← Chapters

ရွှေရောင်သံချပ်ကာဝတ်နတ်မိစ္ဆာများ

Vol. 4 Ch. 398

ရွှေရောင်သံချပ်ကာဝတ်နတ်မိစ္ဆာများ

Vol. 4 Ch. 398

စူးဖန်းနာ့ဘုရင်သည် ဆန်းလျန်၏ စကားများကို နားထောင်ရင်း တိတ်ဆိတ် ငြိမ်သက် သွားလေသည်။

နှစ်ပေါင်းများစွာ ဘုရင့်ထံပါးတွင် တာဝန်ထမ်းဆောင် ခဲ့ကြသူများက ဧကရာဇ်မင်း ထိုသို့ တိတ်ဆိတ်သွားသည်မှာ ကြောက်မက်ဖွယ်ရာ အခိုက်အတန့် ဖြစ်ကြောင်း ကောင်းကောင်း သိထားကြလေသည်။

"မင်းသာ ကျုပ်ကို ကူညီမယ်ဆိုရင် မင်းလိုချင်တာ ဘာမဆိုပေးမယ်"

စူးဖန်းနာ့ဘုရင်က ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။

ရွှေစကြာဘုရင်သည် လူများ၏ သဘောသဘာဝကို သိရှိနားလည်သူ ဖြစ်လေသည်။ လောကတွင် လိုချင်လောဘ မရှိသော သူဟူ၍ မရှိပေ။ လောကတွင်နေသမျှ ကာလပတ်လုံး လိုချင်သည့် စိတ်ဆန္ဒများက တစ်ခုမဟုတ် တစ်ခု ရှိနေမည်ဖြစ်ပြီး ထိုလိုချင် လောဘသည်သာလျှင် လူသားများ၏ အားနည်းချက် ဖြစ်လေသည်။

ဆန်းလျန်က စူးဖန်းနာ့ဘုရင်၏ စကားကို အရေးမလုပ်ပါ။

သူက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း…

"ဒီနေရာမှာ လမ်းပျောက်နေတဲ့ ဝိညာဉ်တွေမှ အများကြီးပဲ၊ မင်း ညဘက်ဆိုရင် အိပ်ရောပျော်ရဲ့လား"

ရွှေစကြာဘုရင်၏ မျက်ဝန်းများက အေးစက်နေလေသည်။

"လူတွေဆိုတာ ပုရွက်ဆိတ်တွေလိုပဲ၊ သေတော့ရော ဘာဖြစ်သေးလဲ"

စူးဖန်းနာ့ဘုရင်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ပြော လိုက်သည်။

ရုတ်တရက်…

နန်းတော်ရင် ပြင်တစ်ခုလုံးကို လေပြင်းတစ်ချက် ဖြတ်သန်း တိုက်ခတ်လာပြီး အလင်းရောင်များလည်း ထွက်ပေါ် လာလေသည်။ ထို့နောက် အလင်းတန်းများက ဆန်းလျန်၏ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ဖုံးလွှမ်း သွားသည်။

ဆန်းလျန်က ဂါထာတစ်ပုဒ်ကို ရွတ်ဆို လိုက်သည်။

ထိုဂါထာအသံကို ကြားလိုက်ရသည်နှင့် ရွှေစကြာဘုရင်၏ မျက်ဝန်းများက လိုချင် လောဘများဖြင့် အရောင်တလက်လက် တောက်ပ လာလေသည်။ ဆန်းလျန် ရွတ်လိုက်သည့် ဂါထာမှာ ယွိသောလော်မျိုးနွယ်များ ပိုင်ဆိုင်သည့် "ပြန်လည် မွေးဖွားခြင်းဂါထာ" ပင် ဖြစ်လေသည်။

အမှန်တော့ စူးဖန်းနာ့ဘုရင်သည် ထိုဂါထာကို ရလိုသည့် အတွက် ယွိသောလော်၏ မျိုးဆက်များ အားလုံးကို သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ထိုဂါထာကို ရရှိခဲ့ခြင်း မရှိပေ။

