← Chapters

အခန်း (၁၂၀၇-၁၂၀၈)

Vol. 70 Ch. 1207-1208

အခန်း (၁၂၀၇-၁၂၀၈)

Vol. 70 Ch. 1207-1208

အပိုင်း (၁၂၀၇)

နောက်ရက် အနည်းငယ်နှင့် ညများတွင် ရှမ့်လန်သည် ရှေးဟောင်း အကျဉ်းထောင်ထဲ၌ ရှိနေပြီး ကျိမိသားစု၏ နဂါးနောင်တကို ဖြေရှင်းရန် သူ၏ ဉာဏ်ပညာ အကုန်ထုတ်သုံးနေခဲ့သည်။ အလွန် ခက်ခဲလွန်းလှသည်။

ရှမ့်လန်သည် နည်းလမ်းပေါင်းစုံ ကြိုးစားသော်လည်း အားလုံး ကျရှုံးခဲ့သည်။ ရှေးဟောင်း စာအုပ်များထဲတွင် အဖြေရှာမတွေ့ခဲ့ပေ။ ရှေးဟောင်း ကျန်းမိသားစု ဘုရင် ထားရစ်ခဲ့သော ရှေးဟောင်း စာလိပ်အပေါ် မျှော်လင့်ချက် ထားခဲ့သော်လည်း အရာမထင်ခဲ့ချေ။

သို့သော်ငြား ဤသည်မှာ ပုံမှန်ပင် ဖြစ်ပုံရသည်။ ကျန်းမိသားစု၏ ယဉ်ကျေးမှုကို အသုံးပြု၍ ကျိမိသားစု၏ မဟာဗျူဟာ လက်နက်ကို ဖြေရှင်းရန်မှာ သိသာစွာပင် မဖြစ်နိုင်ချေ။ ဆိုဗီယက် ယူနီယံ၏ ကုဒ်ကို အသုံးပြုပြီး အမေရိကန် နျူကလီးယားဗုံးကို ဖြေရှင်းရန် ကြိုးစားနေသကဲ့သို့ပင်။ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

ထို့နောက် ရှမ့်လန် သက်ပြင်းချလိုက်မိပြန်သည်။ သူက ပျောက်ဆုံးနိုင်ငံတော် ပိရမစ် အပျက်အစီးများဆီသို့ စောလွန်းစွာ သွားရောက်ခဲ့မိသည်။ နဂါးကို နားလည်သဘောပေါက်ခြင်းသည် ကျိမိသားစု၏ နဂါးနောင်တ အပါအဝင် အရာအားလုံးကို ဖြေရှင်းနိုင်ပေသည်။

သို့သော်ငြား နဂါးကို နားလည်သဘောပေါက်ရန် ခက်ခဲမှုသည် ကျိမိသားစု၏ နဂါးနောင်တကို ဖြေရှင်းခြင်းထက် များစွာ ပိုမို ကြီးမားသည်။ ၎င်းသည် မဟာဗျူဟာ လက်နက် တစ်ခုတည်း မဟုတ်တော့ပေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသာ နဂါးကို နားလည်သဘောပေါက်မှု ပြီးမြောက်ပါက နဂါးနောင်တကို ကိုယ်တိုင် ဖန်တီးနိုင်မည် ဖြစ်သည်။ ဒါတင်မကသေးချေ။ သူသည် ရှေးဟောင်းနဂါးကိုလည်း ထိန်းချုပ် နိုင်မည်။ ဤလောက၏ အမြင့်ဆုံး စွမ်းအားကို ပိုင်ဆိုင်လိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

သို့သော်ငြား ရှမ့်လန် မည်သို့ ဆက်လက် စီစဉ်ရမည်နည်း။ အချိန်ကား လင့်နေပြီ ဖြစ်သည်။ တော်ဝင်ရန် အင်ပါယာ၏ တပ်တော်ကြီးသည် လူစုရုံးခြင်း ကိစ္စရပ်များ ပြီးစီးလုနီးပါး ရှိနေကာ ချန်နိုင်ငံသစ်အား ကျူးကျော် တိုက်ခိုက်ရန် တာစူနေကြပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် မီးတောက်မြို့တော်သည် နူးညံ့သိမ်မွေ့ဟန် ဆောင်နေတော့မည် မဟုတ်။ သူတော်ကောင်း ယောင်ဆောင်ကာ မွန်မြတ်သယောင် ပြုမူနေတော့မည် မဟုတ်ပေ။ သတ်ဖြတ်ခြင်း သံသရာကို လည်ပတ်စေလျက် လူပေါင်းသိန်းချီ သို့မဟုတ် ထိုထက်မက များပြားသောလူဦးရေကို သတ်ဖြတ်ချေမှုန်း ပစ်ပေလိမ့်မည်။

ဤအရာအားလုံးမှာ အရှင်သခင် ဟူသော နေရာကို ကာကွယ်ရန်၊ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူရန်နှင့် ရှမ့်လန်၏ ခါးရိုးကို ချိုးနှိမ်ပစ်ရန် ဖြစ်ချေ၏။

ရှမ့်လန် စိတ်ထဲ၌ တိတ်တဆိတ် တောင်းဆုပြုလိုက်မိသည်။ ‘စစ်နတ်ဘုရား၊ ကျုပ်၏ဘိုးဘေး၊ ရှေးဟောင်း မြွေနတ်ဘုရားရုပ်တု... ကျိမျိုးနွယ်ရဲ့ နဂါးနောင်တလက်နက်ကို ဖြေရှင်းနိုင်ဖို့ ခင်ဗျားရဲ့ သွေးကျောက်ဖြစ် ရုပ်ကြွင်း အနည်းငယ်မျှသာ လိုအပ်ပါတယ်။ ကျုပ် လူပေါင်း သိန်းချီ၊ သန်းချီတို့ကို ကယ်တင်လိုပါတယ်။’

ထိုအချိန်၌ ဝှစ်ကနဲ မြည်သံနှင့်အတူ လူရိပ်တစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့သည်။ ရှမ့်လန် အလွန်တရာ အံ့အားသင့်သွားရ၏။ ဤနေရာသည် ကျင်းကန်တောင်၏ ရှေးဟောင်း အပျက်အစီး နယ်မြေဖြစ်ပြီး လူသားများ အသက်ရှင် နေထိုင်နိုင်ခြင်း မရှိသည့် ပတ်ဝန်းကျင် အခြေအနေမျိုး ဖြစ်သည်။

ဤနေရာသည် ရှေးဟောင်း ဘုရားကျောင်း တစ်ခုဖြစ်ပြီး ဝင်ပေါက်တွင် ရှမ့်လန်၏ စွမ်းအင်ဝဲကတော့ဖြင့် ပိတ်ဆို့ထားသည်။ ထိုအရာကို ထိတွေ့မိသူ မည်သူမဆို ချက်ချင်းပဲ အပိုင်းပိုင်းအစစ ဖြစ်သွားရမည် ဖြစ်၏။ ချောင်ယောင်းအာ ပင်လျှင် ဖြတ်သန်းသွားလာနိုင်ခြင်း မရှိပေ။

ယခုအချိန်ထိ ရှမ့်လန်မှလွဲ၍ အခြားမည်သူမှ စွမ်းအင်ဝဲကတော့ကို ဖြတ်သန်းနိုင်ခြင်း မရှိခဲ့ချေ။ မည်သူ ဖြစ်သနည်း။ စွမ်းအင်ဝဲကတော့အား ဘာမှမဟုတ်သကဲ့သို့ ဖြတ်ကျော် ဝင်ရောက်လာခြင်းလား။ ထိုမျှလောက်ထိ အံ့မခန်း စွမ်းဆောင်နိုင်သည်လား။

သူ သေချာစွာ ကြည့်ရှုလိုက်မိသည့် အခါတွင်မူ ရင်းနှီးဖူးသော သူတစ်ယောက် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။ မင်းသမီး ရန်ယင်ယင်။ သို့သော်ငြား မဟုတ်သေးပေ။ နိဗ္ဗာန ပြောင်းလဲခြင်းဖြစ်စဉ် ပြီးနောက်တွင် သူမ မည်သူဖြစ်သည်ကို ရှမ့်လန် မသိတော့သကဲ့သို့ သူမ မည်သည့်မျိုးနွယ် ဖြစ်သည်ကိုလည်း မသိရှိတော့ပေ။

