← Chapters

အခန်း (၁၂၀၉-၁၂၁၀)

Vol. 70 Ch. 1209-1210

အခန်း (၁၂၀၉-၁၂၁၀)

Vol. 70 Ch. 1209-1210

အပိုင်း (၁၂၀၉)

“မဲပေးတုန်းက ရှမ့်လန်ကို ဘယ်တော့မှ မရွေးနဲ့လို့ ကျုပ် ပြောခဲ့တယ်မလား။ အင်ပါယာ ရင်ကွမ်းကိုပဲ ရွေးသင့်တာ။ အခု နောင်တရပြီလား။ အခု ကြောက်တတ်ပြီလား။”

“ရှမ့်လန်က ကြွားလုံးထုတ်ဖို့ပဲ သိတယ်။ လေကြီးဖို့ပဲ သိတယ်။ တော်ဝင်ရန် အင်ပါယာရဲ့ တပ်တော် ရောက်လာတော့မယ်။ ရှမ့်လန်ရဲ့ တပ်တော် ဘယ်မှာလဲ။ ပြည်သူတွေကို ကာကွယ်မယ်ဆို၊ ဘယ်ရောက်နေလဲ။ သူက ဂြိုဟ်ဆိုးပဲ။ ဘေးအန္တရာယ်ကောင်ပဲ။”

“နှမြောစရာပဲ။ အင်ပါယာ ရင်ကွမ်းသာ သေမသွားရင် ဒီနေ့ ကျုပ်တို့ ဒီလို အဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ဘူး။”

အခြားတစ်ဖက်ကမူ ရှမ့်လန်သည် သူတို့ကို ကယ်တင်ရန် သေချာပေါက် လှုပ်ရှားလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။

“ခင်ဗျားတို့လို အသုံးမကျတဲ့ကောင်တွေက တော်ဝင်ချန် အင်ပါယာရဲ့ ပြည်သူဖြစ်ဖို့ မထိုက်တန်ဘူး။ ခင်ဗျားတို့ရဲ့ ခါးရိုးတွေ ကျိုးနေပြီ။ ခင်ဗျားတို့အားလုံး အသုံးမကျတဲ့ ကောင်တွေပဲ။”

“တော်ဝင်ရန် အင်ပါယာရဲ့ သန်းချီတဲ့ တပ်တော်ကြီး ဝူ၊ ချောင်၊ ရွဲ့ပြည်နယ်တွေကို တိုက်ခိုက်တုန်းက ချောင်ပြည်သူတွေ၊ ရွဲ့ပြည်သူတွေ ဘယ်လောက် စိတ်ဓာတ် ပြင်းပြခဲ့သလဲ။ သူတို့ ကြောက်ခဲ့သလား။ ချောင်ဘုရင် ကိုယ်တိုင်တောင် တော်ဝင်ရန် အင်ပါယာ တပ်တော်ကို တိုက်ခိုက်ခဲ့တာ။”

“အဲဒီတုန်းက အခြေအနေက ဒီနေ့ထက် ပိုပြီး မျှော်လင့်ချက် မမဲ့ဘူးလား။ နောက်ဆုံး ဘာဖြစ်သွားလဲ။ အင်ပါယာ ရှမ့်လန် နိုင်သွားတာပဲ။ တင်းယွမ်မြို့ တိုက်ပွဲမှာ တော်ဝင်ရန်အင်ပါယာရဲ့ အနောက်ဘက်ခြမ်း တပ်တော် စစ်သည် ၆၅၀,၀၀၀ ကို ချေမှုန်းပြီး ဝူ၊ ချောင်၊ ရွဲ့ပြည်နယ်တွေရဲ့ ငြိမ်းချမ်းရေးကို ကာကွယ်ပေးခဲ့တာပဲ။”

ဆန့်ကျင်ဘက် အဖွဲ့များက တစ်ဖက်နှင့် တစ်ဖက် နားချ၍ မရသောကြောင့် ခြေထောက်ဖြင့် မဲပေးရန် ရွေးချယ်လိုက်ကြသည်။ ရှမ့်လန်နှင့် ကျန်းမိသားစုကို ယုံကြည်သူများသည် ချန်နိုင်ငံသစ် အတွင်း ဆက်လက် နေထိုင်ကြသည်။ မယုံကြည်သူများ အားလုံး ထွက်ပြေးကြသည်။ အများစုမှာ ရန်သူ့နယ်မြေထဲသို့ ဝင်ရောက်ကာ တော်ဝင်ရန် အင်ပါယာ၏ ပြည်သူ ဖြစ်ရန် ကြိုးစားကြ၏။

သို့သော်ငြား ရှမ့်လန် အံ့ဖွယ်အမှု ဖန်တီးနိုင်မည်ဟု ယုံကြည်သူများပင်လျှင် စိတ်ထဲ၌ ကြောက်ရွံ့ စိုးရိမ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ် ၃၀ က မြင်ကွင်းမှာ အလွန် နာကျင်ဖွယ် ကောင်းလှသောကြောင့်ပင်။

ဝူ၊ ချောင်၊ ရွဲ့ပြည်နယ်မှ ပြည်သူများသည် ရှမ့်လန်၏ အံ့ဖွယ်အမှုများကို မြင်တွေ့ခဲ့ရပြီး ရှမ့်လန်၏ ကာကွယ်မှုကို ရရှိခဲ့သော်လည်း ချန်ပြည်သူများမှာမူ မရရှိခဲ့ပေ။ ထို့ကြောင့် ယေဘုယျအားဖြင့် ချန်နိုင်ငံသစ် တစ်ခုလုံးသည် ထိတ်လန့်ခြင်း၊ အဆိုးမြင်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ ဖုံးလွှမ်းနေဆဲပင် ဖြစ်သည်။

.......

ရန်မြို့တော်၏ တောင်ဘက်၌ စစ်သည်အင်အား တစ်သိန်းခွဲခန့် စုရုံးရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းတို့ အထဲတွင် နှင်းလင်းယုန် တပ်ဖွဲ့ ၂၀,၀၀၀၊ အသံလှိုင်း ပျံသန်းရေး သားရဲ ၃,၀၀၀၊ လျှို့ဝှက်တပ်ဖွဲ့ ၁၀၀,၀၀၀ နှင့် ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေး တပ်ဖွဲ့ ၂၀,၀၀၀ တို့ ပါဝင်သည်။ စုစုပေါင်း အင်အား ၁၅၀,၀၀၀ ခန့် ရှိသည်။ တပ်ဖွဲ့ ၁၅၀,၀၀၀ ကို ဦးဆောင်သူများမှာ မင်းသမီး ကျိရွှမ်နှင့် မင်းသားလျန်တို့ ဖြစ်၏။

တော်ဝင်ရန် အိမ်ရှေ့စံက အမိန့်ပေးလိုက်သည်။ “ချန်နိုင်ငံသစ်ထဲကို ဝင်ရောက် တိုက်ခိုက်ပြီး တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်မယ်။ တစ်လ အတွင်း ချန်နိုင်ငံသစ် တစ်ခုလုံးကို သိမ်းပိုက်ရမယ်။”

“အမိန့်တော် အတိုင်းပါ။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်၏။ “ချန်နိုင်ငံသစ်ရဲ့ ပြည်နယ်တွေကို ဖြတ်သန်းတဲ့အခါ လက်မတွန့်ကြနဲ့။ လောကကြီး တုန်လှုပ်သွားအောင် အပြင်းထန်ဆုံး နည်းလမ်းတွေကို သုံးပြီး တော်ဝင်ချန် အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်ရမယ်။”

“နားလည်ပါပြီ။”

“ချီတက်... ချန်နိုင်ငံသစ်ထဲကို ဝင်ရောက် တိုက်ခိုက်ပြီး တစ်နိုင်ငံလုံးကို သိမ်းပိုက်ကြ။” သူ အမိန့်ပေး လိုက်သည်နှင့် စစ်သည်အင်အား ၁၅၀,၀၀၀ သည် ခံ့ညားထည်ဝါစွာ တောင်ဘက်သို့ ချီတက်လာပြီး ချန်နိုင်ငံသစ်ဆီသို့ ဦးတည် လာကြသည်။

...........

