← Chapters

အခန်း (၁၅၀၁-၁၅၀၃)

Vol. 101 Ch. 1501-1503

အခန်း (၁၅၀၁-၁၅၀၃)

Vol. 101 Ch. 1501-1503

အခန်း (၁၅၀၁ )

နတ်ဆိုးလှံ၏ ချိပ်ပိတ်ကို ဖွင့်လှစ်ခြင်း

ရှန်ဝူဧကရာဇ်သည် နတ်ဆိုးလှံကို လက်ဝယ်ရရှိပြီးနောက် သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ နတ်ဆိုးလှံ၏ကိုယ်ထည်ပေါ်တွင် ချိပ်ပိတ်အင်းစာရွက်က ကပ်နေဆဲဖြစ်သော်လည်း လှံထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြီးမားလှသည့် မိစ္ဆာစွမ်းအားကိုမူ ရှန်ဝူဧကရာဇ် ကောင်းစွာခံစားမိနေပြီဖြစ်သည်။

ရှန်ဝူဧကရာဇ်၏လက်ထဲရှိ နတ်ဆိုးလှံသည် မိခင်ကိုတွေ့လိုက်ရသော ကလေးငယ်တစ်ဦးကဲ့သို့ အလွန်ပင် မငြိမ်မသက်ဖြစ်နေသည်။ ထို့နောက် ရှန်ဝူဧကရာဇ်က နတ်ဆိုးလှံပေါ်ရှိ ချိပ်ပိတ်ကို ဖျက်ဆီးပစ်လိုက်သည်။ ချိပ်ပိတ်ကို ဖယ်ရှားလိုက်သည့် ခဏချင်းမှာပင် လှံအတွင်းမှ သွေးအငွေ့အသက်များ တစ်ခန်းလုံးသို့ ပျံ့နှံ့သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ခန်းမကြီးအတွင်းသို့ ချက်ချင်း သက်ရောက်လာခဲ့၏။ ခန်းမတစ်ခုလုံးသည်လည်း မွန်းကျပ်သွားခဲ့သည်။

အဆင့်နိမ့်သော အချို့ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များကတော့ နတ်ဆိုးလှံ၏ဖိအားကြောင့် ခေါင်းပင်မဖော်နိုင်တော့ပဲ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ဖိနှိပ်ခြင်း ခံလိုက်ရသည်။ နတ်ဆိုးလှံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားမိသောအခါ ရှန်ဝူဧကရာဇ်၏ မျက်နှာပေါ်တွင် အပြုံးစတစ်ခု ပေါ်လာသည်။ ဤလှံသည် သူ့အတွက် သီးသန့်ပြုလုပ်ထားသကဲ့သို့ပင် ထင်ရသည်။

နတ်ဆိုးလှံ၏အဆင့်သည် သူတော်စင်အဆင့်ဖြစ်ပြီး ဧကရာဇ်အဆင့်လက်နက်တစ်ခု၏ အဆင့်အတန်းသို့ပင် နီးကပ်နေသည်။ နတ်ဆိုးလှံကို ကိုင်ထားရုံဖြင့် မူလအစစွမ်းအား အစအနတစ်ခုကို ရှန်ဝူဧကရာဇ် ခပ်ဖျော့ဖျော့ ခံစားမိလိုက်သည်။ သို့သော်လည်း နတ်ဆိုးလှံသည် သွေးကို မမြည်းစမ်းရသေးသဖြင့် အမှန်တကယ် ချိပ်ပိတ်ပွင့်သွားခြင်းတော့ မဟုတ်သေးပေ။

ထိုအခိုက်အတန့်တွင် ခန်းမအတွင်းရှိ တန်ယန်ဧကရာဇ်ထံသို့ ရှန်ဝူဧကရာဇ်၏ အကြည့်များ ရောက်ရှိသွားလေတော့သည်။ သူ ဝိညာဉ်ကူးပြောင်း နေစဉ်အတွင်း တန်ယန်ဧကရာဇ်သည် ရှန်ယွဲ့နိုင်ငံတွင် အလွန်မောက်မာခဲ့ပြီး သူ့ကိုဆန့်ကျင်သည့် လုပ်ရပ်များတွင်လည်း ပါဝင်ခဲ့သည်။ ဤအချက်ကြောင့်ပင် ရွှမ်ထျန်းက တန်ယန်ဧကရာဇ်အား နတ်ဆိုးလှံကို ယူဆောင်သွားခိုင်းလိုက်ခြင်းဖြစ်ကြောင်း ရှန်ဝူဧကရာဇ် ချက်ချင်းနားလည်လိုက်သည်။

ရှန်ယွဲ့နိုင်ငံမှ ကိုင်တွယ်ဖြေရှင်းရန်အတွက် ရွှမ်ထျန်းက တန်ယန်ဧကရာဇ်ကို အပြစ်ခံနယ်ရုပ်အဖြစ် ဤသူတော်စင်အဆင့်လက်နက်နှင့်အတူ လွှတ်လိုက်ခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် နတ်ဆိုးလှံ ချိပ်ပိတ်ပွင့်ရန်အတွက် သွေးလိုအပ်နေသည်။

တန်ယန်ဧကရာဇ်ကတော့ နီးကပ်လာသော အန္တရာယ်ကို သတိမမူမိသေးပေ။ ရှန်ဝူဧကရာဇ် နတ်ဆိုးလှံကို ရရှိသွားသည်ကို မြင်သောအခါ ကိစ္စပြီးမြောက်သွားပြီဟု သူ ထင်မှတ်လိုက်သည်။ ထို့ကြောင့် သူက ကျေနပ်စွာ ပြုံးလိုက်ပြီး

“သတင်းစကားလည်း ပါးပြီးပြီဆိုတော့ ကျွန်တော်လည်း ပြန်ပါဦးမယ်။”

ထိုသို့ပြောပြီးနောက် တန်ယန်ဧကရာဇ် ထရပ်ကာ ရှန်ယွဲ့နိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် ရှန်ဝူဧကရာဇ်၏ ဖိအားများ ရုတ်တရက် ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းစွမ်းအားများ တစ်ခန်းလုံးသို့ ချက်ချင်းဖုံးလွှမ်းသွားသည်။

ယခု သေမင်း၏ အရိပ်အယောင်များ ခန်းမအတွင်း၌ ဝဲပျံနေပြီဖြစ်သည်။ ဤမြင်ကွင်းကို မြင်သောအခါ တန်ယန်ဧကရာဇ် အလွန်ထိတ်လန့်သွားပြီး မလှုပ်ရဲတော့ပေ။ သူက

“မင်းကြီး... ဒါက ဘာသဘောလဲ။ ဒီလက်နက်ကို သဘောမကျလို့လား”

ဟု ကပျာကယာ မေးလိုက်သည်။

“ဒီသူတော်စင်အဆင့် လက်နက်ကို ကျုပ်အလွန်သဘောကျပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ရဲတိုက်သခင်က ကျုပ်ဆီကို တခြားလက်ဆောင်တစ်ခုလည်း ပို့လိုက်သေးတယ်”

ဟု ရှန်ဝူဧကရာဇ်က ခပ်အေးအေး ပြောလိုက်သည်။

ထိုအရာကို ကြားသောအခါ တန်ယန်ဧကရာဇ် ဇဝေဇဝါ ဖြစ်သွား၏။

တခြားလက်ဆောင် ဟုတ်လား။

မည်သည့်လက်ဆောင်နည်း။

လက်ဆောင်လာပို့သူဖြစ်သည့် သူက ရဲတိုက်သခင်ထံမှ တခြားလက်ဆောင်တစ်ခု ပါလာသည်ကို ဘာကြောင့် မသိရသနည်း။

“အဲ့ဒါကတော့ ဒီနတ်ဆိုးလှံကို ချိပ်ပိတ်ဖွင့်ဖို့အတွက် သွေးပဲ”

