ကယ်တင်ရှင်
Vol. 4 Ch. 397
နောက်တစ်နေ့နံနက်…
ကျဆင်းနေသည့် နှင်းများသည် ရပ်တန့်သွားပြီ ဖြစ်လေသည်။
နှင်းကျသည်မှာ ဆယ်ရက် ပြည့်ပြီဖြစ်ပြီး ဆန်းလျန်တို့ ကျင်းကျိ တိုင်းပြည်သို့ ရောက်နေသည်မှာ ခုနစ်ရက်ရှိပြီ ဖြစ်လေသည်။
ဆီးနှင်းများ ကျဆင်းမှု ရပ်တန့်သွားသည့်တိုင် အေးစိမ့်သည့် ရာသီဥတုကတော့ ကျန်ရှိ နေသေးသည်။ သို့သော် တိုင်းသူပြည်သားများ အားလုံးမှာ အလွန်ပျော်ရွှင် နေကြလေသည်။ ဆီးနှင်းများ ကျဆင်းမှု ရပ်တန့်သွားပြီ ဖြစ်သည့်အတွက် နောက်ရက်များတွင် ဆီးနှင်းများ အရည်ပျော်သွားလျှင် အားလုံး အဆင်ပြေသွားမည် ဖြစ်လေသည်။
နံနက်ခင်း နေရောင်ခြည်သည် ကောင်းကင်ထက်တွင် ထိန်ထိန်သာ နေလေသည်။
ထိုနေ့သည် ကောင်းမွန်သည့် နေ့ရက်လေး တစ်ရက် ဖြစ်လေသည်။ နှင်းများ ကျဆင်းပြီး သွားသည်နှင့် လာမည့်နှစ်တွင် သူတို့သည် အစာရေစာ ခေါင်းပါးခြင်း ရှိတော့မည် မဟုတ်ပေ။
တောင်သူ လယ်သမားများ၏ မျှော်လင့်ချက်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း "မျှော်လင့်ချက်" ဟု စဉ်းစားလိုက်မိသည်နှင့် ရင်ထဲတွင် နွေးထွေးမှုကို ခံစား လိုက်ကြရသည်။
မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေတွင် အနည်းငယ်မျှသော မျှော်လင့်ချက် ကလေးသည်ပင်လျှင် ကောင်းမွန် လွန်းလှပေသည်။
ဆန်းလျန်သည် ခါတိုင်း နေ့များကဲ့သို့ပင် ပြည်သူများကို ရေနွေးများ ဝေငှပေးနေဆဲ ဖြစ်လေသည်။ ဆင်းရဲသားများသည် ဆန်းလျန်ထံတွင် ရေနွေးများ ယူနေကြစဉ် လမ်းမထက်မှ တူရိယာ တီးခတ်သံများ ထွက်ပေါ်လာလေသည်။
စူးဖန်းနာ့ ဧကရာဇ်မင်း၏ ကိုယ်ရံတော် တစ်ယောက်သည် ဆန်းလျန် နေထိုင်ရာ အိမ်ရှေ့သို့ ရောက်ရှိလာပြီး ဧကရာဇ်၏ အမိန့်စာကို ဖတ်ကြား လေတော့သည်။
စူးဖန်းနာ့ဘုရင်က သူ၏ ရောဂါကို ကုသပေးရန်အတွက် ဆန်းလျန်ကို ဆင့်ခေါ်သည့် အမိန့်စာ ဖြစ်လေသည်။
ဘုရင့်အမိန့်စာ ဖတ်ကြားမှု ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဆင်းရဲသား ပြည်သူများ အားလုံးသည် တိတ်ဆိတ် ငြိမ်သက် သွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် ယခင်က လူငယ်စာပေ ပညာရှင်မှာလည်း ထိုသို့ပင် ဘုရင်၏ ဆင့်ခေါ်ခြင်းကို ခံရပြီးသည့်နောက် အသတ်ခံခဲ့ရခြင်း ဖြစ်လေသည်။ ယခုအချိန်တွင်တော့ ရွှေစကြာ ဘုရင်မှာ နာမကျန်း ဖြစ်နေသည့် အတွက် ပိုပြီး ဒေါသထွက်နေမည် ဖြစ်လေသည်။
