အခန်း (၅၀၅-၅၀၆)
Vol. 37 Ch. 505-506
အပိုင်း(၅၀၅)
(၂၃) လမ်းမကြီး၏ အစွန်ဆုံးဘက်၊ လေလွင့်သူပေါင်းများစွာ ခိုအောင်းရာအရပ်တွင် ဝါးလုံးတစ်လုံးကဲ့သို့ ရှည်လျားပိန်လှီသော အမျိုးသားတစ်ဦးသည် လမ်းကြားငယ်လေးထဲ၌ တစ္ဆေတစ်ကောင်အလား လျှောက်သွားနေသည်။
ဤလမ်းမပေါ်တွင် ယခင်က လေလွင့်သူများနှင့် အိုးမဲ့အိမ်မဲ့များဖြင့် ပြည့်နှက်နေသော်လည်း ယခုမူ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသာ ကျန်ရစ်တော့သည်။ သန်စွမ်းသော လူငယ်လူရွယ်များမှာမူ 'နေမင်း ယုံကြည်ကိုးကွယ်မှု အသင်း' ၏ ပုပ်ရဟန်းမင်းကြီး ဗင်းဆင့်၏ လှုံ့ဆော်မှုဖြင့် ဗဟိုခရိုင်တွင် တိုက်ပွဲဝင်ရန် ထွက်ခွာသွားကြပြီဖြစ်သည်။
ဗင်းဆင့်၏ ဆောင်ပုဒ်မှာ 'တော်ဝင်မျိုးနွယ်တို့ကို တိုက်ထုတ်၊ မြေယာတို့ကို ခွဲဝေ၊ ဆင်းရဲချမ်းသာ ညီမျှစေ' ဟူ၍ ဖြစ်ရာ အောင်ပွဲရလျှင် စားစရာ ရလိမ့်မည်ဟု သူတို့ ယုံကြည်ကြသည်။
ထိုအရပ်ပိန်ရှည်ကြီးသည် (၂၃) လမ်းမရှိ လေလွင့်သူများ၏ လမ်းကြားတွင် ရပ်တန့်လိုက်ပြီး ထိုသူများကို ပေါ်ပေါ်ထင်ထင် စူးစမ်းကြည့်နေသဖြင့် လူအများ၏ အာရုံစိုက်မှုကို ခံနေရသည်။
ဆင်းရဲနွမ်းပါးလှသော ဤအရပ်တွင်ပင် ထိုသူဆောင်းထားသော ဦးထုပ်အဝိုင်းကြီးမှာ ခေတ်မမီတော့ဟု ထင်ရသော်လည်း သူနှင့် လိုက်ဖက်လွန်းလှသဖြင့် တန်ဖိုးကို ခန့်မှန်းရန် ခက်ခဲလှသည်။ သူသည် ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်ပုံရသော်လည်း သူ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် မည်သူမျှ အနားကပ်၍ ပိုက်ဆံမတောင်းရဲကြပေ။
ထိုသူသည် လူသူကင်းမဲ့သော လမ်းကြားတစ်ခုထဲသို့ ချိုးဝင်လိုက်ချိန်တွင် တစ်စုံတစ်ဦးက သူ၏ အဝတ်ကို ဆွဲလိုက်သည်ကို ခံစားလိုက်ရသည်။
သူ အနည်းငယ် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ အသက် (၁၀) နှစ်ပင် မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ ပေရေနေပြီး နှုတ်ခမ်းများမှာလည်း ကွဲအက်နေကာ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော်လည်း ကလေးငယ်တစ်ဦး၏ အပြစ်ကင်းစင်သော ချစ်စဖွယ် ရုပ်သွင်ကိုမူ မြင်တွေ့နိုင်ပါသေးသည်။
"ဦးလေး... သမီးအမေ နေမကောင်းလို့ပါ... အဖေကလည်း ဗဟိုခရိုင်ကို သွားနေတယ်... သမီးတို့မှာ စားစရာ မရှိတာ ရက်ပေါင်းများစွာ ကြာနေပါပြီ... သမီးကို ပိုက်ဆံနည်းနည်းလောက် ပေးပါလားဟင်"
မိန်းကလေးငယ်မှာ မျက်ရည်များ ဝဲတက်လာရင်း ရှိုက်ကြီးတငင် ပြောရှာသည်။
အရပ်ပိန်ရှည်ကြီးမှာ လှည့်ကြည့်လိုက်ပြီး မိန်းကလေးငယ်နှင့် မျက်လုံးချင်း တည့်စေရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူ၏ အရပ်မှာ နှစ်မီတာကျော် မြင့်မားသော်လည်း သူ၏ ခန္ဓာကိုယ်ကို အလွယ်တကူ တွန့်လိမ်ကွေးညွှတ်လိုက်နိုင်ပုံမှာ သာမန်လူသားတစ်ဦး မလုပ်ဆောင်နိုင်သော အရာမျိုးပင်။
"မင်းအမေကို ကုဖို့ ပိုက်ဆံ ငါပေးနိုင်တယ်..."
