← Chapters

အိပ်မက်ကမ္ဘာ

Vol. 4 Ch. 389

အိပ်မက်ကမ္ဘာ

Vol. 4 Ch. 389

မည်သို့ပင်ဖြစ်စေ ဖန်းယန်ယင်း၏ ရင်ထဲတွင် အကြောက်တရားကို မခံစားရပါ။ သူမ၏ တာအို ကျင့်ကြံသူ စိတ်ထားက စစ်မှန်လေသည်။

သို့သော် သေစေခြင်း ကျောင်းတော် အပြင်ဘက်သို့ ဖန်းယန်ယင်း ထွက်လိုက်သည့် အခါတွင်တော့ ကျောင်းတော် ခြံဝင်းတံတိုင်းနားတွင် အလွန်ချောမော လှပသော မိန်းမပျို တစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။ ကောင်ကင် တစ်ခုလုံးက အုံ့မှိုင်းနေသည့်တိုင် သူမကတော့ ကိုယ်ရောင် ကိုယ်ဝါများဖြင့် ထွန်းလင်းနေလေ၏။ သူမ၏ မျက်ဝန်းများက ကြည်လင် ရွှန်းလဲ့နေပြီး သူမကိုတွေ့မြင်ရသူ မည်သူမဆို မျက်တောင် မခတ် ငေးမောသွားကြရမည့် အလှတရားကို ပိုင်ဆိုင်လေသည်။

ဖန်းယန်ယင်းက ချက်ချင်းပင် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ပြီး…

"ရှင်က ဘယ်သူလဲ"

ဟု မေးလိုက်လေသည်။

ထိုမိန်းမပျိုသည် အရံအတားများဖြင့် ပြည့်နေသည့် သေစေခြင်း ကျောင်းတော် အတွင်းသို့ မည်သူမျှ မသိအောင် တိတ်တဆိတ် ဝင်ရောက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ တန်ခိုးစွမ်းအားကို အထင်သေး၍ မရပေ။ ထို့ပြင် ထိုမိန်းမပျိုသည် သူမထက် တန်ခိုးစွမ်းအား များစွာ မြင့်မားပုံရပြီး သူမအနေဖြင့် အဓိပ္ပာယ်မဲ့စွာ သေဆုံးလိုခြင်း မရှိသေးပေ။

သို့သော်… မိန်းမပျို၏ သာယာသည့် ရယ်မောသံက ဖန်းယန်ယင်း၏ နားအတွင်းသို့ ညင်ညင်သာသာ စီးဆင်းလာလေသည်။

"လန့်မသွားပါနဲ့၊ ငါက မင်းရဲ့ ဆရာဦးလေး ဆန်းလျန်ရဲ့ မိတ်ဆွေပါ"

ထိုအချိန်မှာပင် ပတ်ဝန်းကျင် တစ်ခုလုံးတွင် မိစ္ဆာ အငွေ့အသက်များ စတင် လှုပ်ရှား လာကြလေသည်။

ထို့နောက် အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးသို့ လှည့်ပတ် သွားလေသည်။ အပြာရောင် အလင်းတန်း အတွင်းမှ လူငယ်တစ်ယောက် ထွက်ပေါ်လာပြီး ထိုလူငယ်က သူ၏ ဓားရှည်ကို ကောင်းကင် ထက်သို့ ထိုးညွှန် လိုက်လေသည်။

ထိုလူငယ်က မည်သည့် ဂါထာမန္တန်မှ ရွတ်ဆိုခြင်း မရှိသည့်တိုင် မိုးများ သည်းထန်စွာ ရွာသွန်းလာပြီး မိုးကြိုးများလည်း စတင် ပစ်ခတ် လာလေသည်။

ထိုလူငယ်သည် အခြားသူမဟုတ်။ ဆန်းလျန် ကိုယ်တိုင်ပင်ဖြစ်လေ၏။

ဆန်းလျန်သည် လျှပ်စီး စက်ဝန်းများ၏ အလည်ဗဟိုတွင် ရှိနေလေသည်။ ဖန်းယန်ယင်းနှင့် ကျောက်ရှောင်ယွီကတော့ လျှပ်စီးစက်ဝန်းနှင့် အနည်းငယ် ကွာဝေးသည့် နေရာတွင် ရပ်နေ ကြလေသည်။

