အခန်း (၁၂၀၃-၁၂၀၄)
Vol. 70 Ch. 1203-1204
အပိုင်း (၁၂၀၃)
လျှပ်စီးမြွေ တပ်တော်သည် အမြန်ဆုံး အရှိန်ဖြင့် ရှေ့သို့ တက်လာပြီး နုရှောင့်မြို့ထဲသို့ မဝင်ရောက်မီ နှင်းလင်းယုန် တပ်တော်၏ ထက်ဝက်ကျော်ကို သုတ်သင်ရှင်းလင်းနိုင်ပေလိမ့်မည်။
ထို့အပြင် ရှမ့်လန်၌ အထူးစစ်သည်တော် တစ်ထောင် ကျန်ရှိနေသေးသည်။ အကယ်၍ သူတို့သည် အိပ်မက်ဆိုးကျောက်တုံး စက်သေနတ်များကို ကိုင်ဆောင်ထားပါက ကျန်ရှိသော ထက်ဝက်ကို သုတ်သင်နိုင်စွမ်း ရှိပေလိမ့်မည်။
သို့သော်ငြား တော်ဝင်ရန် အင်ပါယာ၏ နှင်းလင်းယုန် တစ်သောင်း တပ်တော်သည် လုံးဝ စည်းမဲ့ကမ်းမဲ့ တိုက်ခိုက်နေခြင်း ဖြစ်ရာ ပိုက်ကွန်ကို ဖောက်ထွက်နိုင်သူအချို့တော့ ရှိနေစမြဲပင်။ ရှမ့်လန်၏ တွက်ချက်မှု အရ ရလဒ်သည် အကြိမ်တိုင်း အတူတူပင် ဖြစ်လိမ့်မည်။
တော်ဝင်ရန် အင်ပါယာဘက်မှ အနည်းဆုံး နှင်းလင်းယုန် တစ်ထောင်မှ နှစ်ထောင်ခန့် နုရှောင့်မြို့ ကောင်းကင်ယံ သို့ ရောက်ရှိသွားပြီး ဗုံးပေါင်း တစ်သောင်း သို့မဟုတ် နှစ်သောင်းခန့် ကြဲချနိုင်ပေလိမ့်မည်။ သေချာသည်မှာ ပရမ်းပတာ ဖြစ်မှုများနှင့် နုရှောင့်မြို့ လေကြောင်းရန် ကာကွယ်ရေး၏ ကြားဖြတ် ဟန့်တားမှုများကြောင့် အိပ်မက်ဆိုးကျောက်တုံးဗုံး ထောင်ဂဏန်းခန့်သာ နုရှောင့်မြို့ပေါ်သို့ ကျရောက် နိုင်ဖွယ် ရှိသည်။
နုရှောင့်မြို့ကို လောကမြေပေါ်မှ လုံးဝ ဖျောက်ဖျက်ပစ်ရန် မဖြစ်နိုင်သော်လည်း သေချာပေါက် ပျက်စီးစေနိုင် ပေသည်။ အိမ်ခြေများ၊ စက်ရုံများနှင့် ဓာတ်ခွဲခန်းများ မည်မျှ ပျက်စီးသွားမည်ကို မည်သူမှ မပြောနိုင်ပေ။ နုရှောင့်မြို့၏ ခမ်းနားသော ရဲတိုက်ကြီးပင်လျှင် ဖောက်ခွဲခံရနိုင်သည်။ တော်ဝင်ရန် အင်ပါယာ၏ အိပ်မက်ဆိုး ကျောက်တုံး ဗုံးများ၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ရာကောင်းလှ၏။
ဟုတ်ပေသည်။ နုရှောင့်မြို့ရှိ လူတိုင်းသည် မြေအောက် ခံတပ်များထဲသို့ ဝင်ရောက်နေကြပြီ ဖြစ်၏။ ဤအဆင့်ရှိ ဗုံးဒဏ်ကြောင့် ထိခိုက်သေဆုံးမှု များများစားစား ရှိလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား နုရှောင့်မြို့သာ အပျက်အစီးပုံ ဘဝ ရောက်သွားပါက မျက်နှာပျက်စရာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် မင်းသမီး ကျိရွှမ်သည် တန်ဖိုးကို ဂရုမစိုက်တော့ခြင်း ဖြစ်သည်။ နှင်းလင်းယုန် တစ်သောင်းလုံး သေဆုံးသွားရလျှင်ပင် သူမသည် ဤလေကြောင်းတိုက်ခိုက်မှုကို အောင်မြင်အောင် လုပ်ဆောင်ရပေမည်။ နုရှောင့်မြို့ကို လုံးဝ မဖျက်ဆီးနိုင်လျှင်ပင် အနည်းဆုံးတော့ အပေါ်ယံ အပျက်အစီးများ ဖြစ်ပေါ်စေရမည်။ တော်ဝင်ရန် အင်ပါယာ၏ ဂုဏ်သိက္ခာကို ထိပါး၍ မရချေ။ မီးတောက်မြို့တော်၏ ခြိမ်းခြောက်မှုသည် လက်တွေ့ ဖြစ်လာတော့မည်။
ဤအချိန်၌ ဘာလုပ်သင့်သနည်း။ အမှန်စင်စစ် ဤအရာများ တကယ် ဖြစ်ပျက်လာလျှင်ပင် ရှမ့်လန်သည် အောင်နိုင်သူ ဖြစ်နေဆဲပင်။ သူသည် အထူးနဂါးနောင်တ ၅၂ ခုကို ရရှိခဲ့ရုံသာမက သားရဲကြီး တစ်ထောင်ကိုပါ ရရှိနိုင်ပြီး နှင်းလင်းယုန် တစ်သောင်းကို ချေမှုန်းနိုင်ခဲ့သည်။ သူ ပေးဆပ်ရသော တန်ဖိုးမှာ နုရှောင့်မြို့ ဗရပွ ပျက်စီးသွားရုံသာ ဖြစ်၏။
သို့ပေမည့် ရှမ့်လန်က ဤကဲ့သို့ ဖြစ်မည်ကို လိုလားသည်လား။ မလိုလားချေ။ ထို့နောက် သူ သက်ပြင်း တစ်ချက် ဖွဖွ ချလိုက်သည်။ တစ်ခါတစ်ရံတွင် သူ တကယ် မတတ်သာပေ။ သူ တကယ် အကြွေး မတင်ချင်သော ကျေးဇူးတရား အချို့ ရှိနေသည်။
......
