မှော်ဝင်ဓား၏ အသက်ရှူသံ
Vol. 4 Ch. 391
ဆန်းလျန်နှင့် ဖန်းယန်ယင်းတို့သည် မြောက်ဘက်သို့ ထွက်ခွာ သွားကြလေတော့သည်။
မိုးကြိုး မုန်တိုင်းများကြောင့် ပျက်စီး ကျန်ရစ်ခဲ့သော အဆုံးမဲ့ ကွင်းပြင်ထက်တွင် အထီးကျန်ဆန်သည့် အရိပ်လေးနှစ်ခုသည် တရွေ့ရွေ့ ရွေ့လျားနေလေ၏။
ကျောက်ရှောင်ယွီသည် ထိုလူရိပ်နှစ်ခုကို ငေးကြည့်နေရာမှ အကြည့် လွှဲလိုက်လေသည်။
လွန်ခဲ့သည့် ရက်ကပင် သူမသည် သေခြင်းတရားနှင့် ရင်ဆိုင်ရတော့မည့် အလား ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။ ဘဝသည် ရှုပ်ထွေးနေပြီး မျှော်လင့်ချက်လည်း ကင်းမဲ့လျက် ရှိခဲ့လေသည်။
ထိုအချိန်တွင် ဆန်းလျန်သည် သူမဆီသို့ ရောက်လာခဲ့သည်။ ယခုတော့ ဆန်းလျန်သည် ထွက်ခွာသွားပြီ ဖြစ်လေသည်။ သူမအနေဖြင့် ဆန်းလျန်၏ ကျေးဇူးကို ဆပ်နိုင်ရန် အခွင့်အရေး ရပါဦးမည်လားပင် မသေချာတော့ပေ။
ကျောက်ရှောင်ယွီသည် ဝမ်းနည်းစွာဖြင့် တစ်ချက်ပြုံးလိုက်ပြီး အလင်းတန်း တစ်ခုအဖြစ် ကောင်းကင်ထက်သို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။
ဆန်းလျန် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သူမကလည်း သူမလုပ်သင့် လုပ်ထိုက် သည်များကို ဆက်လက် လုပ်ဆောင် သင့်လေသည်။ သူမအနေဖြင့် လော်ဝါဒအတွက် ပြန်ပြီး အလုပ် လုပ်သင့်လေသည်။ သူမ အနေဖြင့် ထျန်းမုန့် နတ်သမီးကို လက်စားချေပြီး သူမ၏ သိက္ခာကို ပြန်ဆယ်သင့်လေသည်။
ဖန်းယန်ယင်းသည် ဆန်းလျန် ခေါ်ဆောင်ရာသို့ လိုက်ပါလာသည့်တိုင် သူမ၏ ဆရာ ဦးလေးသည် ဘဝတွင် အန္တရာယ် အများဆုံး တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရမည်ကို မသိရှိခဲ့ပါ။
ရုတ်တရက်…
မိုးရွာချလိုက်ပြီး လေပြင်းများလည်း တိုက်ခတ် လာလေသည်။
ထိုအခါမှ ဆရာ ဦးလေးကိုငေးကာ အတွေး လွန်နေသည့် ဖန်းယန်ယင်းသည် သတိပြန်ဝင် လာလေသည်။
ဖန်းယန်ယင်းနှင့် ဆန်းလျန်တို့သည် သုံးလခန့် ကြာသည့် အခါတွင်တော့ မြောက်ပိုင်း ဒေသသို့ ရောက်ရှိ လာလေသည်။ မြောက်ပိုင်းဒေသ ဖြစ်သည့်အတွက် ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာသည်။
သူမ၏ သဏ္ဌာန်မဲ့ ဓားသိုင်းပညာမှာ တိုးတက် လာသည့်တိုင် သူမသည် လူသား တစ်ယောက်မျှသာ ရှိသေးသည်။ ထို့ကြောင့် ရာသီဥတု အအေးဒဏ်၏ နှိပ်စက်မှုက သူမကို များစွာ ထိခိုက်စေလေသည်။ သေစေလောက်သည် အထိ မဖြစ်သည့်တိုင် အသက်ရှူ မဝတော့သလို ခံစားရလေသည်။
