← Chapters

ပြန်လည်မွေးဖွားခြင်းနှင့် သေဆုံးခြင်း

Vol. 4 Ch. 393

ပြန်လည်မွေးဖွားခြင်းနှင့် သေဆုံးခြင်း

Vol. 4 Ch. 393

ဖန်းယန်ယင်းသည် သူမအနေဖြင့် မှော်ဝင်ဓားကို အသုံးပြုနိုင်မည်ဟု ထင်မှတ် မထားခဲ့မိပေ။ သို့သော်… ယခုတော့ မှော်ဝင်ဓားသည် သူမလက်ထဲတွင် အသက်ဝင်လျက် ရှိလေသည်။

ထို့ပြင် မှော်ဝင်ဓားသည် သူမနှင့် အနည်းငယ် ကံစပ်ခဲ့လေသည်။

သူမသည် မြောက်ပိုင်းသို့ ဆရာဦးလေးနှင့်အတူ လာသည့် ခရီးစဉ် တစ်လျှောက်တွင် မှော်ဝင်ဓား၏ အနွေးဓာတ်ကို ခံစားခဲ့သူဖြစ်ပြီး မှော်ဝင်ဓား၏ အသက်ရှူသံကိုလည်း ကြားရကာ အသက်ရှူသံကို နားလည် နိုင်ခဲ့လေသည်။ ထို့ကြောင့် ဆရာဦးလေးကလည်း သူမကို မှော်ဝင်ဓားကို အသုံးပြုစေခဲ့ခြင်း ဖြစ်နိုင်လေသည်။

ဖန်းယန်ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လေထဲတွင် မျောမိသလို ခံစားနေရလေသည်။ ကမ္ဘာမြေဆွဲငင်အားနှင့် လွတ်မြောက် နေသကဲ့သို့ ဖြစ်နေလေသည်။ သူမလက်ထဲမှ ဓားမှ အသက်ရှူသံ များကို ကြားနေရပြီး သူမကို ထိန်းချုပ် ထားသကဲ့သို့ ဖြစ်နေလေသည်။

ဖန်းယန်ယင်း သဘောပေါက် သွားသည်မှာ ဒြပ်စင်ငါးပါး မှော်ဝင်ဓားကို လူတစ်ယောက်က မည်သို့မှ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ဓားကသာ လူကို ထိန်းချုပ်သွားမည် ဖြစ်လေသည်။ ဆန်းလျန်သာ ထိုမှော်ဝင်ဓား၏ ပိုင်ရှင်မဟုတ်ပါက ထိုဓားသည် လူသား အသွင်ကူးပြောင်းကာ နတ်မိစ္ဆာ တစ်ပါးအဖြစ် ကိုယ်တိုင် ကျင့်ကြံခြင်းကို ပြုလုပ်မည် ဖြစ်လေသည်။

မှော်ဝင်ဓား၏ ဝိညာဉ်စွမ်းအားများမှာ အညစ်အကြေးမရှိဘဲ ပြည့်စုံလွန်းပြီး လူ့လောကမှ မသန့်စင်မှုများသည် မှော်ဝင်ဓားကို သက်ရောက်နိုင်ခြင်း မရှိပေ။ မှော်ဝင်ဓားမှာ ကောင်းကင်ကိုးခုမှ ကြယ်စင်တစ်စင်း အလား အလွန်မှ ခမ်းနား လွန်းလှလေသည်။

မှော်ဝင်ဓားမှ သန့်စင်သည့် တန်ခိုးစွမ်းအားများက အရိုးစုများကို တုန်လှုပ် စေလေသည်။ အချို့သော အရိုးများမှာ ဓား၏ တန်ခိုးစွမ်းအားကြောင့် အမှုံ့များအဖြစ် တစ်စစီ ပြယ်လွင့် သွားကြကာ လွတ်မြောက်မှုကို ရရှိသွားကြလေသည်။ အရိုးစုများ လွတ်မြောက် သွားသည်ကို ကျေနပ် အားရသွားသည့် အနေဖြင့် မှော်ဝင်ဓားထံမှ သက်ပြင်းချသံ တစ်ချက် ထွက်ပေါ် လာလေသည်။

