← Chapters

အခန်း (၁၅၁၃-၁၅၁၄)

Vol. 101 Ch. 1513-1515

အခန်း (၁၅၁၃-၁၅၁၄)

Vol. 101 Ch. 1513-1515

အခန်း (၁၅၁၃ )

ချင်းယွဲ့နယ်မြေသခင်၏ ဆုံးဖြတ်ချက်

ချင်းယွဲ့နယ်မြေသခင်က ရှစစ်တပ်အကြောင်းကို အစပျိုးလာသဖြင့် ထိုအဖိုးကြီး တုန်လှုပ်ချောက်ချားနေပြီဖြစ်ကြောင်း ထိုက်ခန်းဧကရာဇ် ရိပ်မိလိုက်သည်။ ချင်းယွဲ့နယ်မြေသခင်သည် သက်တမ်းစေ့ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သာ သူ့ထက်အရင် ကောင်းကင်ဧကရာဇ် ဖြစ်လာခဲ့ပါက ချင်းယွဲ့နယ်မြေသခင်အတွက် ရှင်သန်နိုင်မည့် မျှော်လင့်ချက်ဟူသမျှသည် ချုပ်ငြိမ်းသွားမည်ဖြစ်ကာ သေရွာသို့ လျှောက်လှမ်းရမည့်အချိန်ကိုသာ ငံ့လင့်နေရတော့မည် ဖြစ်ပေသည်။

ထိုအခိုက်အတန့်တွင် ချင်းယွဲ့နယ်မြေသခင်က

“သူတို့တွေ ဘာမှမလုပ်တာက အဲ့ဒီအဆင့်ကို တက်လှမ်းပြီး ကောင်းကင်ဧကရာဇ် မဖြစ်ချင်ကြလို့ပဲ။ ဒါပေမဲ့ ထိုက်ခန်း... မင်းကတော့ သူတို့နဲ့ မတူဘူး။ မင်းက ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်ကိုးကို ရောက်ခဲ့တာဆိုတော့ ဒီစကြဝဠာထဲမှာ ကောင်းကင်ဧကရာဇ် ဖြစ်ဖို့ အလားအလာအရှိဆုံးလူပဲ။”

“တကယ်လို့ လုချန်းကို ဒီအတိုင်း ဆက်ပြီး ကြီးထွားခွင့်ပေးလိုက်လို့ သူသာ ကောင်းကင်ဧကရာဇ် ဖြစ်သွားရင် မင်းအတွက် ဘာမျှော်လင့်ချက်မှ ကျန်မှာမဟုတ်ဘူး။ အဲဒါကို မင်းက လက်ခံနိုင်မှာလား။”

ချင်းယွဲ့နယ်မြေသခင်၏ စကားများကို နားထောင်ရင်း ထိုက်ခန်းဧကရာဇ်၏ စိတ်ထဲ၌ လှောင်ပြုံးတစ်ချက် ပေါ်ပေါက်သွားသည်။ ဤအဖိုးအိုသည် သူ့အတွက် စဉ်းစားပေးနေဟန် ပြသနေသော်လည်း အမှန်တော့ သူ့ကို လက်နက်တစ်ခုသဖွယ် အသုံးချလိုခြင်းသာ ဖြစ်သည်။

လက်ရှိအခြေအနေတွင် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နယ်နိမိတ်အတွင်း၌ ချင်းယွဲ့နယ်မြေသခင်ကို ယှဉ်ပြိုင်နိုင်စွမ်း ထိုက်ခန်းဧကရာဇ်တွင် မရှိသေးပေ။ နယ်မြေသခင်၏ လက်ဝယ်တွင်ရှိသော ရှေးဟောင်းနည်းဗျူဟာပုံစံများက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

သို့ရာတွင် မြင့်မြတ်နယ်မြေ၏ အပြင်ဘက်သို့ ရောက်ရှိသွားပါက ချင်းယွဲ့နယ်မြေသခင်သည် ထိုက်ခန်းဧကရာဇ်ကို ယှဉ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

ချင်းယွဲ့နယ်မြေသခင်၏ ကိုယ်တွင်းအင်အားမှာ ဆုတ်ယုတ်နေပြီဖြစ်သဖြင့် သူကိုယ်တိုင် မြင့်မြတ်နယ်မြေမှ ထွက်ခွာ၍ ရှစစ်တပ်ကို သွားရောက် တိုက်ခိုက်ရန်က မဖြစ်နိုင်သော ကိစ္စပင်။ ထို့ကြောင့် ထိုက်ခန်းဧကရာဇ်အား ဦးဆောင်စေကာ ရှစစ်တပ်ကို နှိမ်နင်းခိုင်းရန် ဤကဲ့သို့ စကားပရိယာယ်များကို အသုံးပြုနေခြင်း ဖြစ်သည်။

ချင်းယွဲ့နယ်မြေသခင်၏ အကြံအစည်ကို ထိုက်ခန်းဧကရာဇ် ထိုးထွင်းသိမြင်ထားပြီး ဖြစ်သည်။ သူက

“ဘိုးဘေးကြီး... အမှန်အတိုင်းပြောရရင် အဲ့ဒီအဆင့်ကို တက်လှမ်းဖို့ ကျွန်တော် စိတ်မကူးပါဘူး။ လက်ရှိအခြေအနေအရ ကျွန်တော့်မှာ ကောင်းကင်ဧကရာဇ် ဖြစ်လာဖို့ အလားအလာ မရှိသေးပါဘူး။ ဘိုးဘေးကြီးလိုမျိုး ပုဂ္ဂိုလ်တောင်မှ အဲဒီအဆင့်ကို မတက်နိုင်သေးတာ ကျွန်တော်က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ချင်းယွဲ့နယ်မြေသခင်က မျက်မှောင်ကြုတ်လိုက်ကာ

“လျှောက်မပြောနဲ့။ နောင်ကျရင် ချင်းယွဲ့မြင့်မြတ်နယ်မြေကို မင်းလက်ထဲ အပ်မှာလေ။ မင်းက ဘယ်လိုဖြစ်လို့ ဒီလိုအတွေးတွေ ရှိနေရတာလဲ။ ကောင်းကင်ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်မှသာ ချင်းယွဲ့မြင့်မြတ်နယ်မြေ တစ်ခုလုံးကို မင်းကာကွယ်နိုင်မှာ”

ဟု ငေါက်ငမ်းလိုက်သည်။

“ချင်းယွဲ့မြင့်မြတ်နယ်မြေရဲ့ အနာဂါတ် နယ်မြေသခင် တစ်ယောက်အနေနဲ့ ဒါက မင်းထမ်းဆောင်ရမယ့် တာဝန်ပဲ။”

“တော်ပြီ... ဒီကိစ္စကို ထပ်မပြောနဲ့တော့။ ရှစစ်တပ်ကို တိုက်ခိုက်ဖို့ မြန်မြန်ပြင်ဆင်တော့။ ငါကိုယ်တိုင် ဒီချင်းယွဲ့မြင့်မြတ်နယ်မြေမှာ ရှိနေသရွေ့တော့ ဘယ်သူမှ မဆင်မခြင် မလုပ်ရဲစေရဘူး။”

ဟု အမိန့်ပေးလိုက်သည်။

ချင်းယွဲ့နယ်မြေသခင်၏ အမိန့်ကို ကြားရလျှင် ထိုက်ခန်းဧကရာဇ်၏ ကိုယ်တွင်းမှ လမ်းစဉ်စွမ်းအားများလည်း ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်သွားသည်။ သို့သော်လည်း သူ၏ စိတ်ကို ပြန်လည် တည်ငြိမ်သွားအောင် ချက်ချင်း ထိန်းချုပ်လိုက်သည်။ ဒေါသကို အပြင်သို့ ထုတ်ပြခြင်းသည် မိုက်မဲသော အပြုအမူတစ်ခုပင် ဖြစ်သည်။

