← Chapters

အရိုးဖြူများ၏ရနံ့

Vol. 4 Ch. 392

အရိုးဖြူများ၏ရနံ့

Vol. 4 Ch. 392

ဖန်းယန်ယင်းသည် ဆရာဦးလေး ဖြစ်သူ၏ စေခိုင်းမှုကို မငြင်းဆန်ရဲပေ။

"ဘာပစ္စည်းကို ရှာပေးရမှာလဲ ဆရာဦးလေး"

ဖန်းယန်ယင်းက မေးလိုက်လေသည်။

ဆန်းလျန်က မျက်လုံးများကို အသာမှိတ်လိုက်ပြီး ဒြပ်စင် ငါးပါး မှော်ဝင်ဓားကို ညင်ညင်သာသာ တစ်ချက် ခေါက်လိုက်သည်။

ပြီးမှ…

"မင်း ဝတ်ကျောင်းတော်ထဲ ဝင်သွားတဲ့ အခါ ဘုန်းတာ်ကြီးတစ်ပါးနဲ့ တွေ့လိမ့်မယ်၊ အဲဒီ ဘုန်းတော်ကြီးဆီက နတ်ရေစင် တစ်စက်လောက်တောင်းခဲ့ပါ"

ဖန်းယန်ယင်းက ဆန်းလျန်ကို ဦးညွတ် လိုက်သည်။ ထို့နောက် နတ်ရေစင် ယူရန်အတွက် ထွက်ခွာသွားရန် ပြင်လိုက်သည်။

သူမ မည်သို့သော အခက်အခဲများ ကြုံရမည်ကို ဆန်းလျန်ကို မေးမြန်း မနေတော့ပါ။ သူမ၏ တာဝန်မှာ နတ်ရေစင် သွားယူရမည့် တာဝန်ဖြစ်ပြီး ဘုန်းတော်ကြီးက မပေးချင်ဘူး ဆိုလျှင်တောင်မှ သူမက ရအောင်ယူမည် ဖြစ်လေသည်။

ဆန်းလျန်က ထွက်ခွာ သွားတော့မည့် ဖန်းယန်ယင်းကို တားလိုက်ပြီး အဝတ်နှင့် ပတ်ထားသည့် သူ၏ မှော်ဝင်ဓားကို လှမ်းပေးလိုက်သည်။

"ဒီဓားကို မင်းယူသွား"

ဖန်းယန်ယင်းသည် ဆန်းလျန်၏ ဓားကို လှမ်းယူလိုက်ပြီး မြို့ကြီးတစ်မြို့ အလား ကြီးမားလှသည့် ဝတ်ကျောင်းတော်ကြီး ရှိရာသို့ ထွက်ခွာ လာခဲ့လေတော့သည်။

မှော်ဝင်ဓား၏ အသက်ရှူသံနှင့် ဖန်းယန်ယင်း၏ အသက်ရှူသံများမှာ ထပ်တူ ကျနေလေသည်။ သူမ လက်ထဲတွင် ကိုင်ထားသည့် အဝတ်စများဖြင့် ပတ်ထားသည့် ဓားထံမှ မိုးမြေ စွမ်းအားများကို ခံစားနေရလေသည်။

အဝေးမှကြည့်လျှင်ပင် ခမ်းနား ထည်ဝါလွန်းသည်ဟု ခံစားရသည့် ဝတ်ကျောင်းတော်ကြီး သည် အနီးကပ် ရောက်ရှိလာသည့် အခါတွင်လည်း ပိုပြီး ခမ်းနားထည်ဝါ နေသယောင် ထင်ရလေသည်။

သူမ ဝတ်ကျောင်းတော် တံခါးဝမှ ဝင်သွားပြီး လမ်းလျှောက်လာဆဲ…

ဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရလေသည်။

ဆိုင်းဘုတ်သည် အရောင်များ လွင့်ပြယ်နေပြီး မှေးမှိန်နေသည့်တိုင် ရေးသားထားသည့် စာလုံးများကိုတော့ ဖန်းယန်ယင်း ဖတ်၍ ရလေသည်။

"စန်းကွမ်းဝတ် ကျောင်းတော်"

ဖန်းယန်ယင်းသည် စန်းကွမ်း ကျောင်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့် ဆရာဦးလေးနှင့် ဆက်သွယ်နေသည့် စိတ်အာရုံမှာ ပျောက်ကွယ် သွားသည်ဟု ခံစားလိုက်ရလေသည်။

