← Chapters

အခန်း (၅၁၅-၅၁၆)

Vol. 37 Ch. 515-516

အခန်း (၅၁၅-၅၁၆)

Vol. 37 Ch. 515-516

အပိုင်း(၅၁၅)

"ဘာတွေ ဖြစ်ကုန်တာလဲ..."

ဘာရ်သည် သစ်ပင်စည်ကြီးကို အားပြုကာ ရပ်တန့်လိုက်ရ၏။ ဖြူစင်တောက်ပနေသော ထိုနေရာလွတ်ကြီးမှာ ဘီလူးကြီးတစ်ကောင်၏ နင်းခြေခြင်းကို ခံလိုက်ရသည့်နှယ် အစအနမကျန် ပျက်စီးတော့မည့်ဟန် ပေါ်နေသည်။

ဘာရ်၏ မျက်လုံးများ ပြူးကျယ်သွားရပြန်သည်။ သူတို့ရှိရာအနီးရှိ ဟင်းလင်းပြင်သည် အဝတ်စုတ်တစ်ခုကဲ့သို့ ဆွဲဖြဲခြင်း ခံလိုက်ရပြီး အနီရောင်မျက်လုံးကြီးတစ်လုံးက ထိုအက်ကြောင်းထဲမှ သူတို့ကို သေလူများသဖွယ် စူးစိုက်ကြည့်နေလေသည်။

"အိပ်မက်သားရဲ..."

ဘာရ်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ဝူး...

စေးကပ်လှသော သွေးရောင်အချွဲများ ဖုံးလွှမ်းနေသည့် သားရဲကြီးတစ်ကောင်သည် အက်ကြောင်းထဲမှ ထွက်ပေါ်လာသည်။ လောကကြီး၏ ပျော်ရွှင်မှုနှင့် အလှတရားအားလုံးကို ဝါးမြိုဖျက်ဆီးပြီး စိတ်ပျက်အားငယ်မှုထဲသို့ တွန်းပို့နိုင်သော အိပ်မက်ဘုံမှ သားရဲကြီးပင် ဖြစ်၏။

ပထမတစ်ကောင်... ဒုတိယတစ်ကောင်...

ထို့နောက်... နောက်ထပ် များစွာသော အိပ်မက်သားရဲတို့သည် တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက် ထွက်ပေါ်လာကြသည်။ ဤသည်မှာ တရားစီရင်ရေးဗျူရို အဖွဲ့ဝင်များ တစ်ခါမျှ စိတ်ကူးမယဉ်ဖူးသော မြင်ကွင်းမျိုး ဖြစ်သည်။

ဘာရ်မှာ တုန်လှုပ်ချောက်ချားနေ၏။ သူ လက်ကိုမြှောက်၍ အိပ်မက်သားရဲများကို တားဆီးရန် ကြိုးစားသော်လည်း အရေအတွက်မှာ များပြားလွန်းလှသည်။ အိပ်မက်သားရဲများကဲ့သို့ ညစ်ညမ်းသော သတ္တဝါများက 'သစ်ပင်စုန်းမကြီး' အိပ်စက်ရာ နေရာကို မည်သို့ ရောက်ရှိလာနိုင်သနည်း။ သူ ဗဲလေ့စ်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။

"ကျွန်တော့်ကြောင့် မဟုတ်ဘူးနော်..."

ဗဲလေ့စ်က ပျာပျာသလဲ ငြင်းဆိုသည်။

"ဒီသတ္တဝါတွေက အိပ်မက်ဘုံမှာပဲ ရှိတာ... စာအုပ်ဆိုင်ပိုင်ရှင် တစ်ယောက်ပဲ ဒီလိုမျိုး လုပ်နိုင်တာ..."

ဘာရ်သည် ဖန်လုံးကို အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။ မိုက်ကယ်မှာ အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လင်းကျဲက သူ့ကို ဂိမ်းတစ်ခုကဲ့သို့ ကစားနေကာ တရားစီရင်ရေးဗျူရို၏ အကျပ်အတည်းကို ဂရုမစိုက်သကဲ့သို့ ရှိနေသည်။

‘ဒါဆို ဘယ်သူက ဒီအိပ်မက်သားရဲတွေကို လွှတ်လိုက်တာလဲ...’

ဘာရ်မှာ အံ့သြနေမိသော်လည်း ယခုအချိန်၌ ထိုကိစ္စကို စဉ်းစားနေရန် အချိန်မရှိတော့ပေ။

ရုတ်တရက် ပေါ်လာသော အိပ်မက်သားရဲများကြောင့် ဗဟိုစီမံခန့်ခွဲရေးဌာနမှ အဖွဲ့ဝင်များမှာ ဖရိုဖရဲ ဖြစ်ကုန်ကြသည်။ သူတို့သည် နော်ဇင်မြို့တစ်ခုလုံးကို ထိန်းချုပ်ကာ လူသားမျိုးနွယ်ကို ကယ်တင်နေသူများအဖြစ် ဟန်ဆောင်ထားသော်လည်း အမှန်စင်စစ်တွင်မူ အသုံးမကျသော တော်ဝင်မျိုးနွယ်မျိုးနွယ်များသာ ဖြစ်ကြသည်။ သူတို့ထဲမှ အခရာအဆင့် အရေအတွက်မှာ မီးလျှံဓားလမ်းစဉ်အဖွဲ့၏ အောက်၌ပင် ရှိနေသည်။

