← Chapters

အခန်း (၁၂၁၉-၁၂၂၀)

Vol. 70 Ch. 1219-1220

အခန်း (၁၂၁၉-၁၂၂၀)

Vol. 70 Ch. 1219-1220

အပိုင်း (၁၂၁၉)

ရှမ့်လန်သည် ရှေ့သို့တိုးသွားပြီး ရှမ့်ယီကို ပွေ့ဖက်လိုက်၏။ ထို့နောက် တိုးညင်းစွာ ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ဖေဖေ တောင်းပန်ပါတယ်။ ဖေဖေက မင်း ကြီးပြင်းလာတဲ့အချိန်တွေကို လွဲချော်ခဲ့ရတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ မင်းက ဒီလောက်တောင် ကြီးသွားခဲ့ပြီပဲ။”

ရှမ့်ယီ အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ ခဏအကြာမှ သူက ပြောဆိုလိုက်၏။ “ဒီနှစ်တွေ အကုန်လုံးမှာ မေမေက သားအနားမှာ အမြဲ ရှိနေခဲ့တာပါ။ ဒါကြောင့် ဖေဖေ မရှိဘူးလို့ မခံစားရပါဘူး။”

ဤစကားတစ်ခွန်းတည်းနှင့်ပင် ရင်ထဲ နာကျင်ရစေ၏။ အသက် ၁၀ နှစ်ပင် မပြည့်သေးသော ကလေး တစ်ယောက်ကို ဤမျှ ရင့်ကျက်သော စကားများ ပြောထွက်လာအောင် မည်သည့်အရာက တွန်းပို့ခဲ့သနည်း။

အချိန်အတော်ကြာမှ ရှမ့်လန်သည် ရှမ့်ယီကို လွှတ်ပေးလိုက်သည်။ ထို့နောက် ရှမ့်ယီ၏ မျက်နှာကို လက်ဖြင့် ကိုင်ထားလျက် ပြုံးကာ ပြောဆိုလိုက်သည်။ “ကြည့်ရတာ နောက်နှစ်အနည်းငယ်လောက် ကြာရင် လောကရဲ့ အချောဆုံး အမျိုးသားဆိုတဲ့ ငါ့ဘွဲ့ကို လက်လွှတ်ရတော့မယ် ထင်တယ်။”

ရှမ့်ယီသည် အနေခက်စွာ ပြုံးလိုက်သည်။ ဤကလေးသည် တကယ်ကို အများကြီး ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

ဘေးနားရှိ အခြားသော ကလေးငယ်တစ်ဦးသည် ဒူးတစ်ဖက်ထောက်ကာ တရိုတသေ ဦးတိုက်လိုက်၏။ “သားတော်က ခမည်းတော်ကို ဂါရဝ ပြုပါတယ်။”

ရှမ့်လန်သည် ရှေ့သို့ တိုးသွားပြီး သူ့ကို ပွေ့ချီလိုက်သည်။

“လိုကီ... မင်းက ငါ့ရဲ့ လိုကီလေး မဟုတ်လား။” ရှမ့်လန်က ရယ်မောလျက် မေးလိုက်သည်။

“ဟုတ်ပါတယ်။ သားက အဘိုးရဲ့ နာမည်ကို ယူထားတာပါ။” ကလေးငယ်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

ဤသည်မှာ ရှမ့်လန်နှင့် ဒီဘိုရာတို့၏ သား၊ လိုကီ ကျန်း ရော့ဆို ဖြစ်ပြီး ယခုနှစ်တွင် အသက် ၆ နှစ်နီးပါး ရှိပြီ ဖြစ်သည်။ ရိုးသားစွာ ပြောရလျှင် တစ်ယောက်က အာရှသား၊ တစ်ယောက်က အနောက်တိုင်းသား ပုံပေါက်နေသော်လည်း သူသည် ရှမ့်ယီနှင့် အနည်းငယ် ဆင်တူနေသည်။

လိုကီလေး၏ ဆံပင်မှာ ရွှေရောင် ဖြစ်ပြီး မျက်လုံးများမှာ နီလာကျောက် ကဲ့သို့ ဖြစ်နေသည်။ သူသည် အရုပ်လေးတစ်ရုပ်ကဲ့သို့ လှပလွန်းလှပေသည်။ ထို့အပြင် သေချာ ကြည့်လျှင် သူသည် လူအများအပြားနှင့် တူညီနေသည်။ ရှမ့်လန်နှင့် တူသလို ဒီဘိုရာနှင့်လည်း တူညီနေ၏။

ရင့်ကျက်ပြီး လှပသော ဒီဘိုရာသည် ဒူးထောက်ကာ နှုတ်ဆက်လိုက်သည်။ “အရှင်ကို ဂါရဝ ပြုပါတယ်။ အရှင် သက်တော်ရာကျော် ရှည်ပါစေ။”

ရှမ့်လန် ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။ “ငါက အခုထိ အင်ပါယာ မဖြစ်သေးပါဘူး။”

ဒီဘိုရာသည် ညင်သာစွာ ရှေ့သို့ တိုးလာပြီး ရှမ့်လန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ မေးလိုက်သည်။ “ရှမ့်ယီ... မောင်လေးလိုကီက ဘယ်သူနဲ့ အတူဆုံးလို့ ထင်လဲ။”

ရှမ့်ယီက ဖြေလိုက်သည်။ “အဒေါ် ဟယ်လင် နဲ့ပါ။”

ရှမ့်လန် သေချာကြည့်လိုက်သောအခါ အမှန်တကယ် ဟုတ်မှန်နေကြောင်း တွေ့ရှိလိုက်ရသည်။ ဤ လိုကီလေး သည် ဟယ်လင်နှင့် တကယ်ကို တူညီနေပေသည်။ ဤကလေးသည် မျက်နှာပေါင်း တစ်ထောင် ပိုင်ဆိုင်သော သူတစ်ယောက် ဖြစ်သည်။ သူသည် လူအများအပြားနှင့် တူညီနေ၏။

ဒီဘိုရာက ပြောလိုက်သည်။ “ဒါကြောင့် အခု ဒီလောကမှာ သူ့ကို အချစ်ဆုံးက ဒုတိယ ဘုရင်မ ဟယ်လင် ဖြစ်လောက်တယ်။ လိုကီ ငယ်ငယ်တုန်းကဆိုရင် ဟယ်လင်က တစ်နှစ်ကို သုံးခါလောက် သူ့ဆီ လာတွေ့တတ် တယ်။ လိုကီ ၅ နှစ်သား အရောက်မှာ ဘုရင်မမြို့တော်ဆီ ခေါ်သွားပြီး နှစ်ဝက်လောက် ခေါ်ထားတတ်တယ်။ သူ့အမေကိုတောင် မေ့ခဲ့တယ်။”

လိုကီသည် မိခင်ဖြစ်သူ၏ ပါးကို နမ်းလိုက်ပြီး ပြောဆိုလိုက်၏။ “ချစ်ရတဲ့ မေမေ... မေမေက ဒီလောကမှာ သားအချစ်ဆုံး လူသားပါပဲ။”

ဒီဘိုရာက မေးလိုက်သည်။ “ဒါဆို မင်းရဲ့ ဖေဖေကကော...”

