← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း ၆၇ ငါ မေ့လို့မဖြစ်ဘူး၊ ငါ မမေ့သင့်ဘူး...

"မေ့ဖျောက်ဖို့ ဒီလောက်ခက်ခဲခဲ့မှတော့ ဘာလို့ ပြန်မှတ်မိနေရဦးမှာလဲ။"

သစ်သားအိမ်လေးထဲတွင် ရှောင်ချင်းသည် ခုတင်ဘေး၌ ထိုင်ကာ ခုတင်ပေါ်တွင် လှဲလျောင်းနေသော သူမ၏အစ်မဖြစ်သူကို ကြည့်ရင်း ဆရာ၏စကားများကို စိတ်ထဲတွင် ပြန်လည်တွေးတောနေမိသည်။

ရှောင်ချင်းက အကြည့်ကို ညင်သာစွာ အောက်သို့ချလိုက်ပြီး သူမ၏လက်ဖဝါးထဲရှိ ဝိညာဉ်အောက်မေ့ဖွယ် ဆေးလုံးကို ကြည့်လိုက်ရာ သူမ၏မျက်ဝန်းများတွင် ဝေခွဲမရဖြစ်မှုများ ပြည့်နှက်နေသည်။

"ရှောင်ချင်း..."

ရှောင်ချင်း အတွေးနက်နေစဉ်မှာပင် ခုတင်ပေါ်မှ သူမ၏အစ်မဖြစ်သူ၏ အားနည်းသောအသံလေး ထွက်ပေါ်လာသည်။

"အစ်မ... နေလို့ ဘယ်လိုနေလဲဟင်..." ရှောင်ချင်းက ဝိညာဉ်အောက်မေ့ဖွယ် ဆေးလုံးကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး အစ်မဖြစ်သူကို ထူပေးကာ ခုတင်ခေါင်းရင်းကို မှီစေလိုက်သည်။

"ငါ မသိပါဘူး..." ဘိုင်ရုရွှယ် မျက်မှောင်ကြုတ်လိုက်သည်။ "ငါ အရမ်း၊ အရမ်းကို ရှည်လျားတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့သလို ခံစားရတယ်၊ ဒါပေမဲ့ အဲဒီအကြောင်း ဘာတစ်ခုမှ မမှတ်မိတော့ဘူး။"

"ရှောင်ချင်း..." ဘိုင်ရုရွှယ်က ရှောင်ချင်း၏လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "ငါ ဘာတွေမေ့သွားတာလဲဆိုတာ နင် ပြောပြလို့ရမလား။"

"အစ်မ... တကယ်တော့ ကြီးကြီးမားမား ဘာမှမဟုတ်ပါဘူး။ ကျွန်မတို့ ညီအစ်မနှစ်ယောက် တောင်ပေါ်မှာ အတူတူ ကျင့်ကြံခဲ့ကြတယ်၊ အဲဒီနောက် အစ်မက မြွေကြီးကနေ ရွမ် အဖြစ် အသွင်ပြောင်းဖို့ နှစ်ပေါင်းများစွာ အိပ်မောကျသွားခဲ့တာပါ။ ဘာမှမဟုတ်ပါဘူး။" ရှောင်ချင်းက ပြုံးလိုက်ပြီး သူမ၏လက်ချောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ဘိုင်ရုရွှယ်က အောက်သို့ ငုံ့ကြည့်နေသော သူမ၏ညီမဖြစ်သူကို ကြည့်ကာ မေးလိုက်သည်။ "အဲဒါ တကယ်လား။"

"တကယ်ပါ..." ရှောင်ချင်း ခေါင်းမော့လိုက်ရာ သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်များ စီးကျလာတော့သည်။ "အစ်မ... ရှောင်ချင်း ပြောတာတွေ အားလုံးက အမှန်တွေချည်းပါပဲ။"

"တကယ်ဆိုရင် နင်က ဘာလို့ ငိုနေတာလဲ ရှောင်ချင်း" ဟု ဘိုင်ရုရွှယ်က ညင်သာစွာ မေးလိုက်သည်။

"ဟင်။ ငါ ငိုနေလို့လား။" ရှောင်ချင်းက အလျင်အမြန် လက်လှမ်းကာ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ "အစ်မက နောက်ဆုံးတော့ နိုးလာပြီလေ။ ရှောင်ချင်းက အရမ်း ပျော်လွန်းလို့ပါ..."

"ဒီလိုကိုး..." ဘိုင်ရုရွှယ် လက်ဆန့်တန်းကာ ညီမဖြစ်သူ၏ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "ရပါတယ်၊ အစ်မ ပြန်ရောက်လာပြီပဲ။"

"အင်း။" ရှောင်ချင်း အားပါးတရ ခေါင်းညိတ်လိုက်သည်။ "ဒါဆို အစ်မ... ကျွန်မ အစ်မ စားဖို့ တစ်ခုခု သွားရှာလိုက်ဦးမယ်။ မကြာသေးခင်က မြွေတောင်ပေါ်မှာ ဝိညာဉ်ပန်းတွေနဲ့ ဝိညာဉ်အပင်တချို့ ပေါက်လာတယ်။ အစ်မရဲ့ ဝိညာဉ်စွမ်းအားတွေ ပြန်ဖြည့်ဖို့ အဲဒါတွေ သွားခူးလိုက်ဦးမယ်။"