စူးဖန်းနာ့ဘုရင်သည် ယွိသောလော် မျိုးနွယ်များထံမှ ပြန်လည် မွေးဖွားခြင်းဂါထာ မရရှိသည့် အတွက် နတ်ရေစင်ကို ပြုလုပ်နိုင်ခြင်း မရှိသောကြောင့် မိစ္ဆာနတ်ဘုရားကို သူ၏မျိုးနွယ်များ အားလုံးကို သတ်ဖြတ်ကာ ယာဇ်ပူဇော်ပြီး ထာဝရ အသက်ရှင်သန် စေရန် ကြိုးစား အားထုတ်ခဲ့ခြင်း ဖြစ်လေသည်။

စူးဖန်းနာ့ဘုရင်၏ မျိုးနွယ်များအားလုံး သတ်ဖြတ်ခံရခြင်းနှင့် ညစာစားပွဲတွင် လေပြင်း တစ်ချက် တိုက်ခတ်ကာ စူးဖန်းနာ့ဘုရင် နာမကျန်း ဖြစ်ရခြင်းများမှာ ယွိသောလော်မျိုးဆက်ကို သတ်ဖြတ်ခြင်းကြောင့် ပြန်လည်ခံစားရသည့် ကျိန်စာဟု လူတိုင်းက ထင်ခဲ့ကြလေသည်။ အမှန်တော့ မိစ္ဆာနတ်ဘုရားကို ယာဇ်ပူဇော်ရန် သူ၏ မျိုးနွယ်များကို သူကို တိုင်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သူပြုလုပ်ခဲ့သည့် မိစ္ဆအတတ်ကြောင့် နောက်ဆက် တွဲဆိုးကြိုး အနေဖြင့် သူကိုယ်တိုင်လည်း မကျန်းမာခြင်းကို စတင်ခံစားရခြင်း ဖြစ်လေသည်။

ထိုအကြောင်းအရာများ အားလုံးကို သူကိုယ်တိုင်သာ သိလေသည်။

မိစ္ဆာနတ်ဘုရားကို ယာဇ်ပူဇော်ရန် အတွက် သူ၏မျိုးနွယ်များ ကုန်ဆုံးသွားပြီ ဖြစ်သည့် အတွက် ယဇ်ပူဇော်နိုင်ခြင်း မရှိတော့ပါ။ ထိုအခါ ကြောက်မက်ဖွယ်ရာ အန္တရယ်များကို သူအဆက်မပြတ် ရင်ဆိုင် ခဲ့ရလေသည်။

ထို့ကြောင့် သူ့အနေဖြင့် သူ၏မိစ္ဆာအတတ်များကို သန့်စင်ပစ်ရန် အတွက် ပြန်လည် မွေးဖွားခြင်း ဂါထာကို ရရှိရန် အပြင်းအထန် လိုအပ်နေလေသည်။

ယခုတော့ သူက ဆန်းလျန် ဂါထာ ရွတ်ဆိုနေသည်ကို စောင့်ကြည့်နေခဲ့လေသည်။

ဆန်းလျန် ဂါထာရွတ်ဆိုပြီး သွားပါက နတ်ရေစင် ပေါ်ထွက်လာမည်ဟု သူက မျှော်လင့် နေခဲ့လေသည်။

ဆန်းလျန်၏ ဂါထာရွတ်ဖတ်မှု ပြီးဆုံးသွားခဲ့သည်။

ဆန်းလျန် ပတ်ဝန်းကျင်မှ ထွက်ပေါ်နေသည့် အဖြူရောင် အလင်းတန်းများသည် မရပ်မနား စီးဆင်းနေသည့် ရေများနှင့်တူလေသည်။ သို့သော်… နတ်ရေစင်တစ်စက်မှာ ပေါ်ထွက်လာခြင်း မရှိပါ။

အမှန်တော့် ဆန်းလျန် ဂါထာ ရွတ်ဖတ်လိုက်သည်နှင့် ပျောက်ဆုံးနေသည့် ဝိညာဉ် များစွာသည် မျှော်လင့်ချက်ကြီးစွာဖြင့် ဆန်းလျန်ဆီသို့ ဦးညွတ် ခဲ့ကြသည်။ ဆန်းလျန်က အဖြူရောင် အလင်းတန်းများအားဖြင့် ထိုဝိညာဉ်များ အားလုံးကို လွတ်မြောက် စေလိုက်ခြင်း ဖြစ်လေသည်။