တုံ့ကျန်းဘုရားကျောင်းသည်လည်း ဤတစ်ကြိမ်တွင် ဘုန်းကြီးစစ်သည် အပါး ၂၅,၀၀၀ စေလွှတ်လိုက်ပြီး ဘုန်းတော်ကြီးချုပ် ကိုယ်တိုင် ဦးစီးလိုက်သည်။ လောကပေါ်ရှိ အင်အားကြီး အဖွဲ့အစည်းများ အနက် တုံ့ကျန်းဘုရားကျောင်း ထက် ရှမ့်လန်ကို ပိုမုန်းသောသူ မရှိပေ။

ထျန်းရွဲ့မြို့တိုက်ပွဲနှင့် တင်းယွမ်မြို့ တိုက်ပွဲတွင် တုံ့ကျန်းဘုရားကျောင်းသည် ရှမ့်လန် လက်ထဲ၌ အထူး ဘုန်းကြီးစစ်သည် ၃၀,၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်။ တုံ့ကျန်းဘုရားကျောင်းသည် စေတီတောင်လောက် အင်အားမကြီးပေ။ တုံ့ကျန်းဘုရားကျောင်း တစ်ခုလုံး၏ လျှို့ဝှက်တပ်ဖွဲ့ အင်အားမှာ ၇၀,၀၀၀ ထက် မကျော်လွန်ပေ။

တိုက်ပွဲ နှစ်ကြိမ်ပြီးနောက် တုံ့ကျန်းဘုရားကျောင်းသည် ရှမ့်လန်ကို အရိုးထဲထိအောင် မုန်းတီး နေသော်လည်း ထပ်မံ ရန်မစလိုတော့ပေ။ ရှမ့်လန်နှင့်လည်း မတိုက်ခိုက်ချင်တော့ပေ။ သို့သော်ငြား တုံ့ကျန်းဘုရားကျောင်းသည် ရန်မြို့တော်၏ အမိန့်ကို မလွန်ဆန်နိုင်ပေ။

တော်ဝင်ရန် အင်ပါယာနှင့် ရှမ့်လန် နှစ်ဦးအနက် တစ်ဦးကို ရွေးချယ်ရမည် ဆိုလျှင် တုံ့ကျန်းဘုရားကျောင်း သည် တော်ဝင်ရန် အင်ပါယာဘက်၌ ရပ်တည်ရန် ရွေးချယ်မည်မှာ အသေအချာပင်။ တော်ဝင်ရန် အင်ပါယာသည် နုရှောင့်မြို့ တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း တုံ့ကျန်းဘုရားကျောင်း၏ အမြင်တွင် တော်ဝင်ရန် အင်ပါယာသည် ရှမ့်လန်ထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။

ထို့အပြင် အင်အားကြီး အဖွဲ့အစည်းများ အနေဖြင့် ရာစုနှစ်များစွာ အတွင်း မကြုံဖူးသော ကြီးမားသည့် အပြောင်းအလဲနှင့် ရင်ဆိုင်နေရသည်။ ကောင်းကင်ပင်လယ်နန်းဆောင် ပျောက်ကွယ်သွားပြီ ဖြစ်သလို စေတီတောင်လည်း ပျက်စီးသွားပြီ ဖြစ်သည်။ ရှန့်ကုန်းဘုရားကျောင်းမှာမူ မာနကြီးလွန်းခြင်း၊ ဟန်ဆောင်ကောင်းလွန်းခြင်းနှင့် သီးခြားနေလွန်းခြင်းတို့ ရှိသည်။ ထို့ကြောင့် တုံ့ကျန်းဘုရားကျောင်း ကြီးပွားမည့်အချိန် ရောက်လာပြီ ဖြစ်၏။

တော်ဝင်ရန် အင်ပါယာ အိမ်ရှေ့စံသည် ကောင်းကင်ပြစ်ဒဏ်နန်းဆောင်အပေါ် မကျေနပ်ကြောင်း သတင်းကို တုံ့ကျန်းဘုရားကျောင်း ရရှိထားသည်။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင် ဆက်ခံသူ နေရာလုပွဲတွင်လည်း ဝင်ရောက် စွက်ဖက်ခဲ့သည်။ သခင်လေး ကျိဝူလျန်နှင့် မင်းသမီး ကျိဝူရွှမ်တို့သည် မည်သို့မှ စေ့စပ်၍ မရသော ရန်သူများ ဖြစ်ကြသည်။

ဤအခြေအနေတွင် တုံ့ကျန်းဘုရားကျောင်းက သစ္စာစောင့်သိမှုကို ပြသနိုင်သမျှ တော်ဝင်ရန် အင်ပါယာက တုံ့ကျန်းဘုရားကျောင်းကို ထောက်ပံ့ပေးလိမ့်မည်။ ရန်မြို့တော်က မဟာဗျူဟာမြောက် အရင်းအမြစ် အချို့ကို ခွဲဝေပေးလိုက်သည်နှင့် တုံ့ကျန်းဘုရားကျောင်းသည် အဆများစွာ ပိုမို အင်အားကြီးလာပေလိမ့်မည်။ ထို့အပြင် တုံ့ကျန်းဘုရားကျောင်းသည် ပိုမို တုန်လှုပ်ဖွယ် ကောင်းသော သတင်းတစ်ခုကို ရရှိလိုက်၏။

အင်ပါယာ ကိုယ်တိုင် တရားကျင့်ရာမှ ထွက်လာတော့မည် ဟူသည့် သတင်းပင်။ ထိုသို့ ထွက်လာပါက ဤလောက၏ အဆုံးစွန် အာဏာကို ဆုပ်ကိုင်တော့မည်။ ထိုအချိန်ရောက်လျှင် အင်ပါယာ၏ အလိုဆန္ဒကို ဖောက်ဖျက်ရဲသူ မည်သူမဆို၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် နိုင်ငံ၊ မည်သူမဆို ပြာကျသွားရပေမည်။ တော်ဝင်ရန် အင်ပါယာ နန်းတော်၏ တားမြစ်မျှော်စင် အတွင်း၌ ရှေးဟောင်းနဂါး တစ်ကောင် ရှိနေသည်ဟူသော ကောလာဟလများပင် ထွက်ပေါ်နေခဲ့သည်။

မီးနဂါးကြယ်တံခွန် လောကမြေထက်သို့ ပျက်ကျပြီးနောက် နဂါးသည် တဖြည်းဖြည်း ပြန်လည် နိုးထလာခဲ့၏။ အင်ပါယာသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တရားကျင့်ကြံရင်း နဂါးကို နားလည်ရန်နှင့် ထိန်းချုပ်နိုင်ရန် ကြိုးစားနေခဲ့သည်။ သူသာ နဂါးနှင့် တစ်သားတည်း ဖြစ်သွားခဲ့ပါက အနှိုင်းမဲ့ ဖြစ်လာပေလိမ့်မည်။ အင်ပါယာ အနေဖြင့် လက်တစ်ဖက် လှုပ်ရှားလိုက်ရုံမျှဖြင့် ရန်သူများအားလုံး အပိုင်းပိုင်းအစစ ဖြစ်သွားရမည်။

ဤသို့သော အခြေအနေမျိုးတွင် တုံ့ကျန်းဘုရားကျောင်းသည် နောက်ဆုံးအကြိမ် လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဤတစ်ကြိမ်တွင် မအောင်မြင်ခဲ့ပါက နောင်အနာဂတ်တွင် သူတို့အတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

အင်ပါယာ တရားကျင့်ရာမှ ထွက်လာသည်နှင့် တပြိုင်နက် လောကကြီးကို ပေါင်းစည်းပြီး ရန်သူဟူသမျှကို ဖျက်ဆီးပစ်ပေလိမ့်မည်။ ထိုအချိန် ရောက်လာပါက အင်ပါယာ၌ ရန်သူဟူ၍ ရှိတော့မည် မဟုတ်သောကြောင့် တုံ့ကျန်းဘုရားကျောင်းအနေဖြင့် သစ္စာစောင့်သိကြောင်း ပြသလိုလျှင်ပင် အခွင့်အရေး ရရှိတော့မည် မဟုတ်ချေ။

“ကျုပ်တို့ ဘက်ရွေးပြီးမှတော့ နောက်ပြန်မလှည့်ကြေးပဲ။ ဒါက တုံ့ကျန်းဘုရားကျောင်းရဲ့ နောက်ဆုံး အခွင့်အရေးပဲ။ ဒီအခွင့်အရေးသာ လွတ်သွားရင် ကျုပ်တို့ ဘယ်တော့မှ ပြန်ခေါင်းထောင်နိုင်တော့မှာ မဟုတ်ဘူး။”