ဟု ရှန်ဝူဧကရာဇ်က ဆက်ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် တန်ယန်ဧကရာဇ်၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွား တော့သည်။ ရှန်ဝူဧကရာဇ်၏ ဆိုလိုရင်းကို သူ ချက်ချင်း နားလည်သွားပြီဖြစ်၏။

ရှန်ယွဲ့နိုင်ငံသို့ ရောက်ဖူးသည့် ဧကရာဇ်အဆင့်ပုဂ္ဂိုလ်ဖြစ်သော သူ့ကို ရွှမ်ထျန်းက ဘာကြောင့် လက်ဆောင်လာပို့ခိုင်းသည်ကိုလည်း သူ သိလိုက်ရတော့သည်။ ရှန်ယွဲ့နိုင်ငံတွင် ဖြစ်ပျက်ခဲ့သမျှကို သူ့အပေါ် ပုံချလိုက်ခြင်းသာဖြစ်၏။ သူ့ကို အပြစ်ခံနယ်ရုပ် ဖြစ်စေရန် ကြံစည်ထားခြင်းဖြစ်ကြောင်း သိသာလှသည်။

ထိုသို့ပြုလုပ်မှသာ ရှန်ဝူဧကရာဇ်နှင့် ရွှမ်ထျန်းတို့ နှစ်ဦးလုံးအတွက် မျက်နှာပန်းလှစေမည်ဖြစ်သည်။ ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့ကြား ပဋိပက္ခမဖြစ်အောင် ရှောင်လွှဲခြင်းလည်း ဖြစ်သည်။

ထိုအချက်ကို သိရှိပြီးနောက် တန်ယန်ဧကရာဇ် တွန့်ဆုတ်မနေတော့ပေ။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ခန်းမကြီး၏ တံခါးဆီသို့ အစွမ်းကုန် ပြေးထွက်သွားလိုက်သည်။

ဤနေရာတွင် ဆက်ရှိနေလျှင် သေရမှာ သေချာသည်။ ထို့ကြောင့် ထွက်ပြေးခြင်းကသာ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။

တန်ယန်ဧကရာဇ် ထွက်ပြေးသည်ကို မြင်သော်လည်း ရှန်ဝူဧကရာဇ်၏ မျက်နှာထက်၌ မည်သည့်အမူအရာမှ မရှိပေ။

ဧကရာဇ်ကြယ်၏ ဟင်းလင်းပြင်ကို ချိပ်ပိတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် တန်ယန်ဧကရာဇ် လွတ်မြောက်လိုပါက ပျံသန်းရုံသာ တတ်နိုင်ပြီး အာကာသကူးပြောင်းခြင်းကိုတော့ အသုံးမပြုနိုင်ပေ။

ရှန်ယွဲ့နိုင်ငံ၏ အုပ်ချုပ်သူအနေနှင့် ဧကရာဇ်ကြယ်ပေါ်တွင် ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တစ်ဦးကို သုတ်သင်ရန်က ရှန်ဝူဧကရာဇ်အတွက် အလွန်လွယ်ကူသော ကိစ္စဖြစ်သည်။ တန်ယန်ဧကရာဇ် နန်းတော်မှ လွတ်မြောက်ရန် ကြိုးစားနေစဉ်မှာပင် ရှန်ဝူဧကရာဇ်က နတ်ဆိုးလှံအတွင်းသို့ သတ်ဖြတ်ခြင်းစွမ်းအားများကို ထည့်သွင်းလိုက်သည်။ ထိုစွမ်းအားများ စီးဝင်သွားအခါ လှံသည် အလွန်ပင် ရူးသွပ်လာပြီး ၎င်းမှ ထွက်ပေါ်နေသည့် ဖိအားကလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။

နတ်ဆိုးလှံသည် ချိပ်ပိတ်ကို အပြီးတိုင် ဖွင့်လှစ်နိုင်ရန်အတွက် ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တစ်ဦး၏ သွေးကို အလွန်အမင်း လိုလားတောင့်တနေသည်။ နတ်ဆိုးလှံ၏ မငြိမ်မသက်ဖြစ်မှုကို ခံစားမိသောအခါ ရှန်ဝူဧကရာဇ်လည်း တွန့်ဆုတ်မနေဘဲ လှံကို တိုက်ရိုက်ပစ်လွှတ်လိုက်တော့သည်။

သတ်ဖြတ်ခြင်းစွမ်းအားများ ထည့်သွင်းထားသည့် နတ်ဆိုးလှံသည် သွေးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး တန်ယန်ဧကရာဇ်ထံသို့ ဦးတည်သွားသည်။ တန်ယန်ဧကရာဇ် နေပြည်တော်မှ မလွတ်မြောက်ခင်မှာပင် သွေးနဂါးသည် သူ၏ နောက်ကျောသို့ ရောက်ရှိလာတော့သည်။

အန္တရာယ်ကို ခံစားမိသဖြင့် တန်ယန်ဧကရာဇ် လှည့်ကြည့်လိုက်ရာ ရှေ့သို့ တိုးဝင်လာသော နတ်ဆိုးလှံကို မြင်လိုက်ရသည်။ ထို့ကြောင့် ထိုလှံကို တားဆီးရန်အတွက် သူ၏ နိယာမပုံရိပ်ကို အလျင်အမြန် ဖော်ထုတ်လိုက်သည်။

သို့သော်လည်း နောက်တစ်ခဏမှာပင် နတ်ဆိုးလှံသည် ရုတ်တရက် မြန်နှုန်းမြှင့်လာကာ သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ဖောက်ထွင်းသွားလေတော့သည်။ ထို့နောက် သူ၏ သွေးများနှင့် စိတ်ဝိညာဉ်များကို နတ်ဆိုးလှံဆီသို့ ဆွဲငင်သွားသည့် ကြောက်မက်ဖွယ် စုပ်ယူအားတစ်ခုကို တန်ယန်ဧကရာဇ်သည် ချက်ချင်း ခံစားလိုက်ရသည်။

“မဖြစ်ရဘူး...”

တန်ယန်ဧကရာဇ်၏ မကျေမနပ် ဟစ်အော်သံနှင့်အတူ သူ၏ စိတ်ဝိညာဉ် လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ သွေးများ စုပ်ယူခံလိုက်ရသဖြင့် ခြောက်ကပ်နေသော အလောင်းတစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ခန်းမကြီး၏ အပြင်ဘက်တွင် ဖြစ်ပျက်သွားသည်များကို မြင်လိုက်ရသောအခါ အတွင်းရှိ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များလည်း ထိတ်လန့်လွန်းသဖြင့် မျက်နှာများ ဖြူဖျော့သွားကြသည်။

ထိုအချိန်တွင် ရှန်ဝူဧကရာဇ်က လက်ကို မြှောက်လိုက်ရာ နတ်ဆိုးလှံ သူထံသို့ ပြန်ရောက်လာသည်။ လှံပေါ်ရှိ သွေးစွမ်းအင်များကြောင့် စွမ်းအား တိုးမြင့်လာမှုကို ခံစားမိသောအခါ ရှန်ဝူဧကရာဇ်၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပို၍ပင် ပြင်းထန်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ယဲ့ဟွမ်ဧကရာဇ်က

“မင်းကြီး... ထျန်းကျိရဲတိုက်က မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်ပါတယ်။ သူတို့ပို့လိုက်တဲ့ လက်နက်ကို ကျွန်တော်တို့ သေချာ စစ်ဆေးရပါမယ်”

ဟု သတိပေးလိုက်ပေသည်။

သူတို့သည် ယခင်က ထျန်းကျိရဲတိုက်၏ လှည့်စားခြင်းကို ခံခဲ့ရဖူးပြီဖြစ်သည်။ အကယ်၍ ရှန်ဝူဧကရာဇ်သာ အမျိုးမျိုးသော ဝိညာဉ်ကူးပြောင်းခြင်းနည်းလမ်းများဖြင့် ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပါက သူသည် ထျန်းကျိရဲတိုက်၏ လက်ချက်ဖြင့် ပျက်စီးသွားလောက်ပြီ ဖြစ်သည်။

