြစ်သော်လည်း ခင်မင်စရာကောင်းသူ တစ်ယောက် ဖြစ်လေသည်။ ကူးကျူသခင်ကြီးကတော့ ဆေးဆေး တည်ငြိမ်သူ ဖြစ်ပြီး သူ့ဆီမှ ဓားဝိညာဉ် အငွေ့အသက်များ ထွက်ပေါ် နေလေသည်။ ဆရာကျင့်ဟယ် ကတော့ အေးဆေးပြီး မြင့်မြတ်သည့်ဟန် ရှိလေ၏။

ထိုသုံးယောက်မှာ လောက နတ်ဘုရားများ ဖြစ်ပြီး သူတို့၏ ကျင့်စဉ်လမ်းက စစ်မှန်ကြလေသည်။

ဝတ်ကျောင်းတော် အတွင်းရှိ ဧည့်သည်များက ဆန်းလျန်မှာ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်ပြီး ကျောက်ရှောင်ယွီမှာ လော်ဝါဒ၏ သူတော်စင် မိန်းမပျို ဖြစ်သည်ကို သိရှိလိုက်ရသည့် အခါ ချက်ချင်းပင် လေးလေးစားစားဖြင့် ဆက်ဆံကြလေ၏။

ကျင့်ကြံသူလောကရှိ လူငယ်မျိုးဆက်ထဲတွင် ဆန်းလျန်သည် အကျော်ကြားဆုံးနှင့် အထင်ရှားဆုံး နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ ဆန်းလျန်၏ ကျင့်စဉ်လမ်း အဆင့် တက်လှမ်းနိုင်မည် လျင်မြန်မှုကို မည်သူမျှ မယှဉ်နိုင်ခဲ့ပေ။ နတ်ဘုရား တစ်ပါးလူ ပြန်ဝင်စားခြင်းထက် အနည်းငယ်သာ နောက်ကျပြီး ဆန်းလျန်က နတ်ဘုရား တစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီ ဆိုသည်မှာလည်း ကျင့်ကြံ သူလောကကို လှုပ်ခတ်စေခဲ့သူ တစ်ယောက် ဖြစ်လေသည်။ အပိုင်းပိုင်းကွဲကာ ပျက်စီးနေသည့် လော်ဝါဒကို ပြန်လည် စုစည်းနိုင်ခဲ့သည့် အပြင် အတိုင်းတိုင်း အပြည်ပြည်တွင် လော်ဝါဒကို ယုံကြည် လက်ခံလာသူများ အတိုင်းအဆမရှိ များပြားလာအောင် လုပ်ဆောင်နိုင်ခဲ့သူ ရှာမှရှားသည့် မိန်းမပျို တစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့် ဧည့်သည်များက သူတို့ကို မလေးမစား မလုပ်ရဲကြပေ။ သူတို့နှင့် မိတ်ဆွေ မဖြစ်သည့်တိုင် ရန်သူတော့ မဖြစ်လိုကြပေ။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ဝမ်ရှီတောက်၏ ညာဘက်၊ ဆွေဟန်သုံးဖော်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြလေ၏။

သူတို့က လွတ်နေသည့် ထိုင်ခုံနှစ်ခုတွင် ဝင်ထိုင် လိုက်ကြခြင်း ဖြစ်လေသည်။

ဝမ်ရှီတောက်သည် ဝတ်ကျောင်းတော်သို့ ဧည့်သည် နှစ်ယောက် ရောက်ရှိလာမည်ကို ကြိုတင် သိရှိခဲ့ပုံရလေသည်။ ထိုင်စရာ နေရာကို နှစ်နေရာပိုပြီး ပြင်ဆင် ထားခဲ့လေသည်။ အားလုံးသည် ဝမ်ရှီတောက်၏ ကြိုတင် သိမြင်နိုင်စွမ်းကို လေးစား သွားမိကြလေသည်။

အမှန်တော့ ဝမ်ရှီတောက်သည် ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းတွင် ရှန်စန်းကျန်းရန်ပြီးလျှင် ဒုတိယ အတော်ဆုံး နတ်ဘုရား တစ်ပါး ဖြစ်လေသည်။

ဝမ်ရှီတောက်က ဆန်းလျန်နှင့် ကျောက်ရှောင်ယွီကို ကြည့်လိုက်ရင်း…

"မိတ်ဆွေတို့ ဒီကို ရောက်လာရတဲ့ ရည်ရွယ်ချက်က ကျောက်ရှောင်ယွီ နတ်သမီးရဲ့ ဒဏ်ရာကို ကုသဖို့အတွက် မဟုတ်လား၊ သူမရဲ့ နတ်ဘုရား ခန္ဓာပျက်စီးတဲ့ အထိ တိုက်ခိုက် ခံထားရတာကို ကြည့်ရရင် ထိုက်စုနတ်ဘုရား ဓားနဲ့ တိုက်ခိုက်ခံထားရတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ် မဟုတ်လား"