“ရှမ့်လန်နဲ့ တုံ့ကျန်းဘုရားကျောင်းကြားက အမုန်းတရားက ပင်လယ်လို နက်ရှိုင်းတယ်။ ကျုပ်တို့က ဘယ်လိုမှ ပြန်အဆင်ပြေလို့မရတဲ့ ရန်သူတွေပဲ။ သူ့လက်ထဲမှာ တုံ့ကျန်းဘုရားကျောင်းရဲ့ သွေးကြွေးတွေ ဘယ်လောက်တောင် များနေပြီလဲ။”

“ဒီတစ်ခါ ကျုပ်တို့က တော်ဝင်ချန် အင်ပါယာရဲ့ အနောက်မြောက် နယ်စပ်ကနေ တိုက်မှာ။ ရှမ့်လန်ရဲ့ ပင်မတပ်တော်က မိုင်ထောင်ချီဝေးတဲ့ ချန်နိုင်ငံသစ်ထဲမှာ ရှိနေတုန်းပဲ။ ပြိုင်ဘက်ဆိုလို့ တစ်ယောက်မှ မရှိဘူး။ ချန်နိုင်ငံသစ်ရဲ့ အန်းယွမ်မြို့က ရှေ့မိုင် ၃၀ အကွာမှာပဲ ရှိတော့တယ်။”

မည်သည့်နိုင်ငံ၏ နယ်စပ်မြို့မဆို အခြေခံအားဖြင့် ဝေးကွာလှပေသည်။ ရွှဲ့ပြည်နယ်၏ ထျန်းရှစ်မြို့၊ ချောင်ပြည်နယ်၏ တင်းယွမ်မြို့နှင့် ချန်နိုင်ငံသစ်၏ အန်းယွမ်မြို့တို့ ဖြစ်ကြသည်။

ရှမ့်လန်က ရင်ကွမ်းကို အနိုင်ယူပြီး ချန်နိုင်ငံသစ်ကို ထိန်းချုပ်လိုက်ပြီးနောက် အန်းယွမ်မြို့စား လီဟုန်တု သည် ရှမ့်လန်ထံ ချက်ချင်း သစ္စာခံခဲ့၏။ ဤသည်မှာ အခွင့်ကောင်းယူခြင်း မဟုတ်ပေ။ နယ်စပ်မြို့များမှ လူများသည် ပိုမို၍ သွေးဆူလွယ်ကြပြီး စိတ်ရင်းအမှန်တွင်လည်း ကျန်းမိသားစုဘက်သို့ တိမ်းညွတ်ကြသူများ ဖြစ်သည်။ ထိုစဉ်က ချန်နိုင်ငံသစ် တစ်ခုလုံး မဲပေးရွေးချယ်ကြရာ၌ အန်းယွမ်မြို့မှ ရှမ့်လန်ကို ထောက်ခံသည့် မဲအရေအတွက်မှာ အများဆုံး ဖြစ်ခဲ့သည်။

ယခုအချိန်၌ အန်းယွမ်မြို့စား လီဟုန်တုသည် စစ်သည်အင်အား ၅၀,၀၀၀ ကို ဦးဆောင်လျက် မြို့ကို ကာကွယ်စောင့်ရှောက်နေခဲ့သည်။ အစမှ အဆုံးတိုင်အောင် သူသည် ချန်နိုင်ငံသစ်ထံမှ စစ်ကူမတောင်းခဲ့ပေ။ အကြောင်းမှာ အင်ပါယာ ရှမ့်လန်သာ အန်းယွမ်မြို့ကို ကယ်တင်လိုပါက သူ စစ်ကူတောင်းရန် မလိုဟု ခံစားမိသောကြောင့် ဖြစ်၏။

အကယ်၍ ရှမ့်လန်က အန်းယွမ်မြို့ကို မကယ်တင်လိုပါက စစ်ကူတောင်းနေလည်း အချည်းနှီးသာဖြစ်ပြီး ကံကြမ္မာကိုသာ ပုံအပ်ရပေမည်။ အန်းယွမ်မြို့မှ သွေးဆူလွယ်သော ပြည်သူများနှင့် အန်းယွမ် လီမိသားစု အကြောင်းကို တစ်လောကလုံး မြင်တွေ့စေရမည် ဟူ၍သာ သူ တွေးထားသည်။

“မြို့စားမင်း... တုံ့ကျန်းဘုရားကျောင်းက ဘုန်းကြီးစစ်သည်တွေ လာနေပါပြီ။”

ချန်နိုင်ငံသစ်၏ အန်းယွမ်မြို့စား လီဟုန်တုသည် သောင်းနှင့်ချီသော တုံ့ကျန်းဘုရားကျောင်း ဘုန်းကြီး စစ်သည်များ ဒီရေအလား တိုးဝင်လာသည်ကို မြင်တွေ့နေရပြီ ဖြစ်သည်။ သူတို့သည် အန်းယွမ်မြို့နှင့် မိုင် ၂၀ အကွာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော်ငြား အန်းယွမ်မြို့ ပြင်ပသည် အကာအကွယ်မဲ့သော မြေပြန့်လွင်ပြင်ကြီးသာ ဖြစ်၏။

တုံ့ကျန်းဘုရားကျောင်းမှ အကြီးအကဲ ခွန်အက်က အော်လိုက်သည်။ “ရှေ့မိုင် ၂၀ အကွာမှာ တော်ဝင်ချန် အင်ပါယာရဲ့ အန်းယွမ်မြို့ ရှိတယ်။ ဝင်တိုက်ပြီး အကုန်သတ်ကြ။ တုံ့ကျန်းဘုရားကျောင်းက သေဆုံး သွားသူတွေ အတွက် ကလဲ့စားချေကြ။ ကလဲ့စားချေကြဟေ့။”

“သတ်... သတ်... သတ်”

တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များသည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံထားကြပြီး သွေးမျိုးဆက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင် ထားကြသူများ ဖြစ်၏။

သူတို့ထံတွင် ဘုန်းကြီးများ ရှိသင့်သည့် မေတ္တာတရားမျိုး မရှိကြတော့ပေ။ သူတို့သည် အနောက်ဘက်ဒေသရှိ တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များထက်ပင် ပိုမို၍ အစွန်းရောက်ကြသည်။

သူတို့၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာမှုများ ပြည့်နှက်နေခဲ့၏။

လူအင်အား ၂၅,၀၀၀ သည် အရူးအမူး ဝင်ရောက်လာကြသည်။ ချန်နိုင်ငံသစ် နယ်မြေထဲသို့ ခြေချမိသည်နှင့် သူတို့သည် သတ်ဖြတ်ပွဲ ဆင်နွှဲကြတော့မည် ဖြစ်သည်။ ရှမ့်လန်ကို ကလဲ့စားချေရမည်။

‘တော်ဝင်ရန် အင်ပါယာ... ဒါကို မြင်ပါရဲ့လား။ တုံ့ကျန်းဘုရားကျောင်းက အင်ပါယာအပေါ် ဘယ်လောက် သစ္စာရှိလဲ ဆိုတာ သိရဲ့လား။’

ရက်စက်ကြမ်းကြုတ်သော ဘုန်းကြီးစစ်သည် ၂၅,၀၀၀ သည် အန်းယွမ်မြို့နှင့် ပို၍ ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်၌ ရွှီခနဲ မြည်သံနှင့်အတူ တိမ်တိုက်များအလွန်မှ နဂါးနောင်တတစ်ခုသည် ကြယ်တံခွန်ကဲ့သို့ ပျံသန်းရောက်ရှိလာခဲ့၏။ စက္ကန့်ပိုင်း အတွင်းမှာပင် အထူးနဂါးနောင်တသည် တုံ့ကျန်း ဘုရားကျောင်း ဘုန်းကြီးစစ်သည်များ အကြားသို့ ကျရောက် ပေါက်ကွဲသွားခဲ့၏။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

နေမင်းထက် ပိုမိုတောက်ပသော အလင်းရောင်များ ဖြာထွက်လာခဲ့သည်။ ဖျက်ဆီးခြင်း စွမ်းအင်များ ထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ် ကောင်းသော ငရဲပန်းပွင့်ကြီး ပွင့်လန်းလာခဲ့သည်။

တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုကြီး ကျရောက်လာခဲ့ပြီ ဖြစ်သည်။ ချန်နိုင်ငံသစ်ကို တိုက်ခိုက်သော တော်ဝင်ရန်အင်ပါယာ၏ အနောက်မြောက်ဘက် တပ်တော်ကြီးသည် လုံးဝ ပျက်စီးသွားခဲ့သည်။ တုံ့ကျန်းဘုရားကျောင်း၏ နောက်ဆုံးသော လျှို့ဝှက်တပ်တော်သည်လည်း လုံးဝ ဖျက်ဆီးခံလိုက်ရ၏။

...

