← Chapters

အခန်း (၁၅၀၄-၁၅၀၆)

Vol. 101 Ch. 1504-1506

အခန်း (၁၅၀၄-၁၅၀၆)

Vol. 101 Ch. 1504-1506

အခန်း (၁၅၀၄ )

အစီအမံသစ်တစ်ခု

သူ၏ လှုပ်ရှားနေသော စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် ရှန်ဝူဧကရာဇ်က

“ရှနိုင်ငံရဲ့ အတားအဆီးကို ခင်ဗျားလည်း မဖျက်တတ်ဘူး... ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုကလည်း ကျုပ်တို့ဘက်မှာ ရှိမှာမဟုတ်ဘူး။ အဲဒီတော့ လုချန်းရဲ့ ခြိမ်းခြောက်မှုကို ကျုပ်တို့ ဘယ်လို ကိုင်တွယ်ကြမလဲ။”

ရွှမ်ထျန်းက ထိုမေးခွန်းကို အဖြေမပေးပေ။ ထိုအစား သူ တိတ်ဆိတ်သွား၏။ ထိုအချိန်တွင် ကြယ်တာယာ ခန်းမဆောင်သည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။ ကောင်းကင်မှ ကြယ်များသည် ရက်များကုန်လွန်သည်နှင့်အမျှ နေရာများ အမြဲတစေ ပြောင်းလဲနေခဲ့သည်။

ရွှမ်ထျန်း တိတ်ဆိတ်သွားပြီးနောက် ရှန်ဝူဧကရာဇ်ကလည်း စကားမပြောပဲ ရွှမ်ထျန်းကိုသာ စိုက်ကြည့်နေသည်။

သူတို့နှစ်ဦးသည် ထိုအခြေအနေအတိုင်း တစ်လခန့် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ထို့နောက် ရွှမ်ထျန်းက နောက်ဆုံးတွင်

“အခု အကောင်းဆုံးနည်းလမ်းက လုချန်းကို အပြင်ရောက်အောင် ဆွဲထုတ်ဖို့ပဲ။ လုချန်းကို ကိုင်တွယ်ပြီးသွားရင် နတ်လက်နက်က သူ့သခင်ကို ဆုံးရှုံးသွားလိမ့်မယ်။ ထိန်းချုပ်မယ့်သူမရှိရင် အတားအဆီးက အလိုအလျောက် ပျက်ပြယ်သွားမှာပါ။”

ထိုအရာကို ကြားလျှင် ရှန်ဝူဧကရာဇ်က ခပ်တိုးတိုးရယ်လိုက်သည်။

“ဒီလောက်အကြာကြီး စဉ်းစားနေတော့ ကောင်းတဲ့အကြံတစ်ခု ထွက်လာလိမ့်မယ်လို့ ကျုပ် ထင်ထားတာ။”

ရှန်ဝူဧကရာဇ်ထံ၌လည်း ရွှမ်ထျန်းနှင့် တူညီသော အတွေးရှိသော်လည်း ဤအကြံအစည်တွင် ပြဿနာများစွာ ရှိနေသည်။

ရှနိုင်ငံ၏ အကာအကွယ်အတွင်းမှ ထွက်လာအောင် လုချန်းကို မည်သည့်အရာက ဆွဲဆောင်နိုင်မည်နည်း။

လုချန်းကို ရှနိုင်ငံ၏ အကာအကွယ် အပြင်ဘက်သို့ ဆွဲထုတ်နိုင်လျှင်ပင် ထိုသူသည် လုချန်း၏ ပင်မခန္ဓာ ဖြစ်ကြောင်း မည်သို့ အတည်ပြုနိုင်မည်နည်း။

ထို့ပြင် လုချန်း သေဆုံးသွားသော်လည်း အတားအဆီးက ဆက်လက် တည်ရှိနေပါက မည်သို့ဖြစ်မည်နည်း။

လုချန်း သေဆုံးသွားခြင်းက သူတို့၏ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်မည်မှာ အမှန်ပင် ဖြစ်သော်လည်း နတ်လက်နက်ဖြင့် ဖန်တီးထားသော အတားအဆီးက ဆက်လက်ရှိနေပါက ကမ္ဘာပေါ်တွင် မမျှော်လင့်ထားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုအတားအဆီးသည် ကာလကြာရှည်စွာ တည်ရှိနိုင်သည့် အရာတစ်ခု ဖြစ်နိုင်၏။

ထို့ပြင် အတားအဆီးအတွင်းတွင် ကောင်းကင်ဧကရာဇ် အဆင့်သို့ လျင်မြန်စွာ ရောက်ရှိနိုင်သည့် နည်းလမ်းရှိနေနိုင်၏။ အတွင်းမှ တစ်စုံတစ်ယောက်က လုချန်း ကျန်ရစ်ခဲ့သော ရတနာများကို အသုံးပြုကာ ကောင်းကင်ဧကရာဇ်အဖြစ်သို့ အရင်ရောက်ရှိသွားပါက မည်သို့ဖြစ်လာမည်နည်း။

ထိုသူကလည်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်မလာနိုင်ပေဘူးလား။

ဤအချက်သည် ရှန်ဝူဧကရာဇ် အစိုးရိမ်ဆုံးသော အချက်ဖြစ်၏။ လုချန်း၏ ကောင်းကင်ဧကရာဇ် ဘွဲ့အမည်သည် ပျံ့နှံ့နေခဲ့သော်လည်း လုချန်းသည် စကြဝဠာ၏ အပြစ်ပေးမှုကို မခံယူရသေးပေ။ ထို့ကြောင့် သူသည် ကောင်းကင်ဧကရာဇ် ဝင်စားသူ ဖြစ်နိုင်ခြေ အလွန်များကြောင်း သက်သေပြနေသည်။

ကောင်းကင်ဧကရာဇ် ဝင်စားသူဖြစ်သောကြောင့် သူသည် ကောင်းကင်ဧကရာဇ်၏ အမွေအနှစ်အချို့ကို ပိုင်ဆိုင်ထားမည်မှာ သေချာသည်။ ကောင်းကင်ဧကရာဇ် ချန်ထားခဲ့သော ရတနာများသည် သာမန်မဟုတ်နိုင်ပေ။ ထိုအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းများပင် ပါဝင်နိုင်သည်။

လုချန်း ကျဆုံးသွားသော်လည်း အတားအဆီးကို မဖျက်နိုင်ပဲ ကောင်းကင်ဧကရာဇ်၏ အမွေအနှစ်များ ရှနိုင်ငံတော်၏ ဧကရာဇ်များ လက်ထဲသို့ ရောက်ရှိသွားပါက ပြဿနာတက်လိမ့်မည်။

ရွှမ်ထျန်းက

“တကယ်တော့ တခြား ဖြေရှင်းနည်းတစ်ခု ရှိသေးတယ်။”

ထိုအရာကို ကြားလျှင် ရှန်ဝူဧကရာဇ်က စိတ်ဝင်တစားဖြင့်

“ဘာဖြေရှင်းနည်းလဲ”

ရွှမ်ထျန်းက

“လုချန်းကို ရှနိုင်ငံကနေ အပြင်ထွက်အောင် ဆွဲထုတ်နိုင်ရင် ရှနိုင်ငံတစ်ခုလုံးနဲ့ နတ်လက်နက်ကို ဒီစကြဝဠာထဲကနေ အပြင်ကို ပို့ပစ်ဖို့ ကျုပ်မှာ နည်းလမ်းရှိတယ်။ ဒါဆိုရင် နတ်လက်နက်က ဒီစကြဝဠာအပေါ် သက်ရောက်မှု ရှိတော့မှာ မဟုတ်ဘူး။”

