← Chapters

အခန်း (၁၂၁၁-၁၂၁၂)

Vol. 70 Ch. 1211-1212

အခန်း (၁၂၁၁-၁၂၁၂)

Vol. 70 Ch. 1211-1212

အပိုင်း (၁၂၁၁)

နောက်တစ်နေ့ မင်းသမီး ကျိရွှမ်နှင့် မင်းသားလျန်တို့ ဦးစီးသော အင်အား ၁၅၀,၀၀၀ ပါဝင်သည့် ပင်မ တပ်တော်ကြီးသည် အမြန်ဆုံးနှုန်းဖြင့် ချီတက်လာကြသည်။ သူတို့သည် လျန်နိုင်ငံနှင့် ပို၍ ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “လျန်ဘုရင်... ကျွန်မတို့က စစ်တိုက်ဖို့ လာတာ။ ချန်နိုင်ငံသစ်ကို နှိမ်နင်းဖို့ လာတာ။ အရမ်း မပိုပါစေနဲ့။ ပြီးတော့ ဖြုန်းတီးတာတွေ မလုပ်ပါနဲ့။”

လျန်ဘုရင်က ပြန်လည် လျှောက်တင်သည်။ “မလုပ်ပါဘူး။ မလုပ်ပါဘူး။”

ထိုအချိန်တွင် လျန်နိုင်ငံ အိမ်ရှေ့စံသည် စစ်သည် ၅၀,၀၀၀ ကို ဦးဆောင်ထားပြီး ဖြစ်သည်။ သူတို့သည် သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး တောက်ပြောင်သော သံချပ်ကာများကို ဝတ်ဆင်လျက် တော်ဝင်ရန် အင်ပါယာ တပ်တော်ကို ကြိုဆိုနေကြ၏။

လျန်နိုင်ငံ အိမ်ရှေ့စံသည် နှင်းလင်းယုန်ကို စီးနင်းလျက် မြေပြင်ပေါ်ရှိ စစ်သည် ၅၀,၀၀၀ ကို ကြည့်ရှု လိုက်သည်။ ပေတံဖြင့် တိုင်းတာထားသကဲ့သို့ ညီညာနေသည်။ ဤသည်မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဂုဏ်ပြုတပ်ဖွဲ့ ဖြစ်ပေလိမ့်မည်။

“အားလုံးပဲ။ တော်ဝင်ရန် အင်ပါယာ အရှင်က ကျုပ်တို့အပေါ် ကိုယ်ချင်းစာပြီး စစ်တိုက်ဖို့ မစေလွှတ်ဘူး။ ဒါပေမဲ့ လျန်နိုင်ငံအနေနဲ့ ကျုပ်တို့ရဲ့ စေတနာကို ပြသရမယ်။ ရှမ့်လန်ဆိုတာ လူပြက် တစ်ကောင်ပါ။ တော်ဝင်ရန်ဆိုတဲ့ ကောင်းကင်နိုင်ငံတော်ကို ရန်စရဲတယ်။ သူတို့ အသေဆိုးနဲ့ သေရမှာ သေချာတယ်။ တော်ဝင်ရန်အင်ပါယာ တပ်တော်က ချန်နိုင်ငံသစ်ကို ကျူးကျော်တာ သေချာပေါက် အောင်မြင်မှာပါ။”

ထိုအချိန်၌ နှင်းလင်းယုန် ကင်းထောက်တစ်ဦး ပျံသန်းရောက်ရှိလာပြီး တိုးတိုးလေး လျှောက်တင်လိုက်သည်။ “အိမ်ရှေ့စံ... တော်ဝင်ရန်တပ်တော်က ကျုပ်တို့နဲ့ ၁၀ မိုင်အကွာပဲ လိုပါတော့တယ်။”

လျန်နိုင်ငံ အိမ်ရှေ့စံ တုန်လှုပ်သွားခဲ့သည်။ သူက အော်ဟစ်လိုက်၏။ “တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

ထို့နောက် စစ်သည် ၅၀,၀၀၀ က ညီညာစွာ ကြွေးကြော်လိုက်ကြသည်။ “တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

“တော်ဝင်ရန် အင်ပါယာ အရှင် အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

သူတို့၏ အသံများသည် ကောင်းကင်ကို တုန်လှုပ်စေပြီး တိမ်တိုက်များကြား ပဲ့တင်ထပ်သွားခဲ့သည်။ ၁၀ မိုင်အကွာမှပင် ရှင်းလင်းစွာ ကြားနိုင်ပေသည်။ ၁၀ မိုင်အကွာရှိ လျန်ဘုရင်သည် ချက်ချင်း ကျေနပ်အားရစွာ ပြုံးလိုက်၏။

မင်းသမီး ကျိရွှမ်က ပြောလိုက်သည်။ “လျန်ဘုရင်... ရှင်က သိပ်လွန်လွန်းနေပြီ။”

လျန်ဘုရင်က ပြောလိုက်သည်။ “မဟုတ်ရပါဘူး။ ဒါက ကလေးတွေရဲ့ ရိုသေမှုပါ။ တော်ဝင်ရန် အင်ပါယာ အပေါ် ထားရှိတဲ့ သူတို့ရဲ့ သစ္စာတရားကို စကားလုံးနဲ့တောင် မဖော်ပြနိုင်ပါဘူး။”

တော်ဝင်ရန် အင်ပါယာ၏ တပ်တော် ၁၅၀,၀၀၀ သည် ဆက်လက် ချီတက်လာကြသည်။ ထိုအချိန်တွင် လျန်နိုင်ငံ နယ်စပ်၌ တောက်ပြောင်သော သံချပ်ကာ ဝတ်ဆင်ထားသည့် စစ်သည် ၅၀,၀၀၀ သည် အဆက်မပြတ် ကြွေးကြော်နေကြ၏။

“တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ ချန်မြို့တော်အထိ တိုက်ခိုက်ကြ။”

“တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ ချန်မြို့တော်အထိ တိုက်ခိုက်ကြ။”

“တော်ဝင်ရန်အင်ပါယာ အရှင် အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

လျန်နိုင်ငံ အိမ်ရှေ့စံသည် နှင်းလင်းယုန်ကို စီးနင်းလျက် ကျေနပ်အားရစွာ ကြည့်ရှုနေသည်။ သို့သော်ငြား သူ အနည်းငယ် နောင်တရမိနေဆဲ ဖြစ်သည်။ တော်ဝင်ရန် အင်ပါယာသည် ချန်နိုင်ငံသစ်ကို စစ်တိုက်ရာတွင် လျန်နိုင်ငံကို ခေါ်ဆောင်သွားခြင်း မရှိပေ။ မဟုတ်ပါက သူတို့သည် နောက်တစ်ကြိမ် မီးရှို့၊ သတ်ဖြတ်၊ လုယက်ခွင့် ရဦးမည်။

လွန်ခဲ့သော နှစ် ၃၀ ကျော်က အသစ်ပြန်လည် ထူထောင်ထားသော လျန်နိုင်ငံသည် တော်ဝင်ရန် ပူးပေါင်း တပ်တော် နောက်သို့ လိုက်ပါကာ ချန်နိုင်ငံသစ်ကို ကျူးကျော်ခဲ့စဉ်က အမှတ်တရများမှာ သူ၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။ မည်မျှ ကျေနပ်စရာကောင်းပြီး ပျော်စရာကောင်းလိုက်သနည်း။ သူ ချမ်းသာခဲ့ဖူးသည်။

