အခန်း (၄၇၂-၄၇၄)
Vol. 32 Ch. 472-474
အပိုင်း ၄၇၂ : နှီးနှောဖလှယ်ပွဲ
ယဲ့ချန်းက ခေါင်းခါပြလိုက်၏။
"စိတ်ကုန်စရာလား... ဒါနဲ့ မင်းလက်ရော အဆင်ပြေရဲ့လား"
ထန်ရှောင်ဖေးက ခေါင်းခါပြလိုက်သည်။
"ရပါတယ်"
ယဲ့ချန်းကမူ ထန်ရှောင်ဖေး၏လက်တွင် သွေးစလေးများကို မြင်လိုက်ရသဖြင့် သူ(မ)ကို ချက်ချင်းအပြစ်တင်လိုက်သည်။
"ရပါတယ်သာ ပြောနေတာ။ ကြည့်ဦး..သွေးတွေတောင်ထွက်နေပြီ"
ထို့နောက် ယဲ့ချန်းက အလောတကြီးမေးလိုက်သည်။
"အိမ်မှာ ပလာစတာရှိလား"
"ရှိတယ်"
ယဲ့ချန်းလည်း ဆေးသေတ္တာကို ရှာဖွေပြီး ထန်ရှောင်ဖေး၏ လက်ချောင်းလေးကို ကျကျနနပတ်တီးစည်းပေးလိုက်သည်။
"မင်း... ဘယ်လိုတောင် နမော်နမဲ့နိုင်ရတာလဲ"
ယဲ့ချန်းက ဆူပူလိုက်၏။
ထန်ရှောင်ဖေး၏ မျက်နှာလေးကား နီမြန်းသွားတော့သည်။
"လက်ချော်သွားလို့..."
အမှန်မှာမူ ထန်ရှောင်ဖေး ပန်းကန်လွတ်ကျခဲ့ခြင်းမှာ စိတ်ထဲတွင် ယဲ့ချန်းအကြောင်းကိုသာ တွေးနေမိသောကြောင့်ပင်။ သို့သော် ဤအကြောင်းကို ယဲ့ချန်းအား သူ(မ) မည်သို့ပြောပြနိုင်မည်နည်း။
"ရပါပြီ... မင်း ခဏနားနေလိုက်တော့။ ပန်းကန်တွေကို ကိုယ်ပဲ ဆေးလိုက်မယ်"
ယဲ့ချန်းက နှစ်သိမ့်လိုက်သည်။
ထန်ရှောင်ဖေး၏ မျက်နှာတစ်ခုလုံး ရဲတက်သွားတော့သည်။ ယဲ့ချန်းအပေါ်ထားသော သူ(မ)၏နှစ်သက်မှုလည်း ပို၍ပင် နက်ရှိုင်းလာသည်။
ဤအမျိုးသားမှာ စင်စစ်အံ့သြစရာကောင်းလှသည်။ ရုပ်ရည်ချောမောသည်။ ချမ်းသာသည်။ ဟင်းချက်လည်း ကောင်းသည့်အပြင် အလွန်တရာကြင်နာဂရုစိုက်တတ်သေးသည်။ သူက အစစအရာရာ ပြည့်စုံလွန်းနေပေသည်။
ယဲ့ချန်း ပန်းကန်ဆေးနေသည်ကို ကြည့်ရင်း ထန်ရှောင်ဖေးမှာ စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေတော့သည်။
ယဲ့ချန်းက ထန်ရှောင်ဖေးကို လှမ်းကြည့်၍ ပြောလိုက်သည်။
"နောက်နှစ်ရက်လောက်တော့ ရေမထိစေနဲ့ဦးနော်... မဟုတ်ရင် အနာယဉ်းသွားလိမ့်မယ်"
"အင်း"
ထန်ရှောင်ဖေးက နာနာခံခံ ခေါင်းညိတ်ပြလိုက်သည်။
တံခါးဝတွင် ရပ်ကြည့်နေသော ထန်ရှောင်ဖေးကို မြင်သောအခါ ယဲ့ချန်းက ပြောလိုက်သည်။
"အထဲဝင်ပြီး နားခိုင်းထားတယ်မဟုတ်ဘူးလား"
ထန်ရှောင်ဖေးက ယဲ့ချန်းကို ငေးကြည့်နေရင်း ရုတ်တရက်ရယ်မောလိုက်သည်။
ယဲ့ချန်းကတော့ ပြောစရာစကားပင် ပျောက်ရှသွားသည်။
"လက်ဒဏ်ရာရထားတာတောင် ပျော်နေတုန်းလား"
ယဲ့ချန်းက အစစအရာရာ တော်သော်လည်း တစ်ခါတစ်ရံတွင်မူ မိန်းကလေးများ၏ စိတ်ကို သိပ်နားမလည်ဘူးဟု ထန်ရှောင်ဖေး တွေးမိသည်။ သူ(မ)ပျော်နေရသည့် အကြောင်းအရင်းမှာ ဒဏ်ရာရထား၍ မဟုတ်ပါဘဲ ယဲ့ချန်းကြောင့်သာ။
ယဲ့ချန်းက ထန်ရှောင်ဖေး၏အိမ်ကို ကူရှင်းလင်းပေးပြီးသောအခါ အလွန်မိုးချုပ်နေပြီဖြစ်၏။ အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ည၁၀နာရီကျော်နေပြီဖြစ်၏။
"ကဲ... နောက်ကျနေပြီဆိုတော့ မင်းလည်း စောစောနားတော့လေ။ ကိုယ်လည်း ပြန်တော့မယ်"
"သြော်"
ထန်ရှောင်ဖေး ခေါင်းညိတ်ပြလိုက်သည်။
အမှန်တော့ ယဲ့ချန်း ညအိပ်လေမလားဟု သူ(မ) တွေးနေမိသည်။ စိတ်ထဲတွင်မူ သူ့ကို အိပ်စေချင်ပါသော်ငြား တစ်ဖက်တွင်မူ စိုးရိမ်စိတ်ကလည်း ရှိနေပြန်သည်။
အကယ်၍ ယဲ့ချန်းသာ ညအိပ်မည်ဟု ဆိုလာခဲ့လျှင် ပေါ့ပေါ့ပါးပါး ဆက်ဆံတတ်သည့် လူစားမျိုးဟု ထင်မိမည်သာ။ သို့သော် သူ(မ)၏ရင်ထဲတွင်မူ ယဲ့ချန်းကို ညအိပ်စေချင်သည့် ဆန္ဒကလည်း ခပ်သဲ့သဲ့ရှိနေပြန်သည်။
ယဲ့ချန်း ပြန်တော့မည်ဟု ကြားလိုက်ရသောအခါ ထန်ရှောင်ဖေး၏စိတ်ထဲ အင်တင်တင်ဖြစ်သွားရသည်။
ယဲ့ချန်းက ရယ်မောလိုက်သည်။
"နောက်ဆိုရင် ကောင်းကောင်းစားချင်ရင် ကိုယ်တိုင်ချက်မနေနဲ့တော့။ နောက်တစ်ခါကျရင် လက်ချောင်းထိပ်လေးတင်မကဘဲ လက်ချောင်းပါ ပြတ်သွားမှာစိုးလို့"
"ကျွန်မက အဲ့လောက်လည်း မအပါဘူးနော်"
ထန်ရှောင်ဖေးက မကျေနပ်လေဟန်ဖြင့် ပြောလိုက်သည်။
ယဲ့ချန်းက ခေါင်းညိတ်ပြပြီးနောက် တံခါးဖွင့်၍ ထွက်သွားလေတော့သည်။ ထန်ရှောင်ဖေးက ယဲ့ချန်းကို အောက်ထပ်အထိ လိုက်ပို့ပေးခဲ့သော်လည်း သူ့ကို ဆက်နေရန်ပြောဖို့ရာ အကြိမ်ကြိမ် တွန့်ဆုတ်နေခဲ့သည်။