“လုချန်းက ကောင်းကင်ဧကရာဇ် ဖြစ်မယ့် အခွင့်အရေးကို ချန်ထားခဲ့ရင်တောင် ဒီစကြဝဠာထဲက လူတွေ အဲဒါကို ရနိုင်မှာ မဟုတ်တော့ဘူး။”

ထိုအရာကို ကြားလျှင် ရှန်ဝူဧကရာဇ် အံ့အားသင့်သွားသည်။

ရှနိုင်ငံနှင့် နတ်လက်နက်ကို ဤစကြဝဠာ၏ အပြင်ဘက်သို့ ပို့ဆောင်မယ်တဲ့လား။

ဒါက... ဘယ်လိုစွမ်းအားမျိုးက ဒီလိုလုပ်နိုင်တာလဲ။

ရွှမ်ထျန်းက တကယ်တော့ ဘယ်သူလဲ။

သူ တကယ်ပဲ ဒါကို လုပ်နိုင်လို့လား။

ရွှမ်ထျန်းသာ ဤအရာကို လုပ်ဆောင်နိုင်ပါက သူ၏ ခြိမ်းခြောက်မှုသည် လုချန်းထက်ပင် ပို၍ ကြီးမားသွားနိုင်သည်။

ထိုသို့တွေးမိရင်း ရှန်ဝူဧကရာဇ် ရွှမ်ထျန်းအပေါ် ရုတ်တရက် အကြီးအကျယ် သတိထားမိသွား၏။ ဤလူ၏ နက်နဲမှုကို သူ လုံးဝ ခန့်မှန်း၍ မရနိုင်တော့ပေ။ သို့သော် ယခုက သူ့ကို ဖယ်ရှားရန် အချိန်မဟုတ်သေးပေ။

ရွှမ်ထျန်းသာ ရှနိုင်ငံတစ်နိုင်ငံလုံးကို ဤစကြဝဠာအပြင်ဘက်သို့ အမှန်တကယ် ပို့ဆောင်နိုင်လျှင် သူ၏ အင်အားသည် ရှန်ဝူဧကရာဇ်၏ လက်ရှိအင်အားထက် ပိုကြီးမားနေမည်မှာ သေချာသည်။

ဤသို့ပြောလိုက်ခြင်းက ရှန်ဝူဧကရာဇ်ကို သတိထားမိသွားစေမည်ဖြစ်ကြောင်း ရွှမ်ထျန်း သိသော်လည်း သူ့၌ ရွေးချယ်စရာ မရှိပေ။ သူသည် ရှန်ဝူဧကရာဇ်ကို အသုံးချရန် လိုအပ်သည်။

ဤစီမံချက်ကို သူ မပြောပြခဲ့လျှင် ရှန်ဝူဧကရာဇ်က သူနှင့် ပူးပေါင်းမည် မဟုတ်ပေ။ လုချန်း၏ ခြိမ်းခြောက်မှုကို သူ ကိုင်တွယ်နိုင်ကြောင်း ရှန်ဝူဧကရာဇ် သိရန် လိုအပ်သည်။ သို့မှသာ သူတို့၏ ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးတက်လာမည်ဖြစ်သည်။

ရှန်ဝူဧကရာဇ်က သူ၏ စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ရွှမ်ထျန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ

“ခင်ဗျားမှာ တကယ်ပဲ နည်းလမ်းရှိတာလား။”

ရွှမ်ထျန်းက

“ရှိတယ်”

ဟု ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် ရှန်ဝူဧကရာဇ် အတွေးထဲ နစ်မြောသွားတော့သည်။ ရွှမ်ထျန်း၏ ခြိမ်းခြောက်မှု မည်သို့ပင်ရှိစေကာမူ လုချန်း၏ ခြိမ်းခြောက်မှုကိုတော့ မဖြစ်မနေ ဖြေရှင်းရမည်ဖြစ်သည်။ ထို့ကြောင့် ရွှမ်ထျန်းနှင့် မဟာမိတ်ဖွဲ့ရန် အရေးကြီးသည်။

ထို့ကြောင့် လက်ရှိပြဿနာက လုချန်း၏ ပင်မခန္ဓာကို မည်သို့ ဆွဲထုတ်မည်နည်း ဟူသောအချက် ဖြစ်သည်။

ထိုစဉ် ရှန်ဝူဧကရာဇ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီးနောက် သူ၏ တင်းမာနေသော မျက်နှာအမူအရာလည်း လျော့ပါးသွားသည်။

“သူ့ကို အပြင်ရောက်အောင် ဆွဲထုတ်ဖို့ နည်းလမ်းတစ်ခု ရှိနိုင်တယ်။”

ရွှမ်ထျန်းက

“ပြောပါ”

ရှန်ဝူဧကရာဇ်က

“ပြင်ပနယ်မြေ”

ဟု ဆက်ပြောလိုက်သည်။

ထိုအရာကို ကြားလျှင် ရှန်ဝူဧကရာဇ် ဆိုလိုသည့်အရာကို ရွှမ်ထျန်း ချက်ချင်း နားလည်သွားသည်။

လုချန်းသည် ကောင်းကင်ဧကရာဇ်၏ ဝင်စားသူ ဖြစ်ပါက သူ၏ ကောင်းကင် ဧကရာဇ်အဆင့်သို့ ပြန်လည်ရောက်ရှိရန် ဆန္ဒရှိလိမ့်မည်။ လက်ရှိတွင် ကောင်းကင် ဧကရာဇ်အဆင့်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်မည့် နည်းလမ်းက ပြင်ပနယ်မြေသို့ သွားရောက်ရန်ဖြစ်သည်။ ထိုနေရာတွင် အဆင့်အတန်း မြှင့်တင်ပေးနိုင်သော ကောင်းကင်ရတနာများစွာ ရှိ၏။

ရှန်ဝူဧကရာဇ်က

“သူ့ရဲ့ အဆင့်ကို အမြန်ဆုံး ပြန်ရစေမယ့် ရတနာတစ်ခု ပြင်ပနယ်မြေမှာ ရှိနေမယ်ဆိုရင် သူ သွားလိမ့်မယ်လို့ ခင်ဗျား ထင်လား။”

ထိုအကြောင်းကို စဉ်းစားလိုက်ပြီး ရှန်ဝူဧကရာဇ်၏ အကြံက ဖြစ်နိုင်ခြေရှိသည်ဟု ရွှမ်ထျန်း ခံစားလိုက်ရသည်။

သို့သော်... လုချန်းကို လှည့်စားရန် မလွယ်ကူကြောင်း ရွှမ်ထျန်း ကောင်းစွာ သိ၏။ လုချန်း မည်မျှအထိ မှတ်ဉာဏ်များ ပြန်လည်ရရှိထားသည်ကို သူ မသိပေ။

ဤစကြဝဠာသို့ မလာမီ အချိန်များ အပါအဝင် မှတ်ဉာဏ်အားလုံးကို လုချန်း ပြန်ရထားပါက သူ့ကို လှည့်စားရန် မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ဤအစီအစဉ်သည် လောင်းကစားတစ်ခုသာ ဖြစ်တော့၏။