ချင်းယွဲ့နယ်မြေသခင်၏ ဆိုလိုရင်းမှာ ချင်းယွဲ့မြင့်မြတ်နယ်မြေသည် သူ၏ လက်ခုပ်ထဲမှ ရေကဲ့သို့သာ ဖြစ်ကြောင်း သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ ထိုက်ခန်းဧကရာဇ်အနေဖြင့် သူ၏ အမိန့်ကို နာခံရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သူ၏ စိတ်အာရုံကို ပြန်လည် တည်ငြိမ်စေလိုက်ပြီးနောက် ထိုက်ခန်းဧကရာဇ်က

“ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ။ အခုချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်။”

ထိုသို့ ပြောကြားပြီးနောက်တွင် ထိုက်ခန်းဧကရာဇ် ထိုနေရာမှ လှည့်၍ ထွက်ခွာသွားသည်။ ထိုက်ခန်းဧကရာဇ် ထွက်ခွာသွားသည်ကို ကြည့်ကာ ချင်းယွဲ့နယ်မြေသခင်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်ကာ ရေရွတ်လိုက်သည်။

“ငါမသေသေးခင်မှာပဲ ငါ့နေရာကို လောဘတက်နေကြပြီလား။ ဒီနေရာက ဘယ်သူမဆို ယူလို့ရတဲ့ နေရာမျိုး မဟုတ်ဘူး။”

ထိုက်ခန်းဧကရာဇ်သည် ထိုနေရာမှ ထွက်လာပြီးနောက် မြင့်မြတ်နယ်မြေရှိ ဧကရာဇ်များကို အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်သည်။ အစည်းအဝေး ခန်းမအတွင်းသို့ ဧကရာဇ်များ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီးနောက် ဧကရာဇ်တစ်ဦးက

“သူတော်စင်အမွေခံ... ဘာများဖြစ်လို့လဲဗျ”

ဟုစပ်စုလိုက်သည်။

ထိုက်ခန်းဧကရာဇ်သည် ဧကရာဇ် အဆင့်ကိုးနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း နယ်မြေသခင် ရာထူးကို မရမချင်း သူတော်စင်အမွေခံအဖြစ်သာ သတ်မှတ်ခံရမည် ဖြစ်သည်။

ထို့ကြောင့်ပင် ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ အကြီးအကဲများသည် သူ့အား သူတော်စင်အမွေခံဟုသာ ခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။ “သူတော်စင်အမွေခံ” ဟူသော အခေါ်အဝေါ်ကို ကြားရတိုင်း ထိုက်ခန်းဧကရာဇ် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ထိုအဖိုးအို၏ စောင့်ကြည့်မှုအောက်တွင် ရှိနေသဖြင့် အခေါ်အဝေါ်ကို ပြောင်းလဲနိုင်စွမ်း မရှိသေးပေ။ ထိုက်ခန်းဧကရာဇ်က

“ဘိုးဘေးကြီး ထွက်လာပြီ...သူက အမိန့်သစ်တွေ ပေးထားတယ်”

ထိုစကားကို ကြားရလျှင် ခန်းမအတွင်းရှိ ဧကရာဇ်များအားလုံး အံ့အားသင့်သွားကြ၏။ ထိုက်ခန်းဧကရာဇ် သူတို့ကို ခေါ်ယူခြင်းက အရေးမကြီးလှသော်လည်း ထိုပုဂ္ဂိုလ်ကြီး ကိုယ်တိုင် ပါဝင်ပတ်သက်လာခြင်းကတော့ ထူးခြားလှသည်။ ထိုပုဂ္ဂိုလ်ကြီး ထွက်ပေါ်လာခြင်းက အကြောင်းမဲ့ မဟုတ်နိုင်ပေ။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် စကြဝဠာ၏ အခြေအနေအရပ်ရပ်ကြောင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။

ပုံမှန်အားဖြင့် ဧကရာဇ်များသည် အလုပ်တာဝန် များပြားလှသဖြင့် ဤကဲ့သို့သော အစည်းအဝေးမျိုးကို အချိန်တိုအတွင်း ထပ်မံ ကျင်းပလေ့ မရှိကြပေ။ သို့သော်လည်း မြင့်မြတ်နယ်မြေသခင် ကိုယ်တိုင် ညွှန်ကြားချက် ပေးအပ်လာသဖြင့် ဤအစည်းအဝေးကို မဖြစ်မနေ ကျင်းပရမည့် အခြေအနေသို့ ဆိုက်ရောက်လာခြင်း ဖြစ်သည်။

ထိုစဉ် ဧကရာဇ်တစ်ဦးက

“သူတော်စင်အမွေခံ... ဘိုးဘေးကြီးက ဘာတွေ အမိန့်ပေးထားတာလဲဗျ”

ဟု ထပ်မံ မေးမြန်းလိုက်သည်။

ထိုက်ခန်းဧကရာဇ်က မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့်

“ဘိုးဘေးကြီးက ရှစစ်တပ်ရဲ့ နယ်မြေချဲ့ထွင်မှုကို တားဆီးဖို့အတွက် သူတို့ကို သွားတိုက်ခိုက်စေချင်နေတာ”

ဤအရာကို ကြားရလျှင် ခန်းမအတွင်းရှိ ဧကရာဇ်များအားလုံး မှင်တက်သွားကြရပြန်သည်။

ရှစစ်တပ်ကို သွားရောက် တိုက်ခိုက်ရမှာလား။

ယခုလို အချိန်အခါမျိုးတွင်လား။

ထိုအရာ တကယ်ကို ရယ်စရာကောင်းလှသော ဟာသတစ်ခုကဲ့သို့ ဖြစ်နေသည်။

လက်ရှိတွင် ရှန်ယွဲ့နိုင်ငံ အပါအဝင် ထိပ်တန်း အင်အားစုများသည်ပင် ရှစစ်တပ်အပေါ် မည်သို့မှ မလှုပ်ရှားရဲကြသေးပေ။ ရှစစ်တပ်ကို တိုက်ခိုက်ရန် သူတို့တွင် မည်သည့် အကြောင်းပြချက်မှ ခိုင်လုံစွာ မရှိပေ။

ဘိုးဘေးကြီးမှာ ဘယ်လို အကြံအစည်တွေ ရှိနေလို့လဲ။

အကယ်၍ ရှစစ်တပ်ကို အနိုင်ရရှိခဲ့လျှင်ပင် ၎င်းတို့၏ အကာအကွယ်ကို ချိုးဖောက်နိုင်ရန်က မဖြစ်နိုင်ပေ။ ရှစစ်တပ်မှ လူများသည် အကာအကွယ်အတွင်း၌ ပုန်းအောင်းနေကြမည်ဖြစ်ရာ ချင်းယွဲ့မြင့်မြတ်နယ်မြေအတွက် အနိုင်ရလျှင်တောင် ဘာမှ တတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဒါက ရှစစ်တပ်ကို အမှန်တကယ် ယှဉ်ပြိုင်နိုင်ခြင်း ရှိ မရှိ ဆိုသည်ကိုပင် ထည့်မတွက်ရသေးပေ။

ဘိုးဘေးကြီးက ဘာရည်ရွယ်ချက် အတွက်ကြောင့် ယခုလို ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရသနည်း။

ထိုစဉ် ထိုက်ခန်းဧကရာဇ်က

“ဘိုးဘေးကြီးရဲ့ သက်တမ်းကုန်ခါနီးဖြစ်နေလို့ ကျုပ်ကို ကောင်းကင်ဧကရာဇ် ဖြစ်စေချင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်စေချင်တာ ဖြစ်နိုင်တယ်”

ဟု အရိပ်အမြွက် ပြောလိုက်သည်။

ထိုက်ခန်းဧကရာဇ်က ဤသို့ပြောမှသာလျှင် လုချန်း ကောင်းကင်ဧကရာဇ် ဖြစ်သွားမည်ကို ထိုအဖိုးအို ကြောက်ရွံ့နေကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ ထို့ကြောင့် ရှစစ်တပ်ကို တိုက်ခိုက်ရန် သူတို့ကို ဖိအားပေးနေခြင်း ဖြစ်သည်။

