← Chapters

အခန်း (၃၃၅-၃၃၆)

Vol. 26 Ch. 335-336

အခန်း (၃၃၅-၃၃၆)

Vol. 26 Ch. 335-336

အပိုင်း(၃၃၅)

ဆက်ခံသူ (၁)

သုံးရက်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ထိုနေ့မနက်တွင် ကုအန် အန်းရှင်းကိုခေါ်ကာ သေမျိုးတောင်ထွတ်ကမ္ဘာဆီရောက်လာခဲ့ပြီး သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုတော့ မခေါ်ခဲ့သောကြောင့် နွားသိုးစိတ်ပျက်နေခဲ့၏။

ကုအန် နွားသိုးကိုခေါ်မသွားရသည့် အကြောင်းအရင်းမှာ ပင်လယ်မိစ္ဆာနယ်မြေတွင် သူ့အသိအကျွမ်းများရှိနေ၍ ဖြစ်ပြီး ထိုသူများ မှတ်မိသွားမှာ ကြောက်၍ ဖြစ်ပေသည်။

အန်းရှင်းကတော့ သူ့အထူးမျက်နှာဖုံးကိုတပ်ထားသောကြောင့် သူမကို မှတ်မိစရာအကြောင်းမရှိပေ။

ထို့အပြင် သူမသည် အရာအားလုံး၏ပုံသဏ္ဍာန်နှင့်စွမ်းအင်ပညာရပ်ကို ကျင့်ကြံသောကြောင့် သူမအရှိန်အဝါကိုလည်း ဖုံးကွယ်နိုင်၏။ အဆင့်မြင့်ကျင့်ကြံသူများကြားထဲတွင် လူတစ်ယောက်၏ သရုပ်မှန်ကို ပုံစံနှင့်မခွဲဘဲ အရှိန်အဝါဖြင့်သာ ခွဲတတ်ကြသည်။

ဒင်ထျန်းတောင်ထွတ်သို့ရောက်ပြီးနောက် ကုအန် အခန်းထဲတွင်စာဖတ်နေခဲ့ပြီး အန်းရှင်းကတော့ ပြတင်းပေါက်ကိုမကြာခဏကြည့်ကာ တာအိုအရှင်ယုံနျန်တို့ရောက်လာမည့်အချိန်ကို စောင့်နေခဲ့၏။

မွန်းတည့်ခါနီးအချိန်တွင် တာအိုအရှင်ယုံနျန်ရောက်လာခဲ့ပြီး သူနှင့်အတူ ဖူရှန်းရွှီသာမကဘဲ အမျိုးသမီးကျင့်ကြံသူတစ်ယောက်လည်း ပါလာခဲ့သည်။

ထိုအမျိုးသမီးသည်လည်း အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးဖြစ်ပြီး ဖူရှန်းရွှီလောက်အဆင့်မမြင့်သော်လည်း သူမကို ထည့်ပေးလိုက်ခြင်းမှာ လမ်းပြဖို့အတွက်ဖြစ်မှန်း ထင်ရှားနေခဲ့သည်။

ထို့နောက် တာအိုအရှင်ယုံနျန်မိတ်ဆက်ပေးခဲ့၏။

“ဒါက ကျွန်တော့် ဆရာတူညီမလေးပါ သူ့တာအိုနာမည်ကတော့ ယုံရှင်းဖြစ်ပြီးတော့ နတ်သမီးယုံရှင်းလို့လည်း သိကြပါတယ် ဒီတစ်ခေါက် ပင်လယ်မိစ္ဆာနယ်မြေကိုသွားမယ့်ခရီးမှာ သူကလမ်းပြပေးပါလိမ့်မယ် ကျွန်တော်ကတော့ မျှော်လင့်မထားတဲ့ ပြဿနာတွေဖြစ်မလာအောင် တောင်ထွတ်က ခွာလို့မရလို့ပါ”

နတ်သမီးယုံရှင်းလည်း ကုအန်ကို လက်ဆီးဆုပ်ကာ အရိုအသေပေးလိုက်လေသည်။

“ဒါဆို သွားကြတာပေါ့” ကုအန်တိုက်ရိုက်သာ ပြောလိုက်၏။

ထိုကိစ္စကို ဒီနေ့‌ဖြေရှင်းနိုင်လျှင် သူ့အတွက်အကောင်းဆုံးသာဖြစ်ပေသည်။ အပြင်ကမ္ဘာဂူထဲတွင် ရင့်မှည့်ခါနီးသောဆေးပင်များက သူ့ကိုစောင့်ကြိုနေကြချေပြီ။

နတ်သမီးယုံရှင်းလည်း မငြင်းခဲ့ပေ။ သူတို့အုပ်စု ခြံ၀န်းထဲဆီရောက်လာပြီးနောက် ယုံရှင်း အနီရောင်စံအိမ်တစ်လုံးကို ထုတ်လိုက်၏။ ထို့နောက်တွင်တော့ စံအိမ်ကလျင်မြန်စွာ ပြန့်ကားလာပြီး သူတို့အားလုံးစံအိမ်ထဲ၀င်ပြီးကြချိန်တွင် အနီရောင်စံအိမ်က ကောင်းကင်ပေါ်ပျံတက်သွားကာ မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားခဲ့လေသည်။

တာအိုအရှင်ယုံနျန်ကတော့ ခြံ၀န်းထဲရပ်နေရင်း ထွက်ခွာသွားသော စံအိမ်နီကိုကြည့်ကာ သူ့မျက်၀န်းထဲ စိတ်ပူမှုတစ်စွန်းတစ်စရှိနေခဲ့၏။

ထိုစဉ်

စံအိမ်နီ၏ ခန်းမကြီးထဲတွင် နတ်သမီးယုံရှင်းကုအန်ကို စားပွဲတွင်လာထိုင်ကာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့ပြီး အန်းရှင်းကတော့ ပတ်ပတ်လည်ကို စိတ်၀င်တစားကြည့်ရှုနေခဲ့သည်။

“မင်းလွတ်လွတ်လပ်လပ်လျှောက်ပတ်ကြည့်လို့ရပါတယ် ဒီနေရာမှာ အန္တရာယ်ဖြစ်စရာဘာမှမရှိပါဘူး” ယုံရှင်း အန်းရှင်းကို ငြင်သာစွာပြုံး၍ ပြောလိုက်၏။

သူမသည် မင်သက်ရှူမောလောက်အောင်လှတာမျိုးမဟုတ်သော်လည်း သူမအပြုံးက ချိုသာလှပြီး သူမကိုမြင်သူတိုင်းက စိတ်ကောင်းနှလုံးသားရှိသူဟု သတ်မှတ်နိုင်သည့်သူမျိုး ဖြစ်ပေသည်။

အန်းရှင်း ကုအန်ကိုတစ်ချက်ကြည့်လိုက်ပြီး ကုအန်ခေါင်းညိတ်ပြမှသာ သူမ ထွက်ခွာသွားရဲခဲ့၏။

