← Chapters

အခန်း (၁၅၀၇-၁၅၀၉)

Vol. 101 Ch. 1507-1509

အခန်း (၁၅၀၇-၁၅၀၉)

Vol. 101 Ch. 1507-1509

အခန်း (၁၅၀၇ )

ယွမ်ချင်းရှု၏ အတွေး

လုချန်း၏ နှုတ်ဆက်သံကို ကြားသောအခါ ယွမ်ချင်းရှု သတိပြန်ဝင်လာပြီး

“ရှင့်ရဲ့ အဆင့်က ဘာလို့ ဒီလောက် နိမ့်နေတာလဲ”

ဟု တိုက်ရိုက် မေးလိုက်သည်။

ပြုံးလျက် လုချန်းက

“ဒါက ကိုယ့်ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုပါ။”

ယွမ်ချင်းရှု အနည်းငယ် မှင်တက်သွားသည်။

ကိုယ်ပွားတစ်ခုလား။

ကိုယ်ပွားတစ်ခု၏ စိတ်ဝိညာဉ်သည် အပြစ်အနာအဆာ မရှိပဲ ပြည့်စုံလွန်းနေသည်။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ...

လုချန်းသည် ကိုယ်ပွား အားလုံးကို စိတ်ဝိညာဉ် တစ်ခုတည်းမှ ထိန်းချုပ်ထားသဖြင့် ကိုယ်ပွားများ၏ စိတ်ဝိညာဉ်သည် သဘာဝအတိုင်း ပြည့်စုံနေခြင်း ဖြစ်သည်။

ထိုအချက်ကို ယွမ်ချင်းရှု မသိပေ။

လက်ရှိ စကြဝဠာထဲတွင် လုချန်း တစ်ဦးတည်းသာ ဤသို့ လုပ်ဆောင်နိုင်သည်။ တကယ်တော့ လုချန်းတွင် ကိုယ်ပွားများ မရှိပေ။ အားလုံးကို ပင်မခန္ဓာဟု ယူဆနိုင်၏။

ထို့ကြောင့် အခြားသူများအနေနှင့် သူ၏ ကိုယ်ပွား နှင့် ပင်မခန္ဓာကို ခွဲခြားမရခြင်းက ပုံမှန်ပင် ဖြစ်သည်။

ယွမ်ချင်းရှု သတိပြန်ဝင်လာပြီး ဤအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူမရှေ့မှ လုချန်းသည် ကိုယ်ပွား သို့မဟုတ် ပင်မခန္ဓာ ဖြစ်ခြင်းက အရေးမကြီးပေ။

ယခု ထိုလူ ဤနေရာ၌ ဘာလုပ်နေသလဲဆိုတာကိုသာ သူမ သိချင်နေသည်။

ထို့နောက် ယွမ်ချင်းရှုက

“ရှင် ဒီကို ဘာလာလုပ်တာလဲ”

ဟု အေးစက်စက် မေးလိုက်သည်။

လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားပြီး နူးညံ့သော အပြုံးတစ်ခု ပေါ်လာသည်။

“မင်းက ရှန်ရှန်ရဲ့ ဆရာမလေ။ အခု စကြဝဠာက အရမ်း ဖရိုဖရဲ ဖြစ်ပြီး အန္တရာယ် များနေပြီဆိုတော့ သူက မင်းအတွက် စိတ်ပူနေတာ။ ဒါကြောင့် ကိုယ်ကိုယ်တိုင် မင်းကို လာကြည့်ရင်း ရှစစ်တပ်ကို လာပူးပေါင်းဖို့ ဖိတ်ခေါ်တာပါ။”

အနုနည်းကို အရင် စမ်းကြည့်ရန် လုချန်း ရည်ရွယ်ခြင်း ဖြစ်သည်။ ယွမ်ချင်းရှုကို ရှစစ်တပ်သို့ တိုက်ရိုက် ဖိတ်ခေါ်နိုင်ပါက ဒုက္ခများစွာ သက်သာစေမည် ဖြစ်သည်။

သို့သော် ယွမ်ချင်းရှု သဘောတူလိမ့်မည်ဟု လုချန်း မထင်ထားပေ။

မျှော်လင့်ထားသည့်အတိုင်းပင် စကားအဆုံးတွင် ယွမ်ချင်းရှုက

“အဲ့ဒီ အကြံကို စွန့်လွှတ်ဖို့ ရှင့်ကို ကျွန်မ အကြံပေးချင်တယ်”

ဟု ချက်ချင်း ငြင်းဆိုလိုက်သည်။

ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန်၏ ပင်မခန္ဓာ ဖြစ်သည်။ သူတို့၏ စိတ်အာရုံများ ယခင်က ချိတ်ဆက်ထားဖူးသဖြင့် လုချန်း မည်သို့သော လူစားမျိုး ဖြစ်သည်ကို ယွမ်ချင်းရှု ကောင်းစွာ သိသည်။

ဤလူက သူမကို ရှစစ်တပ်သို့ လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်တာလား။

ရယ်စရာပင်.....

သူမကို သူ၏ မိဖုရားဆောင်ထဲသို့ သွင်းလိုခြင်းသာ ဖြစ်သည်။

ယွမ်ချင်းရှုက အပြတ်ငြင်းလိုက်သော်လည်း လုချန်း စိတ်မပျက်ပေ။ ဤအရာက သူ အစကတည်းက ခန့်မှန်းထားသည့်အတိုင်း ဖြစ်သည်။

လုချန်းက

“မင်းက ဗဟိုကြယ်နယ်မြေကို သွားဖို့ စီစဉ်နေတယ်လို့ ကြားတယ်။”

“အခု ဗဟိုကြယ်နယ်မြေမှာ အန္တရာယ်တွေနဲ့ ပြည့်နေတယ်။ မဟာ အင်အားကြီး အင်အားစုတွေနဲ့ ထိပ်တန်း အင်အားစုတွေကြား ဘယ်အချိန်မဆို စစ်ပွဲတွေ ဖြစ်လာနိုင်တယ်။ အခု အဲ့ဒီကို သွားတာက သေတွင်းထဲ ဆင်းတာနဲ့ အတူတူပဲ။”

“ထိပ်တန်း အင်အားစုတွေကြား စစ်ပွဲတွေ ဖြစ်လာပြီဆိုလျှင် ဧကရာဇ်အဆင့်တောင်မှ ဘာမှလုပ်လို့မရ ဖြစ်သွားရလိမ့်မယ်။ ရှစစ်တပ်ကို ဘာလို့ မလာတာလဲ။ ပြီးတော့ ရှန်ရှန်ကလည်း ရှစစ်တပ်မှာ ရှိတယ်။ ကြည့်လေ ... သူလည်း အဲ့ဒီမှာ အဆင်ပြေနေတာပဲ။”

ယွမ်ချင်းရှုက မည်သည့် ခံစားချက်မှ မရှိသော မျက်နှာဖြင့်

“ရှင် ဘာတွေ ကြံစည်နေလဲဆိုတာ ကျွန်မ သိတယ်။ ဒါကြောင့် ရှင့်ရဲ့ အကြံအစည်လေးတွေကို သိမ်းထားဖို့ အကြံပေးချင်တယ်။”

“ကျွန်မရဲ့ ကိုယ်ပွားက ရှစစ်တပ်မှာ ရှိနေလို့ပဲ ရှစစ်တပ်ကို ကျွန်မ ပိုပြီး မသွားနိုင်တာ။”

ထိုအရာကို ကြားလျှင် လုချန်းက

“ဘာကြောင့်လဲ”