လိုကီက ဖြေလိုက်၏။ “ဖေဖေက သားရဲ့ ဘဝမှာ လေးစားအားကျရဆုံး လူသားပါပဲ။”

ဤကောင်လေး စကားပြောတတ်လှပေသည်။ သူ့ကို လိုကီ ဟု အမည်ပေးထားသည်မှာ မမှားပေ။

“ယီလေး... မင်းရဲ့ မေမေကော...” ရှမ့်လန်က မေးမြန်းလိုက်သည်။

ရှမ့်ယီက ဖြေလိုက်၏။ “မေမေနဲ့ ဘိုးဘေးတို့က အပြင်မှာ ကင်းလှည့်နေကြတယ်။ ဖေဖေ့ကို ဒီမှာ စောင့်နေဖို့ သားကို မှာထားခဲ့ပါတယ်။”

“အချစ်ရယ်။ အထဲကို ဝင်ကြရအောင်... ကျွန်မ မိသားစု စားပွဲ ပြင်ဆင်ထားပြီးပြီ။ ရှင့်ရဲ့ သားရဲကြီးအတွက်လည်း အရသာအရှိဆုံး အမဲသား ပြင်ဆင်ထားပါတယ်။” ဒီဘိုရာက ပြောလိုက်သည်။

ထို့နောက် ဆီတာ စစ်သည်တော် အနည်းငယ်သည် သတိထား၍ ချဉ်းကပ်လာပြီး တချောင်ကို နေ့လယ်စာ သုံးဆောင်ရန် ဖိတ်ခေါ်လိုက်ကြ၏။

.........

၎င်းသည် အမှန်တကယ် မိသားစု စားပွဲငယ်လေး တစ်ခုသာ ဖြစ်သည်။ ရှမ့်လန်၏ မိသားစု၊ နယ်စားကြီး အော်စတင်၏ ဇနီးနှင့် သားသမီး သုံးယောက်သာ ပါဝင်သည်။ အငယ်ဆုံး ကလေးမှာ ပုခက်အတွင်း၌သာ ရှိသေး၏။ သူ၏ ဇနီးမှာ ဗီတာလူမျိုး အလှမယ်တစ်ဦး ဖြစ်သည်။ ထိုစဉ်က နယ်စားကြီး အော်စတင် သည် ဒုတိယ ဘုရင်မ ဟယ်လင်အပေါ် သစ္စာစောင့်သိကြောင်း ပြသရန်အတွက် သူမကို လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

“ကျုပ် နယ်စားကြီးအော်စတင်နဲ့ တွေ့ခဲ့ပြီးပြီ။ ဒါပေမဲ့ သူက တော်ဝင်ချန်အင်ပါယာမှာ ခဏလောက် နေရလိမ့်မယ်။ သူက ချန်မြို့တော်နဲ့ တခြားနေရာတွေကို သွားရောက် လည်ပတ်ကောင်း လည်ပတ်ရနိုင်တယ်။” ရှမ့်လန်က ပြောဆိုလိုက်၏။

နယ်စားကြီး အော်စတင်၏ ဇနီးက ပြောလိုက်သည်။ “သိပ်ကောင်းတာပေါ့။ ကျွန်မက တော်ဝင်ချန် အင်ပါယာရဲ့ ရတနာတွေကို မျှော်လင့်နေတာ ကြာပါပြီ။ အော်စတင် ပြန်ရောက်လာရင် ကျွန်မနဲ့ ကလေးတွေကို သူကိုယ်တိုင် ရောက်ခဲ့သလိုမျိုး ပြန်ပြောပြနိုင်တာပေါ့။ ကျွန်မ သမီးလေး နည်းနည်း ကြီးလာရင် ကျွန်မလည်း တော်ဝင်ချန်အင်ပါယာကို သွားလည်ချင်တယ်။ ကျွန်မ ကလေးတွေကို အဲဒီမှာ ပညာသင်လွှတ်နိုင်ရင် အကောင်းဆုံးပါပဲ။”

သူတို့ မသိလိုက်မီမှာပင် ရှမ့်လန်သည် ရော့ဆို မိသားစု၏ အကြီးမားဆုံး ကျောထောက်နောက်ခံနှင့် ဂုဏ်ယူစရာ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ဤလောကတွင် အရှေ့ဘက်လောကသည် အနောက်ဘက် လောကထက် ပိုမို တိုးတက်ပြီး စွမ်းအားကြီးမား၏။

ဗီတာလူမျိုးတစ်ဦးအနေဖြင့် အော်စတင်ဇနီး၏ မိသားစုသည် အမြဲတစေ သိမ်ငယ်စိတ် ရှိခဲ့ကြသည်။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာတွင် ရှမ့်လန် ရှိနေခြင်းကြောင့် သူတို့၏ အဆင့်အတန်း မြင့်တက်လာသကဲ့သို့ ဖြစ်ပြီး ရှီလွန် မင်းမျိုးမင်းနွယ် စစ်စစ်များနှင့် တန်းတူ ရင်ဆိုင်နိုင်လာခဲ့သည်။

ဤသည်မှာ အလွန် ဆန်းကြယ်သော ခံစားမှုတစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် ရော့ဆိုမိသားစု သာမက အော်စတင်ဇနီး၏ မိသားစုပါ တော်ဝင်ချန်အင်ပါယာအကြောင်း ပြောဆိုတိုင်း ဂုဏ်ယူဝင့်ကြွားလေ့ ရှိကြသည်။ တော်ဝင်ချန်အင်ပါယာက ဘယ်လို၊ တော်ဝင်ချန်အင်ပါယာက ဘယ်ပုံ... စသည်ဖြင့်။ ထို့အပြင် မိသားစု တစ်ခုလုံးသည် တရုတ်စကားကို သင်ယူနေကြပြီး ကလေးအချို့ကို တော်ဝင်ချန်အင်ပါယာသို့ ပညာသင်လွှတ်ရန် စီစဉ်နေကြပြီ ဖြစ်၏။

ရှမ့်လန်သည် ရှမ့်ယီနှင့် သီးသန့်တွေ့ဆုံကာ ကျင်းမူလန်၊ ဘိုးဘေးလော်နှင့် နဂါးကြီး အကြောင်း ပြောဆိုချင်နေမိသည်။ သို့သော်ငြား သူသည် ဘက်လိုက်လွန်းသည်ဟု အထင်မခံနိုင်ပေ။ ရောက်နေပြီ ဖြစ်သည့်အတွက် အလောတကြီး လုပ်စရာ မလိုတော့ပေ။

ဘာပဲပြောပြော ဒီဘိုရာသည် အနောက်လောကတွင် သူ၏ ဇနီးသည် ဖြစ်ပေသည်။ အထူးသဖြင့် လိုကီသည် သူ၏ သားဖြစ်၏။ သူသည် ရှမ့်ယီ ကြီးပြင်းလာမည့် အချိန်များကို လုံးဝ လွဲချော်ခဲ့ရပြီဖြစ်ရာ အခြားသော ကလေးများနှင့် အစားထိုး ကုစားခြင်းက ကောင်းမွန်ပေလိမ့်မည်။

ဤအချိန်တွင် ရှမ့်ယီသည် အလွန် တည်ငြိမ်သော်လည်း အေးစက်ခြင်း မရှိကြောင်း ရှမ့်လန် တွေ့ရှိလိုက် ရသည်။ ထိုသို့ ဖြစ်မည့်အစား သူသည် အလွန် ရင်းနှီးဖော်ရွေပုံ ရသည်။ သူ၏ အမူအရာနှင့် အကြည့်များသည် နှစ်လိုဖွယ် ကောင်းပြီး ယုံကြည်အားကိုးချင်စရာ ကောင်းလှပေသည်။

