အခန်း (၆၃-၆၄)
Vol. 7 Ch. 63-64
အခန်း ၆၃ ငါ မင်းအတွက် လက်ထပ်ပွဲတစ်ခု စီစဉ်ပေးရမလား
ဘဝတစ်ရာကျမ်းထဲတွင် နောက်ထပ် တစ်နှစ် ကုန်လွန်သွားပြန်သည်။
ရွှယ်ယန်ခရိုင်ခွဲ တွင် တာဝန်ထမ်းဆောင်သည့် ဤနှစ်အနည်းငယ်အတွင်း ရှောင်မိုသည် ရေပေးဝေရေးစီမံကိန်းများကို အာရုံစိုက်လုပ်ဆောင်ခဲ့ပြီး လယ်ကွင်းများကို ကိုယ်တိုင်ကိုယ်ကျ ထွန်ယက်ကာ ထွန်စက်များကို ဖြောင့်တန်းသော ရိုးတံများမှ ကွေးညွှတ်သော ရိုးတံများအဖြစ် ပြောင်းလဲကာ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။
ကွေးညွှတ်သော ရိုးတံပါသည့် ထွန်စက်မှာ လုပ်အားသက်သာစေပြီး စပါးခင်းများရော ယာခင်းများအတွက်ပါ သင့်လျော်သည်။
သူ၏ ကိုယ်ပိုင် အတွေ့အကြုံများအပေါ် အခြေခံ၍ ရှောင်မိုက မြောက်ပိုင်းနှင့် တောင်ပိုင်း စိုက်ပျိုးရေးကျမ်းကို ရေးသားခဲ့သည်။
ထိုစာအုပ်တွင် အထူးပြုစိုက်ပျိုးခြင်းနှင့် အသေးစိတ် လယ်ယာလုပ်ငန်း၊ သုံးကြိမ်ထွန်၊ သုံးကြိမ်ယက်၊ မြေကြီး စိုစွတ်နေစဉ် မျိုးစေ့ချခြင်း နှင့် သဘာဝမြေသြဇာ အသုံးပြုခြင်းစသည့် အသေးစိတ် လမ်းညွှန်ချက်များကို မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ မတူညီသော မြေဆီလွှာ အခြေအနေများနှင့် ကိုက်ညီအောင် ရေးသားထားသည်။
ထို့အပြင် ရှောင်မိုသည် ၎င်းကို ရွှယ်ယန်ခရိုင်ခွဲ တွင် ပထမဆုံး စတင် မိတ်ဆက်ပေးခဲ့သည်။
နောက်နှစ်တွင် ရွှယ်ယန်ခရိုင်ခွဲရှိ ပြည်သူများ အထူးကောင်းမွန်သော သီးနှံအထွက်နှုန်းကို ရရှိခဲ့ကြသည်။
ထို့နောက် ရှောင်မိုက ဤစာအုပ်ကို လက်ရှိ အရှင်မင်းကြီးထံသို့ ဆက်သခဲ့သည်။
ချီဧကရာဇ် အလွန်အမင်း ကျေနပ်သွားခဲ့သည်။
နောက်နေ့ နံနက်ညီလာခံတွင် ချီဧကရာဇ်က သူ၏ အမတ်များနှင့် ဤကိစ္စကို ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် ထိုစာအုပ်ကို ပုံနှိပ်ကာ နိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ဝေရန် ဆုံးဖြတ်ခဲ့ကြသည်။
အရာရှိတိုင်းသည် ၎င်းကို သေချာစွာ လေ့လာရမည်ဖြစ်ပြီး စာမေးပွဲတွင် ဖြေဆိုရမည့် ဘာသာရပ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။
နောက်နှစ်တွင် ရှောင်မိုထံသို့ အင်ပါယာ၏ အမိန့်တော် ရောက်ရှိလာခဲ့သည်။
ရှောင်မိုအား မြို့တော်သို့ ပြန်လည်ခေါ်ယူကာ အလုပ်သမားရေးရာဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
ဤရာထူးတိုးမြှင့်မှုအတွက် ရှောင်မို အံ့သြမသွားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ နေ့စဉ်ဘဝတွင် ရှောင်မိုသည် ကျန်းချန်းကျိ နှင့် အဆက်အသွယ် ရှိနေခဲ့ပြီး သူနှင့် နန်းရင်းဝန်တို့က သူ့ကို ပြန်လည်ခေါ်ယူရန် ရည်ရွယ်ထားကြောင်းကို အရိပ်အမြွက် သိနေခဲ့သောကြောင့်ပင်။
ရှောင်မို တာဝန်ပြီးဆုံး၍ ထွက်ခွာမည့်နေ့တွင်။
လမ်းတစ်လျှောက်လုံးတွင် ချင်းယန်ခရိုင်ခွဲမှ ပြည်သူများက သူ့ကို နှုတ်ဆက်သည့်အနေဖြင့် ရေခွက်များ ကမ်းလှမ်းကြပြီး သူ့နောက်သို့ မိုင်အနည်းငယ်အထိ လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
မြို့တော်သို့ ပြန်ရောက်ပြီးနောက် ရှောင်မိုသည် အရှင်မင်းကြီးထံ သတင်းပို့ရန် နန်းတော်ထဲသို့ ချက်ချင်း ဝင်ရောက်ခဲ့သည်။
ချီဧကရာဇ်က ရှောင်မိုကို မြင်သောအခါ အနည်းငယ် မှင်သက်သွားသည်။