ထိုအချိန်…

ဝတ်ကျောင်းတော်ထဲတွင် ဘုန်းကြီးအိုကြီး တစ်ပါးကို တွေ့လိုက် ရလေသည်။

ဘုန်းကြီးအိုကြီးမှာ ခါးများပင် ကိုင်းနေပြီး အလွန် အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်လေသည်။

"ဘာကိစ္စ ရောက်လာရတာလဲ ဒကာမလေး"

ဘုန်းကြီးအိုကြီးက မေးလိုက်လေသည်။

"ကျွန်မရဲ့ဆရာက နတ်ရေစင် တစ်စက်လောက် တောင်းခိုင်း လိုက်လို့ပါ ဆရာတော်"

ဖန်းယန်ယင်းက ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

ဘုန်းကြီးအိုကြီးက ခေါင်းတစ်ချက် ခါယမ်းလိုက်ရင်း…

"ဒီမှာ ဘာနတ်ရေစင်မှ မရှိပါဘူး"

ဆရာဦးလေးကတော့ သူမကိုလိမ်ပြောမည် မဟုတ်ကြောင်း ဖန်းယန်ယင်း သိလေသည်။ ဤဝတ် ကျောင်းတော် အတွင်းတွင် နတ်ရေစင်ရှိရမည်ဟု သူမ အတတ်သိလေသည်။ ထို့ကြောင့် ဘုန်းကြီးအိုကြီးကို သူမက စိုက်ကြည့် နေလိုက်သည်။

ဘုန်းကြီးအိုကြီးမှာ ဖန်းယန်ယင်း၏ စူးရှသည့် အကြည့်များကြောင့် ကြောက်လန့် သွားခြင်း မရှိပါ။ သူက တဟားဟား အော်ဟစ် ရယ်မော လိုက်လေသည်။

"နတ်ရေစင်ဆိုတာ ဘာလဲဆိုတာရော မင်းသိလို့လားကွယ်"

"မသိပါဘူး"

ဖန်းယန်ယင်းက ရိုးသာစွာပင် ပြန်ဖြေလိုက်သည်။

"နတ်ရေစင်ဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ မသေနိုင်တဲ့ နတ်ဆေး တစ်မျိုးပဲ၊ တာအို ကျင့်ကြံသူ ဂိုဏ်းတွေရဲ့ နတ်ဘုရား ပြဒါးဆေးနဲ့ အတူတူပဲကွဲ့၊ နတ်ရေစင် တစ်စက်ရရုံနဲ့ လူတစ်ယောက်ဟာ ထာဝရ အသက်ရှည်နိုင်တယ်၊ ဒါပေမဲ့ နတ်ရေစင် တစ်စက် ကျဆင်းဖို့ မရေမတွက် နိုင်အောင် များပြားတဲ့ လူသားတွေရဲ့ အသက်ကို ပေးဆပ်ရတယ်"

ထို့နောက် ဖန်းယန်ယင်းသည် အလွန်မွှေးပျံ့သည့် နံ့သာဆီနံ့ တစ်မျိုးကို ရလိုက်လေသည်။

သူမ၏ မျက်ဝန်းများထဲတွင် မရေမတွက် နိုင်အောင် များပြားသည့် လူအရိုးများစွာကို မြင်တွေ့ လိုက်ရလေသည်။

သူမရရှိသည့် မွှေးရနံ့မှာ လူအရိုးများထံမှ လာသည့် ရနံ့ ဖြစ်နေလေသည်။ အရိုးများမှာ ပိုမိုများပြားလာပြီး စုပုံ လာလေသည်။ အရိုးများသည် ခြောက်သွေ့နေခြင်း မရှိဘဲ ဖြူဖွေး နေကြလေသည်။

ရုတ်တရက်…

ဘုန်းကြီးအိုကြီး၏ အငွေ့အသက် များမှာ ပြောင်းလဲ သွားလေသည်။ အလွန်မှ ကြမ်းတမ်းပြီး မာန ထောင်လွှားသည့် အငွေ့အသက်ကို ဘုန်းကြီးအိုကြီးထံမှ ခံစားလိုက်ရလေသည်။

ဘုန်းတော်ကြီးက ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။

"မင်းမသွားချင်ဘူး ဆိုရင်တော့ ဒီမှာနေလို့ ရပါတယ်"

