← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 26 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 26 Ch. 333-334

အပိုင်း(၃၃၃)

အသံမဲ့အပျက်အဆီးနယ်မြေ၏ မဟာဧကရာဇ်

ကုအန်အကြည့်က စားပွဲပေါ်ရှိလောင်ကျွမ်းနေသော စာလိပ်ပေါ်တွင်သာ ရှ်ိနေသေးသော်လည်း သူ့နတ်အာရုံကတော့ ကောင်းကင်ပြင်ပဆီရောက်ရှိနေခဲ့သည်။

မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေအထက်တွင် နေ၇စင်းရှိပြီး ယခုအခါ ထိုနေ၇စင်းထဲမှတစ်စင်းထဲရှိ ဧရာမသတ္တဝါကြီး၏မျက်လုံးများပွင့်လာပြီး ကုအန်အိမ်ကို တိုက်ရိုက်ကြည့်ရှုနေခဲ့သည်။

စာလိပ်မှာ ထိုသတ္တဝါကြီးကြောင့် လောင်ကျွမ်းသွားခဲ့ခြင်းဖြစ်၏။

ကုအန် ကြောက်တော့မသွားခဲ့ပေ။ ထိုနေ၇စင်းမှသတ္တဝါကြီးများ၏ကျင့်ကြံခြင်းက အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်သာဖြစ်ပြီး သူ့ကိုမခြိမ်းခြောက်နိုင်ပေ။ သို့သော် ထိုသတ္တဝါကြီးများတွင် ကမ္မအကြွေးများရှိနေကြပြီး သူတို့ကို အားကောင်းသောတည်ရှိမှုကြီးတစ်ခုက နောက်ခံအဖြစ် ရှိနေခဲ့သည်။

အခြေအနေအရ ကုအန် မလိုအပ်ဘဲ ပြဿနာတော့မရှာချင်ပေ။

မကြာခင်တွင် စားပွဲပေါ်ရှိစာလိပ်က ပြာအဖြစ်ပြောင်းလဲသွားပြီး ထူးဆန်းစွာဖြင့် မီးတောက်ကစားပွဲကိုတော့ သက်ရောက်မှုမရှိခဲ့ပေ။

ရှန်းကျန် တုန်ရီသွားကာ မေးလိုက်၏။

“အဲ့တာ ဘာဖြစ်သွားတာလဲ”

သူမ၏နတ်အသွင်ပြောင်းခြင်းအဆင့်နှင့်ပင် ဤမီးတောက်များ ဘယ်လိုပေါ်လာကာ ဘယ်လိုပျောက်သွားလဲ သူမမသိနိုင်ခဲ့ပေ။

ထိုအခိုက်တွင် သူမကောင်းကင်၏အမျက်ဒေါသကို သွားဆွမိလိုက်သလို ခံစားနေခဲ့ရသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ကုအန်ဖြေလိုက်၏။

“ငါလည်းသေချာမသိဘူး ကြည့်ရတာ နင်မနေ့မြင်ကွင်းကို ပုံမဆွဲခဲ့သင့်ဘူးထင်တယ်”

ရှန်းကျန်မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။

“မနေ့ကဟာပဲလား”

“အဲ့လိုဖြစ်လောက်တယ် နင်အရင်ပုံတွေဆွဲတုန်းက ဒါမျိုးတွေမဖြစ်ခဲ့ဘူးမလား” ကုအန်ဖြေလိုက်၏။

တွေးကြည့်မိသောအခါ ယန်ကျင်း၏ ဖုံးကွယ်ထားသောကမ္မအကြွေးများကလည်း ထိုနေ၇စင်းနှင့် ဆက်စပ်နေပုံပင်။

ရှန်းကျန်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။

“မေ့လိုက်တော့ ငါ့ကျင့်ကြံခြင်းကအားနည်းလွန်းတယ် ငါသူတို့ကို လုံး၀သွားအပြစ်ပြုမိလို့မရတာ သေချာတယ်”

သူမထိုသို့ပြောလိုက်သော နေလုံးထဲရှိဆန်းကြယ်သော ပုံရိပ်ကြီး မျက်လုံးပြန်ပိတ်သွားသည်ကို ကုအန်တွေ့လိုက်ရ၏။

ရှန်းကျန်ကတော့ ဤကပ်ဘေးမှ လွတ်မြောက်သွားနိုင်ခဲ့သည်။ ကြည့်ရသည်မှာ ဤအရာက သတိပေးချက်တစ်ခုသာဖြစ်ပုံပေါ်ပြီး နေ၇စင်းက သတ်ဖြတ်လိုစိတ်မပြင်းထန်သလို အရမ်းလွှမ်းမိုးချင်စိတ်လည်း ရှိပုံမပေါ်ပေ။

ကုအန် ပြန်ထိုင်လိုက်ပြီး စနောက်လိုက်၏။

“နင်ကတကယ်ပဲ တစ်ခုခုတော့တစ်ခုခုပဲ ကောင်းကင်ကိုအမျက်ကိုသွားဆွနိုင်တဲ့ ပန်းချီကားတစ်ကားကိုတောင် ဆွဲနိုင်တယ်”

ရှန်းကျန် ဂုဏ်ယူမသွားဘဲ ထိုအစား လေးလေးနက်နက်ပြောလိုက်သည်။

“တကယ်တော့ ငါပန်းချီဆွဲနေတဲ့အချိန်တိုင်း မမြင်ရတဲ့ ဆန်းကြယ်တဲ့အခြေအနေတစ်ခုကို ဆုပ်ကိုင်မိထားသလို ခံစားရတယ် နောက်ပြီး ငါပန်းချီတစ်ခါဆွဲပြီးတဲ့အချိန်တိုင်း ငါ့အတွက် ကျင့်ကြံဖို့ ပိုလွယ်လာခဲ့တယ် ကျင့်ကြံခြင်းက ရှုပ်ထွေးမှုတွေကလည်း ပိုပြီးရှင်းလင်းလာကြတယ်”

“ကြည့်ရတာ နင်က နက်နဲသိမ်မွေ့တဲ့ပြောင်းလဲမှုတစ်ခုတည်း ၀င်ရောက်သွားတဲ့ပုံပဲ” ကုအန် အားကျနေဟန်ဖြင့် ပြောလိုက်၏။

ထိုအခါမှ ရှန်းကျန်ပြုံးလိုက်ပြီး ထေ့ငေါ့လိုက်လေသည်။

“အခုကစပြီး ငါ့ကိုပိုကောင်းကောင်းဆက်ဆံနော် ငါကတစ်နေ့နေ့မှာ အမတတစ်ပါးဖြစ်လာနိုင်တယ်”

“ကောင်းပါပြီ အမတရှန်း”

“တော်တယ်ကောင်လေး”

“အရှက်မရှိလိုက်တာ!”

“ဟမ် အနာဂတ်အမတအလောင်းအလျာကို စော်ကားရဲတယ်လား”

သူတို့နှစ်ယောက်စတင်ရန်ဖြစ်ခဲ့ကြပြီး ရှန်းကျန်ရင်ထဲက ကြောက်ရွံ့မှုကလည်း လွင့်ပျယ်သွားခဲ့လေသည်။ သူမအနာဂတ်တွင် ပန်းချီဆွဲရာ၌ ပိုဂရုစိုက်ရမည်ဟုလည်း ဆုံးဖြတ်လိုက်၏။

သူမဘာကိုဆွဲသင့်ပြီး ဘာကိုမဆွဲသင့်ဘူးလဲဆိုတာ ပိုရှင်းရှင်းလင်းလင်းသိထားဖို့ လိုပေသည်။

တစ်နာရီခန့်ကြာသောအခါ ရှန်းကျန် ထွက်ခွာသွားခဲ့သည်။

ကုအန်ကတော့ ကုလားထိုင်တွင်ပျင်းရိစွာထိုင်နေရင်း ယန်ကျင်းနှင့်ကောင်းကင်ဂိုဏ်းကို ကြည့်ရှုနေခဲ့၏။