ခဏ စဉ်းစားပြီးနောက် ရွှမ်ထျန်းက

“ဒီကိစ္စကို ကျုပ်ဆီပဲ လွှဲထားလိုက်ပါ။ သူ့ကို ဘယ်အရာက ဆွဲဆောင်နိုင်မလဲဆိုတာ ကျုပ် သိတယ်။”

ရှန်ဝူဧကရာဇ်က

“ကောင်းပြီ”

ရွှမ်ထျန်း၏ စကားကို သူ သံသယမရှိပေ။ မည်သို့ပင်ဖြစ်စေ ရွှမ်ထျန်းသည် ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင် ဖြစ်သောကြောင့် ဤကဲ့သို့ သေးငယ်သော ကိစ္စရပ်ကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။

……

လျှို့ဝှက်လဝန်းနန်းတော်။

နန်းတော်သခင်၏ အိပ်ဆောင် ခေါင်မိုးပေါ်တွင် အဖြူရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေ၏။ သူမ၏ အဖြူရောင် ဝတ်စုံသည် လွင့်ပျံနေပြီး သန့်ရှင်းသော အလင်းတန်းများ ထွက်ပေါ်နေကာ ခေါင်မိုးတစ်ခုလုံးကို နှင်းခဲများဖြင့် ဖုံးလွှမ်းသွားစေသည်။

ရုတ်တရက် ထိုအမျိုးသမီး၏ အနောက်တွင် ဧရာမ ရေခဲမိန်းမပျို နိယာမ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် မူလက ပိတ်ထားသော ရေခဲမိန်းမပျို ပုံရိပ်၏ မျက်လုံးများသည် ဖြည်းညှင်းစွာ ပွင့်လာပြီး ခရမ်းရောင် သန်းနေသော ဆွဲဆောင်မှုရှိသည့် မျက်လုံးတစ်စုံကို ဖော်ပြနေသည်။

နောက်တစ်ခဏတွင် ယွမ်ချင်းရှု၏ ကျင့်စဉ်အဆင့် မြင့်တက်လာခဲ့သည်။

ဧကရာဇ်အဆင့် တစ်...

ဧကရာဇ်အဆင့် နှစ်...

ယွမ်ချင်းရှု၏ အဆင့်သည် ဧကရာဇ်အဆင့် ခြောက်သို့ ရောက်ရှိသွားသည့်တိုင် ဆက်လက် မြင့်တက်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရေခဲစွမ်းအင်များကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ခဲသွားစေတော့၏။

သူမ၏ အဆင့် ပြန်လည်ရရှိသွားသည်ကို ခံစားမိသည်နှင့် သူမ၏ ကိုယ်ပွားအကြောင်း ယွမ်ချင်းရှု ရုတ်တရက် တွေးမိသွားသည်။ တံခါးပိတ်ကျင့်စဉ် စတင်ကတည်းက သူမသည် ပြင်ပလောကမှ ဖြစ်ရပ်များကိုဖြစ်စေ သူမ၏ ကိုယ်ပွား အခြေအနေကိုဖြစ်စေ မသိရတော့ပေ။

သူမ၏ ပတ်ဝန်းကျင်တွင် ကောင်းကင်နတ်ဆိုး စွမ်းအားများ အမြောက်အမြား ရှိနေသည်ကို ခံစားမိသည်နှင့် ကပ်ဘေး နီးကပ်နေပြီဖြစ်ကြောင်း ယွမ်ချင်းရှု ချက်ချင်း ခန့်မှန်းလိုက်သည်။

ယခင်ဘဝတွင် သူမသည် ကပ်ဘေး ကျရောက်လာပုံ အဆင့်ဆင့်ကို ကြုံတွေ့ခဲ့ဖူးသောကြောင့် ကောင်းကင်နတ်ဆိုးများ ကျူးကျော်ဝင်ရောက်လာခြင်းသည် ကပ်ဘေး၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်းကို ရှင်းလင်းစွာ နားလည်ထား၏။ ထိုအချိန်က ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များကို သူမ ကောင်းစွာ မှတ်မိနေသေး၏။

ထိုအခိုက်အတန့်တွင် ယွမ်ချင်းရှုက သူမ၏ လက်ကို ဝေ့ယမ်းလိုက်ရာ သူမနေထိုင်ရာ ကမ္ဘာ၏ ညကောင်းကင်ယံသည် ချက်ချင်းပင် နေ့အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ယွမ်ချင်းရှုက လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများထံ ချက်ချင်း သတင်းပို့ကာ စကြဝဠာအတွင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တင်ပြရန်အတွက် နန်းတော်သခင် ခန်းမသို့ ဆင့်ခေါ်လိုက်သည်။

ခဏအကြာတွင် လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများ အားလုံး စုံလင်စွာ ရောက်ရှိလာကြသည်။ ယွမ်ချင်းရှုက အကြီးအကဲများကို တစ်ချက် ကြည့်လိုက်၏။

လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများသည် ယွမ်ချင်းရှုထံမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် ဖိအားများကို ခံစားလိုက်ရပြီး အသက်ကိုပင် ပြင်းပြင်းမရှူရဲကြပေ။

ယွမ်ချင်းရှုက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်သည်။

“ဒီကာလအတွင်းမှာ စကြဝဠာထဲမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျွန်မကို ပြောပြပါ။”

…………..

အခန်း( ၁၅၀၅)

ယွမ်ချင်းရှု၏ အတွေ့အကြုံ

ယွမ်ချင်းရှု၏ စကားဆုံးလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများက စုဆောင်းထားသည့် ထောက်လှမ်းရေး အစီရင်ခံစာအားလုံးကို ချက်ချင်း တင်ပြကြ၏။

ယွမ်ချင်းရှုက လက်ကို မြှောက်လိုက်ရာ အကြီးအကဲများ၏ ထောက်လှမ်းရေး အစီရင်ခံစာများ လေထုထဲ၌ ဝဲပျံလျက် ရှိ၏။ စိတ်အာရုံဖြင့် ယွမ်ချင်းရှုက ၎င်းတို့ကို စစ်ဆေးကာ အချက်အလက်အားလုံးကို ချက်ချင်း ကြည့်ရှုလိုက်၏။

စကြဝဠာအတွင်း ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ပြီးနောက် ယွမ်ချင်းရှု၏ မျက်နှာအမူအရာ အနည်းငယ် တင်းမာသွား၏။

လုချန်းနှင့် ရှနိုင်ငံတို့ ဤမျှအထိ ကြီးထွားလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ ထိုအချက်က သူမ၏ မျှော်မှန်းချက်ကို ကျော်လွန်နေပြီး အနည်းငယ် အံ့အားသင့်စရာ ဖြစ် နေ၏။

သူတို့က မဟာကြယ်နယ်မြေစုတစ်ခုကိုပင် အချိန်တိုအတွင်း ဝါးမြိုနိုင်ခဲ့၏။ ရှနိုင်ငံသည် လက်ရှိတွင် နယ်မြေဧရိယာ အကျယ်ဝန်းဆုံး နိုင်ငံဖြစ်လာနိုင်စရာ ရှိသည်။ ၎င်းသည် အင်အားအကောင်းဆုံး မင်းဆက်ကံစွမ်းအား ရှိသည့် နိုင်ငံလည်း ဖြစ်နိုင်၏။

