အခန်း (၂၀၄၁-၂၀၄၂)
Vol. 146 Ch. 2041-2042
အပိုင်း(၂၀၄၁)
"နင် ခုနက လုပ်လိုက်တာကို ငါ တကယ် မယုံနိုင်ဘူး..."
အသိစိတ်ပင်လယ်ထဲမှ နေ၍ ကလေးမလေးတစ်ဦး၏ အသံနှင့် ဆင်တူသည့် 'ကောင်းကင်စစ်ဝိညာဉ်' ၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
သူမသည် ဝိညာဉ်များ ခွဲထွက်စဉ်က အလွန်အမင်း ထိတ်လန့်သွားခဲ့ခြင်းဖြစ်သည်။ သူမသည် ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် ကျင့်ကြံခြင်း အခြေခံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် သူမပါ လေးပုံကွဲသွားခဲ့သည်။ ထိုခံစားချက်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ကံကောင်းသည်က... သူမသည်လည်း ပုံမှန်အတိုင်း ပြန်လည် ပြုပြင်ခံရပြီး ပေါင်းစည်းသွားနိုင်ခဲ့ခြင်းဖြစ်သည်။
သူမ ပိုင်ဆိုင်ထားသော သူတော်စင် နွေဦးကွင်းပြင်၏ ဝိညာဉ်မှာလည်း လေးပုံကွဲသွားပြီးမှ ပြန်လည် ပေါင်းစည်းသွားသည်။ ကောင်းကင်စစ်ဝိညာဉ်မှာ ဆူပုပ်နေသည်။ ဝေ့ဝူယင်သည် ဤရူးသွပ်သော အစီအစဉ်ကို သူမနှင့် တိုင်ပင်ခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။
"ငါတို့ အသက်ရှင်သေးတယ် မဟုတ်လား... ဟား ဟား"
ဝေ့ဝူယင်က ပေါ့ပါးစွာ ရယ်မောလိုက်သည်။
"အသက်မရှင်ခဲ့ရင် ဘယ်လိုလုပ်မလဲ... အစစ်အမှန် ဝိညာဉ်ကို ခွဲထုတ်ပစ်တယ်ဆိုတာ ဘယ်လောက် ရူးသွပ်သလဲ... နင်က တကယ် အရူးပဲ သိလား..."
ရွှေရောင်ဝိညာဉ်လေးမှာ ပို၍ ဒေါသထွက်လာသည်။
ဝေ့ဝူယင်ကတော့ ရယ်မောနေမြဲပင်။ သူ၏ ဝိညာဉ်အင်အားမှာ များစွာ တိုးတက်လာသည်ကို သူ ခံစားနေရသည်။ ယင်းမှာ ပေါင်းစည်းခြင်းကြောင့်လား သို့မဟုတ် အာဏာရှင်အဆင့် ရောက်သွားခြင်းကြောင့်လား သူ မသေချာပေ။
သူ စဉ်းစားနေစဉ်မှာပင်... ရှေးကျပြီး ကရုဏာတရား ပြည့်ဝသော အသံတစ်သံ သူ၏ နားထဲသို့ တိုးဝင်လာသည်။
"မင်း အောင်မြင်ခဲ့ပြီပဲ... ကလေး"
ဝေ့ဝူယင်၏ ဝိညာဉ်မှာ နွေးထွေးသော လက်တစ်ဖက်ဖြင့် ထိတွေ့ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤသူမှာ မည်သူဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
ဖူရှီ...
"မင်းရဲ့ အမွေအနှစ်တွေအကြောင်း လေ့လာရမယ့် အချိန်ကို ရောက်ပြီ"
…
"မင်းရဲ့ အမွေအနှစ်တွေအကြောင်း လေ့လာရမယ့် အချိန်ကို ရောက်ပြီ"
ထိုစကားလုံးများသည် ကြင်နာသနားမှု၊ ပညာဉာဏ်တို့နှင့်အတူ ဂုဏ်ယူဝမ်းမြောက်မှု အရိပ်အယောင်များ စွက်ဖက်နေသည်။ 'ရောက်ပြီ' ဟူသော စကားလုံးက ထိုဝါကျ မတိုင်မီကပင် စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြောင်း ညွှန်ပြနေသည်။ ဤဆန်းကြယ်သော ပုဂ္ဂိုလ်သည် မိမိကို အဝေးမှ စောင့်ကြည့်နေခဲ့သည်ကို ဝေ့ဝူယင် အမြဲ သိရှိခဲ့သည်။
သူသည် ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များကို လှမ်းကြည့်ရန် ရဲဝံ့ခဲ့စဉ်ကဖြစ်စေ၊ မိုက်မဲစွာပင် ယင်း၏ လျှို့ဝှက်ချက်များကို ရှာဖွေခဲ့စဉ်ကဖြစ်စေ... ဖူရှီက အချိန်မီ ဝင်ရောက် တားဆီးပေးခဲ့သဖြင့် သေဘေးမှ လွတ်ကင်းခဲ့ရသည်။
အချိန်မြစ်၏ နယ်ပယ်အတွင်းရှိ အချိန်ဆိုင်ရာ အသိပညာ ပဟေဠိများကို ကျော်လွှားကာ အချိန်မြစ်ကို စိန်ခေါ်မိစဉ်ကလည်း ဖူရှီကပင် တစ်ဖန် ဝင်ရောက် ကူညီခဲ့ပြန်သည်။
အဖန်တလဲလဲပင်... ဖူရှီသည် သေမျိုးတစ်ဦး၏ စွမ်းဆောင်ရည်ထက် များစွာ သာလွန်သော တည်ရှိမှုများ၏ ဘေးအန္တရာယ်မှ သူ့ကို အကြိမ်ကြိမ် ကယ်တင်ပေးခဲ့သည်။ ထိုသို့ ကယ်တင်ပေးခြင်းအတွက်လည်း မည်သည့် အဖိုးအခမျှ ပြန်လည် မတောင်းခံခဲ့ဖူးချေ။ ထို့ပြင် ဝေ့ဝူယင်အနေဖြင့် မိမိ၏ အဆင့်နှင့် မထိုက်တန်သော အရာများကို ရရှိမသွားစေရန်လည်း စောင့်ကြပ်ကြည့်ရှုပေးခဲ့သည်။ ဥပမာအားဖြင့် - သူ၏ အခြားသော ဗားရှင်းတစ်ခု ရရှိခဲ့သည့် 'မက်ဂီ' တို့၏ အမွေအနှစ်မျိုး ဖြစ်သည်။
"..."
