မိစ္ဆာနတ်ဘုရား
Vol. 4 Ch. 399
ဆန်းလျန် မှုတ်ထုတ်လိုက်သည့် မီးတောက်သည် သစ်ပင်များကို လောင်ကျွမ်းစေပြီး သံမဏိကို အရည်ပျော်ကောင်း ပျော်စေလိမ့်မည်။ ကျောက်တုံးကြီးများကို အက်ကွဲစေပြီး မြစ်ရေများကိုပင် ခြောက်သွေ့ကောင်း ခြောက်သွေ့ စေလိမ့်မည်။ သို့သော် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် နတ်မိစ္ဆာကြီးများကိုတော့ ဖျက်ဆီးနိုင်ခြင်းမရှိပေ။
နတ်မိစ္ဆာဘုရင်များသည် အသွေးအသားဖြင့် တည်ဆောက် ထားသူများ ဖြစ်သည့်တိုင် ပျက်စီး နိုင်ခဲလှလေသည်။
ရွှေရောင် သံချပ်ကာဝတ် နတ်မိစ္ဆာ ဘုရင် ဆယ့်ခြောက်ယောက်မှာ တစ်ခုခု မူမမှန်သလို ဆန်းလျန် ခံစား လာရလေသည်။ ဆန်းလျန်က သူတို့ကို စိတ်အာရုံ စူးစိုက်မှုဖြင့် နက်နက်ရှိုင်းရှိုင်း အာရုံခံကြည့် လိုက်လေသည်။ ထိုအခါ… ထိုရွှေရောင် သံချပ်ကာဝတ်များမှာ အသက်မရှိသည့် အလောင်းကောင်ကြီးများ ဖြစ်ပြီး ထိုအလောင်းကောင်များ ထဲတွင် တာအို တန်ခိုးစွမ်းအား ထည့်သွင်း ပေးထားခြင်း ဖြစ်လေသည်။ ထိုတန်ခိုး စွမ်းအားကို "ပျက်စီးခြင်းသို့ မရောက်နိုင်သော အန္တိမ" ဟု ပြော၍ ရလေသည်။
ပျက်စီးခြင်းသို့ မရောက်နိုင်သော အန္တိမ ဆိုသည်မှာ ရွှေဒြပ်စင်၏ အဆုံးသတ် တာအို တန်ခိုးစွမ်းအား ဖြစ်လေသည်။ ထိုကြောင့် အသက်မရှိသည့် အလောင်းကောင်ကြီးများ ဖြစ်နေပြီး တန်ခိုးစွမ်းအား၏ အနှစ်သာရာကို နားလည်မှု မရှိသည့်တိုင် မပျက်စီးနိုင်ခြင်း ဖြစ်နေရလေသည်။
အမှန်တော့ ထိုရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ကိုယ်ရံတော် ဆယ့်ခြောက်ယောက် သည် သက်ရှိမဟုတ်၊ ရွှေစကြာ ဘုရင် အသုံးပြုသည့် လက်နက်တစ်ခုသာ ဖြစ်လေသည်။
ဆန်းလျန်က ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ကိုယ်ရံတော် ဆယ့်ခြောက်ယောက်၏ အရံအတားများကို သေသေချာချာ လေ့လာ လိုက်ပြီးသည့်နောက် ရှားရှားပါးပါး ဟာကွက်တစ်ခုကို တွေ့လိုက်ရလေသည်။
ရွှေစကြာ ဘုရင်ကတော့ ဆန်းလျန်၏ မီးတောက်များမှာ ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသည့် ကိုယ်ရံတော် ဆယ့်ခြောက်ယောက်၏ တန်ခိုး စွမ်းအားများ အောက်တွင် တဖြည်းဖြည်း ပျက်စီးသွားခဲ့ပြီဟု ထင်မှတ် လိုက်မိလေသည်။ ဆန်းလျန် တိုက်ခိုက်နိုင်သည့် နေရာပမာဏမှာ တဖြည်းဖြည်း ဘောင်ကျဉ်းလာပြီ ဖြစ်လေသည်။ မည်သို့ပင် ဖြစ်စေ ထိုတာအို ဆရာကို အမှုန့်ချေပစ် နိုင်မည်ဟု ရွှေစကြာဘုရင်က တွေးနေမိလေသည်။