ရွှေစကြာဘုရင်က အော်ဟစ်လိုက်သည်။

"နတ်ရေစင်ဘယ်မှာလဲ၊ နတ်ရေစင်၊ ဘာလို့ ဖြစ်မလာရတာလဲ"

ဆန်းလျန်က ပြုံးလိုက်ရင်း ပြောလိုက်သည်။

"ကျုပ်က ယွိသောလော်ရဲ့ မျိုးဆက်မှ မဟုတ်တာ၊ ပြီးတော့ ဗုဒ္ဓဘာသာ ဂိုဏ်းကလည်း မဟုတ်ဘူး၊ ကျုပ်က နတ်ရေစင်ကို ဘယ်လိုလုပ် ပြုလုပ်ပေးလို့ရမှာလဲ၊ ပြီးတော့ ကျုပ်က ပြန်လည် မွေးဖွားခြင်း ဂါထာကို အသုံးပြုပြီး သနားစရာ လမ်းပျောက်နေတဲ့ ဝိညာဉ်တွေကို နောက်ဘဝ ကူးလို့ရအောင် ကူညီပေးလိုက်တာ"

ဆန်းလျန် ပြောလိုက်သည့် နောက်ဆုံးစကားမှာ နည်းနည်းတော့ ရယ်စရာ ကောင်းလေသည်။ သို့သော် ရွှေစကြာ ဘုရင်က ဆန်းလျန်က သူ့ကို ကစားနေသည်ကို ချက်ချင်း သဘောပေါက် လိုက်သည်။

"မင်း နတ်ရေစင်ရအောင် လုပ်မပေးနိုင်ဘူးဆိုရင် ဒီနေရာကနေ ထွက်သွားနိုင်ဖို့ မစဉ်းစားနဲ့"

ရွှေစကြာဘုရင်က အမုန်းတရားများဖြင့် ပြည့်နေသည့် လေသံဖြင့် ဆိုလိုက်သည်။

အမှန်တော့ ရွှေစကြာ ဘုရင်သည် အစကတည်းက ဆန်းလျန်ကို အလွတ်ပေးရန် စဉ်းစားထားခဲ့ခြင်း မရှိပေ။ ဆန်းလျန်ကြောင့် နိမ့်ကျသည့် ပြည်သူများက သူ့ကိုပင် ပုန်ကန်ခဲ့ပြီ မဟုတ်ပါလား။ ဆင်းရဲသား ပြည်သူများ၏ ပုန်ကန်လိုသည့် ဆန္ဒများကြောင့် သူ၏ အဖိုးတန် ထာဝရခန္ဓာပင် ပျက်စီး သွားနိုင်လေသည်။

"မင်းက နတ်ရေစင်ကို အဲဒီလောက်တောင် လိုချင်နေတာလား၊ ဟုတ်ပြီ၊ သိပ်မကြာ သေးခင်လောက်ကတော့ အဲဒီလို နတ်ရေစင် တစ်စက်လောက် တွေ့လိုက်သေးတယ်"

ဆန်းလျန်က အေးအေးဆေးဆေးနှင့်ပင် ပြောလိုက်သည်။

ရွှေစကြာဘုရင်က အေးစက်စွာဖြင့်…

"မင်း ကျုပ်ကို ဘာတွေပဲ ပြောနေပြောနေ အသုံးမဝင်တော့ဘူး၊ မင်းကို ဖမ်းလိုက်တာနဲ့ ကျုပ်အကုန်လုံးကို သိရမှာပဲ"

ယူကလစ်ပင်ကြီးက တောက်ပ လင်းလက်နေလေသည်။ ရွှေစကြာဘုရင်၏ ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာလေသည်။ သူ၏ ဝေါယဉ်ကို ထမ်းလာသည့် ရွှေသံချပ်ကာများကို ဝတ်ဆင်ထားသည့် နတ်မိစ္ဆာဘုရင် ဆယ့်ခြောက်ယောက်သည် အလွန် လျင်မြန်သည့် အရှိန်ဖြင့် ဆန်းလျန်အနားသို့ ရောက်ရှိလာကာ ဆန်းလျန်ကို ဝိုင်းထား လိုက်ကြလေသည်။

