← Chapters

အခန်း (၂၀၄၉-၂၀၅၀)

Vol. 147 Ch. 2049-2050

အခန်း (၂၀၄၉-၂၀၅၀)

Vol. 147 Ch. 2049-2050

အပိုင်း(၂၀၄၉)

အစဉ်အလာကို ချိုးဖောက်ခြင်းနှင့် ရဲတင်းလွန်းခြင်း...

ဤစကားလုံး နှစ်လုံးသည် ဝေ့ဝူယင်နှင့် သူ၏ ကြယ်တာရာ ဝိညာဉ်များ ဖြတ်သန်းခဲ့သော ကျင့်ကြံခြင်း ခရီးစဉ်ကို အကောင်းဆုံး ဖော်ပြနေပေသည်။ မိမိကိုယ်ကို မက်ဂီတစ်ဦးအဖြစ် သတ်မှတ်နိုင်ရန် စိန်ခေါ်မှုကို ရင်ဆိုင်ရာတွင်လည်း ထူးမခြားနားပေ။ သူသည် သာမန် တာအိုငယ်လေးများကို မရွေးချယ်ဘဲ "ဖန်တီးခြင်း တာအို" ကို တိုက်ရိုက် ရွေးချယ်ခဲ့သည်။ ဤသို့ လုပ်ဆောင်ခြင်း၏ အကျိုးဆက်နှင့် အရေးပါပုံကို ဝေ့ဝူယင် အပြည့်အဝ နားမလည်သေးသော်လည်း ၎င်းနောက်ကွယ်၌ နက်ရှိုင်းကျယ်ပြန့်သော အဓိပ္ပာယ်များ ရှိနေလိမ့်မည်ကိုမူ သူ ရိပ်မိနေသည်။

အကယ်၍ သူတို့သာ ကျရှုံးခဲ့ပြီး မက်ဂီ အဆင့်အတန်း သတ်မှတ်ချက်ထဲတွင် "မက်ဂီ ကျွန်" အဖြစ် သတ်မှတ်ခံရမည်ဆိုလျှင် ဝေ့ဝူယင်သည် မက်ဂီ မျိုးရိုး၏ ကြီးကျယ်ခမ်းနားသော မူလအစများကို ဂရုမစိုက်ဘဲ ထိုမျိုးရိုးကို လုံးဝ စွန့်လွှတ်လိုက်မည် ဖြစ်သည်။ ကျွန်ဟူသော အခေါ်အဝေါ်မှာ သူ၏ မာနက ခွင့်ပြုနိုင်မည့်အရာ မဟုတ်ချေ။ ထို့ပြင် "မက်ဂီ သာမန်လူ" အဆင့်မှသာ အထက်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိကြောင်း ဖူရှီက အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။

"ငါ့ရဲ့ အာဏာရှင်အဆင့် တက်လှမ်းမှုက သုံးလနီးပါး ကြာသွားပြီပဲ... အမည်မဲ့ ဂလက်ဆီနဲ့ တခြားနေရာတွေမှာ ဘာတွေ ပြောင်းလဲကုန်ပြီလဲ မသိဘူး..."

ဝေ့ဝူယင်သည် အမွေအနှစ် ဆက်ခံခြင်း လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ စောင့်ဆိုင်းရင်း အေးအေးလူလူ တွေးတောနေမိသည်။ ထိုလုပ်ငန်းစဉ်မှာ မည်မျှပင် ခမ်းနားထည်ဝါနေမည်ကို သူ မှန်းဆကြည့်နေမိ၏။

သူသည် လျှို့ဝှက် အာဏာရှင် အဆင့်သို့ မတက်လှမ်းမီက ဓားပြတစ်ဦးကဲ့သို့လည်းကောင်း၊ သူတစ်ပါးကို အကွက်ဆင်သူ တစ်ဦးကဲ့သို့လည်းကောင်း ပြုမူခဲ့ပြီး လှည့်ဖြားခြင်း မျိုးစေ့များကို နေရာအနှံ့ ကြဲချခဲ့သည်။ ရှန့်ထိုများ ဦးဆောင်သော အင်အားစုများနှင့် အဂ္ဂိရတ် အဖွဲ့အစည်းများမှအပ သူ ရနိုင်သမျှသော အရင်းအမြစ်နှင့် ပစ္စည်းမှန်သမျှကို သိမ်းကျုံးယူငင်ခဲ့သည်။ ဤလုပ်ရပ်ကြောင့် အမည်မဲ့ ဂလက်ဆီအတွင်း၌ ဆိုးရွားလှသော ပရမ်းပတာ အခြေအနေများနှင့် ရေရှည်သက်ရောက်မှုများ ဖြစ်ပေါ်နေတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ဟူး...”