သူ(မ)ကို လွယ်လွယ်ရသည့် မိန်းကလေးဟု မထင်စေချင်ပေ။
ယဲ့ချန်းပြန်သွားသောအခါ အိမ်ကြီးလည်း ဗလာကျင်းသွားချေသည်။ သူ(မ)မှာ ဒဏ်ရာရထားသော လက်ချောင်းလေးကိုကြည့်ရင်း မပြုံးဘဲ မနေနိုင်တော့ပေ။
ထိုအချိန်တွင် ထန်ရှောင်ဖေး၏ဖုန်းက အသံမြည်လာသည်။
တစ်ချက်ကြည့်လိုက်သော် သူ(မ)၏ အချစ်ဆုံးသူငယ်ချင်းကြီး ဖြစ်နေချေသည်။
ထန်ရှောင်ဖေးလည်း စာတစ်စောင် ရိုက်ပို့လိုက်သည်။
"ယွဲ့ယွဲ့... ငါတော့ ယောကျ်ားတစ်ယောက်ကို ချစ်မိသွားပြီထင်တယ်"
တစ်ဖက်ကလည်း ချက်ချင်းပင် စာပြန်လာသည်။
"အမလေး... ငါတို့ရဲ့ရေခဲဘုရင်မလေးတောင် နောက်ဆုံးတော့ အရည်ပျော်သွားပြီပေါ့"
ထန်ရှောင်ဖေး၏ မျက်နှာလေးမှာ နီမြန်းသွားသည်။
"အင်း... အဲ့ဒီလူက အရမ်းနွေးထွေးတယ်။ ငါ ချက်ချင်းကြွေသွားတာ"
ယွဲ့ယွဲ့ : "ပြောစမ်းပါဦး... ဘယ်လိုလူမျိုးမို့လို့ ငါတို့ရှောင်ဖေးကို အရည်ပျော်အောင် လုပ်နိုင်ရတာလဲ"
ထန်ရှောင်ဖေးက ယနေ့ ကားပြပွဲတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများနှင့် ညစာစားခဲ့သည့် အကြောင်းများကို အသေးစိတ်ပြောပြလိုက်သည်။
"ဘုရားရေ... ရှောင်ဖေး ဒီလိုလူမျိုးကိုတော့ လက်လွှတ်မခံနဲ့။ အခုခေတ်မှာ ဒီလိုလူကောင်းတွေက ရှားသွားပြီ။ နင်တော့ ရှားပါးရတနာကို ရှာတွေ့ထားတာပဲ"
ထန်ရှောင်ဖေးက ပြောလိုက်သည်။
"အင်း... အရင်က ငါ့ကိုလိုက်ပိုးခဲ့တဲ့လူတွေ အများကြီးရှိပေမဲ့ သူကတော့ အပြီးပြည့်စုံဆုံးပဲ။ ရုပ်လည်းချောတယ်။ စိတ်ထားလည်းကောင်းတယ်။ ကိုယ်ကျင့်တရားလည်း ကောင်းတယ်။ ဟင်းလည်းချက်တတ်သလို အရမ်းလည်းဂရုစိုက်တတ်တယ်"
ပြောရင်းဆိုရင်း ယနေ့ဖြစ်ပျက်ခဲ့သည့် အဖြစ်များကို ပြန်တွေးမိပြီး ထန်ရှောင်ဖေး၏ မျက်နှာလေးမှာ နီမြန်းလာပြန်သည်။ အထူးသဖြင့် ပတ်တီးစည်းထားသော သူ(မ)၏ လက်ချောင်းလေးကိုကြည့်ရင်း နာကျင်ခြင်းထက် နွေးထွေးမှုကိုသာ ခံစားနေရသည်။
ယွဲ့ယွဲ့ : "အဲ့ဒီလူက တကယ်ပဲ အဲ့လောက်တောင် ကောင်းတာလား။ ငါလည်း အဲ့ဒီရှားပါးရတနာကို မြင်ဖူးချင်လိုက်တာ။ ဓာတ်ပုံရှိရင် ပို့ပေးစမ်းပါ"
ထန်ရှောင်ဖေးလည်း ယဲ့ချန်း၏ဓာတ်ပုံကို ယွဲ့ယွဲ့ထံသို့ ပို့ပေးလိုက်သည်။
ယွဲ့ယွဲ့က ချက်ချင်း စာပြန်လာသည်။
"အမလေး ရှောင်ဖေး... နင့်ရည်းစားက အရမ်းချောတာပဲ။ အိုင်ဒေါမင်းသားတွေထက်တောင် သာသေးတယ်"
ထန်ရှောင်ဖေးက ဆို၏။
"အင်း... ငါလည်း သူက အိုင်ဒေါဒရမ်မာထဲက ထွက်လာသလို ခံစားရတယ်။ အရမ်းပြည့်စုံလွန်းတယ်"
ယွဲ့ယွဲ့ : "ဒါဆိုရင်တော့ အခွင့်အရေးကို လက်မလွှတ်နဲ့တော့။ နင်မယူရင် ငါပဲ ဝင်လုလိုက်တော့မယ်"
"လုပ်ရဲရင် လုပ်ကြည့်လေ"
ထန်ရှောင်ဖေးကလည်း ချက်ချင်းတုံ့ပြန်လိုက်သည်။
ယွဲ့ယွဲ့က ဆက်ပြောချေသည်။
"ရှောင်ဖေး... ဒီလိုထူးချွန်တဲ့ယောကျ်ားမျိုးဆိုတာ ဘေးနားမှာ မိန်းကလေးတွေ ဝိုင်းနေမှာပဲ။ နင်သာမြန်မြန်မလှုပ်ရှားရင် တခြားမိန်းကလေးတွေ လက်ဦးသွားလိမ့်မယ်"
"ဒါပေမဲ့ ယောကျ်ားတစ်ယောက်ကို ဘယ်လိုစလိုက်ရမလဲဆိုတာ ငါမသိဘူးလေ"
ထန်ရှောင်ဖေးက စိတ်ညစ်ညစ်နှင့် ပြန်ပြောလိုက်သည်။
ယွဲ့ယွဲ့ : "နင်ကလည်း တုံးလိုက်တာဟာ... သူ နင့်အိမ်အထိ လာတယ်ဆိုကတည်းက နင့်ကို စိတ်ဝင်စားလို့ပေါ့။ သူ့ကို အပြင်ခဏခဏချိန်းကြည့်ပေါ့။ နင် သူ့ကို ကြိုက်တယ်ဆိုရင် မျိုသိပ်မထားနဲ့။ နားလည်လား"
ထန်ရှောင်ဖေးက ခေါင်းညိတ်ပြလိုက်သည်။
"အင်း... ငါ ကြိုးစားကြည့်ပါ့မယ်"
ယွဲ့ယွဲ့၏စကားများကို နားထောင်ပြီးနောက် ထန်ရှောင်ဖေးမှာ အနည်းငယ် စိတ်လှုပ်ရှားလာသည်။
ယဲ့ချန်းက ဤမျှချောမောပြီး ချမ်းသာကာ စိတ်ထားကောင်းသူဖြစ်လေရာ သူ့ဘေးတွင် မိန်းကလေးများ ဝိုင်းဝိုင်းလည်နေမည်မှာ သေချာပေသည်။ ယဲ့ချန်းတွင် ရည်းစားရှိနေမလားဆိုသည်ကိုလည်း စိုးရိမ်မိသည်။
နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီမောင်းရန် ထွက်လာချိန်မှာပင် တက္ကစီကုမ္ပဏီမှ ဖုန်းဝင်လာခဲ့သည်။
"မစ္စတာယဲ့... ခင်ဗျား ကြယ်ငါးပွင့်တက္ကစီဒရိုင်ဘာအဖြစ် ရာထူးတိုးသွားတဲ့အတွက် ကုမ္ပဏီက ဒီနေ့ အစည်းအဝေးတစ်ခု ကျင်းပမှာမို့ ခင်ဗျားကို တက်ရောက်ဖို့ ဖိတ်ကြားချင်ပါတယ်"
ယဲ့ချန်းကတော့ သူ ကြယ်ငါးပွင့်ဒရိုင်ဘာဖြစ်သွားရခြင်းမှာ မနေ့က အသွင်ယူပြီး လိုက်စစ်ဆေးသည့် ဒါရိုက်တာ၏လက်ချက်ဖြစ်ကြောင်း ရိပ်မိလိုက်သည်။
"သြော်... ဟုတ်ကဲ့ပါ"
ယဲ့ချန်းလည်း ထွေထွေထူးထူး လုပ်စရာမရှိသဖြင့် ကုမ္ပဏီတွင် တိုးတက်ပြောင်းလဲရမည့် အချက်များကို အကြံပေးရန်အတွက် ဤအစည်းအဝေးမှာ အခွင့်ကောင်းတစ်ခု ဖြစ်သည်ဟု တွေးလိုက်မိသည်။
တက္ကစီကုမ္ပဏီ၏ လုပ်ဆောင်ပုံကို ယဲ့ချန်း အလွန်သဘောကျမိသည်။ ဒရိုင်ဘာများနှင့် ပိုမိုထိတွေ့ဆက်ဆံပြီး သူတို့၏ထင်မြင်ချက်များကို နားထောင်ပေးခြင်းမှာ ချီးကျူးထိုက်သည်။
ယဲ့ချန်းက ကုမ္ပဏီသို့ မောင်းလာခဲ့လိုက်သည်။ အစည်းအဝေးခန်းမထဲတွင် လူအများအပြား ရောက်နှင့်နေကြပြီဖြစ်၏။
အစည်းအဝေးခန်းမ၏ အလယ်ဗဟိုတွင် ရွှေကိုင်းတပ်မျက်မှန် တပ်ဆင်ထားသော အရပ်ခပ်ရှည်ရှည် အမျိုးသမီးတစ်ယောက်မှာ မာန်တက်နေလေဟန် အမူအရာဖြင့် ထိုင်နေချေသည်။ သူ(မ)၏ ဘေးတစ်ဖက်တစ်ချက်တွင်မူ တက္ကစီဒရိုင်ဘာများ ထိုင်နေကြပြီး သူတို့မှာ ကြယ်ငါးပွင့်အဆင့်ရှိသူများ ဖြစ်ကြသည်။
ယဲ့ချန်းလည်း နောက်ဆုံးထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဖန်သားပြင်ပေါ်တွင်မူ "ကျေးဇူးတရား၊ နားလည်မှု၊ ဆက်သွယ်မှု"ဟူသော စာသားများကို ပြသထားသည်။
ကုမ္ပဏီ၏မူဝါဒမှာ မှန်ကန်ပြီး ဘက်မလိုက်ခြင်းဖြစ်သည့်အတွက် ယဲ့ချန်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။
ကိုးနာရီထိုးသောအခါ အစည်းအဝေးကို တရားဝင် စတင်လိုက်သည်။
ထိုအမျိုးသမီးက သူ(မ)၏မျက်မှန်ကို ပင့်တင်ပြီး ပြုံးလိုက်၏။
"အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ကုမ္ပဏီရဲ့ လူထုဆက်ဆံရေးဒါရိုက်တာ ဟူဖေးပါ။ ဒီနေ့ ရှင်တို့ကို ဖိတ်ကြားရတဲ့ အကြောင်းအရင်းကတော့ ကုမ္ပဏီရဲ့ ပြုပြင်ပြောင်းလဲမှုတွေအကြောင်း ပြောပြချင်လို့ပါ။ ဒီပြုပြင်ပြောင်းလဲမှုမှာ ကဏ္ဍတော်တော်များများ ပါဝင်တဲ့အတွက် ရှင်တို့ကို သိစေချင်ပါတယ်"
ဟူဖေး၏လေသံကို ကြားလိုက်ရုံဖြင့် ယဲ့ချန်း မျက်မှောင်ကြုတ်မိသွားသည်။ ဤသည်မှာ အစည်းအဝေးတစ်ခု မဟုတ်လား။ သို့သော် ဟူဖေး၏လေသံမှာမူ အစည်းအဝေးနှင့် မတူပေ။
အထက်လူကြီးတစ်ယောက်က လက်အောက်ငယ်သားများကို အမိန့်ပေးနေသည့်ပုံစံမျိုး ခံစားရသည်။
ဒီအစည်းအဝေးက ငါထင်ထားသလို မဟုတ်ပါလား...
•••••••••••••••••••
အပိုင်း ၄၇၃ : ကျွန်တော် ကန့်ကွက်တယ်
ဟူဖေး၏အကြည့်က တက္ကစီဒရိုင်ဘာများရှိရာသို့ ရောက်သွားသည်။
သူ(မ)၏ အမူအရာမှာ အလွန်မာနထောင်လွှားနေပြီး ဒရိုင်ဘာများကို နိမ့်ကျသည့် အစေခံများနှယ် ကြည့်နေသည်။
ယဲ့ချန်း မျက်ခုံးပင့်လိုက်မိသည်။
တစ်ဖက်လူက ဤတက္ကစီဒရိုင်ဘာများကို လုံးဝအရေးမစိုက်သည်မှာ သိသာလှ၏။
ဟူဖေးက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"အရင်တုန်းက ကုမ္ပဏီက ရှင်တို့အပေါ် အလိုလိုက်လွန်းခဲ့တယ်။ ရှင်တို့ရတဲ့ ရာခိုင်နှုန်းကလည်း များလွန်းနေတယ်။ ဒါကြောင့် မူလတုန်းက ၂၀ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းအထိ လျှော့ချသွားမှာဖြစ်သလို ရှင်တို့ရဲ့အပြုအမူတွေကိုလည်း စည်းကမ်းသတ်မှတ်သွားမှာပါ။ တကယ်လို့ နောက်ကျတာ ဒါမှမဟုတ် ခရီးသည်ဆီက တိုင်ကြားစာရတာမျိုးရှိရင် ရှင်တို့ရဲ့ မူလဝေစုထဲက ဖြတ်တောက်သွားမှာပါ"
"ဘာ..."
ဟူဖေး၏စကားကို ကြားလိုက်ရသောအခါ တက္ကစီဒရိုင်ဘာများအားလုံး မကျေမနပ်ဖြစ်သွားကြသည်။
"ဒါကတော့ အရမ်းလွန်လွန်းတယ်..."
"ဟုတ်တယ်။ ရုတ်တရက်ကြီး ငါတို့ရှယ်ယာကို တစ်ဝက်လျှော့ချပစ်တာပဲ။ ငါတို့က ဘယ်လို အသက်ဆက်ရမလဲ..."
