← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 26 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 26 Ch. 341-342

အပိုင်း(၃၄၁)

စစ်ပွဲခုံရုံးမှ အမှောင်ဧကရာဇ်

ညနေ‌ေစာင်းသို့ ချဉ်းကပ်လာချိန်တွင် ကုအန် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သူ့အကြည့်က ကောင်းကင်ပြင်ပဆီ ရောက်သွားခဲ့ပြန်သည်။

ကြက်သွေးရောင်ခေါင်းတလားက ကောင်းကင်ပြင်ပသို့ရောက်ရှိနေပြီဖြစ်ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေနှင့် ၀င်တိုက်မိတော့မည် ဖြစ်သည်။

အန်းရှင်း သူ့နားရောက်လာပြီး မေးလိုက်၏။

“ကျွန်မတို့ ပြန်တော့မှာလား ဆရာ”

ကုအန် အသာအယာခေါင်းညိတ်ပြလိုက်ပြီး အန်းရှင်းလည်း အထုပ်များ သိမ်းလိုက်သည်။

သူမ တတိယတောင်ကြားသို့ ယူသွားရန် ပစ္စည်းများ၀ယ်ထားခြင်းဖြစ်၏။ သူမနှင့်ကုအန်၏ သေမျိုးတောင်ထွတ်ကမ္ဘာရှိ ဆက်ဆံရေးကို မထုတ်ဖော်စေသေးသရွေ့ ကုအန်ကလည်း သူမကိုထိုကဲ့သို့သော အရာများကို မတားခဲ့ပေ။

အန်းရှင်း လုပ်စရာရှိတာများ အမြန်လုပ်လိုက်ပြီး ကုအန်ဆီပြန်ရောက်လာခဲ့ကာ သူ့ဆရာက ကောင်းကင်ဆီ‌ကြည့်နေသောအခါ အလိုလို သူမလည်းလိုက်ကြည့်လိုက်မိ၏။

ထိုအခါ အဝေးမှ ကြွေကျလာသော ကြယ်အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။

“အဲ့တာဘာကြီးလဲ…”အန်းရှင်း တီးတိုးရေရွတ်လိုက်၏။

ကုအန်သူမကိုပြန်မဖြေခဲ့ပေ။ သူထိုကြွေကျလာသော အလင်းတန်းကိုကြည့်နေပြီး လက်တစ်ချက်ယမ်းကာ သူနှင့်အန်းရှင်း ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

တတိယတောင်ကြားသို့ ပြန်ရောက်ပြီးနောက် ဆရာတပည့်နှစ်ယောက် အခန်းသို့ကိုယ်စီပြန်သွားခဲ့ကြ၏။

ကုအန် ကုလားထိုင်တွင်ထိုင်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ညမြင်ကွင်းကိုခံစားနေပုံပေါ်သော်လည်း တကယ်တော့ သူ့နတ်အတွေးက အဝေးရှိ ကြက်သွေးရောင်ခေါင်းတလားဆီသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။

ခေါင်းတလားက ထိုက်ကန်ကုန်းမြေတိုက်ကြီးထက် ဆယ်ဆလောက်ကြီးသော ကုန်းမြေတိုက်ကြီးပေါ် ကျသွားခဲ့ပြီး ထိုကုန်းမြေတိုက်ကြီးပေါ်က သက်ရှိတိုင်းအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

အချိန်ခ‌ဏလေးအတွင်း ထိုကုန်းမြေတိုက်ကြီးက မီးပင်လယ်အဖြစ်ပြောင်းလဲသွားပြီး သက်ရှိ ၉၀ရာခိုင်နှုန်းသေဆုံးသွားကာ ကျန်ရှိသူများက သမုဒ္ဒရာဆီသို့ ထွက်ပြေးကုန်ကြ၏။

ကြက်သွေးရောင်ခေါင်းတလားမြေကြီးပေါ် ကျရောက်လာသည့် ပေါက်ကွဲမှုက ကုန်းမြေတိုက်ကြီးနှင့် ပင်လယ်ပြင်များကို ပြင်းပြင်းထန်ထန်အကျိုးသက်ရောက်မှု ရှိသွားစေခဲ့သည်။

ထိုခေါင်းတလားကျရောက်သည့်နေရာက ထိုက်ကန်ကုန်းမြေတိုက်ကြီးနှင့်ဝေးသည့်အပြင် သေမျိုးတောင်ထွတ်ကမ္ဘာနှင့်ဆိုလျှင် ပိုတောင်ဝေးသောကြောင့် ထိုအရာက မိစ္ဆာသန္ဓေသားကို ပစ်မှတ်ထားနေခြင်းမျိုးတော့ မဖြစ်နိုင်တော့ပေ။

ကျရောက်လာပြီးသည့်နောက် ကြက်သွေးရောင်ခေါင်းတလားကြောင့် ဧရာမတွင်းနက်ကြီးတစ်ခု ဖြစ်သွားခဲ့သော်လည်း အခေါင်းအဖုံးက ပွင့်လာမည့် အရိပ်အယောင်တော့ ပြမလာခဲ့ပေ။

ညအချိန်ကုန်ဆုံးသွားကာ နေ့အချိန်ရောက်ရှိလာခဲ့၏။

လှေကားမှမဆင်းခင်တွင် ကုအန် ခေါင်းတလားကြီး၏အဖုံးပွင့်မလာသေးသည်ကို တွေ့လိုက်ရသောကြောင့် ထိုအကြောင်းတွေးမနေတော့ဘဲ တပည့်များနှင့် မနက်ခင်းလေ့ကျင့်ခန်းလုပ်ရန်သာ ဆင်းလာခဲ့သည်။

မနက်ခင်းလေ့ကျင့်ခန်းသည် တတိယတောင်ကြား၏ ရိုးရာဖြစ်ပြီး တစ်ခါတရံ တရုတ်ကျားလာကစားသော ကျင့်ကြံသူကြီးများပင် ၀င်လုပ်သွားကြလေ့ရှိ၏။

လေ့ကျင့်ခန်းလုပ်နေစဉ်တွင် တပည့်များကို စည်းကမ်းများမသတ်မှတ်ထားသောကြောင့် လေ့ကျင့်ခန်းလုပ်နေရင်း တပည့်များက လွတ်လွတ်လပ်လပ်စကားပြောနေကြပြီး ဟန်ချက်ညီသော လေထုတစ်ခုကို ဖန်တီးနေခဲ့သည်။

မနက်ခင်းလေ့ကျင့်ခန်းပြီးသည့်နောက်

ယုယင်ယင် ရှန်ရှင်းကျိထံသို့ အလျင်အမြန်ချဉ်းကပ်လာခဲ့၏။

ရှန်ရှင်းကျိ လက်ထဲတွင် အနောက်အရပ်သို့ခရီးသွားခြင်းစာအုပ်ကိုကိုင်ကာ သစ်ပင်တစ်ပင်အောက်တွင် ထိုင်နေခဲ့သည်။