တော်ဝင်ရန် အင်ပါယာက နဂါးနောင်တလက်နက်ကို အသုံးပြု၍ နယ်မြေရှင်းလင်းခြင်း မပြုလုပ်မီတွင် ရန်ယင်ယင်သည် ခြေရာလက်ရာမကျန် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ သိုင်းပညာ စွမ်းရည်မှာ ရှမ့်လန် နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ မဟာပညာရှင် အဆင့်ရှိသူကိုပင် သူမက ဖုန်မှုန့်အလား ရိုက်နှက် ချေမှုန်းနိုင်ခဲ့၏။

ယခုအချိန်တွင် သူမသည် ပိုမို၍ပင် ပြောင်းလဲသွားခဲ့လေပြီ။ မျက်နှာသွင်ပြင်သည်ပင် ပြောင်းလဲနေခဲ့၏။ ကျောဘက်ရှိ အရိုးစူးများသည်လည်း တစ်ပေနီးပါး ရှည်လျားနေပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများက လူသားတစ်ယောက်၏ မျက်လုံးများနှင့် လုံးဝ မတူတော့ပေ။

ရှမ့်လန်က သတိထား၍ မေးမြန်းလိုက်သည်။ “ရန်ယင်ယင်... ကျုပ်ပါ။ ရှမ့်လန်လေ... မင်းနဲ့ စေ့စပ်ထားသူပါ။”

“ရှင် ဒီကို ဘာလာလုပ်တာလဲ။” ရန်ယင်ယင်က လူသားဆန်ခြင်း မရှိသော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေခဲ့၏။

ရှမ့်လန်မှာ ဓားဖြင့် မွှန်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး စူးရှ နာကျင်သွားရသည်။ ရှမ့်လန်က ထပ်မံ ပြောဆိုလိုက်ပြန်သည်။ “ရန်ယင်ယင်... ကျုပ်တို့က စေ့စပ်ထားသူတွေလေ။ ကျုပ် မင်းကို အကူအညီ တစ်ခုလောက် တောင်းလို့ ရမလား။ ဟို ရုပ်တုမှာ ကျိုးနေတဲ့ လက်ချောင်းကို တွေ့တယ်မလား။ အဲဒီက အမှုန့်တွေနဲ့ သွေးကျောက်ဖြစ်ရုပ်ကြွင်း အလွှာလိုက်ကို ခြစ်ယူပေးနိုင်မလား။”

ရန်ယင်ယင်က လျှောက်လှမ်းလာပြီး ရှမ့်လန်၏ နဂါးဓားကို ယူလိုက်သည်။ ထို့နောက် စစ်နတ်ဘုရား ရုပ်တု၏ ကျိုးပဲ့နေသော လက်ချောင်းမှ ကျောက်မှုန့်လွှာကို လွယ်ကူစွာပင် ခြစ်ထုတ်ယူလိုက်၏။ တကယ်ကို စွမ်းအားကြီးမားလှသည်။ ရှမ့်လန်ပင်လျှင် သူ၏ စွမ်းအင်ဝဲကတော့ဖြင့် ခြစ်ထုတ်၍ မရနိုင်ခဲ့ပေ။ ရန်ယင်ယင် အတွက်မူ နံရံပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သကဲ့သို့ လွယ်ကူနေခဲ့သည်။ ဤစွမ်းအားသည် အနှိုင်းမဲ့ ပြင်းထန်လှပေသည်။

ထို့နောက် ရန်ယင်ယင်က နဂါးဓားနှင့် စစ်နတ်ဘုရား၏ သွေးကျောက်ဖြစ်ရုပ်ကြွင်းကို ရှမ့်လန် လက်ထဲသို့ ထည့်ပေးလိုက်၏။ ဤမျှဖြင့် အောင်မြင်သွားခဲ့ပြီလား။

ရန်ယင်ယင်က ပြောဆိုလိုက်၏။ “သွားတော့။”

သူမက ရှမ့်လန်အား တွန်းထုတ်လိုက်ရာ ရှမ့်လန်မှာ ဘုရားကျောင်း အတွင်းမှ လွင့်ထွက်သွားပြီး တံခါးပေါက် အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

ဘုရားကျောင်း တံခါးဝတွင် တပ်ဆင်ထားသော စွမ်းအင်ဝဲကတော့သည်လည်း ခြေရာလက်ရာမကျန် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်၏။

...

ရန်ယင်ယင်သည် ဤမျှကာလပတ်လုံး မည်သည့်နေရာသို့ ရောက်ရှိနေခဲ့သနည်း။ သူမသည် ကျင်းကန်တောင် ရှေးဟောင်း အပျက်အစီးများဆီသို့ အဘယ်ကြောင့် ရောက်လာရသနည်း။ ဤဘုရားကျောင်းသို့ အဘယ်ကြောင့် ရောက်လာရသနည်း။

ထို့အပြင် သူမ၏ မှတ်ဉာဏ်များမှာ အမှန်တကယ်ပင် ဗလာဖြစ်နေခဲ့၏။ ရှမ့်လန် မည်သူဖြစ်သည်ကို မမှတ်မိရုံ သာမက မည်သည့်အရာကိုမှ မှတ်မိခြင်း မရှိတော့ပေ။ သူမသည် ပင်ကိုအသိစိတ် အပေါ်၌သာ မှီခိုနေပုံ ရသည်။

သူမသည် ရှမ့်လန်အပေါ် ကောင်းမွန်နေဆဲ ဖြစ်သော်လည်း ထိုကဲ့သို့ ကောင်းမွန်ခြင်းမှာလည်း ပင်ကိုအသိစိတ် သက်သက်သာ ဖြစ်ပေသည်။ သို့ဖြစ်ရာ သူမ ကျင်းကန်တောင်ထိပ် ရှေးဟောင်း အပျက်အစီးများဆီသို့ ရောက်ရှိလာခြင်းမှာ တိုက်ဆိုင်မှုလား သို့မဟုတ် မဖြစ်မနေ အကြောင်းတရားလား။

မူလက ရှမ့်လန်သည် တိုက်ဆိုင်မှုဟုသာ ယူဆခဲ့မိ၏။ အမှန်တကယ်လည်း တိုက်ဆိုင်မှု ဖြစ်နိုင်ပေသည်။ သူမ အနေဖြင့် ဤနေရာသို့ လာရန် အကြောင်းပြချက် မရှိပေ။ ရှမ့်လန် ဝင်သွားပြီး တစ်နာရီကျော် ကြာမြင့်မှ သူမက အဘယ်ကြောင့် ဝင်ရောက်လာရသနည်း။

သို့သော်ငြား သေချာစွာ စဉ်းစားပြီးနောက် ဤသည်မှာ တိုက်ဆိုင်မှု မဟုတ်ကြောင်း ရှမ့်လန် ဆုံးဖြတ်လိုက် မိသည်။ သူမသည် ပင်ကိုအသိစိတ် သို့မဟုတ် ရှေးဟောင်း မှတ်ဉာဏ်များကို အသုံးပြုကာ ကျင်းကန်တောင်ထိပ်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ဟန်တူသည်။

သို့သော်ငြား သူမ ရှာဖွေနေသည့်အရာကို မတွေ့ရှိခဲ့ပေ။ နောက်ဆုံးတွင် ရှမ့်လန်က စွမ်းအင်ဝဲကတော့ကို အသုံးပြု၍ လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ပိုင်ရှင်၏ ကျောက်ဖြစ်ရုပ်ကြွင်း လက်ချောင်းကို တိုက်ခိုက်လိုက် သည့်အခါမှသာ စွမ်းအင်အရှိန်အဝါ အချို့ ယိုစိမ့်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ် ဘုရားကျောင်း တံခါးမကြီးမှာ အချိန်တိုင်း ပိတ်ထားခဲ့ပြီး ရှမ့်လန်က စွမ်းအင်ဝဲကတော့ကို ဖွင့်လိုက်သောအခါ အတွင်းမှ စွမ်းအင်အရှိန်အဝါများ ယိုစိမ့်ထွက်လာခြင်း ဖြစ်နိုင်သည်။ ရန်ယင်ယင်သည် ထိုစွမ်းအင် အရှိန်အဝါ နောက်သို့ လိုက်ပါကာ ဝင်ရောက်လာခြင်း ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် သူမသည် အတွင်း၌ ဘာလုပ်နေသနည်း။ သူမ၏ ရည်ရွယ်ချက်က ဘာဖြစ်နည်း။ ဤအရာ အားလုံးမှာ အဖြေမရှိသော ပုစ္ဆာများ ဖြစ်နေဆဲပင်။