"သူတို့က ငါတို့ အသက်ရှင်ဖို့ လမ်းစမကျန်အောင် လုပ်နေတာပဲ"
ထိုနေရာရှိ ဒရိုင်ဘာများအားလုံး ဒေါသထွက်နေကြသည်။
ဤကဲ့သို့သော ကုမ္ပဏီစည်းကမ်းများမှာ လွန်လွန်းလှသည်။ ဝင်ငွေကို ရုတ်တရက်ကြီး ထက်ဝက်ဖြတ်တောက်လိုက်သတဲ့။
အဆိုးဆုံးမှာ ဤပွဲသည် ပွင့်လင်းမြင်သာစွာ ဆွေးနွေးရမည့်ပွဲတစ်ခု ဖြစ်သော်လည်း သူတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုရန် အခွင့်အရေးပင် မပေးထားချေ။
မကျေမနပ်ဖြစ်နေသော ဒရိုင်ဘာတစ်ယောက်က မတ်တတ်ထရပ်လိုက်၏။
"ဒါက ဆွေးနွေးပွဲဖြစ်ရမှာ မဟုတ်ဘူးလား။ ဒါပေမဲ့ ခင်ဗျားတို့ဆီမှာ ဘယ်လိုစိတ်ရင်းမျိုးမှ မတွေ့ရပါလား"
ဟူဖေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဆွေးနွေးပွဲလား။ ဟုတ်တယ်လေ။ ဒါက ဆွေးနွေးပွဲပဲ။ ကုမ္ပဏီရဲ့ ပြုပြင်ပြောင်းလဲရေး လိုအပ်ချက်တွေကို ရှင်တို့ကို ပွင့်ပွင့်လင်းလင်း အသိပေးနေတာလေ"
သေစမ်း...
ယဲ့ချန်း ဆွံ့အသွားရလေသည်။ ဤအရာက ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်းတဲ့လား။
"ဒါဆို ခင်ဗျားတို့ကုမ္ပဏီရဲ့ မူဝါဒကရော... ကျေးဇူးတရား၊ နားလည်မှုနဲ့ ဆက်သွယ်မှု မဟုတ်ဘူးလား"
အခြားဒရိုင်ဘာတစ်ဦးက ဝင်ပြောလိုက်သည်။
ဟူဖေးကမူ လှောင်ပြုံးပြုံးလိုက်၏။
"ကျေးဇူးတရား၊ နားလည်မှု၊ ဆက်သွယ်မှု... ဟုတ်တာပေါ့။ ကျွန်မတို့တက္ကစီကုမ္ပဏီသာ မရှိရင် ရှင်တို့လည်း ပိုက်ဆံရှာဖို့ အခွင့်အရေး ဘယ်မှာရမလဲ။ အဲဒါကြောင့် ရှင်တို့က ကုမ္ပဏီအပေါ် ကျေးဇူးသိတတ်ရမယ်။ နားလည်မှုလား... ဟုတ်တယ်။ ရှင်တို့ဘက်က ကုမ္ပဏီကို နားလည်ပေးသင့်တာပေါ့။ ကုမ္ပဏီရဲ့ လက်ရှိအခြေအနေ၊ လုပ်ငန်းလည်ပတ်မှုတွေ၊ ကြော်ငြာခတွေနဲ့ တခြားရင်းနှီးမြှုပ်နှံမှုတွေက အများကြီးပဲဆိုတာ ရှင်တို့ သိပါတယ်။ ဒါကြောင့် လူတိုင်းက ကုမ္ပဏီရဲ့ ပြုပြင်ပြောင်းလဲမှုကို နားလည်ပေးရမယ်။ ကျွန်မတို့မှာ ရွေးချယ်စရာမရှိဘူး။ ဆက်သွယ်မှုလား... ကျွန်မဘက်က ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေကို အသိပေးပြီးပြီ။ ဒါက ရှင်တို့နဲ့ ဆက်သွယ်ပြောဆိုတာပဲ မဟုတ်လား"
ဟူဖေး၏ စကားများကို ကြားပြီးနောက် ယဲ့ချန်းမှာ လုံးဝဆွံ့အသွားရတော့သည်။ ယခုမှ ရှင်းသွားတော့သည်။
အစောကတော့ ကုမ္ပဏီက အလွန်ကောင်းသည်ဟု သူ ထင်နေခဲ့သည်။ ယခုမူ အရာအားလုံးက ပြောင်းပြန်ဖြစ်နေချေသည်။
ဟူဖေးက စင်စစ်အရည်အချင်းရှိသည်ဟု ပြောရပေမည်။
လယ်သမားများကို ခေါင်းပုံဖြတ်သည့် ကျိုးပါ့ပီနှင့်ပင် တူနေလေသည်။ အဆိုးဆုံးမှာ သူ(မ)သည် အမှားကြီးမှားနေသည့် အရာများကိုပင် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေသည်။
"မရဘူး... ဒါက အရမ်းလွန်လွန်းတယ်"
"ငါတို့ သဘောမတူဘူး"
"ဟုတ်တယ်။ ငါတို့က ပိုက်ဆံရဖို့ ပင်ပင်ပန်းပန်း ကားမောင်းနေတာ။ ဒါက သက်သက်ခေါင်းပုံဖြတ်တာပဲ"
မျှော်လင့်ထားသည့်အတိုင်း ဒရိုင်ဘာများမှာ ဒေါသထွက်နေကြသည်။
ဤမကျေမနပ်ဖြစ်သံများကို ကြားသောအခါ ဟူဖေးက နှာခေါင်းရှုံ့လိုက်သည်။
"အားလုံးပဲ... ကျွန်မက အသိပေးရုံတင်ပါ။ တက္ကစီကုမ္ပဏီမှာ အပေါဆုံးက ဘာလဲသိလား။ တက္ကစီဒရိုင်ဘာတွေပဲ။ ရှင်တို့ ငြင်းလို့ရတယ်။ အဲ့ဒါဆိုရင်တော့ ရှင်တို့ အကောင့်ပိတ်ခံရမှာပဲ။ ရှင်တို့ မမောင်းချင်ရင်လည်း မောင်းချင်တဲ့လူတွေမှ တစ်ပုံကြီးပဲ။ ဒီကိစ္စက ညှိနှိုင်းစရာမလိုဘူး။ ကုမ္ပဏီရဲ့ သတ်မှတ်ချက်အတိုင်းပဲ လုပ်ရမယ်"
အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး တက္ကစီဒရိုင်ဘာများလည်း ချက်ချင်းငြိမ်ကျသွားသည်။
သူတို့နှင့် ကုမ္ပဏီမှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးမျှသာ။ သူတို့၏ စားဝတ်နေရေးမှာ တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေချေသည်။
အကယ်၍ အကောင့်ပိတ်ခံရပါက အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်။ ထိုအဖြစ်ကို သူတို့ ခံနိုင်ရည်မရှိချေ။ တက္ကစီဒရိုင်ဘာတိုင်း၏ နောက်ကွယ်တွင် ရှာဖွေကျွေးမွေးရမည့် မိသားစုများ ရှိကြသည် မဟုတ်ပါလော။
တက္ကစီဒရိုင်ဘာများ၏ တုံ့ပြန်မှုကို မြင်သောအခါ ဟူဖေးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
သူ(မ)၏ ဝှက်ဖဲကို ထုတ်ပြလိုက်လျှင် ဤတက္ကစီဒရိုင်ဘာများ နောက်ဆုတ်သွားမည်ဖြစ်ကြောင်း ကြိုသိပြီးသားပင်။
ဆင်းရဲသားတစ်သိုက်ကများ ငါနဲ့ လာညှိနှိုင်းချင်နေသေးတယ်...
