← Chapters

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အခန်း (၄၇၅-၄၇၇)

Vol. 32 Ch. 475-477

အပိုင်း ၄၇၅ : ကျွန်မ လက်မခံနိုင်ဘူး

လီယန်ယန်က သာမန်တက္ကသိုလ်ကျောင်းသူတစ်ဦးသာ။ တစ်စုံတစ်ယောက်က သူ(မ)ကို ဖယ်ရာရီကားတစ်စီး ရုတ်တရက်လက်ဆောင်ပေးလာခြင်းမှာ သူ(မ)ကို စိုးရိမ်ပူပန်စေရုံသာမက ကြောက်ပင် ကြောက်လန့်စေသည်။

သူ(မ)သည် သူဌေးတစ်ယောက်၏ကားကို တိုက်မိခဲ့သူဖြစ်လေရာ ထိုလူ့ဘက်က လျော်ကြေးမတောင်းသည်ကပင် ကျေးဇူးကြီးလှပြီဖြစ်၏။

ယခုမူ ဤဇိမ်ခံကားတစ်စီးကိုပါ ပေးနေပြန်သည်။

အရေးအကြီးဆုံးမှာ ယန်ချွမ်းက ယဲ့ချန်း၏ ဆိုလိုရင်းကို အတွေးလွန်သွားခြင်းပင်။ လီယန်ယန်ကို ယူယူမယူယူ မရရအောင် ပေးရမည်ဟု ပြောခဲ့မိသည်။

သို့သော် သိန်းလေးငါးဆယ်တန်ဖိုးရှိသည့် ဖယ်ရာရီကားတစ်စီးကို လီယန်ယန် မယူရဲပေ။

သူ(မ)က သူ့ကားကို ပျက်စီးအောင် လုပ်ခဲ့ပါလျက်နှင့် တစ်ဖက်လူက သူ(မ)ကို ကားတစ်စီး ပြန်လျော်ပေးသည်ဆိုခြင်းမှာ အလွန်ထူးဆန်းလွန်းလှသည်။

ယဲ့ချန်းက သူ(မ) အကျပ်မကိုင်ခဲ့သည့်အတွက် ကျေးဇူးတင်မိသော်လည်း ယခုလို တန်ဖိုးကြီးကားတစ်စီးကို ရုတ်တရက်ပေးလာချိန်တွင် လီယန်ယန် ဘာလုပ်ရမှန်းမသိလောက်အောင်ပင်။

တစ်ဖက်လူက ကားကို အလကားပေးမည်တဲ့လား။ လုံးဝမဖြစ်နိုင်ပေ။ သူ(မ)က ချောမောလှပသည်ဆိုသော်ငြား သာမန်မိသားစုမှ မိန်းကလေးတစ်ဦးသာ ဖြစ်လေရာ ဤမျှတန်ဖိုးကြီးသော ကားကို မယူရဲချေ။

ထို့ပြင် ဤကိစ္စက ကျောင်းထဲတွင်လည်း သတင်းပြန့်သွားသဖြင့် သူဌေးတစ်ယောက်က သူ(မ)ကို ဇိမ်ခံကား လက်ဆောင်ပေး​ခဲ့ကြောင်း လူအများက မြင်သွားကြသည်။

သူ(မ)က တစ်စုံတစ်ယောက်၏ မယားငယ်အဖြစ် နေနေသည်ဟူသော ကောလာဟလများပင် ထွက်ပေါ်နေသည်။

ယဲ့ချန်းလည်း အလွန်ဆွံ့အသွားရသည်။ ဤအထင်လွဲမှုက အလွန်ကြီးမားသွားခဲ့သည်။

"သိပ်စိတ်မပူပါနဲ့။ ကိုယ် အခုချက်ချင်း သွားဖြေရှင်းပေးပါ့မယ်။ ဟုတ်ပြီလား"

ယဲ့ချန်းက ပြောလိုက်သည်။

ဤကိစ္စမှာ ယန်ချွမ်း၏ လက်ချက်ဖြစ်ရမည်ဟု ယဲ့ချန်း ရိပ်မိသည်။

ယန်ချွမ်းက မကောင်းသော ရည်ရွယ်ချက်မရှိပေ။ ယဲ့ချန်းက မိန်းကလေးတစ်ယောက်ကို ပိုးပန်းချင်နေသည်ဟုထင်ကာ လီယန်ယန့်ထံသို့ ထိုကားကို ပို့ပေးလိုက်ခြင်းပင်။ သို့သော် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော ဤလုပ်ရပ်က ထိုမိန်းကလေးကို သေမတတ် ကြောက်လန့်သွားစေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤပြဿနာမှာ သူ့ကြောင့်ပင်။

ကားတစ်စီး ပြန်လျော်ပေးရမည်ဆိုသည်မှာ သည်အတိုင်း ပြောလိုက်ခြင်းသာ။

လီယန်ယန်ကိုလည်း မပြောဖြစ်ခဲ့ပေ။

မိန်းကလေးတစ်ယောက်ကို သိန်းလေးဆယ်ကျော်တန် ဖယ်ရာရီကားတစ်စီး ရုတ်တရက်ပေးလိုက်လျှင် မည်သူက မကြောက်ဘဲနေမည်နည်း။

ယဲ့ချန်းလည်း ဖုတန်တက္ကသိုလ်သို့ ရောက်လာခဲ့သည်။

ထိုအချိန်တွင် လီယန်ယန်၏ သူငယ်ချင်းတချို့က သူ(မ)ကို ဖျောင်းဖျနေကြသည်။

"ယန်ယန်... နင် တော်တော်တုံးတာပဲ။ အလကားပေးနေတာကို ဘာလို့မယူတာလဲ"

"ဟုတ်တယ်။ နင်မစီးချင်ရင်တောင် ကားကို ပြန်ရောင်းလိုက်လေ။ ဒါက အသစ်စက်စက်ကြီးနော်။ အဲ့ဒီပိုက်ဆံနဲ့ နင့်အမေရဲ့ရောဂါကို ကုပေးရင် မကောင်းဘူးလား"

ဘေးနားရှိ စုန့်ဝေ့ကလည်း မိမိုက်လှသော ဖယ်ရာရီကားကြီးကို မနာလိုစွာ ကြည့်နေချေသည်။

လီယန်ယန်က ဖြစ်ပျက်ခဲ့သမျှကို စုန့်ဝေအား ပြောပြထားသည်။

ထိုအကြောင်းကို ကြားရသောအခါ စုန့်ဝေ့ခမျာ မနာလိုဖြစ်ပြီး သေတော့မတတ်ပင်။

ဤဇာတ်လမ်းမှာ ဇာတ်လမ်းတွဲများထက်ပင် ပိုစိတ်လှုပ်ရှားစရာကောင်းနေတော့သည်။

ကားတိုက်မိသည့်အတွက် သူဌေးက အပြစ်မတင်သည့်အပြင် ပြိုင်ကားတစ်စီးပင် ပေးသည်တဲ့လား။

အဓိကမှာ လီယန်ယန်၏စကားအရ ထိုလူသည် ချမ်းသာရုံသာမက နွေးထွေးကြင်နာတတ်သည့် လူတစ်ယောက်လည်း ဖြစ်နေပေသည်။

