← Chapters

အခန်း (၅၀၇-၅၀၈)

Vol. 37 Ch. 507-508

အခန်း (၅၀၇-၅၀၈)

Vol. 37 Ch. 507-508

အပိုင်း(၅၀၇)

"ဇက်ကီယယ် သေသွားပြီ၊ ဒါပေမဲ့ လုံးဝဥဿုံ သေဆုံးသွားတာမျိုးတော့ မဟုတ်ဘူး"

မက်တာထရွန်က ပြောလိုက်သည်။ မက်တာထရွန်မှာ လေထဲတွင် လွင့်မျောနေသော ဂွမ်းစိုင်ကြီးတစ်ခုအလား၊ သို့မဟုတ် ပေါ့ပါးလှသော အနက်ရောင် အစုအဝေးကြီးတစ်ခုအလား ထင်မှတ်ရ၏။ သူသည် မိမိ၏ စစ်မှန်သော ရုပ်သွင်ကို မည်သည့်အခါမျှ ထုတ်ဖော်ပြသလေ့မရှိပဲ 'မီးလျှံဓားလမ်းစဉ်' ၏ အကဲခတ်လေ့လာသူပင် ဖြစ်သည်။

"ဘာ..."

မိုက်ကယ်၏ ပြာလဲ့လဲ့ မျက်ဝန်းများမှာ မယုံကြည်နိုင်မှုကြောင့် ကျယ်သွားရပြီး မက်တာထရွန်ကို စိုက်ကြည့်နေမိသည်။ ဇက်ကီယယ်၏ အစစ်အမှန် ရုပ်သွင်မှာ အရာခပ်သိမ်း၏ ပေးဆပ်မှုနှင့် ရလဒ်ကို ထိန်းချုပ်သည့် 'နိယာမ' တစ်ခုဖြစ်ကြောင်း၊ မသေမျိုး ဖြစ်တည်မှုတစ်ခုဖြစ်ကြောင်း သူတို့အားလုံး သိကြသည်။ မက်တာထရွန်က သေသွားသော်လည်း လုံးဝမသေဟု ပြောခြင်းမှာ ဇက်ကီယယ်သည် သူ၏ မူလရုပ်သွင် (နိယာမ) အဖြစ်သို့ ပြန်လည်ရောက်ရှိသွားခြင်းကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။

"တောက်..."

မိုက်ကယ် နောင်တရစွာဖြင့် သက်ပြင်းချလိုက်ပြီး ရွှေရောင်သဲသောင်ပြင်ကို အားနှင့် စောင့်ကန်လိုက်သည်။

"ငါ အစကတည်းက ပြောသားပဲ၊ စာအုပ်ဆိုင်ပိုင်ရှင်ကို ထိပ်တိုက် မရင်ဆိုင်ပါနဲ့လို့..."

မိုက်ကယ်သည် ထိုသို့ပြောရင်း အတန်ငယ် ကွဲပြားသော ကိုယ်ရည်ကိုယ်သွေးရှိသည့် လူငယ်တစ်ဦးအသွင် ဆောင်ထားသော 'ဟာနီရယ်' ကို တည့်တည့်စိုက်ကြည့်လိုက်သည်။

'ဟာနီရယ်' ကမူ မိုက်ကယ်၏ အပြစ်တင်စကားများကို မကြားချင်ယောင်ဆောင်ကာ ဘာမှမသိသကဲ့သို့ပင် နေလေသည်။ 'မီးလျှံဓားလမ်းစဉ်' နှင့် မစ္စတာလင်တို့ကို တစ်ဦးနှင့်တစ်ဦး ရန်တိုက်ပေးခဲ့သည်မှာ သူမဟုတ်သကဲ့သို့ပင်။

"မက်တာထရွန်... ဇက်ကီယယ် ဘယ်လိုသေသွားတာလဲ... မင်း အသေအချာ မြင်ခဲ့ရဲ့လား... စာအုပ်ဆိုင်ပိုင်ရှင်က ဘယ်လောက်တောင် အစွမ်းထက်တာလဲ"

မိုက်ကယ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူတို့၏ အပေါင်းအဖော် နောက်တစ်ဦးကို ဆုံးရှုံးလိုက်ရပြန်ပြီ မဟုတ်ပါလား။

ထူးကဲသော အစွမ်းများရှိသည့် ကောင်းကင်တမန် ဆယ်ပါး၏ ခေါင်းဆောင်ဖြစ်သည့်အတိုင်း၊ ယခုအချိန်မှာ မိမိ၏ ရဲဘော်ရဲဘက်များကို အပြစ်တင်နေရမည့်အချိန် မဟုတ်ကြောင်း မိုက်ကယ် သိထားသည်။

လူသားပုံစံမဟုတ်သော အစုအဝေးကြီးအဖြစ် လွင့်မျောနေသည့် မက်တာထရွန်က တိုးညှင်းစွာ ပြန်ဖြေလိုက်၏။

"ဇက်ကီယယ်က စာအုပ်ဆိုင်ပိုင်ရှင်နဲ့ တွေ့တောင် မတွေ့လိုက်ရဘူး... သူ သေသွားတာက စာအုပ်ဆိုင်ပိုင်ရှင်ရဲ့ လက်ပါးစေ 'ဂျိုးဇက်' လက်ချက်နဲ့ပဲ"

ထိုစကားကို ကြားလိုက်ရချိန်တွင် မိုက်ကယ်မှာ အသက်ရှူပင် ရပ်တန့်လုနီးပါး ဖြစ်သွားရသည်။

သူ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ 'ဟာနီရယ်' ဘက်သို့ လှည့်လိုက်၏။

"ဂျိုးဇက် သေသွားတာကို မင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့တာဆို..."