ဖူရှန်းရွှီလည်း ကုအန်၏ မျက်နှာချင်းဆိုင်တွင်ထိုင်နေရင်း သူ့အမူအရာက တည်ငြိမ်နေခဲ့သည်။

“ပင်လယ်မိစ္ဆာနယ်မြေမှာ အပူအပင်မဲ့ကမ္ဘာဉီးအမတတစ်ပါးပေါ်ထွက်လာတာကို မြင်ခဲ့ရပြီးပြီ ပြောကြတာတော့ အဲ့ဒီနေရာမှာ မဟာမိစ္ဆာတစ်ကောင်မွေးဖွားခဲ့ပြီး အဲ့ကောင်က နှစ်ပေါင်းသိန်းချီကျင့်ကြံပြီးတဲ့နောက် အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် မိစ္ဆာဖြစ်လာပြီး အခြားမိစ္ဆာစစ်သားတွေကို အုပ်ချုပ်နေတယ်တဲ့ သူတို့က အထင်သေးလို့မရတဲ့ အုပ်စုပဲ” ယုံရှင်းပြောလိုက်၏။

ကုအန်အရင်ကတည်းက ထိုနယ်မြေကို နတ်အာရုံသုံးကာ စစ်ဆေးပြီးသားဖြစ်ပြီး ထိုနေရာတွင် အမတလမ်းစဉ်အဆင့်များ ရေတွက်မရအောင်ရှိနေတာကို သိပြီးသား ဖြစ်သည်။ သို့သော် ထိုသူများက သူ့အတွက်တော့ အသေးအမွှားသာ ဖြစ်၏။

နတ်သမီးယုံရှင်း ပင်လယ်မိစ္ဆာနယ်မြေရှိ လတ်တလောဖြစ်ရပ်များကို ပြောပြနေရင်း ကုအန်အမူအရာကို အကဲခပ်နေခဲ့သည်။

ကုအန်က ပုံမှန်အတိုင်းရှိနေမှသာ သူမစိတ်အေးသွားခဲ့ရ၏။

သူသည် အမှန်တကယ်ပင် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးသာ ဖြစ်ရပေမည်။

သေမျိုးတောင်ထွတ်ကမ္ဘာသမိုင်းတွင် အံ့ဖွယ်ဓမ္မနတ်အမတများ ထွက်ပေါ်လာဖူးသော်လည်း ထိုအဆင့်သို့ရောက်သွားသူများသည် ကောင်းကင်ပြင်ပသို့ထွက်၍ အခွင့်အလမ်းရှာချင်ရှာ မဟုတ်လျှင် မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာရာထူးကိုသာ သွားယူကြလေ့ရှိပြီး သေမျိုးတောင်ထွတ်ကမ္ဘာတွင် အနည်းငယ်သာ ကျန်တတ်ပေသည်။

သူတို့ မုန့်လန်၏ သေမျိုးတောင်ထွတ်ကမ္ဘာကိုရောက်ရှိလာမှု ရည်ရွယ်ချက်အကြောင်း သေချာဆွေးနွေးခဲ့ကြပြီးသည့်နောက်တွင် သူ့ကို တဖြည်းဖြည်းဆွဲဆောင်သိမ်းသွင်းရန်သာ ဆုံးဖြတ်ခဲ့ကြ၏။

အကယ်၍ ဤခရီးကသာအဆင်ပြေချော‌မွေ့သွားခဲ့လျှင် နောင်အချိန်တွင် မုန့်လန်သည် သူတို့နှင့်အတူ သေမျိုးတောင်ထွတ်ကမ္ဘာတွင် အတူတူရပ်တည်သွားပေလိမ့်မည်။

နတ်သမီးယုံရှင်း များစွာသော အပူအပင်မဲ့ကမ္ဘာဦးအမတများ၏ နာမည်များကို ထုတ်ပြောခဲ့သည်။ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် ထိုအဆင့်သို့ရောက်ရှိသူများသည် ဂုဏ်သိက္ခာကြီးမြင့်ကြသူများဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက်အနည်းဆုံးနာမည်လောက်ကိုတော့ သိရှိကြ၏။

နတ်သမီးယုံရှင်း ဤကြီးမြတ်သည့်ကျင့်ကြံသူ မုန့်လန်ကိုတော့ တစ်ခါမှမကြားဖူးခဲ့ဘဲ ထိုလူကဘယ်နေရာမှ ပေါ်လာသလဲ မသိခဲ့ပေ။ မုန့်လန်ဟူသော နာမည်က အမည်ဝှက်တစ်ခုသာ ဖြစ်မည်ဟု သူမသံသယရှိသော်လည်း ထိုအကြောင်းကို ထုတ်တော့ မပြောခဲ့ပေ။

သူမပြောပြီးသည့်နောက် ကုအန် တိတ်ဆိတ်နေသော ဖူရှန်းရွှီကိုကြည့်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ မြေကြီးဒြပ်စင်စိတ်ဝိညာဉ်က အဲ့မှာရှိနေသေးသရွေ့ အဲ့တာက မင်းအပိုင်ဖြစ်လာမှာ သေချာတယ်”

ထိုစကားကိုကြားသောအခါ ဖူရှန်းရွှီကုအန်ကို အမြန်ကျေးဇူးတင်လိုက်၏။

သူရောထွေးနေသောခံစားချက်များကိုလည်း ခံစားနေခဲ့ရသည်။

ကုအန် သူ့ချင်ထျန်းတောင်ထွတ်ကိုယူသွားကတည်းက သူကုအန်ကိုစိတ်ဆိုးနေခြင်းဖြစ်ပြီး ယခုလိုကြားလိုက်ရသောအခါတွင်လည်း သူကုအန်ကို လေးစားအားကျသွားခဲ့ရပြန်သည်။

အမတလမ်းစဉ်အဆင့်များသည် ထိုကဲ့သို့သောစိတ်ထားမျိုးသာ ရှိနေသင့်ပေသည်။

ကုအန် ချင်ထျန်းတောင်ထွတ်ကို လက်တစ်ဖက်ဝေ့ယမ်းရုံဖြင့် ‌သိမ်းပိုက်သွားပုံကို တွေးမိသောအခါတွင် ဖူရှန်းရွှီမျက်လုံးများထဲ၌ လိုချင်တပ်မက်သည့် စိတ်ဆန္ဒများလက်လာခဲ့ပြန်၏။

တကယ်တော့ သူကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်ကို ချင်ထျန်းတောင်ထွတ်ထက်ပိုပြီး စိတ်၀င်စားပေသည်။