သူ၏ အသံမှာ ပုံမှန်ထက် ပို၍ အက်ကွဲနေပြီး သြဇာညောင်းလှသည်။ သူ၏ ဦးထုပ်အဝိုင်းကြီးက သူ၏ နှာခေါင်းအထက်ပိုင်းအထိ ဖုံးအုပ်ထားသည်။
မိန်းကလေးငယ်မှာ ဝမ်းသာအားရဖြင့် ငိုချလိုက်၏။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဦးလေး..."
"...ငါ့ကို ကျေးဇူးတင်တာ သိပ်မစောပါနဲ့ဦး"
သူက ဦးထုပ်အနားစွန်းကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်ရင်း....
"အရာအားလုံးမှာ တန်ဖိုးတစ်ခုစီ ရှိတယ်ဆိုတာ မင်း သိထားရမယ်"
ထိုသို့ ပြောပြီးနောက် သူ၏ ဦးထုပ်ကို အနည်းငယ် မတင်လိုက်ရာ ပုံမှန်မျက်လုံးအစုံအစား အသက်ရှူနေသကဲ့သို့ လှုပ်ခတ်နေသော သိပ်သည်းလှသည့် အပေါက်ငယ်ပေါင်းများစွာကို တွေ့လိုက်ရသည်။
မိန်းကလေးငယ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် စူးရှစွာ အော်ဟစ်လျက် ထွက်ပြေးရန် ကြိုးစားတော့သည်။ သို့သော် ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီမှာပင် သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူမ၏ ခန္ဓာကိုယ်မှာ မှန်ကွဲသကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့သည်။
"နာတယ်... နာလိုက်တာ..."
ကလေးမလေးမှာ မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း အော်ဟစ်နေရှာသော်လည်း လှုပ်ရှားလေလေ ခန္ဓာကိုယ်မှာ ပို၍ ကွဲအက်လေလေ ဖြစ်နေသည်။
"အမေ... သမီး နာတယ်!"
သူ၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားပြီး သူ၏ မျက်နှာတစ်ဝက်ကို ဖုံးရန် ဦးထုပ်ကို ပြန်ဆွဲချလိုက်သည်။ သူက ယုတ်မာသော အပြုံးဖြင့်...
"သိတတ်လိုက်တဲ့ ကလေးလေးပဲ"
ဟု ရေရွတ်လိုက်လေ၏။
‘နှစ်ပေါင်း တစ်ထောင်နီးပါး ကြာခဲ့တာတောင် လူသားတွေဟာ အခုထိ အားနည်းပြီး လောဘကြီးတုန်းပါလား...’
ဤကမ္ဘာတွင် အစွမ်းထက်သူတစ်ဦးအဖြစ် ကာလ ကြာရှည်စွာ ရပ်တည်လာခဲ့ခြင်းက သူ့အား လူသားတို့၏ ပင်ကိုယ်သဘာဝကို မေ့လျော့လုနီးပါး ဖြစ်စေခဲ့သည်။
ဝါးလုံးကဲ့သို့ ရှည်လျားပိန်ချောင်သော ဤလူမှာ ဇက်ကီယယ် ဖြစ်သည်။ သူသည် လူသားတစ်ဦး မဟုတ်ဘဲ 'တန်ဖိုးချင်း ညီမျှစွာ လဲလှယ်ခြင်း' ဟူသော နိယာမ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဤကမ္ဘာသို့ ရောက်ရှိလာသူ ဖြစ်သည်။
အဇီးတွင် မူလစုန်းမကြီး လေးဦးအပြင် အခြားသော နိယာမများစွာလည်း တည်ရှိနေပြီး ဇက်ကီယယ်မှာ ၎င်းတို့ထဲမှ တစ်ဦး ဖြစ်သည်။ ကံမကောင်းစွာဖြင့်ပင် ဤနိယာမမှာ လူသားလူ့အဖွဲ့အစည်းတွင် တည်ရှိနေသော်လည်း လက်တွေ့တွင်မူ အသုံးချခံရမှု နည်းပါးလှသည်။
ဆင်းရဲချမ်းသာ ကွာဟမှု၊ မိသားစုနောက်ခံ၊ လူတန်းစား ပဋိပက္ခ... တန်ဖိုးချင်း ညီမျှစွာ လဲလှယ်ခြင်းဆိုသည့် နိယာမမှာ ဤကမ္ဘာတွင် အသုံးမဝင်ဆုံး နိယာမတစ်ခု ဖြစ်နေခဲ့သည်။
သို့သော် ၎င်းက ဤနိယာမကို ထိန်းသိမ်းရန် မွေးဖွားလာခဲ့သည်ဟု ယုံကြည်ထားသော ဇက်ကီယယ်အပေါ်တွင်မူ သက်ရောက်မှု မရှိပေ။ ထို့ကြောင့်ပင် သူသည် လူသားများအပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိခြင်း ဖြစ်သည်။
