← Chapters

အခန်း (၁၂၁၃-၁၂၁၄)

Vol. 70 Ch. 1213-1214

အခန်း (၁၂၁၃-၁၂၁၄)

Vol. 70 Ch. 1213-1214

အပိုင်း (၁၂၁၃)

ထိုစကားကို ကြားလိုက်ရချိန်မှာတော့ မင်းသားလျန်၏ မျက်နှာမှာ ရှုံ့မဲ့သွားခဲ့သည်။ ရန်မြို့တော် အနေဖြင့် ဤကိစ္စကို မည်သို့မှ ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။ ဝူ၊ ချောင်၊ ရွဲ့ပြည်နယ်များကို ရန်သူအဖြစ် ကြေညာချင်သည်လား။ ထိုသို့ဆိုရင် တော်ဝင်ချန် အင်ပါယာကို အသိအမှတ်ပြုရပေမည်။

တော်ဝင်ချန်အင်ပါယာကို အသိအမှတ်မပြုဘူး ဆိုပါက ဝူ၊ ချောင်၊ ရွဲ့နဲ့ ချန်နိုင်ငံသစ်များက တော်ဝင်ရန် အင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံတွေ ဖြစ်နေဦးမည်။ ပုန်ကန်မှုကို နှိမ်နင်းဖို့ စစ်တပ် စေလွှတ်နိုင်သော်လည်း နဂါးနောင်တ ပစ်ချချင်သေးသည်လား။ ထိုသို့ဆိုရင် တော်ဝင်ရန်အင်ပါယာ၏ တရားဝင် ဖြစ်မှု ဆိုသည်မှာ အဘယ်နည်း။

မင်းသားကျင်း၏ စကားများသည် အလွန် မှန်ကန်လှသည်။ ကိုယ့်ပိုင်နက်ထဲကို နဂါးနောင်တ ပစ်ချရဲမှတော့ တော်ဝင်ရန် အင်ပါယာက တကယ်ကို အံ့မခန်းပင်ဖြစ်သည်။ သို့ပေမည့် ရှမ့်လန်က မတူ‌ချေ။ တော်ဝင်ချန် အင်ပါယာ၌ လက်အောက်ခံ နိုင်ငံ ၅ ခုသာ ရှိ၏။ ဝူ၊ ချောင်၊ ရွဲ့၊ ချန်နဲ့ တာ့နန်တို့ ဖြစ်ကြသည်။

စတုရန်းကီလိုမီတာ ၄ သန်းခွဲကလွဲလျှင် ကျန်သည့် တည်နေရာအကုန်လုံးက ရန်သူ့နိုင်ငံတွေချည်းပင်။ အရှေ့တိုင်းလောကတွင် နျူကလီးယား မပြန့်ပွားရေး စာချုပ်ဆိုသည်မှာ မရှိချေ။ နဂါးနောင်တဆိုသည်မှာ နျူကလီးယားဗုံး မဟုတ်သော်လည်း သဘောတရားကတော့ အတူတူပင်။ ဆိုလိုသည်မှာ ရှမ့်လန်မှာ နဂါးနောင်တပစ်ခွင့် ရှိသော်လည်း တော်ဝင်ရန် အင်ပါယာမှာ မရှိချေ။

မင်းသားလျန်က မေးလိုက်၏။ “ကျုပ်တို့က တော်ဝင်ရန်အင်ပါယာ နာမည်သုံးပြီး နဂါးနောင်တ ပစ်ရမှာ မို့လို့လား။”

မင်းသားကျင်းက ပြန်မေးလိုက်သည်။ “တော်ဝင်ရန် အင်ပါယာ နာမည် မသုံးဘူးလား။ ဒါဆို တော်ဝင်ချန် အင်ပါယာ နာမည်သုံးပြီး ချောင်မြို့တော်ကို နဂါးနောင်တပစ်ချမယ်။ ပြီးရင် တော်ဝင်ချန် အင်ပါယာက ပစ်ချပါတယ်လို့ စွပ်စွဲမလို့လား။ ဒီလောကကြီးက ယုတ္တိမရှိတာ မှန်ပေမဲ့ အဲဒီလောက်ထိ ယုတ္တိမရှိ ဖြစ်သွားရင်တော့ တော်ဝင်ရန်အင်ပါယာရဲ့ တရားဝင် ဖြစ်မှုဆိုတာ ပျောက်ကွယ်သွားလိမ့်မယ်။”

မင်းသားလျန်က အေးစက်စွာ ပြောလိုက်၏။ “တော်ဝင်ရန်အင်ပါယာက တရားဝင် ဖြစ်မှုကို တန်ဖိုးထားပေမဲ့ ရှမ့်လန်ရဲ့ တော်ဝင်ချန်အင်ပါယာက တန်ဖိုးမထားဘူးလား။ သူသာ တော်ဝင်ရန်အင်ပါယာ အပေါ်ကို နဂါးနောင်တပစ်ချရင် နောင်ကျရင် လောကကြီးကို ဘယ်လို ပေါင်းစည်းမလဲ။ အရှေ့တိုင်း လောကရဲ့ အရှင်သခင် ဘယ်လို လုပ်မလဲ။”

‘ဒီကောင်လေး မင်းသားလျန်က တကယ်ကို ရဲတင်းတာပဲ။ ဘာမဆို ပြောရဲတယ်။’

မင်းသားကျင်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ “ပြဿနာက အဲဒီမှာပဲ။ အရှင်က အရှေ့တိုင်းလောကရဲ့ အရှင်သခင် မဖြစ်ချင်ဘူး။ လောကကြီးကိုလည်း မပေါင်းစည်းချင်ဘူး။ သူ့ရဲ့ ရည်မှန်းချက် တစ်ခုတည်းက လောကပေါ်မှာ ရန်သူမရှိစေချင်တာပဲ။”

မင်းသားလျန် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏။ ‘ဒါက အဓိက အချက်ပဲ။’

လောကကြီးကို ပေါင်းစည်းလိုသော တော်ဝင်ရန်အင်ပါယာအဖို့ တရားမျှတမှုကို ဦးစားပေးရမည် ဖြစ်သော်လည်း ရှမ့်လန်ကမူ ထိုအရာများကို ဂရုမစိုက်ချေ။ သူသည် ကလဲ့စားချေရန်သာ ရည်ရွယ်ထားသူ ဖြစ်သဖြင့် လျန်နိုင်ငံ၊ ကျင်းနိုင်ငံ သို့မဟုတ် တော်ဝင်ရန်အင်ပါယာဖြစ်စေ၊ နဂါးနောင်တ လက်နက်ကို အသုံးပြုရန် ဘယ်သောအခါမှ ဝန်လေးနေမည် မဟုတ်ပေ။

အကြောင်းမှာ သူသည် ထိုနိုင်ငံများရှိ ပြည်သူများကို ဂရုမစိုက်သကဲ့သို့၊ လူအများက သူ့ကို သေလောက်အောင် မုန်းတီးသွားလျှင်ပင် ရန်သူစာရင်းထဲ နာမည်တိုးလာရုံထက် မပိုဟု မှတ်ယူထားသောကြောင့် ဖြစ်သည်။

သို့သော်ငြား တော်ဝင်ရန်အင်ပါယာအတွက်မူ ရှမ့်လန်ကဲ့သို့ ပြုမူရန် မဖြစ်နိုင်ပေ။ အင်ပါယာအနေဖြင့် နုရှောင့်မြို့ကို နဂါးနောင်တဖြင့် ပစ်ခတ်နိုင်သည်မှာ ထိုနေရာသည် ပင်လယ်ရပ်ခြားနယ်မြေဖြစ်ပြီး မိမိပိုင်နက် မဟုတ်ခဲ့ဖူးခြင်း၊ ရှိသမျှလူအားလုံးမှာ ပြင်ပလူနှင့် ရန်သူများသာ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ထို့အတူ သာမန်ပြည်သူမရှိဘဲ သဘာဝလွန်အင်အားစုများသာ ရှိသည့် စေတီတောင် ကိုလည်း တိုက်ခိုက်ရန် ဝန်လေးစရာ မရှိပေ။

သို့သော်ငြား တရားဝင်မြေပုံအရ မိမိပိုင်နက်ဖြစ်နေဆဲဖြစ်သော ဝူ၊ ချောင် နှင့် ရွဲ့ပြည်နယ်များအတွင်းရှိ မြို့များကိုသာ တိုက်ခိုက်ခဲ့လျှင်မူ တော်ဝင်ရန်အင်ပါယာ၏ တရားမျှတမှုနှင့် ဂုဏ်သိက္ခာမှာ ပြည်သူ့ ရှေ့မှောက်တွင် ပျောက်ဆုံးသွားပေလိမ့်မည်။