"ကောင်းပြီလေ။" ဘိုင်ရုရွှယ် ခေါင်းညိတ်လိုက်သည်။

လှည့်ထွက်သွားသော ညီမဖြစ်သူကို ကြည့်ရင်း ဘိုင်ရုရွှယ်၏ နူးညံ့သော မျက်ခုံးလေးများ တွန့်ကွေးသွားပြီး ခေါင်းကို အနည်းငယ် ငုံ့ကာ သူမ၏ စကတ်စလေးကို လက်သေးသေးလေးများဖြင့် ညင်သာစွာ ဆုပ်နယ်နေမိသည်။

ရှောင်ချင်း သစ်သားအိမ်ထဲမှ ထွက်လာပြီး တံခါးကို ပိတ်ကာ သူမ၏ ခွန်အားများအားလုံး ပျောက်ကွယ်သွားသကဲ့သို့ နံရံကို မှီချလိုက်သည်။ သူမက အောက်သို့ ဖြည်းညင်းစွာ လျှောကျသွားပြီး ထောင့်တွင် ကွေးကွေးလေးထိုင်ကာ သူမကိုယ်သူမ တင်းကျပ်စွာ ဖက်ထားရင်း မျက်ရည်များ တိတ်တဆိတ် စီးကျနေတော့သည်။

နောက်နှစ်ရက်အတွင်း ရှောင်ချင်းသည် အစ်မဖြစ်သူကို ပြုစုစောင့်ရှောက်ရင်းသာ အချိန်ကုန်ဆုံးခဲ့သည်။

ဘိုင်ရုရွှယ် အများဆုံး လုပ်လေ့ရှိသောအရာမှာ သစ်သားအိမ်အပြင်ဘက်တွင် ထိုင်ကာ အပြင်ဘက်၌ ပွင့်လန်းနေသော နဂါးစိမ်းပန်းများနှင့် ခရမ်းရောင်နေမင်းမြက်များကို ငေးမောကြည့်နေခြင်းပင် ဖြစ်သည်။

၎င်းတို့မှာ အလွန်ဆုံး ဆေးဘက်ဝင်တန်ဖိုး အနည်းငယ်သာရှိသော သာမန် ပန်းများနှင့် မြက်ပင်များသာ ဖြစ်သည်။

သို့သော် ဤပန်းများနှင့် မြက်ပင်များက သူမအတွက် မတူညီသော အဓိပ္ပာယ်တစ်ခုခု ရှိနေသည်ဟု ဘိုင်ရုရွှယ် အမြဲတမ်း ခံစားနေရသည်။

သို့သော် ဘာကြောင့်လဲဆိုတာကို အမျိုးသမီး ပြန်လည် မမှတ်မိနိုင်ခဲ့ပေ။

"ရှောင်ချင်း... ငါ တောင်အောက်ကို လမ်းသွားလျှောက်ချင်တယ်။"

ဘိုင်ရုရွှယ် နိုးလာပြီးနောက် သတ္တမမြောက်နေ့တွင် သူမက ရှောင်ချင်းကို ဤသို့ ပြောလိုက်သည်။

"ဟင်။ အစ်မ တောင်အောက် ဆင်းချင်လို့လား။" ရှောင်ချင်း တစ်ခဏမျှ မှင်သက်သွားသည်။

"အင်း။" ဘိုင်ရုရွှယ် ခေါင်းညိတ်လိုက်သည်။ "တောင်အောက်မှာ ရွာတစ်ရွာ ရှိတယ်လို့ နင် ပြောခဲ့တယ် မဟုတ်လား။ ငါ သွားကြည့်ချင်တယ်။"

"ကောင်းပြီလေ..." ရှောင်ချင်း ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားသည်။ "ဒါဆို ကျွန်မ အစ်မနဲ့ လိုက်ခဲ့မယ်။"

နောက်နေ့တွင်။

ရှောင်ချင်းက အစ်မဖြစ်သူကို တောင်အောက်သို့ ခေါ်ဆောင်သွားပြီး ရှီချောင်ကျေးရွာသို့ ရောက်ရှိလာခဲ့သည်။

ရှီချောင်ကျေးရွာ၏ ရုပ်ပိုင်းဆိုင်ရာမှာ သိပ်မပြောင်းလဲသေးသော်လည်း လူတွေကတော့ မရှိကြတော့ပေ။

ချီတိုင်းပြည်ရှိ သာမန်ပြည်သူများ၏ ပျမ်းမျှသက်တမ်းမှာ ငါးဆယ့်သုံးနှစ် ဖြစ်သည်။

ယခု လေးဆယ့်ရှစ်နှစ် ကြာပြီးနောက် အရင်က လူကြီးများအားလုံး သေဆုံးသွားခဲ့ကြပြီဖြစ်သည်။

လွန်ခဲ့သော လေးဆယ့်ရှစ်နှစ်က ရှီချောင်ကျေးရွာမှ ကလေးများမှာမူ သူတို့ထဲတွင် အသက်အကြီးဆုံးသူက ယခုအခါ ငါးဆယ့်ခြောက်နှစ် ရှိနေပြီဖြစ်သည်။

သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့၏ ငယ်ဘဝက အရာများကို ဘယ်လိုလုပ် မှတ်မိနိုင်ပါတော့မည်နည်း။

ရွာသားများက ဘိုင်ရုရွှယ်ကို ကြည့်ကာ ဤလှပသော နတ်သမီးလေးက ဘယ်သူလဲဟု တွေးနေကြသည်။

ဘိုင်ရုရွှယ်သည် ရွာထဲတွင် လမ်းလျှောက်ရင်း အိမ်တိုင်းနှင့် လမ်းတိုင်းကို ကြည့်ကာ ရင်းနှီးကျွမ်းဝင်မှုကို ခံစားနေရသည်။

သူမက ဒီနေရာမှာ အချိန်အကြာကြီး နေထိုင်ခဲ့ဖူးသလိုပင်။

ဘိုင်ရုရွှယ်သည် သူမ၏ ခံစားချက်များ လမ်းပြရာအတိုင်း ရွာထဲတွင် လျှောက်သွားနေပြီး ရှောင်ချင်းက ဘာစကားမှမပြောဘဲ အစ်မဖြစ်သူ၏ နောက်မှသာ လိုက်ပါသွားခဲ့သည်။

နောက်ဆုံးတွင် ဘိုင်ရုရွှယ် ခြေလှမ်းများ ရပ်တန့်လိုက်ချိန်တွင် ခြံဝင်းတစ်ခု၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

သူမရှေ့ရှိ သာမန် လယ်သမားအိမ် ခြံဝင်းလေးကို ကြည့်ရင်း ဘိုင်ရုရွှယ်က သူမ၏ ရင်ဘတ်ပေါ်သို့ လက်ကို တင်းကျပ်စွာ ဖိထားလိုက်သည်။

သူမ၏ ရင်ဘတ်ထဲတွင် ကျပ်တည်းနေသည်ဟု ခံစားရပြီး အရေးအကြီးဆုံးအရာကို ရှာတွေ့တော့မည့်အလား ဖြစ်နေသော်လည်း တစ်ချိန်တည်းမှာပင် အလွန် ဝေးကွာနေသလိုလည်း ခံစားရသည်။

ခြံဝင်းထဲသို့ ဝင်လာပြီးနောက် ဘိုင်ရုရွှယ်သည် ခြံဝင်းထဲရှိ ကျောက်ခုံ၊ ခြံဝင်းထဲရှိ အိုမင်းနေသော ဝူးထုံသစ်ပင် နှင့် သစ်ကိုင်းများပေါ်တွင် ထောက်ထားသော ဝါးတန်းလေးတို့ကို ညင်သာစွာ ပွတ်သပ်နေမိသည်...

"ရှောင်ချင်း... ဒီနေရာက ငါ့အတွက် ဘာလို့ အရမ်း ရင်းနှီးနေရတာလဲ" ဟု ဘိုင်ရုရွှယ်က မေးလိုက်သည်။

"အစ်မ... အဲဒါက ကျွန်မတို့ ဒီမှာ အချိန်ကာလတစ်ခုအထိ နေထိုင်ခဲ့ဖူးလို့လေ။" ဟု ရှောင်ချင်းက ပြန်ဖြေလိုက်သည်။

"ဒီလိုကိုး။" ဘိုင်ရုရွှယ် ခေါင်းညိတ်လိုက်သည်။

"အစ်မ... ခဏလောက် ထိုင်နေဦးနော်။ မနေ့က မိုင်ငါးဆယ်ဝေးတဲ့ ချန်တောင်တန်းမှာ ဝိညာဉ်စွမ်းအင်ပါတဲ့ လမြက်ယုန်တချို့ကို ရှောင်ချင်း အမဲလိုက်ခဲ့တယ်။ အဲဒါကို အစ်မအတွက် ချက်ပေးမယ်။"

အစ်မဖြစ်သူက မေးခွန်းတွေ ထပ်မေးမည်ကို စိုးရိမ်သကဲ့သို့ ရှောင်ချင်းသည် တောကောင်အချို့ကို သယ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။

မီးဖိုချောင်ထဲတွင် အလုပ်များနေသော ရှောင်ချင်းကို ကြည့်ရင်း ထိုရင်းနှီးကျွမ်းဝင်မှု ခံစားချက်က ပိုမို အားကောင်းလာတော့သည်။

ဘိုင်ရုရွှယ်သည် အိပ်ခန်းမကြီးထဲသို့ ဝင်သွားခဲ့သည်။

အိပ်ခန်းမကြီးထဲတွင် ဘာမှမရှိပေ။ သစ်သား ပရိဘောဂများမှလွဲ၍ လုံးဝ အလွတ်ဖြစ်နေသည်။

အဝတ်အစားများ မရှိသလို အိပ်ရာခင်းများလည်း မရှိပေ။

ဤအခန်းထဲတွင် အမျိုးသားတစ်ဦး နေထိုင်ခဲ့ဖူးမည်ဟု ဘိုင်ရုရွှယ် ခံစားရသော်လည်း သူ ဘယ်သူလဲဆိုတာကို သူမ မမှတ်မိနိုင်ပေ။