မျှော်လင့်ချက်များနှင့်အတူ ဖော်ပြ၍ မရနိုင်သော ခံစားချက်များက ဝေ့ဝူယင်၏ ရင်ထဲ၌ လှိုင်းထလာသည်။ ဝေ့ဝူယင်သည် ဖူရှီ၏ တည်ရှိမှုကို 'ကောင်းကင်ဘုံ နတ်မျက်လုံးများ' ထဲရှိ ဖူရှီ၏ မှတ်တမ်းများမှတစ်ဆင့် ပထမဆုံး သိရှိခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က သူသည် မမေ့နိုင်စရာ အလင်းမြစ်တစ်ခု စီးဆင်းနေသည့် 'မြစ်ဝါမြစ်' ကို မြင်တွေ့ခဲ့ရသည်။
'အပြစ်သားကျမ်းစာ' အရ မြစ်ဝါမြစ်သည် ငရဲဘုံ၏ ဆယ့်ရှစ်ထပ်ကို ဝန်းရံထားသည်ဟု ဆိုသည်။ ဝေ့ဝူယင်သည် ကြီးမားလှသော လျှို့ဝှက်ချက်များနှင့် ဆက်တိုက် ထိတွေ့နေရသော်လည်း 'မက်ဂီ' နှင့် 'ငရဲဘုံ' အကြား ဆက်စပ်မှုကိုမူ တစ်ခါမျှ မတွေ့ရှိခဲ့ဖူးချေ။ ထို့ကြောင့် ဤအသံကို ကြားလိုက်ရသောအခါ သူ၏ နှလုံးသားမှာ မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်သွားတော့သည်။
ဝေ့ဝူယင် သူ၏ ကိုယ်နေဟန်ထားကို ပြုပြင်ကာ ကျောရိုးကို ဆန့်ထုတ်၍ ငွေရောင်မျက်လုံးများဖြင့် အာရုံစိုက်လိုက်သည်။ နောက်ထပ် ဘာလာမည်ကို သူ မသိသော်လည်း အသင့်ဖြစ်နေပြီ ဖြစ်သည်။
ရှေးကျပြီး သဘောကျဟန်ရှိသော ရယ်မောသံတစ်ခု သူ၏ ဝိညာဉ်ထဲ၌ ပဲ့တင်ထပ်သွားသည်။
"ကလေး... ပုံမှန်ဆိုရင်တော့ မင်းရဲ့ အမွေအနှစ်ကို အသက်တစ်ရှူစာအတွင်းမှာပဲ ပေးအပ်ရမှာပါ... မင်းရဲ့ ဝိညာဉ်အရင်းအမြစ်ကနေ မင်းရဲ့ မျိုးနွယ်စု သမိုင်းကြောင်းတွေကို သိမြင်သွားစေမှာ ဖြစ်တယ်... ဘာထူးခြားတဲ့ ဖြစ်ရပ်မှ ရှိမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းဖြတ်သန်းခဲ့ရတာတွေကို ထောက်ထားပြီး... မင်းရဲ့ အမွေအနှစ်နဲ့ မင်းကို ကိုယ်တိုင် မိတ်ဆက်ပေးခွင့် ပြုမလား"
ထိုအသံမှာ အလွန်ပင် ရိုးသားလှပြီး မည်သည့် မမှန်ကန်မှု သို့မဟုတ် အထင်သေးမှု အရိပ်အယောင်မျှ မပါဝင်ချေ။
"..."
ဝေ့ဝူယင် ခေတ္တမျှ ကြောင်အသွား၏။ ဖူရှီက သူ့အတွက် လမ်းပြလုပ်ပေးရန် တောင်းဆိုနေခြင်းလော။ ထို့ပြင် ဖူရှီ၏ စကားအရ သူသည် မက်ဂီမျိုးနွယ် မဟုတ်ကြောင်း ထင်ရှားနေသည်။ ဝေ့ဝူယင် သိချင်စိတ်ကို ထိန်းချုပ်ကာ ဝိညာဉ်မှတစ်ဆင့် ပြန်လည် ဖြေကြားလိုက်သည်။
"ဆရာကြီး မှားနေပါပြီ"
"အိုး..."
အသံရှင်မှာ အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။
ဝေ့ဝူယင်က ဆက်ပြောသည်။
"ကျွန်တော့်ဘဝရဲ့ အတွေ့အကြုံတစ်ခုမှာ ဆရာကြီးကို လမ်းပြအဖြစ် ရရှိတာဟာ ကျွန်တော့်အတွက် အကြီးမားဆုံး ဂုဏ်ယူစရာ ဖြစ်မှာပါ"
"..."
အသံရှင်မှာ ခေတ္တ တိတ်ဆိတ်သွားပြီးနောက် စိတ်ကို ကြည်လင်လန်းဆန်းစေသော ရယ်မောသံကြီး ထွက်ပေါ်လာသည်။
"ဒါဆိုရင်... ငါ့ကို ခွင့်ပြုပါဦး..."