ယခုတစ်ကြိမ် အထူးနဂါးနောင်တ၏ တိုက်ခိုက်မှုမှာ အလွန် လျင်မြန်လှသည်။ မည်သည့် သတိပေးချက်မှ မရှိခဲ့ချေ။ ပစ်လွှတ်လိုက်သည့် အချိန်မှ ပေါက်ကွဲသွားသည့် အချိန်ထိ စက္ကန့် ၃၀ ပင် မကြာမြင့်ခဲ့ပေ။ ထို့နောက် မီတာ ၃,၅၀၀ အချင်းဝက် အတွင်းရှိ အရာအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။

လွန်ခဲ့သော အချိန်ကမှ ခံ့ညားထည်ဝါစွာ ရန်လိုတိုက်ခိုက်လာကြသော တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီး စစ်သည်များသည် လေထဲတွင် အငွေ့ပျံသွားသကဲ့သို့ ပျောက်ဆုံးကုန်ကြ၏။ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသည် အန်းယွမ်မြို့နှင့် မီတာ ၁၁,၀၀၀ ခန့် ကွာဝေးသည်။ ဤအကွာအဝေးတွင် သေစေနိုင်သော အစွမ်းမရှိတော့ပေ။ သို့သော်ငြား မကြုံစဖူးသော တုန်ခါမှုကို ခံစားလိုက်ကြရ၏။

အချိန်အတန်ကြာမှသာ အခင်းဖြစ်ပွားရာ နေရာရှိ လူများသည် အမြင်အာရုံ ပြန်လည် ရရှိလာကြသည်။ ထို့နောက် ပြင်းထန်သော လေလှိုင်းများ တိုက်ခတ်လာခဲ့၏။ မျက်နှာကို လာရောက် ရိုက်ခတ်သော လေပူများသည် အလွန် နာကျင်စေသည်။ မျက်နှာပေါ်ရှိ အမွေးအမျှင်များပင် မီးလောင်ကျွမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

အမှန်တကယ်တွင် ဤနေရာသည် သွေးထွက်သံယို မဖြစ်၊ ရက်စက်ကြမ်းကြုတ်ပုံ မပေါ်သောကြောင့် မြေပြင်ပေါ်မှ ငရဲကဲ့သို့ ခံစားရခြင်း မရှိပေ။ ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ကြီးမားသော တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်နေသည်။ အတွင်း၌ မည်သည့်အရာမှ မရှိတော့ချေ။ အလောင်းအားလုံး ပြာကျသွားခဲ့ပြီ ဖြစ်သည်။

ပေါက်ကွဲမှု၏ အစွန်းဖျား၌သာ မီးကျွမ်းနေသော အလောင်းအချို့ကို တွေ့မြင်နိုင်ပြီး မူလရုပ်သွင်ကို လုံးဝ မမှတ်မိနိုင်တော့ပေ။ ပြင်းထန်သော လေလှိုင်းများ တိုက်ခတ်လာပြီးနောက် မီးကျွမ်းနေသော အလောင်းများ သည် တိုက်ရိုက် ကြေမွသွားပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲကျရောက်သွားခဲ့၏။

အန်းယွမ်မြို့စား လီဟုန်တုသည် အရာအားလုံးကို ထိတ်လန့်တကြား ကြည့်ရှုနေမိသည်။ “ကျုပ်... ကျုပ်...”

နဂါးနောင်တအကြောင်းကို သူ ကြားဖူးနားဝရှိခဲ့ပြီး အရှင်ရှမ့်လန်သည် ထိုအရာဖြင့် ကစားရသည်ကို နှစ်သက်ကြောင်း သိထားခဲ့သည်။ သို့သော်ငြား နဂါးနောင်တသည် ၂၅၀ ကီလိုမီတာထက် ပို၍ ပစ်ခတ်နိုင်စွမ်း မရှိကြောင်းလည်း သူ သိထားပြန်သည်။ နုရှောင့်မြို့နှင့် ဤနေရာသည် မည်မျှ ကွာဝေးသနည်း။ အနည်းဆုံး ၁၆,၀၀၀ မှ ၁၇,၀၀၀ ကီလိုမီတာ အကွာအဝေး ရှိပေသည်။ ထိုထက်ပင် ပိုဝေးနိုင်သေး၏။

နောက်ဆုံးတွင် နဂါးနောင်တသည် အန်းယွမ်မြို့ အပြင်ဘက်၌ ပေါက်ကွဲသွားပြီး ကြမ်းကြုတ်သော ရန်သူများ အားလုံးကို သတ်ဖြတ်လိုက်သည်လား။ သေချာပေါက် နဂါးနောင်တပင် ဖြစ်ပေသည်။

‘အန်းယွမ်မြို့က ဘယ်တုန်းက ဒီလောက် အရေးပါသွားတာလဲ။ အရှင်ရှမ့်လန်က နဂါးနောင်တကို သုံးပြီး ကယ်တင်ရလောက်အောင် အစွမ်းထက်သွားတာလား။ ကျုပ်တို့က လောကကြီးကို မမြင်ဖူးတဲ့ တောသားတွေပါ။ အရှင်ရှမ့်လန်... အရှင်က ကျုပ်တို့ကို လောက့အံ့ဖွယ်အကောင်းဆုံး မြင်ကွင်းကို တစ်ခါတည်းနဲ့ ပြလိုက်တာလား။ ကျုပ်တို့တော့ နောင်ခါကျရင် ပြန်မပြောတတ်အောင် ဖြစ်ကုန်ပါပြီ။’

ချက်ချင်းပဲ အန်းယွမ်မြို့စား လီဟုန်တုသည် မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး ဦးတိုက်လိုက်၏။ “ကျုပ် လီဟုန်တုက အရှင် ရှမ့်လန်ကို ဂါရဝပြုပါတယ်။ အသက်ရာကျော် ရှည်ပါစေ။ အသက်ရာကျော် ရှည်ပါစေ။”

အန်းယွမ်မြို့ရိုးပေါ်ရှိ စစ်သည်များသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် ညီညာစွာ ဒူးထောက်လိုက်ကြသည်။ “အရှင် ရှမ့်လန် အသက်ရာကျော် ရှည်ပါစေ။ အသက်ရာကျော် ရှည်ပါစေ။”

“အရှင် ရှမ့်လန်က တကယ်ကို စွမ်းတာပဲ။ တကယ်ကို စွမ်းတာပဲ။”

“အရှင် ရှမ့်လန်... ဘယ်တော့များ မိန့်ခွန်း လာပြောအုံးမလဲ။ ကျုပ်တို့အားလုံး အရှင့်ရဲ့ ကြွားလုံးတွေကို လာနားထောင်ပါရစေအုံး။”

စစ်သည်တစ်ဦးက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ လူတိုင်းက သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။ ‘ဒီကောင်ကတော့ တကယ့် ငတုံးပဲ။’

အပိုင်း (၁၂၁၀)

ရှမ့်လန်၏ ကိုယ်ပွား အဖြစ် ‘မှန်’ သည် မဲဆွယ်ပွဲ မစတင်မီ ခရိုင်တိုင်း၊ မြို့တိုင်းသို့ သွားရောက်ကာ မိန့်ခွန်း ပြောကြားခဲ့သည်။ အန်းယွမ်မြို့သည် ဝေးလံခေါင်ဖျားသော မြို့ဖြစ်သဖြင့် နောက်ဆုံးမှ မိန့်ခွန်းပြောရသော မြို့နီးပါး ဖြစ်ခဲ့သည်။ ဤမြို့တွင် လူဦးရေ နည်းပါးသော်လည်း လူတစ်သောင်းကျော် လာရောက် နားထောင်ခဲ့ကြပြီး ယခင်စံချိန်များ အားလုံးကို ချိုးဖျက်ခဲ့သည်။

ထို့အပြင် အခြားဒေသမှ လူများသည် မှန်၏ မိန့်ခွန်းကို လာရောက် နားထောင်ကြရာ၌ မျက်နှာကို ဖုံးအုပ် ထားလေ့ ရှိကြသည်။ သို့သော်ငြား အန်းယွမ်မြို့မှ စစ်သည်များနှင့် ပြည်သူများကမူ မျက်နှာကို မဖုံးအုပ်ခဲ့ကြပေ။