ထိုအချိန်၌ ဘေးနားရှိ သံတမန် နှစ်ဦးက ရုတ်တရက် အော်ဟစ်လိုက်ကြ၏။ “အိမ်ရှေ့စံ... ကြည့်ပါအုံး။ ကြည့်ပါအုံး။”

“ဘာဖြစ်တာလဲ။ မင်းသမီး ကျိရွှမ် ရောက်လာတာလား။” လျန်နိုင်ငံ အိမ်ရှေ့စံက မေးလိုက်သည်။

ထို့နောက် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ချက်ချင်းပဲ သူသည် တုန်လှုပ်ကြောက်ရွံ့သွားခဲ့ရ၏။ ‘ဒါ... ဒါက ဘာကြီးလဲ။’

လှပသော ကြယ်တံခွန်တစ်ခုသည် မိုးကုပ်စက်ဝိုင်းဆီမှ သူတို့ထံသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရ၏။ မီတာ သောင်းချီသာ ကွာဝေးတော့သည်။ ‘အဲဒါ... အဲဒါက နဂါးနောင်တလား။ တော်ဝင်ရန်အင်ပါယာက ဘာလုပ်နေတာလဲ။ နဂါးနောင်တကို ဘယ်နေရာ ချိန်နေတာလဲ။ ချန်နိုင်ငံသစ်ကို တိုက်ခိုက်ဖို့ နဂါးနောင်တ မလိုပါဘူး။ ပြီးတော့ ချန်နိုင်ငံသစ်နဲ့လည်း ဒီလောက် ဝေးကွာနေတာ။’

မကြာမီတွင် လျန်နိုင်ငံအိမ်ရှေ့စံသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ နဂါးနောင်တသည် သူ့ထံသို့ ဦးတည်လာနေခြင်း ဖြစ်၏။

“အိမ်ရှေ့စံ... ပြေး... ပြေး..” လျန်နိုင်ငံသံတမန်သည် နှင်းလင်းယုန်ကို စီးနင်း၍ လေထဲသို့ ပျံတက်ကာ ထွက်ပြေးသည်။

လျန်နိုင်ငံ အိမ်ရှေ့စံ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့၏။

မြေပြင်ပေါ်ရှိ လျန်နိုင်ငံ စစ်သည် ၅၀,၀၀၀ သည် ဆက်လက် အော်ဟစ်နေကြဆဲ ဖြစ်သည်။ “တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။ ချန်မြို့တော်အထိ တိုက်ခိုက်ကြ။”

“တော်ဝင်ရန်အင်ပါယာ အရှင် အသက်ရာကျော် ရှည်ပါစေ။ တော်ဝင်ရန် အင်ပါယာ အသက်ရာကျော် ရှည်ပါစေ။”

ရွှီ... ရွှီ… ရွှီ…

နဂါးနောင်တသည် တစ်စက္ကန့်လျှင် မီတာ ၃,၀၀၀ ကျော် အမြန်နှုန်းဖြင့် သူတို့ထံသို့ ပျံသန်းလာနေပြီး လေထဲတွင် ရင်သပ်ရှုမောဖွယ်ရာ လမ်းကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။ ၁၀ စက္ကန့် မပြည့်မီတွင် စစ်သည် ၅၀,၀၀၀ ၏ အထက်သို့ ရောက်ရှိလာခဲ့၏။

သူတို့သည် နောက်ဆုံးတွင် ဘာဖြစ်နေသည်ကို သဘောပေါက်သွားကြပြီး ထိတ်လန့်သွားကြသည်။ ဘာလုပ်သင့်သနည်း။ ငြိမ်နေရမည်လား။ ထွက်ပြေးရမည်လား။ ပြေးစရာ မလိုတော့ပေ။ သူတို့ လွတ်မြောက် နိုင်တော့မည် မဟုတ်ပေ။

လျန်နိုင်ငံ စစ်သည် ၅၀,၀၀၀ သည် နေရာတွင်ပင် ကြောင်အ၍ ရပ်နေကြ သည်။ အထူးနဂါးနောင်တကျရောက်လာခဲ့ပြီ ဖြစ်သည်။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...”

နေမင်းထက် ပိုမိုတောက်ပသော အလင်းရောင်များ ထပ်မံ ပေါက်ကွဲထွက်ပေါ် လာခဲ့ပြန်၏။ ရင်သပ်ရှုမောဖွယ်ရာ ငရဲပန်းပွင့်ကြီး ထပ်မံ ပွင့်လန်းလာခဲ့သည်။ သပ်ရပ်စွာ တန်းစီထားသော လျန်နိုင်ငံ စစ်သည် ၅၀,၀၀၀ သည် မြေပြင်ပေါ်မှ လုံးဝ သုတ်သင်ခြင်း ခံလိုက်ရသည်။ သူတို့သည် လုံးဝ ချေမှုန်းခံလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များ ကြေမွပြီး အရိုးများ ကျိုးပဲ့ကုန်ကြ၏။

လျန်နိုင်ငံ အိမ်ရှေ့စံ၊ သံတမန်နှင့် အခြား အရေးပါသော အရာရှိများသည် ထွက်ပြေးရန် ကြိုးစားကြသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများသည် အပူချိန် ဒီဂရီ စင်တီဂရိတ် ၁၀,၀၀၀ ကျော်ကို သယ်ဆောင်လျက် သူတို့ထံသို့ တိုက်ခတ်လာခဲ့သည်။ တခဏအတွင်း သူတို့နှင့် သူတို့၏ နှင်းလင်းယုန်များသည် မီးကျွမ်းသွားခဲ့ကြသည်။ ထို့နောက် လေလှိုင်းများ၏ တိုက်ခတ်မှုကြောင့် လွင့်ပါသွားပြီး အရာမထင် ပျောက်ကွယ်သွားခဲ့ရသည်။

...

၁၀ မိုင်အကွာ၌ မင်းသမီး ကျိရွှမ်၊ မင်းသားလျန်နှင့် လျန်ဘုရင်တို့သည် မျက်စိရှေ့မှောက်ရှိ မြင်ကွင်းကို ကြည့်ရှုနေကြ၏။

လျန်နိုင်ငံ အိမ်ရှေ့စံနှင့် ဝန်ကြီးများ မည်သို့ ထွက်ပြေးကြသည်။ မည်သို့ ပျက်စီး သွားကြသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်အထိပင်။ ငရဲပန်းပွင့်ကြီးနှင့် ကောင်းကင်ယံသို့ မီတာ ထောင်ချီ မြင့်တက်နေသော မှိုပွင့်ပုံ တိမ်တိုက်ကြီးကိုလည်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။

ခဏအကြာတွင် အားကောင်းသော အပူလှိုင်း မုန်တိုင်းတစ်ခု သူတို့ထံသို့ တိုက်ခတ်လာပြီး မင်းသမီး ကျိရွှမ်၏ လှပသော မျက်နှာကို ပူလောင်သွားစေခဲ့သည်။ တိတ်ဆိတ် ငြိမ်သက်သွားခဲ့၏။ တပ်ဖွဲ့များ အားလုံး ရပ်တန့်သွားကြ၏။

အသံလှိုင်း ပျံသန်းရေး သားရဲ ၃,၀၀၀၊ နှင်းလင်းယုန် တပ်ဖွဲ့ ၂၀,၀၀၀ နှင့် သိန်းနှင့်ချီသော မြေပြင် လျှို့ဝှက် တပ်ဖွဲ့များ အားလုံး ရပ်တန့်သွားကြသည်။ သူတို့သည် ကောင်းကင်ယံသို့ မြင့်တက်နေသော မှိုပွင့်ပုံ တိမ်တိုက်ကြီးကို ကြည့်ရှုနေကြသည်။

အချိန်အတန်ကြာမှသာ လျန်ဘုရင်သည် နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်၏။ “အား... အား... အား... ကျုပ်သား...ကျုပ်အိမ်ရှေ့စံ... ကျုပ်တပ်တော်... ကျုပ်ရဲ့ လျန်နိုင်ငံ...”