မင်းသမီး ကျိရွှမ်၏ အမိန့်နှင့်အတူ အိပ်မက်ဆိုးကျောက်တုံးဗုံး တစ်သိန်း သယ်ဆောင်လာသော နှင်းလင်းယုန် တစ်သောင်းသည် နုရှောင့်မြို့ဆီသို့ အလုအယက် ပျံသန်းလာကြသည်။ အရာအားလုံးသည် ထင်ထားသည်ထက် ပိုမို ချောမွေ့နေသည်။ အစွမ်းထက်သော လျှပ်စီးမြွေ တပ်တော်သည် ယခုအချိန်တွင် မျက်စိကန်းသွားသကဲ့သို့ ဖြစ်နေသည်။ သူတို့သည် နှင်းလင်းယုန်များကို မတားဆီးနိုင်ဘဲ နေရာမှာတင် ဝဲပျံနေကြ၏။
ဘာတွေ ဖြစ်ကုန်သနည်း။ ရှမ့်လန်၏ အထူးစစ်သည်တော် တစ်ထောင်သည်လည်း ထိုနည်းလည်းကောင်းပင်။ သူတို့သည် နှင်းလင်းယုန်များကို စီးနင်းလျက် လေထဲတွင် ဝဲပျံနေကြသည်။ ကြားဖြတ်ဟန့်တားမည့် အရိပ်အယောင် လုံးဝ မပြကြချေ။
‘ရှမ့်လန် ရူးသွားပြီလား။ နုရှောင့်မြို့ကို ဒီအတိုင်း အဖျက်ဆီးခံလိုက်တော့မှာလား။’
သို့သော်ငြား အံ့သြမှုများကို ဘေးဖယ်ထားလိုက်သည်။ တော်ဝင်ရန်အင်ပါယာ၏ နှင်းလင်းယုန် တစ်သောင်းသည် နုရှောင့်မြို့ဆီသို့ အသည်းအသန် တိုးဝင်လာကြသည်။
ဆယ်မိနစ်အောက်သာ ကြာလိုက်သည်။ သူတို့ အောင်မြင်ခဲ့၏။ နှင်းလင်းယုန် တစ်သောင်းလုံး နုရှောင့်မြို့ ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။
နောက်တစ်ဆင့်မှာ မဟာဖျက်ဆီးရေးကြီး စတင်တော့မည်။ အရာအားလုံးသည် ထင်ထားသည်ထက် များစွာ ပိုမို ချောမွေ့နေသည်။
မူလက ထိခိုက်သေဆုံးမှု ၇၀ ရာခိုင်နှုန်းခန့် ရှိနိုင်ပြီး အများဆုံး နှင်းလင်းယုန် သုံးထောင်ခန့်သာ နုရှောင့်မြို့ ကောင်းကင်ယံသို့ ရောက်နိုင်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ တစ်သောင်းလုံး အောင်မြင်စွာ ဖောက်ထွက် နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
“ဗုံးကြဲ... ဗုံးကြဲ... ဗုံးကြဲ...” နှင်းလင်းယုန် တပ်တော်၏ တပ်မှူးကြီးသည် ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ သူသည် နှိုင်းယှဉ်၍ မရနိုင်အောင် စိတ်လှုပ်ရှားနေသည်။
ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူတို့ မသိကြပေ။ ဤဖျက်ဆီးရေး စီမံကိန်းသည် ကျရှုံးတော့မည်ဟု ထင်ထားခဲ့သော်လည်း အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြချေ။ အိပ်မက်ဆိုးကျောက်တုံးဗုံး တစ်သိန်းကို စနစ်တကျ ကြဲချလိုက်သည်။ သူတို့သည် နုရှောင့်မြို့ တစ်ခုလုံးကို ကော်ဇောခင်း ဗုံးကြဲခြင်း ပြုလုပ်နိုင်ပြီး ပစ်မှတ်တိုင်းကို ဖျက်ဆီးနိုင်ကြောင်း သေချာစေမည်။
“ပစ်... ပစ်...”
တပ်မှူးကြီး၏ အော်ဟစ်သံနှင့်အတူ နှင်းလင်းယုန် စစ်သည်တော် တစ်သောင်းသည် ဗုံးများကို စတင် ပစ်ချလိုက်ကြ၏။
“ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...”
ရုတ်တရက် ကောင်းကင်ယံတွင် သတ္တုမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ပင်။ အိပ်မက်ဆိုးကျောက်တုံးဗုံး တစ်သိန်းသည် ရူးသွပ်စွာ ရွာသွန်းကျလာပြီး နုရှောင့်မြို့ပေါ်သို့ ကျရောက်လာသည်။
“ပေါက်ကွဲစမ်း... ပျက်စီးစမ်း...”
ဆန်းကြယ်ပြီး ထူးခြားသော နုရှောင့်မြို့ကြီး ဤလောကမှ လုံးဝ ပျောက်ကွယ်သွားရပေမည်။
အလွန် ထူးဆန်းနေဆဲဖြစ်၏။ အိပ်မက်ဆိုးကျောက်တုံးဗုံး တစ်သိန်း ကျရောက်နေစဉ်အတွင်း နုရှောင့်မြို့၏ လေကြောင်းရန် ကာကွယ်ရေး ပစ်ခတ်အားသည် မည်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်း မရှိခဲ့ချေ။ ရန်သူ့ လျှပ်စီးမြွေ တပ်တော်နှင့် နုရှောင့်မြို့၏ အထူးစစ်သည်တော်များသည်လည်း တိုက်ခိုက်ခြင်း မရှိပေ။ ထိုအစား သူတို့သည် မလှမ်းမကမ်းတွင် ဝဲပျံနေကြဆဲ ဖြစ်၏။
‘ဒါ ဘာသဘောလဲ။ သူတို့ လုံးဝ ရူးသွားကြပြီလား။’
“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”
လောကမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီးများ၊ မီးတောက်များ သည် မိုင်ပေါင်း ရာချီ ပျံ့နှံ့သွားသည်။ သမိုင်းတစ်လျှောက် အကြီးမားဆုံးသော ဗုံးကြဲတိုက်ခိုက်မှုကြီးပင်။
ရင်သပ်ရှုမောဖွယ် ကောင်းပြီး အစွန်းရောက်အောင် ခမ်းနားလွန်းလှသည်။ ကြက်သီးမွေးညင်း ထစေလောက်၏။
တော်ဝင်ရန် အင်ပါယာ၏ နှင်းလင်းယုန် စစ်သည်တော် တစ်သောင်းသည် ဤမြင်ကွင်းကို လောဘတကြီးနှင့် နှမြောတသ ကြည့်ရှုနေကြသည်။ ဤမျှ ခမ်းနားသော မြင်ကွင်းမျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ မီးခိုးများ ကင်းစင်သွားပြီးနောက် နုရှောင့်မြို့ကြီး အပျက်အစီးပုံ ဘဝ ရောက်သွားသည်ကို သူတို့ မြင်ချင်ကြသည်။
သို့သော်ငြား နည်းနည်း ထူးဆန်းနေ၏။ ဤလောကမြေ တုန်လှုပ်ဖွယ် ပေါက်ကွဲမှု မြင်ကွင်းကြီးသည် နည်းနည်း အတုအယောင်ဆန်ပြီး သဘာဝမကျသလို ဖြစ်နေ၏။
“သွားမယ်... သွားမယ်... သွားမယ်...”
