အတင်းအကျပ်
Vol. 4 Ch. 388
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် မြစ်ရေထက်တွင် လမ်းလျှောက်ပြီး မြစ်ကို ဖြတ်ကူး ခဲ့ကြလေသည်။ သူတို့၏ ဦးခေါင်းထက်တွင် တိမ်တိုက်များကာ ကာမိုးပေးထားပြီး သူတို့ နှစ်ယောက်လုံးမှာ မိုးကောင်းကင် နတ်ဘုရားများနှင့်ပင် ဆင်တူလွန်းသည်။
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ရှင်က ဝတ်ကျောင်းတော် ထဲကနေ ဒီလိုကြီး ထွက်လာတော့ ကျွန်မက ဝမ်ရှီတောက် နတ်ဘုရားကိုတောင် ကျေးဇူးတင်စကား မပြောခဲ့ရဘူး"
"မင်းစိတ်ထဲမှာ သူ့ရဲ့ကျေးဇူးကို အမှတ်ရနေမယ် ဆိုရင် နောက်တစ်ကြိမ် အခွင့်အရေးရတဲ့ တစ်နေ့ကျ ကျေးဇူး ပြန်ဆပ်ဖို့သာ ကြိုးစားပါ၊ ယဉ်ကျေးမှုအရ ကျေးဇူးတင်စကား ပြောရုံနဲ့တော့ ဘာလုပ်မှာလဲဗျ၊ အပိုလုပ်သလို ဖြစ်နေမှာပေါ့"
ဆန်းလျန်က မြစ်ထဲတွင် လမ်းလျှောက်နေရင်း ပြောလိုက်လေသည်။
ဆန်းလျန် မြစ်ရေထဲတွင် လမ်းလျှောက်နေသည့် ခြေလှမ်းတိုင်းမှာ သန့်စင်ပြီး တိကျ လွန်းလေသည်။
ကျောက်ရှောင်ယွီ မှာလည်း တရားအလင်း သိမြင်ခြင်း ကျမ်းစာကြောင့် ဒဏ်ရာ ပျောက်ကင်းသွားပြီ ဖြစ်သည့်အတွက် ဆန်းလျန်နှင့် အပြိုင် မြစ်ထဲတွင် လမ်းလျှောက် နေခဲ့လေသည်။
သူတို့နှစ်ယောက်မှာ ရေထဲတွင် လမ်းလျှောက် ပြိုင်နေကြသကဲ့သို့ ရှိလေသည်။ သူတို့က မြစ်ရေစီးကြောင်း ထက်တွင် လမ်းလျှောက် နေသည့်တိုင် ရေမျက်နှာပြင် ထက်တွင် လှိုင်း တစ်ချက်ပင် ထခြင်းမရှိပေ။ သူတို့ဟာ မတူညီတဲ့ ကမ္ဘာမှာ လမ်းလျှောက်နေသလိုပဲ၊ တကယ်တော့ ရောင်ပြန်ဟပ်မှုဟာ ပုံတူတစ်ခုပဲ။
ထိုကဲ့သို့ ယှဉ်ပြိုင်ရမှုမျိုးကို ဆန်းလျန်က သဘောကျလေသည်။
ရောင်းရဲခြင်း ဝတ်ကျောင်းတော်တွင် သူပြောခဲ့သည့် တာအိုတရားနှင့် လက်တွေ့ ပြသခဲ့သည့် တာအိုတရားများမှာ ဒြပ်စင်စွမ်းအား ငါးမျိုးနှင့် ပတ်သက်သည့် အကြောင်းများ သာမက ဒြပ်စင်စွမ်းအား မှော်ဝင်ဓားနှင့် ပတ်သက်သည့် စွမ်းအားများလည်း ပါဝင်လေသည်။ ထို့ကြောင့် ဒြပ်စင်စွမ်းအား ငါးမျိုးသည် ဝတ်ကျောင်းတော်၏ အတွင်းနှင့် အပြင်ကိုပင် ချိတ်ဆက် ပေးခဲ့လေသည်။
သူ၏ တာအိုတရားက ဝမ်ရှီတောက်၏ တာအိုတရား ထက်ပင် သာသွားခဲ့သည်။
ဆန်းလျန်အနေဖြင့် ဝမ်ရှီတောက်ထက် သာသွားရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း တာအိုတရား ပြောကြားရင်းဖြင့် အရှိန်လွန်သွားပြီး သူ့ကိုယ်သူထိန်းရန် မေ့သွားခြင်း ဖြစ်လေသည်။