အိပ်ခန်းမကြီးထဲမှ ထွက်လာပြီးနောက် ဘိုင်ရုရွှယ်သည် ဘေးဘက်အခန်းလေးသို့ ရောက်ရှိလာခဲ့သည်။

ဘေးဘက်အခန်းလေး၏ အပြင်အဆင်မှာလည်း ရိုးရှင်းလှသည်။ ခုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ကုလားထိုင် အနည်းငယ်နှင့် မှန်တင်ခုံ တစ်ခုသာ ရှိသည်။

ဘိုင်ရုရွှယ် အခန်းထဲတွင် လျှောက်ကြည့်နေလိုက်သည်။

အမွှေးတိုင်တစ်ဝက်စာခန့် အကြာတွင် ဘိုင်ရုရွှယ်က အခန်းထဲမှ ထွက်ရန် လှည့်လိုက်စဉ် သူမ၏ အင်္ကျီလက်စက မှန်တင်ခုံရှေ့ရှိ သေတ္တာတစ်လုံးကို မတော်တဆ တိုက်မိသွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဘိုင်ရုရွှယ် ခေါင်းလှည့်ကြည့်လိုက်သည်။

ကျိုးပွင့်သွားသော သေတ္တာထဲတွင် သစ်သား သမင်နတ်ဘုရား ဆံထိုးတစ်ခု ရှိနေသည်...

"အစ်မ... ထမင်းစားလို့ရပြီ၊ အစ်မ..."

ခြံဝင်းထဲတွင် ရှောင်ချင်းက ဟင်းနှစ်ပွဲကို ချထားလိုက်ပြီး အိမ်ထဲရှိ အစ်မဖြစ်သူကို လှမ်းခေါ်လိုက်သည်။

သို့သော် အစ်မဖြစ်သူထံမှ အချိန်အတော်ကြာသည်အထိ အသံပြန်မထွက်လာပေ။

ရှောင်ချင်းက သူမ၏လက်များကို သုတ်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ဘေးဘက်အခန်းလေးထဲသို့ ဝင်သွားလိုက်ရာ သူမ၏အစ်မဖြစ်သူ မြေကြီးပေါ်တွင် ဒူးထောက်နေပြီး လက်များကို ရင်ဘတ်ပေါ်တွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

"အစ်မ... ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား။"

ရှောင်ချင်းက အစ်မဖြစ်သူ၏ ဘေးသို့ အလျင်အမြန် ပြေးသွားလိုက်သည်။

"ရှောင်ချင်း..." ဘိုင်ရုရွှယ်က ခေါင်းမော့လိုက်ရာ သူမ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ဝေဝါးနေပြီး လက်ဖဝါးထဲရှိ ဆံထိုးကို ပိုက်ထားလိုက်သည်။ "ဆံထိုး... ဒီဆံထိုး..."

"ဒီဆံထိုးက ဘာဖြစ်လို့လဲ။" ရှောင်ချင်းက နားမလည်စွာ မေးလိုက်သည်။ သူမသိသည်က အစ်မဖြစ်သူက အရင်က ဒီဆံထိုးကို အရမ်း သဘောကျခဲ့တယ်ဆိုတာကိုသာ သိသည်။

"ငါ... ငါ မသိဘူး..."

ဘိုင်ရုရွှယ်၏ မျက်ဝန်းထောင့်မှ မျက်ရည်များ ဆက်တိုက် စီးကျလာပြီး သူမ၏ မျက်တောင်လေးများကို စိုစွတ်သွားစေကာ ပါးပြင်ပေါ်မှတစ်ဆင့် မြေကြီးပေါ်သို့ ပေါက်ခနဲ ကျဆင်းသွားတော့သည်။

"ဒီဆံထိုးက ငါ့ဟာ..."

"တစ်ယောက်ယောက်က ငါ့ကို ပေးခဲ့တာ။"

"ဒါပေမဲ့ သူ ဘယ်သူလဲဆိုတာ ငါ မေ့သွားပြီ။"

"ငါ သူ့ကို မေ့လို့မဖြစ်ဘူး..."

"ငါ သူ့ကို မမေ့သင့်ဘူး..."

"ရှောင်ချင်း။"

ဘိုင်ရုရွှယ်က ညီမဖြစ်သူ၏ အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

"ဘာလို့ ငါ ဘာမှ မမှတ်မိရတာလဲ။ ဘာလို့လဲ"

"အစ်မ... ကျွန်မ..." ရှောင်ချင်း၏ လည်ပင်းထဲတွင် ဆို့နင့်သွားပြီး သူမ၏မျက်ဝန်းများလည်း အစ်မဖြစ်သူကဲ့သို့ပင် နီရဲလာတော့သည်။

ဘိုင်ရုရွှယ် မတ်တတ်ရပ်လိုက်ရာ သူမ၏ စကတ်စက ရှောင်ချင်း၏ ပါးပြင်ကို ပွတ်တိုက်သွားပြီး အခန်းထဲမှ ပြေးထွက်သွားတော့သည်။

"အစ်မ"

ရှောင်ချင်း ရုတ်တရက် မတ်တတ်ရပ်ကာ အစ်မဖြစ်သူ၏ အနောက်မှ လှမ်းအော်လိုက်သည်။

"အစ်မ... ဘယ်သွားမလို့လဲ"

"အစ်မ"

အခန်း ၆၈ ရှောင်မို... ကျွန်မ...ရှင် ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်...