ဝေ့ဝူယင်သည် လောကကြီးတစ်ခုလုံး လိမ်ယှက်ကာ ကျုံ့ဝင်သွားသလို ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ မူးဝေခြင်း သို့မဟုတ် အသက်ရှူကျပ်ခြင်းမျိုး မဟုတ်ဘဲ တစ်စက္ကန့်မျှသာ ကြာမြင့်ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဝေ့ဝူယင်၏ ရှေ့မှောက်တွင် ဝတ်ရုံနက်ကို ဆင်မြန်းထားပြီး ဖြူဖွေးသော မုတ်ဆိတ်ရှည်ကြီးနှင့် မီးခိုးရောင် ဆံပင်များ ရှိသည့် အမျိုးသားတစ်ဦး ပေါ်လာသည်။ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ သာမန်မျှသာ ဖြစ်သော်လည်း အရပ်အမောင်းမှာ ဝေ့ဝူယင်ထက် အနည်းငယ် ပိုမြင့်ကာ ခန့်ညားလှသည်။ သူ၏ မျက်နှာမှာ ဝေဝါးနေသော်လည်း ပြုံးနေသည့် နှုတ်ခမ်းနှင့် မျက်လုံးများကိုမူ အထင်အရှား မြင်နေရသည်။
ယင်းမှာ ဖခင်တစ်ဦး၏ ဂုဏ်ယူမြတ်နိုးကာ ကာကွယ်လိုသော အကြည့်မျိုးကဲ့သို့ နွေးထွေးလှသည့် အပြုံးနှင့်၊ လောင်ကျွမ်းပြီးစ ကြယ်တာရာများ၏ ပြာများကဲ့သို့ မီးခိုးရောင်သန်းကာ တောက်ပနေသည့် ဝိညာဉ်မျက်လုံး အစုံပင် ဖြစ်သည်။
"ငါလည်း အမည်းရောင် ဝတ်ရတာ ကြိုက်တယ်"
ဖူရှီက ပြောလိုက်သည်။
ဝေ့ဝူယင်သည် မရှင်းပြနိုင်လောက်အောင် တည်ငြိမ်သွား၏။ သူ၏ ရင်ထဲ၌ မည်သည့် ဖိအား သို့မဟုတ် စိုးရိမ်မှုမျှ မရှိဘဲ အလွန်ရင်းနှီးသော သူတစ်ဦးနှင့် တွေ့ဆုံနေရသလို ခံစားနေရသည်။ သူက ပြန်လည် ဖြေကြားလိုက်သည်။
"အမည်းရောင်ဆိုတာ အရာအားလုံး ကင်းမဲ့နေတာပါ... သေမျိုးတွေက အရောင်တွေ ပျောက်ဆုံးသွားတဲ့အခါ မြင်ရတဲ့ အရာပေါ့... ဒါကြောင့်လည်း သူက အရာအားလုံးကို လက်ခံနိုင်၊ ဖြည့်ဆည်းနိုင်ပြီး နောက်ထပ်အရာတွေအတွက် နေရာအမြဲ ရှိနေတာ ဖြစ်ပါလိမ့်မယ်"
ဖူရှီ၏ ဝေဝါးနေသော မျက်နှာပေါ်မှ အပြုံးမှာ ပိုမို နက်ရှိုင်းသွားသည်။
"တကယ်ကို အံ့ဩစရာကောင်းတဲ့ အတွေးအခေါ်ပဲ... ကလေး... ဒါကိုရော မင်း ဘယ်လို ထင်သလဲ... ရွှေရောင်ဆိုတာ လောကရဲ့ အမြင့်ဆုံး ရည်မှန်းချက်ပဲ... သေမျိုးတွေ ပိုင်ဆိုင်ချင်ကြတဲ့၊ ထာဝရ မက်မောကြတဲ့အရာ၊ အရာအားလုံးထက် တန်ဖိုးရှိပြီး လူတိုင်းရဲ့ နှလုံးသားကို အုပ်စိုးကာ အရာအားလုံးကို သိမ်းပိုက်နိုင်တဲ့ အစွမ်းပေါ့..."
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။
"ဟိတ်ဟန်ကြီးသလိုပဲ"
"ဟားဟား... ဒါဆိုရင် ဒါကိုရော... အဖြူရောင်ဆိုတာ အရာအားလုံးကို အတူတကွ ပါဝင်စေတာ ဖြစ်တယ်... ဘာကိုမှ ပယ်ချခြင်း မရှိဘဲ မဟာစကြဝဠာကြီးရဲ့ ပုံရိပ်ကို ကိုယ်စားပြုတယ်... ဒါကြောင့် သံသယကင်းကင်းနဲ့ ရှေ့ဆက်နိုင်စေပြီး ဘယ်လို ကွဲပြားမှုမျိုးကိုမဆို အမြဲတမ်း လက်ခံပေးနိုင်တယ်..."
"..."
ဝေ့ဝူယင် မပြုံးဘဲ မနေနိုင်တော့ချေ။
"အဲဒါက လှပတဲ့ အတွေးပါပဲ... ဒါပေမဲ့ အရာအားလုံးနဲ့ ပြည့်နှက်နေမယ်ဆိုရင် ကိုယ်ပိုင်လမ်းကို ဘယ်လို ဖော်ဆောင်မလဲ... ကိုယ်ပိုင်စရိုက်ကနေ မွေးဖွားလာတဲ့ လမ်းဆိုတာ ရှိနိုင်ပါဦးမလား... အကုန်လုံး ပါဝင်နေမှတော့ ဘာကျန်တော့မှာလဲ... တခြားအရာတွေနဲ့ ဘာကွာခြားသွားမှာလဲ... မူရင်းဆန်တဲ့ ဖန်တီးနိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး"
"..."
ဖူရှီ၏ အပြုံးမှာ ပြောင်းလဲခြင်း မရှိသော်လည်း၊ ပညာဉာဏ်နှင့် ကရုဏာတရား ပြည့်ဝနေသော သူ၏ မျက်လုံးများမှာ တုံ့ပြန်မှုအဖြစ် ဖြည်းညင်းစွာ တောက်ပလာသည်။
"မင်း အသင့်ဖြစ်ပြီလား..."