ဟာနီရယ်က မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း ဘာမှ ပြန်မဖြေပေ။

"ဒါတွေကို ငြင်းနေမယ့်အစား၊ စာအုပ်ဆိုင်ပိုင်ရှင်က ငါတို့ကို လုံးဝ အရေးမစိုက်ပုံရတာကိုပဲ ဆွေးနွေးသင့်တာ မဟုတ်ဘူးလား"

လက်ရှိ အချိန်ထိ တိတ်ဆိတ်နေသော ရက်ဖာယယ် က ရုတ်တရက် ဝင်ပြောလိုက်သည်။ 'မီးလျှံဓားလမ်းစဉ်' ၏ ကောင်းကင်တမန် ဆယ်ပါးတွင် ယခု ရှစ်ပါးသာ ကျန်တော့သည်။ ၎င်းတို့အထဲတွင် ရက်ဖာယယ်၊ မက်တာထရွန်နှင့် ကာမာယယ် တို့မှာ စာအုပ်ဆိုင်ပိုင်ရှင်နှင့် တစ်ခါမျှ မတွေ့ဖူးကြသေးပေ။

"ဇက်ကီယယ်ကို လွှတ်လိုက်တာက ငါတို့ရဲ့ စစ်ကြေညာစာတမ်းကို ပေးဖို့ပဲ... တစ်နည်းအားဖြင့် ပြောရရင် သူက 'မီးလျှံဓားလမ်းစဉ်' ရဲ့ သံတမန်ပဲလေ... စာအုပ်ဆိုင်ပိုင်ရှင်က ငါတို့ကို လုံးဝ ဂရုမစိုက်လို့ပဲ ဇက်ကီယယ်ကို သတ်ပစ်လိုက်တာ... ဒီစော်ကားမှုကို ငါ သည်းမခံနိုင်ဘူး"

ရက်ဖာယယ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"စိတ်မလောပါနဲ့ဦး"

မိုက်ကယ်က ရေရွတ်လိုက်သည်။

"ဒါက စိတ်လောတာ မဟုတ်ဘူး မိုက်ကယ်... လိုအပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ... မင်း မေ့သွားပြီလား"

ရက်ဖာယယ်က ဇာ့ဖ်ကီယယ် ဖန်တီးထားသော ဟင်းလင်းပြင်ကို စိုက်ကြည့်ရင်း ဆက်ပြောလိုက်၏။

"ကောင်းကင်ဘုံ၊ ဧဒင်ဥယျာဉ်၊ ဖန်ဆင်းရှင်၊ ကောင်းကင်တမန်တွေ၊ ကပ်ဘာလာသစ်ပင်... ရုပ်ဝတ္ထုကမ္ဘာရဲ့ အထက်မှာရှိတဲ့ နယ်ပယ်... အိပ်မက်ဘုံကတစ်ဆင့် နတ်ဘုရား ဖြစ်လာမယ့် လမ်းစဉ်..."

မိုက်ကယ် သူ့ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ အိပ်မက်ဘုံသို့ သွားမည့် ဤလမ်းစဉ်သည်သာ တစ်ခုတည်းသော အမှန်တရားဟု သူ ယုံကြည်လက်ခံထားရခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မြေအောက်ခရိုင်တွင် သူတွေ့ရှိခဲ့သော စာအုပ်တစ်အုပ်ကြောင့် ဖြစ်သည်။

ထိုစာအုပ်ထဲတွင် မည်သူမျှ မကြားဖူးသော ကမ္ဘာတစ်ခုအကြောင်း၊ အနန္တတန်ခိုးရှင် ဖန်ဆင်းရှင်တစ်ပါးတည်းသာ ရှိသော အမှန်တရားကမ္ဘာအကြောင်းကို ဖော်ပြထားသည်။ မိုက်ကယ်သည် ထိုစာအုပ်ပါ အကြောင်းအရာများကို အကြွင်းမဲ့ ယုံကြည်ခဲ့သည်။ 'မီးလျှံဓားလမ်းစဉ်' ၏ အဖွဲ့ဝင် ဆယ်ဦး၏ အမည်ဝှက်များမှာပင် ထိုစာအုပ်မှ ရယူထားခြင်း ဖြစ်သည်။

"မင်းက ငါတို့ကို စိတ်မလောဖို့ ပြောနေပေမဲ့၊ တကယ်တမ်း ဇာက်ကီယယ်ကို သေအောင် လုပ်ခဲ့တာက မင်းရဲ့ သတိကြီးလွန်းမှုပဲ"

ကာမာယယ်က ရုတ်တရက် ပြောလိုက်သည်။

"ကောင်းပြီလေ"

မိုက်ကယ်မှာ ထိုအမှန်တရားစာအုပ်ကို ပြန်လည် အမှတ်ရသွားပုံရသည်။ သူ၏ အိပ်မက်များနှင့် ကြိုးပမ်းမှုများမှာ သူ၏ စိတ်ထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်လာပြီး လက်သီးကို ပိုမိုတင်းကြပ်စွာ ဆုပ်လိုက်သည်။

"အခြေအနေကောင်းတာနဲ့ ငါတို့အားလုံး စာအုပ်ဆိုင်ကို အတူတူ သွားကြမယ်..."