ဘိုင်ရုရွှယ် ခြံဝင်းထဲမှ ပြေးထွက်သွားသည်။

ရှောင်ချင်းက အနောက်မှ လိုက်သွားသော်လည်း သူမ၏ အစ်မဖြစ်သူ၏ အဆင့်မှာ မြင့်မားလွန်းသဖြင့် မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ရှီချောင်ကျေးရွာ တစ်လျှောက် လမ်းလျှောက်သွားရင်း ဘိုင်ရုရွှယ်က ရွာထဲရှိ အရာအားလုံးကို ကြည့်ကာ ပို၍ပို၍ ရင်းနှီးကျွမ်းဝင်လာသလို ခံစားနေရသည်။

သူမ မသိလိုက်ခင်မှာပင် ဘိုင်ရုရွှယ်သည် ကွယ်လွန်သွားပြီဖြစ်သော ရှီချောင်ကျေးရွာ ၏ ယခင်ရွာသူကြီး၏ ခြံဝင်းသို့ ရောက်ရှိသွားခဲ့သည်။

သူမက ကြိမ်တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားပြီး ပြတင်းပေါက်ဘောင်ကို လက်ဖြင့် သုတ်လိုက်ရာ ဖုန်အထပ်လိုက် ထူထူကြီး တက်နေသည်ကို တွေ့လိုက်ရသည်။

ခြံဝင်းထဲမှ ထွက်လာပြီးနောက် ဘိုင်ရုရွှယ်သည် ရည်ရွယ်ချက်မဲ့စွာ ဆက်လက် လျှောက်သွားနေခဲ့သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်ကို သူမ မသိလိုက်ဘဲ ဘိုင်ရုရွှယ်သည် အုတ်ဂူတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

"ချင်းရှန်ခရိုင် ၏ စာရေးကြီး နှင့် ရှီချောင်ကျေးရွာ ၏ ရွာသူကြီး ဝမ်ချန်၏ ဂူဗိမာန်။"

"ဝမ်ချန်၏ ဇနီး ချန်ဟုန်၏ ဂူဗိမာန်။"

ဤရင်းနှီးနေသော နာမည်များကို ကြည့်ရင်း ဘိုင်ရုရွှယ်၏ ခေါင်းမှာ ထပ်မံ၍ အနည်းငယ် ကိုက်ခဲလာပြီး သူမ၏ ရင်ထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာတော့သည်။

သူမ သူတို့ကို သိသည်။

ဒါပေမဲ့။

သူမ သူတို့ကို မေ့သွားခဲ့ပြီ... ထို့ထက်ပို၍ အရမ်း၊ အရမ်းကို အရေးကြီးသော နာမည်တစ်ခုကို သူမ မေ့သွားခဲ့ပြီ။

သူမ၏ အသက်ထက်ပင် ပို၍ အရေးကြီးသော နာမည်တစ်ခုကို မေ့ သွား ပြီ။

အနောက်သို့လှည့်ကာ ဘိုင်ရုရွှယ် ဆက်လျှောက်သွားလိုက်သည်။

အရည်ပျော်နေသော ရွှေများကဲ့သို့ ဝင်လုဆဲဆဲ နေမင်းကြီးက အနောက်ဘက်တောင်တန်းဆီသို့ လေးလံစွာ ကျဆင်းသွားပြီး မိုးကုတ်စက်ဝိုင်းကို နူးညံ့သော လိမ္မော်ရောင်နှင့် သွေးနီရောင်များအဖြစ် ဆေးခြယ်ပေးထားသည်။

ဆည်းဆာအချိန်က ပါးလွှာသော ဇာပဝါလေးတစ်ခုကဲ့သို့ တိတ်ဆိတ်စွာ ပြန့်ကျက်သွားပြီး ဧရာမ နေဝင်ချိန်က အမျိုးသမီး၏ အရိပ်ကို မြေကြီးပေါ်တွင် ရှည်လျားသွယ်လျစွာ ဆွဲဆန့်ပေးထားကာ တိတ်ဆိတ်နေသော မြက်ခင်းများနှင့် အေးစက်နေသော မှတ်တိုင်များအပေါ် တိတ်ဆိတ်စွာ စီးဆင်းနေသည့် မင်ရည်မြစ်တစ်စင်းနှင့် တူနေတော့သည်။

မှတ်တိုင်ရှေ့တွင် အမျိုးသမီး ခုနလေးတင် ခူးလာခဲ့သော လတ်ဆတ်သည့် တောပန်းအချို့ ရှိနေသည်။

ဘိုင်ရုရွှယ် တောင်ပေါ်သို့ တက်လာပြီး သူမနှင့် ရင်းနှီးနေသည်ဟု ခံစားရသော လမ်းတစ်ခုကို ရွေးချယ်လိုက်သည်။

တောင်ခါးပန်းသို့ ရောက်သောအခါ ဘိုင်ရုရွှယ် ရပ်တန့်လိုက်သည်။

ဘိုင်ရုရွှယ်၏ မြင်ကွင်းထဲတွင် ကျောက်တုံးတစ်တုံး ပေါ်လာသည်။

၎င်းမှာ သာမန် ကျောက်တုံးတစ်တုံးသာ ဖြစ်သော်လည်း ကြည့်လေလေ ဘိုင်ရုရွှယ်၏ ခေါင်းမှာ ပိုကိုက်လာလေလေ ဖြစ်သည်။

သူမက သူမ၏ နဖူးကို ဖိထားလိုက်ရာ ထူးဆန်းသလို ရင်းနှီးနေသော ပုံရိပ်များက သူမ၏ စိတ်ထဲတွင် အထိန်းအကွပ်မဲ့စွာ ဖြတ်ပြေးသွားတော့သည်...

