← Chapters

သဘာဝကိုကျော်လွန်၍

Vol. 4 Ch. 390

သဘာဝကိုကျော်လွန်၍

Vol. 4 Ch. 390

ဖန်းယန်ယင်း၏ မျက်ဝန်းများထဲတွင် စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များကို မြင်တွေ့ရလေသည်။

"တစ်ညမှာ ကျွန်မ တရားထိုင်ရင်းနဲ့ စိတ်ဝိညာဉ် ငြိမ်းအေးခြင်း အဆင့်ကို ရောက်နေတဲ့ အချိန် မျက်လုံးဖွင့် ကြည့်လိုက်မိတော့ ကျွန်မက သေစေခြင်း ကျောင်းတော်မှာ မဟုတ်တော့ဘူး၊ ထူးဆန်းတဲ့ နေရာတစ်ခုကို ရောက်နေတယ်၊ အဲဒီနေရာမှာ ကျွန်မ ကျင့်ကြံခဲ့သလို တိုက်ပွဲတွေလည်း ဆင်နွှဲခဲ့သေးတယ်၊ ကျင့်စဉ်လမ်းက အရမ်းကို တိုးတက်လာတာပါပဲ၊ ပြီးတော့ ကျွန်မနိုးလာတော့ ဒါက အိပ်မက် တစ်ခုပဲ၊ ဒါပေမဲ့ အိပ်မက်ထဲက အတိုင်း ကျွန်မရဲ့ အသက်ဓာတ် စွမ်းအားတွေလည်း မြင့်တက်နေသလို ကျင့်စဉ်လမ်းလည်း တကယ်ပဲ အဆင့်တက်သွားတယ်၊ ဒါပေမဲ့ ကျွန်မ မှတ်မိသလောက်တော့ ညနေခင်းပိုင်းမှာ ကျွန်မ တရားထိုင်နေရင်း အိပ်ပျော်သွားတာ၊ ကျွန်မနိုးလာတော့ ညတောင် မရောက်သေးဘူး၊ ဒါကြောင့် သဏ္ဌာန်မဲ့ ဓားသိုင်း ဒဿမ အဆင့်ကို တက်ရောက်သွားတာ ကျွန်မအတွက် နေ့ဝက်လောက် အချိန်ပဲ ကြာတယ်"

ဆန်းလျန်သည် ဖန်းယန်ယင်း၏ စကားများကို စိတ်ဝင်စား နေမိသည်။ ဖန်းယန်ယင်း ပြောနေသည့် စကားများသာ အမှန်ဆိုလျှင် သူမ၏ ဝိညာဉ်သည် ခန္ဓာကိုယ်အတွင်းမှ ထွက်ခွာသွားခြင်း ဖြစ်ပြီး အခြားလောက တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်လေသည်။ သို့သော်… အခြားကမ္ဘာတွင် သူမရောက်ရှိခဲ့သည့် ကျင့်စဉ်လမ်း အဆင့်ကိုတော့ သူမက ထိန်းသိမ်း ထားနိုင်ခဲ့သည်။ ထို့ကြောင့်သာ သူမ အိပ်မက်မှ နိုးထလာသည့် အခါတွင် ကျင့်စဉ်လမ်းမှာ အိပ်မက်ထဲက အတိုင်း အဆင့်မြင့်နေခြင်း ဖြစ်လေသည်။

ကျောက်ရှောင်ယွီက…

"မင်းကြုံရတဲ့ အဖြစ်က နည်းနည်းတော့ ထူးဆန်းတယ်၊ ဒဏ္ဍာရီထဲက အနန္တ တန်ခိုးရှင်တွေ ၊ မိုးကောင်းကင် နတ်ဘုရားတွေ လူပြန်ဝင်စားတဲ့အခါ အဲဒီလို အဖြစ်မျိုး ဖြစ်တတ်တယ်၊ ဒါပေမဲ့ မင်းရဲ့ ကျင့်စဉ်လမ်း အဆင့်က သူတို့လောက်လည်း မမြင့်မားသေးဘူး၊ အဝေးကြီး လိုသေးတယ်"

ဖန်းယန်ယင်းမှာ နတ်ဘုရားတစ်ပါး လူပြန်ဝင်စားသည်တော့ မဖြစ်နိုင်ပေ။ ဖြစ်ခဲ့လျှင်လည်း သူမ၏ ဘဝအသစ်တွင် ယခင်ဘဝများမှ မှတ်ဉာဏ် တစ်စိတ်တစ်ပိုင်း ထင်ကျန်နေမည် ဖြစ်လေသည်။