ချောင်ယောင်းအာသည် မူလက တံခါးပေါက် အပြင်ဘက်တွင် တင်ပျဉ်ခွေ ထိုင်လျက် ရှမ့်လန်ကို စောင့်ဆိုင်းနေခဲ့သော်လည်း ယခုအခါတွင်မူ မတ်တတ်ရပ်လျက် ရှိပြီး လက်ထဲမှ ဓားကိုပင် တစ်ဝက်ခန့် ဆွဲထုတ်ထားပြီး ဖြစ်သည်။

ရှမ့်လန် ဘေးကင်းစွာ ထွက်လာသည်ကို မြင်လိုက်ရမှ ချောင်ယောင်းအာက ပြောဆိုလိုက်၏။ “ကျွန်မ သူ့ကို မြင်လိုက်တယ်။ သူကလည်း ကျွန်မကို လှမ်းကြည့်သွားတယ်။”

ရှမ့်လန်က တုံ့ပြန်လိုက်သည်။ “သူ့ကို သွားမစနဲ့။”

ဤစကားမှာ အကြွင်းမဲ့ အမိန့်စကားပင် ဖြစ်သည်။ လက်ရှိ ရန်ယင်ယင်မှာ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့်ပင်။ သူမ၏ မှတ်ဉာဏ်များ ဗလာဖြစ်နေပြီး ပင်ကိုအသိစိတ်ကိုသာ လုံးဝ အားကိုးနေရ၏။ သူမ၏ အကြိုက်နှင့် အမုန်းမှာလည်း ပုံသေမရှိ၊ ခန့်မှန်းရ ခက်လှ၏။

လောလောဆယ်တွင် သူမသည် ရှမ့်လန်အပေါ် သဘောကောင်းနေသော်လည်း သူမ၏ စိတ်ခံစားချက်များမှာ တည်ငြိမ်ခြင်း မရှိပေ။ ခြိမ်းခြောက်ခံရသည်ဟု ခံစားရလျှင် (သို့မဟုတ်) ရွံရှာမိလျှင် သူမ၏ စိတ်ထဲတွင် ဖျက်ဆီးလိုစိတ်များ ပြည့်နှက်လာနိုင်ပေသည်။

ကံဆိုးသည်မှာ ဂိုဏ်းချုပ်ရန် သေဆုံးသွားခဲ့ပြီဖြစ်ရာ ရန်ယင်ယင်၏ လျှို့ဝှက်ချက်ကို မည်သူမှ မသိရှိကြတော့ပေ။ အထူးသဖြင့် သူမ ခန္ဓာကိုယ် အတွင်းရှိ လောကနံပါတ်တစ် “ကူ” အကြောင်း ဖြစ်သည်။ အမှန်တကယ် မည်သို့ ဖြစ်ပျက်နေသည်ကို မည်သူမှ မသိနိုင်တော့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ပြန်ကြစို့။”

ရှေးဟောင်း ဘုရားကျောင်းအား လှည့်ကြည့်လိုက်ပြီးနောက် ရှမ့်လန်နှင့် ချောင်ယောင်းအာတို့သည် နုရှောင့်မြို့သို့ ပြန်လာခဲ့ကြ၏။

...

ရှမ့်လန်သည် ရှေးဟောင်းအကျဉ်းထောင်သို့ နောက်တစ်ကြိမ် ရောက်ရှိလာခဲ့ပြန်၏။ ဤနေရာ၌ အထူး နဂါးနောင်တ ၅၁ ခုကို ဝှက်ထားသောကြောင့် ဖြစ်သည်။ ရှမ့်လန်သည် လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ပိုင်ရှင်၏ သွေးကျောက်ဖြစ် ရုပ်ကြွင်းကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ ယခင်က အလျင်လိုနေခဲ့သဖြင့် ယခုမှသာ သေချာစွာ ကြည့်ရှုမိသည်။ ထိုအရာမှာ ထူးဆန်းနေခဲ့သည်။

ယခင်က ကျူးကလန်၏ လျှို့ဝှက်စခန်းတွင် ရှေးဟောင်းလူသားများ၏ သွေးကျောက်ဖြစ်ရုပ်ကြွင်းများသည် ကျောက်မှုန့်များကဲ့သို့ မီးခိုးရောင် အဆင်းရှိခဲ့သည်။ သို့သော်ငြား ယခု သူ၏ ရှေ့မှောက်ရှိ သွေးကျောက်ဖြစ် ရုပ်ကြွင်းအမှုန့်မှာမူ စိန်ကို ကြိတ်ခြေထားသကဲ့သို့ ကြည်လင် တောက်ပနေခဲ့သည်။ ရှေးဟောင်း အရှေ့ပိုင်းအင်ပါယာ၏ မြွေနတ်ဘုရားရုပ်တုတစ်ခု ဖြစ်ရုံမျှမက ယင်း၏အဆင့်အတန်းမှာ နတ်ဘုရား တစ်ပါးနီးပါး မြင့်မားသည်မှာ အမှန်ပင်။

ရှမ့်လန်က လက်ချောင်းကို ဓားဖြင့်လှီး၍ သွေးကျောက်ဖြစ်ရုပ်ကြွင်း အမှုန့်ပေါ်သို့ သွေးစက်ချလိုက် သည်။ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့၏။ ကျောက်ဖြစ်ရုပ်ကြွင်း အမှုန့်များ အရည်ပျော်သွားပြီး သွေးများလည်း ပြောင်းလဲသွားခဲ့သည်။

ယခင်က ရှမ့်လန်၏ သွေးနှင့် ရှေးဟောင်းလူသား၏ သွေးကျောက်ဖြစ်ရုပ်ကြွင်း ရောစပ်လိုက်ပါက နေမင်းကဲ့သို့ တောက်ပခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ လုံးဝ အရောင်မဲ့ကာ ကြည်လင်နေခဲ့၏။ သို့သော်ငြား ဤအရောင်မဲ့ကာ ကြည်လင်သော အရည်သည် ရေကြည်နှင့် မတူဘဲ ပျစ်ခဲနေ၏။

ရှမ့်လန် အံ့အားသင့်သွားရ၏။ သူ၏ စိတ်ထဲတွင် နေမင်းကဲ့သို့ တောက်ပသော အရောင်ကသာ ပို၍ စွမ်းအားကြီးသည်ဟု ထင်မြင်မိသည်။ သန့်စင်ပြီး ကြည်လင်နေခြင်းက သိပ်ပြီး ခံ့ညားထည်ဝါပုံ မရပေ။ သို့သော်ငြား ၎င်း၏ လုပ်ပိုင်ခွင့် အာဏာသည် နေမင်းရောင် သွေးထက် ပို၍ မြင့်မားနေမည်လား။

ရှမ့်လန်က အရောင်မဲ့ သွေးအရည်ကြည်ကို အနည်းငယ် ယူလိုက်ပြီး တော်ဝင်ရန် အင်ပါယာ၏ အထူး နဂါးနောင်တ စာတန်းပေါ်သို့ သုတ်လိမ်းလိုက်သည်။ အောင်မြင်ပါ့မည်လား။ ရှမ့်လန်၏ တွက်ချက်မှုအရ အောင်မြင်နိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ရှိပေသည်။

အဘယ်ကြောင့်ဆိုသော် ကျန်းမျိုးနွယ်၏ နဂါးနောင်တဖြစ်စေ၊ ကျိမျိုးနွယ်၏ နဂါးနောင်တဖြစ်စေ၊ နှစ်ခုစလုံး သည် လူသားအင်ပါယာပိုင် လက်နက်များ ဖြစ်ကြသည်။ လက်နက် အမျိုးအစား တူညီသော်လည်း စနစ်ချင်း မတူညီကြပေ။