ဘာရ်သည် သစ်ပင်၏ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ အသုံးချနိုင်သည်။ သူက လက်ကို ဝေ့ယမ်းလိုက်ရာ မြောက်မြားစွာသော နွယ်ပင်တို့ ပေါ်ထွက်လာပြီး ချဉ်းကပ်လာသော အိပ်မက်သားရဲများကို ရစ်ပတ်တားဆီးလိုက်သည်။

ဗဲလေ့စ်က နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး လေထဲတွင် ဂါထာမန္တန်များကို ရေးဆွဲလိုက်ရာ အနက်ရောင် အရိပ်များ ပေါ်ထွက်လာပြီး လျှို့ဝှက်ဓမ္မထုံးတမ်းမျှော်စင်မှ သေဆုံးသွားသော စစ်သည်တော်များ၏ ပုံရိပ်များ ပေါ်လာသည်။

ထိုစစ်သည်တို့မှာ ဖြူရော်သော မျက်နှာများဖြင့် သေလူများ ဖြစ်နေကြသည်မှာ ထင်ရှားလှ၏။ ဗဲလေ့စ်၏ အမိန့်ပေးမှုနှင့်အတူ ထိုအလောင်းကောင် စစ်တပ်မှာ အိပ်မက်သားရဲများကို တားဆီးရန် တစ်ခါသုံးကိရိယာများသဖွယ် ရှေ့သို့ တိုးထွက်သွားကြသည်။

"ဒါက ဘာလဲ"

အဂ္ဂါသယ်က ဗဲလေ့စ်ကို မျက်မှောင်ကြုတ်၍ ကြည့်ရင်း မေးလိုက်သည်။ ဤအောက်လမ်းမှော်ဆရာသည် လျှို့ဝှက်ဓမ္မထုံးတမ်းမျှော်စင်၏ သေဆုံးသွားသော သူရဲကောင်းများကိုပင် သူ၏ ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲထားခြင်းပင်။

"မင်းက တကယ်ပဲ ယုတ်မာတာပဲ..."

အဂ္ဂါသယ်က ကဲ့ရဲ့ရင်း အိပ်မက်သားရဲတစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ဗဲလေ့စ်က မောက်မာစွာ တုံ့ပြန်သည်။

"ငါ့ခန္ဓာကိုယ်ကို လေ့လာနေတုန်းမှာ ရုပ်သေးအတတ်ကိုလည်း လေ့လာခဲ့တာ၊ ဒါကြောင့် ရှိတာလေးနဲ့ အကောင်းဆုံး အသုံးချလိုက်ရတာပဲ..."

တိုက်ပွဲကြောင့် မေလီဆာသည် သတိဝင်လာပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းကို မြင်လိုက်ရသည်။ မူလက ဖြူစင်တောက်ပနေသော မြေအောက်နေရာကြီးမှာ ယခုအခါ အိပ်မက်သားရဲများနှင့် ဖုတ်ကောင် စစ်တပ်တို့ ပြည့်နှက်နေသည့် ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေပြီ။

ဖုတ်ကောင် စစ်တပ်ထဲတွင် ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသောအခါ သူမ ပို၍ပင် တုန်လှုပ်သွားရသည်။ (၆၇) လမ်းမပေါ်က တိုက်ပွဲတွင် သူမကို ကာကွယ်ပေးခဲ့သည့် ရဲဘော်ရဲဘက်များပင် ပါဝင်နေသည်။ သူတို့ကို မြှုပ်နှံ သင်္ဂြိုဟ်ပြီးပြီ မဟုတ်ပါလား။

"ဒါ... ဒါက ဘယ်လိုဖြစ်ရတာလဲ... ဗဲလေ့စ်..."

မေလီဆာ၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်လာသည်။

"နင်... နင့်လို ကောင်မျိုးကို ငါ သတ်ပစ်မယ်..."

မေလီဆာ၏ ဟစ်အော်သံကို ကြားသောအခါ ဗဲလေ့စ်မှာ အံ့သြသွားပြီး သူမကို ဦးနှောက်ဆေးခဲ့သော တရားစီရင်ရေးဗျူရို အဖွဲ့ဝင်ကို လှည့်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ၊ သူက အရာအားလုံးကို မေ့သွားပြီး ငါတို့ရဲ့ ခွေးတစ်ကောင်လို ဖြစ်နေရမှာ မဟုတ်ဘူးလား"

သူက မေးလိုက်သည်။

အမေးခံရသူသည်လည်း အံ့သြနေမိ၏။ သူသည် မေလီဆာကို ဦးနှောက်ဆေးခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ထိုသို့ပြုလုပ်နေစဉ်အတွင်း မေလီဆာသည် 'သစ်ပင်စုန်းမကြီး' ၏ မျက်လုံးများကို စိုက်ကြည့်နေခဲ့သဖြင့် ဦးနှောက်ဆေးခြင်းမှ လွတ်မြောက်သွားခဲ့သည်ကို သူ မသိရှိခဲ့ပေ။

"ဗဲလေ့စ်... နင့်လို အောက်တန်းစား ယုတ်မာတဲ့ကောင်..."