လျန်ဘုရင်သည် စီးပွားရေး စလုပ်တည်းက မည်သည့် ခါးသီးမှုကိုမှ မမြည်းစမ်းဖူးခဲ့ပေ။ ကျင်းနိုင်ငံမှ လူပေါင်း သိန်းချီ ပျက်စီးခဲ့ရသည်၊ ရင်ကွမ်း၏ ချင်နိုင်ငံလည်း ပျက်စီးခဲ့ရသည်။ တော်ဝင်ရန်အင်ပါယာက ရှမ့်လန်နှင့် တော်ဝင်ချန် အင်ပါယာကို တိုက်ခိုက်တိုင်း လျန်နိုင်ငံသည် မည်သည့် ဆုံးရှုံးမှုမှ မရှိခဲ့ဖူးပေ။

ယခုတစ်ကြိမ်တွင်မူ သူ၏ နယ်မြေထဲ၌ အထူးနဂါးနောင်တပေါက်ကွဲသွားသည်ကို လက်ပိုက်ကြည့်နေခဲ့ရသည်။ သူ၏ အိမ်ရှေ့စံ၊ ဝန်ကြီးများနှင့် စစ်သည် ၅၀,၀၀၀ သုတ်သင်ခံလိုက်ရသည်ကို ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ။

သူ၏ ဆံပင်များ ထောင်ထလာပြီး တစ်ကိုယ်လုံး အေးစက်သွားခဲ့ရသည်။ ‘ဘာဖြစ်တာလဲ။ တကယ်တမ်း ဘာဖြစ်သွားတာလဲ။’

ရှမ့်လန်၏ နုရှောင့်မြို့တွင် နဂါးနောင်တတစ်ခုသာ ရှိသည်။ သူက နဂါးအရှိန်အဝါ ပစ်လွှတ်စင်ကို လျန်နိုင်ငံ အထိ သယ်ဆောင်လာပြီး တစ်ခုတည်းသော နဂါးနောင်တကို ပစ်လွှတ်လိုက်သည်လား။ ရှမ့်လန်သည် တော်ဝင်ရန်အင်ပါယာ၏ နဂါးနောင်တ ဒါဇင်ပေါင်းများစွာကို သိမ်းပိုက်ခဲ့သော်လည်း ၎င်းတို့သည် ကျိမိသားစု၏ နဂါးနောင်တများ ဖြစ်ကြသည်။ ရှမ့်လန်အနေဖြင့် ၎င်းတို့ကို အသက်မသွင်းနိုင်သကဲ့သို့ ပစ်လည်း မပစ်လွှတ်နိုင်ပေ။

ခဏအကြာတွင် အသံလှိုင်း ပျံသန်းရေး သားရဲတစ်ကောင်သည် အနောက်ဘက်မှ အသည်းအသန် ပျံသန်းလာပြီး မင်းသမီး ကျိရွှမ်၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့၏။ “အရှင်မင်းသမီး... လွန်ခဲ့တဲ့ ၁၈ နာရီက ချန်နိုင်ငံသစ် အန်းယွမ်မြို့ အနောက်ဘက်မှာ အထူးနဂါးနောင်တ တစ်ခု ပေါက်ကွဲခဲ့ပါတယ်။ အဲဒီနေရာက ကျင်းနိုင်ငံရဲ့ နယ်မြေလည်း ဖြစ်ပါတယ်။ တုံ့ကျန်းဘုရားကျောင်းရဲ့ အထူးဘုန်းကြီးစစ်သည် ၂၅,၀၀၀ လုံး သုတ်သင်ခံလိုက်ရပါတယ်။”

ဤစကားများသည် မင်းသမီး ကျိရွှမ်၏ စိတ်ကူးယဉ်မှုအားလုံးကို ချက်ချင်း ရိုက်ချိုးပစ်လိုက်သည်။ အဆိုးရွားဆုံးနှင့် ကြောက်မက်ဖွယ် အကောင်းဆုံး အရာ ဖြစ်ပျက်လာခဲ့ပြီ ဖြစ်သည်။ ဤနေရာမှ ချန်နိုင်ငံသစ် အန်းယွမ်မြို့ အထိ မျဉ်းဖြောင့် အကွာအဝေးသည် မိုင် ၇,၀၀၀ ကျော် ရှိသည်။ ၁၈ နာရီ အတွင်း ရှမ့်လန်သည် နဂါးနောင်တနှစ်ခုကို ပစ်လွှတ်ခဲ့သည်။

ထိုအရာက မည်သည့် သဘောနည်း။ ဤသည်မှာ တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှုပင် ဖြစ်သည်။ နုရှောင့်မြို့တွင် ကျန်းမိသားစု၏ နဂါးနောင်တတစ်ခုသာ ကျန်ရှိတော့သည် မဟုတ်ပါလား။ သို့ဖြစ်လျှင် ယခု ပေါက်ကွဲသွားသော နဂါးနောင်တနှစ်ခုသည် မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

အဖြေတစ်ခုသာ ရှိပေသည်။ ရှမ့်လန်သည် ကျိမိသားစု၏ နဂါးနောင်တကို တရားဝင် ဖြေရှင်းနိုင်သွားပြီး အထူးနဂါးအရှိန်အဝါ သယ်ဆောင်သော မျိုးဗီဇပြောင်း အသံလှိုင်း ပျံသန်းရေး သားရဲကြီးကိုပါ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်မှု စွမ်းရည်ကို အပြည့်အဝ ပိုင်ဆိုင်သွားပြီ ဟူ၍ပင်။

သူတို့ မည်သို့ ဆက်လက် လုပ်ဆောင်သင့်သနည်း။ မင်းသားလျန်နှင့် မင်းသမီး ကျိရွှမ်တို့သည် တစ်ဦးကို တစ်ဦး တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။ ဤအရာသည် အလွန်တရာ ထိတ်လန့်ဖွယ်ရာကောင်းလှ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။

တော်ဝင်ရန် အင်ပါယာမှ ပညာရှင် ထောင်ပေါင်းများစွာသည် ဆယ်စုနှစ် တစ်ခုကျော် အချိန်ယူခဲ့သော်လည်း ကျန်းမိသားစု၏ နဂါးနောင်တကို မဖြေရှင်းနိုင်ခဲ့ကြပေ။ သို့သော်ငြား ရှမ့်လန်က လဝက်လောက် အချိန်လေး အတွင်းမှာပဲ ကျိမိသားစု၏ နဂါးနောင်တကို ဖြေရှင်းနိုင်ခဲ့သည်လား။

‘ရှင်က ပါရမီရှင်လား။ ဒါမှမဟုတ် မကောင်းဆိုးဝါးလား’

