ယူကလစ်ပန်း
Vol. 4 Ch. 394
ဖန်းယန်ယင်းသည် သူမပြုလုပ်ခဲ့သည့် ကုသိုလ်ကောင်းမှုသည် ကျင့်စဉ်လမ်း အဆင့်တက်ရန် အတွက် အထောက်အကူ ပြုသည် သာမက လောက နတ်ဘုရား တစ်ပါးဖြစ်သည့် အချိန်အထိပင် အကျိုးပေးမည် ဖြစ်လေသည်။
သူမသည် သဏ္ဌာန်မဲ့ ဓားသိုင်းကို ဒဿမအဆင့်ထိ အောင်မြင် ပြီးသည့်နောက် ဆက်လက် ကျင့်ကြံရန် အခက်အခဲဖြင့် ရင်ဆိုင်နေခဲ့ရလေသည်။ သို့သော် မြောက်ပိုင်းဒေသသို့ ဆန်းလျန်နှင့်အတူ ခရီးထွက်လာခြင်းက သူမ၏ ကျင့်စဉ်လမ်း တိုးတက်ရန် အတွက် အထောက်အကူ ဖြစ်စေလေသည်။ မည်သို့ပင်ဖြစ်စေ သူမသည် ဟိုင်သန်း အဆင့်တက်ရောက် နိုင်ရန်ပင် အလှမ်းဝေးနေဆဲ ဖြစ်လေသည်။
သူမအနေဖြင့် ဟိုင်သန်းအဆင့်သို့ တက်ရောက်လိုပါက သဏ္ဌာန်မဲ့ ဓားကျင့်စဉ်၏ အစဉ်အလာ လမ်းကြောင်းမှ ခွဲထွက်ပြီး ဆရာဖြစ်သူ ချန်ကျန့်မေကဲ့သို့ ဓားသိုင်းပညာ အသစ်တစ်ခု ဖန်တီးနိုင်ရန် လိုအပ်လေသည်။ ထိုသို့ ပြုလုပ်ရန်မှာလည်း လွယ်ကူသည် မဟုတ်ပေ။ သို့သော် ထိုသို့ မပြုလုပ်နိုင်ပါက သူမသည် ဟိုင်သန်း အဆင့်ဖြင့် အလှမ်းဝေး နေဦးမည် ဖြစ်လေသည်။
သို့သော် ဖန်းယန်ယင်းကတော့ မည်မျှ သွေးချွေးများ ပေးစပ်ရသည် ဖြစ်စေ သူမ ရွေးချယ်သည့် လမ်းကို မလျှော့သောဇွဲဖြင့် ဆက်လက် ကြိုးစားမည် ဖြစ်လေသည်။ သူမ၏ ဆရာဖြစ်သူ ချန်ကျန့်မေကို မမီလျှင်တောင်မှ အတတ်နိုင်ဆုံး ကြိုးစားရန် ဆုံးဖြတ်ထားလေသည်။
ဖန်းယန်ယင်းက သူမ၏ ဆရာဦးလေး၏ ကျေးဇူးကို ဆပ်ရန်အတွက် သူမပြုလုပ်ခဲ့သည့် ကုသိုလ်ကောင်းမှု အလင်းတန်းများကို မှော်ဝင်ဓားပေါ်သို့ သက်ရောက်စေရန် ကြိုးစား လိုက်သော်လည်း မှော်ဝင်ဓားက လက်မခံခဲ့ပေ။
ဆန်းလျန်က သူမ ကျောက်သားပမာ လက်ချောင်းများဖြင့် ရွှေရောင် အလင်းတန်းများကို ထိုးညွှန် လိုက်လေသည်။ ချက်ချင်းပင် ရွှေရောင် အလင်းတန်းများသည် ရွှေဆံထိုးတစ်ခု အဖြစ်သို့ ကူးပြောင်း သွားလေ၏။
ဆန်းလျန်က ရွှေဆံထိုးလေးကို ဖန်းယန်ယင်းထံသို့ လှမ်းပေးလိုက်ရင်း…
"ဒီရွှေဆံထိုးလေးက မင်းအန္တရာယ်ကြုံတဲ့ အခါမှာ မင်းကို ကယ်တင်လိမ့်မယ်၊ ဒါပေမဲ့ သုံးကြိမ်ပဲ ကယ်တင်နိုင်မယ် ဆိုတာ သတိရပါ၊ ဒါကြောင့် အသုံးပြုရင် သတိနဲ့ အသုံးပြုပါ"