ယခု ထျန်းကျိရဲတိုက်က နောက်ထပ် လက်ဆောင်တစ်ခု ပို့လိုက်ပြန်သည်။ ဤသူတော်စင်အဆင့်လက်နက်ပေါ်တွင် ကျိန်စာများ ရှိမရှိ သို့မဟုတ် ထျန်းကျိရဲတိုက်တွင် အခြားသော မကောင်းသည့် အကြံအစည်များ ရှိမရှိဆိုတာကိုမူ မည်သူမှ မသိနိုင်ပေ။

ရှန်ဝူဧကရာဇ်က

“ဒါကို ကျုပ် သေသေချာချာ စစ်ဆေးပြီးပြီ။ ဒီသူတော်စင်အဆင့် လက်နက်ကို မရေမတွက်နိုင်တဲ့ ဧကရာဇ်လောင်းတွေရဲ့ သွေးတွေ စိတ်ဝိညာဉ်တွေနဲ့ သွန်းလုပ်ထားတာပဲ။ သာမန် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်အတွက် ထိန်းချုပ်ဖို့ ခက်နိုင်ပေမဲ့ ကျုပ်အတွက်တော့ ဒါက အကောင်းဆုံးပဲ။”

ဤသူတော်စင်အဆင့် လက်နက်အပေါ် ရှန်ဝူဧကရာဇ် သံသယမရှိသည်ကို မြင်သောအခါ ယဲ့ဟွမ်ဧကရာဇ်လည်း ဆက်မပြောတော့ပေ။

ထို့နောက် ရှန်ဝူဧကရာဇ်က ဆက်လက်၍

“ထျန်းကျိရဲတိုက်က တောင်းပန်လာပြီဆိုတော့ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်ကြရအောင်။ အခုတော့ ကျုပ် ရွှမ်ထျန်းနဲ့ ရှနိုင်ငံအကြောင်း အသေးစိတ် ဆွေးနွေးဖို့ ထျန်းကျိရဲတိုက်ကို သွားရမယ့် အချိန်ပဲ။”

ထိုသို့ပြောပြီးနောက် ရှန်ဝူဧကရာဇ်၏ ကိုယ်ထည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။ စုဝေးနေကြသော ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များကလည်း

“မင်းကြီးကို နှုတ်ဆက်ပါတယ်”

ဟု အလျင်အမြန် ပြောလိုက်ကြသည်။

……

တစ်ချိန်တည်းမှာပင်။

ရှနိုင်ငံ။

လင်ကျောက် မဟာကြယ်နယ်မြေစုအတွင်းရှိ ကြယ်နယ်မြေတစ်ခုတွင် လုချန်း၏ ကိုယ်ပွားသည် ကြယ်ဖျက်ယဉ် တစ်စင်းပေါ်၌ ထိုင်ကာ ကင်းလှည့်နေသည်။

ထိုအခိုက်အတန့်တွင် အရေးတကြီး အမူအယာ ဖြစ်နေသော ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တစ်ဦး အဝေးမှ ရုတ်တရက် ပေါ်လာသည်။

ထိုဧကရာဇ်အဆင့်ပုဂ္ဂိုလ်သည် မိမိရှေ့ရှိ ကြယ်ဖျက်ယဉ်ပေါ်တွင် လုချန်းရှိနေသည်ကို မသိပေ။ သူသည် အလွန်အမင်း စိုးရိမ်ပူပန်နေသော ပုံစံဖြင့် အမြန်ဖြတ်သန်းသွားသည်။

ဤမျှလောက်အထိ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တစ်ဦးကို ပြာပြာသလဲ ဖြစ်စေနိုင်သည့် အရာက အဘယ်နည်းဟု လုချန်းက သိချင်စိတ် ဖြစ်သွား၏။ လုချန်းလည်း ထိုသူ၏ အခြေအနေကို သတိထားကြည့်လိုက်ရင်း

“ခဏလောက် စောင့်ပါဦး... ဘာလို့ ဒီလောက် ပြာပြာသလဲ ဖြစ်နေရတာလဲ။ အပြင်မှာ ဘာတွေ ဖြစ်နေလို့လဲ”

ဟု သူက တိုက်ရိုက် သတင်းပို့လိုက်သည်။

လုချန်း ဆိုလိုသည့် “အပြင်ဘက်” ဆိုသည်မှာ ရှနိုင်ငံ၏ အပြင်ဘက်ကို ဆိုလိုခြင်းဖြစ်သည်။ လုချန်း၏ အသံကို မှတ်မိသွားသောအခါ ထိုဧကရာဇ်အဆင့်ပုဂ္ဂိုလ် ဆိုင်းငံ့သွားပြီး ချက်ချင်းရပ်တန့်လိုက်လေသည်။ သူက ဂါရဝပြုရင်း

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

ဂါရဝပြုပြီးနောက် ထိုဧကရာဇ်အဆင့်ပုဂ္ဂိုလ်က အလျင်အမြန် ပြောလိုက်သည်။

“မင်းကြီး... အပြင်မှာ လူတိုင်း ပြောနေကြတာကတော့ ရှန်ဝူ ဧကရာဇ် ပြန်လည်ရှင်သန်လာပြီတဲ့။”

ဤသတင်းကို ကြားလိုက်ရလျှင် လုချန်း၏စိတ်များ တုံ့ဆိုင်းသွားသည်။

ရှန်ဝူဧကရာဇ်က ပြန်လည်ရှင်သန်လာပြီလား။

………….

အခန်း (၁၅၀၂)

ရှန်ဝူဧကရာဇ် ထျန်းကျိရဲတိုက်သို့ ရောက်လာခြင်း

လုချန်း ခဏခန့် တုံ့ဆိုင်းသွားပြီးနောက် အခြေအနေကို ချက်ချင်းပင် နားလည်သွားသည်။ ရှန်ဝူဧကရာဇ်သည် ဤမျှလွယ်လွယ်နှင့် သေဆုံးသွားမည့်သူ မဟုတ်ဟု သူ အမြဲတမ်း ခံစားခဲ့ရသည်။

ရှန်ဝူဧကရာဇ်သည် အဆင့်ကိုး သတ်ဖြတ်ခြင်းဧကရာဇ်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ဧကရာဇ်အဆင့်ပင် မဟုတ်သေးသည့် လုယန်ဟွာကဲ့သို့သော သူတစ်ယောက်က သူ့ကို ဤမျှလွယ်လွယ်ကူကူ လှည့်ဖြားပြီး သတ်ဖြတ်နိုင်ပါ့မလား။

ရှန်ဝူဧကရာဇ် ကျဆုံးသွားသည့် သတင်းကို လုချန်း ကြားလိုက်ရစဉ်ကပင် သူ သေချင်ယောင်ဆောင်ခြင်းသာ ဖြစ်မည်ဟု သံသယဝင်ခဲ့သည်။ ထိုကိစ္စ၏ နောက်ကွယ်တွင် ပိုမိုကြီးမားသည့် အကြံအစည်တစ်ခု ရှိနေနိုင်သည်ဟု လုချန်း ယူဆခဲ့သည်။

ယခုကြည့်ရတာ သူ၏ အလိုလိုသိစိတ်က မှန်ကန်နေ၏။ ရှန်ဝူဧကရာဇ်သည် အမှန်တကယ် ကျဆုံးသွားခဲ့ခြင်း မရှိပေ။

သို့သော်လည်း...