တာအိုဆရာ အတွက် စိတ်ပူပန်မှုများသည် နာကျင်မှုများကို ခံနိုင်ရည်ရှိခြင်း အပြင် အမှားအမှန်ကို ခွဲခြားသိမြင် လာကြလေသည်။ သူတို့အတွက် လက်ရှိ အခြေအနေကို တော်လှန်ရန် အလွန်အရေးကြီးနေပြီ ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဆန်းလျန်အပေါ်တွင် မျှော်လင့်ချက် ထားသောကြောင့် ဖြစ်လေသည်။ သူတို့ကဲ့သို့သော ဆင်းရဲသားများအတွက် ခေါင်းဆောင် တစ်ယောက် လိုအပ်လေသည်။
"ဆန်းလျန်သည် ဘုရင့်အမိန့်ကို ဆန့်ကျင်ကာ နန်းတော်သို့ မသွားဘဲနေလျှင် ကောင်းမည်" ဟုပင် သူတို့ထဲမှ အချို့က တွေးမိကြသည် အထိပင်။
ရုတ်တရက်…
အသံတစ်သံ ထွက်ပေါ် လာလေသည်။
"မသွားပါနဲ့ ကယ်တင်ရှင်…"
ပထမလူက ထိုသို့ အော်ဟစ်လိုက်ပြီးသည့်နောက် ဒုတိယလူ၊ တတိယလူ စသည်ဖြင့် ဝိုင်းဝန်း အော်ဟစ်ကြကာ လူစုလူဝေးဖြင့် အော်ဟစ်သံကြီး ထွက်ပေါ် လာလေတော့သည်။
လူအများ၏ "ကယ်တင်ရှင်" ဆိုသည့် အော်ဟစ်သံသည် တစ်လောကလုံးကို တုန်လှုပ် သွားစေပြီး နန်းတွင်းမှ ယူကလစ်ပင်ကြီးပင် လှုပ်ခတ် သွားရလေသည်။
ယခုတော့ ပြည်သူ အားလုံးသည် သူတို့ခံစားရသည့် ဆင်းရဲဒုက္ခများကို ကင်တင်ပေးမည့် ကယ်တင်ရှင်ကို အမှန်တကယ်ပင် တောင့်တမိကြသည်။ စိတ်ဆင်းရဲစရာ ကောင်းသည့်ဘဝတွင် သိသိကြီးနှင့် ရုန်းမထွက်နိုင်ဘဲ နေထိုင်ရသည်မှာ လုံးဝ နာကျင်စရာပင် ဖြစ်လေသည်။
လူအများကို တိတ်ဆိတ်နေအောင် ဖိနှိပ်ထားသည့် အကြောက်တရားကို ချိုးဖျက်ပြီး ယခုတော့ ရင်ထဲမှ ဆန္ဒများသည် ရုန်းကန် ပွင့်ထွက်လာခဲ့ပြီ ဖြစ်သည်။
အမိန့်စာကို ယူဆောင်လာသည့် ဘုရင့်ကိုယ်ရံတော်သည် မြင်းပေါ်မှ ဆင်းလိုက်လေသည်။
သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်အလား ဖြူဖပ်ဖြူလျော် ဖြစ်နေကာ တုန်လှုပ် ချောက်ချား နေလေသည်။
ဤမျှ နိမ့်ကျလွန်းသော ဆင်းရဲသား ပြည်သူများသည် ဤသို့သော် ပုန်ကန်သည့် လုပ်ရပ်ကို အဘယ့်ကြောင့် လုပ်ရဲကြပါသနည်း။
ဖန်ယန်ယင်းသည်ပင်လျှင် အော်ဟစ် နေကြသည့် လူအုပ်ကြီးကို ကြည့်ကာ စိတ်လှုပ်ရှား နေမိလေသည်။
ယခုကဲ့သို့ လူထုအုံကြွမှု ဖြစ်လာသည်မှာ သူမ၏ ဆရာဦးလေး တစ်ယောက်တည်း ကြောင့်သာ မဟုတ်ခဲ့ပါ။ သူတို့သည် စတင်ခံစားလာရသည့် မျှော်လင့်ချက်ကို ဆုံးရှုံးမည်ကို ကြောက်လန့်နေမိသည့် အပြင် ယခင်က လူငယ်စာပေ ပညာရှင် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် အကြောင်းများကို ပြန်လည် သတိရကာ ဆက်လက် သည်းမခံနိုင်ကြတော့ခြင်း ဖြစ်လေသည်။