သဲကန္တာရလူရိုင်းမျိုးနွယ်နှင့် ချင်နိုင်ငံတို့မှာ တော်ဝင်ရန်အင်ပါယာ၏ နယ်မြေများ မဟုတ်ကြချေ။ ထို့ကြောင့် ရှမ့်လန်အနေဖြင့် ထိုနေရာများကို ဖျက်ဆီးရန် နည်းနည်းလေးမှ နှမြောမည်မဟုတ်ပေ။ ကျယ်ပြန့်ပြီး လူနေကျဲပါးသော သဲကန္တာရထဲတွင် လူတစ်ထောင်ခန့် သေဆုံးသွားလျှင်ပင် သူက အမြတ်ထွက်သည်ဟုသာ သဘောထားပေမည်။

အထူးသဖြင့် ထိုဒေသသည် ကျူးဟုန်ကျူး၏ သတ်ဖြတ်မှုကြောင့် မျိုးသုဉ်းလုနီးပါး ဖြစ်နေကာ လူသူကင်းမဲ့ သည့် မြေရိုင်းသဖွယ် ဖြစ်နေခြင်းကြောင့်လည်း ပါဝင်သည်။ ချင်နိုင်ငံမှာမူ အာယုနာနာက ပြန်လည် မသိမ်းပိုက်ရသေးဘဲ သူပုန်များ၏ လက်အောက်တွင်သာ ရှိနေသေးသဖြင့် စိတ်ကြိုက်ဖောက်ခွဲပစ်ရန် ရှမ့်လန်က ပို၍ပင် လိုလားနေပေသည်။

မင်းသားကျင်းက ပြောလိုက်၏။ “မင်းသားလျန်... ပြန်လိုက်ပါတော့။ အရှင်က အချိန် သိပ်မပေးထားဘူး။ ၁၀ ရက်ပဲ ပေးထားတယ်။ ၁၀ ရက် အတွင်း မဆုတ်ခွာရင်၊ အလျှော့မပေးရင် နောက်ထပ် နဂါးနောင်တက ကျင်းနိုင်ငံ တပ်တော် ခေါင်းပေါ်ကို ကျရောက်လာပါလိမ့်မယ်။”

မိုင်ထောင်ချီဝေးသော နေရာရှိ ကျင်းဘုရင်သည် ဒေါသထွက်သွားသည်။ ‘ချီးတဲ့မှ.... ဘာလို့လဲ။ ရှမ့်လန်... ကောင်းကင်ပြစ်ဒဏ်နန်းဆောင် ခေါင်းပေါ်ကို နဂါးနောင်တ မပစ်ဘူး။ တော်ဝင်ရန်အင်ပါယာ တပ်တော် ခေါင်းပေါ်ကို မပစ်ဘူး။ ဘာလို့ ကျင်းနိုင်ငံတပ်တော် ခေါင်းပေါ်ကို လာပစ်ရတာလဲ။ ကျုပ်တပ်တော်က ချန်နိုင်ငံသစ်ထဲကို ဝင်တောင် မဝင်ရသေးဘူး။ ခင်ဗျား... ရှမ့်လန် ထီးနန်းတက်ပြီးတည်းက ကျင်းနိုင်ငံက ခင်ဗျားကို အခွင့်ကောင်း မယူခဲ့ဖူးပါဘူး။’

မင်းသားကျင်းက လက်ကာပြလိုက်ပြီး ပြောလိုက်၏။ “မင်းသားလျန်... ကျုပ် အလုပ်သိပ်များနေတယ်။ ပြန်လိုက်ပါတော့။ ပြန်တော့။”

မင်းသားလျန် အံကြိတ်လိုက်သည်။ သူသည် ပါးလွှာသော စာရွက်တစ်ရွက်ကို ယူ၊ အသံလှိုင်း ပျံသန်းရေး သားရဲကို စီးနင်းကာ မီးတောက်မြို့တော်သို့ ပြန်လည် ပျံသန်းသွားသည်။ တစ်ရက်တာ အချိန် ကုန်ဆုံးသွား ခဲ့သည်။

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် စာရွက်တစ်ရွက်ကို ကိုင်ဆောင်ထားရင်း ထိုအထဲတွင် ပါဝင်သော အချက်ငါးချက်ကို သေချာစွာ ဖတ်ရှုလိုက်၏။ သူ၏ ရင်ထဲ၌ ဒေါသများ ပေါက်ကွဲထွက်မတတ် ဖြစ်ပေါ်လာခဲ့ရ၏။

‘မင်းသားလျန်... မင်းကို ငါက တစ်နှစ်ခွဲလောက် အချိန်ဆွဲထားပေးဖို့ မှာလိုက်သားနဲ့ မင်းက တစ်ရက်တည်းဖြင့် ပြန်ရောက်လာခဲ့တာလား။’

မင်းသားလျန်က လျှောက်တင်လိုက်သည်။ “အရှင်မင်းသား... ရှမ့်လန်က နဂါးနောင်တကို တော်ဝင်ကျင်း နိုင်ငံဆီ ပစ်လွှတ်ဖို့ ကိုးရက်သာ လိုပါတော့တယ်။ သူ ပြောလိုက်ပါသေးတယ်။ အကယ်၍ တော်ဝင်ရန် အင်ပါယာသာ လုံလောက်တဲ့ အင်အားရှိမယ်ဆိုရင် ဝူ၊ ချောင်၊ ရွဲ့နဲ့ ချင်နိုင်ငံတွေဆီကိုပါ နဂါးနောင်တ ပစ်လွှတ်နိုင်ပါတယ်တဲ့။”

‘လူမိုက်... လူရမ်းကား... တိရစ္ဆာန်ကောင်..’

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် မြေပုံတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ ဤသည်မှာ တော်ဝင်ရန် အင်ပါယာ၏ မြေပုံဖြစ်ပေ၏။ ဝူ၊ ချောင်၊ ရွဲ့ နှင့် ချင် စသည့် နိုင်ငံလေးခုလုံးကို မြေပုံပေါ်တွင် ရှင်းလင်းစွာ မှတ်သားထားသည်။ ထို့အပြင် တရားဝင် စာရွက်စာတမ်းများ၌ ထိုနိုင်ငံလေးခုလုံးသည် တော်ဝင်ရန် အင်ပါယာ၏ လက်အောက်ခံ နိုင်ငံများ ဖြစ်ကြပေသည်။

ထိုနိုင်ငံလေးခုရှိ မည်သည့်မြို့ကိုမဆို နဂါးနောင်တ ပစ်လွှတ်လိုက်ခြင်းသည် မိမိ၏ ကိုယ်ပိုင်နယ်မြေကို ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ချေ၏။ ထို့အပြင် တော်ဝင်ရန် အင်ပါယာ၏ တရားဝင်မြေပုံ၌ လက်ရှိ ချန်နယ်မြေသည် ရင်ကလန် ပိုင်ဆိုင်သည့် နယ်မြေအဖြစ် ရှိနေဆဲပင်။

ရှမ့်လန် ပြောဆိုသော တော်ဝင်ချန်နိုင်ငံ ဆိုသည်မှာ လေ့ကျိုးကျွန်းစုများသာ ပါဝင်ပေသည်။ ထိုနေရာကသာ ရန်သူ့နယ်မြေ အစစ်အမှန် ဖြစ်ချေ၏။ တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် မြေပုံတစ်ခုလုံးကို ရှာဖွေ ကြည့်ရှုသော်လည်း နဂါးနောင်တပစ်လွှတ်နိုင်မည့် နေရာတစ်နေရာကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။

မင်းသားလျန်က ဆက်လက်ပြောကြားလိုက်သည်။ “ရှမ့်လန်က ပြောပါသေးတယ်။ အကယ်၍များ အရှင်မင်းသားက နဂါးနောင်တကို ချင်နိုင်ငံ (ချင်လူရိုင်းနယ်မြေ) ဒါမှမဟုတ် သဲကန္တာရ လူရိုင်းမျိုးနွယ်စုဆီ ပစ်လွှတ်ချင်တယ်ဆိုရင် သူက ပိုပြီးတော့တောင် ကြိုဆိုပါသေးတယ်တဲ့။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် အံကို တင်းတင်းကြိတ်လိုက်မိ၏။ ထိုအင်ပါယာ စွန့်ပစ်ထားသော နေရာနှစ်ခုလုံးသည် ဖုန်အတိ ဖြစ်နေသော မြေရိုင်းများသာ ဖြစ်ချေသည်။ ထိုနေရာများသို့ နဂါးနောင်တ ပစ်လွှတ်လိုက်၍ ဘာအသုံးဝင်မည်နည်း။

