← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အပိုင်း ၅၃၂ - ပါရမီရှင်များ၏တိုက်ပွဲ၊ ရွှီယန်၏ အနှိုင်းမဲ့သည့်လမ်းစဉ်

ရှင်းမုန့်ယုံ၏ ပုံရိပ်သည် တိမ်များအတွင်းတွင် ပျောက်ကွယ်သွားခဲ့၏။ သို့ပေမယ့် သူမသည် သတင်းတစ်ခုကိုလည်း ချန်ရစ်ထားခဲ့သည်။

ဤသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများသည် ဒီဗိုင်းတံတားအား အချိန်မတိုင်ခင်တွင် သက်ဆင်းလာစေနိုင်ခြင်း ဖြစ်၏။

သိုင်းတစ်ထောင်အရှင်သခင်တို့ သုံးယောက်၏ မျက်နှာများက အလွန် ညှို့မှိုင်းသွားကြသည်။ ဝူထန်းနန်၏ ခွန်အားသည် မထင်မှတ်စွာပင် အလွန်ကြီးမားနေ၏။ သူ့ကို သတ်ဖြတ်ရန်မှာ ခက်ခဲလှသည်။

တစ်ဖက်လူသည် တစ်ချိန်က အဆုံးမဲ့ကြယ်တာရာအကယ်ဒမီ၏ ချည်နှောင်မှုရှိခဲ့ပြီး ယခုအချိန်တွင်တော့ တစ်ယောက်တည်း ရပ်တည်နေ၏။ လုံးဝလွတ်လပ်ကာ မည်သည့်အားနည်းချက်မှ မရှိပေ။ ဤသည်က သူတို့ကို ကြီးမားသည့် အန္တရာယ်အား ခံစားရစေ၏။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အရင်းအမြစ်တို့ကို အကုန်အစင် အသုံးပြုလျှင်တောင် တစ်ဖက်လူကို သေချာပေါက် သေဆုံးမည်ဟု အာမမခံနိုင်ပေ။

ထို့အပြင် ထိပါးပြီးသည်နှင့် ကြောက်စရာကောင်းသည့် လက်စားချေမှုကိုလည်း ရင်ဆိုင်ရမည် ဖြစ်၏။ ဂိုဏ်းရှိမည်သည့်တပည့်မှ သို့မဟုတ် ထိပ်တန်း စွမ်းအားကြီးပုဂ္ဂိုလ်မှ တစ်ဖက်လူ၏ လက်ထဲတွင် ရှင်သန်နိုင်မည် မဟုတ်မှာကို စိုးရပါသည်။

"ပါရမီရှင်တွေအကြား ပြိုင်ပွဲက မကောင်းဘူးလား... ဒီကိစ္စကို လူငယ်တွေကိုပဲ လက်လွှဲထားလိုက်ပေါ့။ နောက်ပြီး အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက လေလွင့်သိုင်းသမားပါရမီရှင်တွေကို ကြောက်နေတာလား.."

"အရင်တုန်းက မင်းတို့တွေ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီကို ဖျက်ဆီးနိုင်ခဲ့တယ်။ အခုအချိန်ကျမှ စိတ်ဝိဉာဉ်ဂိုဏ်းတွေက အရမ်းကို အသုံးမကျဖြစ်ပြီး ဂုဏ်သိက္ခာကို အဖက်ဆယ်ဖို့တောင် ပါရမီရှင် မရှိတော့ဘူးလား.."

ဖူထန်းဟိုင်က ရယ်မောစွာ ပြော၏။

"ဖူထန်းဟိုင်... မင်းတို့ မိုးပြာရောင်ပင်လယ်မြို့ကလည်း အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းထဲမှာ ပါတယ်။ ဘယ်လိုဖြစ်လို့ ယုတ်ညံ့တဲ့စကားကို ပြောထွက်ရတာလဲ.."

