← Chapters

အခန်း (၁၅၁၀-၁၅၁၂)

Vol. 101 Ch. 1510-1512

အခန်း (၁၅၁၀-၁၅၁၂)

Vol. 101 Ch. 1510-1512

အခန်း( ၁၅၁၀ )

မဟာမြင့်မြတ်နယ်မြေ၏ လှုပ်ရှားမှုများ

“ခင်ဗျားတို့ ကြားပြီးပြီလား။ မဟာမြင့်မြတ်နယ်မြေက ထျန်းကျိရဲတိုက်နဲ့ ရှန်ယွဲ့နိုင်ငံတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ စီစဉ်နေတယ်ဆိုတာလေ။”

“တကယ်လား။ မဟာမြင့်မြတ်နယ်မြေက ထိပ်တန်းအင်အားစုတစ်ခု မဟုတ်ဘူးလား။ ဘာလို့ သူတို့က ထျန်းကျိရဲတိုက်နဲ့ ရှန်ယွဲ့နိုင်ငံတို့နဲ့ မဟာမိတ်ဖွဲ့ရတာလဲ။”

“ဒီထိပ်တန်းအင်အားစု သုံးစုက မဟာမိတ်ဖွဲ့ပြီး ဘာလုပ်မလို့ပါလိမ့်။ ဗဟို ကြယ်နယ်မြေက ရှေးဟောင်း မြင့်မြတ်နယ်မြေတွေကို ကိုင်တွယ်ချင်လို့များလား။”

“အဲဒီလို မဟုတ်ဘူး။ သူတို့ရဲ့ မဟာမိတ်အဖွဲ့က ရှစစ်တပ်ကို ရည်ရွယ်တာလို့ ကျုပ် ကြားတယ်။”

“ဟုတ်တာပေါ့။ ရှစစ်တပ်က အခု အထွတ်အထိပ်ကို ရောက်နေပြီ။ စကြဝဠာထဲမှာ နယ်မြေအကျယ်ဆုံး နိုင်ငံ ဖြစ်နေပြီလေ။ သူတို့ရဲ့ ကံစွမ်းအားကလည်း အားအကောင်းဆုံး ဖြစ်လောက်တယ်။ ကောင်းကင်ဧကရာဇ် လူဝင်စားလည်း ရှိနေတာဆိုတော့ ဒီအင်အားစုတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုပဲ။”

……

အရက်ဆိုင်အတွင်းရှိ ကျင့်ကြံသူများ၏ ဆွေးနွေးမှုများကို နားထောင်ရင်း လုချန်းသည် အတွေးထဲ နစ်မြောလျက် ဝိုင်ကို ဆက်သောက်နေ၏။ သူ၏ ကျော်ကြားမှုသည် လျင်မြန်စွာ ပြန့်နှံ့လာနေပြီဖြစ်၏။

နောင်တွင် ပို၍များသော ထိပ်တန်းအင်အားစုများက သူ့ကို ဆန့်ကျင်ရန် ရှန်ယွဲ့နိုင်ငံနှင့် ပူးပေါင်းလာဖွယ် ရှိသည်။

သို့သော်လည်း ဤအရာက ပြဿနာကြီးတစ်ခုတော့ မဟုတ်ပေ။ နတ်ဝိညာဉ်ထီးက ဖန်တီးထားသည့် အကာအကွယ်ကို ချိုးဖျက်နိုင်သည့် နည်းလမ်းမရသရွေ့ ထိပ်တန်းအင်အားစုများ မည်မျှပင် ပူးပေါင်းစေကာမူ ရှစစ်တပ်ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။

သို့ရာတွင်...

ရှန်ဝူဧကရာဇ်နှင့် အခြားသူများသည် ဤအကာအကွယ်၏ အင်အားကို သိရှိထားပြီး ဖြစ်ရမည်။ ယခု သူတို့ ပူးပေါင်းလိုက်ပြီ ဖြစ်သဖြင့် ငြိမ်သက်စွာ ထိုင်စောင့်နေကြမည်တော့ မဟုတ်ပေ။ တစ်စုံတစ်ခုကို ကြံစည်နေကြမှာ ဧကန်မုချဖြစ်သည်။

ရှစစ်တပ်ကို ဆန့်ကျင်ရန် သူတို့တွင် လက်ရှိ၌ မည်သည့်အစီအစဉ်များ ရှိနေသည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

လုချန်း ထိုကိစ္စကို တွေးတောနေစဉ် အရက်ဆိုင်အတွင်းရှိ ကျင့်ကြံသူများ ဆက်လက်၍ ဆွေးနွေးနေကြသည်။

“အမှန်အတိုင်း ပြောရရင် ဒီထိပ်တန်းအင်အားစုအချို့ရဲ့ မဟာမိတ်က ရှစစ်တပ်ကို တိုက်ရိုက် ကိုင်တွယ်ဖို့ မဟုတ်ဘူးလို့ ကျုပ် ခံစားရတယ်။”

ထိုကျင့်ကြံသူ၏ စကားကို ကြားလျှင် အနီးရှိ အခြားသူတစ်ယောက်က

“ဘာလို့ အဲဒီလို ပြောတာလဲ”

ဟု စပ်စုစွာ မေးလိုက်သည်။

ကျင့်ကြံသူက

“ပြင်ပနယ်မြေက အခြားစကြဝဠာတွေကိုသွားနိုင်တဲ့ လမ်းကြောင်းအကြောင်း ကျုပ် ကြားဖူးတယ်။ အဲဒီလမ်းကြောင်းကြောင့် ရတနာအမြောက်အမြားက ပြင်ပနယ်မြေထဲကို ဝင်လာတယ်လေ။ အဲ့ဒီထဲမှာ အဆင့်ကိုး ဧကရာဇ်အဆင့်တွေကို အဆင့်တက်ဖို့ ကူညီပေးနိုင်တဲ့ ရတနာတွေတောင် ပါတယ်တဲ့။”

“ရှန်ယွဲ့နိုင်ငံလို ထိပ်တန်းအင်အားစုအချို့ရဲ့ မဟာမိတ်ဖွဲ့မှုက ပြင်ပနယ်မြေကို စူးစမ်းဖို့ ဖြစ်လောက်တယ်။ ဒါ့ပြင် အခု ရှစစ်တပ်က အရမ်းကို အင်အားကြီးနေတာကြောင့် သူတို့ကို ခုခံဖို့အတွက်လည်း ဖြစ်နိုင်တယ်။ ရှစစ်တပ်မှာ တခြား ဘယ်လို နည်းလမ်းတွေ ရှိနေဦးမလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူးလေ။”

ထိုရှင်းပြချက်ကို ကြားလျှင် လုချန်း စိတ်လှုပ်ရှားသွားပြီး သူ၏ လက်ထဲရှိ ဝိုင်ခွက်ကို ချလိုက်ကာ ဘေးစားပွဲမှ ကျင့်ကြံသူကို

“မိတ်ဆွေ... ခင်ဗျားပြောတာတွေ အကုန်လုံး အမှန်ပဲလား”

ဟု တိုက်ရိုက် မေးလိုက်သည်။

ရုတ်တရက် ထိုမေးခွန်းကို ကြားလျှင် ထိုကျင့်ကြံသူ ခဏခန့် မှင်တက်သွားသော်လည်း လျင်မြန်စွာပင် တည်ငြိမ်သွား၏။ ထိုစားပွဲရှိ ကျင့်ကြံသူများကလည်း လုချန်းဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