သူသည် 'မီးလျှံဓားလမ်းစဉ်' သို့ ဝင်ရောက်ပြီးနောက်တွင်လည်း ဤတာဝန်မှာ မပြီးဆုံးသေးပေ။ မိုက်ကယ်၏ ပြောစကားအရ 'မီးလျှံဓားလမ်းစဉ်' သည် အိပ်မက်ဘုံသို့ ရောက်ရှိချိန်တွင် ဇက်ကီယယ်သည် အရာခပ်သိမ်း၏ အထက်တွင် ရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ ထိုအခါမှသာ အရာခပ်သိမ်းကို ညီမျှစွာ လဲလှယ်နိုင်ခြင်းမှာ လက်တွေ့ ဖြစ်လာပေလိမ့်မည်။
ထိုအိပ်မက်ကြောင့်ပင် ဇက်ကီယယ်သည် 'မီးလျှံဓားလမ်းစဉ်' သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
'ဟာနီရယ်' သည် စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ထဲမှ အမှန်တကယ် လွတ်မြောက်လာခဲ့ခြင်းလား။ ဇက်ကီယယ်တွင် သံသယအချို့ ရှိနေရုံသာမက စာအုပ်ဆိုင်ပိုင်ရှင်မှာ မည်သို့သော ဖြစ်တည်မှုမျိုး ဖြစ်သည်ကိုလည်း သူ သိချင်နေမိသည်။
မိုက်ကယ်နှင့် ခြားနားစွာပင် ဇက်ကီယယ်သည် အောင်ပွဲရရှိရန်အတွက် 'မီးလျှံဓားလမ်းစဉ်' အတွင်းရှိ အပေါင်းအဖော်များအားလုံး စုပေါင်းလုပ်ဆောင်ရမည်ဟု စိတ်ရင်းဖြင့် ယုံကြည်ထားခြင်း ဖြစ်သည်။ စာအုပ်ဆိုင်ပိုင်ရှင်သည် ရာဇီယယ် ကို တွေးတောခြင်း ကင်းမဲ့သွားအောင် လုပ်ခဲ့သလို၊ ဆန်ဒါလ်ဖွန် ကိုလည်း အလောင်းပင် မကျန်အောင် သတ်ပစ်ခဲ့သည်။ ဟာနီရယ်ကိုလည်း ခန္ဓာကိုယ်အသစ် လဲလှယ်ရသည်အထိ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
ယခုအခါတွင်မူ စာအုပ်ဆိုင်ပိုင်ရှင်သည် ဇက်ကီယယ်၏ နံပါတ် (၁) ရန်သူ ဖြစ်လာခဲ့လေပြီ။
ခန္ဓာကိုယ် အသစ်လဲပြီးနောက်တွင် စိတ်အခြေအနေမှာ ပို၍ တက်ကြွလာပုံရသော 'ဟာနီရယ်' ၏ အဆိုအရ စာအုပ်ဆိုင်ပိုင်ရှင်၏ အဓိက လက်ပါးစေများဖြစ်သော ဝယ်လ် နှင့် ဂျိုးဇက် တို့မှာ ပျောက်ဆုံးနေသည်ဟု သိရသည်။ ရိုးလ် အရင်းအမြစ် ကုမ္ပဏီနှင့် နေမင်း ယုံကြည်ကိုးကွယ်မှု အသင်းတို့မှာလည်း တော်လှန်ရေးနှင့် အလုပ်ရှုပ်နေကြသလို၊ ညဉ့်ဦးယံ စုန်းမကြီး ဟု ယူဆရသော စာအုပ်ဆိုင်မှ အကူမိန်းကလေးမှာလည်း ဗဟိုခရိုင်သို့ ရောက်ရှိနေသည်။
'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' မှ 'မီးလျှံဓားလမ်းစဉ်' ထဲသို့ ထည့်သွင်းထားသော သူလျှိုမှာလည်း ရုတ်တရက် ပေါ်ထွက်လာပြီး မစ္စတာလင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို ပေးအပ်ခဲ့သည်။
ယခုအချိန်မှာ 'မီးလျှံဓားလမ်းစဉ်' အနေဖြင့် အင်အားစုစည်းကာ စာအုပ်ဆိုင်ပိုင်ရှင်ကို နှိမ်နင်းရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
ဤသို့သော အခွင့်အရေးမျိုးမှာ ခဏတာသာ ဖြစ်သော်လည်း မိုက်ကယ်မှာမူ သတိကြီးစွာဖြင့် ဇက်ကီယယ်အား စာအုပ်ဆိုင်ပိုင်ရှင်၏ အစွမ်းကို စမ်းသပ်ရန် ကိုယ်တိုင် သွားခိုင်းလိုက်ခြင်း ဖြစ်သည်။
ထိုအရာက ဇက်ကီယယ် ဤနေရာသို့ ရောက်ရှိလာရခြင်း၏ တကယ့်အကြောင်းရင်းပင်...။