ဟူဖေးက လှောင်ပြုံးပြုံးလိုက်၏။
"ကဲ... အခု ဘယ်သူမှ ကန့်ကွက်စရာ မရှိတော့ဘူးမလား။ ဒါဆိုရင် ဒီပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အတည်ပြုလိုက်ပြီ"
တက္ကစီဒရိုင်ဘာများ၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။ အတည်ပြုလိုက်ပြီတဲ့လား...။
သူတို့ လုံးဝ ငြင်းပယ်ချင်နေကြသည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်မှုမရှိသည့် ပြုပြင်ပြောင်းလဲမှုပင်။
ဤပြောင်းလဲမှုက ဒရိုင်ဘာများ၏ ဝင်ငွေကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်။
သူတို့မှာ ခက်ခက်ခဲခဲ ရုန်းကန်နေရသည့်ကြားက ယခုလိုလုပ်ခြင်းမှာ သူတို့ကို အရှင်လတ်လတ် အရေခွံခွာနေသလိုပင်။
ထိုအချိန်တွင် တိတ်ဆိတ်နေသော အစည်းအဝေးခန်းမအတွင်း၌ အေးစက်စက်ရယ်သံတစ်သံ ရုတ်တရက် ပျံ့လွင့်လာသည်။
အစောကအထိ ကျေနပ်ပီတိဖြစ်နေသော ဟူဖေး၏ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားပြီး ခုံတန်း၏အဆုံးရှိ ယဲ့ချန်းကို လှမ်းကြည့်လိုက်သည်။
"ဘာရယ်တာလဲ"
ဟူဖေးက အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
ယဲ့ချန်းက လှောင်ရယ်လိုက်၏။
"ခင်ဗျားတို့မှာ ကိုယ်ကျင့်တရားမရှိတာကို ရယ်တာပါ။ ကိုယ့်အတွက် ပိုက်ဆံရဖို့ပဲ တွေးနေတာ။ တက္ကစီဒရိုင်ဘာတွေရဲ့ ဘဝကို ထည့်စဉ်းစားဖူးလား။ ကုမ္ပဏီတစ်ခုဆိုတာ ပိုက်ဆံရှာဖို့တင်မကဘဲ ယဉ်ကျေးမှုနဲ့ နွေးထွေးမှုလည်း လိုအပ်တယ်။ ခင်ဗျားတို့က ရှေးခေတ်က မြေရှင်ပဒေသရာဇ်တွေနဲ့ ဘာထူးတော့လို့လဲ။ ဒီလိုကုမ္ပဏီမျိုးမှာ ဘယ်သူက ခင်ဗျားတို့အတွက် အပင်ပန်းခံပြီး အလုပ်လုပ်ပေးမှာလဲ"
အစပိုင်းတွင် တက္ကစီဒရိုင်ဘာများမှာ စကားတစ်ခွန်းမှပင် မဟရဲကြသော်လည်း ယဲ့ချန်း၏စကားများက သူတို့၏ ရင်တွင်းခံစားချက်များကို ထင်ဟပ်စေခဲ့သည်။
အစည်းအဝေးခန်းမအတွင်း လက်ခုပ်သံများ ရုတ်တရက် ဆူညံသွားသည်။
ဟူဖေးမှာ အစည်းအဝေးကို ထိန်းချုပ်ထားနိုင်ပြီဟု ထင်ခဲ့သော်လည်း ဤဒရိုင်ဘာ၏ ရုတ်တရက်ဝင်ရောက်စွက်ဖက်မှုကြောင့် သူ(မ)၏ အစီအစဉ်လည်း လုံးဝပျက်စီးခဲ့ရသည်။
"ရှင်က ဘယ်သူလဲ။ ဒီနေရာမှာ ပေါက်ကရစကားတွေပြောဖို့ ဘယ်သူက ခွင့်ပြုလိုက်လို့လဲ"
ယဲ့ချန်းကလည်း မတ်တတ်ထရပ်ပြီး ဟူဖေးကို သရော်လေဟန်ဖြင့် ကြည့်လိုက်သည်။
"ကျွန်တော်က တက္ကစီဒရိုင်ဘာတစ်ယောက်ပဲ။ ဒရိုင်ဘာတွေ ပြောချင်နေတဲ့စကားကို ကျွန်တော်က ကိုယ်စားပြောပေးတာ။ ဒါက ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးပွဲဆိုမှတော့ တရားမျှတစွာ ဆွေးနွေးသင့်တယ်လေ။ ပြီးတော့ ကုမ္ပဏီက ဒီပြုပြင်ပြောင်းလဲမှုအတွက် ကျွန်တော်တို့ရဲ့ သဘောထားကို တောင်းခံရမှာ။ ခင်ဗျားပြောသလို အသိပေးရုံတင် လုပ်ရမှာမဟုတ်ဘူး"
ယဲ့ချန်း၏ စကားများကို ကြားပြီးနောက် ဟူဖေး၏ မျက်နှာမှာ ပို၍ပင်ပျက်ယွင်းသွားသည်။
အမှန်စင်စစ်တွင် ဤဆွေးနွေးပွဲမှာ ကုမ္ပဏီအနေနှင့် ဒရိုင်ဘာများ၏ သဘောထားကို တောင်းခံရန်ပင်။ သို့သော် ဟူဖေးသာ ဤကိစ္စကို ကိုင်တွယ်နိုင်လျှင် စီအီးအိုထံတွင် သူ(မ)၏ အရည်အချင်းကို ပြသနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
လတ်တလောတွင် ဟူဖေးမှာ ရာထူးတက်ရန် အသည်းအသန် ကြိုးစားနေသည်ဖြစ်ရာ ဤဆွေးနွေးပွဲမှာ သူ(မ)အတွက် အခွင့်အရေးကောင်းပင်။ အကယ်၍ ဤပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်နိုင်လျှင် သူ(မ)လည်း ရာထူးတက်ပြီး လစာတိုးမည်ဖြစ်၏။ ဤဒရိုင်ဘာများ၏ ဘဝကတော့ သူ(မ)နှင့် ဘာမှမဆိုင်ပေ။
အောင်မြင်မှုက လက်တစ်ကမ်းအလိုမှာပင် ယဲ့ချန်းက သူ(မ)၏ အစီအစဉ်ကို ဖျက်ဆီးလိုက်သဖြင့် ဟူဖေးလည်း ရုတ်တရက် ဒေါသထွက်သွားသည်။
"ရှင့်ရဲ့ အိုင်ဒီနံပါတ်က ဘယ်လောက်လဲ။ အခုချက်ချင်း အကောင့်ပိတ်ပစ်မယ်"
ယဲ့ချန်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဘာအကြောင်းပြချက်နဲ့ ကျွန်တော့်အကောင့်ကို ပိတ်မှာလဲ"
"ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုကို မလိုက်နာလို့လေ"
ဟူဖေးက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ဟူဖေးက ဥပမာအဖြစ် အပြစ်ပေးပြချင်နေသည်။ သို့သော် ယဲ့ချန်းက လှောင်ရယ်လိုက်၏။
"ခင်ဗျားက ကျွန်တော့်အကောင့်ကိုပိတ်ဖို့ အရည်အချင်းမပြည့်မီပါဘူး"
သူတို့နှစ်ယောက် အငြင်းပွားနေစဉ် စုန့်ထောင်မှာ အစည်းအဝေးခန်းမနားက တိုက်တိုက်ဆိုင်ဆိုင် ဖြတ်သွားလေသည်။ အခန်းထဲရှိ အငြင်းပွားသံကို ကြားသောအခါ စုန့်ထောင်လည်း စပ်စုချင်စိတ်ဖြင့် ဝင်လာခဲ့သည်။
အခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် ယဲ့ချန်းနှင့် ဟူဖေးတို့ ထိပ်တိုက်ရင်ဆိုင်နေကြကြောင်း မြင်လိုက်ရသည်။
ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကို မြင်လိုက်ရသောအခါ စုန့်ထောင် တစ်ကိုယ်လုံးတုန်ယင်သွားသည်။
ကုမ္ပဏီသို့ ပြန်ရောက်သောအခါ သူ ယဲ့ချန်းအကြောင်း သေချာစုံစမ်းခဲ့သည်။
အံ့သြစရာကောင်းလောက်အောင် အင်အားတောင့်တင်းလှသော နောက်ခံကြောင့် ထိုနေ့က သူ ပါးနပ်ခဲ့သည်ကို အလွန်ဝမ်းသာမိသည်။
သူ့ဂုဏ်သိက္ခာ အနည်းငယ်ထိခိုက်ခဲ့သော်လည်း အနည်းဆုံးတော့ ဘေးဒုက္ခတစ်ခုကို ရှောင်လွှဲနိုင်ခဲ့သည် မဟုတ်ပါလော။
ဟူဖေးက ယဲ့ချန်းနှင့် အငြင်းပွားနေစဉ် စုန့်ထောင် ဝင်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားသည်။
"ဒါရိုက်တာစုန့်... ဒီဒရိုင်ဘာ၏အကောင့်ကို မြန်မြန်ပိတ်ပေးပါ။ သူက ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို အာခံနေတယ်"
စုန့်ထောင်က ယဲ့ချန်းကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဟူဖေးမှာ ကုမ္ပဏီအတွင်း အမြဲတစေ မာနထောင်လွှားတတ်သူဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ သူ(မ)၏မာနကို ဤပုဂ္ဂိုလ်အပေါ် ထုတ်ပြနေချေသည်။
မာနကြီးလှသော ဤအမျိုးသမီးကို ပညာပေးနိုင်မည့် အခွင့်အရေးကောင်းကို စုန့်ထောင်က မည်သို့လက်လွှတ်ခံမည်နည်း။
••••••••••••••••••••
အပိုင်း ၄၇၄ : ကျွန်တော် တက္ကစီဒရိုင်ဘာဘက်က ရပ်တည်တယ်
စုန့်ထောင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"ငါ အကုန်ကြားပြီးပြီ။ ဒီတက္ကစီဒရိုင်ဘာရဲ့စကားက မှန်တယ်"
"ဘာ..."