အမေရိကန်နှင့် ဆိုဗီယက်တို့၏ ဟိုက်ဒရိုဂျင်ဗုံးများ ကဲ့သို့ပင် ဖြစ်သည်။ သုတေသန စနစ်ချင်း မတူညီ သော်လည်း ဟိုက်ဒရိုဂျင်ဗုံး ဖြစ်သည်မှာ အတူတူပင်။ အသက်သွင်းပုံချင်း မတူညီသော်ငြား ဖောက်ခွဲလိုက်ပါက ပေါက်ကွဲသွားမည်မှာ အသေအချာပင်။

ကျိမျိုးနွယ်က လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ပိုင်ရှင်ကို ကိုးကွယ်ကြသကဲ့သို့ ကျန်းမျိုးနွယ်ကလည်း ကိုးကွယ်ကြသည်။ သူတို့၏ သွေးမျိုးဆက် ပါရမီသည် အမြင့်ဆုံး ဖြစ်ပေလိမ့်မည်။ ထင်မှတ်ထားသည့် အတိုင်းပင်။ ရှမ့်လန်က သွေးအရည်ကြည်ကို နဂါးနောင်တ စာတန်းပေါ်သို့ သုတ်လိမ်းလိုက်သည်နှင့် ချက်ချင်းပဲ လင်းလက်လာခဲ့သည်။

ယခင်က နဂါးနောင်တ စာတန်းသည် အစိမ်းရောင် အလင်းတန်း ထွက်ပေါ်ခဲ့သော်လည်း ယခုအခါတွင်မူ လုံးဝ ကြည်လင် တောက်ပနေခဲ့၏။ ထို့နောက် ရင်းနှီးနေသော နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြန်၏။ ရှမ့်လန်သည် တော်ဝင်ရန် အင်ပါယာ၏ အထူးနဂါးနောင်တကို တိုက်ရိုက် အသက်သွင်းနိုင်ခဲ့ပြီး အမြင့်ဆုံး လုပ်ပိုင်ခွင့် အာဏာကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်း လူသားများသည် တကယ်ပဲ ရိုးရှင်းပြီး တဲ့တိုးဆန်၏။

ထို့နောက် ရှမ့်လန်သည် ကျန်ရှိနေသော အထူးနဂါးနောင်တ ၅၁ ခုကို ဆက်လက် အသက်သွင်းလိုက် သည်။ အားလုံး အောင်မြင်ခဲ့ပြီး တစ်ခုမှ ခြွင်းချက် မရှိခဲ့ပေ။ လုပ်ပိုင်ခွင့် အာဏာ အားလုံးကို တိုက်ရိုက် ရယူနိုင်ခဲ့သည်။

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “တစ်ခု ယူထုတ်ခဲ့။”

ချောင်ယောင်းအာသည် စကားတစ်ခွန်းမှ မဆိုဘဲ အထူးနဂါးနောင်တတစ်ခုကို ချက်ချင်း ထမ်းပိုးလိုက်သည်။

...

ရှမ့်လန်သည် နုရှောင့်မြို့သို့ ပြန်ရောက်လာခဲ့၏။ ကျိမျိုးနွယ်၏ နဂါးနောင်တလက်နက်ကို ဖြေရှင်းရုံဖြင့် မလုံလောက်သေးပေ။ သူတို့၏ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်ကိုပါ ဖြေရှင်းရမည်။ ဤကိစ္စမှာ မခက်ခဲလှပေ။ ရောစပ်ထားသောသွေးကို အသုံးပြု၍ အထူးနဂါးအရှိန်အဝါ၏ အမြင့်ဆုံး လုပ်ပိုင်ခွင့် အာဏာကို လွယ်ကူစွာပင် ရယူနိုင်ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤအရာသည် တော်ဝင်ရန် အင်ပါယာက ဖန်တီးထားခြင်း မဟုတ်ဘဲ ရှေးဟောင်းအင်ပါယာ ထံမှ တူးဖော် ရရှိထားသောကြောင့်ပင်။

အထူးနဂါးနောင်တနှင့် အထူးနဂါးအရှိန်အဝါတို့ကို ဖြေရှင်းပြီးနောက် သယ်ယူပို့ဆောင်ရေး ယာဉ်ဖြစ်သည့် မျိုးဗီဇပြောင်း အသံလှိုင်း ပျံသန်းရေး သားရဲ တစ်မျိုးသာ ကျန်ရှိတော့သည်။ ရှမ့်လန်နှင့် မြွေရုပ်တု ပိုင်ရှင်၏ သွေးရောစပ်မှုကို အသုံးပြုရာတွင် ဤကိစ္စ၌ ကျရှုံးခဲ့ရသည်။ လုပ်ပိုင်ခွင့် အာဏာ မလုံလောက်ခြင်းကြောင့် မဟုတ်ဘဲ မျိုးဗီဇပြောင်း သားရဲများရှိ အိပ်မက်ဆိုးကျောက်တုံး ကိရိယာ အဆင့်နိမ့်နေသောကြောင့် ဤကဲ့သို့သော လုပ်ပိုင်ခွင့် အာဏာကို လက်မခံနိုင်သောကြောင့်ဖြစ်၏။

ပညာရှင် တွိုင်းက လျှောက်တင်လိုက်သည်။ “အရှင်... တော်ဝင်ရန် အင်ပါယာရဲ့ အထူးနဂါး အရှိန်အဝါနဲ့ အထူး နဂါးနောင်တတွေက ရှေးဟောင်းအင်ပါယာဆီက တူးဖော်ရရှိထားတာပါ။ ဒါပေမဲ့ ဒီ အသံလှိုင်း ပျံသန်းရေး သားရဲတွေကတော့ ရှေးဟောင်းအင်ပါယာက မဟုတ်ပါဘူး။”

ဤအချက်ကို ရှမ့်လန် သိရှိပြီး ဖြစ်သည်။ ၎င်းတို့ကို တော်ဝင်ရန် အင်ပါယာက ရှေးဟောင်းကျန်းမျိုးနွယ်၏ ချောက်နက်ထဲမှ ခိုးယူထားခြင်း ဖြစ်ပေသည်။

မဟာပညာရှင် တွိုင်းက ဆက်ပြောသည်။ “ကျုပ်တို့ အသံလှိုင်း ပျံသန်းရေး သားရဲ သုံးကောင်ရဲ့ ခေါင်းကို ခွဲစိတ်ပြီး ဦးနှောက်ထဲက အိပ်မက်ဆိုးကျောက်တုံး ကိရိယာကို ထုတ်ယူခဲ့ပါတယ်။ အဲဒီကိရိယာကို ပြုပြင် ပြောင်းလဲထားတာ တွေ့ရပါတယ်။ တော်ဝင်ရန် အင်ပါယာ ပညာရှင်တွေရဲ့ လက်ရာ ဖြစ်ပုံရပါတယ်။”

ထို့နောက် အိပ်မက်ဆိုးကျောက်တုံး ကိရိယာ တစ်ခု ရှမ့်လန်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။

ပညာရှင် တွိုင်းက ပြောလိုက်သည်။ “နှမြောစရာ ကောင်းတာက ကျုပ်တို့ဆီမှာ အသံလှိုင်းလှိုင်း ပျံသန်းရေး သားရဲ တစ်ကောင်ပဲ ရှိနေတာပါ။ ခေါင်းခွဲဖို့လည်း မရက်စက်ရဲဘူး။ ဒါကြောင့် အိပ်မက်ဆိုးကျောက်တုံး ကိရိယာကို မထုတ်ယူနိုင်ပါဘူး။”

တချောင်သည် မူလက ဘေးနားမှ စိတ်ဝင်တစား ကြည့်ရှုနေသော်လည်း ယခုအချိန်တွင် ရုတ်တရက် နောက်သို့ ဆုတ်သွားပြီး ချက်ချင်း ထွက်ပြေးချင်နေပုံပေါ်နေ၏။

အပိုင်း (၁၂၀၈)