"စောင့်နေဖို့ မလိုပါဘူး"

ဟာနီရယ်က ဖြတ်ပြောလိုက်သည်။

"အခုပဲ သွားကြတာပေါ့"

...

ဘာသာပြန်သူ မှတ်ချက် ။ ဇာ့ဖ်ကီယယ်နဲ့ ဇက်ကီယယ်တို့က ခြားနားတဲ့ လူနှစ်ယောက်ပါ။ ဇာ့ဖ်ကီယယ်က သူ့ကိုယ်သူ ဟင်းလင်းပြင်နဲ့ ပေါင်းစပ်ထားတဲ့ ဟင်းလင်းပြင် ကြားခံ ပုဂ္ဂိုလ် ဖြစ်ပြီးတော့ ဇက်ကီယယ်ကတော့ တန်ဖိုးချင်း ညီမျှစွာ လဲလှယ်ခြင်း ဆိုတဲ့ နိယာမကနေ မွေးဖွားလာတဲ့ သက်ရှိ တစ်ဦးပါ။ သူ့ကို ချိန်ခွင်စောင့်နတ်လို့ သိကြပါတယ်။

...

‘တွမ့်ရွှမ်မင်... အမေ့နာမည်က တွမ့်ရွှမ်မင်...’

ဖရန်ကာသည် ထိုအမည်ကို စိတ်ထဲတွင် ထပ်တလဲလဲ ရေရွတ်နေမိသည်။ သူမသည် မိခင်ဖြစ်သူ၏ အခြေအနေ ပြန်ကောင်းလာသည့်အကြောင်းကို ဖခင်နှင့် အဘိုးဖြစ်သူအား ချက်ချင်း သွားပြောချင်နေမိသည်။

သို့သော် ယခု သတိပြန်ရလာသော အမေ့စကားအရ သူမသည် ဤနေရာမှ မဟုတ်ဘဲ အခြားကမ္ဘာတစ်ခုမှ ရောက်ရှိလာသူ ဖြစ်ပုံရသည်။

ဖရန်ကာသည် သူမ၏ မိခင်မျက်ဝန်းမှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ ဤကမ္ဘာသို့ ရောက်ရှိလာသည့် လမ်းခရီးတွင် သူမ၏ မိခင်မှာ အလွန်ကြီးမားသော ပေးဆပ်မှုများကို ပြုလုပ်ခဲ့ရပြီး ထိုဒဏ်ကြောင့်ပင် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ရူးသွပ်နေခဲ့ရခြင်း ဖြစ်သည်။

ဝမ်းနည်းမှုနှင့် အထီးကျန်မှုများက သူမ၏ မိခင်ကို နှစ်ပေါင်းများစွာ ဝါးမြိုခဲ့သည်။ သူမသည် ထိုမြေအောက်ကမ္ဘာထဲတွင် ပိတ်မိနေသည့် အတွေ့အကြုံကို ထပ်တလဲလဲ ခံစားနေခဲ့ရသည်။ သူမ၏ စိတ်ထဲတွင်မူ သူမသည် ယခုမှ စတင်ဝင်ရောက်လာပြီး နေ့စဉ်မှတ်တမ်း၏ ပထမဆုံးစာကြောင်းကို ရေးသားနေသော ကျောင်းသူလေးတစ်ဦးအဖြစ်သာ ရှိနေဆဲ ဖြစ်သည်။

သို့သော်လည်း... သူမ မသိလိုက်သည့် အရာက ရာစုနှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သလို၊ သူမ၏ နေအိမ်ဆီကိုလည်း ဘယ်တော့မှ ပြန်လို့မရတော့ဘူး ဆိုခြင်းပင်။

အချိန်အတော်ကြာပြီးနောက်တွင် တွမ့်ရွှမ်မင်သည် ယခုအခြေအနေကို မချိတင်ကဲ လက်ခံလိုက်ရတော့သည်။ သူမသည် ယခင်က ပါမောက္ခ လင်မင်ဟိုင်၏ အတော်ဆုံး ကျောင်းသူတစ်ဦး ဖြစ်ခဲ့ပြီး အလွန်ခိုင်မာသော စိတ်ဓာတ်ရှိသူ ဖြစ်သည်။

ထိုမြေအောက်ကမ္ဘာတွင် လူသားများမှာ တစ်ဦးကိုတစ်ဦး ပြန်လည်စားသုံးခြင်းဖြင့်သာ အသက်ရှင်သန်နေကြရသည်ကိုလည်းကောင်း၊ ထိုနေရာတွင် မည်သည့်အခါမျှ မိုးမရွာဘဲ မိုးရေဟု ခေါ်ဆိုနေကြသောအရာမှာ အလောင်းများစွာမှ စီးကျလာသော သွေးများသာဖြစ်ကြောင်း သူမ သိထားသည်။

ထို့ထက် ပို၍ အရေးကြီးသည်မှာ၊ ဆရာဖြစ်သူ၏ ဇနီး ဝမ်းဗိုက်ထဲတွင် ကြီးထွားလာနေသော အမည်မသိ ကြောက်မက်ဖွယ်ရာ အရာတစ်ခုအကြောင်းကိုလည်း သူမ သိထားခဲ့သည်။