ရုတ်တရက် ဝေ့ဝူယင်သည် သူ၏ အစစ်အမှန် ဝိညာဉ်က အသက်ကို ဝဝရှူသွင်းလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ရနိုင်သမျှသော စွမ်းအားအားလုံးကို စုပ်ယူနေခြင်း ဖြစ်၏။ ဝိညာဉ်အတွင်း၌ ရေတန်ချိန် ဆယ်ဂဏန်းခန့် ရုတ်တရက် လောင်းထည့်ခံလိုက်ရသလို ဝိညာဉ် နယ်ပယ်ကြီးမှာ ပြန့်ကားလာသည်။ သူ၏ စိတ်မျက်လုံးမှာလည်း လှိုင်းတွန့်များ ထကာ ဟိန်းဟောက် လှုပ်ခတ်နေတော့သည်။

ဘေးအန္တရာယ် တစ်ခုခု ကြုံတွေ့နေရသလို ခံစားချက်မျိုး ဝိညာဉ်၏ အစိတ်အပိုင်းတိုင်းတွင် ဖြစ်ပေါ်လာသော်လည်း ၎င်းမှာ မသေချာမှုကြောင့် ဖြစ်ရသော ထိတ်လန့်မှုသာ ဖြစ်သည်။ နို့စို့ခါစ နွားငယ်လေးတစ်ကောင်သည် နို့ကို များများသောက်ရမည်လား၊ နည်းနည်းသောက်ရမည်လားဟု ကြောက်လန့်နေသကဲ့သို့ပင်။ သို့သော် ထိုပြန့်ကားလာမှုနှင့် စွမ်းအားများ ပေါက်ကွဲဝင်ရောက်လာမှုကြားတွင် သူ၏ အစစ်အမှန် ဝိညာဉ်မှာ ထိခိုက်ဒဏ်ရာရခြင်း မရှိပေ။

ဝေ့ဝူယင်သည် သူ၏ အစစ်အမှန် ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအားတို့၏ ပြင်းထန်လှသော ခိုင်မာမှုကို ပထမဆုံးအကြိမ်အဖြစ် အမှန်တကယ် ခံစားမိသွားသည်။ ငရဲဘုံ၏ ကပ်ဘေးများဖြစ်သော ဓားသွားနှင့် မီးလျှံများကြားတွင် သူ၏ ဝိညာဉ်ကို လောင်ကြွမ်းခဲ့ရခြင်း၊ မျိုးစေ့တံခါး ကပ်ဘေးအတွင်း ဝိညာဉ်ကို လေးခုခွဲ၍ ပြန်ပေါင်းစပ်ခဲ့ရခြင်းနှင့် ဖူရှီ၏ လမ်းညွှန်မှုတို့ကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို သူ နားလည်သွားခဲ့သည်။

သူ၏ ဝိညာဉ်အတွင်းမှ ငရဲမီးစွမ်းအားပါဝင်သော မူလမီးလျှံ များ ထွက်ပေါ်လာပြီး ပြင်ပမှ စီးဝင်လာသော ဧရာမ စွမ်းအားကြီးကို ဘေးဥပါဒ်မရှိဘဲ သန့်စင်ပေးနေသည်။ တစ်ဖက်တွင်လည်း အိုရီ၏ ရယ်မောသံမှာ အဝေးမှ ပဲ့တင်သံတစ်ခုကဲ့သို့ ထွက်ပေါ်နေသဖြင့် ဝေ့ဝူယင် စိတ်အေးသွားရသည်။

ကြယ်တာရာ ဝိညာဉ် လေးခုနှင့် ဒုတိယစိတ်အာရုံတို့၏ အောင်ပွဲခံသံကို ကြားရပြီးနောက် စမ်းသပ်မှုများ ပြီးဆုံးပြီဟု သူ ထင်ခဲ့သော်လည်း အမှန်စင်စစ် အမွေအနှစ်ကို လက်ခံရယူခြင်းကိုယ်တိုင်က သူ၏ ဝိညာဉ် ကြံ့ခိုင်မှုကို စမ်းသပ်နေသည့် ကပ်ဘေးတစ်ခု ဖြစ်နေခြင်းပင်။ အကယ်၍ သူသာ မျိုးစေ့တံခါး ကပ်ဘေးကို မကျော်ဖြတ်ခဲ့ပါက ယခုပေးအပ်သော စွမ်းအားများကို လက်ခံနိုင်မည်မဟုတ်ဘဲ ထိုစွမ်းအားများကို တစ်စစချင်းသာ တူးဖော်အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။

ထိုသို့ တစ်စစချင်း တူးဖော်ရသော အမွေအနှစ်မျိုးမှာ သေမျိုးများမှ အာဏာရှင်များထံ ပေးအပ်ရာတွင် အသုံးများလှသည်။ သေမျိုးနှင့် လျှို့ဝှက် အဆင့်ကြားရှိ နားလည်နိုင်စွမ်း ကွာဟချက်မှာ အလွန်ကြီးမားလှသဖြင့် ၎င်းကို မျိုးစေ့များ သို့မဟုတ် အရာဝတ္ထုများအတွင်း ထည့်သွင်းကာ နောင်မှ ဖွင့်ရယူစေခြင်း ဖြစ်သည်။

ဝေ့ဝူယင်သည် ယခင်က ဤကဲ့သို့သော အမွေအနှစ်မျိုးကို မရရှိခဲ့ဖူးပေ။ သို့သော် အချိန်မြစ်အတွင်း သူ သတ်ခဲ့သော အခြားကမ္ဘာမှ ဝေ့ဝူယင်မှာမူ သူ၏ သားသမီးများနှင့် တပည့်များအတွက် ဤကဲ့သို့သော နည်းလမ်းမျိုးကို အသုံးပြုခဲ့ဖူးသည်။

ယခုအချိန်တွင် ဝေ့ဝူယင်သည် သူ၏ ခန္ဓာကိုယ်ကို သူကိုယ်တိုင် ထိန်းချုပ်နေခြင်း မဟုတ်ဘဲ ဒုတိယစိတ်အာရုံနှင့် ကြယ်တာရာ ဝိညာဉ်များထံ လွှဲအပ်ထားခြင်း ဖြစ်သည်။ အမွေအနှစ် စီးဝင်လာပြီးနောက်တွင်မူ ဝေ့ဝူယင်၏ စိတ်နှစ်ခုမှာ ဗီဇအရ ချိတ်ဆက်သွားပြီး မှတ်ဉာဏ်များနှင့် ခံစားချက်များမှာ လှိုင်းလုံးကြီးများသကဲ့သို့ သူ့ထံသို့ စီးဝင်လာတော့သည်။