လေပြင်းများက တိုက်ခတ် လာပြီး မြေကြီးများ အက်ကွဲလာကာ တောင်တစ်ခုလုံး တုန်ခါလာသလို ခံစားလိုက် ကြရလေသည်။

သေစေခြင်း ကျောင်းတော် ပတ်ဝန်းကျင်တွင် ရောက်ရှိနေကြသည့် နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများ၏ လက်နက်များမှ အလင်းရောင်များ တောက်ပ လာကြလေသည်။

ကျင့်ကြံသူ တစ်ယောက်သည် မိုးကောင်းကင် စစ်ဆေးမှုတစ်ခု ဖြစ်သည့် မိုးကြိုး အစစ်ဆေးခံရမှုနှင့် ရင်ဆိုင်ရသည့် အခါ ထိုသူရှိနေသည့် ဧရိယာတွင် ကျင့်ကြံသူ များများရှိလေလေ လျှပ်စီးများပိုပြီး ပြင်းထန်လေ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများ ကိုင်ဆောင်သည့် လက်နက်များသည် မိုးကြိုးကို ပစ်ပါ ပစ်ပါဟု ပိတ်ခေါ်နေသည့် အလား ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် မိုးကြိုး အစစ်ဆေးခံရမည့် ကျင့်ကြံသူ၏ အနားတွင် နေထိုင်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် အတူတူပင် ဖြစ်လေသည်။

နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများသည် အခြေအနေကို သဘောပေါက် သွားကြပြီး ထွက်ပြေး လွတ်မြောက်ရန် အပြင်းအထန် ကြိုးစားကြလေသည်။ သို့သော်… နောက်ကျသွားပြီ ဖြစ်လေသည်။

သူတို့အားလုံးသည် မိုးကြိုး စက်ကွင်း အတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိကြတော့ဘဲ ပြာမှုန့်များ အဖြစ် ပြောင်းလဲ သွားကြရလေတော့သည်။

မိုးကြိုးပစ် အစစ်ဆေး ခံရခြင်းဆိုသည်က မိုးကောင်းကင် နိယာမ တရားများဆီမှ ကျရောက် လာခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို အချိန်မကျသေးမီ စောပြီး ခံယူရန်အတွက် သူ၏ ဒြပ်စင်စွမ်းအား မှော်ဝင်ဓားကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။

ပုံမှန်ဆိုလျှင် ဆန်းလျန်သည် မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို နောက်ထပ် နှစ်ပေါင်း ငါးရာနေမှ ခံရမည် ဖြစ်သော်လည်း သူက ကြိုပြီး ရင်ဆိုင်လိုက်ခြင်း ဖြစ်လေသည်။

သန်းနှင့်ချီသည့် မိုးကောင်းကင် စစ်ဆေးမှုများ ရှိသည့်တိုင် မိုးကြိုးပစ် အစစ်ဆေး ခံရခြင်းကတော့ အဆုံးမဲ့ စွမ်းအားများဖြင့် ပြည့်ဝသည့် အစစ်ဆေးခံရမှု တစ်ခု ဖြစ်လေသည်။

ဆန်းလျန်က သူ၏ ဒြပ်စင် စွမ်းအားမှော်ဝင်ဓားကို မိုးကြိုးလွှဲ လျှပ်ကာ ပစ္စည်းတစ်ခု အဖြစ် အသုံးပြု လိုက်သည်။ သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် လျှပ်စစ် စီးကြောင်းများက စီးဆင်း နေလေသည်။

လျှပ်စစ် စီးကြောင်းများသည် လှိုင်းလုံးကြီးများကဲ့သို့ လွင့်မျောနေပြီး ဆန်းလျန်သည် ထိုလှိုင်းလုံးကြီးများ ကြားတွင် မြုပ်လိုက် ပေါ်လိုက် ဖြစ်နေလေသည်။ သူ၏ ဒြပ်စင် စွမ်းအား မှော်ဝင်ဓားမှ ကြယ်လောင်သည့် ဓားခြိမ်းသံကြီးက ထွက်ပေါ်လျက် ရှိလေ၏။