ထိုအခိုက်တွင် ဧကရာဇ်တစ်ဦးက

“ဘိုးဘေးကြီး ကိုယ်တိုင် စစ်ချီမှာလား”

ထိုက်ခန်းဧကရာဇ်က

“မဟုတ်ဘူး... အပြင်က ရန်သူတွေ အခွင့်ကောင်းယူပြီး ကျူးကျော်လာတာကို ကာကွယ်ဖို့ မြင့်မြတ်နယ်မြေကို စောင့်ကြပ်နေမယ်လို့ သူပြောတယ်။”

ထိုအရာကို ကြားရလျှင် ဧကရာဇ်များ တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြသည်။ အမှန်တကယ်တော့ ဧကရာဇ်အများစုသည် ထိုက်ခန်းဧကရာဇ်ကိုသာ ပိုထောက်ခံကြ၏။

အတိတ်ကာလက ချင်းယွဲ့နယ်မြေသခင်သည် သူ၏ ကျင့်စဉ်အဆင့်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ဖူးသည်။ သူသည် စမ်းသပ်မှုများအတွက် အသက်ရှင်နေသော ဧကရာဇ်များကိုပင် စတေးခဲ့သဖြင့် ဧကရာဇ် အမြောက်အမြား သေဆုံးခဲ့ရသည်။ ထို့ကြောင့် လက်ရှိဧကရာဇ်များသည် ချင်းယွဲ့နယ်မြေသခင်အပေါ် လိုလားသော စိတ်ဆန္ဒ မရှိကြပေ။

အကယ်၍ နယ်မြေသခင်သာ ရှေးဟောင်း နည်းဗျူဟာများကို မချုပ်ကိုင်ထားပါက ဤဧကရာဇ်များက သူ့ကို့ ရာထူးမှ ဖယ်ရှားပြီးဖြစ်ပေလိမ့်မည်။ ထိုနည်းဗျူဟာများ ရှိနေသဖြင့် သူတို့၏ အင်အားသည် နယ်မြေသခင်ထက် သာလွန်နေသော်လည်း မလှုပ်ရှားရဲကြပေ။

ယခုထိ အခြားသော အင်အားစုများပင် ရှစစ်တပ်ကို အရေးမယူရဲကြသေးပေ။ ထို့ပြင် မြင့်မြတ်နယ်မြေတစ်ခုတည်းနှင့် ရှစစ်တပ်ကို ယှဉ်နိုင်ရန်ကလည်း မဖြစ်နိုင်ပေ။

အစည်းအဝေး ခန်းမအတွင်း၌ အသံများတိတ်ဆိတ် ငြိမ်သက်သွားသည်။ သို့သော်လည်း နယ်မြေသခင်၏ အမိန့်ကို မည်သူမှ မငြင်းဆန်ဝံ့ကြပေ။ အာဏာရှိသူ၏ စကားသည် ဥပဒေကဲ့သို့ပင် အတည်ဖြစ်သည်။ ထိုအမိန့်ကို ဖီဆန်ပါက ထိုအဖိုးအိုက မည်သည့် ပြဿနာများ ဖန်တီးမည်မှန်း မည်သူမှ မခန့်မှန်းနိုင်ပေ။

ခေတ္တခန့် တိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်တစ်ဦးက

“ဘိုးဘေးကြီးရဲ့ စကားကို လျစ်လျူရှုလို့ မရဘူး။ သူပြောပြီးပြီဆိုမှတော့ ကျွန်တော်တို့ ပြန်ပြီး စစ်တပ်စေလွှတ်ဖို့ ချက်ချင်း ပြင်ဆင်သင့်တယ်။”

ထိုစကားကို ကြားရလျှင် အခြားဧကရာဇ်တစ်ဦးက ထရပ်လိုက်ကာ

“ရှန်ယွဲ့နိုင်ငံနဲ့ ထျန်းကျိရဲတိုက်တောင်မှ ရှစစ်တပ်ကို ဘာမှမလုပ်နိုင်တာ။ ကျွန်တော်တို့လို မြင့်မြတ်နယ်မြေတစ်ခုတည်းက ရှစစ်တပ်ကို ဘယ်လိုယှဉ်နိုင်မှာလဲ။”

…………..

အခန်း (၁၅၁၄)

လုချန်း၏ အစီအစဉ်

ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ ဧကရာဇ်များသည် ရှစစ်တပ်ကို သွားရောက်တိုက်ခိုက်ရန် စိတ်မပါကြတာ သေချာလှ၏။ သူတို့သည် ရှစစ်တပ်၏ ပြိုင်ဘက်များ ဖြစ်ကြသော်လည်း ချင်းယွဲ့မြင့်မြတ်နယ်မြေအနေနှင့် ကြီးမားသော ဆုံးရှုံးမှုများကို မလွဲမသွေ ကြုံတွေ့ရပေလိမ့်မည်။

တစ်ဖက်မှ ရှစစ်တပ်၏ ကြောက်မက်ဖွယ် စစ်အင်အားကို သူတို့ ကောင်းကောင်းကြီး သိမြင်ထားကြပြီး မဟုတ်ပါလား။

ထိုစစ်ပွဲဆင်နွှဲပါက သူတို့ဘက်မှ ဧကရာဇ်အမြောက်အမြား ဆုံးရှုံးနိုင်သည့် အလားအလာ ရှိနေ၏။ လင်ကျောက် မဟာကြယ်နယ်မြေစုမှ နိုင်ငံကြီးလေးနိုင်ငံ၏ ကြမ္မာက သတိပေးချက်တစ်ခု ဖြစ်နေသဖြင့် ရှစစ်တပ်ကို သူတို့ အနည်းနှင့်အများတော့ ကြောက်ရွံ့နေကြသည်။

ထိုအခိုက်အတန့်တွင် ခန်းမကြီးအတွင်းရှိ ဧကရာဇ်များ စတင်ဆွေးနွေးကြတော့၏။ အချို့က ချင်းယွဲ့နယ်မြေသခင်၏ စကားကို နားထောင်ကာ ရှစစ်တပ်ကို တိုက်ခိုက်ရန် စစ်တပ်စေလွှတ်ခြင်းကို ထောက်ခံကြပြီး၊ အချို့ကမူ ရှစစ်တပ်မှာ ရင်ဆိုင်ရန် မလွယ်ကူကြောင်း နားလည်စေရန်အတွက် ချင်းယွဲ့နယ်မြေသခင်ကို ဆက်လက်ဖျောင်းဖျရန် အကြံပြုကြသည်။ နယ်မြေသခင်ကိုယ်တိုင် အခြေအနေကို နားလည်ပြီး ထိုအစီအစဉ်ကို အလိုအလျောက် စွန့်လွှတ်သွားလိမ့်မည်ဟု မျှော်လင့်နေကြခြင်း ဖြစ်၏။

ထိုက်ခန်းဧကရာဇ်ကမူ ချက်ချင်း စကားမပြောသေးပေ။ သူသည် ခန်းမကြီးအတွင်းရှိ ဧကရာဇ်များ၏ ဆွေးနွေးမှုများကိုသာ တိတ်ဆိတ်စွာ နားထောင်နေသည်။

အချိန်အတော်ကြာသွားသော်လည်း ဧကရာဇ်များ ကောင်းမွန်သော အဖြေတစ်ခု မရရှိကြသေးပေ။ လူအများ၏ စိတ်ထဲတွင် ဖြစ်ချင်တာနှင့် ဖြစ်သင့်တာများ ရောထွေးကာ အဖြေရှာမရ ဖြစ်နေကြခြင်း ဖြစ်၏။ ထိုအခိုက်အတန့်တွင် သူတို့အားလုံးသည် တိတ်ဆိတ်နေသော ထိုက်ခန်းဧကရာဇ်ကို တညီတညွတ်တည်း ကြည့်လိုက်ကြ တော့သည်။