ဖူရှီက ထိုစကားစုများ၏ ရည်ရွယ်ချက်ကို ထပ်မံ ရှင်းပြခြင်း မရှိသဖြင့် ဝေ့ဝူယင်လည်း ထပ်မမေးတော့ပေ။ ထို့အစား သူက "အသင့်ပါပဲ" ဟုသာ ပြန်ဖြေလိုက်သည်။
"တစ်နေ့ကျရင်... အမည်းရောင်ဖြစ်ဖြစ်၊ အဖြူရောင်ဖြစ်ဖြစ်၊ ရွှေရောင်ဖြစ်ဖြစ် အားလုံးက သိပ်မထူးခြားဘူးဆိုတာ မင်း သိလာပါလိမ့်မယ်..."
ဖူရှီ၏ စကားအဆုံးတွင် ဝေ့ဝူယင်သည် ပတ်ဝန်းကျင်တစ်ခုလုံး လိမ်ရှက်သွားကာ သူ၏ ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရသည်။ ငွေရောင် အလင်းတန်းတစ်ခုအတွင်း သူ၏ ဝိညာဉ်မှာ လုံးဝ ကွဲပြားခြားနားသော ကမ္ဘာတစ်ခုထဲသို့ ရောက်ရှိသွားသလို ထူးခြားစွာ လန်းဆန်းသွားတော့သည်။
သူ၏ အတွင်းစိတ်၌ ကိန်းဝပ်နေသော 'မက်ဂီ' မျိုးနွယ် အမွေအနှစ် သတင်းအချက်အလက်များ နိုးထလာသည်။ ထိုအချက်အလက်များကို လက်တစ်ဖက်က လမ်းပြပေးနေပြီး၊ အရှိန်ပြင်းသော မြစ်ရေစီးကြောင်းမှသည် သာယာသော မိုးစက်မိုးပေါက်လေးများအဖြစ်သို့ ပြောင်းလဲပေးနေသည်ကို သူ ခံစားရသည်။
ဝေ့စီ သည် 'စပါတန်' တို့၏ သမိုင်းကြောင်းနှင့် အသိပညာများကို ရရှိစဉ်က ဖူရှီကဲ့သို့သော လမ်းပြပုဂ္ဂိုလ်မျိုး မရှိခဲ့ချေ။ သူသည် အချက်အလက်အားလုံးကို တစ်ပြိုင်နက်တည်း ရရှိခဲ့သဖြင့် ဖြည်းဖြည်းချင်း ပြန်လည် ခွဲခြားခဲ့ရသည်။ ဝေ့ရှောင်ထျန်းသည်လည်း အချက်အလက်များစွာ ရှိနေသော်လည်း တစ်ချက်ကြည့်ရုံဖြင့် အသေးစိတ်ကို နားမလည်နိုင်ခဲ့ချေ။
ယခုမူ ဖူရှီ၏ လမ်းပြမှုကြောင့် ထိုအခြေအနေမှာ ပြောင်းလဲသွားသည်။ ဝေ့ဝူယင်သည် သူ၏ ဝိညာဉ်မှာ အချိန်နှင့် အာကာသ၏ မဟာစကြဝဠာကြီးကို ဖြတ်ကျော်ကာ တစ်နေရာရာသို့ ရောက်ရှိသွားသည်ဟု ခံစားရသည်။ မရေမတွက်နိုင်သော ကြယ်တာရာများနှင့် ဆန်းကြယ်သော ဖြစ်ရပ်များမှာ သူ၏ အမြင်အာရုံကို ဖြတ်ကျော်ကာ ပျံသန်းနေကြသည်။ ၎င်းတို့သည် လည်ပတ်နေကြသည်၊ ကျုံ့ဝင်နေကြသည်၊ ကြီးထွားလာကြသည်မှာ အချိန်၏ ကံကြမ္မာကို နောက်ပြန်လှည့်နေသကဲ့သို့ပင်။
ရုတ်တရက် ဝေ့ဝူယင် အသက်ရှူသွင်းချင်စိတ် ပေါ်လာ၏။
"ဟူး..."
သူသည် လေထုကို အဆုတ်ထိရောက်အောင် ရှူသွင်းလိုက်ရာ အောက်ဆီဂျင်နှင့် တူသော်လည်း ပို၍ လေးလံကာ ပို၍ ချိုမြိန်သော အရာများ သူ၏ ဝိညာဉ်ထဲသို့ စီးဝင်လာသည်။ အဆုံးအထိ ရှူသွင်းပြီးနောက်တွင်မူ သူ၏ နားထဲ၌ တိုးညှင်းသော အသံကို ကြားလိုက်ရသည်။
"အသက်ပြန်ရှူထုတ်လိုက်ပါ..."
"ဟူး..."