ရှမ့်လန်တွင် မည်သည့် အခွင့်အရေး ရှိသနည်း။ ရှမ့်လန်သည် သူပြုလုပ်လိုသမျှကို ပြုလုပ်နိုင်ပြီး မိမိမှာမူ ခြေချုပ်မိနေရသည်လား။

အမှန်စင်စစ် တော်ဝင်ရန် အင်ပါယာသည် နဂါးနောင်တကို တစ်ကြိမ်မှ မပစ်လွှတ်ဖူးသည်တော့ မဟုတ်ပေ။ ဥပမာအားဖြင့် ရင်ကွမ်းကို ခြိမ်းခြောက်ရန် ရန်မြို့တော်သည် ဟွမ်လုမြို့သို့ နဂါးနောင်တ ပစ်လွှတ်ခဲ့ပြီး ရှမ့်လန်ကို အမှုဆင်ခဲ့ဖူးသည်။ သို့သော်ငြား ထိုနေရာသည် မြေရိုင်းတစ်ခုသာ ဖြစ်ခဲ့၏။ သဲကန္တာရထဲရှိ အိုအေစစ်တစ်ခုသာ ဖြစ်သည့်အတွက် ပျက်စီးသွားလျှင်လည်း ကိစ္စမရှိခဲ့ပေ။

ထို့အပြင် အကယ်၍သာ အရေးကြီးသော အလှည့်အပြောင်းကာလသို့ ရောက်ရှိလာပါက ချောင်ပြည်နယ် မြို့တော်၊ ဝူပြည်နယ်မြို့တော် သို့မဟုတ် ရွဲ့ပြည်နယ်မြို့တော် ဖြစ်နေလျှင်လည်း ကိစ္စမရှိပေ။ ရည်မှန်းချက် ပေါက်မြောက်ရန် ပစ်မှတ်သည် သာမန်အရပ်သားများ ဖြစ်နေလျှင်ပင် ဂရုစိုက်နေမည် မဟုတ်ချေ။

သို့သော်ငြား ယခုအချိန်၌ အရေးကြီးသော အလှည့်အပြောင်းကာလသို့ ရောက်ရှိနေပြီလား။ မရောက်သေးပေ။ ဤသည်မှာ စိတ်ဓာတ်စစ်ဆင်ရေး သက်သက်သာ ဖြစ်၏။ အရေးအကြီးဆုံးအချက်မှာ အကယ်၍ ရှမ့်လန်က နဂါးနောင်တကို ကျင်းနိုင်ငံဆီသို့ ထပ်မံပစ်လွှတ်လိုက်လျှင် တော်ဝင်ရန် အနေဖြင့် သေချာပေါက် လက်တုံ့ပြန်ရပေလိမ့်မည်။

အကယ်၍ သူတို့က အံကြိတ်ကာ ရွဲ့ပြည်နယ်ဆီသို့ နဂါးနောင်တပစ်လွှတ်လိုက်ပါက ရှမ့်လန်သည်လည်း တုံ့ဆိုင်းနေခြင်း မရှိဘဲ တော်ဝင်ရန် အင်ပါယာဆီသို့ သေချာပေါက် ပစ်လွှတ်ပေလိမ့်မည်။ ထိုအခါ နှစ်ဖက်လုံးသည် အရူးအမူး ပစ်ခတ်တိုက်ခိုက်ကြတော့မည်။

ထိုသို့ဆိုလျှင် မည်သူ၏ ဆုံးရှုံးမှုက ပိုမို ကြီးမားမည်နည်း။ သေချာပေါက် ရန်မြို့တော်က ပိုမို ကြီးမားပေလိမ့်မည်။ အမည်နာမအရ ဖြစ်စေ၊ လက်တွေ့အရဖြစ်စေ ရန်မြို့တော်၏ တန်ဖိုးက ပိုမို ကြီးမားပေသည်။

ရှမ့်လန်တွင် အာရုံစိုက်ထားရာ တစ်ခုသာ ရှိပြီး ၎င်းမှာ နုရှောင့်မြို့ပင် ဖြစ်၏။ အခြားသော ဒေသများသည် ရှမ့်လန်အတွက် အမည်ခံ တန်ဖိုးသာရှိပြီး လက်တွေ့တန်ဖိုး ကြီးကြီးမားမား မရှိလှပေ။

ဟုတ်ပေသည်။ တော်ဝင်ရန်အင်ပါယာက ရွဲ့ပြည်နယ် မြို့တော်သို့ နဂါးနောင်တ အမှန်တကယ် ပစ်လွှတ်လိုက်ပြီး အရပ်သား သိန်းပေါင်းများစွာကို သတ်ဖြတ်လိုက်သည်ဟု ဆိုကြပါစို့။ ထိုအခါ မည်သို့ ဖြစ်လာမည်နည်း။

ရွဲ့ပြည်နယ် ပြည်သူများသည် ကြောက်ရွံ့မှုကြောင့် ရှမ့်လန်ကို သစ္စာဖောက်သွားကြမည်လား။ လုံးဝ မဖြစ်နိုင်ပေ။ ထိုသို့ဖြစ်လာမည့်အစား ဘုံရန်သူကို တိုက်ခိုက်ရန် သူတို့ ပိုမို စည်းလုံးသွားကြပေလိမ့်မည်။ သူတို့သည် ရှမ့်လန်၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် တစ်လုံးတစ်ဝတည်း စုစည်းကာ တော်ဝင်ရန် အင်ပါယာကို သေသည်အထိ တိုက်ခိုက်ကြပေလိမ့်မည်။

ထိုအချိန်၌ မင်းသားလျန်က သက်ပြင်းချကာ ပြောဆိုလိုက်၏။ “အရှင်မင်းသား... ကျုပ်တို့က ဖိနပ်စီးထားပေမဲ့ ရှမ့်လန်က ခြေဗလာနဲ့ပါ။ ဒီလောကမှာ ဖိနပ်စီးသူက ခြေဗလာနဲ့လူကို ကြောက်ပေမဲ့ ခြေဗလာနဲ့လူက ဖိနပ်စီးသူကို မကြောက်ပါဘူး။”

သူတို့အနေဖြင့် မည်သို့ ဆက်လက် လုပ်ဆောင်သင့်သနည်း။ ရှမ့်လန်က အရူးတစ်ယောက် ဖြစ်၏။ နဂါးနောင်တကို ပစ်လွှတ်မည်ဟု ပြောလျှင် သူက သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။ ထို့အပြင် ကျင်းနိုင်ငံနှင့် ကျန်းမိသားစုကြားတွင် နက်ရှိုင်းသော အာဃာတတရားများ ရှိနေသည်။ ရှမ့်လန်သည် ကျင်းနိုင်ငံဆီသို့ နဂါးနောင်တ ပစ်လွှတ်ချင်နေသည်မှာ သေချာလှသည်။

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်၏။ “နောက်ထပ် ကိုးရက်အတွင်း ရှမ့်လန်က ကျင်းနိုင်ငံ တပ်တော်ဆီ နဂါးနောင်တ ပစ်လွှတ်မယ်ဆိုတာ ငါတို့ သိထားပြီးပြီပဲ။ သူ့ကို ဖမ်းဆီးဖို့ မဖြစ်နိုင်ဘူးလား။ ငါတို့ရဲ့ ကျွမ်းကျင်သူအားလုံးကို စုစည်းပြီး ဝေဟင်မှာ ရှမ့်လန်ကို ဝိုင်းဝန်းဖမ်းဆီးခိုင်းရင်ရော။”

မင်းသမီး ကျိရွှမ်သည် မြေပုံရှေ့သို့ ရောက်လာပြီး ပြောဆိုလိုက်သည်။ “အစ်ကိုတော်... ကျင်းနိုင်ငံတပ်တော်က ဒီဒေသအနည်းငယ်မှာ တပ်စွဲထားပါတယ်။ အထူးနဂါးနောင်တရဲ့ ပစ်ခတ်နိုင်စွမ်း အကွာအဝေးက ကီလိုမီတာ ၅၀၀ ဝန်းကျင် ရှိပါတယ်။