ဆန်းလျန်၏ ခန္ဓာကိုယ်မှ ရောင်စဉ် ငါးမျိုးက ဖြာထွက် နေလေသည်။

မိုးကြိုးနတ်ဘုရားသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာပြီး လျှပ်စီး ပင်လယ်ထဲတွင် ခမ်းနားစွာဖြင့် ရပ်နေလေသည်။ သို့သော် လျှပ်စီးများ တဖြည်းဖြည်း နည်းပါးသွားသည့် အခါတွင်တော့ မိုးကြိုး နတ်ဘုရား၏ ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ် သွားလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးရှိ သစ်တောများ၊ ဝါးရုံတောများနှင့် ကျောက်တုံးများသည် မိုးကြိုး စက်ဝန်းအောက်တွင် အမှုန့်များ အဖြစ်သို့ ပြောင်းလဲ သွားကြတော့သည်။

ဆန်းလျန်သည် ဓားကိုင် ကိုင်ထားရင်း တည်ငြိမ် အေးဆေးသည့် အသွင်ဖြင့် ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာသွားလေသည်။ မိုးကြိုးနှင့် လျှပ်စီးများသည် ဆန်းလျန်၏ မှော်ဝင်ဓားထက်သို့ စုဝေး ရောက်ရှိလာကြလေသည်။ ထို့နောက် ဓားမှတစ်ဆင့် ဆန်းလျန်၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားကာ အရိုးများနှင့် အသားများကို ဖြတ်သန်း သွားကြလေသည်။

သူ၏ ခန္ဓာကိုယ် အတွင်းသို့ စီးဆင်း ဝင်ရောက်လာသည့် မိုးကြိုးနှင့် လျှပ်စီးများသည် သူ၏ အသားများကို ကွဲကြေစေကာ အရိုးများကိုလည်း အမှုန့် ဖြစ်သွားစေလေသည်။

သို့သော် … ဆန်းလျန်သည် မဟူရာ အဏ္ဏဝါ နန်းတော်ရှိရာ စင်္ကြံလမ်းလေးမှ သင်္ကေတများ၏ တာအိုတရားဓမ္မကို အသုံးပြုလိုက်လေသည်။ ထိုအခါ သူ၏ အသွေးအသားနှင့် အရိုးများသည် တစ်ရှုးစ တစ်ခုလေးပါ မကျန် အားလုံး အသစ်ပြန်လည် ဖြစ်တည်လာလေသည်။

လောက နတ်ဘုရားအများစုသည် ပထမဆုံးအကြိမ် မိုးကြိုးပစ် အစစ်ဆေးခံရခြင်းကို ကြောက်ရွံ့ ကြလေသည်။ သို့သော် မိုးကြိုးပစ် အစစ်ဆေးခံရခြင်းကို အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့လျှင်တော့ နတ်ဘုရားတစ်ပါး၏ မူလဝိညာဉ်ခန္ဓာသည် မပျက်စီး နိုင်တော့အောင် ခိုင်ခန့်သွားပြီ ဖြစ်လေသည်။

ပတ်ဝန်းကျင်မှ မိုးကြိုးဒဏ်ကို ခုခံထားနိုင်သည့် နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများသည်  မိုးကြိုးပစ် အစစ်ဆေးခံခြင်းကို ရင်ဆိုင်သွားသည့် ဆန်းလျန်၏ နည်းလမ်းကို ကြည့်ပြီး များစွာ အံ့သြ နေကြရလေသည်။

ရူပဗေဒသ ဘောတရားများကို အပြည့်အဝ နားလည်ထားသည့် ဆန်းလျန် အတွက်တော့ မိုးကြိုးနှင့် လျှပ်စီးကို အစကတည်းက ထိတ်လန့် တုန်လှုပ်ခဲ့ခြင်း မရှိပါ။