အတိတ်မှတ်ညဏ်များ နိုးထလာခဲ့ပြီးနောက် ယန်ကျင်း၏ကျင့်ကြံခြင်းက သိသိသာသာပြောင်းလဲသွားခြင်းမျိုးမရှိပါသော်လည်း သူ့အသွင်သဏ္ဍာန်တစ်ခုလုံးကတော့ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့သည်။

ကုအန်တခဏကြာစောင့်ကြည့်ခဲ့ပြီး ယန်ကျင်းအန္တရာယ်ကင်းတာ သေချာမှ သူ့အကြည့်ကို ပြန်ရုတ်ခဲ့လိုက်သည်။

နောက်ရက်များတွင် ယန်ကျင်းနှင့်ကောင်းကင်ဂိုဏ်းတို့ ထိုကျွန်းပေါ်တွင်သာ ဆက်နေခဲ့ကြပြီး ကောင်းကင်ဂိုဏ်း၏၀င်္ကပါအစီအရင်ကြောင့် ကျွန်းပေါ်မှ ကျင့်ကြံသူများဖြတ်ပျံသွားကြသော်လည်း ဘယ်သူမှသူတို့ကို ထောက်လှမ်းမရခဲ့ကြပေ။

နွေရာသီမရောက်ခင်တွင်

ကုအန်သွေးအကျဉ်းထောင်မဟာသူတော်စင်ကို စီးနင်းကာ တည်နေရာကူးပြောင်းခြင်းအစီအရင်ထဲမှ ထွက်လာခဲ့ပြီး အတော်လေးခံစားချက်ကောင်းနေခဲ့သည်။

သူထိုနေရာမှ ထွက်သွားဖို့ပြင်လိုက်စဉ်တွင် လက်ကိုးချောင်းနတ်အရှင် သူ့အနားချဉ်းကပ်လာပြီး စိတ်၀င်တစားမေးလိုက်၏။

“ကုအန် မင်းတပည့်အန်းရှင်းက အခုနောက်ပိုင်း သိသိသာသာပြောင်းလဲလာတယ် မင်းသူ့ကိုဘာသင်ပေးလိုက်တာလဲ”

အရင်က ကုအန်၏ယန်ကျင်းအပေါ်သင်ပြမှုများကြောင့် အန်းရှင်း၏ပြောင်းလဲမှုများကလည်း ကုအန်နှင့်ဆက်စပ်နေရမည်ဟု သူယုံကြည်ပေသည်။ သူကုအန်နောက်က တည်ရှိမှုကို ပိုပြီးပင်စိတ်၀င်စားလာခဲ့၏။

အဓိပတိဂိုဏ်းထဲတွင် အဆန်းကြယ်ဆုံးနဲ့ စွမ်းအားအကြီးဆုံးတည်ရှိမှုကတော့ ဆရာသခင်ဓားအရှင်သာ ဖြစ်ပေသည်။

ကုအန်သည် ဆရာသခင်ဓားအရှင်နှင့်ဆက်စပ်နေရမည်ဟု လက်ကိုးချောင်းနတ်အရှင် သံသယရှိနေခဲ့၏။ သူ့တရုတ်ကျားတွင်အောင်မြင်မှုများကလည်း ဆရာသခင်ဓားအရှင်နှင့် ဆက်စပ်နေလောက်ပေသည်။

ကုအန်က ဆရာသခင်ဓားအရှင်လားဟူသော ဖြစ်နိုင်ချေကိုတော့ ကုအန်၏အသက်ကိုသိပြီးကတည်းက သူထိုကဲ့သို့မတွေးဖြစ်တော့ပေ။

“အတုမဲ့တဲ့ ‌တာအိုမှော်ပညာတစ်မျိုးပါ စီနီယာက ကျွန်တော့်တပည့်ဖြစ်မလာ‌ေသးသ‌ေရွ့ စီနီယာ့ရှေ့မှာ ဖော်ပြလို့မရဘူး ထုတ်ပြောလို့မရဘူး” ကုအန် လက်ကိုးချောင်းနတ်အရှင်ကိုကို အထင်သေးနေဟန်ဖြင့် ဂုဏ်ယူစွာပြောလိုက်သောကြောင့် ‌လက်ကိုးချောင်းနတ်အရှင်သူ့ကို မျက်လုံးလှန်ကြည့်လိုက်လေသည်။

“မင်းငါ့ကျင့်ကြံခြင်းကအတော်လေးမြင့်တာကို သိတယ်မဟုတ်လား အဲ့တာတောင်ငါ့ကိုတပည့်တော်ဖို့ ပြောရဲသေးတယ်လား” လက်ကိုးချောင်းနတ်အရှင် စိတ်တိုသွားဟန်ဖြင့် ပြောလိုက်သည်။

ကုအန်လည်းအရေးမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်၏။

“ကျင့်ကြံခြင်းမမြင့်လည်း ဆရာဖြစ်နိုင်ပါတယ် စီနီယာ့မှာလည်း ကျွန်တော့်လောက်မတော်တဲ့အပိုင်းတွေရှိနေတာပဲ စီနီယာကဘ၀မှာ ကျင့်ကြံခြင်းတစ်ခုတည်းနောက်ပဲလိုက်တာလား ဒီကမ္ဘာမှာ စွမ်းအင်စုပ်ယူခြင်းနဲ့ပဲ တာအိုကိုရယူနိုင်တာမလို့လား”

ထိုစကားကိုကြားသောအခါ လက်ကိုးချောင်းနတ်အရှင်ပြန်မငြင်းတော့ဘဲ အတွေးနွံနစ်သွားခဲ့သည်။

ကုအန်လည်း သွေးအကျဉ်းထောင်မဟာသူတော်စင်ခေါင်းကိုပုတ်ကာ ရှေ့ဆက်သွားဖို့ အချက်ပေးလိုက်၏။

ထိုအခါ လက်ကိုးချောင်းနတ်အရှင်ခေါင်းလှည့်လာပြီး မေးလိုက်လေသည်။

“တစ်ယောက်ယောက်က တာအိုကို တရုတ်ကျား‌က‌ေနတစ်ဆင့် အောင်မြင်နိုင်လောက်လား”

“ဘယ်သူက ‌အသေအချာပြောနိုင်မှာလဲ တစ်ခုခုလုပ်နေရင်း အဲ့ဒီတစ်ခုခုအပေါ် နှလုံးသားထည့်ထားသရွေ့ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး” ကုအန် သာမန်အတိုင်းဖြေလိုက်သည်။

လက်ကိုးချောင်းနတ်အရှင်သည် ဒဏ်ရာရထားတာသေချာပြီး သူ့ကျင့်ကြံခြင်းက မြေလျှောက်အမတအဆင့်လောက်သာ မဖြစ်နိုင်ပေ။ သို့သော်လည်း ကုအန်သူ့အတိတ်ကို စိတ်မ၀င်စားခဲ့ပေ။

ကုအန်၏ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်ရင်း ထိုကောင်လေးထံမှ လွတ်မြောက်သွားသူတစ်ယောက်ယောက်၏ အရှိန်အဝါမျိုးကို သူခံစားမိခဲ့သည်။ သူသည် ဤသေမျိုးကမ္ဘာကြီးကိုဖြတ်၍မြင်နိုင်ပုံပေါ်နေပြီး တကယ့်အမတများထက်ပင် သူကအမတနှင့်ပိုတူနေသေးသည်။

ဆရာသခင်ဓားအရှင်က အဓိပတိဂိုဏ်းမှာ ဆက်ရှိနေတာ ဒီလူငယ်လေးကြောင့်များလား!