မေလီဆာက ကျိန်ဆဲလိုက်သည်။

မေလီဆာ၏ အခြေအနေကို မြင်သောအခါ ဗဲလေ့စ်က လှောင်ပြုံးပြုံးရင်း သူမထံသို့ လျှောက်လာ၏။

"မင်းရဲ့ အမေကိုတောင် ငါက ရုပ်သေးရုပ် လုပ်ထားတာ၊ သူ့ကို မြင်ချင်သေးလား"

မေလီဆာမှာ အတိုင်းအထက်အလွန် ထိတ်လန့်တုန်လှုပ်သွားရ၏။ အကယ်၍ အကြည့်ဖြင့် သတ်ဖြတ်လို့ရလျှင် ဗဲလေ့စ်ကို သူမ အစိမ်းလိုက် ဝါးစားမိမှာ အမှန်ပင်။

"ထားလိုက်ပါတော့၊ နင့်လို အယုတ်တမာလေး... ဦးနှောက်ဆေးလို့ မရမှတော့ သတ်ပစ်လိုက်တာပဲ ကောင်းပါတယ်"

ဗဲလေ့စ်က ဆိုလိုက်ရင်း လက်ကိုမြှောက်၍ သူ၏လက်ဖဝါးတွင် အောက်လမ်းမှော်အစွမ်းများကို စုစည်းလိုက်လေသည်။

ဂျောက်...

မြေအောက်ဟင်းလင်းပြင် တစ်ခုလုံးတွင် အသံတစ်သံ ပဲ့တင်ထပ်သွား၏။ ဘာရ်နှင့် ကျန်သူများသည် ပြောင်းပြန်သစ်ပင်တွင် တွဲလောင်းကျနေသော အသီးထံသို့ အလိုအလျောက် လှည့်ကြည့်လိုက်ကြ၏။ ထိုအသီးမှာ မှည့်ဝင်းနေပြီ ဖြစ်သည့်အပြင် အက်ကြောင်းများပင် စတင်ပေါ်ပေါက်နေပြီ ဖြစ်သည်။

ပြောင်းပြန်သစ်ပင်၏ အောက်ခြေရှိ ထိုအသီးမှာ နှစ်ပေါင်းထောင်ချီ၍ တည်ရှိခဲ့ဟန်တူပြီး အထဲ၌ လဲလျောင်းနေသော မိန်းကလေးမှာလည်း နှစ်တစ်ထောင်တိုင် အိပ်စက်နေခဲ့ခြင်း ဖြစ်သည်။ သူမသည် နော်ဇင်မြို့၏ အဓိကမဏ္ဍိုင်ဖြစ်သလို၊ ဤသံမဏိမြို့တော်ကြီးတစ်ခုလုံးကို စောင့်ရှောက်နေသော အရှင်သခင်မလည်း ဖြစ်၏။

တရားစီရင်ရေးဗျူရို၏ အာဏာအရှိဆုံး ခေါင်းဆောင် ဘာရ်သည် ငယ်စဉ်ကတည်းက ဤသစ်ပင်ကြီးကို စောင့်ရှောက်ရန် တာဝန်ပေးခြင်း ခံခဲ့ရသည်။ သို့သော်လည်း အမှန်စင်စစ်တွင် ထိုသစ်ပင်ကြီးမှာ မည်သူ့စောင့်ရှောက်မှုကိုမျှ လိုအပ်ခြင်းမရှိကြောင်း သူ သိရှိခဲ့၏။

နှစ်ပေါင်းတစ်ထောင်ကျော် စောင့်စားခဲ့ပြီးနောက် ဘာရ်သည် သူ၏ အခန်းကဏ္ဍမှာ 'သော့' တစ်ခုမျှသာဖြစ်ကြောင်း နားလည်ခဲ့သည်။ အသီးအတွင်း၌ ရှိနေသော မိန်းကလေး တစ်နည်းအားဖြင့် သစ်ပင်များ၏ စုန်းမကြီး 'ဖရက်ဆီးနပ်စ်' ကို နိုးထစေရန် အသုံးပြုရမည့် သော့တစ်ချောင်းပင်။

ဘာရ်သည် ထိုသော့ကို ပိုင်ဆိုင်ထားသော်လည်း တစ်ခါမျှ အသုံးမပြုခဲ့ဖူးပေ။ သို့သော် ယခုအခါ၌မူ သစ်ပင်များ၏ စုန်းမကြီးသည် သူမ၏ အခွံကို ခွဲထွက်လာခဲ့ပြီ ဖြစ်သည်။

ဘာရ်ကို လူကောင်းတစ်ယောက်ဟု မဆိုနိုင်သော်လည်း သူသည် နှစ်ပေါင်းတစ်ထောင်ကျော်တိုင် စုန်းမကြီးကို စောင့်ရှောက်လာခဲ့သူပီပီ စိတ်ခံစားမှုအချို့ ရှိနေခဲ့သည်။ ထိုခံစားချက်များထဲတွင် 'ကြောက်ရွံ့မှု' မှာ အကြီးမားဆုံးသော အစိတ်အပိုင်းဖြစ်၏။ ကိုယ်ခန္ဓာ အနည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် နော်ဇင်မြို့တစ်ခုလုံးကို တုန်ခါသွားစေနိုင်သော ထိုစုန်းမကြီး နိုးထလာတော့မည့် အခြင်းအရာကြောင့် ဘာရ်၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

သူက ကျန်ရှိနေသူများအားလုံးကို လက်ညှိုးငေါ့ငေါ့ထိုးလျက် ကျိန်ဆဲလိုက်၏။

"မင်းတို့လို အောက်တန်းစားတွေ... ဖရက်ဆီးနပ်စ်ကို နှောင့်ယှက်တဲ့အတွက် မင်းတို့အားလုံး ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရစေရမယ်"

“...”