ဝမ်ရှီတောက်မှာ အမှန်ပင် စိတ်ထား ကောင်းသူတစ်ယောက် ဖြစ်လေသည်။ သူက ဆန်းလျန်ကို အပြစ်တင်မည့် အစား ချီးကျူး စကားပင် ဆိုခဲ့သည်။
ဆန်းလျန်မှာလည်း အခြားသော ဧည့်သည်များ၏ ချီးမွမ်းစကားကို အရှက်မဲ့စွာ နားထောင် နေလိုစိတ်မရှိပေ။ ထို့ကြောင့် ဝတ်ကျောင်းတော် အတွင်းမှ ချက်ချင်း ထွက်ခွာလာခဲ့ခြင်း ဖြစ်လေသည်။
ထို့ပြင် ကျောက်ရှောင်ယွီ၏ ဒဏ်ရာ သက်သာပျောက်ကင်း သွားခြင်းအတွက် ဝမ်ရှီတောက် ကိုလည်း မလိုအပ်သည့် ပြဿနာများ မဖြစ်စေရန် ဖုံးကွယ်ထားပြီးသား ဖြစ်သွားလေသည်။
ရွှမ်ထျန်း နတ်ဘုရားဂိုဏ်းသည် ကျင့်ကြံသူ လောကတွင် လက်ရှိ ဖြစ်နေသည့် အရေးများတွင် ပါဝင်လိုခြင်း မရှိကြသော်လည်း ဆန်းလျန်သည် ကျင့်ကြံသူ လောကတွင် အရှိန်အဟုန် ကောင်းကောင်းနှင့် နေရာ ရယူလာပြီ ဖြစ်သည်ကိုတော့ သူတို့က လျစ်လျူ မရှုခဲ့ပေ။ ထို့ကြောင့် ဝမ်ရှီတောက်က ဆန်းလျန် အပေါ်တွင် ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ခြင်း ဖြစ်ဟန် တူသည်။
ထိုအချက်များမှာ ဆန်းလျန် ခန့်မှန်းချက်များသာ ဖြစ်လေသည်။ သို့သော် သူ၏ ခန့်မှန်းချက်များက များသော အားဖြင့် မှန်ကန် တတ်လေသည်။
"စွမ်းအားရှိခြင်းဟာ တန်ခိုး အာဏာပဲ"
ဆန်းလျန် တွေးလိုက်မိသည်။
သူသာ ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် မဟုတ်သလို ပါရမီရှင် နတ်ဘုရားတစ်ပါး မဟုတ်ခဲ့လျှင်၊ ကျောက်ရှောင်ယွီ သည်လည်း လော်ဝါဒ၏ သူတော်စင် မိန်းမပျို မဟုတ်ခဲ့လျှင် ဝမ်ရှီတောက်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် တရားအလင်း သိမြင်ခြင်း ကျမ်းကို ဟောပြောကာ ကျောက်ရှောင်ယွီ၏ ဒဏ်ရာကို ကုသပေးလိမ့်မည် မဟုတ်ပေ။
မည်သည့် နတ်ဘုရားဂိုဏ်းမှ သူတို့၏ အခြေခံကျမ်းစာကို ပြင်ပ ဧည့်သည်များကို ဟောပြော ပြသပေးခြင်း မရှိပေ။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် မြစ်ရေထဲတွင် အလွန်လျင်မြန်စွာဖြင့် လမ်းလျှောက် နေကြလေသည်။ ဆန်းလျန်၏ ဦးတည်ရာမှာ ရှီးဟွမ်သို့ ဖြစ်နေကြောင်း ကျောက်ရှောင်ယွီ သတိထားလိုက်မိသည်။ ဆန်းလျန်သည် သေစေခြင်း ကျောင်းတော်သို့ သွားနေခြင်း ဖြစ်ဟန် တူလေသည်။
တောတောင် ရေမြေ အထပ်ထပ်ကို ကျော်ဖြတ် လာကြပြီးသည့်နောက်-