“ဒကာမ‌ေလး မနေ့ညက ဘာမှန်းမသိတဲ့ စိတ်ရှုပ်ထွေးမှုမျိုး ခံစားလိုက်ရလား အတော်လေးမတည်မငြိမ်ခံစားနေရတာလေ”

ရှန်ရှင်းကျိ သူမကိုပင်မကြည့်ဘဲ ခပ်အေးအေးမေးလိုက်၏။

ယုယင်ယင်အမြန်ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ကျွန်မဒါမျိုးတစ်ခါမှ မခံစားခဲ့ဖူးဘူး ကျွန်မဖြစ်လာမှာ….တကယ်လို့ကျွန်မသာ အဲ့တာဖြစ်လာခဲ့ရင် ကိုယ်တော်ကျွန်မကို သတ်ပစ်လိုက်လို့ရတယ်”

ရှန်ရှင်းကျိ သူမကိုအံ့အားသင့်သွားဟန်ဖြင့် ကြည့်လိုက်၏။

ယုယင်ယင် သူသူမကိုမေးခွန်းထုတ်ချင်နေသည်ဟု တွေးမိပြီး အသံနိမ့်နိမ့်ဖြင့် ရှင်းပြလိုက်သည်။

“ကောင်းကင်မိစ္ဆာကို အလွယ်တကူရှင်းပစ်လို့မရဘူး ကျွန်မ ကိုယ့်ကိုကိုယ်သတ်သေရင်လည်း အလုပ်ဖြစ်မှာမဟုတ်ဘူး ကိုယ်တော်က ညဏ်အလင်းပွင့်ထားတဲ့ ဘုန်းကြီးတစ်ပါးပါ မိစ္ဆာတွေကို ဘယ်လိုသုတ်သင်ရမလဲ သိမှာပါ ကျွန်မဘယ်သူ့ကိုမှ မနာကျင်စေချင်ဘူး”

ရှန်ရှင်းကျိ သူမကိုလေးလေးနက်နက်ကြည့်လိုက်ကာ ပြောလိုက်၏။

“စိတ်မပူပါနဲ့ ဒီဘ၀မှာတော့ ဒကာမလေးအတွက် ကောင်းကင်မိစ္ဆာတစ်ကောင်အဖြစ်ပြောင်းသွားဖို့က ခက်ခဲနေဦးမှာပါ မနေ့ညက ဒကာမလေးခံစားရတာက ကောင်းကင်မိစ္ဆာတွေရဲ့ သဘာ၀ရန်သူတစ်ယောက် ရောက်လာခဲ့လို့”

သူလည်းမနေ့ညက အဖြစ်အပျက်ကိုအာရုံခံမိပြီး သူ့ကျင့်ကြံခြင်းက ယုယင်ယင်ထက်မြင့်သောကြောင့် သူခံစားရသော မတည်ငြိမ်မှုက ပိုပြီးပင် ကြီးမားသေးသည်။ ထို့ကြောင့်လည်း သူ့စိတ်ကိုတည်ငြိမ်စေရန် စာအုပ်ဖတ်နေခြင်း ဖြစ်သည်။

“တကယ်လား ကောင်းကင်မိစ္ဆာတွေရဲ့ သဘာ၀ရန်သူဆိုတာဘာလဲ ကျွန်မဘာလုပ်သင့်လဲ” ယုယင်ယင်အသည်းအသန်မေးလိုက်၏။

ရှန်ရှင်းကျိ ခေါင်းအနည်းငယ်နှိမ့်လိုက်ကာ ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ကြိုးစားပြီးသာကျင့်ကြံနေပြီး အသားကျအောင်လုပ်ထား”

ယုယင်ယင်လည်း ကြောင်အသွားပြီးနောက် အတွေးပေါင်းစုံဖြင့် ပြန်သွားဖို့သာ တတ်နိုင်ခဲ့၏။

တစ်ဖက်တွင်တော့ သွေးအကျဉ်းထောင်မဟာသူတော်စင်နှင့် တောင်ကြားကိုပတ်စစ်ဆေးနေသော ကုအန် ယုယင်ယင်တို့စကားဝိုင်းကို ကြားလိုက်ရသည်။

ကောင်းကင်မိစ္ဆာတွေရဲ့ သဘာ၀ရန်သူလား!

ကုအန် သူ့ခါးက ချင်ထျန်းတောင်ထွတ်ကိုဖြုတ်ကာ ကိုင်ထားလိုက်ပြီး နတ်အတွေးကို ထိုထဲပို့လိုက်၏။

ချက်ချင်းဆိုသလို သူဘုရားကျောင်းပျက်ထဲ ရောက်သွားခဲ့ပြန်သည်။

သူပြောဖို့ပြင်လိုက်စဉ်တွင် အနက်ရောင်၀တ်လူပေါ်လာကာ မေးလိုက်သည်။

“မင်းဆုံးဖြတ်ပြီးပြီလား”

ကုအန် ခေါင်းယမ်းကာ မေးလိုက်၏။

“ခင်ဗျားတို့ကောင်းကင်မိစ္ဆာတွေမှာ သဘာ၀ရန်သူရှိလား”

အနက်ရောင်၀တ်လူမျက်ခုံးများတွန့်ကွေးသွားပြီး သတိထားနေဟန်ဖြင့် မေးလိုက်သည်။

“မင်းဘာကိုဆိုလိုတာလဲ ဘယ်တုန်းက ကောင်းကင်မိစ္ဆာတွေမှာ သဘာ၀ရန်သူရှိသွားတာလဲ”

ကုအန် အင်္ကျီလက်အိုးကို တစ်ချက်ယမ်းလိုက်ရာ သူတို့ကြား ပုံရိပ်ယောင်တစ်ခု ပေါ်လာခဲ့၏။ ကြက်သွေးရောင်ခေါင်းတလားကိုမြင်သောအခါ အနက်ရောင်၀တ်လူ၏မျက်နှာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

သူ့အမူအရာကိုကြည့်ပြီး ကုအန်မလောဘဲ သူထုတ်ပြောလာဖို့သာ စောင့်နေခဲ့၏။

အနက်ရောင်၀တ်စုံနှင့်လူ အင်္ကျီလက်အိုးထဲက လက်သီးကိုတင်းနေအောင်ဆုပ်ထားခဲ့သည်။ ထို့နောက်အံကိုကြိတ်ပြီး ပြောလိုက်၏။

“သူက မဟာဧကရာဇ်အတွက်ရောက်လာခဲ့တာ ဒါပေမယ့် သူ့ရောက်ရှိလာမှုက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကိုလည်း ကပ်ဘေးတွေသယ်လာမှာပဲ သူ၀င်လာနိုင်တယ်ဆိုတာက မြင့်မြတ်ခုံရုံးက သူ့ကိုသုံးပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲက ကောင်းကင်မိစ္ဆာတွေကို ရှင်းပစ်ချင်နေတာလို့ ညွှန်ပြနေတယ်”

“သူကဘယ်သူလဲ” ကုအန် မေးလိုက်သည်။

“သူ့နာမည်က အမှောင်စစ်ပွဲဧကရာဇ်တဲ့ ဘယ်သူမှသူ့ဇာစ်မြစ်ကိုမသိဘူး တစ်ခါတုန်းက သူကအသံမဲ့အပျက်အဆီးနယ်မြေထဲမှာ အကြီးအကျယ်ပျက်ဆီးမှုကို ဖြစ်စေခဲ့တာ သူက ရှေးဟောင်းစစ်ပွဲခုံရုံးကလာတာလို့ပဲ ငါသိတယ်” အနက်ရောင်၀တ်လူ ဖြေလိုက်၏။

စစ်ပွဲခုံရုံးလား!