အားလုံးမှာ ကြောင်တောင်တောင်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။ ဘာရ်၏ မျက်နှာမှာ စုန်းမကြီး၏ အပြစ်ပေးမှုကို ကြောက်ရွံ့နေသည့်နှယ် တုန်လှုပ်ချောက်ချားနေ၏။ သူသည် အသီးရှိရာသို့ အမြန်ပြေးသွားပြီး အသီးကို ကျောခိုင်းကာ ကျန်ရှိနေသူများကို ပြစ်တင်ရှုံ့ချနေလေသည်။

မေလီဆာမှာမူ ထိုအသီးကို အံ့သြစွာ ကြည့်နေမိသည်။ အသီးထဲရှိ မိန်းကလေး၏ ပြုံးယောင်သန်းနေသော မျက်နှာကို သူမ မှတ်မိနေပြီး ထိုသူမှာ လူဆိုးတစ်ယောက် မဖြစ်နိုင်ဟု သူမ ခံစားနေရ၏။

ထိုစဉ် အက်ကွဲသွားသော အသီးအတွင်းမှ စိမ်းဖန့်ဖန့် လက်တစ်ဖက် ထွက်ပေါ်လာသည်။ ထိုလက်မှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့ဖြူစင်နေ၏။ အားလုံးက ထိုမိန်းကလေး၏ လှုပ်ရှားမှုများကို အသက်ရှူအောင့်၍ စိုက်ကြည့်နေကြသည်။

အသီးခွံမှာ အားနှင့် ခွဲထုတ်ခြင်း ခံလိုက်ရပြီး အတွင်းရှိ မိန်းကလေးမှာ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။ သူမ၏ အသားအရေမှာ အစိမ်းနုရောင် သန်းနေပြီး ဆံပင်များမှာ လေထဲတွင် လွင့်မျောနေသော သစ်ရွက်များနှယ် ရှိ၏။ အပြစ်ဆိုဖွယ်မရှိသော သူမ၏ ကိုယ်ခန္ဓာမှာ ပြောင်းပြန်သစ်ပင်ကြီး၏ အသက်ဓာတ်များ ပြည့်နှက်နေဟန် တူလေသည်။

"နတ်ဘုရားမ..."

ဘာရ်သည် ဖရက်ဆီးနပ်စ်ကို အံ့သြမှင်တက်စွာ ငေးကြည့်နေမိသည်။ ထို့နောက် ရုတ်တရက် ဒူးထောက်ချလိုက်ရာ မြေပြင်နှင့် ဒူးနှင့် ရိုက်မိသံမှာ နာကျင်ဖွယ်ကောင်းလှ၏။ ဘား၏ တွန့်လိမ်နေသော မျက်နှာအိုကြီးတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

"အရှင် နိုးထလာပြီပဲ... အရှင် နတ်ဘုရားမ..."

ဘာရ်၏ အပြုအမူကို မြင်သောအခါ ကျန်သူများကလည်း ချက်ချင်းပင် ဒူးထောက်လျက် "နတ်ဘုရားမ" ဟု တညီတညွတ်တည်း ဟစ်အော်ပူဇော်ကြကုန်၏။

ဖရက်ဆီးနပ်စ်သည် ထိုအသံများကို ကြားသောအခါ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ ဖြူစင်သော နှင်းပွင့်များကဲ့သို့ ဖြူလွလွ ဖြစ်နေ၏။

ဘာရ်သည် ထိုဖြူဆွတ်နေသော မျက်ဝန်းများကို မြင်သောအခါ တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားလိုက်ရသည်။ ဒဏ္ဍာရီများထဲ၌ သစ်ပင်များ၏ စုန်းမကြီး ဖရက်ဆီးနပ်စ်တွင် စိမ်းလန်းသော မျက်ဝန်းများ ရှိသည်ဟု သူ ကြားဖူးသော်လည်း မည်သည့်နေရာတွင် ကြားဖူးမှန်း သူ မမှတ်မိတော့ပေ။ သူ ခေါင်းကို ရိုသေစွာ ငုံ့လိုက်၏။ စုန်းမကြီး၏ မျက်လုံးများကို တည့်တည့်မကြည့်ဝံ့တော့ချေ။

"ခစ်... ခစ်... “

ဖရက်ဆီးနပ်စ်က ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ရာ သူမ၏ သာယာကြည်လင်သော ရယ်သံမှာ ပတ်ဝန်းကျင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။

ဘာရ်မှာ တုန်တုန်ရီရီ ဖြစ်သွားရ၏။ ထို့နောက် ဖရက်ဆီးနပ်စ်၏ ဆက်လက်ပြောကြားလိုက်သော စကားသံကို သူ ကြားလိုက်ရသည်။

"ဒါနဲ့... မင်းတို့ လူသားတွေက သစ်ပင်တစ်ပင်ကို တကယ်ပဲ ဒူးထောက်ကိုးကွယ်နေကြတာကိုး..."