အခြားအထွတ်အထိပ်အမတရတနာများအားလုံးသည် အပြင်ပိုင်းစွမ်းအားများသာ ဖြစ်ကြ၏။ ပြောကြသည်မှာ အမတလမ်းစဉ်၌ အသန်မာဆုံးသူများသည် သူတို့အထွတ်အထိပ်အမတရတနာကို ကောင်းကင်ကိုးဆင့်ရောက်မှ ကိုယ်တိုင်ဖန်တီးသည်ဟု ဆိုကြသည်။ ဖူရှန်းရွှီကလည်း သူ့ကိုယ်သူထိုအဆင့်သို့ရောက်မည်ဟု ယုံကြည်ချက်ရှိနေခဲ့သည်။

ထို့ကြောင့် အပြင်ပန်းစွမ်းအားများထက် သူ့တကယ့်ခွန်အားတိုးတက်လာရေးကို သူပိုပြီး တန်ဖိုးထား၏။

နောက်စကားဝိုင်းတွင်တော့ ဖူရှန်ရွှီလည်း၀င်ပြောခဲ့ပြီး အချို့အပူအပင်မဲ့ကမ္ဘာဦးအမတများ၏ အသေးစိတ်အချက်အလက်များကိုပါ ၀င်ပြောပြခဲ့လေသည်။

ထိုအခါမှ နတ်သမီးယုံရှင်းလည်း စိတ်အေးသွားခဲ့ရသည်။ ကုအန်နှင့် ဖူရှန်းရွှီကြား ပဋိပက္ခတစ်ခုရှိသည်ကို သူမလည်းခံစားမိနေခဲ့ပြီး ကုအန်က အခုလို ဖူရှန်းရွှီကိုလျင်မြန်စွာ ထွက်ပေါက်တစ်ခုပေးလိုက်လိမ့်မည်လို့တော့ သူမမျှော်လင့်မထားမိခဲ့ပေ။

ကြည့်ရသည်မှာ နောက်ဆုံးတွင် ထိုပုဂ္ဂိုလ်သည် ဆက်ဆံရခက်မည့်ပုံတော့ ပေါ်မနေခဲ့ပေ။

အန်းရှင်းကုအန်ဘေးသို့ ပြန်ရောက်လာသောအခါ လေထုက သဟဇာတဖြစ်နေသည်ကို‌တွေ့လိုက်ရပြီး ထိုအရာကြောင့်တော့ သူမအံ့အားသင့်မသွားခဲ့ပေ။ သူမဆရာသည် အမြဲဆက်ဆံရေးကောင်းသူဖြစ်ပြီး နှစ်လိုဖွယ်ကောင်းသော ပေါင်းသင်းဆက်ဆံရေးမျိုး ရှိသူ ဖြစ်သည်။

“နတ်သမီးယုံရှင်းကို အရှိန်နည်းနည်းတင်ရအောင် ကူညီပေးပါရစေ” ကုအန်ပြုံး၍ပြောလိုက်၏။ ချက်ချင်းပင် ကုအန်၏ သမုဒ္ဒရာကြီးလိုကျယ်ပြန့်လှသော လင်းရှီကိုအာရုံခံလိုက်မိပြီး ယုံရှင်း မျက်နှာပြောင်းလဲသွားခဲ့သည်။

စံအိမ်နီ၏ ပျံသန်းနေသောအလျင်က တိုးမြင့်သွားခဲ့လေသည်။

နတ်သမီးယုံရှင်း သူမနှလုံးသားထဲကတုန်လှုပ်မှုကို ဖိနှိပ်ထားကာ မေးလိုက်၏။

“တာအိုမိတ်ဆွေ ပင်လယ်မိစ္ဆာနယ်မြေကိုရောက်ဖူးလား”

“မရောက်ဖူးပါဘူး ဒါပေမယ့် ကျွန်တော်အရင်က နတ်အာရုံနဲ့ကြည့်ဖူးတယ် ဒီပင်လယ်မိစ္ဆာနယ်မြေကမရိုးရှင်းဘူး နတ်သမီးယုံရှင်းသိတာ အပေါ်ယံပဲရှိသေးတယ် အတွင်းထဲမှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအတားအဆီးတစ်ခုဖြစ်လာမယ့် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးရှိနေသေးတယ်” ကုအန်ခေါင်းယမ်းကာ ပြုံး၍ ပြောလိုက်သည်။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတ!

ယုံရှင်းသူ့အမူအရာကို မထိန်းနိုင်တော့ဘဲ သူ့မျက်ခုံးများ အလိုလိုတွန့်ကွေးသွားခဲ့၏။

ဖူရှန်းရွှီလည်း ကြိတ်၍ တုန်လှုပ်သွားမိသည်။ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတကို သာမန်အတိုင်းပြောနိုင်လောက်အောင် ထိုလူ၏ တာအိုအဆင့်က မည်မျှမြင့်နေပါသနည်း။

အန်းရှင်း စိတ်၀င်စားမှုများဖြင့် ပြည့်သွားခဲ့သည်။

အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတဆိုတာ မည်သည့်အဆင့်ဖြစ်ပါသနည်း။

မြေလျှောက်အမတအထက်ရှိ အဆင့်ပေလော။

နတ်သမီးယုံရှင်းရော ဖူရှန်းရွှီရောကပါ ကောင်းကင်ဈာန်အမတအဆင့်အကြောင်းမပြောခဲ့ကြသောကြောင့် အန်းရှင်း ထိုအဆင့်ကို ‌မြေလျှောက်အမတအဆင့်ပြီးနောက် လာသည့်အဆင့်ဟု အထင်မှားသွားခဲ့သည်။

“သူက အံ့ဖွယ်ဓမ္မနယ်ပယ်အဆင့်၅ အထက်အဆင့်ဖြစ်နေမှာ ကြောက်မိတယ်…” နတ်သမီးယုံရှင်း ကြိတ်၍တွေးလိုက်မိပြီး ကုအန်ကိုကြည့်သော သူမအကြည့်များက လေးစားမှု စိတ်၀င်စားမှုများဖြင့် ပြည့်လာခဲ့သည်။

နောက်စကားဝိုင်းတွင် ယုံရှင်း ကုအန်ကို တာအိုမိတ်ဆွေဟု မခေါ်ရဲတော့ဘဲ စီနီယာ ဟုသာခေါ်ခဲ့၏။ ကုအန်လည်း ထိုနာမ်စားကိုမငြင်းဘဲ ကျေကျေနပ်နပ်ကြီး လက်ခံခဲ့လေသည်။

ထိုအရာက အန်းရှင်းကို ဂုဏ်ယူသွားစေခဲ့ပြီး သူမကိုယ်ကိုပိုမတ်ကာပင် ထိုင်နေခဲ့၏။

….