ဤသံသယကို လက်ကိုးချောင်းနတ်အရှင်ပိုပြီးပင် ယုံကြည်လာခဲ့မိသည်။

လက်ကိုးချောင်းနတ်အရှင် သစ်ပင်အောက်တွင် စာဖတ်နေသော ရှန်ရှင်းကျိကို လှမ်းကြည့်လိုက်၏။ အရင်ကတော့ ရှန်ရှင်းကျိသည် ပူးကပ်ခံနေရ၍ ရူးကြောင်ကြောင်များလုပ်နေသလားဟု သူထင်မိသော်လည်း အခုတော့ ရှန်ရှင်းကျိလည်း စာဖတ်ခြင်းမှတစ်ဆင့် တာအိုကိုအောင်မြင်နိုင်ကြောင်း သူသိရှိလာခဲ့သည်။

ထို့နောက်တွင်တော့ သူတတိယတောင်ကြားကိုတစ်ချက်ကြည့်လိုက်ပြီး ‌နောင်နှစ်များတွင် ဤတောင်ကြားမှ ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ယမ်းပစ်မည့်သူများ ထွက်ပေါ်လာလိမ့်မည်ဟူသော အားကောင်းသည့်ခံစားချက်ကို ခံစားလိုက်ရ၏။

ထိုအတွေးက သူ့ကိုစိတ်၀င်စားသွားစေပြီး သူ့နှလုံးသားထဲတွင် ပူးဖောင်းလေးများ ပေါ်ပေါက်လာခဲ့သည်။

ထိုစဉ် ကုအန်ကတော့ အိမ်ပေါ်ထပ်သို့ တက်လာခဲ့၏။

အခန်းတံခါးကိုပြန်ပိတ်ပြီး ကုလားထိုင်တွင်ထိုင်လိုက်ပြီးနောက် ကုအန် သူ့ခါးမှ ချင်ထျန်းတောင်ထွတ်ပုံစံငယ်လေးကိုဖြုတ်၍ စားပွဲပေါ် တင်လိုက်လေသည်။

ယနေ့တွင် သူချင်ထျန်းတောင်ထွတ်ထဲမှ အနည်းငယ် မူမမှန်မှုကိုခံစားခဲ့ရပြီး ထိုအရာက ဆန်းကြယ်သောကောင်းကင်မိစ္ဆာနှင့် ဆက်စပ်နေနိုင်ပေသည်။

ထိုကောင်သည် သူ့ကိုယ်သူ ထပ်မထိန်းချုပ်နိုင်တော့ပုံပင်။

ထို့နောက် ကုအန်နတ်အတွေးဖြင့် ချင်ထျန်းတောင်ထွတ်ထဲတွင် ဖုံးကွယ်ထားသော နယ်မြေကို စစ်ဆေးကြည့်လိုက်၏။ ထိုနယ်မြေက ကမ္ဘာခြားနတ်မြို့တော်လောက်မကြီးသော်လည်း ထိုက်ကန်ကုန်းမြေတိုက်ကြီးထက်တော့ ပိုကြီးပေသည်။

ထိုအခိုက်တွင် ချင်ထျန်းတောင်ထွတ်နယ်မြေထဲရှိ ဘုရားကျောင်းပျက်ကြီးထဲတွင် ကုအန်နတ်အတွေးဖြင့် ကိုယ်ပွားတစ်ခုဖန်တီးလိုက်၏။

နေအလင်းရောင်က ဘုရားကျောင်းပျက်၏ ပြိုလဲနေသော နံရံများကြားထဲမှ ထိုးကျနေကာ ကုအန် ပုံရိပ်၏အရိပ်က ဘေးဘက်နံရံများပေါ် အရိပ်ထိုးနေခဲ့သည်။

ထို့နောက် ကုအန် ရှေးဟောင်းနံရံဆေးရေးပန်းချီများဖြင့်ပြည့်နေသည့် နံရံတစ်ခုဆီ ချဉ်းကပ်သွားခဲ့၏။

“ထွက်ခဲ့ စကားပြောရအောင် ငါမင်းကို ဖျက်ဆီးမပစ်ရမယ့် အကြောင်းပြချက်တစ်ခုပေး”

ကုအန် ခံစားချက်မဲ့စွာပြောလိုက်ပြီး သူ့အကြည့်က နံရံပေါ်တွင်သာ ရှိနေခဲ့သည်။

သူ့စကားဆုံးသွားသောအခါ နံရံပျက်ကြီး၏ မျက်နှာပြင်မှ မိစ္ဆာချီများ ထိုးထွက်လာခဲ့လေသည်။ နေ့အလင်းရောင်အောက်မှာပင် ထိုမိစ္ဆာချီများက ကြောက်စရာကောင်းနေခဲ့၏။

တခဏအကြာတွင် အချိန်များစွာကျော်လွန်လာခဲ့ပုံရသည့် ပိန်ကပ်နေသော အနက်ရောင်၀တ်စုံ၀တ် အဖိုးကြီးတစ်ယောက် မိစ္ဆာချီများထဲမှ ထွက်လာခဲ့လေသည်။

သူ့မျက်လုံးများထဲရှိ သွေးကြောများက နီရဲနေခဲ့ပြီး သူနံရံထဲမှ ထွက်ထွက်လာချင်း ကုအန်ကိုစိုက်ကြည့်နေခဲ့၏။

သူထိုနေရာတွင်ရပ်နေရင်း အသံနက်ကြီးဖြင့် မေးလိုက်သည်။

“မင်းက ဘယ်သူလဲ ဘာလိုချင်တာလဲ”

ကုအန်ဖြေလိုက်၏။

“ခင်ဗျားက ချင်ထျန်းတောင်ထွတ်ကို ကျုပ်တောင်ထွတ်ဆီရောက်အောင် တွန်းပို့ခဲ့တာ အဲ့တာကိုအခုခင်ဗျားက ကျုပ်ဘာလိုချင်တာလဲလို့ မေးနေတာလား”

ထိုစကားကိုကြားသောအခါ အဖိုးကြီး၏အမူအရာက ပို၍ပင်ရှုံ့မဲ့သွားပြီး တိတ်ဆိတ်သွားကာ သူ့မျက်လုံးများက အရောင်တစ်ချက်လက်သွားခဲ့သည်။

“ခင်ဗျားကဒီကို မိစ္ဆာသန္ဓေသားအတွက်ရောက်လာတာလား”

ထိုစကားကြောင့်အဖိုးကြီး၏အမူအရာရုတ်ချည်းပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ကစတင်တုန်ရီလာခဲ့သည်။

သူကုအန်ကိုသေချာစိုက်ကြည့်နေရင်း မေးလိုက်သည်။

“မင်းသူ့ကိုဘာလုပ်လိုက်ပြီလဲ”

“ကျုပ်သူ့ကိုမထိရသေးဘူး ဒါပေမယ့် သူ့ကြောင့် ကျုပ်မှာဖြစ်လာရတဲ့ပြဿနာတွေက ကြီးမားလာပုံပဲ” ကုအန်လေသံကပုံမှန်သာဖြစ်နေပြီး အဖိုးကြီးကုအန်အတွေးကို ခန့်မှန်းမရဖြစ်နေခဲ့သည်။

အဖိုးကြီးတွန့်ဆုတ်သွားကာ ပြောလိုက်သည်။

“မင်းနဲ့ငါတို့ကြားမှာ ဘာအမုန်းတရားမှမရှိဘူးမလား”

ကုအန်တိတ်ဆိတ်၍သာနေခဲ့၏။

ရဲလာသောအဖိုးကြီးဆက်ပြောလိုက်သည်။

“တကယ်လို့ မင်းဒီကမ္မအရှုပ်အထွေးထဲ ၀င်မပတ်သက်ချင်ရင် ဒီနေရာက ထွက်သွားလိုက်တာ အကောင်းဆုံးပဲ မိစ္ဆာသန္ဓေသားက အသံမဲ့အပျက်အဆီးနယ်မြေက မဟာဧကရာဇ်တစ်ပါးရဲ့ ပြန်လည်မွေးဖွားလာမှုပဲ သန္ဓေတည်လာတာ နှစ်ပေါင်း သောင်းချီကြာနေပြီ ရွေ့လျားလို့လည်းမရသေးဘူး သူ့အတွက်နောက်ထပ်ကောင်းကင်မိစ္ဆာတွေ ထပ်ဆင်းသက်လာကြဦးမှာ”

ကုအန်ကြိတ်၍ တွေးနေလိုက်ပြီး မေးလိုက်၏။

“ဆိုတော့ ခင်ဗျားက မြင့်မြတ်ခုံရုံးက အထက်ပုဂ္ဂိုလ်အချို့နဲ့ ဆက်သွယ်ပြီးပြီလား”