ဤကဲ့သို့သော ကံကောင်းမှုမျိုးက သူ(မ)ထံသို့ ဘာကြောင့်များ ရောက်မလာရသလဲ။

တကယ်တော့ စုန့်ဝေ့ကလည်း သူဌေးသားတစ်ယောက်နှင့် ဆုံနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် အငှားဒရိုင်ဘာလုပ်ရန်ပင် ဆုံးဖြတ်ထားသည်။ သို့သော် တွေးရုံသာ တွေးရဲသည်။

အကြောင်းမှာ လီယန်ယန်က ရုပ်ရည်ရမှတ်၉၅ခန့်ရှိသော အလှပဂေးလေးဖြစ်ပြီး စုန့်ဝေ့မှာမူ အများဆုံးခြောက်ဆယ်သာ ရှိသောကြောင့်ပင်။

ဤခေတ်ကြီးတွင် သူဌေးသားများက ရုပ်ရည်ကိုသာ အလေးထားကြသည်ဖြစ်ရာ သူ(မ)၏ ရုပ်ရည်နှင့်ဆိုလျှင် ဤကဲ့သို့​သော အခြေအနေမျိုးတွင် ကားရဖို့ မပြောနှင့်။ ချက်ချင်းပင် လျော်ကြေးတောင်းခံရမည်မှာ သေချာသည်။

လီယန်ယန်က ခေါင်းကို ပြတ်ပြတ်သားသားခါယမ်းလိုက်သည်။

"မရဘူး... ဒီကားကို ငါ လုံးဝလက်မခံနိုင်ဘူး"

သူ(မ)ဘက်က ဘာမှလည်း လုပ်မပေးနိုင်ခဲ့သည့်အပြင် သူ့ကားကိုပင် ပျက်စီးအောင်လုပ်ခဲ့သူဖြစ်လေရာ အကျိုးအကြောင်းအရရော ခံစားချက်အရပါ ဤကားကို မယူသင့်ပေ။

ထို့ပြင် သူဌေးတစ်ယောက်က သူ(မ)ကို ကားလက်ဆောင်ပေးသည်ဆိုခြင်းမှာ ဘာကိုဆိုလိုသလဲဆိုသည်ကို သူ(မ) ကောင်းကောင်းနားလည်သည်။ သူ(မ)အနေနှင့် သူတစ်ပါး၏ မယားငယ်အဖြစ်နှင့်မရှင်သန်လိုချေ။

ထို့ကြောင့် လီယန်ယန်က တစ်ဖက်လူကို ငြင်းပယ်ရန် ဆုံးဖြတ်ထားပြီးသားပင်။ ဤကားကို သူ(မ) လက်မခံနိုင်ပေ။

လီယန်ယန်၏ ရုပ်ရည်နှင့်ဆိုလျှင် သူဌေးတစ်ယောက်ရှာရန် မခက်ခဲသော်လည်း ဤသည်မှာ သူ(မ)လိုချင်သည့် ဘဝမျိုးမဟုတ်ပေ။

သူ(မ)က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး သူ(မ)နှင့်ထိုက်တန်သည့် ချစ်ခြင်းမေတ္တာကိုသာ ရှာဖွေလိုသည်။

လီယန်ယန်ဘက်က ဘူးခံငြင်းနေသဖြင့် စုန့်ဝေ့လည်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ယန်ယန်... နင်ကတော့ အရမ်းတုံးတာပဲ"

လီယန်ယန်က ဘယ်လိုလူစားမျိုးဖြစ်ကြောင်း စုန့်ဝေ့ သိသည်။

သူ(မ)၏မိသားစုမှာ မချမ်းသာသော်လည်း သူ(မ)ကတော့ အလွန်ဇွဲကောင်းသည်။ လက်ရှိတွင် လီယန်ယန်၏မိသားစုမှာ အလွန်ရုန်းကန်နေရသည်။ ထို့ကြောင့် ဤကားတစ်စီးက သူ(မ)၏ မိသားစုပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သည်။

သို့သော် လီယန်ယန်က ငြင်းပယ်လိမ့်မည်ဟု စုန့်ဝေ့ မထင်ထားပေ။

လီယန်ယန်မှာ ခေါင်းမာသဖြင့် ဆုံးဖြတ်ချက်ချပြီးလျှင် မည်သူမှ ဖျောင်းဖျ၍မရတော့ပေ။

"ယန်ယန်.. အဲ့ဒီသူဌေးက နင့်ကို ကားလက်ဆောင်ပေးတယ်ဆိုတော့ နင့်ကို သဘောကျလို့နေမှာ"

စုန့်ဝေ့က လီယန်ယန်ကို အခြာရှုထောင့်မှ ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

လီယန်ယန်ကို စိတ်မဝင်စားလျှင် မည်မျှပင် ချမ်းသာပါစေ။ သိန်းလေးဆယ်ကျော်တန် ကားတစ်စီးကို သည်အတိုင်း လွယ်လင့်တကူပေးမည်မဟုတ်ပေ။

"မဖြစ်နိုင်ပါဘူး... မစ္စတာယဲ့မှာ ရည်းစားရှိတယ်လို့ကြားတယ်"

စုန့်ဝေ့က ဆို၏။

"အမလေး ယန်ယန်ရယ်... ရည်းစားရှိတာက အိမ်ထောင်ရှိတာမှ မဟုတ်တာ။ နင့်မှာ အခွင့်အရေး ရှိပါသေးတယ်"

ပုံမှန်ဆိုလျှင် စုန့်ဝေ့မှာ အချစ်ဝတ္ထုများကို ကြိုက်နှစ်သက်သူဖြစ်သဖြင့် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို ကောင်းကောင်းနားလည်သည်။

"မဖြစ်နိုင်ပါဘူး။ မစ္စတာယဲ့က အဲ့လိုလူစားမျိုး မဟုတ်ဘူးလို့ ခံစားမိတယ်"

လီယန်ယန်သည် အချစ်နှင့် လူမှုရေးကိစ္စများတွင် အလွန်ရိုးအသော မိန်းကလေးမျိုးပင်။

ထို့ကြောင့် ထိုရှုထောင့်ကို လုံးဝ မစဉ်းစားခဲ့မိပေ။

ထို့ပြင် ယဲ့ချန်းသာ မိန်းမပွေရှုပ်သူတစ်ယောက် ဖြစ်လျှင် ဤကားကို ပို၍ပင် မယူနိုင်ချေ။

ယဲ့ချန်းက ချောမောခန့်ညားပြီး ချမ်းသာသည်ဆိုသော်ငြား လီယန်ယန်မှာမူ သူ(မ)၏ ကိုယ်ပိုင်အချစ်ကိုသာ စွဲကိုင်ထားလိုသည်။

တကယ်တော့ လီယန်ယန်သည် ယဲ့ချန်းကို စတွေ့စဉ်ကတည်းက သူ့အရှိန်အဝါကြောင့် စွဲလမ်းသွားခဲ့ရသည်။

သို့သော် ယဲ့ချန်းတွင် ရည်းစားရှိသည်ဟု ကြားလိုက်ရချိန်ဝယ် ထိုအချစ်မီးစလေးမှာ ချက်ချင်း ငြိမ်းသတ်ခံလိုက်ရသည်။