အတိတ်ဘဝမှ သူ၏ မှတ်ဉာဏ်များ ပြန်လည်ရရှိသွားပြီလားဟု ယွမ်ချင်းရှု တွေးမိလိုက်၏။ ဤသို့ သူ ရုတ်ခြည်း တိုးတက်လာခြင်းက သာမန်အကြောင်းကြောင့်တော့ ဖြစ်နိုင်မည် မဟုတ်ပေ။

လုချန်းသည်လည်း ယခင်ခေတ်မှဖြစ်သည်ဟု သူမ အမြဲ ခံစားခဲ့ရ၏။ ယခုကဲ့သို့ ရုတ်တရက် ကြီးထွားလာခြင်းက ထိုခေတ်မှ မှတ်ဉာဏ်များကို လုချန်း ပြန်လည်ရရှိကာ ထူးကဲသောစွမ်းဆောင်ရည်များ ရှိလာခြင်းကြောင့်သာ ဖြစ်ရမည်ဟု သူမ ယုံကြည်၏။

လုချန်းကသာ သတင်းကြီးနေသည့် လူဝင်စား ကောင်းကင်ဧကရာဇ် အမှန်တကယ် ဖြစ်ပါက သူ့နောက်သို့ လိုက်ခြင်းသည် သူမ၏ ကိုယ်ပွားအတွက် အလုံခြုံဆုံး ရွေးချယ်မှု ဖြစ်နိုင်၏။ ကောင်းကင်ဧကရာဇ်အတွက် ခေတ်ကပ်ဘေးမှ လွတ်မြောက်ရန် အလွန်လွယ်ကူ၏။

သို့သော် လုချန်းသာ ကောင်းကင်ဧကရာဇ် ဝင်စားသူ တကယ် ဖြစ်ပါက သူမ၏ အတိတ်ဘဝတွင် သူ့အကြောင်းကို အဘယ်ကြောင့် မကြားခဲ့ရသနည်း။

ယခင်ခေတ်တွင် ကောင်းကင်ဧကရာဇ် တစ်ဦးမှပေါ်ထွန်းခြင်း မရှိခဲ့ကြောင်း သူမ သတိရနေ၏။ ထိုအဆင့်သို့ တက်လှမ်းရန် နီးစပ်နေသည့် အဆင့်ကိုး ဧကရာဇ်အဆင့် တစ်ဦး ရှိခဲ့သော်လည်း စကြဝဠာမူလအစ၏ ချေမှုန်းခြင်းကိုသာ အပြည့်အဝ ခံခဲ့ရ၏။

လုချန်းသည် ယခင်ခေတ်၏ ကောင်းကင်ဧကရာဇ် ဖြစ်ပါက သူ၏ တည်ရှိမှု တစ်ခုခု ကို သူမမှတ်မိသင့်သည်။

ယခင်ကတော့ သူမ၏ စွမ်းအားများ ပြန်မရသေးသဖြင့် အချို့သော မှတ်ဉာဏ်များ ချိပ်ပိတ်ခံထားရ၏။ ယခု စွမ်းအားများ ပြန်လည်ရရှိလာသဖြင့် မှတ်ဉာဏ်အားလုံး ပြန်ရောက်လာသော်လည်း လုချန်းနှင့် ပတ်သက်သည့် အချက်အလက်များ မရှိပေ။ လုချန်းသည် ရှေးဟောင်းခေတ်မှ ကောင်းကင်ဧကရာဇ် ဟုတ်နိုင်ပါ့မလားဟု ယွမ်ချင်းရှု သံသယဖြစ်မိ၏။

ယခင်ခေတ်တွင် ကောင်းကင်ဧကရာဇ် တစ်ဦးမှ မပေါ်ခဲ့သည့်အတွက် ခေတ်အဆက်ဆက် အသက်ရှင်နေသည့် ကောင်းကင်ဧကရာဇ် တစ်ဦး ရှိနေနိုင်ခြင်းက‌ လုံးဝ မဖြစ်နိုင်သည့် အရာတော့ မဟုတ်ပေ။ ဤစကြဝဠာကြီးတွင် မဖြစ်နိုင်ဟူသောအရာများ အလွန်နည်းပါးလှ၏။

သို့သော် ထိုအရာအားလုံးကို ဖယ်ထားလျှင်ပင် သူမ၏ ကိုယ်ပွား လုံခြုံရေးအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်း၏။ ကောင်းကင်ဧကရာဇ် ဝင်စားသူ အနားတွင် ရှိနေခြင်းက ခေတ်ပျက်ကပ်ဘေးမှ အခက်အခဲမရှိ လွတ်မြောက်ရန် သေချာစေလိမ့်မည်။

ဝေးလံခေါင်သီသော ထျန်းချန်ကမ္ဘာသို့ ရောက်ရှိသွားပြီး ကောင်းကင်ဧကရာဇ် ဝင်စားသူနှင့် ဆုံတွေ့ကာ သူ၏ မိန်းမ ဖြစ်လာသည့် ယွမ်ရှန်ရှန်၏ ကံကောင်းမှုကို ယွမ်ချင်းရှု စိတ်ထဲ အနည်းငယ် မနာလိုဖြစ်မိ၏။ အရေးကြီးသည့်အချက်မှာ ဤကောင်းကင်ဧကရာဇ် ဝင်စားသူသည် သံယောဇဉ်နှင့် တရားမျှတမှု ရှိနေခြင်းဖြစ်၏။

သူမ၏ အတိတ်ဘဝတွင် ထိုကဲ့သို့သော ကုသိုလ်ကောင်းမှုများ စုဆောင်းခဲ့ကြောင်း ယွမ်ချင်းရှု မမှတ်မိပေ။ ထိုသို့ဆိုလျှင် သူမ၏ ကိုယ်ပွားက အဘယ်ကြောင့် ဤမျှ ထူးကဲသော ကံစွမ်းအားကို ပိုင်ဆိုင်ထားသနည်း။

ဤကိုယ်ပွားသည် သူမထံမှ ခွဲထွက်လာခြင်း ဖြစ်သော်လည်း ကိုယ်ပွား၏ ကံစွမ်းအားက ထူးကဲနေပြီး ပင်မခန္ဓာ၏ ကံစွမ်းအားကတော့ သာမန်မျှသာ ဖြစ်နေခြင်း၏။ ကံကြမ္မာ၏ ဆန်းကြယ်မှုကား ဤသို့ပင် ဖြစ်တတ်ပုံရသည်။ တစ်ခါတစ်ရံ ကိုယ်ပွားပင်လျှင် ပင်မခန္ဓာကို ကျော်လွန်သွားတတ်သည်။

မည်သို့ပင်ဖြစ်စေ ထိုအတွေးများကို ဆက်မတွေးတော့ရန် ယွမ်ချင်းရှု ဆုံးဖြတ်လိုက်ပြီး လာမည့် ခေတ်ကပ်ဘေးကို မည်သို့ ရင်ဆိုင်ရမည်ကိုသာ အာရုံစိုက်လိုက်၏။

လက်ရှိတွင် စကြဝဠာအတွင်း၌ ကောင်းကင်နတ်ဆိုးများ နေရာအနှံ့ ရှိနေပြီး မငြိမ်မသက်မှုများ ဆက်လက် မြင့်တက်ကာ စစ်ပွဲများ ဖြစ်ပွားနေ၏။ ထိုအရာအားလုံးသည် ခောတ်ပျက်ကပ်ဘေး၏ ရှေ့ပြေးနိမိတ်များဖြစ်သည်။