ပညာရှင် တွိုင်းက ဆက်ပြောသည်။ “မဟုတ်ရင် အိပ်မက်ဆိုးကျောက်တုံး ကိရိယာ နှစ်မျိုးရဲ့ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း ရှာဖွေနိုင်မှာပါ။ တော်ဝင်ရန် အင်ပါယာက ဘယ်လို ပြုပြင်ထားတယ် ဆိုတာ သိရင် ပြန်လည် ပြုပြင်ရတာ ပိုလွယ်ကူသွားမှာပါ။ ဒါပေမဲ့ ကျုပ်တို့ ယေဘုယျ သဘောတရားကိုတော့ သိထားပြီးပါပြီ။”

ပညာရှင် တွိုင်းက ရှင်းပြ၏။ “ရှေးဟောင်းအင်ပါယာက အသံလှိုင်း ပျံသန်းရေး သားရဲတွေရဲ့ ဦးနှောက်ထဲကို အိပ်မက်ဆိုးကျောက်တုံး ကိရိယာ ထည့်သွင်းထားပါတယ်။ စွမ်းအင်လှိုင်း တစ်မျိုးကို အသုံးပြုပြီး အမိန့်ပေး ထိန်းချုပ်တာပါ။

ကျုပ်တို့ရဲ့ တွက်ချက်မှုအရ တော်ဝင်ရန်အင်ပါယာမှာလည်း အရှင်ရဲ့ လက်စွပ်လိုမျိုး ရှေးဟောင်း လက်စွပ်တစ်ကွင်း ရှိပါလိမ့်မယ်။ အဲဒီလက်စွပ်ကနေ စွမ်းအင်လှိုင်းတွေ အဆက်မပြတ် ထုတ်လွှတ်ပေး နေမှာပါ။ အသံလှိုင်း ပျံသန်းရေး သားရဲတွေရဲ့ ဦးနှောက်ထဲက အိပ်မက်ဆိုးကျောက်တုံး ကိရိယာက အဲဒီ စွမ်းအင်လှိုင်းကို လက်ခံရယူပါတယ်။

ကိုက်ညီမှု ရှိရင် သူတို့က နာခံပြီး ဘယ်လို အမိန့်ကိုမဆို လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ စွမ်းအင်လှိုင်း မကိုက်ညီရင် သူတို့ကို လှုံ့ဆော်သလိုဖြစ်ပြီး မသက်မသာ ခံစားရစေပါတယ်။ နာကျင်စေပြီး ဒေါသထွက်လာ စေပါတယ်။”

သူသည် တကယ့်ကို ထိပ်တန်း ပညာရှင် တစ်ဦး ပီသပေသည်။ ရက်ပိုင်း အတွင်းမှာပဲ သဘောတရားကို အကြွင်းမဲ့ နားလည်သွားခဲ့သည်။

ပညာရှင် တွိုင်းက ဆက်ပြောလိုက်၏။ “နောက်ပိုင်းမှာ နိုးထလာတဲ့ တော်ဝင်ရန် အင်ပါယာက အသံလှိုင်း ပျံသန်းရေး သားရဲ နှစ်ကောင်ကို လေ့လာခဲ့ပါတယ်။ အဲဒီအချိန်က အရှင် မရှိပါဘူး။ သူတို့ နိုးလာတဲ့အခါ ရန်လိုနေပေမဲ့ တိုက်ခိုက်လိုစိတ်တော့ ပြင်းပြင်းထန်ထန် မရှိကြပါဘူး။

“ဒီ အသံလှိုင်း ပျံသန်းရေး သားရဲတွေက ဉာဏ်ရည် အရမ်းမြင့်ပါတယ်။ သူတို့ကို ရှေးဟောင်း လူသားတွေက ပြုပြင်၊ မွေးမြူပြီး လေ့ကျင့်ပေးထားတာပါ။ ဒါကြောင့် သခင်ရဲ့ အမိန့်ကို နာခံပြီး တိုက်ခိုက်ပေးပေမဲ့ သူတို့ရဲ့ ပင်ကို သဘောသဘာဝက လူသားတွေအပေါ် ခင်မင်ရင်းနှီးမှု ရှိပါတယ်။”

ဤအချက်ကို ရှမ့်လန် နားလည်သည်။ သူတို့သည် ရဲခွေးများနှင့် တူညီ၏။ အမိန့်ရသည်နှင့် ရာဇဝတ်ကောင် များကို ချက်ချင်း ခုန်အုပ် တိုက်ခိုက်ကြလိမ့်မည်။ အလွန် ကြမ်းတမ်းပုံ ပေါက်နေလိမ့်မည်။ သို့သော်ငြား ပုံမှန် အခြေအနေတွင်မူ သာမန်လူများကို တွေ့လျှင် ရင်းနှီးမှု ခံစားနေရဆဲ ဖြစ်သည်။ ဤသည်မှာ နှစ်ထောင်ပေါင်းများစွာ ယဉ်ပါးအောင် မွေးမြူလာခဲ့သော ခွေးများ၏ မျိုးရိုးဗီဇ မှတ်ဉာဏ်ထဲတွင် စွဲမြဲနေသည့် လူသားများအပေါ် ခင်မင်ရင်းနှီးမှုပင် ဖြစ်သည်။

“အရင်က နိုးထခါစ တော်ဝင်ရန်အင်ပါယာရဲ့ အသံလှိုင်း ပျံသန်းရေး သားရဲနှစ်ကောင် ရန်လိုပြီး တိုက်ခိုက်ချင်လာရတာက အရှင် လက်ထဲက ရှေးဟောင်းဘုရင် လက်စွပ်ကြောင့် ဖြစ်ပါလိမ့်မယ်။ အဲဒီလက်စွပ် က စွမ်းအင်လှိုင်း တစ်မျိုးကို အဝေးကနေ အဆက်မပြတ် ထုတ်လွှတ်နေလို့ပါ။ သူတို့ ဦးနှောက်ထဲက အိပ်မက်ဆိုးကျောက်တုံးက လက်ခံရရှိပြီးတာနဲ့ ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်တော့တာပါပဲ။

ဒါကြောင့် တော်ဝင်ရန် အင်ပါယာရဲ့ အသံလှိုင်း ပျံသန်းရေး သားရဲတွေကို ထိန်းချုပ်ဖို့ဆိုရင် အရမ်း လွယ်ကူပါတယ်။ သူတို့ ဦးနှောက်ထဲက အိပ်မက်ဆိုးကျောက်တုံးကို ပြုပြင်ပြီး တချောင် ဦးနှောက်ထဲက အိပ်မက်ဆိုးကျောက်တုံးနဲ့ ထပ်တူညီအောင် လုပ်လိုက်ရင် ရပါပြီ။ ဒါဆိုရင် သူတို့က အရှင်ရဲ့ ရှေးဟောင်းဘုရင် လက်စွပ်က ထုတ်လွှတ်တဲ့ စွမ်းအင်လှိုင်းကို လက်ခံနိုင်သွားပါလိမ့်မယ်။”

ဤစကားကို ကြားလိုက်သည်နှင့် တချောင်သည် ရှမ့်လန်ကို ကြည့်ကာ သနားစဖွယ် အော်မြည်လိုက် သည်။ သူ၏ ဦးခေါင်းခွံကို တကယ်ပဲ ဖွင့်ရတော့မည်လား ဟူသည့် အဓိပ္ပာယ်ပင်။

ရှမ့်လန်က ရှေ့သို့ တိုးသွားပြီး သူ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ “မင်းရဲ့ ကြောက်နေတဲ့ မျက်နှာကြီးကိုလည်း ကြည့်အုံး။”

တချောင်၏ ဦးခေါင်းခွံကို ခွဲစိတ်ရန် မလိုအပ်ပေ။ ရှမ့်လန်သည် သူ၏ X-ray အမြင်ကို အသုံးပြု၍ ဦးနှောက်အတွင်းရှိ အိပ်မက်ဆိုးကျောက်တုံးကို စကင်န်ဖတ်နိုင်သောကြောင့်ပင်။ မိနစ် အနည်းငယ် ကြာပြီးနောက် ရှမ့်လန် စကင်န်ဖတ်ခြင်း ပြီးဆုံးသွားခဲ့၏။