သူသည် ပင်ပန်းနွမ်းနယ်မှု၊ ကျေနပ်အားရမှုနှင့်အတူ သူ၏ စာကြည့်တိုက်အတွင်း အေးအေးဆေးဆေး ပညာသင်ကြားချင်သော စိတ်အာရုံတို့ကို ခံစားလိုက်ရသည်။ ဤခံစားချက်က သူ၏ ဒုတိယစိတ်အာရုံမှာ သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် သို့မဟုတ် သီးခြားတည်ရှိရန် အစကတည်းက စိတ်ကူးမရှိကြောင်းကို ထပ်မံ အတည်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။ အမှန်စင်စစ် ထိုစိတ်အာရုံမှာ မိမိကိုယ်ကို သူ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး အချိန်ကန့်သတ်ချက်မရှိဘဲ မိမိဝါသနာပါရာကို လုပ်ဆောင်နိုင်သော ပဉ္စမမြောက် ကျင့်ကြံခြင်း ဝိညာဉ်တစ်ခုကဲ့သို့သာ နေထိုင်လိုခြင်း ဖြစ်သည်။

ဝေ့ဝူယင်၏ ဝိညာဉ်မှာ ပုံမှန်ထက် ပြန့်ကားနေသော်လည်း ထိုကဲ့သို့သော အတွေးမျိုးကို သိလိုက်ရသဖြင့် သူ ပြုံးမိသွားသည်။ ထို့ပြင် ၎င်းမှာ ဒုတိယစိတ်အာရုံက သူ့ကို တမင်သက်သက် ပြသခြင်းဖြစ်ကြောင်းလည်း သူ သိလိုက်သည်။

ပုံမှန်အားဖြင့် သူတို့သည် သက်ဆိုင်ရာ မှတ်ဉာဏ်နှင့် အသိပညာများကိုသာ အခါအားလျော်စွာ လွှဲပြောင်းပေးလေ့ ရှိသည်။ ဒုတိယစိတ်အာရုံမှာ ဝေ့ဝူယင်၏ ဘဝကို ဝေ့ဝူယင်နှင့်အတူ ဖြတ်သန်းနေသော်လည်း ကိုယ်တိုင် ဆုံးဖြတ်ချက် ချလေ့မရှိပေ။ ဝေ့ဝူယင်သည် ဒုတိယစိတ်အာရုံမှတစ်ဆင့် မရပ်မနား ပညာသင်ကြားနေပြီး အသိပညာများကို အံ့ဩဖွယ်နှုန်းဖြင့် တိုးတက်စေခဲ့သည်။

သူတို့ နှစ်ဦးစလုံးတွင် အလွန်သိပ်သည်းလှသော ဉာဏ်အလင်းရ ပညာရှိ မြူခိုးများ ရှိနေပြီး ၎င်းတို့ကို ဧဒင်နန်းတော် အတွင်း၌ သိမ်းဆည်းထားသည်။ တစ်ခါတစ်ရံတွင် ထိုမြူခိုးများကို ထုတ်လွှတ်ပြီး သူ၏ အတွေးများကို လှုံ့ဆော်ပေးခြင်း သို့မဟုတ် တိုက်ပွဲဝင် နည်းဗျူဟာများနှင့် ကျင့်စဉ်များကို တိုးတက်စေရန် တိတ်တဆိတ် ကူညီပေးခြင်းတို့ကို လုပ်ဆောင်သည်။

မက်ဂီ မင်းမျိုးမင်းနွယ်...

ဤစကားလုံး နှစ်လုံးမှာ မက်ဂီ အဆင့်အတန်း၏ ထိပ်ဆုံးတွင် ရှိနေသည်။ မက်ဂီ နိုဘယ်၊ မက်ဂီ သာမန်လူ နှင့် မက်ဂီ ကျွန် တို့၏ အထက်တွင် ရှိသည်။ ဖူရှီက သူရရှိမည့် ကျင့်စဉ်အဆင့်မှာ သူ၏ ရွေးချယ်မှုအပေါ် မူတည်မည်ဟု ပြောခဲ့ဖူးသည်။ သို့သော် ကျင့်စဉ်များမှာ မည်မျှအထိ ကွာခြားနိုင်မည်ကိုမူ သူ ယခုမှ သိရှိရတော့သည်။

ပထမဦးစွာ သူသည် တာအို အသိအမှတ်ပြုခြင်းတွင် ရှုံးနိမ့်သူများ ရရှိသော "မက်ဂီ ကျွန်" အမွေအနှစ်ကို လေ့လာခွင့်ရခဲ့သည်။ ၎င်းက သူ့ကို အံ့အားသင့်စေခဲ့သည်။

ပထမဆုံးအနေဖြင့် မက်ဂီ ကျွန်များသည် "ကောင်းကင်ဘုံ နတ်မျက်လုံးများ" ကို အခြေခံဆုံး အဆင့်ဖြစ်သည့် "ကောင်းကင် အကြည့်" အဖြစ်သာ ရရှိကြသည်။ ထိုအဆင့်တွင် ထာဝရရှင်သန်ခြင်း မျက်လုံး၊ ပုံရိပ်ယောင် မျက်လုံး၊ အမှန်တရား မျက်လုံးနှင့် ဖန်တီးခြင်း မျက်လုံး စသည့် အစီအရင်များ မပါဝင်ပေ။