အခြေအနေက ဤသို့ဖြစ်လာပြီဆိုမှတော့ ရှန်ဝူဧကရာဇ်က ထျန်းကျိရဲတိုက်ကို အရေးယူမှာလား။

ကြယ်ဖျက်ယဉ်ပေါ်မှ လုချန်း ပျံသန်းထွက်ခွာလာခဲ့သည်။ သူက ဟင်းလင်းပြင်အတွင်းရှိ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်ကို ကြည့်ကာ

“တခြား သတင်းအချက်အလက်တွေ ရှိသေးလား။ သိသမျှ အကုန်ပြောပြပါ။”

ထိုဧကရာဇ်က

“ထျန်းကျိရဲတိုက်က ထီးနန်းကို သိမ်းပိုက်ဖို့အတွက် လုယန်ဟွာနဲ့ ပူးပေါင်းခဲ့တဲ့ အဓိက တရားခံကို ရှန်ယွဲ့နိုင်ငံဆီ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းထွက်နေပါတယ်။ ပြီးတော့ ထျန်းကျိရဲတိုက်က တောင်းပန်တဲ့အနေနဲ့ သူတော်စင်အဆင့် လက်နက်တစ်ခုကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။”

ထိုအရာကို ကြားလျှင် ရှန်ဝူဧကရာဇ်၏ စရိုက်အရ ထျန်းကျိရဲတိုက်ကို ဤမျှလွယ်လွယ်နှင့် ခွင့်လွှတ်လိမ့်မည် မဟုတ်ဟု လုချန်း တွေးလိုက်မိသည်။ ထျန်းကျိရဲတိုက်သည် သူ့ကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့၏။ အာဃာတကြီးတတ်သည့် ရှန်ဝူဧကရာဇ်က ဤကိစ္စကို ဒီအတိုင်း လွှတ်ထားလိမ့်မည် မဟုတ်တာတော့ ကျိန်း‌သေသည်။

သို့သော် ထိုဧကရာဇ်က

“ရှန်ဝူ ဧကရာဇ်က ထျန်းကျိရဲတိုက်ကို ခွင့်လွှတ်လိုက်ပြီလို့ ပြောကြပါတယ်။ ပြီးတော့ အရေးကြီးတဲ့ ကိစ္စတချို့ကို ဆွေးနွေးဖို့ ရဲတိုက်သခင်ဆီကို သူကိုယ်တိုင် သွားနေတယ်လို့လည်း သိရပါတယ်။”

လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ မိမိ၏ ရာထူးနေရာကို သိမ်းပိုက်ခံရပြီး သေလုနီးပါး ဖြစ်ခဲ့ရပါလျက်နှင့် ရှန်ဝူဧကရာဇ်က ထျန်းကျိရဲတိုက်ကို ခွင့်လွှတ်နိုင်‌ သေးလား။

သူ့တို့ရန်ဖြစ်သည့် ကြားထဲမှ အကျိုးအမြတ်တစ်ခုခု ရနိုင်မလားဟု လုချန်း တွေးထားခဲ့သော်လည်း ယခုတော့ မျှော်လင့်ချက် မရှိတော့ဟု ထင်ရသည်။

သို့သော် ထိုအရာက အတော်လေး ထူးဆန်းနေသည်။ ရှန်ဝူဧကရာဇ်၏ စရိုက်အရ သူသည် ဤမျှအထိ သဘောထားကြီးမည့်သူ မဟုတ်ပေ။

လုချန်းက

“အဲ့ဒီ အရေးကြီးတဲ့ ကိစ္စဆိုတာက ဘာလဲ” ဟု ဆက်လက်မေးမြန်းလိုက်သည်။

ထိုဧကရာဇ်က

“အဲ့ဒါကိုတော့ ကျွန်တော် မသိပါဘူး။”

လုချန်း နက်နက်ရှိုင်းရှိုင်း စဉ်းစားလိုက်သည်။ ရှန်ဝူဧကရာဇ်အတွက် အရေးကြီးသည်ဆိုသည့် အရာမှာ သူ၏ တည်ရှိမှုကို ခြိမ်းခြောက်နိုင်သည့် အရာတစ်ခုခု ဖြစ်ရပေမည်။

ထိုအခိုက်အတန့်တွင် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ ယခုအချိန်တွင် ရှန်ဝူဧကရာဇ်ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သူမှာ သူကိုယ်တိုင်သာ ဖြစ်ရမည် မဟုတ်ပါလား။

ထိုသို့သာဆိုလျှင် ရှန်ဝူဧကရာဇ်သည် ရှနိုင်ငံကို ကိုင်တွယ်ရန်အတွက် ထျန်းကျိရဲတိုက်ထံမှ အကူအညီတောင်းရန် သွားခြင်း ဖြစ်နိုင်ပေသည်။ ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ လုချန်း ခပ်ဖွဖွ ပြုံးလိုက်မိတော့သည်။

ယခုမူ နတ်ဝိညာဉ်ထီး၏ အကာအကွယ်ကို ချိုးဖျက်နိုင်မည့် နည်းလမ်း ထျန်းကျိရဲတိုက်က ရှာတွေ့နိုင်မလားဆိုသည်ကို စောင့်ကြည့်ရန်သာ လိုတော့ပေသည်။

အကယ်၍ ထျန်းကျိရဲတိုက်တွင်ပင် နည်းလမ်းမရှိပါက သူတို့သည် ရှန်ယွဲ့နိုင်ငံနှင့် ထပ်မံပူးပေါင်းလျှင်ပင် ရှနိုင်ငံအတွက် မည်သည့်ခြိမ်းခြောက်မှုမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ထျန်းကျိရဲတိုက်၏ အခြေခံအုတ်မြစ်က မည်မျှအထိ နက်ရှိုင်းသနည်း။

၎င်း၏ သမိုင်းသည် အတော်လေး ကြာမြင့်နေပြီဖြစ်သလို ရဲတိုက်သခင်၏ နောက်ခံကလည်း အတော်လေး လျှို့ဝှက်ဆန်းကြယ်လှသည်။

ယခင်ခေတ်က မှတ်ဉာဏ်များကို လုချန်း ပြန်လည်ရရှိပြီးနောက် ထိုစဉ်ကလည်း ထျန်းကျိရဲတိုက် ရှိခဲ့ပုံရသည်ကို သူ တွေ့ရှိခဲ့သည်။ ထိုအချိန်က ထျန်းကျိရဲတိုက်သည် အင်အားကြီးအဖွဲ့အစည်းတစ်ခု မဟုတ်ခဲ့ပေ။ ၎င်းသည် ထျန်းကျိကြယ်ဟု ခေါ်သော ကြယ်နယ်‌မြေတစ်ခုသာ ဖြစ်ခဲ့သည်။

သို့သော်လည်း ထိုကြယ်ကို ထိန်းချုပ်ထားသူသည် အလွန် စွမ်းအားကြီးခဲ့သည်။ ယခင်ခေတ်က သူသည် ကောင်းကင်ဧကရာဇ် အဆင့်၌ပင် ထျန်းကျိကြယ်၏ သခင်ကို မနှောင့်ယှက်ရဲခဲ့ပေ။

ယခုခေတ်၏ ထျန်းကျိရဲတိုက်နှင့် ယခင်ခေတ်က ထျန်းကျိကြယ်တို့အကြား ဆက်နွှယ်မှုတစ်ခု ရှိနေနိုင်သည်ဟု လုချန်းက သံသယရှိနေသည်။ ထိုသို့သာဆိုလျှင် ထျန်းကျိရဲတိုက်သည် နတ်အဆင့် လက်နက်ကို တန်ပြန်နိုင်မည့် နည်းလမ်းကို အမှန်တကယ် ရှာတွေ့နိုင်ပေလိမ့်မည်။

သို့သော်လည်း ပြောရမည်ဆိုလျှင် ဝိညာဉ်စုဆောင်းခြင်း အစီအရင်ကို အသုံးပြုခြင်းဖြင့် ကောင်းကင်ဧကရာဇ်အဆင့်၏ စွမ်းအားကို သူ ရရှိနေပြီ ဖြစ်သည်။

နတ်ဘုရားအဆင့် လက်နက်ဖြစ်သော နတ်ဘုရားချေမှုန်းဓားနှင့် ပေါင်းစပ်လိုက်ပါက သူ၏ စွမ်းအားသည် ကောင်းကင်ဧကရာဇ်အဆင့်ထက်ပင် ကျော်လွန်သွားနိုင်ခြေ ရှိသည်။