အဖိုးကြီးဖြေလိုက်သည်။

“တကယ်လို့ မင်းဒီကမ္မတွေထဲ ၀င်မပတ်သက်ချင်ရင် ထပ်မမေးတာအကောင်းဆုံးပဲ ထပ်မေးနေရင် တည်ရှိမှုကြီးတွေကို အသိပေးသလိုဖြစ်သွားလိမ့်မယ်”

ကုအန် ဤမေးခွန်းကိုမေးခဲ့ခြင်းက သူကမြင့်မြတ်ခုံရုံးမှမဟုတ်ဘူးဆိုတာ ညွှန်ပြနေပြီး မြင့်မြတ်ခုံရုံးမှမဟုတ်သောသူနှင့် သူရန်သူမဖြစ်ချင်ပေ။

ကုအန်၏ ချင်ထျန်းတောင်ထွတ်ကိုဖိနှိပ်ခဲ့သည့်ပုံစံအရ သူက ကုအန်၏ပြိုင်ဘက်မဟုတ်မှန်းလည်း သူသိနေခဲ့သည်။

“ခင်ဗျားတို့ရဲ့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲ စိမ့်၀င်လာတဲ့ရည်ရွယ်ချက်က ဘာလဲ ဒီနယ်မြေရဲ့တည်ရှိမှုကြီးတွေကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးမလား တကယ်လို့အဲ့လိုပစ်မှတ်ထားပြီး ဒီနယ်မြေမှာသာ တိုက်ပွဲတွေဖြစ်လာရင် ကျုပ်ကဘယ်ကိုထွက်ပြေးလို့ရနိုင်မှာလဲ” ကုအန်ခပ်ဖြည်းဖြည်းမေးလိုက်၏။

သူ‌ေသမျိုး‌ေတာင်ထွတ်ကမ္ဘာမှ ထွက်ခွာသင့် မထွက်ခွာသင့် ဆုံးဖြတ်ချက်တစ်ခုလည်း ချနေခဲ့သည်။

သဘောတရားအရတော့ သူပြဿနာများကိုရှောင်ရှားလိုလျှင် ထွက်ခွာသွားသင့်ပေသည်။

“စကြာ၀ဠာကြီးက အကျယ်ကြီးပဲ ပုန်းစရာနေရာတွေ အများကြီးပါ နောက်ပြီးငါတို့အစီအစဉ်က အချိန်ခဏလေးအတွင်း အကောင်အထည်ပေါ်လာနိုင်တာမျိုးမဟုတ်ဘူး” အဖိုးကြီး ဖြေလိုက်ပြီး ကုအန်၏ဆုတ်ခွာလိုသောဆန္ဒကို အာရုံခံမိပြီး သူပိုပြီးယုံကြည်ချက်ရှိလာခဲ့သည်။

“မိစ္ဆာသန္ဓေသားရဲ့ အရင်ဘ၀တုန်းက ကျင့်ကြံခြင်းကဘယ်အဆင့်မှာလဲ” ကုအန် မေးလိုက်ပြန်သည်။

“မဟာဧကရာဇ်က အရင်ဘ၀တုန်းက အမတလမ်းစဉ်ကောင်းကင် ၈ ဆင့်ထိ ရောက်ခဲ့တာ အခုဘ၀မှာလည်း ကောင်းကင် ၇ ဆင့်လောက်ကိုရောက်ဖို့က သူ့အတွက်ခက်ခဲမှာ မဟုတ်ဘူး” အဖိုးကြီးဖြေလိုက်သည်။

အဖိုးကြီးသည် အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးဖြစ်သော်လည်း သူ့အတွက် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်ကိုရောက်ဖို့က စိန်ခေါ်မှု တစ်ခုသာဖြစ်နေဆဲဖြစ်သည်။ ထိုအထက်ကအဆင့်များကိုတော့ ပြောနေစရာပင် မလိုတော့ပေ။

ထို့အပြင် ကောင်းကင် ၇ ဆင့်ဆိုသည်မှာလည်း ထာ၀ရတည်ရှိမှုကြီးများသာ မလှုပ်ရှားပါက စကြာ၀ဠာတွင် လှည့်လည်သွားလာနိုင်သော တည်ရှိမှုများ ဖြစ်နေဆဲ ဖြစ်သည်။

“အမတလမ်းစဉ် ကောင်းကင် ၇ ဆင့်…”

ကုအန်အမူအရာက ရုပ်ဆိုးသွားသော်လည်း စိတ်ထဲ‌တွင်တော့ ကြိတ်၍ စိတ်အေးသွားခဲ့မိသည်။

ကောင်းကင် ၇ ဆင့်ဆိုသည်မှာ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့်ဖြစ်ပြီး ကောင်းကင် ၈ ဆင့်ကတော့ သူရောက်နေသော နတ်အတွေးအစစ်အမှန်အမတ ဖြစ်ပေသည်။

ကုအန်ကြောက်လန့်သွားသည်ဟု တွေးလိုက်မိပြီး အဖိုးကြီး ဆက်ပြောလိုက်၏။

“မင်းဒီနေရာက ထွက်ခွာသွားမယ်ဆိုရင် တကယ်လို့ငါမိစ္ဆာသန္ဓေသားကိုရှာတွေ့မယ်ဆိုရင်တောင် သူအပြည့်အ၀ဖြစ်တည်လာဖို့ နှစ်ထောင်ချီ ပျိုးထောင်ပေးဖို့ လိုဦးမှာ မင်းမှာပုန်းစရာနေရာရှာချိန် အများကြီးရှိပါတယ်”

နှစ်ထောင်ချီလား!

ကုအန်ရင်ထဲကဖိအား သိသိသာသာကျဆင်းသွားခဲ့ရသည်။

ကုအန်ပြောလိုက်၏။

“ကျုပ်ကိုစဉ်းစားချိန် နှစ်နည်းနည်းပေးပါဦး ကျုပ်မှာအဲ့လောက်တော့ စဉ်းစားချိန်ရှိသင့်တယ်လေ ဟုတ်တယ်မလား”

အဖိုးကြီးသည် သူ့အပေါ် ရန်လိုစိတ်မရှိသောကြောင့် ကုအန်ထိုအဖိုးကြီးကို အခွင့်အရေးတစ်ခုပေးချင်စိတ်ရှိခဲ့သည်။

ထိုစကားကိုကြားသောအခါ အဖိုးကြီးအမူအရာ သိသိသာသာစိတ်အေးသွားပုံရပြီး လက်မြှောက်၍ အရိုအသေပေးလိုက်ကာ ပြောလိုက်၏။

“ဒါပေါ့ မင်းအကြောင်းပြချက်ကိုမြင်နိုင်ပြီး မင်းအနာဂတ် မျှော်လင့်ချက်တွေကို မနှောင့်နှေးစေဖို့ မျှော်လင့်ပါတယ်”

သူသည် ချင်ထျန်းတောင်ထွတ်မှ မလွတ်မြောက်နိုင်သလို အပြင်သို့သတင်းစကားပို့ဖို့လည်းမတတ်နိုင်သောကြောင့် သူ့တွင် ကုအန်နှင့်ဆက်ဆံရေးကောင်းတည်ဆောက်ထားနိုင်ဖို့ကလွဲ ရွေးချယ်စရာမရှိခဲ့ပေ။

အပိုင်း(၃၃၄)

ကမ္ဘာမြေဒြပ်စင် စိတ်ဝိညာဉ်

ကုအန် ချင်ထျန်းတောင်ထွတ်ကိုပြန်ချထားလိုက်ပြီး ထိုအနက်ရောင်၀တ်အဖိုးကြီးနှင့်စကားပြောခဲ့ပြီးကတည်းက သူ့နှလုံးသားကအတော်လေး တည်ငြိမ်သွားခဲ့သည်။

ခြိမ်းခြောက်မှုက ယခုကျရောက်လာမည်မဟုတ်ဘူးဟုဆိုသောကြောင့် သူထွက်ပြေးစရာလည်း မလိုတော့ပေ။ သူသည် လုံး၀စွမ်းအားမဲ့နေသောအချိန်မျိုးတွင်သာ ထွက်ပြေးမည် ဖြစ်သည်။