နှင်းလင်းယုန် တပ်တော် တပ်မှူးကြီးသည် ရလဒ်ကို ဂရုမစိုက်နိုင်တော့ပေ။ ချက်ချင်း ထွက်ခွာရန် အမိန့် ပေးလိုက်သည်။ တာဝန် ပြီးဆုံးပြီဖြစ်ရာ ထွက်ပြေး လွတ်မြောက်နိုင်လျှင် အကောင်းဆုံးပင်။
မင်းသမီး ကျိရွှမ်က တစ်တပ်လုံး အသေခံရန် ပြင်ဆင်ထားသော်လည်း ရှမ့်လန်ဘက်က စိတ်ဖောက်ပြန်နေပုံ ရသည်။ နုရှောင့်မြို့ကို ဗုံးကြဲခွင့် ပေးပြီး ထွက်ပြေးခွင့်ပါ ပေးနေသည်။ အဘယ်ကြောင့် မသွားဘဲ နေရမည်နည်း။
နှင်းလင်းယုန် တစ်သောင်း တပ်တော်သည် တောင်ပံများကို ခတ်ကာ ကောင်းကင်သို့ မြင့်မားစွာ ပျံတက်ပြီး နုရှောင့်မြို့မှ ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။ သူတို့၏ မြင်ကွင်းထဲတွင် နုရှောင့်မြို့ကြီးသည် မရေမတွက်နိုင်သော မီးတောက်များဖြင့် ဖုံးလွှမ်းနေဆဲပင်။ ဤမြင်ကွင်းသည် တုန်လှုပ်ဖွယ် ကောင်းနေဆဲ ဖြစ်သော်လည်း နည်းနည်း အတုအယောင်ဆန်နေသလိုပင်။
“ဟား ဟား ဟား ဟား...” ထိုအချိန်တွင် စူးရှသော ရယ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် တော်ဝင်ရန်အင်ပါယာ၏ နှင်းလင်းယုန် စစ်သည် တစ်သောင်း ရုတ်တရက် သတိဝင်လာကြ၏။ တစ်ခဏချင်းမှာပဲ ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြောင်းလဲသွားသည်။
သူတို့သည် စောဏကမှ နုရှောင့်မြို့ကို အောင်မြင်စွာ ဝင်ရောက်စီးနင်းပြီး အိပ်မက်ဆိုးကျောက်တုံးဗုံး တစ်သိန်းကို ကြဲချခဲ့သည် မဟုတ်ပါလား။ ယခု အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်နေရသနည်း။ သူတို့ မျက်လုံးဖွင့်လိုက်ချိန်၌ နုရှောင့်မြို့နှင့် မိုင်တစ်ရာကျော် ဝေးသော ပင်လယ်ပြင်ထက် ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ပတ်ပတ်လည်တွင် လျှပ်စီးမြွေ တပ်တော် သုံးထောင်က ဝိုင်းရံထား၏။
ထိုတင်မကသေးချေ။ တော်ဝင်ရန် အင်ပါယာ၏ နှင်းလင်းယုန် စစ်သည် တစ်သောင်းသည် သူတို့ သီးခြားစီ ပျံသန်းနေကြသည်ဟု ရှင်းလင်းစွာ မှတ်မိနေသည်။ သို့သော်ငြား ယခု အားလုံး တစ်နေရာတည်းတွင် စုပြုံနေကြသည်။
ထို့အပြင် အိပ်မက်ဆိုးကျောက်တုံးဗုံး တစ်သိန်းကရော ဘယ်ရောက်သွားသနည်း။
ထို့နောက် သူတို့ ရှင်းလင်းစွာ မြင်လိုက်ရ၏။ မိုးသည်းထန်စွာ ရွာသွန်းနေသကဲ့သို့ အိပ်မက်ဆိုးကျောက်တုံး ဗုံးတစ်သိန်းသည် မိုးစက်မိုးပေါက်များသဖွယ် ပင်လယ်ထဲသို့ ကျဆင်းနေကြသည်။ ထို့အပြင် မပေါက်ကွဲသေးချေ။
စိတ်ကူးယဉ် အာရုံမှားခြင်း။ ခုဏက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် စိတ်ကူးယဉ် အာရုံမှားခြင်း သက်သက်ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ၏ နှင်းလင်းယုန် စစ်သည် တစ်သောင်းသည် နုရှောင့်မြို့ဆီသို့ ပျံသန်းနေသည်ဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်တွင် သူတို့သည် ပို၍ ပို၍ ဝေးကွာသော နေရာသို့ ပျံသန်းနေခဲ့ကြခြင်း ဖြစ်ပြီး လျှပ်စီးမြွေ တပ်တော်၏ ဝိုင်းရံပိတ်ဆို့မှုထဲသို့ပင် ပျံသန်းဝင်ရောက်မိခဲ့ကြသည်။ သူတို့သည် ထောင်ချောက်ထဲသို့ ဝင်ရောက်မိခဲ့ကြခြင်းပင်။
တော်ဝင်ရန်အင်ပါယာ၏ လူများသာမက နုရှောင့်မြို့ရှိ လူများပါ လုံးဝ အံ့အားသင့် မင်သက်သွားကြသည်။
‘ဒါ... ဒါ ဘာဖြစ်တာလဲ။ ဘယ်လို သောက်ကျိုးနည်း ဖြစ်ရပ်ကြီးလဲ။ တော်ဝင်ရန် အင်ပါယာ၏ နှင်းလင်းယုန် စစ်သည် တစ်သောင်းက ရန်သူ့ဘက် ကူးပြောင်းဖို့ ကြံစည်နေကြတာလား။ ဒါမှမဟုတ် သေချင်နေကြတာလား။’
သေချာသည်မှာ အကြောင်းပြချက် တစ်ခုတည်းသာ ရှိသည်။ မိစ္ဆာမယ်တော်ဖြစ်၏။ ဤလောကတွင် သူမ တစ်ဦးတည်းသာလျှင် ပင်လယ်နှင့် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံနိုင်သော ကြီးမားသည့် စိတ်စွမ်းအား ပိုင်ဆိုင်ထား၏။
ယခင်က ပျောက်ဆုံးနိုင်ငံ အပျက်အစီးများကြားတွင် သူမ၏ စိတ်စွမ်းအား တစ်ခုတည်းဖြင့် အပျက်အစီး တစ်ခုလုံးကို လွှမ်းခြုံထားခဲ့၏။ ဝင်ရောက်လာသူ မည်သူမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။ အစွမ်းထက်သော ဦးခေါင်းခွံဂိုဏ်း တပ်တော်ကြီးသည် ဆယ်နှစ်ကျော်ကြာ အရှင်လတ်လတ် ပိတ်မိနေခဲ့ရသည်။ သူမ ဖန်တီးသော စိတ်ကူးယဉ် အာရုံမှားခြင်းများသည် လူတစ်သောင်းမက သောင်းချီသော လူများကိုပင် လှည့်စားနိုင်စွမ်း ရှိသည်။
ထိုစဉ်က ပျောက်ဆုံးနိုင်ငံ အပျက်အစီးများကြားတွင် သူမ ထိန်းချုပ်ထားသော ရေဘဝဲကောင်သည် မီတာ တစ်ရာခန့် သာ ရှိသည်။ သို့သော်ငြား သူမ ဖန်တီးလိုက်သော အာရုံမှားခြင်းတွင် ရဲတိုက်ခန်းမဆောင် တစ်ခုလုံး ပြည့်နှက်နေသည့် ဧက ၁၅၀၀ ကျယ်ဝန်းသော ဧရာမ ရေဘဝဲကောင်ကြီး ဖြစ်သွားခဲ့သည်။ ဦးခေါင်းခွံဂိုဏ်း တပ်တော်ကြီးမှာ ကြောက်လွန်းသဖြင့် တိုက်ခိုက်ရန်ပင် မဝံ့ရဲခဲ့ကြချေ။
ယခု သူမသည် ခန္ဓာကိုယ်ကို ပြန်လည် ရရှိထားပြီဖြစ်ရာ သူမ၏ စိတ်စွမ်းအားသည် ပိုမို အားကောင်း လာပေလိမ့်မည်။ တိုက်ပွဲ စတင်တည်းက သူမ ဤနေရာတွင် ရှိနေခဲ့၏။ အရေးကြီးသောအချိန်တွင် သူမသည် ရှမ့်လန်ကို ကူညီခဲ့ခြင်း ဖြစ်သည်။ သို့သော်ငြား ဤမိစ္ဆာမယ်တော်သည် ဆက်ဆံရ လွယ်ကူသူ မဟုတ်ချေ။ သူမ၏ ကျေးဇူးကို အကြွေးတင်ရသည်မှာ မလွယ်ကူပေ။ ထို့ကြောင့်ပင် ရှမ့်လန် သက်ပြင်း ချခဲ့ရခြင်း ဖြစ်၏။
မှန်ပေ၏။ မိစ္ဆာမယ်တော် ဖန်တီးသော စိတ်ကူးယဉ် အာရုံမှားခြင်းများသည် အချို့လူများအတွက် အသုံးမဝင်ပေ။
ဥပမာ မင်းသမီး ကျိရွှမ် ကဲ့သို့သော လူများ ဖြစ်သည်။ သူမ၏ သိုင်းပညာ စွမ်းရည်မှာ အလွန် မြင့်မားသကဲ့သို့ စိတ်စွမ်းအား ကျင့်စဉ်မှာလည်း မြင့်မားသည်။ မင်းသမီးကြီးကျိလည်း ပါဝင်သည်။ သူမသည် ကျိခုန်း၏ ကယ်ဆယ်ခြင်း ခံခဲ့ရဖူးသဖြင့် စိတ်စွမ်းအား တိုက်ခိုက်မှုများကို ကာကွယ်နိုင်စွမ်း ရှိသည်။
သို့သော်ငြား သူတို့သည် မိမိတို့၏ တပ်တော်ကြီး စိတ်ကူးယဉ် အာရုံမှားခြင်း ထောင်ချောက်ထဲသို့ ကျရောက်သွားသည် ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့ကြသည်။ တစ်ယောက်ချင်းစီ လိုက်လံ နှိုးဆော် သတိပေးရန် မဖြစ်နိုင်ချေ။ ထိုအရာက တကယ်ကို သွေးအန်ချင်စရာ ကောင်းလှ၏။
မိမိတို့၏ တပ်တော်ကြီး သရဲခြောက်သလိုဖြစ်ပြီး ရှမ့်လန်၏ လျှပ်စီးမြွေ တပ်တော် ထောင်ချောက်ထဲသို့ မိမိသဘောဖြင့် ဝင်ရောက်သွားကြသည်ကို ကြည့်နေခဲ့ရသည်။
တိုက်ပွဲသည် အလွန် ဆိုးရွားနေပြီ ဖြစ်သည်။ နောက်ထပ် ဆိုးရွားစရာ ကျန်ရှိနေသေးလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
တော်ဝင်ရန် အင်ပါယာ၏ နှင်းလင်းယုန် စစ်သည် တစ်သောင်းသည် အရာအားလုံးကို ထိတ်လန့်တကြား ကြည့်နေကြသည်။ အလွန် ကျပ်ညပ်နေသည်။ နှင်းလင်းယုန် တစ်သောင်းသည် ဘောလုံးတစ်လုံးကဲ့သို့ စုပြုံနေကြ၏။ ထို့အပြင် သူတို့၏ ရှေ့နှင့် နောက်တွင် လျှပ်စီးမြွေ တပ်တော်ကြီးက ပိတ်ဆို့ ဝိုင်းရံ ထား၏။
‘ဘာဆက်လုပ်ကြမလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ။’
တစ်ချိန်တည်းမှာပင် ဤလျှပ်စီးမြွေများသည် ထူးဆန်းပြီး ရက်စက်သောအပြုံးများကို ထုတ်ဖော်ပြသ လိုက်ကြသည်။
နှင်းလင်းယုန် တပ်တော်၏ တပ်မှူးကြီးသည် ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး အော်ဟစ်လိုက်၏။ “သတ်... တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာအတွက်... သတ်...”