ထိုက်ခန်းဧကရာဇ်သည် သူတော်စင်အမွေခံဖြစ်ပြီး ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ ယာယီအုပ်ချုပ်သူ ဖြစ်သည်။ ထို့ကြောင့် ရှစစ်တပ်ကို တိုက်ခိုက်ခြင်း၊ မတိုက်ခိုက်ခြင်းက သူ၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်နေ၏။ ခန်းမအတွင်း တိတ်ဆိတ်သွားသည်ကို မြင်လျှင် ထိုက်ခန်းဧကရာဇ်က နောက်ဆုံးတွင် စကားပြောလာသည်။

“ဒါက ဘိုးဘေးကြီးရဲ့ အမိန့်ဖြစ်နေတာကြောင့် ကျုပ်တို့ လိုက်နာရပါမယ်။ သွားပြီး ပြင်ဆင်ကြတော့။ နောက်တစ်လနေရင် ရှစစ်တပ်ဆီ စစ်တပ်စေလွှတ်မယ်။”

ထိုက်ခန်းဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ကြားလျှင် ရှစစ်တပ်ကို တိုက်ခိုက်ရန် စစ်တပ်စေလွှတ်မည့် အစီအစဉ်ကို စွန့်လွှတ်ဖို့ မျှော်လင့်‌နေကြသော ဧကရာဇ်များ တစ်ဦးပြီးတစ်ဦး သက်ပြင်းချလိုက်ကြတော့သည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ယခုအချိန်တွင် ရှစစ်တပ်သို့ စစ်တပ်စေလွှတ်ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိတော့ချေ။

ဤအချိန်တွင် သူတို့ ပုန်ကန်ကြလျှင်တောင်မှ ချင်းယွဲ့နယ်မြေသခင်ကို ဖြုတ်ချနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ထိုအဖိုးကြီး တစ်ခုခုဖြစ်သွားပါက ချင်းယွဲ့မြင့်မြတ်နယ်မြေ တစ်ခုလုံးကိုပါ သူနှင့်အတူ ပျက်စီးခြင်းသို့ ဆွဲခေါ်သွားနိုင်ပေသည်။

ထိုက်ခန်းဧကရာဇ် ဆုံးဖြတ်ချက် ချပြီးနောက်တွင် ဧကရာဇ်များ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြ၏။ ယခုအချိန်တွင် ဆွေးနွေးစရာ ဘာမှမကျန်တော့သလို ရှစစ်တပ်ကို တိုက်ခိုက်မည့် နည်းဗျူဟာများနှင့် ပတ်သက်၍လည်း ဆွေးနွေးစရာ မလိုတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲကို အနိုင်ရလိမ့်မည်ဟု သူတို့ တကယ် မယုံကြည်ကြသောကြောင့် ဖြစ်သည်။

ဧကရာဇ်များ ခန်းမအတွင်းမှ တဖြည်းဖြည်း ထွက်သွားကြပြီးသည့် အခိုက်အတန့်တွင် ဧကရာဇ်တစ်ဦး ထိုက်ခန်းဧကရာဇ်အနားသို့ ချဉ်းကပ်လာသည်။

“သူတော်စင်အမွေခံ... ကျုပ်တို့ ရှစစ်တပ်ကို တကယ်ပဲ သွားတိုက်မှာလား”

ထိုက်ခန်းဧကရာဇ်က သက်ပြင်းချလိုက်ပြီး

“ဒါက ဘိုးဘေးကြီးရဲ့ ဆန္ဒပဲ”

ထိုက်ခန်းဧကရာဇ်၏ စကားအရ သူတို့ ဘိုးဘေးကြီး၏ အမိန့်ကို မငြင်းဆန်နိုင်ကြောင်း ဆိုလိုခြင်း ဖြစ်၏။ ထိုအခိုက်အတန့်တွင် ထိုက်ခန်းဧကရာဇ်က

“သွားပြီး ပြင်ဆင်ကြတော့။ ကျုပ် ဘာလုပ်ရမလဲဆိုတာ သိပါတယ်။”

သူတို့သည် ဘိုးဘေးကြီး၏ အမိန့်ကို မဆန့်ကျင်နိုင်သော်လည်း စစ်တပ်စေလွှတ်ခြင်းနှင့် ရှစစ်တပ်ကို အနိုင်တိုက်နိုင်ခြင်းက မတူသော အကြောင်းအရာ နှစ်ခု ဖြစ်သည်။ သူတို့သည် တာဝန်တစ်ခု ပြီးမြောက်စေရန်အတွက် ဟန်ပြသက်သက်သာ စစ်တပ်ကို စေလွှတ်ကြမည် ဖြစ်၏။ ရှစစ်တပ်အား တကယ် သွားတိုက်ရန် သူတို့ကို မျှော်လင့်ခြင်းက မဖြစ်နိုင်သော ကိစ္စပင်။

ထိုက်ခန်းဧကရာဇ်၏ စကားကို ကြားလျှင် အခြားဧကရာဇ်များလည်း သူ၏ အစီအစဉ်ကို ချက်ချင်း နားလည်သွားကြသည်။ ထိုအစီအစဉ်သည် သူတို့ စိတ်ထဲတွင် ရှိနေသည့်အတိုင်း ဖြစ်၏။

လူတိုင်းက တစ်သဘောတည်း ဖြစ်နေကြသဖြင့် ကိစ္စရပ်များ ကိုင်တွယ်ရတာ ပို၍ လွယ်ကူသွားသည်။ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ စစ်ပြင်ဆင်မှုများမှာ တိတ်တဆိတ်ရှိလှသော်လည်း ထိုကဲ့သို့သောသတင်းမျိုးက ဖုံးကွယ်၍ ရနိုင်သော အရာမျိုး မဟုတ်ပေ။

မကြာမီပင် ချင်းယွဲ့မြင့်မြတ်နယ်မြေမှ ရှစစ်တပ်ကို တိုက်ခိုက်ရန် စစ်တပ်စေလွှတ်မည့် သတင်း ဗဟိုကြယ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ဗဟိုကြယ်နယ်မြေတွင် ရှိနေသော လုချန်းလည်း ထိုအကြောင်းကို ကြားသိသွားသည်။

ဤအချက်က လုချန်းကို အတန်ငယ် ဇဝေဇဝါ ဖြစ်စေ၏။

ချင်းယွဲ့မြင့်မြတ်နယ်မြေ ဟုတ်လား။

အဲဒါက ဘယ်လို အင်အားစုမျိုးလဲ။

သူတို့က ရှစစ်တပ်ကို ဘာလို့ စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်ချင်တာလဲ။

ရှစစ်တပ်က သူတို့ကို ဘယ်တုန်းက သွားပြီး ရန်စခဲ့လို့လဲ။

နောက်ပိုင်းတွင် ဗဟိုကြယ်နယ်မြေအတွင်းရှိ အဓိကအင်အားစုများကို စုံစမ်းရန် လူလွှတ်လိုက်ရာ ချင်းယွဲ့မြင့်မြတ်နယ်မြေသည် အခြားသော ရှေးဟောင်းမြင့်မြတ်နယ်မြေများကဲ့သို့ပင် ရှေးဟောင်းမြင့်မြတ်နယ်မြေတစ်ခု ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားသည်။ ချင်းယွဲ့နယ်မြေသခင်သည် ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်နိုင်ခြေ ရှိပေသည်။