ဘားသည် အလိုအလျောက် ခေါင်းမော့ကြည့်လိုက်ရာ သစ်ပင်များ၏ စုန်းမကြီး ဖရက်ဆီးနပ်စ်၏ ဖြူရော်သော အသားအရေပေါ်တွင် သွေးရောင်များ စတင်ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော သွေးကြောများသည် ရုတ်တရက် ဖောင်းကားလာပြီး တီကောင်များနှယ် ဖြစ်လာ၏။

"အရှင်မ..."

ဘာရ်က အော်ဟစ်လိုက်သော်လည်း စကားပင် မဆုံးသေးမီ စုန်းမကြီးက ပြုံးလိုက်သည်။ ထိုစဉ် သဘာဝတရား၏ မြေနံ့သင်းပျံ့နေသော သစ်ကိုင်းများသည် သွေးစွန်းနေသော နှာမောင်းများအဖြစ် ပြောင်းလဲသွားပြီး စကားပြောရန် ဟနေသော ဘာရ်၏ ပါးစပ်အတွင်းသို့ အတင်းအကျပ် တိုးဝင်သွားလေတော့သည်။

***

အပိုင်း(၅၁၆)

နှာမောင်းကြီးများသည် ဘာရ်၏ အသားအရေကို ကပ်တွယ်လျက် မျက်နှာပေါ်ရှိ အပေါက်များမှတစ်ဆင့် အတွင်းသို့ တိုးဝင်ကြ၏။ တစ်လက်မချင်းစီ တိုးဝင်ရင်း အရေပြားအောက်၊ ကလီစာများနှင့် နောက်ဆုံးတွင် ဦးနှောက်အတွင်းအထိ ချဉ်းကပ်သွားကြသည်။

ဘာရ်သည် သူ၏ ကိုယ်ပိုင်နယ်ပယ်၏ နိယာမကို အပြည့်အဝ နားမလည်သေးသော်လည်း အခရာအဆင့် ထူးကဲစွမ်းအားရှင် တစ်ဦးဖြစ်၏။ သို့သော် ခဏချင်းအတွင်းမှာပင် သူသည် ဖောင်းကားနေသော အသားအိတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုနှာမောင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။ နှာမောင်းများ ပြန်လည်လွတ်လိုက်သောအခါ ဘာရ်၏ ခန္ဓာကိုယ်မှာ လူသားအရေခွံသက်သက်အဖြစ် မြေပြင်ပေါ်သို့ ပုံလျက်သား ကျသွားလေတော့သည်။

တရားစီရင်ရေးဗျူရို အဖွဲ့ဝင်များမှာ ထိတ်လန့်တကြား အော်ဟစ်နေကြ၏။ ဤသည်မှာ သူတို့ ကိုးကွယ်ခဲ့သော မဟာကရုဏာရှင် စုန်းမကြီး ဖရက်ဆီးနပ်စ် မဟုတ်တော့ပေ။

လှပသော စုန်းမကြီး၏ အရေပြားအောက်မှ သွေးကြောများသည် ဆက်လက်ကြီးထွားလာပြီး နောက်ဆုံးတွင် အခွံကို ဖောက်ထွက်လာကြသည်။ သူမ၏ အပြစ်ဆိုဖွယ်မရှိသော ကိုယ်ခန္ဓာမှာ တစ်စုံတစ်ယောက်သော မိစ္ဆာကောင်၏ ဆွဲဖြဲခြင်းကို ခံလိုက်ရသည့်နှယ် ဒဏ်ရာပေါင်းများစွာမှ သွေးများ ပန်းထွက်နေသည်။

စုန်းမကြီး၏ မျက်ဝန်းများသည် အာရုံလွင့်စင်သွားပြီး အစိမ်းရောင်သို့ ပြန်လည်ပြောင်းလဲသွားသည်။ သူမ၏ လက်များသည် ဝမ်းဗိုက်အတွင်း မြုပ်ဝင်နေသော သစ်ကိုင်းခန့် ထူထဲသည့် ပြွန်ကြီးတစ်ခုကို ဆွဲထုတ်လိုက်ရာ ကြီးမားသော အပေါက်ကြီးတစ်ခု ပေါ်လာပြီး ကလီစာများမှာ အပြင်သို့ လျှံကျလာလေသည်။

အတွင်းမှ လက်အသစ်တစ်စုံ ထွက်ပေါ်လာပြီး ထိုအပေါက်ကြီးကို ထပ်မံဆွဲဖြဲလိုက်ရာ သစ်ပင်များ၏ စုန်းမကြီးမှာ တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားလေတော့သည်။

မျက်စိတစ်ဆုံး ရှိနေသော ပြောင်းပြန်သစ်ပင်ကြီးမှာ သွေးသံရဲရဲဖြင့် ကြောက်မက်ဖွယ်ကောင်းသော သားရဲမိစ္ဆာကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

ဖရက်ဆီးနပ်စ်၏ ရုပ်ခန္ဓာကို ဆွဲဖြဲပြီးနောက် ကိုယ်ခန္ဓာအသစ် ထွက်ပေါ်မလာဘဲ ပြောင်းပြန်သစ်ပင်ကြီး တစ်ခုလုံးကသာ ထိုမိစ္ဆာ၏ ခန္ဓာကိုယ် ဖြစ်လာလေသည်။

တရားစီရင်ရေးဗျူရိုအတွင်းရှိ အခရာအဆင့် မရောက်သေးသော အဖွဲ့ဝင်များမှာ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြပြီး ကျန်ရှိသူများမှာလည်း လုံးဝဥဿုံ စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွားကြ၏။

နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိပြီး လင်ကျဲ၏ ကျိန်စာသင့်ခြင်းကို ခံခဲ့ရဖူးသူ ဗဲလေ့စ် မှာမူ မရပ်မနား တုန်ရီနေလေသည်။ သူ၏ မျက်နှာနှင့် နှုတ်ခမ်းများမှာ ဖြူလျော်နေပြီး အားနည်းနေသော ခြေထောက်များမှာလည်း အချိန်မရွေး ခွေကျသွားနိုင်သည့် အနေအထားတွင် ရှိနေသည်။ သူသည် ငိုသံပါကြီးဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။

"စုန်းမကြီး... ဆစ်ဗာ..."