ဆန်းလျန်က အဝေးကိုငေးရင်း ပြောလိုက်သည်။
ဖန်းယန်ယင်းက ရွှေဆံထိုးလေးကို လှမ်းယူလိုက်ပြီး သူမ၏ ဆံပင်ထက်တွင် ထိုးစိုက် လိုက်လေသည်။
ဆံထိုးလေးကို ဦးခေါင်းထက်တွင် ထိုးစိုက်လိုက်သည်နှင့် သူမ၏ စိတ်များမှာ ပိုမို ရှင်းလင်း ကြည်လင်လာသည်ဟု ခံစားလိုက်ရလေသည်။ ဤသည်မှာ ကုသိုလ်ကောင်းမှု၏ စွမ်းအားပင် ဖြစ်နိုင်လေသည်။
သူမက ဆရာဦးလေးကို ဦးညွတ် ဂါရဝ ပြုလိုက်ရင်း…
"ကျွန်မတို့ ခရီးဆက် သွားကြမှာလား ဆရာဦးလေး"
ဟု မေးလိုက်လေသည်။
"သွားကြတာပေါ့"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
ဖန်းယန်ယင်းက ဆန်းလျန်ကို တစ်ခုခုပြောရန် ကြံရွယ် လိုက်သော်လည်း နောက်ဆုံးတွင်တော့ မပြော ဖြစ်လိုက်တော့ပေ။ သူမတို့ နောက်ထပ် သွားမည့်နေရာသည် မည်သည့် နေရာဖြစ်သည်ကို ဖန်းယန်ယင်းက ဆန်းလျန်ကို မေးချင် နေနေမိလေသည်။
ဆန်းလျန်က သူမ၏ အတွေးများကို ရိပ်မိလိုက်သည့် အတွက် တစ်ချက် ပြုံးလိုက်ရင်း…
"ဘုန်းကြီးအိုကြီး ပျံလွန်တော်မမူခင် ပြောခဲ့တဲ့ စကားကို မင်းမှတ်မိသေးလား"
"ယူကလစ်ပန်းတွေ ပွင့်လန်းတာကိုတောင် ကျုပ်မမြင် ရတော့ပါလားကွယ်လို့ ပြောသွားတယ် ဆရာဦးလေး"
ဖန်းယန်ယင်းက ဆန်းလျန်၏ အမေးကို ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
ဆန်းလျန်က…
"ယူကလစ်ပန်း ဆိုတာ အပွင့်မဟုတ်ဘူး၊ အဖူးအငုံလေးတွေပဲ၊ လူ့လောကမှာ ဗုဒ္ဓဘုရား ပွင့်တုန်းကပဲ အဲဒီ ပန်းလေးတွေက ပွင့်လာဖူးတယ်"
ဆန်းလျန်က ခဏနားပြီးမှ စကား ဆက်ပြောသည်။
"အဲဒီအချိန်မှာ ဗုဒ္ဓက သူ့ရဲ့သာဝက တစ်ယောက်ကို ပြောတယ် ၊ ချစ်သားအာနန် … ဒါဟာ ယူကလစ်ပန်းတွေရဲ့ ထူးခြားချက်ပဲတဲ့၊ ငါဘုရားပွင့်မှာသာ ဒီပန်းတွေလည်း ပွင့်ကြတယ်တဲ့၊ အခု ကျုပ်တို့သွားမယ့် နေရာက ယူကလစ်ပန်းပင် ရှိတဲ့ နေရာကိုပဲ"
"ဒီလို ထူးဆန်းတဲ့ ပန်းမျိုး လောကမှာ ရှိတယ်ဆိုရင်တော့ တော်တော် ထူးဆန်းတာပဲ၊ အဲဒီနေရာကို ရောက်ရင်တော့ အဲဒီသစ်ပင်ကို တွေ့ရမှာပဲ"