ထို့နောက် သူ့နောက်မှ နှင်းလင်းယုန် စစ်သည် တစ်သောင်းသည် ရုတ်တရက် ဓားများကို ဆွဲထုတ်ပြီး လျှပ်စီးမြွေ တပ်တော်ဆီသို့ တိုးဝင်တိုက်ခိုက်လိုက်ကြသည်။ ဤအရာက အလွန် ရဲရင့်ပြီး တုန်လှုပ်ဖွယ် ကောင်းသော်လည်း အရာအားလုံး အဓိပ္ပာယ်မဲ့ သွားခဲ့ပြီဖြစ်သည်။
ဤလျှပ်စီးမြွေ သုံးထောင်သည် အဆင်သင့် ဖြစ်နေကြပြီး သူတို့၏ ပါးစပ်မှ လျှပ်စီးများကို ရုတ်တရက် ပစ်ခတ်လိုက်ကြ၏။
“ရွှီး ... ရွှီး ... ရွှီး …”
ထို့နောက် အံ့သြဖွယ်ရာအကောင်းဆုံး မြင်ကွင်းကြီး ပေါ်လာခဲ့သည်။ ထောင်ပေါင်းများစွာသော လျှပ်စီးတန်းများသည် တစ်ခဏချင်းစီတွင် ယှက်နွှယ်သွားပြီး တုန်လှုပ်ဖွယ် အလင်းရောင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။
တော်ဝင်ရန် အင်ပါယာ၏ နှင်းလင်းယုန် စစ်သည် တစ်သောင်းသည် မြူမဲများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သူတို့ မတိုက်ခိုက်နိုင်မီမှာပင် လျှပ်စီးများ၏ ရိုက်ခတ်ခြင်းကို တိုက်ရိုက်ခံလိုက်ရပြီး ခန္ဓာကိုယ်များမှ မီးလုံးများ ထွက်ပေါ်လာ၏။
ဤကြောက်မက်ဖွယ် လျှပ်စီးများသည် မြူမဲ၏ နေရာတိုင်းသို့ လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်သွားပြီး မြူမဲ အတွင်း၌ ရှိနေသရွေ့ လျှပ်ကူးပစ္စည်း ဖြစ်သွားသည်။ နှင်းလင်းယုန် တစ်သောင်း မည်သည့်နေရာသို့ ပုန်းအောင်းသည်ဖြစ်စေ လွတ်မြောက်နိုင်ခြင်း မရှိချေ။
“ရွှီး ... ရွှီး ... ရွှီး …”
“ရွှီး ... ရွှီး ... ရွှီး …”
ရူးသွပ်ဖွယ် လျှပ်စီးများသည် အဆက်မပြတ် ရိုက်ခတ်နေသည်။ ကြီးမားသော မြူမဲကြီးသည် ပင်လယ်နှင့် ကောင်းကင်ကို ချိတ်ဆက်ထားပြီး မိုင်ပေါင်းများစွာ ရှည်လျား၏။ မိစ္ဆာတြိဂံနယ်မြေ အသေးစားလေး တစ်ခုနှင့် တူလှပေသည်။ ပြောက်ကျား လျှပ်စီးများသည် အက်ကွဲနေသော ပိုက်ကွန် တစ်ခုကဲ့သို့ ဖြစ်နေသည်။
မိနစ်အနည်းငယ်အတွင်းမှာပဲ မြူမဲကြီး ပျောက်ကွယ်သွားပြီး လျှပ်စီးမြွေ သုံးထောင်လည်း ပျောက်ကွယ် သွား၏။ သူတို့က ပင်လယ်ထဲသို့ ငုပ်လျှိုးသွားကြသည်။ တော်ဝင်ရန်အင်ပါယာ၏ နှင်းလင်းယုန် စစ်သည် တစ်သောင်းလည်း ပျောက်ကွယ်သွားကြသည်။ သူတို့သည် ပင်လယ်ပြင်ပေါ်တွင် မျောပါနေပြီး ပြင်းထန်စွာ မီးလောင်ကျွမ်းနေကြ၏။
ရှမ့်လန်၏ နှလုံးသားလည်း သွေးထွက်နေသကဲ့သို့ ခံစားရသည်။ အသံလှိုင်းသားရဲကြီးများသည် လျှပ်စီးမြွေ များ၏ လျှပ်စီးဒဏ်ကို ခံနိုင်ရည်ရှိပြီး မူးမေ့လဲကျရုံသာ ဖြစ်၏။ သို့သော်ငြား ဤနှင်းလင်းယုန်များသည် မခံနိုင်ကြချေ။ ၎င်းတို့သည် ဓာတ်လိုက်ပြီး ပြာကျသွားခဲ့ရသည်။ နှမြောစရာ ကောင်းလွန်းလှသည်။ စုစုပေါင်း တစ်သောင်း။ အကယ်၍ အားလုံးကို ဖမ်းဆီးနိုင်ခဲ့ပါက နောက်ထပ် အစွမ်းထက်သော ဝေဟင်တပ်တော် တစ်ခု ရရှိနိုင်မည်။
အပိုင်း (၁၂၀၄)
သေချာသည်မှာ တကယ်တမ်း သွေးအန်နေသူမှာ မင်းသမီး ကျိရွှမ်ပင်။ အသံလှိုင်း သားရဲကြီး တစ်ထောင် လုံးဝ ချေမှုန်းခံရစဉ်က တိုက်ပွဲ ဖြစ်စဉ် တစ်ခုသာ ရှိခဲ့သေးသည်။ နှင်းလင်းယုန် စစ်သည် တစ်သောင်း၏ ပျက်စီးခြင်းမှာမူ လုံးဝ ဂုဏ်သိက္ခာကျစရာ ကောင်းလှ၏။ သူတို့သည် မီးထဲသို့ တိုးဝင်လာသော ပိုးဖလံများ ကဲ့သို့ဖြစ်ပြီး မျက်တောင်တစ်ခတ်အတွင်း အသတ်ခံလိုက်ရခြင်းပင်။
အချိန်အတော်ကြာပြီးနောက် မင်းသမီး ကျိရွှမ်က အေးစက်စွာ ပြောလိုက်သည်။ “ပျောက်ဆုံးနိုင်ငံရဲ့ ဘယ်မင်းသမီးလဲ။ ကျေးဇူးပြုပြီး ကိုယ်ထင်ပြပါ။”