သူမသည် သဏ္ဌာန်မဲ့ ဓားဝိညာဉ်ကို အသုံးပြုကာ အအေးဒဏ်ကို ကာကွယ် ထားရလေသည်။
ဆရာ ဦးလေးမှာတော့ သူမကဲ့သို့ မဟုတ်ပါ။ မြောက်ပိုင်းဒေသသို့ ရောက်လာလေ သူ၏ အသားအရေမှာ ကျောက်စိမ်းကဲ့သို့ တောက်ပလာလေ ဖြစ်လေသည်။
ထို့ပြင် ဆရာဦးလေးသည် သူမကို သိပ်ပြီးတော့ စကားလည်း မပြောတော့သလို သူ၏ နူးညံ့သိမ်မွေ့သည့် အပြုံးများမှာလည် တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့လေသည်။
သူတို့ နှစ်ယောက်သည် ညအချိန်တွင်တော့ ခရီးသွားခြင်းကို မပြုလုပ်ကြပေ။
သူတို့ နှစ်ယောက်သည် ရွက်ဖျင် တဲလေး တစ်ခုထိုးကာ အနားယူခဲ့ကြပြီး ဆန်းလျန်သည် သူ၏ ဓားကို ပွေ့ဖက်ကာ အမြဲတမ်း တဲအတွင်း၌ ထိုင်နေလေ့ရှိလေသည်။
အနားယူရသည့် ညဘက် အချိန်များသည် ဖန်းယန်ယင်း အတွက်တော့ အလွန် အဆင်ပြေသည့် အချိန်များပင် ဖြစ်လေသည်။ နေ့ခင်းပိုင်းတွင် မြောက်ပိုင်း၏ ပြင်းထန်သည့် ရာသီဥတု အောက်တွင် ခရီးပြင်း နှင်ရသည့် အတွက် သူသည် ပင်ပန်းနွမ်းနယ်လျက် ရှိလေသည်။ ညအချိန်တွင်တော့ ဓားကိုပွေ့ဖက်ကာ တိတ်ဆိတ်စွာ ထိုင်နေတတ်သည့် ဆရာဦးလေးထံမှ ထူးဆန်းသော ဓားဝိညာဉ် အငွေ့အသက်သည် နွေဦးအလား သူမကို နွေးထွေးစေကာ တက်ကြွခြင်းနှင့် လန်းဆန်းခြင်းကို ဖြစ်ပေါ်စေလေသည်။
သူမ၏ ဆရာဦးလေးသည် သူမကဲ့သို့ ဓားသိုင်းပညာကို ပုံမှန် လေ့ကျင့်လေ့ မရှိပေ။ ထိုအချက်မှာ သာမန် ကျင့်ကြံသူများနှင့် လောက နတ်ဘုရားများ ကြားမှာ ကွာခြားချက်လည်း ဖြစ်နိုင်လေသည်။
မြောက်ပိုင်းသို့ ဆက်လက် ခရီးနှင် လာခဲ့ပြီးသည့်နောက် ဖန်းယန်ယင်းသည် အေးစက်သည့် ရာသီဥတုနှင့် အသားကျ လာလေသည်။ ထို့ပြင် အအေးဒဏ်ကို ကာကွယ်ရန် အတွက် သဏ္ဌာန်မဲ့ ဓားဝိညာဉ်ကို အသုံးပြုခဲ့သည့် အတွက် သူမ၏ ဓားဝိညာဉ်မှာလည်း ပိုမိုထက်မြက် လာလေသည်။
ဆန်းလျန်သည် လမ်းတစ်လျှောက်တွင် သူမ၏ဓားကို အဝတ်စဖြင့် ပတ်ကာ ယူဆောင် လာလေသည်။
"ဆရာဦးလေး ၊ ဓားကိုဘာလို့ အင်္ကျီလက်ထဲမှာ မသိမ်းဘဲ လက်က ကိုင်လာရတာလဲ"
ဖန်းယန်ယင်းက စပ်စုလိုက်သည်။
ဆန်းလျန်က …
"အင်္ကျီလက်ထဲမှာ သက်မဲ့ ပစ္စည်းတွေကိုပဲ သိမ်းလို့ရတယ်၊ ဒီဓားက အသက်ရှိလို့ သိမ်းထားလို့ မရဘူး"