ထိုသက်ပြင်းချသံသည် ဘုန်းကြီးအိုကြီးကို တုန်လှုပ် သွားစေလေသည်။

ဘုန်းကြီးအိုကြီးသည် လေထဲသို့ ပျံသန်း ထွက်ခွာသွားပြီး လေထဲတွင် ထိုင်ကာ ဂါထာ တစ်ပုဒ်ကို ရွတ်ဖတ် နေလေသည်။ ထိုအခါ မကျွတ်မလွတ် သေးသော ကျန်ရှိနေသေးသည့် ဝိညာဉ် အချို့သည် ဘုန်းကြီးအိုကြီးထံသို့ ပေါင်းစည်းသွားပြီး ကြီးမားသည့် လက်ဖဝါးကြီး တစ်ဖက် စတင်ဖြစ်တည် လာလေသည်။

ဖန်းယန်ယင်းသည် ဆရာဖြစ်သူ ချန်ကျန့်မေထံမှ မဟာမုဒြာ လက်ဖဝါးပညာ အမည်ရှိသည့် တန်ခိုးစွမ်းအား တစ်ခုအကြောင်းကို ကြားခဲ့ဖူးလေသည်။ ယခု ဘုန်းကြီးအိုကြီး အသုံးပြုလိုက်သည့် ပညာမှာ ထိုပညာဖြစ်ဟန် တူလေသည်။ ထိုပညာကို သေသေချာချာ ကျင့်ကြံထားပါက အလွန် တန်ခိုးစွမ်းအား မြင့်မားပြီး မည်သည့်နည်နှင့်မျှ လွတ်လမ်းရှိမည် မဟုတ်ပေ။ နေကိုပင် ထိုပညာ အသုံးပြုကာ မဟာမုဒြာဖြင့် ဖုံးအုပ် ထားနိုင်လေသည်။

ဖန်းယန်ယင်းသည် ဘုန်းကြီးအိုကြီးထံမှ ဖြစ်တည်လာသည့် လက်ဖဝါးကြီးကို သေသေချာချာ စိုက်ကြည့်နေလေ၏။

လက်ဖဝါးကြီးက ဖန်းယန်ယင်းကို ရိုက်ချရန် ဝင်ရောက် လာသည့်အခါ မှော်ဝင်ဓား၏ တန်ခိုး စွမ်းအားများက ဖန်းယန်ယင်းကို ဘေးလွတ်ရာသို့ ချက်ချင်း ရှောင်တိမ်း စေလိုက်သည်။

လက်ဖဝါးကြီးသည် စန်းကွမ်းဝတ် ကျောင်းတော် တစ်ခုလုံးကို ရိုက်ခတ်မိသွားပြီး ဝတ်ကျောင်းတော် တစ်ခုလုံးမှာ တစ်စစီပြိုကျ ပျက်စီး သွားရလေသည်။

စန်းကွမ်းဝတ် ကျောင်းတော်ကြီး ပျက်စီးသွားပြီ ဖြစ်သည့် အတွက် ဘုန်းကြီးအိုကြီး၏ ပုံရိပ်မှာ အင်အား နည်းသွားသည့် အလား မှေးမှိန် သွားရလေသည်။ သူတစ်ဘဝလုံး အစွဲထားနေခဲ့သည့် ဝတ်ကျောင်းတော်ကြီး ပျက်စီးသွားပြီ မဟုတ်ပါလား။

ဖန်းယန်ယင်း၏ လက်ထဲတွင် ကိုင်ထားသည့် မှော်ဝင်ဓားဆီမှ ကြယ်စင် အလင်းတန်းများ ထွက်ပေါ် လာလေသည်။ ထို့နောက် ဓားဝိညာဉ်သည် မဟာမုဒြာ လက်ဖဝါးကြီး ဆီသို့ ဝင်ရောက်သွားကာ ထိုးစိုက် ချလိုက်လေတော့သည်။