ထိုအချိန်တွင် ယဲ့ချန်းသည် ဖုတန်တက္ကသိုလ်သို့ ကားမောင်း၍ ဝင်လာခဲ့ပြီဖြစ်၏။

မကြာခင်မှာပင် ယဲ့ချန်း လီယန်ယန်ကို တွေ့သွားခဲ့သည်။

ယနေ့ လီယန်ယန်သည် ဖုတန်တက္ကသိုလ် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသဖြင့် အငှားဒရိုင်ဘာဝတ်စုံဝတ်ထားစဉ်ကထက် ပိုထူးခြားပြီး ကြည့်ကောင်းနေသည်။

သို့သော် လီယန်ယန်ကို ချီတုံချတုံဖြစ်စေသည့် ဖယ်ရာရီကားကိုလည်း ယဲ့ချန်း မြင်လိုက်ရသည်။

"ဒါက ယန်ချွမ်းပို့လိုက်တဲ့ ဖယ်ရာရီလား"

ယဲ့ချန်းက မေးလိုက်သည်။

"ဟုတ်တယ်။ ရှင့်သူငယ်ချင်း ပို့လိုက်တာ။ ကျွန်မ ဘယ်လိုပြောပြော မရဘူး။ သူက ကားနဲ့ သော့ကို ဒီမှာပဲထားခဲ့တာ"

ယဲ့ချန်းကို မြင်လိုက်ရသောအခါ လီယန်ယန်၏ မျက်နှာလှလှလေးကား ရှက်သွေးဖြန်းသွားသည်။

သူ(မ) အစက စိတ်ပိုင်းဖြတ်ထားခဲ့သော်လည်း ယဲ့ချန်းကို မြင်လိုက်ရသည့်ခဏတွင် ရင်ခုန်သွားရပြန်သည်။

ထိုနေ့က ယဲ့ချန်းကို တွေ့စဉ်က သူသည် အရက်သောက်ထားသဖြင့် သိပ်မတက်ကြွသလို ဖြစ်နေခဲ့သည်။

ယနေ့တွင်မူ အားအင်အပြည့်ဖြစ်နေသော ယဲ့ချန်းမှာ ရုပ်ရှင်ထဲကထွက်လာသည့် အာဏာညောင်းသော စီအီးအိုတစ်ဦးနှင့်ပင် တူနေချေသည်။

အထူးသဖြင့် သူ့အရှိန်အဝါနှင့် မျက်နှာပေါ်ရှိ နွေးထွေးသော အပြုံးကြောင့် ဖုတန်တက္ကသိုလ်ရှိ မိန်းကလေးများခမျာ ငေးမောနေကြရှာသည်။

စုန့်ဝေပင်လျှင် အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အစောက ယဲ့ချန်းသည် အလွန်ချောမောခန့်ညားသည်ဟု လီယန်ယန်ပြောစဉ်က သူ(မ) သိပ်မယုံခဲ့ပေ။

သို့သော် ယဲ့ချန်းကို မြင်လိုက်ရပြီးနောက်တွင်မူ သူသည် ဒဏ္ဍာရီထဲမှ ပြီးပြည့်စုံလွန်းသည့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သူ(မ) နားလည်သွားရလေပြီ။

ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်၏။

"ဒီကိစ္စက ကိုယ့်အမှားပါ။ မင်းကို ကြိုမပြောဖြစ်ခဲ့ဘူး"

လီယန်ယန် အနည်းငယ် နေရခက်နေသည်ကို မြင်သောအခါ ယဲ့ချန်းက ရှင်းပြလိုက်သည်။

"အဲ့ဒီနေ့က မင်းကို ကျောင်းပြန်ပို့ပေးပြီးတော့ ကိုယ့်ကားကို ဝင်တိုက်သွားတဲ့လူကို ရှာတွေ့ခဲ့တယ်။ သူတို့ကို ကောင်းကောင်းဆုံးမလိုက်တော့ ကိုယ့်ကားကို ပြန်ပြင်ပေးရုံတင်မကဘူး။ ကားနှစ်စီးပါ လျော်ပေးခဲ့တယ်လေ။ တစ်စီးက ကိုယ့်အတွက်။ နောက်တစ်စီးကတော့ မင်းအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုလျော်ကြေးအဖြစ် ပေးလိုက်တာ"

ယဲ့ချန်းက အေးအေးလူလူပင် ပြောလိုက်သော်ငြား လီယန်ယန်မှာမူ အံ့သြတုန်လှုပ်စွာ နားထောင်နေရသည်။

"စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် လျော်ကြေးက ဖယ်ရာရီကားတစ်စီးတဲ့လား"

•••••••••••••••••

အပိုင်း ၄၇၆ : မင်း ယူချင်လည်းရတယ် မယူချင်လည်းရတယ်

လီယန်ယန်၏ အံ့အားသင့်နေသော မျက်နှာလေးကို ကြည့်ရင်း ယဲ့ချန်း ပြောလိုက်၏။

"ဒီလိုလုပ်လေ... တကယ်လို့ မင်း ဒီကားကို မလိုချင်ဘူးဆိုရင် ကိုယ် သူတို့ကိုပြောပြီး ကားအစား ငွေသားပဲ ပြောင်းပေးခိုင်းလိုက်မယ်"

လီယန်ယန်ကမူ ကမန်းကတန်း ခေါင်းခါပြသည်။

"မဟုတ်ပါဘူး... အဲ့လိုမဟုတ်ပါဘူး"

"ဒါဆိုရင်လည်း ကားကိုပဲ ယူလိုက်တော့။ ဒါက မင်းပိုင်တဲ့ကားပဲ။ ထပ်ငြင်းနေမယ်ဆိုရင် ကိုယ် တကယ်စိတ်ဆိုးမိတော့မှာ"

ယဲ့ချန်းက လီယန်ယန်ကို ထပ်ငြင်းဆိုခွင့်မပေးတော့ဘဲ ဤသည်မှာ နောက်ဆုံးအဆုံးအဖြတ်ဖြစ်ကြောင်း ပြောလိုက်သည်။

"ကဲ... ကားလည်း ရပြီးပြီဆိုတော့ ကိစ္စပြတ်ပြီ။ သွားတော့မယ်နော်"

ယဲ့ချန်းက ပြန်တော့မည့်ဆဲဆဲ ရုတ်တရက်ဆိုသလို ခြေလှမ်းရပ်လိုက်သည်။

"ဒါနဲ့... ဒီကိစ္စကြောင့် တစ်ယောက်ယောက်က မင်းကို လာနှောင့်ယှက်တာမျိုးရှိရင် ကိုယ့်ဆီ လာခဲ့လို့ရတယ်နော်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်း ပြန်ရန် ဟန်ပြင်လိုက်သည်။

လီယန်ယန်မှာမူ အံ့သြမှင်တက်နေပြီးမှ နှုတ်ခမ်းကို ဖိကိုက်ကာ ​လှမ်းခေါ်လိုက်သည်။

"ခဏနေပါဦး"

ယဲ့ချန်းကလည်း မေးသည်။

"ဘာကိစ္စရှိသေးလို့လဲ"