ဟူဖေးမှာမူ စုန့်ထောင်က သူ(မ)ဘက်က ရပ်တည်ပေးလိမ့်မည်ဟု ထင်ထားခဲ့သည်။
စုန့်ထောင်သည် ဤပြုပြင်ပြောင်းလဲမှုကို အားတက်သရော တွန်းအားပေးခဲ့သူများထဲမှ တစ်ယောက်ပင် မဟုတ်ပါလော။
ထင်မှတ်မထားပါဘဲ စုန့်ထောင်က တက္ကစီဒရိုင်ဘာဘက်က ကာကွယ်ပြောဆိုပေးနေချေသည်။
ဤသည်မှာ စုန့်ထောင်၏ပုံစံ လုံးဝမဟုတ်ပေ။ စုန့်ထောင်သည် တက္ကစီဒရိုင်ဘာများကို အမြဲတစေအထင်သေးခဲ့သူပင်။ သို့သော် ယနေ့တွင်မူ သူ ဆေးမှားသောက်လာလေသလား။
"ကျွန်တော့်အမြင်အရတော့ တက္ကစီဒရိုင်ဘာတွေရဲ့ အလုပ်က အခုတောင် တော်တော်ပင်ပန်းလှပြီ။ သူတို့ရဲ့ ဝင်ငွေစံနှုန်းကို ထပ်မလျှော့သင့်တော့ဘူး။ ဒီတက္ကစီဒရိုင်ဘာရဲ့ စကားတွေက အရမ်းမှန်ကန်ပြီး တရားမျှတတယ်။ ကျွန်တော်တို့ ဒီလိုအကြံပြုချက်တွေကို လက်ခံသင့်တယ်"
ဟူဖေး၏ အဆင့်အတန်းမှာ သူနှင့် မတိမ်းမယိမ်းဖြစ်သော်လည်း ယဲ့ချန်းနှင့် ယှဉ်လျှင်မူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ယဲ့ချန်းမှာ ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်ပြီး စကားတစ်ခွန်း ဟလိုက်ရုံဖြင့် သူ့ကို အလုပ်ထုတ်ပစ်နိုင်သည်။
ထို့ကြောင့် စုန့်ထောင်လည်း ယဲ့ချန်းဘက်က ရပ်တည်ပြောဆိုနေခြင်းပင်။
ထို့ပြင် ဤအမျိုးသမီးကို မျက်နှာဖြတ်ရိုက်ရခြင်းမှာ စုန့်ထောင်အတွက် အလွန်ကျေနပ်စရာကောင်းလှသည်။
မနေ့က စုန့်ထောင်တစ်ယောက် ဆရာကြီးလုပ်ရင်း အရှက်ကွဲခဲ့ရသော်ငြား ယနေ့မှာတော့ ဟူဖေးကို မျက်နှာပျက်အောင် လုပ်နိုင်ခဲ့သဖြင့် အလွန်အရသာတွေ့နေပေသည်။
ထို့ပြင် သာမန်မဟုတ်ဘဲ ခပ်နာနာလေး နှိပ်ကွပ်ရန် ဆုံးဖြတ်ထားသည်။
စုန့်ထောင်၏ စကားများကို ကြားသောအခါ လူတိုင်း ဆွံ့အသွားကြသည်။
အချို့တက္ကစီဒရိုင်ဘာများဆိုလျှင် မျက်ရည်ပင် ဝဲကုန်ကြသည်။
စုန့်ထောင်ဆိုသည်မှာ မည်သူနည်း။
သူတို့ကြားတွင် "အသက်နှုတ်တရားသူကြီး"ဟု လူသိများသူ မဟုတ်ပါလော။
ယခုမူ ထိုလူသည် သူတို့ဘက်က ပြောပေးနေသဖြင့် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
စုန့်ထောင်၏ ငြင်းပယ်မှုကို ခံလိုက်ရသဖြင့် ဟူဖေး၏မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။
"ဒါက ဘာသဘောလဲ စုန့်ထောင်... ရှင်က ဒီဆင်းရဲသားတွေဘက်က ဝင်ပြောပေးနေတာလား"
"ဆင်းရဲသားတွေ ဟုတ်လား..."
စုန့်ထောင်လည်း အေးစက်စက် နှာခေါင်းရှုံ့လိုက်မိသည်။
ပါတက်ခ်ဖီးလစ်နာရီကိုပတ်၊ ဟားမက်ဝတ်စုံဝတ်ပြီး သိန်းလေးဆယ်ကျော်တန် မွမ်းမံထားတဲ့ကားကိုစီးတဲ့ ဆင်းရဲသားမျိုးကို မြင်ဖူးလား။
ငါကတော့ မြင်ဖူးတယ်ဟေ့...
စုန့်ထောင်က ခပ်တင်းတင်း ပြောလိုက်သည်။
"ဟူဖေး... စကားပြောတာ ဆင်ခြင်ပါ။ တက္ကစီဒရိုင်ဘာတိုင်းက ကျွန်တော်တို့ရဲ့လေးစားမှုကို ခံထိုက်သလို ကုမ္ပဏီတိုးတက်မှုရဲ့ အုတ်မြစ်တွေလည်း ဖြစ်တယ်။ မင်းရဲ့စိတ်နေစိတ်ထားကို ပြင်သင့်ပြီ"
"ကောင်းပြီလေ... ရှင်က ကျွန်မကို တမင်သက်သက် ဆန့်ကျင်နေတာပေါ့။ ဟုတ်လား။ ဒါဆိုရင် ဥက္ကဋ္ဌဆီသွားပြီး အဆုံးအဖြတ်ခံယူကြတာပေါ့"
"သွားစရာမလိုပါဘူး။ ငါ ရောက်နေပြီ"
ထိုအချိန်တွင် လူတစ်ယောက်က အစည်းအဝေးခန်းမထဲသို့ လျှောက်ဝင်လာသည်။
"ဥက္ကဋ္ဌဝမ်..."