ထို့ကြောင့်ပင် သူမသည် မိစ္ဆာနတ်ဘုရား၏ အစားအစာ မဖြစ်လာစေရန် ပါမောက္ခ လင်မင်ဟိုင်နှင့် သူ၏ ဇနီးထံမှ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

သူမသည် မှိုတက်နေသော အစားအစာခြောက်များကို ခိုးယူသိမ်းဆည်းထားခဲ့ပြီး၊ မိုးရေဟု ခေါ်သောအရာကို သောက်ရန် ငြင်းဆန်ကာ၊ သူမ၏ လူမျိုးစုဝင် ရုပ်အလောင်းများကိုလည်း မည်သည့်အခါမျှ မစားသုံးခဲ့ပေ။ သူမသည် သူမ၏ အသိတရားကို ထိန်းသိမ်းပြီး အသက်ရှင်သန်ချင်ခဲ့သည်။ သို့သော် သူမ၏ အစွမ်းရှိသမျှဖြင့် ထိုမြေအောက်ကမ္ဘာမှ လွတ်မြောက်လာချိန်တွင် သူမ မြင်တွေ့လိုက်ရသည်မှာ အခြားသော ကမ္ဘာတစ်ခု ဖြစ်နေခဲ့သည်။

တွမ့်ရွှမ်မင်မှာ ထိုဒဏ်ကို ဆက်လက် မခံစားနိုင်တော့ဘဲ အပြီးတိုင် ရူးသွပ်သွားခဲ့ရသည်။

ယနေ့တိုင်အောင်ပင်။

"မင်းက... ငါ့ကလေးလား..."

အသိတရား ပြန်လည်ပွင့်လင်းလာပြီး လက်ရှိအခြေအနေကို နားလည်သွားချိန်တွင် တွမ့်ရွှမ်မင်သည် သူမနှင့် ရုပ်ချင်းဆင်သော်လည်း ရွှေအိုရောင်ဆံပင်နှင့် ပြာလွင်သောမျက်ဝန်းများ ရှိသည့် ဖရန်ကာ၏ မျက်နှာလေးကို မယုံကြည်နိုင်စွာ လှမ်းကိုင်လိုက်သည်။

"ဟုတ်ပါတယ် အမေ... သမီးပါ"

ဖရန်ကာမှာ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ တွမ့်ရွှမ်မင်သည် သူမဘေးနားရှိ ဗီရိုတံခါးဘက်သို့ လှည့်ကြည့်လိုက်ရာ မှန်သားပြင်ပေါ်တွင် အရွယ်တင်နုပျိုမှုများ ကုန်ဆုံးကာ အိုမင်းရင့်ရော်နေပြီဖြစ်သော အမျိုးသမီးတစ်ဦး၏ မျက်နှာကို မြင်လိုက်ရသည်။

အတိတ်မှတ်ဉာဏ်များ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လာပြီးနောက် တွမ့်ရွှမ်မင်သည် လက်ရှိအခြေအနေကို တဖြည်းဖြည်း သဘောပေါက်လာသည်။ မြေအောက်ကမ္ဘာတွင် သူမကုန်ဆုံးခဲ့သော လပေါင်းများစွာမှာ မပြီးဆုံးသေးဘဲ အန္တရာယ်များ၊ သေခြင်းတရား၊ ရူးသွပ်မှုနှင့် သတ်ဖြတ်မှုများမှာ သူမ၏ ပတ်ဝန်းကျင်တွင် ပျံ့လွင့်နေဆဲ ဖြစ်ပုံရသည်။

"ငါ အသိတရား ပြန်ရလာတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့ဦး"

တွမ့်ရွှမ်မင်သည် လက်ရှိအခြေအနေကို အပြည့်အဝ အသားမကျသေးသော်လည်း တန်ပြန်ဖြေရှင်းရန် နည်းလမ်းများကို စတင်စဉ်းစားနေပြီဖြစ်သည်။

"မင်းနာမည်က ဘယ်သူလဲ"

ဖရန်ကာမှာ အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရပြီး...

"သမီးနာမည်က ဖရန်ကာ ကာတစ် ပါ အမေ"

ဟု ခပ်တိုးတိုး ဖြေလိုက်လေတော့သည်။

***

အပိုင်း(၅၀၈)

"ကာတစ်..."

တွမ့်ရွှမ်မင်က ထိုအမည်ကို ရေရွတ်လိုက်သည်။ သူမသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သော်လည်း သူမ၏ စိတ်ထဲတွင် မှတ်ဉာဏ်အချို့မှာ ထင်ရှားနေဆဲဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် ဖရန်ကာအား ဤကမ္ဘာ၏ အမည်နှင့် ကာတစ်မိသားစုအကြောင်း အသေးစိတ်ကို မေးမြန်းတော့သည်။

တွမ့်ရွှမ်မင်၏ ဉာဏ်ရည်မှာ လျင်မြန်စွာ အလုပ်လုပ်နေပြီး သူမ ရူးသွပ်နေစဉ်ကာလအတွင်းက မှတ်ဉာဏ်များမှာလည်း ပိုမိုထင်ရှားလာသည်။