【"ဟေး စာသင်သားလေး၊ ရောက်လာပြီပဲ။ ငါ နင့်ကို စောင့်နေတာ ကြာလှပြီ။"

နွားမည်းကြီးတစ်ကောင်ကို စီးကာ တောင်ပေါ်သို့ တက်လာသော လူငယ်လေးကို မြင်သောအခါ အဖြူရောင်ဂါဝန်နှင့် ကောင်မလေးက ဝမ်းသာအားရ မတ်တတ်ရပ်လိုက်သည်။

"ဒီနေ့ရော နွားစီးဦးမလား သခင်မလေး" ဟု လူငယ်လေးက ပြုံးကာ မေးလိုက်သည်။

"အင်း၊ အင်း... မြန်မြန်လုပ် ငါ နင်နဲ့အတူ နွားစီးချင်တယ်။"

"ကောင်းပြီလေ။" လူငယ်လေးက နွားမည်းကြီးကို ပုတ်လိုက်ရာ နွားကြီးက ကောင်မလေးထံသို့ လျှောက်သွားပြီး ဝပ်ချလိုက်သည်။

ကောင်မလေးက နွားကျောပေါ်သို့ တက်ကာ သူ၏ အနောက်တွင် ထိုင်လိုက်သည်။

သူက စာဖတ်နေသည်။

သူမက စကတ်အောက်မှ ခြေထောက်လေးများကို လွှဲကာ သူ စာဖတ်သည်ကို နားထောင်နေသည်။】

... 【"နင် ဘယ်မှာလဲ..."

"နင် အရမ်းဆိုးတယ်။"

"ဘာလို့ အခုထိ ပြန်မလာသေးတာလဲ။"

"ငါ နင့်ကို နောက်ဆုံးအကြိမ်၊ နောက်ဆုံးအကြိမ် အခွင့်အရေး ပေးမယ်။ မနက်ဖြန်မှ နင် ပေါ်မလာရင် ငါ တကယ် စိတ်ဆိုးတော့မှာ။"

"ငါ နင်နဲ့ ဘယ်တော့မှ စကားမပြောတော့ဘူး"

တစ်ညတွင်။

ကောင်မလေး နိုးလာပြီး စာသင်သားတစ်ယောက်ကို စောင့်ရန် ကျောက်တုံးပေါ်တွင် ထိုင်နေခဲ့သည်။

စာသင်သားက စာမေးပွဲ သွားဖြေရမှာမို့ ခဏလောက် ထွက်သွားရမယ်လို့ ပြောခဲ့သည်။

ဒါပေမဲ့ စာသင်သားက နောက်နှစ် နွေဦးပေါက်ရင် ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်။】

... 【"ငါ အားနေတဲ့အချိန် ဒီဆံထိုးလေးကို ထွင်းထားတာ။ သူမကို တောင်းပန်ဖို့အတွက်ပေါ့၊ ဒါပေမဲ့ အခုတော့ သူမ ငါ့ကို မစောင့်တော့တဲ့ပုံပဲ၊ ဒါကြောင့် ဒီဆံထိုးက မလိုတော့ပါဘူး။"

"ဘယ်သူက မလိုတော့ဘူးလို့ ပြောလဲ။ ငါ လိုချင်တယ်"

"သခင်မလေး... ဒီဆံထိုးက သခင်မလေးဘိုင်ရုရွှယ် အတွက်ပါ။"

"ငါက ဘိုင်ရုရွှယ်လေ..."

"ဒါပေမဲ့ သခင်မလေးက ခုနကတင် မဟုတ်ဘူးလို့ ပြောခဲ့တယ်လေ..."

"ငါက ဘိုင်ရုရွှယ် မဟုတ်ဘူးလို့ ပြောခဲ့လို့လား။"

ကောင်မလေးက လှပစွာ ပြုံးလိုက်ပြီး ဆံထိုးကို လှမ်းယူလိုက်သည်။

"မြန်မြန်... ငါ့ကို ပန်ပေး။"】

... 【"ငါ မကျင့်ကြံချင်ဘူး"

အရွယ်ရောက်လာသော မိန်းကလေးက သူမရှေ့ရှိ အမျိုးသားကို ဒေါသတကြီး ကြည့်လိုက်သည်။

"နတ်ဘုရား ဖြစ်သွားတော့ရော ဘာဖြစ်လဲ။"

အမျိုးသမီးက သူမ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်သည်။

"နင်မပါတဲ့ နတ်ဘုရားဖြစ်မယ့် လမ်းစဉ်က ငါလျှောက်ချင်တဲ့ လမ်းစဉ် မဟုတ်ဘူး"】

... "သူက ဘယ်သူလဲ။"