ထို့အပြင် ဒီဘိုရာ၏ အိမ်တော်တွင် ရှမ့်လန်၏ အဆင့်အတန်းမှာ အလွန် မြင့်မားပြီး အကြွင်းမဲ့ သခင် ဖြစ်နေသည်။ အနည်းဆုံး ဤထမင်းစားပွဲတွင် ရှမ့်လန်က ထိပ်ဆုံး ခုံတွင် ထိုင်နေပြီး ရှမ့်ယီက ဘယ်ဘက်၊ ဒီဘိုရာက ညာဘက်တွင် ထိုင်နေသည်။ ဆိုလိုသည်မှာ ရှမ့်ယီ၏ အဆင့်အတန်းသည် လိုကီ အထက်တွင် သာမက ဒီဘိုရာ၏ အထက်တွင်ပါ ရှိနေခြင်း ဖြစ်၏။

သဘာဝကျစွာပင် ရှမ့်လန်သည် ဤအသေးစိတ် အချက်အလက်များကို ဂရုမစိုက်ပေ။ ဤသည်မှာ ဒီဘိုရာ စီစဉ်ထားခြင်း ဖြစ်ပြီး သူမသည် နိုင်ငံရေး သတ္တဝါ တစ်ကောင် ဖြစ်သည်။ ထို့အပြင် ရှမ့်ယီသည် ခါးမတ်မတ်ထားပြီး ထိုင်နေသော်လည်း အလွန် လွတ်လပ်ပေါ့ပါးပုံ ရသည်။

အခြားတစ်ဖက်တွင်မူ အသက် ၆ နှစ်ပင် မပြည့်သေးသော လိုကီလေးသည် အလွန် စေ့စပ်သေချာလွန်း လှပေသည်။ သူ၏ မင်းမျိုးမင်းနွယ် အမူအကျင့်များသည် အပြစ်ပြောစရာ မရှိအောင် ကောင်းမွန်ပြီး ရှမ့်လန်၏ ရှေ့တွင် အစွမ်းကုန် ပြသရန် ကြိုးစားနေ၏။

ဤအချက်က ရှမ့်လန်အား ရှမ့်လီကို သတိရသွားစေခဲ့သည်။ ရှမ့်လီသည်လည်း စေ့စပ်သေချာပြီး ဖခင်ဖြစ်သူ၏ ရှေ့တွင် အစွမ်းကုန် ပြသရန် ကြိုးစားလေ့ရှိသူ ဖြစ်သည်။ သို့သော်ငြား သူတို့နှစ်ဦးမှာ အခြေခံအားဖြင့် ကွာခြားလှသည်။

ရှမ့်လီ၏ စိတ်နေသဘောထားမှာ သူ၏ ဦးလေး နင်ကျန်းနှင့် အလွန် တူညီသည်။ သူသည် အလွန်အမင်း ဉာဏ်ကောင်းသူ မဟုတ်ဘဲ အရာရာကို စာအုပ်ကြီးအတိုင်း လုပ်ဆောင်တတ်သူ ဖြစ်သည်။ အခြား တစ်ဖက်တွင်မူ လိုကီသည် ပိုမို ဉာဏ်ကောင်းပြီး ပါးစပ်ပိုချို၏။

သဘာဝကျစွာပင် ဤသည်မှာ ကလေး၏ ပင်ကိုယ်စရိုက်သာ ဖြစ်ပေသည်။ နှစ်ယောက်လုံး ချစ်ဖို့ ကောင်းကြသည်။ သို့သော်ငြား လိုကီလေးမှာ လမ်းညွှန်မှု လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။ သို့မဟုတ်ပါက ကြီးပြင်းလာလျှင် လှည့်စားခြင်း အင်ပါယာ ဖြစ်လာနိုင်ပေသည်။

ထမင်းစားရင်း မိသားစုသည် စကားစမြည် ပြောဆိုကြသည်။ ဤနေရာသည် ရှီလွန် မင်းဆက် ဖြစ်သော်လည်း သူတို့အားလုံး တရုတ်စကားကိုသာ ပြောဆိုနေကြ၏။

“အရှင်... လွန်ခဲ့တဲ့ ၅ နှစ်ကျော်က အနောက်လောကကနေ ထွက်ခွာသွားတုန်းက ရွှေငွေ ဘယ်လောက် ယူဆောင်သွားသလဲဆိုတာ မှတ်မိသေးလား။” မြို့စား ဒီဘိုရာက ရယ်မောလျက် မေးလိုက်သည်။

“အများကြီးပဲလို့တော့ မှတ်မိတယ်။ ရော့ဆိုမိသားစုရဲ့ ဘဏ္ဍာတိုက်တောင် ပြောင်သလောက် ဖြစ်သွားစေခဲ့တယ် ထင်တယ်။” ရှမ့်လန်က ဖြေလိုက်၏။

“ဟုတ်ပါတယ် အရှင်...”

ဒီဘိုရာက ပြောလိုက်သည်။ “အခု ၅ နှစ် ကြာပြီးတဲ့နောက် ကျွန်မရဲ့ ဘဏ္ဍာတိုက်ထဲမှာ ဘယ်လောက် ရှိနေပြီလဲဆိုတာ သိပါသလား။”

ရှမ့်လန် ခေါင်းခါလိုက်ပြီး ဖြေလိုက်၏။ “ကျုပ် မသိဘူး။”

ဒီဘိုရာက ပြောလိုက်သည်။ “ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မလည်း မသိတော့ပါဘူး။ ဘာလို့လဲဆိုတော့ တကယ်ကို များလွန်းအားကြီးလို့ပါ။ ဘဏ္ဍာတိုက် ဆောက်ဖို့တောင် အချိန်မရခဲ့ပါဘူး။ အဲဒီတုန်းက ရှင် ယူသွားတဲ့ ရွှေငွေပမာဏထက် ဘယ်နှဆ ပြန်ရှာနိုင်ခဲ့သလဲ ဆိုတာတောင် မသိတော့ပါဘူး။”

အော်စတင်၏ ဇနီးက ဝင်ပြောလိုက်၏။ “ရော့ဆို မိသားစု တင် မဟုတ်ပါဘူး။ ကျွန်မတို့ မိသားစုတောင် ပိုက်ဆံကြောင့် စိတ်ညစ်နေရပါပြီ။ ဘာလို့လဲဆိုတော့ တကယ့်ကို များလွန်းလို့ပါ။ ကျွန်မအဖေက ခဏခဏ ပြောတတ်တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်က ပိုက်ဆံရှာဖို့အတွက် အချိန်ဖြုန်းခဲ့မိတယ်တဲ့။ အခုချိန်မှာ ပိုက်ဆံဆိုတာ အရေးမပါဆုံး အရာ ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်မတို့ မိသားစုက ပိုပြီး အဓိပ္ပာယ်ရှိတဲ့ အရာတွေကို လိုက်စားရတော့မယ်တဲ့။”

ဤအချိန်တွင် ဒီဘိုရာမိသားစု၏ ကြွယ်ဝချမ်းသာမှုကို ရှမ့်လန် ခန့်မှန်းကြည့်နိုင်ပေသည်။ အဘယ်ကြောင့် ဆိုသော် သူမသည် အရှေ့နှင့် အနောက် ကုန်သွယ်မှုကို လက်ဝါးကြီးအုပ်ထားသလောက် ဖြစ်နေသောကြောင့် ဖြစ်၏။ ဤသည်မှာ စိတ်ကူးယဉ်၍ပင် မရနိုင်သော ဂဏန်း ပမာဏ ဖြစ်ပေလိမ့်မည်။

“အို... ဟုတ်သားပဲ အရှင်...”