ဖန်းယန်ယင်း၏ မျက်စိရှေ့တွင် ဖုံလုံးကြီးများ အလိပ်လိုက် တလိမ့်လိမ့် တက်လာလေသည်။

ထို့နောက် မဟာမုဒြာ လက်ဖဝါးကြီးမှာ ပျောက်ကွယ် သွားပြီး ဘုန်းကြီးအိုကြီး၏ လက်တစ်ဖက်တွင် မီးများစတင် လောင်ကျွမ်း နေလေတော့သည်။

မကျွတ်မလွတ် သူများ၏ ဒေါသတရားများဖြင့် ဖွဲ့စည်းထားသည့် ဘုန်းကြီးအိုကြီး၏ ခန္ဓာကိုယ်ကို ကြယ်စင်များထံမှ စွမ်းအားပင်လျှင် လောင်ကျွမ်းစေနိုင်မည် မဟုတ်ပေ။ သို့သော် ဒြပ်စင်ငါးပါး မှော်ဝင်ဓား၏ သန့်စင်သည့် တန်ခိုးစွမ်းအားကတော့ လောင်ကျွမ်း စေလိုက်ပြီ ဖြစ်လေသည်။

ဖန်းယန်ယင်း၏ စွမ်းအားနှင့်ဆိုလျှင် ထိုသို့ တိုက်ခိုက်နိုင်မည် မဟုတ်ပါ။

သူမသည် မှော်ဝင်ဓားကို ကိုင်ဆောင်ထားသူ ဖြစ်သော်လည်း တကယ်တမ်း တိုက်ခိုက်သူမှာ ဆရာဦးလေး ဆန်းလျန်သာ ဖြစ်လေသည်။

ဘုန်းကြီးအိုကြီးသည် ဖန်းယန်ယင်းကို ထပ်မံ မတိုက်ခိုက်တော့ပေ။

သူ၏ မျက်ဝန်းများသည် ဖန်းယန်ယင်းကို စိုက်ကြည့်နေပြီး ဖန်းယန်ယင်းကို ကျော်လွန်ပြီး အဝေး တစ်နေရာဆီမှ ဆန်းလျန်ကို လှမ်းကြည့် လိုက်လေသည်။ ထို့နောက် ဘုန်းကြီးအိုကြီးက ဆန်းလျန်ကို ပြုံးပြလိုက်သည်။

ဆန်းလျန်ကလည်း ခေါင်းတစ်ချက် ညိတ်က ဘုန်းကြီးအိုကြီးကို ပြန်ပြုံးပြ လိုက်လေသည်။

ဖန်းယန်ယင်း၏ ဓားချက်သည် ဘုန်းကြီးအိုကြီးကို လွှမ်းမိုးနေသည့် ဝိညာဉ်များ၏ အမျက်ဒေါသကို ပျက်စီးစေပြီး ဘုန်းကြီးအိုကြီး၏ ရင်တွင်း တစ်နေရာမှ မေတ္တာတရားကို ဖော်ထုတ် ပေးလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် မြောက်ပိုင်းသို့ ခရီးထွက်လာ ကတည်းက ရည်ရွယ်ချက် ရှိပြီးသား ဖြစ်လေသည်။

သူက စန်းကွမ်းဝတ် ကျောင်းတော်တွင် မကျွတ်မလွတ်သည့် ဝိညာဉ်များနှင့် ဝိညာဉ်များ၏ သက်ရောက်မှုဖြင့် ဖြစ်တည်နေသည့် ဘုန်းကြီးအိုကြီး တစ်ပါးရှိကြောင်းကို အစကတည်းက သိရှိပြီးသား ဖြစ်လေသည်။

နတ်ရေစင်ဆိုသည်မှာ ပျံလွန်တော်မူသည့် ဘုန်းတော်ကြီးများ၏ အဆုံးမဲ့ စွမ်းအားများမှ ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ထိုနတ်ရေစင်သည် ဗုဒ္ဓဘာသာ ကျောင်းတော်များ၏ ရေဒြပ်စင် အနှစ်သာရပင် ဖြစ်လေသည်။

ဆန်းလျန်လိုချင်သည့် အရာမှာ နတ်ရေစင်ကို ဖြစ်တည်စေသည့် "ပြန်လည် မွေးဖွားခြင်း ဂါထာ" ပင် ဖြစ်လေသည်။