ရောက်လာသူကို မြင်လိုက်ရသောအခါ လူတိုင်း အံ့သြသွားကြသည်။
မထင်မှတ်ထားပါဘဲ ဥက္ကဋ္ဌဝမ်ကိုယ်တိုင် ရောက်ရှိလာချေသည်။ အခန်းထဲသို့ ဝင်လာပြီးနောက် ဥက္ကဋ္ဌဝမ်က ယဲ့ချန်းရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
သူသည် ယဲ့ချန်း၏ရှေ့တွင် အနည်းငယ် ဦးညွှတ်လိုက်၏။
"ဥက္ကဋ္ဌယဲ့... အခုလို လူမသိအောင် ရောက်လာတာ ကျွန်တော့်ကိုတောင် အသိမပေးဘူးနော်။ ကြည့်ပါဦး... ရယ်စရာတွေဖြစ်ကုန်ပြီ"
ဥက္ကဋ္ဌဝမ်၏ စကားကြောင့် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
"ဘာတွေဖြစ်ကုန်တာလဲ... ဥက္ကဋ္ဌယဲ့ ဟုတ်လား"
တက္ကစီဒရိုင်ဘာများနှင့် ဟူဖေးတို့မှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
ဥက္ကဋ္ဌဝမ်က တက္ကစီကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံခြားပြန်တစ်ဦး ဖြစ်သည့်အပြင် မိုတုမြို့၏ စီးပွားရေးလောကတွင် အထင်ကရပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်၏။
သို့သော် သူသည် ဤတက္ကစီဒရိုင်ဘာကို အလွန်ရိုသေနေသည့်အပြင် ခေါ်လိုက်ပုံမှာလည်း ဥက္ကဋ္ဌယဲ့တဲ့လား။
အမလေး... တကယ့်ကိုမယုံနိုင်စရာပဲ။
ဟူဖေးကလည်း အလောတကြီးရှေ့တိုးပြီး ရှင်းပြလိုက်သည်။
"ဥက္ကဋ္ဌဝမ်... ရှင် လူမှားနေတာ ဖြစ်ပါလိမ့်မယ်။ ဒီလူက ကျွန်မတို့ကုမ္ပဏီက ကြယ်ငါးပွင့်ရ တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ သူက ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌဖြစ်နိုင်မှာလဲ"
ထိုသို့ပြောရင်း ဟူဖေးက ယဲ့ချန်းကို ဒေါသတကြီး စိုက်ကြည့်ပြီး တိုင်တောလိုက်ပြန်သည်။
"ဥက္ကဋ္ဌဝမ်... ဒီတက္ကစီဒရိုင်ဘာက လူတွေကို ဆူပူအောင် လုပ်နေတာပါ။ သူ့အကောင့်ကို အခုချက်ချင်းပိတ်ပစ်ဖို့ ကျွန်မ အကြံပေးချင်ပါတယ်"
ဥက္ကဋ္ဌဝမ်က နှာခေါင်းရှုံ့လိုက်၏။
"သူ့အကောင့်ကို ပိတ်ရမယ် ဟုတ်လား... ငါ့အမြင်မှာတော့ မင်းရဲ့အကောင့်ကိုပဲ ပိတ်သင့်တာ။ ကဲ... မင်းကို အလုပ်ထုတ်လိုက်ပြီလို့ ငါ တရားဝင်ကြေညာတယ်"
"ဘာ..."
ဟူဖေးခမျာ ဆွံ့အသွားတော့သည်။ ဥက္ကဋ္ဌဝမ်က သူ(မ)ကို အမြဲ အသိအမှတ်ပြုခဲ့သူဖြစ်သော်လည်း ယနေ့မှာတော့ တက္ကစီဒရိုင်ဘာတစ်ယောက်အတွက်နှင့် သူ(မ)ကို အလုပ်ထုတ်ပစ်လိုက်သည်။ ဟူဖေးခမျာ မယုံနိုင်လောက်အောင် ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။
ဥက္ကဋ္ဌဝမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ရှောင်ဟူ... မင်းကို ငါ အရမ်းစိတ်ပျက်မိတယ်။ ကုမ္ပဏီပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်တောင်းခိုင်းတာကို မင်း ဘာတွေလုပ်နေတာလဲ။ ဒါက အတင်းအကျပ် အမိန့်ပေးနေတာကွ။ ငါ ဘယ်နှခါပြောထားလဲ။ တက္ကစီဒရိုင်ဘာတွေက ငါတို့လုပ်ငန်းရဲ့ အခြေခံအုတ်မြစ်တွေပါလို့။ မင်းရဲ့ အထက်စီးဆန်တဲ့ အမူအရာနဲ့ စီမံခန့်ခွဲပုံမျိုးနဲ့ဆိုရင်တော့ မင်းကို ငါ ဒီမှာ ဆက်မထားနိုင်ဘူး"
ဥက္ကဋ္ဌဝမ်က ခဏရပ်လိုက်ပြီးနောက် အေးတိအေးစက် ပြောလိုက်လေသည်။
"ဒီတော့... ဝန်ထမ်းရေးရာဌာန ဟူဖေးကို အခုချက်ချင်း အလုပ်ကထုတ်ဖို့ စီစဉ်လိုက်တော့။ မင်း ကို အလုပ်ဖြုတ်လိုက်ပြီ"
ဟူဖေး၏မျက်နှာမှာ ဖြူဖျော့သွားပြီး သစ်ရွက်တစ်ရွက်နှယ် တုန်ယင်နေတော့သည်။
ဥက္ကဋ္ဌဝမ်က ဟူဖေးကို လက်ညှိုးထိုး၍ ဆူပူလိုက်သည်။
"အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားတော့။ မင်းမျက်နှာကို ထပ်မမြင်ချင်ဘူး"
ဟူဖေးလည်း အရှက်တကွဲဖြင့် အစည်းအဝေးခန်းမထဲမှ ထွက်သွားရတော့သည်။
ထို့နောက် ဥက္ကဋ္ဌဝမ်က ပြုံးလျက် ပြောလိုက်၏။
"ဒီတစ်ခါ ဆွေးနွေးပွဲကိုတော့ ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပါ့မယ်"
ဥက္ကဋ္ဌဝမ် နေခဲ့ရသည့် အကြောင်းအရင်းမှာ ယဲ့ချန်းကြောင့်ဖြစ်ကြောင်း သိသာလှသည်။
ဥက္ကဋ္ဌကိုယ်တိုင်ရှိနေမှတော့ သူက ဘယ်လိုလုပ်ပြီး ထွက်သွားရဲမည်နည်း။
ယဲ့ချန်းက ဆို၏။
"ကုမ္ပဏီရဲ့ ပြုပြင်ပြောင်းလဲမှုက ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့ ကျွန်တော် ထင်တယ်။ တက္ကစီဒရိုင်ဘာတွေရဲ့ အကျိုးခံစားခွင့်ကို မလျှော့ချသင့်တဲ့အပြင် ပိုတောင် တိုးပေးသင့်တယ်။ ၂၅ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းကြားက ပိုသင့်တော်မယ်ထင်တယ်။ ပြီးတော့ ကုမ္ပဏီရဲ့ စည်းကမ်းတချို့ကိုလည်း ပြောင်းဖို့လိုမယ်။ ဥပမာ ခရီးသည်ကြိုဖို့ တစ်မိနစ်နောက်ကျတာနဲ့ ဒဏ်ကြေးဖြတ်တာမျိုးက မဖြစ်သင့်ဘူး။ လမ်းပိတ်တာမျိုးက ကြိုသိနိုင်တာ မဟုတ်ဘူးလေ။ အဲ့ဒီတစ်မိနစ်ကို သုံးမိနစ်အထိ ပြောင်းပေးသင့်တယ်လို့ မြင်တယ်..."