ဆိုလိုတာက ရှမ့်လန်က စတုရန်းကီလိုမီတာ သိန်းပေါင်းများစွာ အတွင်းမှာရှိတဲ့ ဘယ်နေရာကမဆို ပေါ်လာနိုင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ စတုရန်းကီလိုမီတာ သိန်းပေါင်းများစွာအတွင်းမှာ သူ့ကို လိုက်ရှာဖို့ ဝေဟင်တပ်ဖွဲ့ ဘယ်လောက်များများ လိုအပ်မလဲ။ ဒါအပြင် သူက အခုချိန်မှာ အင်အားမဲ့နေတဲ့သူ မဟုတ်တော့ပါဘူး။ သူ့ရဲ့ စွမ်းအင်ဝဲကတော့ တိုက်ခိုက်မှုကို ဘယ်သူကမှ ခုခံနိုင်စွမ်း မရှိသလောက်ပါပဲ။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် ထိုစကားများကို ကြားချိန်မှာတော့ ရယ်ဖွယ်ကောင်းသည်ဟု ချက်ချင်း တွေးလိုက်မိသည်။ စတုရန်းကီလိုမီတာ သိန်းပေါင်းများစွာ ကျယ်ဝန်းသော ဝေဟင်နယ်မြေတွင် ကျင်းနိုင်ငံကို ဝိုင်းရံထားမည် ဟုတ်လား။ ထိုအရာသည် စိတ်ကူးယဉ် သက်သက်သာ ဖြစ်ချေ၏။

မှန်ပေသည်။ ဗီဇပြောင်း အသံလှိုင်း သားရဲကြီး လေးကောင်သည် အလွန် ကြီးမားလှ၏။ အကယ်၍ သူတို့၌သာ အထူးနဂါးအရှိန်အဝါ ရှိနေပါက ပို၍ပင် ထင်ရှားပေလိမ့်မည်။ သို့သော်ငြား ထိုအရာသည် အမြင့်ပေ ၁၉,၀၀၀ တွင် ဖြစ်ပျက်နေခြင်း ဖြစ်သည်။ အကယ်၍ သူတို့သည် တိမ်တိုက်များကြားတွင် ပုန်းအောင်းနေပါက သေသည်အထိ ရှာဖွေလျှင်ပင် တွေ့နိုင်မည် မဟုတ်ပေ။ ကောက်ရိုးပုံထဲတွင် အပ်ရှာသည်ထက်ပင် ပိုမို ခက်ခဲပေလိမ့်မည်။

ထိုအချိန်၌ သက်ပြင်းချသံတစ်ခု လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။ နှစ်အနည်းငယ်မျှ တိတ်ဆိတ် ငြိမ်သက်နေခဲ့သော အင်ပါယာထံမှ စကားသံ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ “အိမ်ရှေ့စံမင်းသား... ဒီကို လာခဲ့။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသား၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ရသည်။ ထို့နောက် သူသည် တားမြစ် မျှော်စင် ရှိရာသို့ လျှောက်လှမ်းသွားခဲ့၏။

.............

တားမြစ်မျှော်စင်သည် အကြွင်းမဲ့ တားမြစ်နယ်မြေတစ်ခု ဖြစ်ပေသည်။ အင်ပါယာမှလွဲ၍ အိမ်ရှေ့စံမင်းသား အပါအဝင် မည်သူမှ ဝင်ရောက်ခွင့် မရှိပေ။ ထို့ကြောင့် သူသည် အပြင်ဘက်တွင်သာ ဒူးထောက်လိုက်သည်။ “ခမည်းတော်... သားတော် ခမည်းတော်ကို စိတ်ပျက်စေခဲ့မိပါပြီ။”

အင်ပါယာက သက်ပြင်းချကာ ပြောလိုက်၏။ “ဟုတ်တယ်။ မင်းက ကျုပ်ကို စိတ်ပျက်စေခဲ့တယ်။ ဒါပေမဲ့ နုရှောင့်မြို့စစ်ပွဲမှာ ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်ရတာ မဟုတ်ဘူး။ အဲဒီကိစ္စမှာ မင်း ဘာမှ အမှားမလုပ်ခဲ့ဘူး။ ရှမ့်လန်က ငါတို့ ကျိမိသားစုရဲ့ နဂါးနောင်တကို ဖြေဖျက်နိုင်ခဲ့တာက သူ စွမ်းအားကြီးလွန်းလို့ပဲ။ ငါတို့အနေနဲ့ ရန်သူ အားနည်းပါစေလို့ မျှော်လင့်ထားလို့မရဘူး။

အိမ်ရှေ့စံမင်းသား... ငါ မင်းကို စိတ်ပျက်မိတာက လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း မင်း ပြတ်သားမှု မရှိခဲ့လို့ပဲ။ ရှမ့်လန်က ကျိမိသားစုရဲ့ နဂါးနောင်တကို ဖြေဖျက်နိုင်ခဲ့ပြီး အဝေးကြီးကနေ ပစ်ခတ် တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကို ရရှိသွားပြီးတည်းက ဒီစစ်ပွဲမှာ မင်း ရှုံးနိမ့်နေခဲ့ပြီ။ ဘာကြောင့် မင်းက အချိန်ဆွဲနေရသေးတာလဲ။”

အိမ်ရှေ့စံမင်းသားက လျှောက်တင်လိုက်သည်။ “သားတော် ရှုံးနိမ့်နိုင်ပေမဲ့ တော်ဝင်ရန်အင်ပါယာက မရှုံးနိမ့်နိုင်ပါဘူး။ သားတော် အရှက်ရနိုင်ပေမဲ့ တော်ဝင်ရန် အင်ပါယာကိုတော့ အရှက်မရစေနိုင်ပါဘူး။ အကယ်၍ ကျုပ်တို့က ရှမ့်လန်နဲ့ အပေးအယူလုပ်ပြီး ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ထိုးလိုက်ရင် တော်ဝင်ရန် အင်ပါယာရဲ့ ဂုဏ်သိက္ခာ ဘယ်မှာ ရှိတော့မလဲ။ ဒါက သားတော်ရဲ့ အတွေးပါ။

အကယ်၍ ခမည်းတော် ကျင့်ကြံရာကနေ ထွက်ပေါ်လာတဲ့အထိ၊ အန္တိမစွမ်းအားကို ပိုင်ဆိုင်နိုင်တဲ့အထိ ကျုပ်တို့ အချိန်ဆွဲထားနိုင်ရင် ရှမ့်လန်ရယ် ၊သူ့ရဲ့ နုရှောင့်မြို့ရယ်၊ ဒီလောကထဲက ရန်သူအားလုံးရယ်ကို အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်မှာပါ။ အဲဒီကျရင် တော်ဝင်ရန်အင်ပါယာက ဘယ်တော့မှ ရှုံးနိမ့်ခြင်း မရှိတော့ပါဘူး။"

တော်ဝင်ရန် အင်ပါယာသည် တိုးညင်းစွာ ထပ်မံ သက်ပြင်းချလိုက်၏။

“အိမ်ရှေ့စံမင်းသား... ကျန်းလီ သေဆုံးပြီးတဲ့နောက် တော်ဝင်ရန်အင်ပါယာက လောကကို လွှမ်းမိုးထားနိုင်ခဲ့တယ်။ အဲဒါကြောင့် မင်းက ဒီလောက်ထိ မာန်မာန ကြီးထွားလာရတာပဲ။ မင်းက ဂုဏ်သိက္ခာ ဆိုတဲ့အရာကို ကောင်းကင်ဘုံထက် ပိုပြီး အရေးကြီးတယ်လို့ သဘောထားနေတယ်။ တော်ဝင်ရန်အင်ပါယာရဲ့ ဂုဏ်သိက္ခာကို ထိပါးလို့မရဘူးဆိုပြီး မင်း အမြဲ ပြောနေခဲ့တယ်။”

အင်ပါယာက ဆက်ပြောလိုက်သည်။ “အဲဒီစကားတွေက တခြားသူတွေ ကြားဖို့ ပြောတဲ့ စကားတွေပဲ။ ဘာလို့ မင်းက အဲဒါတွေကို ဒီလောက်ထိ အတည်ယူနေရတာလဲ။ ဂုဏ်သိက္ခာ... ဂုဏ်သိက္ခာဆိုတာ ဘာလဲ။ ကျန်းလီ အထွတ်အထိပ် ရောက်နေတဲ့အချိန်တုန်းက တော်ဝင်ရန်အင်ပါယာအနေနဲ့ ဘယ်နှစ်ကြိမ်လောက် အလျှော့ပေးခဲ့ရသလဲဆိုတာ မင်း သိရဲ့လား။