မဟာမုဒြာလက်ဝါးကို ဖော်ထုတ်ရန် အတွက် ဝိညာဉ်များကို စုစည်းခေါ်ယူရန် ဘုန်းတော်ကြီး ရွတ်ဆိုလိုက်သည့် ဂါထာသည် ဆန်းလျန်လိုချင်သည့် "ပြန်လည် မွေးဖွားခြင်းဂါထာ" ပင်ဖြစ်လေသည်။

ဘုန်းကြီးအိုကြီး၏ ပတ်လည်တွင် လှည့်ပတ်နေကြသည့် ဝိညာဉ်များသည် တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာပြီ ဖြစ်လေသည်။

နံနက်ခင်း နေရောင်ခြည် အလာတွင် မြူမှုန်များ ပျောက်ကွယ် သကဲ့သို့ပင် ဖြစ်လေသည်။

ဝိညာဉ်များအားလုံး ပျောက်ကွယ် သွားသည့် အခါတွင်တော့ "ပြန်လည် မွေးဖွားခြင်း ဂါထာ"၏ တန်ခိုးစွမ်းအားဖြင့် နှင်းစက်တစ်စက် ဖြစ်တည် လာလေသည်။ ထိုနှင်းစက်လေးသည် နတ်ရေစင်ပင် ဖြစ်လေ၏။

"သြော်… ယူကလစ်ပန်းတွေ ပွင့်လန်းတာကိုတောင် ကျုပ်မမြင် ရတော့ပါလားကွယ်"

ဘုန်းတော်ကြီးက ရေရွတ် လိုက်လေသည်။

သူ့စကား ဆုံးသွားသည်နှင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ မီးလောင် ပျောက်ကွယ် သွားလေတော့သည်။

ဘုန်းကြီးအိုကြီးနှင့် ပတ်သက်ပြီး မည်သည့်အရာမှ ကျန်ရစ်ခဲ့ခြင်း မရှိတော့ပေ။

သူ၏အမည်ကိုလည်း မည်သူမျှ အမှတ်မရကြတော့ပေ။

လောကအတွင်းသို့ လက်ချည်း ဗလာ ရောက်ရှိလာပြီး လက်ချည်းဗလာ ပြန်လည် ထွက်ခွာခဲ့ရပြီ။

ဖန်းယန်ယင်း၏ စိတ်ထဲတွင် စိတ်ပျက်သွားပြီး တစ်စုံတစ်ခုကို မကျေမနပ် ဖြစ်နေမိသလို ခံစား လိုက်ရလေသည်။ ဘုန်းကြီးအိုကြီး လွတ်မြောက်ခြင်းကို ရှာတွေ့သွားသည့် အတွက် သူမ မကျေမနပ် ဖြစ်နေခြင်း ဖြစ်နိုင်လေသည်။

"သူက ဒီနေရာမှာ မကျွတ်မလွတ်ဖြစ်နေတာ သိပ်ကြာနေခဲ့ပြီ၊ အခုတော့ လွတ်မြောက်မှုကို ရှာဖွေတွေ့သွားပြီ"

ဆန်းလျန်၏ အသံသည် အဝေးဆီမှ လွင့်မျော လာလေသည်။

နတ်ရေစင် နှင်းစက်လေးသည် ဖန်းယန်ယင်းရှေ့တွင် တဖြည်းဖြည်း ကျဆင်းနေလေသည်။

ဖန်းယန်ယင်းက နှင်းစက်လေးကို ကြည့်ရင်း …

"ဆရာဦးလေး ၊ ဒီနှင်းစက်လေးကို မယူတော့ဘူးလား"

စကြဝဠာ တစ်ခုလုံးတွင် ခက်ခဲသည့် အရာများစွာ ရှိလေသည်။ သို့သော် … မသေနိုင်သော လူတစ်ယောက် အခက်ခဲဆုံး ရင်ဆိုင်ရသည့်ဒုက္ခမှာ သေရခြင်းဒုက္ခပင် ဖြစ်ကြောင်း ဘုန်းကြီးအိုကြီးကို ကြည့်ကာ ဖန်းယန်ယင်း သံဝေဂရခဲ့သည်။ ထို့ကြောင့် … သူမကလည်း နတ်ရေစင်ကို ယူဆောင်လိုခြင်း မရှိတော့ပေ။