ဤအချိန်တွင် မရေမတွက်နိုင်သော ပင်လယ်ရေများ လှုပ်ရှားလာပြီး လူပုံသဏ္ဍာန် တစ်ခုအဖြစ် စုစည်း သွားသည်။ သူမသည် ချိုသာစွာ ပြုံးလျက် ပြောလိုက်သည်။ “မင်းသမီး ကျိရွှမ်... ရှင်နဲ့တွေ့ရတာ ရှက်စရာ ကောင်းလိုက်တာ။ ကျွန်မ ကိုယ်ထင်မပြတော့ပါဘူး။”
ထို့နောက် မိစ္ဆာမယ်တော်သည် ရှမ့်လန်ကို ကြည့်ပြီး ပြောလိုက်၏။ “အရှင် ရှမ့်လန်... ရှင် ကျွန်မကို ကျေးဇူးတစ်ကြိမ် တင်သွားပြီ။”
ထင်ထားတဲ့ အတိုင်းပင်။ ရှမ့်လန်က ပြန်ပြောလိုက်သည်။ “မှတ်ထားလိုက်ပါ့မယ်။”
ယခုအချိန်တွင် နေဝင်လုနီးပါး ဖြစ်နေပြီး နုရှောင့်မြို့ကို တိုက်ခိုက်ရန် တော်ဝင်ရန်အင်ပါယာ စေလွှတ် လိုက်သော တပ်တော် အားလုံး ချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။ ရှမ့်လန်သည် ကောင်းကင်ပေါ်ရှိ သုည ဂဏန်းကို ကြည့်လိုက်သည်။ အထူးတလည် လှောင်ပြောင်နေသကဲ့သို့ ရှိနေ၏။ နေဝင်သွားသည်နှင့် ထိုသုည ဂဏန်းလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
ရှမ့်လန်က ပြောလိုက်၏။ “မင်းသမီး ကျိရွှမ်... စိတ်မကောင်းပါဘူး။ တော်ဝင်ရန် အင်ပါယာရဲ့ ကြွားလုံးကြီး ပျက်စီးသွားခဲ့ပြီ။”
မင်းသမီး ကျိရွှမ် တိတ်ဆိတ်နေသည်။
ရှမ့်လန်က ဆက်ပြော၏။ “မင်းသားသစ်လျန်... ခင်ဗျားကိုယ်တိုင် ပြောခဲ့တာလေ။ ကျုပ်သာ ချန်နိုင်ငံကနေ မဆုတ်ခွာရင်၊ စတုရန်းကီလိုမီတာ ၁.၅ သန်း ကျယ်ဝန်းတဲ့ မြေကို ရင်ကလန်ဆီ တစ်လအတွင်း ပြန်မပေးရင် တော်ဝင်ရန် အင်ပါယာက ဖျက်ဆီးရေး တိုက်ခိုက်မှု လုပ်မယ်ဆို။ အခု ဖျက်ဆီးရေး တိုက်ခိုက်မှုက ဘယ်မှာလဲ။”
“မင်းသမီး ကျိရွှမ်၊ မင်းသားသစ်လျန်... အချိန် သိပ်မကျန်တော့ဘူး။ နေဝင်ဖို့ အများဆုံး ၁၅ မိနစ်ပဲ လိုတော့တယ်။ ကျုပ် တကယ်ပဲ စိတ်မရှည်တော့ဘူး။ နုရှောင့်မြို့ကို လုံးဝ ဖျောက်ဖျက်ပစ်မယ်ဆိုတာ ဘယ်မှာလဲ။ အချိန်ရေတွက်မှု လုပ်ပြီး ဘာလုပ်နေတာလဲ။ ကျုပ်ကို လန့်သေအောင် ခြောက်နေတာလား။”
‘သောက်ကျိုးနည်း... ခင်ဗျား … ရှမ့်လန်က သိပ်ပြီး ကလေးကလား မနိုင်လွန်းဘူးလား။ ခင်ဗျားက တော်ဝင်ချန် အင်ပါယာရဲ့ အင်ပါယာလေ၊ ဒီလောက်ထိ ကလေးကလား နိုင်စရာ လိုလို့လား။’
ရှမ့်လန်က ဆက်ပြောသည်။ “မင်းသမီး ကျိရွှမ်... နောက်ဆုံး အချိန်အထိ လက်မလျှော့ပါနဲ့။ ခင်ဗျား လုပ်နိုင်မယ်လို့ ကျုပ် ယုံကြည်တယ်။ ခင်ဗျား သေချာပေါက် လုပ်နိုင်မှာပါ။ ၁၅ မိနစ် ကျန်ပါသေးတယ်။ လာပါ။ ကျုပ်ကို ဖျက်ဆီးလိုက်ပါ။ နုရှောင့်မြို့ကို ဖျက်ဆီးလိုက်ပါ။”
မိစ္ဆာမယ်တော် ဆက်ပြီး နားမထောင်နိုင်တော့ပေ။ ပင်လယ်ရေဖြင့် ပြုလုပ်ထားသော သူမ၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ ရှမ့်လန်၏ အရှက်မဲ့သော စကားများကို ဆက်လက် နားမထောင်ချင်တော့ သောကြောင့်ပင်။
မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “ရှမ့်လန်... ရှင်က ကျွန်မကို တကယ်ပဲ အံ့အားသင့်မင်သက်စေတာပဲ။ ဒီတိုက်ပွဲအတွက် ရှင်က ဒီလောက်ထိ စေ့စေ့စပ်စပ် ပြင်ဆင်ထားလိမ့်မယ်လို့ ထင်မထားဘူး။ လေးစားပါတယ်။ လေးစားပါတယ်။”
ရှမ့်လန်က ပြန်ပြောသည်။ “အစ်မတော် ကျိရွှမ်... ခင်ဗျား နောက်နေပြန်ပြီ၊ အစွမ်းထက်တာကလွဲရင် ဒီအောင်ပွဲရဲ့ သော့ချက်က ကျုပ်က လူချစ်လူခင် များလို့ပါ။ တခြားမျိုးနွယ်တွေ၊ အင်အားစုတွေက မိန်းကလေးတွေနဲ့လည်း သိပ်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လေ။ ဒါကြောင့် အရေးကြီးတဲ့အချိန်မှာ ကျုပ်ဘက်က ရပ်တည်ပေးမယ့်သူတွေ ရှိနေတာပေါ့။”
“ဘုန်း...”