လေးလံသော အသက်ရှူသံကြီး သူ၏ ဝိညာဉ်မှ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်မှာ ချက်ချင်းပင် တည်ငြိမ်သွားသည်။ ကြယ်တာရာများ ပြောင်းလဲခြင်း မရှိတော့ပေ။ အမှန်စင်စစ် ကြယ်တာရာဟူ၍ပင် မရှိတော့ချေ။ လောကကြီးတစ်ခုလုံးမှာ ကြယ်တာရာများ သို့မဟုတ် ဆန်းကြယ်သော ကောင်းကင်ဝတ္ထုများ မရှိသည့် ဟာလာဟင်းလင်း အမှောင်ထုကြီးသာ ဖြစ်နေတော့သည်။ အေးစက်ပြီး လျစ်လျူရှုထားသော ဟင်းလင်းပြင်ကြီးသာ ရှိပေတော့သည်။
***
အပိုင်း(၂၀၄၂)
ဝေ့ဝူယင်သည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ၏ ဘေးတွင် ဖူရှီ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် တောက်ပနေသော ငွေရောင်မျက်လုံးများကြောင့် အချို့သော သဲလွန်စများကို သူ သတိပြုမိလိုက်သည်။
"အကောင်အထည်ဖော်ထားတဲ့ အတိတ်လား"
ဝေ့ဝူယင်က တိုးညှင်းစွာ ကောက်ချက်ချလိုက်သည်။
ဖူရှီ၏ အပြုံးမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ ညာလက်ကို ဝေ့ယမ်းကာ ရှေ့ရှိ ဟာလာဟင်းလင်းပြင်ကြီးကို ညွှန်ပြလိုက်သည်။
"အချိန်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေအပေါ် မင်းရဲ့ အာရုံခံစားနိုင်စွမ်းကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ"
ဝေ့ဝူယင်ကလည်း တည်ငြိမ်စွာပင် ပြုံးလိုက်သည်။
"ကျွန်တော် တစ်ခါက 'အကောင်အထည်ဖော်ထားတဲ့ အတိတ်' ကို မတော်တဆ ခံစားခဲ့ဖူးပါတယ်... မကြာသေးခင်ကလည်း 'အဖြူရောင် အဘိဿဲလ် ဂလက်ဆီ' ထဲမှာ ကြီးမားတဲ့ အတိတ်ဖြစ်ရပ်တစ်ခုကို ကြုံခဲ့ရသေးတယ်"
ယင်းတို့မှာ အချိန်နှင့် ပတ်သက်သော နက်နဲသည့် သဘောတရားနှစ်ခု ဖြစ်သည်။ ရှေ့တစ်ခုမှာ မိမိကိုယ်တိုင် ဖြတ်သန်းခဲ့ပြီးသော အတိတ်ဖြစ်ပြီး၊ နောက်တစ်ခုမှာ ဖြစ်လာနိုင်ခြေရှိသော အတိတ် ဖြစ်သည်။ ထိုနည်းတူပင် အနာဂတ်သည်လည်း သဘာဝမဟုတ်သော အချိန်ဆိုင်ရာ ပဟေဠိဖြစ်ရပ်များတွင် ဤယုတ္တိအတိုင်းပင် လည်ပတ်နေတတ်သည်။
"ဟား ဟား..."
ဖူရှီက သဘောကျဟန်ဖြင့် ရယ်မောရင်း သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ကာ ဟာလာဟင်းလင်းပြင်ကြီးကို ကြည့်လိုက်သည်။ သူ၏ ပညာဉာဏ်ကြီးမားပြီး ကြင်နာတတ်သော မျက်လုံးများထဲတွင် လွမ်းဆွတ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဒါက ဘယ်နေရာလဲ"
ဝေ့ဝူယင် သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူသည် အချိန်ခရီးသွားခြင်းနှင့် ပတ်သက်၍ စိမ်းသူမဟုတ်ပေ။ အချိန်ပြန်လည် ဝင်စားသူတစ်ဦး၊ သူ၏ ကလေးဘဝ မှတ်ဉာဏ်နှစ်စုံ၊ အခြားသော ဝေ့ဝူယင်ကို သတ်ဖြတ်ပြီး ရရှိလာသော တတိယမြောက် မှတ်ဉာဏ်တစ်စုံတို့ကြောင့် နက်နဲသော အချိန်သဘောတရားများနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ ထို့ပြင် သူသည် အချိန်ပဟေဠိများကို မြင်တွေ့၊ ဖြတ်သန်း၊ ဖျက်ဆီးကာ ဖန်တီးခဲ့ဖူးသူလည်း ဖြစ်သည်။ အစစ်အမှန် ဟင်းလင်းပြင်နဂါး မျိုးစပ်တစ်ဦးအနေဖြင့် သူ၏ ခန္ဓာကိုယ်မှာ ထိုသို့သော အချိန်ဆိုင်ရာ မူမမှန်မှုများကို ခံနိုင်ရည်ရှိသဖြင့် သူ၏ နားလည်မှုမှာ အလွန်မြင့်မားလှသည်။
"ကလေး... ဒါက မင်းရဲ့ မျိုးနွယ်စု စတင်ခဲ့တဲ့ နေရာပဲ..."
ဖူရှီက ပြန်ဖြေသည်။
"စတင်ခဲ့တဲ့ နေရာ... ဒီမှာလား..."
