အခန်း (၃၄၅-၃၄၆)
Vol. 26 Ch. 345-346
အပိုင်း(၃၄၅)
စိတ်ပျက်အားငယ်ရသည့် အခိုက်အတန့်
ထိုက်ကန်ကုန်းမြေတိုက်ကြီးအစွန်တွင် ဒါဇင်ချီသည့်ဒုက္ခသည်များသည် ကမ်းခြေရှိ တောအုပ်ဆီသို့ ဦးတည်၍ လာနေခဲ့ကြသည်။
ကလေးမလေးတစ်ယောက်သည် သူ့အဖိုးကိုတွဲခေါ်လာရင်း ကောင်းကင်ရှိ ကြက်သွေးရောင်အလင်းကိုကြည့်ကာ ကြောက်ရွံ့နေခဲ့၏။
“အဖိုး သူတို့သမီးတို့ကို ဒီကိုလာခွင့်ပေးခဲ့တာ သူတို့မှာအခြားအကြံအစည်တစ်ခုခုရှိနေလို့လား” ကလေးမလေးသတိထားကာ မေးမြန်းလိုက်ပြီး သူမမျက်နှာက အညစ်အကြေးများဖြင့် ပေကျံနေသော်လည်း သူမမျက်လုံးများ၏တောက်ပမှုကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
သူ့အဖိုးအားနည်းစွာ အသက်ရှူနေရင်း ဖြေလိုက်သည်။
“ကိစ္စတွေက ပိုကောင်းလာမှာပါ…”
သူတို့တင်မဟုတ်ဘဲ အနားရှိအခြားသူများလည်း ထိုအကြောင်းစိတ်ပူကာ မျှော်လင့်နေခဲ့ကြ၏။
ကုန်းမြေတိုက်ကြီး၏ ထောင့်စွန်းများတွင် ထိုကဲ့သို့သောသူပေါင်းများစွာ ကုန်းမြေတိုက်ကြီးဆီ ဦးတည်လာနေခဲ့ကြသည်။
ကျင့်ကြံခြင်းအဆင့်မြင့်သူများကတော့ အလျင်အမြန်ရောက်ရှိလာကြသော်လည်း နိမ့်သူများကတော့ ခြေလျင်သာ လျှောက်လာခဲ့ကြရ၏။
ကုအန်ထိုမြင်ကွင်းကိုမြင်ပြီး နတ်အာရုံဖြင့်စစ်ဆေးကြည့်လိုက်သောအခါ ထိုသူများအားလုံးသည် ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာများဖြစ်မှန်း သိလိုက်ရသည်။ သူတို့တွင် ယုယင်ယင် ရှန်ရှင်းကျိတို့နှင့်တူညီသည့် ဝိညာဉ်ဇာစ်မြစ် ကမ္မတရားမျိူ ရှိကြ၏။
သူတို့အားလုံးသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့်ရောက်လာကြခြင်းဖြစ်ပြီး သူတို့ရောက်လာသောအခါ အစီအရင်က ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ကုအန်သူတို့ကမ္မတရားများကိုစစ်ဆေးရင်း အချက်အလက်အချို့ ရရှိခဲ့၏။
ကောင်းကင်အကျဉ်းထောင်!
ထိုလူများသည် ကောင်းကင်အကျဉ်းထောင်မှဖြစ်ကြပြီး သူတို့ကိုယ်တိုင်ပင် အဘယ်ကြောင့် ထောင်အာဏာပိုင်များက သူတို့ကိုဒီပို့ခဲ့သလဲ မသိခဲ့ကြပေ။
ကောင်းကင်အကျဉ်းထောင်၏ ကမ္မနှင့်ချီကံကြမ္မာက မြင့်မြတ်ခုံရုံးနှင့် ဆက်စပ်မှုမရှိသော်လည်း ဤအရာက မဟာမြေအောက်သူတော်စင်ဘုရင်နှင့်ဆက်စပ်နေနိုင်မှန်း ကုအန်သိပေသည်။
နောက်ဆုံးတွင် သူ့တွင်ရန်သူအနည်းငယ်သာရှိပြီး မဟာမြေအောက်သူတော်စင်ဘုရင်ကသာ ဤကဲ့သို့သောကိစ္စမျိုးကို လုပ်နိုင်၏။
များစွာသော ပြန်လည်မွေးဖွားလာသည့် ကောင်းကင်မိစ္ဆာများကို ပို့လိုက်ခြင်းက အမှောင်စစ်ပွဲဧကရာဇ်ကို ဆွဲဆောင်လိုက်ခြင်း မဟုတ်ပါလော။
ကုအန်ဤကဲ့သို့သော အကောက်ကြံမှုမျိုးကို မုန်းတီးသော်လည်း ထိုအရာက ကောင်းတော့ကောင်းပေသည်။ ဤသို့ဆိုလျှင် အမှောင်စစ်ပွဲဧကရာဇ်ကြောင့် ဆုံးရှုံးရမည့်အသက်များ ပိုနည်းပါးသွားနိုင်မည်ဖြစ်ပြီး ဆရာသခင်ဓားအရှင်အတွက်လည်း သူ့ကိုရှင်းလင်းရန် တရား၀င်အကြောင်းပြချက်တစ်ခု ရသွားပေလိမ့်မည်။
“ဆရာကောင်းကင်ကဟာကြီးက တကယ်ပဲ ဘာများလဲ”
လုံချင်း ကြောက်ရွံ့နေပြီး ကောင်းကင်ကိုမော့ကြည့်ကာ မေးလိုက်သည်။
ကုအန်သူ့ခေါင်းကိုပုတ်ကာ ချော့လိုက်၏။
“ဘာမှမဟုတ်ပါဘူး မိုးရွာတော့မှာမလို့ထင်တယ် မင်းပဲ အသက်၅နှစ်ကျော်သွားရင် ယောင်္ကျားတစ်ယောက်ဖြစ်ပြီလို့ ပြောခဲ့တယ်မလား
ဘယ်လိုလုပ် အခုထိငိုနေနိုင်ရတာလဲ”
ထိုစကားကိုကြားသောအခါ လုံချင်းမျက်ရည်များကိုသုတ်လိုက်ပြီး လက်သီးသေးသေးလေးများကိုဆုပ်လိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်ငိုနေတာမဟုတ်ဘူး ဒီတိုင်းမျက်လုံးထဲသဲ၀င်သွားတာ”
သူ့ဘေးရှိယုယင်ယင်လည်း ထိုစကားကြောင့်ရယ်ချင်သွားခဲ့ပြီး တင်းမာနေသောလေထုက ပြေလျော့သွားခဲ့၏။
ကုအန် လုံချင်းကိုပြန်ချလိုက်ပြီးနောက် ယုယင်ယင်ကိုကြည့်ကာ ပြုံး၍ မေးလိုက်သည်။
“နင်ငါ့ကို ဆက်ကိုင်မထားတော့ဘူးမလား”
ထိုအခါမှ ယုယင်ယင်သူမလက်ကိုအမြန်လွှတ်လိုက်ပြီး ရှက်ကိုရှက်ကန်းပြောလိုက်၏။
“ဘယ်သူက နင့်ကိုကိုင်ထားချင်လို့လဲ”
“တကယ်လား အခုပဲ တစ်ယောက်ယောက်က ငါ့အင်္ကျီလက်အိုးကို ဖြဲတောင်ဖြဲပစ်မိတော့မလို့လေ”
“ဟမ့် အဲ့တာက မတော်တဆဖြစ်သွားတာ”