...

(၂၃) လမ်းမ။

မိုက်ကယ်သည် အလင်းဒြပ်စင်၏ ကိုယ်ပွားဖြစ်သည့်အတွက် သူ့ကိုယ်သူ အလင်းဟူ၍ပင် ဆိုနိုင်သည်။ တစ်နည်းအားဖြင့် သူသည် သက်စောင့် စုန်းမကြီး၊ ညည့်ဦးယံ စုန်းမကြီးတို့ကဲ့သို့ နိယာမများ၏ ကိုယ်စားလှယ်ဖြစ်ပြီး သူတို့နှင့် အဆင့်အတန်း တူညီသည်ဟု ဆိုရမည်။

အလင်းဒြပ်စင်ကို ထိန်းချုပ်ထားသော အရှင် မိုက်ကယ်သည် ယခုအခါ သူ၏ အိပ်မက်များကို လုံးဝစွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ သို့သော် သူ မသေဆုံးမီ လင်ကျဲကို ပျော်ရွှင်ခွင့် မပေးလိုပေ။ နော်ဇင်မြို့ကြီး ပျက်စီးသွားရမည် ဆိုလျှင်ပင် သူ ဂရုမစိုက်တော့။

မိုက်ကယ်သည် နေမင်းထံမှ အလင်းများကို စုပ်ယူရင်း သူ၏ မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲကာ ခန္ဓာကိုယ်ကို ချဲ့ထွင်လိုက်သည်။ သူသည် သူ့ကိုယ်သူ နေမင်းဟူ၍ မကြာခဏ ခေါ်ဝေါ်လေ့ရှိသော်လည်း အစစ်အမှန် နေမင်းကား မဟုတ်ပေ။ သို့သော် ယနေ့တွင်မူ သူ စမ်းသပ်ကြည့်ချင်နေသည်။

သူသည် နေမင်း၏ အလင်းရောင်အားလုံးကို စုပ်ယူပြီး နော်ဇင်မြို့ကို အစအနမကျန် ဖျက်ဆီးပစ်လို၏။

ဟူး... ဟူး...

သူ၏ ကြီးမားလာသော ခန္ဓာကိုယ်ကြီးမှာ အလွန်တောက်ပသော အလင်းတုံးကြီးအဖြစ် ပြောင်းလဲသွားရာ လင်ကျဲပင် မျက်မှောင် အနည်းငယ် ကြုတ်သွားရသည်။ လင်ကျဲမှာလည်း သူ၏ နဂါးခန္ဓာကိုယ်ကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရန် လိုအပ်သဖြင့် မိုက်ကယ်အား နေရောင်ခြည်စုပ်ယူရန် အချိန်အနည်းငယ် ပေးထားလိုက်သည်။

"ဒီလောက်ဆို တော်လောက်ပြီ..."

လင်ကျဲက လှောင်ပြုံးပြုံးရင်း လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ နေမင်း၏ အလင်းရောင်အားလုံး ကွယ်ပျောက်သွားလေသည်။ အလင်းစုပ်ယူမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး နော်ဇင်မြို့တစ်ခုလုံးမှာ မှောင်အတိ ကျသွားတော့၏။

မိုက်ကယ် တုန်လှုပ်သွားခဲ့၏။ လင်ကျဲသည် လက်ကလေး မြှောက်လိုက်ရုံမျှဖြင့် နေမင်းကို ကွယ်ကာပြီး နော်ဇင်မြို့ကို ဖုံးကွယ်နိုင်စွမ်း ရှိနေပေသည်။

"မင်းလုပ်ချင်တာ ဒါလား..."

လင်ကျဲက အေးစက်စွာ ပြုံးလိုက်သည်။

"နော်ဇင်မြို့ကို ထာဝရအမှောင်ထုထဲ ထားချင်တာလား... စိတ်မကောင်းပါဘူး၊ အဲဒါကို ငါလည်း လုပ်နိုင်တယ်လေ... ပြီးတော့ နေမင်းအသစ်တစ်စင်းကိုတောင် ငါ ဖန်တီးနိုင်သေးတယ်"

ထိုသို့ ပြောပြီးနောက် လင်ကျဲသည် သူ၏ နဂါးလက်ကို ထပ်မံမြှောက်လိုက်ရာ နေမင်းမှာ ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ပေါက်လာသည်။ ထိုအချိန်မှာပင် ဒုတိယမြောက် နေမင်းအသစ်တစ်စင်းမှာလည်း ဘေးနား၌ ထပ်မံထွက်ပေါ်လာလေသည်။

မိုက်ကယ် - "..."

"ငါ အရင်က ပြောခဲ့ဖူးသလိုပဲ၊ မင်း အခု သေလို့ရပြီ..."

