← Chapters

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အခန်း (၄၆၆-၄၆၈)

Vol. 32 Ch. 466-468

အပိုင်း ၄၆၆ : လုပ်ကြံသူ ငါးစာမိသွားခြင်း

ယဲ့ချန်းသည် ယခုအချိန်တွင် ချမ်းသာကြွယ်ဝနေပြီဖြစ်ရာ ငွေကြေးချမ်းသာလာသည်နှင့်အမျှ သူ့အသက်ကို ပိုတန်ဖိုးထားလာသည်။

ရဲတပ်ဖွဲ့နှင့် လုယုံး၏ အစောင့်အရှောက်အပြင် သူ့ကိုယ်ပိုင်စွမ်းရည်လည်း ရှိနေသောကြောင့် အရာအားလုံးက လုံခြုံစိတ်ချရသော အနေအထားတွင် ရှိနေချေသည်။

လုပ်ကြံသူတစ်ဦးရှိကြောင်း အန္တရာယ်သတိပေးချက် ရှိထားသော်လည်း ထိုလုပ်ကြံသူမှာ ယခုအချိန်အထိ ထွက်ပေါ်လာခြင်း မရှိသေးပေ။

လုယုံးက အရေးပါသော အထက်တန်းလွှာများကို အစောင့်အရှောက်ပေးရာတွင် ကျွမ်းကျင်သူဖြစ်ပြီး သူ့စွမ်းရည်များကလည်း စစ်ဘုရင်တစ်ပါးအဆင့်တွင် ရှိလေသည်။

ထို့ကြောင့် သူအနားတွင်ရှိနေသရွေ့ ယဲ့ချန်းအနေနှင့် အလွန် စိတ်အေးလက်အေးရှိသည်။

ယခုမူ အားလုံးအဆင်သင့်ဖြစ်နေချေပြီ။ လုပ်ကြံသူ ထောင်ချောက်ထဲဝင်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေတော့သည်။

ယဲ့ချန်းကတော့ ထုံးစံအတိုင်း တက္ကစီဆက်မောင်းနေပြီး လုယုံးနှင့် ရဲတပ်ဖွဲ့ကမူ သူ့ကို အနီးကပ် စောင့်ကြည့်ပေးနေကြသည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်း၏နောက်ခံအခြေအနေမှာ အလွန်ထူးခြားလှသည်။ သူသည် စီးပွားရေးလောက၏ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရုံသာမက အထက်အာဏာပိုင်များနှင့်လည်း အချိတ်အဆက်ရှိသူဖြစ်၏။

ထို့ကြောင့် ယဲ့ချန်း၏လုံခြုံရေးက အလွန်အရေးကြီးလှပေသည်။

လုယုံး ရောက်လာပြီး ​ဆိုလေသည်။

"မစ္စတာယဲ့... စိတ်ချလက်ချသာနေပါ။ ကျွန်တော် ခင်ဗျားအနားမှာ ရှိနေသရွေ့ ဘယ်သူမှ ခင်ဗျားကို အန္တရာယ်မပြုနိုင်စေရဘူး"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"အင်း.. မင်းရှိနေတော့ ငါလည်း အများကြီးစိတ်အေးရတယ်။ ဒါနဲ့ ဒီတစ်ခါလာမယ့် လုပ်ကြံသူက ပင့်ကူနက်လို့ခေါ်တဲ့ လူသတ်မိစ္ဆာဘုရင်ဖြစ်လောက်တယ်"

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လုယုံး၏ကျောပြင်ကား စိမ့်ခနဲဖြစ်သွားခဲ့သည်။

"တကယ်ပဲ သူဖြစ်နေတာလား။ အရင်က သူနဲ့ ကျွန်တော် ထိပ်တိုက်တွေ့ဖူးတယ်"

လုပ်ကြံသူ၏ နာမည်ကို ကြားပြီးနောက် လုယုံး၏ မျက်လုံးထဲတွင် ပြင်းပြသော တိုက်ခိုက်လိုစိတ်များ ပြည့်လျှံလာသည်။

ပြီးခဲ့သည့်တစ်ခေါက် တာဝန်တစ်ခုထမ်းဆောင်စဉ်က သူတို့ ဤကောင်နှင့်ဆုံခဲ့ဖူးသည်။ ထိုလူက သူ့ညီအစ်ကိုတစ်ယောက်ကို သတ်ဖြတ်သွားခဲ့သည်။

ဤတစ်ကြိမ် ပြန်လည်ဆုံတွေ့ချိန်တွင်တော့ လုယုံးအနေနှင့် ထိုပင့်ကူနက်ကို ဖမ်းဆီးရန် အခိုင်အမာ ဆုံးဖြတ်ထားလိုက်သည်။

"ဒီလူသတ်သမားအတွက် နိုင်ငံတကာက ဆုငွေထုတ်ထားတာ ငါးသန်းလောက်ရှိမယ်။ သူ့ကိုသာ ဖမ်းမိရင် အဲဒီငွေတွေအကုန်လုံး မင်းအတွက်ပဲ"

ယဲ့ချန်းက နောက်ပြောင်လိုက်သည်။

လုယုံးက ဆို၏။

"ငွေက ဒုတိယပါ။ အဓိကက မစ္စတာယဲ့ရဲ့ လုံခြုံရေးပါပဲ"

ယဲ့ချန်းက လုယုံး၏ပခုံးကို ပုတ်ကာ ပြောလိုက်၏။

"မင်း အရမ်းကြီးစိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။ အရာအားလုံးက ငါ့အစီအစဉ်အတိုင်း ဖြစ်နေပါတယ်"

အန္တရာယ်သတိပေးစနစ် ပါရှိသောကြောင့် လုပ်ကြံသတ်ဖြတ်သူရောက်လာပါက သူ သေချာပေါက်ရိပ်မိနိုင်သည်။

ထို့ကြောင့် ယခုအချိန်တွင် ယဲ့ချန်းအနေနှင့် လုပ်ကြံသူ လှုပ်ရှားလာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေခြင်းပင်။

ယဲ့ချန်းက တစ်မနက်ခင်းလုံး တက္ကစီမောင်းနေခဲ့ပြီး မွန်းတည့်ချိန်ရောက်သော် ဗိုက်ဆာလာသဖြင့် တစ်ခုခုစားချင်လာသည်။

စားသောက်ပြီးနောက် အပေါ့သွားချင်လာသဖြင့် သန့်စင်ခန်းဘက်သို့ လျှောက်သွားလိုက်သည်။

ထိုအချိန်မှာပင် ယဲ့ချန်း၏ အန္တရာယ်သတိပေးစနစ်က မြည်လာခဲ့သည်။

သတိပေးချက်အဆင့်က အနီရောင်အထိ ရောက်ရှိနေပြီဖြစ်၏။

ဤသည်မှာ အလွန်ဆိုးဝါးသော အန္တရာယ်အချက်ပြဖြစ်ပြီး လုပ်ကြံသူက အနီးအနားတွင် ရှိနေပေမည်။

ယဲ့ချန်း ခပ်ဖွဖွပြုံးလျက် လုယုံးနှင့် ကျိုးစုစုထံသို့ ဝီချက်မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြီးနောက် သီချင်းလေးတညည်းညည်းဖြင့် သန့်စင်ခန်းထဲသို့ ဝင်သွားလေသည်။

ပင့်ကူနက်က ယဲ့ချန်းနောက်သို့ တကောက်ကောက် လိုက်နေခဲ့သည်မှာ အမှန်ပင်။ အကြောင်းမှာ ဤအလုပ်သာ အောင်မြင်ပါက သူ့အနေနှင့် အခကြေးငွေ သန်းသုံးဆယ် ရရှိမည်ဖြစ်သောကြောင့်ပင်။

ဤငွေများဖြင့်ဆိုလျှင် အားလပ်ရက်ခရီးရှည်ထွက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဇိမ်ကျကျ နေထိုင်နိုင်မည်ဖြစ်၏။