ဟု ဇဝေဇဝါ ဖြစ်စွာ မေးလိုက်သည်။

ယွမ်ချင်းရှုက

“ ကျွန်မတို့ ခွဲနေမှသာ ကျွန်မတို့ထဲက တစ်ယောက်ယောက်က ကပ်ဘေးကနေ လွတ်မြောက်နိုင်မှာ”

ဟု အေးစက်စက် ပြောလိုက်သည်။

ယွမ်ချင်းရှု၏ ဆိုလိုရင်းကို လုချန်း ချက်ချင်း နားလည်သွားသည်။ ရှောင်လွှဲမရသော အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် သူတို့နှစ်ဦး တစ်နေရာတည်း အတူတူ မရှိပါက တစ်ဦး သေဆုံးလျှင်တောင် အနည်းဆုံး ကျန်တစ်ဦးက ရှင်သန်နိုင်မည်ဟု သူမ ယုံကြည်နေခြင်း ဖြစ်သည်။

ထိုအတွေးက ကျိုးကြောင်းဆီလျော်မှု ရှိသည်။ သို့သော် ချိတ်ဆက်မှုကို ဖြတ်တောက်လိုက်ပြီးနောက် ပင်မခန္ဓာသည် ပင်မခန္ဓာဖြစ်ပြီး ကိုယ်ပွားသည် ကိုယ်ပွားသာ ဖြစ်သည်။

သို့သော်လည်း အန္တရာယ်ကို ခွဲဝေယူသည့် မူဝါဒကိုတော့ ယွမ်ချင်းရှုက ဆက်လက် ဆုပ်ကိုင်ထားဆဲပင်။

ယွမ်ချင်းရှု အစကတည်းက ဤသို့ စီစဉ်ထားသည်ကို လုချန်း မသိခဲ့ပေ။ ယွမ်ရှန်ရှန်နှင့် စိတ်အာရုံ ချိတ်ဆက်မှုကို ဖြတ်တောက်ခဲ့သော်လည်း ယွမ်ချင်းရှု၏ စိတ်ထဲတွင် ယွမ်ရှန်ရှန်သည် သူမ၏ ကိုယ်ပွားသာ ဖြစ်နေဆဲ ဖြစ်သည်။

သူမ၏ အမြင်တွင် သူမနှင့် ယွမ်ရှန်ရှန် နှစ်ဦးထဲမှ တစ်ဦးဦးသာ ကပ်ဘေးမှ လွတ်မြောက်နိုင်လျှင် သူမ ပျက်စီးသွားသည်ဟု မယူဆနိုင်ပေ။

လုချန်းက

“ရှစစ်တပ်မှာ အဆင့်ကိုး ဧကရာဇ်ရဲ့ အင်အားကို တောင့်ခံနိုင်တဲ့ အကာအကွယ် ရှိတာကို မင်း သိသင့်တယ်။ ဗဟိုကြယ်နယ်မြေနဲ့ နှိုင်းယှဉ်ရင် ရှစစ်တပ်က ပိုပြီး ဘေးကင်းတယ်။”

ယွမ်ချင်းရှုက

“ရှင်ကလည်း ရှေးဟောင်းခေတ်က ရှင်သန်ကျန်ရစ်သူ ဖြစ်ပြီးတော့ ဗဟိုကြယ်နယ်မြေမှာ ခေတ်ကူးနယ်မြေ ပေါ်လာမယ်ဆိုတာကို မသိဘူးလား။”

ယွမ်ချင်းရှု၏ မေးခွန်းကြောင့် လုချန်း မှင်တက်သွားသည်။

ခေတ်ကူးနယ်မြေ...

အဲ့ဒါက ဘာလဲ။

သူ၏ အတိတ်ဘဝ ကောင်းကင်ဧကရာဇ် မှတ်ဉာဏ်များထဲတွင်ပင် ထိုဝေါဟာရ ဘယ်သောအခါမှ ပေါ်မလာခဲ့ဖူးပေ။

လုချန်းက

“အဲ့ဒါက ဘယ်လို နေရာမျိုးလဲ”

ဟု စူးစမ်းစွာ မေးလိုက်သည်။

ခေတ်ကူးနယ်မြေ ဘာလဲဟု လုချန်းက တကယ် မေးနေသည်ကို မြင်သောအခါ ယွမ်ချင်းရှု ရပ်တန့်သွားသည်။

ဤလူက ခေတ်ကူးနယ်မြေကို တကယ် မသိတာလား။

ဒါဆိုရင် သူက ရှေးဟောင်းခေတ်ကနေ ဘယ်လို ရှင်သန်ကျန်ရစ်ခဲ့တာလဲ။

ယွမ်ချင်းရှုက လုချန်း၏ မေးခွန်းကို ချက်ချင်း မဖြေပဲ

“ရှင် ရှေးဟောင်းခေတ်ကနေ ဘယ်လို ရှင်သန်ခဲ့တာလဲ။”

လုချန်းက

“ပြီးခဲ့တဲ့ ခေတ်မှာ ကိုယ်က ကောင်းကင်ဧကရာဇ်ပဲ။ ကိုယ့်ရဲ့ ပင်မခန္ဓာကို သုံးပြီး ခေတ်ကူးဘေးဒုက္ခကို တောင့်ခံခဲ့တာ။”

ယွမ်ချင်းရှု တိတ်ဆိတ်သွားသည်။

အခြားသူများသည် ခေတ်ကူးဘေးဒုက္ခမှ လွတ်မြောက်ရန် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ကြပြီး နောက်ဆုံးတွင် ကံကောင်းသူ အနည်းငယ်သာ ခေတ်ကူးနယ်မြေကို ရှာဖွေတွေ့ရှိကာ ရှင်သန်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူမရှေ့မှ ဤလူက ခေတ်တစ်ခုကို ဖျက်ဆီးပစ်နိုင်သော အင်အားကို သူ၏ ပင်မခန္ဓာဖြင့် တောင့်ခံခဲ့ခြင်း ဖြစ်သည်။

ဒါက ကောင်းကင်ဧကရာဇ်လား။

ယွမ်ချင်းရှုက တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး

“ပြီးခဲ့တဲ့ ခေတ်မှာ ကောင်းကင်ဧကရာဇ် ပေါ်ထွက်မလာဘူးလို့ ကျွန်မ မှတ်မိနေတယ်။”

လုချန်းက

“ကိုယ်ကလည်း ခေတ်ပျက်ဘေး မစတင်မီလေးမှာပဲ ကောင်းကင်ဧကရာဇ် ဖြစ်လာခဲ့တာ။ အဲ့ဒီအချိန်မှာ မင်းက ဘေးဒုက္ခကို ရင်ဆိုင်နေရပြီဆိုတော့ မသိတာ ဖြစ်နိုင်တယ်။”

လုချန်း၏ ပြောကြားချက်က အကျိုးကြောင်းဆီလျော်မှု မရှိသည်တော့ မဟုတ်ပေ။ ယွမ်ချင်းရှုလည်း ထိုအကြောင်းကို ဆက်မပြောတော့ပဲ

“ရှင့်ရဲ့ ပင်မခန္ဓာက အင်အား ဘယ်လောက် ပြန်ရနေပြီလဲ။”

လုချန်းက

“ဧကရာဇ် အဆင့်ငါး ၊ခြောက် လောက်အထိပဲ”

ယွမ်ချင်းရှု စဉ်းစားခန်း ဝင်သွားသည်။

သူမ၏ တုံ့ဆိုင်းနေသော အမူအရာကို ကြည့်ပြီး သူမ စိတ်လှုပ်ရှားနေပြီဖြစ်ကြောင်း လုချန်း သိလိုက်သည်။ နောက်ဆုံးတွင် ဤအရာသည် ကောင်းကင်ဧကရာဇ်၏ အကာအကွယ် ဖြစ်သည်။ ကိုယ်တိုင် ရှင်သန်ရန်လမ်းကို ရှာဖွေခြင်းထက် ကောင်းကင်ဧကရာဇ်နောက်သို့ လိုက်ခြင်းက အမြဲတမ်း ပိုကောင်းပေသည်။

ဗဟိုကြယ်နယ်မြေတွင် ခေတ်ကူးနယ်မြေ တကယ် ရှိနေလျှင်ပင် ချက်ချင်း ရှာတွေ့နိုင်ဖို့က မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ခဏခန့်တွင် ယွမ်ချင်းရှုက

“ရှင့်ဘေးနားက လူတွေရော ပြီးခဲ့တဲ့ ခေတ်ကနေ ရှင်သန်ခဲ့ကြလဲ။”

ဒါက...