ဤအချက်က ရင်ကွမ်းကို ဒေါသထွက်စေခဲ့ပြီး ကိစ္စပြီးပါက စာရင်းရှင်းရန် ကြံရွယ်ထားခဲ့သည်။ အမိန့်ပြန်တမ်းပင် ရေးဆွဲပြီး ဖြစ်၏။ သို့သော်ငြား အမိန့်မထုတ်ပြန်နိုင်မီ ရင်ကွမ်း သေဆုံးသွားခဲ့ပြီး ရှမ့်လန်သည် ချန်မြို့တော်သို့ ဝင်ရောက်လာခဲ့၏။

ထိုငတုံး စစ်သည်က ဆက်ပြောသည်။ “ခင်ဗျားတို့တွေ မသိပါဘူး။ အရှင်ရှမ့်လန် မိန့်ခွန်းပြောတုန်းက ကျုပ် အရှေ့ဆုံးကနေ နားထောင်ခဲ့တာ။ ဘာပြောမှန်းတော့ နားမလည်ပါဘူး။ မေးလည်း မမေးရဲဘူး။ ကျုပ်ခန္ဓာကိုယ်ကြီး ပူလာတာပဲ သိတယ်။ ပြီးတော့ ဒီလူက တော်တော် လေကြီးတာပဲလို့ တွေးမိတယ်။ ဒီရုပ်ဖြောင့်ဖြောင့် ကောင်လေးက လေကြီးရုံတင် မကဘူး။ လူသတ်တာလည်း တော်မယ်လို့ ထင်မထားဘူး။”

သူ့စကားမဆုံးမီတွင်ပင် မြို့စား လီဟုန်တုက သူ့ကို ရိုက်ချလိုက်ရာ သတိလစ်သွား၏။

‘သောက်ကျိုးနည်း... မင်းကို ဘယ်သူက အမှန်အတိုင်း ပြောခိုင်းလို့လဲ။’

ခဏအကြာတွင် ရှမ့်လန် ပေါ်ပေါက်လာခဲ့သည်။ သူသည် ကြီးမားသော သားရဲကြီးနှင့် တဖြည်းဖြည်း ဆင်းသက်လာခဲ့ပြီး အန်းယွမ်မြို့နှင့် လူသောင်းချီသော ပြည်သူများ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ဤသည်မှာ လီဟုန်တု အတွက် ရှမ့်လန်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူ ပြောခဲ့သကဲ့သို့ပင် မြို့စား လီဟုန်တုသည် တကယ့် တောသားစစ်စစ် ဖြစ်သည်။ အနောက်မြောက် နယ်စပ်မြို့များ၏ သဘာဝ ပတ်ဝန်းကျင်သည် ကြမ်းတမ်းလှပြီး လီဟုန်တုသည်လည်း ကျန်းမိသားစုအပေါ် သစ္စာရှိခဲ့သည်မှာ မကြာလှသေး ပေ။

လွန်ခဲ့သော နှစ် ၄၀ ကျော်က ဤမြို့သည် ချန်နိုင်ငံသစ်ပိုင် မဟုတ်သေးပေ။ လွန်ခဲ့သော ၃၉ နှစ်ခန့်ကမှ လီဟုန်တုသည် ကျန်းမိသားစုထံ သစ္စာခံခဲ့ခြင်း ဖြစ်သည်။ မကြာမီတွင် အရှင် ကျန်းလီ ရုတ်တရက် နတ်ရွာစံသွားခဲ့ပြီး ဤမြေကို ကျင်းနိုင်ငံက သိမ်းပိုက်ခဲ့သည်။ ထို့နောက် ချန်နိုင်ငံသစ်လက်အောက်သို့ ပြန်ရောက်လာပြန်၏။

အတိုချုပ် ပြောရလျှင် ဤနေရာသည် အင်ပါယာနှင့် ဝေးကွာလှပြီး လီဟုန်တု၏ မိသားစုသည် ရာစုနှစ်ပေါင်းများစွာ ဤမြေကို ပိုင်ဆိုင်လာခဲ့ကြသည်။ ထို့အပြင် ဤမြေသည် အလွန် ခြောက်သွေ့ပြီး ငွေရှာရန် မလွယ်ကူပေ။ လူများမှာ ကြမ်းတမ်းကြပြီး အာဏာစက်ဝန်း၏ အစွန်းဖျားတွင်သာ အမြဲ ရှိနေခဲ့ကြသည်။

ရှမ့်လန်ကို မြင်လိုက်ရသည်နှင့် လီဟုန်တုသည် နောက်တစ်ကြိမ် ဒူးထောက်လိုက်ပြီး မြေကြီးပေါ်တွင် ဝပ်ဆင်းလိုက်၏။ “အရှင်ကို ဂါရဝပြုပါတယ်။ အသက်ရာကျော် ရှည်ပါစေ... အသက်ရာကျော် ရှည်ပါစေ။”

ရှမ့်လန်က ပြောလိုက်သည်။ “အန်းယွမ် မြို့စားမင်း... ထပါအုံး။”

အန်းယွမ်မြို့စား လီဟုန်တုက နောက်တစ်ကြိမ် ဦးတိုက်လိုက်ပြီး ပြောလိုက်၏။ “ဒီနေ့ကစပြီး အန်းယွမ် လီမိသားစုက မျိုးဆက်အဆက်ဆက် ကျန်းမိသားစုအပေါ် သစ္စာစောင့်သိပါ့မယ်။ သေသည်အထိ သစ္စာ မဖောက်ပါဘူး။ ဘယ်တော့မှ နောင်တမရပါဘူး။”

...

တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းကြီးစစ်သည် ၂၅,၀၀၀ မှာ သုံးမရတော့လောက်အောင် သေဆုံးကုန်ကြပြီး လူတစ်ရာခန့်သာ အသက်ရှင် ကျန်ရစ်တော့သည်။ ထိုသူတို့မှာ တုံ့ကျန်းဘုရားကျောင်း ဘုန်းတော်ကြီးချုပ်၊ သူ၏ အထူးစစ်သည်များနှင့် အကြီးအကဲ အနည်းငယ်တို့ ဖြစ်ကြသည်။ သူတို့သည် နှင်းလင်းယုန်များကို စီးနင်းထားကြသဖြင့် ပေါက်ကွဲမှု ဗဟိုချက်နှင့် ဝေးကွာသော နေရာတွင် ရှိနေခဲ့ကြသည်။

မှန်ပေ၏။ နှင်းလင်းယုန် စီးနင်းထားသူ လူဒါဇင် အနည်းငယ်သာ ရှိသည်။ ဤသည်မှာ ယခင်က ရှမ့်လန်ထက်ပင် ဆင်းရဲသေး၏။ မတတ်နိုင်ပေ။ နောက်ဆုံးအဆင့် သဘာဝလွန် အင်အားစု ဆိုသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ တကယ်ကို ဆင်းရဲလှ၏။

နဂါးနောင်တပေါက်ကွဲပြီးနောက် တုံ့ကျန်းဘုရားကျောင်း ဘုန်းတော်ကြီးချုပ်၏ စိတ်အာရုံမှာလည်း လုံးဝ ဗလာဖြစ်သွားခဲ့ပြီး တုံ့ပြန်နိုင်စွမ်း ကင်းမဲ့သွားခဲ့ရသည်။

‘ဒီလိုနဲ့... ဒီလိုနဲ့ပဲ ပျောက်ကွယ်သွားတာလား တုံ့ကျန်းဘုရားကျောင်းရဲ့ နောက်ဆုံး လျှို့ဝှက်တပ်တော်က ဒီလိုပဲ ပျောက်ကွယ်သွားတာလား။ တုံ့ကျန်း ဘုရားကျောင်းက နှစ် ၂၀၊ ၃၀ ကြာ တည်ဆောက်ခဲ့ရတဲ့ လျှို့ဝှက်တပ်ဖွဲ့ အင်အား ၇၀,၀၀၀ ပဲ ရှိတာပါ။ နောက်ဆုံးတော့ ၆၀,၀၀၀ လုံးကို ခင်ဗျားလက်ထဲမှာ သေဆုံးစေခဲ့တာလား ရှမ့်လန်။’

သူ့တစ်ကိုယ်လုံး ထုံကျင်နေပြီး မည်သည့် နာကျင်မှုကိုမှ မခံစားရတော့ပေ။ မိနစ်အနည်းငယ် ကြာပြီးနောက် အန်းယွမ်မြို့မှ လူပေါင်းများစွာ၏ အားပေးကြွေးကြော်သံများကို ကြားလိုက်ရမှသာ တုံ့ကျန်းဘုရားကျောင်း ဘုန်းတော်ကြီးချုပ် သည် အသိစိတ် ပြန်ဝင်လာခဲ့သည်။ ထို့နောက် အကန့်အသတ်မရှိသော နာကျင်မှုများက ဒီရေအလား ဝင်ရောက်လာခဲ့၏။