ဒီနေရာမှာ ဘာမှမရှိချေ။ ဘယ်နေရာမှာမှ ဘာမှမရှိချေ။
"ဟုတ်တယ်... ဒီနေရာမှာပဲ"
ထိုနောက်ဆုံးစကားလုံး ထွက်လာသည်နှင့်တစ်ပြိုင်နက် တောက်ပသော အလင်းတန်းများစွာမှာ ရုတ်ခြည်း ပေါ်ပေါက်လာသည်။ မရေမတွက်နိုင်သော အရောင်အသွေးများမှာ အလွန်ပြင်းထန်စွာ တိုက်ခိုက်နေကြသဖြင့် အဆုံးမဲ့သော ဟာလာဟင်းလင်းပြင်ကြီးထဲတွင် စစ်ပွဲတစ်ခု ဖြစ်ပွားနေသကဲ့သို့ပင်။
ဝေ့ဝူယင်သည်လည်း ဘေးကင်းသော အကွာအဝေးတွင် ရှိမနေချေ။ ထိုအရောင်အသွေးများသည် ဓာတ်ငွေ့၊ ဒြပ်ဝတ္ထုနှင့် အရည်များဖြင့် ဖွဲ့စည်းထားသော မြူခိုးရောင်စဉ်တန်းများကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားကြသည်။ သူသည် ထိုလှပသော ရောင်စဉ်တန်းများကို လှမ်းကိုင်လိုက်သော်လည်း၊ သူသည် ဤကမ္ဘာမှ မဟုတ်သော တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် ထိုအရာများမှာ သူ၏ လက်ချောင်း၊ လက်မောင်းနှင့် ကိုယ်လုံးတို့ကို ဖောက်ထွက်သွားကြသည်။
ဝေ့ဝူယင်သည် သူ၏ အာရုံခံစားမှုထက် ကျော်လွန်နေသော ကောင်းကင်ဘုံမှ အရောင်အသွေးများ၏ တိုက်ပွဲကို လှည့်ပတ်ကြည့်ရှု နေမိသည်။ ယင်းမှာ အဆုံးမရှိဘဲ ခန့်ညားထည်ဝါလှသည်။ မြူခိုးရောင်စဉ်လှိုင်းများစွာ သူ့ကို ဖြတ်ကျော်သွားကြသော်လည်း သူ မတွေ့ရသည့် အရောင်နှစ်မျိုးမှာ 'အမည်းရောင်' နှင့် 'အဖြူရောင်' သာ ဖြစ်သည်။
ထိုတိုက်ပွဲများ ဆက်ဖြစ်နေစဉ်မှာပင် ဖူရှီက စတင်ပြောကြားသည် -
"အစဦးမှာ ဘာမှမရှိခဲ့ဘူး... ဒီစကြဝဠာအတွင်းမှာ ရှိသမျှ အရာအားလုံးဟာ လွတ်လပ်နေပြီး သက်ရှိ၊ ဒြပ်ဝတ္ထုနဲ့ အနှစ်သာရတွေ ကင်းမဲ့နေခဲ့တယ်... အမှောင်ဟင်းလင်းပြင်ပဲ ရှိခဲ့တယ်... အချိန်နဲ့ အာကာသဆိုတာတောင် စကြဝဠာက သူ့ရဲ့ ပုံသဏ္ဌာန်နဲ့ သက်တမ်းကို သတ်မှတ်ဖို့အတွက် မရေမရာ ထိန်းသိမ်းထားရတဲ့ ဖြစ်စဉ်တွေသာ ဖြစ်ခဲ့တယ်"
"ဒါပေမဲ့ ဘာမှမရှိတာကနေ၊ ကျယ်ပြောလှတဲ့ ဟာလာဟင်းလင်း အမှောင်ထုထဲကနေ... အယူအဆနဲ့ ယုံကြည်ချက်၊ အလိုဆန္ဒနဲ့ အတွေးအခေါ်၊ အစွမ်းနဲ့ သက်ရှိဆိုတဲ့ မူရင်းဓာတ်ခံတွေ ပေါ်ပေါက်လာခဲ့တယ်"
ဖူရှီက ထိုသို့ပြောလိုက်သောအခါ ပြင်းထန်နေသော မြူခိုးရောင်စဉ်တန်းများ၏ တိုက်ပွဲမှာ ပိုမိုတောက်ပလာပြီး နှေးကွေးသွားတော့သည်။
ဝေ့ဝူယင်၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။ ထိုစကားလုံးများသည် သူ အဘယ်ကြောင့် အမည်းရောင်ကို နှစ်သက်သနည်းဟူသော ဖော်ပြချက်နှင့် ဆင်တူနေသော်လည်း၊ သူ၏ အတွေးထက် များစွာ ပိုမိုနက်ရှိုင်းနေသည်။
ဖူရှီက ပြုံးလိုက်ပြီး ညင်သာစွာ ဆက်ပြောလိုက်၏။
"ဘာမှမရှိတာကနေ အရာအားလုံး ပေါ်ပေါက်လာခဲ့တယ်"
ထို့နောက်တွင် ရောင်စဉ်တန်းများ၏ တိုက်ပွဲမှာ သဘောတူညီမှုတစ်ခု ရလိုက်သကဲ့သို့ တစ်ပြိုင်နက်တည်း ရပ်တန့်သွားသည်။
ဘုန်း...
ပြင်းထန်လှသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာရာ ဝေ့ဝူယင်မှာ လေမတိုက်ဘဲ ဝတ်ရုံများ လွင့်ပျံသွား၏။ မည်သည့် အင်အားမျှ မသက်ရောက်ဘဲ သူ၏ ဝိညာဉ်မှာ ယိမ်းထိုးသွားသလို ခံစားလိုက်ရသည်။ ထိုမြင်ကွင်းက သူ၏ စိတ်ကို အစွန်းကုန် လှုံ့ဆော်ပေးလိုက်သည်။
'ဘာမှမရှိတာကနေ အရာအားလုံးကို ဖန်တီးခဲ့တယ်၊ အရာအားလုံးဟာ သူတို့ပဲ' ဆိုသည့် ဒဏ္ဍာရီတစ်ခု အနန္တ ကုန်းမြေတိုက်ကြီးမှာ ရှိခဲ့ဖူးသည်။ အရာအားလုံးမှာ မယုံနိုင်စရာကောင်းသည့် မဟာပေါက်ကွဲမှုကြီး တစ်ခုကနေ စတင်ခဲ့သည်။ ထိုပေါက်ကွဲမှုကြီးကပင် ကြယ်တာရာများကို ဖြစ်စေခဲ့သည်။ အသက်ရှိများကို ဖြစ်စေခဲ့သည်။
"ဒါကနေ ကြယ်တာရာတွေ မွေးဖွားလာတာလား..."