သူတို့နှစ်ယောက် ငြင်းခုန်နေရင်း အဓိပတိဂိုဏ်း၏အကာအကွယ်အစီအရင်ပွင့်လာကာ ထည်ဝါလှသော အလင်းတန်းများထွက်ပေါ်လာပြီး ကျင့်ကြံသူများ တတိယတောင်ကြားမှ ပျံထွက်သွားခဲ့ကြသည်။
အဓိပတိဂိုဏ်းသည် တိုက်ပွဲအတွက် အသင့်အနေအထားသို့ ရောက်ရှိသွားခဲ့၏။
လက်ကိုးချောင်းနတ်အရှင် မတ်တပ်ရပ်လိုက်ကာ အဝေးသို့ ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ပြဿနာက ရောက်နေပြန်ပြီ ကြည့်ရတာ ငါတို့ဒီနေ့တော့ ဒီဂိမ်းကိုအဆုံးသတ်နိုင်တော့မယ် မထင်ဘူး”
သူ့ရှေ့ရှိ ကျင့်ကြံသူအိုကြီးအသက်ပြင်းပြင်းရှူလိုက်ကာ တခုခုပြန်ပြောဖို့ပြင်လိုက်စဉ်တွင် နတ်အရှင်ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
ခပ်လှမ်းလှမ်းရှိ သစ်ပင်အောက်မှရှန်ရှင်းကျိလည်း ပျောက်ကွယ်သွားခဲ့၏။
……
မိုးကြိုးတိမ်တိုက်များအောက်တွင် နယ်မြေကြီးကမီးတောက်မီးလျှံများဖြင့် လွှမ်းမိုးခြင်းကိုခံထားရပြီး သေမျိုးကမ္ဘာက ငရဲတစ်ခုလို ဖြစ်နေခဲ့သည်။
မီးတောက်များကြားထဲတွင် ပေါက်ပြဲနေသော အနက်ရောင်ချပ်၀တ်ကို၀တ်ဆင်ထားသော လူတစ်ယောက်လမ်းလျှောက်လာနေပြီး ကောက်ကွေးနေသောဆံပင်များနှင့် ထိုလူသည် အနည်းငယ်လည်း ခါးကုန်းနေခဲ့သည်။ သူ့မျက်နှာကြီးကတော့ အတော်လေး ကြောက်စရာကောင်းလှ၏။
သူ့မျက်နှာတစ်ခုလုံးတွင် ဒဏ်ရာများဖြင့်ပြည့်နေပြီး မျက်လုံးများကသာ အကောင်းအတိုင်း ကျန်ပေသည်။ နှုတ်ခမ်းများလည်း မရှိတော့ဘဲ ပါးစပ်အပြည့် ကြောက်စရာသွားကြီးများက ပေါ်နေခဲ့၏။
သူသည် အမှောင်စစ်ပွဲဧကရာဇ်သာ ဖြစ်ပေသည်။
ထိုစဉ် သူ့အကြည့်က အဝေးသို့ရောက်နေပြီး ကောင်းကင်ပေါ်တွင်ရပ်ကာ သူ့ကိုငုံ့ကြည့်နေသော အဖြူရောင်၀တ်လူကို ကြည့်ရှုနေခဲ့သည်။
သူတစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲလိုက်၏။
ထို့စဉ် သူရပ်လိုက်ပြီး တစ်ခုခုကိုသတိထားမိလိုက်ဟန်ဖြင့် သူ့ကိုယ်က မတ်သွားခဲ့သည်။
ထို့နောက်တွင်တော့ သူနောက်ပြန်လှည့်ကာ ပျောက်ကွယ်သွားလေတော့သည်။
နောက်တစ်စက္ကန့်တွင် သူကောင်းကင်ပြာပြာအောက်တွင် ပေါ်လာခဲ့ပြီး စွမ်းအားတစ်မျိုးထုတ်လိုက်ရာ အားလှိုင်းကြောင့် မိုင်ထောင်ချီသော တိမ်တိုက်များ ပြိုကွဲသွားပြီး အားလှိုင်းက မြေပြင်ကို ရိုက်ခတ်သွားခဲ့သည်။
ဝုန်းးး!
ကြောက်မယ်ဖွယ်မီးတောက်များ ကမ္ဘာမြေပေါ် တောက်လောင်လာပြီး ဖျက်ဆီးမှုအားလှိုင်းကြီးက ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏အရပ်မျက်နှာပေါင်းစုံဆီ ပျံ့လွင့်သွားကာ စိမ်းစိုနေသော တောင်တန်းများ မြစ်များက မီးေလာင်ကျွမ်းကာ မည်းနက်သွားခဲ့သည်။
မရေတွက်နိုင်သော သက်ရှိများက ချက်ချင်း သုတ်သင်ခံလိုက်ရ၏။
“တော်လောက်ပြီ”
ဖိအားတစ်ခုပါသော အသံတစ်သံ အဖြူရောင်၀တ်လူထံမှ ထွက်ပေါ်လာခဲ့သည်။
သူ့အသံနောက်တွင်တော့ အမှောင်စစ်ပွဲဧကရာဇ်၏ကြောက်မက်ဖွယ်ရယ်သံကြီး လိုက်ပါလာခဲ့ပြီး ပြိုကွဲနေသော ကမ္ဘာကြီးအား ပိုကြောက်စရာကောင်းအောင် ဖန်တီးပေးနေခဲ့လေသည်။
တတိယတောင်ကြားတွင်
ကုအန် အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်ကိုကျော်လွန်နေသည့် နတ်အာရုံတစ်ခု ဖြတ်သန်းသွားသည်ကိုခံစားလိုက်ရပြီး ထိုအရာက အမှောင်စစ်ပွဲဧကရာဇ်၏ နတ်အာရုံဖြစ်တာ သေချာ၏။
မျှော်လင့်ထားသလိုပင် အမှောင်စစ်ပွဲဧကရာဇ်သည် ကောင်းကင်မိစ္ဆာများ၏ ကမ္မတရားမှဆွဲဆောင်ခြင်းကို ခံလိုက်ရချေပြီ။
ကုအန် တည်နေရာကူးပြောင်ခြင်းအစီအရင်ဆီ လျှောက်လာခဲ့သည်။
“အစ်ကိုဘယ်သွားမလို့လဲ” ကျိရှောင်ယု အသံထွက်ပေါ်လာသောကြောင့် ကုအန် လှည့်ကြည့်လိုက်ရာ သူ့ကိုခပ်လှမ်းလှမ်းမှကြည့်နေသော ကျိရှောင်ယုကို တွေ့လိုက်ရသည်။
သူအသံကူးပြောင်းခြင်းနည်းစနစ်ကိုသုံးကာ ဖြေလိုက်၏။
“အစ်ကို ဆန်းကြယ်တောင်ကြားကိုတစ်ချက်သွားကြည့်မလို့ အစ်ကို့ကို စိတ်ပူစရာမလိုပါဘူး ဒီမှာလည်း လူတွေအများကြီး ရှိနေတာပဲ”
ထိုစကားကိုကြားပြီးနောက် ကျိရှောင်ယု ခေါင်းညိတ်ပြလိုက်ပြီး သူထွက်ခွာသွားသည်ကိုသာ စောင့်ကြည့်နေခဲ့သည်။
ကုအန် ဆန်းကြယ်တောင်ကြားကိုရောက်သောအခါ လုကျိကျားနှင့်တပည့်များ ကောင်းကင်ကအဖြစ်အပျက်ကြီးအကြောင်း ဆွေးနွေးနေသည်ကို တွေ့လိုက်ရသည်။
“ဆရာ ရောက်လာပြီ!”