ယဲ့ချန်း လေယာဉ်ပေါ်မှ ဆင်းလာကတည်းက အခွင့်အရေးကို ချောင်းမြောင်းနေခဲ့သည်ဖြစ်ရာ ယခု ယဲ့ချန်း သန့်စင်ခန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရချိန်တွင် သူစောင့်ဆိုင်းနေသော အခွင့်အရေးကြီး ရောက်လာပြီဖြစ်၍ ပင့်ကူနက်မှာ မျက်လုံးများ မှေးကျဉ်းလိုက်မိသည်။

ပင့်ကူနက်က လူအုပ်ကြားထဲတွင် အလွန်သတိထားပြီး ပုန်းကွယ်နေခဲ့သည်။

ထို့ပြင် သူ့ရုပ်ဖျက်စွမ်းရည်မှာလည်း ပြောင်မြောက်လှသဖြင့် သူ့ကို လုပ်ကြံသူတစ်ဦးမှန်း မည်သူမှ သတိမထားမိခဲ့ကြပေ။

သို့သော် သူ ယဲ့ချန်းအနားသို့ ချဉ်းကပ်သွားချိန်တွင် စနစ်၏သတိပေးချက်ကြောင့် သူ မည်သူမည်ဝါဖြစ်ကြောင်း ယဲ့ချန်းကတော့ သိသွားခဲ့သည်။

နောက်ဆုံးတော့ ငါးက ငါးစာဟပ်လိုက်ချေပြီ။

လုယုံးက အရေးပါသူများကို ကာကွယ်စောင့်ရှောက်ပေးရသူပီပီ ထိုသို့သောလုပ်ကြံသူများကို အလိုလိုသိမြင်နိုင်သည့် အာရုံခံနိုင်စွမ်းမျိုး ရှိသည်။

သူလည်း ပင့်ကူနက်ကို သတိထားမိလိုက်သည်။

ယဲ့ချန်း သန့်စင်ခန်းထဲသို့ ဝင်သွားပြီးနောက် ပင့်ကူနက်ကလည်း ထပ်ကြပ်မကွာ လိုက်ပါလာသည်။ လုယုံးကလည်း အနောက်က လိုက်လာသည်။ ထိုအချိန်တွင် ရဲတပ်ဖွဲ့ကလည်း နေရာအနှံ့တွင် ပိတ်ဆို့ဝိုင်းရံထားပြီးဖြစ်၏။

ဤနေရာသည် မိုတုမြို့ရှိ ကုန်တိုက်ကြီးတစ်ခုဖြစ်ပြီး လူသွားလူလာ အလွန်များပြားသည်။ ပင့်ကူနက်သည် သန့်စင်ခန်းထဲတွင် ယဲ့ချန်းကို အဆုံးစီရင်ပြီးနောက် ကုန်တိုက်၏ ဘေးပေါက်မှတစ်ဆင့် အမြန်ထွက်ပြေးလွတ်မြောက်ရန် ကြိုတင်စီစဉ်ထားသည်။

ပင့်ကူနက်က သန့်စင်ခန်းထဲသို့ ဝင်လာခဲ့ပြီး ယဲ့ချန်းကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့သည်။

ယဲ့ချန်းကမူ သူ့ကိစ္စကိုသာ အာရုံစိုက်နေပြီး ပင့်ကူနက်ကို သတိမထားမိဟန်ပြုနေချေသည်။

ပင့်ကူနက်၏ မျက်လုံးထဲတွင် အေးစက်စက်နိုင်သော လူသတ်လိုဟန် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

ဤအရာက သူ့တစ်သက်မှာ တစ်ခါသာရနိုင်မည့် အခွင့်အရေးပင်။

သူ့အင်္ကျီလက်ထဲမှ ထက်ရှရှဓားမြောင်တစ်လက် ထွက်ပေါ်လာပြီး ယဲ့ချန်း၏လည်ပင်းကို အနည်းငယ်ထိမိရုံဖြင့် ယဲ့ချန်း၏ဘဝက ဇာတ်သိမ်းသွားတော့မည်ဖြစ်၏။

ဤနည်းလမ်းဖြင့် လူဘယ်နှယောက်ကို သတ်ဖြတ်ခဲ့ပြီးပြီလဲဆိုသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။

ပင့်ကူနက်၏ လှုပ်ရှားမှုများက တိုးဖွညင်သာလှသည်။ သူက ယဲ့ချန်းအနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။

ထိုအချိန်မှာပင် ယဲ့ချန်းက ရုတ်တရက် လှည့်ကြည့်လိုက်သည်။

ထို့နောက် တစ်ဖက်လူ၏ မျက်နှာတည့်တည့်သို့ ရေပန်းဖြင့် ပန်းချလိုက်လေသည်။

ပင့်ကူနက်မှာမူ ယဲ့ချန်းကို အဆုံးစီရင်ရန် အဆင်သင့်ဖြစ်နေသော်လည်း ယဲ့ချန်းက ဤသို့လှည့်ကွက်ထုတ်လာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။

သူသည် အရပ်ပုသူဖြစ်လေရာ မျက်နှာတည့်တည့်သို့ ပန်းချခံလိုက်ရသည်။

ယဲ့ချန်း၏ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာသည်။

"ကိုယ့်လူ... ဆိုဒါအရသာက ဘယ်လိုနေလဲ"

ပင့်ကူနက်ခမျာ လူမိသွားလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးသလို ဤကောင်လေး၏ စော်ကားမှုကိုပါ ခံလိုက်ရသောကြောင့် ဒေါသတကြီးဖြင့် ဆက်လက်ဖုံးကွယ်မနေတော့ဘဲ လက်ထဲရှိ ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ယဲ့ချန်းဆီသို့ ပြေးဝင်သွားလေသည်။

သို့သော် ထိုအချိန်တွင် လုယုံးက သူ့အင်္ကျီကော်လာကို ဆုပ်ကိုင်၍ ခြေထိုးခံလိုက်ပြီး သူ့ခေါင်းကို အိမ်သာခွက်ထဲသို့ဆောင့်ချကာ ဖိထားလိုက်သည်။

ထို့နောက် အပြင်ဘက်မှ ရဲအရာရှိများလည်း အပြုံလိုက် ပြေးဝင်လာကြသည်။

သူ့ကိုယ်သူ အလွန်လျှို့ဝှက်စွာ ပုန်းကွယ်နေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယဲ့ချန်းက ထောင်ချောက်ဆင်ထားလိမ့်မည်ဟု ပင့်ကူနက် လုံးဝ တွေးမထားခဲ့ပေ။

ရဲများက ပင့်ကူနက်ကို လက်ထိတ်ခတ်လိုက်ကြသည်။ ထိုအချိန်မှာပင် ကျိုးစုစုလည်း အပြေးဝင်လာခဲ့သည်။

သို့သော် ယဲ့ချန်းကို မြင်လိုက်ရသောအခါ သူ(မ) မျက်နှာတစ်ခုလုံးနီရဲသွားပြီး တစ်ဖက်သို့ အမြန်ပြန်လှည့်သွားသည်။

"လူယုတ်မာ"

ယဲ့ချန်းလည်း ဆွံ့အသွားလေသည်။

"မိန်းကလေး... ဒါက အမျိုးသားသန့်စင်ခန်းလေ။ ဘယ်သူက လူယုတ်မာလဲ"

လုယုံးက ပင့်ကူနက်ကို ရဲလက်သို့အပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

ယဲ့ချန်းက သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့သောကြောင့် ယဲ့ချန်းကို ကာကွယ်ပေးရန်မှာ သူ့အဖို့တော့ အရေးအကြီးဆုံးကိစ္စပင်။

လူပေါင်းမြောက်မြားစွာကို သတ်ဖြတ်ခဲ့သော ပင့်ကူနက်သည် အစက ယဲ့ချန်းကိုသတ်ရန် လွယ်ကူမည်ဟု ထင်ထားခဲ့သော်လည်း ယဲ့ချန်းက ဤသို့ လှည့်ကွက်ထုတ်လာလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ဤအဖြစ်က သူ့ကို အလွန်အရှက်ရစေခဲ့သည်။

သို့မဟုတ်ပါက သူ့စွမ်းရည်များဖြင့်ဆိုလျှင် သူ့ကို ဤမျှလွယ်လွယ်ကူကူ ဖမ်းမိနိုင်မည် မဟုတ်ပေ။