ထိုအခါမှသာ ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှသည် အိပ်မက် မဟုတ်ဘဲ တကယ်ဖြစ်ပျက်ခဲ့ကြောင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

“အား... အား... အား... ကျုပ်ရဲ့ လျှို့ဝှက်တပ်တော် ၂၅,၀၀၀... ကျုပ်... ကျုပ် တိုက်တောင် မတိုက်ရသေးဘူး။ အကုန်လုံး သေကုန်ပြီလား။”

တုံ့ကျန်းဘုရားကျောင်း ဘုန်းတော်ကြီးချုပ်သည် ရှမ့်လန်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ “ရှမ့်လန်... ဘာလို့လဲ။ ဘာလို့လဲ။ တော်ဝင်ချန်အင်ပါယာရဲ့ ပင်မတပ်တော်နဲ့ ကောင်းကင်ပြစ်ဒဏ် နန်းဆောင်ရဲ့ တပ်တော်က နုရှောင့်မြို့နဲ့ ပိုနီးတာပဲ။ ကျုပ်တပ်တော်က နုရှောင့်မြို့နဲ့ ဒီလောက်ဝေးတာ။ ဘာလို့ ကျုပ်ကို လာတိုက်တာလဲ။ ဘာလို့ ကျုပ်ကို လာတိုက်တာလဲ။”

ရှမ့်လန်က အိပ်မက်ဆိုးကျောက်တုံး အသံချဲ့စက်ကို ကိုင်လိုက်ပြီး ပြောဆိုလိုက်သည်။ “စိတ်မကောင်းပါဘူး။ တုံ့ကျန်းဘုရားကျောင်းက အားအနည်းဆုံး ဖြစ်နေလို့ပါ။ ခင်ဗျားတို့ အားလုံးကို သတ်လိုက်ရင်တောင် ဘာမှ အကျိုးဆက် ဖြစ်လာမှာ မဟုတ်ဘူး။ နောက်ဆုံးအဆင့် သဘာဝလွန် အင်အားစု ဆိုတာ တန်ဖိုးမရှိပါဘူး။”

ထိုစကားကို ကြားလိုက်သည်နှင့် တုံ့ကျန်းဘုရားကျောင်း၏ ဘုန်းတော်ကြီးချုပ်မှာ သွေးအန်လုမတတ် ဖြစ်သွား၏။

“ခင်ဗျား... ခင်ဗျားက ကျုပ်ရဲ့ တုံ့ကျန်းဘုရားကျောင်း တပ်တော်ကို ဖျက်ဆီးရုံတင် မကဘူး။ အခု ကျုပ်ရဲ့ ဂုဏ်သိက္ခာကိုပါ နင်းချေချင်နေတာလား။’

ရှမ့်လန်က ဆက်ပြောသည်။ “တုံ့ကျန်းဘုရားကျောင်း... ခင်ဗျားတို့အတွက် မလွယ်ကူဘူးဆိုတာ ကျုပ် သိပါတယ်။ အရင်တုန်းက သဘာဝလွန် အင်အားစုတွေက ကျုပ်အဖေရဲ့ ခေါ်ဆိုမှုကို လက်ခံပြီး တော်ဝင် ကပ်ဘေးဘုရားကျောင်းကို ဖျက်ဆီးဖို့ ပူးပေါင်းစစ်တပ် ဖွဲ့ခဲ့ကြတယ်။ ဒါပေမဲ့ တော်ဝင်ရန် အင်ပါယာကြောင့် ဒီသဘာဝလွန် အင်အားစုတွေက ကျုပ်အဖေနဲ့ စည်းခြားလိုက်ကြတယ်။ တုံ့ကျန်းဘုရားကျောင်း တစ်ခုပဲ ကျုပ်အဖေနဲ့ ရင်းနှီးခဲ့တာပါ။

နောက်ဆုံးတော့ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်လာခဲ့တယ်။ အရှင် ကျန်းလီ ရုတ်တရက် နတ်ရွာစံသွားပြီး တုံ့ကျန်းဘုရားကျောင်းက ရပ်တည်ချက် ချက်ချင်း ပြောင်းသွားခဲ့တယ်။ ခင်ဗျားတို့က တော်ဝင်ရန် အင်ပါယာကို မျက်နှာလိုမျက်နှာရ လုပ်ပြီး ကျုပ်ရဲ့ ကျန်းမိသားစုကို နင်းချေခဲ့ကြတယ်။

ကျုပ်အဖေ ကျန်းလီသာ မရှိရင် ခင်ဗျားတို့ တုံ့ကျန်းဘုရားကျောင်းက တော်ဝင်ကပ်ဘေး ဘုရားကျောင်း လက်ထဲမှာ ပြာကျသွားလောက်ပြီ။ ကျုပ်အဖေက ခင်ဗျားတို့ အပေါ် ကျေးဇူးကြီးမားခဲ့တယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချိန်မှာ ခင်ဗျားတို့က ချက်ချင်း သစ္စာဖောက်ပြီး ကျုပ်ရဲ့ ကျန်းမိသားစုကို နင်းချေခဲ့ကြတယ်။ ဒါပေမဲ့ ဒီအတွက် ကျုပ် အပြစ်မတင်ပါဘူး။ အသက်ရှင်ဖို့ အတွက် ရွေးချယ်စရာ မရှိခဲ့ဘူးလေ။

ပြီးတော့ တုံ့ကျန်းဘုရားကျောင်း အသက်ရှင်ကျန်ရစ်ပြီးနောက် ခင်ဗျားတို့က လမ်းကြောင်းပြောင်းပြီး အချိန်တိုအတွင်း စွမ်းအားကြီးလာဖို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ မိစ္ဆာကျင့်စဉ်တွေကို ကျင့်ကြံခဲ့ ကြတယ်။ အဲဒါကို ကျုပ် ဂရုမစိုက်ပါဘူး။ ခင်ဗျားတို့ မိစ္ဆာကျင့်စဉ် ကျင့်တာ ကျုပ်နဲ့ မဆိုင်ပါဘူး။ ကျုပ်က မွေးရာပါ တရားမျှတပြီး ဟိုဟာဂရုစိုက် ဒီဟာဂရုစိုက် လုပ်တတ်တဲ့ ကျုပ်အဖေနဲ့ မတူဘူး။

ဒါပေမဲ့ ဒါက ကျုပ်နဲ့ တော်ဝင်ရန်အင်ပါယာကြားက ကိစ္စလေ။ တုံ့ကျန်းဘုရားကျောင်းက ဘာလို့ ဝင်ပါနေရတာလဲ။ ဘာလို့ ဒီလောက် တက်ကြွနေရတာလဲ။ ရှန့်ကုန်းဘုရားကျောင်းကို ကြည့်ပါအုံး။ တော်ဝင်ရန် အင်ပါယာ အမိန့်တော် ထုတ်လိုက်တာတောင် သူတို့က ပြီးပြီးရော လုပ်နေကြတာ။

တုံ့ကျန်းဘုရားကျောင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင် မှတ်နေတာလဲ။ ကျုပ်က တော်ဝင်ရန် အင်ပါယာနဲ့ အာဏာလုနေတာ။ ခင်ဗျားတို့လို ဘာမဟုတ်တဲ့လူတွေက ဝင်ရှုပ်ရဲသလား။ ကျုပ်သာ ပြင်းပြင်းထန်ထန် မရိုက်နှက်ရင် ကျုပ် အရိုက်ခံရမှာပေါ့။

တုံ့ကျန်းဘုရားကျောင်းက နောက်ဆုံးအဆင့်ပဲ ရှိတာ။ ဘာလို့ ထောင့်တစ်နေရာမှာ ငြိမ်ငြိမ်မနေတာလဲ။ ဘာလို့ ထွက်ပြီး ကြွားဝါချင်နေရတာလဲ။ အမှန်အတိုင်း ပြောရရင် ကျုပ် တုံ့ကျန်းဘုရားကျောင်းကို တမင် ဖျက်ဆီးတာ မဟုတ်ပါဘူး။ တိုက်ဆိုင်သွားလို့ပါ။”