"သူ့နာမည်က ဘာလဲ။"

တစ်စစီ ကျိုးပဲ့နေသော ပုံရိပ်များက ဘိုင်ရုရွှယ်၏ စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ဖြတ်ပြေးသွားတော့သည်။

ဘိုင်ရုရွှယ်က သူမရှေ့ရှိ ကျောက်တုံးကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ပြင်းထန်စွာ တုန်ခါနေသည်။

ကျိုးပဲ့နေသော ပုံရိပ်များထဲတွင်။

သူ၏ ပုံရိပ်က အရမ်းကို ရင်းနှီးနေသည်။

သို့သော် ဘိုင်ရုရွှယ်သည် သူ၏ ပုံပန်းသဏ္ဌာန်ကို ရှင်းလင်းစွာ ပြန်လည်မမှတ်မိနိုင်သလို သူ၏ နာမည်ကိုလည်း မမှတ်မိနိုင်ပေ။

အချိန်အတော်ကြာပြီးနောက် ဘိုင်ရုရွှယ်၏ ခေါင်းကိုက်မှုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ဘိုင်ရုရွှယ်သည် ဤကျောက်တုံးပေါ်တွင် အချိန်အတော်ကြာ ထိုင်ကာ တခြားတစ်ခုခုကို ပြန်လည်မှတ်မိရန် ကြိုးစားနေခဲ့သည်။

သို့သော် မှတ်ဉာဏ်များမှာ ဝေဝါးနေဆဲပင်။

သူမ မတ်တတ်ရပ်ကာ တောင်ပေါ်သို့ ဆက်လက် လျှောက်သွားလိုက်သည်။

ကောင်းကင်ယံတွင် အမှောင်ထုက လွှမ်းခြုံနေပြီ ဖြစ်သည်။

ဘိုင်ရုရွှယ် တောင်ထိပ်သို့ ရောက်ရှိချိန်တွင် ညကောင်းကင်ယံ၌ ကြယ်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

ဘိုင်ရုရွှယ်သည် တောင်ထိပ်တွင် ရပ်နေခဲ့သည်။ သူမ၏ ခေါင်းပေါ်တွင် နဂါးငွေ့တန်းဂလက်ဆီကြီး ရှိနေပြီး လက်လှမ်းမီလောက်သည့် အနေအထားတွင် ရှိနေပုံရသည်။

သူမက တောင်အောက်ရှိ မလှမ်းမကမ်းမှ အိမ်များ၏ မရေမတွက်နိုင်သော မီးရောင်များကို ငေးကြည့်လိုက်ရာ ခေါင်းကိုက်မှုက ထပ်မံ ရိုက်ခတ်လာပြန်သည်။

နောက်ထပ် ပုံရိပ်များစွာက ဘိုင်ရုရွှယ်၏ စိတ်ထဲတွင် ဖြတ်ပြေးသွားပြန်သည်...

【"မြန်မြန် အော်လိုက်... မြန်မြန် အော်လိုက်။"

"အော်လိုက်ရင် နင် နေလို့ကောင်းသွားလိမ့်မယ်။"

"နင် စိတ်ပျော်ရွှင်အောင် နေရမယ်၊ မဟုတ်ရင် ငါလည်း ပျော်မှာ မဟုတ်ဘူး"

သူ စိတ်မကြည်မလင် ဖြစ်နေသဖြင့် အမျိုးသမီးက သူ့ကို တောင်ထိပ်သို့ ခေါ်လာခဲ့သည်။

သူ ဒုက္ခရောက်နေသည့် ပုံစံကို သူမ မကြိုက်ပေ။

"ငါ တကယ် အော်ရမှာလား။" အမျိုးသားက အနည်းငယ် ရှက်ရွံ့နေသလို ခံစားရသည်။

"အင်း နင် အော်ရမယ်"

"ကောင်းပြီလေ။"

အမျိုးသားက သတ္တိမွေးကာ ကျယ်လောင်စွာ အော်လိုက်သည်။ "အနှစ်တစ်ရာဆိုတာ... တကယ်ကို တိုတောင်းလွန်းပါတယ်။"

"ဟင်။ နင် အဲဒီအတွက် စိတ်ပူနေတာလား။" အမျိုးသမီးက ပြုံးလျက် ရှေ့သို့ တိုးသွားကာ ထိုအရပ်မျက်နှာဘက်သို့ပင် အော်လိုက်သည်။ "အနှစ်တစ်ရာက ဘယ်လိုလုပ် တိုတောင်းမှာလဲ။ အနှစ်တစ်ရာဆိုတာ အရမ်းကို ရှည်လျားတဲ့ အချိန်ပါ"】

... "နင်က တကယ်တော့ ဘယ်သူလဲ။"

"ဘာလို့... ဘာလို့ ငါ နင့်ပုံစံကို မမှတ်မိရတာလဲ။"

"ဘာလို့ ငါ နင့်နာမည်ကို မမှတ်မိနိုင်ရတာလဲ။"

ဘိုင်ရုရွှယ်သည် မြက်ခင်းပြင်ပေါ်တွင် ထိုင်ကာ သူမကိုယ်သူမ တင်းကျပ်စွာ ဖက်ထားရင်း သူမ၏ မျက်ရည်များက စကတ်ကို တဖြည်းဖြည်း စိုစွတ်သွားစေတော့သည်။