"ကောင်းကင် အကြည့်" သည် ကောင်းကင်ဘုံ နတ်မျက်လုံးများ၏ အခြေခံစွမ်းအား ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အာရုံအားလုံးကို မျက်လုံးထဲသို့ စုစည်းကာ အမြင်အာရုံကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ၎င်းမှာ ဝိညာဉ်ကျင့်စဉ် မဟုတ်ဘဲ ဗီဇစွမ်းအား တစ်ခုသာ ဖြစ်သည်။

ဗီဇစွမ်းအားဆိုသည်မှာ မိမိ၏ ဝိညာဉ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဝေ့ဝူယင် မွေးဖွားလာစဉ်ကတည်းက ပါရှိသော ငွေရောင် မျက်ဝန်းများမှာ ဤဗီဇစွမ်းအား၏ အလားအလာကို ပြသနေခြင်း ဖြစ်သည်။ ယခု အမွေအနှစ်က ထိုစွမ်းအားကို မည်သို့ မှန်ကန်စွာ သုံးရမည်ကို ပြသလိုက်ခြင်း ဖြစ်သည်။ ဤစွမ်းအားကြောင့် မက်ဂီများသည် ကန့်သတ်ချက်များစွာကို ကျော်လွန်ပြီး အရာအားလုံးကို ထွင်းဖောက်မြင်နိုင်ကြခြင်း ဖြစ်သည်။

ဝေ့ဝူယင် အကျွမ်းကျင်ဆုံးမှာ ပုံမှန်အားဖြင့် မမြင်နိုင်သော "လျှို့ဝှက်စွမ်းအင်"၊ "အမတစွမ်းအင်" နှင့် လောက၏ အမတေများကဲ့သို့သော ထူးဆန်းသော စွမ်းအင်များကို မြင်နိုင်စွမ်းပင် ဖြစ်သည်။ ၎င်းသည် ပုံရိပ်ယောင် မျက်လုံးနှင့် အမှန်တရား မျက်လုံးတို့အတွက် အခြေခံအုတ်မြစ် ဖြစ်သလို၊ မျက်လုံးများကို သန့်စင်ပေးပြီး အရာဝတ္ထုများ သို့မဟုတ် အော်ရာများကို သိမ်းဆည်းနိုင်စေသည်။ သို့သော် ဝေ့ဝူယင် ကျင့်ကြံထားသော "ကောင်းကင် အကြည့်" မှာ အမွေအနှစ်ထဲတွင် ဖော်ပြထားသော အစုတ်ပြတ်ဆုံးနှင့် အခြေခံအကျဆုံး အဆင့်သာ ဖြစ်နေသေးသည်ကို သူ တွေ့ရှိလိုက်ရသည်။ ၎င်းတွင် အရေးကြီးသော အစိတ်အပိုင်းများစွာ လိုအပ်နေသေး၏။

မက်ဂီ ကျွန်များသည် အခြေခံ စိတ်အာရုံကျင့်စဉ်ကိုလည်း ရရှိကြသည်။ ၎င်းမှာ စိတ်ကို တည်ငြိမ်စေခြင်း၊ ဝိညာဉ်ကို ခိုင်မာစေခြင်းနှင့် စိတ်ဆန္ဒကို စုစည်းစေခြင်းတို့ကိုသာ လုပ်ဆောင်ပေးနိုင်ပြီး အခြား ထူးခြားသော စွမ်းအားများ မရှိပေ။ ၎င်းမှာ ဝေ့ဝူယင်တွင် မရှိသေးသော အဆင့်မြင့် ကျင့်စဉ်များ၏ အခြေခံမျှသာ ဖြစ်ပုံရသည်။

ထို့ပြင် ဝေ့ဝူယင်က "ကောင်းကင် အကြည့်" ဟု ခေါ်ဆိုနေသော်လည်း ထိုနည်းစနစ်၏ အမည်ရင်းမှာ "မက်ဂီတို့၏ ကောင်းကင်နိမိတ်နှင့် လောကညီညွတ်ခြင်း အကြည့်" ပင် ဖြစ်သည်။

ထို့နောက် "မက်ဂီ သာမန်လူ" အဆင့်မှာမူ ပိုမို ပြည့်စုံလှသည်။ အရေးကြီးဆုံးအချက်မှာ သူတို့၏ "ကောင်းကင်အကြည့်" သည် ရုပ်၊ စိတ်၊ ဝိညာဉ်ကို သာမက အစစ်အမှန် ဝိညာဉ် ကိုပါ ပေါင်းစပ်ပေးနိုင်ခြင်းပင်။

ဤအဆင့်ရှိသော သူများသည် "ဝိညာဉ် အာရုံခံနိုင်စွမ်း" ကို ရရှိကြသည်။ ၎င်းမှာ ဉာဏ်အလင်းရ သူတော်စင်များနှင့် လျှို့ဝှက် အာဏာရှင်အဆင့်ထက် များစွာ သာလွန်သော "ပဲ့တင်ထပ် ဝိညာဉ်" အဆင့် ပညာရှင်ကြီးများသာ ပိုင်ဆိုင်သော ကြီးမားသည့် စွမ်းအား ဖြစ်သည်။