ဧည့်သည်များအားလုံးမှာ ကျောက်ရှောင်ယွီထံတွင် နတ်ဘုရား စွမ်းအားများ ကင်းမဲ့ နေသည်ကို သတိပြုမိ ထားကြသည့်တိုင် ထိုက်စု နတ်ဘုရားဓားကြောင့် ဒဏ်ရာ ရရှိထားသည်ဟု ထင်မထားခဲ့ကြပေ။

လော်ဝါဒနှင့် ထိုက်စုနတ်ဘုရား ဂိုဏ်းသည် အဘယ့်ကြောင့် တိုက်ခိုက် နေကြရပါသနည်း။ ထိုကိစ္စကို သူတို့ နားမလည်နိုင်ပါ။

"တာအိုမိတ်ဆွေ၊ ရှင်က သိပ်ပြီး ပညာရှိတာပဲ၊ ကျွန်မရဲ့ ဒဏ်ရာကို ကုသဖို့ သိပ်ကို ခက်ခဲပါတယ်၊ ရှန်စန်းကျန်းရန်သာလျှင် ကျွန်မကို ကယ်တင် နိုင်ပါလိမ့်မယ်၊ ဒါကြောင့် ကျွန်မတို့ ဒီကို ရောက်လာရတာပါ"

ကျောက်ရှောင်ယွီက နူးညံ့သည့် လေသံဖြင့် ပြောလိုက်သည်။

ဝမ်ရှီတောက်က သက်ပြင်းချလိုက်ရင်း…

"စိတ်မကောင်းစရာပဲ၊ ဆရာက လောလောဆယ် ခရီး ထွက်သွားတယ်ဗျ၊ ဘယ်အချိန်မှ ပြန်လာ မလဲဆိုတာ မသိနိုင်ဘူး"

ဝမ်ရှီတောက်၏ စကားကြောင့် ကျောက်ရှောင်ယွီက စိတ်ဓာတ် ကျသွားခြင်း မရှိပါ။

သူမက ပြုံးလိုက်ရင်း…

"ကြည့်ရတာ ကျွန်မတော့ မိုးကောင်းကင် အစစ်ဆေးခံရတာကို ရင်မဆိုင် နိုင်တော့ဘူး ထင်ပါရဲ့"

ကျောက်ရှောင်ယွီကဲ့သို့ နတ်သမီးတစ်ပါး သေခြင်းရှင်ခြင်း အဖြစ်အပျက်နှင့် ရင်ဆိုင်ရသည်မှာ အလွန်မှ ဝမ်းနည်းဖွယ်ရာပင် ဖြစ်လေသည်။ လော်ဝါဒသည် တာအိုဝါဒနှင့် အနည်းငယ် ကွဲပြားသည့်တိုင် ကျောက်ရှောင်ယွီသည် လေးစားစရာ မိန်းမပျို တစ်ယောက် ဖြစ်သည်ကို အားလုံးက လက်ခံ ထားကြသည် မဟုတ်ပါလား။

ဝမ်းရှီတောက်က…

"ကျုပ်က မင်းတို့ကိုတော့ စိတ်ပျက် မသွားစေခင်ပါဘူး၊ ဒါပေမဲ့ ဆရာကလည်း စကြာဝဠာက ကြယ်စင်တွေ ကြားထဲ လျှောက်သွားနေတော့ သူ့ကို ဆက်သွယ်လို့ မရနိုင်ဘူး၊ ဆရာက တစ်ခါ ခရီးထွက်ရင် တစ်နှစ်ခွဲလောက် ကနေ နှစ်ငါးဆယ်အထိ ကြာတတ်တာဗျ"

ဆန်းလျန်မှာ စိတ်ထဲမှ ကြိတ်ပြီး သက်ပြင်းချလိုက်မိလေသည်။

လုကျိုးယွမ်က ကျင့်ကြံသူလောကမှ အရှုပ်အထွေးများ ကြားတွင် ပါဝင် ပတ်သက်လိုခြင်း မရှိသည့်အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် ခရီးထွက်ခွာ သွားခြင်း ဖြစ်နိုင်လေသည်။

ဝမ်ရှီတောက် အနေဖြင့်လည်း ကျောက်ရှောင်ယွီ၏ ဒဏ်ရာကို ကုသပေးနိုင်သည့်တိုင် ဆရာဖြစ်သူ ရှန်စန်းကျန်းရန် လုကျိုးယွမ်ကို ကျော်ပြီး ကုသပေးရန် ဆန္ဒရှိမည် မဟုတ်ပေ။