လီယန်ယန်ခမျာ ထိုအခိုက်အတန့်တွင် စိတ်ထဲ၌ အလွန်တရာ ဝေခွဲမရဖြစ်နေရှာသည်။

ယဲ့ချန်းက ဆို၏။

"ကားက မင်းကိုပေးပြီးသားဆိုတော့ ပြန်ယူဖို့ အကြောင်းမရှိဘူးနော်။ တကယ်လို့ မင်း လုံးဝမလိုချင်ဘူးဆိုရင် အဲ့ဒီကားကို ရိုက်သာခွဲပစ်လိုက်"

ယဲ့ချန်း၏ စကားကို ကြားသောအခါ လီယန်ယန်လည်း သူ(မ)သာ ဆက်ငြင်းနေပါက ယဲ့ချန်း စိတ်မကောင်းဖြစ်သွားလိမ့်မည်ဖြစ်ကြောင်း နားလည်သွားသည်။

လီယန်ယန်က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ယဲ့ချန်းက သူ(မ)ကို စကားဆက်ခွင့် မပေးပေ။

"ဒါက မင်းအတွက် ကိုယ်ပေးတဲ့လျော်ကြေးပဲ။ ကိုယ့်ကို ပြန်ပေးဖို့တော့ မတွေးနဲ့။ ပြီးတော့ ကိုယ်က ပိုက်ဆံမရှိတဲ့လူလည်း မဟုတ်ဘူး။ ဒါကြောင့် ပေးမယ်လို့ ကတိပေးထားတဲ့ကားကို ဘယ်တော့မှ ပြန်မယူဘူး"

"ဒါဆိုရင် ကျွန်မ ဒီကားကို လက်ခံလိုက်လို့ ရပြီပေါ့နော်။ ကျွန်မ ရှင့်ကို ညစာဖိတ်ကျွေးလို့ ရမလား"

အူကြောင်ကြောင်နိုင်သော ဤမိန်းကလေးက ထပ်ငြင်းဦးမည်ဟု ယဲ့ချန်း ထင်ထားသော်လည်း သူ့ကို ညစာအတူစားရန် ဖိတ်ခေါ်လာသည်။ ဤတောင်းဆိုချက်က စိတ်ဝင်စားစရာကောင်းလှသည်။

လီယန်ယန်က ဆက်ပြောသည်။

"မနေ့က ကျွန်မ ရှင့်ကားကို တိုက်မိခဲ့တာတောင် ရှင်က အပြစ်မတင်တဲ့အပြင် ကားတစ်စီးတောင် ပြန်ပေးသေးတယ်။ အဲ့ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ရှင့်ကို ညစာဖိတ်ကျွေးချင်တာပါ"

"ညစာပဲလား"

ယဲ့ချန်းက ပြန်မေးလိုက်သည်။

သူ့မျက်နှာထက်တွင် နောက်ပြောင်ကျီစယ်လိုသော အပြုံးတစ်ပွင့် ရှိနေပေသည်။

ယဲ့ချန်း၏အမူအရာကို မြင်သောအခါ လီယန်ယန်၏ မျက်နှာလေးကား နီမြန်းသွားသည်။

"ဒါပေါ့... ညစာပါပဲ။ တခြားဘာမှမရှိပါဘူး"

ယဲ့ချန်းက စနောက်လိုက်သည်။

"စိတ်မပူပါနဲ့။ ကိုယ်က တခြားယောကျ်ားတွေလို မဟုတ်ပါဘူး။ မင်းကို ကားလက်ဆောင်ပေးတာက မင်းနဲ့ ထိုက်တန်လို့ ပေးတာ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး"

ဤစကားကို ကြားလိုက်ရချိန်ဝယ် လီယန်ယန်ခမျာ အကြောင်းပြချက်မရှိပါဘဲ ရင်ထဲတွင် အနည်းငယ် ဟာတာတာ ဖြစ်သွားရသည်။

"ကောင်းပါပြီ။ ညစာပဲဆိုတော့ မင်းပဲ နေရာရွေးလိုက်ပါ။ ကိုယ်လာခဲ့မယ်"

လီယန်ယန်လည်း ခဏမျှစဉ်းစားပြီး ပြောလိုက်၏။

"ဒီည ကျွန်မတို့ကျောင်းရှေ့က ‘ရှင်းရှင်းအကင်ဆိုင်’မှာ စားကြရင်ရော ဘယ်လိုလဲ"

လီယန်ယန်က ညစာဖိတ်ကျွေးမည်ဟု ဆိုသော်ငြား လက်ရှိတွင် သူ(မ)၌ ငွေကြေးကျပ်တည်းနေသည်။

အကင်စားလျှင် သုံးလေးရာခန့်ကုန်ကျမည်ဖြစ်ရာ ဤသည်မှာ သူ(မ)အတွက် အလွန်များပြားလှသော အသုံးစရိတ်ပင်။

သူ(မ) ယဲ့ချန်းကို စိုးရိမ်တကြီးကြည့်ရင်း သူ(မ)ကို တစ်ဖက်လူက တွန့်တိုသည်ဟု ထင်သွားမည်ကို ကြောက်နေချေသည်။

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။

"ရတာပေါ့။ ပြဿနာမရှိဘူး။ အချိန်မီလာခဲ့ပါ့မယ်"

ယဲ့ချန်းအတွက်မူ ဤကဲ့သို့သော အကင်ဆိုင်မျိုးမှာ ခဏခဏသွားနေကျ နေရာဖြစ်သလို အကင်အရသာကလည်း ဆိုင်ကြီးကနားကြီးများနှင့် လုံးဝ မတူဘဲ ထူးခြားလှသည်။

ထိုကဲ့သို့သော ခံစားချက်မျိုးကို ခမ်းနားထည်ဝါသော စားသောက်ဆိုင်ကြီးများတွင် မရနိုင်ပေ။

ထို့ပြင် မိန်းမလှလေးတစ်ဦးက ဖိတ်ကျွေးနေသည်ဖြစ်ရာ ငြင်းပယ်စရာလည်း အကြောင်းမရှိပေ။

"မင်းတို့နှစ်ယောက် ကိုယ့်ကားနဲ့ပဲ လိုက်မလား။ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်ပဲ မောင်းလာမလား"

ယဲ့ချန်းက မေးလိုက်သည်။

"ရှင့်ကားနဲ့ပဲ လိုက်ခဲ့ပါ့မယ်"

‘ရှင်းရှင်းအကင်ဆိုင်’က ကျောင်းနှင့် အတော်အတန်ဝေးသောကြောင့် လီယန်ယန်က ထိုသို့ပြောလိုက်ခြင်းပင်။

ထိုပြိုင်ကားကိုကြည့်ရင်း ယခုအချိန်တွင် မောင်းသွားပါက လူအများ၏အာရုံစိုက်မှုကို ခံရလိမ့်မည်ဟု ခံစားမိသဖြင့် လီယန်ယန်က ပြောလိုက်သည်။

"ကျွန်မ ရှင့်ကားနဲ့ပဲလိုက်တာ ပိုကောင်းမယ် ထင်တယ်"

သူ(မ)၏ဘေးနားရှိ စုန့်ဝေ့မှာမူ သူတို့နှစ်ယောက်ကြားရှိ မူမမှန်သော အငွေ့အသက်ကို ခံစားမိသည်မှာ ကြာလှပြီဖြစ်ရာ သူ(မ)ကိုယ်သူ(မ) အပိုမီးသီးလေးတစ်လုံးနှယ် ထင်မှတ်မိသည်။