"မင်း ခွင့်လွှတ်ဖို့ ခုချိန်မှာ တောင်းပန်ရင် မီသေးတယ်နော်၊ ဒါမှမဟုတ် ကျုပ်ရဲ့ ရွှေရောင် သံချပ်ကာ ကိုယ်ရံတော် ဆယ့်ခြောက်ယောက်ရဲ့ လက်ချက် မိသွားလိမ့်မယ်"

ရွှေစကြာဘုရင်က ပြောလိုက်လေသည်။

ပြောပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်သည် ယူကလစ်ပင်ထက်သို့ ပျံသန်းသွားပြီး အပင်ထိပ်တွင် ရပ်နေလေသည်။ သူ၏ ခန္ဓာကိုယ်မှ ကြည်လင်သည့် ရောင်ခြည်များ ဖြာလင်း နေလေ၏။

ဆန်းလျန်က သူ၏ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ရယ်မောလိုက်သည်။

"ကျုပ်က ဘာလို့ ခွင့်လွှတ်ဖို့ တောင်းပန်ရမှာလဲ"

နတ်မိစ္ဆာ ဘုရင်ဆယ့်ခြောက်ပါးကို ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော်များအဖြစ် တန်ခိုးစွမ်းအားကို အသုံးပြုကာ ပြောင်းလဲထားနိုင်သည့် ရွှေစကြာဘုရင်၏ အစွမ်းမှာတော့ လေးစားလောက်စရာ ကောင်းလေသည်။

ဆန်းလျန်က ပေါ့ပေါ့ပါးပါးနှင့်ပင် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေသည်။ ထိုအခါ ရေစင်များကဲ့သို့ အဖြူရောင် အလင်းတန်းများသည် ဆန်းလျန်ထံမှ စီးဆင်း ထွက်လာ ပြန်လေသည်။ ထိုအလင်းတန်းများသည် အရာအားလုံးကို တိုက်စားချိုးဖျက် သွားနိုင်သည့်တိုင် ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် ဆယ့်ခြောက်ယောက်၏ အရံအတားကိုတော့ ချိုးဖျက်နိုင်ခြင်း မရှိပေ။

ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် ဆယ့်ခြောက်ယောက်သည် စွမ်းအားကြီးမားလှပြီး တော်ရုံတာအို ကျင့်စဉ် တန်ခိုးစွမ်းအားများက သူတို့ကို ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပေ။

ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် ခြောက်ယောက်သည် "ရွှေ" ဓာတ်ဖြစ်လေသည်။ ရွှေဆိုသည်က ပျက်စီးခြင်း မရှိနိုင်သော ဒြပ်စင်တစ်မျိုး ဖြစ်လေသည်။

ဆန်းလျန်က ပြန်လည်မွေးဖွားခြင်း ဂါထာဖြင့် ဖန်တီးထားသည့် အဖြူရောင် အလင်းတန်းများက ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် ဆယ့်ခြောက်ယောက်ကို ထိခိုက်နိုင်ခြင်း မရှိသည်ကို သိရှိလိုက်သည်နှင့် သူက အလင်းတန်းများကို ပြန်ရုတ်သိမ်း လိုက်သည်။

ဒြပ်စင် စွမ်းအား ငါးမျိုးတွင် မီးက သတ္တု (ရွှေ)ကို တားဆီး နိုင်လေသည်။ ဖန်တီးမှုနှင့် ဖျက်ဆီးမှုများတွင် ဒြပ်စင်စွမ်းအားငါးမျိုးဖြင့် ကင်းလွတ်သည့် အရာဟူ၍ မရှိပေ။

ဆန်းလျန်က ပါးစပ်ကို ဟလိုက်ပြီး မီးတောက်တစ်ခု မှုတ်ထုတ် လိုက်လေသည်။ အနီရောင် တောက်ပနေသော မီးလျှံများသည် နေမင်းကြီးနှင့်ပင် ဆင်တူလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် ချက်ချင်းပင် အပူရှိန်များ မြင့်တက်လာပြီး ယူကလစ်ပင်မှ အဖူးများပင်လျှင် တဖြုတ်ဖြုတ် ကြွေကျ နေလေတော့သည်။