ဤအချက်က ချင်းယွဲ့မြင့်မြတ်နယ်မြေသည် ရှစစ်တပ်ကို ဘာကြောင့် ရုတ်တရက် တိုက်ခိုက်ချင်နေရသည်ကို လုချန်းအား အခြေခံအားဖြင့် ခန့်မှန်းနိုင်စေသည်။ ချင်းယွဲ့နယ်မြေသခင်သည် လုချန်း သူ့ထက်အရင် ကောင်းကင်ဧကရာဇ် ဖြစ်သွားမည်ကို စိုးရိမ်နေသဖြင့် ရှစစ်တပ်၏ နယ်မြေချဲ့ထွင်မှုကို ကန့်သတ်ရန် ချင်းယွဲ့မြင့်မြတ်နယ်မြေမှ စစ်တပ်များကို စေလွှတ်လိုက်ခြင်း ဖြစ်သည်။

လုချန်းကတော့ ထိုကိစ္စကို အလွန် အာရုံမစိုက်ခဲ့ပေ။

သူတို့ စစ်တပ်စေလွှတ်ချင်လည်း သူစောင့်နေရုံသာ ရှိသည်။

ရှေးဟောင်းမြင့်မြတ်နယ်မြေတစ်ခုက ဘာမှလုပ်နိုင်မည် မဟုတ်ပေ။

ဧကရာဇ် အဆင့်ကိုး အနည်းငယ်သာ ပိုလာရုံသာ ရှိပေလိမ့်မည်။ ရှစစ်တပ်ရှိ ဧကရာဇ်အရေအတွက်သည် ယခု ‌အယောက် တစ်ရာကျော်ပင် ရှိနေပြီ ဖြစ်သည်။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုလိုက်လျှင် မည်သည့် ဧကရာဇ် အဆင့်ကိုး မှ လုချန်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

……..

အနီရောင်မိုးစက် ကမ္ဘာ။

လုချန်း၏ ကိုယ်ပွားသည် မြစ်ကမ်းနားတွင် ထိုင်နေ၏။သူ၏ လက်ထဲတွင် ငါးမျှားတံ တစ်ချောင်းကို ကိုင်ထားကာ ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ကိုက်ထားသည်။ သူသည် အေးအေးလူလူနှင့် အလွန်အားလပ်နေသလို ထင်ရ၏။ လေပြေအေးလေးများ တိုက်ခတ်နေသည့် မြစ်ကမ်းဘေးရှိ သူ၏ ပုံစံက လောကကြီးကို မေ့လျော့နေသူတစ်ဦးနှယ်ပင်။

လက်ရှိတွင် ဤကိုယ်ပွား၌ ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ အနီရောင်မိုးစက် ကမ္ဘာရှိ ယွမ်ချင်းရှုကို စောင့်ကြည့်ရန်နှင့် သူမ၏ လှုပ်ရှားမှုတိုင်းကို လေ့လာရန် ဖြစ်၏။ ထို့နောက် ယွမ်ချင်းရှုကို ထျန်းချန်းကမ္ဘာသို့ အတင်း ခေါ်ဆောင်သွားရန် အခွင့်အရေး ရှာဖွေရန် ဖြစ်သည်။

လုချန်း၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနှင့်နေပြီ ဖြစ်၏။ ယွမ်ချင်းရှုကို ထျန်းချန်းကမ္ဘာသို့ ပြန်ခေါ်ဆောင်သွားမည်ဆိုပါက အနုနည်းလမ်းများကို အသုံးပြု၍ မရနိုင်ပေ။ ယွမ်ချင်းရှု၏ သူ့အပေါ် ထားရှိသော သဘောထားကြောင့် ထျန်းချန်းကမ္ဘာသို့ သူနှင့်အတူ လိုလိုလားလား လိုက်ပါလာမည့် အကြောင်းပြချက် သူမ၌ လုံးဝမရှိပေ။

ထို့‌ကြောင့် သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံကို အသုံးပြုရန် လုချန်း စဉ်းစားထားသည်။ သင့်တော်သော အချိန်တွင် ယွမ်ချင်းရှုကို သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံ အတွင်းသို့ တိုက်ရိုက် တွန်းပို့ရန် ဖြစ်၏။

ထိုအခါသူတို့ ထျန်းချန်းကမ္ဘာသို့ ရောက်ရှိရန် တစ်ခဏသာ ကြာပေလိမ့်မည်။ ထျန်းချန်းကမ္ဘာသို့ ရောက်ရှိသွားသည်နှင့် သူမ ထွက်ပြေးရန် မဖြစ်နိုင်တော့ချေ။

ထိုအချိန်ကျမှသာ ယွမ်ချင်းရှု၏ စိတ်နေစိတ်ထားကို သူ ဖြည်းဖြည်းချင်း ပြုပြင်ယူရမည် ဖြစ်သည်။ ကိုယ်ပွားဖြစ်သော ယွမ်ရှန်ရှန် ရှိနေသဖြင့် ထျန်းချန်းကမ္ဘာရှိ လူနေမှုဘဝကို ယွမ်ချင်းရှု လျင်မြန်စွာ အသားကျသွားလိမ့်မည်ဟု လုချန်း ယုံကြည်ထား၏။

သူ၏ အစီအစဉ်ကို တွေးတောရင်း လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသော်လည်း ထိုအခိုက်အတန့်တွင်ပင် သူ၏ ဘေးရှိ တောအုပ်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“သူတော်စင်အမွေခံ... ကျွန်တော်တို့ ဒီအချိန်မှာ ဒီကို ဘာလာလုပ်တာလဲ။”

“စစ်တပ် လှုပ်ရှားမှုတွေအတွက် အချိန်အနည်းငယ် လိုအပ်တယ်။ ကျုပ်တို့ အနီရောင်မိုးစက် ကမ္ဘာမှာ ရက်အနည်းငယ်လောက် နေကြမယ်။”

“သူတော်စင်အမွေခံရဲ့ ဆန္ဒအတိုင်းပါပဲ”

တောအုပ်အတွင်းရှိ လူများ၏ စကားပြောသံကို ကြားရသောအခါ လုချန်း စပ်စုချင်စိတ် ဖြစ်သွားသည်။

သူတော်စင်အမွေခံ....

စစ်တပ် လှုပ်ရှားမှု.....

ဘယ်သူက စစ်တပ်တွေ ရွှေ့နေတာလဲ။

ပြီးတော့ ဘယ်ကို ရွှေ့နေတာလဲ။

သူတို့က အနီရောင်မိုးစက် ကမ္ဘာကို တိုက်ခိုက်ဖို့ စီစဉ်နေတာလား။

ဤကဲ့သို့သော ဝေးလံသည့် အရပ်ဒေသသို့ ထိုပုဂ္ဂိုလ်များ ရောက်ရှိလာခြင်းက ထူးခြားသည်ဟု ဆိုရမည်။

အနီရောင်မိုးစက် ကမ္ဘာကို လက်ရှိတွင် ယွမ်ချင်းရှု၏ လက်အောက်ရှိ လျှို့ဝှက်လဝန်း နန်းတော်က ထိန်းချုပ်ထားသည်။ ဗဟိုကြယ်နယ်မြေ၏ အစွန်အဖျားရှိ ဤကဲ့သို့သော ကမ္ဘာငယ်လေးက အာရုံစိုက်စရာ မရှိသင့်ပေ။ သို့ဖြစ်ပါလျက် အဘယ်ကြောင့် တစ်စုံတစ်ယောက်က ဤနေရာကို လာရသနည်း။

လုချန်းက အလွန် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ရုတ်တရက် ဧကရာဇ်တစ်ဦး သူ၏အနီးတွင် ပေါ်လာသည်။ ထိုဧကရာဇ်သည် မည်သည့်စကားမှ မပြောပဲ လုချန်းကို နှုတ်ပိတ်သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်နှင့် အစွမ်းထက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ကံကောင်းထောက်မစွာနှင့် ထိုအခိုက်အတန့်တွင် တောအုပ်အတွင်းမှ လူလတ်ပိုင်းအရွယ် အမျိုးသား၏ အသံက

“ထားလိုက်ပါ”