တပည့်တစ်ယောက်အံ့အားသင့်ဟန်ဖြင့် ပြောလိုက်ရာ အခြားတပည့်များလည်း လှည့်ကြည့်လိုက်ကြ၏။ ထိုဖိအားကြီးက အရိုးခိုက်အောင်အရိုးခိုက်အောင်ကြောက်စရာကောင်းလှပြီး ကုအန်ကိုတွေ့သောအခါ သူတို့စိတ် အေးချမ်းသွားသလို ခံစားလိုက်ကြရသည်။
ကုအန် သူ့တပည့်များဆီ လျှောက်လာရင်း တစ်ချိန်တည်းမှာပင် လက်ကိုးချောင်းနတ်အရှင် နတ်အာရုံက သူ့ဆီရောက်ရှ်ိနေသည်ကို ခံစားလိုက်ရ၏။
ကြည့်ရသည်မှာ နတ်အရှင်သည် သူ့ကိုဆရာသခင်ဓားအရှင်နှင့်ဆက်စပ်နေသည်ဟု သံသယရှိနေပုံပင်။
စိတ်၀င်စားစရာပဲ!
ထိုအခိုက်တွင် ကြောက်လန့်မှုကို ထိုက်ကန်ကုန်းမြေတိုက်ကြီးပေါ်ရှိလူတိုင်း ခံစားနေရသော်လည်း ထိုခံစားချက်က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့ပြန်သည်။
“ဘာတွေဖြစ်နေတာလဲ”
ကျိုးယိကျင်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဘေးတွင်ရပ်ကာ ကောင်းကင်ကိုမျက်မှောင်ကြုံ့၍ ကြည့်နေခဲ့၏။
သူတင်မဟုတ်ဘဲ ကောင်းကင်ပြုပြင်စင်မြင့်ပေါ်ကလူများ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်နေကြပြီး သူတို့ခုနက ခံစားလိုက်ကြရသော ခံစားချက်ကလည်း လုံး၀ အတုအယောင်ဟုတ်မနေခဲ့ပေ။
ထိုက်ကန်မင်းဆက်တစ်ခုလုံးကို အကြောက်တရားက အုပ်မိုးထားခဲ့လေသည်။
ကောင်းကင်အောက်တွင် အမှောင်စစ်ပွဲဧကရာဇ် လေထဲ၌ပေါ်လာခဲ့ပြီး အဝေးရှိ ကုန်းမြေတိုက်ကြီးကိုမျက်မှောင်ကြုံ့ကာ ငုံ့ကြည့်နေခဲ့၏။
သူ့ရှေ့မှ ကုန်းမြေတိုက်ကြီးသည် ထိုက်ကန်ကုန်းမြေတိုက်ကြီးသာ ဖြစ်ပေသည်။
သူထိုက်ကန်ကုန်းမြေတိုက်ကြီးနား ပိုကပ်လာသည်နှင့်အမျှ အားကောင်းသောစွမ်းအားတစ်မျိုးက သူ့ကိုရှေ့ဆက်မသွားရန် တားဆီးနေသည်ကို ခံစားလိုက်ရသည်။
ဤကုန်းမြေတိုက်ကြီးပေါ်တွင် စွမ်းအားသူကြီးသူတစ်ဦးဦး ပုန်းအောင်းနေချေပြီ။
များစွာသော ကောင်းကင်မိစ္ဆာများ၏အရှိန်အဝါအရ ထိုနေရာတွင် ပုန်းအောင်းနေသူက မြင့်မြတ်ခုံရုံးနှင့်တော့ မသက်ဆိုင်နိုင်ပေ။
အမှောင်စစ်ပွဲဧကရာဇ်မျက်လုံးထဲ အရောင်တစ်ချက်လက်သွားပြီး သူ့ညာဘက်ကိုမြှောက်လိုက်ရာ လက်ထဲမှ မိစ္ဆာချီများ ပေါ်ထွက်လာခဲ့ပြီး ထိုမိစ္ဆာချီများက ကောင်းကင်ဆီထိုးတက်သွားခဲ့လေသည်။
ကုန်းမြေတိုက်ကြီးမှလူများ ်မိုးကုတ်စက်ဝိုင်းမှတိမ်မည်းများ သူတို့ဆီချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရပြီး ဆက်မတွေးနိုင်ခင်မှာပင် နေ့က ညအဖြစ်ပြောင်းလဲသွားခဲ့၏။
“ဘာဖြစ်နေတာလဲ ဘာလို့နေ့ဘက်ကြီးရုတ်တရက် မှောင်သွားရတာလဲ”
“ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ မဟာအေးစက်မိစ္ဆာဂိုဏ်းက နောက်တစ်ကြိမ်တိုက်ခိုက်တာများလား”
ဆန်းကြယ်တောင်ကြားမှတပည့်များကြား ဆူညံပွက်လောရိုက်ကုန်ကြသည်။ ကုအန်မျက်နှာကတော့ တင်းမာနေပြီး သူတို့ကိုအကြောင်းအရင်းကိုပြောမပြဘဲ ဂိုဏ်းကိုယုံကြည့်ဖို့သာ ပြောခဲ့၏။
ကုန်းမြေတိုက်ကြီးကို တိမ်မည်းများက ဖုံးအုပ်သွားသောအခါ အမှောင်စစ်ပွဲဧကရာဇ်၏ ဖိအားက ကျရောက်လာပြီး သက်ရှိအားလုံး မလွယ်ကူမှုနှင့် ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။
ခြံစည်းရိုးရှေ့တွင်ရပ်နေသော ကျိရှောင်ယု ငေးကြောင်နေခဲ့၏။ သူသည် သူ့ဆီချဉ်းကပ်လာသော အနက်ရောင်ပုံရိပ်တစ်ခုကို မြင်နေခဲ့ရပြီး ခြေတစ်လှမ်းချင်းစီတိုင်းက အားကောင်းလွန်းကာ သူမကိုဖိအားပေးနေခဲ့သည်။
သူမတင်မဟုတ်ဘဲ ကုန်းမြေတိုက်ကြီးက လူတိုင်း ဤအခြေအနေကို ကြုံတွေ့နေခဲ့ရခြင်း ဖြစ်၏။
ဘုရားကျောင်း အဆောက်အဦး ခန်းမ ဂူ တောအုပ် ဘယ်နေရာပဲဖြစ်ဖြစ် ကောင်းကင်ကိုမြင်ရသောနေရာပဲဖြစ်ဖြစ် မမြင်ရသော နေရာပဲဖြစ်ဖြစ် သက်ရှိအားလုံး ထိုကြောက်မက်ဖွယ်အခြေအနေထဲသို့ ဆွဲသွင်းခြင်းကို ခံထားကြရသည်။
ယုယင်ယင်တို့လို ပြန်လည်မွေးဖွားလာသော ကောင်းကင်မိစ္ဆာများကတော့ ဤအရာကိုပို၍ နက်နက်ရှိုင်းရှိုင်းခံစားကြရ၏ သူမ အမှောင်စစ်ပွဲဧကရာဇ်၏ မျက်နှာကိုပင် မြင်ခဲ့ရပြီး ကြောက်လန့်၍ အော်ဟစ်အကူအညီတောင်းချင်သော်လည်း သူမအသံက ထွက်မလာခဲ့ပေ။
သူမသည် သေရန် စောင့်နေရသလိုပင်။
ရှန်ရှင်းကျိလို မြေလျှောက်အမတအဆင့် ၉ တစ်ယောက်ပင် ထိုအခြေအနေတွင်သာ ရှိနေခဲ့၏။
ကြောက်မက်ဖွယ် အမှောင်စစ်ပွဲဧကရာဇ်ကိုရင်ဆိုင်ရသောအခါ ရှန်ရှင်းကျိအံကိုကြိတ်ထားပြီး မလွယ်ကူမှုကိုသာ ခံစားနေခဲ့ရသည်။
သူတစ်ဖက်လူ၏ နတ်သိုင်းကိုနားမလည်နိုင်သလို သူ့ကံကြမ္မာကိုလည်း လက်မခံနိုင်ခဲ့ပေ။
တကယ်တော့ အမှောင်စစ်ပွဲဧကရာဇ်က သူ့ညာလက်ကိုမြှောက်ကာ ကြမ်းကြုတ်စွာပြုံးနေဆဲသာ ဖြစ်၏။ သူ့လက်ထဲက မိစ္ဆာချီများက တိမ်မည်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်ကို ဖုံးအုပ်ထားခဲ့သည်။ ထို့နောက်တွင်တော့ သူ့လက်ထဲတွင် အနက်ရောင်လှံတစ်ချောင်းဖွဲ့တည်လာခဲ့ကာ ထိုလှံ၏မျက်နှာပြင်တွင် ဆန်းကြယ်သောတာအိုအမှတ်အသားများ ရှိနေခဲ့၏။
“ဒီဧကရာဇ်က မင်းရဲ့အစွမ်းအဆတွေကို စမ်းသပ်ပါရစေ!”