ငြိမ်သက်နေသော ပင်လယ်ပြင်ပေါ်တွင် ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီး ရေပန်းတစ်ခု ဘာမှမရှိရာမှ ထွက်ပေါ်လာသည်။ ဤသည်မှာ မိစ္ဆာမယ်တော်က သူမ၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြသလိုက်ခြင်းပင်။ သူမသည် ရှမ့်လန်၏ အရှက်မဲ့မှုကို သည်းမခံနိုင်တော့ပေ။
ရှမ့်လန်က ဆက်ပြောသည်။ “အစ်မတော်ကျိရွှမ်... နေဝင်ဖို့ ၁၅ မိနစ်ပဲ လိုတော့တယ်။ ခင်ဗျားမှာ ဘာဝှက်ဖဲမှ မကျန်တော့တာ သေချာနေပြီ။ ဒါကြောင့် တော်ဝင်ရန်အင်ပါယာ မျက်နှာပျက်ရတော့မှာ သေချာသွားပြီ။ ဟုတ်ပါတယ်။ ဒါက ဘာမှ မဟုတ်ပါဘူး။ ကျုပ်က သဘောထားကြီးတဲ့သူပါ။ ကျုပ်ရဲ့ နုရှောင့်မြို့ကို လာတိုက်တဲ့ ကိစ္စကို အပြစ်မယူပါဘူး။”
မင်းသမီး ကျိရွှမ်သည် အထင်သေးစွာ ကြည့်လိုက်၏။ ‘ကျွန်မကို လွှတ်ပေးမယ် ဟုတ်လား။ အရှက် မရှိလိုက်တာ။ နုရှောင့်မြို့က ကျွန်မကို ဘယ်လိုလုပ် ထိန်းထားနိုင်မှာလဲ။ ချောင်ယောင်းအာ လား၊ ရန်တန်ရှောင် လား။ သူတို့နှစ်ယောက် ပေါင်းရင်တောင် ကျွန်မကို မယှဉ်နိုင်ဘူး။’
သေချာသည်မှာ မိစ္ဆာမယ်တော်သာ ဝင်ပါလျှင် မင်းသမီး ကျိရွှမ်ကို ထိန်းထားနိုင်ကောင်း ထိန်းထားနိုင်ပေမည်။ သို့သော်ငြား မိစ္ဆာမယ်တော်သည် တိုက်ခိုက်မည့် အရိပ်အယောင် လုံးဝ မပြချေ။
မနေ့ညက အထူးနဂါးနောင်တ ၅၂ ခုကို ကြားဖြတ်ဟန့်တားပြီးနောက် ရှမ့်လန်၏ စိတ်စွမ်းအား အားလုံး ကုန်ခမ်းသွားခဲ့ပြီဖြစ်ပြီး ယခု သူသည် မည်သည့် စွမ်းအင်ဝဲကတော့ကိုမှ ထုတ်လွှတ်နိုင်ခြင်း မရှိတော့ပေ။
ရှမ့်လန်က ဆက်ပြောသည်။ “အစ်မတော် ကျိရွှမ်... မီးတောက်မြို့တော်ကို ပြန်ပြီး သတင်းပို့လိုက်ပါလား၊ ကျုပ် အများကြီး မတောင်းဆိုပါဘူး။ တော်ဝင်ချန်အင်ပါယာ တည်ရှိကြောင်းနဲ့ တော်ဝင်ရန် အင်ပါယာနဲ့ တန်းတူ အခွင့်အရေး ရှိကြောင်း မီးတောက်မြို့တော်က တရားဝင် ကြေညာပေးရုံပါပဲ။ ဟုတ်ပါတယ်။ တော်ဝင်ချန် အင်ပါယာရဲ့ အုပ်စိုးသူအနေနဲ့ ကျုပ်က အင်ပါယာထက် ရာထူးတစ်ဝက်လောက် အနိမ့်ခံပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် အရှေ့လောကမှာ အင်ပါယာ တစ်ပါးတည်း ရှိရမယ်လေ။
ပြီးတော့... ချန်နိုင်ငံသစ်ရဲ့ စတုရန်းကီလိုမီတာ ၁.၅ သန်းက တော်ဝင်ချန် အင်ပါယာပိုင် ဖြစ်တယ်။ ချင်နိုင်ငံ နဲ့ သဲကန္တာရ လူရိုင်းမျိုးနွယ်ရဲ့ တာ့နန်နိုင်ငံကလည်း တော်ဝင်ချန် အင်ပါယာရဲ့ အဖွဲ့ဝင်တွေပဲ။ အရှေ့လောက တစ်ခုလုံးရဲ့ ၄.၅ သန်း စတုရန်းကီလိုမီတာက တော်ဝင်ချန် အင်ပါယာပိုင် ဖြစ်တယ်။ နောက်ပြီး ဒီမြေပုံအသစ်ကို မီးတောက်မြို့တော်ဆီပို့ပြီး တော်ဝင်ရန်အင်ပါယာရဲ့ အသိအမှတ်ပြုမှုကို တောင်းဆိုပါ့မယ်။”
ရှမ့်လန်သည် သေချာပေါက် အဆမတန် ဈေးခေါ်နေခြင်း ဖြစ်သည်။ မည်သူမှ ဈေးဆစ်၍မရနိုင်သော ဈေးနှုန်းမျိုး ဖြစ်သည်။ မီးတောက်မြို့တော်၏ အမြင်တွင် မြောက်ပိုင်းနိုင်ငံ အပါအဝင် အရှေ့လောက တစ်ခုလုံးသည် တော်ဝင်ရန် အင်ပါယာပိုင် ဖြစ်၏။
သို့သော်ငြား ယခု ရှမ့်လန်က စတုရန်းကီလိုမီတာ ၄.၅ သန်း ကို ယူချင်ပြီး တော်ဝင်ရန်အင်ပါယာနှင့် တန်းတူ အခွင့်အရေး လိုချင်နေ၏။ အရင်တုန်းက အင်ပါယာကျန်းလီသည် စစ်သည် သန်းချီ ဦးဆောင်ပြီး မီးတောက်မြို့တော် ကို သိမ်းပိုက်ခဲ့စဉ်ကပင် တော်ဝင်ရန်အင်ပါယာသည် တော်ဝင်ချန်အင်ပါယာကို အသိအမှတ် မပြုခဲ့ဘဲ တော်ဝင်ချန်နိုင်ငံ ဟုသာ ဆက်လက် ခေါ်ဆိုခဲ့သည်။
အကယ်၍ မီးတောက်မြို့တော်က ရှမ့်လန်၏ တောင်းဆိုမှုကို သဘောတူလိုက်ပါက သူတို့က အရှေ့လောက အင်ပါယာ ဆိုသည့် ဂုဏ်ပုဒ်နှင့် ထိုက်တန်ပါဦးမလား။ လောကကြီး၏ ရယ်စရာ ဖြစ်မသွားပေဘူးလား။
မင်းသမီး ကျိရွှမ်က ရုတ်တရက် တည်ငြိမ်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်၏။ “အရှင် ရှမ့်လန်... ရှင်က ကိုယ့်ရဲ့ မောက်မာမှုကို ဘယ်တော့မှ ဖုံးကွယ်မထားတတ်ဘူး၊ နေဝင်ဖို့ တကယ် နီးကပ်နေပါပြီ၊ မီးတောက်မြို့တော်ရဲ့ နောက်ဆုံး အချိန်ရေတွက်မှု ကုန်ဆုံးဖို့ ကိုးမိနစ်ပဲ လိုပါတော့တယ်။
ဒီကိုးမိနစ် အတွင်းမှာ နုရှောင့်မြို့ကို လောကမြေပေါ်ကနေ မဖျောက်ဖျက်နိုင်ရင် တော်ဝင်ရန် အင်ပါယာက မျက်နှာပျက်ပြီး ဂုဏ်သိက္ခာ ကျဆင်းရပါလိမ့်မယ်။ ဒါပေမဲ့ တော်ဝင်ရန် အင်ပါယာက အမြင့်မြတ်ဆုံးနဲ့ ထိပါးလို့ မရတဲ့ အရာပါ။ ဒီရည်မှန်းချက်အတွက် ဘယ်လို တန်ဖိုးပဲ ပေးဆပ်ရ ၊ ပေးဆပ်ရ ကျမတို့ ပေးဆပ်ဖို့ ဝန်မလေးပါဘူး။