ဤကိစ္စသည် သင်္ချာနှင့် မသက်ဆိုင်၊ ဉာဏ်ရည်နှင့်လည်း မသက်ဆိုင်ပေ။ ဤသည်မှာ ဖြေရှင်း၍ မရနိုင်သော လုပ်ပိုင်ခွင့် အာဏာ တစ်မျိုးသာ ဖြစ်သည်။

“ရှမ့်လန်... ခင်ဗျား ဘယ်လိုများ လုပ်လိုက်တာလဲ။” မင်းသားလျန်က မေးလိုက်၏။

“ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။” မင်းသမီး ကျိရွှမ်က ပြန်ပြောလိုက်သည်။

“ရှမ့်လန်က သိပ်မဝေးတော့ဘူး။ အထူးနဂါးအရှိန်အဝါနဲ့ မျိုးဗီဇပြောင်း သားရဲကြီးတွေက မိုင်ရာဂဏန်း လောက်ပဲ ဝေးတော့တာ။ သူ့ကို ဖမ်းလိုက်ကြမလား။”

“ရှင် မသိဘူးလား။ အခုသာ ကျွန်မတို့ မဆင်မခြင် လုပ်လိုက်ရင် တတိယမြောက်နဲ့ စတုတ္ထမြောက် နဂါးနောင်တတွေ ကျုပ်တို့တပ်တော်ပေါ် ကျလာလိမ့်မယ်။”

မင်းသားလျန်လည်း သိရှိပေသည်။ ထို့ကြောင့် ရှမ့်လန်ကို ဖမ်းဆီးရန် အမိန့်မပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မိုင်ရာဂဏန်း ကွာဝေးနေသေးသည်။ ရှမ့်လန်သည် အသံလှိုင်း ပျံသန်းရေး သားရဲကြီးကို စီးနင်းထား သောကြောင့် သူတို့ လိုက်မီမည် မဟုတ်ပေ။

မင်းသမီး ကျိရွှမ်က ဆက်လက် ပြောလိုက်သည်။ “တပ်တော်ကို ဖြန့်ခွဲပြီး အသင့်ပြင်ထားပါ။ မင်းသားလျန် ဒီမှာပဲ နေခဲ့ပါ။ ဘာမှ မလုပ်ပါနဲ့။ သူ့ကို သွားမစပါနဲ့။ ရှမ့်လန်က အရူးတစ်ယောက်ပဲ။ သူ့ကို သွားစလိုက်ရင် နဂါးနောင်တနဲ့ တကယ် မြေလှန်ပစ်လိမ့်မယ်။ ကျွန်မ မီးတောက်မြို့တော်ကို ပြန်ပြီး အမိန့်ပြန်တမ်း သွားတောင်းလိုက်အုံးမယ်။”

မင်းသားလျန်က ပြောလိုက်၏။ “ကောင်းပါပြီ။”

မင်းသမီး ကျိရွှမ်သည် အသံလှိုင်း ပျံသန်းရေး သားရဲကို စီးနင်းလျက် မီးတောက်မြို့တော်ဆီသို့ အမြန်ဆုံး ထွက်ခွာသွားသည်။

.......

နာရီပိုင်း အတွင်းမှာပင် မင်းသမီး ကျိရွှမ် စီးနင်းလာသော အသံလှိုင်း ပျံသန်းရေး သားရဲသည် နန်းတော်ထဲသို့ ဆင်းသက်လာပြီး ခန်းမဆောင်ကြီး အတွင်းသို့ ဝင်ရောက်လာခဲ့၏။

ထိုအချိန်တွင် တော်ဝင်ရန် အိမ်ရှေ့စံသည် မြေပုံကြီး တစ်ခုရှေ့တွင် ငေးငိုင်စွာ ရပ်နေ၏။ လှုပ်ရှားခြင်း မရှိပေ။

မင်းသမီး ကျိရွှမ်က ရှေ့သို့ တိုးသွားပြီး လျှောက်တင်လိုက်သည်။ “အစ်ကိုတော်... ရှမ့်လန်က ကျွန်မတို့ ကျိမိသားစုရဲ့ နဂါးနောင်တကို အသက်သွင်းလိုက်ပါပြီ။ နာရီပိုင်းအတွင်းမှာပဲ သူက ဒုံးကျည် နှစ်ခု ပစ်လွှတ်လိုက်ပြီး တုံ့ကျန်းဘုရားကျောင်းရဲ့ တပ်တော်၊ လျန်နိုင်ငံရဲ့ စစ်သည် ၅၀,၀၀၀၊ အိမ်ရှေ့စံနဲ့ အရာရှိတွေကိုပါ ဖျက်ဆီးပစ်လိုက်ပါပြီ။”

အိမ်ရှေ့စံသည် ကျောက်ရုပ်ပမာ မလှုပ်မယှက် ရပ်နေဆဲပင်။

မင်းသမီး ကျိရွှမ်က ဆက်ပြောသည်။ “အစ်ကိုတော်... ရှမ့်လန်က ကျွန်မတို့ရဲ့ နဂါးနောင်တကို အသက်သွင်းလိုက်ပြီ။ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ တော်ဝင်ချန် အင်ပါယာကို ဆက်ပြီး စစ်တိုက်ကြမလား။

ကျွန်မတို့ တပ်တော်သာ ရှေ့တိုးသွားရင် နဂါးနောင်တတွေ တရစပ် ကျလာပါလိမ့်မယ်။ တော်ဝင်ရန် အင်ပါယာ နယ်မြေထဲကိုတောင် ကျရောက်လာနိုင်ပါတယ်။ ရှမ့်လန်က တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်စွမ်း ကို ပိုင်ဆိုင်သွားပါပြီ။ ပြီးတော့ ဒီစွမ်းရည်ကို ပေးလိုက်တာကလည်း ကျွန်မတို့ပါပဲ။”

နောက်ဆုံးတွင် တော်ဝင်ရန် အိမ်ရှေ့စံက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ကျုပ်သိတယ်။ ကျုပ်သိတယ်။”

ထို့နောက် သူသည် ရှေ့သို့ ကိုင်းလိုက်ပြီး နံရံပေါ်ရှိ မြေပုံနှင့် နဖူးကို တိုက်လိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

သူ၏ အသံတွင် နာကျင်မှုများ ပြည့်နှက်နေ၏။ သူက အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။ “ဒါ... ဒါက သေချင်လောက်အောင် နာကျင်ရတယ်။ တကယ့်ကို သွေးအန်ချင်လောက်အောင်ပဲ။”

...