တစ်ခဏအတွင်းမှာပင်... မိန်းကလေးငယ်မှာ အသားပုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အသက်မရှူနိုင်တော့ပေ။ ဇက်ကီယယ်က ဟန်ဆောင်ပန်ဆောင် သနားစဖွယ် သက်ပြင်းချလိုက်၏။
"ဘာမှ စိုးရိမ်စရာ မလိုတော့ပါဘူး... မင်းအမေ နေကောင်းသွားပါပြီ"
သူက ရေရွတ်ကာ ရယ်မောလိုက်သည်။
"ဒါပေမဲ့ မင်းဆီက ပေးဆပ်မှုကိုလည်း ငါ လက်ခံလိုက်ပြီလေ..."
"မေရီလေး..."
ရုတ်တရက် ကျယ်လောင်သော အမျိုးသား အသံတစ်သံ ထွက်ပေါ်လာသည်။ ဇက်ကီယယ် မျက်မှောင်ကြုတ်လိုက်မိစဉ် ထိုသူက ဆက်လက် ခေါ်နေသည်ကို ကြားလိုက်ရသည်။
"မေရီလေး... ဘယ်မှာလဲ... ဦးလေးဂျိုးဇက်က မင်းအမေအတွက် စားစရာတွေနဲ့ ဆေးဝါးတွေ ယူလာပေးတယ်... အရင်တစ်ခါ ဦးလေးအတွက် သတင်းစကား ပါးပေးခဲ့တဲ့ ကျေးဇူးကို ဆပ်တာပါ"
ထိုသူက နွေးထွေးစွာ ခေါ်လိုက်သည်။
"ဟင်..."
ဇက်ကီယယ်က ခေါင်းစောင်းကြည့်လိုက်သည်။
"ဂျိုးဇက်..."
ခြေသံများမှာ လမ်းကြားထဲသို့ တိုးဝင်လာပြီး ဇက်ကီယယ်မှာ ပြင်းထန်လှသော အပူရှိန်ကို ခံစားလိုက်ရသည်။
သန်မာထွားကြိုင်းပြီး သာမန်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လမ်းကြားအဝတွင် ပေါ်လာပြီး ဇက်ကီယယ်ကို မြင်လျှင် ခြေလှမ်းများ ရပ်တန့်သွားသည်။
ထိုသူမှာ ဂျိုးဇက် ပင် ဖြစ်သည်။
သူ၏ အကြည့်မှာ ဇက်ကီယယ်ထံမှ ဘေးနားရှိ သွေးပျက်ဖွယ်ရာ အသားပုံကြီးဆီသို့ ဖြည်းညင်းစွာ ရောက်ရှိသွားသည်။
ဂျိုးဇက်သည် သူ၏ ခြေရင်းသို့ လိမ့်ကျလာသော ရွှံ့များပေနေသည့် မျက်လုံးတစ်လုံးကို မြင်လိုက်ရချိန်တွင် မှင်တက်သွားရသည်။
သူ ခေါင်းငုံ့ကာ ထိုကျောက်မျက်ရတနာကဲ့သို့ လှပသော မျက်လုံးလေးကို ငေးကြည့်နေမိသည်။
မေရီသည် ဂျိုးဇက် ခိုင်းသမျှကို လိမ္မာပါးနပ်စွာ လုပ်ဆောင်ပေးတတ်သော ထက်မြက်သည့် မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် စာဖတ်ခြင်းနှင့် စာရေးခြင်းကို ဝါသနာပါပြီး ဂျိုးဇက်၏ သမီး မေလီဆာထံသို့ သတင်းစကားများ ပေးပို့ရာတွင်လည်း ကူညီပေးလေ့ရှိသည်။
တစ်ခါတစ်ရံတွင် သူမက အတော်လေး ဆိုးတတ်သည်။ ဂျိုးဇက်က သူ့ကို ဦးလေးဟု ခေါ်ရန် ပြောသော်လည်း သူမက အမြဲတမ်း 'အဘိုးကြီး' ဟုသာ ခေါ်လေ့ရှိသည်။ ဂျိုးဇက်က စိတ်ဆိုးချင်ယောင် ဆောင်သော်လည်း တကယ်တမ်းတွင်မူ ဤကလေးမလေးနှင့် အတော်လေး ခင်မင်ရင်းနှီးလှသည်။
ဂျိုးဇက်အနေဖြင့် ဤရပ်ကွက်အတွင်းသို့ နေ့စဉ်လာရောက်ကာ ကူညီစောင့်ရှောက်ပေးရခြင်း၏ အဓိက အကြောင်းရင်းမှာလည်း သူမကြောင့်ပင် ဖြစ်သည်။ ဤမိန်းကလေးနှင့် အခြားသော အိုးမဲ့အိမ်မဲ့ ကလေးငယ်များမှာ မေလီဆာ ငယ်စဉ်က ပုံစံကို သတိရစေသည်။ မစ္စတာလင်ကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက အဘယ်ကြောင့် သာမန် စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦးအဖြစ် နေထိုင်ရသည်ကိုလည်း ဤကလေးများက သူ့ကို နားလည်စေခဲ့သည်။
"မင်း..."
