← Chapters

စိတ်သုံးခု၊ သစ္စာတရားနှစ်ခုနှင့် မရှိမှုနှစ်မျိုး

Vol. 4 Ch. 396

စိတ်သုံးခု၊ သစ္စာတရားနှစ်ခုနှင့် မရှိမှုနှစ်မျိုး

Vol. 4 Ch. 396

ဖန်းယန်ယင်း၏ စိတ်ထဲတွင် တစ်ခုခု မူမမှန်သလို ခံစား လိုက်ရလေသည်။

ဆရာဦးလေးဖြစ်သူ ဆန်းလျန်သည် ဂါထာတစ်ပုဒ်ကို ရွတ်ဆို လိုက်သည်ကို သူမ ကြားလိုက်ရသည်။

ဆန်းလျန် ဂါထာရွတ်သံ ဆုံးသွားသည်နှင့် သူတို့ ထိုင်နေသည့် အိမ်ခေါင်မိုးနှင့် မျက်နှာချင်းဆိုင်ရှိ အိမ်ခေါင်မိုး ထက်တွင် အဖြူရောင် အလင်းတန်းများ ရုတ်တရက် ထွန်းလင်းလာသည်ကို မြင်တွေ့လိုက်ရလေ၏။

အလင်းတန်းများထဲမှ အဖြူရောင် ကြာပလ္လင်ထက်တွင် အဖြူရောင် သင်္ကန်းကို ဝတ်ရုံထားသည့် ဘုန်းတော်ကြီးတစ်ပါး ထွက်ပေါ်လာသည်ကို သူတို့ မြင်တွေ့ လိုက်ကြရလေသည်။ ဘုန်းတော်ကြီးသည် အလွန်မှ ပြိုင်ဘက်ကင်းအောင် ကြည်ညိုဖွယ်ရာ ရှိလှပေသည်။

ဆန်းလျန် ရွတ်ဆိုလိုက်သည့် ဂါထာမှာ လျှို့ဝှက် ခန္ဓာဖုံးကွယ်နည်းကို အသုံးပြုကာ ဆန်းလျန်၏ စကားများကို ခိုးနားထောင်နေသူ ဘုန်းတော်ကြီးကို ဖော်ထုတ် လိုက်သည့် ဂါထာပင် ဖြစ်လေသည်။

ဖန်းယန်ယင်းမှာ ဆရာဦးလေး ဖြစ်သူကို အလွန်လေးစား သွားမိပြီး ဘုန်းတော်ကြီးကိုလည်း များစွာ ကြောက်ရွံ့ နေမိလေသည်။

ဖန်းယန်ယင်းသည် သူမကိုယ်သူမ ကျင့်စဉ်လမ်းတွင် အတော်အတန် ခရီးရောက်နေပြီဟု ယူဆကာ အနည်းငယ် မာနကြီးမိသည့်တိုင် ယခုတော့ သူမသည် ဘုန်းတော်ကြီး အနီးအနားတွင် ရှိနေသည်ကို နည်းနည်းလေးမျှပင် သတိမထားမိခဲ့ပေ။ အဖြူရောင် ဘုန်းကြီး အနေဖြင့် သူမကို သတ်မည်ဆိုလျှင် လွယ်လွယ်နှင့်ပင် သတ်သွားနိုင်မည် ဖြစ်လေသည်။

ထို့ပြင် သူမသည် မြောက်ပိုင်းဒေသတွင် ယခုကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားသည့် ဘုန်းတော်ကြီး တစ်ပါး ရှိနေမည်ဟု ထင်မှတ်မထားခဲ့မိပေ။ ထိုဘုန်းတော်ကြီးသည် ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုမှ ဆရာတော်ကြီးများနှင့် တန်းတူနီးပါး တန်ခိုးစွမ်းအား မြင့်မားသူ ဖြစ်လေသည်။