ထို့ပြင် ယဲ့ချန်းက အလွန်ချောမောခန့်ညားသူဖြစ်သဖြင့် သူတို့နှစ်ယောက်နှင့်ယှဉ်လျှင် သူ(မ)၏ ရုပ်ရည်ကြောင့် အနည်းငယ်ဖိအားဖြစ်မိသည်။

စုန့်ဝေ့က ဆို၏။

"ယန်ယန်... နင်ပဲ သွားလိုက်ပါတော့။ ငါ မလိုက်တော့ဘူး"

သို့သော် လီယန်ယန်က စုန့်ဝေ့ကို ပြန်ဆွဲထားသည်။

"မရဘူး... နင်လည်း ငါနဲ့အတူ လိုက်ခဲ့ရမယ်"

ကျောင်းထဲတွင် သူဌေးသားတစ်ယောက်က သူ(မ)ကို ကားလက်ဆောင်ပေးသည်ဟူသော ကောလာဟလက ပျံ့နေပြီဖြစ်၏။

အကယ်၍ သူ(မ)သာ ယဲ့ချန်းနှင့် နှစ်ယောက်တည်း အတူသွားလိုက်ပါက ထိုသတင်းကို အတည်ပြုပေးသလို ဖြစ်သွားပေလိမ့်မည်။

စုန့်ဝေ့သာ ပါလာလျှင် အရာအားလုံးက ကိုင်တွယ်ရပိုလွယ်ကူသွားမည်ဖြစ်၏။

ရွေးချယ်စရာ မရှိတော့သဖြင့် စုန့်ဝေ့လည်း လီယန်ယန်နှင့်အတူ ကျောင်းပေါက်ဝအထိ လိုက်လာခဲ့သည်။

ယဲ့ချန်း၏ ကျီလိကားလေးကို မြင်လိုက်ရသောအခါ လီယန်ယန်ရော စုန့်ဝေ့ပါ အံ့သြသွားကြသည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"ကားပေါ်တက်လေ... တက္ကစီက ကြိုဆိုပါတယ်"

စုန့်ဝေ့ခမျာ မယုံနိုင်လေဟန်ဖြင့် ပြောလိုက်သည်။

"ရှင်က တကယ်တက္ကစီမောင်းတာလား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်လေ"

စုန့်ဝေ့မှာမူ ဇဝေဇဝါဖြစ်သွားသည်။ လီယန်ယန်လည်း ကြောင်သွားရှာသည်။

ပြိုင်ကားကိုပင် လက်ဆောင်ပေးနိုင်သူက ဘာကြောင့်များ တက္ကစီမောင်းနေရလေသလဲ။

"တကယ်တော့ တက္ကစီမောင်းတာက ကိုယ့်ရဲ့ ဝါသနာလေ။ လူပေါင်းစုံနဲ့ စကားပြောလို့ရတာကို သဘောကျတယ်"

"ဒါဆိုရင်လည်း... ကျွန်မက အားပေးရတာပေါ့"

လီယန်ယန်က ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေါ့... ပြီးရင် ကိုယ့်ကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးဖို့တော့ မမေ့နဲ့ဦးနော်"

ကားမောင်းနေစဉ် ယဲ့ချန်းက မိန်းကလေးနှစ်ယောက်နှင့် စကားစမြည်ပြောဆိုကြည့်လိုက်လေရာ ခဏအတွင်းမှာပင် ရင်းနှီးသွားကြသည်။

ချောမောခန့်ညား​သော ဤအမျိုးသားမှာ အလွန်နွေးထွေးပြီး စကားပြောကောင်းသူ ဖြစ်နေသဖြင့် စုန့်ဝေ့ အံ့သြသွားရသည်။ သူ(မ)၏ရုပ်ရည်က သိပ်မလှသော်လည်း ယဲ့ချန်းက သူ(မ)ကို လျစ်လျူမရှုထားဘဲ ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့သည်။

မကြာခင်မှာပင် ယဲ့ချန်းက သူတို့ကို ‘ရှင်းရှင်းအကင်ဆိုင်’သို့ ပို့ဆောင်ပေးခဲ့သည်။

လီယန်ယန်လည်း ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ချက်ချင်းပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် ‘နတ်ဘုရားအဆင့်ဒါရိုက်တာ’စွမ်းရည်ကို ရရှိပါပြီ]

နောက်ထပ်ကြယ်ငါးပွင့် ထပ်ရလိုက်ပြန်လေပြီ။ ကားလက်ဆောင်ပေးလိုက်ရခြင်းမှာ တန်သွားခဲ့ချေပြီ။

သူတို့သုံးယောက်သား အကင်ဆိုင်သို့ ရောက်လာကြသည်။

ဤအကင်ဆိုင်မှာ အလွန်လူစည်ကားပြီး အနီးအနားရှိ ကျောင်းသားများ အဓိကလာရောက်စားသောက်ကြသည်။

သူတို့သုံးယောက်သား စားပွဲလွတ်တစ်လုံးကို ရှာပြီး ထိုင်လိုက်ကြသည်။

လီယန်ယန်ကမူ အားတုံ့အားနာဖြင့် ပြောလိုက်၏။

"ယဲ့ချန်း... ဒီနေရာက ရှင့်အတွက် အဆင့်နိမ့်လွန်း​နေလား"

ယဲ့ချန်းကတော့ ခေါင်းခါပြသည်။

"လုံးဝမနိမ့်ပါဘူး။ ဒီနေရာက တော်တော်ကောင်းပါတယ်။ ဒီကိုရောက်တော့ ကိုယ့်တက္ကသိုလ်ကျောင်းသားဘဝကိုတောင် ပြန်သတိရမိတယ်"

လီယန်ယန် ပြုံးလိုက်မိသည်။ ယဲ့ချန်းက ချမ်းသာသော်လည်း မာန်မာနလုံးဝမရှိချေ။ သူနှင့်အတူ ရှိနေရသည်မှာ အလွန်သက်သောင့်သက်သာရှိလှသည်။

ထို့နောက် သူတို့ အစားအစာများ မှာယူလိုက်ကြသည်။ အစားအသောက်များ ရောက်လာသောအခါ စားရင်းသောက်ရင်း စကားပြောဖြစ်ကြသည်။

ယဲ့ချန်းက မိန်းကလေးနှစ်ယောက်နှင့် စကားပြောနေရသည်မှာ တက္ကသိုလ်ကျောင်းသားဘဝကို ပြန်ရောက်သွားသလို ခံစားရသဖြင့် ခံစားချက်ကောင်းနေပေသည်။

အစပိုင်းတွင် စုန့်ဝေ့ အနည်းငယ် အနေရခက်နေခဲ့သည်။

ယဲ့ချန်းက ဖယ်ရာရီကားကိုပင် အလွယ်လေး လက်ဆောင်ပေးနိုင်သူ မဟုတ်ပါလော။

သို့သော် စကားပြောရင်း သူ(မ)လည်း ရင်းနှီးလာပြီး စိတ်လက်ပေါ့ပါးသွားသည်။

ထိုအခါ စုန့်ဝေ့လည်း လီယန်ယန်အတွက် ယဲ့ချန်း၏ နောက်ကြောင်းရာဇဝင်များကို စပ်စုလေတော့သည်။