ယွမ်ချင်းရှု၏ မေးခွန်းက လုချန်းကို အခက်တွေ့သွားစေသည်။ သူသည် ကောင်းကင်ဧကရာဇ် ဖြစ်သဖြင့် ခေတ်တစ်ခောတ်ကို ဖျက်ဆီးသော အင်အားကို တောင့်ခံနိုင်ခဲ့သည်။

သို့သော် စကြဝဠာ နိယာမ အပြောင်းအလဲများကြောင့် သူ၏ ဘေးနားမှ လူများ နောက်ဆုံးတွင် သေဆုံးခဲ့ကြရသည်။ သူ၏ ကောင်းကင်ဧကရာဇ်၏ အင်အားဖြင့် အချို့သော လူများ၏ စိတ်ဝိညာဉ်များကို အကာအကွယ်ပေးပြီး ခေတ်သစ်တွင် ဘဝပြန်ဝင်စားနိုင်ရန်သာ လုပ်‌ပေးနိုင်ခဲ့သည်။

လုချန်း၏ တုံ့ဆိုင်းမှုကို မြင်သောအခါ လုချန်းအနေနှင့် သူ၏ ဘေးနားမှ လူများကို မကာကွယ်နိုင်ခဲ့ကြောင်း ယွမ်ချင်းရှု သိသွားသည်။ ဆိုလိုသည်မှာ ကောင်းကင်ဧကရာဇ် ဖြစ်လျှင်ပင် သူသည် သူ့ကိုယ်သူသာ ကာကွယ်နိုင်ပြီး အခြားသူများကို မကာကွယ်နိုင်ပေ။

ထို့ကြောင့် ဤကောင်းကင်ဧကရာဇ် နောက်သို့ လိုက်ပါသွားခြင်းက အသုံးမဝင်ပေ။

သူမအနေနှင့် ရှင်သန်ရန်လမ်းကို မိမိကိုယ်ကိုယ်သာ အားကိုးပြီး ရှာဖွေရဦးမည် ဖြစ်သည်။

လုချန်းက

“မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေကို ကိုယ် ကာကွယ်ပေးနိုင်တယ်။ ခေတ်သစ်မှာ ဘဝပြန်ဝင်စားခွင့် ရအောင် လုပ်ပေးနိုင်တယ်။”

ယွမ်ချင်းရှုက

“မလိုဘူး”

ဟု တည်ငြိမ်စွာ တုံ့ပြန်သည်။

ထို့နောက် ယွမ်ချင်းရှု ကျောခိုင်းကာ ထွက်ခွာသွားတော့သည်။ ဤလူ၏ ရည်ရွယ်ချက်ကို သိလို၍သာ သူမ လာခဲ့ခြင်းဖြစ်၏။

သူ၏ ရည်ရွယ်ချက်ကို သိရှိပြီးနောက်တွင်မူ သူနှင့် အချိန်ဖြုန်းနေရန် မလိုတော့ပေ။

ယွမ်ချင်းရှု၏ လှပသော ကျောပြင်ကို ကြည့်ကာ လုချန်းက ပြုံးလျက်

“ကိုယ်နဲ့ ပတ်သက်နေတဲ့ အမျိုးသမီးတွေ အားလုံးဟာ အတိတ်ဘဝမှာ ကိုယ့်ရဲ့ ဇနီးတွေ ဖြစ်ခဲ့တယ်ဆိုတာ မင်း မသိသေးလို့ ဖြစ်မယ်။ သူတို့တွေက ကိုယ့်အနားကို ပြန်လာဖို့ ကံပါလာပြီးသားပဲ။”

ထိုအရာကို ကြားလျှင် ယွမ်ချင်းရှု ရပ်တန့်သွားသည်။ သို့သော် သူမ လှည့်မကြည့်သလို စကားလည်း မပြောပေ။ ငြိမ်သက်စွာသာ ရပ်နေသည်။ တစ်ခုခုကို တွေးတောနေဟန်ဖြင့် သူမ၏ မျက်ခုံးများလည်းတွန့်နေသည်။

အခန်း (၁၅၀၈)

အရင်ခောတ်တွင် ကောင်းကင်ဧကရာဇ် မရှိ

လုချန်း၏ စကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို ယွမ်ချင်းရှု သဘာဝကျစွာ နားလည်လိုက်၏။ ယွမ်ရှန်ရှန်သည် ယခုအခါ လုချန်း၏ အမျိုးသမီး ဖြစ်နေ၏။ ထို့ပြင် ယွမ်ရှန်ရှန်သည် သူမ၏ ကိုယ်ပွားလည်းဖြစ်သည်။ ထို့ကြောင့် သူမ၏ အတိတ်ဘဝဖြစ်သော ပြီးခဲ့သည့်ခေတ်တွင်လည်း သူမသည် သူ၏အမျိုးသမီးဖြစ်ခဲ့သည်ဟူသော အဓိပ္ပာယ်ပင်။

သို့သော် ထိုအရာက လုံးဝ မဖြစ်နိုင်ပေ။ သူမ၏ အတိတ်ဘဝမှတ်ဉာဏ်များတွင် လုချန်းနှင့်ပတ်သက်သော မှတ်ဉာဏ်ဟူ၍ တစ်စုံတစ်ရာမျှ မရှိပေ။

သူမ၏ စိတ်ထဲ၌ မရေရာမှုများ ထပ်မံဖြစ်ပေါ်လာ၏။ လုချန်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားချက်တစ်ခု သူမ၌ အမြဲရှိနေခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လုချန်း၏စကားများကို သံသယဝင်ရန် ခက်ခဲနေကြောင်း တွေ့ရှိရသည်။

ထိုစဉ်က လုချန်းသည် သူမ၏ကိုယ်ပွားကို ဖျက်ဆီးခဲ့ကြောင်း သိလိုက်ရပြီးနောက် သူ့ကိုရင်ဆိုင်ရန် ဝေးလံသောအရပ်မှ နှစ်ပေါင်းများစွာ ခရီးနှင်လာခဲ့သော်လည်း မည်သည့်အရေးယူဆောင်ရွက်မှုမှ မပြုလုပ်ဖြစ်ခဲ့ပေ။ ထိုရင်းနှီးသောခံစားချက်သည် သူမ လုချန်းကို အရေးမယူဖြစ်ခဲ့ရခြင်း၏ အကြောင်းပြချက်တစ်ခုဖြစ်၏။ ထိုရင်းနှီးကျွမ်းဝင်သည့်ခံစားချက်က လုချန်းကို အရေးယူရန် သူမအတွက် ခက်ခဲစေခဲ့လေသည်။

ယွမ်ချင်းရှု တုံ့ပြန်မှုမရှိသည်ကိုမြင်လျှင် လုချန်းက ဆက်လက်၍

“မင်းရဲ့ အတိတ်မှတ်ဉာဏ်တွေက အခုထိ ပြန်မရသေးတာ ဖြစ်နိုင်တယ်။ မင်းရဲ့ မှတ်ဉာဏ်တွေအားလုံးက ဘဝသံသရာ ကျောက်တုံးထဲမှာ ချိပ်ပိတ်ခံထားရတာ။”