ဒီဘိုရာက ဆက်ပြောလိုက်သည်။ “အခုဆိုရင် တော်ဝင်ချန် ဘာသာစကားက အသူရာလှိုင်း ပြည်နယ်ရဲ့ ဒုတိယ တရားဝင် ဘာသာစကား ဖြစ်လာပါပြီ။ အင်ပါယာ မြို့တော်မှာ အရှေ့တိုင်းသား တစ်သိန်းကျော် ရှိနေပြီး ရွှေကျောက်စိမ်းမြို့တော်မှာ ငါးသောင်းကျော် ရှိပါတယ်။ ကျွန်မတို့ အသူရာလှိုင်း ပြည်နယ် တပ်တော်ထဲ မှာတောင် သုံးပုံတစ်ပုံက တော်ဝင်ချန်အင်ပါယာရဲ့ အလံကို ကိုင်ဆောင်ထားကြပါတယ်။”

ရှမ့်လန် မင်သက်သွားခဲ့ရသည်။ “မြောက်ပိုင်းက မင်းမျိုးမင်းနွယ်တွေက အဲဒါကို လက်ခံကြပါ့မလား။ ရှီလွန် နန်းတွင်းကရော လက်ခံပါ့မလား။”

ဒီဘိုရာက မဲ့ပြုံးပြုံးလျက် ပြောဆိုလိုက်၏။ “သူတို့ လက်မခံတော့ရော ဘာဖြစ်သလဲ။ ကျွန်မတို့ရဲ့ လိုကီက တော်ဝင်ချန်အင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်နေပြီလေ။ ဒါကြောင့် သူ့မှာ လူအင်အား သုံးသောင်းထက် မပိုတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ ထားရှိပိုင်ခွင့် အာဏာ ရှိတယ်။

လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်မ တော်ဝင်ချန်အင်ပါယာရဲ့ နန်းတွင်းကောင်စီနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်။ တော်ဝင်ချန် အင်ပါယာဆီကနေ သင်္ဘောအုပ်စု တစ်စုကို တင်သွင်းဖို့ စီစဉ်ထား ပြီးပြီ။ အဲဒီ သင်္ဘောတွေမှာ သံချပ်ကာတွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေ အပြည့်အစုံ ပါဝင်မယ်။ အဲဒါတွေက မင်းသား လိုကီရဲ့ ကိုယ်ရံတော် ရေတပ်အုပ်စု ဖြစ်လာလိမ့်မယ်။”

ရှမ့်လန် ဤကိစ္စကို အမှန်တကယ် မသိရှိခဲ့ပေ။ သိခဲ့လျှင်လည်း အပေါ်ယံမျှသာ ကြည့်ရှုပြီး အလေးအနက် မထားဘဲ မေ့လျော့ထားခဲ့ပုံ ရသည်။ သို့သော်ငြား တော်ဝင်ချန်အင်ပါယာနှင့် အနောက်လောကတို့၏ ဆက်ဆံရေးမှာ ရှမ့်လန် ထင်ထားသည်ထက် များစွာ ပိုမို နက်ရှိုင်းနေပြီဖြစ်သည်။ တော်ဝင်ချန်အင်ပါယာမှ ကောက်ကျစ်စဉ်းလဲသော အရာရှိများသည် လိုကီ၏ အမှတ်အသားကို အသုံးပြု၍ အနောက်လောက တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်ရန် အသည်းအသန် ကြိုးပမ်းနေကြခြင်း ဖြစ်ပေသည်။

ဒီဘိုရာက မေးမြန်းလိုက်၏။ “အရှင်... တော်ဝင်ချန်အင်ပါယာက စစ်တပ်အသစ်တစ်ခုကို လေ့ကျင့်ပေးနေတယ်လို့ ကြားတယ်။ အဲဒီစစ်တပ်က မကြုံစဖူး ထူးခြားတဲ့ စစ်တပ်မျိုးဆို...”

“ဟုတ်တယ်။” ရှမ့်လန်က ဖြေကြားလိုက်သည်။

ဒီဘိုရာက ဆက်ပြောလိုက်၏။ “ဒီတစ်ခေါက် ဦးလေးအော်စတင်က တော်ဝင်ချန်အင်ပါယာကို သွားရင်း တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ကျွန်မတို့ လူအင်အား တစ်သောင်းကို တော်ဝင်ချန် အင်ပါယာဆီ ပို့ပြီး စစ်သင်တန်း ပေးချင်တယ်။ ပြီးရင် အဲဒီလူတွေက ကျွန်မတို့ရဲ့ ရော့ဆို တပ်တော်သစ် ဖြစ်လာလိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ငါ့သဘောအရတော့ ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ရှီလွန် နန်းတွင်းနဲ့ အစ်မ ဟယ်လင်ဘက်ကရော ဘယ်လိုနေမလဲ။”

ဒီဘိုရာက ပြောလိုက်၏။ “ဒီကိစ္စမှာ ရှီလွန် နန်းတွင်းက ဝင်ပြောစရာ အကြောင်း မရှိဘူးလို့ ကျွန်မ ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီစစ်တပ်သစ်ကလည်း လိုကီရဲ့ ကိုယ်ရံတော်တပ်ဖွဲ့ပဲလေ။”

သူ၏ဇနီးသည်တွင် ပိုမို ကြီးမားသော ရည်မှန်းချက်များ ရှိနေကြောင်း ရှမ့်လန် မြင်တွေ့လိုက်ရသည်။ သဘာဝကျစွာပင် ထိုရည်မှန်းချက်မျိုး ရှိနေခြင်းမှာ ရှမ့်လန်အတွက် ဆိုးကျိုး မဟုတ်ပေ။

ထမင်းစားပြီးနောက် ဒီဘိုရာက တိုးညှင်းစွာ ပြောဆိုလိုက်၏။ “အချစ်ရယ်... ရှင့်အနေနဲ့ အရှင်မင်းသားလေးနဲ့ ဆွေးနွေးစရာတွေ အများကြီး ရှိမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ ညဘက်ကျရင် ကျွန်မကို အချိန် နည်းနည်းလောက် ပေးလို့ ရမလားဟင်။ ရှင့်ရဲ့ သနားစရာ ဒီဘိုရာလေးက စောင့်နေတာ ၅ နှစ်ကျော်နေပြီ။”

...

စာကြည့်ခန်းထဲတွင် ရှမ့်လန်နှင့် ရှမ့်ယီ နှစ်ယောက်တည်းသာ ရှိနေကြသည်။

ရှမ့်ယီက လိုရင်းကို တိုက်ရိုက် ပြောဆိုလိုက်၏။ “ဘိုးဘေးကြီးက မေမေနဲ့ သားကို မိစ္ဆာတြိဂံနယ်မြေကနေ ခေါ်ထုတ်သွားပြီးနောက်ပိုင်း မကြုံစဖူး ခရီးရှည်ကြီးကို စတင်ခဲ့တယ်။ သားတို့ ကျင့်ကြံရင်းနဲ့ တစ်လောကလုံးကို လှည့်လည်သွားလာခဲ့ကြတယ်။ ဖေဖေ... သားတို့ ဘယ်နေရာတွေကို ရောက်ခဲ့သလဲဆိုတာ ဖေဖေ စိတ်ကူးတောင် ယဉ်နိုင်မှာ မဟုတ်ဘူး။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို မင်းတို့ ပုံမှန် ဘာနဲ့ ခရီးသွားကြသလဲ။”

ရှမ့်ယီက ဖြေလိုက်၏။ “အများအားဖြင့် ပျံသန်းရေး သားရဲတွေကို သုံးကြတယ်။ တစ်ခါတလေလောက်မှ သင်္ဘော စီးကြတာ။”

“ပျံသန်းရေး သားရဲတွေလား။” ရှမ့်လန် အံ့အားသင့်သွားမိသည်။ ‘တကယ်ပဲ အဲဒီလောက် ခေတ်မီ နေတာလား။’

အပိုင်း (၁၂၂၀)