အမှောင်စစ်ပွဲဧကရာဇ် လျှာတစ်ချက်သပ်လိုကပြီးနောက် သူ့အက်ကွဲကွဲအသံကြီးက သတ်ဖြတ်လိုစိတ်များနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
ရုတ်တရက်!
သူ့မော့ကြည့်လိုက်ရာ တိမ်မည်းများကြားတွင် အလင်းရောင်တစ်ချက်တောက်လာသည်ကို တွေ့လိုက်ရသောကြောင့် သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ထို့နောက် သူ့လက်ထဲက လှံကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်သောအခါ သူ့ကိုယ်မှ ကောင်းကင်နှင့်မြေပြင်တုန်ရီသွားလောက်သော အဟုန်များပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သူ့အောက်ရှိ ပင်လယ်ပင် ပြိုကွဲသွားခဲ့ပြီး မြင်ကွင်းက ခမ်းနားလွန်းလှ၏။
သူ့လင်းရှီများအားလုံးကို လှံထဲထည့်လိုက်သောအခါ လှံတွင် အနက်ရောင်မီးတောက်များတောက်လောင်လာကာ မရေတွက်နိုင်သော ဝိညာဉ်များလှံထဲမှ ထွက်ပေါ်လာပြီး ကုပ်ဖက်တက်၍ လွတ်မြောက်ဖို့ကြိုးစားနေကြသော်လည်း မလွတ်မြောက်နိုင်ခဲ့ကြပေ။
ကောင်းကင်ပြင်ပရှိ နေ ၇စင်းထဲရှိ မျက်လုံးများလည်းပွင့်လာပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေကို ကြည့်ရှုလိုက်ကြ၏။
ကောင်းကင်ပြင်ပမှကြည့်လျှင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲ၌ အနက်ရောင်အစက်တစ်စက်လျင်မြန်စွာ ရွေ့လျားသွားနေသည်ကို တွေ့နိုင်ပေသည်။
တတိယတောင်ကြားထဲတွင်
ကျိရှောင်ယု ရုတ်တရက် ကောင်းကင်မိစ္ဆာများလိုပင် အမှောင်စစ်ပွဲဧကရာဇ်၏မျက်နှာကိုမြင်လိုက်ရပြီး ကြောက်စရာအခြေအနေထဲ၀င်ရောက်သွားကာ ထိုပုံရိပ်ကြီးက ဆေးဉယျာဉ်ထဲမှ သူမဆီလျှောက်လာနေသလို ခံစားနေခဲ့ရသည်။
သူမထိုမြင်ကွင်းကို အိပ်မက်ထဲတွင် အကြိမ်များစွာမြင်ဖူးသော်လည်း လက်တွေ့မြင်လိုက်ရသည့်အခါမှာတော့ လုံး၀ ကွဲပြားလွန်းလှသည်။
“သေစမ်း…”
ကျိရှောင်ယု အံကိုကြိတ်လိုက်ရာ သူမနှဖူးပေါ်ရှိ အနီရောင်တာအိုအမှတ်အသားက လျင်မြန်စွာ ပြန့်ကားလာပြီး မီးတောက်များ တောက်လောက်လာခဲ့၏။
သူမသည် ကမ္ဘာဦးတာအိုအဆောင်၏စွမ်းအားကို ထုတ်သုံးနေခြင်း ဖြစ်ပေသည်။
ထို့နောက်တွင်တော့ သူမနောက်မှ အလင်းတစ်ချက်ထွက်ပေါ်လာခဲ့ပြီး သူမမြင်ကွင်းထဲက အမှောင်ထုကို တိုက်ဖျက်ပစ်လိုက်လေသည်။ ထိုစဉ် သူမအလိုလိုလှည့်ကြည့်မိလိုက်ရာ မျက်လုံးထောင့်စွန်းမှ ဓားအလင်းတစ်ခုကို တွေ့လိုက်ရ၏။
ထိုအရာက ဓားအရိပ်တစ်ခုပင် ဖြစ်သည်။
ငွေရောင်လက်နေသည့် ဓားအရိပ်တစ်ခု!