ကျန်းလီက နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ကို ဖျက်ဆီးပစ်ခဲ့တယ်။ အဲဒီနိုင်ငံတွေ အားလုံးက တော်ဝင်ရန် အင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံတွေချည်းပဲ။ အဲဒီတုန်းက ငါအဖြစ်က မင်း အခု ကြုံတွေ့နေရတာထက် အဆတစ်ရာမက ပိုပြီး အရှက်ရစရာ မကောင်းခဲ့ဘူးလား။

အဲဒီတုန်းက ကျန်းလီ ပြောခဲ့တယ်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းဟာ လောကရဲ့ မိစ္ဆာဆိုးကြီးပဲတဲ့။ သူက သဘာဝလွန် အင်အားစု အများအပြားပါဝင်တဲ့ တပ်တော်ကြီးကို ဦးဆောင်ပြီး တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်ပြစ်ဒဏ်နန်းဆောင်တောင်မှ ပါဝင်ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါ့မှာ ဘာဂုဏ်သိက္ခာများ ရှိခဲ့လို့လဲ။

အဲဒီတုန်းက လျန်နိုင်ငံ ဘုရင်က ရန်မြို့တော်ကို ရောက်လာပြီး ငိုယို အသနားခံခဲ့တယ်။ သုံးရက်ကြာတော့ ကျန်းလီက လျန်နိုင်ငံကို ဖျက်ဆီးပြီး သိမ်းပိုက်လိုက်တယ်။ အဲဒီအချိန်တုန်းက ငါ့မှာ ဘာဂုဏ်သိက္ခာများ ရှိခဲ့လို့လဲ။

အရှက်ရမှုနဲ့ ပတ်သက်ရင် အဲဒီတုန်းက ငါ ခံစားခဲ့ရတဲ့ အရှက်ရမှုရဲ့ ဆယ်ပုံတစ်ပုံ၊ ရာပုံ တစ်ပုံလောက်ကော မင်းမှာ ရှိရဲ့လား။ အခု ရှမ့်လန်ရဲ့ အရှိန်အဝါက တုန်လှုပ်စရာ ကောင်းတယ် ဆိုပါစို့။ အဲဒီတုန်းက ကျန်းလီနဲ့ ယှဉ်ရင် ဘယ်လောက်များ ရှိအုံးမှာလဲ။

အဲဒါကမှ ကောင်းကင်ထက်က နေမင်း အစစ်အမှန်ပဲ။ သူ့မှာ အင်ပါယာတစ်ပါးရဲ့ အရှိန်အဝါ ရှိခဲ့တယ်။ လောကလူသားတွေ က သူ့အပေါ် သစ္စာရှိခဲ့ကြတယ်။ ရန်မြို့တော်ထဲက လူတချို့တောင်မှ တိတ်တဆိတ် ကျန်းလီ ဆီ ခိုဝင်ပြီး ကျူးကလန်ကို အဲဒီဆီ ပို့ပေးခဲ့ကြသေးတယ်။”

အဲဒီတုန်းက ကျန်းလီက ငါ့ကို အရှက်ရစေရုံ သက်သက် မဟုတ်ဘူး။ သူက ငါ့ရဲ့ ဂုဏ်သိက္ခာကို လုံးဝ စုတ်ဖြဲပစ်ခဲ့တာ။ တစ်လောကလုံးက သူ့ကို အရှေ့ဘက်လောကရဲ့ အင်ပါယာလို့ ပြောဆိုခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဘာဖြစ်သွားသလဲ။ သူ သေဆုံးသွားခဲ့ပြီး ငါ အနိုင်ရခဲ့တယ်။ ငါက အထွတ်အထိပ် အင်ပါယာ ဖြစ်လာခဲ့တယ်။ အဲဒီတုန်းက ငါ အရှက်ရခဲ့တယ်လို့ ထင်တဲ့လူ ဒီလောကမှာ ရှိသေးသလား။ ငါ့ကို နက်နဲဆန်းကြယ်ပြီး ခန့်မှန်းရခက်တဲ့ ပုဂ္ဂိုလ်လို့ပဲ သူတို့ ထင်မြင်ကြတော့တယ်။

ခဏတာ ရှုံးနိမ့်မှု ဖြစ်နေတော့ကော ဘာဖြစ်သလဲ။ ငါ မကြာခင် ကျင့်ကြံရာကနေ ထွက်လာတော့မယ် ဆိုတာရယ်။ အန္တိမစွမ်းအားကို ဆုပ်ကိုင်နိုင်တော့မယ် ဆိုတာရယ်ကို မင်း အသိဆုံးပဲ။ ဘာလို့ မင်းက ဂုဏ်သိက္ခာ ဆိုတာကြီးကို တွက်ကပ်နေရတာလဲ။ မင်းက ဆယ်စုနှစ်ပေါင်းများစွာ အိမ်ရှေ့စံမင်းသား နေရာမှာ တည်ငြိမ်လွန်းခဲ့တယ်။ မင်းရဲ့ ဘဝက လှပလွန်းခဲ့တယ်။”

အပိုင်း (၁၂၁၄)

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် ဦးခေါင်းကို ကြမ်းပြင်နှင့် ထိကပ်ကာ အရိုအသေပြုရင်း လျှောက်တင်လိုက်၏။

“ခမည်းတော်... သားတော်မှာ တခြား အကြံအစည် ရှိပါသေးတယ်။ အကယ်၍ ကျုပ်တို့က ရှမ့်လန်ကို အချိန်ဆွဲထားနိုင်ရင် သူ့အနေနဲ့ တခြားကိစ္စတွေလုပ်ဖို့ အချိန်ရော လူအင်အားပါ ရှိတော့မှာ မဟုတ်ပါဘူး။ အဲဒီအချိန်ရောက်ရင် ခမည်းတော် ပိုင်ဆိုင်လာမယ့် အန္တိမစွမ်းအားက ပြိုင်ဘက်ကင်း ဖြစ်လာပါလိမ့်မယ်။”

သူသည် အင်ပါယာ၏ ပြစ်တင်ကြိမ်းမောင်းမှုကို ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ ခန္ဓာကိုယ် တုန်ယင်ကာ ခွင့်လွှတ်ရန် တောင်းပန်နေမည့်အစား မိမိ၏ သဘောထားကို ခိုင်မာစွာ တင်ပြခဲ့သည်။ ဤအချက်က အင်ပါယာကို အလွန် ကျေနပ်သွားစေခဲ့သည်။

အိမ်ရှေ့စံမင်းသားအနေဖြင့် မိမိ၏ ဂုဏ်သိက္ခာကို အလေးထားခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် လောက၏ အုပ်စိုးသူ ဖြစ်ပြီး မည်သည့် ဆင်းရဲဒုက္ခကိုမှ ခံစားခဲ့ရခြင်း မရှိပေ။ သဘာဝကျစွာပင် သူသည် ဂုဏ်သိက္ခာ ကြီးမားလှ၏။

တော်ဝင်ရန် အင်ပါယာသည် ထီးနန်းကို ဆက်ခံခဲ့သော်လည်း ကျန်းလီနှင့် သေရေးရှင်ရေး တိုက်ပွဲကို အမြဲ ဆင်နွှဲခဲ့ရသူ ဖြစ်သည်။ အမှန်စင်စစ် သူသည် ထီးနန်း လက်လွှတ်ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ဖူး၏။ သူ့အား လောကကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရသော အုပ်စိုးသူဟု သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် သူသည် ဂုဏ်သတင်းကျော်ကြားမှု ကို အလွန်အမင်း ဂရုမစိုက်လှပေ။ သမိုင်းတစ်လျှောက်တွင် နိုင်ငံတည်ထောင်သော အင်ပါယာ မည်သူကများ ဆင်းရဲဒုက္ခနှင့် အရှက်ရမှုကို မကြုံတွေ့ခဲ့ရဖူးသနည်း။

အင်ပါယာက မေးမြန်းလိုက်သည်။ “ငါ့သား... ရှမ့်လန်က ဘယ်လို အချက်တွေ တောင်းဆိုထားသလဲ။”

အိမ်ရှေ့စံမင်းသားက ရှမ့်လန်၏ အချက်ငါးချက်လုံးကို ဖတ်ပြလိုက်၏။

အင်ပါယာက ပြောလိုက်သည်။ “သိပ်ပြီး လွန်လွန်းတာတော့ မဟုတ်ဘူးပဲ။ ရှမ့်လန်က လက်တွေ့ကျတယ်။ မင်း သူ့ဆီကနေ သင်ယူသင့်တယ်။”