ထို့ကြောင့် ထျန်းကျိရဲတိုက်နှင့် ရှန်ယွဲ့နိုင်ငံတို့သည် ရှနိုင်ငံ၏ အကာအကွယ်ကို ဖောက်ထွင်းနိုင်မည့် နည်းလမ်းကို ရှာတွေ့လျှင်ပင် သူ၏ လက်ရှိအင်အားအရ ထိုအင်အားကြီး နှစ်ခုလုံးကို အနိုင်ယူနိုင်မည်ဟု လုချန်း၌ ယုံကြည်ချက် ရှိနေသည်။

ထိုသို့တွေးတောရင်း လုချန်းလည်း စဉ်းစားခြင်းအလုပ်ကို ရပ်တန့်လိုက်သည်။ သူက သူ့ရှေ့မှ ဧကရာဇ်ကို

“ရှန်ယွဲ့နိုင်ငံနဲ့ ထျန်းကျိရဲတိုက်ရဲ့ လှုပ်ရှားမှုတွေကို ဆက်ပြီး စောင့်ကြည့်နေပါ။ ထူးခြားမှုတစ်ခုခု ရှိတာနဲ့ ကျုပ်ကို ချက်ချင်း အကြောင်းကြားပါ။”

ထိုဧကရာဇ်က

“ဟုတ်ကဲ့ပါ မင်းကြီး”

ထိုသို့ပြောပြီးနောက် ဧကရာဇ် ထွက်ခွာရန် ပြင်လိုကစဉ် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ

“နေဦး...ဒီသစ်သားရုပ်လေးကို ခင်ဗျားနဲ့အတူ ယူသွားပါ”

ပြောပြောဆိုဆိုနှင့် လုချန်း၏ လက်ထဲတွင် သစ်သားရုပ်လေးတစ်ရုပ် ပေါ်လာသည်။ ထိုရုပ်တုလေးသည် လက်မအရွယ်ခန့်သာ ရှိသော်လည်း လုချန်းနှင့် တစ်ထေရာတည်း တူညီလှသည်။

၎င်းသည် လုချန်း၏ ပုံတူသစ်သားရုပ်ဖြစ်ကြောင်း မြင်လိုက်ရသောအခါ ဖေးဟိုင်ဧကရာဇ်က

“မင်းကြီး...ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”

ကျင့်စဉ်လောကတွင် စုန်းအတတ်ဖြင့် ကျိန်စာတိုက်ခြင်းကို အလွန်ပင် သတိထားကြသည်။ သတင်းစုဆောင်းနေသည့် ဧကရာဇ်တစ်ဦးအနေနှင့် လုချန်း၏ ပုံတူသစ်သားရုပ်ကို ယူဆောင်သွားစဉ် မကောင်းသော ရည်ရွယ်ချက်ရှိသူများ သိသွားပါက သူသည် ထိုရုပ်တုဖြင့် ကောင်းကင်ဧကရာဇ်ကို ကျိန်စာတိုက်ရန် ကြံစည်နေသည်ဟု သေချာပေါက် စွပ်စွဲခံရလိမ့်မည်။

ထို့ကြောင့် လုချန်း၏ သစ်သားရုပ်ကို လက်ခံရန် သူ မဝံ့ရဲပေ။ ဖေးဟိုင်ဧကရာဇ်၏ မျက်နှာတွင် စိုးရိမ်စိတ်များ ထင်ဟပ်သွားသည်ကို မြင်သော်လည်း လုချန်းက ခပ်အေးအေးပင်

“ဒါက ကျုပ်ရဲ့ ကိုယ်ပွားပဲ။ နောက်ဆိုရင် သတင်းအချက်အလက်မှန်သမျှကို သူ့ဆီ တိုက်ရိုက် အစီရင်ခံလို့ ရတယ်။”

လုချန်း၏ စကားအဆုံးတွင် သစ်သားရုပ်လေးက အသက်ဝင်လာသည်။ ၎င်းသည် ဖေးဟိုင်ဧကရာဇ်၏ ပုခုံးပေါ်သို့ တိုက်ရိုက် ခုန်တက်သွား၏။

ဤအခြေအနေကြောင့် ဖေးဟိုင်ဧကရာဇ်လည်း အခြားရွေးချယ်စရာ မရှိပဲ

“နားလည်ပါပြီ”

ဟုသာ ပြောလိုက်ရတော့သည်။

“မင်းကြီးမှာ တခြား အမိန့်ပေးစရာ မရှိတော့ရင် ကျွန်တော့်ကို ခွင့်ပြုပါ”

“ကောင်းပါပြီ”

ထို့နောက် ဖေးဟိုင်ဧကရာဇ်သည် ထွက်ခွာသွားတော့သည်။ ဖေးဟိုင်ဧကရာဇ် ထွက်သွားသည်ကို ကြည့်ရင်း လုချန်း ထပ်မံ၍ အတွေးထဲသို့ နစ်မျောသွားတော့သည်။ ရှန်ဝူဧကရာဇ်နှင့် ထျန်းကျိရဲတိုက်တို့ တွေ့ဆုံပြီးနောက် ထိုအင်အားစုနှစ်ခုလုံး တစ်စုံတစ်ခု လုပ်ဆောင်လာလိမ့်မည်။

ယခုအခါ စကြဝဠာကြီးသည် ပို၍ ပို၍ ရုန်းရင်းဆန်ခတ် ဖြစ်လာ၏။ ကောင်းကင်နတ်ဆိုးများ၏ အရေအတွက်သည်လည်း နေ့စဉ်နှင့်အမျှ အဆမတန် တိုးပွားလာနေသည်။

စကြဝဠာ တစ်ခုလုံးသည် ပျက်စီးခြင်း၏ အနားသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် မဟာအင်အားကြီး အင်အားစုများအကြား တင်းမာမှုများသည်လည်း မြင့်တက်လာနေသည်။

ဤခေတ်၏ ကြီးကျယ်သော ပဋိပက္ခကြီး မကြာမီ စတင်တော့မည် ဖြစ်သည်။ ထို့ကြောင့် ရှနိုင်ငံအနေနှင့်လည်း ပြင်ဆင်ထားရပေမည်။

ခဏမျှ စဉ်းစားပြီးနောက် လုချန်းသည် သူ၏ ကိုယ်ပွားများကို လက်ရှိ လုပ်ဆောင်နေသည့် တာဝန်များကို အရှိန်မြှင့်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။ အထူးသဖြင့် လင်ကျောက် မဟာကြယ်နယ်မြေစုကို သိမ်းပိုက်ပြီးနောက်တွင် လုချန်း ခံစားနေရသည့် အန္တရာယ် အငွေ့အသက်များ ပို၍ ပြင်းထန်လာခဲ့သည်။

မင်းဆက် ကံစွမ်းအားများ တိုးလာသည်နှင့်အမျှ ယခင်က မခံစားခဲ့ရဖူးသည့် အရာများကို လုချန်း စတင် အာရုံခံမိလာသည်။ သူ၏ လုပ်ဆောင်ချက်မှန်သမျှကို မမြင်ရသည့် မျက်လုံးများက စောင့်ကြည့်နေသကဲ့သို့ ရှိ၏။ တစ်စုံတစ်ယောက်က သူ့ကို ကြည့်နေသည်ဟု သူ အမြဲတမ်း ခံစားနေရသည်။

……

ထျန်းကျိရဲတိုက်။

ကြယ်တာယာ ခန်းမဆောင်။

ကြယ်တာယာ ခန်းမဆောင် အတွင်း၌ စွမ်းအားကြီးမားသော အရှိန်အဝါ နှစ်ခုသည် တစ်ဖက်စီတွင် နေရာယူထားကြသည်။ သူတို့၏ အင်အားချင်းက ညီမျှနေကြသည်။