ဖန်းယန်ယင်းသည် မြို့ကြီးတစ်မြို့ အလား ကြီးမားသည့် ဝတ်ကျောင်းတော်ကြီး အကြောင်းကို သဘောပေါက်စ ပြုလာလေသည်။ ဤဝတ် ကျောင်းတော်ကြီးမှာ လူမနေသည့် ဝတ်ကျောင်းတော်ကြီး ဖြစ်ပြီး လူသေများဖြင့် ပြည့်နှက် နေလေသည်။

သူမမြင်တွေ့ရသည့် အရိုးများမှာ တစ်ချိန်က အသက်ရှင် ခဲ့ကြသော်လည်း ယခုတော့ သေဆုံးခဲ့ကြပြီ ဖြစ်လေသည်။

ဘုန်းတော်ကြီး၏ လက်မှ ရေကဲ့သို့ ကြည်လင်သည့် အလင်းရောင် တစ်ခု တောက်ပနေပြီး ထိုအလင်းတန်းက စန်းကွမ်းဝတ် ကျောင်းတော်ကြီး တစ်ခုလုံးကို ဖုံးလွှမ်း ထားလေသည်။

ဖန်းယန်ယင်းသည် ဘုန်းတော်ကြီး၏ ကြီးမားသည့် တန်ခိုးစွမ်းအားကို ခံစားနေရလေသည်။

ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားများနှင့် တာအို တန်ခိုးစွမ်းအားများမှာ အလွန် ကွဲပြား ခြားနားလေသည်။ အလွန်နက်နဲသည့်တိုင် ဖန်းယန်ယင်းသည် သေသေချာချာတော့ သိရှိခြင်း မရှိသေးပေ။

ခပ်ဝေးဝေး တစ်နေရာရှိ အုတ်တံတိုင်း တစ်ခုထက်တွင် ဆန်းလျန်သည် မတ်တတ် ရပ်နေလေသည်။

ဆန်းလျန်၏ တည်ရှိမှုကို ဖန်းယန်ယင်းလည်း သတိမပြုမိသလို ဘုန်းတော်ကြီးကလည်း သတိပြုမိခြင်း မရှိပေ။

ဆန်းလျန်သည် အဖြစ်အပျက်များ အားလုံးကို တိတ်တဆိတ် စောင့်ကြေည့်နေပြီး ဘုန်းတော်ကြီး၏ လက်မှ ဖြာထွက်နေသည့် အလင်းတန်းသည် ဆန်းလျန်ပေါ်တွင် သက်ရောက်ခြင်း မရှိပေ။

အမှန်တော့-

ရှေးခေတ်အချိန်အခါတုန်းက စန်းကွမ်းဝတ် ကျောင်းတော် ဆိုသည်မှာ မြောက်ပိုင်းတွင် အလွန် ကြီးမား ကျယ်ပြန့်သည့် ဝတ်ကျောင်းတော်ကြီး တစ်ခု ဖြစ်ခဲ့လေသည်။ ဘုန်းတော်ကြီး ပေါင်းများစွာ သီတင်းသုံး နေထိုင်ကြပြီး တရားဘဝနာ ကျင့်ကြံ အားထုတ်ကြလေသည်။

တစ်နေ့တွင်တော့ ဘုန်းတော်ကြီး တစ်ပါး ရုတ်တရက် သေဆုံးသွားရာမှ တစ်ည အတွင်းမှာပင် ကျောင်းတော် တစ်ခုလုံးမှ ဘုန်းတော်ကြီးများ အားလုံးပါ တစ်ယောက်မကျန် သေဆုံး သွားခဲ့ကြလေသည်။ ပျံလွန်တော် မူကုန်ကြသည့် ဘုန်းတော်ကြီးများ အတွက် မည်သူမျှ အမျှအတန်း ပေးဝေခြင်း မရှိသည့်အတွက် ဝတ်ကျောင်းတော် အတွင်းတွင် ဘုန်းတော်ကြီးများမှာ မကျွတ်မလွတ်နိုင် ဖြစ်နေကြရလေသည်။

ထိုမကျွတ်မလွတ် နိုင်သည့် ဒေါသထွက်နေသည့် ဝိညာဉ်များသည် အရင်ဆုံး ပျံလွန်တော်မူခဲ့သည့် ဘုန်းတော်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ဒေါသတကြီးဖြင့် သက်ရောက်ကြရာမှ ဘုန်းကြီးအိုကြီးကို ပုံဖော်ပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုဘုန်းကြီးအိုကြီးမှာ တရားဓမ္မကိုလည်း သိသလို အမျက်ဒေါသ ကိုလည်း ပိုင်ဆိုင်ထားသည့် အတွက် အဆိုးနှင့်အကောင်း ဒွန်တွဲနေသည့် ဘုန်းကြီးအိုကြီး တစ်ပါး ဖြစ်လာပြီး စန်းကွမ်းဝတ် ကျောင်းတော်မှလည်း တခြားနေရာသို့ ထွက်ခွာ သွားနိုင်ခြင်း မရှိပေ။