ထိုအရာကို ကြားလျှင် လုချန်း၏ ရှေ့မှ ဧကရာဇ် ချက်ချင်း ရပ်တန့်သွားသည်။ ဧကရာဇ်တစ်ဦးအတွက် သူတော်စင်တစ်ဦးသည် အချိန်မရွေး နင်းခြေပစ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

ထို့ကြောင့် ထိုက်ခန်းဧကရာဇ်စိတ်ထဲ လုချန်းကို အရေးပါသော သူတစ်ဦးအဖြစ် မှတ်ယူမည် မဟုတ်တာတော့ ထင်ရှား၏။

လုချန်းလည်း ခုနက စကားပြောခဲ့သော လူလတ်ပိုင်းအမျိုးသားကို စစ်ဆေးရန် သူ၏ စနစ်ကို အသုံးပြုလိုက်ရာ ထိုသူသည် မကြာသေးမီက ကောလာဟလ ထွက်ပေါ်နေသော ချင်းယွဲ့မြင့်မြတ်နယ်မြေမှ သူတော်စင်အမွေခံ တကယ်ပင် ဖြစ်နေကြောင်း တွေ့ရှိလိုက်သည်။ လုချန်း၏ စနစ်က ပေးအပ်သော အချက်အလက်များသည် မှားယွင်းရန် အခွင့်အလမ်း အလွန်ပင် နည်းပါးလှ၏။

လုချန်းမှာ ဆွံ့အသွားရသည်။

ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ သူတော်စင်အမွေခံအား ဗဟိုကြယ်နယ်မြေ၏ ဤကဲ့သို့သော အစွန်အဖျား ကမ္ဘာငယ်လေးတွင် ဆုံတွေ့ နေရပါလား။

ဒီသူတော်စင်အမွေခံက နေရာရွေးတတ်လွန်းလှပေသည်။

သူသည် ရှစစ်တပ်ကို တိုက်ခိုက်ရန် စစ်တပ်စေလွှတ်ရမည် မဟုတ်ပါလား။

အဘယ်ကြောင့် ဤကဲ့သို့သော နေရာတွင် ရှိနေရသနည်း။

ထိုက်ခန်းဧကရာဇ်က ယွမ်ချင်းရှုနှင့် သူ၏ ပတ်သက်မှုကို သိရှိသွားပြီး ယွမ်ချင်းရှုကို ဖမ်းဆီးကာ ရှစစ်တပ်ကို ဆန့်ကျင်ရန် သူမကို အသုံးချချင်နေခြင်း ဖြစ်နိုင်သလား။

ဤဖြစ်နိုင်ခြေကို တွေးမိသောအခါ လုချန်း၏ မျက်နှာ ချက်ချင်း မှောင်မှောင်သွား၏။

သူ၏ရှေ့မှ လုံချွမ်းဧကရာဇ်က

“မင်းလို သူတော်စင်လေးက သတ္တိတော့ ရှိသားပဲ။ ငါ လှုပ်ရှားတာကို မြင်တာတောင် မင်းက နည်းနည်းမှ မကြောက်ဘူးပဲ။”

နယ်မြေရှင်းလင်းရင်း လုချန်းကိုပါ ဖယ်ရှားခြင်းရန် လုံချွမ်းဧကရာဇ် တကယ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုက်ခန်းဧကရာဇ်သာ ဝင်ရောက်မတားဆီးပါက ယခုအချိန်တွင် ဤနေရာ၌ လုချန်း ရှိနေ တော့မည် မဟုတ်ပေ။

သို့သော်လည်း ဤလူငယ် သူတော်စင်လေးက မျက်တောင်တစ်ချက်ပင် မခတ်ချေ။ အခြားသူတော်စင် တစ်ဦးဦးသာဆိုလျှင် ယခုအချိန်တွင် ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းပန်နေလောက်ပြီ ဖြစ်သည်။

…………

အခန်း (၁၅၁၅)

ရှစစ်တပ်ကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသူများ

လုံချွမ်းဧကရာဇ်၏ စကားသံ အဆုံးသတ်သည်နှင့် ထိုက်ခန်းဧကရာဇ် လုချန်း၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိလာသည်။ သူက မျက်မှောင်ကြုတ်ကာ လုချန်းအား အကဲခတ်ပြီးနောက်

“အသက် တစ်ဆယ့်ခြောက်နှစ်နဲ့ သူတော်စင်အဆင့်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟု မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ထိုက်ခန်းဧကရာဇ်၏ စကားကို ကြားလျှင် အတူပါလာသော အခြားဧကရာဇ်များလည်း လုချန်း၏ ရှေ့တွင် ပေါ်လာကြပြီး တိရစ္ဆာန်ရုံထဲမှ မျောက်တစ်ကောင်ကို ကြည့်နေသကဲ့သို့ သူ့အား ဝိုင်းအုံကြည့်ရှုကြတော့သည်။ လုချန်း၏ စိတ်ဝိညာဉ်သည် အမှန်တကယ်ပင် မူလအတိုင်း ရှိနေသည်ကို မြင်သောအခါ ဧကရာဇ်များ အံ့အားသင့်သွားကြ၏။

သူတို့၏ အကြည့်များက လုချန်း၏ ကိုယ်တွင်းအင်္ဂါရပ်များကို ထိုးဖောက်စစ်ဆေးလိုသည့်အလား စူးရှလှ၏။

အသက် တစ်ဆယ့်ခြောက်နှစ်နှင့် သူတော်စင်အဆင့်လား။

ဤအရာက မည်သို့ ဖြစ်နိုင်ပါမည်နည်း။

ဤပါရမီမျိုးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

အချိန်အတန်ကြာ ငြိမ်သက်သွားပြီးနောက် လုချန်းက

“လေးစားအပ်တဲ့ စီနီယာတို့ ဒီကို ဘယ်ကိစ္စနဲ့ ရောက်လာတာလဲဆိုတာ ကျွန်တော် သိခွင့်ရမလား”

ထိုအသံကို ကြားမှ ဧကရာဇ်များလည်း သတိဝင်လာကြပြီး ထိုက်ခန်းဧကရာဇ်က “မင်းက ဘယ်အင်အားစုကလဲ”

ဤမျှ ထူးခြားသော ပါရမီရှင်သည် ထိပ်တန်းအင်အားစု တစ်ခုခုမှ ဖြစ်နိုင်ကြောင်း ထိုက်ခန်းဧကရာဇ် တွေးတောလိုက်၏။ စောစောက လုံချွမ်းဧကရာဇ် လက်မမြန်ခဲ့တာ ကံကောင်းသည်ဟု ဆိုရမည်။

ဤကဲ့သို့သော ပါရမီရှင်အား သတ်ဖြတ်မိပါက ချင်းယွဲ့မြင့်မြတ်နယ်မြေအတွက် ကြောက်စရာကောင်းသော ရန်သူတစ်ဦး တိုးလာပေလိမ့်မည်။ လုချန်းက

“လေးစားအပ်တဲ့ စီနီယာ။ ကျွန်တော် လောလောဆယ် ဘယ်အင်အားစုကိုမှ မဝင်ရသေးပါဘူး”

ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

ဒါက...