သူမ လာခဲ့သည့် (၂၁) ရာစု စူးစမ်းလေ့လာရေးအဖွဲ့ကဲ့သို့ပင် အဇီးရှိ ကာတစ်မိသားစုသည်လည်း မြေအောက်ခရိုင်ရှိ ထိုမြေအောက်ကမ္ဘာကို လေ့လာနေကြခြင်း ဖြစ်သည်။ သူမကိုယ်တိုင်မှာလည်း ကမ္ဘာနှစ်ခုကို ဆက်သွယ်ထားသည့် 'တံခါး' မှတစ်ဆင့် အဇီးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကာတစ်မိသားစုသည် ထို 'တံခါး' ထဲသို့ မဝင်ရောက်ခဲ့ကြပေ။ သူတို့သည် အခြားအရာတစ်ခုခုကို သုတေသနပြုနေခြင်း ဖြစ်နိုင်သလို 'တံခါး' တစ်ဖက်မှာ ဘာရှိသည်ကိုလည်း ကြိုတင်သိရှိထားပုံရသည်။ ထို 'တံခါး' မှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သည့် တွမ့်ရွှမ်မင်မှာမူ သူမ မည်သည့်အခြေအနေမှာပင် ရှိနေပါစေ သူတို့အတွက် အကောင်းဆုံး စမ်းသပ်ခံပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်။

"ဖရန်ကာ"

တွမ့်ရွှမ်မင်သည် သူမ၏ ကလေးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ဒီဟင်းကို ဘယ်လိုချက်ရမလဲဆိုတာ မင်း ဘယ်လိုသိတာလဲ"

'ကြက်သားပေါင်း' ဟူသည်မှာ တွမ့်ရွှမ်မင်၏ ဖခင်က သူမကို သင်ကြားပေးခဲ့သော လက်ရာမွန် ဟင်းတစ်ခွက် ဖြစ်သည်။ မိခင်မရှိသော မိသားစုတွင် သူမသည် ဤဟင်းလျာကို ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်ခဲ့ပြီး ၎င်းမှာ သူမ၏ မောင်လေး အကြိုက်ဆုံးဟင်းလည်း ဖြစ်သည်။

"သမီး လေလံပွဲတစ်ခုကနေ ဟင်းချက်နည်းစာအုပ်တစ်အုပ် ဝယ်ခဲ့တာပါ... အဲဒါကို မစ္စတာလင်လို့ ခေါ်တဲ့ စာအုပ်ဆိုင်ပိုင်ရှင်တစ်ယောက်က ရောင်းလိုက်တာ..."

"အဲဒီစာအုပ်ကို ငါ့ကို ပြပါဦး..."

ဖရန်ကာက ခေါင်းညိတ်ပြကာ သူမ၏ အခန်းထဲမှ ဟင်းချက်နည်းစာအုပ်ကို အမြန်သွားယူလာခဲ့သည်။ ရင်းနှီးလှသော တရုတ်စာလုံးများက တွမ့်ရွှမ်မင်၏ မျက်လုံးထဲသို့ တိုးဝင်လာပြီးနောက် စာမျက်နှာများကို မြန်မြန်ဆန်ဆန် လှန်လှောကြည့်ရင်း ဆယ်စုနှစ်တစ်ခုကျော်အတွင်း သူမ၏ ပထမဆုံး အပြုံးကို ဖော်ပြလိုက်မိသည်။

"အမေ... အမေ ဒါကို နားလည်လို့လား..."

တွမ့်ရွှမ်မင်က ထိုမေးခွန်းကို ပြန်မဖြေဘဲ ဖရန်ကာကို စိုက်ကြည့်လိုက်၏။

"လင်... မစ္စတာလင် ဟုတ်လား... သူ ဘယ်မှာလဲ..."

"သမီးလည်း သေချာတော့ မသိဘူး၊ ဒါပေမဲ့ စုံစမ်းကြည့်လို့ ရပါတယ်... သူက အတော်လေး ကျော်ကြားပုံရတယ်"

ဖရန်ကာက ဇဝေဇဝါဖြင့် ပြန်ဖြေသည်။ တွမ့်ရွှမ်မင်၏ နှလုံးသားထဲတွင် မျှော်လင့်ချက် အလင်းတန်းတစ်ခု တောက်ပလာသည်။ ထိုသူသည် ဤကဲ့သို့သော စာအုပ်ကို ရောင်းနိုင်သည်ဆိုပါက သူမ သိကျွမ်းသူတစ်ဦး ဖြစ်နိုင်ပေသည်။ စူးစမ်းလေ့လာရေးအဖွဲ့တွင် 'လင်' ဟူသော မျိုးရိုးအမည်ရှိသူမှာ ပါမောက္ခ လင်မင်ဟိုင် တစ်ဦးတည်းသာ ရှိသည်။

မဟုတ်သေးဘူး... နောက်တစ်ယောက် ရှိသေးသည်။

ရုတ်တရက် တွမ့်ရွှမ်မင်သည် ဆရာကတော်၏ နူးညံ့လှသော အပြုံးနှင့် သူမ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ပွတ်သပ်နေသည့် ပုံရိပ်ကို သတိရသွားသည်။