အချိန်ကုန် လွန်လာသည်နှင့် အမျှ ဝေးလံလှသည့် မြောက်ဖျားဒေသမှ စန်းကွမ်းဝတ် ကျောင်းတော်ကြီးကို အားလုံးက မေ့လျော့ သွားကြလေသည်။

ဘုန်းကြီးအိုကြီး၏ မျက်ဝန်းများမှ အနီရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ပျံလွန်တော် မူခဲ့ကြသည့် ဘုန်းတော်ကြီးများ၏ ဝိညာဉ်များသည် အရိုးများစွာ အတွင်းမှ ထွက်ခွာ လာကြလေသည်။

ဝိညာဉ်များသည် ဖန်းယန်ယင်းကို ဝိုင်းရံထားကြပြီး ဖန်းယန်ယင်းသည် မှော်ဝင်ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။

သူမကို ဝန်းရံနေသည့် ဝိညာဉ်များမှ ထွက်ပေါ်နေသည့် မကျေနပ်မှုများကို သူမ ခံစားနေရလေသည်။

ဖန်းယန်ယင်းသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမက သေဆုံး သွားကြသည့် ဝိညာဉ်များ အကြောင်းကို မသိသော်လည်း ထိုဝိညာဉ်များမှာ မကျွတ်မလွတ် ဖြစ်ကာ ဘဝ မကူးနိုင် ဖြစ်နေကြသည်ကို သဘောပေါက်မိ လေသည်။

သူမက မှော်ဝင်ဓားကို ပတ်ထားသည့် အဝတ်စများကို စုတ်ဖြဲ လိုက်လေသည်။ ထိုအခါ တောက်ပမှု မရှိဘဲ ညိုမှိုင်းနေသည့် ဓားရှည်တစ်လက် ထွက်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် ဒီရေများ တက်လာပြီး စန်းကွမ်းဝတ် ကျောင်းတော် တစ်ခုလုံးမှာ ရေများ ဖုံးလွှမ်း သွားလေသည်။ အရိုးများမှာ ဒီရေများကြောင့် အပိုင်းပိုင်း ကွဲထွက် ကုန်လေသည်။

ဖန်းယန်ယင်းသည် လေထဲတွင် လွင့်မျောနေပြီး ဒီရေများ အထက်တွင် ရပ်တန့် နေလေသည်။ သူမ၏ စိတ်ထဲတွင် ငြိမ်းချမ်းခြင်းနှင့် အေးမြခြင်းကို ခံစားနေရလေသည်။

ထိုအချိန်မှာပင်…

ရေထဲမှ လက်တစ်ဖက် ထွက်လာပြီး ဖန်းယန်ယင်း၏ ခြေထောက်များကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။

ထိုလက်မှာ ဘုန်းတော်ကြီး၏ လက်ပင် ဖြစ်လေသည်။

ဘုန်းတော်ကြီး၏ စွမ်းရည်မှာ ရွှေခန္ဓာရထားသည့် ဘုန်းတော်ကြီး တစ်ပါး၏ အဆင့်နှင့် တူညီနေသည့် အတွက် ဖန်းယန်ယင်းသည် မည်သို့မျှ နိုင်အောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့သော် သူမက ကြိုးစားကြည့်ချင်မိသည်။

သူမသည် ဆရာဦးလေးနှင့်အတူ မြောက်ပိုင်း တစ်လျှောက် ခရီးနှင်လာသည့် အချိန်များကို သတိရလိုက်မိသည်။ အေးစက်သည့် ညများတွင် ဆရာဦးလေးသည် မှော်ဝင်ဓားကို ပွေ့ပိုက် ထားလေ့ရှိလေသည်။

ထိုအချိန်မှာပင် မှော်ဝင်ဓားမှ ခရမ်းရောင် အလင်းတန်းများ လင်းလက်လာပြီး ဒြပ်စင် စွမ်းအား ငါးမျိုးပေါ်ထွက်လာကာ ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းမိုးထားသည့် ရေများကို ရောင်စဉ် ငါးခုက ဖုံးလွှမ်း သွားလေတော့သည်။

***

All Chapters