ဖန်းယန်ယင်းက ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ပန်းပွင့်တာကို မြင်ဖို့ကတော့ ဘုရားပွင့်တဲ့ အချိန်မှာပဲ ဖြစ်နိုင်မယ်"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
ထို့ပြင် ရှေးဟောင်း ဒဏ္ဍာရီများ အရဆိုလျှင် ယူကလစ်ပင် အောက်တွင် တရားအလင်း ရခဲ့သည့် ပစ္စေက ဗုဒ္ဓခြောက်ဦး ရှိခဲ့သေးသည်။ ထိုအချိန် ကာလတွင်လည်း ယူကလစ်ပန်းများ လောက တစ်ခွင်တွင် ပွင့်လန်း ခဲ့ကြလေသည်။ ယူကလစ် ပန်းပင်များသည် ဗုဒ္ဓဘာသာ ထွန်းလင်း တောက်ပခြင်းကို ဖော်ဆောင်ရာ ပန်းပင်များဟု ပြောလျှင် မမှားနိုင်ပေ။
ဆန်းလျန်သည် ယူကလစ်ပန်းပင် ရှိရာနေရာသို့ သွားမည်ဟု ဆိုခြင်းမှာ ရှေးဟောင်း အချိန်ကပင် တည်ရှိခဲ့သည့် ကျင်းကျိ တိုင်းပြည်သို့ သွားခြင်း ဖြစ်နိုင်သည်ဟု ဖန်းယန်ယင်းက တွေးမိလိုက်သည်။
ကျင်းကျိ တိုင်းပြည်တွင် အလွန်ကြီးမားသည့် သစ်ပင်ကြီး တစ်ပင်ရှိပြီး အကိုင်းအခက် များကလည်း ဝေဆာလျက် ရှိလေသည်။ သို့သော် ထိုသစ်ပင်သည် ပန်းမပွင့်။ အဖူးအငုံ လေးများဖြင့်သာ ရှိနေလေသည်။ ကြီးမားသည့် ပန်းအဖူးအငုံ များမှာ လက်သီးစုပ်လောက် ကြီးမားပြီး သေးငယ်မည် ဆိုလျှင်လည်း လက်မ ထိပ်ဖျားလေးလောက် သေးငယ်လေသည်။
ထို ယူကလစ် သစ်ပင်အောက်တွင် နန်းတော်ကြီး တစ်ခု တည်ဆောက် ထားလေသည်။ ထိုနန်းတော်ကြီးမှာ ကျင်းကျိတိုင်းပြည်၏ ဘုရင်ဖြစ်သည့် ရွှေစကြာ ဘုရင်နေထိုင်ရာ နန်းတော်ကြီး ဖြစ်လေသည်။ ထိုရွှေစကြာ ဘုရင်သည် ရွှေခန္ဓာ ရရှိသည်အထိ ကျင့်ကြံ ထားနိုင်သည့် ဘုန်းတော်ကြီးများ၏ တန်ခိုးစွမ်းအား ကဲ့သို့သော မြင့်မားသည့် တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။
ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးရှစ်ခုမှ ဆရာတော်ကြီးများ ပင်လျှင် ရွှေစကြာဘုရင်ကို မလေးမစား မဆက်ဆံရဲပေ။
ကျွီးနာ့ဟန်ဖူ ဗုဒ္ဓပွင့်သည့် အချိန်တွင် ကျင်းကျိတိုင်းပြည်မှ ယူကလစ်ပင်ကြီးသည် တစ်ပင်လုံး ပွင့်လန်းခဲ့လေသည်။ ကျွီးနာ့ဟန်ဖူဗုဒ္ဓသည် ကျင်းကျိ တိုင်းပြည်မှ စူးဖန်းနာ့နှင့် ယွိသောလော် ဆိုသည့် လူနှစ်ယောက်ကို တပည့်အဖြစ် လက်ခံခဲ့လေသည်။