အဖြူရောင် ဘုန်းတော်ကြီးသည် သူပုန်းအောင်း နေသည်ကို ဆန်းလျန်က ဖော်ထုတ် လိုက်သည့်တိုက် ရှက်ရွံ့သွားခြင်း အလျဉ်းမရှိပါ။ သူက ယဉ်ကျေး သိမ်မွေ့သည့် ပုံသဏ္ဌာန်နှင့် ကြာပလ္လင်ထက်တွင် ရပ်နေပြီး ဆန်းလျန်ကို စကားစတင် ပြောလိုက်သည်။

"သက်ရှိ သတ္တဝါရယ်လို့ ဖြစ်လာရင် ဒုက္ခဆိုတာရှိတာပါပဲ၊ ဗုဒ္ဓကိုယ်တော်တိုင်နဲ့ နတ်ဘုရားတွေတောင် ချွင်းချက်မရှိပါဘူး၊ သည်းခံခြင်း တရားရှိမှ သံသရာ တစ်ဖက်ကမ်းကို ကူးနိုင်ပြီး လင်စန်းတောင်ကို မြင်တွေ့ရဖို့ အခွင့်အရေး ရတော့မှာပေါ့၊ ဒါကြောင့် ဒကာလေး ဆန်းလျန်ရဲ့ စကားတွေက သိပ်ပြီး တရားမျှတမှုတော့ မရှိဘူး"

ဆန်းလျန်က…

"ကျင်းကျိတိုင်းပြည်က မိုင်သုံးထောင်အဝေးမှာ မဟာနှင်းတောင်ကြီး ရှိတယ်၊ အဲဒီတောင်ထိပ်မှာ မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော် ဆိုတာရှိတယ်၊ ဆရာတော်က အဲဒီနေရာက လာတာ မဟုတ်လား"

အဖြူရောင် သင်္ကန်း ဝတ်ဆင်ထားသည့် ဘုန်းတော်ကြီးက ပြုံးလိုက်ရင်း…

"အိမ်း… ကျုပ်တို့ ကျောင်းတော်ရဲ့ နာမည်ကို ဒကာလေး ဆန်းလျန်ကတောင် သိတယ်ဆိုတော့ သိပ်ကိုဂုဏ်ယူမိပါတယ်ကွယ်"

"ကျုပ်ကလည်း မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်ကို သွားဖို့ အစီအစဉ် ရှိပါတယ်"

ဆန်းလျန်က ပြောလိုက်သည်။

အဖြူရောင် ဘုန်းတော်ကြီး၏ ခြေထောက်အောက်မှ ရေခဲတောင် ကြာပန်းပွင့်သည် ရောင်ခြည် ကိုးခုကို ထုတ်လွှတ်နေပြီး မွှေးပျံ့သည့် ရနံ့များလည်း ထွက်ပေါ်လျက် ရှိလေသည်။

"ကျုပ်တို့ကျောင်းတော်ကို လာရောက်နိုင်သူဟာ ဒီလောကမှ များများစားစား မရှိဘူး၊ ဒကာလေးသာ ကျုပ်တို့ ဝတ်ကျောင်းတော်ကို လာမယ်ဆိုရင် ကျုပ်တို့က ကြိုဆိုရမှာပေါ့"

ဘုန်းတော်ကြီးက ယဉ်ကျေး သိမ်မွေ့စွာ ပြောလိုက်သော်လည်း ဆန်းလျန်က အေးစက်စွာ ပြုံးလိုက်သည်။

"အခုတော့ ဆရာတော်နဲ့ စကားတွေပြောပြီး အချိန်တွေ မဖြုန်းချင်ဘူး၊ အငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်ကို ကျုပ်လာတဲ့အခါ ဆရာတော်ရဲ့ မူလပုံစံကို တွေ့ရတော့မှာ တာအိုတရားတွေ ဆွေးနွေးကြတာပေါ့"

"ဒါဖြင့်လည်း ဒကာလေးဆန်းလျန် ရောက်လာမယ့် အချိန်ကို ကျုပ်တို့ စောင့်နေပါ့မယ်"