ကျိုးစုစုက သူ့လူများကိုခေါ်ကာ ပင့်ကူနက်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ နောက်ကွယ်တွင် မည်သူပါဝင်နေသည်ကို ယဲ့ချန်းက ပင့်ကူနက်၏ ကိုယ်ရေးအချက်အလက်ကို ကြည့်ရုံဖြင့် အားလုံးကို သိသွားခဲ့သည်။

ကြိုးကိုင်ခြယ်လှယ်သူမှာ ကောင်းမိသားစုပင်။

ကောင်းမိသားစုသည် ပြီးခဲ့သည့်တစ်ခေါက်က ပြိုလဲသွားခဲ့သော်လည်း သူတို့တွင် ပြည်ပစီးပွားရေးများ ရှိနေသေးသည်။ ယခုတစ်ကြိမ်တွင် တတိယမြောက်သားဖြစ်သူ ကောင်းမင်က ကောင်းမိသားစုအတွက် လက်စားချေရန် လုပ်ကြံသူတစ်ဦးကို ငှားရမ်းခဲ့ခြင်းဖြစ်၏။

ယဲ့ချန်း၏မျက်လုံးများက အနည်းငယ် အေးစက်သွားပြီး တစ်ခါတစ်ရံတွင် အမြစ်ပြတ်အောင် မရှင်းလင်းခြင်းမှာ ဒုက္ခများနိုင်ကြောင်း နားလည်သွားသည်။

အိမ်ပြန်ရောက်သောအခါ ယဲ့ချန်းလည်း ပြည်ပရှိ ကောင်းမင်၏ ရာဇဝတ်မှုအထောက်အထားဖိုင်တစ်ခုကို ပြုစုရန် ဟက်ကာစနစ်ကို အသုံးပြုခဲ့ပြီး M နိုင်ငံရဲတပ်ဖွဲ့ထံသို့ ပေးပို့လိုက်သည်။

ကောင်းမင်က Mနိုင်ငံတွင် မှောင်ခိုစီးပွားရေးများလုပ်ကိုင်ကာ လူကုန်ကူးခြင်းနှင့် ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်ခြင်းများတွင် ပါဝင်ပတ်သက်နေပြီး ဒုစရိုက်မှုမျိုးစုံကို ကျူးလွန်နေသူပင်။

သို့တိုင် သူသည် သူ့သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်ခဲ့ပြီး အပြင်လူများ၏ အမြင်တွင်မူ လူကြီးလူကောင်းတစ်ဦးအသွင် ဆောင်နေသည်။

Mနိုင်ငံရဲတပ်ဖွဲ့သည် ယဲ့ချန်းထံမှ အထောက်အထားများကို လက်ခံရရှိချိန်တွင် ကောင်းမင်၏နေအိမ်နှင့် စက်ရုံကို ချက်ချင်း ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

Mနိုင်ငံရဲတပ်ဖွဲ့သည် လူပျောက်မှုများနှင့်ပတ်သက်၍ အချိန်ကြာမြင့်စွာ စိုးရိမ်ပူပန်နေခဲ့သော်လည်း သဲလွန်စလုံးဝမရှိခဲ့ပေ။ ယဲ့ချန်းပေးပို့သော သဲလွန်စများကို အခြေခံ၍ Mနိုင်ငံတွင် ကောင်းမင် တည်ထောင်ထားသော မှောင်ခိုအင်ပါယာကြီးတစ်ခုလုံး အမြစ်ပြတ်သွားခဲ့သည်။

ကောင်းမင်ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

Mနိုင်ငံတွင် သေဒဏ်မရှိသော်လည်း ကောင်းမင်မှာမူ တစ်သက်လုံး ထောင်ထဲက ထွက်ခွင့်ရတော့မည် မဟုတ်ပေ။

ယဲ့ချန်း အိမ်ပြန်ရောက်သောအခါ လင်းဝမ်ယိုက စိုးရိမ်တကြီးဖြင့် အပြေးထွက်လာခဲ့သည်။

"ယဲ့ချန်း... ရှင့်နောက်ကို လုပ်ကြံသူတစ်ယောက်လိုက်နေတယ်လို့ ကြားလိုက်တယ်"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"အကုန်ရှင်းလင်းပြီးသွားပါပြီ။ ကောင်းမိသားစုရဲ့ လက်ချက်လေ"

လင်းဝမ်ယို သက်ပြင်းချလိုက်သည်။

"ဘာမှမဖြစ်လို့ တော်သေးတာပေါ့။ ယဲ့ချန်း... ရှင့်ရဲ့လုံခြုံရေးကို နောက်တစ်ဆင့် ထပ်တိုးဖို့လိုပြီ။ နဂါးသံချပ်ကာတပ်ဖွဲ့က လူတွေနဲ့ ကျွန်မ စကားပြောလိုက်မယ်"

ယဲ့ချန်းကမူ ခေါင်းခါလိုက်၏။

"အဲဒီလောက် အလုပ်ရှုပ်ခံစရာမလိုပါဘူး။ လုယုံးရှိနေတာနဲ့တင် လုံလောက်ပါတယ်"

သူ့နောက်တွင် လူအုပ်ကြီး တကောက်ကောက်လိုက်နေသည့် ခံစားချက်မျိုးကို သဘောမကျပေ။ လုံခြုံရေးအဖွဲ့တစ်အုပ် နောက်ကလိုက်နေလျက်နှင့် တက္ကစီမောင်းနေမည်ဆိုပါက ခရီးသည်များလည်း ကြောက်လန့်သွားနိုင်သည် မဟုတ်ပါလော။

ယဲ့ချန်းက လင်းဝမ်ယိုကို စနောက်လိုက်သည်။

"ဒါပေမဲ့ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်။ ဒီနေ့ ကိုယ် အရမ်းလန့်သွားတာ။ အဲဒါ မင်း ကိုယ့်ကို ဘယ်လိုနှစ်သိမ့်ပေးမလဲ"

•••••••••••••••••••

အပိုင်း ၄၆၇ : ကံကြမ္မာကို ပြောင်းလဲခြင်း

မနေ့ညက ယဲ့ချန်းနှင့် လင်းဝမ်ယိုတို့ သန်းခေါင်ယံအထိ အချစ်နယ်ကျွံခဲ့ကြသည်။ ယနေ့မနက်တွင်မူ ယဲ့ချန်းက ကျန်းမာရေးနှင့်ညီညွတ်သော ဆန်ပြုတ်ကို ကိုယ်တိုင်ချက်ပြုတ်ပေးခဲ့သည်။

ဆန်ပြုတ်သောက်ပြီးနောက် ယဲ့ချန်းလည်း တက္ကစီဆက်မောင်းခဲ့သည်။

မွန်းတည့်ချိန် နီးကပ်လာသောအခါ ယဲ့ချန်း ခရီးသည်နှစ်ယောက်ကို တင်ဆောင်ခဲ့သည်။

တစ်ဦးမှာ ဗိုက်ရွှဲရွှဲနှင့် လူလတ်ပိုင်းအမျိုးသားတစ်ယောက်ဖြစ်ပြီး နောက်တစ်ဦးမှာ အသက်နှစ်ဆယ်ကျော်အရွယ် မိန်းကလေးပင်။

"ဒယ်ဒီ... ပုသုန်းဘက်မှာ ကားပြပွဲရှိတယ်လို့ ကြားတယ်။ ကျွန်မကို ဘီအမ်ဒဗလျူဝယ်ပေးမယ်လို့ ကတိပေးထားတယ်နော်"

"ကောင်းပြီ။ ကောင်းပြီ။ ကိုယ် မင်းကို ကြည့်ရအောင် ခေါ်သွားပေးမယ်လေ။ ဟုတ်ပြီလား ဘေဘီ"

"ကြည့်ရုံပဲလား။ တခြားလူတွေ သွားကြည့်နေတာ ကြာလှပြီ။ ကျွန်မကို တစ်စီးလောက်ဝယ်ပေးပါ။ ဒယ်ဒီသာ ကျွန်မကို ဘီအမ်ဒဗလျူဝယ်ပေးရင် ဒယ်ဒီဖြစ်ချင်တာကို သဘောတူမယ်လေ"