ထို့ပြင် ခက်ခဲသည့် အချိန်များတွင် သူတို့ကို ကူညီပေးခဲ့သည့် ဆန်းလျန်မှာ သူတို့၏ မျှော်လင့်ချက် အသစ် ဖြစ်လာခဲ့သည်။
ယခုတော့ ထိုမျှော်လင့်ချက် လောင်ကျွမ်းရတော့မည်ကို သူတို့မလိုလားပေ။
စူးဖန်းနာ့ဘုရင်သည် ဆန်းလျန်ကို အပြစ်မပေးဘူး ဆိုလျှင်တောင်မှ သူ၏ ဘက်တော်သား ဖြစ်အောင် သိမ်းသွင်းမည် ဖြစ်လေသည်။ ထိုအခါ ဆန်းလျန်သည် သူတို့ဘက်မှ ရပ်တည် ပေးပါတော့မည်လား။
ဆန်းလျန်သည် ပြည်သူများကို "တိတ်ဆိတ်စွာ နေကြရန်" ပြောချင်သည့်တိုင် ပြောမထွက်ခဲ့ပေ။
ပြည်သူများ၏ ဆန္ဒများသည် ကောင်းကင်ထက် ဖုံးလွှမ်းသွားခဲ့ပြီး ကျင်းကျိတိုင်းပြည်၏ အခြေခံ အုတ်မြစ်ဖြစ်သည့် ယူကလစ်ပင်ကြီးသည် တုန်လှုပ် နေလေသည်။ ဘုရင့်နန်းတော်မှ အမှုထမ်း၊ အရာထမ်းများမှာ ကြောက်လန့်တခြား ဖြစ်မိကြသော်လည်း စိတ်ထဲတွင်တော့ ကျေနပ် အားရနေမိကြလေသည်။
တိုင်းသူပြည်သားများသည် အော်ဟစ်ရင်း ဘုရင့်နန်းတော်သို့ မျှော်ကြည့် နေကြလေသည်။
နောက်ဆုံးတွင်တော့ ဆန်းလျန်က စကားစပြီး ပြောလိုက်လေသည်။
"ကျုပ်စူးဖန်းနာ့ဘုရင်နဲ့ သွားတွေ့ပါ့မယ်၊ ဒါပေမဲ့ ခင်ဗျားတို့အားလုံး မကြောက်ကြပါနဲ့၊ ဒီနေ့က တကယ့်ကို ကောင်းမွန်တဲ့နေ့ပါ၊ မနက်ဖန်က ပိုကောင်းတဲ့ နေ့တစ်နေ့ ဖြစ်လာမှာပါ၊ အားလုံးပဲ လွတ်မြောက်မှုကို တွေ့ရှိမှာပါ"
ဆန်းလျန်က မူလဝိညာဉ် ခန္ဓာမှ တန်ခိုးစွမ်းအားကို အသုံးပြုကာ ထိုစကားကို ပြောလိုက်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူ၏ စကားသံသည် လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်သံ ထပ်သွားလေသည်။
အော်ဟစ်နေကြသည့် လူအားလုံးမှာ ချက်ချင်းပင် ငြိမ်သက် သွားကြသလို တည်လည်း တည်ငြိမ်သွားကြသည်။
သူတို့အားလုံးက ဆန်းလျန်ကို ကယ်တင်ရှင်အဖြစ် အသိအမှတ် ပြုထားကာ စစ်မှန်သည့် နတ်ဘုရား တစ်ပါးအလား အားကိုးကြလေသည်။
ထို့နောက် ဆန်းလျန်သည် ဘုရင့်ကိုယ်ရံတော် ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါ သွားခဲ့လေသည်။ ဘုရင့်ကိုယ်ရံတော်က ဆန်းလျန်ကို ယူကလစ်ပင် အောက်သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်လေသည်။
နံနက်ခင်း နေရောင်ခြည်သည် သစ်ပင် အရွက်များ အလယ်တွင် ကြိုကြား ကြိုကြား ဖြာကျနေကာ တိတ်ဆိတ်မှုကိုလည်း ခံစားရလေသည်။
သိပ်မကြာမီမှာပင် ရွှေစကြာ ဘုရင်စူးဖန်းနာ့ ရောက်ရှိလာလေသည်။