ထို့အပြင် သေမျိုးများနှင့် အမတလမ်းစဉ်အဆင့်များကြား အချိန်ကွာခြားချက်လည်း ရှိနေသေးသည်။ သေမျိုးများအဖို့ နှစ်၁၀၀ နှစ်၁၀၀၀ ဆိုသည်မှာ အ‌လွန်ရှည်ကြာသောအချိန်ကာလဖြစ်သော်လည်း အမတလမ်းစဉ်အဆင့်များအတွက်တော့ မျက်စိတစ်မှိတ်သာ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ထိုအဖိုးကြီးက ချင်ထျန်းတောင်ထွတ်ထဲက ထွက်မပြေးနိုင်သောကြောင့် အနာဂတ်တွင်ဘာဖြစ်လာမလဲသိရစေရန် သူ့ကို အထဲတွင်သာ ဆက်ထား၍ ရနေသေးသည်။

နေကွယ်ကာ လထွက်လာခဲ့သည်။

နေ့ရက်များက တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားခဲ့၏။

ဆောင်းနှင်းများက ထိန်းမရသိမ်းမရကျရောက်နေခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံးကို နှင်းများက အဖြူရောင်စောင်တစ်ထည်နှယ် ဖုံးအုပ်မသွားသေးခင်တွင် ကုအန် ဉယျာဉ်ခြံစည်းရိုးတွင်ရပ်ကာ နှင်းကျသည့်ရှုခင်းကို ခံစားနေခဲ့သည်။

သူရပ်ပြီးမကြာခင်တွင် သူ့နားသို့ ကျိရှောင်ယုရောက်ရှိလာကာ သူနှင့်ပုခုံးချင်းယှဉ်၍ ရပ်နေခဲ့လေသည်။

သူမသည် ကောင်းကင်ကိုကြည့်မနေဘဲ သူ့အကြည့်က အဝေးရှိ အန်းရှင်းဆီတွင်သာ ရောက်ရှိနေခဲ့၏။

အန်းရှင်းသည် စိတ်ဝိညာဉ်ကြွက်ဖြူကို ချီထားရင်း သူမပါးစပ်က စဉ်ဆက်မပြတ်လှုပ်ရှားနေပြီး ကြွက်ဖြူလေးကို တစ်ခုခုညွှတ်ကြားနေတာ ထင်ရှားလှသည်။

“သူ့တိုးတက်နှုန်းက အရမ်းမြန်တယ်” ကျိရှောင်ယု ခပ်တိုးတိုးပြောလိုက်၏။

သူကမမြန်ဘဲနေမလား!

ကုအန်အချိန်ရှိတိုင်း အန်းရှင်းကို ညဏ်အလင်းဖွင့်ပေးနေခြင်းဖြစ်ပြီး သူ့သက်တမ်းအကန့်အသတ်က လျင်မြန်စွာတိုးတက်မလာသော်လည်း ညဏ်အလင်းပွင့်မှုကြောင့် သူကျင့်ကြံရာတွင်တော့ ပုံမှန်ထက် နှစ်ဆပိုပြီးအကျိုးရှိနေခဲ့သည်။

သူအမှန်တကယ်ပင် အန်းရှင်းကို အန်းဟောင်နှင့်ယန်ကျင်းကိုကျော်တက်သွားအောင် လေ့ကျင့်ပေးချင်နေခဲ့ခြင်း ဖြစ်ပေသည်။

“အဲ့တာက အဆင်ပြေပါတယ် သူ့ကျင့်ကြံခြင်းအဆင့်က အတော်လေးနှေးနှေးကွေးကွေးတိုးတက်နေတာပဲလေ” ကမ္ဘာဦးးပြန်လည်မွေးဖွားခြင်းကျင့်စဉ်ကြောင့် အန်းရှင်း၏ကျင့်ကြံခြင်းက အမြဲအခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ဖိနှိပ်ခံထားရခြင်းဖြစ်သည်။ အကယ်၍ အနာဂတ်တွင် သူမထိုစည်းကိုဖြည်လိုက်လျှင်တောင် သူမကျင့်ကြံခြင်းကိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်သာ ဖုံးကွယ်ထားရဦးမည် ဖြစ်သည်။

ကြည့်ရသည်မှာ ကုအန် အန်းရှင်းကိုပိုသတိထားဖို့ ပြောရတော့မည်ပုံပင်။ တောင်ကြားထဲတွင် တစ်နေ့တစ်ခြားသူမတိုးတက်မှုကို သတိပြုမိသူများ ပိုမိုများပြားလာခဲ့ကြ၏။

“ကျိမိသားစုက ပင်လယ်ရေအောက်လျှို့ဝှက်နယ်မြေတစ်ခုကို ရှာတွေ့ထားလို့ ညီမလေးကိုဖိတ်ခေါ်ထားတယ် ညီမလေး အစ်ကို့တပည့်ကို ခေါ်သွားမယ်‌ဆိုရင် ဘယ်လိုလဲ” ကျိရှောင်ယု မေးလိုက်သည်။

ထိုစကားကိုကြားသောအခါ ကုအန် အမြန်ခေါင်းယမ်းလိုက်ပြီး

“အန်းရှင်းက ကြောက်တတ်ပါတယ် သူ့ကိုဒီမှာပဲထားမှ အဆင်ပြေမှာ”

“ညီမလေးရှိနေမှာပဲ သူဘာအန္တရာယ်မှမကြုံစေရဘူး”

“အဲ့တာက မလိုအပ်ပါဘူး အစ်ကိုညီမလေးကို ဘာ၀န်ထုပ်၀န်ပိုးမှမပေးချင်ဘူး”

“အဲ့လိုလား”

“ဟုတ်တယ်”

“သူ့ပါရမီကတိုးတက်နေတာကို ညီမလေးခံစားမိတယ် ဆေးတောင်ကြားမှာပဲဆက်နေနေရင် အဲ့တာက သူ့ပါရမီအရည်အချင်းတွေကို မြှပ်နှံထားလိုက်သလိုပဲ”

“အစ်ကိုအဲ့လိုကြားရတာကိုမကြိုက်ဘူး အစ်ကိုက သူ့ကိုအဲ့လိုဖြစ်အောင်လုပ်စရာလား”

ကုအန်ကျိရှောင်ယုကိုကြည့်လိုက်၏။ သူထိုစကားကိုတမင်ပြောလိုက်ခြင်းဖြစ်ပြီး အန်းရှင်းနောက်တွင် သူမကိုလမ်းညွှန်ပေးနေသော တစ်ယောက်ယောက်ရှိနေသည်ဟု ကျိရှောင်ယု ထင်သွားအောင် တမင်လုပ်လိုက်ခြင်း ဖြစ်သည်။

ကျိရှောင်ယု နှုတ်ခမ်းများတွန့်ကွေးသွားကာ ပြုံးလိုက်ပြီး

“ကောင်းပါပြီ ဒါဆိုလည်းညီမလေးသူ့ကို မဖိတ်တော့ပါဘူး အစ်ကို သူ့ကိုဘာလုပ်ပေးနိုင်မလဲဆိုတာ မြင်ချင်မိတယ်”

ကုအန်ပြုံးလိုက်၏။

“ဒါဆို ညီမလေးဘယ်တော့ထွက်မှာလဲ နောက်ပြီး ဘယ်လောက်ကြာမှာလဲ”

ဤအရာက ကျိရှောင်ယု ပထမဆုံးအကြိမ်ထွက်သွားခြင်းမဟုတ်‌ပါသော်လည်း ရေအောက်လျှို့ဝှက်‌နယ်မြေက ပြဿနာများဖြစ်စေပြန်လိမ့်ဦးမည်ဟု ကုအန် ခံစားနေခဲ့ရသည်။

ဤသည်ကပင် ချီကံကြမ္မာရှိသူများဆိုတာ ဘာလဲဟုဆိုလိုနေတာ ဖြစ်နိုင်ပေသည်။ ကျိရှောင်ယုတို့လို ချီကံကြမ္မာရှိသူများသည် အန္တရာယ်များမှ ဆံခြည်တစ်မျှင်စာအကွာနှင့် အမြဲဆိုသလိုလွတ်မြောက်တတ်ကြပြီး ထိုအရာကိုကံကောင်းခြင်းအဖြစ် ပြောင်းလဲပစ်နိုင်ကြသည်။