မကြာမီ ထိုကြောက်မက်ဖွယ် အနီရောင်ကြိုးမျှင်များ ပေါ်လာဖွယ် ရှိ၏။ ယခင်ခေတ်က ကြုံတွေ့ခဲ့ရသော အနီရောင်ကြိုးများကို ပြန်လည်တွေးတောမိရင်း ယွမ်ချင်းရှု မထိန်းချုပ်နိုင်အောင် တုန်ရင်သွားသည်။

ထိုကြိုးများသည် ထိမိသမျှ လူ သို့မဟုတ် အဆင့်မြင့် မှော်ရတနာများကို ဖျက်ဆီးနိုင်သည်။ နည်းဗျူဟာ ပုံစံများကိုပင် ချန်လှပ်ထားခြင်း မရှိပေ။

သို့သော် မည်သည့်အရာမှ အတည်တကျ မရှိနိုင်ပေ။ စကြဝဠာခေတ်တစ်ခု ကုန်ဆုံးခြင်းသည် အခြားခေတ်တစ်ခု စတင်ခြင်း၏ လက္ခဏာဖြစ်၏။

ခေတ်နှစ်ခောတ်ကြားတွင် အကူးအပြောင်းကာလ တစ်ခု ရှိသည်။ ခေတ်များကြားရှိ အကူးအပြောင်း နယ်မြေသို့ လွတ်မြောက်နိုင်ပါက အသက်ရှင်နိုင်သည်။ အကြောင်းမှာ ထိုကြောက်မက်ဖွယ် ကြိုးများသည် ခောတ်ကူး နယ်မြေတွင် တည်ရှိမည် မဟုတ်သောကြောင့် ဖြစ်၏။

သို့သော် ထိုသို့သော အကူးအပြောင်း နေရာကို ရှာဖွေရန် မလွယ်ကူပေ။ ပထမဆုံး အနေနှင့် ကောင်းကင်နတ်ဆိုးများ၏ ကနဦး တိုက်ခိုက်မှုမှ လွတ်မြောက်ရန် လိုအပ်၏။

ကောင်းကင်နတ်ဆိုး အကျပ်အတည်းကို ကျော်ဖြတ်ပြီးနောက် ထိုကြောက်မက်ဖွယ် ကြိုးများကို ကာကွယ်ရမည်ဖြစ်သည်။ အင်အားကြီးသူများနှင့် ဧကရာဇ်အဆင့် အများစုပင် ထိုကြိုးများကြောင့် ပျက်စီးကြရ၏။

ထိုကြိုးများသည် အသိစိတ် ရှိသကဲ့သို့ ဖြစ်နေပြီး ဧကရာဇ်အဆင့် ရှိသူများကို တက်ကြွစွာ ရှာဖွေကာ လိုက်လံ တိုက်ခိုက်ကြ၏။ ဧကရာဇ်အဆင့် တစ်ဦးသည် ထိုကြောက်မက်ဖွယ် ကြိုးများ၏ ပစ်မှတ်ထားခြင်းကို ခံရလျှင် အသက်ရှင်ရန် အခွင့်အလမ်း နည်းပါး၏။

ထိုအခိုက်အတန့်တွင် ယွမ်ချင်းရှုက ရှိနေသည့် အကြီးအကဲများကို ကြည့်ကာ

“လျှို့ဝှက်လဝန်းနန်းတော်ကို ဗဟိုကြယ်နယ်မြေထဲ ချက်ချင်း ပြောင်းရွှေ့မယ်။”

ထိုအရာကို ကြားလျှင် ရှိနေသော အကြီးအကဲများ ခဏခန့် မှင်တက်သွားကြ၏။

ဗဟိုကြယ်နယ်မြေလား။

ထိုနေရာသည် စကြဝဠာအတွင်း အရှုပ်ထွေးဆုံး နယ်မြေ ဖြစ်၏။ ထို့ပြင် ရှန်ယွဲ့နိုင်ငံ၏ တည်နေရာသည်လည်း ဗဟိုကြယ်နယ်မြေတွင် ဖြစ်၏။

လက်ရှိတွင် ရှန်ယွဲ့နိုင်ငံသည် အပြင်းအထန် နယ်မြေချဲ့ထွင်နေသည်။ အရေးကြီးဆုံးအချက်က ရှန်ဝူဧကရာဇ် ပြန်ရှင်လာကြောင်း ထောက်လှမ်းရေး သတင်း ရရှိထားခြင်းဖြစ်၏။

သူသည် နောက်ထပ် ကြီးမားသော လှုပ်ရှားမှုများကို ဧကန်မုချ လုပ်ဆောင်လိမ့်မည် ဖြစ်သဖြင့် ယခုအချိန်တွင် ဗဟိုကြယ်နယ်မြေသို့ သွားခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းပင် မဟုတ်ပါလား။

ထိုအခါ အကြီးအကဲတစ်ဦးက ထရပ်ကာ

“နန်းတော်သခင်။ ဒါက လုံးဝ ပညာမရှိရာ ရောက်ပါတယ်။ လောလောဆယ် ဗဟိုကြယ်နယ်မြေက အရမ်း ရှုပ်ထွေးနေပြီး ရှန်ယွဲ့နိုင်ငံကလည်း အဆက်မပြတ် နယ်မြေချဲ့ထွင်နေပါတယ်။ သူတို့ ဧကရာဇ်လည်း ပြန်ရှင်လာပြီဆိုတော့ အခုဗဟိုကြယ်နယ်မြေကို ပြောင်းရင် အန္တရာယ်တွေ အများကြီးနဲ့ ကြုံရနိုင်ပါတယ်။”

ယခု ဗဟိုကြယ်နယ်မြေသည် အခြေခံအားဖြင့် စစ်မြေပြင်တစ်ခု ဖြစ်နေပြီဖြစ်သည်။ ထိုနေရာရှိ မဟာ အင်အားကြီး အင်အားစုများသည် နယ်မြေချဲ့ထွင်ရန် ပြင်ဆင်ထားကြ၏။

ရှန်ယွဲ့နိုင်ငံက အထင်ရှားဆုံး ဥပမာတစ်ခု ဖြစ်၏။ လက်ရှိတွင် မည်သည့်နေရာမှ ဗဟိုကြယ်နယ်မြေထက် ပို၍ အန္တရာယ် မရှိပေ။

အကြီးအကဲ၏ စကားအဆုံးတွင် အခြားအကြီးအကဲများကလည်း သဘောတူညီစွာ ထောက်ခံကြ၏။

“ဟုတ်ပါတယ် နန်းတော်သခင်... ဗဟိုကြယ်နယ်မြေရဲ့ အခြေအနေက အခု အရမ်း ရှုပ်ထွေးနေတာပါ။ ကျွန်တော်တို့ ဒီလို အန္တရာယ်များတဲ့ နေရာကို လုံးဝ မသွားသင့်ပါဘူး။”

“နန်းတော်သခင်...လောလောဆယ် ဗဟိုကြယ်နယ်မြေက အားနည်းတဲ့ အင်အားစုတွေတောင် အပြင်ကို ထွက်ပြေးနေကြတာပါ။ ကျွန်မတို့က ဘာလို့ အထဲကို ဝင်မှာလဲ။”

“နန်းတော်သခင်...”