ရွှေစကြာ ဘုရင်သည် မထီမဲ့မြင်အပြုံးတစ်စကို အေးစက်စွာဖြင့် ပြုံးလိုက်သည်။
ခေါင်းမာသည့် တာအိုဆရာသည် အနှေးနှင့်အမြန် သေရမည် ဖြစ်လေသည်။ ထိုသူ၏ ဝိညာဉ်သည် ထာဝရ တိတ်ဆိတ်သွားပြီး မည်သည့်အခါမှ ပြန်လည် အစမပြုနိုင်သည် အထိ သူက အမှုန့်ချေပစ်မည် ဖြစ်လေသည်။
သို့သော် ဆန်းလျန်၏ မျက်ဝန်းထဲတွင်တော့ ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော်များသည် အရုပ်များနှင့် မခြားတော့ပေ။
သူက လေထဲတွင် ပျံသန်းရင်း ရေရွတ်လိုက်သည်။
"ရွှေရောင်သံချပ်ကာဝတ်အရုပ်တွေ၊ တာအိုကိုလည်းမသိ၊ အသိဉာဏ်လည်း မရှိ၊ အရုပ်တွေ သက်သက်ပဲ"
ဆန်းလျန် စကားဆုံးသွားသည်နှင့် ဆန်းလျန် မှုတ်ထုတ် လိုက်သည့် မီးတော်ကများ အားလုံးလည်း ငြိမ်းသွားပြီ ဖြစ်လေသည်။
ဆန်းလျန်သည် လေထဲတွင် လမ်းလျှောက် နေလေသည်။ သူ၏ ခြေလှမ်းတိုင်းသည် ကြာပွင့်လေးများ အလား ကျက်သရေ ရှိလှလေသည်။
သူသည် လမ်းလျှောက်နေရင်းမှ လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်လေရာ ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် တစ်ယောက်၏ နှလုံးသားနေရာတွင် ပျက်စီး သွားလေသည်။ ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော်ထံမှ ရွှေမှုံများထွက်ပေါ်လာပြီး တစ်စစီ ဖြစ်ကာ ပျောက်ကွယ် သွားလေတော့သည်။
ဆန်းလျန်က ရပ်တန့်ခြင်းမရှိပါ။ ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော်များ၏ နှလုံးသားများကို အမှုန့်ချေပစ် နေလေသည်။
ခဏအတွင်းမှာပင် ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် ဆယ့်ခြောက်ယောက်လုံးသည် နှလုံးသားများ ကြေမွ ပျက်စီးသွားကြပြီး လေထုတစ်ခုလုံးမှာ ရွှေမှုံများဖြင့် ပြည့်နှက်နေတော့သည်။
ဆန်းလျန်သည် လေထဲတွင် ရွှေစကြာဘုရင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်တန့်နေပြီး ရွှေစကြာ ဘုရင်ကို စိုက်ကြည့်နေလေသည်။
စူးဖန်း နာ့ဘုရင်ကတော့ ဆန်းလျန်ကို မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် ပြန်ကြည့် နေလေသည်။
ရွှေရောင် သံချပ်ကာဝတ် ကိုယ်ရံတော် ဆယ့်ခြောက်ယောက် ပျက်စီးသွားသည်နှင့် စူးဖန်း နာ့ဘုရင်၏ ခန္ဓာကိုယ်မှာလည်း ယိုင်နဲ့လာလေသည်။ `
ရုတ်တရက်…