တွမ့်ရွှမ်မင်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားရလေသည်။

ထိုမြေအောက်ကမ္ဘာထဲတွင် သန္ဓေတည်ခဲ့သော ထိုကလေးမှာ လူသား လုံးဝ မဟုတ်နိုင်ပေ။

သို့သော် သူမသည် အခြားသော ဖြစ်နိုင်ခြေတစ်ခုကို လက်မလျှော့နိုင်သေးပေ။ စာအုပ်ဆိုင်ပိုင်ရှင်မှာ မည်သူဖြစ်သည်ကို သူမ သိရန် လိုအပ်သည်။ တွမ့်ရွှမ်မင်က ဖရန်ကာဘက်သို့ လှည့်လိုက်၏။

"ငါ့ကို စာရွက်နဲ့ ဖောင်တိန်ပေးပါ... ငါ စာတစ်စောင် ရေးပေးမယ်၊ အဲဒါကို အဲဒီ မစ္စတာလင်ဆီ သမီး သွားပို့ပေးပါ..."

...

ဖရန်ကာသည် သူမ၏ အဝတ်ဗီရိုထဲတွင် ရှိသမျှထဲမှ အရိုးရှင်းဆုံးနှင့် အဈေးအနည်းဆုံး ဖြစ်မည့် ပိုးသားခြုံစောင့် တစ်ထည်ကို ဝတ်ဆင်ထားသည်။

လက်ရှိတွင် ဗဟိုခရိုင်တစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်နေပြီး ဖရန်ကာ၏ ဖခင်နှင့် အဘိုးဖြစ်သူတို့ပင် အုပ်ချုပ်ရေးဗဟိုဌာန၏ အရေးပေါ်အစည်းအဝေးသို့ ခေါ်ယူခြင်း ခံထားရသည်။ သို့သော် ဤအခြေအနေမှာ ဖရန်ကာအတွက်တော့ အခွင့်ကောင်းတစ်ခု ဖြစ်လာခဲ့သည်။

သူမသည် သာမန်လူသားတစ်ဦးအဖြစ် မွေးဖွားလာသည့် 'အားနည်းချက်' ကြောင့် တစ်သက်လုံး ဗဟိုခရိုင်၏ အပြင်ဘက်သို့ ခြေတစ်လှမ်းမျှ မချဖူးခဲ့ပေ။

ဖရန်ကာသည် သူမ၏ ရွှေရောင်ဆံပင်များကို မြင့်မြင့်လေး စည်းနှောင်လိုက်ပြီး အနီရောင် ပိုးသားခြုံစောင်ကို ဝတ်ကာ၊ မှန်တင်ခုံဘေးရှိ သူမမိခင်၏ စာနှင့် ဟင်းချက်နည်းစာအုပ်ကို ယူဆောင်လျက် ပြတင်းပေါက်မှ ခုန်ချလိုက်တော့သည်။

ရက်ပေါင်းများစွာ စုံစမ်းထောက်လှမ်းပြီးနောက်နှင့် သူမ၏ အစေခံ မိုက်ခ်ကို အကူအညီပေးရန် ဖျောင်းဖျပြီးနောက်တွင်၊ ဖရန်ကာသည် သူမ၏ မိခင်ဖြစ်သူ၏ ရူးသွပ်ဟန်ဆောင်သော ပြောင်မြောက်သည့် သရုပ်ဆောင်ချက် အကူအညီဖြင့် ကာတစ် အိမ်တော်မှ ပထမဆုံးအကြိမ် တစ်ယောက်တည်း ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမမိခင်၏ ဖွင့်ဟဝန်ခံချက်များကို နားထောင်ပြီးနောက် ဖရန်ကာသည် သူမ၏ မိခင်အကြောင်းနှင့် သူမ၏ ဇစ်မြစ်ကို ပိုမိုနားလည်လာခဲ့သည်။

သူမ၏ မိခင်မှာ မိစ္ဆာနတ်ဘုရားနှင့် ရင်ဆိုင်ရချိန်တွင်ပင် သူမ၏ လူသားဆန်မှုကို ထိန်းသိမ်းကာ စိတ်ဓာတ်ခိုင်မာစွာ ရပ်တည်ခဲ့သည့် အခြားကမ္ဘာမှ ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာအောင် ဇဝေဇဝါဖြစ်မှုများက သူမအား ကာကွယ်ရေးအခွံတစ်ခုထဲတွင် ပိတ်မိနေစေခဲ့သော်လည်း၊ သူမ၏ နေအိမ်မှ ဟင်းလျာအရသာကို မြည်းစမ်းလိုက်ရချိန်တွင် သူမ၏ ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဖခင်က သူမမိခင်ကို လက်ထပ်ခဲ့ခြင်းမှာလည်း စမ်းသပ်မှုတစ်ခုအတွက်ဖြစ်ပြီး ဖရန်ကာကိုယ်တိုင် မွေးဖွားလာရန်အတွက်ပင်...

‘ဒါပေမဲ့ ငါကရော ဘယ်လိုမျိုး စွမ်းအားတွေကို အမွေဆက်ခံထားတာလ...’