ခဏကြာမျှ နန်းတော်အတွင်း၌ အမျိုးမျိုးသော ဖျောင်းဖျစကားများဖြင့် ပြည့်နှက်နေ၏။ အချို့က စိုးရိမ်သောမျက်နှာဖြင့် လည်းကောင်း၊ အချို့က ကြောက်ရွံ့သောအသံဖြင့် လည်းကောင်း ပြောဆိုနေကြ၏။

အကြီးအကဲများသည် ယွမ်ချင်းရှုကို အလွန် ကြောက်ရွံ့သော်လည်း မိမိတို့၏ အသက်ဘေးနှင့် ကြုံလာရသောအခါ ကြောက်စိတ်က သူတို့၏ ဆန္ဒထုတ်ဖော်ပြောဆိုချင်စိတ်များကို မတားဆီးနိုင်တော့ပေ။ ယခုအချိန်တွင် ဗဟိုကြယ်နယ်မြေသည် သွားရမည့် နေရာ မဟုတ်ပေ။

ရှိနေသည့် အကြီးအကဲများကို ယွမ်ချင်းရှုက အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်၏။ သူတို့ သေဘေးကို ကြောက်ရွံ့ နေခြင်းအား သူမ မအံ့ဩပေ။

လက်ရှိ အခြေအနေအရ ဗဟိုကြယ်နယ်မြေသို့ သွားရန်မှာ အမှန်တကယ်ပင် မသင့်လျော်သော်လည်း ယွမ်ချင်းရှုတွင် ထိုသို့လုပ်ဆောင်ရန် အရေးကြီးသော အကြောင်းပြချက်တစ်ခု ရှိ၏။

ယခင်ခေတ်မှ သူမ၏ အတွေ့အကြုံအရ စကြဝဠာ၏ ကပ်ဘေး စတင်ပြီးနောက်တွင် စကြဝဠာ ဗဟိုနှင့် ပိုနီးလေလေ ပို၍ ဘေးကင်းလေလေ ဖြစ်၏။

ခေတ်အကူးအပြောင်းကလည်း စကြဝဠာ ဗဟိုမှ စတင်လေ့ရှိသောကြောင့် ဗဟိုကြယ်နယ်မြေတွင် ယခုအခါ ရှေးဟောင်းအကြွင်းအကျန်များစွာ ရှိနေရခြင်း ဖြစ်၏။

ခေတ်အကူးအပြောင်းကလတုန်းက ထိုရှေးဟောင်းအကြွင်းအကျန်များသည် ခောတ်ကူး နယ်မြေသို့ ဆွဲငင်ခံရကာ ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းခေတ်မှ အသက်ရှင်ကျန်ရစ်သူများသည် ဗဟိုကြယ်နယ်မြေတွင် အခြေစိုက်ရန် ရွေးချယ်လေ့ရှိကြ၏။

ယခု ဗဟိုကြယ်နယ်မြေရှိ ရှေးဟောင်းအင်အားစုများသည် မင်းဆက်ကံစွမ်းအား အတွက်သာမက နယ်မြေများ ပိုမိုသိမ်းပိုက်နိုင်ရန်အတွက် နယ်မြေချဲ့ထွင်‌နေကြခြင်းဖြစ်၏။ သို့မှသာ အကူးအပြောင်း စတင်သည်နှင့် ၎င်းတို့သည် ဘေးကင်းသော နယ်မြေသို့ ချက်ချင်း ရောက်ရှိနိုင်ပြီး ကပ်ဘေးမှ လွတ်မြောက်နိုင်မည် ဖြစ်၏။

ဗဟိုကြယ်နယ်မြေသို့ သွားခြင်း၌ အခြားသော အကျိုးကျေးဇူးတစ်ခု ရှိ၏။ ခေတ်တစ်ခု၏ ကပ်ဘေး မတိုင်မီတွင် နတ်ဆိုးဒီရေ ပေါ်ပေါက်လာပြီး မရေမတွက်နိုင်သော ကောင်းကင်နတ်ဆိုးများကို ထုတ်လွှတ်မည် ဖြစ်သည်။

၎င်းတို့သည် များသောအားဖြင့် စကြဝဠာ အစွန်အဖျားမှ မွေးဖွားလာကြခြင်း ဖြစ်၏။ နတ်ဆိုးဒီရေ ပေါ်ပေါက်လာပြီးနောက် ဗဟိုကြယ်နယ်မြေနှင့် ပိုနီးကပ်လေလေ ပို၍ ဘေးကင်းလေလေ ဖြစ်၏။ ဤအချက်အလက်များသည် ယွမ်ချင်းရှု၏ အတွေ့အကြုံပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။

…………

အခန်း( ၁၅၀၆ )

မတွေ့ရတာ ကြာပြီ

ယွမ်ချင်းရှု ပြန်ဝင်စားပြီးနောက် ပထမဆုံး စဉ်းစားမိသည်က ဗဟိုကြယ်နယ်မြေသို့ သွားရန် ဖြစ်သော်လည်း ထိုစဉ်က သူမ၏ အင်အား အားနည်းနေသေးရာ ဗဟိုကြယ်နယ်မြေသို့ ရောက်ရှိနေခြင်းက သူမအတွက် အကျိုးမရှိခဲ့ပေ။

ယခုတွင် သူမ၏ အင်အား ပြန်လည်ကောင်းမွန်လာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အတန်အသင့် ရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် ကပ်ဘေးကြီးအတွက် ပြင်ဆင်ရန် ဗဟိုကြယ်နယ်မြေသို့ စောစီးစွာ သွားရမည်ဖြစ်သည်။

ဗဟိုကြယ်နယ်မြေ မည်မျှပင် အန္တရာယ်ရှိစေကာမူ ခေတ်ကူးနယ်မြေကို ရှာဖွေနိုင်ရန် အမှီအခိုပြုနိုင်မည့် အင်အားစုတစ်ခုကို သူမ ရှာဖွေရမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှိနေသော အကြီးအကဲများကို ယွမ်ချင်းရှုက အေးစက်စက် ကြည့်လိုက်သည်။ လျှို့ဝှက်လဝန်းနန်းတော်မှ အကြီးအကဲများသည် ယွမ်ချင်းရှု၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်ကို ခံစားမိသောအခါ ချက်ချင်းပင် တိတ်ဆိတ်သွားကြပြီး ခေါင်းငုံ့သွားကြကာ အသက်ပင် ပြင်းပြင်းမရှုရဲကြပေ။

ထိုအကြီးအကဲများကို စက္ကန့်အနည်းငယ်ကြာ အေးစက်စက် စိုက်ကြည့်ပြီးနောက် ယွမ်ချင်းရှုက နောက်ဆုံး၌

“ကျွန်မက ရှင်တို့ကို အသိပေးရုံပဲ။ ဆွေးနွေးနေတာ မဟုတ်ဘူး။”

ယွမ်ချင်းရှု၏ စကားကို ကြားလျှင် အချို့သော အကြီးအကဲများလည်း အိမ်မက်မှ နိုးလာသကဲ့သို့ သတိဝင်လာကြသည်။ လက်ရှိ လျှို့ဝှက်လဝန်းနန်းတော်ကို နန်းတော်သခင်ကသာ တစ်ဦးတည်း ထိန်းချုပ်ထားခြင်းဖြစ်၏။ လုယန်ဟွာ ဩဇာလွှမ်းမိုးခဲ့သည့် အတိတ်နှင့် များစွာ ကွာခြားသွားပြီဖြစ်သည်။