ရွှေစကြာဘုရင်၏ မျက်ဝန်းများထံမှ သွေးစက်များ ကျဆင်းလာပြီး မျက်ဝန်းဆီမှ သွေးနီရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ဆန်းလျန်ဆီသို့ ဝင်ရောက် လာလေသည်။
ထိုသွေးနီရောင် အလင်းတန်းမှာ အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလေသည်။ စကြာဝဠာ၏ အမှောင်ဆုံးနေရာမှ လျှို့ဝှက်စွမ်းအား တစ်ခုအလား ထင်မှတ် ရလေသည်။ ထိုအလင်းတန်းမှာ အလင်းအလျင်ကဲ့သို့ လျင်မြန်လွန်းပြီး ဆန်းလျန်၏ ညာဘက် လက်ဖဝါးကို ထိုးဖောက် သွားလေတော့သည်။
ထို့နောက် ရွှေစကြာဘုရင်၏ မျက်ဝန်းများက တဖြည်းဖြည်း မှေးမှိတ်သွားလေသည်။
သို့သော် ရွှေစကြာဘုရင်၏ မျက်ဝန်းများ အဆုံးထိ မှေးမှိတ် မသွားသေးချိန်တွင် ဆန်းလျန်က သူ၏ ဒြပ်စင် ငါးပါး မှော်ဝင်ဓားဖြင့် ရွှေစကြာဘုရင်၏ ခန္ဓာကိုယ်ကို ထိုးစိုက် ချလိုက်လေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရောင်စဉ်ငါးမျိုးသည် လင်းလက် တောက်ပစွာ ထွက်ပေါ် လာလေသည်။
ယူကလစ်ပင်ကြီးမှာ အရွက်များရော အဖူးများပါ မရှိတော့ပေ။ အပင်ထက်တွင် လောင်ကျွမ်းကာ မီးသွေး ဖြစ်နေပြီ ဖြစ်သည့် အလောင်းတစ်လောင်းကို တွေ့ရလေသည်။
ဆန်းလျန်သည် ယူကလစ်ပင် အောက်တွင် လက်နှစ်ဖက် နောက်ပစ်ကာ မတ်တတ် ရပ်နေလေသည်။ သို့သော်… ဆန်းလျန်၏ မျက်နှာမှာ ပုံမှန်နေအထားမဟုတ်ပေ။
ဖန်းယန်ယင်းသည် ဆရာဦးလေးအနားသို့ လာရန် ကြိုးစားလိုက်သည်။
"မလာခဲ့နဲ့…"
ဆန်းလျန်က ဖန်းယန်ယင်းကို တားဆီးလိုက်သည်။
"ဆရာဦးလေး၊ ဘာဖြစ်လို့လဲ"
ဖန်းယန်ယင်းက မေးလိုက်သည်။
ထိုအချိန်မှာပင် ဆန်းလျန်က လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ ဖန်းယန်ယင်း၏ မြင်ကွင်းများ မှုံဝါးသွားပြီး မြေပြင်ထက်တွင် နက်ရှိုင်းသည့် ကျင်းတစ်ခု ပေါ်လာလေသည်။
ဆန်းလျန်သည် သူ၏ ဘယ်ဘက်လက်ဖြင့် ညာဘက်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားလေသည်။ သူ၏ ညာဘက်လက်တွင် အပေါက် တစ်ခုရှိနေပြီး သူ၏ ကျောက်စိမ်းသားကဲ့သို့ ကြည်လင် ဖြူစင်သည့် အသားအရောင်မှာ အနက်ရောင်အဖြစ် ပြောင်းလဲလာလေသည်။
ဆန်းလျန်၏ ဘယ်ဘက်လက်မှ ရွှေရောင်ခြည်မျှင်များကို အဆက်မပြတ် ထုတ်လွှတ်နေပြီး ညာဘက်လက်ကို တင်းကျပ်စွာဖြင့် ရစ်ပတ်နေလေသည်။ ဆန်းလျန်၏ ညာဘက်လက်မှာ ပိုပြီး နက်မှောင်လာကာ ပုံပျက်ပြီး ကြောက်စရာ ပုံသဏ္ဌာန် ဖြစ်လာလေသည်။
"ကျုပ်လည်း တစ်ခါတလေ သတိလက်လွတ် ဖြစ်သွားတာပဲ"
ဆန်းလျန်က ပြောလိုက်သည်။