လုံကျန်းတည်ထောင်ခဲ့တဲ့ အင်အားစု!

ကုအန်သူ့အမူအရာကိုထိန်းထားကာ ဆက်မေးလိုက်သည်။

“စစ်ပွဲခုံရုံးရဲ့ ဇာစ်မြစ်ကဘာလဲ”

အနက်ရောင်၀တ်လူသူ့ကိုကြည့်ကာ ပြောလိုက်သည်။

“စစ်ပွဲခုံရုံးက အသံမဲ့အပျက်အဆီးနယ်မြေရဲ့ ဒဏ္ဍာရီတစ်ခုပဲ ဒဏ္ဍာရီတွေကပြောတာတော့ အရင်က မဟာကမ္ဘာတစ်ထောင်ကို အုပ်ချုပ်ပြီး အမတလမ်းစဉ်ထိပ်ဆံုးမှာ ရပ်တည်ခဲ့တဲ့ အင်အားစုတစ်ခု ရှိခဲ့ဖူးတယ်တဲ့ အဲ့တာဖျက်ဆီးခံလိုက်ရပြီလား ကျန်နေသေးလားဆိုတာတော့ မသိဘူး အဲ့တာကငါသိတာအကုန်ပဲ”

“အမှောင်စစ်ပွဲဧကရာဇ်ရဲ့ တာအိုအဆင့်က ဘယ်မှာလဲ”

“ငါမသိဘူး ဒါပေမယ့် အရမ်းမြင့်မှာသေချာတယ်” အနက်ရောင်၀တ်လူ တုန့်ပြန်လိုက်၏။

ရုတ်တရက်ကုအန် ပြောလိုက်သည်။

“ကြည့်ရတာ အခုကျုပ်ထွက်သွားဖို့ မလိုတော့ဘူးထင်တယ် အမှောင်စစ်ပွဲဧကရာဇ်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက ကောင်းကင်မိစ္ဆာတွေကို သုတ်သင်တာ စောင့်လိုက်ရုံပဲ အားလုံးပြီးသွားရင် မြင့်မြတ်ခုံရုံးက သူ့ကို ပြန်ခိုင်းမှာပဲ ဟုတ်တယ်မလား”

ထိုစကားကိုကြားသောအခါ အနက်ရောင်၀တ်လူကြောက်လန့်သွားပြီး ပြောလိုက်၏။

“အမှောင်စစ်ပွဲဧကရာဇ်က ခန့်မှန်းမရဘူး အရမ်းကြမ်းကြုတ်တာ နောက်ပြီး သေမျိုးတောင်ထွတ်ကမ္ဘာကိုကပ်ဘေးသယ်ဆောင်လာမှာလည်း သေချာတယ် တကယ်လို့သူသာ မဟာဧကရာဇ်ရဲ့ မိစ္ဆာသန္ဓေသားကိုဝါးမြိုပြီးရင် သူကမြင့်မြတ်ခုံရုံးနဲ့တောင် စစ်ပွဲဆင်နွှဲလာနိုင်တယ် မင်းလည်းအဲ့ဒီပြဿနာမှ ရှောင်ပြေးလို့ရမှာ မဟုတ်ဘူး”

ထိုစကားကြောင့် ကုအန်ကြောက်လန့်မသွားဘဲ သူ့ကိုသာ တည်တည်ငြိမ်ငြိမ်စိုက်ကြည့်နေခဲ့သည်။

အနက်ရောင်၀တ်စုံနှင့်လူ အံကြိတ်လိုက်ကာ ရုတ်တရက်ဒူးထောက်ချလိုက်ပြီး လေးလေးနက်နက်ပြောလိုက်၏။

“ကျေးဇူးပြုပြီး မဟာဧကရာဇ်ကိုကယ်တင်ပေးပါ အကြီးအကဲ အကြီးအကဲက မဟာဧကရာဇ်ကို ကယ်တင်ပေးသရွေ့ ကျွန်တော်တို့မျိုးနွယ်စုက အကြီးအကဲအပေါ် ကျေးဇူးကြွေးတစ်ခုတင်နေတော့မှာပါ နောက်ပြီးကျွန်တော်ဒီကိစ္စကို မျိုးနွယ်စုကိုပြန်ပြောပြီး အကြီးအကဲနဲ့ မိတ်ဆွေဆက်ဆံရေးတည်ဆောက်မှာပါ ဒါ‌ဆို အနာဂတ်မှာ အသံမဲ့အပျက်အဆီးနယ်မြေထဲ လျှောက်သွားတဲ့အခါ မဟာမိတ်မျိုးနွယ်စုတစ်ခု ရှိနေမှာပါ”

“ခင်ဗျားနောက်နေတာပဲ သူကကျုပ်ကိုသတ်ဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ” ကုအန်အေးစက်စက်ပြောလိုက်၏။

အနက်ရောင်၀တ်စုံနှင့်လူ မော့ကြည့်ကာရှင်းပြလိုက်သည်။

“စိတ်မပူပါနဲ့ သူကအတိတ်ဘ၀မှတ်ညဏ်တွေကို မေ့သွားပါပြီ သူ့ရဲ့အားအနည်းဆုံးအချိန်ဖြစ်တဲ့ ပြန်လည်မွေးဖွားခြင်းအခြေအနေအောက်ကို ရောက်ရှိနေတာပါ သူမွေးလာတာနဲ့ သူက သက်ရှိအသစ်တစ်ယောက်ပဲ ဖြစ်လာမှာ အကြီးအကဲသူ့ကို တပည့်အဖြစ်လက်ခံလို့လည်းရပါတယ် ဒါဆိုအနာဂတ်မှာ သူတာအိုအောင်မြင်သွားတဲ့အခါ အကြီးအကဲကြင်နာမှုကို မေ့သွားမှာမဟုတ်ပါဘူး”