လွန်ခဲ့သော ဆယ့်နှစ်နှစ်က နန်းတွင်းစာမေးပွဲ ဖြေဆိုရန် နန်းတော်ထဲ ဝင်လာစဉ်က ကျောက်စိမ်းကဲ့သို့ ချောမောသော စာသင်သားလေး၏ ပုံစံကို ချီဧကရာဇ် မှတ်မိနေဆဲပင်။
ယခု ဆယ့်နှစ်နှစ်အကြာတွင် ရှောင်မို၏ အသားအရေမှာ ပိုမို ညိုမည်းလာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း အရင်ကထက် ပိုမို တောင့်တင်းလာကာ လယ်အလုပ်များကို မကြာခဏ လုပ်လေ့ရှိပြီး နေလောင်ခံထားရသော သာမန်ပြည်သူတစ်ဦးနှင့် တူနေတော့သည်။
သူ၏ မျက်ခုံးများတွင်လည်း အသစ်တွေ့ရှိရသော ရင့်ကျက်မှုနှင့် တည်ငြိမ်မှုတို့ ပေါ်လွင်နေသည်။
သို့သော် အရင်ကထက်စာလျှင် ချီဧကရာဇ်က ရှောင်မို၏ လက်ရှိပုံစံကို ပိုမို သဘောကျမိသည်။
"ကျွန်တော်မျိုး ရှောင်မို က အရှင်မင်းကြီးကို ရိုသေစွာ ဂါရဝပြုပါတယ် " ရှောင်မို ဦးညွှတ်လိုက်သည်။
"ငါ့ရဲ့ ချစ်လှစွာသော အမတ်... ဒီလောက် အလေးအနက်ဖြစ်နေစရာ မလိုပါဘူး။"
ချီဧကရာဇ်က လှေကားထစ်များပေါ်မှ အလျင်အမြန် ဆင်းလာပြီး ရှောင်မိုကို ထူပေးလိုက်ရာ သူ၏ မျက်ဝန်းများတွင် လေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"မင်းက လယ်ကွင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ထွန်ယက်ပြီး ရေပေးဝေရေး စီမံကိန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ငါ ကြားတယ်။ ဒီနေ့ မင်းရဲ့ ပုံစံကို မြင်ရတာ၊ ကောလာဟလတွေက တကယ် မှန်တာပဲ။
မင်းရဲ့ မြောက်ပိုင်းနှင့် တောင်ပိုင်း စိုက်ပျိုးရေးကျမ်းကို နိုင်ငံတစ်ဝန်းလုံးမှာ ဖြန့်ဝေပြီးပြီ။ အခုဆိုရင် ငါတို့ မဟာချီ ရဲ့ ပြည်သူတွေက မင်းကို စိုက်ပျိုးရေးပညာရှိလို့ ခေါ်နေကြပြီ။
မင်းကို ပိုင်ဆိုင်ထားရတာက ငါတို့ မဟာချီရဲ့ ကံကောင်းခြင်းပါပဲ၊ အမတ်ကြီး"
"အရှင်မင်းကြီး မြှောက်ပြောလွန်းပါပြီ။ ကျွန်တော်မျိုးက ကိုယ့်တာဝန်ကို ထမ်းဆောင်ရုံသက်သက်ပါ။ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သီးနှံတွေ အထွက်တိုးတာက အဓိကအားဖြင့် အရှင်မင်းကြီးရဲ့ ဉာဏ်ပညာကြီးမားမှုနဲ့ သဟဇာတဖြစ်တဲ့ အုပ်ချုပ်ရေးကြောင့်ပါ။ ကျွန်တော်မျိုး မရှိရင်တောင်မှ ဒီနှစ်က သီးနှံအထွက်တိုးမယ့် နှစ်တစ်နှစ် ဖြစ်မှာပါပဲ။"
"ဟားဟားဟား... မင်းက ဘယ်လိုလုပ် မျက်နှာချိုသွေးဖို့တောင် သင်ထားရတာလဲ။ မင်းက ကိုယ့်တာဝန်ကို ထမ်းဆောင်ရုံသက်သက်ဆိုရင် နိုင်ငံထဲက အရာရှိတိုင်း၊ ခြွင်းချက်မရှိ အားလုံးက အရည်အချင်း မပြည့်မီတဲ့သူတွေ ဖြစ်ကုန်မှာပေါ့"
ချီဧကရာဇ်၏ စကားများကို ကြားသောအခါ ရှောင်မိုက ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။
ချီဧကရာဇ်က ရှောင်မို၏ လက်ကိုကိုင်ကာ သူ ထွက်ခွာသွားသည့် နှစ်များအတွင်း တွေ့ကြုံခဲ့ရမှုများကို မေးမြန်းခဲ့ပြီး ရှောင်မိုကလည်း မေးခွန်းတိုင်းကို ပြန်လည် ဖြေကြားပေးခဲ့သည်။
ရှောင်မို၏ အစီရင်ခံစာကို နားထောင်လေလေ၊ ချီဧကရာဇ်မှာ ပို၍ ကျေနပ်လာလေလေပင်။
အလုပ်ဖြစ်မြောက်အောင် လုပ်နိုင်တဲ့ အရာရှိတွေကို မကြိုက်တဲ့ ဘုရင်ဆိုတာ မရှိပါဘူး။
"အမတ်ကြီး... မင်း အခု အသက် သုံးဆယ်ရှိပြီ၊ အိမ်ထောင်မကျသေးဘူးဆို။ ငါ မင်းအတွက် လက်ထပ်ပွဲတစ်ခု စီစဉ်ပေးရမလား" ဟု ချီဧကရာဇ်က မေးလိုက်သည်။