ဝေ့ဝူယင်သည် အရာအားလုံးကို မည်သို့ ဖန်တီးခဲ့သနည်းဟူသော အသေးစိတ် အချက်အလက် တစ်ခုကိုမျှ မလွတ်စေရန် မျက်လုံးပြူးကြည့်နေသည်။ သို့သော်လည်း ရောင်စဉ်တန်းများမှာ ကွဲလွင့်သွားကြ၏။ သူတို့ ပျောက်ကွယ်သွားကြသည်။
သို့သော်လည်း... ဘာမှ ပြောင်းလဲမသွားချေ...။
"ဘာဖြစ်လို့လဲ"
သူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ သူသည် ဖူရှီကို တစ်ချက်ကြည့်ပြီးနောက် ဟာလာဟင်းလင်းပြင်ကြီးကို မျှော်လင့်ချက်ဖြင့် ပြန်ကြည့်လိုက်သည်။ မရေမတွက်နိုင်သော ကြယ်တာရာများ၊ နတ်ဘုရားများ၊ သက်ရှိပေါင်းစုံ... ၎င်းတို့အားလုံး ဘယ်ရောက်ကုန်ပြီနည်း။
စောင့်နေရဦးမည်လော။
"ကလေး... မင်း မြင်ဖူးသမျှ ခန့်ညားထည်ဝါတဲ့ စကြဝဠာကြီး၊ မင်းသိတဲ့ ကမ္ဘာကြီးဟာ ဘာမှမရှိတဲ့ ဟာလာဟင်းလင်းပြင်ကြီးရဲ့ ပေါက်ကွဲမှု တစ်ချက်တည်းနဲ့ ဖြစ်လာတယ်လို့ မင်း ထင်နေတာလား... အံ့ဖွယ်ဖြစ်ရပ်တွေ၊ ထူးခြားတဲ့ ဝိညာဉ်တွေ၊ သဘာဝတရားရဲ့ စည်းစနစ်တွေနဲ့ အံ့ဩစရာ ကျင့်ကြံခြင်း လမ်းစဉ်တွေ အကုန်လုံးက အဲဒီလိုပဲ ပေါ်လာတာလို့ ထင်နေတာလား..."
ဖူရှီ၏ စကားများသည် ညင်သာသော်လည်း ဝေ့ဝူယင်၏ မျှော်လင့်ချက်များကို ရိုက်ချိုးလိုက်သည့် မိုးကြိုးသံများကဲ့သို့ပင်။
"..."
ဝေ့ဝူယင်မှာ လုံးဝ ဆွံ့အသွားပြီး လမ်းပျောက်နေသလို ခံစားလိုက်ရသည်။
"ဆူးတွေရှိပေမဲ့ လှပတဲ့ နှင်းဆီပန်း၊ လုံးဝန်းညီညာတဲ့ ဂြိုဟ်တွေ၊ တောက်ပတဲ့ ကြယ်တာရာတွေနဲ့ သူတို့ရဲ့ အစီအစဉ်တွေ၊ လတ်ဆတ်တဲ့ လေထု၊ အေးမြတဲ့ ရေနဲ့ အရသာရှိတဲ့ အစားအစာတွေ... ဒါတွေအားလုံးက တိုက်ဆိုင်မှုသက်သက်ကနေ ပေါ်လာတယ်လို့ မင်း ထင်သလား"
ဖူရှီက လွမ်းဆွတ်စွာဖြင့် အသက်ရှူထုတ်လိုက်သည်။
"မင်းရဲ့ စကြဝဠာ စတင်ခြင်း လျှို့ဝှက်ချက်တွေကို အခုချက်ချင်း မပြနိုင်သေးပေမဲ့ မင်းရဲ့ မျိုးနွယ်စုရဲ့ အစကိုတော့ ငါ ပြောပြနိုင်ပါတယ်... 'သူမ' က ဒီစကြဝဠာထဲမှာ သက်ရှိတွေကို ဖန်တီးပြီးတဲ့နောက်မှာ၊ သက်ရှိတွေ နေထိုင်ဖို့အတွက် မပြည့်စုံတဲ့ ကမ္ဘာကြီးကို ပြည့်စုံအောင် လုပ်ပေးဖို့ တခြားသူတွေရဲ့ အကူအညီကို တောင်းခဲ့တယ်... ဒါကြောင့် အမြင့်ဆုံးသော အစွမ်းရှိသူတွေက တည်ရှိမှု သုံးခုကို ဖန်တီးခဲ့ကြတယ်"
"အဲဒါတွေကတော့ စနစ် ၊ ဖန်တီးခြင်း နဲ့ လုံခြုံရေး တို့ပဲ... သူတို့မှာ မျိုးနွယ်စု ခွဲခြားမှု ဒါမှမဟုတ် ကျားမ ခွဲခြားမှု မရှိဘူး... သူတို့ဟာ အစင်ကြယ်ဆုံးသော ဝိညာဉ်တွေသာ ဖြစ်တယ်... သူတို့ရဲ့ ရည်ရွယ်ချက် သုံးခုကတော့ - စနစ်ကို တည်ဆောက်ဖို့၊ လိုအပ်တာရော မလိုအပ်တာရော အားလုံးကို ဖန်တီးဖို့၊ နောက်ဆုံးမှာ အဲဒါတွေ အားလုံးကို ကာကွယ်ဖို့ပဲ"
ဖူရှီက စကားလုံး တစ်လုံးချင်းစီ ပြောလိုက်တိုင်း ကြီးမားလှသော လုံးဝန်းသည့် အရောင်သုံးမျိုး ပေါ်လာသည်။ ၎င်းတို့မှာ ရွှေရောင်၊ ငွေရောင် နှင့် ကြေးညိုရောင် တို့ ဖြစ်သည်။
"မင်း 'လုံခြုံရေး' နဲ့တော့ ရင်းနှီးပြီးသားပါ"
ဖူရှီက ဆိုသည်။
ဝေ့ဝူယင်၏ ရင်ခုန်သံမှာ မြန်ဆန်လာ၏။ သူက မေးလိုက်သည်။
"စပါတန် တွေလား"
ဖူရှီက ခေါင်းညိတ်လိုက်ပြီး သူ၏ ညာလက်ကို ဝေ့ယမ်းလိုက်ရာ ကမ္ဘာကြီးမှာ လိမ်ရှက်ကာ ကျုံ့ဝင်သွားပြန်သည်။ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသောအခါ ကြေးညိုရောင် အလုံးကြီး ပျောက်ကွယ်သွားပြီး၊ ကြေးညိုရောင် ဝိညာဉ်မျှင်ပေါင်း ၁၀၈ သန်းဖြင့် အစားထိုးသွားသည်။
"ဒါတွေက စပါတန်တွေလား..."