"တကယ်လား"

သူ(မ)၏စကားကြောင့် ဗိုက်ရွှဲရွှဲနှင့်လူကြီး၏ မျက်လုံးများမှာ အရောင်လင်းလက်သွားသည်။

ထိုမိန်းကလေးက ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့... တကယ်"

ကားမောင်းနေသော ယဲ့ချန်းအနေနှင့် မေးစရာပင်မလိုဘဲ ဤသည်မှာ ရှူးဂါးဒယ်ဒီဆက်ဆံရေးမျိုးဖြစ်ကြောင်း သိလိုက်သည်။

ထိုအချိန်တွင် ဗိုက်ရွှဲရွှဲအမျိုးသား၏ဖုန်းက အသံမြည်လာခဲ့သည်။

"ဟယ်လို မိန်းမ.. သြော်... ကိုယ် ကျိုတိုမှာ အစည်းအဝေးရှိလို့။ ဒီည ပြန်မလာဖြစ်ဘူး။ သုံးရက်လောက် ကြာမယ်ထင်တယ်။ ဟုတ်ပြီ ဟုတ်ပြီ"

ဖုန်းချပြီးနောက် ဗိုက်ရွှဲရွှဲအမျိုးသားက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။

"ဘေဘီ... ကိုယ် မင်းနဲ့အတူ သုံးရက်လောက် အချိန်ဖြုန်းလို့ရပြီ"

"ကောင်းတာပေါ့။ အဲဒီကျရင် ဒယ်ဒီဝယ်ပေးတဲ့ ဘီအမ်ဒဗလျူအသစ်လေးစီးပြီး လျှောက်လည်လို့ရတာပေါ့"

ထိုစဉ် ဗိုက်ရွှဲရွှဲအမျိုးသားက အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"တက္ကစီဒရိုင်ဘာ... မင်း ဘယ်ကိုမောင်းနေတာလဲ"

ယဲ့ချန်းက ဆို၏။

"ပုသုန်းကားပြပွဲကိုလေ။ ရှေ့နားမှာလမ်းပိတ်နေလို့ မြို့ပတ်လမ်းကနေ ကွေ့မောင်းလာတာပါ"

"မင်း ငါတို့ကို လာလိမ်နေတာလား။ ယုံချင်ယုံမယုံချင်နေ... မင်းကို တိုင်ပစ်မယ်"

"ခုနက ကျွန်တော် ခင်ဗျားကိုမေးတော့ ရတယ်ဆို"

ယဲ့ချန်းက ပြန်ဖြေသည်။

အမှန်တကယ်လည်း အစောပိုင်းက သူတို့နှစ်ဦး ပရောပရည်လုပ်နေကြစဉ် ယဲ့ချန်း မေးခဲ့သော်လည်း ထိုလူက မကြားလိုက်ဟန်ပင်။

"ငါ ဂရုမစိုက်ဘူး။ လမ်းကွေ့မောင်းတာက မင်းပြဿနာပဲ။ နေ့တိုင်း အမြတ်ထုတ်ဖို့ ကြိုးစားနေကြတဲ့ မင်းတို့လို တက္ကစီဒရိုင်ဘာတွေကို ငါ အရမ်းမုန်းတာ"

ဘေးနားရှိ မိန်းကလေးက ချွဲနွဲ့ကာ ပြောလိုက်သည်။

"ဒယ်ဒီ... ဒီလိုဆင်းရဲတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်အတွက်နဲ့ ဒေါသထွက်မနေပါနဲ့။ ကျွန်မတို့က အဆင့်အတန်းရှိတဲ့လူတွေလေ"

"ကောင်းပြီ။ ကားပေါ်ကဆင်းတာနဲ့ မင်းကို သေချာပေါက် မကောင်းတဲ့ရီဗျူးတွေပေးပစ်မယ်။ ငါ ဘယ်သူလဲဆိုတာ မင်းသိလား။ အရှေ့လေကြောင်းလိုင်းကိုရော သိလား။ ငါက သူတို့ရဲ့ အကြီးဆုံး အစားအသောက်ထောက်ပံ့သူကွ။ တစ်နှစ်ကို သန်းနဲ့ချီပြီး ဝင်ငွေရှိတယ်။ မင်းလို တက္ကစီဒရိုင်ဘာက ငါ့လို အောင်မြင်နေတဲ့လူနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

ယဲ့ချန်းလည်း ဆွံ့အသွားသည်။

​သေလေ... ငါ့ဘဏ်အကောင့်ထဲမှာ ဘီလီယံနဲ့ချီပြီး ရှိနေတာတောင် တက္ကစီမောင်းနေတုန်းပဲလေ။ မင်းက တစ်နှစ်ကို သန်းဂဏန်းလောက်လေး ရှိတာကိုများ လာကြွားနေသေးတယ်...

ထိုအချိန်တွင် ထိုလူ၏ဖုန်းက ထပ်မြည်လာပြန်သည်။

သူက စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်၏။

"ဘာဖြစ်ပြန်ပြီလဲ။ ငါ အစည်းအဝေးလုပ်နေတယ်လေ"

"ဘာ... ကလေးဖျားနေတယ် ဟုတ်လား။ ဆေးရုံကို ခေါ်သွားလေ။ ငါ့ကို ဘာလို့ ဖုန်းဆက်နေတာလဲ။ ငါက ကျိုတိုမှာလေ။ ဘယ်လိုလုပ်ပြီး မိုတုကို ချက်ချင်းပြန်လာနိုင်မှာလဲ။ ကလေးတစ်ယောက်ကိုတောင် သေချာဂရုမစိုက်နိုင်ဘူးဆိုရင် မင်းကို ပေါင်းနေတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"

သူက ဒေါသတကြီးဖြင့် ဖုန်းချလိုက်သည်။

ထိုလူ၏စကားများကို ကြားပြီးနောက် ယဲ့ချန်း မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

ဒီလူက မိုတုမြို့မှာရှိနေတာ အသိသာကြီးကို... မိန်းကလေးတွေနဲ့ ပျော်ပါးဖို့ပဲ ဂရုစိုက်ပြီး သူ့ကလေးကိုတော့ လျစ်လျူရှုထားတယ်။ သူ့ကို ပညာနည်းနည်းပေးမှရတော့မယ်...

ထိုလူက ဆက်လက်ကြွားဝါနေချေသည်။

"အရှေ့လေကြောင်းလိုင်းရဲ့ အစားအသောက်ကန်ထရိုက်ကို ရတာနဲ့ ငါ ငွေတွေအများကြီးရမှာ။ မင်းအတွက် အိမ်အကြီးကြီးတစ်လုံး ဝယ်ပေးမယ်"

"ဒယ်ဒီက အရမ်းသဘောကောင်းတာပဲ"

ထိုမိန်းကလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထိုလူကမူ ယဲ့ချန်းကို လှမ်းကြည့်ပြီး လှောင်ပြောင်လိုက်၏။

"ကောင်လေး... ငါ့လိုဘဝမျိုးကို မနာလိုဖြစ်နေပြီမလား။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိကြတယ်။ မင်းရဲ့ကံကြမ္မာက နိမ့်ကျပြီး ငါ့ကံကြမ္မာကတော့ မြင့်မြတ်တယ်ကွ"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ကံကြမ္မာကိုအာခံတယ်ဆိုတာ ခင်ဗျား ကြားဖူးလား"

ထိုလူလည်း အံ့အားသင့်သွားချေသည်။

"ဘာ.. ကံကြမ္မာကိုအာခံမယ် ဟုတ်လား။ မင်းက ကိုယ့်ကံကြမ္မာကိုယ် ပြောင်းလဲချင်တာလား။ အိပ်မက်မက်နေလိုက်"

ယဲ့ချန်းက ခေါင်းခါပြလိုက်သည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး... ကျွန်တော့်ကံကြမ္မာကို ပြောင်းလဲမှာမဟုတ်ဘူး၊ ခင်ဗျားရဲ့ကံကြမ္မာကို ပြောင်းလဲပေးမှာပါ။ ခင်ဗျားကို အခုချက်ချင်း ဆင်းရဲမွဲတေသွားအောင် လုပ်နိုင်တယ်ဆိုတာ ယုံလား"