“ညီမလေးမနက်ဖြန်မနက်ပဲ သွားတော့မယ် မြင့်မြတ်မိသားစုတွေကြား ပင်လယ်အရင်းအမြစ်တွေအတွက် ပြိုင်ဆိုင်မှုတွေက အရမ်းကြမ်းနေကြတယ်…”ကျိရှောင်ယု ပင်လယ်ပြင်ကအခြေအနေများကို စတင်ပြောပြလေတော့သည်။

ကျယ်ပြန့်လှသော ပင်လယ်ပြင်တွင် အရင်းအမြစ်များကလည်း ပေါများလှသောကြောင့် ဂိုဏ်းကြီးများက ပင်လယ်ပြင်နယ်မြေများကို ခွဲဝေကာ ယူဆောင်ထားကြသည်။ ထို့ကြောင့် ပင်လယ်ပြင်တွင် ခြေကုပ်ရနိုင်ဖို့က မလွယ်လှပေ။ ကျိမိသားစုကတော့ ထိုအခြေအနေတွင် သမုဒ္ဒရာ၌ နယ်မြေတစ်ခုလိုချင်နေခဲ့ပြီး ယခုအခါ သူတို့အာရုံများက လျှို့ဝှက်နယ်မြေဆီသာ ရောက်ရှိနေခဲ့ကြသည်။

ထိုသမုဒ္ဒရာလျှို့ဝှက်နယ်မြေသည် အနီးနယ်မြေတစ်ဝိုက်ရှိ ကြွယ်၀လှသော စိတ်ဝိညာဉ်စွမ်းအင်များ၏ အရင်းအမြစ်ဖြစ်ပေသည်။ အမတလမ်းစဉ်အဆင့်များက ထိုမျှနေရာလောက်ကို ဂရုမစိုက်သော်လည်း ဆန်းကြယ်နှလုံးသားအဆင့်များအတွက်ကတော့ ထိုနေရာက အရိုးကြေကြေအရည်ခမ်းခမ်းတိုက်ယူကြမည့် နေရာ ဖြစ်နေခဲ့သည်။

သူမ စကားဝိုင်းကို ကျိမိသားစုအကြောင်းမှ ပင်လယ်ပြင်ရှိအခြားထင်ရှားသည့်ဖြစ်ရပ်များအကြောင်းဆီပြောင်းလိုက်ပြီး ကုအန်လည်း ဂရုတစိုက်နားထောင်နေခဲ့၏။

သူတို့စကားပြောနေစဉ် စွမ်းအားကြီးသော နတ်အာရုံတစ်ခုက ထိုက်ကန်မင်းဆက်ကို ဖြတ်သွားခဲ့လေသည်။

ကုအန်ထိုအရာနှင့် အသားကျနေပြီဖြစ်ပြီး တစ်ဖက်လူက ယန်ကျင်းကို ရှာနေခြင်းသာဖြစ်၏။

ယန်ကျင်း၏မှတ်ညဏ်များပြန်လည်နိုးထလာမှုက မြင့်မြတ်ခုံရုံးက ကျင့်ကြံသူများကို အံ့ဩတုန်လှုပ်သွားစေခဲ့ပြီး သူ့ကိုလိုက်ရှာနေသူ အများအပြားရှိနေခဲ့ကြသည်။

ယန်ကျင်းကတော့ ဘယ်မှမသွားဘဲ ကျွန်းပေါ်တွင်သာ အာရုံစိုက်၍ ကျင့်ကြံနေခဲ့၏။

“ပင်လယ်ပြင်မှာ အမတလမ်းစဉ်အဆင့်တွေပဲ ကိုယ့်ကိုကိုယ်ကာကွယ်နိုင်တဲ့စွမ်းအားရှိကြတာ နိဗာနအဆင့်ဆိုရင်တောင် ပင်လယ်မှာခရီးသွားတဲ့အခါ သတိကြီးကြီးထားရသေးတယ်” ကျိရှောင်ယု ပြောလိုက်သည်။

ကုအန်လည်း ပြုံးလိုက်မိ၏။

“ညီမလေးပါရမီနဲ့ဆိုရင် အနှေးနဲ့အမြန်နိဗာနအဆင့်ကို ရောက်သွားမှာပါ”

ပင်လယ်ပြင်ကိုထားပါဦး ယခုအခါ ထိုက်ကန်ကုန်းမြေတိုက်ကြီးကိုဖြတ်သွားသော ကောင်းကင်ဈာန်အမတတစ်ပါး၏ နတ်အာရုံပင် ရှိနေခဲ့သေးသည်။

သက်ရှိအများစုကတော့ ထိုဖြစ်ရပ်ကို လုံး၀သတိမပြုမိခဲ့ကြပေ။

“အစ်ကိုကရော” ကျိရှောင်ယု ကုအန်ဘက်လှည့်ကာ လေသံခပ်အေးအေးဖြင့် မေးလိုက်၏။

ကုအန်ခေါင်းယမ်းကာ ဘာအချုပ်အ‌ေနှာင်မှမထားဘဲ ပေါ့ပေါ့ပါးပါးရယ်မောလိုက်လေသည်။

ကျိရှောင်ယု ကုအန်ကိုမည်သည့်နှစ်သိမ့်မှုမျိုးမှ ပြောမပေးခဲ့ပေ။ နိဗာနဟူသောအဆင့်သည့် သေမျိုးများအတွက်တော့ ကံကြမ္မာကိုချိုးဖျက်ရသော အဆင့်ဖြစ်ပြီး မည်သူ့အကူအညီကိုမှလည်း ယူမရသော အဆင့်ဖြစ်ပေသည်။

ထို့နောက် သူမကုအန်နှင့်အတူနှင်းများကိုသာ ကြည့်ရှု‌လိုက်၏။

နှင်းလွှာများက စတင်၍ ခပ်သည်းသည်းကျလာလေတော့သည်။

….

ပင်လယ်ပြင်ထက်တွင် လီယ အတောင်ဖြန့်ကာပျံသန်းနေသော လင်းယုန်နက်ကြီးပေါ်၌ ထိုင်နေခဲ့သည်။ ပင်လယ်လေပြေက သူ့ဆံပင်များကိုတိုးဝေ့တိုက်ခတ်နေသော်လည်း သူ့အကြည့်ကတော့ မိုးကုတ်စက်ဝိုင်းကိုသာ မမှိတ်မသုန် ကြည့်ရှုနေခဲ့၏။

ကမ္ဘာခြားနတ်မြို့့တော်စိတ်ဝိညာဉ် လီယပုခုံးပေါ်တွင်ရပ်နေရင်း ခေါင်းစောင်းကာ မေးလိုက်သည်။

“မင်းတကယ်ပဲဆုံးဖြတ်ပြီးပြီလား ငါ့စွမ်းအားမသုံးရင် မင်းအတွက်အရှေ့ကရေထုကို ဖြတ်ဖို့ ခက်လိမ့်မယ် ငါအဲ့ဒီမှာသိပ်သည်းတဲ့ မိစ္ဆာစွမ်းအင်တွေလည်း အာရုံခံမိတယ် မဟာမိစ္ဆာတစ်ကောင်ကောင်ပုန်းအောင်းနေတယ်”

လီယအမူအရာပြောင်းလဲမသွားဘဲ ဖြေလိုက်၏။

“ကျွန်တော်သေခြင်းတရားနဲ့ နီးကပ်လာရင် ကျွန်တော့်ကိုကယ်ပါ”

နောက်ဆုံးအကြိမ်ကမ္ဘာခြားနတ်နယ်မြေထဲသို့ ရောက်ရှိကာ ကမ္ဘာခြားနတ်မြို့တော်၏ ဇာစ်မြစ်ကိုသိပြီးကတည်းက လီယ၏မာနများ ကြေကွဲသွားခဲ့ရသည်။

သူထိုကိစ္စအတွက် မူလဘိုးဘေးကြီးကိုအပြစ်မတင်ဘဲ ကျေးဇူးပင်ပိုတင်သွားသေးသည်။ သို့သော် သူ့ကိုယ်သူတော့ မကျေနပ်ချက်များဖြင့် ပြည့်နေခဲ့သည်။

လီယ အော် လီယ ဒီနှစ်တွေအကုန်လုံးမှာ မင်းကဘာတွေများ မာနကြီးနေခဲ့တာလဲ!