သူတို့မျက်လုံးများ၌ စူးစမ်းလိုသည့် အရိပ်အ‌ယောင်များ ထင်ဟပ်သွားသည်။ လုချန်းထံမှ ထွက်ပေါ်နေသော သူတော်စင်အဆင့် အငွေ့အသက်ကို မြင်သော်လည်း သူတို့ အလွန် အံ့အားသင့်ခြင်း မရှိကြပေ။

ဤနေရာသည် ဗဟိုကြယ်နယ်မြေ၏ အစွန်အဖျား ဖြစ်နေပြီဖြစ်၏။ သူတော်စင်များသည် နေရာတိုင်းတွင် လျှောက်သွားနေခြင်း မရှိသော်လည်း အရပ်ထဲတွင် သူတော်စင်တစ်ပါး ပေါ်လာခြင်းက ထူးဆန်းသည့်အရာတော့ မဟုတ်ချေ။ သူတော်စင်များ မဆိုထားနှင့် ဧကရာဇ်လောင်းများနှင့် ဧကရာဇ်အဆင့်များကိုပင် ကျင့်ကြံသူ အတော်များများ မြင်ဖူးကြသည်။

ကျင့်ကြံသူက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး

“ဒီသတင်းက ကျုပ်လည်း တခြားနေရာကနေ ကြားခဲ့တာဖြစ်လို့ အစစ်အမှန် ဟုတ်မဟုတ်တော့ အတည်မပြုနိုင်ပါဘူး။ ဒါပေမဲ့ ထျန်းကျိရဲတိုက်နဲ့ ရှန်ယွဲ့နိုင်ငံတို့က မကြာသေးခင်က တပ်တွေကို တကယ်ပဲ စေလွှတ်နေတာကြောင့် ကြီးမားတဲ့ အစီအစဉ်တစ်ခု ရှိနေတာတော့ သေချာပါတယ်။”

လုချန်းက

“နားလည်ပြီ။ ကိစ္စမရှိပါဘူး။ ကျုပ်က ဒီအတိုင်းပဲ မေးကြည့်တာပါ”

ဟု ပြန်ဖြေလိုက်၏။

ပြင်ပနယ်မြေတွင် အခြားစကြဝဠာများသို့ ဦးတည်သည့် လမ်းကြောင်းတစ်ကြောင်း တကယ် ရှိနေပါက နယ်စပ်ဖြတ်ကျော် ကျောက်တုံးကို အသုံးပြု၍ ဤစကြဝဠာမှ ထွက်ခွာနိုင်မလားဟု လုချန်းက စိတ်ထဲ တွေးလိုက်၏။ စနစ်၏ ဆုလာဘ်ဖြစ်သော နယ်စပ်ဖြတ်ကျော် ကျောက်တုံးသည် ဤကဲ့သို့သော ရည်ရွယ်ချက်အတွက် ဖြစ်သင့်သည် မဟုတ်ပါလား။

ထိုအရာကို သူ ဧကန်မုချ သွားရောက် စစ်ဆေးရပေမည်။

ထိုအတွေးနှင့်အတူ လုချန်း၏ ပင်မခန္ဓာသည် ရှနိုင်ငံ၌ ကျင့်ကြံသူ အစည်းအဝေးတစ်ခုကို ချက်ချင်း ခေါ်ယူလိုက်၏။ဆုံးဖြတ်ချက်များ ချမှတ်ရမည့် အချိန်သို့ ရောက်ပြီဖြစ်ကြောင်း သူ ယူဆသည်။

သို့သော်လည်း ဤတစ်ကြိမ် အစည်းအဝေး၌ ဧကရာဇ်အဆင့်များသာ ပါဝင်သည်။

…….

ထျန်းချန်ကမ္ဘာ။

ကောင်းကင်ဧကရာဇ် ခန်းမ။

ကောင်းကင်ဧကရာဇ် ခန်းမသည် ခမ်းနားထည်ဝါလှပြီး သက်ဝင်ရွှေဖြင့် ပြုလုပ်ထားသော ကြီးမားသည့် တိုင်လုံးကြီးများ ရာပေါင်းများစွာ ရှိကာ ခန်းမ၏ အမိုးကလည်း ပေသုံးရာကျော် မြင့်မားသောကြောင့် အတွင်းရှိ လူများပင် သေးငယ်သွားပုံရ၏။

ဤခန်းမသည် ဧကရာဇ်အဆင့်များ တွေ့ဆုံရန်အတွက် သီးသန့် တည်ဆောက်ထားခြင်း ဖြစ်သဖြင့် အလွန်ခမ်းနားထည်ဝါလှ၏။

ကင်းလှည့်တာဝန်ကျနေသော ဧကရာဇ်များသည် ကျင့်စဉ်အစည်းအဝေးသို့ တက်ရောက်ရန် ၎င်းတို့၏ ကိုယ်ပွားများကိုသာ စေလွှတ်ထားသော်လည်း ရှစစ်တပ်၏ ဧကရာဇ်အဆင့် အများစု ရောက်ရှိနေကြ၏။

ကောင်းကင်ဧကရာဇ် ခန်းမကို တည်ဆောက်ပြီးကတည်းက ဧကရာဇ်အဆင့်အစည်းအဝေးကို လုချန်းက ပထမဆုံးအကြိမ် ခေါ်ယူခြင်း ဖြစ်သောကြောင့် အရေးကြီးသည့် ကိစ္စတစ်ခု ရှိနေကြောင်း ထင်ရှားသည်။

ထိုအချိန်တွင် ပလ္လင်ပေါ်၌ လုချန်း၏ ပုံရိပ် ပေါ်လာ၏။ လုချန်း ပေါ်လာသည်ကို မြင်လျှင် ခန်းမအတွင်းရှိ ဧကရာဇ်များက

“ကောင်းကင်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

ဟု တပြိုင်နက်တည်း ဂါရဝပြုလိုက်ကြ၏။

လုချန်းက

“ထုံးစံတွေ ထားလိုက်ပါ”

ထို့နောက် ခန်းမအတွင်းရှိ ဧကရာဇ်များ မတ်တတ်ရပ်လိုက်ကြကာ လုချန်းပြောမည့် စကားကို စောင့်ဆိုင်းရင်း သူ့ကို ကြည့်လိုက်ကြ၏။

လုချန်းက ခန်းမအတွင်းရှိ ဧကရာဇ်များကို ဝေ့ကြည့်လိုက်ကာ အရေအတွက်ကို ရေတွက်လိုက်၏။ ရှစစ်တပ်တွင် ယခုအခါ ဧကရာဇ်အဆင့် ရှစ်ဆယ်ကျော် ရှိနေပြီဖြစ်၏။

ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြု၍ ဤဧကရာဇ်အဆင့်များ၏ အင်အားကို ပေါင်းစပ်လိုက်ပါက သူ့ကို ကောင်းကင်ဧကရာဇ်နှင့် ညီမျှသော သို့မဟုတ် သာလွန်သော အင်အားကို ပေးစွမ်းရန် လုံလောက်လုနီးပါး ရှိပေလိမ့်မည်။

ထို့ကြောင့် သူ ပြင်ပနယ်မြေကို ဧကန်မုချ စူးစမ်းရပေမည်။

သို့သော်လည်း ဤဧကရာဇ်အဆင့်များ အားလုံး သူနှင့်အတူ ပြင်ပနယ်မြေသို့ လိုက်သွားပါက ရှစစ်တပ်တွင် မမျှော်လင့်ထားသည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာလျှင် မည်သို့ ကိုင်တွယ်မည်နည်း။