ရှောင်မို အလျင်အမြန် မတ်တတ်ရပ်ကာ နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။ "အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးအတွက် အရှင်မင်းကြီးက လက်ထပ်ပွဲ စီစဉ်ပေးတာက ကြီးမားတဲ့ ကံကောင်းခြင်းပါ။ ဒါပေမဲ့ အရှင်မင်းကြီး... ကျွန်တော်မျိုးရဲ့ ရင်ထဲမှာ လူတစ်ယောက် ရှိနေပြီးသားပါ။ ငြင်းဆန်းမိလို့ ကျွန်တော်မျိုး သေဒဏ်နဲ့ ထိုက်တန်ပါတယ်"
"ဟူး... မင်း..." ချီဧကရာဇ် သက်ပြင်းချလိုက်ပြီး ရှောင်မို၏ အခြေအနေကို သဘာဝကျကျ သိထားသည်။ "နတ်ဘုရားနဲ့ သာမန်လူတွေက ကွဲကွာနေပြီပဲ၊ မင်း ဘာလို့ ဆက်စောင့်နေရဦးမှာလဲ။"
"..." ရှောင်မို တိတ်ဆိတ်နေလိုက်သည်။
"ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။" ချီဧကရာဇ်က လက်ကာပြလိုက်သည်။ " အမတ်ကြီး... ခရီးပန်းလာမှာပေါ့၊ ပြီးတော့ ငါနဲ့လည်း အကြာကြီး စကားပြောခဲ့ရပြီ။ အရင်ဆုံး သွားပြီး သေချာ အနားယူလိုက်ပါ။"
"ကျွန်တော်မျိုးက အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး ခွင့်ပြုပါဦး။"
ရှောင်မို နန်းတွင်းစာကြည့်ဆောင် ထဲမှ ထွက်သွားပြီးနောက် မင်းသမီးတစ်ပါးက ရှေ့သို့ တိုးလာကာ ချီဧကရာဇ်၏ ပခုံးများကို နှိပ်နယ်ပေးလိုက်သည်။ "ဒီဝန်ကြီးရှောင် က တကယ်ကို သစ္စာရှိပြီး နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာရှိတဲ့ အမျိုးသားတစ်ယောက်ပဲ။"
"သစ္စာရှိတာနဲ့ နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာရှိတာ ကောင်းပါတယ်" ဟု ချီဧကရာဇ်က နန်းတွင်းစာကြည့်ဆောင် အပြင်ဘက်သို့ လှမ်းကြည့်ရင်း ခေါင်းညိတ်လိုက်သည်။ "အိမ်ထောင်မပြုရင်လည်း ရပါတယ်..."
ခုနစ်ရက်အကြာတွင် အင်ပါယာ၏ အမိန့်တော် ရောက်ရှိလာပြီး ရှောင်မိုအား အလုပ်သမားရေးရာဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။
နောက်ထပ် လေးနှစ်ကြာပြီးနောက် ရှောင်မိုသည် အလုပ်သမားရေးရာဝန်ကြီးဌာန ၏ ဝန်ကြီးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။
ထိုသို့ မြန်ဆန်သော ရာထူးတိုးမြှင့်မှုမှာ တကယ်ကို မိုးပျံသကဲ့သို့ အောင်မြင်မှုပင် ဖြစ်သည်။
ဤအချိန်တွင် ရှောင်မို၏ အသက်မှာ သုံးဆယ့်ခြောက်နှစ်သာ ရှိသေးသည်။
လူအများအပြား၏ နိုင်ငံရေးဘဝမှာ စတင်ကာစသာ ရှိသေးသော်လည်း ရှောင်မိုမှာမူ မြင့်မားသော ရာထူးနေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် အလုပ်သမားရေးရာဝန်ကြီးဌာန ၏ ဝန်ကြီးရာထူးမှာ ရှောင်မို၏ နောက်ဆုံး မှတ်တိုင် မဟုတ်ကြောင်း နန်းတွင်းရှိ လူတိုင်း သိထားကြသည်။
ထို့အပြင် ရှောင်မိုသည် အလွန် စည်းကမ်းရှိသော ဘဝကို ဖြတ်သန်းခဲ့ပြီး ပြည့်တန်ဆာရုံများသို့ မည်သည့်အခါမျှ မသွားသလို လက်ဆောင်များကိုလည်း လက်မခံဘဲ နေ့ရက်များကို စာဖတ်ခြင်းဖြင့်သာ ကုန်ဆုံးစေခဲ့သည်။
စုံစမ်းစစ်ဆေးရေးအရာရှိ များက ရှောင်မိုတွင် ဘာအပြစ်အနာအဆာမှ ရှာမတွေ့ခဲ့ကြပေ။
ရှောင်မို မြို့တော်တွင် နေထိုင်သည့် ရှစ်နှစ်မြောက်နှစ်တွင် နန်းရင်းဝန်ဖန် က ပြုပြင်ပြောင်းလဲရေးများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့သည်။
ဖန်လင်၏ ပြုပြင်ပြောင်းလဲရေးများကို အချိန်အတော်ကြာကတည်းက စီစဉ်ထားခဲ့ပြီး ချီဧကရာဇ်၏ ထောက်ခံမှုကိုလည်း ရရှိထားသည်။