အိမ်ရှေ့စံမင်းသားမှာ ကြောင်အသွားခဲ့ရသည်။ ထိုအချက်များက မလွန်ကဲဘူး ဟုတ်လား။ သူ့အမြင်၌မူ ထိုအချက်များသည် အလွန်တရာ ပြင်းထန်လွန်းလှပေသည်။ တော်ဝင်ရန်အင်ပါယာ၏ မျက်နှာကို ခွာချလိုက်သကဲ့သို့ပင်။

“သဘောတူလိုက်ပါ။”

အင်ပါယာက ပြောလိုက်သည်။ “ဒုတိယအချက်ကလွဲရင် ကျန်တဲ့ လေးချက်လုံးကို သဘောတူလိုက်ပါ။”

အိမ်ရှေ့စံမင်းသား ကြောင်အသွားရပြန်သည်။ ဒုတိယအချက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်သည်။ သူ့အတွက်မူ ထိုအချက်က အရေးအပါဆုံး ဖြစ်၏။ ပထမအချက်မှာ တပ်ဆုတ်ပေးရန် ဖြစ်သည်။ ထို့အပြင် တော်ဝင်ရန် အင်ပါယာ၏ တပ်များသည် ချန်နယ်စပ်၏ ကီလိုမီတာ ၅၀၀ အတွင်းသို့ ဝင်ရောက်ခွင့် မရှိပေ။ ဤသည်မှာ အလွန် အရှက်ရစေသော အချက်ဖြစ်၏။ သို့တိုင်အောင် ခမည်းတော်က သဘောတူလိုက်သည်လား။

တတိယအချက်မှာ တော်ဝင်ရန်အင်ပါယာ အနေဖြင့် ၁.၅ သန်း စတုရန်းကီလိုမီတာ ကျယ်ဝန်းသော ချန်နယ်မြေကို ရှမ့်လန် ပိုင်ဆိုင်ကြောင်း လောကသို့ ကြေညာပေးရန် ဖြစ်သည်။ စတုတ္ထနှင့် ပဉ္စမ အချက်များမှာ မင်းသမီး ကျိနင်နှင့် ယွမ်မင်ကျယ်တို့ကို ပြန်လွှတ်ပေးရန် ဖြစ်၏။ ထိုအရာများမှာ ကိစ္စသေးများ ဖြစ်သော်လည်း အလွန် အရှက်ရစေသည်။

အင်ပါယာက ပြောလိုက်သည်။ “ဒါက အမိန့်တော်ပဲ။ မင်း ငြင်းဆန်ခွင့် မရှိဘူး။”

အိမ်ရှေ့စံမင်းသားက ဦးခေါင်းကို ကြမ်းပြင်နှင့် ထိကပ်ကာ လျှောက်တင်လိုက်၏။ “အမိန့်တော်မြတ် အတိုင်းပါ ခမည်းတော်...”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားက မေးမြန်းလိုက်သည်။ “ခမည်းတော်... ဘယ်အချိန်များမှ ကျင့်ကြံရာကနေ ထွက်လာမှာပါလဲ။”

အင်ပါယာက ဖြေလိုက်၏။ “မကြာခင်ပါပဲ။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားက ဆိုလိုက်သည်။ “ခမည်းတော်... ကျင့်ကြံရာကနေ ထွက်လာပြီးရင် အရာအားလုံး ပြီးဆုံးသွားမှာလား။”

“ဟုတ်တယ်။”

အင်ပါယာက ပြောဆိုလိုက်၏။ “ငါ ထွက်လာတာနဲ့ အရာအားလုံး ပြီးဆုံးသွားလိမ့်မယ်။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် ရှုပ်ထွေးသော မျက်နှာထားဖြင့် သက်ပြင်းချလိုက်မိသည်။ သူ၏ ခမည်းတော်သည် လွန်ခဲ့သော နှစ်အနည်းငယ်တည်းက သီးခြားခွဲကာ ကျင့်ကြံနေခဲ့ပြီး သူကသာ တော်ဝင်ရန် အင်ပါယာ၏ နန်းတွင်းရေးရာများကို တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။

အတိုင်းအတာ တစ်ခုအထိ စိုးရိမ်ပူပန်မှုများ ရှိခဲ့သော်လည်း အာဏာကို ချုပ်ကိုင်ထားရသည့် အရသာမှာ ကောင်းမွန်လှပေသည်။ ခမည်းတော်သာ ကျင့်ကြံရာမှ ထွက်လာပြီး လောက၏ အန္တိမစွမ်းအားကို ပိုင်ဆိုင်သွားပါက အိမ်ရှေ့စံမင်းသားသည် သူ၏ ယခင် နေရာဟောင်းဆီသို့သာ ပြန်သွားရပေတော့မည်။

သားအကြောင်း ဖခင်အသိဆုံးပင်။ အင်ပါယာက ပြောလိုက်သည်။ “အရာအားလုံး ပြီးဆုံးသွားတဲ့အခါ အင်ပါယာတစ်ခုလုံးက မင်းလက်ထဲကို အပြည့်အဝ ရောက်ရှိလာလိမ့်မယ်။ မင်းရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် မင်းကိုယ်မင်းပဲ အားကိုးရတော့မှာ။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားသည် ချက်ချင်းပဲ ဒူးထောက်ကာ ဦးတိုက်လိုက်၏။ “ခမည်းတော် သက်တော်ရာကျော် ရှည်ပါစေ။”

အင်ပါယာက ပြောဆိုလိုက်သည်။ “ငါ သက်တော်ရှည်တာတော့ မှန်ပေမဲ့ ဒီလောကကိစ္စတွေ ပြီးတာနဲ့ ငါ လုပ်စရာရှိတာ ဆက်လုပ်ရတော့မှာ။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားက ရုတ်တရက် မေးမြန်းလိုက်၏။ “ခမည်းတော်... လောကရဲ့ အန္တိမစွမ်းအား ဆိုတာ ဘာပါလဲ။”

အင်ပါယာက မေးလိုက်သည်။ “နဂါးနောင်တရဲ့ စွမ်းအားကို မင်း ခံစားမိသလား။”

“ခံစားမိပါတယ် ခမည်းတော်...”

အင်ပါယာက ပြောလိုက်၏။ “ဒီ အန္တိမစွမ်းအားက နဂါးနောင်တ ထက်ကို မရေမတွက်နိုင်အောင် ပိုပြီး စွမ်းအားကြီးမားတယ်။ အခန်းငယ်လေး တစ်ခန်း၊ မြို့တစ်မြို့၊ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးပစ် နိုင်တယ်။ ကောင်းကင်ဘုံကိုးလွှာက မိုးနဲ့ နှင်းတွေကို ပြောင်းလဲပစ်နိုင်သလို ပင်လယ်အောက်ခြေက ပင်လယ် ကိုးစင်းကိုလည်း စုတ်ဖြဲပစ်နိုင်စွမ်း ရှိတယ်။”

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားက လျှောက်တင်လိုက်သည်။ “သားတော် နားလည်ပါပြီ။ ခွင့်ပြုပါအုံး ခမည်းတော်...”

........

မယ်တော်ကြီးသည် မင်းသမီးလေး ကျိနင်ကို နောက်ဆုံး နှုတ်ဆက်နေသည်။ သဘာဝကျစွာပင် ကျိနင်ကို ကျန်းနင်ဟု ခေါ်ဆိုသင့်ပေသည်။ စစ်မြေပြင်မှ ပွေ့ချီလာခဲ့ချိန်မှစ၍ သူမကို မယ်တော်ကြီးကပင် ပြုစု ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏။ သူမသည် မယ်တော်ကြီး၏ အသည်းနှလုံးဖြစ်ကြောင်း လူတိုင်း သိရှိကြ၏။

မယ်တော်ကြီးသည် အသက် ၁၀၀ နီးပါး ရှိနေပြီ ဖြစ်၏။ ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သော်လည်း အသားအရေမှာမူ တွန့်လိပ်ခြင်း မရှိပေ။ သူမ၏ စိတ်အခြေအနေမှာမူ သိပ်ပြီး ကောင်းမွန်ပုံ မရချေ။ သူမသည် လက်ရှိတွင် ကျိနင်၏ ဆံပင်ကို ဖီးသင်ပေးနေသည်။

မယ်တော်ကြီးက ပြောဆိုလိုက်၏။ “ကောင်မလေး... ငါ မင်းကို မခွဲနိုင်ပေမဲ့ မင်းရဲ့မောင်လေးက မင်းကို ပြန်ခေါ်သွားချင်နေတယ်။ ဘာပဲပြောပြော မင်းတို့က သွေးသားတော်စပ်ကြတာကိုး။”