မူလက တုံ့ကျန်းဘုရားကျောင်း ဘုန်းတော်ကြီးချုပ်သည် သူ၏ လျှို့ဝှက်တပ်တော်မှ စစ်သည် ၂၅,၀၀၀ ချက်ချင်း သေဆုံးသွားသဖြင့် နာကျင်နေရုံသာ ရှိသည်။ ယခုအခါ တုံ့ကျန်းဘုရားကျောင်းသည် ဗလာနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ယခု ရှမ့်လန်၏ စကားများသည် သူ၏ နှလုံးသားကို တည့်တည့် ထိုးစိုက်လိုက်သကဲ့သို့ ဖြစ်နေသည်။ လူတစ်ယောက်ကို သတ်ပြီးနောက် အလောင်းကို အကြိမ်တစ်သောင်းခန့် ထပ်မံနင်းချေနေခြင်းနှင့် တူ၏။

သူ စကားမပြောနိုင်မီ ဘေးနားရှိ အကြီးအကဲ ခွန်အက်က မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။

“ရှမ့်လန်က တစ်ယောက်တည်းပါ။ သူ့ကို သတ်... သူ့ကို သတ်ကြ။”

ဒေါသထွက်နေသော တုံ့ကျန်းဘုရားကျောင်းမှ အထူးစစ်သည် ဒါဇင်ပေါင်းများစွာသည် နှင်းလင်းယုန်များကို စီးနင်းကာ ရှမ့်လန်ထံသို့ ရက်စက်စွာ တိုးဝင်လာကြ၏။

ခဏအကြာတွင် ရှမ့်လန်က စွမ်းအင်ဝဲကတော့ တစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ရွှီ....”

အချင်း ၃ မီတာခန့် ရှိသော စွမ်းအင်ဝဲကတော့ တစ်ခု ထွက်ပေါ်လာခဲ့သည်။ တခဏအတွင်း ရှမ့်လန်ထံသို့ တိုးဝင်လာသော တုံ့ကျန်းဘုရားကျောင်းမှ အထူးစစ်သည်များ အားလုံး ပြာကျသွားခဲ့ရသည်။ သူတို့သည် မသေဆုံးမီ အော်ဟစ်ရန်ပင် အချိန်မရလိုက်ကြပေ။

...

လျန်နိုင်ငံ - ဤနိုင်ငံ၌ ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့သည်။ နှစ်ပေါင်း ရာနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ချန်နိုင်ငံသစ်နှင့် သူတို့အကြား အငြိုးအတေးမှာ ရက်အနည်းငယ်ဖြင့် ပြောပြ၍ ကုန်နိုင်မည် မဟုတ်ပေ။ ပထမဦးစွာ ၎င်းသည် ချန်နိုင်ငံသစ်၏ ကာကွယ်စောင့်ရှောက်မှုကို အချိန်ကြာမြင့်စွာ ရယူခဲ့သော နိုင်ငံငယ်တစ်ခု ဖြစ်သည်။ ချန်နိုင်ငံသစ်၏ လက်အောက်ခံ နိုင်ငံတစ်ခုဟုပင် ခေါ်ဆိုနိုင်သည်။

သို့သော်ငြား လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က ချန်နိုင်ငံသစ်၌ ဖြုန်းတီးတတ်သော ဘုရင်တစ်ပါး ပေါ်ပေါက်ခဲ့ပြီး စစ်ပွဲကြီး အချို့တွင် ရှုံးနိမ့်ခဲ့သည်။ လက်အောက်ခံ နိုင်ငံဖြစ်သော လျန်နိုင်ငံသည် ချက်ချင်း ရန်ဘက်ပြုကာ ကျင်းနိုင်ငံ၊ ဝေနိုင်ငံ စသည်တို့နှင့် ပူးပေါင်းပြီး ချန်နိုင်ငံသစ်ကို ဝိုင်းဝန်း ကိုက်ခဲကြ၏။

ခရိုင် ၅ ခုကို ဖြတ်တောက်ယူလိုက်ပြီး လက်အောက်ခံ နိုင်ငံဘဝမှ နိုင်ငံငယ် တစ်ခုအဖြစ် ပြောင်းလဲသွား ခဲ့သည်။ ထိုအချိန်မှစ၍ လျန်မိသားစုနှင့် ကျန်းမိသားစုတို့၏ ဆက်ဆံရေးသည် မဟာမိတ်မှ ရန်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရှမ့်လန်၏ အဘိုး ထီးနန်းဆက်ခံပြီးနောက် ချန်နိုင်ငံသစ်သည် ဆယ်စုနှစ်များစွာ အခက်အခဲများကို ကြံ့ကြံ့ခံကာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နိုင်ငံသည် အင်အားတောင့်တင်းပြီး ကြွယ်ဝလာခဲ့သည်။ ထို့နောက် ရှမ့်လန်၏ ဖခင် ကျန်းလီ ထီးနန်းတက်လာသောအခါ ချန်နိုင်ငံသစ်သည် ကောင်းကင်တွင် တောက်ပသော နေမင်းကြီးအလား ချက်ချင်း မြင့်တက်လာခဲ့ပြီး မည်သူမှ တားဆီး၍ မရနိုင်ခဲ့ပေ။ ဆယ်စုနှစ်တစ်ခု မပြည့်မီတွင် ပတ်ဝန်းကျင်ရှိ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ကို အနိုင်ယူခဲ့၏။

ယခင်က ချန်နိုင်ငံသစ်ကို အနိုင်ကျင့်ခဲ့ပြီး တိုက်ခိုက်ခဲ့သော နိုင်ငံအားလုံးသည် သရဲတစ္ဆေများ၊ ဝံပုလွေများ အော်ဟစ်သကဲ့သို့ ဖြစ်အောင် ရိုက်နှက်ခြင်း ခံခဲ့ရသည်။ လျန်နိုင်ငံနှင့် ဝေနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံသည် သမိုင်းမြစ်ကြောင်းရှည်ကြီးထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး တော်ဝင်ချန်အင်ပါယာ၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့သည်။

တော်ဝင်ချန် အင်ပါယာသည် စတုရန်းကီလိုမီတာ တစ်သန်းအောက်သာ ရှိသော်လည်း ၎င်း၏ နယ်မြေသည် စတုရန်းကီလိုမီတာ လေးသန်းနီးပါးအထိ မြင့်တက်လာခဲ့သည်။ သို့သော်ငြား ကျန်းလီ ရုတ်တရက် နတ်ရွာစံ ပြီးနောက် တော်ဝင်ချန် အင်ပါယာသည်လည်း ပြိုကွဲသွားခဲ့ရသည်။ ယခင်က ဖျက်ဆီးခံလိုက်ရသော နိုင်ငံအချို့သည် လုံးဝ ပျက်စီးသွားကြသော်လည်း လျန်နိုင်ငံ ကဲ့သို့သော အချို့နိုင်ငံများမှာ ပြန်လည် နာလန်ထူလာကြ၏။

ကျန်းလီ သေဆုံးပြီးနောက် တော်ဝင်ရန်အင်ပါယာ၏ ပူးပေါင်းတပ်တော်သည် ချန်နိုင်ငံသစ်ကို ကျူးကျော်ကာ မီးရှို့၊ သတ်ဖြတ်၊ လုယက်ခဲ့ကြသည်။ ဤပူးပေါင်းတပ်တော်တွင် မည်သူက အကြမ်းကြုတ်ဆုံး ဖြစ်သနည်း။ လျန်တပ်တော်ပင် ဖြစ်သည်။ လူအင်အား တစ်သောင်းအောက်သာ ရှိသော်လည်း ခွင့်မလွှတ်နိုင်သော ရာဇဝတ်မှုများ ကို ကျူးလွန်ခဲ့ကြသည်။

လျန်တပ်တော်၏ သားသတ်ဓားအောက်တွင် မရေမတွက်နိုင်သော ချန်ပြည်သူများ၏ ဝိညာဉ်များ သေဆုံးခဲ့ရသည်။ သွေးကြွေးဟု ဆိုနိုင်သည်။ ထိုအချိန်မှစ၍ လျန်နိုင်ငံသည် ရန်မြို့တော်၏ အသစ္စာအရှိဆုံး ခွေးတစ်ကောင် ဖြစ်လာခဲ့သည်။ ရန်မြို့တော်ကို မျက်နှာလိုမျက်နှာရ လုပ်ရန် လျန်နိုင်ငံသည် မလုပ်ရဲတာ ဘာမှ မရှိသလောက်ပင်။