ထို့နောက်တွင်တော့ စူးဖန်းနာ့နှင့် ယွိသောလော်တို့ နှစ်ယောက်သည် ကျင်းကျိ တိုင်းပြည်ကို အုပ်ချုပ်သည့် ဘုရင်နှစ်ပါး ဖြစ်လာခဲ့သည်။
ဂိုဏ်းတူ ညီအစ်ကို နှစ်ယောက်သည် သားစဉ် မျိုးဆက်များ တိုင်အောင် "တစ်ယောက်ကို တစ်ယောက် သစ္စာမဖောက်ဘူး" ဟု ကတိကဝတ်များ ထားရှိခဲ့ကြလေသည်။ ကျင်းကျိ တိုင်းပြည်သည် ဘုရင်နှစ်ပါး၏ အုပ်ချုပ်မှုအောက်တွင် ငြိမ်းချမ်း သာယာလျက် ရှိလေသည်။
မိသားစုနှစ်စုသည် တိုင်းပြည်ကို အုပ်ချုပ်မည့်ဘုရင်ကို အလှည့်ကျ ရွေးချယ်ပြီး ထိုဘုရင်သည် နှစ်တစ်ရာထို အုပ်ချုပ်ခွင့်ရလေသည်။
သို့သော် အချိန်ကြာမြင့် လာသည်နှင့်အမျှ စူးဖန်းနာ့၏ မျိုးဆက်မှ စတင်ကာ ဘိုးဘေးများ၏ ကတိသစ္စာကို ဖောက်ဖျက်ကာ ယွိသောလော်၏ မျိုးဆက်များကို စတင် သတ်ဖြတ် ခဲ့လေသည်။ ယွိသောလော်၏ မျိုးဆက်မှ ကံကောင်းစွာဖြင့် ထွက်ပြေး လွတ်မြောက် သွားသူမှာ တစ်ယောက်သာလျှင် ရှိလေသည်။
အခြားသူမဟုတ်ပေ။ စန်းကွမ်းဝတ် ကျောင်းတော်တွင် ဆန်းလျန်တို့နှင့် ဆုံတွေ့ခဲ့သည့် ဘုန်းကြီးအိုကြီးပင် ဖြစ်လေသည်။
ယွိသောလော်၏ မျိုးဆက်များ ပျောက်ကွယ် သွားပြီးသည့်နောက် စူးဖန်းနာ့၏ မျိုးဆက်မှ ဘုရင်တစ်ပါးက ကျင်းကျိတိုင်းပြည်ကို စတင် အုပ်ချုပ်ခဲ့လေသည်။
ဘိုးဘေးဖြစ်သူ စူးဖန်းနာ့ကို လေးစားသည့် အားဖြင့် ထိုဘုရင်ကို "ရွှေစကြာဘုရင် စူးဖန်းနာ့" ဟုပင် ခေါ်ဝေါ်ခဲ့ကြလေသည်။
သို့သော် စူးဖန်း နာ့မျိုးနွယ်များသည် ထားရှိခဲ့သည့် ကတိကို ဖျက်ကာ ယွိသောလော်၏ သားစဉ် မြေးဆက်များကို သတ်ဖြတ်ခဲ့သည့် အတွက် ဝဋ်လည်သည့် အပြစ်ဒဏ်ကို ပြန်လည် ခံစားခဲ့ရလေသည်။
စူးဖန်းနာ့၏ မျိုးနွယ်များမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပြီး မျိုးဆက်ပင် မကျန်တော့ပေ။ အသက်ရှင် ကျန်ရစ်သူဆို၍ ဘုရင်တစ်ပါးသာ အသက်ရှင် ကျန်ရစ်ခဲ့လေသည်။
မိသားစုများအားလုံး သေဆုံး သွားပြီးသည့်နောက် စူးဖန်း နာ့ဘုရင်သည် အလွန်မှ ဆိုးဝါးသည့် ဘုရင်တစ်ပါး ဖြစ်လာခဲ့လေသည်။ သူက ကျင်းကျိတိုင်းပြည်မှ တိုင်းသူ ပြည်သားများကို အလွတ် စည်းကမ်း တင်းကျပ်စွာ အုပ်ချုပ်ခဲ့လေသည်။ ထို့ပြင် အခွန်များကိုလည်း မတရားတိုးမြှင့် ကောက်ခံလေသည်။