သူက ဘယ်လိုစီးပွားရေးမျိုး လုပ်သလဲ။ မိသားစုဝင်များအကြောင်း စသဖြင့် မေးမြန်းကြသည်။

စုန့်ဝေ့က အလွန်စပ်စုတတ်ပုံရသည်။

ကံကောင်းထောက်မစွာဖြင့် လီယန်ယန်က အလိုက်သိသဖြင့် စုန့်ဝေ့ စကားလွန်လာသည့်အခါတိုင်း တားဆီးပေးသည်။

ထိုစဉ် အနောက်က အသံတစ်သံ ထွက်ပေါ်လာသည်။

"ယန်ယန်... နင်တို့တွေပါလား"

လီယန်ယန် လှည့်ကြည့်လိုက်သောအခါ ဖက်ရှင်ကျကျ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရ၏။

သူတို့က အတန်းဖော်များဖြစ်သဖြင့် လီယန်ယန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

"ထျန်းမုန့်မုန့်... နင်လည်း အကင်လာစားတာလား"

သို့သော်လည်း လီယန်ယန်၏ မျက်ခုံးများမှာ သိသိသာသာ တွန့်ကွေးသွားခဲ့သည်။

ထျန်းမုန့်မုန့်မှာ ငွေကြေးဥစ္စာမက်ပြီး အတင်းအဖျင်းပြောတတ်သည်။ စုန့်ဝေ့ကို ခေါ်လာမိ၍ တော်သေးသည်။ မဟုတ်လျှင် ထျန်းမုန့်မုန့်က ဤဇာတ်လမ်းကို မည်သို့နှယ် ချဲ့ကားပြောဦးမလဲဆိုသည်ကို တွေးကြည့်၍ပင် မရချေ။

ထျန်းမုန့်မုန့်လည်း ယဲ့ချန်းကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။

သူ(မ)က ခဏစဉ်းစားနေပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် မရဲတရဲမေးလိုက်သည်။

"ဒီလူချောလေးက ယန်ယန့်ကို ပြိုင်ကား လက်ဆောင်ပေးတဲ့ သူဌေးပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား"

••••••••••••••••••

အပိုင်း ၄၇၇ : အဆွေးဇာတ်လမ်းပိုင်နိုင်သူ

လီယန်ယန်က ကျောင်းတွင် နာမည်ကြီးအလှပ​ဂေးလေးတစ်ယောက်ဖြစ်ပြီး သူ(မ)ကို လိုက်ပိုးနေသော ယောကျ်ားပေါင်းများစွာ ရှိသည်။

သို့သော် နှစ်အတော်ကြာသည်အထိ သူ(မ)ကို ဘယ်ယောကျ်ားကမှ အောင်မြင်အောင် မပိုးပန်းနိုင်ခဲ့သလို သူ(မ)နှင့် နှစ်ယောက်တည်း ညစာထွက်စားခွင့်ရသူပင် မရှိခဲ့ပေ။

ယခုမူ ရုတ်တရက်ဆိုသလို ယောကျ်ားတစ်ယောက်က လီယန်ယန်နှင့်အတူ ညစာစားနေလေသည်။

သူဌေးသားတစ်ယောက်က ပြိုင်ကားလက်ဆောင်ပေးသည်ဟူသော ကောလာဟလနှင့် ပေါင်းစပ်ကြည့်လိုက်ပါက ဤလူမှာ ထိုသူဌေးဖြစ်ကြောင်း အတည်ပြုနိုင်သွားပြီဖြစ်၏။

"ဟားဟား ယန်ယန်.. ဒီလောက်ချောပြီး ချမ်းသာတဲ့ ရည်းစားမျိုးရထားတာ ဂုဏ်ယူပါတယ်ဟာ။ အခုမှပဲ ငါနားလည်တော့တယ်။ နင်က ငါတို့ကျောင်းမှာ အထင်ကြီးဖို့အကောင်းဆုံးမိန်းကလေးပဲ"

"အဲ့လိုမဟုတ်ပါဘူး..."

လီယန်ယန်လည်း ကမန်းကတန်းရှင်းပြရန် ကြိုးစားလိုက်သည်။

သို့သော် ထျန်းမုန့်မုန့်က လက်ခါပြလေသည်။

"စိတ်မပူပါနဲ့။ ငါ့အကြောင်းလည်း နင်သိသားပဲ။ ငါက ပေါက်ကရတွေ လျှောက်မပြောတတ်ဘူး"

လီယန်ယန်ခမျာ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။

ထျန်းမုန့်မုန့်သည် အတန်းထဲတွင် စကားအဖွာဆုံးလူဖြစ်ကြောင်း လူတိုင်းသိကြသည်။

ဘယ်သတင်းမဆို သူ(မ)ဆီသို့ ရောက်သွားလျှင် တစ်ကျောင်းလုံးအနှံ့ ဟိုးလေးတကြော်ကြော်ဖြစ်သွားပေလိမ့်မည်။

လီယန်ယန်က ထပ်ရှင်းပြချင်သော်လည်း ထျန်းမုန့်မုန့်က သူငယ်ချင်းတစ်သိုက်နှင့်အတူ ထွက်သွားနှင့်ပြီဖြစ်၏။

ထျန်းမုန့်မုန့်က လက်သီးလက်မောင်းတန်းကာ အားပေးသွားသေးသည်။

"ကြိုးစားထား"

လီယန်ယန်ခမျာ အံ့အားသင့်လျက် ကျန်ရစ်ခဲ့တော့သည်။ သူ(မ) အမျိုးသားတစ်ယောက်နှင့်အတူ ညစာစားနေကြောင်း တစ်ကျောင်းလုံး သိသွားပေတော့မည်။

စိတ်ပျက်လက်ပျက် ဖြစ်သွားသော လီယန်ယန်၏ မျက်နှာကိုကြည့်ရင်း ယဲ့ချန်းက မေးလိုက်သည်။

"ကိုယ် မင်းကို ဒုက္ခပေးမိသွားပြီလား"

လီယန်ယန်ကမူ ခေါင်းခါပြလေသည်။

"မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ပြောချင်ရာ ပြောကြပါစေ။ ကျွန်မကတော့ လိပ်ပြာလုံတယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ကိုယ့်ဘက်က ရှင်းပြပေးဖို့လိုရင် ပြောနော်"

ကျောင်းပြန်ရောက်သောအခါ ထျန်းမုန့်မုန့်က သူ(မ)၏အကျင့်အတိုင်း သတင်းဖြန့်တော့သည်။

"ငါတစ်ခုပြောပြမယ်။ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်။ လီယန်ယန်က သူ့ကို ကားလက်ဆောင်ပေးတဲ့သူဌေးနဲ့ အပြင်မှာ ညစာအတူစားနေတာကို ငါ တွေ့ခဲ့တယ်။ သူတို့ရဲ့ပတ်သက်မှုက တော်တော်ထူးခြားတယ်ဟ"

"ရှောင်ဟုန်း... ပြိုင်ကားလက်ဆောင်ပေးတဲ့ ကောလာဟလကို နင်သိတယ်မလား။ အဲ့ဒါ အမှန်ပဲဟ။ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ..."