ဘုန်းတော်ကြီးက ပြောလိုက်လေသည်။

ထို့နောက်… ဆရာတော်၏ ခြေထောက်အောက်မှ ရေခဲတောင်ကြာပန်းမှ အလင်းတန်းများ ဖြာထွက်လာပြီး ဆရာတော်သည် လေထဲတွင်ပင် ပျောက်ကွယ် သွားလေသည်။

ဆရာတော်၏ ပုံရိပ်မှာ ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်ကြောင်း ဖန်းယန်ယင်းက ယခုမှ သဘောပေါက်လိုက်သည်။ ထို့ကြောင့်သာ ဆရာတော်၏ တည်ရှိမှုကို ခန့်မှန်းရန် ခက်ခဲနေခြင်း ဖြစ်လေသည်။

"ဒီလို ပုန်းကွယ်နေလို့ ရတာဟာ ဒီဆရာတော်ရဲ့ ကျင့်စဉ်လမ်းကြောင့် မဟုတ်ဘူး၊ ဒီလို ပုန်းကွယ်လို့ရတဲ့ ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားလို့ပဲ၊ ဒီလို ကျင့်စဉ်မျိုးဟာ လောကမှ အနည်းငယ်ပဲ ရှိတယ်၊ ကျုပ်သာ သာမန် လောကနတ်ဘုရား တစ်ပါးဆိုရင် ဒီဆရာတော် ရောက်နေတာကို သတိထားမိမှာ မဟုတ်ဘူး"

ဆန်းလျန်က ဖန်းယန်ယင်းကို ပြောပြလိုက်သည်။

ထို့နောက် ဆန်းလျန်က အသံကို အနည်းငယ် နှိမ့်လိုက်ပြီး…

"ယွမ်ကျိုးနယ်မှာ မရေမတွက် နိုင်အောင် များပြားတဲ့ သက်ရှိတွေမှ အများကြီးပဲ၊ ဒါပေမဲ့ တာအိုဝါဒမှာဆိုရင် လောကနတ်ဘုရား တစ်ပါးဖြစ်ဖို့ရယ်၊ ဗုဒ္ဓဘာသာမှာဆိုရင် ရွှေခန္ဓာရသည်အထိ ကျင့်ကြံနိုင်ဖို့ရယ်က တော်ရုံနဲ့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဒီအဖြူရောင်ဝတ် ဆရာတော်ရဲ့ သမိုင်းကြောင်းကတော့ ထူးခြားတယ်"

"ဒါဆို မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်နဲ့ ဒီဆရာတော်ရဲ့ နောက်ခံက ဘယ်လိုများလဲ"

ဖန်းယန်ယင်းက မေးလိုက်သည်။

ဆန်းလျန်က အနည်းငယ်ပြုံးလိုက်ရင်း နူးညံ့စွာဖြင့် ဖန်းယန်ယင်း၏ အမေးကို ဖြေလိုက်သည်။

"ဒီအဖြူရောင် ဘုန်းတော်ကြီးက မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်က ဆရာတော်လို့လည်း ပြောလို့မရဘူး၊ သူကအရင်ဘဝက ဗုဒ္ဓဘာသာကျောင်းတော်ကြီးရှစ်ခုထဲက ချန်းကျောင်းတော်က ဆရာတော် တစ်ပါးပဲ၊ သူ့ရဲ့ဘွဲ့အမည်က ရှန်ကြွယ် ဆရာတော်လို့ ခေါ်တယ်၊ နောက်တော့ သူက သံသရာမှာ လူပြန်ဝင်စားပြီး မဟာနှင်းတောင်မှာ တည်ရှိတဲ့ မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်ကို ရောက်သွားခဲ့တယ်၊ ဒါတောင်မှ ချန်ကျောင်းတော်က လက်ရှိ ကျောင်းထိုင် ဆရာတော်ကြီးက အရင်ဘဝက သူ့ရဲ့ ဆရာဦးလေး ဖြစ်ခဲ့လို့ ဆရာဦးလေးလို့ ခေါ်ဆဲပဲ"