ကျင့်စဉ်လမ်းဖြင့် မဟုတ်ဘဲ နတ်ဘုရားပြဒါးဆေး သို့မဟုတ် နတ်ရေစင် တို့ဖြင့် အဓိပ္ပာယ်မဲ့စွာ အသက်ရှင် ရခြင်းသည် အချည်းအနှီးပင် ဖြစ်လေသည်။

နတ်ရေစင်ကို စွန့်လွှတ်နိုင်ခြင်းက သူမ၏ ကျင့်စဉ်လမ်း အပေါ်တွင် ခိုင်မာသည့် စိတ်ထားကို ပြသနိုင်ခဲ့သည်။

"မင်းကို ဒီဝတ် ကျောင်းတော်ထဲကို လွှတ်လိုက်တာက တကယ်တော့ နတ်ရေစင် လိုချင်လို့ မဟုတ်ပါဘူး၊ ကျုပ်လိုချင်တဲ့ အရာက ရခဲ့ပြီးပါပြီ"

ဆန်းလျန်က ပြောလိုက်လေသည်။

လောကတွင် မည်သည့် အရာကမှ ဆန်းလျန်၏ တာအိုကျင့်ကြံသူ စိတ်ထားကို မလွှမ်းမိုးနိုင်ပေ။

သူ့အနေဖြင့် ဒဏ္ဍာရီထဲမှ တာအို ဆရာထိုက်စန့်၏ မိုးနှင့်မြေတွင် ထာဝရအသက် ရှင်သန်နိုင်ပြီး လောကကိုပင် ကျော်လွန်နိုင်သည့် ပန်းကိုးပွင့် ရွှေရောင်ပြဒါး ဆေးကို ရရှိလျှင်ပင် ငြင်းဆန်မိမည် ဖြစ်လေသည်။

သူလိုချင်သည်က ဗုဒ္ဓဘာသာ ကျောင်းတော်များတွင် အသုံးပြုလေ့ရှိသည့် "ပြန်လည် မွေးဖွားခြင်းဂါထာ" ကိုပင် ဖြစ်လေသည်။

ဆန်းလျန် မြောက်ပိုင်းသို့ ခရီးထွက်လာရသည့် ရည်ရွယ်ချက်များထဲတွင် "ပြန်လည် မွေးဖွားခြင်းဂါထာ" သည် သူလိုချင်သည့် အရာများထဲမှ တစ်ခု ဖြစ်လေသည်။ ကျန်သည့် ရည်ရွယ်ချက်လေးခု သူ့တွင်ရှိသေးသည်။ ထိုရည်ရွယ်ချက် လေးခု ပြီးဆုံးပါက ကျုန်းစန်း တောင်သို့ ရောက်သည်နှင့် အချိန်ကိုက်ပင် ဖြစ်နိုင်လေသည်။

ထိုအချိန်မှာပင်…

ကောင်းကင်ထက်မှ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ဖန်းယန်ယင်း၏ ခန္ဓာကိုယ် ထက်သို့ ဖြာကျလာလေသည်။ ဖန်းယန်ယင်းမှာ ရုတ်တရက် ထိတ်လန့်သွားပြီး ရှောင်ရန် ကြိုးစား လိုက်လေသည်။

သို့သော်… ထိုအလင်းတန်းများသည် သူမဘဝတွင် ပထမဆုံး ရရှိခဲ့သည့် ကုသိုလ်တရား ဖြစ်ကြောင်း သူမသိရှိလိုက်ရလေသည်။

စန်းကွမ်းဝတ် ကျောင်းတော်မှ မကျွတ်မလွတ်သည့် ဝိညာဉ်များကို လွတ်မြောက်မှု ရစေကာ ဘဝ ကူးပြောင်းစေရန် သူမကူညီပေးခဲ့သည့် ကုသိုလ်တရားပင် ဖြစ်ပေတော့သည်။

***

All Chapters