နားထောင်ပြီးနောက် ကုအန် တွန့်ဆုတ်သွားခဲ့သည်။

“တကယ်လို့ အကြီးအကဲမလုပ်ဘူးဆိုရင် အမှောင်စစ်ပွဲဧကရာဇ်ထွက်ပေါ်လာတာနဲ့ သူက အကြီးအကဲကိုလာရှာမှာပါ ဒါပေမယ့် မဟာဧကရာဇ်မွေးဖွားသွားရင်တော့ သူက မွေးဖွားလာတာနဲ့ ကမ္မနှောင်ကြိုးတွေကို ဖြတ်တောက်ဖို့ စီစဉ်ပြီးသားမို့ အမှောင်စစ်ပွဲဧကရာဇ်သူ့ကိုရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး” အနက်ရောင်၀တ်လူ အလောတကြီးပြောလိုက်၏။

သူ့ပုံစံက အမှောင်စစ်ပွဲဧကရာဇ်က အချိန်မရွေးရောက်လာနိုင်သလိုပင်။

ကုအန်တခဏတွန့်ဆုတ်သွားပြီးနောက် မေးလိုက်သည်။

“ကျုပ်သူ့ကို ဘယ်လိုကူညီရမှာလဲ”

အနက်ရောင်၀တ်လူ၀မ်းသာသွားပြီး ချက်ချင်းသူ့ကို ရှုပ်ထွေးလှသောနည်းစနစ်တစ်ခု သင်ကြားပေးလိုက်၏။

ကုအန်သေချာနားထောင်နေပြီး တစ်ကြိမ်တည်းဖြင့် မှတ်မိသွားခဲ့သည်။

အနက်ရောင်၀တ်လူ လောလိုက်ပြန်၏။

“အမြန်ဆောင်ရွက်ပေးပါ အကြီးအကဲ တကယ်လို့အမှောင်စစ်ပွဲဧကရာဇ်သာ သူ့ကိုရှာတွေ့သွားရင် သူက မဟာဧကရာဇ်ရဲ့တာအိုမအောင်မြင်နိုင်အောင် ဖျက်ဆီးပစ်လိမ့်မယ် ကျွန်တော်တို့သူ့ကို အောင်မြင်ခွင့်ပြုလို့ မဖြစ်ဘူး”

အပိုင်း(၃၄၂)

လုံချင်းမွေးဖွားခြင်း

ကုအန် ချင်ထျန်းတောင်ထွတ်ကို ခါးတွင်ပြန်ချိတ်ထားလိုက်သည်။ သူ အနက်ရောင်၀တ်လူပြောတာကို အပြည့်အ၀မယုံကြည်သော်လည်း ထိုသူသူ့ကိုသင်ပေးလိုက်သော ထူးဆန်းသည့်နည်းစနစ်က ပုန်းအောင်းနေသောနဂါးများကို လွှတ်ပေးနိုင်သည့်အရာဆိုတာကိုတော့ သူယုံပေသည်။

သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ လှည့်ပတ်စစ်ဆေးနေရင်း ကုအန် အကျိုးအပြစ်ကိုချိန်ဆနေခဲ့၏။

သေချာစဉ်းစားပြီးသည့်နောက် တစ်ခါလောက်ကြိုးစားကြည့်ဖို့တော့ ထိုက်တန်သည်ဟု သူခံစားလိုက်ရသည်။

အမှောင်စစ်ပွဲဧကရာဇ်သည် ရောက်ရောက်လာခြင်းပင် ထိုနယ်မြေရှိ သက်ရှိများကို သတ်ဖြတ်ပစ်ခဲ့ပြီး သူ့ကြမ်းကြုတ်မှုနှင့်ရက်စက်မှုမှတားဆီးထားဖို့ လိုပေလိမ့်မည်။

အကယ်၍ ထိုသူက မြင့်မြတ်ခုံရုံးနှင့်ဆက်စပ်နေလျှင်တောင် သူ့ကိုအပြည့်အ၀ယုံကြည်ဖို့ကတော့ မဖြစ်နိုင်ပေ။

သူအရင်ဆုံး မွေးဖွားပြီးနောက် မိစ္ဆာသန္ဓေသားက ဘယ်လိုတုန့်ပြန်မလဲဆိုတာကို အရင်ကြည့်ရမည်ဖြစ်သည်။ အကယ်၍ အခြေအနေမဟန်ရင်တော့ သူဒီတိုင်းဖျက်ဆီးပစ်လိုက်မည်ဖြစ်ပြီး ထိုအရာက ကောင်းကင်မိစ္ဆာများကို အပြစ်ပြုမိသွားမည်ဆိုလျှင်တောင် သူဂရုစိုက်မည် မဟုတ်ပေ။

ထို့‌ေနာက် ကုအန် ဆုံးဖြတ်ချက်ချလိုက်၏။

တစ်နာရီခန့်အကြာတွင် ကုအန် ဒင်ထျန်းတောင်ထွတ်ရှိ ဂူအ၀င်၀သို့ ရောက်ရှိလာခဲ့သည်။

သူကျောက်တိုင်ရှေ့တွင်ရပ်ပြီး ကျောက်တိုင်ထဲ နတ်အတွေးထည့်ကြည့်လိုက်သောအခါ မိစ္ဆာသန္ဒေသားက လွန်ခဲ့သော ဆယ်စုနှစ်များတုန်းကကဲ့သို့ပင် ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

ကုအန် ချက်ချင်းသက်တမ်းအလွှာဖွင့်၍ ဂူတစ်ခုလုံးကို ဖုံးအုပ်ထားလိုက်ပြီး အနက်ရောင်၀တ်လူသင်ပေးခဲ့သော နည်းစနစ်ကို အသုံးပြုလိုက်လေသည်။

ထို့နောက် ကျောက်တိုင်ပေါ်တွင် အနက်ရောင်ချီများ ပိုမိုထွက်ပေါ်လာပြီး မိစ္ဆာသန္ဓေသား၏နှလုံးခုန်သံကလည်း ပိုမိုသန်မာလာကာ အားကောင်းလာခဲ့သည်။

အချိန်က တစ်စက္ကန့်ပြီး တစ်စက္ကန့်ကုန်ဆုံးသွားခဲ့၏။

မိစ္ဆာသန္ဓေသားမွေးဖွားခြင်းက သဘာ၀စိတ်ဝိညာဉ်စွမ်းအင်များကို မစုပ်ယူသောကြောင့် ကုအန်၏သက်တမ်းအလွှာကုန်ကျမှုကလည်း အများကြီး ရှိမ‌နေခဲ့ပေ။ ထိုအရာကိုတော့ ကုအန် အနည်းငယ်ကျေနပ်နေခဲ့မိသည်။

နာရီ၀က်ခန့်ကြာသောအခါ ကုအန် မိစ္ဆာသန္ဓေသားကို ဆွဲထုတ်လိုက်လေသည်။ ထိုအရာ၏ အရွယ်အစားက သာမန်ကလေးငယ်လေးတစ်ယောက်အရွယ်အစားသာဖြစ်ပြီး သူ့ကိုယ်ကိုမိစ္ဆာချီများက ၀န်းရံထားပါသော်လည်း ပုံစံတစ်ခုလုံးကိုတော့ ဖုံးအုပ်မထားနိုင်ခဲ့ပေ။

ကုအန် ထိုအရာအပေါ် သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။

[လုံချင်း(ချီကျင့်ကြံခြင်းအဆင့်၉): ၀/၁၀၀၀/၉၉၉၉]

ဟမ်!