ဝေ့ဝူယင်၏ တိုးတက်မှုများမှာ ဤမျှနှင့် မပြီးသေးပေ...။ စိတ်အာရုံကျင့်စဉ်မှာလည်း ဤအဆင့်တွင် ပိုမို တိုးတက်လာပြီး ဝေ့ဝူယင်၏ ကလေးဘဝ မှတ်ဉာဏ်တစ်ခုကို လှုံ့ဆော်ပေးလိုက်သည်။

၎င်းမှာ ဝေ့ဝူယင် ကလေးဘဝက အနန္တ ကုန်းမြေတိုက်ကြီးတွင် ကြားခဲ့ရသော ပုံပြင်များ မဟုတ်ပေ။ ၎င်းမှာ သူ ငယ်စဉ်က မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် နွေးထွေးစွာ နေထိုင်စဉ် သူမ ဆိုပြလေ့ရှိသော သီချင်းတစ်ပုဒ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူမ၏ စိတ်ဝေဒနာ မဖောက်ပြန်မီ ခဏတာမျှ သတိရနေချိန်များတွင် ဆိုပြလေ့ရှိသော သီချင်းဖြစ်သည်။

ထိုကျင့်စဉ်၏ အမည်မှာ "အာကာရှစ် ကျမ်းဂန်၊ မက်ဂီတို့၏ မှတ်တမ်းများ" ပင် ဖြစ်သည်။ ၎င်းမှာ "ဖန်တီးခြင်းဆိုင်ရာ အာကာရှစ်မှတ်တမ်း" တစ်ခုကို ဖန်တီးနိုင်မည့် နည်းလမ်းပင် ဖြစ်ပေသည်။

***

အပိုင်း(၂၀၅၀)

ဝေ့ဝူယင်၏ နှလုံးသားထဲတွင် လွမ်းမောဖွယ်ရာ ပဲ့တင်ထပ်နေသော ထိုသီချင်းသံမှာ သူ၏ ဘဝတစ်လျှောက်လုံး ဘယ်သောအခါမှ မေ့ပျောက်နိုင်တော့မည့် အဖိုးတန် အမှတ်ရစရာတစ်ခုပင် ဖြစ်သည်။

“အရာခပ်သိမ်းရဲ့ အာရုဏ်ဦးမှာ ကြယ်တာရာတွေ၊ သစ်ပင်တွေနဲ့ နှင်းပွင့်တွေ ကြွေကျတာကို ငါတို့ မြင်ခဲ့ရတယ်~ လောကကမ္ဘာတွေရဲ့ ငိုကြွေးသံကို ငါတို့ ကြားခဲ့ရတယ်~ ကောင်းမြတ်ခြင်းရဲ့ တိုက်ပွဲကို ငါတို့ မြင်ခဲ့ရတယ်~ ယုတ်မာခြင်းရဲ့ ကြောက်မက်ဖွယ် ကိုက်ခဲမှုကို ငါတို့ ကြားခဲ့ရတယ်~ အရာအားလုံးကို ငါတို့ဟာ ကြောက်ရွံ့ခြင်းကင်းစွာနဲ့ ကြည့်ရှုခဲ့ကြတယ်~”

"ငါ့ရဲ့ ချစ်စဖွယ် သားလေး..."

ဝေ့ဝူယင်သည် သူ၏ ညာဘက်ပါးပြင်ကို လက်ဖြင့် အသာအယာ ပွတ်သပ်မိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုအမျိုးသမီး ပေးခဲ့သော နွေးထွေးမှုမှာ ယခုတိုင် ရှိနေဆဲဟု သူ ခံစားလိုက်ရ၏။ ထိုသီချင်း၊ "အာကာရှစ်ကျမ်းဂန်" နှင့် "မက်ဂီတို့၏ မှတ်တမ်းများ" သည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ၎င်းမှာ "မက်ဂီ သာမန်လူ" အဆင့်နှင့် ထို့ထက်မြင့်သော အဆင့်ရှိသူများအတွက် မက်ဂီ စိတ်အာရုံကျင့်စဉ်၏ အမတေကို ကြိုတင်ဟောကြားထားခြင်းပင် ဖြစ်သည်။

"အာကာရှစ်မှတ်တမ်းများ" သည် ဖန်တီးခြင်း၏ အာရုဏ်ဦးမှစ၍ ယနေ့အထိ တည်ရှိခဲ့သမျှသော သက်ရှိ၊ သက်မဲ့တို့၏ အတွေ့အကြုံတိုင်း၊ အတွေးအခေါ်၊ စကားလုံး၊ ခံစားချက်၊ ဖြစ်ရပ်နှင့် ရည်ရွယ်ချက်တိုင်းကို အသေးစိတ် စုစည်းထားသည့် မှတ်တမ်းကြီးတစ်ခု ဖြစ်ကြောင်း ဒဏ္ဍာရီလာ သီချင်းက ဆိုထားသည်။ ၎င်းသည် ပထမဆုံးနှင့် အတိကျဆုံးသော သမိုင်းမှတ်တမ်းစာအုပ် ဖြစ်သလို အနာဂတ်ကိုပင် ခန့်မှန်းနိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။

စိတ်အာရုံကျင့်စဉ်၏ အမည်မှာလည်း ထိုသီချင်းနှင့် ထပ်တူပင် ဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ "ဖန်တီးခြင်းဆိုင်ရာ အာကာရှစ်မှတ်တမ်း" တစ်ခုကို ဖန်တီးရန် ဖြစ်သည်။ သို့သော်လည်း ထိုမှတ်တမ်း၏ အခြေခံ ဂုဏ်သတ္တိများမှာ မက်ဂီတစ်ဦး အသိအမှတ်ပြုခြင်း ခံထားရသည့် တာအိုနယ်ပယ်အတွင်း၌သာ ကန့်သတ်ထားသည်။