ဝေ့ဝူယင်က မေးသည်။
"ဒါတွေဟာ လုံခြုံရေးအတွက် တာဝန်ပေးအပ်ခြင်း ခံရပြီး ဖန်တီးခြင်းနဲ့ စနစ်ကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ သူတွေရဲ့ ဝိညာဉ်တွေပဲ... သူတို့ကို 'စပါတန်' လို့ ခေါ်နိုင်ပါတယ်"
ဖူရှီက အတည်ပြုသည်။ ငွေရောင်နှင့် ရွှေရောင် အလုံးကြီးနှစ်ခုမှာ ကျန်ရှိနေသေးသည်။
ထို့နောက် ဖူရှီက သူ၏ ဘယ်ဘက်လက်ကို ဝေ့ယမ်းလိုက်ရာ ကမ္ဘာကြီးမှာ အချိန်များစွာ ကုန်လွန်သွားသကဲ့သို့ တစ်ဖန် ပြောင်းလဲသွားပြန်သည်။ ၁၀၈ သန်းသော ကြေးညိုရောင် ဝိညာဉ်များ ရှိနေမြဲ ဖြစ်သော်လည်း၊ ရွှေရောင် အလုံးကြီးမှာ ၃၃ သန်းသော ရွှေရောင်ဝိညာဉ်များအဖြစ် ကွဲထွက်သွားသည်။
"..."
ဝေ့ဝူယင်သည် ထိုရွှေရောင်ဝိညာဉ်များကို အကဲခတ်လိုက်သည်။ သူတို့သည် အုပ်စုသုံးစု ကွဲနေသကဲ့သို့ပင်။
"ဒါကတော့ စနစ် ပဲ... သူတို့အတွက် နောက်ဆုံးအမည်ကတော့ ဆုံးဖြတ်သူ တွေပေါ့။ ဒီဝိညာဉ်တွေဟာ မျှတမှု၊ တန်းတူညီမျှမှု၊ စနစ်တကျ ရှိမှုနဲ့ တရားမျှတခြင်း၊ ယုတ်မာခြင်း ဆိုတဲ့ အယူအဆတွေကို ဖော်ဆောင်ဖို့ တာဝန်ရှိတယ်"
ဖူရှီက ရှင်းပြပြီးနောက် သူ၏ လက်နှစ်ဖက်လုံးကို ဝေ့ယမ်းလိုက်ရာ ယခင်နှစ်ကြိမ်ထက် ပိုမိုများပြားလှသော အချိန်များ ကုန်လွန်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဝေ့ဝူယင် မျက်တောင်ပင် မခတ်ရဲချေ။
ကမ္ဘာကြီး ပုံမှန်ပြန်ဖြစ်သွားသောအခါ ငွေရောင် ဝိညာဉ်မျှင်ကလေး ၃,၀၀၀ သာ ကျန်ရှိတော့သည်။ အရေအတွက်မှာ အခြားအုပ်စုများနှင့် ယှဉ်လျှင် အလွန်ပင် နည်းပါးလှသည်။
"ဖန်တီးခြင်း..."
ဖူရှီက စကားတစ်လုံးတည်းသာ ပြောလိုက်သော်လည်း ဝေ့ဝူယင်၏ ဝိညာဉ်မှာ အပြင်းအထန် တုန်ခါသွားသဖြင့် သူ မျက်မှောင်မလွှဲနိုင်တော့ချေ။
"ဒီဝိညာဉ်တွေဟာ... ကျန်တာ အကုန်လုံးကို ဖန်တီးဖို့ တာဝန်ရှိတယ်... ကြယ်တွေ၊ လတွေ၊ ဂြိုဟ်တွေ... မြက်ပင်၊ ရေ၊ အပူ၊ အလင်း... ဝိညာဉ်တွေ... ကြယ်တွေ လည်ပတ်မှုနောက်ကွယ်က အံ့ဩစရာ ယုတ္တိဗေဒတွေ... စူပါနိုဗာ တွေ... ကြယ်တာရာတွေရဲ့ သံသရာ... မြစ်ဝါမြစ်... ငရဲဘုံရဲ့ ဆယ့်ရှစ်ပါးသော ကပ်ဘေးတွေ..."
ဒိန်း... ဒိန်း... ဒိန်း...
အချိန်နှင့် အာကာသကို ဖြတ်ကျော်၍ပင် ဝေ့ဝူယင်သည် သူ၏ ရင်ခုန်သံကို ကြားနေရသည်။ အိုရီ၊ ဘုရင်နှင့် ဧဒင် နှင့် ခရာတိုတို့ လေးဦးလုံးမှာလည်း ထိတ်လန့်မှုကြောင့် တုန်ယင်နေကြသည်။
ဝေ့ဝူယင်က မသိစိတ်၏ စေ့ဆော်မှုဖြင့် ရေရွတ်လိုက်မိ၏။
"မဟာတာအို ၃,၀၀၀..."
"မင်းတို့ စကြဝဠာမှာတော့ အခု သူတို့ကို တခြားနာမည်တစ်ခုနဲ့ ခေါ်ကြတယ်"
ဖူရှီက ဝေ့ဝူယင်၏ သံသယကို အတည်လည်းမပြု၊ ငြင်းလည်းမငြင်းဘဲ ပြောလိုက်သည်။
ဝေ့ဝူယင်သည် သူ၏ ငွေရောင်မျက်လုံးများကဲ့သို့ပင် သူနှင့် အမြဲတမ်း ပါလာခဲ့သော စကားလုံးတစ်လုံးကို ပြောလိုက်သည်။
"မက်ဂီ...”