အရှင် ရှမ့်လန်... ရှင်က ကျမတို့ရဲ့ အထူးနဂါးနောင်တ ၅၂ ခုကို လေထဲမှာ ကြားဖြတ် ဟန့်တားခဲ့တယ်။ ဒါက အရမ်း အထင်ကြီးစရာ ကောင်းသလို တုန်လှုပ်စရာလည်း ကောင်းပါတယ်။ အခု ရှင် ဒီအထူးနဂါးနောင်တတွေကို မြေအောက် အနက်ကြီးမှာ ဝှက်ထားလောက်ပြီပေါ့။ ပြီးတော့ ကိုယ်ပိုင်အဖြစ် သိမ်းထားဖို့ ရည်ရွယ်ထား တာပေါ့။
ဒါပေမဲ့ ကျမ ရှင့်ကို ပြောပြဖို့ တစ်ခု မေ့နေခဲ့တယ်။ ဒီအထူးနဂါးနောင်တတွေကို ရှင် သိမ်းပိုက် လိုက်ရင်တောင် ကျမတို့က အဝေးကနေ ဖောက်ခွဲလို့ ရပါသေးတယ်။
ထိုစကား ထွက်လာသည်နှင့် ရှမ့်လန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ လူတိုင်း၏ မျက်နှာထား များလည်း ပြောင်းလဲသွားကြသည်။
မင်းသမီး ကျိရွှမ်က ဆက်ပြော၏။ “အရှင် ရှမ့်လန်... အတိုင်းအတာတစ်ခုအထိတော့ ရှင့်ကို ကျေးဇူးတင်ရမှာပါ။ တကယ်လို့ အဝေးကနေ ဒီအတိုင်း ပစ်ခတ်လိုက်ရင် ဒီအထူးနဂါးနောင်တတွေက နုရှောင့်မြို့ကို လောကမြေပေါ် ကနေ ဖျောက်ဖျက်ပစ်နိုင်တာ မှန်ပါတယ်။
ဒါပေမဲ့ ရှင့်ရဲ့ လျှို့ဝှက် ဓာတ်ခွဲခန်းတွေ အများကြီးက မြေအောက် အနက်ကြီးမှာ ရှိတယ်လေ၊ နုရှောင့်မြို့ရဲ့ အရေးကြီး ပုဂ္ဂိုလ်တွေ အားလုံးကလည်း မြေအောက် ခံတပ်တွေထဲမှာ ပုန်းအောင်းနေကြတယ်။ အထူးနဂါး နောင်တ ပေါက်ကွဲရင်တောင် သူတို့က အသက်ရှင်နိုင်အုံးမှာပါ။ ရှင့်ရဲ့ လျှို့ဝှက် ဓာတ်ခွဲခန်းတွေလည်း ကျန်ရှိနေအုံးမှာပါ။
ဒါပေမဲ့ အခု... အရှင် ရှမ့်လန်က ဒီအထူးနဂါးနောင်တတွေကို မြေအောက် အနက်ကြီးမှာ ဝှက်ထားတယ်။ တကယ်လို့ ဒါတွေ ပေါက်ကွဲသွားရင် ရလဒ်က ဘယ်လို ဖြစ်လာမလဲ။ နုရှောင့်မြို့ တစ်ခုလုံး၊ လေ့ကျိုးကျွန်း တစ်ခုလုံး လုံးဝ စုတ်ပြတ်သတ်သွားပါလိမ့်မယ်။ မြေအောက်မှာ ရှင် ဝှက်ထားတဲ့ သိန်းချီတဲ့ လူတွေ အားလုံး သေဆုံးပါလိမ့်မယ်။ ရှင့်ရဲ့ လျှို့ဝှက်မြေအောက် ခံတပ်တွေ၊ လျှို့ဝှက် မြေအောက် ဓာတ်ခွဲခန်းတွေ အားလုံး ပျက်စီးပါလိမ့်မယ်။ ဒါမှ နုရှောင့်မြို့ရဲ့ စစ်မှန်သော ပျက်သုဉ်းခြင်းပါ။ ဒါမှ အစေ့စပ်ဆုံး ဖြစ်မှာပါ။”
ရှမ့်လန် အေးစက်စွာ ရယ်မောလိုက်သည်။ “အစ်မတော် ကျိရွှမ်... ကျုပ်ကို မခြောက်ပါနဲ့၊ အထူးနဂါး နောင်တကို အဝေးကနေ ဖောက်ခွဲလို့ရတယ်ဆိုတာ ကျုပ် တစ်ခါမှ မကြားဖူးပါဘူး။ ပြီးတော့ ခင်ဗျား ဒါကို လုပ်နိုင်တယ် ဆိုရင် ဘာလို့ ခုဏက မလုပ်ခဲ့တာလဲ။ ဘာလို့ အသံလှိုင်း သားရဲကြီး တစ်ထောင်နဲ့ နှင်းလင်းယုန် တစ်သောင်းကို အလကား စတေးခဲ့တာလဲ။ ဘာလို့ ပင်ပန်းခံနေမှာလဲ။”
မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “အဓိပ္ပာယ် ရှိတာပေါ့၊ ဒီအထူးနဂါးနောင်တတွေကို အဝေးကနေ ဖောက်ခွဲနိုင်မှတော့ နှင်းလင်းယုန် တစ်သောင်းကို ဘာလို့ စတေးရမှာလဲ။ ဘာလို့လဲဆိုတော့ အထူး နဂါးနောင်တ ကို အဝေးကနေ ဖောက်ခွဲရတဲ့ တန်ဖိုးက အရမ်းကြီးလွန်းလို့ပဲ။ နှင်းလင်းယုန် တစ်သောင်းထက်တောင် ပိုပါတယ်။
ဒါပေမဲ့ အခု ကျွန်မမှာ ရွေးချယ်စရာ မရှိတော့ဘူး။ တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိပါးလို့ မရဘူး။ မီးတောက်မြို့တော်ရဲ့ ကတိကို တည်ရမယ်။ နုရှောင့်မြို့ကို လောကမြေပေါ်ကနေ ဖျောက်ဖျက် ပစ်မယ်လို့ ပြောခဲ့ရင် လုပ်ကို လုပ်ရမယ်။
အရှင် ရှမ့်လန်... ရှင်က ကျန်းမျိုးနွယ်။ ကျမက ကျိမျိုးနွယ်ပါ။ ကျွန်မတို့ရဲ့ အထူးနဂါးနောင်တ တွေက တော်တော်လေး တူညီမှုရှိပေမဲ့ ကွဲပြားမှုတွေလည်း ရှိပါတယ်။ ဥပမာ... ကျွန်မတို့ရဲ့ အထူးနဂါးနောင်တနဲ့ နဂါးအရှိန်အဝါ က ချိတ်ဆက်ထားပါတယ်။ အထူးနဂါးနောင်တတိုင်းကို တွေ့ရာနဂါးအရှိန်အဝါပေါ် တင်ပြီး ပစ်လို့ မရပါဘူး။ ဒါကြောင့် ကျွန်မတို့က အထူးနဂါးအရှိန်အဝါ ပစ်လွှတ်ရေး စနစ်ကို ကိုယ့်ဘာသာ ဖျက်ဆီးလိုက်တာနဲ့ ချိတ်ဆက်ထားတဲ့ အထူးနဂါးနောင်တလည်း လိုက်ပြီး ပျက်စီးပါလိမ့်မယ်။ ဒါက ကျမတို့ ကျိမျိုးနွယ် သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းပါ။”
ထိုစကားထွက်လာသည်နှင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ထို့နောက် မင်းသမီး ကျိရွှမ်သည် အသံလှိုင်း သားရဲကြီးကို စီးနင်းလျက် အမြင့်ပေ တစ်သောင်းကိုးထောင်သို့ ပျံတက်သွားသည်။ ထိုနေရာတွင် ဗီဇပြောင်း သားရဲကြီး လေးကောင်က လေထဲတွင် သယ်ဆောင်ထားသော အထူးနဂါးအရှိန်အဝါ ပစ်လွှတ်ရေး စနစ် ၁၃ ခု ရှိသည်။
“လိုက်... လိုက်... လိုက်...”