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် သူတို့သွားသည့် လမ်းတစ်လျှောက်တွင် နတ်ဘုရား အလင်းတန်းများကို ထုတ်လွှတ်ကာ ဖျားနာနေသော သူများ၊ ကျန်းမာရေး မကောင်းသူများ အားလုံးကို ကုသ ပေးခဲ့လေသည်။
လူအများသည် ရေပေါ်တွင် လမ်းလျှောက်သွားသည့် သူတို့၏ ပုံရိပ်များကို ပုံတူ ပန်းချီကားများ ရေးဆွဲကာ ကိုးကွယ် ဆည်းကပ်သည် အထိ ဖြစ်ခဲ့ကြလေသည်။
ထိုသို့ဖြင့်…
ဆန်းလျန်သည် သေစေခြင်း ကျောင်းတော်ဆီသို့ ရောက်ရှိ လာခဲ့လေသည်။
ချန်ကျန့်မေ၏ ရန်သူများနှင့် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ ဂိုဏ်းသားများသည် သေစေခြင်း ကျောင်းတော် ပတ်ဝန်းကျင်တွင် ရှိနေကြလေသည်။
ဖန်းယန်ယင်း၏ သဏ္ဌာန်မဲ့ ဓားသိုင်းပညာမှာ ဓားနတ်သမီး တစ်ပါးအလား တစ်ရှိန်ထိုး တိုးတက် လာလေသည်။ ထို့ကြောင့် ချန်ကျန့်မေ၏ ရန်သူများသည် သူမကို မဆင်မခြင် မတိုက်ခိုက်ရဲကြပေ။
သေစေခြင်း ကျောင်းတော် ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေကြသည့် နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများသည် ရုတ်တရက်ပင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ခံစား လိုက်ရလေသည်။
အသံလုံးဝမရှိ၊ တိတ်ဆိတ် ငြိမ်သက်ပြီး အထီးကျန် ဆန်လွန်းလှသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက် တစ်ခု ဖြစ်လေသည်။
သေစေခြင်း ကျောင်းတော် တည်ရှိရာ တောင်ခြေတွင် မတ်တတ် ရပ်နေသည့် လူတစ်ယောက်ကို သူတို့ တွေ့မြင် လိုက်ကြရသည်။ ထိုသူသည် တောင်တစ်တောင် ထက်ပင် ခိုင်မာသည့် အသွင်သဏ္ဌာန်ရှိပြီး လက်ထဲတွင် ဓားရှည် တစ်လက်ကို ကိုင်ထားလေသည်။
ထိုသူသည် ရိုးရှင်းစွာပင် မတ်တတ်ရပ်နေခြင်း ဖြစ်သည့်တိုင် အားလုံး၏ ရင်ထဲတွင် အလိုလိုနေရင်း အကြောက်တရားကို ခံစား လာကြရလေသည်။
ကျင့်ကြံသူ တစ်ယောက်က အော်ဟစ် လိုက်သည်။
"ချင်းရွှမ် နတ်တံခါးက ဆန်းကျန်းရန်၊ လောကနတ်ဘုရား တစ်ပါးဖြစ်ပြီး အားနည်း သူတွေကို အနိုင်ကျင့်မလို့လား"
ဆန်းကျန်းရန် ဆိုသည့် အမည်ကို ကြားသည်နှင့် နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများမှာ စိတ်များ ရှုပ်ထွေး သွားကြရလေသည်။
အချို့သော နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများသည် ဆန်းကျန်းရန်ကို သိကြသည့်တိုင် ဆန်းကျန်းရန်ဆိုသည့် အမည် နောက်ကွယ်တွင် ကြောက်မက်ဖွယ် ကောင်းသည့် အဓိပ္ပာယ် တစ်ခုရှိနေသည်ကို မသိကြသေးပေ။