ထို့ကြောင့် တာအို အသိအမှတ်ပြုခြင်း ကို မကျော်ဖြတ်နိုင်ပါက ဤနည်းစနစ်မှာ အသုံးမဝင်ပေ။ သို့သော်လည်း "မက်ဂီ သာမန်လူ" အဆင့်၏ အမွေအနှစ်ထဲတွင် ရှိသော အာကာရှစ်မှတ်တမ်းမှာ ဒဏ္ဍာရီထဲကကဲ့သို့ အလွန်အကျွံ ကြီးကျယ်ခမ်းနားခြင်း မရှိသေးပေ။

"ထူးဆန်းတဲ့ စိတ်အာရုံကျင့်စဉ်ပဲ..."

ဝေ့ဝူယင်သည် ထိုကျင့်စဉ်နှင့် ၎င်းမှ ရရှိလာသော စွမ်းအားကို စစ်ဆေးရင်း ရေရွတ်လိုက်သည်။ ၎င်းမှာ ဧဒင်၏ စာကြည့်တိုက်နှင့် မခြားနားသော်လည်း ဧဒင်စာကြည့်တိုက်သည် အချက်အလက်များကို အတိုင်းအဆမဲ့ သိမ်းဆည်းနိုင်သလို အသစ်လည်း ဖန်တီးနိုင်သည်။ "အာကာရှစ်ကျမ်းဂန်" ကမူ တစ်ဦးတစ်ယောက်၏ အသိစိတ် ပင်လယ်အတွင်းရှိ စိတ်နယ်ပယ်၌ တည်ရှိနေပြီး "မက်ဂီတို့၏ အကြည့်" သို့မဟုတ် မိမိနှင့် ထိတွေ့သမျှသော အရာခပ်သိမ်း၏ ဖြစ်တည်မှုဆိုင်ရာ မူလအစ အသေးစိတ်များကို ဖမ်းယူနိုင်စွမ်း ရှိသည်။

ပထမတစ်ချက် ကြည့်လျှင် တာအို အသိအမှတ်ပြုခြင်း၏ ကန့်သတ်ချက်ကြောင့် ဤစွမ်းအားကို အထင်သေးနိုင်သော်လည်း သေမျိုးနယ်ပယ်များကို ကျော်ဖြတ်ပြီးနောက် "သေမျိုးတာအို" ၏ အသိအမှတ်ပြုမှုကို လူတိုင်း မလွဲမသွေ ရရှိမည်ဖြစ်ကြောင်း သိလိုက်ရလျှင်မူ ဤစွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်းမှာ အရာအားလုံး၏ အချက်အလက် အပြည့်အစုံကို ရယူနိုင်သည့် အစဉ်အလာမဲ့ နည်းလမ်းတစ်ခုပင်။ အဂ္ဂိရတ် တာအို အနေဖြင့်မူ အဂ္ဂိရတ် လုပ်ငန်းစဉ်များ၊ ဆေးဖော်စပ်မှု နည်းစနစ်များ၊ ဆေးဖက်ဝင် ပစ္စည်းများ၏ မူလအစနှင့် သက်တမ်း၊ ဆေးဖော်စပ်စဉ်အတွင်း ထိုပစ္စည်းများ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို အတိအကျ သိရှိနိုင်မည် ဖြစ်သည်။ ၎င်းမှာ... ကြီးမားသော ဖြစ်နိုင်ခြေများစွာ ကိန်းအောင်းနေ၏။

သို့သော်လည်း ဝေ့ဝူယင်သည် မက်ဂီ သာမန်လူ အဆင့်၏ ကျမ်းဂန်ကို ဖတ်ရုံမျှဖြင့် အာကာရှစ်ကျမ်းဂန်၏ အတိုင်းအဆကို အပြည့်အဝ နားမလည်နိုင်သေးပေ။ စိတ်အာရုံကျင့်စဉ်မှာ မပြည့်စုံနိုင်သေးကြောင်း ဖူရှီ ပြောခဲ့သည်မှာ မမှားပေ။ အချို့သော အရေးကြီးသည့် လုပ်ဆောင်ချက်များမှာ မပါဝင်သေးချေ။ ဥပမာအားဖြင့် အချက်အလက်များကို မိမိဘာသာ တက်ကြွစွာ ရှာဖွေနိုင်စွမ်း မရှိသေးဘဲ တိုက်တိုက်ဆိုင်ဆိုင် တွေ့ရသော သို့မဟုတ် ကိုယ်တိုင် ထိတွေ့ရသော အရာများကိုသာ မှတ်တမ်းတင် စူးစမ်းနိုင်သည်။

၎င်းမှာ အချည်းနှီး ဖြစ်နေသော စာကြည့်တိုက်တစ်ခုနှင့် တူသည်။ သင်သည် ထိုက်ရှန်းတောင်ကို ကိုယ်တိုင် မမြင်ရသေးသရွေ့ ၎င်း၏ မူလအစကို သိနိုင်မည် မဟုတ်ပေ။ တောင်ဆိုသည်မှာ ဘာလဲဟုပင် သင် သိလိမ့်မည် မဟုတ်ဘဲ ထိုတောင်ကို မြင်လိုက်ရမှသာ ၎င်း၏ ဖြစ်တည်မှုနှင့် အတွေ့အကြုံဆိုင်ရာ အချက်အလက်များကို ရရှိလိမ့်မည် ဖြစ်သည်။

ဤကျမ်းဂန်အတွင်း၌ အရာဝတ္ထုတို့၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို မှတ်တမ်းတင်နိုင်သည်ဟု ဆိုသော်လည်း မက်ဂီ သာမန်လူ အဆင့်မှာမူ အတိတ်ကိုသာ မှတ်တမ်းတင်နိုင်သည်။ ဝေ့ဝူယင် မရိပ်မိသေးသော အခြား ကန့်သတ်ချက်များစွာလည်း ရှိနေပေလိမ့်မည်။

"..."