ကျောက်ရှောင်ယွီက…

"ကျွန်မတို့လည်း အကူအညီ တောင်းရုံပါပဲ၊ စိတ်ထဲမထားပါနဲ့ရှင်"

ဝမ်ရှီတောက်မှာ ကျောက်ရှောင်ယွီ စကားကြောင့် စိတ်သက်သာရာ ရသွားပုံရလေသည်။

"ဒါနဲ့ ကျုပ်တို့ရဲ့ ရောင့်ရဲခြင်း ဝတ်ကျောင်းတော်က ရုပ်ပိုင်းဆိုင်ရာ ဗေဒနဲ့ တာအို အကြောင်း ဆွေးနွေးတဲ့ နေရာတစ်ခုပါ၊ ဒီမှာတော့ အားလုံးက ကိုယ့်အမြင်တွေကိုယ် ပြောကြတာပါပဲ၊ ဒါကြောင့် အဆင်ပြေမယ် ဆိုရင် မပြန်သေးဘဲ ခဏလောက် နေကြပြီး ဆန်းကျန်းရန်နဲ့ ရှောင်ယွီ နတ်သမီးတို့ကပါ ပါဝင် ဆွေးနွေး စေချင်ပါတယ်ဗျာ"

ဝမ်ရှီတောက်က ပြောလိုက်သည်။

ဆန်းလျန် အနေဖြင့် ဝမ်ရှီတောက်ကသာ သူတို့ကို လိုလိုလားလားရှိလျှင် သူ၏ ထင်မြင်ချက်များကို မျှဝေပေးရန် ဝန်မလေးပေ။ ချင်းရွှမ် နတ်တံခါးမှာလည်း တာအိုကျင့်စဉ်များကို ဖလှယ်လေ့ ရှိသည့် နတ်ဘုရား ကျောင်းတော်ကြီး တစ်ခုပင် မဟုတ်ပါလား။

ဝမ်ရှီတောက်က နတ်ဘုရား ကျောင်းတော်များကို အကောင်းအဆိုး ဝေဖန်ခြင်းမရှိပါ။ သူက အမြင်ကျယ်သူ တစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"တာအိုလမ်းစဉ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖလှယ်ခြင်း မရှိဘဲ တစ်ယောက်တည်း ကျင့်ကြံနေရင် မသိမှုအဝိဇ္ဇာတွေ ဖုံးလွှမ်း လာနိုင်တယ်၊ ခင်ဗျားရဲ့ မျှဝေပေးချင်တဲ့ စိတ်ဓာတ်ကို ကျုပ်တို့ တန်ဖိုးထား လေးစားမိပါတယ်"

ဝမ်ရှီတောက်က ကျောက်ရှောင်ယွီကိုလည်း လှည့်ကြည့် လိုက်လေသည်။

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…

"ဆန်းကျန်းရန်ရဲ့ အတွေးနဲ့ ကျွန်မရဲ့ အတွေးက အတူတူပါပဲ"

ဝမ်ရှီတောက်က ပြုံးလိုက်ရင်း…

"မင်းတို့နှစ်ယောက်က တကယ် လိုက်ဖက်ညီတဲ့ စုံတွဲပဲ၊ အားကျမိပါတယ်"

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီတို့မှာ ဝမ်ရှီတောက်၏ စကားကို ဖြေရှင်းချက် ပေးမနေတော့ဘဲ ပြုံးရုံသာ ပြုံးနေ လိုက်ကြလေသည်။

ထို့နောက် ဝမ်ရှီတောက်က ရောက်ရှိနေသည့် ဧည့်သည်များ အားလုံးကို ပြုံးပြလိုက်ရင်း…

"ကဲဗျာ… ဒီနေ့တော့ ထူးခြားတဲ့ တာအိုဆရာတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတာပဲ၊ တတယ့်ကို ထူးခြားကောင်းမွန်တဲ့ အချိန်အခါပဲဗျို့၊ ဒီတော့ ကျုပ်က အားလုံးကို ကျုပ်ရဲ့ ဆရာသခင် ရေးသားခဲ့တဲ့ "တရားအလင်း သိမြင်ခြင်းကျမ်း" ကို ဆွေးနွေးပေးပါ့မယ်"

ဝမ်ရှီတောက်၏ စကားကြောင့် ဧည့်သည်များမှာ အံ့သြ မှင်တက် သွားရသလို ဆန်းလျန်နှင့် ကျောက်ရှောင် ယွီမှာလည်း အံ့သြ သွားရလေသည်။ သူတို့ နှစ်ယောက်သည် ဝမ်ရှီတောက်ကို များစွာ အထင်ကြီး လေးစားသွားမိသည်။