ထို့ပြင် လုယန်ဟွာကိုယ်တိုင်လည်း သေဆုံးသွားပြီဖြစ်သလို လျှို့ဝှက်လဝန်းနန်းတော်အတွင်း ပြင်ပအင်အားကို အသုံးချကာ အာဏာလုရန် ကြိုးပမ်းသူများကိုလည်း ရှင်းလင်းပြီး ဖြစ်သည်။ ထို့ပြင် နန်းတော်သခင်သည် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ရာ သူမ၏ ဆုံးဖြတ်ချက်ကို မည်သူမှ မလွှမ်းမိုးနိုင်တော့ပေ။

ခန်းမဆောင်အတွင်းရှိ အကြီးအကဲများ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ယွမ်ချင်းရှုက ဆက်လက်၍

“ချက်ချင်း ပြင်ဆင်ကြ။ နောက်လမှာ ဗဟိုကြယ်နယ်မြေကို တို့ သွားကြမယ်။”

စကားအဆုံးတွင် ယွမ်ချင်းရှု၏ ခန္ဓာကိုယ်သည် နှင်းပွင့်များအဖြစ် ပြောင်းလဲသွားပြီး ခန်းမဆောင်ကြီးအတွင်း ပျောက်ကွယ်သွားသည်။

ယွမ်ချင်းရှု၏ ဖိအားများ ပျောက်ကွယ်သွားသောအခါ ခန်းမဆောင်အတွင်းရှိ အကြီးအကဲများလည်း နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြတော့သည်။ အနည်းဆုံးတော့ နန်းတော်သခင်က သူတို့ကို အပြစ်မယူခဲ့ပေ။ မဟုတ်ပါက ယနေ့ ခန်းမဆောင်အတွင်း ရေခဲရုပ်တု မည်မျှ ထပ်တိုးလာမည်ကို မည်သူမှ မသိနိုင်ပေ။

ယွမ်ချင်းရှု ဗဟိုကြယ်နယ်မြေသို့ ပြောင်းရွှေ့မည့် သတင်းသည် လျှို့ဝှက်လဝန်းနန်းတော် တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာမီ အနီးနားရှိ ကြယ်နယ်မြေများသို့လည်း ရောက်ရှိသွားသည်။

……

တုန်းအယ်ကြယ်နယ်မြေ။

ကွေရန်ကမ္ဘာ။

လုချန်း၏ ကိုယ်ပွားသည် လမ်းမများပေါ်တွင် ရည်ရွယ်ချက်မရှိစွာ လျှောက်သွားနေ၏။ ယခု စကြဝဠာအတွင်းရှိ အမျိုးမျိုးသော ကြယ်နယ်မြေများတွင် လုချန်း၏ ကိုယ်ပွားများစွာ ပျံ့နှံ့လျက် ရှိသည်။

စကြဝဠာအတွင်း ဖြစ်ပျက်နေသည်များကို စုံစမ်းရန် လုချန်းက ထိုကိုယ်ပွားများကို စေလွှတ်ထားခြင်းဖြစ်၏။ သို့မှသာ ကပ်ဘေးကြီး၏ အပြောင်းအလဲများ သို့မဟုတ် ရှေ့ပြေးနိမိတ်များ ပေါ်ပေါက်လာပါက သူ ကြိုတင် တုံ့ပြန်နိုင်မည် ဖြစ်သည်။

တုန်းအယ်ကြယ်နယ်မြေသည် လျှို့ဝှက်လဝန်းနန်းတော်နှင့် သိပ်မဝေးလှသဖြင့် လုချန်းက ဤနေရာသို့ ကိုယ်ပွားတစ်ခု စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ယွမ်ရှန်ရှန်သည် ယွမ်ရှန်ရှန်သာ ဖြစ်ပြီး သူမမှာ သူမကိုယ်တိုင်သာ ဖြစ်သည်ဟု ယွမ်ချင်းရှုက ရှင်းလင်းစွာ ပြောဆိုထားသော်လည်း လုချန်းအတွက်မူ အမှတ် ၉၀ ကျော်လျှင် သူမသည် သူ၏ မိန်းမပင် ဖြစ်သည်။

အမှတ် ၉၀နှင့်အထက် ရှိသော အမျိုးသမီးများသည် များသောအားဖြင့် သူနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေသည်ဟု သူ အခြေခံအားဖြင့် အတည်ပြုထားပြီး ဖြစ်သည်။

စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီးများကို မည်သည့်နေရာ မည်သည့် အဆင့်အတန်းတွင် ရှိနေပါစေ ထျန်းချန်ကမ္ဘာသို့ ခေါ်ဆောင်လာရန်က လုချန်း ယခု လုပ်ဆောင်ရမည့် အရာဖြစ်သည်။

ယွမ်ချင်းရှုသည်လည်း ထိုအထဲတွင် သဘာဝအတိုင်း ပါဝင်နေသည်။ လုချန်း၏ ကိုယ်ပွား ဤနေရာသို့ ရောက်နေခြင်းမှာ ယွမ်ချင်းရှု၏ အခြေအနေကို စုံစမ်းရန် ဖြစ်သည်။ အချိန်အခါ သင့်ပါက ယွမ်ချင်းရှုကို ရှနိုင်ငံတော်သို့ ခေါ်ဆောင်သွားရမည်ဖြစ်သည်။ အတင်းအဓမ္မနည်းလမ်းများ သုံးဖို့လိုအပ်လျှင်လည်း သုံးရမည်ဖြစ်၏။

လုချန်း လမ်းလျှောက်နေစဉ်အတွင်း ကျင့်ကြံသူများ အုပ်စုလိုက် စုဝေးကာ တစ်ခုခုကို ဆွေးနွေးနေကြသည်ကို သတိပြုမိလိုက်သည်။ လုချန်းက အုပ်စုတစ်ခုကို ရှာဖွေပြီးနောက် သူတို့၏ စကားဝိုင်းကို နားထောင်ရန် အနားသို့ တိုးသွားလိုက်သည်။

“မထင်မှတ်ထားတာက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ကလည်း ဧကရာဇ် ဖြစ်သွားပြီပဲ။ တကယ် မြန်တာပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတောင် သူက သူတော်စင်တောင် မဟုတ်သေးဘူးလို့ မှတ်မိသေးတယ်။”

“သူ ဘယ်လိုလုပ်လိုက်လဲ မသိဘူး”

“အစကတည်းက ဧကရာဇ် ဖြစ်နေပြီး အကြောင်းကြောင်းကြောင့် အင်အား လျော့နည်းသွားတာလည်း ဖြစ်နိုင်တာပဲ။”

“လျှို့ဝှက်လဝန်းနန်းတော်က ဗဟိုကြယ်နယ်မြေကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာ ခင်ဗျားတို့ ကြားလား။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်က အရည်အချင်း မရှိရင် ဗဟိုကြယ်နယ်မြေကို ဘယ်လို သွားနိုင်ပါ့မလဲ။”

“ဖြစ်နိုင်တာက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ဟာ အင်အားကြီး အဖွဲ့အစည်းတစ်ခုက ဖြစ်ပြီး တစ်ခုခုကြောင့် ဒီကို ရောက်လာတာ ဖြစ်နိုင်တယ်။ အခု အင်အား ပြန်ရလာပြီဆိုတော့ လက်စားချေဖို့ ဗဟိုကြယ်နယ်မြေကို ပြန်ဖို့ အချိန်တန်ပြီပေါ့။”

“ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်။ ဒါပေမဲ့ သူက ဘယ်လို မဟာအင်အားစုကလဲဆိုတာတော့ မသိရဘူး။”