ရှမ့်ယီက ပြောလိုက်သည်။ “ဟုတ်တယ် ဖေဖေ... ဘိုးဘေးကြီးဆီမှာ ပျံသန်းရေး သားရဲတွေ အများကြီး ရှိတယ်။ သားဆိုရင် ပျံသန်းရေး သားရဲ အမျိုးအစားပေါင်း ၁၉ မျိုးလောက် စီးဖူးတယ်။ ဖေဖေ စီးလာသလိုမျိုး အသံထက်မြန်တဲ့ ပျံသန်းရေး သားရဲတစ်ကောင်လည်း သားမှာ ရှိတယ်။”

“တော်လိုက်တာ။ သိပ်စွမ်းတာပဲ။”

ရှမ့်လန် ပြုံးကာ ပြောလိုက်၏။ “ဒီတစ်ခေါက် ဖေဖေက အသံထက်မြန်တဲ့ ပျံသန်းရေး သားရဲ အကောင် တစ်ထောင်လောက်ကို သိမ်းပိုက်ရရှိထားတယ်။ မူလက မင်းကို တစ်ကောင်လောက် လက်ဆောင်ပေးမလို့ စိတ်ကူးထားတာ။”

ရှမ့်ယီက ဆက်ပြောလိုက်သည်။ “ဘိုးဘေးကြီးက သားတို့ကို ခေါ်ပြီး မနားတမ်း ပျံသန်းနေတယ်။ နေရာတစ်ခုမှာ လဝက်ထက်ပိုပြီး နေတယ်ဆိုတာ မရှိသလောက်ပဲ။ အစတုန်းကတော့ ဘိုးဘေးကြီးရဲ့ ရည်ရွယ်ချက်ကို သားတို့ မသိခဲ့ဘူး။ နောက်ပိုင်းကျမှ သိလိုက်ရတာက သူ နဂါးကို လိုက်ရှာနေတာတဲ့။ အဲဒါက အဘိုး ဖေဖေ့အတွက် ထားရစ်ခဲ့တဲ့ နဂါးပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ဖေဖေ... မင်းအဘိုးရဲ့ သေတမ်းစာကို ဖတ်ပြီးပါပြီ။ အဲဒီနဂါး ရှိနေတာကို ဖေဖေ သိပါတယ်။ သူ့ရဲ့ ကိုယ်ရံတော် ကွေ့ဝူ က အဲဒီနဂါးကို အနောက်လောကဆီ ခေါ်သွားတာလေ။ ယီလေး... ဘိုးဘေးလော်က ကွေ့ဝူ အကြောင်း ပြောတာ ကြားဖူးလား။”

ရှမ့်ယီက ပြောလိုက်သည်။ “ကြားဖူးပါတယ်။ ကွေ့ဝူ ဆိုတာ အဘိုးရဲ့ အရိပ်ပဲတဲ့။ သူ့မျက်နှာကို ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ အမြဲတမ်း အရိပ်ထဲမှာပဲ ပုန်းကွယ်နေတတ်တယ်တဲ့။ သူက မျက်နှာပေါင်း တစ်ထောင် ပိုင်ဆိုင်တဲ့ လူတစ်ယောက်လို့ ကြားဖူးတယ်။ သူ့ကို တစ်ခါ မြင်ဖူးရင်တောင် နောက်တစ်ခါ ပေါ်လာတဲ့အခါ ရုပ်ပြောင်းသွားပြီ ဆိုတော့ သူ့ကို မြင်ဖူးရင်တောင် မှတ်မိမှာ မဟုတ်ဘူးတဲ့။”

ရှမ့်လန် မနေနိုင်ဘဲ မင်သက်သွားရသည်။ ဤလျှို့ဝှက်ချက်ကို သူ တကယ် မသိရှိခဲ့ပေ။

ရှမ့်ယီက ဆက်ပြောလိုက်၏။ “ဘိုးဘေးလော် သိထားတာက ဒီနဂါးကို အနောက်လောကဆီ ခေါ်သွားတယ် ဆိုတာလောက်ပဲ။ ဘယ်နေရာ အတိအကျ ဆိုတာကို သူ မသိဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိတယ်။ နဂါးက ကြီးထွားလာတာနဲ့အမျှ သူ လိုအပ်တဲ့ စွမ်းအင်ပမာဏက ပိုပိုပြီး ကြီးမားလာလိမ့်မယ်။ အစားစားရုံသက်သက်နဲ့ ကြီးထွားဖို့ မဖြစ်နိုင်ဘူး။ သူက စွမ်းအားကြီးမားတဲ့ စွမ်းအင် အရင်းအမြစ်ကို သေချာပေါက် စုပ်ယူစားသုံးလိမ့်မယ်။ ဘိုးဘေးကြီးက အဲဒီ သီအိုရီကို အသုံးပြုပြီး နဂါးကို လိုက်ရှာခဲ့တာ။”

“သေချာ ပြောပြပါအုံး။” ရှမ့်လန်က မေးလိုက်သည်။

ရှမ့်ယီက ရှင်းပြလိုက်၏။ “ဖေဖေ... အနောက်လောကမှာ မီးတောင်တွေ အများကြီး ရှိတယ်ဆိုတာ ဖေဖေ သိတယ်မလား။ သားတို့ လောကထက် အများကြီး ပိုများတယ်။ တချို့ကို မြင်နိုင်ပေမဲ့ တချို့က ပင်လယ်ကြမ်းပြင်အောက်မှာ ရှိနေတယ်။ ဒါကြောင့် ရှေးဟောင်း ပျောက်ဆုံးနိုင်ငံတွေက မီးတောင်တွေကို ထိန်းချုပ်ဖို့ အထူးနည်းလမ်းတစ်ခုကို စဉ်းစားခဲ့ကြတယ်။”

ရှမ့်လန်က ဖြည့်စွက် ပြောဆိုလိုက်သည်။ “ရှေးဟောင်း စွမ်းအင် ဗဟိုချက်မတွေနဲ့ မီးတောင်တွေကို ဖိနှိပ်ထားပြီး တစ်ချိန်တည်းမှာ စွမ်းအင်တွေကို စုပ်ယူတာမျိုးလား။”

ရှမ့်ယီက ပြောလိုက်၏။ “ဟုတ်တယ် ဖေဖေ... ဘိုးဘေးလော်ဆီမှာ အသေးစိတ် အချက်အလက်တွေ ရှိတယ်။ အဲဒီ အချက်အလက်တွေအရ ရှေးဟောင်း စွမ်းအင် ဗဟိုချက်မတွေက သူတို့ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီး ပေါက်ကွဲတော့မယ့် အခြေအနေ ဖြစ်နေတယ်။ အဲဒါတွေ ပေါက်ကွဲလိုက်တာနဲ့ မီးတောင်တွေ ပေါက်ကွဲမယ်။ ဆူနာမီတွေနဲ့ ငလျင်တွေ ဖြစ်ပေါ်လာလိမ့်မယ်။”

ဤအချက်ကို ရှမ့်လန် ကောင်းစွာ သိရှိထားသည်။ အိပ်မက်ဆိုး မီးတောင် ပေါက်ကွဲစဉ်က တုံ့ပြန်မှု ကွင်းဆက်တစ်ခု ဖြစ်ပေါ်ခဲ့ဖူး၏။ မြောက်ဘက်မှ တောင်ဘက်အထိ စွမ်းအင် ဗဟိုချက်မ ၁၀ ခုကျော် ပေါက်ကွဲခဲ့ပြီး မီးတောင်များ ပေါက်ကွဲခဲ့သည်။

ရှမ့်ယီက ဆက်ပြောလိုက်၏။ “ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပေါက်ကွဲရမဲ့ မီးတောင်တွေက မပေါက်ကွဲခဲ့ဘူး။ ပေါက်ကွဲရမဲ့ ရှေးဟောင်း စွမ်းအင် ဗဟိုချက်မတွေကလည်း လုံးဝ မပေါက်ကွဲခဲ့ဘူး။”