တရားအလင်း သိမြင်ခြင်းကျမ်းမှာ ရွှမ်ထျန်း နတ်ဘုရားဂိုဏ်း၏ အခြေခံ ကျင့်စဉ်များထဲတွင် တစ်ခု အပါအဝင် ဖြစ်သလို အနည်းငယ်မျှသာ သိရှိရရုံဖြင့် တန်ဖိုး မဖြတ်နိုင်သည့် အတွေ့အကြုံများကို ရရှိနိုင်လေသည်။

ဝမ်ရှီတောက်၏ တာအိုတရားသံက ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။

"နတ်ဘုရား၊ မိစ္ဆာ စတဲ့အချက်တွေက ပညတ်ချက်တွေပါ၊ လူတိုင်းဟာ နတ်ဘုရား ဖြစ်နိုင်သလို မိစ္ဆာလည်း ဖြစ်လာနိုင်ပါတယ်၊ တာအိုဝါဒက ကောင်းမွန်သလောက် လမ်းမှားကို ရောက်သွားရင် မိစ္ဆာလမ်း ဖြစ်သွားနိုင်တယ်၊ ကျင့်စဉ်တွေ ဘယ်လောက်ပဲ ကွဲပြားနေပါစေ သဘောတရားကတော့ အတူတူပါပဲ၊ ပညာတွေဆိုတာ မေ့ထားရမယ့် အရာတွေ ဖြစ်တယ်"

ကျောက်ရှောင်ယွီမှာ ဝမ်ရှီတောက်၏ တာအိုတရားသံကို နားထောင်ရင်း ရင်ထဲတွင် ကြည်နူးပီတိ ဖြစ်လာမိလေသည်။ သူမ၏ စိတ်ထဲတွင် အလွန်နက်ရှိုင်းသည့် ပဲ့တင်ရိုက်ခတ်သံများ ဖြစ်ပေါ်လာပြီး ဉာဏ်အလင်း ထွန်းလင်း လာလေသည်။ ထိုက်စု နတ်ဘုရားဓား၏ တိုက်စားမှုများကြောင့် ပျက်စီးခဲ့ရသည့် သူမ၏ နတ်ဘုရား ခန္ဓာသည် တဖြည်းဖြည်း ပြန်လည် ကောင်းမွန် လာခဲ့လေသည်။ တရားအလင်း သိမြင်ခြင်းကျမ်းမှာ ကျမ်းစာပိုဒ်သည် သူမ၏ ဒဏ်ရာကို ကုသပေးခဲ့ပြီ ဖြစ်လေသည်။

သူမ၏ရင်ထဲတွင် ဖော်မပြနိုင်လောက်အောင် တရားအလင်း ပွင့်လင်းလာခဲ့ပြီး ကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းကို အောင်မြင်ခဲ့စဉ်က ခံစားချက်အတိုင်း သူမ၏ ဘဝအတွက် မျှော်လင့်ချက်များ ပြန်လည် ဖြစ်တည် လာခဲ့လေသည်။

တာအိုနှင့် တစ်သားတည်း ကျအောင် ပေါင်းစပ်နိုင်ခြင်းက ကျင့်စဉ်လမ်းကို အောင်မြင်စေရန် တွန်းအား ပေးနိုင်လေသည်။ အသစ်သော အရာတစ်ခုကို လက်ခံနိုင်ရန် အတွက် အဟောင်းများကို လက်လွှတ် ပေးရမည်မှာ ဓမ္မတာပင် ဖြစ်သည်မဟုတ်ပါလား။

ဝမ်ရှီတောက်သည် တရားအလင်း သိမြင်ခြင်း ကျမ်းကို ဆွေးနွေးရင်းဖြင့် ကျောက်ရှောင်ယွီ၏ ဒဏ်ရာကို သွယ်ဝိုက်ကာ ကုသပေးခဲ့ခြင်း ဖြစ်လေသည်။ သူကုသပေးသည့် အကြောင်းကို မည်သူမျှ သိရှိခြင်းမရှိပေ။ ဝမ်ရှီတောက်က မည်သူနှင့်မျှ ပြဿနာ မဖြစ်ချင်သည့် အတွက် သူ၏ ကုသပေးခြင်းကို သဲလွန်စပင် ချန်ထားခြင်း မရှိခဲ့ပေ။

အကယ်၍ သူတို့နှစ်ယောက်သာ တာအိုလမ်းစဉ်များကို ဖလှယ်ရန် ငြင်းဆန်ခဲ့ကြပါက ကျောက်ရှောင်ယွီ အနေဖြင့် သူမ၏ ဒဏ်ရာကို ကုသနိုင်ခဲ့မည် မဟုတ်ပေ။

***

All Chapters