လူတို့၏ ပြောဆိုချက်များကို နားထောင်ပြီးနောက် ယွမ်ချင်းရှု ဧကရာဇ်အဆင့်သို့ ချိုးဖျက် ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လုချန်း အနည်းငယ် အံ့သြသွားသည်။

ဒီလောက် မြန်သလား။

ယခင်က သူမ၏ အစွမ်းများ ချိပ်ပိတ်ခံထားရသဖြင့် အားနည်းနေပုံ ပေါ်ခဲ့ပြီး ယခုမှ သူမ၏ အစွမ်းများ ပြန်လည် နိုးထလာခြင်းများလား။

လုချန်း ကိုယ်တိုင်သည်လည်း ကျင့်စဉ်အဆင့် လျင်မြန်စွာ မြင့်တက်လာခဲ့သူ သော်လည်း သူ့တွင် စနစ်ရှိသဖြင့် ထိုသို့ ဖြစ်ခြင်းက သဘာဝကျသည်။

ယွမ်ချင်းရှုတွင် စနစ် မရှိပေ။ နဂို ကတည်းက အဆင့်မြင့်မားသူဖြစ်ခဲ့မှသာ သူမ၏ အဆင့် ဤမျှ လျင်မြန်စွာ တိုးတက်နိုင်မည် ဖြစ်သည်။

ထို့ပြင် ယွမ်ချင်းရှုသည် ဧကရာဇ်တစ်ဦး ပြန်ဝင်စားသူ ဖြစ်နိုင်ပြီး သူမ၏ မူလလမ်းစဉ်အတိုင်း ကျင့်ကြံပါက သာမန် ဧကရာဇ်များထက် အဆင့်တက်ခြင်း ပိုမို မြန်ဆန်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ထိုအရာများက အရေးမကြီးပေ။ ယွမ်ချင်းရှု ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားပြီး သူမတွင် ယခင်ခေတ်မှ မှတ်ဉာဏ်များ ရှိနေခြင်းကြောင့် သူမ၏ အင်အား အတော်အတန် ကြီးမည်ဖြစ်ကြောင်းစဉ်းစားမိရင်း လုချန်း အတွေးနက်သွားသည်။

ထိုသို့ဆိုလျှင် ယွမ်ချင်းရှုကို ရှနိုင်ငံတော်သို့ အတင်းအဓမ္မ ခေါ်ဆောင်ရန် ကြိုးပမ်းခြင်းက လွယ်ကူလိမ့်မည် မဟုတ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်၏ အခြေအနေကို အရင်ဆုံး စောင့်ကြည့်ပြီးမှသာ သင့်တော်သလို လုပ်ဆောင်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုအတွေးနှင့်အတူ လျှို့ဝှက်လဝန်းနန်းတော် တည်ရှိရာ ကမ္ဘာသို့ လုချန်း ချက်ချင်း ပျံသန်းသွားလိုက်သည်။

……

တစ်လကြာပြီးနောက်။

လျှို့ဝှက်လဝန်းနန်းတော်မှ လူများသည် နတ်လှေပေါ်သို့ အစုလိုက်အပြုံလိုက် တက်ရောက်ကာ ဗဟိုကြယ်နယ်မြေသို့ တရားဝင် ထွက်ခွာခဲ့ကြသည်။ လုချန်းသည် အနားသို့ တိုးမသွားပဲ အဝေးတစ်နေရာမှ လျှို့ဝှက်လဝန်းနန်းတော်၏ နတ်လှေများကို ငြိမ်သက်စွာ စောင့်ကြည့်ခဲ့နေသည်။

ထိုအချိန်တွင် အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ယွမ်ချင်းရှုသည် နတ်လှေ၏ ကုန်းပတ်အပေါ်တွင် ရပ်နေပြီး ဗဟိုကြယ်နယ်မြေဘက်ကို တစ်ခုခု စဉ်းစားနေဟန်ဖြင့် စိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် ယွမ်ချင်းရှု တစ်ခုခုကို ရုတ်တရက် ခံစားမိလိုက်ရာ သူမ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ထိုအငွေ့အသက်သည် အလွန်ပင် ရင်းနှီးလှသည်။

ယွမ်ရှန်ရှန်နှင့် အဆက်အသွယ် မဖြတ်တောက်မီက ယွမ်ရှန်ရှန်၏ ခန္ဓာကိုယ်မှတစ်ဆင့် ထိုလူ၏ အငွေ့အသက်ကို သူမ မကြာခဏ ခံစားမိခဲ့သည်။

ဤနေရာအနီးသို့ သူ မည်သို့ ရောက်ရှိလာသနည်းတွေးရင်း ယွမ်ချင်းရှု အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ နောက်တစ်ခဏတွင် ယွမ်ချင်းရှု၏ ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားသည်။

ယွမ်ချင်းရှု၏ ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်လျှင် သူ၏တည်ရှိမှု ဖော်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း လုချန်း ချက်ချင်း သိလိုက်သော်လည်း ရှောင်တိမ်းရန် အချိန်မရလိုက်တော့ပေ။ ယွမ်ချင်းရှုက သူ၏ ရှေ့တည့်တည့်တွင် ပေါ်လာ သောကြောင့်ဖြစ်သည်။

သူမ၏ အရှေ့မှ သူတော်စင်အဆင့်၌သာ ရှိနေသော လုချန်းကို တွေ့သောအခါ ယွမ်ချင်းရှု ဇဝေဇဝါ ဖြစ်သွားသည်။

သူတော်စင်လား...

သူက မည်သို့ သူတော်စင်တစ်ဦး ဖြစ်နိုင်မည်နည်း။

လုချန်း ကောင်းကင်ဧကရာဇ် ပြန်ဝင်စားသူ ဖြစ်နိုင်သည်ဟု စကြဝဠာတစ်ခုလုံးတွင် သတင်းများ ထွက်ပေါ်နေသည်။ သူ၏ အစွမ်းများ အပြည့်အဝ ပြန်မရသေးလျှင်ပင် သူ၏ အဆင့်သညိ အနည်းဆုံး ဧကရာဇ်အဆင့်တွင် ရှိသင့်သည် မဟုတ်ပါလား။

ယွမ်ချင်းရှုကို ပို၍ ဇဝေဇဝါ ဖြစ်စေသည်က သူမရှေ့မှ လုချန်းသည် ကိုယ်ပွားတစ်ခု ဖြစ်မည်ဆိုလျှင်တောင် ကိုယ်ပွားနှင့် မတူပဲ ပြည့်စုံသော စိတ်ဝိညာဉ် အငွေ့အသက်ကို ခံစားနေရခြင်း ဖြစ်သည်။

သူက သူ၏ အစွမ်းများကို ချိပ်ပိတ်ကာ သူတော်စင်အဆင့်အဖြစ် လျှော့ချထားခြင်းလား။ စကြဝဠာအတွင်း ကစဉ့်ကလျား ဖြစ်နေပြီး ကောင်းကင်နတ်ဆိုးများ သောင်းကျန်းနေသည့် ယခုကဲ့သို့သော ခေတ်ကာလတွင် ရူးသွပ်နေသူမှလွဲ၍ မည်သူက မိမိ၏ အဆင့်ကို လျှော့ချထားမည်နည်း။

ယွမ်ချင်းရှုက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုချန်းကပင် စတင် စကားပြောလိုက်သည်။

“မတွေ့ရတာ ကြာပြီနော်”

All Chapters