သူတို့၏ အရှိန်အဝါများက တစ်ခန်းလုံးကို လွှမ်းမိုးထားပြီး ကြယ်တာယာ ခန်းမဆောင်၏ အာကာသ၌ အက်ကွဲကြောင်းများ ပေါ်ထွက်နေသည်။

ရှန်ဝူဧကရာဇ်၏ နီရဲသော မျက်လုံးများသည် ကြယ်တာရာများအကြား ထိုင်နေသည့် ရွှမ်ထျန်းကို ကြည့်နေ၏။ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းစွမ်းအားများသည်လည်း ထိန်းမနိုင်သိမ်းမရ စီးထွက်နေလျက်ရှိသည်။

ထိုစွမ်းအားများက ခန်းမ၏ တစ်ဝက်ကို အနီရောင်နှင့် ကျန်တစ်ဝက်ကို အနက်ရောင်သို့ပြောင်းလဲစေသည်။ မည်သည့်စကားမှ ပြောရန် အစီအစဉ်မရှိသလို ထိုင်နေသည့် ရွှမ်ထျန်းကို ကြည့်ကာ ရှန်ဝူဧကရာဇ်က လှောင်ပြုံး ပြုံးလိုက်သည်။ ထို့နောက် သူက

“ရဲတိုက်သခင် ရွှမ်... ခင်ဗျား တကယ်ပဲ ပြောစရာ ဘာမှမရှိဘူးလား”

ရှန်ဝူဧကရာဇ်၏ စကားကို ကြားလျှင် ရွှမ်ထျန်းက နောက်ဆုံးတွင် အေးအေးဆေးဆေးပင်

“ဘာပြောရမှာလဲ”

ရှန်ဝူဧကရာဇ်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ထို့နောက် သတ်ဖြတ်ခြင်းစွမ်းအားသည် ပို၍ ပြင်းထန်လာပြီး ရွှမ်ထျန်းထံသို့ လှိုင်းလုံးကြီးများသဖွယ် တိုက်ခိုက်သွားသည်။

သို့သော်လည်း နောက်တစ်ခဏတွင် ခန်းမအတွင်းရှိ ကြယ်တာရာများ ရွေ့လျားသွား၏။ ထိုအခါ သတ်ဖြတ်ခြင်းစွမ်းအားများလည်း ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

ထိုအချင်းအရာကို မြင်လိုက်ရသောအခါ ရှန်ဝူဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ သူ၏ အာရုံခံစားမှု မမှားပါက ၎င်းသည် သူ၏ သတ်ဖြတ်ခြင်းစွမ်းအားကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားစေသည့် အချိန်၏ စွမ်းအား ဖြစ်ရပေမည်။

ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်သည် တွက်ချက်ခြင်း လမ်းစဉ်အစား အချိန်၏ လမ်းစဉ်ကို လှောက်လှမ်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အချိန်၏ဧကရာဇ်ကို ရှန်ဝူဧကရာဇ် အစိုးရိမ်ဆုံး ဖြစ်သည်။ သတ်ဖြတ်ခြင်းစွမ်းအားသည် ပြင်းထန်လှသော်လည်း ၎င်းသည် ပြိုင်ဘက်ထံသို့ အရင်ဆုံး ရောက်ရှိရန် လိုအပ်သည် မဟုတ်ပါလား။

………….

အခန်း( ၁၅၀၃ )

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ရပ်တည်သည့်ဘက်

ပြင်ပနယ်မြေတွင် အချိန်၏စွမ်းအားကို အသုံးပြုသည့် တစ်ခြားကမ္ဘာမှ ရန်သူတစ်ဦးနှင့် ရှန်ဝူဧကရာဇ် တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးသည်။ ထိုစဉ်က ရင်ဆိုင်ခဲ့ရသော တိုက်ပွဲက အလွန် ပြင်းထန်ခဲ့သည်။ သူ၏ ကျင့်စဉ်အဆင့်သာ ပို၍မမြင့်ခဲ့ပါက သူ အသက်ရှင်နိုင်မည် မဟုတ်ပေ။

ဤစကြဝဠာသို့ ပြန်ရောက်လာပြီးနောက် အချိန်လမ်းစဉ်ကို လျှောက်လှမ်းသည့် ဧကရာဇ်အဆင့် တစ်ဦးနှင့်မှ သူ မတွေ့ဆုံခဲ့ရပေ။ ဤစကြဝဠာ၏ စကြဝဠာနိယာမသည် အချိန်လမ်းစဉ်မှ ဧကရာဇ်အဆင့် တစ်ဦး ပေါ်ထွက်လာခြင်းကို ခွင့်မပြုဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယနေ့တွင်မူ ထျန်းကျိရဲတိုက်၌ ထိုသို့သော ဧကရာဇ်တစ်ပါးနှင့် မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရသည်။ ထို့ပြင် ထိုဧကရာဇ်သည် ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင် ဖြစ်နေသည်။

သူ၏ မျက်လုံးများက ရွှမ်ထျန်းကို အကဲခတ်သကဲ့သို့ စူးစိုက်ကြည့်နေရင်း

ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်က အတော်လေး ဖုံးကွယ်ထားနိုင်ခဲ့ပါလားဟု ရှန်ဝူဧကရာဇ် တွေးလိုက်သည်။ စိတ်ဝင်စားဖို့ ကောင်းလှ၏။

ထိုအခိုက်အတန့်တွင် ရှန်ဝူဧကရာဇ်က

“အရင်က ရှန်ယွဲ့နိုင်ငံမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဘာမှမဖြစ်ခဲ့သလိုပဲ ကျုပ် သဘောထားလိုက်မယ်။”

“ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်လာမယ်ဆိုရင်တော့ ရှန်ယွဲ့နိုင်ငံနဲ့ ထျန်းကျိရဲတိုက်ဟာ ချွင်းချက်မရှိ ရန်သူတွေ ဖြစ်သွားလိမ့်မယ်။”

ရွှမ်ထျန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး

“ရှန်ယွဲ့နိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အစပိုင်းမှာ ကျုပ် မသိခဲ့ပါဘူး။ ဒါ့အပြင် တရားခံကိုလည်း ရှန်ယွဲ့နိုင်ငံဆီ လွှဲပေးခဲ့ပြီးပြီဆိုတော့ ခင်ဗျား စိတ်အေးအေး ထားသင့်ပါတယ်။”

ထို့နောက် သူက ဆက်လက်၍

“ဒါ့အပြင် အခု ကျုပ်တို့မှာ ဘုံရန်သူ တစ်ယောက် ရှိနေပြီ။ သေးမွှားတဲ့ ကိစ္စလေးတွေကြောင့် ကျုပ်တို့ရဲ့ မဟာမိတ် ဆက်ဆံရေးကို မဖျက်ဆီးကြရအောင်။”

ရွှမ်ထျန်း၏ စကားများကို ကြားရသောအခါ ရှန်ဝူဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ ယခုအချိန်တွင် အရေးကြီးဆုံးကိစ္စမှာ ထျန်းကျိရဲတိုက်နှင့် စာရင်းရှင်းရန် မဟုတ်ပေ။ ရှနိုင်ငံ၏ လိပ်ခွံကဲ့သို့ မာကျောသော ခံစစ်ကို ဖောက်ထွင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန်နှင့် ဒဏ္ဍာရီလာ ကောင်းကင်ဧကရာဇ် လုချန်းကို ကိုင်တွယ်ရန်သာ ဖြစ်သည်။

အကယ်၍ လုချန်းသည် အမှန်တကယ်ပင် ကောင်းကင်ဧကရာဇ် ဖြစ်နေပါက သူ သေဆုံးရမည်သာ ဖြစ်သည်။ မဟုတ်ပါက ဤစကြဝဠာတွင် အခြားသော ကောင်းကင်ဧကရာဇ် ပေါ်ထွက်လာနိုင်တော့မည် မဟုတ်ပေ။