ကျိနင်က အလေးအနက် ပြန်ပြောလိုက်သည်။ “သူက သမီးရဲ့ အစ်ကိုကြီးပါ။”

အမှန်စင်စစ် ကျိနင်က အစ်မကြီး အစစ်အမှန် ဖြစ်ပေသည်။ တော်ဝင်ချန် မိဖုရားကြီး ကလေးနှစ်ယောက် မွေးဖွားစဉ်က မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ အတိအကျ မသိရှိကြသော်လည်း သိရသမျှ သတင်းများအရ မင်းသမီး ကျန်းနင်ကို ဆရာကြီးက ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ရာ မိနစ်အနည်းငယ်မျှသာ ပို၍ အသက်ကြီးလျှင်ပင် သူမက အစ်မကြီး ဖြစ်နေဆဲပင်။

သို့သော်ငြား အသက် ၁၆ နှစ် နောက်ပိုင်းတွင် သူမ၏ ခန္ဓာကိုယ် ကြီးထွားမှု ရပ်တန့်သွားပုံ ရသည်။ ယခုအခါ သူမသည် ရှမ့်လန်နှင့် အတူတူ အသက် ၃၀ အရွယ် ရောက်ရှိနေပြီ ဖြစ်သော်လည်း ၁၆ နှစ် သမီးအရွယ်ကဲ့သို့သာ ရှိနေသေး၏။ သဘာဝကျစွာပင် သူမကို ညီမလေးဟုသာ ခေါ်ဝေါ်ရပေမည်။

ကျိနင်၏ ပျော်ရွှင်နေသော မျက်နှာထားကို မြင်တွေ့ရချိန်မှာတော့ မယ်တော်ကြီးက ညည်းတွားလိုက်သည်။ “အသည်းနှလုံး မရှိတဲ့ ကောင်မလေး... မင်းက ထွက်သွားရတော့မယ် ဆိုပြီး သိပ်ပျော်နေပါလား။ ဒီအဘွားက မင်းအပေါ် မကောင်းလို့လား။”

မင်းသမီးလေး ကျိနင်သည် ပြုံးရုံသာ ပြုံးနေပြီး စကားတစ်ခွန်းမှ မဆိုပေ။

မယ်တော်ကြီးက ပြောဆိုလိုက်၏။ “ကောင်မလေး... ငါ အရာရာကို မြင်တွေ့ခဲ့ပြီးပြီ။ ငါတို့လို အမျိုးသမီးတွေ ပျော်ရွှင်ချင်ရင် ဘာလုပ်ရမလဲဆိုတာ မင်း သိလား။”

ကျိနင်သည် မှန်ထဲမှ သူမ၏ ပုံရိပ်ကိုသာ ကြည့်ရှုရင်း ချိုသာစွာ ပြုံးလိုက်၏။ ပြန်လည် ဖြေကြားခြင်း မရှိပေ။

မယ်တော်ကြီးက သက်ပြင်းချကာ ဆိုလိုက်သည်။ “အဲဒါက ယောက်ျားတွေရဲ့ ကိစ္စပဲ။ ငါတို့ ဂရုစိုက် မနေတော့ဘူး။ ငါတို့ ဘဝနဲ့ ငါတို့ နေကြတာပေါ့။”

ကျိနင်သည် စကားတစ်ခွန်းမှ မပြောဘဲ ဆံပင်ကိုသာ သေချာစွာ သပ်တင်လိုက်သည်။ ဤသည်မှာလည်း တော်ဝင်ရန် အင်ပါယာတွင် နေထိုင်စဉ် သူမ၏ ပုံမှန် အပြုအမူပင် ဖြစ်၏။ သူတစ်ပါး မည်သို့ပင် ပြောဆိုစေကာမူ သူမသည် စကားတစ်ခွန်းမှ မဆိုဘဲ ပြုံးရုံသာ ပြုံးနေလေ့ ရှိ၏။

...............

ရန်မြို့တော်၏ အမိန့်တော် ထွက်ပေါ်လာပြီးနောက် စုစည်းထားသော သန်းနှင့်ချီသည့် စစ်သည်များသည် လုံးဝ လူစုကွဲသွားကြသည်။ ထို့နောက် ချန်နယ်စပ်တွင် ရောက်ရှိနေပြီးသော တပ်သား နှစ်သိန်းသည် လည်း နောက်သို့ ပြန်လည် ဆုတ်ခွာသွားကြ၏။ ထို့အပြင် ရှမ့်လန်နှင့် သဘောတူညီချက်အရ ချန်နယ်စပ် မိုင် ၁,၀၀၀ အတွင်းတွင် စစ်သည်အင်အား ၅၀,၀၀၀ ထက် ကျော်လွန်၍ မထားရှိရပေ။

ထို့နောက် တော်ဝင်ရန် အင်ပါယာသည် တော်ဝင်ချန်အင်ပါယာကို အသိအမှတ်ပြုကြောင်း လောကသို့ ကြေညာလိုက်သည်။ ၎င်း၏နယ်မြေတွင် မူလ ချန်နိုင်ငံသစ်၏ စတုရန်းကီလိုမီတာ ၁.၅ သန်းနှင့် လေ့ကျိုးကျွန်းစုများ ပါဝင်သည်။ အမိန့်တော်ပြန်တမ်းတွင် ရှုံးနိမ့်ကြောင်း ဝန်ခံထားခြင်း မရှိသကဲ့သို့ ငြိမ်းချမ်းရေး သဘော တူညီချက်လည်း မပါရှိပေ။

သို့သော်ငြား တစ်လောကလုံးမှာမူ လုံးဝ ကြောင်အသွားခဲ့ရသည်။ ရန်မြို့တော်က ဤအတိုင်းပဲ ကြောက်ရွံ့သွားခဲ့သည်လား။ လောက၏အုပ်စိုးသူ၊ အရှေ့ဘက်လောက၏ အင်ပါယာ မဟုတ်ပါလား။ ရှမ့်လန်၏ ပါးရိုက်ခြင်းကို ခံလိုက်ရပြီး လက်စားချေရန် သန်းနှင့်ချီသော တပ်များကို စုစည်းခဲ့သည် မဟုတ်ပါလား။

နောက်ဆုံးတွင်မူ ရှမ့်လန်၏ ထပ်မံ ပါးရိုက်ခြင်းကို ခံလိုက်ရပြီး အမြီးကုပ်ကာ ပြန်ဆုတ်သွားရသည်လား။ တစ်လောကလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

ဆိုလိုသည်မှာ ရှမ့်လန် ဦးဆောင်သော တော်ဝင်ချန်အင်ပါယာသည် တော်ဝင်ရန်နှင့် တော်ဝင်ချန် အင်ပါယာတို့အကြား တိုက်ပွဲ ပထမအချီတွင် အနိုင်ရရှိသွားပြီ ဟူ၍လား။ ဆိုလိုသည်မှာ တရားဝင် အုပ်စိုးသူ ဖြစ်သော တော်ဝင်ရန် အင်ပါယာ၏ အဆင့်အတန်းမှာ အနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီ ဟူ၍လား။

တော်ဝင်ချန်အင်ပါယာ၏ ပြည်သူများသည် ဤအောင်ပွဲကို အစွမ်းကုန် ကျင်းပကြပြီး ကောင်းကင်ဘုံသို့ တိုင်အောင် ချီးမွမ်းဂုဏ်ပြုကြသည်။

“အရှင် ရှမ့်လန် သက်တော်ရာကျော် ရှည်ပါစေ။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ဤသည်မှာ တော်ဝင်ရန် အင်ပါယာ ဖြစ်ပါလျက်နှင့် အနိုင်ယူကာ အလျှော့ပေးအောင် စွမ်းဆောင်နိုင်ခဲ့သည်။ လောကကြီး ပြောင်းလဲတော့မည်လား။ အရှေ့ဘက်လောက အင်ပါယာနေရာအတွက် အန္တိမတိုက်ပွဲတွင် အောင်ပွဲ၏ ချိန်ခွင်လျှာသည် အရှင် ရှမ့်လန်ဘက်သို့ တိမ်းစောင်းလာနေပြီလား။

နှစ်ပေါင်း မည်မျှ ကြာခဲ့ပြီနည်း။ အရှင် ရှမ့်လန်သည် အနောက်လောကမှ ပြန်ရောက်လာသည်မှာ ငါးနှစ်သာ ရှိသေးသော်လည်း ဤမျှလောက် များပြားသော အောင်မြင်မှုများကို ရရှိခဲ့ပြီလား။