လျှပ်စီး တစ်ချက်သည် သေစေခြင်း ကျောင်းတော်သို့ လာရောက် ရိုက်ခတ်လေသည်။

ဖန်းယန်ယင်းသည် သဏ္ဌာန်မဲ့ ဓားဝိညာဉ်ကို အသုံးပြုကာ သူမကိုယ်သူမ ကာကွယ် ထားလိုက်လေသည်။ သူမသည် သဏ္ဌာန်မဲ့ ဓားဝိညာဉ်ကို လိုသလို ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်တိုင် မိုးကြိုးနှင့် လျှပ်စီးများကိုတော့ လွယ်လွယ်ကူကူပင် ကာကွယ် ထားနိုင်လေသည်။

မိုးကြိုးနှင့် လျှပ်စီးများသည် ကျောက်ရှောင်ယွီကိုတော့ ပစ်ခတ်ခြင်းမရှိဘဲ ရှောင်ရှား သွားလေသည်။

သူမသည် နတ်ဘုရားတစ်ပါးဖြစ်သည့်အတွက် မိုးကြိုးနှင့် လျှပ်စီးအပါအဝင် သဘာဝ တရားများကို ထိန်းချုပ်နိုင်သူ တစ်ယောက် ဖြစ်လေသည်။ သူမက နတ်ဘုရား စွမ်းအားများကို ထုတ်လွှတ် ထားသည့် အတွက်ကြောင့် မိုးကြိုးနှင့် လျှပ်စီးများက သူမကို သဘာဝ အတိုင်း ရှောင်ရှား သွားခြင်း ဖြစ်လေသည်။

ကောင်းကင်ထက်တွင် မိုးကြိုးများ ပစ်ခတ်ပြီး ကြောက်မက်ဖွယ်ရာ လျှပ်စီး ပင်လယ်သည် တစ်ညလုံး စီးဆင်း နေခဲ့လေသည်။ မိုးတစ်ရာ ပတ်လယ် အတွင်းတွင် မိုးကြိုး ပစ်ခတ်မှုကြောင် မရေမတွက်နိုင်သော နတ်မိစ္ဆာများနှင့် ကျင့်ကြံသူများ ပြာမှုန့် အဖြစ်ပြောင်းလဲကာ မြေကြီးနှင့်ပင် ရောနှော သွားကြရသည်။

မိုးကြိုးပစ် အစစ်ဆေးခံရခြင်းကြောင်း ပြင်းထန်သော တန်ခိုးစွမ်းအားများ ပေါ်ထွက်လာပြီး သေစေခြင်း ကျောင်းတော် ပတ်ဝန်းကျင် ဒေသများတွင် ဝိညာဉ် စွမ်းအားများ အလွန်ကြီးမား လာလေသည်။

နံနက် အရုဏ်တက်ခဲ့ပြီ…..။

ဆည်းဆာရောင်နှင့် တူသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး စည်းနှောင်ထားခြင်း မရှိသည့် ဆံပင် အနက်ရောင် များသည် လေထဲတွင် လွင့်ပျံနေလျှက်… ဆန်းလျန်သည် သေစေခြင်း ကျောင်းတော် အတွင်းသို့ ဝင်ရောက် လာလေသည်။

ဖန်းယန်ယင်းသည် သူမ၏ဆရာဦးလေး၏ ထူးဆန်းသည့် သွင်ပြင်ကို ကြည့်ရင်း အံ့သြ မှင်တက်နေမိလေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားများသည် တောင်တန်းများထက် မြင့်မားပြီး ပင်လယ်ထက်ပင် နက်ရှိုင်းနေခဲ့ပြီ။ သူမနေဖြင့် ဆရာဦးလေးဖြစ်သူ၏ တန်ခိုး စွမ်းအား မြင့်မားမှုကို ခန့်မှန်း၍ပင် မရနိုင်တော့ပေ။

သူမ၏ ဆရာဦးလေးသည် အလွန် အံ့သြစရာ ကောင်းသည်ကို အစကတည်းက သူမ သိရှိထားသည့်တိုင် ယခုအချိန်တွင်လည်း သူမသည် စကားပင် မပြောနိုင်ဘဲ အံ့သြစွာဖြင့် ဆရာဦးလေးကို ငေးကြည့် နေခဲ့လေသည်။