ယဲ့ချန်း၏စကားများကို ကြားသောအခါ ထိုလူ့ခမျာ အစပိုင်းတွင် ကြက်သေသေသွားသော်လည်း နောက်တွင်မူ အသံထွက်၍ ရယ်မောလိုက်မိသည်။

"မင်းလား... မင်းကိုယ်မင်း ဘယ်သူများမှတ်နေတာလဲ။ တက္ကစီဒရိုင်ဘာကများ ငါ့ရှေ့မှာ လေလုံးထွားရဲတယ်ပေါ့"

လူတွေ ဟိတ်ဟန်ထုတ်နေကြသည်ကို ယဲ့ချန်း တကယ်မမြင်ချင်ပေ။

ယောက်ျားများက ငွေရှိလာလျှင် ဆိုးသွမ်းလာတတ်ကြသည်ဟု အချို့က ဆို၏။

ဒီလူ သူ့တာဝန်ဝတ္တရားတွေကို ပြန်သတိရအောင် ငါ ကူညီပေးဖို့ လိုနေပြီထင်တယ်။

ယဲ့ချန်းက ဖုန်းထုတ်၍ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဥက္ကဋ္ဌဝူလား။ ကျွန်တော် ယဲ့ချန်းပါ"

အရှေ့လေကြောင်းလိုင်း၏ အထွေထွေမန်နေဂျာရုံးခန်းထဲတွင် ဝူဖေးက ယဲ့ချန်း၏ဖုန်းကို တရိုတသေဖြေကြားလိုက်၏။

"ဥက္ကဋ္ဌယဲ့... ခင်ဗျားကိုး"

"ကျွန်တော်တို့လေကြောင်းလိုင်းရဲ့ အစားအသောက် ထောက်ပံ့ရေးကုမ္ပဏီတွေထဲမှာ 'တာ့မေ့ရှီယဲ့'ဆိုတဲ့ ကုမ္ပဏီပါမပါ စစ်ကြည့်ပြီး သူတို့ကို ဖယ်ထုတ်လိုက်ပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုလူ၏ မျက်နှာအမူအရာလည်း အနည်းငယ် ပြောင်းလဲသွားသည်။

သို့သော် စိတ်ပြန်ငြိမ်သွားပြီးနောက် ယဲ့ချန်း ဖုန်းချလိုက်သည်ကို မြင်သောအခါ လှောင်ပြောင်လိုက်၏။

"ကောင်လေး... မင်းက သရုပ်ဆောင်ကောင်းသားပဲ။ ငါတို့ကို ထုတ်ပယ်မယ် ဟုတ်လား။ မင်းကိုယ်မင်း ဘယ်သူများမှတ်နေလဲ။ မင်းကို ပြောပြရဦးမယ်။ အရှေ့လေကြောင်းလိုင်း ဝယ်ယူရေးဌာနရဲ့ မန်နေဂျာက ငါ့ဘော်ဒါကွ... နားလည်လား"

သို့သော် ထိုအချိန်မှာပင် ထိုလူ၏ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

ဖုန်းနံပါတ်ကို မြင်လိုက်ရသောအခါ ထိုလူ အနည်းငယ် မျက်နှာပျက်သွားသည်။

အရှေ့လေကြောင်းလိုင်းဝယ်ယူရေးဌာန၏ မန်နေဂျာက ဖုန်းဆက်လာခြင်းပင်။

ဒီကောင်လေးပြောတာ တကယ်များဖြစ်နေမလားဟု တွေးရင်း ယဲ့ချန်းကို သူ လှမ်းကြည့်လိုက်မိသည်။

မဖြစ်နိုင်ပါဘူး... ဒီကောင်လေးက သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်လေ... သူ့မှာ ဒီလိုအာဏာမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ...

ဖုန်းကိုင်လိုက်ပြီးနောက် ထိုလူက တလေးတစားပြောလိုက်သည်။

"မန်နေဂျာဝမ်... ဘာကိစ္စများရှိလို့လဲ"

"ဟူယုံး... မနေ့က ငါတို့ချုပ်ခဲ့တဲ့စာချုပ်က ပျက်ပြယ်သွားပြီ။ မင်းကို အရှေ့လေကြောင်းလိုင်းက နာမည်ပျက်စာရင်းသွင်းလိုက်ပြီ။ မင်းတို့ကုမ္ပဏီရဲ့ အစားအသောက်တွေကလည်း ငါတို့ရဲ့ ဝယ်ယူရေးစာရင်းထဲမှာ ပါတော့မှာမဟုတ်ဘူး"

"ဘာ... မန်နေဂျာဝမ်... ဘာတွေဖြစ်ကုန်တာလဲ။ မနေ့ညက ညစာစားရင်း ကျွန်တော်တို့ သုံးနှစ်စာချုပ်ကို အပြီးသတ်သဘောတူခဲ့ကြတယ်လေ"

"ပြီးတော့ ကျွန်တော် ခင်ဗျားကို အကျိုးအမြတ်တွေလည်း အများကြီး ပေးခဲ့သေးတယ်လေ။ မန်နေဂျာဝမ်.. ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်တာလဲ"

"ပေါက်က​ရတွေ... ဘယ်သူက မင်းဆီက အကျိုးအမြတ်ယူခဲ့လို့လဲ။ မနေ့က ငါတို့ရဲ့သဘောတူညီချက်က နှုတ်နဲ့ပဲပြောခဲ့တာမို့ တရားဝင်အကျုံးမဝင်ဘူး။ အဲဒီစာချုပ်ကို ပျက်ပြယ်ကြောင်း ငါ အခုကြေညာလိုက်ပြီ"

"ဘာ... မန်နေဂျာဝမ်... ဘာဖြစ်လို့လဲ"

"ဘာဖြစ်လို့လဲ ဟုတ်လား။ မင်း တက္ကစီဒရိုင်ဘာတစ်ယောက်ကို ပြဿနာသွားရှာခဲ့သေးလား"

ဟူယုံး ခဏမျှ ကြက်သေသေသွားပြီးနောက် ယဲ့ချန်းကို လှမ်းကြည့်လိုက်မိသည်။

"ဟုတ်ပါတယ်... ဒါပေမဲ့ ဖြစ်နိုင်တာက..."

မန်နေဂျာဝမ်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"အဲဒီလူက ငါတို့အရှေ့လေကြောင်းလိုင်းရဲ့ အဓိကရှယ်ယာရှင်ကွ။ မင်းက သေလမ်းရှာနေတာပဲ။ ငါ့ကို ဖုန်းထပ်မဆက်နဲ့တော့။ ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး"

ဖုန်းကျသွားပြီးနောက် ဟူယုံးခမျာ ယဲ့ချန်းကို အကြောင်သားကြည့်နေမိသည်။

သူ ဤမျှမောက်မာနေရခြင်း၏ အကြောင်းအရင်းမှာ လေကြောင်းလိုင်းနှင့် အချိတ်အဆက်ရှိနေခြင်းကြောင့်ပင်။

သူ့စက်ရုံက လေကြောင်းလိုင်းအပေါ် မှီခိုနေရပြီး အကယ်၍ ထိုပူးပေါင်းမှုသာ အဆင်မပြေဖြစ်သွားပါက သူတို့ ဒေဝါလီခံရတော့မည်ဖြစ်၏။

ယဲ့ချန်းက ပြုံးလိုက်၏။

"ကဲ... ကားပြပွဲစင်တာကို ရောက်ပါပြီ"

ကောင်မလေးက ဟူယုံး၏လက်မောင်းကို ဆွဲဖက်လိုက်၏။

"ဒယ်ဒီ... ကျွန်မကို ကားဝယ်ပေးလေ"

"ချီးကို ကားသွားဝယ်လိုက်လေ... ငါ့စက်ရုံက ဒေဝါလီခံရတော့မယ်ဟ"