ဖရန်ကာသည် သူမ၏ ဥယျာဉ်ထဲရှိ ကုန်းမြင့်လေးကို လျင်မြန်စွာ ကျော်တက်လိုက်ပြီး အသက်ကို မနည်းရှူရင်း မိုက်ခ် စီစဉ်ပေးထားသော ယာဉ်တစ်စီးပေါ်သို့ တက်လိုက်သည်။

သို့သော် ဤယာဉ်မှာ ကိုယ်ပိုင်ယာဉ် မဟုတ်ဘဲ ဆင်းရဲသား အလုပ်သမားများဖြင့် ပြည့်နှက်နေသော ဗန်ကားတစ်စီး ဖြစ်နေသည်။

စက်ဆီနံ့များနှင့် လပေါင်းများစွာ ရေမချိုးထားသော ဆင်းရဲသားတို့၏ ကိုယ်နံ့များက ထိုကဲ့သို့သောအရာများနှင့် တစ်ခါမျှ မထိတွေ့ဖူးသည့် ဖရန်ကာကို အော့အန်လုမတတ် ဖြစ်စေသည်။ သို့သော် သူမသည် ကားပေါ်မှ ဆင်းသည်အထိ အောင့်ထားပြီး ဓာတ်တိုင်တစ်ခုကို မှီကာ အားပါးတရ အန်ထုတ်လိုက်ရတော့သည်။

သို့သော်လည်း ဖရန်ကာ (၂၃) လမ်းမသို့ ရောက်ရှိချိန်တွင် သူမ၏ အဝတ်အစားများမှာ ဤဆင်းရဲသားရပ်ကွက်နှင့် လုံးဝကို အံဝင်ခွင်ကျ မရှိလှပေ။

ဤနေရာတွင် ဆင်းရဲသားများမှာ နေရာအနှံ့ ရှိနေသည်မှာ ထင်ရှားလှသည်။ သူမ၏ ဖခင်နှင့် ဗဟိုခရိုင်မှ အထက်တန်းစားများ ပြောသမျှမှာ လိမ်ညာချက်များသာ ဖြစ်သည်။ အဇီးရှိ လူတိုင်းအတွက် ပျော်ရွှင်စရာနှင့် လှပသောကမ္ဘာ၊ သူတော်စင်များနှင့် စုန်းမများ စောင့်ရှောက်ထားသော ကမ္ဘာဆိုသည်မှာ... အမှန်စင်စစ်တွင် ဆာလောင်မွတ်သိပ်နေသော ပါးစပ်ကြီးများသာ ဖြစ်သည်။

နောက်ဆုံးတွင် ဖရန်ကာသည် စာနှင့် ဟင်းချက်နည်းစာအုပ်ကို ကိုင်ဆောင်လျက် လင်ကျဲ၏ စာအုပ်ဆိုင်သို့ ရောက်ရှိလာသည်။

ဟောင်းနွမ်းပျက်စီးနေသော ထိုစာအုပ်ဆိုင်မှာ တစ်လမ်းလုံးတွင် အခန့်ညားဆုံး ဆိုင်တစ်ဆိုင် ဖြစ်နေသည်။ ဖရန်ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး နဖူးမှ ချွေးများကို သုတ်ကာ အတွင်းသို့ ဝင်လိုက်သည်။

...

ချွင်... ချွင်...

ဂျိုးဇက်သည် ဆင်းရဲသားရပ်ကွက်မှ ကလေးများ ပေးသည်ဆိုကာ ကြောင်ရုပ်ပုံစံ ခေါင်းလောင်းလေးတစ်ခုကို စာအုပ်ဆိုင်တံခါးတွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။ လေတိုးတိုင်း ၎င်းက သာယာသော အသံလေးကို မြည်စေသည်။

သို့သော် တကယ်တမ်းတွင်မူ စာအုပ်ဆိုင်သို့ ဖောက်သည် အဝင်နည်းလှသော်လည်း ထိုခေါင်းလောင်းလေးမှာ နေ့တိုင်း တချွင်ချွင်နှင့် မြည်နေတတ်ရာ ဆူညံသလို ဖြစ်နေပြီး စိတ်အနှောင့်အယှက်ပင် အနည်းငယ် ဖြစ်ရသည်။

လင်ကျဲမှာ ဂျိုးဇက်အား ထိုခေါင်းလောင်းကို လွှင့်ပစ်ရန် ပြောချင်နေသော်လည်း ထိုသန်မာထွားကြိုင်းသော ခန္ဓာကိုယ်အောက်မှ လှပသော စိတ်ထားလေးကို သူ မဝေဖန်ရက်ပေ။

"မင်္ဂလာပါ"

ဖရန်ကာက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ကျွန်မ မစ္စတာလင်ကို ရှာနေတာပါ"

ထိုအခါမှ လင်ကျဲသည် တံခါးမြည်သံမှာ လေကြောင့်မဟုတ်ဘဲ တကယ့်ဖောက်သည်တစ်ဦးကြောင့် ဖြစ်ကြောင်း သိလိုက်ရသည်။

‘နောက်ဆုံးတော့ ငါ့ဆီ ဖောက်သည် နောက်တစ်ယောက် ရောက်လာပြီပဲ...’

သူ့ရှေ့တွင် ရပ်နေသည်မှာ ဖရိုဖရဲ ဖြစ်နေပြီး ချွေးများ ရွှဲနစ်နေသော မိန်းကလေးတစ်ဦး ဖြစ်သော်လည်း သူမ၏ ဝတ်စားဆင်ယင်မှုမှာ အတော်လေး အဆင့်မြင့်လှသည်။ သူမ၏ သားရေဖိနပ်လေးမှာ ရွှံ့များ ပေနေပြီး ၎င်းမှာ လမ်းလျှောက်ရန် ရည်ရွယ်ထားသော ဖိနပ်မျိုး မဟုတ်သည်မှာ ထင်ရှားသည်။

‘ဒါကတော့ အိမ်က ခိုးထွက်လာတဲ့ သူဌေးသမီးလေးပဲ ဖြစ်ရမယ်...’