"ယန်ယင်း၊ ဒီလောက် အချိန်တိုတိုလေးနဲ့ သဏ္ဌာန်မဲ့ ဓားသိုင်းပညာကို ဒဿမအဆင့် ရောက်တဲ့ အထိ မင်းဘယ်လိုများ ကျင့်ကြံခဲ့တာလဲ၊ ကျုပ်ကို ပြောပြနိုင်မလား"

ဆန်းလျန်၏ နွေးထွေးသည့် စကားသံကြောင့် ဖန်းယန်ယင်းမှာ သတိပြန်ဝင် လာလေသည်။

မိုးကြိုးနှင့် လျှပ်စီးဒဏ်များကို ခံခဲ့ရသည့်အတွက် ဆန်းလျန်၏ အသံသည် အနည်းငယ် သတ္တုသံ ပေါက်နေသလို ထင်မှတ်ရသည်။

ဖန်းယန်ယင်းက အနည်းငယ် ရှက်သွားမိပြီး…

"ဆရာဦးလေး၊ ကျွန်မ သဏ္ဌာန်မဲ့ ဓားသိုင်းကို ဒဿမအဆင့်ထိ ကျင့်ကြံ အောင်မြင်သွားတယ်လို့ အိပ်မက်မက်ပြီး အိပ်မက်ကလည်း နိုးလာရော တကယ်ပဲ ဒဿမအဆင့်က အောင်မြင်နေပြီ၊ ဒီစကားကို ဆရာဦးလေး ယုံမှာလား"

သူမပြောသည့် စကားမှ ယုံကြည်ရန် ခက်ခဲသည့်တိုင် အမှန်တရားပင် ဖြစ်လေသည်။

"မင်း အိပ်မက်ထဲမှာ ကျင့်ကြံခဲတာလား"

ဆန်းလျန်က မေးလိုက်လေသည်။

ဆန်းလျန်နှင့် ကျောက်ရှောင်ယွီသည် ဖန်းယန်ယင်း၏ အဖြေကြောင့် တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်လိုက် မိကြလေသည်။

ကျောက်ရှောင်ယွီက နူးညံ့သည့်လေသံဖြင့်…

"အိပ်မက်ထဲမှာ ကျင့်ကြံတယ်ဆိုတာ တာအိုဝါဒမှာရော ဗုဒ္ဓဘာသာမှာပါ ရှိပါတယ်၊ ရှီးယီကျန်းရန် နတ်ဘုရားဟာ နှစ်ပေါင်းတစ်ရာ အိပ်ပျော်နေရက်နဲ့ နတ်ဘုရား တစ်ပါး အဖြစ် အဆင့် တက်ရောက် နိုင်ခဲ့တယ်၊ နောက်ထပ် နှစ်ပေါင်းသုံးရာ ထပ်အိပ်ပျော် ပြီးတဲ့နောက် လောကကို ကျော်လွန် သွားခဲ့တယ်၊ ဒီအဖြစ်အပျက်က ငါတို့ရဲ့ တည်ထောင်သူ ဆရာသခင်ကိုယ်တိုင် သိခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်ပဲ"

သူမက ဆန်းလျန်ကို ပြောခြင်း မဟုတ်ပါ။ ဖန်းယန်ယင်းကို ရှင်းပြနေခြင်း ဖြစ်လေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီ၏ စကားကို ခေါင်းညိတ် ထောက်ခံလိုက်ရင်း…

"အိပ်မက်ထဲမှာ ကျင့်ကြံတာက ဒီနေ့အထိ လုပ်နေကြတုန်းပါပဲ၊ ဥပမာပြောရရင် လောကတစ်ခွင် လှည့်လည်နေတဲ့ တာအိုဆရာ ပိုင်ရှီမှာဆိုရင် အိပ်မက်ထဲမှာ ကျင့်ကြံနိုင်တဲ့ "အိပ်မက်ခေါင်းအုံး" တောင် ရှိသေးတယ်၊ ဒါနဲ့ ယန်ယင်း၊ အိပ်မက်ထဲမှာ မင်းဘယ်လို ကျင့်ကြံခဲ့တယ် ဆိုတာ အသေးစိတ်ကို ကျုပ်ကို ပြောပြနိုင်မလား"

All Chapters