ရှစစ်တပ်သည် လက်ရှိတွင် နတ်ဝိညာဉ်ထီး၏ အကာအကွယ်ဖြင့် အလွန် ဘေးကင်းနေသော်လည်း ထျန်းကျိရဲတိုက်က ထိုအရာကို ဖောက်ထွင်းရန် နည်းလမ်း ရှာမတွေ့နိုင်ဟု မည်သူက အာမခံနိုင်မည်နည်း။

လုချန်း တိတ်ဆိတ်နေသည်ကို မြင်လျှင် မိုးကြိုး ဧကရာဇ်က

“အခုတစ်ခေါက် ကောင်းကင်ဧကရာဇ်က ကျွန်တော်တို့ကို ဘာကိစ္စနှင့် စုစည်းခိုင်းတာလဲဆိုတာ မေးပါရစေ။”

ဟု စူးစမ်းစွာ မေးလိုက်၏။

လုချန်း သတိပြန်ဝင်လာပြီးနောက်

“မဟာမြင့်မြတ်နယ်မြေက ရှန်ယွဲ့နိုင်ငံနှင့် မဟာမိတ်ဖွဲ့လိုက်ပြီလို့ ကျုပ်ကြားခဲ့တယ်။”

ထိုအရာကို ကြားလျှင် ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များ အံ့အားသင့်သွားကြ၏။

မဟာမြင့်မြတ်နယ်မြေ....

၎င်းသည် ဤခေတ်၏ အစောဆုံး မြင့်မြတ်နယ်မြေများထဲမှ တစ်ခုဖြစ်၏။ မဟာမြင့်မြတ်နယ်မြေနှင့် ရှန်ယွဲ့နိုင်ငံတို့ကြား ဆက်ဆံရေးက မည်သည့်အခါကမှ ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပေ။ အခု သူတို့က အဘယ်ကြောင့် ရုတ်တရက် မဟာမိတ်ဖွဲ့လိုက်ရသနည်း။

မဟာမြင့်မြတ်နယ်မြေကဲ့သို့ ထိပ်တန်း ရှေးဟောင်း မြင့်မြတ်နယ်မြေများသည် ယေဘုယျအားဖြင့် ရှန်ယွဲ့နိုင်ငံကို အထင်သေးလေ့ရှိ၏။ အထူးသဖြင့် ရှန်ဝူဧကရာဇ်အပေါ် သိသာထင်ရှားသော ရန်လိုမှုများပင် ရှိတတ်ကြသည်။

နှစ်ပေါင်းအမြောက်အမြား အသက်ရှင်ခဲ့သည့် ထိုအဆင့်ကိုး ဧကရာဇ်များအတွက် ရှန်ဝူဧကရာဇ်၏ ကျင့်စဉ်ပါရမီသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူးခြားနေ၏။ လုချန်း မပေါ်လာမီအထိ သူသည် ထိုအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး အရှိဆုံးသူအဖြစ် အမြဲတမ်း သတ်မှတ်ခံခဲ့ရသည်။

အချို့သော ရှေးဟောင်း မြင့်မြတ်နယ်မြေများသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသော ရှန်ဝူဧကရာဇ်ကို ဖယ်ရှားရန်အတွက် ရှန်ယွဲ့နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ဖို့ပင် ပြင်ဆင်နေကြသည်ဟု ကောလာဟလများ ရှိခဲ့၏။ သို့သော် ယခုတော့ မဟာမြင့်မြတ်နယ်မြေက ရှန်ယွဲ့နိုင်ငံနှင့် ပူးပေါင်းရန် ရွေးချယ်လိုက်ပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် ခန်းမအတွင်းရှိ ဧကရာဇ်တစ်ပါးက

“မဟာမြင့်မြတ်နယ်မြေက မင်းကြီးကို ရည်ရွယ်နေတာများလား”

ဟု ထင်ကြေးပေးလိုက်၏။

လုချန်းသည် ကောင်းကင်ဧကရာဇ်၏ အင်အားကို မပိုင်ဆိုင်ထားပဲ မိမိကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်အဖြစ် ကြေညာထားခြင်းဖြစ်၏။ ဤအချက်ကို စကြဝဠာတစ်ခွင်လုံးက သိရှိသွားကြပြီဖြစ်သည်။

အဓိကအချက်မှာ လုချန်းသည် ကောင်းကင်ဘုံလမ်းစဉ်၏ အသိအမှတ်ပြုမှုကို အတိုင်းအတာတစ်ခုအထိ ရရှိထားခြင်းဖြစ်၏။ ထို့ကြောင့် အဆင့်ကိုး၌ ပိတ်မိနေသော အခြားဧကရာဇ်အဆင့်များ မကျေမနပ် ဖြစ်နေနိုင်ခြေ ရှိသည်။

လုချန်းက

“အဲ့ဒါက ဖြစ်နိုင်ခြေတစ်ခုပါပဲ။ ဒါပေမဲ့ ကျုပ် တခြားဖြစ်နိုင်ခြေတစ်ခုကိုလည်း ကြားခဲ့တယ်။”

“ဗဟို ကြယ်နယ်မြေထဲမှာ ပြန့်နေတဲ့ ကောလာဟလတွေအရ ပြင်ပနယ်မြေထဲမှာ အခြားစကြဝဠာတွေကို သွားတဲ့ လမ်းကြောင်းတစ်ခု ရှိနေပြီး ပြင်ပနယ်မြေထဲကို ရတနာအမြောက်အမြား ရောက်လာနေတယ်တဲ့။ အဲ့ဒီထဲမှာ ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်စေမယ့် ရတနာတွေတောင် ပါဝင်နေတယ်လို့ ဆိုကြတယ်။”

ထိုစကားများ ပြောလိုက်သည်နှင့် ခန်းမအတွင်း၌ ဆွေးနွေးသံများ ချက်ချင်း ဆူညံသွားတော့၏။ ဧကရာဇ်အချို့၏ မျက်ဝန်းများတွင် တောက်ပမှုတစ်ခု လက်ခနဲ ပေါ်လာသည်။ ဤသတင်းသည် အလွန် အရေးပါလှ၏။

……………

အခန်း (၁၅၁၁ )

ရှန်ဝူဧကရာဇ်မြင်‌သော အခွင့်ကောင်း

လုချန်း၏ စကားများကို ကြားလျှင် ခန်းမအတွင်းရှိ ဧကရာဇ် အဆင့်များလည်း အခွင့်အရေးများအတွက် ယှဉ်ပြိုင်ရန် ပြင်ပနယ်မြေသို့ ဧကန်မုချ သွားသင့်သည်ဟု ယုံကြည်ကြကုန်၏။ သူတို့သည် ဤသတင်း၏ စစ်မှန်မှုကို သံသယမရှိကြပေ။

အကြောင်းရင်းကား အလွန်ရိုးရှင်းလှသည်။ ပြင်ပနယ်မြေတွင် ဤစကြဝဠာနှင့် မသက်ဆိုင်သော အင်အားကြီး သတ္တဝါများစွာ ရှိနေနှင့်ပြီး ဖြစ်လေသည်။ ၎င်းတို့သည် အခြားစကြဝဠာမှ လာခြင်းဖြစ်နိုင်ခြေ များ၏။

လောကဇာတ်ခုံပေါ်တွင် အလကားရသော အခွင့်အရေးဟူ၍ မရှိပေ။ ထိုပြင်ပမှ အင်အားကြီးသူများသည် ပြင်ပနယ်မြေသို့ ဝင်ရောက်နိုင်ခြင်းကြောင့် အခြားစကြဝဠာ၏ ရတနာများလည်း ပြင်ပနယ်မြေတွင် ပေါ်ထွန်းလာနိုင်ခြင်းက သဘာဝကျလှပေသည်။