ဝုန်းးး

သမုဒ္ဒရာထက်တွင် နားကွဲလုမတတ် မိုးခြိမ်းသံများ ဟိန်းထွက်နေပြီး ရေလှိုင်းများက ဝုန်းဒိုင်းကြဲကာ မြင့်တက်လိုက် နိမ့်ဆင့်လိုက်ဖြစ်နေခဲ့ကြသည်။ ထိုစဉ် မိုးသက်မုန်တိုင်းကိုဖြတ်၍ လင်းယုန်တစ်ကောင် ပျံသန်းလာခဲ့သည်။

လီယအနက်ရောင်လင်းယုန်ပေါ်တွင်ရပ်ကာ မျက်ခုံးများတွန့်ကွေးသွားပြီး ခပ်တိုးတိုးရေရွတ်လိုက်၏။

“၀င်၀င်လာခြင်းတောင် ဒီလောက်ကြမ်းနေတာ အဲ့ဒီအဖိုးကြီးငါ့ကိုလှည့်စားလိုက်တာတော့ မဟုတ်ဘူးမလား”

သူ့ပုခုံးပေါ်က ကမ္ဘာခြားမြို့တော်အမတစိတ်ဝိညာဥ်‌ေခါင်းညိတ်ကာ ပြောလိုက်သည်။ “ငါသူ့ဆီက စတွေ့ကတည်းက မကောင်းတဲ့ခံစားချက်ရနေတာ သူ့ကိုယ်သူလည်း အမတရှာဖွေတာအိုပညာရှင်တဲ့ နာမည်ကကို ဖြီးဖြန်းတတ်တဲ့ပုံပေါက်နေတယ်”

လီယမျက်ခုံးများကို‌ေဖြလျှော့လိုက်ပြီး ပြောလိုက်၏။

“ရောက်နေပြီဆိုမှတော့ လက်ဗလာနဲ့တော့ပြန်မသွားနိုင်ဘူး ရတနာခန္ဓာအတွက်ကျင့်စဉ်ကို မတွေ့ဘူးဆိုရင် ချီသွေးကိုတိုးမြှင့်ပေးတဲ့ မိစ္ဆာရတနာတစ်ခုလောက်ရှာတာလည်း အကြံဆိုးတော့ မဟုတ်ဘူး”

ထို့နောက် သူ့ခါးမှ ရတနာဓားကိုထုတ်ကာ အောက်စိုက်၍ ‌ခုတ်ချလိုက်ရာ အေးစက်စက်အလင်းတစ်ချက် ထွက်ပေါ်လာခဲ့လေသည်။

ဝုန်းး!

ရုတ်တရက် ပင်လယ်ပြင်တွင်ကြီးမားသောပေါက်ကွဲမှုကြီးတစ်ခုထွက်ပေါ်လာကာ ကြောက်မက်ဖွယ်အနက်ရောင်အရိပ်ကြီးတစ်ခု ရေထဲမှ ထွက်လာခဲ့၏။ ထိုအရာကြီးက ထိုက်တောင်ကြီးလို ကြီးးမားကာခန့်ထည်လှပြီး လျင်မြန်စွာပင် တိမ်တိုက်များထဲ တိုး၀င်သွားခဲ့သည်။

လီယ ခြေထောက်အောက်ရှ်ိ လင်းယုန်လည်း ချက်ချင်းအရှိန်လျှော့လိုက်ပြီး ထိုအရာကြီးနား အလျင်စလို ချဉ်းကပ်မသွားရဲခဲ့ပေ။

အပိုင်း(၃၃၆)

ဒါပဲလား

အန်းရှင်း ကုအန် နတ်သမီးယုံရှင်းနှင့် ဖူရှန်းရွှီတို့ အိမ်အစွန်မှ ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေကို ကြည့်ရှုနေခဲ့ကြသည်။

ဤနယ်မြေကို မိစ္ဆာစွမ်းအင်များက ဖုံးလွှမ်းနေသော်လည်း ဤ‌နယ်မြေရှိ ကြောက်မယ်ဖွယ်လှိုင်းများ မိုးကြိုးများကိုတော့ မိစ္ဆာစွမ်းအင်များက ဖုံးကွယ်မထားနိုင်ခဲ့ပေ။ တစ်ခါတစ်ရံတွင် တောင်တစ်လုံးလောက်ကြီးမားသော မိစ္ဆာသားရဲများကလည်း ပင်လယ်ထဲမှထိုးတက်လာကာ ဟိန်းဟောက်တတ်သေးသည်။ ထို့ကြောင့် ဤ‌နယ်မြေက အလွန်ဖရိုဖရဲဖြစ်နေခဲ့လေသည်။

“ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်က တုလှိုင်းမဲ့တဲ့လှိုင်းတွေ ဖုံးလွှမ်းထားတဲ့နေရာတစ်ခုမှာ ပေါ်လာတတ်တာ ရှာရလွယ်ပါတယ် ဒါပေမယ့် ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်က ထွက်ပြေးသွားနိုင်စွမ်းရှိတယ် တကယ်လို့ မြန်မြန်မဖမ်းနိုင်ရင်သူက ပင်လယ်ရေအောက်ထဲ ထိုးဆင်းသွားလိမ့်မယ် အဲ့တာဆို နောက်တစ်ခါပြန်ပေါ်လာတဲ့အခါမှ ပြန်ရနိုင်တော့မှာ” နတ်သမီးယုံရှင်းပြောလိုက်သည်။

ကုအန် အသာအယာခေါင်းညိတ်ပြလိုက်၏။ ဤနယ်မြေတွင် ရေများထဲ၌ ရောစပ်ပျံ့နှံ့နေသော သန်မာသည့်နတ်အတွေးတစ်ခုကို သူအာရုံခံမိခဲ့ပြီး ထိုနတ်အတွေးက ဖွဲ့တော့မဖွဲ့တည်နိုင်လာခဲ့ပေ။ ကြည့်ရသည်မှာ နတ်သမီးယုံရှင်းပြောသည့် ကြီးမြတ်သောရှေးဟောင်းကျင့်ကြံသူက အနည်းဆုံး နတ်အတွေးအစစ်အမှန်အမတအဆင့်တော့ ရှိသည့်ပုံပင်။

နတ်အတွေးအစစ်အမှန်အမတတစ်ပါးပင် သေဆုံးသွားခဲ့ရအောင် ထိုလူသည် မည်ကဲ့သို့သောကပ်ဘေးမျိုးကို ရင်ဆိုင်ခဲ့ရပါသနည်း။

တွေးနေစဉ် ကုအန်နတ်အတွေးက ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့၏။ ဤနယ်မြေကြီးသည် အလွန်ကြီးမားကာ ပင်လယ်ချိုးဖျက်နယ်မြေထက်ပင် ကြီးပြီး အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်မှချီကျင့်ကြံခြင်းအဆင့်အထိ မရေတွက်နိုင်သော မိစ္ဆာမျိုးစုံလည်း ရှိနေခဲ့သည်။