ထို့နောက် "မက်ဂီ နိုဘယ်" အဆင့် အမွေအနှစ် စီးဝင်လာပြီး သူ၏ အစစ်အမှန် ဝိညာဉ်မှာ အနည်းငယ် ပို၍ ပြန့်ကားလာသောအခါ ဝေ့ဝူယင်သည် ခြားနားချက်များကို ပိုမို နားလည်လာခဲ့သည်။ အာကာရှစ်မှတ်တမ်းများသည် တစ်ဦးတစ်ယောက်၏ စိတ်နယ်ပယ်ကို မြှင့်တင်ပေးနိုင်ပြီး ပြန့်ကားစေနိုင်သည်။ အတိုချုပ်ဆိုရသော် ၎င်းသည် စိတ်စွမ်းအင်၊ အသိစိတ် ပင်လယ်နှင့် စိတ်အာရုံ တို့ကို ကျင့်ကြံပေးခြင်း ဖြစ်သည်။ သို့သော် မက်ဂီ သာမန်လူ အဆင့်တွင်မူ ၎င်းကို မည်သို့ လုပ်ဆောင်ရမည်ဟူသော အမတေ မပါဝင်ချေ။

ဝေ့ဝူယင်သည် ဤအတွေ့အကြုံကို တိုက်ဆိုင်မှုကြောင့်သော်လည်းကောင်း၊ မဟုတ်ဘဲသော်လည်းကောင်း တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးသည်။ ဧဒင် သူ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားစဉ်က ဝေ့ဝူယင်သည် ဧဒင်၏ ဖြစ်တည်မှု တစ်ခုလုံးကို "ကိုယ်တိုင် ဖြတ်သန်း" ခံစားခဲ့ရသည်။ ဧဒင် စတင် ဖန်တီးခံရချိန်မှစ၍ ၎င်း၏ အတွေးတိုင်း၊ ခံစားချက်တိုင်းနှင့် သိမ်းပိုက်ရန် သင့်တော်သော ဝေ့ဝူယင်ကို တွေ့လိုက်ရချိန်၌ ခံစားရသော ဝမ်းမြောက်မှုအထိ အားလုံးကို သူ သိရှိခဲ့ရသည်။

စိတ်နယ်ပယ်ကို ကျင့်ကြံခြင်းဆိုသည်မှာလည်း ထိုသို့ပင် ဖြစ်သည်။ အခြားသော အတွေ့အကြုံများကို ကိုယ်တိုင် ဖြတ်သန်း ခံစားရင်း နားလည်သဘောပေါက်ခြင်း ဖြစ်သည်။ အာကာရှစ်ကျမ်းဂန်တွင် အချက်အလက်များ ပါရှိနေသော်လည်း ၎င်းကို မက်ဂီက ဖတ်ရှုပြီး လက်တွေ့ မသုံးသရွေ့ အကျိုးမရှိပေ။

ထိုကဲ့သို့သော အတွေ့အကြုံများကို ကိုယ်တိုင် ဖြတ်သန်းခြင်းဖြင့် မက်ဂီများသည် သာမန် ကျင့်ကြံသူများ မရရှိနိုင်သော အသိပညာများကို ရရှိလာကြသည်။ နေမင်းတစ်စင်း၏ စတင် ဖြစ်တည်လာမှုနှင့် ပျက်သုဉ်းသွားမှု လုပ်ငန်းစဉ်ကို ကိုယ်တိုင် ဖြတ်သန်း ခံစားဖူးသူလောက် မည်သူမျှ ကောင်းကောင်း နားလည်နိုင်မည် မဟုတ်ပေ။

ဝေ့ဝူယင်သည် ဤတွေ့ရှိမှုကြောင့် အလွန်ပင် အံ့အားသင့်သွားရသည်။ ဧဒင်၏ စိတ်စွမ်းအင် အမျိုးအစားမှာ...

ဝေ့ဝူယင်သည် အဂ္ဂိရတ် တာအိုနှင့် ဖန်တီးခြင်းဆိုင်ရာ အာကာရှစ်မှတ်တမ်းတို့၏ မူလအစကို နားလည်သွားပြီးနောက် "ခုနစ်သွယ် ရင်းမြစ် ဝိညာဉ်အလင်း’ မှာ လုံးဝ ကွဲပြားသော အဓိပ္ပာယ် ဖြစ်သွားခဲ့သည်။ ၎င်းက အရာအားလုံးကို ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။

မှတ်ဉာဏ်များကို ဖတ်နိုင်စွမ်း... အတွေးများကို ဖတ်နိုင်စွမ်း... မိမိ၏ အတွေးနှင့် မှတ်ဉာဏ်များကို သူတစ်ပါးထံ ပေးအပ်နိုင်စွမ်း...