သို့သော် ဖန်လင်၏ ဤတစ်ကြိမ် ပြုပြင်ပြောင်းလဲရေးများတွင် ထင်ရှားသော မိသားစုများ ပါဝင်နေသဖြင့် ခုခံဆန့်ကျင်မှုများမှာ အလွန်အမင်း ကြီးမားလှသည်။
ရက်အနည်းငယ်အတွင်းမှာပင် နန်းတွင်းတွင် မရေမတွက်နိုင်သော စွပ်စွဲပြစ်တင်သည့် အသနားခံစာများ ပြန့်ကျဲနေတော့သည်။
ထိုအချိန်တွင် ကျန်းချန်းကျိက ဖန်လင်၏ဘက်မှ ရပ်တည်ကာ နန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ရှောင်မိုကလည်း ပြုပြင်ပြောင်းလဲရေးအဖွဲ့ဘက်မှ ရပ်တည်ခဲ့သည်။
ရှောင်မို နန်းတွင်းသို့ ဝင်ရောက်လာကတည်းက ရှောင်မိုနှင့် ဆရာကြီးကျန်းတို့ကြားရှိ ဆက်ဆံရေးကို လူတိုင်း သိထားကြသည်။
ပြီးတော့ ရှောင်မို၏ မြန်ဆန်သော ရာထူးတိုးမြှင့်မှုများမှာ သူ၏ အောင်မြင်မှုများကြောင့်သက်သက် မဟုတ်ဘဲ နန်းရင်းဝန်ဖန် နှင့် ကျန်းချန်းကျိ တို့၏ ကျေးဇူးကြောင့်ဖြစ်သည်မှာ ကြီးမားသော အစိတ်အပိုင်းအဖြစ် ပါဝင်နေသည်။
မည်သို့ပင်ဆိုစေကာမူ နန်းတွင်းတွင် အောင်မြင်မှုများကိုသာ ဆွေးနွေးခြင်းမှာ အလွန် စိတ်ကူးယဉ်ဆန်လွန်းလှပြီး မိတ်ဖွဲ့ဆက်ဆံရေးများက ပိုမို ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
ထို့ကြောင့် ချီဧကရာဇ်၏ ထောက်ခံမှုဖြင့် ကျန်းချန်းကျိ၊ ဖန်လင် နှင့် ရှောင်မို တို့ကို ဗဟိုပြုသော ပြုပြင်ပြောင်းလဲရေးများ တရားဝင် စတင်ခဲ့သည်။
အရင်က ရှောင်မိုသည် နှစ်နှစ်တစ်ခါ ရွာသို့ ပြန်လေ့ရှိသော်လည်း များပြားလှသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် ဤနှစ်အနည်းငယ်အတွင်း ရှောင်မို မြို့တော်တွင်သာ နေထိုင်ခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်မိုနှင့် ရှောင်ချင်းတို့သည် စာများမှတစ်ဆင့် မကြာခဏ အဆက်အသွယ် ရှိနေခဲ့ကြသည်။
သို့သော် ပြုပြင်ပြောင်းလဲရေးများ ချောမွေ့စွာ တိုးတက်နေစဉ်မှာပင် ချီဧကရာဇ် အပြင်းအထန် ဖျားနာသွားခဲ့သည်။
ခြောက်နှစ်အကြာတွင် ချီဧကရာဇ် နတ်ရွာစံသွားပြီး အိမ်ရှေ့စံမင်းသား က ထီးနန်းတက်လာခဲ့သည်။
အုပ်စိုးရှင်အသစ်တွင် ယခင်ဧကရာဇ်၏ ခိုင်မာသော ဆုံးဖြတ်ချက်နှင့် ရဲစွမ်းသတ္တိများ မရှိပုံရပြီး ထင်ရှားသော မိသားစုများ၏ ဖိအားကို သူ မခံနိုင်ခဲ့ပေ။
နောက်ဆုံးတွင် ပြုပြင်ပြောင်းလဲရေးများ ကျရှုံးသွားခဲ့သည်။
ကျန်းချန်းကျိ ၏ အသက်မှာ ကိုးဆယ်ကျော်နေပြီ ဖြစ်သည်။ ဆရာကြီးကျန်း အတွက် ဤအရွယ်အထိ အသက်ရှင်ရန် အလွန် ခက်ခဲလှပြီး ချီစွမ်းအင် ကြိုးမျှင်လေးတစ်ချောင်းဖြင့်သာ အသက်ဆက်ကာ ပြုပြင်ပြောင်းလဲရေးများကို ကြီးမှူးနေရခြင်း ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးများ ကျရှုံးသွားသည်နှင့်အမျှ ထို ချီစွမ်းအင် ကြိုးမျှင်လေးလည်း ပျောက်ကွယ်သွားတော့သည်။ ကျန်းချန်းကျိ သည် လုံးဝ စိတ်ပျက်အားငယ်သွားပြီး ဇာတိရွာသို့ ပြန်လည်အနားယူရန် အသနားခံစာ တင်သွင်းကာ နန်းတွင်းရေးရာများမှ အပြီးတိုင် နုတ်ထွက်သွားခဲ့ပြီး သူ အလွန်ဆုံး နောက်ထပ် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်သာ အသက်ရှင်နိုင်တော့မည်ဟု ယုံကြည်နေခဲ့သည်။
အသက်ခြောက်ဆယ်ကျော်အရွယ် ဖန်လင်မှာ မြို့တော်အပြင်ဘက်သို့ ပြောင်းရွှေ့ခံရသည်။