ရွှေစကြာဘုရင်သည် သေဆုံးသည့် အချိန်တွင် ပေါက်ကွဲ ထွက်နိုင်သည့် အန္တရာယ်ရှိသော တန်ခိုးစွမ်းအားများကို အဆင်သင့် ပြင်ဆင်ထားခဲ့သည်။ သေဆုံးသည့်တိုင် ရန်သူကို ဒုက္ခ ကောင်းကောင်း ပေးခဲ့ချင်သည့် အတွက် ပြင်ဆင်ထားခြင်းမျိုး ဖြစ်လေသည်။ ဆန်းလျန်က ရွှေစကြာဘုရင် ထိုသို့ ပြုလုပ်ထားလိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။
ရွှေစကြာဘုရင်၏ သေးများကျနေသည့် မျက်ဝန်းများမှ ထွက်ပေါ်လာသည့် သွေးနီရောင် တန်ခိုးစွမ်းအားသည် ဆန်းလျန် ထင်ထားသည်ထက် ပိုပြီး စွမ်းအားမြင့်မား လွန်းနေလေသည်။ ဆန်းလျန်အနေဖြင့် ထိုတန်ခိုး စွမ်းအားကို ပိတ်ဆို့ တားဆီးနိုင်ရန် နည်းလမ်းမရှိပေ။
ထို့ပြင် … ဆန်းလျန်သာ ရွှေစကြာဘုရင်ကို မျက်လုံးမမှိတ်ခင် မှော်ဝင်ဓားဖြင့် ထိုးစိုက်ခိုက်ခဲ့ခြင်း မရှိပါက နောက်ထပ် စွမ်းအား ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာဦးမည် ဖြစ်လေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ရွှေစကြာဘုရင် ယဇ်ပူဇော်ခဲ့သော မိစ္ဆာနတ်ဘုရားသည် အလွန်မှ ကြောက်မက်ဖွယ် ကောင်းလှကြောင်း ဆန်းလျန် ရိပ်မိ လိုက်လေသည်။
ဆန်းလျန်က သတိလက်လွတ် ဖြစ်သွားသောကြောင့် ခံလိုက်ရခြင်း ဖြစ်လေသည်။ သူ့ကိုယ်သူ ကျိန်းသေ အနိုင်ရမည်ဟု အထင်ကြီးမိ သွားခြင်းနှင့် ဘဝတစ်လျှောက်လုံး ရှုံးပွဲမရှိ အနိုင်ရလာခြင်းများက သူ့ကို သတိလက်လွတ် ဖြစ်သွားအောင် ဦးတည်လိုက်လေပြီ။
ဆန်းလျန်သည် သူ့အဖြစ်ကိုယ်သူ သင်ခန်းစာ ယူလိုက်မိသည်။
ဆန်းလျန်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နာကျင်နေပြီး သူ၏ စိတ်နှင့် ဝိညာဉ်မှာလည်း ထူးဆန်းသည့် ခံစားချက်များ ခံစားနေရလေသည်။ သူ့ကိုယ်တွင်းသို့ ဝင်ရောက်နေသည့် မိစ္ဆာစွမ်းအားက သူ့ကို တိုက်ခိုက်နေခြင်း ဖြစ်လေသည်။
မိစ္ဆာစွမ်းအားသည် သူ၏ သန့်စင်သော ဝိညာဉ်ဆီသို့ တိုးဝင်နေပြီး ဆန်းလျန် အနေဖြင့် ထိုပြဿနာကို ဖြေရှင်းရန် ခက်ခဲနေလေသည်။
"ဆရာဦးလေး၊ ဆရာဦးလေးရဲ့ အသားအရောင်တွေက ပုံမှန်မဟုတ်တော့ဘူး"
ဖန်းယန်ယင်းက ပြောလိုက်သည်။
သူမ၏ ဆရာဦးလေးသည် မျက်မှောက်ကို ကြုတ်ထားသော်လည်း နှုတ်ခမ်းများက မိစ္ဆာဆန်စွာ ပြုံးနေလေသည်။ ထိုအပြုံးကို မြင်ရသည်နှင့် သူမနှလုံးသား တစ်ခုလုံး အေးခဲ သွားမတတ် ထိတ်လန့် သွားမိသည်။