ဤအချိန်များအားလုံးတွင် သူသည် မူလဘိုးဘေးကြီးကိုလိုအပ်နေခဲ့ခြင်းဖြစ်ပြီး ကမ္ဘာခြားနတ်မြို့တော်မရှိလျှင် သူကဘာကောင်ဟုတ်ပါသေးသနည်း။

ကြယ်ပင်လယ်အဖွဲ့အစည်းဆီသို့ပြန်လာပြီးနောက် လီယတံခါးပိတ်ကျင့်ကြံရင်း ထိုမေးခွန်းကိုတွေးတောနေခဲ့မိသည်။

ဤတံခါးပိတ်ကျင့်ကြံခြင်းက နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့သည်။

ယခုအခါ သူ့စိတ်သူပြင်ဆင်ပြီးပြီဖြစ်ပြီး သူလုပ်ဖို့လိုအပ်သည်မှာ သူ့အပြင်ခန္ဓာနှင့် နားလည်နိုင်စွမ်းကိုတိုးမြှင့်ရမည်ဖြစ်မှန်း နားလည်လာခဲ့သည်။ အန်းဟောင်တောင် ရတနာခန္ဓာကို ကျင့်ကြံနိုင်ခဲ့လျှင် သူကအဘယ်ကြောင့်မကျင့်ကြံနိုင်ရမည်နည်း။

ထို့ကြောင့် သူရတနာခန္ဓာရှာဖွေဖို့ ခရီးစဥ်ကိုချမှတ်ခဲ့ခြင်း ဖြစ်၏။

အကြီးအကဲတစ်ယောက်ဆီမှ ပင်လယ်နယ်မြေတစ်ခုတွင် ရတနာခန္ဓာပေါ်လာခဲ့ဖူးပြီး ထိုနေရာတွင် ရတနာခန္ဓာနှင့်ဆက်စပ်တာတစ်ခုခုကျန်ရှိနေနိုင်သေးသည်ဟူသော သတင်းကြောင့် သူဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“လီယ တကယ်တော့မင်းက အတော်လေးငယ်ပါသေးတယ် နောက်ပြီး အတော်လေးလည်းကြောက်ဖို့ကောင်းနေပါပြီ” ကမ္ဘာခြားနတ်မြို့တော်အမတစိတ်ဝိညာဉ်ခေါင်းကုတ်ကာ နှစ်သိမ့်ပေးလိုက်၏။ လီယနှင့်နှစ်ပေါင်းများစွာအတူနေလာပြီးနောက် သူလီယကို ပိုနှစ်သက်လာခဲ့ပြီး လီယ အခုလိုဖိအားအများကြီးရှိနေတာမျိုးလည်း သူမဖြစ်စေချင်ခဲ့ပေ။

“စိတ်မပူပါနဲ့ ကျွန်တော့်လုပ်နိုင်စွမ်းကို သိပါတယ် နောက်ပြီးကျွန်တော်မူလဘိုးဘေးကြီး ကျွန်တော့်အတွက်ထပ်လှုပ်ရှားပေးရတာမျိုး အဖြစ်မခံတော့ဘူး” လီယ ခပ်အေးအေးပြောခဲ့ပြီး သူ့မျက်လုံးများက ပြတ်သားနေခဲ့သည်။

သူ့အကြည့်က‌‌ေတာ့ မိုးကုတ်စက်၀ိုင်းဆီသာ ရောက်ရှိနေပြီး ထိုနေရာတွင် တိမ်မည်းများဖြစ်ထွန်းနေကာ မကောင်းနိမိတ်ဆိုးလက္ခဏာမှန်း ထင်ရှားနေခဲ့၏။

ထိုစဉ် သေမျိုးတောင်ထွတ်ကမ္ဘာ ဒင်ထျန်းတောင်ထွတ်ရှိ လမ်းပေါ်တွင်

ကုအန်သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ ရှေ့ဆက်သွားနေခဲ့ပြီး အန်းရှင်းကတော့ နွားသိုးရှေ့မှ‌ဉီးဆောင်ကာသွားနေရင်း မကြာခဏဆိုသလို နောက်လှည့်လှည့်ကာ နွားသိုးနှင့် ရယ်‌ရယ်မောမော စကားပြောနေခဲ့သည်။

ထိုစဉ် ကုအန်လီယကို နတ်အာရံုကြည့်နေတာရပ်လိုက်ပြီး အန်းရှင်းကို ပြန်အာရုံစိုက်လိုက်သည်။

“မင်းဒီနေ့ ဆေးပင်ဘယ်နှစ်မျိုး မှတ်မိသွားလိုက်လဲ”

ကျိရှောင်ယု ပင်လယ်အောက်လျှို့ဝှက်နယ်မြေသို့ထွက်ခွာသွားခဲ့သည်မှာ ၈ နှစ်ပင်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သူမထို၈နှစ်အတွင်း တတိယတောင်ကြားသို့ ပြန်မလာခဲ့ပေ။

ဤ၈နှစ်အတွင်း ကုအန် အန်းရှင်းကို စွမ်းအင်စုပ်ယူကာ ကျင့်ကြံခြင်းနှင့် ခေတ်ပြောင်းခြေလှမ်းမှလွဲဘာနတ်သိုင်းမှ ထပ်သင်မပေးခဲ့ပေ။ သူမသည် နေ့စဉ် စွမ်းအင်စုပ်ယူခြင်းနှင့် ခေတ်ပြောင်းခြေလှမ်း လေ့ကျင့်ခြင်းကိုသာ လုပ်ဆောင်ခဲ့ရသည်။

မျက်နှာဖုံးတပ်ထားသော အန်းရှင်း ပြန်လှည့်ကာ ပြောလိုက်၏။

“ဆရာ စိတ်ချပါ ကျွန်မအားလုံးမှတ်မိပါတယ်”

“ကောင်းတယ် ပြန်ရင် အဲ့တာတွေကို စာအုပ်တစ်အုပ်ထဲရေးမှတ်ထား ဒါဆိုအခြားတပည့်တွေလည်းဖတ်ပြီး အနာဂတ်မှာဗဟုသုတတိုးနိုင်တာပေါ့” ကုအန် ခေါင်းညိတ်ပြလိုက်သည်။

အန်းရှင်းပြန်ပြောရန်ပြင်လိုက်စဉ်တွင် ပုံရိပ်နှစ်ခု သူတို့ရှေ့သို့ ဆင်းသက်လာခဲ့ကြ၏။

ထိုသူများကိုမြင်သောအခါ အန်းရှင်းတောင့်တင်းသွားခဲ့သည်။

ထိုသူများမှာ တာအိုအရှင်ယုံနျန်နှင့်ဖူရှန်းရွှီတို့သာ ဖြစ်ကြ၏။

ထိုသူများသည် အထွတ်အထိပ်အမတရတနာအတွက်ရောက်လာခြင်းဟု အန်းရှင်းထင်လိုက်မိသည်။

တာအိုအရှင်ယုံနျန်လက်မြှောက်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။

“တာအိုမိတ်ဆွေမှာ အချိန်ရှိမလားသိပါရစေ ကျွန်တော်နဲ့ကျွန်တော့်တပည့်မှာ တောင်းဆိုစရာလေးတစ်ခုရှိနေလို့ပါ”

ထိုစကားကြားသောအခါ ကုအန် တုန့်ပြန်လိုက်၏။

“တိုက်ရိုက်ပဲပြောပါ တောင်ထွတ်သခင် ဘာကိစ္စများရှိလို့လဲ”

တာအိုအရှင်ယုံနျန် ဖူရှန်းရွှီကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ချင်ထျန်းတောင်ထွတ်က ကျွန်တော့်တပည့်နဲ့ရေစက်ရှိမနေကတည်းက ကျွန်တော်သူ့အတွက်အခြားအခွင့်အလမ်းကြီးတစ်ခု ရှာဖွေပေးခဲ့ပါတယ် အဲ့တာကတော့ ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေမှာ ရှိတဲ့အရာပါပဲ အဲ့တာကို ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်လို့ခေါ်တဲ့ ရှေးဟောင်းကျင့်ကြံသူတစ်ယောက်က ချန်ထားခဲ့တာပါ နှစ်တစ်သောင်းကြာတိုင်း သူက တစ်ကြိမ်ဖွဲ့တည်ပါတယ် သူ့တည်နေရာက အတည်တကျမဟုတ်ပေမယ့် ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေမှာပဲ ပေါ်တယ်ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်…”

ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်!