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောင်းရှိ လူဦးရေတစ်ဝက်နီးနီးက လီယန်ယန်နှင့် ယဲ့ချန်းတို့ ညစာအတူစားခဲ့ကြောင်း သိသွားကြသည်။

ထိုသတင်းမှာ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပိုချဲ့ကားလာပြီး အဆုံးတွင် ယဲ့ချန်းက လီယန်ယန့်ကို အောင်မြင်စွာ ပိုးပန်းနိုင်ခဲ့ပြီဟူသော သတင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အစကတည်းက ကျောင်းဆိုသည်မှာ အတင်းအဖျင်းသတင်းများ ပေါများသည့်နေရာဖြစ်လေရာ ဤသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားတော့သည်။

ယောကျ်ားလေးအဆောင်ထဲတွင် ကျောင်းသားတစ်ယောက်က သူ့ဖုန်းထဲရှိ ဓာတ်ပုံများကို ကြည့်နေသည်။

"ယန်ယန်... ကိုယ် မင်းနဲ့တန်းတူဖြစ်အောင် သေချာပေါက်ကြိုးစားမယ်။ ကိုယ် အရမ်းထူးချွန်တဲ့လူ ဖြစ်အောင်လုပ်ပြမယ်"

ထိုလူငယ်က သူ့ကိုယ်သူ အားပေးသည့်အနေနှင့် လက်သီးတင်းတင်းဆုပ်လိုက်သည်။

ထိုအချိန်တွင် ထျန်းမုန့်မုန့်က အဆောင်သို့ ပြန်ရောက်လာသဖြင့် လီယန်ယန်နှင့်ပတ်သက်ပြီး မြင်ခဲ့သမျှကို ကွက်ကွက်ကွင်းကွင်း ပြောပြနေတော့သည်။

သူ(မ)က ချဲ့ကားပြောလိုက်သေးသည်။

"ယန်ယန်က အဲ့ဒီလူကို ခွံ့တောင်ကျွေးနေတာနော်။ အရမ်းကဗျာဆန်တာပဲ"

"ဒါကြောင့်လည်း ယောကျ်ားတွေအများကြီး လိုက်ပိုးနေတာတောင် ယန်ယန်က သဘောမတူတာကိုး။ သူ့မှာ သဘောကျတဲ့လူ ရှိပြီးသားပဲ"

"ဒါပေမဲ့ လုဂန်က ယန်ယန့်ကို တစ်ချိန်လုံးလိုက်ပိုးနေတာ မဟုတ်ဘူးလား။ ယန်ယန့်မှာ ရည်းစားရှိတယ်ဆိုရင် သူ အသည်းကွဲသွားမှာပေါ့"

"ဟဲ့... လုဂန်က ဘာမို့လို့လဲ။ ယန်ယန့်လို အလှပန်းလေးက သူ့လိုအရှုံးသမားကို ဘယ်လိုလုပ်ပြီး စိတ်ဝင်စားမှာလဲ"

ထိုအချိန်တွင် ယဲ့ချန်းတို့တစ်သိုက်မှာ စားသောက်ပြီးစီးသဖြင့် ‘ရှင်းရှင်းအကင်ဆိုင်’ထဲမှ ထွက်လာခဲ့ကြသည်။

ယဲ့ချန်းက ရယ်မောလိုက်သည်။

"ယန်ယန်... ညစာဖိတ်ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လီယန်ယန်က ပြုံးလိုက်၏။

"ဒါက ကျွန်မလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ"

"ဒါပေမဲ့ မစ္စတာယဲ့... ကျွန်မ တကယ်အားနာပါတယ်။ ရှင် ကောင်းကောင်းမစားခဲ့ရဘူးထင်တယ်"

သူတို့သုံးယောက် စားသောက်နေစဉ် အနီးအနားရှိ ကျောင်းသားတော်တော်များများက တီးတိုးပြောဆိုရင်း လက်ညှိုးတထိုးထိုးလုပ်နေကြသည်။

တချို့ကို လီယန်ယန်သိသော်လည်း အချို့ကိုမူ မသိပေ။

ထို့ကြောင့် သူတို့သုံးယောက်လုံးအတွက် နေရခက်ခဲ့သည်။

"ရပါတယ်။ နောက်တစ်ခါကျရင်တော့ ဘယ်သူမှ မသိတဲ့နေရာမျိုးမှာ သွားစားကြတာပေါ့။ မင်းက အရမ်းနာမည်ကြီးလွန်းနေတာကိုး"

လီယန်ယန်လည်း အားတုံ့အားနာ ပြုံးလိုက်မိသည်။ သို့သော် စိတ်ထဲတွင်မူ ကျိတ်ဝမ်းသာနေမိသည်။

‘နောက်တစ်ခါ'ဟူသည့် စကားမှာ ယဲ့ချန်းကို သူ(မ) ထပ်ဖိတ်နိုင်သေးသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။

ထိုသို့တွေးမိသောအခါ လီယန်ယန်၏ မျက်နှာလှလှလေးမှာ အနည်းငယ်နီမြန်းသွားခဲ့သည်။

ယဲ့ချန်း ကားမောင်းထွက်ရန် ပြင်နေချိန်မှာပင် အေးစက်စက်အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

"ယန်ယန်... ကိုယ် မင်းကို စိတ်ပျက်မိတယ်"

သူတို့၏အနောက်မှ လူငယ်တစ်ယောက် လမ်းလျှောက်လာသည်။

ထိုလူငယ်၏ အသံကြောင့် အကင်ဆိုင်ထဲရှိ လူတိုင်း၏အာရုံမှာ ဤနေရာသို့ ရောက်လာသည်။

"မင်းကို ကိုယ် ဘယ်လောက်ချစ်လဲဆိုတာ မင်းသိလား။ ဒါပေမဲ့ မင်းကျတော့ ကိုယ့်ကို ဒီလိုဆက်ဆံတယ်ပေါ့။ မင်းမှာ အသိစိတ်ရော ရှိရဲ့လား"

ထိုလူငယ်လေးမှာ လီယန်ယန်က သူ့အပေါ် တစ်ခုခုကျူးလွန်ထားသည့်နှယ် အလွန်ဝမ်းနည်းကြေကွဲနေသည့် အမူအရာကို ပြသနေချေသည်။

ယဲ့ချန်းလည်း တအံ့တသြမေးလိုက်သည်။

"သူက ဘယ်သူလဲ"

လီယန်ယန်၏ မျက်နှာထက်တွင် စက်ဆုပ်ရွံရှာလေဟန် အမူအရာတစ်ခု ပေါ်လာသည်။

"ယဲ့ချန်း... သူ့ကို ဂရုမစိုက်နဲ့။ အဲ့ဒီလူက စိတ်မနှံ့ဘူး"

သူတို့ဘေးရှိ စုန့်ဝေ့ကလည်း ပြောလိုက်သည်။

"အစ်ကိုယဲ့ချန်း... သူ့ကို ဂရုစိုက်မနေနဲ့။ သူက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းပြီး ယန်ယန့်နောက်ကို အတင်းလိုက်နေတာ။ ယန်ယန်က သူတို့နှစ်ယောက် မဖြစ်နိုင်ဘူးလို့ အကြိမ်ကြိမ်ပြောထားတာတောင် အတင်းလိုက်နှောင့်ယှက်နေတာ။ အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်"