ဘာလို့ သူ့မျိုးရိုးနာမည်က လုံ ဖြစ်နေတာလဲ!

စစ်ပွဲခုံရုံး၏ အမွေခံ အမှောင်စစ်ပွဲဧကရာဇ်‌ထွက်ပေါ်လာပြီးနောက် ယခုအခါ လုံ မျိုးရိုးတစ်ယောက်လည်း ထွက်ပေါ်လာနေသောကြောင့် ကုအန် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။

သူလုံချင်းကို သေချာစိုက်ကြည့်လိုက်ပြီး သူ၏ကမ္မတရားများကို စစ်ဆေးကြည့်လိုက်လေသည်။

လုံချင်း၏ ကမ္မတရားများကရှုပ်ထွေးလှသော်လည်း ကုအန်သည် ကမ္မစွမ်းအားအကြောင်းနှိုက်နှိုက်ချွတ်ချွတ်လေ့လာထားသော လုံကျန်း၏ မှတ်ညဏ်များကို အမွေဆက်ခံထားသူ ဖြစ်၏။

အချိန်အတန်ကြာသောအခါ လုံချင်း၏ဝိညာဉ်က လုံကျန်း၏သားဖြစ်သော လုံရှင်းနှင့် နက်နက်ရှိုင်းရှိုင်းဆက်နွယ်နေသည်ဟု ကုအန် ခံစားလိုက်ရသည်။ သူသည် လုံရှင်း၏မျိုးဆက်တစ်ယောက် ဖြစ်နိုင်ပေသည်။

လုံကျန်းသည် လုံမိသားစုထဲတွင် မွေးဖွားခဲ့ခြင်းဖြစ်ပါသော်လည်း စစ်ပွဲခုံရုံးဟူသော အမည်ကို လုံကျန်းကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လုံမိသားစုဘိုးဘေးများက စစ်ပွဲခုံရုံးကိုတည်ထောင်ခဲ့ခြင်း မဟုတ်ပေ။ ဤအရာက လုံချင်းသည် အနာဂတ်တွင်မဟုတ်ဘဲ အတိတ်တွင်နေထိုင်ခဲ့သော လုံကျန်း၏ မျိုးဆက်တစ်ယောက်ဖြစ်မှန်း သက်သေပြနေခဲ့သည်။

ပြန်လည်မွေးဖွားခြင်း ဆင့်ကဲပြောင်းလဲခြင်းသည် အမှန်တကယ်ပင် အတိတ်သို့ ပြန်လည်ရောက်ရှိ‌သွားစေနိုင်သည်!

ဤအရာသည် ကံကြမ္မာက ကြိုတင်သတ်မှတ်ထားခြင်းလော သို့တည်းမဟုတ် သူ့ဆုံးဖြတ်ချက်များက အတိတ်ကို ပြောင်းလဲစေခဲ့ခြင်းပေလော။

သူ့ပြန်လည်မွေးဖွားခြင်း ဆင့်ကဲပြောင်းလဲခြင်းမတိုင်ခင်ကတည်းက မိစ္ဆာသန္ဓေသားသည် ဒင်ထျန်းတောင်ထွတ်ထဲတွင် ပုန်းအောင်းနေခဲ့ပြီးသား ဖြစ်၏။

သို့သော်လည်း ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းပြီးမှ သူထိုအရာကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ကံကြမ္မာကပြောင်းလဲသွားသလားဆိုတာက ရှင်းလင်းမနေခဲ့ပေ။

ကုအန်ဤပြဿနာကို တွေးကြည့်ဖို့့ ထိုက်တန်သော ပြဿနာတစ်ခုဟု ဆုံးဖြတ်လိုက်၏။

လုံချင်းကတော့ သူမွေးရာပါမိစ္ဆာချီများကို ဆက်လက်စုပ်ယူနေရင်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဒီကလေးက အမတမင်းဆက်ကလူတွေလို အမတလမ်းစဉ်အဆင့်နဲ့ မွေးဖွားလာမှာတော့ မဟုတ်ဘူးမလား!

နောက်ပိုင်းတွင် လုံချင်းကျင့်ကြံခြင်းက ဆက်လက်မြင့်တက်နေပြီး သူသည် သဘာ၀စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေခြင်းမဟုတ်ဘဲ သူ့မွေးရာပါမိစ္ဆာချီများနှင့်သာ လျင်မြန်စွာ မြင့်တက်နေခြင်းဖြစ်သည်။

သုံးနာရီကြာသွားခဲ့သည်။

လုံချင်းကျင့်ကြံခြင်းက မဟာယနအဆင့်ကိုကျော်လွန်သွားပြီး နိဗာနအဆင့် ၁သို့ ရောက်ရှိသွားကာ သူ့သက်တမ်းအကန့်အသတ်က ၉၉၉၉၉၉ ဖြစ်လာခဲ့သည်။

အကယ်၍သူသာ သာမန်ကမ္ဘာထဲတွင် ရှိနေပါက ကောင်းကင်ကပ်ဘေးပေါင်းများစွာကို ဆင့်ခေါ်ပြီး ပြဿနာဖြစ်သွားစေနိုင်သည်ဟု ကုအန် ခံစားလိုက်ရ၏။

လုံချင်း ကျင့်ကြံခြင်းကရပ်တန့်သွားသောအခါ ကုအန် မူလဝိညာဉ်သို့ပြန်သွားခြင်းလမ်းစဉ်ကိုသုံး၍ သူ့ကျင့်ကြံခြင်းကို ဖိနှိပ်လိုက်ကာ သူ့အရှိန်အဝါကို သာမန်လူတစ်ယောက်လိုသာ ရှိနေအောင် လုပ်လိုက်၏။ ယခုအခါ သူသည် မူလဝိညာဉ်သို့ပြန်သွားခြင်းလမ်းစဉ်အသုံးပြုပြီး ကမ္မတရားများကိုပါ ဖိနှိပ်နိုင်နေပြီဖြစ်ပြီး သူစည်းကိုဖြည်မပေးသေးသရွေ့ ကောင်းကင်မိစ္ဆာများပင် လုံချင်းဘယ်မှာရှိနေသလဲ တွက်ချက်၍ ရမည်မဟုတ်ပေ။