ဟူယုံးက ယဲ့ချန်းကို အလျင်စလို တောင်းပန်လိုက်သည်။

"ဥက္ကဋ္ဌယဲ့... ကျွန်တော် စုံလုံးကန်းခဲ့မိပါတယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့ စက်ရုံက အရှေ့လေကြောင်းလိုင်းကို မှီခိုနေရတာပါ"

ယဲ့ချန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ခင်ဗျားက အောင်မြင်နေတဲ့လူ မဟုတ်ဘူးလား။ ခုနက တအားတွေကြွားနေခဲ့တာမဟုတ်လား"

"ကျွန်... ကျွန်တော် မှားမှန်းသိပါပြီ။ ကျွန်တော့်ကို နောက်ထပ်အခွင့်အရေးတစ်ခါလောက် ပေးပါ"

ယဲ့ချန်းက နှာခေါင်းရှုံ့လိုက်သည်။

"အခွင့်အရေးဆိုတာ ခင်ဗျားကိုပေးရမှာမဟုတ်ဘူး။ အိမ်ပြန်ပြီး ကိုယ့်မိန်းမနဲ့ ကလေးတွေကို ကောင်းကောင်းဂရုစိုက်။ ပြီးတော့ ဖခင်တစ်ယောက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ပါ။ ငွေက ခင်ဗျားကို မောက်မာပြီး ဆိုးသွမ်းတဲ့လူတစ်ယောက် ဖြစ်စေတယ်ဆိုတော့ ဒီတစ်ခါတော့ ကျွန်တော် ခင်ဗျားကို ကူညီလိုက်ပါ့မယ်"

ဟူယုံး ဒေဝါလီခံရတော့မည်ဟု ကြားသည်နှင့် ဘေးနားရှိ ကောင်မလေးက ချက်ချင်း မျက်နှာပျက်သွားသည်။

"ဘာ... ရှင် ဒေဝါလီခံရပြီ ဟုတ်လား။ အဘိုးကြီး... ရှင့်ဆီမှာ အချိန်တွေ အလဟဿဖြုန်းခဲ့မိတာပဲ"

ကောင်မလေးက သူ့ကို ကျိန်ဆဲလိုက်သဖြင့် ဟူယုံးလည်း ဒေါသထွက်သွားသည်။

"နင်ကများ... ငါ့ကို ကျိန်ဆဲရဲတယ်ပေါ့။ နင့်အတွက် ငါ့ပိုက်ဆံတွေအများကြီး သုံးခဲ့ရတာလေ မကောင်းတဲ့မိန်းမ"

ထိုနှစ်ယောက်မှာ ကားပြပွဲဝင်ပေါက်၌ ရန်ဖြစ်နေကြတော့သည်။

ယဲ့ချန်းကမူ ခေါင်းတခါခါလုပ်လိုက်သည်။

"ဒီအတွေ့အကြုံက အဲဒီလူကို သင်ခန်းစာတစ်ခု ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ"

ကားပြပွဲကို မြင်သောအခါ ထန်ရှောင်ဖေးက ဝီချက်တွင် ကားပြပွဲ၌ မော်ဒယ်အဖြစ် အလုပ်လုပ်နေကြောင်း ပြောပြထားသည်ကို ယဲ့ချန်း ရုတ်တရက် သတိရလိုက်သည်။ ဤနေရာသို့ ရောက်လက်စဖြင့် ဝင်ကြည့်လိုက်တာကောင်းမည်ဟု တွေးလိုက်မိသည်။

•••••••••••••••••

အပိုင်း ၄၆၈ : ကားဝယ်ရင်း မော်ဒယ်ပါ လက်ဆောင်ရခြင်း

ယဲ့ချန်းလည်း မိုတုကားပြပွဲသို့ ရောက်လာခဲ့သည်။ ပြပွဲတစ်ခုလုံးမှာ လူများဖြင့် စည်ကားတိုးဝှေ့နေ၏။ဤပွဲသည် ယခုနှစ်အတွက် မိုတုမြို့၏ အကြီးမားဆုံး ကားပြပွဲဖြစ်သဖြင့် လာရောက်လည်ပတ်သူ အမြောက်အမြားကို ဆွဲဆောင်နေခြင်းပင်။

တကယ်တမ်းတော့ လာသမျှလူအများစုမှာ ပွဲကြည့်ရုံသက်သက်သာဖြစ်ပြီး ကားဝယ်ရန် ရည်ရွယ်ချက်ရှိသူမှာ အလွန်နည်းပါးလှသည်။ မိန်းမလှလေးများနှင့် ဇိမ်ခံကားများကို တစ်နေရာတည်းမှာ မြင်တွေ့ခွင့်ရမည့် အခွင့်အရေးကို မည်သူကများ လက်လွှတ်ခံမည်နည်း။

ယဲ့ချန်း ပြပွဲထဲသို့ ဝင်လိုက်သည်နှင့် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားရသည်။ ဤကားပြပွဲတွင် ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီးကားအမှတ်တံဆိပ်အားလုံးနီးပါး၏ ပြခန်းများ ရှိနေချေသည်။ ဖယ်ရာရီ၊ လမ်ဘော်ဂီနီ၊ ပေါ်ရှေး၊ မာဆာရတီ စသည့် ဇိမ်ခံကားအမျိုးအစားများလည်း စုံလင်လှသည်။

သို့သော် လူအများ၏အာရုံကို အဖမ်းစားနိုင်ဆုံးမှာ ဇိမ်ခံကားများရှေ့တွင် ရှိနေကြသော အလှပဂေးလေးများပင်။ ယဲ့ချန်း ပြခန်းအချို့ကို ပတ်ကြည့်သော်လည်း ထန်ရှောင်ဖေးကို မတွေ့ရသေးပေ။ ထိုစဉ် ဖယ်ရာရီကားပြခန်းသို့ ရောက်သွားသည်။

ဖယ်ရာရီကားအနားတွင် ထန်ရှောင်ဖေးကို ယဲ့ချန်း တွေ့လိုက်ရသည်။ ထန်ရှောင်ဖေးမှာ ကိုယ်ကျပ်သားရေဝတ်စုံကို ဝတ်ဆင်ထားပြီး ကားရှေ့တွင် ရပ်နေလေရာ သူ(မ)၏ လှပကျော့ရှင်းသော ကိုယ်လုံးကိုယ်ပေါက်မှာ အထင်းသားပေါ်လွင်နေသည်။ လူလတ်ပိုင်းအမျိုးသားတစ်ဦးကလည်း ထန်ရှောင်ဖေးကို အီစီကလီလုပ်နေ၏။

ထန်ရှောင်ဖေးမှာ မော်ဒယ်တစ်ဦးဖြစ်ရုံသာမက ဝယ်ယူသူများ သိလိုသည့် မေးခွန်းများကိုလည်း ရှင်းပြပေးရသည်။

"မင်္ဂလာပါရှင်... ဘာများသိချင်ပါလဲရှင့်"

ထန်ရှောင်ဖေးက ပြုံးရွှင်စွာ မေးလိုက်သည်။

တံဆိပ်အကောင်းစားများ ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်ထက်တွင် ရိုးလက်စ်နာရီ ပတ်ထားသော ထိုလူက ပြုံးလျက် ပြောလိုက်သည်။

"အလှလေး... ကိုယ့်နာမည်က လီဟောက်ပါ။ ပါရာမောင့်လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာပေါ့"

သူသည် ကားအကြောင်းမမေးဘဲ သူ့နောက်ခံကို အရင်ကြွားလိုက်သည်။

"သြော် ဟုတ်ကဲ့ရှင်။ ကားနဲ့ပတ်သက်ပြီး ကျွန်မ ကူညီပေးရမယ့်မေးခွန်းများ ရှိလားရှင့်"

ထန်ရှောင်ဖေးက ပရော်ဖက်ရှင်နယ်ဆန်ဆန် စိတ်အားထက်သန်စွာ တုံ့ပြန်လိုက်သည်။

"နောက်ဆုံးထွက်ဖယ်ရာရီF8ပြိုင်ကားမော်ဒယ်အကြောင်းလေး ရှင်းပြပေးပါဦး"

ထန်ရှောင်ဖေးက ဆို၏။

"အခု ဒီပြခန်းမှာရှိတဲ့ကားက ရှင်မေးတဲ့ မော်ဒယ်ပါပဲ။ အင်ဂျင်ကို အနောက်အလယ်ပိုင်းမှာ ထားရှိပြီး S-Ductလေခွင်းအားစနစ်ကို သုံးထားပါတယ်။ ပြီးတော့ ဘေးဘက်မှာ အလျားလိုက်LEDမီးလုံးတွေ ပါဝင်တာကြောင့် ကားကိုယ်ထည်က အားမာန်ပါနေတာပါ..."