ရှောင်မို၏ ဂုဏ်သတင်းမှာ အလွန် ကြီးမားနေပြီး ပြုပြင်ပြောင်းလဲရေးများမှာလည်း ပြည်သူများအတွက် တကယ်ကို အကျိုးရှိစေသောကြောင့် သူ၏ နာမည်ကျော်ကြားမှုကြောင့် ထင်ရှားသော မိသားစုများက သူ့ကို မဆင်မခြင် စွပ်စွဲပြစ်တင်ခြင်းမျိုး မလုပ်ရဲကြပေ။
သို့သော် ရှောင်မိုက မြို့တော်တွင် ဆက်နေပါက အမြဲတမ်း ဖယ်ကြဉ်ခံရမည်ဖြစ်ပြီး ယင်းကို သည်းခံနေမည့်အစား ထွက်သွားခြင်းက ပိုကောင်းမည်ဟု ခံစားရသည်။
ထို့ကြောင့် ရှောင်မိုက ပေဟိုင်ပြည်နယ်သို့ ပြောင်းရွှေ့ပေးရန် မိမိသဘောဆန္ဒအရ တောင်းဆိုခဲ့သည်။
ဤအချိန်တွင် ရှောင်မို၏ အသက်မှာ လေးဆယ့်ခြောက်နှစ် ရှိနေပြီဖြစ်သည်။ သူ၏ အသက်အရွယ်နှင့် ပြုပြင်ပြောင်းလဲရေးများကြောင့် အလွန်အမင်း အလုပ်လုပ်ခဲ့ရမှုတို့ကြောင့် သူ၏ နားထင်များတွင် ငွေရောင်ဆံနွယ်များစွာ ရှိနေပြီဖြစ်သည်။
တာဝန်အသစ် မထမ်းဆောင်မီ ရှောင်မိုသည် ရှီချောင်ကျေးရွာသို့ ပြန်လာခဲ့သည်။
ရှောင်မို ကျွမ်းယွမ် အဖြစ် နန်းတွင်းစာမေးပွဲ အောင်မြင်ခဲ့သည်မှာ နှစ်ဆယ့်ခုနစ်နှစ် ရှိခဲ့ပြီဖြစ်သည်။
ဤကာလအတွင်း လူအများအပြား သေဆုံးသွားခဲ့ကြပြီဖြစ်သည်။
ထိုအထဲတွင် ရွာသူကြီးအိုကြီးနှင့် အန်တီချန် တို့လည်း ပါဝင်သည်။
"ချင်းရှန်ခရိုင်၏ စာရေးကြီး၊ ရှီချောင်ကျေးရွာ၏ ရွာသူကြီး ဝမ်ချန် ၏ ဂူဗိမာန်။"
"ဝမ်ချန် ၏ ဇနီး ချန်ဟုန်၏ ဂူဗိမာန်။"
ရှောင်မိုသည် အုတ်ဂူများရှေ့တွင် ရပ်ကာ အနီးကပ် ချထားသော မှတ်တိုင်နှစ်ခုကို ကြည့်နေရင်း သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏ ရင်ထဲတွင်မူ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေတော့သည်။
အခန်း ၆၄ ကိုကိုရှောင်မို... လက်လွှတ်လိုက်ပါတော့...
"အဖေက လွန်ခဲ့တဲ့ သုံးနှစ်က ဆုံးသွားတယ်၊ အမေကတော့ လွန်ခဲ့တဲ့ နှစ်လကမှ ဆုံးသွားတာပါ။"
ဝမ်ယင်းက ရှောင်မို၏ဘေးတွင် ရပ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။
အရင်က ရှောင်မိုနှင့်အတူ ပေါက်စီခွဲစားခဲ့ဖူးသော ကောင်မလေးသည် ယခုအခါ အမျိုးသမီးငယ်တစ်ဦးအဖြစ် အရွယ်ရောက်လာပြီး ချင်းရှန်မြို့ရှိ မိသားစုတစ်စုနှင့် အိမ်ထောင်ကျသွားခဲ့ပြီဖြစ်သည်။
ဝမ်ယင်း၏သမီးလေးမှာပင် အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ရှိနေပြီဖြစ်သည်။
"ရွာသူကြီးနဲ့ အန်တီချန်တို့ရဲ့ အုတ်ဂူတွေက ဘေးချင်းကပ်လျက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး" ဟု ရှောင်မိုက ပြုံးလျက် ပြောလိုက်သည်။ "ငါ မှတ်မိသေးတယ်... သူမ လူရွေးမှားခဲ့တယ်ဆိုပြီး အန်တီချန်က ငါ့ကို အမြဲတမ်း ညည်းညူတတ်တယ်။ ပြီးတော့ သေသွားတဲ့အခါ အဲဒီအဘိုးကြီးနဲ့ အဝေးကြီးမှာပဲ နေမယ်လို့လည်း ပြောခဲ့ဖူးတယ်။"
ဝမ်ယင်းလည်း ပြုံးလိုက်သည်။ "ဟုတ်တယ်၊ အမေက အဲဒီလိုမျိုးပဲ။ ဒါပေမဲ့ အဖေ ဆုံးသွားတုန်းက အမေက အဝမ်းနည်းဆုံး ငိုခဲ့ရတာ။ အမေ ဆုံးခါနီးကျတော့ သူ့ရဲ့အုတ်ဂူကို အဖေ့အုတ်ဂူဘေးမှာပဲ သေချာပေါက် ထားပေးဖို့ ကျွန်မကို သေချာ မှာသွားသေးတယ်..."
ရှောင်မို ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မှတ်တိုင်ရှေ့တွင် အရက်အိုးတစ်အိုးကို ချထားလိုက်သည်။ "ဒါက လင်မယားဖြစ်ရခြင်းရဲ့ အဓိပ္ပာယ်ပဲ ဖြစ်မှာပါ..."