နယ်မြေထဲတွင် သူ့နတ်အတွေးတိုက်ရိုက်ဖောက်မကြည့်နိုင်သောနေရာများလည်း ရှိနေခဲ့ပြီး ထိုနေရာများကို အားကောင်းသောစည်းများဖြင့် ကာကွယ်ထားခဲ့သည်။အကယ်၍ သူသာ အားသုံး၍ အတင်းဖောက်ကြည့်လိုက်လျှင် ဖောက်၍ရသွားမည်ဖြစ်သော်လည်း ထိုအခါစည်းများကပျက်ဆီသွားကာ အတွင်းရှိကမ္ဘာငယ်လေးလည်း ကြေမွသွားရပေလိမ့်မည်။

ထို့နောက် ကုအန်နတ်အတွေးက အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတဆီရောက်ရှိသွားခဲ့သည်။

ဤလူသည် ကျွန်းတစ်ကျွန်းထဲတွင်ပုန်းနေခြင်းပြီး သူ့ကို ကျွန်းတစ်ကျွန်းစာလောက်ကြီးသော ကောင်းကင်ဈာန်အမတအဆင့်နှင့်ညီသည့် ပင်လယ်မိစ္ဆာများက ၀န်းရံထားခဲ့သည်။

ထိုကျွန်းဘေးမှ မြေလျှောက်အမတတစ်ပါးဖြတ်သွားစဉ်က ထိုအမတကို အနက်ရောင်ဧရာမဝေလငါးကြီးက ရုတ်တရက် ဝါးမြိုပစ်လိုက်ပြီး အလွန်လျင်မြန်လှသောကြောင့် သူ့မူလဝိညာဉ်ပင် လွတ်မြောက်မသွားနိုင်ခဲ့ပေ။

ထိုသူမှာ နတ်သမီးလေးလိုလှသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ဖြစ်နေလေရာ နှမြောစရာပင်။

ကုအန်တွေးနေရင်း နတ်သမီးယုံရှင်းကို တုန့်ပြန်လိုက်၏။

သူ့နတ်အတွေးက အလျင်အမြန်ပင် သာမန်မဟုတ်သော အလင်းရောင်များတောက်နေသည့်နေရာတစ်ခုကိုတွေ့သွားခဲ့ပြီး နတ်သမီးယုံရှင်းကို ထိုနေရာဆီသွားဖို့ လမ်းညွှန်လိုက်လေသည်။

ကုအန်ဘေးတွင်ရပ်နေသည့် အန်းရှင်းကတော့အရာရာကိုစိတ်ဝင်တစားသား လိုက်ကြည့်နေခဲ့၏။

ထိုမျှသိပ်သည်းလှသော မိစ္ဆာချီများ!

အကယ်၍ သူမသာ ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေထဲ ပြုတ်ကျသွားခဲ့လျှင် သူမအတွက် အသက်ရှင်အောင်ကြိုးစားဖို့အတွက် သေလိုက်တာကသာ ပိုကောင်းသွားပေလိမ့်မည်။

ဝုန်ုးးးး

အဝေးရှိ ပင်လယ်ရေမျက်နှာပြင်ပေါက်ကွဲထွက်သွားကာ ရေထဲမှ ဆယ်မိုင်လောက်ရှည်သည့် အနီရင့်ရင့်ငါးကြီးတစ်ကောင် ခုန်တက်လာခဲ့လေသည်။ သေချာအနီးကပ်ကြည့်ပါက ထိုငါးကြီး၏ ကိုယ်တွင်ရစ်ပတ်ထားသော စက်ကွင်းနှစ်ခုရှိသည်ကိုလည်း မြင်နိုင်ပေသည်။ အန်းရှင်းအကြည့်က ထိုငါးကြီးဆီရောက်သွားချိန်တွင် ငါးကြီးချေမွခံလိုက်ရတာ သွေးများအသားများပြန့်ကျဲသွားသည်ကို တွေ့လိုက်ရသောကြောင့် သူမကြက်သီး‌ေမွှးညှင်းထသွားခဲ့ရ၏။

ကုအန် နတ်သမီးယုံရှင်းနှင့် ဖူရှန်းရွှီကတော့ ထိုအရာနှင့်ပတ်သက်ပြီးအသားကျနေကြပုံပင်။

ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေထက်တွင် ပင်လယ်ချိုးဖျက်နယ်မြေက ပင်မမြို့တော်နှင့်တူသည့် မြို့များရှိနေသည်ကိုလည်း ကုအန်သတိထားမိပြီး ဤအရာက ဤနယ်မြေကို မြင့်မြတ်ခုံရုံးကထိန်းချုပ်ထားသည်ကို ညွှန်ပြနေခဲ့သည်။

အခြားဂိုဏ်းများကို သိမ်းပိုက်ခွင့်မပေးဘဲ ဤနေရာရှိ စည်းမျဉ်းများကို သူတို့ကသာပြဌာန်းကြ၏။

ဤနေရာတွင် ကောင်းကင်ဈာန်အမတများဦးဆောင်ပြီး တိုက်ခိုက်နေကြသည့် အဖွဲ့များရှိကြသော်လည်း ထိုသူများသည် မြေကမ္ဘာဒြပ်စပ်စိတ်ဝိညာဉ်ရှိသည့်နေရာတွင်တော့ တိုက်ခိုက်မနေကြတာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ ထိုသူများသည် ဤနေရာကို မြေကမ္ဘာဒြပ်စင်စိတ်ဝိညာဉ်အတွက်ရောက်နေခြင်းမဟုတ်တာ ထင်ရှားလှသည်။

သေချာဂရုစိုက်ကြည့်ပါက ထိုသူများပေါ်တွင် လုရှန်းယီပေါ်ကချီကံကြမ္မာမျိုးရှိနေမှန်း ခံစားမိနိုင်ပေသည်။

တခဏအကြာတွင် သူတို့ မိုင်တစ်သောင်းခန့်ကျယ်၀န်းသော အပြာရောင်အလင်းတောက်နေသည့် နယ်မြေတစ်ခုဆီ ရောက်ရှိလာခဲ့သည်။

အပြာရောင်အလင်းနယ်မြေထဲတွင် အပူအပင်မဲ့ကမ္ဘာဦးအမတနှစ်ပါးပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြ၏။ သူတို့နတ်သိုင်းများက အလွန်စွမ်းအားကြီးကာ ပြင်းထန်လှသော်လည်း ထိုစွမ်းအားလှိုင်းများက အပြာရောင်အလင်းကိုကျော်ပြီးတော့ အပြင်နယ်မြေဆီ ရောက်မသွားနိုင်ခဲ့ပေ။

ကုအန်အကြည့်က ကျိုးချီကျန်းဟုခေါ်သော နတ်လက်နက်တစ်ခုကိုင်ဆွဲထားကာ ချပ်၀တ်၀တ်ဆင်ထားပြီး သူ့ကိုယ်တွင်မီးဖီးနစ်တစ်ကောင်ရစ်ဝိုင်းနေသည့် လူတစ်ယောက်ဆီ ရောက်ရှိသွားခဲ့သည်။ ထိုလူသည် ထည်ဝါကာ လွှမ်းမိုးနိုင်လွန်းသော နတ်သိုင်းများကို အသုံးပြုနေခဲ့၏။

သူ့လက်ထဲတွင်မူ အပြာရောင်သလင်းကျောက်တုံးတစ်တုံးကို ကိုင်ထားခဲ့သည်။

ဒါက မြေကမ္ဘာဒြပ်စင်စိတ်ဝိညာဉ်ဆိုတာသေချာတယ်!