ရှမ့်လန် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ ‘စိတ်ဝင်စားစရာ ကောင်းလာပြီ။’

ရှမ့်ယီက ပြောလိုက်၏။ “ဘိုးဘေးလော် ဆုံးဖြတ်လိုက်တာက ဒီနဂါးဟာ လျှင်လျှင်မြန်မြန် ကြီးထွားတဲ့ ကာလကို ရောက်နေပြီတဲ့။ ဒါကြောင့် သူက စွမ်းအင်တွေကို မရပ်မနား စုပ်ယူစားသုံးဖို့ လိုအပ်နေတယ်။ စွမ်းအားကြီးမားတဲ့ စွမ်းအင် ဗဟိုချက်မတွေနဲ့ စွမ်းအားကြီးမားတဲ့ မီးတောင်တွေကသာ သူ့ရဲ့ အစာစားချင်စိတ်ကို ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်။

ဒါကြောင့် သူက ပေါက်ကွဲလုနီးပါး ဖြစ်နေတဲ့ စွမ်းအင် ဗဟိုချက်မတွေ၊ ပေါက်ကွဲလုနီးပါး ဖြစ်နေတဲ့ မီးတောင်တွေကို လိုက်ရှာနေတာ။ အဲဒီ သီအိုရီကို အခြေခံပြီး သားတို့က အချက်အလက်တွေအတိုင်း သူ့နောက်ကို အမီလိုက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။”

“အဲဒီတော့ ရလဒ်ကရော။” ရှမ့်လန်က မေးလိုက်သည်။

ရှမ့်ယီက ဖြေလိုက်၏။ “သားတို့ သူ့ရဲ့ တည်ရှိမှုကို အပြည့်အဝ ခံစားလို့ ရတယ်။ ဘာလို့လဲဆိုတော့ သားတို့ ရောက်သွားတဲ့ မီးတောင်တိုင်းက အေးစက်နေလို့ပဲ။ ပေါက်ကွဲရမယ့် ရှေးဟောင်း စွမ်းအင် ဗဟိုချက်မကြီးတွေ အကုန်လုံးကလည်း အစအန မကျန် ပျောက်ဆုံးနေတယ်။ သိသာတာက အဲဒါတွေ အကုန်လုံးကို သူ စုပ်ယူ စားသုံးလိုက်တာပဲ။ ဒါပေမဲ့ သားတို့ သူ့ကို မတွေ့ရသေးဘူး။”

“ဖေဖေ... လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ခဲ့တဲ့ နေကြတ်တာကို မှတ်မိလား။”

ရှမ့်လန် မည်သို့ မေ့နိုင်ပါမည်နည်း။ နေကြတ်ခြင်း ဖြစ်ပေါ်လာသောအခါ သရဲမြို့တော် ပွင့်လာခဲ့ပြီး ရှမ့်လန်သည် တော်ဝင်ကပ်ဘေး ဉာဏ်ပညာဘုရင် ၏ ဝိညာဉ်အမွေအနှစ်ကို ရရှိခဲ့သည် မဟုတ်ပါလား။

“ဖေဖေ မှတ်မိတာပေါ့။”

ရှမ့်လန်က ပြောလိုက်သည်။ “နေကြတ်ခြင်း အပြည့်အဝ ဖြစ်ပေါ်လာတုန်းက ဖေဖေ တွေးနေမိတာ။ မင်းတို့ကော အခုချိန်မှာ ဒီနေလုံးကြီးကိုပဲ ကြည့်နေကြမလားလို့လေ။ အဲဒီအချိန်တုန်းက ဖေဖေ မင်းတို့ကို သိပ်လွမ်းနေခဲ့တာ။”

ဤအချိန်တွင် မိခင်ဖြစ်သူ၏ အခြေအနေကို ပြန်လည် တွေးတောမိပြီး ရှမ့်ယီ၏ မျက်လုံးများ နီရဲလာခဲ့သည်။ သူမသည် ဖခင်နှင့် မိဘများကို တွေ့ခွင့်ရရုံလေးဖြစ်ဖြစ် အိမ်ပြန်ခွင့်ပေးပါရန် ဘိုးဘေးလော်ကို ငိုယို တောင်းပန်ခဲ့ဖူး၏။

ရှမ့်ယီက ပြောလိုက်သည်။ “အဲဒီအချိန်တုန်းက မေမေနဲ့ သားလည်း ဖေဖေ့ကို အလွမ်းဆုံးပါပဲ။ အဘိုး၊ အဘွား၊ ဘိုးဘိုး၊ မမကြီး နဲ့ ညီလေး တို့ကိုလည်း သတိရတယ်။ သားတို့ ပြန်လာပြီး တွေ့ချင်ခဲ့ကြတာ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သားတို့ အဲဒီနဂါးကြီးကို ပထမဆုံးအကြိမ် တွေ့လိုက်ရတယ်။”

“မင်းတို့ တွေ့လိုက်ရတယ် ဟုတ်လား။” ရှမ့်လန်က မေးလိုက်၏။

ရှမ့်ယီက ပြောလိုက်သည်။ “တိတိကျကျ ပြောရရင် မတွေ့လိုက်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက သိပ်ကို ဝေးကွာလွန်းနေလို့ပါ။ အဲဒီအချိန်တုန်းက သားတို့က ကျွန်းတစ်ကျွန်းရဲ့ ထိပ်ဆုံးမှာ ရောက်နေတာ။ နေကြတ်ခြင်း ဖြစ်ပေါ်လာတော့ နေ့ခင်းကြောင်တောင်ကြီးက ရုတ်တရက် ညအချိန်လို ဖြစ်သွားတယ်။

ပြီးတော့ အရှေ့မြောက်ဘက် ကောင်းကင်ယံ အဝေးကြီးမှာ အလင်းရောင် အရိပ်တစ်ခု ကောင်းကင်ကို ဖြတ်ပျံသွားတာ မြင်လိုက်ရတယ်။ ကြယ်တံခွန်လိုပဲ။ နောက်မှာ အရိပ်ရှည်ကြီးတစ်ခု ပါလာတယ်။ ဘိုးဘေးလော် က ပြောတယ်။ အဲဒါ နဂါး ပဲတဲ့။”

ရှမ့်လန်က မေးလိုက်၏။ “အဲဒီတုန်းက ဘယ်လောက် ဝေးမလဲ။”

ရှမ့်ယီက ဖြေလိုက်သည်။ “သားတို့ တွက်ချက်မှုအရဆိုရင် မိုင် ၉,၀၀၀ ဝန်းကျင်လောက် ဝေးလိမ့်မယ်။”

ရှမ့်လန်က ပြောလိုက်၏ “ဒါကြောင့် မင်းတို့နှစ်ယောက် အနောက်လောကထဲ ဝင်ရောက်သွားခဲ့ကြတာပေါ့။”

ရှမ့်ယီက ဆက်ပြောလိုက်သည်။ “အဲဒီတုန်းက နေကြတ်တဲ့အချိန်က တိုလွန်းတယ်။ နေမင်းကြီးက မြန်မြန် ပြန်ထွက်လာတယ်။ သားတို့ နဂါးကြီးရဲ့ တည်နေရာကို ခဏလေးပဲ မြင်လိုက်ရတာ။ ပြီးတော့ သူက ဆက်တိုက် ရွေ့လျားနေတယ်။ ဒါနဲ့ သားတို့လည်း အမြန်ဆုံး အရှိန်နဲ့ သူ့နောက် လိုက်ခဲ့ကြတာ။”