စကြဝဠာတွင် ကန့်သတ်ချက်များ ရှိသည်။ သက်ရှိကမ္ဘာများကဲ့သို့ပင်ဖြစ်၏။ သက်ရှိကမ္ဘာများ၏ ကောင်းကင်ဘုံ လမ်းစဉ် နိယာမများအတွင်း၌ မည်သို့သော အင်အားကြီးသည့် ပုဂ္ဂိုလ်များ အရေအတွက် မည်မျှအထိ ပေါ်ထွက်လာနိုင်သည်ဆိုသည့် စည်းမျဉ်းများ ရှိ၏။

စကြဝဠာသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ဧကရာဇ်အဆင့် အရေအတွက်သည်ပင် ကန့်သတ်ထားပြီး ဖြစ်ရာ ကောင်းကင်ဧကရာဇ် ဆိုလျှင် ပို၍ပင် နည်းပါးပေလိမ့်မည်။

ရှေးဟောင်းခေတ် မှတ်တမ်းများအရ ကောင်းကင်ဧကရာဇ် တစ်ပါးသည် စကြဝဠာ၏ မူလစွမ်းအားကို အသုံးချနိုင်ပြီး စကြဝဠာနိယာမကိုပင် ပြန်လည် ရေးဆွဲနိုင်သည့် စကြဝဠာ၏ အမြင့်ဆုံး စွမ်းအားရှင် ဖြစ်သည်။ ထို့ကြောင့် ဒုတိယမြောက် တစ်ဦး ပေါ်ထွက်လာရန် မဖြစ်နိုင်ပေ။

ရှန်ဝူဧကရာဇ်သည် ထိုအဆင့်သို့ တက်လှမ်းကာ ကောင်းကင်ဧကရာဇ် ဖြစ်လာရန် ဆန္ဒရှိသည်။ ထို့ကြောင့် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်သည့် အခြားသူများ သူ့ထက် သာလွန်သွားခြင်းကို ခွင့်မပြုနိုင်ပေ။ သူ စိတ်အေးလက်အေး နေနိုင်ရန်အတွက် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်ခြေရှိသူ မှန်သမျှကို ဖယ်ရှားပစ်ရမည် ဖြစ်သည်။

ထို့နောက် ရှန်ဝူဧကရာဇ်က

“ရှနိုင်ငံရဲ့ အကာအကွယ် အကြောင်း ခင်ဗျား ဘယ်လောက် သိထားလဲ။”

ရွှမ်ထျန်းက

“အဲ့ဒီ အကာအကွယ်ဟာ ပြင်ပနယ်မြေကနေလာတဲ့ နတ်အဆင့် လက်နက်နဲ့ တည်ဆောက်ထားတာပါ”

ဟု တိုက်ရိုက် ပြန်ဖြေလိုက်သည်။

ထိုအရာကို ကြားလျှင် ရှန်ဝူဧကရာဇ် အံ့အားသင့်သွားသည်။ ဤမျှအထိ မအံ့ဩခဲ့ရတာ ဘယ်လောက်ကြာသွားပြီ ဆိုတာကိုပင် သူ မမှတ်မိတော့ပေ။

“နတ်အဆင့် လက်နက် ဟုတ်လား။ ဒီစကြဝဠာက ဒီလို တည်ရှိမှုမျိုးကို ဘယ်လိုလုပ် ခွင့်ပြုထားတာလဲ။”

ရှန်ဝူဧကရာဇ် သိထားသည့် အချက်အလက်များအရ ဤစကြဝဠာတွင် ဧကရာဇ်အဆင့် လက်နက်ပင် မရှိချေ။ ထိုသို့သော အခြေအနေမျိုးတွင် ဤလက်နက်၏ သတင်းက မယုံနိုင်စရာ ဖြစ်နေသည်။

နတ်အဆင့် လက်နက်က မည်သို့ ရုတ်တရက် ပေါ်လာနိုင်မည်နည်း။

ရွှမ်ထျန်း ပြောသကဲ့သို့ နတ်အဆင့် လက်နက်က ပြင်ပနယ်မြေမှ လာသည်ဆိုလျှင်ပင် စကြဝဠာ၏ နိယာမမှ ငြင်းပယ်ခြင်း ခံရမည် ဖြစ်သည်။ ထို့ကြောင့် ဆက်လက် တည်ရှိနေရန် မဖြစ်နိုင်ပေ။

ရွှမ်ထျန်းက

“ခေတ်ပျက်ကပ်ဘေးက နီးကပ်လာနေပြီ။ စကြဝဠာနိယာမတွေကလည်း ရှုပ်ထွေးနေပြီ။ အဲဒါကြောင့် နတ်အဆင့် လက်နက်က ဒီစကြဝဠာထဲမှာ ရှိနေတာပါ။”

ရွှမ်ထျန်း၏ ရှင်းပြချက်ကို ကြားရသောအခါ ရှန်ဝူဧကရာဇ်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ စကြဝဠာသည် အလွန်အမင်း ရှုပ်ထွေးနေပြီး နိယာမများသည်လည်း ပုံမှန်မဟုတ်တော့ပေ။

ထို့ကြောင့် စကြဝဠာ လမ်းစဉ်၏ အချို့သော စည်းမျဉ်းများ ထိရောက်မှု မရှိတော့ခြင်း ဖြစ်နိုင်သည်။ ထိုသို့သာဆိုလျှင် ဤစကြဝဠာထဲတွင် အခြားသော နတ်အဆင့် လက်နက်များ ရှိနေနိုင်သည်ဟု ဆိုလိုခြင်းလား။

ထိုဖြစ်နိုင်ခြေကို တွေးမိသောအခါ ရှန်ဝူဧကရာဇ်၏ စိတ်နှလုံးသားထဲတွင် လောဘဇောများ တောက်လောင်လာသည်။ နတ်အဆင့် လက်နက်တစ်ခုကို သူ မလိုချင်ဟု ပြောလျှင် လိမ်လည်နေခြင်းသာ ဖြစ်ပေမည်။

၎င်းသည် ဧကရာဇ်အဆင့် လက်နက်ထက်ပင် သာလွန်သော တည်ရှိမှုဖြစ်သည့် နတ်အဆင့် လက်နက် ဖြစ်သည်။ သူ ပိုင်ဆိုင်ထားသည့် သူတော်စင်အဆင့် လက်နက်သည် နတ်အဆင့် လက်နက်နှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

ထို့နောက် ရှန်ဝူဧကရာဇ်က

“ရှနိုင်ငံက နတ်အဆင့် လက်နက်ကို ကျုပ် လိုချင်တယ်။”

ဤစကြဝဠာတွင် အခြားသော နတ်အဆင့် လက်နက်များ ရှိမရှိ သူ မသိပေ။ သို့သော် ရှနိုင်ငံတွင် တစ်ခု ရှိနေ၏။ ထိုအကာအကွယ်ကို ဖောက်ထွင်းပြီးနောက် ၎င်းကို သူ မုချ ရယူရမည်ဖြစ်သည်။ ဤရတနာသည် သူမှလွဲ၍ အခြားသူများ၏ လက်ထဲသို့ မကျရောက်သင့်ပေ။

ထိုအရာကို ကြားလျှင် ရွှမ်ထျန်း ခဏခန့် တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ပြုံးလိုက်ကာ

“အဲ့ဒီ နတ်အဆင့် လက်နက်ကို ရဖို့ကတော့ မလွယ်ဘူး။”

ရွှမ်ထျန်းအနေနှင့်လည်း ထိုနတ်အဆင့် လက်နက်ကို ဤစကြဝဠာထဲတွင် ဆက်လက်ရှိနေရန် ခွင့်ပြုချင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းကို ရရှိသွားသူ မည်သူမဆိုသည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

သူ၏ တည်ရှိမှုကို ခြိမ်းခြောက်နိုင်သည့် နတ်အဆင့် လက်နက်တစ်ခုကို သူ ခွင့်မပြုနိုင်ပေ။ ၎င်းသည် ခံစစ်အတွက်သာ အသုံးပြုသည့် လက်နက် ဖြစ်နေလျှင်ပင် သူခွင့်မပြုနိုင်ပေ။ သို့သော် ထိုအရာများကိုတော့ ရွှမ်ထျန်းထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