လင်ကျဲ၏ မျက်ဝန်းများတွင် အေးစက်သော အရောင်အဝါများ ရုတ်တရက် ပေါ်ပေါက်လာသည်။

မိုက်ကယ်သည် ကြောက်ရွံ့မှုကြောင့် သူ၏ ရုပ်ခန္ဓာအသွင်သို့ ပြန်လည်ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားလေသည်။ သူ့ထံတွင် အလင်းဒြပ်စင်၏ ကိုယ်စားလှယ်၊ မဟာကောင်းကင်တမန်ဆိုသည့် မာန်မာန အရိပ်အယောင်များ လုံးဝမရှိတော့ပေ။

လင်ကျဲသည် အသက်ရှင်သန်လိုစိတ် ပျောက်ဆုံးနေသော မိုက်ကယ်ကို ကြည့်ရင်း မျက်တောင်တစ်ချက် ခတ်လိုက်သည်။ ခဏတာမျှ လင်ကျဲသည် သူ့ကို သတ်ရန် ဝန်လေးသွားမိ၏။ ကလေးတစ်ယောက်ကို နှိပ်စက်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ထိုစဉ်မှာပင် မိုက်ကယ်သည် သူ၏အိတ်ကပ်ထဲမှ 'သမ္မာကျမ်းစာ' ဟု အမည်ရသော စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသည်။ ထိုစာအုပ်မှာ သူ၏ဖခင် ရှာဖွေရေးအဖွဲ့ဝင်ဘဝက မြေအောက်ကမ္ဘာထဲတွင် ပျောက်ဆုံးသွားစဉ် ချန်ထားရစ်ခဲ့သော စာအုပ်ဖြစ်ကြောင်း လင်ကျဲ ရိပ်မိလိုက်သည်။

ထိုကျမ်းစာအုပ်သည် မိုက်ကယ်၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးခဲ့သည်ဟု ဆိုနိုင်သည်။ မိုက်ကယ်သည် မော့ကြည့်လိုက်ပြီး လေးလံထိုင်းမှိုင်းသော အသံဖြင့် မေးလိုက်၏။

"သင်က... ဘုရားသခင်လား"

လင်ကျဲက ပြန်မဖြေချင်သော်လည်း စကားတစ်ခွန်းတော့ ပြောလိုက်သည်။

"မဟုတ်ဘူး၊ အဲဒီစာအုပ်ထဲက အရာတွေဟာ တကယ်မရှိဘူး... အနည်းဆုံးတော့ အဇီးကမ္ဘာမှာ မရှိဘူး"

ထိုသို့ပြောပြီးနောက် မှင်တက်နေသော မိုက်ကယ်ကို သတ်ရန် လက်မြှောက်လိုက်စဉ် ဗဟိုခရိုင်ဘက်မှ ကြီးမားသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်ကို လင်ကျဲ ရုတ်တရက် ခံစားလိုက်ရသည်။

လင်ကျဲသည် ထိုဘက်သို့ အလိုအလျောက် လှည့်ကြည့်လိုက်ရာ သတင်းအချက်အလက်များမှာ သူ၏ ဦးနှောက်အတွင်းသို့ စီးဝင်လာတော့သည်။

"ဆစ်ဗာ..."

ထိုပုံရိပ်များနှင့် သတင်းအချက်အလက်များ လင်ကျဲ၏ စိတ်ထဲသို့ ရောက်ရှိလာသောအခါ အိုင်းရစ် ပန်းများ ဖုံးလွှမ်းနေသော နှင်းတောထဲတွင် ရပ်နေသည့် အတုမဲ့ လှပသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရ၏။

သူမ၏ အလှမှာ နတ်ဘုရားမတစ်ပါးနှယ် တင့်တယ်လှပပြီး ငွေရောင်ဆံနွယ်များသည် ပန်းခင်းပေါ်၌ ပိုးသားများသဖွယ် ဖြန့်ကျက်နေသည်။ သူမ၏ ပြည့်စုံသော ကိုယ်ခန္ဓာမှာ နှင်းများနှယ် နိမ့်ချည်မြင့်ချည် ရှိနေပြီး လိပ်ပြာတောင်ပံကဲ့သို့ သွယ်လျသော မျက်တောင်မွှေးများမှာပင် ဖြူစင်နေသည်။ ဆံနွယ်များကြားတွင် ဖြူစင်သော ဆူးသရဖူတစ်ခု ရှိနေ၏။

ထို့ပြင် သူမ၏ နားရွက်တွင်မူ လင်ကျဲပေးခဲ့သော အိုင်းရစ်ပန်းကလေးကို ဝတ်ဆင်ထားဆဲပင် ဖြစ်သည်။

ဆစ်ဗာသည် ဖြူဖွေးသော နှင်းတောထဲတွင် အလှပဆုံးသော ပန်းတစ်ပွင့်နှယ် ရှိနေ၏။ သူမသည် လင်ကျဲ၏ အကြည့်ကို သိရှိသွားပုံရပြီး လှည့်ကြည့်လိုက်ကာ ဒူးကို အနည်းငယ် ညွတ်၍ လင်ကျဲ သဘောကျသော လူသားတို့၏ ယဉ်ကျေးပျူငှာသည့် အလေးပြုဟန်ကို ပြုမူလိုက်သည်။ လင်ကျဲ ရင်းနှီးနေသော ထိုဖြူစင်သည့် မျက်ဝန်းများသည် ကျောက်မျက်ရတနာများနှယ် တောက်ပနေပြီး သူမ၏ နှုတ်ခမ်းဖျားတွင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာလေတော့သည်။

...