“ပြီးတော့ရော...” ရှမ့်လန်က မေးလိုက်၏။

ရှမ့်ယီက ပြောသည်။ “သားတို့ သူ့ရဲ့ အစအနကို ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကီလိုမီတာ ထောင်ပေါင်းများစွာဝေးတဲ့ ပင်လယ်ပြင် တစ်နေရာမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်။ ကြီးမားတဲ့ ရှေးဟောင်း စွမ်းအင် ဗဟိုချက်မ ပေါက်ကွဲတာ၊ မီးတောင် ပေါက်ကွဲတာနဲ့ အဲဒီကနေ ဖြစ်ပေါ်လာတဲ့ ဆူနာမီ လှိုင်းလုံးတွေကို ကီလိုမီတာ တစ်ထောင်လောက် ဝေးတဲ့နေရာကနေတောင် သားတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဒါက နဂါးကြီးရဲ့ စွမ်းအင် စုပ်ယူစားသုံးမှု ပြီးဆုံးသွားပြီလို့ ဆိုလိုတာလား။”

ရှမ့်ယီက ပြန်ဖြေလိုက်သည်။ “ဘိုးဘေးကြီးလည်း အဲဒီလိုပဲ ပြောတယ်။ နဂါးကြီးက လောဘကြီးတဲ့ သတ္တဝါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အနောက်လောကမှာ ပေါက်ကွဲလုနီးပါး ဖြစ်နေတဲ့ မီးတောင်တွေ၊ ပေါက်ကွဲလုနီးပါး ဖြစ်နေတဲ့ စွမ်းအင် ဗဟိုချက်မကြီးတွေ အကုန်လုံးကို နဂါးကြီးက စုပ်ယူစားသုံးခဲ့တယ်။ သိသာတာကတော့ သူ လုံလောက်အောင် စားသုံးပြီးပြီ၊ အသွင်ပြောင်းလဲဖို့အတွက် ဆောင်းခိုတော့မယ် ဆိုတာပါပဲ။

ဘိုးဘေးကြီးရဲ့ တွက်ချက်မှုအရဆိုရင် နဂါးက အသွင်ပြောင်းလဲမှု မပြီးဆုံးခင်မှာ သူ ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ သိပ်ကို သတိကြီးပြီး ကောက်ကျစ်စဉ်းလဲတတ်တယ်တဲ့။ သူ့ရဲ့ ခြေရာလက်ရာကို ဘယ်သူ့ကိုမှ အတွေ့ခံမှာ မဟုတ်ဘူး။

အသွင်ပြောင်းလဲမှု ပြီးဆုံးသွားပြီ ဆိုရင်တော့ သူက ပြိုင်ဘက်ကင်းပြီလို့ ခံစားသွားပြီး လောကထဲကို ဗြောင်ကျကျ ဆင်းသက်လာလိမ့်မယ်။ ဒါကြောင့် အဲဒီ နဂါးကြီးက မကြာခင် ပေါ်ထွက်လာတော့မယ်။ ပြီးရင် လောကမြေကို တုန်လှုပ်စေမယ့် နည်းလမ်းနဲ့ လောကထဲကို ဆင်းသက်လာလိမ့်မယ်။”

ရှမ့်ယီက ဆက်ပြောလိုက်၏။ “အဲဒီ အကြောင်းပြချက်ကြောင့်ပဲ မေမေက သားကို ရွှေကျောက်စိမ်း မြို့တော်ဆီ ခေါ်လာခဲ့တာ။ ပြီးတော့ ချန်မြို့တော်ဆီ စာပို့ဖို့ လူလွှတ်လိုက်တယ်။ ဖေဖေလာပြီး ဒီနဂါးကြီးကို ယဉ်ပါးအောင် လုပ်ပေးဖို့ပေါ့။ ဘာလို့လဲဆိုတော့ အဲဒီနဂါးက သားတို့ ကျန်းမိသားစု ပိုင်တာမို့လို့လေ။”

ရှမ့်လန်က မေးလိုက်သည်။ “ဒါဆို မင်းက ရွှေကျောက်စိမ်းမြို့တော်မှာပဲ တောက်လျှောက် နေခဲ့တာလား။”

ရှမ့်ယီက ဖြေလိုက်၏။ “ဟုတ်တယ်။ ဖေဖေ... ဘိုးဘေးကြီးနဲ့ မေမေက သား အင်အား မလုံလောက်သေးဘူးလို့ ခံယူထားတယ်။ နောက်ပိုင်း ဖြစ်လာမဲ့ ကစားပွဲတွေက သားနဲ့ မသင့်တော်ဘူးတဲ့။ သူတို့က သားကို ရွှေကျောက်စိမ်းမြို့တော်မှာပဲ ဖေဖေ့ကို စောင့်နေခိုင်းတယ်။

ဒီကာလအတွင်းမှာ မေမေက တစ်ခါတလေ ပြန်လာတယ်။ ဒါပေမဲ့ မေမေ တွက်ချက်ထားတာက ဖေဖေ မကြာခင် ရောက်လာတော့မယ်တဲ့။ ဒါကြောင့် မေမေက လွန်ခဲ့တဲ့ ရက်အနည်းငယ်အထိ ရွှေကျောက်စိမ်း မြို့တော်မှာပဲနေပြီး ဖေဖေ့ကို စောင့်နေခဲ့တာ။

ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အနောက်မြောက်ဘက်မှာ အင်အားပြင်းတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားတယ်။ ဘိုးဘေးကြီးနဲ့ မေမေက နဂါးကြီး လောကထဲကို ဆင်းသက်လာပြီလားလို့ စိုးရိမ်ပြီး အမြန် သွားကြည့်ကြရတယ်။ အဲဒါကြောင့် ဖေဖေ့ကို ဒီမှာ မကြိုဆိုနိုင်ခဲ့တာပါ။”

ရှမ့်လန် ခေါင်းညိတ်လိုက်ပြီး ရှမ့်ယီကို ကြည့်ကာ ပြောလိုက်၏။ “ယီလေး... မင်း တကယ် ရင့်ကျက်လာခဲ့ပြီပဲ။ ဒါက ဖေဖေ့ကို တော်တော်လေး အပြစ်ရှိသလို ခံစားရစေတယ်။ မင်းက ၁၀ နှစ်တောင် မပြည့်သေးဘူး။ ဒါပေမဲ့ ၁၆ နှစ်၊ ၁၇ နှစ် သားတွေထက် ပိုပြီး ရင့်ကျက်နေတယ်။ ဒါက တကယ်ကို...”

ရှမ့်ယီက မေးလိုက်သည်။ “ဖေဖေ... မေမေ့အပေါ် ဘယ်လိုမြင်လဲ။”

ရှမ့်လန်က ဖြေလိုက်သည်။ “သူက ဖေဖေ့ဘဝရဲ့ အချစ်ဆုံးမိန်းမပါပဲ။ ဒီလောကမှာ ချစ်ဖို့အကောင်းဆုံး အမျိုးသမီးပေါ့။”

ရှမ့်ယီက ပြောလိုက်၏။ “သားလည်း အဲဒီလိုပဲ ထင်တယ်။ မေမေရဲ့ အလှက ပြိုင်ဘက်ကင်းသလို မေမေရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကလည်း ပြိုင်ဘက်ကင်းပါတယ်။ ဒါပေမဲ့ မေမေ့ရဲ့ ဟင်းချက်လက်ရာကိုကျတော့ ဖေဖေ ဘယ်လိုမြင်လဲ။ အဝတ်အစားချုပ်တာတို့ ဘာတို့လို သာမန် နေ့စဉ်ဘဝ ကျွမ်းကျင်မှုတွေကိုရော ဘယ်လိုမြင်လဲ။”

“အင်း...”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါက ပြောရရင်တော့ ဇာတ်လမ်းရှည်ကြီးပေါ့ကွာ။”

ရှမ့်ယီက ပြောလိုက်။ “ပြီးတော့ ဘိုးဘေးလော်က ဒီကိစ္စတွေမှာ မေမေ့ထက်တောင် ပိုဆိုးသေးတယ်။ ဒါကြောင့် သားတို့ ၆ နှစ်သားလောက် ရောက်တဲ့အချိန်မှာ သားကပဲ သားတို့သုံးယောက်လုံးအတွက် တာဝန်ယူ လုပ်ကိုင်ပေးခဲ့ရတယ်။ ဘာလို့လဲဆိုတော့ မေမေ့ လက်ရာကို သား တကယ် မစားနိုင်တော့လို့လေ။”

“ဟား ဟား ဟား ဟား...”