ဆရာဦးလေး၏ စကားက နည်းနည်းတော့ ကြောင်တောင်တောင် နိုင်သည်ဟု သူမ တွေးလိုက် မိလေသည်။ သူမက မှော်ဝင် ပစ္စည်းတစ်ခုသည် ဝိညာဉ်စွမ်းအား အလွန် မြင့်မားလျှင်တောင် သက်ရှိအရာ အဖြစ် မသတ်မှတ်သင့်ဘူးဟု ထင်ခဲ့လေသည်။ သို့သော် သူမက ဆရာဦးလေးကို ဆက်လက် မေးမြန်းခြင်း မပြုလုပ်တော့ပေ။
တစ်ညတွင်တော့ ထိုမှော်ဝင်ဓား၏ ထူးဆန်းမှု တစ်ခုကို ဖန်းယန်ယင်း မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရလေသည်။
တစ်ညတွင်…
သူမသည် အတွင်းအား လေ့ကျင့်နေစဉ်တွင် ရုတ်တရက် စွမ်းအားတစ်ခုက သူမ၏ ကျင့်ကြံမှုကို တားဆီး ထားသည်ဟု ခံစားလိုက်ရလေသည်။
ထို့နောက် အသက်ရှူသံ တစ်သံကို သူမကြားလိုက်ရသည်။ ထိုအသံသည် တံပိုးမှုတ်သည့် တေးသံသာနှင့် တူလေသည်။
သူမက ဝိညာဉ် စွမ်းအားကို အသုံးပြုကာ ထိုအသက်ရှူသံ ထွက်ပေါ်နေသည့် နေရာသို့ ချဉ်းကပ် ကြည့်လိုက်သည့် အခါတွင်တော့ အသက်ရှူနေသူမှာ အခြားသူ မဟုတ်ပေ။ ဆရာဦးလေး ဖြစ်သူ၏ မှော်ဝင်ဓားပင် ဖြစ်လေသည်။
သူမကြားရသည့် အသံမှာ ဓားတစ်လက်က အသက်ရှူနေသည့် အသံ ဖြစ်လေသည်။
အကယ်၍ ဓားတစ်လက်သည် အသက်ရှူနေပါက သက်ရှိသတ္တဝါ အဖြစ် သတ်မှတ် နိုင်ပါမည်လား။ ထို့ပြင် မှော်ဝင်ဓား၏ အသက်ရှူသံ စည်းချက်မှာ သူမဘဝတွင် မမေ့နိုင် လောက်အောင် ဖြစ်ရလေသည်။
ထိုညကို ဖြတ်သန်းပြီးသည့် နောက်ပိုင်း ဖန်းယန်ယင်းနှင့် ဆန်းလျန်မှာ ဆက်လက် ခရီးနှင်ခဲ့ ကြလေသည်။
ခရီးလမ်း တစ်လျှောက်တွင် နတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါးများကို ဖန်းယန်ယင်းက သတ်ဖြတ် လာခဲ့လေသည်။ သူမ၏ တိုးတက်လာသည့် ဓားသိုင်းပညာကို ကြည့်ကာ ဆရာဦးလေးက ချီးကျူးစကား ပြောလေမည်လား ဟုလည်း မျှော်လင့်ခဲ့မိသည်။ သူမသည် သူမကိုယ်တိုင်ပင် မသိလိုက်သည့် အချိန်တွင် ဆန်းလျန်ကို သူမ၏ ဒုတိယ ဆရာအဖြစ် သတ်မှတ် ထားမိခဲ့လေသည်။
သို့သော် ဆန်းလျန်သည် သူမကို မချီးကျူးသည့် အပြင် စကားတစ်လုံးမှပင် မပြောဘဲ တိတ်ဆိတ် ငြိမ်သက် နေခဲ့လေသည်။
ခရီးသွားရင်းဖြင့် သူမ၏ ဆရာဦးလေးမှာ အဂ္ဂိရတ် ပညာတွင်လည်း အလွန်တော်ကြောင်း သူမ သိရှိခဲ့ရလေသည်။ ဆရာဦးလေးသည် ဗလာနယ်ထဲတွင်ပင် မီးကို ဖန်ဆင်းနိုင်ပြီး ထူးဆန်းသည့် ဝိညာဉ် စွမ်းအား ပစ္စည်းများကို ပြုလုပ်နိုင်လေသည်။