ရွှမ်ထျန်း၏ စကားကို ကြားပြီးနောက် ရှန်ဝူဧကရာဇ်က

“ဒါဆို ခင်ဗျားလည်း အဲ့ဒီ လက်နက်က ဖန်တီးထားတဲ့ အကာအကွယ်ကို မဖျက်ဆီးနိုင်ဘူးပေါ့။”

ရွှမ်ထျန်းက

“မဖျက်နိုင်ပါဘူး”

ရွှမ်ထျန်း၏ အဖြေကို ကြားရသောအခါ ရှန်ဝူဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ ရွှမ်ထျန်းပင် ရှနိုင်ငံ၏ အကာအကွယ်ကို မချိုးဖျက်နိုင်ပါက သူ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်က ပို၍ပင် နိမ့်ကျနေပေလိမ့်မည်။

သူသည် သတ်ဖြတ်ခြင်းတွင် ကျွမ်းကျင်သော်လည်း နည်းဗျူဟာ ပုံစံများ သို့မဟုတ် အကာအကွယ်များကို ချိုးဖျက်သည့်အခါတွင်မူ အားအင်ကိုသာ အသုံးပြုနိုင်သည်။

ရှနိုင်ငံမှ အဆင့်ကိုး ဧကရာဇ်နှစ်ပါးကပင် ထိုအကာအကွယ်ကို ဖျက်ဆီးရန် မလွယ်ကူကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။ သူသည် သာမန် အဆင့်ကိုး ဧကရာဇ်များထက် ပို၍ အစွမ်းထက်သည်ဆိုသော်လည်း သူ၏ စွမ်းအားသည်လည်း အကန့်အသတ်ရှိ၏။ အဆင့်ကိုး ဧကရာဇ်နှစ်ပါး ပေါင်းထားလျှင်ပင် အကာအကွယ်ကို မချိုးဖျက်နိုင်ပါက သူလည်း ချိုးဖျက်နိုင်ခြေနည်းသည်။

ထျန်းကျိရဲတိုက်တွင် ဖြေရှင်းချက် တစ်ခုခု ရှိနိုင်သည်ဟု သူ ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ရွှမ်ထျန်းကို လာရောက် ရှာဖွေခဲ့ခြင်း ဖြစ်၏။ ထျန်းကျိရဲတိုက်ပင်လျှင် ရှနိုင်ငံ၏ အကာအကွယ်ကို ချိုးဖျက်နိုင်မည့် နည်းလမ်းမရှိလျှင် သူတို့ တည်ရှိနေခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

ထိုသို့တွေးမိသောအခါ ရှန်ဝူဧကရာဇ်၏ သတ်ဖြတ်ခြင်းစွမ်းအားများ ထပ်မံ လှုပ်ခတ်လာသည်။ သို့သော်လည်း သူ၏ စိတ်အတွင်းမှ ခံစားချက်များကို ချက်ချင်း ပြန်လည် ထိန်းချုပ်လိုက်သည်။ အချိန်၏ ဧကရာဇ် ဖြစ်သော ရွှမ်ထျန်းနှင့် ရန်သူဖြစ်ရန် အချိန်မတန်သေးပေ။

စိတ်ရှည်လက်ရှည်ဖြင့် အခွင့်ကောင်းကို စောင့်ကြည့်ရန်သာ ရှန်ဝူဧကရာဇ် ဆုံးဖြတ်လိုက်သည်။ ရွှမ်ထျန်းတွင် မည်သို့သော နည်းလမ်းများ ရှိနိုင်သည်ကို သူ မသိသေးသဖြင့် အရင်ဆုံး စမ်းသပ်ကြည့်ရမည် ဖြစ်သည်။

ရှန်ဝူဧကရာဇ်က ဆက်လက်၍

“ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ရဲ့ တွက်ချက်နိုင်စွမ်းက ခင်ဗျားထက် သာတယ်လို့ တစ်ခါက ခင်ဗျား ပြောဖူးတယ်။ သူသာ နတ်အဆင့် လက်နက်ရဲ့ အားနည်းချက်တွေကို တွက်ချက်မယ်ဆိုရင် ဖြစ်နိုင်မလား။”

ရွှမ်ချင်းယွမ် အကြောင်းကို ကြားရလျှင် ရွှမ်ထျန်းက တဟားဟား ရယ်မောလိုက်သည်။ ခဏအကြာတွင် သူက

“ခင်ဗျား မသိသေးလို့ပါ...ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုဟာ အစကတည်းက လုချန်းဘက်မှာ ရပ်တည်နေခဲ့တာ ဖြစ်နိုင်ပါတယ်။”

ဒါက...

ရှန်ဝူဧကရာဇ်၏ မျက်နှာ ချက်ချင်းညိုမှောင်သွားသည်။

ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက တကယ်ပဲ လုချန်းဘက်မှာ ရှိနေတာလား။

ဤသတင်းသည် သူ့အတွက် မမျှော်လင့်ထားသည့် ထိုးနှက်ချက်တစ်ခုလိုပင်။

သို့သော်လည်း ပြောရမည်ဆိုလျှင် ရွှမ်ထျန်း၏ ခန့်မှန်းချက်က အကြောင်းမဲ့တော့ မဟုတ်ပေ။ ဆက်စပ်အကြောင်းများစွာကိုလည်း သူစဉ်းစားမိလာသည်။

လုချန်း ထျန်းချန်ကမ္ဘာသို့ စသွားကတည်းက ရှန်ဝူဧကရာဇ် သူ့ကို အာရုံမခံနိုင်သလောက် ဖြစ်သွားခဲ့သည်။

လုချန်းသာ ချူးယွမ်ကျိကို လာခေါ်ရန် ရှန်ယွဲ့နိုင်ငံသို့ ပြန်မလာခဲ့ပါက လုချန်း မည်မျှအထိ စွမ်းဆောင်နိုင်နေပြီလဲဆိုတာကို သူ သိရဖို့ အချိန်အတော်ကြာ ဦးမည်ဖြစ်သည်။

ထိုစဉ်က လုချန်း၏ ကောင်းကင်လျှို့ဝှက်ချက်ကို ထျန်းကျိရဲတိုက်က ဖုံးကွယ်ထားပေးသဖြင့် သွေးမျိုးဆက် စွမ်းအားမှတစ်ဆင့် လုချန်း၏ တည်ရှိမှုကို သူ မခံစားနိုင်ခဲ့ပေ။ ထို့ကြောင့်လည်း လုချန်းကို ကြီးထွားလာရန် အခွင့်အရေး ပေးခဲ့မိခြင်းဖြစ်သည်။

လုချန်း ဤမျှအထိ စွမ်းဆောင်နိုင်မည်ကို သူ အစကတည်းက သိခဲ့လျှင် လုယန်ဟွာ အစား လုချန်းကိုသာ ဝိညာဉ်ကူးပြောင်းခြင်းအတွက် ရွေးချယ်ခဲ့မိလိမ့်မည်။

အကယ်၍ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုသည် လုချန်း၏ နောက်ခံကို စောစောစီးစီး တွက်ချက်ထားနိုင်ခဲ့လျှင် သူမသည် အစကတည်းက လုချန်းဘက်တွင် အမှန်တကယ် ရပ်တည်နေခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ရှန်ဝူဧကရာဇ် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ခေတ်ပျက်ကပ်ဘေးကို တွန်းလှန်ရန် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနှင့် မဟာမိတ်ဖွဲ့ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မည်သည့်အခါမှ သူမ သဘောမတူခဲ့ခြင်းက အံ့ဩစရာ မဟုတ်တော့ပေ။ မည်သူ့ကို ထောက်ပံ့ရမည်ကို သူမ ကြိုတင် ရွေးချယ်ပြီးသား ဖြစ်၏။

All Chapters