ရှမ့်လန် ရယ်မောလိုက်၏။ “မင်းဖေဖေရဲ့ ဟင်းချက်လက်ရာက သိပ်ကောင်းတာကွ။”

ရှမ့်ယီက ပြောလိုက်သည်။ “သား သိပါတယ်။ မေမေက ခဏခဏ ချီးကျူးလေ့ရှိတယ်။ ဒါကြောင့် မေမေက ဖေဖေ့ရဲ့ ချက်နည်းပြုတ်နည်းတွေကို မှတ်ဉာဏ်ထဲကနေ ပြန်ဖော်ပြီး လိုက်ချက်ကြည့်တတ်တယ်။ ဒါကြောင့် ဖေဖေရေ... ကလေးတစ်ယောက်က အသက် ၆ နှစ်အရွယ်လောက်တည်းက ပြိုင်ဘက်ကင်း အလှမယ် နှစ်ယောက်ရဲ့ နေ့စဉ်ဘဝအတွက် စတင် ပူပန်ပေးရပြီဆိုရင် ဘယ်ကလေးမဆို ရင့်ကျက်လာမှာပါပဲ။”

ရှမ့်ယီက ဆက်ပြောလိုက်၏။ “အနည်းဆုံးတော့ ဟင်းချက်လက်ရာ ကောင်းရမယ်။ ဘယ်နေရာမှာ တဲထိုးရင် ပိုပြီး သက်သောင့်သက်သာ အိပ်ရမလဲ ဆိုတာ သိရမယ်။ အိပ်ရာက ဘယ်လောက် နူးညံ့သလဲ၊ မာကျောသလဲ ဆိုတာလည်း သိရမယ်။”

“ဟမ်” ရှမ့်လန် နားလည်သွားခဲ့သည်။ သူ့သား ရှမ့်ယီ အဘယ့်ကြောင့် မြန်မြန် ကြီးပြင်းလာရသလဲ ဆိုခြင်းကိုပင်။ အဘယ်ကြောင့်ဆိုသော် သူ့အမေနှင့် ဘိုးဘေးလော်တို့သည် ဘဝနေထိုင်မှု အချို့ ကဏ္ဍများတွင် အသုံးမကျသောကြောင့် ဖြစ်သည်။

အမှန်စင်စစ် မူလန်သည် အဆင်ပြေပါသေးသည်။ သူတို့နှစ်ဦး အပြင်ထွက်သည့်အခါ မူလန်က ရှမ့်လန်ကို ကောင်းကောင်း ဂရုစိုက်ပေးတတ်သည်။ ဟင်းချက်ခြင်းနှင့် အဝတ်ချုပ်ခြင်းမှလွဲ၍ သူမသည် ကျန်သည့်အရာ အားလုံးကို လုပ်ကိုင်နိုင်စွမ်း ရှိ၏။

ရှမ့်လန်က ပြောလိုက်သည်။ “ယီလေး... မနက်ဖြန်ကျရင် ဖေဖေ မင်းအမေကို သွားရှာမယ်။ ဟုတ်သားပဲ။ ဖေဖေ မင်းကို မေးစရာ တစ်ခု ရှိတယ်။”

ရှမ့်ယီက စကားထောက်ပေး၏။ “မေးပါ ဖေဖေ...”

ရှမ့်လန်က မေးလိုက်သည်။ “မင်း တော်ဝင်ချန်အင်ပါယာကို ဆက်ခံဖို့ စိတ်ဝင်စားလား။ အကယ်၍ မင်း စိတ်ဝင်စားရင် မင်းက အိမ်ရှေ့စံမင်းသား ဖြစ်လာလိမ့်မယ်။ အကယ်၍ မင်း စိတ်မဝင်စားရင် ဖေဖေ အတင်းအကျပ် မတိုက်တွန်းပါဘူး။”

“စိတ်ဝင်စားပါတယ်။” ရှမ့်ယီက ဖြေကြားလိုက်၏။

ရှမ့်လန် ခေါင်းညိတ်ပြီး သူ့ပခုံးကို ပုတ်ကာ ပြောဆိုလိုက်သည်။ “ကောင်းတယ်။ ကောင်းတယ်။ ဒီကိစ္စမှာ မင်းက ဖေဖေ့ထက် အများကြီး သာတယ်။ ဖေဖေ့မှာ ရည်မှန်းချက် တစ်ခုပဲ ရှိတယ်။ အဲဒါက လောကကြီးမှာ ဘာရန်ငြိုးမှ မရှိဘဲ နေချင်တာ။ ဒါပေမဲ့ အဲဒီ ရည်မှန်းချက်ကို ပြည့်မီဖို့အတွက် ဘေးထွက်ဆိုးကျိုးအနေနဲ့ လောကကြီးကို ပေါင်းစည်းရမလို ဖြစ်နေတယ်။ အဲဒီအချိန်ကျရင် မင်းလည်း အရွယ်ရောက်နေလောက်ပြီ။ ဖေဖေက အရာအားလုံးကို မင်းဆီ လွှဲပေးခဲ့ပြီး မင်းအမေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေတော့မယ်။”

ရှမ့်ယီက ရှမ့်လန်ကို ကြည့်ကာ ပြောလိုက်၏။ “ကောင်းပါပြီ ဖေဖေ... ဒါပေမဲ့ မေမေလေး ပင်းအာ ကိုတော့ ခေါ်သွားဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖေက ထမင်းနပ်တိုင်း ချက်နိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ အဝတ်အစားလည်း ချုပ်တတ်မှာ မဟုတ်ဘူးမလား။”

“အင်း...”

ရှမ့်လန်သည် ရှမ့်ယီ၏ ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်၏။ “သားရေ... မင်းပြောတာ သိပ်အဓိပ္ပာယ် ရှိတယ်လို့ ဖေဖေ ထင်တယ်။”

ထို့နောက် ရှမ့်လန်သည် ၁.၇ မီတာ (၅ ပေ ၇ လက်မ) နီးပါး အရပ်ရှည်နေပြီ ဖြစ်သော သားဖြစ်သူကို ကြည့်ကာ ပြောလိုက်သည်။ “ယီလေး... မင်းက အရမ်း အရပ်ရှည်လာပြီး တခြားသူတွေထက် ပိုမြန်မြန် ရင့်ကျက်လာတယ်။ မင်း သဘောကျတဲ့ ကောင်မလေးများ ရှိနေပြီလား။”

ရှမ့်ယီက ပြန်ပြော၏။ “ဖေဖေ... သားက ၁၀ နှစ်တောင် မပြည့်သေးပါဘူး။ ဒီခေါင်းစဉ်က သင့်တော်တယ်လို့ ထင်လို့လား။”

“အင်း...”

ရှမ့်လန်က ပြောလိုက်သည်။ “ဖေဖေ ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။”

............

All Chapters