လီဟောက်က ကားမော်ဒယ်ကိုကြည့်၍ ပြောလိုက်၏။

"ဒီကားကို ကိုယ် တကယ်စိတ်ဝင်စားတယ်။ မိန်းကလေး... ကိုယ်တို့တွေ ဝီချက်အပ်ထားကြမလား။ ဝယ်ဖို့စဉ်းစားဖြစ်ရင် ဆက်သွယ်လို့ရအောင်လေ"

ထန်ရှောင်ဖေးမှာ သူ့ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။ သူ့ရည်ရွယ်ချက်မှာ ကားဝယ်ရန်မဟုတ်ဘဲ သူ(မ)ကို ပိုးပန်းရန်သာ။ ဤကားပြပွဲတွင် သူ့လိုလူစားမျိုးများစွာနှင့် သူ(မ) တွေ့ခဲ့ဖူးသည်။

ယဲ့ချန်းလည်း ထိုလူ၏နည်းလမ်းကို ချက်ချင်း ခန့်မှန်းမိသည်။ အရင်ဆုံး ဝီချက်အပ်မည်။ ထို့နောက် စတင်ပိုးပန်းတော့မည်ဖြစ်၏။

ထန်ရှောင်ဖေးက ပြုံးလျက် ပြန်ပြောလိုက်သည်။

"လူကြီးမင်း... ကားဝယ်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ 4Sဆိုင်နဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်လို့ရပါတယ်။ ဒါမှမဟုတ် လက်ကမ်းစာစောင်ထဲက အရောင်းကိုယ်စားလှယ်ဆီကို ဖုန်းဆက်လိုက်လို့ ရပါတယ်ရှင့်"

လီဟောက်က ဆို၏။

"ဒါပေမဲ့ ကိုယ်က ကားရဲ့လျှော့စျေးတွေအကြောင်းလည်း သိချင်သေးတယ်။ ဝီချက်ကနေ ပြောရတာ ပိုမလွယ်ဘူးလား"

"ပြီးတော့ ကိုယ်တို့ရဲ့ ပါရာမောင့်လုပ်ငန်းစုက သရုပ်ဆောင်မင်းသမီးတွေလည်း ခေါ်နေတယ်။ မင်းရဲ့ရုပ်ရည်က အရမ်းကြည့်ကောင်းတယ်လို့ ကိုယ်ထင်တယ်။ အခုလည်း ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ ပြင်နေတာဆိုတော့ လူရွေးပွဲဖြေကြည့်ပါလား"

ယဲ့ချန်းမှာမူ ထိုစကားများကို ဆက်နားမထောင်နိုင်တော့သဖြင့် ချောင်းတစ်ချက် ဟန့်လိုက်သည်။

ထန်ရှောင်ဖေးမှာ စိတ်ညစ်နေသော်လည်း ယဲ့ချန်းကို မြင်လိုက်ရချိန်တွင်မူ မျက်နှာလေး ဝင်းပသွားသည်။ မကြာသေးခင်က သူ(မ) ဝီချက်တွင် ကားပြပွဲ၌ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြောင်း ပြောပြထားခဲ့သည်။ ယဲ့ချန်း တကယ်ရောက်လာလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ယဲ့ချန်းက ထိုလူ့အနားသို့ လျှောက်သွားကာ ပြောလိုက်သည်။

"ဦးလေး... ခင်ဗျားက ကားဝယ်ဖို့ထက် မိန်းကလေးကိုလာပိုးတာနဲ့ ပိုတူနေသလားလို့"

ယဲ့ချန်း၏စကားကြောင့် ထိုလူလည်း အနည်းငယ် မျက်နှာပျက်သွားသည်။ သူ့မှာ ပိုးပန်းရန် အရှိန်ကောင်းနေစဉ် ဤကောင်လေးက ရုတ်တရက်ပေါ်လာလေသည်။

လီဟောက်က အေးစက်စက် ပြန်ဖြေချေသည်။

"လူငယ်လေး... ငါက ဒီကားကို တကယ် စိတ်ဝင်စားတာ။ ဒါပေမဲ့ ဒီကားက အနည်းဆုံး သုံးလေးသန်းလောက် တန်တယ်လေ။ လစဉ် လျှော့စျေးတွေကလည်း မတူဘူး။ အဲဒီအကြောင်းမေးနေတာ ဘာပြဿနာရှိလို့လဲ"

ယဲ့ချန်းက လီဟောက်ကို လက်ကမ်းစာစောင်တစ်စောင်​ ကမ်းပေးရင်း ပြောလိုက်သည်။

"ပြဿနာမရှိပါဘူး။ ဒါပေမဲ့ 4Sဆိုင်ကို လှမ်းစုံစမ်းဖို့အတွက် ဟော့လိုင်းနံပါတ်ရှိသားပဲ"

လီဟောက်ခမျာ စကားပင် မပြောနိုင်တော့ပေ။ အမှန်တော့ သူသည် ကားကို စိတ်မဝင်စားပါဘဲ ထန်ရှောင်ဖေးကို ပိုးပန်းရန် အခွင့်အရေးယူနေခြင်းသာ။

ထိုလူငယ်က သူ့အကြံကို ဖျက်ဆီးနေသဖြင့် လီဟောက် ပြန်ပြောလိုက်သည်။

"ကောင်လေး... ငါက ကားအကြောင်း စုံစမ်းနေတာ မင်းနဲ့ ဘာဆိုင်လို့လဲ"

ယဲ့ချန်းက ဆို၏။

"ဆိုင်တာပေါ့။ ကျွန်တော်လည်း ကားဝယ်ဖို့ လာတာလေ။ ခင်ဗျားက ဝယ်နိုင်မှာလည်း မဟုတ်ဘဲနဲ့ တစ်ချိန်လုံး စကားတွေဖောင်ဖွဲ့နေတော့ ကျွန်တော့်အချိန်တွေ ပုပ်ကုန်တာပေါ့။ အဲဒါ အဆင်ပြေတယ်လို့ ထင်နေတာလား"

ယဲ့ချန်းက ကားဝယ်မည်ဟု ပြောလိုက်သဖြင့် လီဟောက် တစ်ချက်မှင်တက်သွားပြီး ယဲ့ချန်းကို အပေါ်အောက်စုန်ချည်ဆန်ချည် အကဲခတ်လိုက်သည်။

ယဲ့ချန်းက အော်ဒါချုပ်အဝတ်အစားများကို ဝတ်ဆင်ထားသဖြင့် လီဟောက်အနေနှင့် သူ့ကို လူကုံထံတစ်ယောက်ဟု မထင်ပေ။ ယဲ့ချန်းဝတ်ထားသော ပါတက်ခ်ဖီးလစ်နာရီကလည်း အကန့်အသတ်ထုတ်ကုန်ဖြစ်သဖြင့် လီဟောက် မမှတ်မိချေ။

လီဟောက်က လှောင်ပြောင်ရယ်မောလိုက်သည်။

"ကောင်လေး... ဝယ်ချင်ရင် ဝယ်လေ။ မင်း တကယ်ဝယ်နိုင်မဝယ်နိုင် ကြည့်ချင်သေးတယ်"

ယဲ့ချန်းက စကားသာများပြီး တကယ်မဝယ်နိုင်ဘူးဟု သူ ထင်နေချေသည်။ ဤကားမှာ ၄.၂သန်းခန့် တန်ကြေးရှိပြီး အပြီးသတ်အပြင်အဆင်များနှင့်ဆိုလျှင် ငါးသန်းနီးပါး ကျသင့်မည်ဖြစ်၏။