ဓားပေါ်တွင် မရေတွက်နိုင်သော မိုးကြိုးများကဖုံးလွှမ်းနေပြီး သူ့ပုံသဏ္ဍာန်ကို ဖုံးအုပ်ထားခဲ့၏။
ကျိရှောင်ယု ထိုကဲ့သို့သော ဓားမျိုးကိုတစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထိုဓားက ရှေးခေတ်မှ အချိန်မြစ်ကိုဖြတ်ကျော်ကာ ရောက်လာခဲ့သလို ဖြစ်နေပြီး သူဖြတ်သန်းရာ တစ်လျှောက်နေရာတိုင်းရှိ အမှောင်ထုကို ဖြိုခွင်းသွားခဲ့သည်။
ထိုအခိုက်တွင် သူမတင်မဟုတ်ဘဲ ကုန်းမြေတိုက်ကြီးပေါ်ရှိ သက်ရှိများအားလုံး ထိုဓားကို မြင်လိုက်ရခြင်း ဖြစ်၏။
အပိုင်း(၃၄၆)
ထာ၀ရအဆုံးမဲ့နတ်ဓားသိုင်း
ကုန်းမြေတိုက်ကြီးပေါ်က သက်ရှိများ ပုံရိပ်ယောင်ထောင်ချောက်ထဲပိတ်မိနေစဉ် ဓားအရိပ်ကိုမြင်လိုက်ရသလို တကယ်တော့ အမှောင်စစ်ပွဲဧကရာဇ်လည်း ဓားအရိပ်ကို မြင်လိုက်ရပေသည်။
အမှောင်စစ်ပွဲဧကရာဇ်ရင်ဆိုင်ရသော ဓားအရိပ်ကပို၍ပင် ခမ်းနားကာ လွှမ်းမိုးလွန်းနေခဲ့သည်။
နေကိုဖုံးအုပ်နေသော တိမ်မည်းများတွင်လည်း ဓားအလင်းများဖြင့်ပြည့်နှက်သွားပြီး တိမ်များကိုဖောက်ထွက်လာသော ဓားကြီးတစ်ချောင်းက ကောင်းကင်ပြင်ပမှဆင်းသက်လာသော ဧရာမတည်ရှိမှုကြီးတစ်ခုနှင့်ပင် တူနေခဲ့၏။
ထိုမျှကြီးမားသော ဓားကြီးနှင့်ရင်ဆိုင်လိုက်ရသောအခါ အမှောင်စစ်ပွဲဧကရာဇ် သူ့ကိုယ်သူ သေးနုတ်သလို ခံစားလိုက်ရသည်။
တခဏတာ အံ့အားသင့်သွားပြီးနောက် စစ်ပွဲဧကရာဇ်မျက်နှာပေါ်တွင် ရူးသွပ်သွားသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့၏။
“လွှမ်းမိုးလိုက်တဲ့ ဓားဆန္ဒ ဒီကမ္ဘာပေါ်မှာ ဓားတာအိုကို ဒီအဆင့်ထိအောင်မြင်ထားမယ့်သူ ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး”
အမှောင်စစ်ပွဲဧကရာဇ်ရယ်မောကာပြောလိုက်ပြီး သူ့အသံဆုံးသည်နှင့် သူ့ကိုယ်မှ အဟုန်ကထိုးတက်သွားပြီး လက်ထဲရှ်ိ လှံတံပေါ်တွင်လည်း အနက်ရောင်မီးတောက်များက ပို၍ပင် အားကောင်းလာခဲ့သည်။
စကားဆုံးသွားသောအခါ အမှောင်စစ်ပွဲဧကရာဇ်လှံတံကို ခပ်တင်းတင်းကိုင်ကာ အားကုန်လွှဲ၍ ပစ်လွှတ်လိုက်လေတော့သည်။
လှံတံထွက်ခွာသွားသောအခါ ကောင်းကင်ရှိတိမ်များချက်ချင်း ထုတ်ချင်းပေါက်သွားပြီး ဆန်းကြယ်လှသော ဧရာမဓားကြီးနှင့် ထိပ်တိုက်တွေ့သွားခဲ့၏။
ဓားအရိပ်ကြီးသည် ကမ္ဘာပေါ်ရှ်ိမည်သည့်တောင်ထက်မဆို ကြီးမားနေပြီး သူ့ဓားရိုးက စကြာ၀ဠာထဲတွင် ရှိနေသည်ဟုပင် ထင်ရစေသည်။
ဝုန်းးး
ကြမ်းတမ်းလှသော အနက်ရောင်မီးတောက်များက နဂါးတစ်ကောင်နှယ် ဓားရိပ်ကြီးနှင့်ဆုံတွေ့သွားပြီးနောက် ချက်ချင်းဆိုသလို ကုန်းမြေတိုက်ကြီးပေါ်ရှိ သက်ရှိများနိုးထလာခဲ့ကာ
သူတို့မျက်လုံးထဲရှိ ဓားရိပ်လည်းပျောက်ကွယ်သွားခဲ့ပြီး လက်ရှိအချိန်သို့ ပြန်ရောက်သွားခဲ့ကြသည်။
ထို့နောက် သူတို့အလိုလိုမော့ကြည့်လိုက်ကြရာ သူတို့တစ်ဘ၀လုံးဘယ်တော့မှ မမေ့မည့် မြင်ကွင်းကို မြင်လိုက်ရလေသည်။
ငွေရောင်ဓားအရိပ်တစ်ခုသည် ကောင်းကင်တွင်လွင့်မျောနေပြီး စိတ်ကူး၍မရလောက်အောင် ကျယ်ပြန့်ကာ ဖော်ပြ၍မရအောင် ကြီးမားနေခဲ့သည်။
ဆန်းကြယ်တောင်ကြားတွင် ကုအန်နှင့်တပည့်များလည်း ဓားအရိပ်ကြီးကို ကြည့်ရှုနေခဲ့၏။
ထာ၀ရအဆုံးမဲ့နတ်ဓား!
ဤသည်မှာ ကုအန် ဤဓားသိုင်းကို ပထမဆုံးအကြိမ်အသုံးပြုခြင်းလည်း ဖြစ်သည်။
တပည့်များကြားထဲရပ်နေရင်း သူ့မျက်နှာတွင် တုန်လှုပ်နေသည့်အမူအရာတစ်ခုရှိနေသောကြောင့် သူနှင့်ကောင်းကင်ပေါ်ရှိ ဓားရိပ်ကြီးကို ဘယ်သူကမှဆက်စပ်၍ တွေ့မိနိုင်လိမ့်မည် မဟုတ်ပေ။
လက်ကိုးချောင်းနတ်အရှင်၏ နတ်အာရုံလည်းပျောက်ကွယ်သွားပြီး ကောင်းကင်ပေါ်ရှိမြင်ကွင်း၏ ဆွဲဆောင်ခြင်းကိုခံထားခဲ့ရသည်။
ဓားအပေါ်အာရုံစိုက်ထားလိုက်ပြီး ကုအန် ထာ၀ရအဆုံးမဲ့နတ်ဓားကို ပေါက်ကွဲထွက်ပေါ်စေကာ ကောင်းကင်အောက်ရှိအရာရာတိုင်းကို လွှမ်းမိုးထားစေလိုက်၏။ ထို့နောက် သူ့ရပ်တန့်မရသောအားက အနက်ရောင်မီးတောက်များကို ဖျက်ဆီးကာ အမှောင်စစ်ပွဲဧကရာဇ်ကို တိုက်ခိုက်လိုက်လေသည်။
အမှောင်စစ်ပွဲဧကရာဇ်မျက်နှာချက်ချင်းပြောင်းလဲသွားပြီး နတ်သိုင်းတစ်မျိုးသုံးလိုက်ရာ သူ့ကိုယ်က အနက်ရောင်မြူအဖြစ်ပြောင်းလဲသွားခဲ့၏။ ထာ၀ရအဆုံးမဲ့နတ်ဓားရောက်ရှ်ိလာသည့် အလွန်တိုတောင်းသောအချိန်လေးအတွင်းတွင် သူပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ပြင်ပတွင်