သို့သော် သူမ၏ နတ်ဘုရား တစ်ပါး ဝင်စားခြင်းနှင့် ပတ်သက်သည့် မှတ်ဉာဏ်များ ဖျက်ဆီး ခံလိုက်ရလျှင်တော့ မပြောတတ်ပေ။ သို့သော် မည်သို့သော တန်ခိုးစွမ်းအားမျိုးက အတိတ်ဘဝမှ နတ်ဘုရား မှတ်ဉာဏ်များကို ဖျက်ဆီး နိုင်ပါမည်နည်း။ မည်သို့ပင်ဖြစ်စေ အိပ်မက်ထဲတွင် ကျင့်စဉ်လမ်း အဆင့် တိုးတက်လာသည်ကို ကြည့်ခြင်း အားဖြင့် သူမကို သင်ကြားပေးရန်မှာ ပိုပြီး လွယ်ကူလာမည် ဖြစ်လေသည်။

ဆန်းလျန်က ဖန်းယန်ယင်းကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို စဉ်းစားနေမိသည်။ သူသည်လည်း ကမ္ဘာခြားကာ ဝိညာဉ်လွှင့်ခဲ့သည့် အတွေ့အကြုံမျိုး ကြုံတွေ့ခဲ့ရဖူးသည် မဟုတ်လား။

"မင်းအိပ်မက်မက်တော့ နိုးမလာခင်မှာ တခြား ဘာထူးခြားတာတွေကို မှတ်မိသေးလဲ"

"ကျွန်မနိုးလာတော့ အဲဒါ အိပ်မက် တစ်ခုလိုပဲ ခံစားရတယ်၊ အဲဒီ အိပ်မက်က တကယ့် အစစ်အမှန် အတိုင်းပဲ ခံစားရတယ် ဆရာဦးလေး"

"အင်း… ကျုပ်ကြုံတွေ့ခဲ့ရတာမျိုးနဲ့တော့ မတူဘူးဘဲ"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

သူပိုင်ဆိုင်ထားသည့် ဆန်းလျန် ခန္ဓာကိုယ်ပိုင်ရှင်သည် သူမဟုတ်ခဲ့ကြောင်း လောကတွင် မည်သူမျှ မသိခဲ့ကြပေ။ သို့သော် ဖန်းယန်ယင်း၏ အဖြစ်အပျက်ကတော့ သူနှင့် တူပုံမပေါ်ပေ။

မည်သို့ပင်ဖြစ်စေ ဆန်းလျန်သည် ဖန်းယန်ယင်း၏ အိပ်မက်ထဲတွင် ကျင့်စဉ်လမ်း အဆင့်တက်ခဲ့ခြင်းကို စိတ်ဝင် စားနေမိတော့သည်။

တစ်နေ့တွင် သူသာ နဂါးငွေ့တန်း ဓားသိုင်းကို ကျင့်ကြံ အောင်မြင်ခဲ့လျှင် နဂါးငွေ့တန်း၏ သွင်ပြင် လက္ခဏာကို အသုံးပြုပြီး လူတစ်ယောက် သို့မဟုတ် လူတစ်ယောက်၏ ဝိညာဉ်ကို နဂါးငွေ့တန်းကို ဖြတ်ကျော်ကာ စကြဝဠာ အတွင်းသို့ ခေါ်ဆောင် သွားနိုင်မည် ဖြစ်လေသည်။ ထိုအခါမျိုးတွင် တပည့်များကို အခြားကမ္ဘာမှ ကျင့်စဉ်များကို သင်ကြား ပြသပေးနိုင်ပြီး ချင်းရွှမ် နတ်တံခါး တိုးတက် လာစေရန် ပြုလုပ်နိုင်မည် ဖြစ်လေသည်။

လူတစ်ယောက်သည် နေရာတစ်ခုတည်းတွင် နေထိုင်ခြင်းသည် ဘက်လိုက်သော အတွေးများကို ဖြစ်ပေါ်စေသည်။ စကြဝဠာ အတွင်းရှိ သန်းပေါင်း များစွာသော နေရာများကို သွားလာနိုင်လျှင် အမြင်လည်း ကျယ်ပြန့်လာပြီး တန်ခိုးစွမ်းအားလည်း ထွန်းလင်း လာနိုင်လေသည်။