ယခင်တုန်းက သူမ၏ ဆရာဦးလေးသည် ထိုသို့သော ပုံစံမျိုးမဟုတ်ပေ။ ဆရာဦးလေးသည် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက် တစ်ခုဖြင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း ဖန်းယန်ယင်း ခံစား လိုက်ရလေသည်။
ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…
"မင်းတောင် တစ်ခုခု မှားနေပြီဆိုတာ ခံစားလို့ရနေတယ် ဆိုတော့ ကြည့်ရတာ ဒီပြဿနာက ပေါ့သေးသေး မဟုတ်ဘူးပဲ"
"ကျွန်မ တစ်ခုခု ကူညီပေးနိုင်တာရှိရင် ပြောပါ ဆရာဦးလေး"
ဖန်းယန်ယင်းက ချက်ချင်း ပြန်ပြောလိုက်သည်။
"လက်ရှိမှာ ကျုပ်ရဲ့ အခြေအနေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း သုံးခု ရှိတယ်"
ဆန်းလျန်က ပေါ့ပေါ့ပါးပါး အမူအရာဖြင့်ပင် ပြောလိုက်သည်။
ဆန်းလျန်၏ ပေါ့ပေါ့ပါးပါး အမူအရာကိုမြင်မှ ဖန်းယန်ယင်းမှာလည်း အနည်းငယ် စိတ်သက်သာရာ ရသွားကာ သက်ပြင်း ချလိုက် မိတော့သည်။ ဖြေရှင်းနိုင်သည့် နည်းလမ်း သုံးခုရှိလျှင်တော့ တစ်နည်းမဟုတ် တစ်နည်းဖြင့် ဖြေရှင်းနိုင်မည် ဖြစ်လေသည်။
"ဒါဆို ချက်ချင်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းက ဘာများလဲ ဆရာဦးလေး"
ဖန်းယန်ယင်းက မေးလိုက်သည်။
"နည်းလမ်း သုံးခုရှိတယ် ဆိုပေမယ့် နည်းလမ်းနှစ်ခုက အသုံးမဝင်ဘူး၊ ဒီတော့ တတိယ နည်းလမ်းကိုပဲ ကျုပ်တို့ လုပ်နိုင်မယ်၊ ဒီတော့ ကျုပ်တို့ စီစဉ်ထားတဲ့ အတိုင်း မဟာနှင်းတောင်က မငြိမ်းသော မီးအိမ်ဝတ် ကျောင်းတော်ကို သွားကြတာပေါ့"
ဆန်းလျန်က ပြောလိုက်သည်။
ပထမ နည်းလမ်းမှာ ဆန်းလျန်က သူ၏ ကိုယ်တွင်းမှ မိစ္ဆာစွမ်းအားကို ချေဖျက်နိုင်ရန် အတွက် လုကျိုးယွမ်ကို သွားတွေ့ပြီး ပြဿနာကို ဖြေရှင်းရန် ဖြစ်လေသည်။ သို့သော် … လုကျိုးယွမ်မှာ စကြဝဠာ တစ်ခွင်သို့ ခရီးထွက်သွားပြီ ဖြစ်သည့်အတွက် မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ပေ။
ဒုတိယ နည်းလမ်းမှာ ယန်ရွှီး၏ ပကတိ ဖန်ဆင်းခြင်းပညာကို ကျင့်ကြံရန် ဖြစ်လေသည်။ ထိုကျင့်စဉ်က သူ၏ ကိုယ်တွင်းမှ မိစ္ဆာစွမ်းအားကို သန့်စင်ကာ ကိုယ်ပွားများ အတွင်းသို့ မိစ္ဆာမျိုးစေ့ကို ထည့်သွင်း ပေးနိုင်မည် ဖြစ်လေသည်။ သို့သော် ထိုကျင့်စဉ်ကို ဆန်းလျန်သည် မည်သည့် နည်းနှင့်မှ ကျင့်ကြံလိုခြင်း မရှိပေ။
ထို့ကြောင့် တတိယနည်းလမ်းသာ ကျန်ရှိတော့သည်။
သူ၏ စိတ်ဝိညာဉ် အလင်းမီးခွက်ကို လင်းစေပြီး မကောင်းသော မိစ္ဆာဓာတ်ကို ဖယ်ရှားနိုင်ရန် ကြိုးစားရမည် ဖြစ်လေသည်။
***