ကုအန် သလင်းကျောက်ထဲတွင် ပင်လယ်ထဲရှိ နတ်အ‌တွေးနှင့်တူသည့် နတ်အတွေးတစ်စကိုလည်းခံစားမိခဲ့၏။

“ကျိုးမိသားစုက ကျိုးချီကျန်း” ဖူရှန်းရွှီ ကျိုးချီကျန်းကိုစိုက်ကြည့်ပြီး ထုတ်ပြောလိုက်သည်။

နတ်သမီးယုံရှင်းပြုံးကာပြောလိုက်၏။

“ကျိုးချီကျန်းနဲ့ ဖူရှန်းရွှီက ကံကြမ္မာသတ်မှတ်ထားတဲ့ ပြိုင်ဘက်တွေပဲ အဓိကအဆင့်ကြီးတစ်ဆင့်ရောက်တိုင်း တိုက်ခိုက်ကြတယ်”

အန်းရှင်း သူတို့နှစ်ယောက်ကိုကြည့်ကာ နောက်ဆုံးအကြိမ်ကဘယ်သူနိုင်သွားလဲဟု မေးချင်သော်လည်း မေးရမှာကြောက်နေခဲ့သည်။

ဖူရှန်းရွှီထုတ်ပြောလိုက်သည်။

“နောက်ဆုံးအကြိမ်က ငါရှုံးခဲ့တယ် ဒါပေမယ့်နောက်တစ်ကြိမ်တော့ ငါသူ့ကိုအနိုင်ယူမှာ”

သေမျိုးတောင်ထွတ်ကမ္ဘာကိုပင် ယှဉ်ပြိုင်နိုင်သည့် မိသားစုကြီးတစ်ခုရှိနေသေးလားဟု ကုအန် စိတ်၀င်စားသွားခဲ့၏။

နတ်သမီးယုံရှင်းသည် ကျိုးချီကျန်း၏ ဂိုဏ်းကိုမပြောဘဲ ကျိုးမိသားစုကိုသာထုတ်ပြောခဲ့ခြင်းက ထိုမိသားစု၏ ခွန်အားကိုညွှန်ပြနေခဲ့သည်။

အန်းရှင်းကတော့ ဘာလို့နောက်တစ်ကြိမ်လဲ အခုသွားတိုက်ခိုက်လို့မရဘူးလားဟု အလွန်မေးချင်နေခဲ့မိသည်။

နတ်သမီးယုံရှင်း ကျိုးချီကျန်းနှင့်တိုက်ခိုက်နေသည့် ဂိုဏ်းတစ်ဂိုဏ်း၏အဓိပတိအကြီးအကဲကိုလည်း မိတ်ဆက်ပေးခဲ့၏။

သူတို့တည်ရှိမှုက တိုက်ခိုက်နေကြသူများကို ဖိအား၀င်သွားစေခဲ့သည်။ အထူးသဖြင့် ကျိုးချီကျန်းက ဖူရှန်းရွှီ၏အရှိန်အဝါကိုခံစားမိသွားသော အခါတွင် ဖြစ်၏။

တခဏအကြာတွင် သူတို့နှစ်ယောက်တိုက်ပွဲအရှိန်ကို လျှော့ချလိုက်ကာ ရောက်ရှိလာသော တတိယအုပ်စုကို အာရုံစိုက်လိုက်ကြသည်။

နတ်သမီးယုံရှင်းနှင့်ဖူရှန်းရွှီတို့ ကုအန်ကိုကြည့်ကာ သူဘယ်လိုလှုပ်ရှားမလဲဆိုတာ စိတ်၀င်စားနေခဲ့ကြ၏။

အန်းရှင်းကတော့ ရှေ့ကိုသာ ကြောက်လန့်တကြားကြည့်ရှုနေခဲ့သည်။

အပြာရောင်အလင်းနယ်မြေသို့ ရောက်ရှိလာပြီးနောက် သူအပူအပင်မဲ့ကမ္ဘာဦးအမတများ၏စွမ်းအားကို အမှန်တကယ် ခံစားနိုင်သွားခဲ့၏။

ထိုအရာမှာ‌ကြောက်စရာကောင်းလွန်းလှသည်။ ထိုမျှလွှမ်းမိုးလှသော တိုက်ပွဲ စွမ်းအားမျိုးက ထျန်းပန်ပြိုင်ပွဲတွင်ပင် တစ်ခါမှပေါ်မလာဖူးခဲ့ပေ။

ထိုစဉ် ကုအန် သူ့ညာလက်ကိုမြှောက်လိုက်ကာ လက်သီးဆုပ်ဟန်လုပ်လိုက်ရာ ကျိုးချီကျန်း လေထဲတွင် ချက်ချင်းပျောက်ကွယ်သွားခဲ့၏။ သူနှင့်တိုက်ခိုက်နေသော အပူအပင်မဲ့ကမ္ဘာဦးအမတကလည်း ချက်ချင်းနောက်ဆုတ်သွားကာ ခပ်လှမ်းလှမ်းရှိ အိမ်နီကြီးကို လှမ်းကြည့်လိုက်လေသည်။

နတ်သမီးယုံရှင်းနှင့် ဖူရှန်းရွှီတို့လည်း ကုအန်ကိုကြည့်လိုက်ကြပြီး အပူအပင်မဲ့ကမ္ဘာဦးအမတနှစ်ပါး သတိအနေအထားဖြစ်သွားခဲ့ကြ၏။

အန်းရှင်းလည်း သူ့ဆရာကိုအလိုလိုလှည့်ကြည့်မိလိုက်ရာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ခုနက လွှမ်းမိုးနိုင်လွန်းခဲ့သော ကျိုးချီကျန်းသည် ကုအန်လက်ထဲတွင် ပိုးမွှားတစ်ကောင်လို ရောက်ရှိနေခဲ့၏။

ကျိူးချီကျန်း မော့ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ့ကြောက်စရာအကောင်းဆုံး လွတ်မြောက်နိုင်ခြင်းစွမ်းရည်က ယခုအခါ မမြင်ရသော ဘာမှန်းမသိသည့် အားလှိုင်းတစ်ခု၏ တားဆီးခြင်းကို ခံထားခဲ့ရ၏။

ထို့နောက် ကုအန် ဘယ်လက် လက်ညှိုးလက်ခလည်ကို ဆန့်ထုတ်လိုက်သည်။ ကျိုးချီကျန်း ငုံ့ကြည့်လိုက်သောအခါ သူ့ဘက်ထဲက ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်က ပျောက်ဆုံးသွားကာ ကုအန် လက်ချောင်းများကြားရောက်သွားသည်ကို တွေ့လိုက်ရ၏။

ကုအန် ထိုသလင်းကျောက်ကို သာမန်အတိုင်း ဖူရှန်းရွှီလက်ထဲ ပစ်ပေးလိုက်လေသည်။

ဖူရှန်းရွှီ ကြက်သေသေကာ ရပ်နေမိပြီး နတ်သမီးယုံရှင်းလည်း မျက်လုံးများပြူးကျယ်နေခဲ့၏။

ဒီလိုနဲ့ အောင်မြင်သွားတာလား!