အလင်းရောင်ခပ်မှိန်မှိန်သာရှိသော ကြယ်များပြည့်နေသည့် ကောက်းကင်တွင် အမှောင်စစ်ပွဲဧကရာဇ်ပေါ်လာခဲ့ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေသို့ ပြန်လှည့်ကြည့်လိုက်ကာ သူ့မျက်နှာပေါ် ကြောက်ရွံ့နေသည့် အမူအရာများ ပေါ်လာခဲ့၏။
“ဒီဓားဆန္ဒမှာ တကယ်ပဲစွမ်းအားကြီးလွန်းတဲ့ ကမ္မစွမ်းအားတွေပါ၀င်နေတယ်…”
အမှောင်စစ်ပွဲဧကရာဇ်ကြိတ်၍ တုန်လှုပ်သွားကာ သူ့တွင် ထိုဓားဆန္ဒလက်ထဲမှ ချက်ချင်းလွတ်မြောက်ကာ ထွက်ပြေးလာနိုင်သည့် နတ်သိုင်းရှိနေသည့်အတွက် ကျေးဇူးတင်နေခဲ့မိသည်။
ထိုစဉ် သူရုတ်တရက်တစ်ခုခုကိုသိသွားကာ အလိုလိုမော့ကြည့်မိလိုက်ရာ သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
ထာ၀ရအဆုံးမဲ့ဓားကြီးသည် ကောင်းကင်မှသူ့အပေါ်သို့ ဆင်းသက်လာနေသည်ကို သူမြင်လိုက်ရပြန်သည်။
သူကြောက်လန့်တကြား အမြန်ပင် နတ်သိုင်းကို သုံးလိုက်ပြန်၏။ သို့သော် သူဘယ်နေရာ ရောက်ရောက် မော့ကြည့်လိုက်တိုင်း တည်နေရာခုန်ကူးလာသလို ထိုဓားကြီးက ရှိနေသည်ကို တွေ့လိုက်ရလေသည်။ တစ်နေရာပြောင်းပြီးတိုင်းလည်း ဓားကသူနှင့်ပိုပိုပြီး နီးကပ်လာခဲ့၏။
အမှောင်စစ်ပွဲဧကရာဇ် အရင်က ထိုက်ကန်ကုန်းမြေတိုက်ကြီးမှ သက်ရှိများခံစားခဲ့ရသလို စိတ်ပျက်အားငယ်ခြင်းကို ခံစားနေရပြီး သူ့ခံစားချက်ကတော့ ပို၍ပင် ပြင်းထန်ပေသည်။
ဤအရာက မလွတ်မြောက်နိုင်သော ကံကြမ္မာတစ်ခုလိုပင် ဖြစ်၏။
ထိုစဉ် ထိုက်ကန်ကုန်းမြေတိုက်ကြီးပေါ်တွင်တော့ ထာ၀ရအဆုံးမဲ့နတ်ဓားကပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း လေပြင်းများ ကျန်နေခဲ့သောကြောင့် သေမျိုးများ မျက်နှာကိုပင် လက်ဖြင့် အုပ်ထားခဲ့ကြရသည်။
တခဏကြာတိတ်ဆိတ်နေပြီးနောက် ဆန်းကြယ်တောင်ကြားမှတပည့်များ အတူတကွအောင်ပွဲခံလိုက်ကြပြီး အဓိပတိဂိုဏ်းတစ်ခုလုံးတွင်လည်း ကောင်းကင်တုန်ဟီးမတတ် အောင်ပွဲခံသံများ ထွက်ပေါ်လာခဲ့၏။
“ခုနက ဓားကဘာကြီးလဲ ငါအိပ်မက်မက်နေတာ မဟုတ်ဘူးမလား”
“မင်းအနက်ရောင်အရိပ်တစ်ခုကို မြင်ခဲ့လား ကြည့်ရတာ အဲ့တာကငါ့ကို ပုံရိပ်ယောင်ကမ္ဘာထဲကဆွဲထုတ်ပြီး ကယ်တင်ပေးခဲ့ပုံပဲ”
“ငါလည်း အဲ့တာကိုမြင်လိုက်တယ်”
“အဲ့တာက ဆရာသခင်ဓားအရှင်ပဲ ဖြစ်ရမယ် သူပဲအဲ့လိုဓားဆန္ဒမျိုးကိုပိုင်ဆိုင်တာ သူငါတို့ကို ထပ်ကယ်ခဲ့ပြန်ပြီ”
အဓိပတိဂိုဏ်း မြို့အသီးသီးရှိ တပည့်များထိုအကြောင်းဆွေးနွေးနေကြပြီး အမှောင်စစ်ပွဲဧကရာဇ်၏ နတ်သိုင်းက သူတို့ကိုကြောက်လန့်သွားစေသော်လည် း ဆရာသခင်ဓားအရှင်၏နတ်သိုင်းကတော့ သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။
ဆရာသခင်ဓားအရှင်သည် မည်မျှသန်မာပါသနည်း။
ကုအန်လည်း စာကြောင်းတစ်ကြောင်းပေါ်လာချိန်ထိ သူ့တပည့်များနှင့်စိတ်လှုပ်ရှားစွာ ဆွေးနွေးနေခဲ့၏။
[သင်သည် အမှောင်စစ်ပွဲဧကရာဇ်(တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတအဆင့် ၂)ကိုသုတ်သင်ပြီး သက်တမ်း ၂၀၇၆၃၂ ရရှိခဲ့ပါသည်]
ကုအန်သည် သတ်ဖြတ်လိုက်သူ၏ သက်တမ်း ၁ရာခိုင်နှုန်း ၂ရာခိုင်နှုန်းလောက်ကို ရိတ်သိမ်းနိုင်သောကြောင့် အမှောင်စစ်ပွဲဧကရာဇ်တွင် သက်တမ်း ၂သန်းကျော်ကျန်ရှိနေသည်ဟု ညွှန်ပြနေခဲ့သည်။
ကုအန်ကျေနပ်နေခဲ့၏။ ထာ၀ရအဆုံးမဲ့နတ်ဓားသိုင်းကို ပထမဆုံးအကြိမ်သုံးခြင်းဖြစ်သော်လည်း ရလဒ်က သူ့ကိုကျေနပ်သွားစေခဲ့၏။
ဤအရာမှာ ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းမှရရှိသော ရလဒ်ဖြစ်ပြီး သူထိုအရာမှနားလည်ထားသော နိယာမစွမ်းအားများ သူကိုယ်ပိုင်နိယာမစွမ်းအားများကိုသူ့နတ်သိုင်းများထဲ ထည့်သွင်းထားသောကြောင့် သူ့နတ်သိုင်းများက ပို၍ ဆန်းကြယ်နေခဲ့သည်။
ထာ၀ရအဆုံးမဲ့နတ်ဓား ထွက်ပေါ်လာသည်နှင့် ထိုဓားက အမှောင်စစ်ပွဲဧကရာဇ်၏ ကမ္မအရှိန်အဝါကို ပစ်မှတ်ထားလိုက်ခြင်းဖြစ်ပြီး သူ့ကမ္မအရှိန်အဝါ ပျက်ဆီးမသွားသေးသရွေ့ ဘယ်နေရာရောက်ရောက် ထိုနေရာသို့ လိုက်နေမှာ ဖြစ်သည်။
ကံဆိုးစွာဖြင့် ဤမျှအချိန်တိုလေးအတွင်း ကမ္မအရှိန်အဝါကို ဖျောက်ဖျက်ပစ်ဖို့ လိုမှန်းသိသွားခဲ့လျှင်တောင် အချိန်မီတော့မည် မဟုတ်ပေ။
ကုအန် နောက်ထပ် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတတစ်ပါး စောင့်ကြည့်နေသည်ကိုလည်း အာရုံခံမိခဲ့၏။ သို့သော် သူ့အကြည့်ကို ထိုနေရာသို့ မလွှဲလိုက်ရန်သာ ရွေးချယ်ခဲ့သည်။