ငါးသန်းကျော်ဆိုသည်မှာ ချမ်းသာကြွယ်ဝသော လူကုံထံများသာ ဝယ်နိုင်သောအရာဖြစ်ပြီး သာမန်လူတစ်ယောက် လက်လှမ်းမမီချေ။ လီဟောက်၏အမြင်တွင် ဤလူငယ်ကလည်း သူ့လို မိန်းကလေးကိုသာ ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟု ထင်နေပေသည်။

နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် အသာစီးရဖို့ ကြိုးစားနေကြသည့် မြေခွေးအိုကြီးများပင်။

ထိုအချိန်တွင် လူအမြောက်အများ စုရုံးရောက်ရှိလာပြီး ပွဲကြည့်ကြလေတော့သည်။ လူအများစုကလည်း ယဲ့ချန်း၏ ဝယ်ယူနိုင်စွမ်းကို သံသယဝင်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ယဲ့ချန်းက အလွန်ငယ်လွန်းလှသည်။ ပုံမှန်ဆိုလျှင် လူကုံထံများမှာ လူလတ်ပိုင်းအရွယ်များသာ ဖြစ်တတ်ကြသည် မဟုတ်လော။ ယဲ့ချန်းက သူဌေးသားတစ်ယောက်ဆိုလျှင်မူ မပြောတတ်ချေ။

ယဲ့ချန်းလည်း ကားနားသို့ တိုးကပ်သွားပြီး ထန်ရှောင်ဖေးကို ပြုံးလျက် မေးလိုက်သည်။

"မိန်းကလေး... အခုခေတ်မှာ ကားဝယ်ရင် ကားမော်ဒယ်တွေကိုပါ လက်ဆောင်ပေးတာမျိုး ခေတ်စားနေတယ်ဆို။ ဒီမှာရော အဲဒီလိုအစီအစဉ် ရှိလား"

ထန်ရှောင်ဖေးက ခပ်ဖွဖွရယ်မောလိုက်သည်။

"ရှိတာပေါ့... ရှင်သာဝယ်ရင် ကျွန်မတို့ ထည့်ပေးမှာပါ"

ယဲ့ချန်းက စနောက်လိုက်၏။

"မင်းရောပါလား"

ယဲ့ချန်းက လီဟောက်ကို သက်သက်မဲ့ကလိနေခြင်းဖြစ်ကြောင်း သိသဖြင့် ထန်ရှောင်ဖေးကလည်း ပြန်ဖြေလိုက်သည်။

"ရပါတယ်"

လီဟောက် ကြောင်အသွားသည်။ ကားဝယ်လျှင် ကားမော်ဒယ်ပါ လက်ဆောင်ရမည်ဆိုသည်ကို သူ ဘာ​ကြောင့်မသိခဲ့ရလေသလဲ။

သေစမ်း... ဒီကောင်က ဒီကားကို တကယ်ဝယ်နိုင်လို့လား...

လီဟောက်သည် အစောက ကားဝယ်မည်ဟု လေလုံးထွားနေခြင်းသာဖြစ်၏။ တစ်နှစ်လျှင် သိန်းဂဏန်းအနည်းငယ်သာ ဝင်ငွေရှိသဖြင့် တကယ်တမ်းတွင် မဝယ်နိုင်ပေ။ သို့သော် ဤလူငယ်က တကယ်ဝယ်နိုင်လေသလား။

သို့သော် ယဲ့ချန်းကို သေသေချာချာ ပြန်ကြည့်လိုက်မှသာ ယဲ့ချန်း၏ လက်ကောက်ဝတ်ထက်ရှိ နာရီမှာ ပါတက်ခ်ဖီးလစ်ဖြစ်နေကြောင်း သတိထားမိသွားသည်။

ထန်ရှောင်ဖေးမှာမူ ရယ်ချင်စိတ်ကို အောင့်ထားရသည်။ ယဲ့ချန်းသည် ဤအမျိုးသားကို နောက်ပြောင်နေပြန်ပြီဟု သူ(မ) တွေးလိုက်မိသည်။

ယဲ့ချန်းက ဘေးနားတွင် ​အကြောင်သားဖြစ်နေသော လီဟောက်ကို လှမ်းကြည့်ကာ ပြောလိုက်၏။

"ဦးလေး... ကားမဝယ်နိုင်ဘဲနဲ့ ဘာလို့ ဒီမှာရပ်နေသေးတာလဲ"

လီဟောက်၏ မျက်နှာကား နီရဲသွားသည်။ ထို့နောက် မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။

"ငါမဝယ်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ပြီးတော့ ကားမဝယ်ဘူးဆိုတိုင်း ကြည့်လို့မရဘူးလို့ ဘယ်သူပြောလဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ကျွန်တော် အရှက်ကွဲမှာကို စောင့်ကြည့်နေတာလား။ တကယ်လို့ ကျွန်တော်မဝယ်နိုင်ရင် ခင်ဗျားက ကျွန်တော့်ကို လှောင်တော့မှာမဟုတ်လား"

လီဟောက်ခမျာ နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ဘာမှပြန်မပြောပေ။

ယဲ့ချန်းက ရယ်မောလိုက်၏။

"ကိုယ့်လူ... မိန်းကလေးတစ်ယောက်ကို ပိုးပန်းချင်ရင် စိတ်ရင်းမှန်ကို အရင်ပြရတယ်ဗျ။ ပိုက်ဆံမရှိဘဲနဲ့ မိန်းကလေးတစ်ယောက်ကို ပိုးနေတာက ဘာထူးမှာလဲ"

ထိုသို့ပြောပြီးနောက် ယဲ့ချန်းက ဘဏ်ကတ်တစ်ကတ်ကို ထုတ်ပြီး ထန်ရှောင်ဖေးကို ပြောလိုက်သည်။

"မိန်းကလေး... ကတ်ဖြတ်လိုက်တော့။ အရောင်းစာရင်း ပိတ်လိုက်ရအောင်"

ထန်ရှောင်ဖေးမှာ ယဲ့ချန်းသည် လီဟောက်ကို ကလိနေခြင်းသာဖြစ်သည်ဟု အစက ထင်ထားခဲ့သော်လည်း တကယ်ကားဝယ်လိမ့်မည်ဟု မထင်ထားပေ။

ကြောင်အသွားသော ထန်ရှောင်ဖေးကို ယဲ့ချန်းက ပြုံးပြပြီး ပြောလိုက်၏။

"မင်း ခုနကပဲ ပြောထားတယ်နော်။ ကားဝယ်ရင် ကားမော်ဒယ်ပါရမယ်ဆိုတာ... အဲဒီတော့ ကတိမဖျက်နဲ့နော်"

ထန်ရှောင်ဖေးခမျာ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။

"ရှင်... ရှင် တကယ်ဝယ်ချင်တာလား"

ယဲ့ချန်းက ဆို၏။

"ကားဝယ်ရင် ကားမော်ဒယ်ပါရမယ်ဆိုတဲ့ အရမ်းကောင်းတဲ့ အစီအစဉ်မျိုးရှိနေတာကို ဘာလို့ မဝယ်ဘဲနေရမှာလဲ။ သေချာပေါက် ဝယ်ရမှာပေါ့"

ယဲ့ချန်း၏စကားကြောင့် အနားပတ်ဝန်းကျင်ရှိ လူများမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

သေစမ်း... ဒီကောင်လေးက တကယ့်သူဌေးအစစ်ဟ။

အရောင်းဝန်ထမ်းများမှာ ကော်မရှင်ခရရှိကြသည်ဖြစ်ရာ အကယ်၍ ထန်ရှောင်ဖေးသာ ဤကားကို ရောင်းလိုက်နိုင်ပါက သူ(မ)အနေနှင့် ကော်မရှင်ခလေးသောင်းခန့် ရရှိမည်ဖြစ်၏။

ယဲ့ချန်းက ထန်ရှောင်ဖေးကို ကြည့်ကာ ပြောလိုက်သည်။

"ဝယ်မယ်လေ။ မရောင်းနိုင်ဘူးလား။ ဪ... ပြီးတော့ ကားမော်ဒယ်ပါ ပါအောင် ထည့်ပေးဦးနော်"

All Chapters