ကုအန် သူ့လက်ဖဝါးပေါ်က ကျိုးယိကျင်းကို ပြန်လွှင့်ပစ်လိုက်သည်။

ကျိုးချီကျန်းလည်း ထိုအခါမှ လွတ်လပ်မှုပြန်လည်ရရှိသွားပြီး မူလအရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။

သူ့ကိုယ်သူပြန်ထိန်းလိုက်ပြီး သူကုအန်ကိုကြောက်ရွံ့မှုများ ပြည့်နေသောမျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

ကုအန်ကတော့ အမူအရာမဲ့စွာဖြင့် သူ့ကိုဘာမှမပြောခဲ့ဘဲ နတ်သမီးယုံရှင်းဘက်လှည့်ပြီးသာ ပြောလိုက်၏။

“ပြန်ကြစို့”

နတ်သမီးယုံရှင်းလည်း အသိစိတ်ပြန်၀င်သွားခဲ့ပြီး မသိစိတ်ဖြင့် အိမ်ကိုပျံသန်းဖို့ မှော်သိုင်းသုံးလိုက်လေသည်။

ကုအန် သူ့ကိုယ်အစစ်ကိုထုတ်ဖော်ထားသော်လည်း ကျိုးချီကျန်းနှင့်သူ့ပြိုင်ဘက်ထံမှ ရန်ပြုလိုစိတ် ပေါ်ထွက်မလာသောကြောင့် သူတို့အသက်ကို ချမ်းသာပေးခဲ့ခြင်း ဖြစ်သည်။

ထွက်ခွာသွားသော အိမ်ကိုကြည့်နေရင်း ကျိုးချီကျန်း မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းနေခဲ့၏။

သို့သော် သူ့ခံစားချက်များကိုတော့ တည်ငြိမ်သွားအောင်ကြိုးစားနေခဲ့ရသည်။ တစ်ဖက်လူထုတ်ပြခဲ့သော စွမ်းအားအရ သူသည်တစ်ဖက်လူ၏ပြိုင်ဘက်လုံး၀ မဖြစ်နိုင်ခဲ့ပေ။

အကယ်၍သူသာဆိုလျှင် အခုလိုအသက်ချမ်းသာပေးပြီးပင် ထွက်သွားမည် မဟုတ်ပေ။

ယခုအခါ သူ့စိတ်ထဲခံစားနေရသည်မှာ စိတ်ရှုပ်ထွေးမှုများသာ ဖြစ်၏။ သေမျိုးတောင်ထွတ်ကမ္ဘာတွင်ဘယ်အချိန်က ထိုမျှစွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ယောက်ရှိလာခဲ့ပါသနည်း။

သူ့စွမ်းဆောင်ရည်အရ ထိုလူသည် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးဖြစ်တာ သေချာပေသည်။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ကျိုးချီကျန်း သူနှင့်တိုက်ခိုက်ခဲ့သောသူကို လက်သီးဆုပ်၍ အရိုအသေပေးလိုက်၏။ ထို့နောက် ထိုလူပြန်နှုတ်ဆက်သည်ကိုပင်မစောင့်တော့ဘဲ လှည့်ထွက်သွားခဲ့လေသည်။

အိမ်ထဲတွင် ဖူရှန်းရွှီ ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်ကိုကိုင်ထားရင်း ရှုပ်ထွေးနေသောအမူအရာ ဖြစ်နေခဲ့၏။

နတ်သမီးယုံရှင်းက ကုအန်ကိုအရင်ကျေးဇူးတင်လိုက်ပြီး ဖူရှန်းရွှီလည်းနောက်ကလိုက်၍ ကျေးဇူးတင်လိုက်သည်။

“အဲ့တာပဲလား”အန်းရှင်းမမေးဘဲ မနေနိုင်ခဲ့ပေ။

ထိုမေးခွန်းကြောင့် နတ်သမီးယုံရှင်းနှင့် ဖူရှန်းရွှီ၏မျက်နှာပေါ် ရှုပ်ထွေးမှုများပိုများလာခဲ့သည်။

ကုအန်ပြုံးသာပြုံးလိုက်၏။

“ကိစ္စတွေက ချောမွေ့သွားတော့မကောင်းဘူးလား”

အန်းရှင်းအမြန်ပြောလိုက်သည်။

“ဒါပေါ့ အဲ့တာကကောင်းပါတယ် ကျွန်မဆိုလိုတာက…”

သူမရှင်းပြဖို့ခက်ခဲနေသည်ကိုတွေ့သောအခါ ကုအန် ခပ်ဟဟသာရယ်မောလိုက်ပြီး

“အရင်ဆုံး ပြန်ကြတာပေါ့”

နတ်သမီးယုံရှင်းလည်း ပြုံးနေပြီး ဤချောမွေ့သွားသောသူတို့စစ်ဆင်ရေးကြီးက သူ့ကိုလည်း အံ့အားသင့်သွားစေခဲ့သည်။

အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါးအတွက်ပင် ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေကို‌လာလျှင်သေခြင်းရှင်ခြင်း အန္တရာယ်များက ရှိနေဆဲပင်။

ပင်လယ်မိစ္ဆာမိုးကြိုးနယ်မြေအပြင်ဘက်သို့ ပြန်ရောက်သောအခါ ကုအန် အန်းရှင်းပုခုံးကိုကိုင်လိုက်ပြီး သူမအံ့အားသင့်သွားချိန်တွင် သူမတို့သည် အိမ်ထဲမှ ပျံထွက်လာကာ ကောင်းကင်ပေါ်ရောက်သွားသည်ကို ခံစားလိုက်ရသည်။

ကုအန် သူမကိုလက်တစ်ဖက်ဖြင့် ကိုင်ထားရင်း နောက်လက်တစ်ဖက်ကိုဝေ့ယမ်းလိုက်ကာ အိမ်ကို အဝေးတစ်နေရာသို့ တွန်းပို့ခဲ့လိုက်သည်။

နတ်သမီးယုံရှင်းနှင့်ဖူရှန်းရွှီတို့ မတုန့်ပြန်နိုင်ခင်မှာပင် ကုအန်၏အသံ သူတို့နားထဲ ထွက်ပေါ်လာခဲ့၏။