အမှန်စင်စစ် ဤအချိန်၌ တော်ဝင်ရန် အင်ပါယာသည် တော်ဝင်ချန်အင်ပါယာ တည်ရှိမှုကို အသိအမှတ်ပြုခြင်း မရှိသေးပေ။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာ၏ စစ်ဖက်ဆိုင်ရာ ဗျူရိုနှင့် နန်းတွင်း အတွင်းဝန်ရုံးတို့က တော်ဝင်ချန် အင်ပါယာ၏ မြေပုံကို တစ်လောကလုံးသို့ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာလိုက်သည်။

ဤမြေပုံပေါ်တွင် တော်ဝင်ချန်အင်ပါယာသည် စတုရန်းကီလိုမီတာ ၄.၅ သန်း ကျယ်ဝန်းသော နယ်မြေကို ပိုင်ဆိုင်ထား၏။

တော်ဝင်ချန်အင်ပါယာ၏ မြို့တော်မှာ နုမြို့တော် ဖြစ်သည်။ ဟုတ်ပေသည်။ တော်ဝင်ချန်အင်ပါယာ မြို့တော်၏ အမည်ကို စစ်ဖက်ဆိုင်ရာဗျူရိုနှင့် နန်းတွင်း အတွင်းဝန်ရုံးတို့က ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နုရှောင့်မြို့ ဟူသော အမည်မှာ သာယာနာပျော်ဖွယ် ကောင်းပြီး ခန့်ညားထည်ဝါသော အမည်တစ်ခု ဖြစ်သည်ဟု သူတို့ ခံစားမိကြသည်။ ထို့အပြင် ၎င်းသည် ဦးတည်ချက် အသစ်တစ်ခုကို ဖော်ဆောင်နေပြီး အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို အဓိပ္ပာယ်ဆောင်နေပေ၏။

သို့သော်ငြား မြို့တော်တစ်ခုအဖြစ် အသုံးပြုမည် ဆိုပါက နုရှောင့်မြို့ ဟူသော အမည်မှာ လုံလောက်အောင် မြင့်မြတ်ခြင်း မရှိပေ။ ထို့ကြောင့် နုမြို့တော် ဟု ပြောင်းလဲခဲ့ကြခြင်း ဖြစ်သည်။ တော်ဝင်ချန်အင်ပါယာ၏ နယ်မြေအတွင်း၌ ဝူ၊ ချောင်၊ ရွဲ့၊ ချင်နှင့် တာ့နန် ဟူသော လက်အောက်ခံ နိုင်ငံငါးခု ရှိသည်။

တော်ဝင်ရန် အင်ပါယာက အသိအမှတ် မပြုသော်လည်း လောကရှိ နိုင်ငံများနှင့် ပြည်သူများကမူ အသိအမှတ် ပြုထားကြပြီး ဖြစ်၏။ ရှမ့်လန် အနေဖြင့် တော်ဝင်ချန်နိုင်ငံသည် တော်ဝင်ချန်အင်ပါယာ ဖြစ်ကြောင်း ပြောဆိုနေရုံဖြင့် အသုံးမဝင်ပေ။ သူက ရင်ကွမ်းကို ချေမှုန်းပြီး ချန်အင်ပါယာ၏ မူလမြေကို ပြန်ယူနိုင်လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

သို့သော်ငြား တော်ဝင်ရန် အင်ပါယာနှင့် ဖြစ်ပွားသော တိုက်ပွဲငယ်လေး ပြီးဆုံးသွားပြီးနောက် လူတိုင်းက အသိအမှတ် ပြုလိုက်ကြသည်။

အဘယ်ကြောင့်ဆိုသော် တော်ဝင်ရန်အင်ပါယာသည် အခြေအနေကို ပြောင်းလဲရန် စွမ်းအားမဲ့နေပုံ ရသောကြောင့်ပင်။

တော်ဝင်ရန် အိမ်ရှေ့စံမင်းသားက မြို့တော်ကို သိမ်းပိုက်ပြီး တိုင်းပြည်တစ်ခုလုံးကို ဖျက်ဆီးချင်ကြောင်း ပြောဆိုခဲ့သော်လည်း သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ ဆိုလိုသည်မှာ တော်ဝင်ရန်အင်ပါယာသည် တော်ဝင်ချန် အင်ပါယာ တည်ထောင်ခြင်းကို တားဆီးနိုင်စွမ်း မရှိတော့ပေ။

လောကရှိ နိုင်ငံအသီးသီးမှ သမိုင်းပညာရှင်များသည် ဤဖြစ်ရပ်အကြောင်းကို အကျယ်တဝင့် ရေးသား ခဲ့ကြပြီး တော်ဝင်ချန်မင်းဆက် အမှန်တကယ် စတင်တည်ထောင်သည့် နေ့ရက်အဖြစ်ပင် သတ်မှတ်ခဲ့ကြသည်။

တော်ဝင်ရန်အင်ပါယာ၏ စစ်တပ် ပြန်လည် ဆုတ်ခွာသွားပြီးနောက် ကျင်းဘုရင်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရ၏။

‘နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။ အရာအားလုံး နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။’

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖိအားအများဆုံး ခံစားခဲ့ရသူမှာ သူပင် ဖြစ်သည်။ အကယ်၍ ရန်မြို့တော်သာ သဘောမတူခဲ့ပါက ရှမ့်လန်၏ နဂါးနောင်တသည် ကျင်းနိုင်ငံအပေါ်သို့ ကျရောက်လာပေ တော့မည်။

ဤသည်မှာ ရယ်ဖွယ်ကောင်းလှ၏။ ရှမ့်လန်သည် တော်ဝင်ရန် အင်ပါယာနှင့် တိုက်ခိုက်နေခြင်း ဖြစ်သော်လည်း နဂါးနောင်တကမူ ကျင်းနိုင်ငံကို ဖျက်ဆီးမည့်အရေး ဖြစ်နေသည်။ သို့သော်ငြား ဤလောကတွင် အကြောင်းပြချက် ဟူသော အရာ မရှိပေ။ တရားမျှတမှု ဆိုသည်မှာလည်း မရှိပေ။

.............

နင်ကျန်းသည် ကိစ္စရပ်တိုင်းတွင် ဖြောင့်မတ်မှန်ကန်သူ ဖြစ်၏။ ထို့ကြောင့် လောကကို စောင့်ကြည့် ထောက်လှမ်းရာတွင်လည်း ထိုနည်းတူပင် ဖြစ်သည်။ နင်ယွမ်ရှန်း လက်ထက်တုန်းက ရေနက်အဖွဲ့သည် လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့သက်သက်သာ ဖြစ်ခဲ့၏။ လူများကို တုန်လှုပ်ချောက်ချားစေပြီး ငရဲခန်း တစ်ခုသဖွယ် ဖြစ်ခဲ့သည်။

နင်ကျန်း အာဏာရလာပြီးနောက် ပညာရှိမင်းတစ်ပါး အုပ်ချုပ်သည်ဖြစ်ရာ ရေနက်အဖွဲ့ကို ဖျက်သိမ်းလိမ့်မည်ဟု လူအများက ထင်မှတ်ခဲ့ကြသည်။ တရားလွှတ်တော်ချုပ်နှင့် နန်းတွင်း စစ်ဆေးရေးရုံးတို့ ရှိလျှင် လုံလောက်ပြီ ဖြစ်၏။

နောက်ဆုံးတွင်မူ နင်ကျန်းသည် ၎င်းကို ဖျက်သိမ်းလိုက်ခြင်း မရှိသည့်အပြင် ရေနက်အဖွဲ့ကို ရာထူး တိုးမြှင့်ပေးခဲ့သည်။ သူသည် အရာရှိများ၊ ပြည်သူလူထု၏ စားဝတ်နေရေးတို့ကို ဗြောင်ကျကျ စောင့်ကြည့်စေခဲ့ပြီး ပြည်တွင်းပြည်ပ သတင်းထောက်လှမ်းရေးကို တာဝန်ယူစေခဲ့သည်။

အုပ်ချုပ်ရေးမှူး ရန်အီကိုပင် နန်းတွင်းကောင်စီ၏ ဒုတိယအမတ်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ သူသည် လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲဟူသော ခေါင်းစဉ်ကို ဖယ်ရှားနိုင်ခဲ့ပြီး ရွဲ့ပြည်နယ်၏ အရေးပါသော အရာရှိကြီး တစ်ဦး ဖြစ်လာခဲ့၏။

All Chapters