“စကြဝဠာတစ်ခုတွင် ကောင်းကင်ဧကရာဇ် တစ်ပါးသာ ပေါ်ထွန်းနိုင်သည်” ဟူသော မှတ်တမ်းအား ဘယ်သောအခါမှ အတည်မပြုနိုင်ခဲ့သော်လည်း အကယ်၍ ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်နိုင်အောင် စွမ်းဆောင်ပေးနိုင်သည့် ရတနာများ တကယ်ရှိနေလျှင် ထိုရတနာများကို အခြားသူများအား လုံးဝ ရယူခွင့် မပေးနိုင်ပေ။ တစ်ဖက်လူကို သာသွားစေမည့် လမ်းကြောင်းကို မည်သူကမှ လွယ်လွယ်နှင့် ခွင့်ပြုမည် မဟုတ်ပေ။

သို့သော် ဖြစ်နိုင်ခြေ အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းပေလိမ့်မည်။ အကယ်၍ ထိုမှတ်တမ်းသာ မှန်ကန်ပြီး ကောင်းကင်ဧကရာဇ် ဖြစ်လာရန် လိုအပ်သော ရတနာများ အခြား ဧကရာဇ် အဆင့်များ လက်ထဲသို့ ကျရောက်သွားပါက ရှနိုင်ငံ၏ ဧကရာဇ်ဖြစ်သော လုချန်း ဘယ်လိုလုပ်မည်နည်း။

ထို့ကြောင့် မည်သို့သော အခြေအနေမျိုးတွင်မဆို ထိုအဆင့်ကို တက်လှမ်းနိုင်ရန် ကူညီပေးနိုင်သော ရတနာများသည် ဤစကြဝဠာရှိ အခြားအင်အားစုများ လက်ထဲသို့ မကျရောက်စေရန် တားဆီးရမည် ဖြစ်သည်။

ခန်းမအတွင်းရှိ ဧကရာဇ်များ ခဏခန့် ဆွေးနွေးပြီးနောက် လုချန်းက

“ အဆင့်ကိုး ဧကရာဇ်ကို ကောင်းကင်ဧကရာဇ် ဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ ရတနာတွေ တကယ်ရှိနေရင် အဲ့ဒါတွေကို တခြားလူတွေ လက်ထဲ မကျရောက်စေရဘူး။ ဒါကြောင့် ကျုပ်တို့ ပြင်ပနယ်မြေကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။”

လုချန်း၏ စကားကို ကြားလျှင် ခန်းမအတွင်းရှိ ဧကရာဇ် အားလုံးလည်း ၎င်းတို့၏ သဘောတူညီမှုကို ထုတ်ဖော်ကြကုန်၏။ ထိုကဲ့သို့ အရေးကြီးသော အရာများကို တိုက်ယူရမည်သာ ဖြစ်သည်။

၎င်းသည် ကောင်းကင်ဧကရာဇ် အဆင့်နှင့် ပတ်သက်နေပြီး နောင်တွင် စကြဝဠာကပ်ဘေးမှ လွတ်မြောက်ရန် ပိုမိုကြီးမားသော အာမခံချက်တစ်ခုလည်း ဖြစ်ပေသည်။ ဆုံးဖြတ်ချက်တစ်ခုသည် ရှေ့ဆက်ရမည့် ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားနိုင်သည်။ သူတို့တွန့်ဆုတ်နေ၍ မရပေ။

ထို့နောက် လုချန်းက အကြောင်းအရာကို ပြောင်းလိုက်ပြီး

“ရှနိုင်ငံတော်ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ရင်တော့ ကျုပ် စိတ်မအေးသေးဘူး။”

“ဒါပေမဲ့ ဒီပြင်ပနယ်မြေ ခရီးစဉ်က ရှနိုင်ငံတော်အတွက် အကောင်းဆုံး နယ်မြေချဲ့ထွင်ဖို့ အခွင့်အရေး တစ်ခု ဖြစ်လာမယ်လို့ ကျုပ် ယူဆတယ်။”

လုချန်း၏ စကားများကို ကြားလျှင် ရောက်ရှိနေသော ဧကရာဇ် အဆင့်များလည်း လုချန်း၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားကြ၏။ အကယ်၍ ဗဟို ကြယ်နယ်မြေ၏ ထိပ်တန်း အင်အားစုများ အားလုံးသာ အခွင့်အရေး ရှာဖွေရန် ပြင်ပနယ်မြေသို့ ဦးတည်သွားကြလျှင် ရှနိုင်ငံတော်အတွက် အမှန်တကယ်ပင် အကောင်းဆုံး နယ်မြေချဲ့ထွင်ဖို့ အခွင့်အရေး ဖြစ်လာပေလိမ့်မည်။

ထိုအချိန်တွင် ဤစကြဝဠာ၌ အင်အားကြီးသူ အနည်းငယ်သာ ကျန်ရှိတော့မည် ဖြစ်သည်။ အင်အား အနည်းငယ် အားနည်းသော နိုင်ငံများသည် ရှနိုင်ငံတော်၏ ကြီးမားသော အင်အားကို မြင်လျှင် ချက်ချင်း လက်နက်ချလာဖွယ် ရှိပေသည်။

လုချန်းက

“နောက်ကာလအတွက် ဦးစားပေးရမယ့်အရာကတော့ နယ်မြေဆက်လက် ချဲ့ထွင်ဖို့၊ ကျုပ်တို့ရဲ့ ဧကရာဇ် အဆင့် အရေအတွက်ကို တိုးမြှင့်ဖို့နဲ့ မင်းဆက်ကံစွမ်းအားကို မြှင့်တင်ဖို့ပဲ။”

လုချန်း၏ အမိန့်ကို ကြားသောအခါ ခန်းမအတွင်းရှိ ဧကရာဇ်များ အားလုံးက

“အမိန့်ကို လိုက်နာပါမယ်”

ဟု တပြိုင်နက်တည်း ပြန်လည် တုံ့ပြန်ကြသည်။

အမိန့်ထုတ်ပြန်လိုက်သည်နှင့် ရှစစ်တပ်သည် ချက်ချင်း လှုပ်ရှားလာပြီး ဆက်လက် နယ်မြေ ချဲ့ထွင်ခဲ့သည်။ ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့သည် သူတို့ချထားသော ငါးစာကို လုချန်း မိ မမိ သိလိုသဖြင့် ရှနိုင်ငံတော်၏ လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ကြ၏။

……..