"ချန်ကျောင်တော်ကို ရှောင်ချန်ကုန်း ကျောင်းတော်လို့လည်း ခေါ်တယ်၊ အဲဒီကျောင်းတော်ရဲ့ ကျင့်စဉ် အနှစ်သာရက "စိတ်သုံးခု၊ သစ္စာတရားနှစ်ခုနဲ့ မရှိမှုနှစ်မျိုး" တဲ့၊ ရှန်ကြွယ်ဆရာတော်က မရှိမှုနှစ်မျိုးဆိုတဲ့ ကျင့်စဉ်ကို ကျင့်ကြံအောင်မြင်ပြီးသွားပြီ၊ ဒါကြောင့် လူတွေက သူ့ရဲ့တည်ရှိမှုကို သိနိုင်ဖို့ ခက်ခဲတယ်"

"ကျုပ်တို့ ချင်းရွှမ် နတ်တံခါးမှာလည်း အဲဒီလိုကျင့်စဉ်မျိုး တစ်ခုရှိတယ်၊ ဆရာသခင် ကယ်ယွမ်းရဲ့တပည့် ကျောက်ဝူကျိ ကျင့်ကြံနေတဲ့ "ပုံရိပ်မဲ့သိဒ္ဓိကျင့်စဉ်" ဆိုတာ အဲဒီလိုမျိုးပဲ အနားမှာရှိနေလည်း တည်ရှိမှုကို မသိနိုင်ဘူး၊ အဲဒီကျင့်စဉ်က ရှန်ကြွယ် ဆရာတော်ရဲ့ မရှိမှုနှစ်မျိုး ကျင့်စဉ်ထက်တောင် တည်ရှိမှုကို ဖုံးကွယ်နိုင်သေးတယ်"

ဆန်းလျန်က ဖန်းယန်ယင်းကို ရှန်ကြွယ်ဆရာတော်၏ နောက်ကြောင်းကို ရှင်းပြရင်း ချင်းရွှမ်နတ်တံခါး၏ ကျင့်စဉ် အကြောင်းကိုပါ ပြောပြလိုက်လေသည်။ ချင်းရွှမ်နတ်တံခါးမှ ကျင့်စဉ်ပညာရပ်များက လောကတွင် အခြားသော ပညာရပ်များထက် သာလွန်ကြောင်းကို ဆန်းလျန်က ဖန်းယန်ယင်းကို သိစေလိုခြင်း ဖြစ်လေသည်။

ဆန်းလျန်၏ ရှင်းပြမှုကြောင့် အဖြူရောင် ဘုန်းတော်ကြီး၏ ကျင့်စဉ်မှာ မထူးဆန်းတော့သလို ဖန်းယန်ယင်း ခံစားလိုက်ရသည်။ ထို့ပြင် နှစ်ပေါင်း တစ်သောင်းကျော် သက်တမ်းရှိခဲ့သည့် ချင်းရွှမ်နတ်တံခါးသည် အစစ်အမှန် တာအိုကျောင်းတော်ကြီး ဖြစ်ကြောင်း ဖန်းယန်ယင်း နားလည်ခဲ့ရသည်။

ဖန်းယန်ယင်းသည် ချင်းရွှမ်နတ်တံခါး၏ ဂုဏ်သတင်းကို သိရှိပြီးသည့် နောက်တွင်တော့ သူမ၏ မာနများမှာ လျော့နည်း လာခဲ့လေသည်။

"မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်ကို သွားမယ်လို့ ဆရာဦးလေး ပြောခဲ့တယ်နော်၊ အဲဒီမှာ ဆရာဦးလေး လိုချင်တဲ့ ပစ္စည်းများ ရှိနေလို့လား"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ယူဖို့ပစ္စည်းတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သွားတော့သွားရမယ်၊ မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်က ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးရှစ်ခုနဲ့ တန်းတူ မဟုတ်ပေမယ့် ထူးခြားတဲ့ ဝတ်ကျောင်းတော် တစ်ခုပဲ၊ မဟုတ်ရင် ရှန်ကြွယ် ဆရာတော်က လူပြန်ဝင်စားပြီး မငြိမ်းသော မီးတောက် ဝတ်ကျောင်းတော်မှာ တရားရှာဖွေဖို့ ဘယ်သွားလိမ့်မလဲ"

"ဒါဆို ဆရာဦးလေး မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်ကို ဘယ်တော့သွားမှာလဲ၊ ပြီးတော့ ဒီကျင်းကျိတိုင်းပြည်က ကိစ္စတွေကလည်း အဆုံးမသတ်သေးဘူးလေ"

"ဒီက ကိစ္စတွေကတော့ မြန်မြန် ဖြေရှင်းလိုက်လို့ရပါတယ်၊ မနက်ဖြန်ဆိုရင် ရွှေစကြာဘုရင်က သူ့ရောဂါကို ကုသပေးဖို့ ကျုပ်ကို နန်းတွင်းကို ခေါ်လိမ့်မယ်၊ ဒါဆို ဒီက ကိစ္စအားလုံး ရှင်းပြီးသား ဖြစ်သွားမှာပါ"

ဆန်းလျန်သည် ဉာဏ်ပညာပုလဲကို ကိုင်ဆောင်ထားသည့် နတ်ဒေဝါ တစ်ပါးပမာ ရွှေစကြာဘုရင် သူ့ကို လာရောက် ရှာဖွေတော့မည်ကို ခန့်မှန်း မိနေလေသည်။

သူက ဒြပ်စင်ငါးပါးကို သန့်စင်ချင်သည့် အတွက် ယခုကိစ္စများကို လိုက်လုပ်နေရခြင်း ဖြစ်လေသည်။ ထိုအခါမှ ချန်ပေသိုနှင့် ယှဉ်ပြိုင်သည့် အခါတွင် သူ့အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်မည် ဖြစ်လေသည်။

လူပြန်ဝင်စားသည့် ရှန်ကြွယ် ဆရာတော် ကျင်းကျိတိုင်းပြည်သို့ ရောက်ရှိလာရခြင်း မှာလည်း အကြောင်း ရှိလေသည်။ ဆန်းလျန်နှင့် ရည်ရွယ်ချက်ခြင်း မတူတညီသည့်တိုင် ယူကလစ်ပန်း ကိစ္စနှင့်တော့ ပတ်သက် နိုင်လေသည်။

သို့သော် ဆန်းလျန်က ရှန်ကြွယ် ဆရာတော်ထက်ပိုပြီး လျင်မြန်သလို လိုက်လျော ညီထွေလည်း ရှိသူ ဖြစ်လေသည်။

ရှန်ကြွယ်ဆရာတော် ပုန်းအောင်းနေမှုကို ဖော်ထုတ် ပြလိုက်သည့် အပြင် မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်သို့လည်း လာခဲ့ဦးမည်ဟု ပြောလိုက်သည့် အတွက် ရှန်ကြွယ် ဆရာတော်သည် ဆန်းလျန် သွားမည့်လမ်းတွင် အနှောင့်အယှက် ပေးတော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် နတ်ဘုရား အဆင့် ကျင့်ကြံသူများသည် ကျင့်စဉ်လမ်း အောင်မြင်ရန်သာ အာရုံစိုက်ကြပြီး အရေးမကြီးသော ကိစ္စများအတွက် တိုက်ခိုက်လိုခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲ တိုက်ခိုက်ရပြီဆိုပါက အခန့်မသင့်၍ တစ်စုံတစ်ခုသာ မှားယွင်းခဲ့လျှင် နိဂုံးက လှပမည် မဟုတ်ပေ။

***

All Chapters