လုချန်း၏ အဖြေကို ကြားသောအခါ ဧကရာဇ်များ အံ့အားသင့်သွားကြပြန်သည်။ ထို့နောက် သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

မည်သည့် အင်အားစုကိုမှ မဝင်ရသေးဘူး ဟုတ်လား။

ဆိုလိုသည်မှာ သူသည် လွတ်လပ်နေသော ထိပ်တန်းပါရမီရှင် တစ်ဦးပင် ဖြစ်သည်။

ပါရမီသက်သက်ဖြင့် အသက် တစ်ဆယ့်ခြောက်နှစ်တွင် သူတော်စင်အဆင့် ဖြစ်လာရန်မှာ ဧကရာဇ်တစ်ပါး ဝင်စားသူအတွက်ပင် ခဲယဉ်းလှ၏။ ထိုဧကရာဇ်များ၏ စိတ်ထဲ ဤမျှ ထူးခြားသော လူတစ်ဦးရှိ‌နေခြင်းကို မယုံကြည်နိုင်ပဲ ဖြစ်နေကြ၏။

ထိုက်ခန်းဧကရာဇ်သည် သတိပြန်ဝင်လာပြီး လုချန်း၏ ခန္ဓာကိုယ်ကို ထပ်မံစစ်ဆေးရာ အရာရာ ပုံမှန်ဖြစ်နေသည်ကို တွေ့ရှိရ၏။ သူ၏ စိတ်ဝိညာဉ်သည် တည်ငြိမ်နေကာ မည်သည့်ဧကရာဇ်၏ လူဝင်စားမှလည်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။

လုချန်း၏ စိတ်ဝိညာဉ်စွမ်းအား အဆင့်သည်သူ၏ ကိုယ်ပွားနှင့်သာ သက်ဆိုင်သည်။ သူ၏ ကိုယ်ပွားသည် မည်သည့်အဆင့်တွင် ရှိနေပါစေ ထိုအဆင့်နှင့် ကိုက်ညီသော စိတ်ဝိညာဉ်ကိုသာ ပြသနိုင်ခြင်း ဖြစ်၏။

သို့သော် သူ၏ စိတ်ဝိညာဉ်သည် ထိုဧကရာဇ်များ မသိနိုင်သော ပိုမိုအစွမ်းထက်သည့် စိတ်ဝိညာဉ်နှင့် ဆက်နွှယ်နေသေးသည်။ ထိုမစစ်ဆေးနိုင်သော စိတ်ဝိညာဉ် အစိတ်အပိုင်းသည် ရုပ်သေးနည်းပညာနှင့် ဖန်တီးခြင်း လမ်းစဉ်တို့ကို လေ့လာရာမှ လုချန်း ဖော်ထုတ်ထားသည့် ထိပ်တန်းကျင့်စဉ် တစ်ခုပင် ဖြစ်သည်။

ထိုနည်းလမ်းသည် လုချန်း ယန်ယန် နန်းတော်အတွင်းသို့ ခိုးဝင်ရန် အသုံးပြုခဲ့သော နည်းစနစ်ပင် ဖြစ်၏။

ထိုက်ခန်းဧကရာဇ်က သူ၏ စိတ်ကို တည်ငြိမ်စေပြီးနောက် လုချန်းအား

“မင်း ချင်းယွဲ့မြင့်မြတ်နယ်မြေကို ဝင်ပြီး ငါ့ရဲ့ တပည့်အဖြစ် ခံယူဖို့ ဆန္ဒရှိလား”

ကပ်ဘေးကြီး နီးကပ်နေပြီဖြစ်၍ ဤလူငယ် အင်အားမကြီးထွားမီ ပျက်စီးသွားနိုင်သော်လည်း ဤပါရမီမျိုးကို မြင်သူတိုင်း တပည့်အဖြစ် ခေါ်ယူလိုကြသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ဤအစွန်အဖျား ကမ္ဘာငယ်လေးတွင် ခဏရပ်နားရုံမျှဖြင့် ဤမျှ အလားအလာရှိသော ပါရမီရှင်ကို တွေ့ရှိလိမ့်မည်ဟု ထိုက်ခန်းဧကရာဇ် မမျှော်လင့်ထားခဲ့ပေ။

ဤအချက်ကို တွေးတောရင်း သူ၏ အတိတ်ကို ပြန်လည် သတိရသွားသည်။ ဤလူငယ်သည် ဤခေတ်တွင် မွေးဖွားလာရခြင်းအတွက်လည်း သူ နှမြောမိသွား၏။ အကယ်၍ လွန်ခဲ့သော နှစ်ပေါင်း သန်းချီက မွေးဖွားခဲ့ပါက သူသည် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်ပေလိမ့်မည်။

ထိုက်ခန်းဧကရာဇ်၏ ကမ်းလှမ်းချက်ကို ကြားလျှင် လုချန်းက ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး

“တပည့် ဆရာ့ကို ဂါရဝပြုပါတယ်”

ဤအခွင့်အရေးကို အသုံးချကာ ချင်းယွဲ့မြင့်မြတ်နယ်မြေအတွင်းသို့ ခိုးဝင်ရန်နှင့် ၎င်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် လုချန်း ရည်ရွယ်ထားခြင်း ဖြစ်သည်။ လုချန်းက တပည့်အဖြစ် ခံယူသည်ကို မြင်သောအခါ ထိုက်ခန်းဧကရာဇ် အလွန် ကျေနပ်သွားသည်။

ထိုက်ခန်းဧကရာဇ်၏ အနားရှိ ဧကရာဇ်များကလည်း သူ့အား ဂုဏ်ပြုလိုက်ကြသည်။

“ထူးချွန်တဲ့ တပည့်တစ်ယောက် ရတဲ့အတွက် ဂုဏ်ယူပါတယ် သူတော်စင်အမွေခံ။”

ထိုက်ခန်းဧကရာဇ်က ကျေနပ်စွာ ရယ်မောလိုက်ပြီးနောက် လုချန်းကို ကြည့်ကာ

“ဒါနဲ့ မင်းရဲ့ နာမည်ကို ငါ မသိရသေးဘူး”

လုချန်းက

“တပည့်ရဲ့ နာမည်က ချန်းလု ပါ”

ထိုက်ခန်းဧကရာဇ်က

“ကောင်းပြီ ချန်းလု။ ဒါက ငါ့တပည့်အဖြစ် ခံယူတဲ့အတွက် မင်းကို ငါပေးတဲ့ လက်ဆောင်ပဲ။”

သူ ပြောလိုက်သည်နှင့် ထိုက်ခန်းဧကရာဇ်၏ လက်ထဲတွင် ပုလင်းငယ်တစ်လုံးနှင့် ကောင်းကင်အဆင့် ဝိညာဉ်ဓားတစ်လက် ပေါ်လာသည်။ ထိုက်ခန်းဧကရာဇ်က

“ဒါက ကောင်းကင်အဆင့် ဝိညာဉ်ဓားတစ်လက်ပဲ။ ဒီပုလင်းထဲမှာတော့ မင်း ဧကရာဇ်လောင်း အဆင့်ရောက်ရင် ဧကရာဇ် အဆင့် ကို အလွယ်တကူ ရောက်ရှိစေမယ့် ကောင်းကင်အဆင့် အဆင့်တက်ဆေးတစ်လုံး ပါတယ်”

ဟု ရှင်းပြသည်။

လုချန်းက ထိုပစ္စည်းနှစ်ခုကို ချက်ချင်း လက်ခံလိုက်ပြီး

“ကျေးဇူးတင်ပါတယ် ဆရာ”

ထိုက်ခန်းဧကရာဇ်က

“ငါတို့ ဆရာတပည့်ကြားမှာ ဒီလို ယဉ်ကျေးပျူငှာနေဖို့ မလိုပါဘူး”

ထို့နောက် လုချန်းက

“ဆရာ... ချင်းယွဲ့မြင့်မြတ်နယ်မြေက ဘယ်မှာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်”

ထိုမေးခွန်းကို ကြားလျှင် ထိုက်ခန်းဧကရာဇ်က

“မင်းက ဗဟိုကြယ်နယ်မြေရဲ့ အဓိက နယ်မြေထဲကို သိပ်မသွားဖူးဘူး ထင်တယ် ဟုတ်လား။”

လုချန်းက

“တပည့်ရဲ့ အစွမ်းက နည်းလွန်းတာကြောင့် မသွားရဲလို့ပါ”

ဟု ပြန်လည် တုံ့ပြန်လိုက်သည်။

ထိုက်ခန်းဧကရာဇ်က

“ဒါဆိုရင် မင်း ချင်းယွဲ့မြင့်မြတ်နယ်မြေအကြောင်း မသိတာက ပုံမှန်ပါပဲ”