မကြာခင်တွင် ထိုဆန်းကြယ်အမတလည်း ထွက်သွားခဲ့၏။
ဆန်းကြယ်တောင်ကြားမှတပည့်များကို ညွှန်ကြားပြီးနောက် ပွက်လောရိုက်ကာဆူညံနေသော တတိယတောင်ကြားသို့ ကုအန် ပြန်ရောက်လာခဲ့သည်။
သူတည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာသည်နှင့် ခပ်လှမ်းလှမ်းတွင် ကောင်းကင်ကိုမော့ကြည့်ကာ အတွေးနွံနစ်နေသော ရှန်ရှင်းကျိကို တွေ့လိုက်ရသည်။
လုံချင်းကိုချီထားသော ယုယင်ယင်လည်း ကုအန်အားအမြန်ချဉ်းကပ်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“နင်မြင်လိုက်လား ဆရာသခင်ဓားအရှင်ရဲ့ ဓားတာအိုကတကယ်မယုံနိုင်စရာကြီး သူ့ဓားက ကောင်းကင်အထက်ကနေ ကျဆင်းလာသလိုပဲ…”
သူမစိတ်လှုပ်ရှားစွာပြောဆိုနေခဲ့ပြီး လုံချင်းလည်း သူ့လက်များကိုဖြန့်ကာ ခုနက ဓားကြီးကဘယ်လောက်ကြီးမှန်း ပြောပြနေခဲ့သည်။
ကုအန် စိတ်လှု့ပ်ရှားချင်ယောင်ဆောင်လိုက်ပြီး ခုနကသူတွေ့ကြုံခဲ့ရသော အတွေ့အကြုံများကို ပြန်ပြောပြနေခဲ့၏။
သို့သော် သူ့စိတ်ထဲတွင်တော့ အခြားကိစ္စတစ်ခုကို စဉ်းစားနေခြင်းဖြစ်သည်။
ထိုအရာက ကောင်းကင်အကျဉ်းထောင် အကြောင်းပင်။
အမှောင်စစ်ပွဲဧကရာဇ်ဤနေရာသို့ ရောက်လာရသည့်အကြောင်းမှာ ကောင်းကင်အကျဉ်းထောင်မှလူများက ကောင်းကင်မိစ္ဆာများကို ထိုက်ကန်ကုန်းေမြတုိက်ကြီးဆီ လွှတ်လိုက်၍ ဖြစ်သည်။
ဤကိစ္စက ဒီနေရာမှာတင် အဆုံးသတ်မည့်ပုံတော့ မပေါ်ပေ။
“အဲ့ဒီ အနက်ရောင်အရိပ်ကြီးရဲ့ ဇာစ်မြစ်ကို ငါသိချင်မိတယ်….သူကထပ်လာဦးမှာလား ဆရာသခင်ဓားအရှင် သူ့ကိုသုတ်သင်ပြီးဖို့ မျှော်လင့်ရတာပဲ…”
ယုယင်ယင်စိတ်ညစ်နေဟန်ဖြင့်ပြောလိုက်ပြီး ကုအန်လည်း သူမကို ဆရာသခင်ဓားအရှင်ကိုယုံထားဖို့သာ ဖျောင်းဖြနေခဲ့၏။
သူလည်း အမှောင်စစ်ပွဲဧကရာဇ်၏ ဇာစ်မြစ်ကို သေချာမသိပေ။ သို့သော် သေချာသည်မှာ ထိုကောင့်တွင် လုံမိသားစုသွေးမျိုးဆက်မရှိသလို ကမ္မဆက်သွယ်မှုမျိုးလည်း ရှိမနေပေ။ ပို၍ အရေးကြီးသည့် အရာမှာ ထိုကောင့်၏ အစစ်အမှန်ပုံသဏ္ဍာန်က လူသားမျိုးနွယ်က ဟုတ်မနေခြင်းပေ။
ယုယင်ယင်နှင့်တခဏကြာ စကားပြောပြီးနောက် ကုအန် အန်းရှင်း ကျိရှောင်ယုတို့နှင့်စကားပြောဖို့ ထွက်လာခဲ့သည်။
ထိုတိုက်ပွဲ၏ သက်ရောက်မှုက အချိန်အကြာကြီးထိ တည်ရှ်ိနေတော့မည် ဖြစ်သည်။
မမြင်ရသော အဝေးနေရာများမှ ကြီးမြတ်သည့်ကျင့်ကြံသူများစွာ ထိုတိုက်ပွဲကို ချောင်းကြည့်နေကြပြီး ဆရာသခင်ဓားအရှင်၏စွမ်းအားကြောင့် လူတိုင်း တုန်လှုပ်ကုန်ခဲ့ကြသည်။
မဟာအေးစက်မိစ္ဆာဂိုဏ်းကို သုတ်သင်လိုက်ခြင်းက ဆရာသခင်ဓားအရှင်အမည်ကို ဂိုဏ်းကြီးများကြား ပျံ့နှံ့စေရုံသာဖြစ်ပြီး အများဆုံးမှ ဂိုဏ်းကြီးများက သူ့ကိုကြောက်စရာ ပုံရိပ်တစ်ခုအဖြစ် မြင်သွားရုံသာ ဖြစ်၏။
ယခုကတော့ မတူပေ။ အမှောင်စစ်ပွဲဧကရာဇ်၏အရှိန်အဝါက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေခြင်းဖြစ်ပြီး မဟာအေးစက်မိစ္ဆာဂိုဏ်းတစ်ခုလုံးပေါင်းလျှင်ပင် သူ့ကိုမီမည် မဟုတ်ပေ။
အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့်ကိုရောက်ရှိနေသော သက်ရှိတိုင်း အမှောင်စစ်ပွဲဧကရာ၏တည်ရှိမှုကို သတိထားလိုက်မိကြခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ကောင်းကင်၇ဆင့် အဆင့်ရှိသော ပုဂ္ဂိုလ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခြင်းက ဆရာသခင်ဓားအရှင်၏ တာအိုအဆင့်မည်မျှနက်ရှိုင်းသလဲဆိုတာ ညွှန်ပြနေခဲ့သည်။
ကောင်းကင်ပြင်ပရှိ နေ၇စင်းထဲတွင် ပုန်းအောင်းနေသူများကတော့ သူတို့မျက်လုံးများကို ဘာမှမဖြစ်ခဲ့သလို ပြန်ပိတ်လိုက်ကြ၏။
…..
မီးရောင်လက်နေသော နန်းတော်တစ်ခုထဲတွင် ရေကန်ငယ်လေးတစ်ခုဘေးတွင် ပုံရိပ်နှစ်ခု တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။
ရေကန်ဧ။် မျက်နှာပေါ်တွင် မြူနက်အနည်းငယ်ရစ်သိုင်းနေကာ စကြာ၀ဠာကြီး၏ မြင်ကွင်းများကို ဖော်ပြနေခဲ့သည်။
ထိုထဲမှတစ်ယောက်သည် အနက်ရောင်၀တ်စုံနှင့် နဂါးသရဖူကို ၀တ်ဆင်ထားသူဖြစ်ကာ စိတ်တိုနေဟန်ဖြင့် အံကိုကြိတ်၍ ပြောလိုက်၏။
“အဲ့တာမှ ပြဿနာပဲ ….ဆရာသခင်ဓားအရှင်က အတော်လေးကြောက်စရာကောင်းတယ် ကောင်းကင်ထောင်ရဲ့ လုပ်ရပ်ကို သူ့ဆီကဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး သူငါ့ကို အနှေးနဲ့အမြန် ပြဿနာလာရှာလိမ့်မယ်!”