ရှမ့်လန်၏ အမိန့်နှင့်အတူ လျှပ်စီးမြွေ တပ်တော်သည် အမြင့်ပေ ၁၉,၀၀၀ သို့ တက်လှမ်းကာ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်များကို ဖျက်ဆီးရန် ကြိုးစားလိုက်ကြ၏။
သို့သော်ငြား သူတို့သည် မင်းသမီး ကျိရွှမ်နှင့် မီတာ တစ်ထောင်ကျော် အကွာတွင် ရှိနေစဉ် ရုတ်တရက် ဓားကို ဆွဲထုတ်ပြီး နောက်ကျောဘက် လေထုကို ခုတ်ပိုင်းလိုက်၏။ တစ်ခဏချင်းမှာပဲ မျက်စိကျိန်းလောက်သော အလင်းတန်းတစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားသည်။ လျှပ်စီးမြွေ ဒါဇင်ချီသည် ခါးလယ်မှ ပြတ်တောက် သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။
မင်းသမီးကျိရွှမ်က ဤမျှအထိ အစွမ်းထက်သည်လား။ သူမ၏ သိုင်းပညာသည် တကယ်ကို အံ့မခန်းပင်။ တိုတောင်းသော အချိန်လေးအတွင်းမှာပဲ မင်းသမီး ကျိရွှမ်သည် လေထဲရှိ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်ရေး စင်ဆီသို့ ပျံသန်းရောက်ရှိသွား၏။
သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးသည် ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး အထူးနဂါးအရှိန်အဝါ ပစ်လွှတ်ရေး စင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူမသည် ရှေးဟောင်း အမိန့်ပေးလက်စွပ်ကို လှည့်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်ရာ သွေးမှုန်များ ပန်းထွက်လာ၏။ သူမ၏ စိတ်စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာသည်။
သူမသည် အထူးနဂါးအရှိန်အဝါ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း အစီအစဉ်ကို တရားဝင် စတင်လိုက်ပြီး ချိတ်ဆက်ထားသော အထူးနဂါးနောင်တ များကိုပါ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရန် အမိန့်ပေးလိုက်၏။
ဤလုပ်ငန်းစဉ် တစ်ခုလုံးသည် စိတ်စွမ်းအားနှင့် သိုင်းပညာ အမြောက်အမြားကို သုံးစွဲလိုက်ရသည်။
သူမသည် အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်ပေါ်ရှိ အထူးခလုတ် ဒါဇင်ပေါင်းများစွာကို လျင်မြန်စွာ လှည့်လိုက်သည်။ ထိုအချိန်၌ လျှပ်စီးမြွေ နှစ်ထောင်ကျော်သည် အသည်းအသန် ပျံသန်းရောက်ရှိ လာကြသည်။ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမည့် အစီအစဉ်များ အားလုံး စတင် အသက်ဝင်သွားခဲ့၏။
မင်းသမီး ကျိရွှမ်က အေးစက်စွာ ပြောလိုက်သည်။ “တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာနဲ့ အာဏာစက် အတွက် ဘယ်လို တန်ဖိုးပဲ ပေးဆပ်ရပါစေ နုရှောင့်မြို့ ပျက်စီးရမယ်။”
မင်းသမီး ကျိရွှမ်သည် အထူးနဂါး အရှိန်အဝါ၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် ခလုတ်ကို ရုတ်တရက် ရိုက်ချလိုက်၏။
ချက်ချင်းပဲ တုန်လှုပ်ဖွယ် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်ပေါ်လာပြီး လေထဲရှိ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်ရေးစနစ်သည် ချက်ချင်း ပြာကျသွားခဲ့ရသည်။
‘ရှမ့်လန်... အတိုင်းအတာ တစ်ခုအထိတော့ ရှင့်ကို ကျေးဇူးတင်ရမယ်။ ရှင်က ဒီအထူးနဂါးနောင်တတွေကို ကြားဖြတ်ဟန့်တားပြီး မြေအောက်မှာ ဝှက်ထားခဲ့တယ် မဟုတ်လား။ အခု အဲဒါတွေကို ဖောက်ခွဲလိုက်ပြီ ဆိုတော့ နုရှောင့်မြို့ရဲ့ ပျက်သုဉ်းခြင်းက ပိုပြည့်စုံသွားတော့မယ်။’
ဤအချိန်တွင် နေဝင်သွားခဲ့ပြီး နောက်ဆုံး အချိန်သို့ ရောက်ရှိလာခဲ့သည်။ လေထဲရှိ တန်ဖိုးမဖြတ်နိုင်သော အထူးနဂါး အရှိန်အဝါ ပစ်လွှတ်ရေးစနစ်ကို ဖျက်ဆီးပစ်ရလျှင်ပင် တော်ဝင်ရန် အင်ပါယာသည် ကတိတည်ရ ပေမည်။
“ဘုန်း... ဘုန်း...” လောကမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ရုတ်တရက် ပင်လယ်ကြမ်းပြင်မှ တုန်လှုပ်ဖွယ် အစိမ်းရောင် မီးတောက်ကြီး တစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ငရဲပန်း ပွင့်လန်းလာသကဲ့သို့ ရှိနေ၏။
ပင်လယ်ရေမျက်နှာပြင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး ဖြစ်ပေါ် လာပြီး ဧရာမ မှိုပွင့်ပုံစံ မီးတောက်ကြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ ပထမဆုံးသော အထူးနဂါး နောင်တ ပေါက်ကွဲသွားရာ အချင်းဝက် မီတာ သုံးထောင့်ငါးရာ အတွင်းရှိ အရာအားလုံး ပြာကျသွားခဲ့သည်။
မင်းသမီး ကျိရွှမ်၏ နူးညံ့သော ကိုယ်ခန္ဓာလေး တုန်ခါသွား၏။ ဤသည်မှာ ပထမဆုံး တစ်ခုသာ ရှိသေးသည်။ ဒုတိယ၊ တတိယနှင့် စတုတ္ထမြောက်တို့ လာဦးမည်။ လေ့ကျိုးကျွန်းစု တစ်ခုလုံး၊ နုရှောင့်မြို့ တစ်ခုလုံးသည် ပင်လယ်ကြမ်းပြင်တွင် မြှုပ်နှံခံရပြီး လုံးဝ ပျောက်ကွယ်သွားပေတော့မည်။
သို့သော်ငြား ပင်လယ်ပြင်တွင် ပထမဆုံး အထူးနဂါးနောင်တပေါက်ကွဲပြီးနောက် အရာအားလုံး တိတ်ဆိတ် သွားခဲ့သည်။ နောက်ထပ် အထူးနဂါးနောင်တများ ပေါက်ကွဲခြင်း မရှိတော့ချေ။
မင်းသမီး ကျိရွှမ် တုန်လှုပ်သွား၏။ ဘာတွေ ဖြစ်ကုန်သနည်း။
ရှမ့်လန်သည် အထူးနဂါးနောင်တများကို မည်သည့်နေရာတွင် ဝှက်ထားသည် ဖြစ်စေ၊ မည်မျှ နက်ရှိုင်းစွာ ဝှက်ထားသည် ဖြစ်စေ အသုံးမဝင်ပေ။ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးလိုက် သည်နှင့် အချက်ပြလှိုင်းများသည် အတားအဆီး အားလုံးကို ဖောက်ထွင်းပြီး အထူးနဂါးနောင်တအားလုံးကို တိုက်ရိုက် ဖောက်ခွဲနိုင်ရမည်။
ယခု အဘယ်ကြောင့် မအောင်မြင်ရသနည်း။
ရှမ့်လန်က အားရပါးရ ရယ်မောလိုက်သည်။ “အစ်မတော် ကျိရွှမ်... ဒါက တကယ်ကို တုန်လှုပ်စရာ ကောင်းတာပဲ။ တော်ဝင်ရန်အင်ပါယာရဲ့ နောက်ဆုံး ဝှက်ဖဲပေါ့။ သိမ်းဆည်းခံထားရတဲ့ အထူးနဂါးနောင်တတွေက ပေါက်ကွဲလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ နုရှောင့်မြို့ တစ်ခုလုံးကို မြှုပ်နှံမိလုနီးပါး ဖြစ်သွားခဲ့ပြီ။
ဒါပေမဲ့ နှမြောစရာ ကောင်းတာက ကျုပ် ဒီအထူးနဂါးနောင်တတွေကို ဘယ်သူမှ ထင်မထားတဲ့ နေရာမှာ ဝှက်ထားခဲ့တာပဲ။ အဲဒီနေရာက ဘယ်လို အချက်ပြလှိုင်းကိုမဆို တားဆီးနိုင်တယ်။ ခုဏက ပေါက်ကွဲသွားတဲ့ တစ်ခုတည်းသော အရာကိုတော့ ကျုပ် တမင်သက်သက် ပင်လယ်ကြမ်းပြင်မှာ ထားခဲ့တာ။ ခင်ဗျားတို့ ကျိမျိုးနွယ်မှာ အဲဒီလို လုပ်နိုင်တဲ့ စွမ်းရည် ရှိမရှိ စမ်းသပ်ချင်လို့လေ။”