ကျင်းကျိတိုင်းပြည်မှ အရာရှိများ အားလုံးမှာလည်း သာမန် ပြည်သူများ အပေါ်တွင် များစွာ ခေါင်းပုံဖြတ်ကြလေသည်။
စူးဖန်းနာ့ဘုရင်သည် တန်ခိုးစွမ်းအား မြင့်မားလွန်းလေသည်။ ထို့ကြောင့် သာမန် ပြည်သူများသည် ဘုရင်ဖြစ်သူ၏ တန်ခိုးစွမ်းအားများကို ကြောက်ရွံ့သည့် အတွက် ဘုရင်၏ ဆိုးသွမ်းမှုများကို ကြိတ်မှိတ်သည်းခံကာ နေကြရရှာလေသည်။
ကျင်းကျိတိုင်းပြည်မှ တိုင်းသူ ပြည်သားများမှာ အလွန်နှိပ်စက် ညှဉ်းပန်းခံကြရပြီး အဝတ်အစားနှင့် အစားအသောက်များပင် လုံလောက်စွာ မရှိခဲ့ကြပေ။
ကျင်းကျိနန်းတော်ရှိ ယူကလစ် အဖူးအငုံများကိုလည်း နိမ့်ကျသည့် ပြည်သူများနှင့် မတန်ဟုဆိုကာ ပြည်သူများကို ပေးကမ်းခြင်း မရှိသည့်အတွက် ပန်းအဖူးအငုံ လေးများသည် ပုပ်ပျက် သွားကြရလေသည်။
ထို့နောက်တွင်တော့ ကျင်းကျိတိုင်းပြည်တွင် နှစ်အနည်းငယ် မိုးခေါင်မှုနှင့် ကြုံတွေ့ ခဲ့ရလေသည်။ ထိုအခါမှ စူးဖန်း နာ့ဘုရင်သည် ယူကလစ် အဖူးများကို တိုင်းသူပြည်သားများကို ဝေပေးခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ယူကလစ် အဖူးများကို စားသုံးပါက သုံးလကြာ ဆာလောင် မွတ်သိပ်မှုမရှိဘဲ နေနိုင်သောကြောင့် ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ ငတ်မွတ် ခေါင်းပါးမှုကြောင့် နေရာအနှံ့တွင် သေဆုံးနေကြသည့် အလောင်းများကို ကျင်းကျိ တိုင်းပြည်နေရာ အနှံ့တွင် တွေ့မြင်နိုင်လေသည်။
သို့သော် .... သမီးမိန်းကလေး မွေးထားသည့် မိသားစုများသည် သူတို့၏ သမီး မိန်းကလေးများကို ယူကလစ်ဖူးများ ရရှိရန်အတွက် ဘုရင်နှင့် အရာရှိများထံတွင် လဲလှယ် နိုင်ကြလေသည်။
ထို့ကြောင့် အသက်ရှင်သန် နိုင်ရေးအတွက် တိုင်းသူပြည်သားများသည် သမီး မိန်းကလေးများ များများ မွေးနိုင်ရန်သာ ကြိုးစား ကြရလေသည်။ သားယောကျ်ားလေး မွေးပါက စွန့်ပစ်ခံရမည်သာ ဖြစ်လေသည်။
သမီး မိန်းကလေးများကို ရွှေစကြာဘုရင်နှင့် အရာရှိများထံသို့ စတေးခဲ့ကြပြီး သူတို့အတွက် အသက်ဆက်နိုင်သည့် ယူကလစ် အဖူးများ ရရှိရန်သာ ကြိုးစား ကြလေတော့သည်။
***