ထင်မှတ်ထားသည့်အတိုင်းပင် တော်ဝင်ရန် အင်ပါယာသည် အသံလှိုင်း ပျံသန်းရေး သားရဲများ၏ ဦးနှောက်ထဲရှိ အိပ်မက်ဆိုးကျောက်တုံးကို ကလိမ်ကကျစ် ပြုလုပ်ထားခဲ့သည်။ လျှို့ဝှက် သတ္တုပတ်လမ်း ၁၅ ခုကို ပြုပြင်ထားပြီး သလင်းကျောက် နေရာ ၉ ခုကို ရွှေ့ပြောင်းထားသည်။ အရေးကြီးဆုံးမှာ အပြာရောင် သလင်းကျောက် တစ်ခုကို အနီရောင် သလင်းကျောက်ဖြင့် လဲလှယ်ထားခြင်း ဖြစ်သည်။

ရှမ့်လန်သည် ပုံကြမ်းတစ်ခု ချက်ချင်း ရေးဆွဲလိုက်ပြီး ပြောင်းလဲထားသော အချက်အလက်တိုင်းကို မှတ်သားလိုက်၏။

ပညာရှင် တွိုင်းသည် ပုံကြမ်းကို ယူကြည့်လိုက်သည်နှင့် ချက်ချင်း နားလည် သွားခဲ့သည်။

“သူတို့ ပြုပြင်ထားတဲ့ ပမာဏက သေးငယ်ပေမဲ့ ရလဒ်ကတော့ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။ ဒီလို ပြုပြင်လိုက်တော့ မူလက ငြိမ်းချမ်းတဲ့ စွမ်းအင်လှိုင်းဟာ ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့ ကြိမ်နှုန်းမြင့် စွမ်းအင်လှိုင်း ဖြစ်သွားပြီး သူတို့ကို ဒေါသထွက်စေ၊ ရန်လိုစေပြီး တိုက်ခိုက်ချင်စိတ်တွေ ပြည့်နှက်လာစေတာပါ။

ဒါက ဆန့်ကျင်ဘက် သဘောတရား နှစ်ခုပါ။ တော်ဝင်ရန်အင်ပါယာနဲ့ မိတ်ဆွေ ဖြစ်တာနဲ့ တော်ဝင်ချန် အင်ပါယာကို ရန်သူလို့ သတ်မှတ်ပါလိမ့်မယ်။ ပြောင်းပြန်လည်း အတူတူပါပဲ။ ဥပမာ - တချောင်သာ တော်ဝင်ရန် အင်ပါယာရဲ့ ရှေးဟောင်းဘုရင် လက်စွပ်ကို အာရုံခံမိရင် ချက်ချင်း ဒေါသထွက်ပြီး ရန်လိုလာမှာပါ။”

ဤလူသည် တကယ့်ကို ဉာဏ်ကြီးရှင်ပင်။ အိပ်မက်ဆိုးကျောက်တုံး သုတေသနတွင် ရှမ့်လန်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူသည် သတိမေ့မြောနေသော အသံလှိုင်း ပျံသန်းရေး သားရဲ တစ်ကောင်၏ ရှေ့သို့ ရောက်လာပြီး ဦးခေါင်းထိပ်ကို ညွှန်ပြလျက် ပြောလိုက်၏။

“အရှင်... ဒီနေရာမှာ ဒဏ်ရာတစ်ခု ရှိပါတယ်။ တော်ဝင်ရန် အင်ပါယာက ကြေးခွံတွေနဲ့ ဖုံးအုပ်ထားပေမဲ့ ကျုပ်တို့ တွေ့ရှိခဲ့ပါတယ်။ ဆိုလိုတာက သူတို့အားလုံးရဲ့ ခေါင်းတွေကို ခွဲစိတ်ထားခဲ့တာပါ။ အခု ကျုပ်တို့ ဒီဒဏ်ရာ အတိုင်း သူတို့ရဲ့ ခေါင်းတွေကို ဖွင့်၊ အိပ်မက်ဆိုးကျောက်တုံး ကိရိယာကို ထုတ်ယူပြီး ပြန်လည် ပြုပြင်ရပါမယ်။ ရှေးဟောင်း ကျန်းမျိုးနွယ်ပုံစံ အတိုင်း ပြန်ပြောင်းရပါမယ်။ ဒါဆိုရင် သူတို့က ကျုပ်တို့ရဲ့ အမိန့်ကို နာခံပါလိမ့်မယ်။”

ရှမ့်လန်က မေးလိုက်သည်။ “မြန်ပါ့မလား။”

ပညာရှင် တွိုင်းက ပြန်လည် ဖြေလိုက်၏။ “အိပ်မက်ဆိုးကျောက်တုံး ကိရိယာ တစ်ခုကို ပြုပြင်မယ် ဆိုရင် ၃ မိနစ်လောက်ပဲ ကြာပါမယ်။ ဒါပေမဲ့ အသံလှိုင်း ပျံသန်းရေး သားရဲ တစ်ကောင်ချင်းစီရဲ့ ခေါင်းကို ဖွင့်၊ ကိရိယာကို ထုတ်ယူပြီး ပြန်ထည့်မယ် ဆိုရင်တော့ ၃ နာရီလောက် ကြာပါလိမ့်မယ်။”

အံ့သြဖွယ် ကောင်းလှသည်။ ဤအမြန်နှုန်းမှာ သဘာဝလွန်နေပြီဖြစ်၏။

ရှမ့်လန်က အမိန့်ပေး လိုက်သည်။ “ချက်ချင်း လုပ်ဆောင်မယ်။ ပထမဆုံး မျိုးဗီဇပြောင်း အသံလှိုင်း သားရဲကြီး ၄ ကောင်ကို အရင် ပြုပြင်မယ်။ ကျုပ် ချက်ချင်း အသုံးပြုစရာ ရှိတယ်။”

“အမိန့်တော် အတိုင်းပါ။” မဟာပညာရှင် တွိုင်းက ခါးညွတ်လိုက်၏။

...

နောက်ပိုင်းတွင် ရှမ့်လန်နှင့် မဟာပညာရှင် တွိုင်းတို့ ပြိုင်တူ လုပ်ဆောင်ကြသည်။ တစ်ယောက်က သိပ္ပံပညာရှင်၊ တစ်ယောက်က ဆရာဝန် ဖြစ်ပေသည်။ သူတို့သည် အိပ်မက်ဆိုးကျောက်တုံး စစ်ဓားကို အသုံးပြု၍ မျိုးဗီဇပြောင်း အသံလှိုင်း သားရဲကြီးများ၏ ဦးခေါင်းခွံကို ဖွင့်ကာ အိပ်မက်ဆိုးကျောက်တုံး ကိရိယာကို ထုတ်ယူ၊ ပြုပြင်ပြီး ပြန်လည် ထည့်သွင်းကြသည်။

ဤသည်မှာ အနုစိတ်ဆုံး ခွဲစိတ်မှုများထဲမှ တစ်ခု ဖြစ်ပေလိမ့်မည်။ လောလောဆယ်တွင် တွိုင်းနှင့် ရှမ့်လန်မှလွဲ၍ အခြား မည်သူမှ ဝင်ရောက် ကူညီနိုင်ခြင်း မရှိပေ။ ၁၂ နာရီ ကြာမြင့်ပြီးနောက် ခွဲစိတ်မှု ပြီးစီးသွားခဲ့သည်။

လူနှစ်ယောက်သည် မျိုးဗီဇပြောင်း အသံလှိုင်း သားရဲကြီး ၈ ကောင်အား ခွဲစိတ်ပြုပြင်မှု ပြီးမြောက်ခဲ့သည်။ ဤမျိုးဗီဇပြောင်း အသံလှိုင်း သားရဲကြီးများသည် အရွယ်အစား ကြီးမားသော်လည်း ခေါင်းထဲရှိ အိပ်မက်ဆိုး ကျောက်တုံး ကိရိယာမှာ အခြား အသံလှိုင်း ပျံသန်းရေး သားရဲများနှင့် ထပ်တူပင် ဖြစ်သည်။ အားလုံးကို ထုတ်ယူ၊ ပြုပြင်ပြီး ပြန်လည် ထည့်သွင်းခဲ့ခြင်း ဖြစ်၏။

ဦးခေါင်းခွံ ဒဏ်ရာကို ချုပ်ရိုးချုပ်ရန် အတွက်မူ ရှမ့်လန်သည် အလွန် ခေတ်မီသည်။ ချုပ်ရိုး ကြိုးများ အစား သံမှိုများကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ဒဏ်ရာ ပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်း တားဆီးရန် လိုအပ်သည်လား။ လုံးဝ မဖြစ်နိုင်ပေ။ ဤအသံလှိုင်း ပျံသန်းရေး သားရဲကြီးများ၏ ခန္ဓာကိုယ်သည် အလွန် သန်မာလှသည်။ ထိုသို့ လုပ်ဆောင်ရန် လုံးဝ မလိုအပ်ချေ။

နောက်တစ်ဆင့်အနေဖြင့် ပြုပြင်ပြီးသော မျိုးဗီဇပြောင်း အသံလှိုင်း သားရဲကြီးများ ဘက်ပြောင်း၊ မပြောင်း စမ်းသပ် နိုးထစေရန် ဖြစ်သည်။

“အဆင်သင့်ပြင်... လွှတ်...”