ထိုစကားကို ကြားလျှင် ယွမ်ချင်းရှု ဆက်၍ မထိန်းထားနိုင်တော့ချေ။ သူမတွင် အတိတ်ဘဝမှမှတ်ဉာဏ်အချို့ လိုအပ်နေသည်ဟူသော ခံစားချက် အမှန်ပင် ရှိနေ၏။

သို့သော် မည်သည့်အပိုင်း လိုအပ်နေသည်ကိုတော့ သူမ မသိပေ။ ထို့နောက် လုချန်းကို အေးစက်စွာ စိုက်ကြည့်ရန် ယွမ်ချင်းရှု ခေါင်းလှည့်လိုက်၏။

“ဒါကို ရှင် ဘယ်လို သက်သေပြနိုင်မလဲ။”

လုချန်းက

“အခုတော့ ကိုယ် သက်သေမပြနိုင်သေးဘူး။ ဘဝသံသရာ ကျောက်တုံး ချိပ်ပိတ်တံဆိပ်ကို ဖြေလျှော့ပြီးမှပဲ ကိုယ်ပြောတာ မှန်တယ်ဆိုတာ သက်သေပြနိုင်လိမ့်မယ်။”

လုချန်း၏အဖြေကို ကြားရသောအခါ ယွမ်ချင်းရှုသည် သူ့ကို လျစ်လျူရှုလိုက်ပြီး ထွက်ခွာရန် ပြန်လှည့်လိုက်၏။ မည်သည့်သက်သေမှ မပြနိုင်သောကြောင့် သူမအား လှည့်စားရန်ကြိုးစားနေခြင်းဟုသာ သူမ သတ်မှတ်လိုက်၏။

လုချန်း၏ လေသံအရ သူမအား လိမ်ညာနေပုံ မပေါ်‌သော်လည်း လုချန်း မည်သို့သောလူစားမျိုးဆိုတာကို ထိုစဉ်ကတည်းက ယွမ်ရှန်ရှန်၏မှတ်ဉာဏ်များမှတစ်ဆင့် သူမ သိခဲ့ပြီးဖြစ်၏။ သူ၏စကားများကို အမြဲတမ်း ယုံကြည်၍ မရနိုင်ပေ။

သူသည် မိမိလိုချင်သော အမျိုးသမီးများကို ရရှိရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလေ့ရှိ၏။ ခုနက လုချန်း သူမကို လိမ်ညာနေခြင်း ဟုတ်မဟုတ် မည်သူ သိနိုင်မည်နည်း။

ရှစစ်တပ်၏အကာအကွယ်ကို အဆင့်ကိုးဧကရာဇ်တစ်ဦးပင် မဖျက်ဆီးနိုင်ခြင်းကို ထည့်သွင်းစဉ်းစားရမည်ဖြစ်၏။ သူမသာ ထိုနိုင်ငံသို့ သွားခဲ့လျှင် မည်သူ့ကိုမှ အကူအညီမတောင်းနိုင်ပဲ လုချန်း၏လက်ခုပ်ထဲကရေဘဝသို့ ရောက်သွားလိမ့်မည်မှာ သေချာ၏။

ယွမ်ချင်းရှု ပြတ်ပြတ်သားသား ထွက်ခွာသွားသည်ကို မြင်လျှင် လုချန်း အနည်းငယ် သက်ပြင်းချလိုက်၏။ ယခုတော့ အခြားနည်းလမ်းများကို အသုံးပြုရတော့မည့်ပုံ ပေါက်နေ၏။ သို့သော် လက်ရှိအနေအထားအရ ယွမ်ချင်းရှုကို အင်အားအသုံးပြု၍ ခေါ်ဆောင်ရန်က လွယ်ကူသောကိစ္စ မဟုတ်ပေ။

ထားလိုက်ပါတော့...

တစ်ဆင့်ချင်းစီသာ သွားခြင်းက ပိုကောင်း၏။

ထိုသို့ဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှလူတိုင်းကို ဗဟိုကြယ်နယ်မြေသို့ ယွမ်ချင်းရှု ဦးဆောင်သွားသည်ကိုသာ လုချန်း စောင့်ကြည့်နေခဲ့ရသည်။

တကယ်တမ်းတွင် လုချန်းသည် ဘာမျှမလုပ်ပဲ နေနေသည်တော့ မဟုတ်ပေ။ ယွမ်ချင်းရှု၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် သူ၏ကိုယ်ပွားကို အသုံးပြုနိုင်၏။

လျှို့ဝှက်လဝန်းနန်းတော်၏နတ်လှေ ဗဟိုကြယ်နယ်မြေသို့ ဦးတည်ထွက်ခွာသွားပြီးနောက် သူ၏အာကာသလက်စွပ်ထဲမှ စွန့်ပစ်ထားသော နတ်လှေတစ်စင်းကို လုချန်း ချက်ချင်းထုတ်ယူလိုက်သည်။ ၎င်းကို သာမန်အဖွဲ့အစည်းတစ်ခု၏လှေအဖြစ် ပုံဖျက်ကာ နောက်မှလိုက်သွားခဲ့၏။

သို့သော် ယွမ်ချင်းရှုသည် လူအတစ်ယောက် မဟုတ်ပေ။ လုချန်း၏နတ်လှေက သိသာလွန်းနေ၏။ နတ်လှေပေါ်တွင် ယွမ်ချင်းရှု တရားထိုင်နေစဉ် အကြီးအကဲတစ်ဦး တံခါးဝသို့ ရောက်ရှိလာပြီး

“နန်းတော်သခင်... ကျွန်တော်တို့နောက်ကနေ နတ်လှေတစ်စင်း တကောက်ကောက် လိုက်နေပါတယ်။ အဲ့ဒါကို ရှင်းပစ်လိုက်ရမလား။”

ထိုစကားကို ကြားလျှင် ယွမ်ချင်းရှုက မျက်လုံးပင် မဖွင့်ဘဲ

“လျစ်လျူရှုလိုက်။ သူ့ကို လိုက်ခွင့်ပြုလိုက်ပါ”

ယွမ်ချင်းရှု၏စိတ်ထဲတွင်

‘ငါ ထင်ထားတဲ့အတိုင်းပဲ။ ဒီလူက ငါ့ကို မရမချင်း လက်လျှော့မှာ မဟုတ်ဘူး’

ဟု တွေးတောလိုက်မိ၏။

သူ လိုက်ချင်ရင် လိုက်ပါစေ...