လင်ကျဲသည် ကျိကျစ်ရှို့နှင့် ချယ်ရီတို့ကို ပြန်လည် အမှတ်ရရင်း၊ သူသည် အစကတည်းက ထူးထူးခြားခြား ဖောက်သည်များ ရောက်ရှိလာသည့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ထားမိပြီဟု တွေးကာ ပြုံးလိုက်မိသည်။

သူသည် ပုံမှန်အတိုင်း လုပ်ငန်းသဘောအရ ပြုံးပြလိုက်ရင်း လက်ပိုက်ကာ မေးစေ့ကို ပွတ်သပ်လိုက်သည်။

"အဲဒါ ကျွန်တော်ပါပဲ... ကျွန်တော့်နာမည် လင်ကျဲပါ... ဘာကူညီပေးရမလဲ သူငယ်ချင်းလေး"

ဖရန်ကာ၏ မျက်နှာမှာ ချက်ချင်းပင် အပြုံးများဖြင့် လင်းလက်သွားပြီး တစ်ကိုယ်လုံး စိတ်အေးသွားရသည်။

ဖောက်သည်ရောက်လာသည်ဟု ကြားသည်နှင့် ဂျိုးဇက်သည် မြေအောက်ခန်းမှ ထွက်လာသည်။ သူသည် ဖရန်ကာကို အတိတ်က အခမ်းအနားတစ်ခုတွင် မြင်ဖူးသော်လည်း သူတို့နှစ်ဦးစလုံးမှာ ထိုအကြောင်းကို လုံးဝ မေ့လျောက်နေကြပြီ ဖြစ်သည်။

"မစ္စတာလင်... ကျွန်မ ဒီစာအုပ်ကို မမ ကျိကျစ်ရှို့ရဲ့ လေလံပွဲကနေ ဝယ်ခဲ့တာပါ"

ဖရန်ကာသည် 'အိမ်ချက်ဟင်းလျာ ၁၀၀၀' စာအုပ်ကို ထုတ်လိုက်သည်။

ဂျိုးဇက်မှာ မှင်တက်သွားရ၏။

‘ဒီမိန်းကလေးက... ဒီစာအုပ်ကို တကယ် ရခဲ့တာလား...’

သူသည် ထိုစာအုပ်၏ ခေါင်းစဉ်ကို အသေအချာ မြင်လိုက်ရသည်။

'သွေးဖြင့် ယဇ်ပူဇော်ခြင်း'

"ဒီစာအုပ်ပါ၊ 'အိမ်ချက်ဟင်းလျာ ၁၀၀၀' တဲ့... အထဲမှာ ကျွန်မ သိပ်နားမလည်တဲ့ ချက်နည်းတွေ အများကြီး ရှိနေလို့ပါ"

ဖရန်ကာက သူမ၏ မျက်နှာပေါ်မှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူမက မိခင်ဖြစ်သူ ပေးလိုက်သည့် စာကိုပါ လင်ကျဲထံ ကမ်းပေးလိုက်၏။

“ဒါက ကျွန်မ အမေက မစ္စတာလင်ဆီ ပေးခိုင်းလိုက်တာပါ...”

ဂျိုးဇက် - “...”

စာအုပ်ဆိုင်အတွင်း၌ တိတ်ဆိတ်မှုက စိုးမိုးသွားသည်။ လင်ကျဲသည် ဂျိုးဇက်၏ လက်ချောင်းများ တုန်ယင်နေသည်ကို သတိပြုမိသော်လည်း လျစ်လျူရှုထားလိုက်သည်။ သူသည် စာအိတ်ပေါ်တွင် တွားသွားနေသော အနက်ရောင်အရိပ်နှင့် အိပ်မက်ဘုံမှ တိုးဝှေ့လာသော အီသာစွမ်းအင်များကို အာရုံမပြုဘဲ စာသားများကိုသာ စူးစိုက်ဖတ်နေမိသည်။

စာထဲတွင် ရေးသားထားသော 'တွမ့်ရွှမ်မင်' ဆိုသည့် အမည်မှာ သူ ဤကမ္ဘာသို့ မရောက်ရှိမီ ဖခင်၏ ဈာပနတွင် တွေ့ခဲ့ရသော ရှန်တူး ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး၏ အစ်မဖြစ်သူပင်။ သူမသည် ဖခင်၏ မှတ်တမ်းစာအုပ်ထဲတွင်လည်း ပါရှိခဲ့ဖူးသည်။ သူမသည် မသေဆုံးခဲ့ဘဲ... သူ၏ မွေးဖွားခြင်းကို မျက်မြင်တွေ့ရှိခဲ့သူ ဖြစ်နေသည်။

လင်ကျဲသည် စာ၏ နောက်ဆုံးစာကြောင်းများကို ထပ်ခါတလဲလဲ ဖတ်နေမိသည်။

"တကယ် အဲဒီကလေးက မင်းသာဆိုရင်... မင်း ငါ့ကို ဝါးမြိုမှာလား"

All Chapters