သူမ ဘယ်လောက်ကြာကြာ ငိုနေမိမှန်း မသိသော်လည်း ဘိုင်ရုရွှယ် မတ်တတ်ရပ်လိုက်ချိန်တွင် သူမ၏ အင်္ကျီလက်စထဲမှ ပိုးချည်သေတ္တာလေး တစ်လုံး ပြုတ်ကျလာသည်။

ဘိုင်ရုရွှယ်က သေတ္တာလေးကို ကောက်ယူကာ ဖွင့်လိုက်သည်။

အထဲတွင် ခရမ်းရောင်နေမင်းမြက်နှင့် နဂါးစိမ်းပန်း ပုံစံများ ထွင်းထုထားသော ရွှေလက်စွပ် တစ်ကွင်း ရှိနေသည်...

【"ဒီတစ်ခေါက် ချင်းရှန်မြို့ကို သွားတာ အဓိကက ဒီလက်စွပ်လေး လုပ်ဖို့အတွက်ပါ။ ရုရွှယ်... မင်း ငါ့ကို လက်ထပ်မလား။"

အမျိုးသမီးက ခေါင်းမော့လိုက်ရာ သူမ၏ မျက်ဝန်းများမှာ နွေဦးရေကန်လေးတစ်ခုကဲ့သို့ လှိုင်းကြက်ခွတ်လေးများ ထနေသည်။

"နောက်နှစ် နွေဦးပေါက်လို့... ရှင်မြို့တော်အဆင့် စာမေးပွဲကနေ ပြန်လာမယ့်အချိန်ကို စောင့်နေမယ်။"

"ရှင်လာပြီး ကျွန်မကို လက်ထပ်ပါ"

"ပြီးတော့ ကျွန်မကလည်း ရှင့်ကို လက်ထပ်ပါ့မယ်။"】

... "ရှောင်မို..."

တောင်ထိပ်တွင် ဘိုင်ရုရွှယ်သည် ဤနာမည်ကို နှုတ်မှ ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

"ရှောင်မို"

"ရှောင်မို"

"ရှောင်မို"

သူမ ထပ်မေ့သွားမည်ကို စိုးရိမ်သကဲ့သို့။

အမျိုးသမီးက နာမည်ကို ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။

【"ရှောင်မို... ငါ့ကို စာဖတ်ဖို့နဲ့ စာရေးဖို့ သင်ပေးနိုင်မလား။"】

【"ရှောင်မို... မနက်ဖြန် ငါနဲ့ လာကစားမလား။"】

【"ရှောင်မို... ငါ နင်နဲ့အတူ တောင်အောက်ကို လိုက်ချင်တယ်။"】

ထပ်ခါတလဲလဲ ရေရွတ်လိုက်တိုင်း အမျိုးသမီး၏ စိတ်ထဲရှိ မှတ်ဉာဏ်များက ဂျစ်ဆောပဟေဠိ အပိုင်းအစများကဲ့သို့ တစ်စစီ ပြန်လည် ပေါင်းစပ်လာတော့သည်။

"ငါ မှတ်မိပြီ... ငါ အားလုံးကို မှတ်မိပြီ..."

အမျိုးသမီး လှည့်ကာ တောင်အောက်သို့ ပြေးဆင်းသွားတော့သည်။

【"ရှောင်မို... ငါချက်တဲ့ ဟင်းက အရသာရှိတယ်မလား"】

【"ရှောင်မို... ကြည့်ပါဦး၊ နင့်အတွက် အဝတ်အစားသစ်လေး။"】

【"ရှောင်မို... စာကျက်ဖို့ ခွန်အားရှိအောင် သိုးသား များများစားရမယ်နော်။"】

သစ်ကိုင်းများက အမျိုးသမီး၏ စကတ်ကို ဆွဲဖြဲသွားသည်။

အမျိုးသမီး ဂရုမစိုက်ပေ။ သူမက တောင်အောက်သို့ ဆက်တိုက် ပြေးဆင်းသွားတော့သည်။

【"ရှောင်မို... ဒီလက်စွပ်လေးကို ငါပဲ သိမ်းထားလိုက်ရင်ကော"】

"မင်းနဲ့အတူ သိမ်းထားမလို့လား။"

"သေချာပေါက် ငါပဲ သိမ်းထားမှာပေါ့" အမျိုးသမီး လှည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "နင်က တခြား မိန်းမတစ်ယောက်ယောက်ကို ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ..."】

သစ်ကိုင်းတစ်ကိုင်းက ဘိုင်ရုရွှယ်ကို ခလုတ်တိုက်မိစေခဲ့သော်လည်း သူမက အလျင်အမြန် ကုန်းရုန်းထကာ တောင်အောက်သို့ ဆက်လက် ပြေးဆင်းသွားတော့သည်။

【"ရှောင်မို... အတူတကွ အိုမင်းသွားခြင်းဆိုတာ ဘာအဓိပ္ပာယ်လဲ။"】

【"ရှောင်မို... ငါတို့ အတူတကွ အိုမင်းသွားကြမှာလား။"】

【"ရှောင်မို... ကျွန်မ... ကျွန်မ... ရှင်ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်..."】

All Chapters