ဂျိုးဇက်သည် ဤအရပ်ပိန်ရှည်ကြီးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိလေသည်။
***
အပိုင်း(၅၀၆)
ဇက်ကီယယ်မှာ အနည်းငယ် အံ့အားသင့်သွား၏။ 'ဟာနီရယ်' ၏ သတင်းအရ ဂျိုးဇက်နှင့် ဝယ်လ် တို့မှာ အတူတူ သေဆုံးသွားခဲ့ပြီဟု သိထားသော်လည်း ယခုမူ ဂျိုးဇက်က အသက်ရှင်လျက် ရှိနေသည် မဟုတ်ပါလား။
"ကြည့်ရတာ စာအုပ်ဆိုင်ပိုင်ရှင်က မင်းကို အသက်ချမ်းသာပေးလိုက်ပုံပဲ..."
ဇက်ကီယယ်က သူ၏ ပါးစပ်အတွင်းရှိ ချွန်ထက်သော သွားများကို ဖော်ထုတ်ကာ ပြောလိုက်သည်။
"မင်းက ဘယ်သူလဲ"
ဂျိုးဇက်က မေရီလေး၏ သေဆုံးမှုကို လက်မခံနိုင်ဘဲ တဆတ်ဆတ် တုန်ယင်ရင်း မေးလိုက်သည်။
"'မီးလျှံဓားလမ်းစဉ်ရဲ့ ချိန်ခွင်စောင့်နတ် ဇက်ကီယယ် ပါ..."
ဇက်ကီယယ်က သူ၏ ဦးထုပ်ကို ကိုင်ကာ ဂျိုးဇက်အား ယဉ်ကျေးစွာ မိတ်ဆက်လိုက်သည်။
"မေရီလေးကို မင်းသတ်လိုက်တာလား"
ဂျိုးဇက်က မယုံကြည်နိုင်စွာ မေးလိုက်သည်။
‘မေရီလေး...’
ဇက်ကီယယ်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ဘေးနားက အသားပုံကို တစ်ချက်ကြည့်လိုက်သည်။ သူသည် ဂျိုးဇက်၏ မိုက်မဲသော မေးခွန်းကို မဖြေချင်ပေ။
"ငါတို့ အပေးအယူ တစ်ခု လုပ်ရအောင်... မီးလျှံဓားလမ်းစဉ် ထဲကို မင်း ဝင်ချင်လား"
ဇက်ကီယယ်က ပြုံးလိုက်သည်။
"ငါတို့ စာအုပ်ဆိုင်ပိုင်ရှင်နဲ့ စစ်ဖြစ်တော့မယ်၊ ငါ ဒီနေ့ လာတာကလည်း စစ်ကြေညာစာတမ်း လာပို့တာပဲ..."
"ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... ဘက်ပြောင်းဖို့ မနောက်ကျသေးပါဘူး... ဒါပေမဲ့... မင်း ဝယ်လ် နဲ့ တိုက်ခိုက်ခဲ့တုန်းက အများကြီး ဆုံးရှုံးခဲ့ရမှာပဲ မဟုတ်လား"
"မစ္စတာလင်... မီးလျှံဓားလမ်းစဉ်က မစ္စတာလင်ကို ရင်ဆိုင်ချင်တယ် ဟုတ်လား"
ဂျိုးဇက်အတွက် မစ္စတာလင်မှာ အလွန်အရေးကြီးသူ ဖြစ်ရာ မေရီလေးအတွက် ဝမ်းနည်းမှုကို ခဏဘေးဖယ်ကာ သူက လှောင်ပြောင်လိုက်သည်။
"မင်းတို့ကိုယ်မင်းတို့ ဒီလောက်အထိ အထင်ကြီးနေကြတာလား"
ဇက်ကီယယ်၏ မျက်နှာ ပျက်သွား၏။
"ကြည့်ရတာ မင်းက သေလမ်းကို ရွေးလိုက်ပြီ ထင်တယ်..."
ထိုသို့ ပြောပြီးနောက် ဇက်ကီယယ်က သူ၏ အနေအထားကို ပြင်လိုက်ရင်း...
"ဒါဆိုလည်း မင်းကို ဒီမှာပဲ ငါ သတ်လိုက်မယ်၊ အဲဒါဆို စာအုပ်ဆိုင်ပိုင်ရှင်လည်း ခံစားမိမှာပဲ... ဟိုအထိ သွားရတာက အလုပ်ရှုပ်လို့ မင်းရဲ့ အလောင်းကိုပဲ စစ်ကြေညာစာတမ်းအဖြစ် ငါ အသုံးချလိုက်မယ်"
ချွင်... ချွင်... ချွင်...
ဇက်ကီယယ် စကားအဆုံးတွင် ဂျိုးဇက်သည် သူ၏ နောက်ကွယ်မှ ချိန်ခွင်တစ်ခု၏ လှုပ်ရှားနေသည့် အသံမှာ ပို၍ နီးကပ်လာသည်ကို ကြားလိုက်ရသည်။ ထိုအခိုက်အတန့်မှာပင် ဂျိုးဇက် သတိရသွား၏။
‘ချိန်ခွင်စောင့်နတ်...လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်က နိယာမအားလုံးကို ဖျက်ဆီးခဲ့တဲ့ ကိုယ့်ကိုယ်ကို 'တရားဥပဒေရဲ့ ကောင်းကင်တမန်' လို့ ခေါ်ခဲ့တဲ့ ထိုပုဂ္ဂိုလ်များလား...’
ဂျိုးဇက်သည် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ၏ လျှို့ဝှက်မှတ်တမ်းများထဲတွင် ထိုအဖြစ်အပျက်ကို ဖတ်ဖူးသည်။
"အခုမှ ရိပ်မိတာကတော့ နောက်ကျသွားပြီ"
ဇက်ကီယယ်က ရယ်မောလိုက်သည်။
"ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီလေ..."
"မေရီလေးကို မင်း သတ်ခဲ့တာလား..."
အပေးအယူက ပျက်ပြားသွားပြီဖြစ်သော်လည်း ဂျိုးဇက်ကတော့ ဘာမှမဖြစ်သကဲ့သို့ မေးခွန်းကိုသာ ဆက်မေးနေသည်။ ဇက်ကီယယ်အတွက်မူ ထိုမေးခွန်းမှာ အိမ်ရှေ့က ပုရွက်ဆိတ်တစ်ကောင်ကို နင်းမိသလားဟု မေးနေသကဲ့သို့ပင်။
ဇက်ကီယယ်က ဂရုမစိုက်စွာ ပြန်ပြောလိုက်သည်။
"ငါ သတ်တော့ ဘာဖြစ်လဲ၊ အဲဒါက သူ ပေးဆပ်ရမယ့်..."