ပညာရှင်တွိုင်းက အထူးပြုလုပ်ထားသော အိပ်မက်ဆိုးကျောက်တုံး ကိရိယာကို လှည့်လိုက်ပြီး မူလ မျိုးဗီဇပြောင်း သားရဲကြီးများ၏ ဦးနှောက်ကို လှုံ့ဆော်လိုက်ရာ ချက်ချင်းပဲ နိုးထလာကြသည်။ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီးနောက် မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ ခဏအကြာတွင် ၎င်း၏ မျက်လုံးများ ဝေဝါးသွားပြီး သတိထားမှုများ ပြည့်နှက်နေသကဲ့သို့ ရှိသော်လည်း ယခင်ကဲ့သို့ ရန်လိုမုန်းတီးမှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ရှမ့်လန်က ရှေ့သို့ တိုးသွားပြီး သူ၏ လက်ထဲရှိ ရှေးဟောင်းဘုရင် လက်စွပ်ကို အသုံးပြုကာ အိပ်မက်ဆိုး ကျောက်တုံး လက်ခံကိရိယာ ဖြစ်သည့် ခေါင်းပေါ်ရှိ ဦးချိုကို အသာအယာ ထိတွေ့လိုက်၏။ ရုတ်တရက် ဆိုသလို ရှေးဟောင်းဘုရင် လက်စွပ်က အလင်းရောင် တစ်ချက် လက်သွားခဲ့သည်။

ဤအသံလှိုင်း မျိုးဗီဇပြောင်း သားရဲကြီးသည်လည်း ပြင်းထန်စွာ တုန်ခါသွားပြီး ရှမ့်လန်ကို ရုတ်တရက် လှမ်းကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် ရင်းနှီးသော ခံစားမှုမျိုး ပြန်လည် ရောက်ရှိလာခဲ့ပြန်သည်။ ၎င်းသည် Bluetooth ချိတ်ဆက်လိုက်သကဲ့သို့ ထိန်းချုပ်မှုကို တိုက်ရိုက် ရရှိသွားခဲ့ခြင်း ဖြစ်၏။

သို့သော်ငြား အသံလှိုင်း ပျံသန်းရေး သားရဲများသည် စက်ရုပ်များ မဟုတ်ကြပေ။ သက်ရှိများ ဖြစ်ကြပြီး ဉာဏ်ရည်မြင့် သတ္တဝါများ ဖြစ်ကြသည်။ ရှေ့မှောက်ရှိ ရှမ့်လန်သည် ယခင်က ၎င်းတို့ကို ထိန်းချုပ်ခဲ့သော သခင် မဟုတ်ကြောင်း ရှင်းလင်းစွာ ခံစားမိနေကြ၏။ စိတ်တွင်း၌ အနည်းငယ် ရုန်းကန်နေပုံ ပေါ်သည်။

ထို့နောက်တွင်မူ ၎င်းသည် နာခံရန် ရွေးချယ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်လာခဲ့မှု၏ ရလဒ်ပင် ဖြစ်သည်။ စိတ်ခံစားမှု အားလုံးကို ဘေးဖယ်ထားပြီး ဦးနှောက်ထဲရှိ အထူး စွမ်းအင်လှိုင်းများကိုသာ နာခံ၏။

ရှမ့်လန်၏ ရှေးဟောင်းဘုရင် လက်စွပ်မှ အဆက်မပြတ် ထုတ်လွှတ်နေသော စွမ်းအင်လှိုင်းများသည် ဦးနှောက်ထဲရှိ အိပ်မက်ဆိုးကျောက်တုံး ကိရိယာမှ လက်ခံရရှိပြီးနောက် အလွန် နှစ်သက်ဖွယ် ကောင်းသော အရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဦးနှောက်ရှိ စိတ်လှုပ်ရှားမှု ဗဟိုချက်ကို လှုံ့ဆော်ပေးနေသကဲ့သို့ ဖြစ်နေသည်။

ဤမျိုးဗီဇပြောင်း သားရဲကြီးသည် အိမ်မွေးတိရစ္ဆာန်ကဲ့သို့ အော်မြည်လိုက်ပြီး ကြီးမားသော ဦးခေါင်းကြီးကို မြေကြီးပေါ်သို့ ချလိုက်၏။

ထို့နောက် ရှမ့်လန်သည် ကျန်ရှိနေသော မျိုးဗီဇပြောင်း အသံလှိုင်း ပျံသန်းရေး သားရဲကြီး ၁၁ ကောင်ကို ဆက်တိုက် နိုးထစေခဲ့ပြီး တစ်ကောင်မကျန် အားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

...

“အဆင်သင့်ပြင်...”

“ပျံတက်...”

ဤသည်မှာ အမှန်တကယ်ပင် ကြီးမားသော စီမံကိန်းကြီး တစ်ခု ဖြစ်သည်။ အထူးနဂါးအရှိန်အဝါ ပစ်လွှတ်စင်နှင့် အထူးနဂါးနောင်တများကို မျိုးဗီဇပြောင်း အသံလှိုင်း သားရဲကြီး ၄ ကောင်၏ လည်ပင်းအောက်တွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။

ဤမျိုးဗီဇပြောင်း သားရဲကြီး ၄ ကောင်သည် တပြိုင်နက် ပျံသန်းရမည်ဖြစ်ပြီး အမြင့်နှင့် အမြန်နှုန်းကို တူညီစွာ ထိန်းသိမ်းထားရမည်။ ခေတ်မီ လေယာဉ်များ အတွက်ပင် ခက်ခဲသောကိစ္စ ဖြစ်သော်လည်း ၎င်းတို့သည် ခြားနားချက် မရှိဘဲ လုပ်ဆောင်နိုင်ခဲ့ကြသည်။ ရှေးဟောင်း လူသားအင်ပါယာသည် တကယ်ပင် အံ့သြဖွယ် ကောင်းလှပေသည်။ ဦးနှောက်ထဲရှိ အိပ်မက်ဆိုးကျောက်တုံး ကိရိယာကို အားကိုးပြီး တညီတညွတ်တည်း ထိန်းချုပ် ကွပ်ကဲနိုင်ခဲ့၏။

သို့သော်ငြား ရှမ့်လန်သည် တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုများအတွက် အထူး အထူးသော ကောင်းကင် ခံတပ်တစ်ခု တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ ဤမျိုးဗီဇပြောင်း သားရဲကြီးများကို ဆက်လက် အသုံးမပြုလိုတော့ပေ။

“ဝုန်း... ဝုန်း... ဝုန်း...”