ထို့နောက် လုံချင်းကိုယ်ပေါ်ရှိ မိစ္ဆာချီများလည်း လွင့်ပါးသွားခဲ့၏။

လုံချင်းမျက်လုံးများ ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။ သူ့မျက်လုံးများက ကြီးမားကာ တောက်ပနေခဲ့၏။ သူ့လက်သေးသေးလေးများကိုတော့ ဆုပ်၍သာ ထားခဲ့သည်။ သူကုအန်ကိုမြင်သောအခါ အပြုံးတစ်ပွင့်မျက်နှာပေါ်တွင် ပေါ်လာပြီး ပါးစပ်သေးသေးလေးကိုဟကာ ခိုးခိုးခစ်ခစ်ရယ်သံများ ထွက်ပေါ်လာလေတော့သည်။

အကြောင်းပြချက်အချို့ကြောင့် မွေးကင်းစလုံချင်းကိုကြည့်ပြီး ကုအန် မွေးကင်းစ လုံရှင်းကိုသတိရသွားမိသည်။ သူတို့နှစ်ယောက်ပုံစံက အတော်လေးဆင်တူလှ၏။

ကုအန်မျက်နှာပေါ်တွင်လည်း အပြုံးတစ်ပွင့်ပေါ်လာပြီး သူလည်း လုံချင်းနှင့် စတင်ကစားခဲ့လေသည်။

ထိုအချိန်တွင် ကုအန် လုံရှင်းမွေးခါစက သူ့မျက်နှာကိုစတွေ့လိုက်ရသည့် အတွေ့အကြုံမျိုးကို နောက်တစ်ကြိမ်ထပ်မံခံစားလိုက်ရ၏။

သို့သော်လည်း

စစ်ပွဲခုံရုံးနှင့် လုံမိသားစုတို့ မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို အတူတူရောက်လာကြခြင်းမှာ အနည်းငယ်တော့ တိုက်ဆိုင်လွန်းသည်။

ကုအန် တိတ်တဆိတ်သတိထားနေဖို့ ဆုံးဖြတ်လိုက်၏။ အခုရော အနာဂတ်မှာရော သူ့ကျင့်ကြံခြင်းအစစ်ကို သူဘယ်သူ့ကိုမှပြော၍ မဖြစ်ပေ။

ကုအန် ခေတ်ပြောင်းခြေလှမ်းသုံးကာ အဓိပတိဂိုဏ်းအပြင်ဘက်ရောက်လာခဲ့ပြီး သက်တမ်းအလွှာကိုလည်း သိမ်းလိုက်၏။

ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ အ၀တ်များထုတ်ကာ လုံချင်းကို ထွေးပတ်လိုက်သည်။

နေရောင်များထိုးကျနေခြင်းက လုံချင်းကိုပို၍ပင် စိတ်လှုပ်ရှားသွားစေခဲ့ပြီး သူ့ရယ်သံကပိုကျယ်လောင်လာကာ လက်သေးသေးလေးများဖြင့် လေထဲရှိ‌တွေ့ကရာကို ဖမ်းဆုပ်ဟန် ကစားနေခဲ့သည်။ သို့သော်တိုလွန်းသောသူ့လက်လေးများဖြင့် ဘာကိုမှ မမိနိုင်ခဲ့ပေ။

ကံကောင်းစွာဖြင့် ထိုကလေးက သာမန်ကလေးမဟုတ်သောကြောင့်သာ တော်သေးသည်။ မဟုတ်လျှင် ကုအန်သူ့ကိုနို့တိုက်ဖို့ပင် စီစဉ်ပေးနေရဦးမည်။

ကုအန် အနီးရှိသစ်ပင်တစ်‌ပင်အောက်တွင် သွားထိုင်လိုက်ကာ ကလေးကို ချော့မြှူနေခဲ့

၏။

ရုတ်တရက်ကြီး ကလေးတစ်ယောက်ခေါ်လာခြင်းက အာရုံများကို ဆွဲဆောင်သွားစေနိုင်သောကြောင့် ကုအန် ညနေမှပြန်ဖို့စဉ်းစားထားခြင်းဖြစ်ပြီး ထိုအချိန်မှဆိုလျှင် သူအကြောင်းပြချက်ပေး၍လည်း ကောင်းပေသည်။

တောအုပ်ထဲတွင် ကျေးငှက်အော်သံများ ပန်းရနံ့များဖြင့်သင်းထုံနေပြီး ကုအန်လည်း ကလေးရယ်သံကိုနားထောင်ရင်း သူ့အတွေးများက မျောလွင့်သွားခဲ့၏။

ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းတုန်းက မြင်ကွင်းများက သူ့မျက်လုံးထဲ ပြန်ပေါ်လာခဲ့သည်။

စစ်ပွဲခုံရုံးရှ်ိ ခန်းမကြီးထိပ်တွင် လုံကျန်း လုံရှင်းကိုကျောပေးကာ ရပ်နေခဲ့၏။ လုံရှင်းကတော့ သူ့အဖေဘာကြောင့်အဆင်အခြင်မဲ့လုပ်ခဲ့ရသလဲဟု မေးခွန်းထုတ်နေပြီး လုံကျန်း ပြန်မဖြေခဲ့ပေ။

“ခမည်းတော် ကျွန်တော်ကတော့ ခမည်းတော်ကျွန်တော့်ကို တောင်တွေဆီအမဲလိုက်ခေါ်သွားခဲ့တဲ့ အချိန်တွေကို ပိုကြိုက်တယ် အဲ့ဒီတုန်းကအဖေက ပြိုင်ဘက်ကင်းမဟုတ်ပေမယ့် အဖေတစ်ယောက်နဲ့ ပိုတူသေးတယ်”

ထိုစကားများပြောကာ လုံရှင်းထွက်သွားခဲ့ပြီး နောက်ပိုင်း လုံကျန်းသေဆုံးသွားချိန်ထိ သူတို့သားအဖ ပြန်မတွေ့ဖြစ်ခဲ့ကြတော့ပေ။

ကုအန် အတွေးနက်နေရင်း မခံစားဘဲ မနေနိုင်ခဲ့ပေ။

သူဤအရာကိုကြည့်ပြီး စွမ်းအားကိုစွဲလန်းကြီးစွာ မရှာဖွေရဖို့ သင်ခန်းစာယူရလိမ့်မည်။ အနားရှိလူများနှင့် အဆင်‌ေပြပြီး ဖြည်းဖြည်းချင်း တိုးတက်လာသည့် သူ့လက်ရှိအခြေအနေက အတော်လေးအဆင်ပြေပေသည်။

ကုအန် တောအုပ်ထဲမှနေ၍ ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။

ဤနေရာမှ ကြည့်လျှင်ကောင်းကင်ကြီးက အတော်မြင့်ပုံပေါ်နေခဲ့သည်။

…..