ဤအရာသည် မည်သို့ပင်ဖြစ်စေ သူမအပေါ် သက်ရောက်မှု မရှိပေ။

ထို့နောက်တွင် လုချန်း၏ သူတော်စင်အဆင့် ကိုယ်ပွားသည် လျှို့ဝှက်လဝန်းနန်းတော်၏နတ်လှေနောက်မှ ကပ်လိုက်ရင်း ဗဟိုကြယ်နယ်မြေသို့ လိုက်ပါသွားလေသည်။

……

ဗဟိုကြယ်နယ်မြေ။

ကြီးမားလှသော တိုက်ကြီးတစ်တိုက်သည် ဟင်းလင်းပြင်ထဲတွင် ပေါလောပေါ်နေ၏။ ၎င်းသည် အထက်တန်းစားကမ္ဘာ ဒါဇင်ပေါင်းများစွာ ဆန့်နိုင်လောက်အောင် ကျယ်ပြောလှ၏။ ထိုစတုရန်းပုံစံတိုက်ကြီးသည် အာကာသဟင်းလင်းပြင်ထဲ၌ ခန့်ညားထည်ဝါစွာ ပေါ်ထွန်းနေခြင်းဖြစ်၏။

တိုက်ကြီး၏အပြင်ဘက်ကို ရွှေရောင်အတားအဆီးတစ်ခုဖြင့် ဖုံးအုပ်ထား၏။ ထိုအတားအဆီးသည် အဆင့်ကိုးဧကရာဇ်၏တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိ၏။

သို့သော်သိသာထင်ရှားသည့်အချက်တစ်ခုက ဤအတားအဆီးသည် ရှစစ်တပ်၏အတားအဆီးနှင့် မနှိုင်းယှဉ်နိုင်ခြင်းပင်။ အဆင့်ကိုးဧကရာဇ်တစ်ဦး အကြိမ်အနည်းငယ် တိုက်ခိုက်ပါက ၎င်းကို ဖျက်ဆီးနိုင်၏။ သို့ရာတွင် ယေဘုယျအားဖြင့် ထိုအဆင့်ရှိသူပင် ဤနေရာကို တိုက်ခိုက်ရန် မဝံ့မရဲကြချေ။

တိုက်ကြီး၏အလယ်ဗဟိုတည့်တည့်တွင် မျှော်စင်ကြီးတစ်ခု ရှိ၏။ ၎င်းသည် မီတာထောင်ချီမြင့်ပြီး အလွှာလိုက်အထပ်လိုက် တည်ရှိနေသော မရေမတွက်နိုင်သည့် အခန်းများ၊ အဆောင်များ ပါဝင်၏။ မျှော်စင်၏ထိပ်ဖျားသည် မြူနှင်းများ ဖုံးလွှမ်းနေကာ နတ်ဘုံနတ်နန်းတစ်ခုအလား ထင်မှတ်ရ၏။ ထိုမျှော်စင်သည် နှစ်ပေါင်းများစွာ သက်တမ်းရှိနေပြီဖြစ်သည်။

မျှော်စင်ထိပ်ရှိ လသာဆောင်တစ်ခုပေါ်တွင် မီးတောက်များဝန်းရံနေသည့် အမျိုးသားတစ်ဦးရှိ၏။ သူသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ ဟင်းလင်းပြင်ထဲသို့ စိုက်ကြည့်လိုက်၏။ သို့သော် ခဏအတွင်းမှာပင် ထိုအမျိုးသား သက်ပြင်းချလိုက်၏။

“အခုထိ မဖြစ်နိုင်သေးဘူးပဲ”

ဟု မဟာမြင့်မြတ်နယ်မြေသခင်က ညည်းတွားလိုက်၏။

သူသည် ဧကရာဇ်အဆင့်ကိုးတွင် ပိတ်မိနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်၏။ ခေတ်ပြောင်းလဲပြီးနောက် နှစ်ပေါင်းတစ်သိန်းအောက်အတွင်း သူသည် ဤအဆင့်သို့ ရောက်ရှိခဲ့၏။ သို့သော် ယခု ခေတ်ပြောင်းကပ်ဘေး စတင်တော့မည့်အချိန်တိုင်အောင် သူသည် ထိုအဆင့်တွင်ပင် ရှိနေဆဲဖြစ်၏။

သူသည် စကြဝဠာမူလအစကို အာရုံခံနိုင်နေပြီဖြစ်ပြီး ထိုအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ခံစားရ၏။ သို့သော် ထိုအဆင့်သို့ တက်လှမ်းရန် တစ်စုံတစ်ရာ လိုအပ်နေသေးသည်ဟုလည်း ခံစားနေရဆဲဖြစ်သည်။

ခုနလေးတင် စကြဝဠာမူလအစကို သူ အာရုံခံမိပြန်၏။ ထို့နောက် အဆင့်တက်ခါနီးဆဲဆဲအခြေအနေတစ်ခုသို့ ရောက်ရှိခဲ့သော်လည်း နောက်ဆုံးတွင် ထိုခံစားချက် ပျောက်ကွယ်သွားခဲ့လေသည်။

မျက်လုံးဖွင့်ပြီးနောက် မဟာမြင့်မြတ်နယ်မြေသခင်က

“ပိုယွမ်... မကြာသေးမီက စကြဝဠာထဲမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ရှိလား”

ဟု တိုက်ရိုက်ဆက်သွယ် မေးမြန်းလိုက်၏။

သူသည် နှစ်ပေါင်းသောင်းချီကြာ တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်းဖြစ်၏။ ကောင်းကင်လျှို့ဝှက်ချက်မိန်းမပျို၏သတင်းစကားကြောင့် ခေတ်ပြောင်းကပ်ဘေးအကြောင်းကိုတော့ သူ သိရှိထားပြီးဖြစ်သည်။ သို့သော် ကပ်ဘေးကိစ္စမှလွဲ၍ အခြားဖြစ်ပျက်နေသည့်အရာများကိုတော့ သူ မသိပေ။

သူ၏စကားအဆုံးတွင် အပြာရောင်ဝတ်ဆင်ထားသော လူလတ်ပိုင်းအမျိုးသားတစ်ဦး သူ၏ရှေ့၌ ပေါ်လာပြီး ဒူးထောက်ကာ

“ဘိုးဘေးကြီး ပြန်လာတာကို ကြိုဆိုပါတယ်”

မဟာမြင့်မြတ်နယ်မြေသခင်က သူ၏လက်ကို အသာအယာ ဝေ့ယမ်းလိုက်ပြီး

“စကြဝဠာထဲက ဖြစ်ပျက်နေတာတွေကို ငါ့ကို ပြောပြဦး”

“ခေတ်ကပ်ဘေးက စတင်တော့မှာဆိုတော့ အဲ့ဒီ ရှန်ဝူဧကရာဇ်ကတော့ ဂနာမငြိမ် ဖြစ်နေလောက်ပါပြီ။”

ဟု ပိုယွမ်ဧကရာဇ်က ပြန်လည်ဖြေကြားလိုက်၏။

ရှန်ဝူဧကရာဇ်သည် သတ်ဖြတ်ခြင်းဖြင့် မိမိ၏လမ်းစဉ်ကို သက်သေပြခဲ့သူဖြစ်ကြောင်း မဟာမြင့်မြတ်နယ်မြေသခင် သိ၏။ သူ၏အဆင့်အတွက် အကောင်းဆုံးနှင့် အမြန်ဆုံးလမ်းစဉ်မှာ အဆုံးမဲ့သတ်ဖြတ်ခြင်းပင် ဖြစ်နိုင်သည်။

မဟာမြင့်မြတ်နယ်မြေသည်လည်း အလယ်ဗဟိုကြယ်နယ်မြေတွင်ပင် တည်ရှိနေသဖြင့် ရှန်ယွဲ့နိုင်ငံ နယ်ချဲ့လာပါက ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်လွှဲ၍ မရနိုင်ချေ။

ပိုယွမ်ဧကရာဇ်က ဆက်လက်၍

“ဘိုးဘေးကြီး...အခုအချိန်မှာ ကျွန်တော်တို့ စကြဝဠာအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုက ရှန်ယွဲ့နိုင်ငံ မဟုတ်နိုင်ပါဘူး။”

မဟာမြင့်မြတ်နယ်မြေသခင် အံ့အားသင့်သွား၏။

ရှန်ယွဲ့နိုင်ငံ မဟုတ်ဘူးလား။

ရှန်ဝူဧကရာဇ်သည် အဆင့်ကိုးသတ်ဖြတ်ခြင်းဧကရာဇ် တစ်ပါးဖြစ်ပြီး သူတို့ကဲ့သို့ ထိပ်တန်းမြင့်မြတ်နယ်မြေမျိုးပင်လျှင် သူ့ကို ရန်မစ ရဲကြချေ။