စူးဖန်းနာ့ဘုရင်က လမ်းလျှောက်လာခြင်း မဟုတ်သလို မြင်းရထားစီးပြီး ရောက်လာခြင်းလည်း မဟုတ်ပါ။
ခမ်းနား ထည်ဝါလှသည့် ရွှေဝေါယဉ်ကြီး တစ်ခုသည် ကောင်းကင်ထက်တွင် ပျံသန်း လာလေသည်။ ရွှေရောင် သံချပ်ကာများ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာဘုရင်များက ဝေါယဉ်ကြီးကို ထမ်းကာ ပျံသန်းလာကြခြင်း ဖြစ်လေသည်။
ထိုနတ်မိစ္ဆာဘုရင်များသည် ရှီးဟွမ်တွင်သာ ဆိုလျှင် တစ်ထီးတစ်နန်းဖြင့် နေထိုင်နိုင်မည် ဖြစ်လေသည်။ ယခုတော့ ရွှေစကြာဘုရင်၏ ကျွန်များ ဖြစ်နေကြရသည်။
အမှန်တော့ ရွှေရောင်သံချပ်ကာများ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာ ဘုရင်တိုင်းသည် သူ့ဇာစ်မြစ်နှင့်သူ ရှိကြမည် ဖြစ်လေသည်။ ရွှေစကြာဘုရင်က သူတို့ကို ဖမ်းဆီးပြီး ကျွန်ပြုခဲ့ခြင်း ဖြစ်ပုံရလေသည်။
ရွှေဝေါယဉ်ကြီးသည် ယူကလစ်ပင် အောက်တွင် ရပ်တန့် သွားလေသည်။ ဝေါယဉ်ထက်မှ ရွှေစကြာဘုရင် ဆင်းသက် လာလေသည်။
"မင်းကျုပ်ရဲ့ ရောဂါကို ကုသပေးနိုင်မလား"
စူးဖန်းနာ့ ဧကရာဇ်မင်း၏ အသံက မိုးခြိမ်းသည့်အလား ထွက်ပေါ် လာလေသည်။
"လူသေတွေက ဘယ်လိုလုပ် ရောဂါဖြစ်နိုင်မှာတဲ့လဲ"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
စူးဖန်းနာ့ဘုရင်သည် ကြီးမားသည့် ဝတ်ရုံကြီးကို ဝတ်ဆင်ထားသည့် အတွက် သူ၏ ခန္ဓာကိုယ်ကို မမြင်ရသည့်တိုင် မျက်ဝန်းများကတော့ တောက်ပ နေလေသည်။
"ဟုတ်ပြီ၊ လူသေတွေက ဆေးလည်းမကုနိုင်ဘူး၊ မင်းက သေဖို့ တောင်းဆိုနေတာပဲ"
စူးဖန်းနာ့ဘုရင်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
"မင်းက မသေဆေး သောက်လိုက်တဲ့ အတွက် အသိဉာဏ်တွေပါ ပျက်သုဉ်း သွားပြီထင်တယ်၊ မင်းက အသက်ရှင်သန်နေရင် အရာအားလုံးကို ရလိမ့်မယ်လို့ ထင်ခဲ့တာ မဟုတ်လား၊ ဒါကြောင့် မင်းက အသက်ရှင်သန်ဖို့ ရွေးခြယ်ခဲ့တာ၊ ဒါပေမဲ့ မသေဆေးဆိုတာက တကယ်တော့ မင်းရဲ့ဝိညာဉ် အပါအဝင် မင်းရဲ့အသိဉာဏ် အားလုံးကို ပျက်စီးစေတဲ့ အရာပါပဲ၊ မင်းက မသေချင်တဲ့ အတွက် မင်းရဲ့ဆွေမျိုးတွေ၊ မိသားစုတွေနဲ့ မျိုးနွယ်တွေအားလုံးကို နတ်ဆိုးကို ယဇ်ပူဇော်ပစ်ခဲ့တယ်၊ ဒါမှ မင်းဟာ အမြဲတမ်းအသက်ရှင်သန်နိုင်မယ်၊ ဒါပေမဲ့ မင်းဒီလို ယဇ်မပူဇော်ရတာ ကြာခဲ့ပြီ၊ ဘာလို့လဲဆိုတော့ မင်းမှာ ဆွေမျိုးသားချင်း တစ်ယောက်မှ မကျန်တော့လို့ပဲ"
ဆန်းလျန်က ယုံကြည်မှုရှိရှိ တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်လေသည်။
***