ဝမ်ယင်း၏သမီး ဝမ်ချန်ချန်က ရှေ့သို့တိုးကာ ရှောင်မို၏ ဝတ်ရုံစိမ်းကို ဆွဲရန် ပြင်လိုက်သော်လည်း သူမ၏မိခင်က အနောက်သို့ ပြန်ဆွဲထားလိုက်သည်။
ဝမ်ယင်းက သူမ၏သမီး ပခုံးပေါ်သို့ လက်တင်ကာ မလှုပ်ရှားစေရန် တားမြစ်လိုက်သည်။ "ကိုကိုရှောင်မို... အဖေနဲ့ အမေက မဆုံးပါးခင် ကိုကို့ဆီကို ပါးလိုက်တဲ့ စကားတချို့ ရှိတယ်။"
"အင်း။" ရှောင်မို ခေါင်းညိတ်လိုက်သည်။
"အဖေ ဆုံးသွားတုန်းက ပြောသွားတယ်... သူ့ဘဝရဲ့ အကြီးမားဆုံး ကောင်းချီးက ကိုကိုရှောင်မိုလို ကျွမ်းယွမ်တစ်ယောက်ကို စာသင်ပေးနိုင်ခဲ့တာပဲတဲ့။ အဖေက ပညာအရမ်းမတတ်ခဲ့ဘဲ အများကြီး မသိခဲ့တာကတော့ နှမြောစရာပါပဲတဲ့။"
"ဒါ မမှန်ပါဘူး။ ရွာသူကြီးက ငါ့ကို အများကြီး သင်ပေးခဲ့တာပါ။ ရွာသူကြီးသာ မရှိခဲ့ရင် ငါက ခရိုင်အဆင့်စာမေးပွဲကိုတောင် အောင်မြင်နိုင်ခဲ့မှာ မဟုတ်ဘူး။" ရှောင်မို ခေါင်းခါလိုက်သည်။ "ရွာသူကြီးက တခြားတစ်ခုခု ပြောသွားသေးလား။"
"အဖေက ပြောသေးတယ်၊ ဒီဘဝမှာ သူ အောင်မြင်နိုင်ခဲ့တဲ့ အမြင့်ဆုံးအဆင့်က ရှို့ချိုက်အဆင့်ပဲ ဖြစ်ပြီး ကိုကိုရှောင်မိုနဲ့ ယှဉ်လို့မရပါဘူးတဲ့။ ဒါပေမဲ့ သူ့မှာ အားသာချက်တစ်ခု ရှိတယ်တဲ့၊ သူက ကိုကိုရှောင်မိုထက် ဆယ်စုနှစ်ပေါင်းများစွာ ထမင်းပိုစားခဲ့ရလို့ အရာတချို့ကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်တယ်တဲ့။
ကိုကိုရှောင်မို ကြုံတွေ့ရမယ့် ကိစ္စတွေအပေါ်မှာ အရမ်းကြီး အလေးအနက် မထားဖို့ ကိုကိုရှောင်မိုကို ပြောပြပေးဖို့ အဖေက မှာသွားတယ်။
နန်းတွင်းမှာ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ ယာယီ အမြတ်အစွန်း ဒါမှမဟုတ် ဆုံးရှုံးမှုတွေအတွက် စိတ်မပူဖို့ပဲတဲ့။
အထိအခိုက်မရှိဘဲ နောက်ဆုတ်နိုင်ပြီး ဘေးကင်းလုံခြုံစွာ နေနိုင်တာက အကောင်းဆုံး ရလဒ်ပါပဲတဲ့။"
"ရွာသူကြီးမှာ ကြီးမားတဲ့ ဉာဏ်ပညာတွေ ရှိတာပဲ" ဟု ရှောင်မိုက ချီးကျူးလိုက်သည်။
ဝမ်ယင်းက ရှောင်မို၏ ဘေးတိုက်ရုပ်သွင်ကို တစ်ချက်ကြည့်ကာ သူမ၏ နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်လိုက်ပြီး တွန့်ဆုတ်နေသော်လည်း ပြောလိုက်သည်။
"အမေ ဆုံးသွားတုန်းကလည်း ကိုကိုရှောင်မိုကို ပြောပေးဖို့ ကျွန်မကို မှာသွားတယ်... ထွက်သွားတဲ့သူတွေကို ဆက်ပြီး တွယ်တာမနေပါနဲ့တော့တဲ့။ နတ်ဘုရားနဲ့ သာမန်လူတွေက ကွဲကွာနေပြီမို့ တစ်ယောက်ယောက်က ထွက်သွားပြီဆိုရင် ထွက်သွားတာပါပဲတဲ့။ ကိုကိုရှောင်မိုအနေနဲ့ ဇနီးတစ်ယောက်ရှာပြီး ကလေးတွေ ယူသင့်တယ်၊ မဟုတ်ရင် တစ်ယောက်တည်း အိုမင်းသွားရတာ အရမ်း နာကျင်ရလိမ့်မယ်၊ ပြီးတော့ အိုမင်းလာတဲ့အခါ ပြုစုစောင့်ရှောက်ပေးမယ့်သူလည်း ရှိမှာမဟုတ်ဘူးတဲ့။"
"ဟီးဟီးဟီး..." ရှောင်မို ရယ်မောလိုက်သည်။ "အဲဒါက သေချာပေါက် အန်တီချန် ပြောမယ့်စကားမျိုးပါပဲ။"
"ကိုကိုရှောင်မို..." ဝမ်ယင်းက တုံ့ဆိုင်းစွာ ပြောလိုက်သည်။ "ကျွန်မလည်း ထင်ပါတယ်..."
"ရပါတယ်။" ရှောင်မိုက ဝမ်ယင်းကို စကားဖြတ်ပြောလိုက်သည်။
ရှောင်မို မတ်တတ်ရပ်လိုက်ပြီး ဝမ်ချန်ချန်၏ ခေါင်းလေးကို ညင်သာစွာ ပုတ်ကာ ပြုံးလိုက်သည်။ "ချန်ချန်လေး ကြီးလာတဲ့အခါ အဘိုးရှောင် အိုမင်းလာရင် ပြုစုစောင့်ရှောက်ပေးမှာလား။"
"ဟုတ်ကဲ့၊ ပြုစုမှာပါ" ကောင်မလေးက ခေါင်းညိတ်လိုက်သည်။
"တွေ့လား။" ရှောင်မိုက ကောင်မလေး၏ မိခင်ကို ပြုံးပြလိုက်သည်။ "အဆုံးထိ ငါ့ကို ပြုစုစောင့်ရှောက်ပေးမယ့်သူ ရှိနေသေးတယ် မဟုတ်လား။"
ဝမ်ယင်း - "..."