သူ‌တောင် အကြီးမားဆုံးခြိမ်းခြောက်မှု မဟုတ်ပါက မည်သူ ဖြစ်နိုင်မည်နည်း။

မဟာမြင့်မြတ်နယ်မြေသခင်က မျက်မှောင်ကြုတ်လိုက်ပြီး

“ရှန်ဝူဧကရာဇ်ထက် ပိုပြီး အင်အားကြီးတဲ့လူ ရှိနေလို့လား။”

ပိုယွမ်ဧကရာဇ်က

“ရှန်ဝူဧကရာဇ်မှာ ရှေးဟောင်းခေတ်က ကောင်းကင်ဧကရာဇ် ဝင်စားသူလို့ သတင်းထွက်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ သူက စကြဝဠာရဲ့ အစွန်အဖျားဒေသတွေမှာ အင်ပါယာတစ်ခုကို တည်ထောင်ခဲ့ပြီး အခုဆိုရင် ရှနိုင်ငံဟာ နယ်မြေအကျယ်အဝန်းအရ စကြဝဠာမှာ အကြီးမားဆုံး အင်ပါယာ ဖြစ်နေပါပြီ။”

ပိုယွမ်ဧကရာဇ် စကားဆုံးသောအခါ မဟာမြင့်မြတ်နယ်မြေသခင်က လှောင်ပြုံးပြုံးလိုက်ပြီး

“ရယ်စရာပဲ... ပြီးခဲ့တဲ့ခေတ်မှာ ကောင်းကင်ဧကရာဇ် ရှိခဲ့ရင် ငါက ဘယ်လိုလုပ် မသိပဲ နေမှာလဲ။”

မဟာမြင့်မြတ်နယ်မြေသခင်သည် ပြီးခဲ့သည့်ခေတ်မှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်၏။ ထိုစဉ်က မဟာကပ်ဘေးကျရောက်ချိန်အထိ ထိုအဆင့်သို့ တစ်စုံတစ်ယောက် တက်လှမ်းနိုင်ခဲ့ကြောင်း သူ မကြားခဲ့ဖူးချေ။ ဤခေတ်တွင် ကောင်းကင်ဧကရာဇ်ဝင်စားသူတစ်ဦး မည်သို့ ရှိနိုင်မည်နည်း။

…………..

အခန်း( ၁၅၀၉ )

ထာဝရ ရန်သူဟူ၍ မရှိ

မဟာမြင့်မြတ်နယ်မြေသခင် မယုံကြည်သည်ကို မြင်လျှင် ပိုယွမ်ဧကရာဇ်က ဆက်လက်၍

“အဲ့ဒီလုချန်းက ကောင်းကင်ဧကရာဇ်ဝင်စားသူ ဟုတ်မဟုတ်ဆိုတာ ကျွန်တော်တို့လည်း အတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ သူတည်ထောင်ထားတဲ့ ရှစစ်တပ်ရဲ့ အကာအကွယ်ကတော့ အဆင့်ကိုး ဧကရာဇ်အဆင့်တွေတောင် မဖောက်ထွင်းနိုင်လောက်အောင် အရမ်းကို ခိုင်မာပါတယ်။”

မဟာမြင့်မြတ်နယ်မြေသခင်က နှာခေါင်းရှုံ့လျက်

“ငါတို့ မြင့်မြတ်နယ်မြေရဲ့ အကာအကွယ်ကလည်း အဆင့်ကိုး ဧကရာဇ်အဆင့်တွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိတာပဲ။”

ယခင်ခေတ်မှ လူတစ်ယောက်ဖြစ်သော မဟာမြင့်မြတ်နယ်မြေသခင်သည် ကောင်းကင်ဧကရာဇ် ဝင်စားသူ ရှိသည်ဟူသည့်အချက်ကို မယုံကြည်နိုင်ပေ။ သူကိုယ်တိုင် ထိုခေတ်ကို ဖြတ်သန်းခဲ့သူ ဖြစ်၏။

ထို့ပြင် ရှေးဟောင်း မြင့်မြတ်နယ်မြေများမှ လူများအတွက်တော့ ယေဘုယျအားဖြင့် အဆင့်ကိုး ဧကရာဇ်များ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသည့် အကာအကွယ် တည်ဆောက်နိုင်ခြင်းက ထူးဆန်းသည့်အရာ မဟုတ်ချေ။

ပိုယွမ်ဧကရာဇ်က အဘယ်ကြောင့် ထိုကိစ္စကို ပြောလာမှန်း မဟာမြင့်မြတ်နယ်မြေသခင် နားမလည်နိုင်ပေ။

မဟာမြင့်မြတ်နယ်မြေသခင်၏ မျက်နှာပေါ်မှ အထင်သေးသည့်အမူအရာကို မြင်လျှင် ပိုယွမ်ဧကရာဇ်က

“ယဲ့ဟွမ်ဧကရာဇ်နဲ့ ရွှမ်လင်ဧကရာဇ်တို့တောင် နည်းမျိုးစုံသုံးခဲ့ပေမဲ့ အဲဒီအကာအကွယ်ကို မချိုးဖျက်နိုင်ခဲ့ပါဘူး”

ဟု ထပ်လောင်းပြောလိုက်သည်။

ထိုအရာကို ကြားလျှင် မဟာမြင့်မြတ်နယ်မြေသခင် မျက်မှောင်ချက်ချင်း ကြုတ်သွား၏။

ယဲ့ဟွမ်ဧကရာဇ်နှင့် ရွှမ်လင်ဧကရာဇ်တို့သည် ရှန်ဝူဧကရာဇ်၏ လက်ရုံးများဖြစ်ကြ၏။ ၎င်းတို့၏ အင်အားသည် ရှန်ဝူဧကရာဇ်ကဲ့သို့ မကြီးမားသော်လည်း စကြဝဠာအတွင်းရှိ အဆင့်မြင့်ဆုံး အဆင့်ကိုး ဧကရာဇ်များထဲတွင် ပါဝင်ကြသည်။

ရှစစ်တပ်၏ အကာအကွယ်ကို သူတို့နှစ်ဦးစလုံး၏ အင်အားကုန်ဖြင့်ပင် မဖောက်ထွင်းနိုင်ခဲ့ပါက ထိုအကာအကွယ်သည် အမှန်ပင် ထူးခြားနေသည်ဟု ညွှန်ပြနေ၏။

ထိုအချက်က မဟာမြင့်မြတ်နယ်မြေသခင်၏ စိတ်ကို အနည်းငယ် လှုပ်ရှားသွားစေ၏။ မဟာမြင့်မြတ်နယ်မြေ၏ အကာအကွယ် အပါအဝင် ထိပ်တန်း မြင့်မြတ်နယ်မြေများ၏ အကာအကွယ်များသည်ပင် ရွှမ်လင်ဧကရာဇ်နှင့် ယဲ့ဟွမ်ဧကရာဇ်တို့ကဲ့သို့ အင်အားကြီးသူများ၏ စဉ်ဆက်မပြတ် တိုက်ခိုက်မှုကို အမြဲတမ်း တောင့်ခံနိုင်မည် မဟုတ်ပေ။

အနှေးနှင့်အမြန် ဆိုသလို အက်ကြောင်းများ ပေါ်လာမည်ပင်။

သို့သော်လည်း အကာအကွယ်သည် အကာအကွယ်သာဖြစ်၏။ ရှစစ်တပ်၏ အကာအကွယ်သည် အလွန်ခိုင်ခံ့နေသော်လည်း လုချန်း ကောင်းကင်ဧကရာဇ်ဝင်စားသူဟုတော့ မဟာမြင့်မြတ်နယ်မြေသခင် မယုံကြည်သေးပေ။