ထိုသို့တွေးမိသည်နှင့် သူရရှိထားသည့် နဂါးငွေ့တန်း ဓားမျိုးစေ့သည် မည်မျှ အဖိုးတန်သည်ကို သူသဘော ပေါက်လာခဲ့သည်။ နဂါးငွေ့တန်း ဓားမျိုးစေ့သည် သွားလာရေး လျင်မြန်ရုံ အတွက်သာမက မတူညီသော အခြားကမ္ဘာ လောကများကို မတူညီသော ရှုထောင့်များမှ ကြည့်ရှုနိုင်မည် ဖြစ်လေသည်။ စင်စစ်အားဖြင့် ထိုဓားဝိညာဉ်သည် လောကကို ကျော်လွန်ပြီး စကြဝဠာ၏ နှလုံးသားကို ထိုးထွင်း သိမြင် နိုင်စေလေသည်။

ဆန်းလျန်၏ ဆရာဘွားဘွားမှာလည်း အကန့်အသတ်မဲ့ ထိုက်ယင်း အောင်မြင် ပြီးသည့်နောက် တန်ခိုးစွမ်းအား သိသိသာသာ မြင့်တက် လာခဲ့လေသည်။ ယခုဆိုလျှင် ဆရာဘွားဘွားသည် နဂါးငွေ့တန်းကို ဖြတ်ကျော်ကာ သွားလာနိုင်ပြီ ဖြစ်လေသည်။ အကန့်အသတ်မဲ့ ထိုက်ယင်းကို ပြီးပြည့်စုံအောင် ကျင့်ကြံပြီးသည့်နောက် သူမသည် လုကျိုးယွမ်ကို စိန်ခေါ်မည် ဖြစ်လေသည်။

သို့သော် အချိန်ကုန်လွန် လာသည်နှင့်အမျှ သူသည် ဆရာဘွားဘွားနှင့် ခွဲခွာရမည် ဖြစ်လေသည်။ ထိုသို့ တွေးမိသည့်အခါ သူ့စိတ်ထဲတွင် တုန်လှုပ် သွားရလေသည်။

ဖန်းယန်ယင်းနှင့် ကျောက်ရှောင်ယွီတို့မှာ ဆန်းလျန်၏ စိတ်ထဲမှ အတွေးများကို မသိကြပေ။ သို့သော် ဆန်းလျန်၏ အတွေးထဲမှ တုန်လှုပ်မှုကိုတော့ သူတို့ ခံစားခဲ့မိသည်။

ကျောက်ရှောင်ယွီက အတွေးထဲတွင် နစ်မျောနေသည့် ဆန်းလျန်ကို အသာလှုပ်ကာ နှိုးလိုက်သည်။

ထိုအခါမှ တုန်လှုပ်သည့် အတွေး ခံစားချက်များ ပျောက်ကွယ်သွားပြီး ဆန်းလျန် သတိ ဝင်လာလေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ယန်ယင်း၊ မင်းကြုံတွေ့ခဲ့ရတာက ထူးဆန်းတယ်၊ ကျုပ် ဒီနေရာကနေ မိုင်ပေါင်းသောင်းနဲ့ ချီပြီး ဝေးတဲ့ ကျုန်းစန်းတောင်ကို သွားဖို့ရှိတယ်၊ အဲဒီကို လမ်းလျှောက် သွားဖို့ဆိုရင် အချိန်နှစ်နှစ်လောက် ကြာလိမ့်မယ်၊ ကျုပ်က လမ်းလျှောက်သွားဖို့ စီစဉ်ထားတယ်၊ ကျုပ်နဲ့အတူ မင်းလိုက်ခဲ့နိုင်မလား"

ဆန်းလျန် စကားကြောင့် ဖန်းယန်ယင်းမှာ အံ့သြသွားရပြီး…

"ဒါပေမယ့် ကျွန်မမရှိရင် သေစေခြင်း ကျောင်းတော်ကို ဘယ်သူက စောင့်ရှောက် ပေးမှာလဲ"

"မင်းက သေစေခြင်း ကျောင်းတော်ကို စောင့်ရှောက် နိုင်တယ်ဆိုတာ အလုပ်နဲ့ သက်သေပြ ပြီးပါပြီ၊ ပြီးတော့ မင်းက အစ်ကိုချန်ကျန့်မေလိုပဲ ဓားသိုင်းပညာမှာ အရည်အချင်းရှိတဲ့ သူပါ၊ ကျုပ်က မင်းကြုံတွေ့ရတဲ့ အိပ်မက်ထဲမှာ ကျင့်ကြံတဲ့ အကြောင်းကို စိတ်ဝင်စားနေတာ၊ ကျုပ်ပိုပြီးလည်း သိချင်နေလို့၊ မင်းက ကျုပ်ကို မကူညီချင်ဘူးလား"