ဤအရာကိုသူပထမဆုံးကြားဖူးခြင်းဖြစ်ပြီး စိတ်၀င်စားသွားခဲ့၏။

တာအိုအရှင်ယုံနျန်ပြောပုံအရ ထိုရှေးဟောင်းစွမ်းအားကြီးပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းကို ဘယ်သူမှမသိခဲ့ကြပေ။ သူမသေဆုံးခင်တွင်သူက နတ်စွမ်းအားသုံးကာ သူ့အထွတ်အထိပ်အမတရတနာကိုသန့်စင်ပြီး ပင်လယ်ပြင်အောက်တွင် နှစ်မြုပ်ခဲ့သည်။ ထိုနှစ်မြုပ်ခဲ့သောနေရာက ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေ ဖြစ်၏။

တစ်ယောက်ယောက်က ထိုရတနာကိုမတော်တဆရှာ‌တွေ့သွားမိသောအခါမှသာ ဤအခွင့်အလမ်းကပေါ်လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်သည် ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုသန်မာအောင်လုပ်ပေးနိုင်သောရတနာဖြစ်သောကြောင့် မိစ္ဆာများကပင် ထိုအရာကို လိုချင်နေခဲ့ကြသည်။

နောက်ပိုင်းတွင် မြင့်မြတ်ခုံရုံးက ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေကို အုပ်ချုပ်လိုက်ပြီး ဤနေရာက ပိုင်ရှင်မဲ့နယ်မြေတစ်ခုဟု ကြငြာခဲ့သည်။ ဘယ်ဂိုဏ်းမှ ထိုနယ်မြေကိုသိမ်းယူခွင့်မရှိဘဲ ရတနာကိုဘယ်သူရရှိမလဲဆိုတာက ထိုသူ၏ခွန်အားအပေါ်တွင်သာ မူတည်နေ၏။

ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေက ထူးခြားချက်များကိုကြားသောအခါ ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်ပေါ်လာပြန်ပြီဟု သိသွားပြီး ချက်ချင်းပင် တာအိုအရှင်ယုံနျန် ကုအန်ကိုတွေးမိသွားခဲ့သည်။

“တာအိုမိတ်ဆွေမုန့် မိတ်ဆွေသာလှုပ်ရှားပေးမယ်ဆိုရင် ကျွန်တော်လေးလေးနက်နက်ကျေးဇူးတင်နေမိမှာပါ” ကုအန်သည် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကိုကျော်လွန်နေသူဟု ယုံကြည်သောကြောင့် တာအိုအရှင်ယုံနျန်လေးလေးနက်နက်ပြောလိုက်လေသည်။ ထိုကဲ့သို့သော ကြီးမြတ်သည့်ကျင့်ကြံသူကသာ သူတို့ကိုကူညီမည်ဆိုလျှင် သူတို့ ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်ကို ဘာအခက်အခဲမှမရှိဘဲ ရယူနိုင်မည် ဖြစ်သည်။

ကုအန်တွန့်ဆုတ်ချင်ယောင်ဆောင်လိုက်ပြီး

“ဒါက အခြားဂိုဏ်းတွေကိုအပြစ်ပြုမိမှာလား”

တာအိုအရှင်ယုံနျန်ဖြေလိုက်၏။

“ရတနာကိုသာ ရခဲ့ရင် မတန်ဘူးလား ကျွန်တော်ကြားတာတော့ တာအိုမိတ်ဆွေက ဆေးပင်တွေစိုက်ပျိုးရတာ ကြိုက်တယ်လို့ ကြားမိပါတယ် ကျွန်တော် ပင်မတောင်ထွတ်က အမတအဆင့်ဆေးပင်တစ်သုတ် ဒင်ထျန်းတောင်ထွတ်ကို ပို့လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ”

“တာအိုမိတ်ဆွေက ကြင်နာလွန်းနေပါပြီ သေမျိုးတောင်ထွတ်ကမ္ဘာကသာ ကိစ္စတစ်ခုခုရှိနေရင် ကျွန်တော်၀င်လှုပ်ရှားပေးပါမယ်လို့ပြောပြီးသားပါ ကျွန်တော်တို့ ဘယ်တော့စထွက်ကြမလဲ”

ကုအန်လေးလေးနက်နက်ပြောလိုက်ရာ တာအိုအရှင်ယုံနျန်မျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်ပေါက်လာခဲ့သည်။

ဖူရှန်းရွှီနှုတ်ခမ်းများလည်း တွန့်ကွေးသွားခဲ့သော်လည်း ဘာမှတော့ မပြောခဲ့ပေ။ ချင်ထျန်းတောင်ထွတ်ကို ကုအန်ယူသွားသောကြောင့် သူကုအန်အပေါ် မကျေမနပ်တော့ဖြစ်နေခဲ့သည်။ သို့သော်လည်း ထိုခံစားချက်ကို ဖိနှိပ်ထားရုံသာ တက်နိုင်ခဲ့၏။

“သုံးရက်အတွင်းဆိုရင်ရော” တာအိုအရှင်ယုံနျန်မေးလိုက်သည်။

“ပြဿနာမရှိပါဘူး သုံးရက်ကြာရင် ကျွန်တော်တို့ထွက်ခွာကြတာပေါ့”

တာအိုအရှင်ယုံနျန် ကုအန်ကိုကျေးဇူးထပ်တင်လိုက်ပြီး ဖူရှန်းရွှီကိုခေါ်ကာ ထွက်ခွာသွားခဲ့၏။

အန်းရှင်းကုအန်ဘက်ကြည့်ကာ တစ်ခုခုမေးချင်နေသော်လည်း တွန့်ဆုတ်နေခဲ့မိသည်။

ကုအန်သူမကိုတစ်ချက်ကြည့်ကာ သာမန်အတိုင်းမေးလိုက်၏။

“လိုက်ကြည့်ချင်လား”

အန်းရှင်းအလိုလိုခေါင်းညိတ်မိလိုက်သော်လည်း တစ်ခုခုကိုတွေးမိသွားသောအခါ ခေါင်းယမ်းလိုက်ပြီး

“မလိုက်တာပိုကောင်းပါတယ် ကျွန်မဆရာ့ကို ဒုက္ခပေးမိလိမ့်မယ် ကျွန်မမလိုက်တော့ဘူး”

“ဆရာမင်းကို အဲ့ဒီကိုခေါ်သွားနိုင်ပါတယ်…”

“တကယ်လား”

အံ့အားသင့်မှုများ အန်းရှင်းမျက်လုံးထဲ လင်းလက်သွားခဲ့သည်။

ကုအန်ပြန်ပြောလိုက်၏။

“တကယ်လို့ မင်းသွားမယ်ဆိုရင် ဆရာသင်ပေးထားတဲ့ ခေတ်ပြောင်းခြေလှမ်းကိုတော့ ကြိုးကြိုးစားစားလေ့ကျင့်ရမယ်နော် အလေလိုက်နေလို့မရဘူး”

ထိုစကားကိုကြားသောအခါ အန်းရှင်း တွန့်ဆုတ်သွားသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်လေသည်။

ခေတ်ပြောင်းခြေလှမ်းသည် အတော်လေးနက်နဲလှပြီး နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက်မှာပင် ထိုသိုင်းကိုလေ့ကျင့်တိုင်း သူမမသက်မသာခံစားနေခဲ့ရသည်။ ထို့ကြောင့် ကုအန်သူမကို မတိုက်တွန်းနေတိုင်း သူမသည် ချီစွမ်းအင်စုပ်ယူရတာကိုသာ ပိုကြိုက်နှစ်သက်နေခဲ့၏။

All Chapters