ရှစစ်တပ်၏ အကာအကွယ်ကို ပြင်ပနယ်မြေရှိ အခြားကမ္ဘာမှ သတ္တဝါများထံမှ လုချန်း ရရှိခဲ့ခြင်း ဖြစ်နိုင်၏။ ထို့ပြင် ထိုသတ္တဝါများတွင် အဆင့်ကိုး ဧကရာဇ်အဆင့်များကို ခုခံနိုင်သည့် နည်းဗျူဟာပုံစံ အမျိုးမျိုး ရှိနေနိုင်ခြင်းက မဖြစ်နိုင်သည့်အရာတော့ မဟုတ်ချေ။

ထိုသို့ တွေးတောရင်း မဟာမြင့်မြတ်နယ်မြေသခင်က

“အဲဒီလုချန်းအကြောင်း ဆက်ပြောဦး”

ပိုယွမ်ဧကရာဇ်က ချက်ချင်း မပြောသေးပဲ လုချန်းနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို မှတ်ဉာဏ်ပုလဲတစ်ခုအတွင်း စုစည်းကာ သူ၏စိတ်ထဲမှ ထုတ်ယူလိုက်၏။ သူ၏ရှေ့၌ လွင့်မျောနေသော အပြာရောင် မှတ်ဉာဏ်ပုလဲကို မြင်လျှင် မဟာမြင့်မြတ်နယ်မြေသခင်က မှတ်ဉာဏ်ပုလဲအတွင်းရှိ အချက်အလက်များကို စိတ်အာရုံဖြင့် တိုက်ရိုက် စစ်ဆေးလိုက်၏။

မှတ်ဉာဏ်ပုလဲထဲရှိ အကြောင်းအရာများကို ဖတ်ပြီးနောက် မဟာမြင့်မြတ်နယ်မြေသခင် မျက်မှောင်ကြုတ်လိုက်ပြန်၏။

ဤလုချန်း၌ အရည်အချင်း အတန်ငယ် ရှိပုံရသည်။

ရှစစ်တပ်၏ အကာအကွယ်တစ်ခုတည်းဆိုလျှင် ထူးခြားမည် မဟုတ်သော်လည်း လုချန်းသည် အချိန်တိုအတွင်း လျင်မြန်စွာ ကြီးထွားလာကာ လင်ကျောက် မဟာကြယ်နယ်မြေစု တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့၏။ ထိုသို့ပြုလုပ်နိုင်ရန်က အစွမ်းတစ်ခု မရှိပဲနှင့် မဖြစ်နိုင်ပေ။

လင်ကျောက် မဟာကြယ်နယ်မြေစုသည် စကြဝဠာအတွင်း ဝေးလံခေါင်သီသည့်နေရာတွင် ရှိသော်လည်း ၎င်း၏ နယ်မြေသည် ကျယ်ဝန်းလှ၏။ ရှစစ်တပ်၏ ကံစွမ်းအားသည် ယခုအခါ ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပုံရ၏။ ရှနိုင်ငံ ဤမျှ လျင်မြန်စွာ ကြီးထွားနိုင်ခြင်းသည် သာမန်မဟုတ်သည့် ဖြစ်စဉ်တစ်ခုဟု မဖြစ်မနေသတ်မှတ်ရမည်။

မင်းဆက်ကံစွမ်းအားအကြောင်း တွေးတောမိလျှင် တစ်စုံတစ်ခုကို မဟာမြင့်မြတ်နယ်မြေသခင် ရုတ်တရက် သတိပြုမိသွား၏။ သူသည် ထိုအဆင့်သို့ တက်လှမ်းရန် နီးစပ်နေခဲ့သော်လည်း ရုတ်တရက် သူ၏လမ်းစဉ် တစ်ဖန် ပြန်လည် ပိတ်ဆို့ခံလိုက်ရသည်။

စကြဝဠာတစ်ခုတွင် ကောင်းကင်ဧကရာဇ် တစ်ပါးသာ ပေါ်ထွက်နိုင်သည်ဟု ယခင်ခေတ်က ကောလာဟလ ရှိခဲ့၏။ တစ်စုံတစ်ယောက်၏ ကံစွမ်းအား အလွန်အားကောင်းလာသောအခါ ထိုသူသည် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်ခြေ ပိုများလာ၏။ တစ်စုံတစ်ယောက်၏ ကံစွမ်းအား အလွန်အားကောင်းသွားပါက အခြားဧကရာဇ်များအတွက် ကောင်းကင်ဧကရာဇ် ဖြစ်လာမည့်လမ်းစဉ်ကို ဖြတ်တောက်ပစ်လိုက်သည်။

လုချန်းက သူ၏ ကောင်းကင်ဧကရာဇ် ဖြစ်လာမည့်လမ်းစဉ်ကို ဖြတ်တောက်လိုက်သည်ဟု မဟာမြင့်မြတ်နယ်မြေသခင် ယခု ခံစားနေရ၏။

ထိုဖြစ်နိုင်ခြေကို သတိပြုမိလျှင် မဟာမြင့်မြတ်နယ်မြေသခင်၏ မျက်နှာ ပျက်ယွင်းသွား၏။ နှစ်ပေါင်းသောင်းချီကြာ တံခါးပိတ်ကျင့်စဉ်ဝင်ခဲ့ပြီးနောက် ဤခေတ်တွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာလိမ့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။

ဤလုချန်းကို အသက်ရှင်ခွင့် လုံးဝ မပေးနိုင်ပေ။ ရှန်ဝူဧကရာဇ်နှင့် နှိုင်းယှဉ်လျှင် သူသည် ပို၍ ကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်၏။

မဟာမြင့်မြတ်နယ်မြေသခင် နှုတ်ဆိတ်ကာ တိတ်ဆိတ်နေသည်ကို မြင်လျှင် ပိုယွမ်ဧကရာဇ်က

“ဘိုးဘေး... ကျွန်တော်တို့ အခု ဘာလုပ်သင့်သလဲ”

ဟု မေးလိုက်၏။

တွေးတောပြီးနောက် မဟာမြင့်မြတ်နယ်မြေသခင်က

“အဲဒီလုချန်းက အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေတာကြောင့် သူ့ကို အရင်ဆုံး ဖယ်ရှားဖို့ နည်းလမ်းရှာရမယ်။”

သူ၏အသံက အေးစက်ပြတ်သားလှ၏။

“ရှန်ယွဲ့နိုင်ငံနဲ့ ထျန်းကျိရဲတိုက်တို့က ရှစစ်တပ်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ဆွေးနွေးနေကြလောက်ပြီ။ သတင်းအချက်အလက်တွေ စုဆောင်းဖို့အတွက် ထျန်းကျိရဲတိုက်နဲ့ ရှန်ယွဲ့နိုင်ငံဆီကို သံတမန်တွေ လွှတ်လို့ရတယ်။”

ရှန်ဝူဧကရာဇ်သည်လည်း မဟာမြင့်မြတ်နယ်မြေသခင်အတွက် ခြိမ်းခြောက်မှုဖြစ်၏။ သို့သော် လုချန်း၏ တိုးတက်မှုက အလွန် လျင်မြန်လှ၏။ နှစ်တစ်ထောင်မပြည့်မီ ဤအဆင့်သို့ လုချန်း ရောက်ရှိလာခြင်းက ရှန်ယွဲ့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုထက်ပင် ပို၍ မြန်ဆန်နေသည်။