ဖန်းယန်ယင်းသည် ဆန်းလျန်ကို ကြည့်ရင်း နတ်ဘုရားများ၏ တန်ခိုးစွမ်းအားများကို တဖြည်းဖြည်း နားလည်လာခဲ့သည်။
"ဆရာဦးလေး၊ ရှေ့မှာ မြို့တစ်မြို့"
ဖန်းယန်ယင်းနှင့် ဆန်းလျန်သည် လူသူမရှိသည့် ကွင်းပြင် တစ်ခုကို ဖြတ်သန်း လမ်းလျှောက် လာကြရင်း အရှေ့နားဆီတွင် မြို့တစ်မြို့ကို တွေ့မြင်လိုက်ရလေသည်။
ဖန်းယန်ယင်းသည် တောင်စောင်းလေး တစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး မြို့ကို လှမ်းမျှော် ကြည့်လိုက်သည်။
ဤမျှ အေးစက်လှသည့် ရာသီဥတုတွင် မြို့ထဲမှ လူများသည် မည်သို့ အသက်ရှင် နေထိုင်ကြသည်ကို ဖန်းယန်ယင်း သိချင်နေမိသည်။
ထိုအချိန်မှာပင် ဆန်းလျန်က ရုတ်တရက် မေးလိုက်သည်။
"သေစေခြင်း ကျောင်းတော်ကနေ ခရီးထွက်လာတာ အချိန်ဘယ်လောက် ကြာပြီလဲ၊ ယန်ယင်း"
ဖန်းယန်ယင်းက တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိဘဲ…
"ရက်ပေါင်း သုံးရာရှိပါပြီ ဆရာဦးလေး၊ လနဲ့ ပြောရင်တော့ ဆယ်လပြည့်ပါပြီ"
"ဒါဆို ဆယ်လ အတွင်းမှာ မင်းအိပ်မက်ထဲမှာ ကျင့်ကြံတဲ့ ကိစ္စမျိုး ထပ်မဖြစ်သေးဘူး၊ ဟုတ်တယ်မလား"
ဆန်းလျန်က ပြောလိုက်သည်။
"ဟုတ်ကဲ့.."
ဖန်းယန်ယင်းက ခေါင်းညိတ် လိုက်ရင်း ပြန်ပြော လိုက်သည်။
"မင်းရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်က တိုက်တိုက်ဆိုင်ဆိုင် ပျောက်ကွယ် သွားတာပဲ၊ ကျုပ်ကြောင့်များလား မသိဘူး ၊ ဒါဆိုရင်တော့ မင်းရဲ့တိုးတက်မှုကို ကျုပ်က နှောင့်ယှက် လိုက်သလို ဖြစ်သွားပြီပေါ့"
ဆန်းလျန်က လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း ပြောလိုက်သည်။
ဖန်းယန်ယင်းကတော့ ဆန်းလျန် ပြောနေသည့် စကားများကို နားမလည်ခဲ့ပါ။
"မင်းရဲ့ဓားသိုင်းပညာက တိုးတက်မှု လျင်မြန်သလို အခြေခံလည်း ခိုင်မာတယ်၊ မင်းကို ကိစ္စတစ်ခု ခိုင်းချင်တယ် ၊ ဟိုးက ဝတ်ကျောင်းတော်ကို သွားပြီး ပစ္စည်းတစ်ခု ယူပေးပါလား"
ဆန်းလျန်က ဆက်ပြောလိုက်လေသည်။
"ဒါက ဝတ်ကျောင်းတော်ကြီးလား"
ဖန်းယန်ယင်းက မြို့ကြီးကို ကြည့်ရင်း တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
"သံသယမဝင်နဲ့ ၊ အဲဒါက မြို့တစ်မြို့နဲ့တူတဲ့ ဝတ်ကျောင်းတော်ကြီးပဲ"
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
***