ဆစ်ဗာသည် သစ်ပင်စုန်းမကြီး၏ အပေါ်ယံအခွံကို ပိုးအိမ်တစ်ခုနှယ် ခွာချလိုက်ပြီးနောက် တစ်ခွင်တစ်ပြင်လုံးရှိ ပြောင်းပြန်သစ်ပင်ကြီးကို သူမ၏ ကိုယ်ပိုင်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

ဗဲလေ့စ် သည် သစ်ပင်ကြီး၏အောက်တွင် ရပ်နေရင်း မူလ စုန်းမကြီးများထဲ၌ အင်အားအကြီးဆုံးဖြစ်သော သူမကို မော့ကြည့်နေမိ၏။ သူမသည် ဒဏ္ဍာရီလာ မိစ္ဆာအပေါင်းတို့၏ အရှင်သခင်မဖြစ်ပြီး သူမကို ကြည့်နေရုံမျှဖြင့် ဗဲလေ့စ်မှာ အသက်ရှူရပ်မတတ် ခံစားရကာ အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု ထင်မှတ်နေမိသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က မိစ္ဆာနတ်ဘုရား၏ ရှေ့မှောက်တွင် ရပ်ခဲ့ရစဉ်ကလည်း သူ ဤကဲ့သို့ပင် ခံစားခဲ့ရဖူးသည်။

မူလက မြေနံ့သင်းပျံ့၍ စိမ်းလန်းစိုပြည်သော အရိပ်အာဝါသပေးခဲ့သည့် ဧရာမသစ်ပင်ကြီးမှာ ယခုအခါ၌မူ သွေးရောင်အတိပြီးသော သွေးတိုင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထူထဲလှသော သွေးကြောကြီးများသည် သွေးတို့ဖြင့် ပြည့်နှက်ကာ မရပ်မနား တဖျတ်ဖျတ် လှုပ်ရှားနေကြ၏။

မေလီဆာမှာမူ သူမကို တုပ်နှောင်ထားသော နွယ်ပင်တို့မှာ ကြမ်းတမ်းလှသည့် သွေးရောင်နှာမောင်းကြီးများအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်ရင်း မျက်လုံးအစုံ ပြူးကျယ်နေမိသည်။ သစ်ပင်များ၏ စုန်းမကြီး၏ အခွံဟောင်းဖြစ်သော တွန့်လိမ်နေသည့် အသားစိုင်ကြီးကို ကြည့်ရင်း သူမ၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူလျော်နေ၏။

ထိုအသားစိုင်ကြီးသည် သူမ၏ အကြည့်ကို သတိပြုမိသွားပုံရသည်။ ၎င်းအတွင်းမှ ဦးခေါင်းတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာရာ အသားအရေမှာ ဖြူစင်လွန်းသော်လည်း မျက်ဝန်းတစ်စုံမှာမူ အတိုင်းအထက်အလွန် လှပနေသကဲ့သို့ တစ်ဖက်တွင်လည်း အေးစက်ကြမ်းကြုတ်လှပေသည်။

တွန့်လိမ်နေသော ထိုအသားစိုင်ကြီးထဲမှ တောင့်တင်းလှပသော အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်ကို အားလုံးက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြစဉ်... မေလီဆာမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။ ထိုအမျိုးသမီးသည် အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားရာ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ဆီးနှင်းပုံများနှယ် ထင်ရှားလှပနေပြီး ငွေရောင်ဆံနွယ်များသည်လည်း လရောင်အောက်တွင် တင့်တယ်လွန်းလှ၏။

သူမသည် နားရွက်တွင် ပန်ဆင်ထားသော အိုင်းရစ်ပန်းကလေးကို အသာအယာ ပွတ်သပ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုတိုင်းမှာ ကျော့ရှင်း၍ ခန့်ညားလှပေသည်။

"ဒီခန္ဓာကိုယ်က မင်းအတွက်ရော၊ မစ္စတာလင်အတွက်ရော ကြည့်ရတာ ပိုပြီး အဆင်ပြေမလား... ဒါက ငါ အိပ်မက်ဘုံမှာ ရှိတုန်းက သုံးခဲ့တဲ့ ခန္ဓာကိုယ်ပဲ"

ဆစ်ဗာက မေလီဆာဘက်သို့ လှည့်၍ ပြောလိုက်သည်။ သူမ၏ အလှမှာ နတ်ဘုရားမတစ်ပါးနှယ် တင့်တယ်လှပလွန်းလှသဖြင့် ဤလောကနှင့်ပင် မသက်ဆိုင်သကဲ့သို့ ရှိ၏။ နားရွက်မှ အိုင်းရစ်ပန်းထက်ပင် ပိုမိုတောက်ပနေပေသည်။ မေလီဆာမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး စကားပင် မထွက်နိုင်ဘဲ နောက်ဆုံးမှ ထစ်ထစ်ငေါ့ငေါ့ဖြင့်...

"ဟုတ်... ဟုတ်ကဲ့..."

ဟု ပြန်ပြောလိုက်မိတော့သည်။

All Chapters