ဘုန်း...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် လမ်းကြားတစ်ခုလုံးသည် ပြင်းထန်သော မီးလောင်ကျွမ်းမှုဒဏ်ကို ခံထားရသည့်အလား ပျက်စီးယိုယွင်း သွားခဲ့သည်။ ပတ်ဝန်းကျင်ရှိ လူသူမနေထိုင်သော အိမ်စုတ်ကြီးများမှာလည်း ဂျိုးဇက်၏ မီးလျှံများကြောင့် ပြာဖြစ်လုနီးပါး လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်၏။
ဂျိုးဇက်သည် သူ၏ မျက်ထောင့်မှ သွေးစများကို ညင်သာစွာ သုတ်လိုက်ရင်း မြေပြင်ပေါ်ရှိ မေရီလေး၏ အရိုးပြာများကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
ဇက်ကီယယ်မှာ သူ၏ ဝံ့ကြွားလှသော စကားများကိုပင် ဆုံးအောင် မပြောနိုင်ခဲ့ပေ။ သူ မေရီလေးကို သတ်ခဲ့သည်ဟု ဝန်ခံပြီးနောက်တွင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သော ဂျိုးဇက်၏ မီးလျှံများက သူ့ကို တခဏချင်းအတွင်း ပြာအဖြစ် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။
ဇက်ကီယယ် တစ်ခုတော့ အကြီးအကျယ် မှားသွားခဲ့သည်။ ဂျိုးဇက်နှင့် ဝယ်လ်တို့၏ တိုက်ပွဲအပြီးတွင် ဂျိုးဇက်မှာ ဘာမှမဖြစ်ခဲ့ရုံသာမက စာအုပ်ဆိုင်၏ မြေအောက်ခန်းထဲရှိ အစွမ်းထက်လှသော အီသာ စွမ်းအင်များ၏ လွှမ်းခြုံမှုကို ခံခဲ့ရသည်။ ထို့အပြင် မစ္စတာလင်က ပေါ့ပေါ့ပါးပါး ပစ်ထားခဲ့သော 'ကပ်ဘေးနဂါး' ၏ ဦးခေါင်းခွံထဲမှ စွမ်းအားများကိုပင် သူက စုပ်ယူထားနိုင်ခဲ့သေးသည်။
ယခုလက်ရှိ ဂျိုးဇက်သည် (၆၇) လမ်းမကြီးကို တုန်လှုပ်စေခဲ့သော တိုက်ပွဲတုန်းကထက်ပင် ပို၍ အစွမ်းထက်နေလေပြီ။
သူသည် အရာခပ်သိမ်းကို လောင်ကျွမ်းစေနိုင်သည်။
ဇက်ကီယယ်ကို ရင်ဆိုင်ရသည်မှာ အနည်းငယ် ခဲယဉ်းသော်လည်း ဂျိုးဇက်သည် သူ၏ အီသာစွမ်းအင်အားလုံးကို အသုံးပြုကာ ဇက်ကီယယ်အား သူ၏ မူလရုပ်သွင်ဖြစ်သော ချိန်ခွင်အဖြစ်သို့ ပြန်ရောက်သွားအောင် ရိုက်နှက်နှိမ်နင်းလိုက်ခြင်း ဖြစ်သည်။
ဘုန်း...
ဇက်ကီယယ်မှာ မူလရုပ်သွင် ပြန်ဖြစ်သွားသည်ကို မြင်ရသော်လည်း ဂျိုးဇက်မှာ စိတ်မကျေနပ်နိုင်သေးဘဲ မြေပြင်ပေါ်ရှိ ရှေးဟောင်းချိန်ခွင်ကြီးကို အားနှင့် ကန်လိုက်ပြန်သည်။
သူသည် မိမိကိုယ်တိုင် ကောင်းမွန်စွာ စောင့်ရှောက်မည်ဟု ရည်ရွယ်ထားသော်လည်း ယခုမူ ပြာအဖြစ် ပြောင်းလဲသွားရှာပြီဖြစ်သော မေရီလေးကို ကြည့်ကာ မျက်နှာတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေတော့သည်။
ဂျိုးဇက်သည် မေရီလေး၏ ကျန်ရှိနေသော အပိုင်းအစများကို အိုးတစ်လုံးထဲသို့ ငြိမ်သက်စွာ သိမ်းဆည်းကာ (၂၃) လမ်းမပေါ်ရှိ သုံးစတုရန်းမီတာပင် မကျယ်သော တစ်ခုတည်းသော ပန်းခြံလေးထဲတွင် မြှုပ်နှံပေးလိုက်ရင်း မချိတင်ကဲ ခံစားလိုက်ရသည်။ မေရီလေး၏ ဖျားနာနေသော မိခင်မှာ မကြာမီမှာပင် သမီးဖြစ်သူကို အသံတုန်အောင် အော်ခေါ်နေတော့မည် ဖြစ်သော်လည်း ဂျိုးဇက်အနေဖြင့် ဆက်လက်၍ ဂရုမစိုက်လိုတော့ပေ။
"လူ့ဘဝဆိုတာ တကယ်ကို တိုတောင်းလွန်းပါလား..."