အကယ်၍ ရှစစ်တပ်က ဆက်လက် နယ်မြေချဲ့ထွင်ကာ လုချန်းကို ဆက်၍ ကြီးထွားခွင့်ပေးထားမည်ဆိုပါက ကောင်းကင်ဧကရာဇ် ရာထူးသည် လုချန်းထံသို့ ရောက်ရှိသွားနိုင်ဖွယ်ရှိ၏။ ထိုအရာကို လုံးဝ လက်ခံနိုင်စရာ မရှိပေ။

ထို့ကြောင့် လုချန်း သေရမည်ဖြစ်သည်။ လုချန်း သေဆုံးမှသာ မဟာမြင့်မြတ်နယ်မြေသည် ရှန်ဝူဧကရာဇ်ကို ယုံကြည်မှုရှိရှိ ရင်ဆိုင်နိုင်မည်ဖြစ်၏။

အရေးကြီးဆုံး အချက်တစ်ခု ရှိသေးသည်။ ပိုယွမ်ဧကရာဇ်၏ မှတ်ဉာဏ်ပုလဲထဲမှ ပို၍ ကြီးမားသည့် ပြဿနာတစ်ခုကို မဟာမြင့်မြတ်နယ်မြေသခင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်၏။

လုချန်းသည် မိမိကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်အဖြစ် ကြေညာထားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဤစကြဝဠာ၏ လမ်းစဉ်က မည်သည့် အပြစ်ပေးမှုမှ မပြုလုပ်ခဲ့ပေ။

အခြားဧကရာဇ်များသာ မိမိကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်ဟု ခေါ်ဆိုဝံ့ပါက ကောင်းကင်ဘုံလမ်းစဉ်၏ ဖျက်ဆီးခြင်းကို ခံရသည်မှာ ကြာပြီဖြစ်လိမ့်မည်။

ဤရှုထောင့်အရ လုချန်းသည် ကောင်းကင်ဧကရာဇ် ဝင်စားသူ မဟုတ်လျှင်တောင် သူသည် ကောင်းကင်ဧကရာဇ် ဖြစ်လာမည့် အလားအလာ သို့မဟုတ် ကောင်းကင်ဧကရာဇ် မျိုးစေ့ ရှိနေသောကြောင့် ဤစကြဝဠာ၏ ကောင်းကင်ဘုံလမ်းစဉ်က သူ့အပေါ် အရေးမယူခြင်း ဖြစ်နိုင်၏။

ထိုအရာက အခြားဧကရာဇ်များအတွက် အလွန် တရားမျှတမှု မရှိပေ။ အခြားသူများက ထိုအဆင့်သို့ တက်လှမ်းရန် နည်းလမ်းရှာနေချိန်တွင် အဆင့်ကိုး ဧကရာဇ်အဆင့်ပင် မဟုတ်သော လုချန်းက ဤစကြဝဠာ၏ အလိုအရ ကောင်းကင်ဧကရာဇ်အဖြစ် သတ်မှတ်ခြင်း ခံထားရပြီးဖြစ်၏။

ဤအချက်တစ်ခုတည်းကပင် မဟာမြင့်မြတ်နယ်မြေသခင်အတွက် အလွန် မကျေမနပ်ဖြစ်စရာ ကောင်းလှ၏။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ လုချန်း ဤစကြဝဠာမှ ပျောက်ကွယ်သွားရမည်။

ထို့နောက် မဟာမြင့်မြတ်နယ်မြေသခင်သည် ရှစစ်တပ်ကို ရင်ဆိုင်ရန် အင်အားစုစည်းဖို့ ရည်ရွယ်လျက် ထျန်းကျိရဲတိုက်နှင့် ရှန်ယွဲ့နိုင်ငံတို့သို့ သံတမန်များ လွှတ်ရန် ပိုယွမ်ဧကရာဇ်ကို ညွှန်ကြားလိုက်၏။

ထာဝရ ရန်သူဟူ၍ မရှိပေ။ ထာဝရ အကျိုးစီးပွားသာ ရှိသည်။ လက်ရှိအချိန်တွင် လုချန်းကို ဖယ်ရှားခြင်းသည် မဟာမြင့်မြတ်နယ်မြေသခင်၏ အဓိက အကျိုးစီးပွား ဖြစ်သည်။

လုချန်းကို ဖယ်ရှားပြီးမှသာ ရှန်ယွဲ့နိုင်ငံကို ကိုင်တွယ်ရန် နောက်မှ ဆက်၍ စဉ်းစားနိုင်သည်။

…….

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။ နောက်ထပ် နှစ်အနည်းငယ် ကြာသွားခဲ့သည်။

လျှို့ဝှက်လဝန်းနန်းတော်သည် ဗဟိုကြယ်နယ်မြေ၏ အစွန်အဖျား ကြယ်နယ်မြေတစ်ခုသို့ အောင်မြင်စွာ ရွှေ့ပြောင်း အခြေချနိုင်ခဲ့၏။ ယခုအခါ ဗဟိုကြယ်နယ်မြေ၏ အစွန်အဖျား ကြယ်နယ်မြေများသည် ယခင်ကကဲ့သို့ စည်ကားခြင်း မရှိတော့ချေ။ အတိတ်တုန်းက ဤအစွန်အဖျား ကြယ်နယ်မြေများ၌ပင် နတ်လှေများ အသွားအလာ ရှိခဲ့၏။

ယနေ့ခေတ်တွင်မူ နတ်လှေ အနည်းငယ်သာ ကျန်ရှိတော့၏။ ဟင်းလင်းပြင်တစ်ခုလုံးသည် အလွန် ခြောက်သွေ့ကာ အထီးကျန် ဆိတ်သုဉ်းနေပုံရ၏။ ဗဟို ကြယ်နယ်မြေအတွင်းရှိ အင်အားကြီး အားလုံးလည်း စစ်ပွဲအတွက် ပြင်ဆင်နေကြ၏။ အားနည်းသည့် အင်အားစုအချို့ကမူ ဤနေရာ၌ ၎င်းတို့ ဆက်ရှိနေလျှင် ပျက်စီးခြင်းကိုသာ ဦးတည်မည်ဖြစ်ကြောင်း သိသောကြောင့် ဗဟိုကြယ်နယ်မြေမှ ဝေးရာသို့ ရှောင်ခွာသွားကြ၏။

အင်အားစု အငယ်စား အမြောက်အမြားသည် ခေတ်ကူးနယ်မြေနှင့်ပတ်သက်သည့် ကိစ္စများကို မသိကြသဖြင့် ဤပြဿနာ နယ်မြေမှ ဝေးရာသို့ ရှောင်ခွာရန်သာ ရွေးချယ်လိုက်ကြ၏။

ထိပ်တန်း အင်အားစုများကမူ ကွဲပြားကြ၏။ အထူးသဖြင့် ထိုရှေးဟောင်း မြင့်မြတ်နယ်မြေများဖြစ်၏။ ၎င်းတို့သည် အင်အားအဆင့် သိပ်မမြင့်သော်လည်း ဗဟိုကြယ်နယ်မြေမှ ထွက်ခွာရန် ရည်ရွယ်ချက် မရှိကြချေ။

ယခုတော့ စစ်ပွဲ၏ အငွေ့အသက်များသည် ဗဟို ကြယ်နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီဖြစ်၏။

……

အနီရောင် မိုးစက်ကမ္ဘာ။

အရက်ဆိုင်တစ်ဆိုင်အတွင်း၌ လုချန်း၏ ကိုယ်ပွား ထိုင်နေ၏။ သူသည် ဝိုင်သောက်ရင်း မဟာမြင့်မြတ်နယ်မြေ၏ အကြောင်းများကို ဆွေးနွေးနေကြသည့် ကျင့်ကြံသူများ၏ စကားကို နားထောင်နေသည်။

All Chapters