မျိုးဗီဇပြောင်း သားရဲကြီး ၄ ကောင်သည် အထူးနဂါးအရှိန်အဝါကို ချိတ်ဆွဲလျက် မီတာ ၁၉,၀၀၀ အမြင့်သို့ ပျံတက်သွားကြပြီး ရှမ့်လန်၏ အမိန့်ပေးမှုအောက်တွင် ချန်နိုင်ငံသစ်ဆီသို့ ဦးတည် ပျံသန်းသွားကြသည်။ ယနေ့မှ စတင်၍ ရှမ့်လန်၏ တော်ဝင်ချန် အင်ပါယာတွင်လည်း တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်း ရှိသွားခဲ့ပြီ ဖြစ်သည်။

‘တော်ဝင်ရန် အင်ပါယာ... ခင်ဗျားတို့ရဲ့ မာန်မာနတွေကို သိမ်းထားလိုက်ပါတော့။’

...........

၁၅ ရက် အတွင်းမှာပဲ တော်ဝင်ရန် အင်ပါယာသည် လျှို့ဝှက်တပ်တော် အင်အား ၂၅၀,၀၀၀ ကို စုရုံးနိုင် ခဲ့သည်။ အမိန့်တစ်ချက် ပေးလိုက်သည်နှင့် ချန်နိုင်ငံသစ် အတွင်းသို့ ဝင်ရောက် သတ်ဖြတ်ကာ ရှမ့်လန်၏ တော်ဝင်ချန် အင်ပါယာအပေါ် အရက်စက်ဆုံး ကလဲ့စားချေမှုကို ပြုလုပ်နိုင်မည် ဖြစ်သည်။ တော်ဝင်ရန် အင်ပါယာ၏ ဂုဏ်သိက္ခာကို ထိပါး၍ မရနိုင်ပေ။

သို့သော်ငြား တော်ဝင်ရန် အင်ပါယာ၏ စွမ်းအားကြီးမားသော စုရုံးလှုပ်ရှားနိုင်မှု ရှိသော်လည်း လဝက် အတွင်း လျှို့ဝှက်တပ်တော် ၂၅၀,၀၀၀ လုံးကို စုစည်းပြီး တပြိုင်နက် တောင်ဘက်သို့ ချီတက်ရန်မှာ မဖြစ်နိုင်ပေ။

တော်ဝင်ရန် အင်ပါယာ၊ ကျင်းနိုင်ငံ၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်နှင့် တုံ့ကျန်းဘုရားကျောင်း စသည့် လျှို့ဝှက်တပ်တော် လေးခုသည် သီးခြားစီ စုရုံးကာ ထွက်ခွာလာကြသည်။ နောက်ဆုံးတွင် ချန်နိုင်ငံသစ် အတွင်းသို့ ဝင်ရောက် သတ်ဖြတ်ကြမည်။

ကျင်းနိုင်ငံက အနောက်ဘက်မှ၊ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်က အရှေ့ဘက်မှ၊ တော်ဝင်ရန် အင်ပါယာ လျှို့ဝှက်တပ်တော်က မြောက်ဘက်မှ၊ တုံ့ကျန်းဘုရားကျောင်း တပ်ဖွဲ့က အနောက်မြောက်ဘက်မှ အသီးသီး တိုက်ခိုက်ကြမည် ဖြစ်သည်။

ဝူ၊ ချောင်နှင့် ရွဲ့နိုင်ငံတို့နှင့်ယှဉ်လျှင် ချန်ပြည်သူများက ရှမ့်လန်အပေါ် ယုံကြည်မှု သိပ်မရှိကြပေ။ သူတို့ အားလုံး စိုးရိမ်ထိတ်လန့်နေကြ၏။ လွန်ခဲ့သည့် နှစ် ၃၀ က မြင်ကွင်းများ ပြန်လည် ရောက်ရှိလာတော့မည်။ ချန်နိုင်ငံသစ်သည် နောက်တစ်ကြိမ် ပျက်သုဉ်းရတော့မည်။ ယခုတစ်ကြိမ်တွင် တော်ဝင်ရန် အင်ပါယာ၏ မြင်းခွာအောက်၌ လူပေါင်း မည်မျှ သေဆုံးရမည်ကို မည်သူမှ မသိနိုင်ပေ။

လူအများစု သတင်းကြားထားပြီး ဖြစ်သည်။ တော်ဝင်ရန်အင်ပါယာ၏ ဂုဏ်သိက္ခာအတွက်၊ ရှမ့်လန်နှင့် တော်ဝင်ချန်အင်ပါယာကို သွေးစွန်းသော သင်ခန်းစာပေးရန်အတွက်၊ ဤတစ်ကြိမ်တွင် တော်ဝင်ရန် အင်ပါယာသည် သတ်ဖြတ်ပွဲ ကျင်းပပေတော့မည်။ သန်းနှင့်ချီသော လူများကိုပင် သတ်ဖြတ်ကောင်း သတ်ဖြတ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် ရှမ့်လန်သည် နုရှောင့်မြို့၌ ရန်မြို့တော်၏မျက်နှာကို ပြင်းထန်စွာ ရိုက်ပုတ်ခဲ့သောကြောင့်ပင်။

အစပိုင်းတွင် ချန်ပြည်သူများသည် ရှမ့်လန်အနေဖြင့် နောက်ထပ် အံ့ဖွယ်အမှုတစ်ခု ဖန်တီးကာ သူတို့ကို ကာကွယ်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသေးသည်။ နုရှောင့်မြို့မှ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော တပ်တော်သည် ချန်နိုင်ငံသစ်သို့ ပျံသန်းရောက်ရှိလာပြီး သူတို့ကို ကာကွယ်ပေးမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော်ငြား နုရှောင့်မြို့ ဘက်မှ မည်သူတစ်ဦးတစ်ယောက်မှ ရောက်ရှိမလာခဲ့ပေ။

ရှမ့်လန် ချန်နိုင်ငံသစ်တွင် ချထားခဲ့သော စစ်သည်အင်အား ၈၀,၀၀၀ ပင်လျှင် မည်သည့် လှုပ်ရှားမှုမှ မရှိပေ။ ချန်နိုင်ငံသစ်နှင့် တော်ဝင်ရန် အင်ပါယာ နယ်စပ်သို့ ချီတက်သွားခြင်း မရှိပေ။ တိုင်းပြည်ကို ကာကွယ်လိုသည့် အရိပ်အယောင် လုံးဝ မပြပေ။

ဤတစ်ကြိမ်တွင် ချန်ပြည်သူ အများစုမှာ မျှော်လင့်ချက် ကင်းမဲ့ကာ ထွက်ပြေးကြသည်။ အချို့မှာ ဝူ၊ ချောင်၊ ရွဲ့ပြည်နယ်များသို့ ထွက်ပြေးကြပြီး အချို့မှာ လျန်နိုင်ငံ၊ ကျင်းနိုင်ငံတို့သို့ ထွက်ပြေးကြသည်။ အချို့မှာမူ ရန်သူ့နယ်မြေထဲသို့ ဝင်ရောက်ကာ တော်ဝင်ရန်အင်ပါယာ၏ ပြည်သူအဖြစ် ခိုလှုံရန် ကြိုးစား ကြ၏။ ဤသည်မှာ ရန်သူထံ အညံ့ခံခြင်းပင်။

ချန်နိုင်ငံသစ် အတွင်း၌ မကြုံစဖူး ပြင်းထန်ပြီး ဆန့်ကျင်ဘက် ဖြစ်နေသော အသံနှစ်မျိုး ထွက်ပေါ်နေသည်။ တစ်ဖက်က အင်ပါယာရှမ့်လန်သည် နောက်ထပ် အံ့ဖွယ်အမှုတစ်ခု ဖန်တီးပြီး ချန်နိုင်ငံသစ်ကို ကာကွယ်ပေး လိမ့်မည်ဟု ယုံကြည်ကြသည်။

အခြားတစ်ဖက်ကမူ ရှမ့်လန်သည် တကယ့်ကို ဂြိုဟ်ဆိုး ဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျန်းမျိုးနွယ် တစ်ခုလုံးသည် ဂြိုဟ်ဆိုးများ ဖြစ်ကြသည်။ လွန်ခဲ့သည့် နှစ် ၃၀ ကျော်က ကျန်းလီ၏ ပျက်စီးမှုသည် ချန်ပြည်သူအားလုံးကို မျိုးသုဉ်းမည့် ကပ်ဘေး ဆိုက်ရောက်စေခဲ့သည်။ ယခု သူ၏ သားအလှည့် ရောက်လာပြန်ပြီ။

All Chapters