သို့သော် ဆန်းလျန်အကြောင်း သိရှိထားကြသည့် ကျင့်ကြံသူများကတော့ အလွန်အမင်း ထိတ်လန့် တုန်လှုပ် နေကြလေတော့သည်။
ကောင်းကင်ထက်တွင် တိမ်များထူထပ်ကာ မိုးများအုံ့လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ အနည်းငယ် မှောင်မိုက် လာလေသည်။
ဆန်းလျန်သည် ဓားရှည်ကို ကိုင်ထားပြီး တိတ်ဆိတ်စွာ မတ်တတ် ရပ်နေလေသည်။ သို့သော်… သူက မည်သူ့ကိုမှ အန္တရာယ် ပြုလိုစိတ်မရှိပါ။ သူက အကြောင်းကိစ္စ တစ်ခုကြောင့်သာ သေစေခြင်း ကျောင်းတော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
ဖန်းယန်ယင်းသည် အရံအတား များစွာဖြင့် ကာရံထားသည့် သေစေခြင်း ကျောင်းတော် အတွင်း၌ ထိုင်နေလေသည်။
လွန်ခဲ့သော ရက်များ အတွင်းတွင် သူမသည် နတ်မိစ္ဆာများ၊ ကျင့်ကြံသူများနှင့် မရပ်မနား တိုက်ခိုက်နေရပြီး အနိုင်ရရှိခဲ့သည့်တိုင် စိတ်ပျက်လက်ပျက် ခံစားနေရလေသည်။ သူမ၏ ဓားစွမ်းရည်က မြင့်တက် လာသည့်တိုင် ရောက်ရှိလာသည့် ရန်သူများကလည်း တစ်နေ့တခြား များပြား လာလေသည်။
သူမအနေဖြင့် မည်သည့်အချိန်ထိ တောင့်ခံနိုင်မည်လဲ မသေချာပေ။
သို့သော် သူမက ချင်းရွှမ်နတ်တံခါးသို့ အကူအညီ တောင်းရန် ရည်ရွယ်ချက် မရှိခဲ့ပါ။
သူမ၏ ဆရာဖြစ်သူ ချန်ကျန့်မေသည် ရှီးဟွမ်မှ အန္တရာယ်များကြားတွင် သေစေခြင်း ကျောင်းတော်ကို တည်ထောင် နိုင်ခဲ့သူဖြစ်လျှင် သူမသည်လည်း သေစေခြင်း ကျောင်းတော်ကို ကာကွယ်နိုင်သူ ဖြစ်ရမည်ဟု ဆုံးဖြတ်ချက် ချထားလေသည်။
သူမသည် သေစေခြင်း ကျောင်းတော်အတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာလေသည်။ ကောင်းကင်ထက်တွင် မိုးများ အုံ့နေသည်ကို သူမ သတိပြုလိုက်မိသည်။
သူမကို တိုက်ခိုက်ရန် ရောက်ရှိနေသည့် နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများ ကြားတွင် လောက နတ်ဘုရား တစ်ပါး သို့မဟုတ် လောက နတ်ဘုရား တစ်ပါး၏ အဆင့်နှင့်ညီမျှသည့် နတ်မိစ္ဆာ ဘုရင်တစ်ပါး ရောက်နေသောကြောင့် ထိုသို့ ဖြစ်ရခြင်း ဖြစ်လေသည်။
သို့မဟုတ် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား တစ်ပါးပါးများ ရောက်လာ လေခြင်းလား။
ထိုနတ်ဘုရားသည် ချင်းရွှမ် နတ်တံခါးကို ဆန့်ကျင်ကာ အမှန်တကယ်ပင် သူမနှင့် တိုက်ခိုက်တော့လေမည်လား။
***