ထျန်းကျိရဲတိုက်။

ကောင်းကင်လျှို့ဝှက်ချက် တောင်ထိပ်။

ရွှမ်ထျန်းသည် အဆောင်ငယ်ထဲတွင် ထိုင်ကာ သူ၏ လက်ထဲမှ လက်ဖက်ရည်ကို အေးအေးလူလူ မြည်းစမ်းနေ၏။ ထိုအခိုက်အတန့်တွင် အဆောင်ငယ်၏ အပြင်ဘက်၌ ဧကရာဇ် အဆင့် ပုံရိပ်သုံးခု ပေါ်လာသည်။ ၎င်းတို့သည် မဟာမြင့်မြတ်နယ်မြေသခင်၊ ရှန်ဝူဧကရာဇ်နှင့် အသက်ကယ် ဧကရီတို့၏ ကိုယ်ပွားများ ဖြစ်သည်။

ထိုသုံးဦး၏ ကိုယ်ပွားများ ပေါ်လာပြီးနောက် ရွှမ်ထျန်း အေးအေးလူလူ လက်ဖက်ရည် သောက်နေသည်ကို သတိပြုမိကြရာ သူတို့၏ မျက်ခုံးများတွန့်သွားပြီး ရှန်ဝူဧကရာဇ်က စတင်၍

“ရဲတိုက်သခင်ရွှမ်...ခင်ဗျားရဲ့ အစီအစဉ်က ယုံကြည်လို့ မရပုံပဲ။ ကျုပ်ရဲ့ ပုန်ကန်တဲ့သားက အရူးလုပ်ခံရပုံ မရဘူး။”

ထိုအရာကို ကြားလျှင် ရွှမ်ထျန်းက ခပ်ဖွဖွပြုံးကာ

“ဘယ်သူက သူ အရူးလုပ်မခံရဘူးလို့ ပြောလို့လဲ”

ဟု ပြန်လည် မေးခွန်းထုတ်၏။

ရှန်ဝူဧကရာဇ်က ဆက်လက်၍

“အခု ရှစစ်တပ်က နေရာတိုင်းမှာ နယ်‌မြေချဲ့ထွင်နေတယ်။ သူတို့သာ အရူးလုပ်ခံရရင် ဒီအချိန်မှာ စစ်ပွဲတွေ ဆင်နွှဲနေပါ့မလား”

လုချန်းသာ အရူးလုပ်ခံရပါက သူသည် ဗဟို ကြယ်နယ်မြေမှ ဧကရာဇ်များနောက်သို့ လိုက်ပါပြီး ပြင်ပနယ်မြေသို့ သွားရန် ရှနိုင်ငံရှိ ဧကရာဇ်များကို အမြန် စုစည်း နေသင့်သည်။ ယခုကဲ့သို့ သူ၏ ဧကရာဇ်များကို နေရာတိုင်းတွင် စစ်ပွဲများ စတင်ရန် စေလွှတ်နေမည် မဟုတ်ပေ။

ဤအချက်က လုချန်းသည် ပြင်ပနယ်မြေရှိ ရတနာသတင်းကို အလေးအနက် မထားကြောင်း အလွန် သိသာနေသည်။ ရွှမ်ထျန်းက ခပ်အေးအေးပင်

“မစိုးရိမ်ပါနဲ့။ ကျုပ် မြင်တာကတော့ သူ အခု စစ်ပွဲတွေ စတင်နေတာဟာ ဒီကောလာဟလကို ယုံကြည်နေလို့ပဲ။”

ဉာဏ်ကြီးသူတို့၏ ကစားပွဲတွင် အပေါ်ယံ လှုပ်ရှားမှုများသည် တကယ့် ရည်ရွယ်ချက်များ မဟုတ်တတ်ပေ။

ထိုစဉ်အသက်ကယ် ဧကရီက

“ဘယ်လိုမျိုးလဲ”

ရွှမ်ထျန်း မပြောမီ မဟာမြင့်မြတ်နယ်မြေသခင်က အရင်ဆုံး တုံ့ပြန်လိုက်သည်။

“သူက ဗဟို ကြယ်နယ်မြေရဲ့ ထိပ်တန်း အင်အားစုတွေ ပြင်ပနယ်မြေကို အာရုံစိုက်နေတုန်း နယ်မြေတွေ ပိုသိမ်းပိုက်ချင်နေတာပဲ။ အဲ့ဒီလိုနဲ့ ရှနိုင်ငံရဲ့ ကံစွမ်းအားကို မြှင့်တင်မယ်။ ပြင်ပနယ်မြေကို သူတို့ သွားတဲ့အခါ ရှနိုင်ငံတော်ရဲ့ ဧကရာဇ် အဆင့် အရေအတွက်ကလည်း နဂိုထက် တိုးနေပြီးဖြစ်လိမ့်မယ်။”

ရှနိုင်ငံတော်၏ နယ်မြေချဲ့ထွင်ခြင်း လမ်းကြောင်းတွင် ရှနိုင်ငံတော်သို့ ပူးပေါင်းရန် ထိုနယ်မြေများရှိ ဧကရာဇ် အဆင့်များကို စည်းရုံးသွားမှာ ဧကန်မုချ ဖြစ်သည်။

လက်ရှိ သတင်းအချက်အလက်များအရ ရှနိုင်ငံတော်တွင် သတ်ဖြတ်ခြင်း လမ်းစဉ်မှတစ်ဆင့် လမ်းစဉ်ကို သက်သေပြခဲ့သော ဧကရာဇ် အဆင့် နှစ်ဦးရှိသည်။

သတ်ဖြတ်ခြင်း ဧကရာဇ် တစ်ဦးသည် ဧကရီတစ်ပါးဖြစ်ပြီး အခြားတစ်ဦးမှာ လုချန်း ကိုယ်တိုင် ဖြစ်သော်လည်း သူတို့ နှစ်ဦးစလုံးသည် အကြောင်းမဲ့ သတ်ဖြတ်ခြင်းကို လုပ်ခဲလှသည်။ အခြေခံအားဖြင့် ဧကရာဇ် အဆင့်များ လက်နက်ချသရွေ့ ၎င်းတို့ကို ရှနိုင်ငံတော်ထဲသို့ လက်ခံ၏။

ဤရှုထောင့်အရ ရှနိုင်ငံတော်မှ စစ်ပွဲများ ဆင်နွှဲနေရခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ အင်အားကို မြှင့်တင်ရန် အဓိကဖြစ် နေသည်။ ထိုအဆင့်ကို လှမ်းနိုင်ရန်အတွက် စစ်ပွဲများ ဆင်နွှဲနေသော ရှန်ဝူဧကရာဇ်နှင့် သိသိသာသာ ကွဲပြားနေသည်။

ဆန့်ကျင်ဘက်အနေနှင့် လုချန်းသည် ရှနိုင်ငံတော်၏ အလုံးစုံ အင်အားကို တောင့်တင်းစေရန် ရည်ရွယ်သည်။ လုချန်း ယခု အလျင်အမြန် နယ်မြေချဲ့ထွင် စစ်ပွဲများ ဆင်နွှဲနေရခြင်း၏ ပထမဆုံး ရည်မှန်းချက်မှာ ရှနိုင်ငံတော်သို့ ပူးပေါင်းရန် ဧကရာဇ် အဆင့်များကို ပိုမို ဆွဲဆောင်ရန်ဖြစ်ကြောင်း ပြသနေသည်။

မဟာမြင့်မြတ်နယ်မြေသခင်၏ စကားကို ကြားလျှင် အသက်ကယ် ဧကရီနှင့် ရှန်ဝူဧကရာဇ်တို့ နှစ်ဦးစလုံး သဘောပေါက်သွားကြ၏။ ရှန်ဝူဧကရာဇ်က နှာခေါင်းရှုံ့ကာ

“ဒီပုန်ကန်တဲ့သားရဲ့ ရည်မှန်းချက်က ကျုပ်ထက်တောင် ပိုကြီးနေပုံပဲ”

ရွှမ်ထျန်းက သူ၏ လက်ထဲမှ လက်ဖက်ရည်ကို ခပ်ဖွဖွ ငုံလိုက်ပြီးနောက်

“ငါးက ငါးစာကို ဟပ်ပြီဆိုမှတော့ ကျုပ်တို့လည်း ပြင်ဆင်မှုတွေ စတင်သင့်ပြီ။”