ဂျိုးဇက် သက်ပြင်းချလိုက်သည်။ သူသည် ထိုချိန်ခွင်ကို ယူဆောင်ကာ စာအုပ်ဆိုင်သို့ ပြန်လာခဲ့သည်။ ပုံမှန်အတိုင်းပင် မစ္စတာလင်မှာ စားပွဲတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။
"ဒီနေ့ စောစောပြန်ရောက်လာပါလား ဂျိုးဇက်"
လင်ကျဲက ခေါင်းမမော့ပဲ နှုတ်ဆက်လိုက်သည်။
ဂျိုးဇက် ပြန်မဖြေသည်ကို သတိပြုမိသွားသော အခါမှ လင်ကျဲက ခေါင်းမော့ကာ ဂျိုးဇက်ကို ကြည့်လိုက်၏။ ဂျိုးဇက်မှာ အမှားတစ်ခုခု လုပ်ထားသော ကလေးငယ်တစ်ဦးကဲ့သို့ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဘာမှ ပြန်မပြောပေ။ လင်ကျဲသည်လည်း စာအုပ်ကိုသာ ဆက်လက်ဖတ်ရှုနေပြီး နောက်ထပ် စကားမဆိုတော့ပေ။
တစ်နေ့မှစ၍ ဂျိုးဇက်သည် မစ္စတာလင်ကို နားလည်ရန် ပိုမိုခက်ခဲလာသည်ဟု ခံစားနေရသည်။
သူသည် ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီးနောက် ထိုချိန်ခွင်ကြီးကို မစ္စတာလင်၏ စားပွဲပေါ်တွင် တင်လိုက်သည်။ ၎င်းမှာ ဤနေရာနှင့် အတော်လေး လိုက်ဖက်နေပုံရသည်။
"ကျွန်တော် နားတော့မယ် မစ္စတာလင်"
ခဏတာ ဝေခွဲမရ ဖြစ်နေပြီးနောက် ဂျိုးဇက်က ရုတ်တရက် ပြောလိုက်သည်။
“ကောင်းပါပြီ...”
လင်ကျဲက ခေါင်းမော့မကြည့်ဘဲ ပြန်ပြောလိုက်သည်။
ဂျိုးဇက်က မြေအောက်ခန်းသို့ ဆင်းသွားရန် ပြင်လိုက်စဉ် 'မီးလျှံဓားလမ်းစဉ်' ၏ စစ်ကြေညာချက်အကြောင်းကို မစ္စတာလင်အား ပြောပြရန် ခေတ္တရပ်တန့်လိုက်သည်။ သို့သော်လည်း မစ္စတာလင်က လှုပ်ခါနေသော ချိန်ခွင်ကြီးကို ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် ဂျိုးဇက်၏ အကြံအစည်မှာ ပြောင်းလဲသွားတော့သည်။
"မီးလျှံဓားလမ်းစဉ်..."
လင်ကျဲက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် သူ၏ လက်ကို မြှောက်ကာ ချိန်ခွင်ကို ညင်သာစွာ ပုတ်လိုက်သည်။ ဂျိုးဇက်ကိုယ်တိုင်တောင် မရွှေ့နိုင်ခဲ့သော ဤဥပဒေနိယာမ ချိန်ခွင်ကြီးမှာ မစ္စတာလင်၏ လက်ထဲတွင်မူ အရုပ်တစ်ခုအလား ဖြစ်နေပြီး တစ်ဖက်သို့ အပြတ်အသတ် နိမ့်ဆင်းသွားတော့သည်။
ဂျိုးဇက် တံတွေးတစ်ချက် မျိုချလိုက်မိပြီး မစ္စတာလင်၏ နူးညံ့လှသော မျက်နှာကို ကြည့်ကာ ရင်းနှီးနေသော ကြောက်ရွံ့မှုမျိုးကို အံ့ဩဖွယ် ခံစားလိုက်ရသည်။ သူတို့ အတူတူ နေလာခဲ့ကြသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း မစ္စတာလင်အပေါ် သူထားရှိသော ရိုသေခန့်ညားမှုမှာ မြင့်တက်လာနေဆဲ ဖြစ်သည်။
ဂျိုးဇက် စိုက်ကြည့်နေသည်ကို လင်ကျဲ သတိပြုမိသွားပြီး သူ့ဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။
"နားတော့မလို့ မဟုတ်လား"
"ဟုတ်... ဟုတ်ကဲ့ပါ မစ္စတာလင်"
ဂျိုးဇက်က ထိတ်လန့်တကြား ပြန်ဖြေပြီးနောက် သူ၏ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
မြေအောက်ခန်းထဲတွင် ဂျိုးဇက်မှာ အတော်လေး စိတ်မသက်မသာ ဖြစ်နေသော်လည်း အနည်းဆုံးတော့ သူ တစ်ခုကို သဘောပေါက်သွားသည်။ မစ္စတာလင်မှာ တစ်စုံတစ်ခုကြောင့် စိတ်ဆိုးနေခြင်း သို့မဟုတ် 'မီးလျှံဓားလမ်းစဉ်' အပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားခြင်း ဖြစ်ပေလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုရသော် သူသည် ထိုသူတို့၏ ကပြအသုံးတော်ခံမှုများကို ကြည့်ရသည်မှာ ငြီးငွေ့လာခဲ့ပြီ ဖြစ်သည်။