ကျင့်ကြံခြင်း လောကကြီးထဲတွင် မှတ်ဉာဏ်များနှင့် ပတ်သက်၍ ထိတွေ့ခြင်းမှာ အဆင့်နိမ့် ကျင့်ကြံသူများအတွက် အလွန် ခက်ခဲလှသလို၊ အဆင့်မြင့် ကျင့်ကြံသူများအတွက်မူ အလွန် ကြီးမားသော တားမြစ်ချက် တစ်ခု ဖြစ်သည်။ မှတ်ဉာဏ်၏ အခြေခံမှာ စိတ်မျက်လုံးနှင့် ဆက်စပ်နေပြီး ၎င်းမှတစ်ဆင့် စိတ်အာရုံ၊ ဝိညာဉ်နှင့် အစစ်အမှန် ဝိညာဉ်တို့နှင့် ချိတ်ဆက်နေသည်။ ထို့ကြောင့် မိမိ၏ ဝိညာဉ်ဖြင့် သူတစ်ပါး၏ မှတ်ဉာဏ်ကို ထိတွေ့ခြင်းမှာ အလွန် အန္တရာယ်များလှသလို၊ စိတ်ဝေဒနာ ခံစားရခြင်း သို့မဟုတ် ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲသွားခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့်ပင် တစ်ကမ္ဘာလုံးရှိ ကျင့်ကြံသူများသည် အဖြစ်အပျက်များကို သိရှိရန်အတွက် "ကောင်းကင် နိမိတ်ဖတ်သူများ" နှင့် "အချိန်နောက်ပြန်လှည့်ခြင်း" တို့ကိုသာ အားကိုးကြရခြင်း ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်းနှင့် နှိပ်စက်ခြင်း နည်းလမ်းများ ယခုတိုင် ရှိနေခြင်း ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင် လုပ်နိုင်သကဲ့သို့ ဝိညာဉ်ကို ရှာဖွေခြင်း သို့မဟုတ် စိတ်ကို ရှာဖွေခြင်းမျိုးသာ လွယ်ကူခဲ့ပါက ကျင့်ကြံခြင်းမှာ ဤမျှ ခက်ခဲမည် မဟုတ်ပေ။ ပါရမီရှင်များသည် အထက်လူကြီးများ၏ ကိရိယာများအဖြစ် အသုံးချခံရမည် ဖြစ်ပြီး နက်နဲလှသော ရည်ရွယ်ချက်များ၊ ဥပဒေသများ၊ ကျင့်စဉ်များနှင့် အတတ်ပညာများကို ခိုးယူခြင်းများမှာ နေရာအနှံ့ ဖြစ်ပေါ်နေပေလိမ့်မည်။ လျှို့ဝှက်ချက်ဟူ၍လည်း ရှိတော့မည် မဟုတ်ပေ။ ဥပမာအားဖြင့် ဝေ့ဝူယင်သည် အခြားကမ္ဘာမှ သူ၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများကို ရရှိခဲ့သဖြင့် အဂ္ဂိရတ် တာအို လမ်းစဉ်တွင် များစွာ ခရီးရောက်ခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင်သည် ရှေးဟောင်း ချိပ်ပိတ်နယ်မြေတွင် ရှိစဉ်က ဧဒင်ကြောင့် မိမိကိုယ်ကို ထူးခြားသူဟု ထင်ခဲ့ဖူးသည်။ အမှန်တကယ်တော့ ထိုသို့ ဖြစ်နေရခြင်းမှာ စိတ်အာရုံကျင့်စဉ်နှင့် စိတ်တာအိုကို အထူးပြုသော လူ့အဖွဲ့အစည်းနှင့် သူ မကြုံတွေ့ရသေးသောကြောင့်သာ ဖြစ်သည်။

"ဧဒင်ရဲ့ စွမ်းအင်က... အာကာရှစ် စွမ်းအင်လား..."

ဤစွမ်းအင် အမျိုးအစားသည် မက်ဂီတို့ ကျင့်ကြံသော အာကာရှစ်ကျမ်းဂန်ကဲ့သို့ပင် ဖြစ်တည်မှုဆိုင်ရာ အတွေ့အကြုံများကို သိမ်းဆည်းခြင်း၊ ဖတ်ရှုခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို လုပ်ဆောင်နိုင်သည်။

"အဂ္ဂိရတ် အာကာရှစ် ကြယ်တာရာ ဝိညာဉ်"

ဝေ့ဝူယင် နာမည်သစ် တစ်ခုကို သတ်မှတ်လိုက်၏။ ဧဒင် စတင် ဖန်တီးခံရစဉ်ကတည်းက ဝေ့ဝူယင်သည် ၎င်း၏ စွမ်းအင်အမျိုးအစားကို နားမလည်ခဲ့သလို ထိန်ကျန့်ဝမ်နှင့် သူတော်စင် နွေဦးကွင်းပြင်တို့၏ မှတ်ဉာဏ်များထဲတွင်လည်း မရှိခဲ့ပေ။ ဝေ့ဝူယင် ရင်ခုန်သံများ မြန်နေစဉ်မှာပင် နောက်ဆုံး အမွေအနှစ်ဖြစ်သော "မက်ဂီ မင်းမျိုးမင်းနွယ်" အမွေအနှစ်မှာ စီးဝင်လာပြီး သူ၏ ဝိညာဉ်ကို ထပ်မံ ပြန့်ကားစေပြန်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ဝိညာဉ်မှာ ၎င်းကို ခံနိုင်ရည် ရှိပေသည်။

All Chapters