ဟု အေးစက်စွာ ဆိုလိုက်သည်။

လုချန်း၏ ပင်မခန္ဓာ ရှနိုင်ငံမှ ထွက်လာသည်နှင့် သူသည် ရှနိုင်ငံတော် တစ်ခုလုံးကို ဤစကြဝဠာမှ ချက်ချင်း ဖယ်ရှားပစ်မည် ဖြစ်သည်။ ထို နတ်ဝိညာဉ်ထီး ၏ အကာအကွယ် မရှိလျှင် လုချန်းသည် ယခင် ဘဝပေါင်းများစွာကဲ့သို့ပင် အကြိမ်ကြိမ် ပြန်လည်ဝင်စားရမည့် အခြေအနေသို့ ဆိုက်ရောက်သွားမည်ဖြစ်၏။

ထိုသို့ဖြင့် သူ၏ နတ်ဝိညာဉ် အင်အားလည်း လုံးပါးပါး ပျောက်ကွယ်သွားမည်ဖြစ်သည်။

ဤအချက်ကို တွေးမိသောအခါ ရွှမ်ထျန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွား၏။ ဤခေတ်တွင် လုချန်း၏ နတ်ဝိညာဉ် အင်အားသည် ၎င်း၏ အကန့်အသတ်သို့ နီးကပ်နေပြီဖြစ်ကြောင်း သူ ခံစားမိသည်။

ရွှမ်ထျန်း၏ စကားကို ကြားလျှင် အသက်ကယ် ဧကရီက အနည်းငယ်မှပင် တွေဝေခြင်း မရှိပဲ

“ကောင်းပါပြီ။ ကျွန်မ အခုပဲ သွားပြင်ဆင်တော့မယ်။”

သူမ၏ အသံ ဆုံးသည်နှင့် အသက်ကယ် ဧကရီ၏ ကိုယ်ပွား ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ ထွက်ခွာသွားပြီးနောက် မဟာမြင့်မြတ်နယ်မြေသခင်လည်း ထွက်ခွာသွားကာ တောင်ထိပ်တွင် ရှန်ဝူဧကရာဇ်နှင့် ရွှမ်ထျန်းတို့သာ ကျန်ရစ်ခဲ့၏။

ရှန်ဝူဧကရာဇ်က မထွက်သေးပဲ ကျန်နေသည်ကို မြင်လျှင် ရွှမ်ထျန်းက

“ပြောစရာတွေ ကျန်သေးလို့လား”

ရှန်ဝူဧကရာဇ်က အမူအရာ ကင်းမဲ့စွာနှင့်

“ရဲတိုက်သခင်ရွှမ် ...ဒါဟာ အခွင့်အရေးကောင်းတစ်ခုလို့ မထင်ဘူးလား။”

ရွှမ်ထျန်းက ဇဝေဇဝါနှင့်

“ဘာအတွက် အခွင့်အရေးလဲ။”

ဟု ပြန်မေးရာ ရှန်ဝူဧကရာဇ်က

“ဗဟို ကြယ်နယ်မြေရဲ့ ရှေးဟောင်း မြင့်မြတ်နယ်မြေတွေကို ရှင်းပစ်ဖို့ အခွင့်အရေးပေါ့”

ဤသတင်းသည် လုချန်းကိုသာမက ထို ရှေးဟောင်း မြင့်မြတ်နယ်မြေများ၏ အာရုံစိုက်မှုကိုလည်း ရရှိသွားခဲ့ပြီး မြင့်မြတ်နယ်မြေ သခင်များစွာလည်း မကြာမီ ပြင်ပနယ်မြေသို့ သွားကြမှာ သေချာသည်။ သာမန်အားဖြင့် ထိုရှေးဟောင်း သတ္တဝါများသည် သူတို့၏ မြင့်မြတ်နယ်မြေများထဲတွင် ပုန်းအောင်းနေတတ်သဖြင့် သူတို့ကို ရှင်းပစ်ရန်က စိန်ခေါ်မှု တစ်ခု ဖြစ်နေသည်။

သူတို့၏ ရှေးဟောင်း မြင့်မြတ်နယ်မြေများတွင် ကြောက်မက်ဖွယ်ကောင်းသည့် အမျိုးမျိုးသော အင်အားကြီး နည်းဗျူဟာများ တပ်ဆင်ထားတတ်သည်။ ရှန်ဝူဧကရာဇ် ပင်လျှင် ထိုရှေးဟောင်း မြင့်မြတ်နယ်မြေများကို အလွယ်တကူ မတိုက်ခိုက်ဝံ့ပေ။

သို့သော် ထိုမြင့်မြတ်နယ်မြေသခင်များသာ အပြင်သို့ ထွက်လာကြလျှင် အခြေအနေက လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။

................

အခန်း (၁၅၁၂ )

နယ်ရုပ်တစ်ရုပ်ထက် မပို

ရှန်ဝူဧကရာဇ်၏ စကားများကို ကြားရလျှင် ရွှမ်ထျန်း ခပ်တိုးတိုး ရယ်မောလိုက်သည်။ ထျန်းကျိရဲတိုက်၊ မဟာမြင့်မြတ်နယ်မြေနှင့် ယန်ယန်နန်းတော်တို့ကို လက်နက်သဖွယ် အသုံးချကာ ရှေးဟောင်းမြင့်မြတ်နယ်မြေများကို စစ်ခင်းရန် ရှန်ဝူဧကရာဇ်က ရည်ရွယ်ထားခြင်း ဖြစ်သည်။

ဤရှေးဟောင်းမြင့်မြတ်နယ်မြေများကို ဖယ်ရှားပြီးလျှင် ရှန်ဝူဧကရာဇ်၏ နောက်ထပ်ပစ်မှတ်မှာ ထျန်းကျိရဲတိုက် သို့မဟုတ် ယန်ယန်နန်းတော် ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထို့နောက်တွင် ရွှမ်ထျန်းက အေးစက်စွာ ပြုံးလိုက်ကာ

“ရှန်ဝူဧကရာဇ်က တကယ်ကို အကွက်မြင်တတ်တာပဲ။ ဒါပေမဲ့ သူတို့က ဧကရာဇ် အဆင့် ကိုးတွေလေ။ ဖြေရှင်းဖို့ မလွယ်ဘူး။ ဒီစိတ်ကူးကို လက်လျှော့လိုက်တာ ပိုကောင်းလိမ့်မယ်။”

“တကယ်လို့ အဲ့ဒီရှေးဟောင်းမြင့်မြတ်နယ်မြေတွေက ခင်ဗျား ဘာကြံစည်နေလဲဆိုတာ သိသွားပြီး ရှန်ယွဲ့နိုင်ငံကို ပူးပေါင်းတိုက်ခိုက်လာရင် ခင်ဗျားတောင်မှ သူတို့ကို ခုခံနိုင်မှာ မဟုတ်ဘူး။”

ရွှမ်ထျန်းက သဘောမတူသည်ကို မြင်လျှင် ရှန်ဝူဧကရာဇ် စိတ်ထဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ တကယ်တော့ ဤမြေခွေးအိုကြီးက လွယ်လွယ်နှင့် သဘောမတူ မှာကို သူ သိသည်။ ရွှမ်ထျန်း၏ သဘောထားကို စမ်းသပ်ကြည့်လိုခြင်းသာ ဖြစ်သည်။