"ကောင်းပြီ ယင်းလေး... ငါ တောင်ပေါ် တက်တော့မယ်။ မင်းလည်း ချင်းရှန်မြို့ကို မြန်မြန် ပြန်တော့၊ မဟုတ်ရင် ရောက်တဲ့အခါ မိုးချုပ်သွားလိမ့်မယ်။"
ရှောင်မိုက သူ၏ အင်္ကျီလက်စများကို ခေါက်တင်လိုက်ပြီး မြွေတောင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားကာ တောင်ပေါ်လမ်း၏ အဆုံးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"အမေ... အဘိုးရှောင်က အဲဒီလောက် အသက်ကြီးနေပြီကို ဘာလို့ အခုထိ မိန်းမမယူသေးတာလဲဟင်။"
ကောင်မလေးက ခေါင်းမော့ကာ သူမ၏ မိခင်ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။
"ဘာလို့လဲဆိုတော့..." ဝမ်ယင်းက တဖြည်းဖြည်း ဝေးကွာသွားသော ပုံရိပ်ကို ကြည့်လိုက်သည်။ "အဘိုးရှောင်ရဲ့ နှလုံးသားထဲမှာ တခြား ဘယ်သူမှ နေရာမယူနိုင်တော့လို့ပေါ့။"
...
ရွာသူကြီးကို ဂါရဝပြုပြီးနောက် ရှောင်မိုသည် မြွေတောင်ပေါ်သို့ တက်လာခဲ့ပြီး ဂူအဝင်ဝကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဂူရှေ့ရှိ နေရာလွတ်တွင် ပွင့်လန်းနေသော ခရမ်းရောင်နေမင်းမြက်များနှင့် နဂါးစိမ်းပန်းများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။
ဂူနှင့် မလှမ်းမကမ်းတွင် အိမ်ငယ်လေးတစ်လုံး ရှိသည်။ ဤသစ်သားတဲလေးကို ရှောင်ချင်း ကိုယ်တိုင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ဒီနှစ်တွေတစ်လျှောက်လုံး ရှောင်ချင်းက ထိုနေရာတွင် နေထိုင်ကာ သူမ၏ အစ်မဖြစ်သူကို စောင့်ကြပ်နေခဲ့သည်။
ရှောင်မို၏ ခြံဝင်းဟောင်းနှင့် ပတ်သက်၍မူ ရှောင်မို ပြန်လာပြီး နေစရာမရှိဖြစ်မည်ကို စိုးရိမ်သဖြင့် ရှောင်ချင်းက နှစ်ရက်၊ သုံးရက်တစ်ခါ သွားရောက် သန့်ရှင်းရေး လုပ်ပေးလေ့ရှိသည်။
ဂူအဝင်ဝတွင် ရပ်နေရင်း ရှောင်မိုက လမ်းကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးကို တိတ်ဆိတ်စွာ ငေးကြည့်နေခဲ့သည်။
သူ အသက် ငါးဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း သူ၏ ကိုယ်ဟန်မှာ ခြံဝင်းထဲရှိ ထင်းရှူးပင်အိုကြီးကဲ့သို့ အရင်ကအတိုင်း ဖြောင့်မတ်နေဆဲဖြစ်ပြီး လေဘယ်လောက်တိုက်တိုက် သူ၏ ကျောပြင်ကို ကွေးညွှတ်သွားစေနိုင်မည် မဟုတ်သကဲ့သို့ပင်။
"ရုရွှယ်... မင်းကို လာကြည့်တာပါ။"
ဂူကို မျက်နှာမူရင်း ရှောင်မိုက ဖြည်းညင်းစွာ ပြောလိုက်သည်။
ဂူထဲရှိ သူမကို စကားပြောနေသကဲ့သို့ ရှိသော်လည်း သူ့ကိုယ်သူ စကားပြောနေသကဲ့သို့လည်း ရှိနေသည်။
"ဒီနှစ်တွေတစ်လျှောက်လုံး မင်းဆီ လာမလည်ခဲ့လို့ ငါ့ကို အပြစ်မတင်ပါနဲ့။ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်စရာတွေ အရမ်းများနေခဲ့တာ အမှန်ပါပဲ၊ အဲဒီလောက် ကြိုးစားခဲ့ရပေမဲ့လည်း နောက်ဆုံးတော့ ကျရှုံးသွားခဲ့ရတယ်။"
"ဒါပေမဲ့ မကြာခင် ငါ တာဝန်အသစ်တစ်ခု သွားထမ်းဆောင်ရတော့မယ်။"
"ငါက မြို့တော်ကနေ ထွက်ခွာပြီး ပင်လယ်နားက နေရာတစ်ခုဖြစ်တဲ့ ပေဟိုင်ပြည်နယ်ရဲ့ ခရိုင်ဝန် အဖြစ် တာဝန်သွားထမ်းဆောင်ရမှာ။"
"မင်း ပင်လယ်ကို မမြင်ဖူးသေးဘူး မဟုတ်လား။"
"စိတ်မပူပါနဲ့၊ မင်း ထွက်လာတဲ့အခါ ငါ မင်းကို သွားပြပါ့မယ်။"
"ပြောရမယ်ဆိုရင် မျက်တောင်တစ်ခတ်အတွင်းမှာပဲ နှစ်ဆယ့်ခုနစ်နှစ်တောင် ကုန်လွန်သွားခဲ့ပြီပဲ" ဟု ရှောင်မိုက ရယ်မောလိုက်သည်။ "ငါ့ကို ကြည့်ပါဦး၊ ဆံပင်တွေတောင် ဖြူနေပြီ။"
"ကိုကိုရှောင်မို..."
ရှောင်မို ဘိုင်ရုရွှယ်ကို စကားပြောနေစဉ်မှာပင် ရှောင်ချင်း၏ အသံက သူ၏ အနောက်မှ ထွက်ပေါ်လာသည်။
ရှောင်မို လှည့်ကြည့်ကာ ပြုံးလိုက်သည်။ "ရှောင်ချင်း... မတွေ့ရတာ ကြာပြီနော်။"
"ကိုကိုရှောင်မို... ကိုကို..."