ထိုလူငယ်လေးက ဟိတ်ဟန်ထုတ်နေဆဲပင်။

"ယန်ယန်... ကိုယ့်ကွယ်ရာမှာ တခြားယောကျ်ားတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီးတော့များ ညစာအတူစားနိုင်ရတာလဲ။ မင်းမှာ အသိတရားမရှိဘူးလား။ မင်းအတွက် ကိုယ် အများကြီးလုပ်ပေးခဲ့တာတောင် မင်းက ဒီလိုပုံစံနဲ့ ပြန်ပေးဆပ်လိုက်တာလား"

"အရင်ကတော့ မင်းက တခြားမိန်းကလေးတွေနဲ့ မတူဘဲ ဖြူစင်ပြီး ချစ်ဖို့ကောင်းတယ်လို့ ထင်ခဲ့တာ။ အခုတော့ မင်းက ပိုက်ဆံမက်တဲ့ မိန်းမလည်တစ်ယောက်ဆိုတာ သိလိုက်ရပြီ"

ထိုစကားကို ကြားသောအခါ လီယန်ယန်လည်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းလာတော့သည်။

သူ(မ)၏သူငယ်ချင်း စုန့်ဝေ့ကလည်း ပြန်ပြောလိုက်သည်။

"လုဂန်... ဒါက ဘာစကားလဲ။ အချစ်ရူးတစ်ယောက်လို ဟန်ဆောင်နေတာကို ရပ်လိုက်စမ်းပါ။ ယန်ယန်က နင်နဲ့ ဘာမှမပတ်သက်ဘူးလေ။ ယန်ယန့်ဘာသာ ဘယ်သူနဲ့ ညစာအတူစားစား နင်နဲ့ ဘာဆိုင်လို့လဲ"

ထိုအချိန်တွင် ဖုတန်ကျောင်းသားများကလည်း အတင်းဝိုင်းပြောနေကြသည်။

လုဂန်ကလည်း ကျောင်းတွင် နာမည်ကြီးတစ်ယောက်ပင်။

တစ်ခါက သူသည် လီယန်ယန့်ကို ချစ်ခွင့်ပန်ရန် မိုးပျံပူဖောင်း၉၉လုံး ဝယ်ခဲ့သော်လည်း အငြင်းခံခဲ့ရသဖြင့် အဆောင်အောက်တွင် ထိုင်ငိုခဲ့ဖူးသည်။ ယန်ယန်က သူ့ကို စိတ်မဝင်စားကြောင်း လူတိုင်းသိကြသည်။

သို့သော် ဤလူမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသူဖြစ်လေရာ သူ့ကိုယ်သူ လီယန်ယန်၏ ရည်းစားအဖြစ် အမြဲမှတ်ယူထားသည်။

ယခု လုဂန်၏လုပ်ရပ်မှာ ပို၍ပင် စက်ဆုပ်စရာ ကောင်းလှသည်။

သူသည် လူအများရှေ့တွင် သူ့ကိုယ်သူ စိတ်ထိခိုက်နေသော ချစ်သူတစ်ဦးနှယ် ဟန်ဆောင်ပြပြီး လီယန်ယန့်ကို ငွေမက်သည့် မိန်းမဆိုးတစ်ယောက်ဖြစ်အောင် ပုံဖော်နေပေသည်။

ဆိုင်ရှိ စားသုံးသူတချို့ကလည်း ဤမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြသည်။

"ယန်ယန်.. မင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်လို့ ကိုယ်ထင်ခဲ့တာ။ ဒီလူက ဘာများ ထူးခြားနေလို့လဲ။ သူက နည်းနည်းချောတာရယ် ဖယ်ရာရီကားတစ်စီး ပေးနိုင်တာရယ်ပဲ ရှိတာမဟုတ်လား"

ထိုစကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဝိုး...ဒီလူက မခေဘူးပဲ...

လုဂန်နှင့်ယှဉ်လျှင် ယဲ့ချန်း၏ ရုပ်ရည်မှာ ကောင်းကင်နှင့် မြေကြီးနှယ် ကွာခြားလှသည်။

ထို့ပြင် ယဲ့ချန်းက ဖယ်ရာရီကားတစ်စီးကို အသာလေးလက်ဆောင်ပေးနိုင်သည်ဖြစ်ရာ မိန်းကလေး ဆယ်ယောက်တွင် ကိုးယောက်က ယဲ့ချန်းကိုသာ ရွေးချယ်လိမ့်မည်။ ကျန်တစ်ယောက်မှာမူ ဦးနှောက်မကောင်းသူသာ ဖြစ်ပေလိမ့်မည်။

အစပိုင်းတွင် လူတချို့က လုဂန်အတွက် စိတ်မကောင်းဖြစ်မိသော်လည်း သူ့သရုပ်ဆောင်ချက်များကို ကြည့်ပြီးနောက် ဝိုင်းဝန်းဝေဖန်ကြလေတော့သည်။

"ဒီကောင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ"

"ဟုတ်ပါ့... ငါသာ အဲဒီမိန်းကလေးဆိုရင်လည်း အရပ်ရှည်ပြီး ချမ်းသာတဲ့ လူချောလေးကိုပဲ ရွေးမှာပေါ့။ ဒါက လူ့သဘာဝပဲ မဟုတ်လား"

"ရုပ်ရည်လည်းမရှိ။ ပိုက်ဆံလည်းမရှိဘဲနဲ့ ဒီအလှလေးကို သူ့ရည်းစားလို့ပြောရဲတဲ့ သတ္တိက ဘယ်က ရလာတာလဲမသိဘူး"

ပတ်ဝန်းကျင်ရှိ စကားသံများကို ကြားသောအခါ လုဂန် မျက်မှောင်ကြုတ်မိသည်။

သည်အတိုင်း ဆက်သွားနေ၍မရမှန်း သူသိလိုက်သည်။

ထို့ကြောင့် ဝမ်းနည်းဖွယ်ကောင်းသော သူ့သရုပ်ဆောင်ချက်ကို အရှိန်မြှင့်လိုက်သည်။

"မင်းအဖေ နေမကောင်းတာ ကိုယ်သိပါတယ်။ ဒါကြောင့် မင်းကိုကူညီဖို့ ကိုယ် နေ့တိုင်း အချိန်ပိုင်းအလုပ်တွေ လုပ်နေခဲ့တာ။ ဒါပေမဲ့ မင်းကတော့ ကိုယ့်ကွယ်ရာမှာ..."

လုဂန်သည် သရုပ်ဆောင်ကောင်းလွန်းသည်ဟု ဆိုရမည်။ မျက်ရည်စက်လက်နှင့် စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ပြောနေပုံမှာ သူ့မိန်းကလေးအတွက် အရာရာကို စတေးခဲ့သည့် သစ္စာရှိယောကျ်ားတစ်ယောက်အလားပင်။

သို့သော် ဤသည်မှာ အမှန်တရားလေလော။

ယဲ့ချန်းသည် လုဂန်၏ ကိုယ်ရေးအချက်အလက်ကို ကြည့်လိုက်သည်နှင့် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်သည်။

ဤလူကား အဆင့်မရှိသော ဆန်ကုန်မြေလေးတစ်ကောင်သာ။

All Chapters