အပိုင်း (၁၂၁၂)

မင်းသမီး ကျိရွှမ် လာရောက် သတင်းပို့ရန်ပင် မလိုအပ်ပေ။ တော်ဝင်ရန် အိမ်ရှေ့စံ သိရှိပြီး ဖြစ်သည်။ တုံ့ကျန်းဘုရားကျောင်း က ရန်မြို့တော်သို့ ဦးစွာ သတင်းပို့ပြီးမှ မင်းသမီး ကျိရွှမ်ထံ သတင်းပို့ခြင်း ဖြစ်ပေလိမ့်မည်။

အစပိုင်းတွင် မျှော်လင့်ချက် အနည်းငယ် ရှိခဲ့သေးသည်။ ဥပမာ - ရှမ့်လန်သည် နုရှောင့်မြို့၏ လက်ကျန် စာရင်းမှ တစ်ခုတည်းသော နဂါးနောင်တကို ပစ်ခတ်လိုက်ခြင်း ဖြစ်နိုင်သည် ဟူ၍ပင်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းသောကြောင့်ပင်။ ရှမ့်လန်က ဘာအခွင့်အရေးနှင့် လုပ်ဆောင်နိုင်ရသနည်း။

တော်ဝင်ရန်အင်ပါယာမှ ပညာရှင် ထောင်ပေါင်းများစွာသည် ဆယ်စုနှစ်များစွာ ကြိုးစားခဲ့သော်လည်း ကျန်းမိသားစု ၏ နဂါးနောင်တကို မဖြေရှင်းနိုင်ခဲ့ကြပေ။ ကျန်းမိသားစု ပိုင်ဆိုင်သောအရာသည် ကျန်းမိသားစု သာ ပိုင်ဆိုင်ပြီး၊ ကျိမိသားစု ပိုင်ဆိုင်သောအရာသည် ကျိမိသားစုသာ ပိုင်ဆိုင်ကြောင်း၊ ထိုလုပ်ပိုင်ခွင့် အာဏာ သည် မွေးရာပါဖြစ်ပြီး ဖြေရှင်း၍ မရနိုင်ကြောင်း သူတို့ ကောက်ချက်ချခဲ့ကြသည်။

သို့သော်ငြား လွန်ခဲ့သော နာရီပိုင်းက ရှမ့်လန်သည် ဒုတိယမြောက် နဂါးနောင်တကို ပစ်လွှတ်လိုက်ပြီး လျန်နိုင်ငံမှ စစ်သည် ၅၀,၀၀၀ ကို သုတ်သင်ပစ်လိုက်သည်။ မျှော်လင့်ချက် အားလုံး ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။ ရှမ့်လန် ဤသို့ လုပ်ဆောင်ခြင်းမှာ သူသည် ကျိမိသားစု၏ နဂါးနောင်တကို ပစ်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း ရန်မြို့တော်ကို အသိပေးလိုက်ခြင်းပင်။

ကျိမိသားစု၏ နဂါးနောင်တကို ဖြေရှင်းနိုင်သည်နှင့် အသံလှိုင်း ပျံသန်းရေး သားရဲများကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်သည်။ အိပ်မက်ဆိုးကျောက်တုံးကို တော်ဝင်ရန်အင်ပါယာ ပညာရှင်များက ပြုပြင်ထားသဖြင့် ရှမ့်လန်ကို တားဆီးနိုင်လိမ့်မည်ဟု တော်ဝင်ရန် အိမ်ရှေ့စံ မထင်မြင်တော့ပေ။

ယခုအခါ ရှမ့်လန်တွင် ထိပ်တန်း လေတပ်နှင့် တာဝေးပစ် မဟာဗျူဟာမြောက် တိုက်ခိုက်ရေး အင်အား ရှိသွားခဲ့ပြီ ဖြစ်သည်။ ရယ်စရာ အကောင်းဆုံးမှာ ဤအရာအားလုံးကို တော်ဝင်ရန် အင်ပါယာက ပေးအပ်လိုက်ခြင်းပင် ဖြစ်၏။

တော်ဝင်ရန် အင်ပါယာတွင် ရှမ့်လန်ထက် နဂါးနောင်တပိုမို များပြားစွာ ရှိနေသော်လည်း အဓိပ္ပာယ် ရှိပါဦးမည်လား။ လက်ရှိတွင် ရှမ့်လန်၌ အထူးနဂါးနောင်တ ၄၉ ခု ရှိနေသည်။ မူလက ရှိထားသော တစ်ခုနှင့် ပေါင်းလျှင် စုစုပေါင်း ၅၀ ရှိသည်။

ဤ ၅၀ ဖြင့် တော်ဝင်ရန်အင်ပါယာကို ဖျက်ဆီးပစ်ရန်မှာ အိမ်မက် မက်နေခြင်းသာ ဖြစ်သည်။ သို့သော်ငြား မဟာဗျူဟာမြောက် ဟန့်တားမှု အနေဖြင့်မူ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။ တော်ဝင်ရန် အင်ပါယာ က မည်သည့်နေရာသို့ စစ်သည်များ စေလွှတ်သည်ဖြစ်စေ၊ နဂါးနောင်တတစ်ခုကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ရန်မြို့တော်ကို ရွံရှာစေသော အချက်တစ်ချက် ရှိသေးသည်။ ရှမ့်လန်သည် သူ၏လူများကို အသုံးပြု၍ တော်ဝင်ရန် အင်ပါယာ၏ နဂါးနောင်တကို အချိန်မရွေး ကြားဖြတ် ဟန့်တားနိုင်သည်။

တော်ဝင်ရန် အင်ပါယာသည် လည်း နဂါးနောင်တကို ကြားဖြတ် ဟန့်တားနိုင်သော်လည်း ရှေးဟောင်း ဟန့်တားရေး ကိရိယာများကို အသုံးပြုရ၏။

၎င်းတို့သည် တစ်ဒါဇင်ခန့် ရှိသော်လည်း နေရာအတည်တကျ ဖြစ်နေသည်။ ဤသည်မှာ အလွန် ခံစစ် ဆန်သော အခြေအနေ ဖြစ်သည်။ ပို၍ ရွံရှာဖွယ် ကောင်းသည်မှာ နဂါးနောင်တကို ပစ်လွှတ်လိုက်သည်နှင့် ကြားဖြတ် ဟန့်တားခံရပြီး သိမ်းပိုက်ခံရမည်။

မင်းသမီး ကျိရွှမ်က မေးလိုက်သည်။ “အစ်ကိုတော်... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။”

ဘာလုပ်နိုင်ဦးမည်နည်း။ ဆုတ်ခွာရုံသာ ရှိတော့သည်။ သို့သော်ငြား ဤကဲ့သို့ ဆုတ်ခွာလိုက်ပါက အမှန်တကယ် မျက်နှာပျက်စရာ ဖြစ်လိမ့်မည်။ လောကသူ၊ လောကသားများက သူ ... တော်ဝင်ရန် အိမ်ရှေ့စံကို မည်သို့ ထင်မြင်ကြမည်နည်း။

နုရှောင့်မြို့ တိုက်ပွဲတွင် ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ကလဲ့စားချေလိုခဲ့ကြသည်။ သို့သော်ငြား ချန်နိုင်ငံသစ် နယ်မြေထဲသို့ မဝင်ရောက်နိုင်မီမှာပင် ပြန်လည် မောင်းထုတ်ခံလိုက်ရသည်။ ဤသည်မှာ တော်ဝင်ရန် အင်ပါယာ ဟုတ်ပါသေးသလား။ ဤသည်မှာ အရှေ့တိုင်းလောက၏ အရှင်သခင် ဟုတ်ပါသေးသလား။