အမှန်တကယ်တွင်လည်းဆယ်စုနှစ်များစွာ ဝပ်တွားခယမှုကြောင့် လျန်နိုင်ငံသည် နိုင်ငံငယ် အဆင့်မှ ဘုရင့်နိုင်ငံ အဆင့်သို့ မြှင့်တင်ခံခဲ့ရပြီး လျန်ဘုရင် ဖြစ်လာခဲ့သည်။ လျန်ဘုရင် မင်းသားဖြစ်လာသည့် အချိန်မှစ၍ တော်ဝင်ရန် မင်းဆက်၏ ဘွဲ့ထူးဂုဏ်ထူး တန်ဖိုးမှာ ကျဆင်းသွားခဲ့ရသည်။ ချောင်ဘုရင်၊ ကျင်းဘုရင်၊ ဝူဘုရင်နှင့် ရွဲ့ဘုရင်တို့ အားလုံးက မထီမဲ့မြင် ပြုကြသည်။ ‘လျန်နိုင်ငံက ကျုပ်တို့နဲ့ တန်းတူဖြစ်ဖို့ ထိုက်တန်လို့လား’

ယခုတစ်ကြိမ်တွင် တော်ဝင်ရန်အင်ပါယာသည် ချန်နိုင်ငံကို တိုက်ခိုက်ရန် လျန်နိုင်ငံအား စစ်ကူ မတောင်းခဲ့ပေ။ ဤအချက်က လျန်ဘုရင်ကို အလွန် ဝမ်းနည်းစေခဲ့၏။ ‘တော်ဝင်ရန်က ကျုပ်မပါဘဲ စစ်တိုက်မလို့လား။ လျန်နိုင်ငံက လူတွေ မတော်လို့လား။’

လျန်ဘုရင် အတွေးလွန်နေခြင်းသာ ဖြစ်သည်။ စစ်ပွဲတွင် အမြန်နှုန်းက အရေးကြီးဆုံး ဖြစ်သည်။ တော်ဝင်ရန် အိမ်ရှေ့စံက တစ်လအတွင်း ချန်မြို့တော်ကို သိမ်းပိုက်လိုသဖြင့် စွမ်းအားကြီးသော လျှို့ဝှက်တပ်တော်ကို လိုအပ်ခြင်း ဖြစ်သည်။ သို့သော်ငြား လျန်နိုင်ငံတွင် လျှို့ဝှက်တပ်တော် မရှိပေ။ သို့တိုင်အောင် လျန်နိုင်ငံသည် တော်ဝင်ရန် အင်ပါယာကို အစွမ်းကုန် အလုပ်အကျွေး ပြုရပေမည်။

လျန်နိုင်ငံသည် ချန်နိုင်ငံသစ်နှင့် တော်ဝင်ရန် အင်ပါယာ အကြားတွင် တည်ရှိသည်။ တော်ဝင်ရန် အင်ပါယာ၏ ပင်မတပ်တော် ချန်နိုင်ငံသစ်ကို တိုက်ခိုက်သောအခါ လျန်နိုင်ငံကို ဖြတ်သန်းနိုင်သည်။ သို့မဟုတ် မဖြတ်သန်းဘဲလည်း သွားနိုင်သည်။ နောက်ဆုံးတွင် လျန်ဘုရင်က တော်ဝင်ရန် အင်ပါယာ၏ တပ်တော်အား လျန်နိုင်ငံကို ဖြတ်သန်းသွားရန်နှင့် လျန်နိုင်ငံအား စွမ်းဆောင်ရည်ပြသခွင့်ပေးရန် အသည်းအသန် တောင်းဆို ခဲ့၏။

တော်ဝင်ရန် အိမ်ရှေ့စံသည် လျန်ဘုရင်၏ ရိုသေမှုကို မြင်သောအခါ စိတ်မပျက်စေလိုသဖြင့် သဘောတူလိုက် သည်။ လျှို့ဝှက်တပ်တော် ၁၅၀,၀၀၀ စုစည်းပြီးနောက် တစ်ရက်လျှင် ၁၅၀ ကီလိုမီတာကျော် နှုန်းဖြင့် အံ့မခန်း ချီတက်လာကြသည်။ ဤသည်မှာ မြေပြင်တပ်ဖွဲ့များ ပါဝင်နေသောကြောင့်သာ ဖြစ်သည်။ ထိုသို့ မဟုတ်ပါက လေကြောင်းတပ်ဖွဲ့များသည် တစ်ရက်လျှင် ၁,၀၀၀ ကီလိုမီတာ ခရီးနှင်နိုင်ပေသည်။

အတိုချုပ် ပြောရလျှင် ရက်အနည်းငယ် ကြာပြီးနောက် မင်းသမီး ကျိရွှမ်နှင့် မင်းသားလျန်တို့ ဦးစီးသော ၁၅၀,၀၀၀ အင်အားရှိ ပင်မတပ်တော်ကြီးသည် လျန်နိုင်ငံ နယ်စပ်သို့ ရောက်ရှိလာခဲ့ကြသည်။ နောက်တစ်နေ့တွင် တပ်တော်ကြီးသည် လျန်နိုင်ငံထဲသို့ ဝင်ရောက်မည် ဖြစ်သည်။ ထို့နောက် လျန်နိုင်ငံ နယ်မြေကို ဖြတ်သန်းပြီး ချန်နိုင်ငံသစ်ကို တိုက်ခိုက်ရန် နှစ်ရက် ကြာမြင့်ပေမည်။

သစ္စာရှိသောခွေး လျန်ဘုရင်သည် မင်းသမီး ကျိရွှမ်၏ တပ်တော်ထံသို့ ၅ ရက် ကြိုတင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ မိုင် ၅၀၀ ကျော် ကွာဝေးသော နေရာမှ လာရောက်ခဲ့ခြင်း ဖြစ်၏။ မနက်ဖြန်တွင် တော်ဝင်ရန် အင်ပါယာ၏ စစ်သည် ၁၅၀,၀၀၀ သည် လျန်နိုင်ငံထဲသို့ ဝင်ရောက်လာကြတော့မည်။

လျန်ဘုရင် အလွန် စိတ်လှုပ်ရှားနေခဲ့၏။ မနက်ဖြန်တွင် တော်ဝင်ရန်အင်ပါယာ၏ တပ်တော်သည် လျန်နိုင်ငံ၏ အကန့်အသတ် မရှိသော သစ္စာတရားကို ခံစားရပေတော့မည်။

နယ်စပ်နှင့် ၁၅၀ ကီလိုမီတာ အကွာတွင် လျန်နိုင်ငံသည် မကြုံစဖူး ခမ်းနားထည်ဝါသော စစ်စခန်းတစ်ခုကို တည်ဆောက်ထားခဲ့သည်။ အလွန် ခမ်းနားပြီး စဉ်းစားမိသမျှ အရာအားလုံး ရှိနေသည်။ ကျောက်တောင်တုများ နှင့် ငါးကန်များပင် ရှိသည်။ မျိုးစုံသော အရသာရှိ ဟင်းလျာများကိုလည်း ပြင်ဆင်ထားပြီး ဖြစ်၏။

လျန်နိုင်ငံ၏ အိမ်ရှေ့စံကိုယ်တိုင် စစ်သည် ၅၀,၀၀၀ ကို ဦးဆောင်ပြီး မင်းသမီး ကျိရွှမ်နှင့် တော်ဝင်ရန် အင်ပါယာ တပ်တော်ကို ကြိုဆိုရန် စစ်စခန်းသို့ ရောက်ရှိနေခဲ့သည်။

စစ်စခန်းသည် ၁၀ စတုရန်းကီလိုမီတာကျော် ကျယ်ဝန်းသည်။ အတွင်းရှိ အဆောက်အအုံများကို သစ်သားဖြင့် ဆောက်လုပ်ထားသော်လည်း အလွန် လှပနေဆဲ ဖြစ်သည်။ ယာယီ နန်းတော် တစ်ခုသဖွယ် ဖြစ်နေ၏။

တော်ဝင်ရန် တပ်တော် တစ်ညတာ တည်းခိုရန် အတွက်သာ ဖြစ်သည်။ လျန်နိုင်ငံ အိမ်ရှေ့စံ ဦးဆောင်သော စစ်သည် ၅၀,၀၀၀ သည် တော်ဝင်ရန် အင်ပါယာ တပ်တော် ရောက်ရှိလာမှုကို ကြိုဆိုရန် ဂုဏ်ပြုတပ်ဖွဲ့ တစ်ခု ဖြစ်လာပေလိမ့်မည်။

............

All Chapters