ရွှမ်ထျန်းသည် ရှစစ်တပ်ကို ဤစကြဝဠာအပြင်ဘက်သို့ ပို့ဆောင်နိုင်သော စွမ်းအားရှိသဖြင့် သူ့ကို အသုံးချနိုင်ပါက ရှေးဟောင်းမြင့်မြတ်နယ်မြေများသည် ရှန်ယွဲ့နိုင်ငံအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပေ။ သို့ရာတွင် ရွှမ်ထျန်းသည် သူ့ကို သတိကြီးစွာ ထားနေပြီး ကူညီမည့် အရိပ်အယောင် မပြပေ။

ကိစ္စမရှိပေ။

ရွှမ်ထျန်းက မကူညီပါကလည်း သူကိုယ်တိုင် နည်းလမ်းရှာနိုင်သည်။

ထိုရှေးဟောင်းမြင့်မြတ်နယ်မြေများမှ နယ်မြေသခင်များ ပြင်ပနယ်မြေသို့ ထွက်ခွာချိန်တွင် တစ်ဦးချင်းစီ ဖြေရှင်းရန် အခွင့်အရေး ရှာရမည် ဖြစ်သည်။ ဤနယ်မြေသခင်များ သေဆုံးသွားလျှင် မြင့်မြတ်နယ်မြေများရှိ ရှေးဟောင်းနည်းဗျူဟာများကို အသက်သွင်းရန် မဖြစ်နိုင်တော့ပေ။ ခေါင်းဆောင်မရှိသော နိုင်ငံ သည် ပြိုကွဲပျက်စီးသွားမည်သာဖြစ်သည်။

ရှေးဟောင်းနည်းဗျူဟာများသည် ဤနယ်မြေသခင်များနှင့် ဆက်နွှယ်နေပြီး ၎င်းတို့သည် ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်သည်ဟု ကောလာဟလ ရှိသည်။

ဤသူများသည် သံသယ စိတ်ကြီးမားပြီး သေဘေးကို အလွန် ကြောက်ရွံ့ကြသည်။

မျိုးဆက်သစ် ဧကရာဇ်များ အာဏာလုမည်ကို စိုးရိမ်သဖြင့် ရှေးဟောင်းနည်းဗျူဟာများကို လက်လွှဲပေးရန် ဝန်လေးနေကြသူများလည်းဖြစ်သည်။ ထို့ကြောင့်ပင် သက်တမ်းကုန်ခါနီး ဖြစ်သော်လည်း မြင့်မြတ်နယ်မြေများကို ဆက်လက် ချုပ်ကိုင်ထားကြခြင်း ဖြစ်သည်။

ထို့ကြောင့် နယ်မြေသခင်တစ်ဦး သေဆုံးခြင်းသည် ရှေးဟောင်းမြင့်မြတ်နယ်မြေတစ်ခု ဆုတ်ယုတ်သွားခြင်းပင် ဖြစ်သည်။ ရှေးဟောင်းနည်းဗျူဟာများ မရှိပါက ထိုနယ်မြေများကို ခြိမ်းခြောက်မှုဟု ရှန်ဝူဧကရာဇ် သတ်မှတ်တော့မည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ရှန်ဝူဧကရာဇ်က

“ရဲတိုက်သခင်ရွှမ်က စိတ်ဝင်စားမှုမရှိဘူးဆိုမှတော့ ကျုပ် ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။”

ရှန်ဝူဧကရာဇ်လည်း အချိန်မဖြုန်းတော့ပဲ လှည့်ထွက်သွားသည်။ ရှန်ဝူဧကရာဇ် ထွက်သွားပြီးနောက် ရွှမ်ထျန်းက လက်ဖက်ရည်ခွက်ကို ချလိုက်ကာ လှောင်ပြုံးတစ်ချက် ပြုံး လိုက်သည်။ ထို့နောက် သူ့ဘာသာ ရေရွတ်လိုက်သည်။

“တစ်စုံတစ်ယောက်က ငါ့ကို လက်နက်တစ်ခုလို အသုံးချချင်နေတာ ဒါ ပထမဆုံးပဲ”

“နှမြောစရာပဲ... ခင်ဗျားက ကျုပ်လက်ထဲက နယ်ရုပ်တစ်ရုပ်ထက် မပိုပါဘူး။”

ရှစစ်တပ်၏ နယ်မြေချဲ့ထွင်မှုသည် အလွန်ပင် လျင်မြန်လှသည်။ ရှစစ်တပ်၏ လျင်မြန်လှသော နယ်မြေချဲ့ထွင်မှုသည် စကြဝဠာအတွင်း ထူးဆန်းသော ဖြစ်စဉ်တစ်ခုသဖွယ် ဖြစ်နေသည်။ ထိပ်တန်းအင်အားစု အားလုံးနီးပါးလည်း အနီးကပ် စောင့်ကြည့်လာကြ၏။

ထိပ်တန်းအင်အားစုများသည် မည်သည့်အရေးယူမှုမှ မလုပ်ပဲ ရှစစ်တပ်ကို နယ်မြေချဲ့ထွင်ခွင့် ပေးထားကြသည်။ ထိုအင်အားစုများသည် ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက် မဟာမိတ်အဖွဲ့၏ တုံ့ပြန်မှုကိုသာ စောင့်ကြည့်လိုကြခြင်း ဖြစ်သည်။

၎င်းတို့သည် မဟာမိတ်ဖွဲ့ထားသဖြင့် ရှစစ်တပ်ကို အကန့်အသတ်မရှိ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ မုန်တိုင်းမလာမီ လေငြိမ်နေခြင်းမျိုးသာဖြစ်ပေသည်။

သို့ရာတွင် ရှစစ်တပ်၌ ဧကရာဇ် အဆင့် နှစ်ရာနီးပါး ရှိလာသော်လည်း ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့က မည်သည့်လှုပ်ရှားမှုမှ မရှိသေးပေ။ ဤအချက်က ရှေးဟောင်းမြင့်မြတ်နယ်မြေအချို့ကို စိုးရိမ်မကင်း ဖြစ်စေသည်။

ရှစစ်တပ်သာ ဤသို့ ဆက်လက် နယ်မြေချဲ့ထွင်ပါက လုချန်းသည် ကောင်းကင်ဧကရာဇ်အဖြစ် တိုက်ရိုက် တက်လှမ်းသွားနိုင်ပေသည်။ ထိုအရာက လက်ခံနိုင်ဖွယ် မရှိသော ကိစ္စပင်။

လုချန်းသာ ကောင်းကင်ဧကရာဇ် ဖြစ်လာလျှင် ရှေးဟောင်း ဧကရာဇ်များ အဆင့်တက်ရန် အခွင့်အလမ်း အလွန်နည်းသွားမည်။ အချို့မှာ သက်တမ်းကုန်ခါနီးဖြစ်သဖြင့် လုချန်းသည် ၎င်းတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာတော့သည်။

……

ချင်းယွဲ့ မြင့်မြတ်နယ်မြေ။

မြင့်မြတ်နယ်မြေ အလယ်တွင်။

မြူနှင်းများ ဖုံးလွှမ်းကာ ကြိုးကြာငှက်များ ပျံသန်းနေကာ နတ်ဘုံနတ်နန်းသဖွယ် လှပလှပေသည်။ စန္ဒကူးနီ အဆောင်အတွင်းရှိ ပိန်လှီသော အဖိုးကြီးတစ်ဦးသည် မျက်လုံးဖွင့်ကာ အဝေးရှိ ကြိုးကြာဖြူကို ကြည့်လိုက်ရင်း

“မဟုတ်ဘူး။ သူ့ကို ဒီထက်ပိုပြီး ကြီးထွားခွင့် ပေးလို့မဖြစ်ဘူး”