စေတီတောင်ကို ဖျက်ဆီးခဲ့သော ကြီးမားသည့် ဂုဏ်ရှိန်အဝါသည် ချက်ချင်းပဲ ပြောင်စင်သွားခဲ့ရသည်။ ထို့အပြင် အင်ပါယာသည် တရားကျင့်ကြံနေသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း တိုင်းပြည်ရေးရာ ကိစ္စရပ်များကို အိမ်ရှေ့စံက စီမံခန့်ခွဲခဲ့သည်။ လူအများက အိမ်ရှေ့စံသည် အရည်အချင်း မရှိဟု ထင်မြင်ကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ရှမ့်လန်၏ အာဏာ မည်မျှ လျင်မြန်စွာ မြင့်တက်လာသည်ကို ကြည့်သင့်သည်။ ဤသည်မှာ အိမ်ရှေ့စံ၏ အရည်အချင်း ညံ့ဖျင်းမှုကြောင့်ပင် ဖြစ်သည်။ ဤကဲ့သို့သော အိမ်ရှေ့စံက တော်ဝင်ရန် အင်ပါယာကို ဆက်ခံရန် အရည်အချင်း ပြည့်မီပါမည်လား။

တော်ဝင်ရန် အိမ်ရှေ့စံသည် ဘာလုပ်ရမည်ကို သိသော်လည်း အမိန့်မပေးနိုင်ပေ။ သူ ဤကိစ္စကို သည်းမခံနိုင်ပေ။ သို့သော်ငြား တော်ဝင်ရန် အိမ်ရှေ့စံသည် အသက် ၅၀ နီးပါး ရှိနေပြီ ဖြစ်သည်။ ထို့အပြင် တိုင်းပြည်အတွက် တာဝန်ရှိသူ ဖြစ်သည်။ သူ ဤကဲ့သို့ ပြောဆိုခြင်းမှာ ကလေးဆန် လွန်းရာ မရောက်ပေဘူးလား။

စစ်မှန်သော တော်ဝင်မျိုးနွယ် ဆက်ခံသူအနေဖြင့် အိမ်ရှေ့စံသည် ရင်ဝူမင်ကို သည်းခံနိုင်သော်လည်း ရှမ့်လန်ကိုမူ သည်းမခံနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရင်ဝူမင် မည်သို့ပင် ပြုမူစေကာမူ သူ၏မျိုးရိုး အမည်မှာ ရင် ဖြစ်ပြီး သစ္စာဖောက်ဟူသော ဂုဏ်ပုဒ်ကို ဘယ်တော့မှ ဆေးကြော၍ ရနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ရှမ့်လန်၏ မျိုးရိုးအမည်မှာ ကျန်း ဖြစ်သည်။ ရှေးယခင်တည်းက ကျန်းနှင့် ကျိမျိုးရိုးအမည်များသည် ဤလောက၌ တန်ဖိုးအရှိဆုံး မျိုးရိုးအမည်များ ဖြစ်ကြသည်။

မင်းသမီး ကျိရွှမ်က မေးလိုက်၏။ “အစ်ကိုတော်... ခမည်းတော်ကို သွားတွေ့မလို့လား။”

တော်ဝင်ရန် အိမ်ရှေ့စံက ခေါင်းခါလျက် ပြောလိုက်သည်။ “မဖြစ်ဘူး။ ဒီဆုံးဖြတ်ချက်ကို ကျုပ်ပဲ ချရမယ်။ ခမည်းတော်ကို ဆွဲထည့်လို့ မဖြစ်ဘူး။”

မင်းသမီး ကျိရွှမ်က မေးပြန်၏။ “ဒါဆို... အခု ဆုတ်ခွာကြမလား။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်သည်။ “သတင်းတွေ အားလုံးကို ပိတ်ပင်ထားလိုက်။ တော်ဝင်ရန် အင်ပါယာ က လက်နက်သစ် စမ်းသပ်နေတယ်လို့ပဲ ပြောလိုက်။ တုံ့ကျန်းဘုရားကျောင်းနဲ့ လျန်နိုင်ငံက လူတွေရဲ့ ပါးစပ်ကို ပိတ်ထား။ ဒီတစ်ခါ လက်နက်သစ် စမ်းသပ်မှုမှာ ဘယ်သူမှ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ပြောလိုက်။”

မင်းသမီး ကျိရွှမ်က ထောက်ပြ၏။ “လောကက ယုံမှာ မဟုတ်ဘူး။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြန်ပြောသည်။ “ပြောတာ မပြောတာက ကျုပ်တို့ အပိုင်း... ယုံတာ မယုံတာက သူတို့ အပိုင်း။”

မင်းသမီး ကျိရွှမ်က ခေါင်းညိတ်လိုက်၏။ “နားလည်ပါပြီ။”

တော်ဝင်ရန် အိမ်ရှေ့စံက ဆက်လက် အမိန့်ပေးသည်။ “တပ်တော်ကို နေရာမှာပဲ ဆက်လက် တပ်စွဲထားပြီး ချန်နိုင်ငံသစ်ကို ခြိမ်းခြောက်ထားလိုက်။ ပြီးတော့ မီးတောက်မြို့တော်မှာ တပ်တော်ကို ဆက်လက် စုရုံးပြီးတော့ စစ်သည်အင်အား တစ်သန်းအထိ စုစည်းလိုက်။ တောင်ကြီးတစ်လုံး ပြိုကျလာမယ့်အတိုင်း ဖြစ်နေပါစေ။ ကျုပ်တို့ ကြောက်ပြီး ရှေ့မတိုးရဲတာမျိုး မဖြစ်စေနဲ့။ ရှေ့တန်းတပ်တော်က ရပ်တန့်ပြီး ပင်မတပ်တော် ရောက်လာမယ့် အချိန်ကို စောင့်ဆိုင်းနေတဲ့ ပုံစံမျိုး ဖြစ်ရမယ်။”

မင်းသမီး ကျိရွှမ်က ပြောလိုက်၏။ “နားလည်ပါပြီ။”

တော်ဝင်ရန် အိမ်ရှေ့စံက ဆက်ပြောသည်။ “မင်းသားလျန်ကို ချန်နိုင်ငံသစ်ထဲဝင်ပြီး ရှမ့်လန်နဲ့ ညှိနှိုင်း ခိုင်းလိုက်။”

မင်းသမီး ကျိရွှမ်က မေးလိုက်၏။ “ဘယ်အတိုင်းအတာထိလဲ။ ဘာအချက်အလက်တွေနဲ့လဲ။”

တော်ဝင်ရန် အိမ်ရှေ့စံက ဖြေလိုက်သည်။ “ပေါက်ကရတွေ လျှောက်ပြောခိုင်းလိုက်။ အချိန်ဆွဲထား... တစ်နှစ်လောက် ကြာအောင် ဆွေးနွေးခိုင်းလိုက်။”

မင်းသမီး ကျိရွှမ် နားလည်လိုက်ပြီ ဖြစ်သည်။ သူမ၏ အစ်ကိုတော် ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ သူက အချိန်ဆွဲလိုသော်လည်း အလျှော့မပေးလိုခြင်း ဖြစ်သည်။ ခမည်းတော် တရားကျင့်ရာမှ ထွက်လာသည်အထိ အချိန်ဆွဲထားလိုခြင်း ဖြစ်သည်။ ထိုအချိန်ရောက်လျှင် လောကကြီးသည် ကျောက်စာထွင်းထားသကဲ့သို့ တည်ငြိမ်သွားမည် ဖြစ်ပြီး မိစ္ဆာကောင်များ အားလုံး ပျက်စီးသွားရပေမည်။

နုရှောင့်မြို့၊ ရှမ့်လန်၏ လက်နက်သစ်များ၊ ရှေးဟောင်းယဉ်ကျေးမှုနှင့် သိပ္ပံယဉ်ကျေးမှု ပေါင်းစပ်ထားသော အရာများ .... အားလုံး အသုံးမဝင်တော့ပေ။ ခမည်းတော် ထွက်လာသည်နှင့် တပြိုင်နက် လောကကြီး၏ အဆုံးစွန် အာဏာကို ဆုပ်ကိုင်လိုက်နိုင်ပြီဟု ဆိုလိုခြင်း ဖြစ်ပေသည်။