အာရုံတက်ချိန်တွင်

တပည့်များ မနက်ခင်းလေ့ကျင့်ခန်းလုပ်ပြီးချိန်၌ အန်းရှင်းလှည့်ကြည့်လိုက်ရာ တည်နေရာကူးပြောင်းခြင်းအစီအရင်မှ လက်ထဲတွင်တစ်စုံတစ်ခုကိုပိုက်ကာ ဆင်းသက်လာသော ကုအန်ကို တွေ့လိုက်ရသည်။

အန်းရှင်း ချက်ချင်းကုအန်ဆီချဉ်းကပ်သွားပြီး ကုအန်နှင့်နီးစပ်သော တပည့်များလည်း သူမနောက်မှ လိုက်သွားခဲ့၏။ ကုအန်လက်ထဲကကလေးကိုမြင်သောအခါ တပည့်များ အံ့အားတကြီး ရေရွတ်ကုန်ကြသည်။

“ဆရာ ဒီကလေးကဘယ်ကလဲ”

“ဝိုးးး အရမ်းချစ်စရာကောင်းတာပဲ ကျွန်မသူ့ကိုချီလို့ရမလား”

“သူက ယောင်္ကျားလေးလား မိန်းကလေးလား”

“ဆရာ သူ့နာမည်ကဘယ်လိုခေါ်လဲ”

“သူငါ့ကိုပြုံးပြနေတယ်!”

တပည့်များ၏ စပ်စုမှုများကို ရင်ဆိုင်ရင်း ကုအန် ဤမိဘမဲ့ကောင်လေးကို တောအုပ်ထဲတွင်တွေ့ခဲ့ရခြင်းဖြစ်ပြီး သူ့မိဘများကိုမတွေ့ခဲ့ရသောကြောင့် ခေါ်ယူကာ ပျိုးထောင်ပေးဖို့သာ ရွေးချယ်ခဲ့ရမှန်း ပြောပြလိုက်၏။ တပည့်များက သူတို့ဆရာ၏ ကြင်နာမှုကိုသိရှိသောကြောင့် ထိုကိစ္စကို မေးခွန်းမထုတ်ခဲ့ကြပေ။

အန်းရှင်းတွင်တော့ ကိုယ်ပိုင်အတွေးတစ်ခုရှိနေပြီးသူမမျက်လုံးများ အနည်းငယ်ရဲသွားကာ လုံချင်းကိုသာ အနီးကပ်ကြည့်ရှုနေခဲ့သည်။

သို့သော် ကုအန် ကလေးကိုချီခွင့်မပေးဘဲ သူ့အိမ်သို့သာ တိုက်ရိုက်ပြန်သွားခဲ့လိုက်၏။

အိမ်ရှေ့သို့ရောက်သောအခါ ကျိရှောင်ယု သူမအခန်းထဲကထွက်လာပြီး လက်ထဲကကလေးကိုကြည့်ကာ စိတ်၀င်တစားမေးလိုက်သည်။

“သူက အစ်ကိုနဲ့အတော်လေးတူတာပဲ” ကျိရှောင်ယု ပြောလိုက်ပြီး သူမမျက်လုံးများက သိချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ကုအန် မကျေမနပ်ပြန်ပြောလိုက်၏။

“ဒီကလေးက အစ်ကို့ တရားမ၀င်သားလို့‌ထင်နေတာတော့ မဟုတ်ဘူးမလား”

ကျိရှောင်ယုပြုံးလိုက်ကာ ဘာမှဆက်မပြောခဲ့ပေ။

ကုအန်လည်း သူမနှင့်ထပ်ရှုပ်မနေတော့ဘဲ အိမ်ပေါ်သို့သာ တက်လာခဲ့သည်။

ခပ်လှမ်းလှမ်းတွင်

ရှန်ရှင်းကျိ လုံချင်း၏ကံကြမ္မာကို လက်ချောင်းများဖြင့် တွက်ချက်နေပြီး ဤအရာက ကုအန်ပြောသည့်အတိုင်းသာ ဖြစ်နေသောအခါ သူထိုကိစ္စကို စိတ်ထဲမရှိတော့ပေ။

တပည့်များက လုံချင်းအကြောင်းစိတ်၀င်စားကြသော်လည်း အရမ်းတော့ ဂရုစိုက်မနေခဲ့ကြပေ။ သို့သော် နောက်ရက်များတွင် ကုအန်က သူသွားလေရာ လုံချင်းကိုခေါ်သွားတာ တွေ့သောအခါ သူတို့အံ့အားသင့်ကုန်ကြသည်။

လများကုန်ဆုံးကာ ဆောင်းဦးသို့ရောက်ရှိလာခဲ့၏။

ကြက်သွေးရောင်ခေါင်းတလားကြီးက ပွင့်မလာခဲ့သေးပေ။ သို့သော် ထိုစွန့်ပစ်ကုန်းမြေတိုက်ကြီးပေါ်တွင် ကျင့်ကြံသူများ စုဝေးနေကြပြီး ခေါင်းတလားအနီးတွင် အစီအရင်ကြီးတစ်ခုပင် တည်ဆောက်ထားကြသေးသည်။

တစ်ရက်တွင် ရီလန် ကျန်းချင်ကိုခေါ်ကာ ကုအန်ဆီ အလည်ရောက်ရှိလာခဲ့၏။

သူတို့ကုအန်လက်ထဲက ကလေးကိုမြင်သောအခါ တုန်လှုပ်သွားခဲ့ကြပြီး ထိုကလေးက ကုအန်ကလေးမဟုတ်မှန်းသိသောအခါမှ စိတ်အေးသွားခဲ့ကြရသည်။

“ဒီလိုကံကြမ္မာမျိုးနဲ့ ကလေးမျိုးကတွေ့ရဖို့ ရှားတယ်လေ အဲ့တာကြောင့် အစ်ကိုသူ့ကိုခေါ်လာခဲ့တာ အခုကစပြီး သူ့ကိုအစ်ကို့တပည့်အဖြစ်သတ်မှတ်တော့မှာ” ကုအန် ပြောလိုက်သည်။

ကျန်းချင် လုံချင်းကိုချီထားရင်း ကလေးကနည်းနည်းတော့ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရကာ ပြောလိုက်၏။

“ဆရာ သူ့ကိုနာမည်ပေးပြီးပြီလား”

ကုအန်ဖြေလိုက်သည်။

“အင်း သူ့နာမည်က လုံချင်းတဲ့ ဆရာသူ့ကိုစမ်းချောင်းဘေးမှာ တွေ့ခဲ့တာ နောက်ပြီးသူ့မျက်လုံးတွေက အဲ့ဒီစမ်းချောင်းလို ကြည်လင်နေတယ် အဲ့တာကြောင့် ချင်း ဆိုတဲ့နာမည် ပေးလိုက်တာ”

“နောက်ပြီး မျိုးရိုးနာမည် လုံ ကရော” ကျန်းချင် ထပ်စပ်စုလိုက်၏။

ကုအန် ပြုံးကာပြောလိုက်သည်။

“သူ့ကျောကို တစ်ချက်ကြည့်လိုက်”