ရှောင်မို၏ နားထင်မှ ငွေရောင်ဆံပင်များနှင့် သူ၏ ပိုမို အိုမင်းလာသော အသွင်အပြင်ကို မြင်သောအခါ ရှောင်ချင်း၏ ရင်ထဲတွင် ထူးဆန်းသော ဝမ်းနည်းမှုတစ်ရပ်ကို ခံစားလိုက်ရသည်။
ကိုကိုရှောင်မိုကို နောက်ဆုံးတွေ့ခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်ကမှပါ၊ ဒါပေမဲ့ သူ အများကြီး အိုမင်းသွားခဲ့ပြီပဲ...
"အို... ငါ့ဆံပင်ဖြူတွေကို ပြောနေတာလား။ ဒါမှမဟုတ် ငါ့မျက်နှာပေါ်က အရေးအကြောင်းတွေကိုလား။ အဲဒါက ပုံမှန်ပါပဲ၊ လူတွေ အိုလာရင် ဖြစ်တတ်တာပါပဲ" ဟု ရှောင်မိုက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ရှောင်ချင်းကတော့ အရင်ကအတိုင်းပါပဲ၊ ဘာမှ မပြောင်းလဲသွားဘူး။ ကောင်းလိုက်တာ။"
"..."
ရှောင်ချင်း တိတ်ဆိတ်နေခဲ့သည်။ သူမက ရှေ့သို့ လျှောက်သွားပြီး ရှောင်မို၏ ဘေးတွင် ရပ်ကာ သူတို့ရှေ့ရှိ ကျောက်တုံးကြီးကို အတူတကွ ကြည့်နေကြသည်။
"ငါ ဒီနှစ်တွေအတွင်း ပြန်မလာဖြစ်ခဲ့တော့ ဒီမှာ မင်းအစ်မနဲ့ ပတ်သက်ပြီး တစ်ခုခုများ ဖြစ်ခဲ့သေးလား" ဟု ရှောင်မိုက ဘေးရှိ ရှောင်ချင်းကို မေးလိုက်သည်။
"ဒီမှာ အစ်မနဲ့ ပတ်သက်ပြီး ဘာမှ မဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခြေသလုံးအိမ်တိုင်ကျင့်ကြံသူ တချို့ ရောက်လာပေမဲ့ ကျွန်မ နှင်ထုတ်လိုက်တယ်၊ အဲဒီနောက် သူတို့ ပြန်မလာကြတော့ဘူး။ ဒါပေမဲ့ ရွာသူကြီး၊ အန်တီချန် နဲ့ အန်တီဝမ်တို့ အပါအဝင် လူတချို့တော့ ဆုံးသွားကြပြီ..."
ရှောင်ချင်းက ရှီချောင်ကျေးရွာတွင် မည်သူတွေ သေဆုံးသွားသည်၊ မည်သူတွေ၏ မြေးလေး၊ မြေးမလေးတွေ မွေးဖွားလာသည်၊ ပြီးတော့ မည်သူတွေ ရှို့ချိုက် စာမေးပွဲ အောင်မြင်ခဲ့သည် စသည်ဖြင့် ဒီနှစ်များအတွင်း ရွာ၏ အကြောင်းအရာများကို ရှောင်မိုအား တစ်လုံးချင်း ပြောပြနေခဲ့သည်။
ရှောင်မိုက သေချာ နားထောင်နေပြီး ရံဖန်ရံခါတွင် ခေါင်းညိတ်ကာ နားထောင်ပေးနေသည်။
"ကိုကိုရှောင်မို..." နောက်ဆုံးတွင် ရှောင်ချင်းက ခေါင်းလှည့်ကာ သူမ၏ လက်သေးသေးလေးများကို ဆုပ်ထားလိုက်သည်။ "ကိုကိုရှောင်မို... ကိုကို တကယ် ထပ်စောင့်နေစရာ မလိုတော့ပါဘူး။"
"ရပါတယ်။" ရှောင်မို ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ ကိုကိုရှောင်မိုက နှစ်ဆယ့်ခုနစ်နှစ်တောင် စောင့်ခဲ့ပြီးပြီလေ... အသက်ကလည်း ငါးဆယ်နီးပါး ရှိနေပြီ။ တကယ် လုံလောက်နေပါပြီ။" ရှောင်ချင်းသည် ကိုကိုရှောင်မိုကို ဖျောင်းဖျရန် မည်မျှပင် ကြိုးစားခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ "ကိုကိုရှောင်မို... လက်လွှတ်လိုက်ပါတော့..."
အမျိုးသမီး၏ စကားများ ဆုံးသွားသည်နှင့် နွေဦးလေပြေက တောတောင်ကို ဖြတ်သိုက်သွားပြီး အမျိုးသား၏ ဆံပင်ဖြူများကို ညင်သာစွာ လွင့်ဝဲသွားစေကာ အနည်းငယ် ဝါကြင့်နေပြီး အကြိမ်ရေ မရေမတွက်နိုင်အောင် ဖာထေးထားရသော သူ၏ ဝတ်ရုံစိမ်းကိုလည်း ပွတ်သပ်သွားတော့သည်။
"ရှောင်ချင်း..."
ရှောင်မိုက သူ၏ ရှေ့ရှိ ကျောက်တုံးကို ကြည့်လိုက်ရာ သူ၏ အသံက တောတောင်အတွင်း ဖြည်းညင်းစွာ ပျံ့လွင့်သွားတော့သည်။
"အရင်တုန်းက... သူမက အမြဲတမ်း ငါ့ကို စောင့်နေခဲ့တာလေ။
အခုတော့။
ငါက သူမကို ပြန်စောင့်ရမယ့် အလှည့်ပဲ။"