ဆန်းလျန်က ပြောလိုက်သည်။

ဖန်းယန်ယင်းလည်း မတတ်သာတော့ဘဲ ဆန်းလျန်၏ တောင်းဆိုမှုကို သဘောတူ လိုက်ရလေသည်။

ဆန်းလျန်သည် ဖန်းယန်ယင်းကို ရှားပါးပြီး ကြီးမားသည့် အခွင့်အရေး တစ်ခု ပေးနေခြင်း ဖြစ်သည်ကို ကျောက်ရှောင်ယွီက သဘောပေါက် လိုက်သည်။

ကျုန်းစန်းတောင်တွင် ဆန်းလျန်သည် ချန်ပေသိုနှင့် တိုက်ခိုက်ရမည် ဖြစ်လေသည်။ သူတို့နှစ်ယောက်၏ ဓားသိုင်းပြိုင်ပွဲသည် ဓားသိုင်း ကျင့်ကြံသူများ၏ သမိုင်းကြောင်းတွင် အလွန်စိတ်ဝင် စားဖွယ်ရာ ပြိုင်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။ ထိုတိုက်ပွဲကို ကြည့်ခွင့်ရလျှင် ဓားသမား တစ်ယောက်အတွက် များစွာ အကျိုးရှိမည် ဖြစ်လေသည်။

ဖန်းယန်ယင်းသည် ဓားသိုင်းပညာတွင် ကိုယ်ပိုင်ကျင့်စဉ်လမ်း ရှိခဲ့ပြီ ဖြစ်သည့်အတွက် ဆန်းလျန်အနေဖြင့် သူ၏ ဓားသိုင်းပညာကို သူမကို အမွေပေးခဲ့ရန် မဖြစ်နိုင်တော့ပေ။ သူမအတွက် ဆန်းလျန် လုပ်ပေးနိုင်သည့်အရာမှာ ဓားသိုင်းပညာနှင့် ပတ်သက်သည့် ကျင့်စဉ်လမ်းကို အတတ်နိုင်ဆုံး မြှင့်တင် ပေးရန်သာ ဖြစ်လေသည်။

ကျောက်ရှောင်ယွီမှာလည်း ဆန်းလျန်နှင့် ချန်ပေသို၏ ဓားသိုင်းပြိုင်ပွဲကို လိုက်ပြီး ကြည့်ချင် နေခဲ့လေသည်။ သူမက ဓားသိုင်းပြိုင်ပွဲထက် ဆန်းလျန်ကို စိတ်ပူ နေမိသောကြောင့် ဖြစ်လေသည်။

သို့သော် သူမအနေဖြင့် ကျုန်းစန်းတောင်ကို လိုက်ပါသွား၍ မဖြစ်နိုင်ပေ။ ချန်ပေသိုသည် သာမန် ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည့် ဖန်းယန်ယင်းကို လက်ခံနိုင်သည့်တိုင် သူမကဲ့သို့ နတ်ဘုရား တစ်ပါးကိုတော့ မည်သည့်နည်းနှင့်မျှ လက်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် သူမရှိနေခြင်းက ပြိုင်ပွဲ၏ ရလဒ်ကို သက်ရောက် နိုင်သောကြောင့် ဖြစ်လေသည်။

ချန်ပေသိုက သူ၏ နတ်ဘုရား ထောင်ချောက်ဓားကို ဆန်းလျန်ကို ငှားခဲ့သည်ကို ကျောက်ရှောင်ယွီ သိထားလေသည်။ ဓားကိုငှားသည့် နေ့တွင်ပင် ချန်ပေသိုက သူတို့ ဓားသိုင်း ယှဉ်ပြိုင်မည့် ရက်ကို သတ်မှတ်ပေးခဲ့သည်။

သို့သော်… သူက ဆန်းလျန်အား ပြင်ဆင်ချိန် သုံးနှစ်ပေးခဲ့သည့် အတွက် ဓားသိုင်းပြိုင်ပွဲမှာ မျှတသည်ဟု ပြော၍ရလေသည်။

"ဒါဖြင့် အခုပဲ သွားကြရအောင်…"

ဆန်းလျန်က ပြောလိုက်လေသည်။

***

All Chapters