သူ့ဘေးရှိလူဘက်လှည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ဒေါသများဖြင့် ပြည့်နေခဲ့သည်။
ချင်စုန်ကျိအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်၏။
“မြင့်မြတ်ဘုရင်လည်း ဒီကိစ္စကိုသတိထားမိမှာ သေချာတယ် ငါတို့ကိုယ်ငါတို့ကာကွယ်ဖို့ ညဏ်ရှိရှိနဲ့ ရွေးချယ်ကြတာပေါ့”
သူသည် ပင်လယ်ချိုးဖျက်နယ်မြေမြို့တော်၏ နယ်မြေသခင်ဖြစ်ပြီး ထိုက်ကန်ကုန်းမြေတိုက်ကြီးကသူ့စီရင်မှုအောက်တွင် ရှိသော နယ်မြေဖြစ်သည်။
ထိုအခိုက်တွင် နယ်မြေတစ်ခုလုံးက သက်ရှိများ၏အသက်များကိုထိန်းချုပ်သော ချင်စုန်ကျိ ဖြူဖျော့နေပြီး သူ့အင်္ကျီလက်အိုးထဲရှိ လက်သီးကိုတင်းနေအောင်ဆုပ်ထားကာ စိတ်အေးသွားအောင် ကြိုးစားနေခဲ့သည်။
အမှောင်စစ်ပွဲဧကရာဇ်သတ်ဖြတ်ခံလိုက်ရခြင်းကို မြင်လိုက်ရသည်မှာ သူ့အတွက် ကောင်းကင်ကြီးပြိုကျသွားသလိုပင်။
သူလှည့်ထွက်လာခဲ့၏။
ထိုစဉ် အနက်ရောင်၀တ်လူခပ်တင်းတင်းပြောလိုက်သည်။
“ဆရာသခင်ဓားအရှင်လာရှာရင် ငါမြင့်မြတ်ဘုရင်ရဲ့တည်ရှိမှုကို ထုတ်ပြောရမှာပဲ ငါ့တာအိုအဆင့်နဲ့ ဒီကိစ္စကိုဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး”
“မင်း ဆရာသခင်ဓားအရှင်လာမရှာဖို့ဆုတောင်းနေတာ ပိုကောင်းလိမ့်မယ်”
ချင်စုန်ကျိ ထိုစကားများချန်ကာ ထွက်ခွာသွားခဲ့၏။
အနက်ရောင်၀တ်လူကတော့ ထွက်ခွာသွားသောသူ့ပုံရိပ်ကိုကြည့်ပြီး ဒေါသမထိန်းနိုင်တော့သောကြောင့် နန်းတော်တစ်ခုလုံးပင် တုန်ခါလာခဲ့သည်။
….,
ပင်လယ်ပြင်ထက်တွင် ကျွန်းငယ်လေးတစ်ခုငြိမ်သက်စွာတည်ရှိနေကြီး ကျွန်းလေးက သေးငယ်သော်လည်း ကျွန်း၏ဗဟိုတွင် သဘာ၀ပေါက်ပင်များ ကင်းစင်နေကာ အဖြူရောင် ကျောက်စိမ်းများဖြင့် လမ်းခင်းထားခဲ့၏။
ထိုစဉ် ပုံရိပ်များတစ်ခုပြီးတစ်ခု ကျောက်စိမ်းဖြူခင်းထားေသာ မြေကွက်လပ်ထဲရောက်ရှိလာကြပြီး တစ်ယောက်ချင်းစီတိုင်း၏ကိုယ်မှသန်မာသော အလင်းရောင်များတောက်နေကာ သူတို့ပုံသဏ္ဍာန်ကိုမြင်ရရုံသာဖော်ပြထားကြသည်။ သူတို့မျက်နှာများကိုလည်း ဝေဝါးထားကြပြီး မျက်လုံးများကိုသာ ကောင်းကောင်းမြင်ရ၏။
သူတို့စုဝေးပြီးနောက် ဘယ်သူမှစကားမပြောခဲ့ကြဘဲ လေထုကတင်းမာနေခဲ့သည်။
“မြင့်မြတ်၀န်ကြီး အမှောင်စစ်ပွဲဧကရာဇ်ကို၀င်ခွင့်ပေးခဲ့တာ ခင်ဗျားအကြံလား” ကြီးမားသောပုံရိပ်တစ်ခု အေးစက်စက်ပြောလိုက်၏။
အခြားသူများလည်း ရွှေရောင်များတောက်နေကာ ကျယ်ပြန့်လှသောအရှိန်အဝါနှင့် အမတတစ်ပါးနှင့်ပင်တူနေသောမြင့်မြတ်၀န်ကြီးကို လှည့်ကြည့်လိုက်ကြသည်။
မေးခွန်းကိုရင်ဆိုင်ရင်း မြင့်မြတ်၀န်ကြီးခပ်အေးအေးဖြေလိုက်၏။
“ပြန်လည်မွေးဖွားခြင်းကိုအသုံးပြုပြီး သူတို့ဇာစ်မြစ်ကိုဖုံးကွယ်ထားတဲ့ ကောင်းကင်မိစ္ဆာတွေ ဒီနယ်မြေမှာ အများကြီးရှိနေကြပြီ မင်းတို့အသံမဲ့အပျက်အဆီးနယ်မြေမှာဖြစ်နေတဲ့ ကပ်ဘေးတွေကို သတိထားမိသင့်တယ် ငါအနာဂတ်အတွက်တွေးပြီး လုပ်လိုက်မိရာက ဒီနောင်တရစရာ ဆုံးဖြတ်ချက်ကို ချလိုက်မိတာ”
အခြားသူများလည်း ပြောလိုက်ကြသည်။
“ရည်ရွယ်ချက်ကကောင်းပေမယ့် အမှောင်စစ်ပွဲဧကရာဇ်က ကြမ်းကြုတ်လွန်းတယ် တကယ်ပဲ ထိန်းချုပ်ရခက်တယ်”
“အဲ့ဒီလူရဲ့ လွတ်မြောက်ခြင်းနည်းစနစ်က အတော်လေး သန့်စင်တယ် သူ့ကိုဖမ်းဖို့ ဒီလောက်ခက်တာ ဒါတောင် သေသွားရလိမ့်ဦးမယ်လို့ ထင်မထားမိခဲ့ဘူး”
“ပင်လယ်ချိုးဖျက်နယ်မြေ ဆရာသခင်ဓားအရှင်….. ကမ္ဘာကြီးကဒီလောက်ကျယ်တာ သူဆရာသခင်ဓားအရှင်ရှိတဲ့နေရာကို တည့်တည့်ရှာတွေ့သွားတာက ထူးဆန်းလွန်းတယ်”
“တကယ်တော့ ဆရာသခင်ဓားအရှင်က အကြိမ်တိုင်း သူ့ကုန်းမြေတိုက်ကြီးကို ကာကွယ်ဖို့ပဲ လှုပ်ရှားတတ်တာ အမှောင်စစ်ပွဲဧကရာဇ်က အစကတည်းက ဆရာသခင်ဓားအရှင်ဆီပဲ ဦးတည်လာခဲ့တာဆိုရင် ဘာလို့ ကုန်းမြေတိုက်ကြီး ၂ခုကိုအရင်တိုက်ခိုက်ခဲ့တာလဲ”
“မြင့်မြတ်၀န်ကြီး ကြည့်ရတာ တစ်ယောက်ယောက်က ခင်ဗျားကိုသုံးပြီး ဆရာသခင်ဓားအရှင်ကိုတိုက်ခိုက်ဖို့ အကွက်ချသွားပုံပဲ”
ရွှေရောင်များတောက်နေသော မြင့်မြတ်၀န်ကြီး၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။