မီး၏အပူရှိန်သည် ရွှေစကြာဘုရင်၏ မျက်နှာသို့ပင် ဟပ်လျက် ရှိလေ၏။

သို့သော် ရွှေစကြာဘုရင်က ဆန်းလျန်ကို အထင်သေးသလို ဟွန့်ခနဲတစ်ချက် ပြုလိုက်ကာ မျက်မှောင်ကြုတ်ပြီး ကြည့်နေလေသည်။

ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် ကိုယ်ယုံတော် ဆယ့်ခြောက်ယောက်သည် တဖြည်းဖြည်း ဖောင်းပွဲလာပြီး သူတို့၏ ခန္ဓာကိုယ်ကြီးများမှာ မျှော်စင်ကြီးများအလား ကြီးမား လာကြလေသည်။

ဆန်လျန် မှုတ်ထုတ်လိုက်သည့် မီးတောက်သည် သူတို့၏ ခြေလက်များကိုသာ လောင်ကျွမ်း သွားကြလေသည်။

ဆန်းလျန်၏ ခန္ဓာကိုယ်သည် လေထဲတွင် လွင့်မျော နေလေသည်။ သူက ခေါင်းတစ်ချက် ခါယမ်းလိုက်ပြီး မီးတောက်များဆီသို့ လက်ညိုးနှင့် လက်ခလယ်ကို ညွှန်ပြ လိုက်သည်။ အစိမ်းရောင် တန်ခိုးစွမ်းအားများသည် မီးတောက်များနှင့် ရောနှော သွားလေသည်။ ဆန်းလျန်က မီးတောက်များ အတွင်းသို့ သစ်သားဓာတ်ကို ထည့်သွင်း ပေးလိုက်သည့် အတွက် မီးတောက်များမှာ တဟုန်းဟုန်း တောက်လောင် လာလေတော့သည်။

ထို့နောက် ဆန်းလျန်က ယူကလစ်ပင်ထက်တွင် ရပ်နေသည့် ရွှေစကြာဘုရင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

ရွှေစကြာဘုရင်မှာ ဆန်းလျန်၏ အကြည့်ကြောင့် ကျောရိုးတစ်လျှောက် စိမ့်သွားသလို ခံစားလောက် ရလေသည်။

"ဒီလူရဲ့ တန်ခိုးစွမ်းအားတွေက တကယ် ကြောက်စရာကောင်းတာပဲ"

ဟု ရွှေစကြာဘုရင်က တွေးနေမိလေသည်။

ရွှေစကြာဘုရင်မှာ ရွှေခန္ဓာအဆင့်နှင့် ညီမျှသော တန်ခိုးစွမ်းအား ရှိသည့်တိုင် သူ၏ ကျင့်စဉ်လမ်း အဆင့်အတန်းမှာ ဆန်းလျန်ကို မယှဉ်နိုင်သေးပါ။

ဆန်းလျန်ကို ကြည့်ပြီး ရွှေစကြာဘုရင်သည် အလွန်အမင်း တုန်လှုပ်နေခဲ့လေသည်။

သူ၏ တန်ခိုးစွမ်းအား တစ်ဝက်ကို ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် ဆယ့်ခြောက်ယောက် ထံသို့ ပို့လွှတ်ကာ အသုံးပြု ထားသည့်တိုင် တာအိုဆရာကို အနိုင်ရခြင်း မရှိသေးပေ။

တဖြည်းဖြည်းနှင့် ရွှေစကြာဘုရင်၏ ထိတ်လန့်မှုသည် အမျက်ဒေါသသို့ ကူးပြောင်း သွားလေသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာပြီး ယူကလစ်ပင်ကြီးပင် မှေးမှိန် သွားရလေသည်။ အလင်းတန်းများသည် ကိုယ်ရံတော် ဆယ့်ခြောက်ယောက်၏ ခန္ဓာကိုယ်များ အတွင်းသို့ စီးဆင်း ဝင်ရောက်သွားပြီး ကိုယ်ရံတော် ဆယ့်ခြောက်ယောက်၏ အရံအတားထဲတွင် ဆန်းလျန်သည် ပိတ်မိ နေလေတော့သည်။

***

All Chapters