“သွားတော့။”

တော်ဝင်ရန် အိမ်ရှေ့စံက ပြောလိုက်၏။ “မင်းသားလျန်ကို စကားပြောခိုင်းလိုက်။ သူ အချိန်မဆွဲနိုင်ရင် မင်းကိုယ်တိုင် သွားပြောလိုက်။”

“အမိန့်တော် အတိုင်းပါ။” မင်းသမီး ကျိရွှမ်က ဦးညွတ်လိုက်သည်။

မီးတောက်မြို့တော်၏ အမိန့်ပြန်တမ်း ထွက်ပေါ်လာသည်နှင့်တပြိုင်နက် လျှို့ဝှက်တပ်တော် အင်အား ၂၀၀,၀၀၀ သည် ချက်ချင်း ရပ်တန့်ကာ အသင့်အနေအထား ယူလိုက်ကြသည်။ သူတို့သည် အရပ်မျက်နှာ သုံးခုမှ ချန်နိုင်ငံသစ်ကို ဆက်လက် ခြိမ်းခြောက်နေခဲ့ကြ၏။

ထို့နောက် မီးတောက်မြို့တော်၌ ပြတ်ပြတ်သားသား တိုက်ခိုက်ရန် တောင်းဆိုသံများ ပိုမို ကျယ်လောင်လာ ခဲ့သည်။ ယခင်က သန်းနှင့်ချီသော တပ်တော်ကြီးကို စုစည်းခဲ့သည်မှာ ဟန်ပြသာ ဖြစ်သော်လည်း ယခု တစ်ကြိမ်တွင်မူ အစစ်အမှန် ဖြစ်လာလေပြီ။ မရေမတွက်နိုင်သော စစ်သည်များသည် အရပ်မျက်နှာ အသီးသီးမှ အပြေးအလွှား ရောက်ရှိလာကြသည်။

လောကပေါ်ရှိ စစ်သည်အင်အား တစ်ဝက်ခန့်သည် ချန်နိုင်ငံသစ်ကို နောက်တစ်ကြိမ် တိုက်ခိုက်တော့မည့် အလား ထင်မှတ်ရသည်။ သို့သော်ငြား မင်းသားလျန်သည် တပ်တော်မှ တိတ်တဆိတ် ပျောက်ကွယ်သွားပြီး တော်ဝင်ချန် နန်းတော်ထဲ၌ ပေါ်လာခဲ့၏။

.........

“မင်းသားလျန်... မကြာသေးမီက ကျုပ်တို့ ခဏခဏ တွေ့နေကြပါလား။” မင်းသားကျင်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။ သူ၏ လေသံမှာ သရော်သလို ဖြစ်နေ၏။

မင်းသားလျန်သည် အလွန် မကျေမနပ် ဖြစ်နေခဲ့၏။ သူသည် ချန်နိုင်ငံသစ်တွင် ဖြစ်စေ၊ စေတီတောင်တွင် ဖြစ်စေ၊ အလွန်ကြမ်းတမ်းပြီး အာဏာပြတတ်သူ ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ အာဏာကို သူတစ်ယောက်တည်း ပိုင်ဆိုင်ထားသကဲ့သို့ ပြုမူတတ်သူ ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် သူရဲဘော ကြောင်လွန်းနေသည်။ သို့သော်ငြား သံတမန်ရေးရာ အားလုံးသည် တိုင်းပြည်၏ အင်အားနှင့် စစ်ပွဲ ရလဒ် အပေါ်တွင် မူတည်နေသည်။

မင်းသားလျန်က မေးလိုက်သည်။ “မင်းသားကျင်း... ခင်ဗျား ကျုပ်ကို ဆက်ပြီး လှောင်ပြောင်နေအုံးမှာလား။ ဒါမှမဟုတ် ဆွေးနွေးပွဲ စတော့မလား။”

မင်းသားကျင်းက ပြန်ပြော၏။ “မင်းသားလျန်... အရှင်က ကျုပ်ကို ပြောစရာအချို့ မှာလိုက်ပါတယ်။ ကျုပ် ပြောပြပါရစေ။”

မင်းသားလျန် မျက်မှောင်ကြုတ်လိုက်သည်။ မူလက သူသည် အချိန်ဆွဲသည့် နည်းလမ်းကို အသုံးပြုရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ချန်နိုင်ငံသစ်၏ စတုရန်းကီလိုမီတာ ၁.၅ သန်း ပိုင်ဆိုင်မှုအကြောင်းကို ဦးစွာ ဆွေးနွေးမည်။ ထို့နောက် တစ်နှစ်၊ တစ်နှစ်ခွဲခန့် မည်သည့် ရလဒ်မှ မထွက်ဘဲ အချိန်ဆွဲ ဆွေးနွေးမည်။

နှစ်ဖက်စလုံး ပင်ပန်းနွမ်းနယ်လာသည့်အခါမှသာ သူတို့သည် အလျှော့ပေးသယောင် ဟန်ဆောင်ကာ ချန်နိုင်ငံသစ် ပြဿနာကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းရန် သဘောတူလိုက်ကြမည်။

‘ဆုတ်ခွာရေး ကိစ္စလား။ တစ်နှစ်လောက် နေမှ ဆွေးနွေးကြတာပေါ့။’

မည်သို့ပင်ဖြစ်စေ တော်ဝင်ရန်အင်ပါယာသည် အလွန် အင်အားကြီးမားသည်။ တပ်တော်ကို တစ်နှစ်၊ တစ်နှစ်ခွဲခန့် စုရုံးထားလည်း ဖြစ်သည်။ ‘တော်ဝင်ချန် အင်ပါယာကို အသိအမှတ်ပြုရေး ကိစ္စလား။ ရှမ့်လန်ကို တော်ဝင်ချန် အင်ပါယာ အဖြစ် အသိအမှတ်ပြုရေး ကိစ္စလား။ ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေး ကိစ္စလား။ အိပ်မက်သာ မက်နေလိုက်ကြ။ ၃ နှစ်၊ ၅ နှစ်လောက် ဆွေးနွေးရင်တောင် ဘာရလဒ်မှ ထွက်လာမှာ မဟုတ်ဘူး။’

မင်းသားကျင်းက ဆက်ပြော၏။ “အရှင်က ပြောပါတယ်။ မီးတောက်မြို့တော်က တရားဝင် ဆွေးနွေးပွဲ မစဘဲ အချိန်ဆွဲတဲ့ နည်းလမ်းကို သုံးဖို့ ကြံစည်နေတာ သေချာတယ်တဲ့။ တော်ဝင်ရန်အင်ပါယာ အကြောင်း တစ်နှစ်လောက် ဆွေးနွေးဖို့ ပြင်ဆင်နေကြမှာတဲ့။ ဒါကြောင့် နှစ်ဖက်စလုံး အချိန်မကုန်ရအောင် အရှင်က ရာဇသံ တိုက်ရိုက် ပေးလိုက်ပါတယ်။