ဟု ရေရွတ်လိုက်သည်။

ချင်းယွဲ့နယ်မြေသခင်သည် ဧကရာဇ် အဆင့်ကိုးသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ဤအဆင့်၌ပင် ပိတ်မိနေခဲ့တာ ကြာပြီဖြစ်သည်။ သူသည် ထိုအဆင့်ကို ကျော်ဖြတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သဖြင့် ဒဏ်ရာရကာ သက်တမ်း ပို၍တိုတောင်းလာခဲ့သည်။

သူ၏ သေဆုံးချိန်သည် အခြားသူများထက် ပို၍ နီးကပ်နေပြီ ဖြစ်သည်။ သူ့အတွက် အချိန် အနည်းငယ်သာ ကျန်တော့သဖြင့် ခေတ်ကပ်ဘေးအထိ ခံနိုင်ရည်ရှိရန် မလွယ်ကူပေ။ ထိုအချိန်မတိုင်မီ သေဆုံးခြင်းနှင့် ရင်ဆိုင်ရနိုင်သည်။

သေခါနီး အချိန်တွင် အသက်ရှင်လို စိတ်သည် လူတစ်ဦးကို ရူးသွပ်စေနိုင်သည်။ ချင်းယွဲ့နယ်မြေသခင်သည် သူ့ကိုယ်သူမှလွဲ၍ မည်သူ့ကိုမှ ကောင်းကင်ဧကရာဇ် အဖြစ် ခွင့်ပြုမည် မဟုတ်ပေ။ မဟုတ်ပါက သူ၏ ကံကြမ္မာ အဆုံးသတ်သွားမည် ဖြစ်သည်။

ထိုအချိန်တွင် ချင်းယွဲ့နယ်မြေသခင်က နယ်မြေကို လက်ရှိစီမံခန့်ခွဲနေသော ဧကရာဇ်ထံသို့ အသံလွှင့်လိုက်သည်။

“ထိုက်ခန်း... ဒီကို လာခဲ့ဦး”

လူလတ်ပိုင်း အမျိုးသားတစ်ဦး ချင်းယွဲ့နယ်မြေသခင်ရှေ့သို့ ရောက်ရှိလာသည်။ ထိုသူ့ထံမှ ပြင်းထန်သော လမ်းစဉ်စွမ်းအားများ ထွက်ပေါ်နေလျက်ရှိသည်။

သူသည်လည်း ဧကရာဇ် အဆင့်ကိုး တစ်ဦး ဖြစ်ကာ သူ၏ အင်အားက နယ်မြေသခင်ထက်ပင် သာလွန်နေသည်။ သို့ရာတွင် ရှေးဟောင်းနည်းဗျူဟာများကြောင့် ထိုက်ခန်းဧကရာဇ်သည် သူ့ရှေ့တွင် မဆင်မခြင် မလုပ်ရဲပေ။

နယ်မြေသခင်က နည်းဗျူဟာများကို အသက်သွင်းလျှင် ထိုက်ခန်းဧကရာဇ်လည်း ထွက်ပြေးရုံသာ တတ်နိုင်မည် ဖြစ်သည်။

ချင်းယွဲ့နယ်မြေသခင်ကို မြင်လျှင် ထိုက်ခန်းဧကရာဇ်က စိတ်မပါစွာ ဂါရဝပြုလိုက်သည်။

“ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်”

“ဘိုးဘေးကြီး ကျွန်တော့်ကို ဘာလို့ ခေါ်လိုက်တာလဲ။”

ချင်းယွဲ့နယ်မြေသခင်က ထိုက်ခန်းဧကရာဇ်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ကာ

“ထိုက်ခန်း။ ငါ့ရဲ့ သက်တမ်းက ကုန်ခါနီးနေပြီ။ ချင်းယွဲ့မြင့်မြတ်နယ်မြေ တစ်ခုလုံးကို မင်းလက်ထဲ မကြာခင် အပ်နှံတော့မယ်။”

ဤစကားများက ထိုက်ခန်းဧကရာဇ်ကို စိတ်မလှုပ်ရှားစေပေ။ ချင်းယွဲ့နယ်မြေသခင် မည်သို့သော လူစားဖြစ်သည်ကို သူ ကောင်းစွာ သိသည်။

နယ်မြေသခင်သည် သူ သက်ရှိထင်ရှား ရှိနေသရွေ့ မည်သူ့ကိုမှ မြင့်မြတ်နယ်မြေကို အပ်နှံမည် မဟုတ်မှန်း သူကောင်းကောင်း သိသည်။

ချင်းယွဲ့နယ်မြေသခင်က ဟန်ပြ ပြောဆိုခြင်း ဖြစ်သော်လည်း ထိုက်ခန်းဧကရာဇ်က အလိုက်သင့်ပင်

“ဘိုးဘေးကြီး... ဒီလိုတွေ မပြောပါနဲ့။ ခေတ်ကပ်ဘေးအတွက် နောက်ထပ် နှစ်တစ်သောင်းတောင် မလိုတော့ဘူး။ ဘိုးဘေးကြီးရဲ့ ကာကွယ်မှုမရှိရင် ကျွန်တော်တို့ ချင်းယွဲ့မြင့်မြတ်နယ်မြေက ဘယ်လိုရှင်သန်နိုင်မှာလဲ”

ဟု ညည်းတွားပြလိုက်သည်။

ချင်းယွဲ့နယ်မြေသခင်က သက်ပြင်းချလိုက်ကာ

“အင်း...ငါ့အခြေအနေကို ငါသာအသိဆုံးပါ။ ကပ်ဘေးမလာခင်အထိ ငါတောင့်ခံနိုင်မှာ မမဟုတ်ဘူးလို့ စိုးရိမ်မိတယ်။”

ထိုက်ခန်းဧကရာဇ် မတုံ့ပြန်မီမှာပင် ချင်းယွဲ့နယ်မြေသခင်က

“ငါမသေခင်မှာ နောက်ဆုံးဆန္ဒတစ်ခု ရှိတယ်။ အဲ့ဒါက မင်းကို အဲ့ဒီအဆင့်တက်လှမ်းနိုင်အောင် ကူညီပေးဖို့ပဲ။”

ထိုက်ခန်းဧကရာဇ်က စိတ်ထဲမှ ပြုံးကာ စကားပြောရန် ပြင်သော်လည်း နယ်မြေသခင်က

“စကြဝဠာတစ်ခုမှာ ကောင်းကင်ဧကရာဇ် တစ်ပါးပဲ ပေါ်ထွက်နိုင်တာက နှမြောစရာပဲ။ ရှစစ်တပ်က လုချန်းရဲ့ ကြီးထွားနှုန်းက အရမ်းမြန်လွန်းတယ်။ မင်း ကောင်းကင်ဧရာဇ် ဖြစ်ချင်တယ်ဆိုရင် သူ့ကို ဒီထက်ပိုပြီး ကြီးထွားခွင့် လုံးဝပေးလို့ မဖြစ်ဘူး။”

နယ်မြေသခင်၏ ဆိုလိုရင်းကို ထိုက်ခန်းဧကရာဇ် ချက်ချင်း နားလည်သွားသည်။

“ဘိုးဘေးကြီး...ရှစစ်တပ်၏ နယ်မြေချဲ့ထွင်မှုက ဘယ်လောက်မြန်လဲဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ထိပ်တန်းမြင့်မြတ်နယ်မြေတွေက ဘာမှမလုပ်ကြဘူး။ ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တောင်မှ ရှစစ်တပ်ကို မတားကြပါဘူး။”

All Chapters