ယဲ့ချန်းက တက္ကစီဒရိုင်ဘာများ၏ အခက်အခဲများကို တစ်ခုချင်းစီ ထိထိမိမိပြောကြားခဲ့သည်။ ဒရိုင်ဘာများမှာ နားထောင်ရင်း မျက်ရည်ပင် ဝဲလာကြသည်။
သူတို့လည်း ဤအချက်များကို ပြောချင်သော်ငြား မပြောရဲချေ။ ယဲ့ချန်းက သူတို့ကိုယ်စား ပြောပေးခဲ့ခြင်းပင်။ သူတို့အားလုံး ယဲ့ချန်းကို ကျေးဇူးတင်နေကြပြီး ကုမ္ပဏီအတွက် ကြိုးကြိုးစားစား အလုပ်လုပ်ရန်ပင် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ယဲ့ချန်း၏အဆိုပြုချက်များ တကယ် အကောင်အထည်ဖော်နိုင်မလားဆိုသည်ကိုမူ စိုးရိမ်နေကြသေးသည်။
ဥက္ကဋ္ဌဝမ်က ယဲ့ချန်း၏ စကားများကို ခေါင်းတဆတ်ဆတ်ညိတ်၍ လက်ခံလိုက်သည်။
"ဥက္ကဋ္ဌယဲ့ပြောတာ မှန်ပါတယ်။ ကုမ္ပဏီက တကယ်ပဲ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာ။ စုန့်ထောင်... ဥက္ကဋ္ဌယဲ့ရဲ့ လိုအပ်ချက်တွေအတိုင်း အဆိုပြုချက်အသစ်ကို ပြန်ရေးဆွဲလိုက်ပါ"
အမှန်တကယ် အတည်ပြုလိုက်လေပြီ။ ရောက်လာကြသည့် ဒရိုင်ဘာများမှာ ဝမ်းသာအားရဖြင့် ခုန်ပေါက်နေကြတော့သည်။
သူတို့အားလုံးမှာ တက္ကစီမောင်းရင်း အသက်မွေးနေကြသူများ ဖြစ်လေရာ ဤပြုပြင်ပြောင်းလဲမှုကိုသာ အကောင်အထည်ဖော်နိုင်ခဲ့လျှင် ဝင်ငွေအမြောက်အများ ပိုရလာမည် ဖြစ်၏။
အစည်းအဝေးအပြီးတွင် တက္ကစီဒရိုင်ဘာများက ယဲ့ချန်း၏ မိန့်ခွန်းကို တက္ကစီဂရုထဲတွင် မျှဝေလိုက်ကြသည်။ အခြားတက္ကစီဒရိုင်ဘာများကလည်း ထိုစာကို ဖတ်ပြီးနောက် အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
ယဲ့ချန်း၏ လုပ်ဆောင်ချက်မှာ ကုမ္ပဏီအတွက် အရှုံးပေါ်သလို ထင်ရသော်လည်း အမှန်တကယ်တွင်မူ တက္ကစီဒရိုင်ဘာအားလုံး၏ နှလုံးသားကို သိမ်းပိုက်လိုက်သည်။ တက္ကစီဒရိုင်ဘာများက ယဲ့ချန်းကို "အစ်ကိုယဲ့"ဟုပင် ချစ်စနိုးခေါ်ဝေါ်ကုန်ကြသည်။
အစည်းအဝေးခန်းမထဲမှ ထွက်လာစဉ် ယဲ့ချန်း၏ ဖုန်းက အသံမြည်လာသည်။
လီယန်ယန်ဆီက ဝေ့ရွှင်းမက်ဆေ့ခ်ျ ဝင်လာခြင်းပင်။
"မစ္စတာယဲ့... ရှိပါသလား"
ယဲ့ချန်းမှာ အံ့သြသွားရသည်။ ဤကားမောင်းဖော်မိန်းကလေးက ဘာကြောင့်များ ရုတ်တရက် ဆက်သွယ်လာရသလဲ။
"သြော်... ဘာကိစ္စရှိလို့လဲ"
ပြီးခဲ့သည့်အကြိမ်က ကားမတော်တဆမှုဖြစ်ပြီးကတည်းက ယဲ့ချန်းသည် လီယန်ယန်နှင့် မဆက်သွယ်ဖြစ်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူ(မ)က တက္ကသိုလ်ကျောင်းသူတစ်ယောက် ဖြစ်သလို ရုပ်ရည်လှပသော်လည်း ယဲ့ချန်းမှာ မြင်မြင်သမျှ မိန်းကလေးနောက်ကို လိုက်နေမည့်လူစားမျိုး မဟုတ်ပေ။
ထို့ပြင် ယဲ့ချန်းက လီယန်ယန့်ကို ထိုမတော်တဆမှုမှာ သူ(မ)နှင့် မသက်ဆိုင်ကြောင်းနှင့် လျော်ကြေးပေးရန် မလိုကြောင်းလည်း ပြောထားပြီးသားပင်။
သူတို့အနေနှင့် တရားခံကို ရှာတွေ့ပြီး ကားကိုလည်း ပြင်ပြီးလေပြီ။ ဖယ်ရာရီနှစ်စီးပင် အလျော်ရလိုက်သဖြင့် ယဲ့ချန်းမှာ အမြတ်ပင် ထွက်နေသေးသည်။
ယဲ့ချန်းဆုံးမခဲ့သည့် ကျန်းဖုန်းမှာမူ အလွန်လန့်သွားပုံရပြီး မိုတုမြို့တွင် ခဏတဖြုတ် ပေါ်လာရဲတော့မည် မဟုတ်ပေ။
လီယန်ယန်က ဆက်ပြောလိုက်သည်။
"ဟိုလေ... ကျွန်မဆီကို အခုလေးတင် ဖယ်ရာရီတစ်စီး ရောက်လာလို့ပါ"
ယဲ့ချန်း ယခုမှ သဘောပေါက်တော့သည်။
ဖယ်ရာရီနှစ်စီးလိုချင်သည်ဟု သူပြောခဲ့စဉ်က တစ်စီးမှာ သူ့အတွက်ဖြစ်ပြီး နောက်တစ်စီးမှာ ဤမိန်းကလေးအတွက်ဟု သည်အတိုင်းပြောလိုက်ခြင်းသာ။ သို့သော် ယန်ချွမ်းကတော့ အလေးအနက်ထားခဲ့ပေသည်။
ကျန်းမိသားစုကလည်း ယဲ့ချန်း၏နောက်ခံကို သိသွားသောအခါ ကြောက်လန့်တကြားဖြင့် ဖယ်ရာရီနှစ်စီးကို အမြန်မှာယူကာ တစ်စီးကို လီယန်ယန့်ထံသို့ ပို့ပေးခဲ့ခြင်းပင်။ ဤဖယ်ရာရီကြောင့်ပင် လီယန်ယန်ခမျာ ဘာလုပ်ရမှန်းမသိလောက်အောင် ဖြစ်နေချေသည်။