ပထမအချက်... တော်ဝင်ရန်အင်ပါယာ ချက်ချင်း ဆုတ်ခွာရမယ်။ နောက်ဆုံး သတ်မှတ်ရက်က ၁၀ ရက်၊ တော်ဝင်ချန် အင်ပါယာ နယ်စပ် မိုင် ၅၀၀ အတွင်းမှာ စစ်သည်အင်အား ၅၀,၀၀၀ ထက် မပိုရဘူး။

ဒုတိယအချက်... တော်ဝင်ရန်အင်ပါယာက တော်ဝင်ချန်အင်ပါယာနဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို ချက်ချင်း လက်မှတ်ရေးထိုးရမယ်။

တတိယအချက်... ချန်နိုင်ငံသစ်ရဲ့ စတုရန်းကီလိုမီတာ ၁.၅ သန်းဟာ တော်ဝင်ချန် အင်ပါယာပိုင် ဖြစ်ကြောင်း တော်ဝင်ရန် အင်ပါယာက လောကကို ကြေညာရမယ်။

စတုတ္ထအချက်... ခင်ဗျားတို့ပြောကြတဲ့ မင်းသမီးငယ်လေး ကျိနင်ဆိုတဲ့ အရှင်ရဲ့ အစ်မတော် မင်းသမီး ကျန်းနင်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်။

ပဉ္စမအချက်... အရှင်နဲ့ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ သွေးသောက်ညီအစ်ကို ယွမ်မင်ကျယ်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမယ်။”

မင်းသားကျင်း ပြောပြီးသည်နှင့် စာရွက်တစ်ရွက်ကို ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ “အားလုံး ဒီမှာ ရေးထားပါတယ်။ မင်းသားလျန်... မီးတောက်မြို့တော်ကို အခုချက်ချင်း ပြန်ပြီး တော်ဝင်ရန် အိမ်ရှေ့စံ လက်မှတ်ထိုးဖို့ ပေးလိုက်ပါ။”

မင်းသားလျန် ဒေါသထွက်သွားခဲ့၏။ “ဒါက သိပ်လွန်လွန်းနေပြီ။ တကယ့်ကို လွန်လွန်းနေပြီ။ ဒါက ဆွေးနွေးပွဲ ဟုတ်သေးရဲ့လား။ ရှမ့်လန်... ခင်ဗျား သိပ်မောက်မာတာပဲ။ တော်ဝင်ရန်အင်ပါယာကို ခင်ဗျား ဘာမှတ်နေလဲ။ စစ်ရှုံးနိုင်ငံ မှတ်နေလား။ အခုအချိန်ထိ တော်ဝင်ရန်အင်ပါယာက အရှေ့တိုင်း လောကရဲ့ အရှင်သခင် ဖြစ်နေတုန်းပဲ။ တော်ဝင်ချန် အင်ပါယာထက် အများကြီး ပိုအစွမ်းထက်နေတုန်းပဲ။”

မင်းသားကျင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “မင်းသားလျန်... ဒီအချက်တွေက လုံးဝ အကျိုးကြောင်း မဆီလျော်တာ မဟုတ်ပါဘူး။ အရှင်က ခင်ဗျားတို့ကို တော်ဝင်ချန် အင်ပါယာကို အသိအမှတ်ပြုဖို့တောင် မတောင်းဆိုထားပါဘူး။”

မင်းသားလျန်က အေးစက်စွာ ပြောလိုက်၏။ “ကျုပ်တို့ သဘောမတူရင် ဘာဖြစ်မလဲ။ အရှင် ရှမ့်လန်က ဘာလုပ်မလို့လဲ။ ကျုပ်တို့တပ်တော်ကို နဂါးနောင်တနဲ့ ပစ်မလို့လား။ တော်ဝင်ရန် အင်ပါယာမှာ နဂါးနောင်တ မရှိဘူးလို့ ထင်နေလား။ ဝူ၊ ချောင်၊ ရွဲ့ပြည်နယ်တွေရဲ့ မြို့တော်တွေကို ကျုပ်တို့ နဂါးနောင်တနဲ့ မပစ်ရဲဘူးလို့ ထင်နေလား။ ကျုပ်တို့ဆီမှာ ခင်ဗျားတို့ထက် နဂါးနောင်တပိုများတယ် ဆိုတာ မမေ့နဲ့။”

မင်းသားကျင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ခင်ဗျားက ပိုပြီး ရက်စက်ပြချင်နေတာလား။ ဟုတ်ပါတယ်။ အရှင် ရှမ့်လန်က ကိုယ်ခွဲလို့ မရသလို ကျုပ်တို့ဆီမှာ ခင်ဗျားတို့လောက် နဂါးနောင်တ မများပါဘူး။ အရှင် အများဆုံး လုပ်နိုင်တာက နုရှောင့်မြို့ကို နဂါးနောင်တရန်ကနေ ကာကွယ် ပေးဖို့ပါပဲ။

ခင်ဗျားတို့သာ ချောင်၊ ဝူ၊ ရွဲ့နဲ့ ချန်နိုင်ငံသစ်ကို တပြိုင်နက် တိုက်ခိုက်ရင် ကျုပ်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အများဆုံး နဂါးနောင်တနဲ့ ပြန်တိုက်ခိုက်ရုံပဲ ရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ နုရှောင့်မြို့ကို မဖျက်ဆီးနိုင်သလို ကျုပ်တို့လည်း ရန်မြို့တော်ကို မဖျက်ဆီးနိုင်ပါဘူး။”

မင်းသားလျန်က ပြောလိုက်၏။ “အရှင် ရှမ့်လန်ရဲ့ နဂါးနောင်တ ၅၀ က ကလဲ့စားချေဖို့ မလုံလောက်မှာ စိုးရိမ်မိပါတယ်။”

မင်းသားကျင်းက အေးစက်စွာ ရယ်မောလိုက်ပြီး မေးလိုက်သည်။ “ဒါဆို ကျုပ် ရန်မြို့တော်ကို မေးချင်ပါတယ်။ ခင်ဗျားတို့ တော်ဝင်ချန် အင်ပါယာကို အသိအမှတ်ပြုသလား။”

မင်းသားလျန်က ဖြေလိုက်၏။ “မပြုပါဘူး။ ဒီလောကမှာ တော်ဝင်ချန်နိုင်ငံပဲ ရှိတယ်။ တော်ဝင်ချန်အင်ပါယာ ဆိုတာ မရှိဘူး။”

မင်းသားကျင်းက မေးပြန်သည်။ “ဆိုလိုတာက ဝူ၊ ချောင်၊ ရွဲ့နဲ့ ချန်နိုင်ငံသစ်တွေဟာ တော်ဝင်ရန် အင်ပါယာပိုင် ဖြစ်နေတုန်းပဲ ဆိုတဲ့ သဘောပေါ့။”

မင်းသားလျန်က ပြောလိုက်၏။ “ဒါပေါ့။ အရှေ့တိုင်း လောကတစ်ခုလုံးမှာ အင်ပါယာ တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက တော်ဝင်ရန်အင်ပါယာပဲ။ မင်းဆက် တစ်ခုတည်းပဲ ရှိတယ်။ အဲဒါက တော်ဝင်ရန်မင်းဆက်ပဲ။”

မင်းသားကျင်းက ပြောလိုက်သည်။ “ဒါဆို ရန်မြို့တော်က ကိုယ့်တိုင်းပြည်ထဲကို နဂါးနောင်တ ပစ်ချရလောက်အောင် တကယ်ကို ရက်စက်တာပဲ။”

All Chapters