“မင်းတို့နှစ်ယောက်သွားနှင့်”

အိမ်ကရှေ့သို့ဆက်သွားနေခဲ့ရင်း သူတို့လမ်းတစ်လျှောက်ရှိ ကောင်းကင်မြေပြင်နိယာမများကပင် သူတို့ရောက်ရှိလာမှုကြောင့် နောက်ဆုတ်ပေးနေခဲ့ရသည်။ ဤနည်းစနစ်က သူမတို့နားလည်နိုင်စွမ်းအထက်တွင် ရှိနေခဲ့၏။

“ကြည့်ရတာ သူ့မှာအခြားရည်ရွယ်ချက်တစ်ခုရှိသေးပုံပဲ” နတ်သမီးယုံရှင်း မှတ်ချက်ပေးလိုက်သည်။

ဖူရှန်းရွှီထပ်‌ေပါင်းပြောလိုက်၏။

“ကျွန်တော်ထင်တာတော့ သူကသူ့တပည့်ထပ်ကြည့်ချင်သေးတယ်လို့ပြောလို့ထင်တယ်”

နတ်သမီးယုံရှင်းသူ့ကိုအံ့အားတကြီးကြည့်လိုက်ပြီး မေးလိုက်သည်။

“သူကအဲ့လောက် ပြောင်းလဲလွယ်တယ်လား”

“သူ့ကျင့်ကြံခြင်းနဲ့ဆို အဲ့တာကိုပြောင်းလဲလွယ်တယ်လို့ ဘယ်သတ်မှတ်လို့ရမှာလဲ” ဖူရှန်းရွှီပြောလိုက်ပြီး သူ့အကြည့်ကတော့ ကမ္ဘာမြေဒြပ်စင်စိတ်ဝိညာဉ်ပေါ်တွင်သာ ရောက်နေခဲ့ကာ သူ့ကုအန်‌အပေါ်အမြင်က လုံး၀ပြောင်းလဲသွားခဲ့လေသည်။

ထိုစဉ်

ကုအန်နှင့်အန်းရှင်းတို့ကောင်းကင်တွင် ပျံသန်းနေကြရင်း ကုအန်နတ်အာရုံက အန်းရှင်းကိုဖုံးလွှမ်းထားကာ သူတို့ကို တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတများသာ မြင်ရစေရန် ပြုလုပ်ထားခဲ့၏။

“ဆရာ ကျွန်မအတွက်အဲ့လောက်လုပ်ပေးစရာမလိုပါဘူ းဒီနေရာက အန္တရာယ်များလွန်းတယ်” အန်းရှင်း ရင်ထဲခံစားသွားရကာ ဂရုစိုက်၍ ပြောလိုက်သည်။

ကုအန်ပြုံးလိုက်၏။

“အတွေးမလွန်ပါနဲ့ ဒါကမင်းအတွက်မဟုတ်ဘူး-

“ဒါဆို ဘယ်သူ့အတွက်လဲ”

“မကြာခင်သိလာရလိမ့်မယ်”

ကုအန်စကားကိုကြားသောအခါ သူတို့ဘယ်သွားနေသလဲဆိုတာ အန်းရှင်းပို၍ စိတ်၀င်စားလာခဲ့သည်။

မကြာခင်တွင် ကုအန် ရပ်တန့်လိုက်၏။

တိမ်များထက်တွင် မိုးကြိုးများကတဖြတ်ဖြတ်လက်နေကြပြီး အောက်တွင်တော့ မိစ္ဆာမြူများ ရစ်ဝိုင်းနေခဲ့ကြသည်။

ရုတ်တရက် များပြားလှသောမကောင်းဆိုးဝါးတစ္ဆေများ တိမ်ပင်လယ်ထဲမှ ပေါ်ထွက်လာသောကြောင့် အန်းရှင်းကြောက်လန့်သွားကာ ကုအန်နားပို၍ တိုးကပ်လိုက်၏။

တဝုန်းဝုန်းအသံများက အောက်ဘက်မှဆက်လက်ထွကါပေါ်လာနေပြီး အန်းရှင်းအာရုံကို ဆွဲဆောင်နေခဲ့သည်။

ထို့နောက် သူတို့့နှစ်ယောက်တိမ်ပင်လယ်အောက်ဆင်းသက်လိုကါသောအခါ ပင်လယ်ပြင်ထက်ရှိတိုက်ပွဲကြီးက အန်းရှင်းအာရုံကို လုံး၀ဆွဲဆောင်သွားခဲ့လေသည်။

ပင်လယ်ပြင်ထက်တွင် ကြီးမားလှသောမြို့ကြီးတစ်မြို့ရှိနေပြီး မြို့ထဲမှ နတ်ဝိညာဉ်များ ထူးဆန်းသောတစ္ဆေများ ပျံထွက်လာကြပြီး ကမ္ဘာခြားနတ်မြို့တော်ကို၀န်းရံနေသော မကောင်းဆိုးဝါးများကို တိုက်ခိုက်နေခဲ့၏။

ဤအရာက ဖရိုဖရဲဖြစ်နေသော စစ်ပွဲတစ်ခုပင်။

“ကမ္ဘာခြားနတ်မြို့တော် ဒီမှာဆရာဦးလေးလီယ ရှိနေတာလား” အန်းရှင်းစိတ်လှုပ်ရှားစွာ မေးလိုက်သည်။

လီယသည် ထျန်းပန်ပြိုင်ပွဲတွင် ပါ၀င်ဖူးပြီး သူ၏ကမ္ဘာခြားနတ်မြို့တော်နှင့်အတူအစွမ်းပြခဲ့မှုက အန်းရှင်းစိတ်ထဲတွင် စွဲထင်နေသော မှတ်ညဏ်တစ်ခုဖြစ်ခဲ့ဖူး၏။

သူမအထွတ်အထိပ်အမတရတနာအကြောင်းတွေးလိုက်တိုင်း လီယကစိတ်ထဲရောက်ရောက်လာခဲ့တတ်သည်။

“ဒါက တကယ်အံ့ဩစရာ အထွတ်အထိပ်အမတရတနာတစ်ခုပဲ ဆရာ ဆရာ့ချင်ထျန်တောင်ထွတ်ကရော ဒီလောက်စွမ်းအားကြီးလား” အန်းရှင်းစိတ်၀င်တစားမေးလိုက်၏။

ကုအန် ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်သည်။

“ကမ္ဘာခြားနတ်မြို့တော်က ကျိုးပဲ့နေတဲ့ အထွတ်အထိပ်အမတရတနာတစ်ခုပဲ ပြောရရင် အထွတ်အထိပ်အမတရတနာအတုတစ်ခုသက်သက်ပဲပေါ့ အဲ့တာက ချင်ထျန်းတောင်ထွတ်ကိုမယှဉ်နိုင်ဘူး ဆရာမင်းကိုခဏနေရင် ပြမယ်”

All Chapters