“ငါတို့ရဲ့ ချင်းယွဲ့မြင့်မြတ်နယ်မြေက စကြဝဠာထဲက ရှေးအကျဆုံး မြင့်မြတ်နယ်မြေတွေထဲက တစ်ခုဖြစ်ပြီး စကြဝဠာရဲ့ ထိပ်တန်းအင်အားစုတွေထဲက တစ်ခုလို့ သတ်မှတ်ထားတယ်။”

မြင့်မြတ်နယ်မြေများ၏ ဂုဏ်သတင်းသည် ကြယ်နယ်‌မြေများစွာတွင် ပျံ့နှံ့နေပြီး လူတိုင်းက ကြောက်ရွံ့ရိုသေကြရသည်။

လုချန်းက အံ့အားသင့်သွားဟန်ဖြင့် ဝမ်းသာပီတိ ဖြစ်နေသယောင် ဟန်ဆောင်လိုက်သည်။ လုချန်း၏ အမူအရာကို မြင်သောအခါ ထိုက်ခန်းဧကရာဇ်စိတ်ထဲ ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ခံစားလိုက်ရ၏။

လုချန်းက

“အနီရောင်မိုးစက် ကမ္ဘာက ဗဟိုကြယ်နယ်မြေရဲ့ အစွန်အဖျားမှာ ရှိတာပါ။ ဆရာက ဘာလို့ ဒီလိုနေရာမျိုးကို ရောက်လာတာလဲ”

ဟု စပ်စပ်စုစု မေးမြန်းလိုက်သည်။

ထိုက်ခန်းဧကရာဇ်က

“ဒါက ပြောရရင် ရှည်တယ်။ ငါတို့က ဒီမှာ ခဏနားနေတာ။ အကြာကြီးနေဖို့ အစီအစဉ် မရှိဘူး”

“ကဲ ဒါတွေကို ထားလိုက်ပါဦး။ တခြားနေရာကို ပြောင်းရအောင်။”

ထို့နောက် ထိုက်ခန်းဧကရာဇ်သည် လုချန်းကို ခေါ်ဆောင်ကာ ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နတ်လှေပေါ်သို့ တက်လိုက်သည်။ ထိုအခိုက်အတန့်တွင် အနီရောင်မိုးစက် ကမ္ဘာရှိ လျှို့ဝှက်လဝန်းနန်းတော်မှ ယွမ်ချင်းရှုသည် လုချန်းနှင့် ထိုဧကရာဇ်များ၏ အရှိန်အဝါများ အတူတူ ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်၏။

လုချန်းအား ချင်းယွဲ့မြင့်မြတ်နယ်မြေမှ ဧကရာဇ်များ ခေါ်ဆောင်သွားကြောင်း သူမ သိသွားသည်။ သို့သော် လုချန်းကို ကယ်တင်ရန် ရည်ရွယ်ချက် ယွမ်ချင်းရှုတွင် မရှိပေ။

ဤလုချန်းသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။ သူ သေဆုံးသွားလျှင်ပင် ဆုံးရှုံးမှု မရှိနိုင်ပေ။

ထို့ပြင် ယခုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်သည် အင်အားနည်းနေပြီး ယွမ်ချင်းရှုသည် ထိုနေရာ၏ တစ်ဦးတည်းသော ဧကရာဇ်ဖြစ်နေသဖြင့် လုချန်းအတွက်နှင့် ချင်းယွဲ့မြင့်မြတ်နယ်မြေကို ရန်သူအဖြစ် အကဲစမ်းရန် သူမ စွန့်စားလိမ့်မည် မဟုတ်ပေ။

ချင်းယွဲ့မြင့်မြတ်နယ်မြေ၏ နတ်လှေပေါ်သို့ ရောက်သောအခါ ထိုက်ခန်းဧကရာဇ်က လုချန်းကို

“ချန်းလု... အခုတစ်ခေါက် ငါတို့ ရှစစ်တပ်ကို သွားတိုက်မလို့။ မင်း ရှစစ်တပ်အကြောင်း ကြားဖူးမှာပေါ့”

လုချန်းက ဇဝေဇဝါ ဖြစ်နေဟန်ဆောင်ကာ “ဆရာ... ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့တောင် ရှစစ်တပ်ကို အရေးမယူသေးဘူးလို့ ကျွန်တော် ကြားထားတာ။ ကျွန်တော်တို့က ဘာလို့ ရှစစ်တပ်ကို တိုက်ခိုက်ဖို့ ဒီလောက်တောင် လောနေရတာလဲ။”

ထိုက်ခန်းဧကရာဇ်က

“ဒါက ငါတို့ မြင့်မြတ်နယ်မြေ ဘိုးဘေးကြီးရဲ့ အမိန့်ပဲ။ ငါတို့က အဲ့ဒါကို လိုက်နာဖို့ပဲ လိုတယ်။”

လုချန်းက “ရှစစ်တပ်မှာ ဧကရာဇ် အဆင့်ကိုး တစ်ယောက်မှ မရှိဘူးလို့ ထင်ရတယ်။ ကျွန်တော်တို့ မြင့်မြတ်နယ်မြေက ထိပ်တန်းအင်အားစုဆိုတော့ အနည်းဆုံး ဧကရာဇ် အဆင့်ကိုး အချို့တော့ ရှိရမှာ မဟုတ်လား” ဟု ထပ်မံ မေးမြန်းလိုက်သည်။

ထိုက်ခန်းဧကရာဇ်က

“ဘိုးဘေးကြီး အပါအဝင် ငါတို့ မြင့်မြတ်နယ်မြေမှာ ဧကရာဇ် အဆင့် ကိုး လေးပါး ရှိတယ်”

ထိပ်တန်းအင်အားစု ဖြစ်နေပါလျက် ဧကရာဇ် အဆင့် ကိုး လေးပါးသာ ရှိကြောင်းကြားသဖြင့် လုချန်း အတန်ငယ် အံ့အားသင့်သွား၏။

ထိပ်တန်းအင်အားစုများသည်လည်း ကြည့်ရသည်မှာ ထင်သလောက် ကြီးကျယ်လှသည်တော့ မဟုတ်ပေ။

အကယ်၍ ထိုအချက်သာ အမှန်ဖြစ်ပါက ရှစစ်တပ်အတွက် စကြဝဠာကို လွှမ်းမိုးနိုင်မည့် အလားအလာ များစွာရှိနေသည်။

ထိုအချိန်တွင် လုချန်းက

“ဧကရာဇ် အဆင့် ကိုး လေးပါးတောင် ရှိနေတာပဲ။ ရှစစ်တပ်မှာ ဧကရာဇ် အဆင့် ကိုး တစ်ယောက်မှ မရှိတဲ့အတွက် ဆရာတို့ရဲ့ ဒီခရီးစဉ်က ရှစစ်တပ်ကို ကျရှုံးသွားအောင် လုပ်နိုင်မှာ သေချာပါတယ်။”

ထိုစကားကို ကြားလျှင် ထိုက်ခန်းဧကရာဇ်က မချိပြုံး ပြုံးလိုက်ပြီး

“အဲ့ဒါက အဲ့ဒီလောက် မလွယ်ပါဘူး”

“ရှစစ်တပ်မှာ ဧကရာဇ် အဆင့်ကိုး တွေ မရှိပေမဲ့ သူတို့မှာ ဧကရာဇ် အဆင့်ကိုး တစ်ပါးကို သတ်ဖြတ်နိုင်တဲ့ စွမ်းအား ရှိတယ်။ လင်ကျောက် မဟာကြယ်နယ်မြေစုက ဧကရာဇ် အဆင့် ကိုးဟာ သီသီလေး ရှုံးနိမ့်သွားခဲ့တာ မဟုတ်ဘူး။ ငါတို့ရဲ့ ဒီခရီးစဉ်မှာ ရှစစ်တပ်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး။”

All Chapters