ကျန်းချင်ကလေးအနှီးကိုလှန်လိုက်ပြီး ကလေးကျောကိုကြည့်လိုက်သောအခါ ပုံစံကွက်တစ်ခုကိုတွေ့လိုက်ရပြီး တစ်ချက်ကြည့်ရုံဖြင့် ထိုအရာက နဂါးတစ်ကောင်မှန်း သိသာနေခဲ့သည်။

“ကြည့်ရတာ ဒီကလေးလေးရဲ့ နောက်ခံက ရိုးရှင်းပုံမပေါ်ဘူး” ကျန်းချင် အံ့အားသင့်သွားဟန်ဖြင့် မှတ်ချက်ပြုလိုက်၏။

ရီလန်လည်း ထိုအရာကိုမြင်လိုက်ပြီး ထိုအခါမှလုံးလုံး စိတ်အေးသွားခဲ့ကာ ကျန်းချင်လက်ထဲရှ်ိ ကလေးကိုယူ၍ ချီလိုက်လေသည်။

“ဒီကိစ္စကို မပျံ့နှံ့သွားစေနဲ့ သူကစွန့်ပစ်ခံထားတာဆိုမှတော့သူ့‌ေဆးတောင်ကြားမှာပဲ အေးအေးချမ်းချမ်း နေပါစေ သူ့နောက်ကျောက အမှတ်အသားကိုတော့ ဆရာလုပ်ပေးထားတာလို့ပဲ ထားလိုက်မယ်” ကုအန် ညွှန်ကြားလိုက်၏။

မိန်းကလေးနှစ်ယောက်လည်း ခေါင်းညိတ်လိုက်ကြပြီး သူ့ဆုံးဖြတ်ချက်အတွက် ချီးကျူးလိုက်သည်။

ဆေးတောင်ကြားတွင် ၃ရက်နေထိုင်ပြီးနောက် အမျိုးသမီးနှစ်ယောက်ပြန်သွားခဲ့၏။ သူတို့ဂိုဏ်းခွဲတွင် အလုပ်ရှုပ်လှသောကြောင့် သူတို့အချိန်အတော်ကြာတော့ ပြန်တွေ့ဖြစ်တော့မည် မဟုတ်ပေ။

နှစ်၀က်အကြာတွင် လုံချင်းက လမ်းလျှောက်လာနိုင်ခဲ့ပြီး တစ်နှစ်အကြာတွင် ဗလုံးဗထွေးစကားလေးများ ပြောနိုင်လာခဲ့သည်။ အ၀တ်အစားကောင်း‌များကို ၀တ်ဆင်ထားသောသူက တတိယတောင်ကြား၏ ပျော်ရွှင်မှုလေး ဖြစ်လာခဲ့၏။

‌ကြက်သွေးရောင်ခေါင်းတလားကြီး ကျရောက်လာတာ ၁နှစ်ရှိသွားပြီဖြစ်သော်လည်း ထိုအရာကြီးက ပွင့်တော့ မလာသေးပေ။ သို့သော် ထိုအရာ၏တည်ရှိမှုအကြောင်း သတင်းများကတော့ ဂိုဏ်းပေါင်းစုံတွင် ပျံ့နှံ့နေပြီး ဂိုဏ်းများက သူ့ကို ကောင်းကင်ပြင်ပက မိစ္ဆာပစ္စည်းဟု အမည်တပ်ခဲ့ကြပြီး သေမျိုးတောင်ထွတ်ကမ္ဘာတွင်ပင် ထိုအကြောင်းဆွေးနွေးမှူများက ပွက်လောရိုက်နေခဲ့သည်။

ဤနှစ်နွေရာသီတွင်

ကုအန် သူ့အိမ်ထဲတွင်ထိုင်နေရင်း ချင်ထျန်းတောင်ထွတ်ကိုထုတ်ကာ နတ်အတွေးသုံးပြီး ဘုရားကျောင်းပျက်ထဲ ၀င်သွားခဲ့၏။

သူဘုရားကျောင်းထဲရောက်သွားသည်နှင့် အနက်ရောင်၀တ်စုံနှင့်လူပေါ်လာကာ သောကရောက်နေဟန်ဖြင့် မေးလိုက်သည်။

“ဘာလို့ အကြီးအကဲတစ်ယောက်တည်း ရောက်လာတာလဲ ဧကရာဇ်ရော”

ကုအန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။

“အဲ့တာ ကျရှုံးသွားတယ် ကျုပ် ခင်ဗျားသင်ပေးတဲ့ ဆန်းကြယ်တဲ့နည်းစနစ်ကိုသုံးဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ သူထွက်ပြေးသွားတာ အခုသူဘယ်မှာလဲ ကျုပ်မသိတော့ဘူး”

အနက်ရောင်၀တ်စုံလူ၏မျက်နှာ ချက်ချင်းပြောင်းလဲသွားကာ သူ့ကိုယ်က ထိန်းမရသိမ်းမရ တုန်ရီလာခဲ့သည်။

“သတင်းကောင်းကတော့ အမှောင်စစ်ပွဲဧကရာဇ် ခေါင်းတလားထဲကနေ ထွက်မလာသေးဘူး တစ်နှစ်တောင်ရှိသွားပြီ ဘာလို့လှုပ်ရှားမှုမရှိသေးတာလဲ” ကုအန် မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

ထိုစကားကိုကြားသောအခါ အနက်ရောင်၀တ်လူ အနည်းငယ်စိတ်သက်သာရာ ရသွားပြီး တွေးဆပြီးနောက် ပြောလိုက်သည်။

“သူကတစ်ခုခုအတွက် ပြင်ဆင်နေတာဖြစ်နိုင်တယ် ဘိုးဘေး ကျွန်တော့်ကို လွှတ်ပေးလို့ရမလား ကျွန်တော်ဧကရာဇ်ကို သွားရှာမှဖြစ်မယ်”

ကုအန် ခေါင်းယမ်းပြလိုက်၏။

“တောင်းပန်ပါတယ် ကျုပ်ခင်ဗျားကို အပြည့်အ၀မယုံကြည်နိုင်ဘူး ဒီကပ်ဘေးကိုကျော်လွှားပြီးလို့ နှစ်၁သောင်းကြာမှ လွှတ်ပေးမယ်”

နှစ်တစ်သောင်းလား!

အနက်ရောင်၀တ်စုံနှင့်လူ ကျိန်ဆဲမိမလိုဖြစ်သွားသော်လည်း တစ်ဖက်လူ၏ နက်နဲသော ခန့်မှန်းရခက်သော တာအိုအဆင့်ကြောင့် ခံစားချက်များကို ဖိနှိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။

ဧကရာဇ် ဘယ်မှာဆိုတာ ဘယ်သူမှမသိဘဲ သူ့ဘ၀ကိုလောင်းကြေးထပ်လိုက်ခြင်းမှာ ကောင်းသောအရာပေလော!

All Chapters