လိင်ယွင်အရှင်သခင်က ဒေါသတကြီးအော်၏။

"ငါတို့ မိုးပြာရောင်ပင်လယ်မြို့က မင်းတို့လို မဟုတ်ဘူး... ငါတို့က မိုးပြာရောင်ပင်လယ်မှာ ရှိတာ။ ဒေသ၁၈ခုမှာ မဟုတ်ဘူး။ ပြီးတော့ မင်းတို့စိတ်ဝိဉာဉ်ဂိုဏ်းတွေလို လေလွင့်သိုင်းသမားတွေကိုလည်း မဖိနှိပ့်ဘူး.."

"ငါတို့ မိုးပြာရောင်ပင်လယ်မြို့မှာ ပါရမီနဲ့ခွန်အားကိုပဲကြည့်တယ်။ နောက်ခံကို မကြည့်ဘူး.."

ဖူထန်းဟိုင်က နှာခေါင်းရှုံ့ကာ ပြောသည်။

"ဟန့်.."

လိင်ယွင်အရှင်သခင်၏ မျက်နှာက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် မဲမှောင်သွားသည်။ အေးစက်စွာနှာခေါင်းရှုံ့၏။

"အချိန်ကိုကြည့်ရင် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ သိုင်းညီလာခံကို ရောက်တော့မယ်။ အဲ့တော့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို အဲ့ဒီ့ထဲမှာ ပါခိုင်းလိုက်ရုံပဲ။ စိတ်ဝိဉာဉ်ဂိုဏ်းတွေမှာ အရည်အချင်းရှိရင် ညီလာခံမှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့က လူတိုင်းကို အနိုင်ယူနိုင်လိမ့်မယ်.."

"အဲ့လိုဆိုရင်... မျိုးဆက်စုံမဟာမိတ်အဖွဲ့က ဘယ်ပါရမီရှင်မှ ဒီဗိုင်းတံတားကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး.."

ဖူထန်းဟိုင်က အပြုံးတစ်ခုဖြင့် ပြော၏။

"ဘာလဲ.. ငါ့ရဲ့အကြံပြုချက်က မကောင်းဘူးလား... တကယ့်တကယ်သာ တိုက်ပွဲဖြစ်မယ်ဆိုရင် ကျိုးနိုင်ငံနဲ့ ထိုက်မြှောင်ဂိုဏ်း မပါဘဲနဲ့ မင်းတို့သုံးယောက်က သူ့ကိုအနိုင်ယူနိုင်မယ်ထင်လား။ လျှို့ဝှက်အရင်းအမြစ်တွေကို အသုံးပြုမယ် ဆိုရင်တောင်မှ ထူးမှာလား.."

စကားဆုံးပြီးနောက် ဖူထန်းဟိုင်က သိုင်းတစ်ထောင်အရှင်သခင်ကို ကြည့်သည်။

"ဒီအချိန်က သိုင်းတစ်ထောင်ခန်းမရဲ့ တောင်အောက်ဆီကို ပါရမီရှင်တွေကို စေလွှတ်ပြီး စိတ်ဝိဉာဉ်နယ်မြေကိုလှည့်လည်ခိုင်းရမယ့်အချိန် မလား။ လင်းနယ်မြေရဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေက ပါရမီရှင်တွေကို စိန်ခေါ်တိုက်ခိုက်မယ့်အချိန် ရောက်ပြီမလား.."

"မင်းတို့ သိုင်းတစ်ထောင်ခန်းမရဲ့ ဒီမျိုးဆက်မှာ ပါရမီရှင်ဘယ်နှစ်ယောက် ရှိပြီး လင်းနယ်မြေရဲ့ သိုင်းလောကကို အုပ်စိုးနိုင်မလားဆိုတာ ငါတွေ့ချင်သေးတယ်.."

"ငါတို့ မိုးပြာရောင်ပင်လယ်မြို့က ပါရမီရှင်တွေက မင်းတို့ သိုင်းတစ်ထောင်ခန်းမရဲ့ လူတွေကို စောင့်နေတာကြာပြီ.."

ဝူထန်းနန်သည် စာအုပ်တစ်အုပ်ကို အသာဖတ်နေပြီး ပြီးခဲ့တုန်းက ထည်ဝါလှသည့် အသွင်အပြင်နှင့် မတူညီစွာရှိနေပါသည်။ သူ၏အသွင်မှာ သန့်ပြန့်ကာ စာပေသမားတစ်ယောက်ဟန်ရှိ၏။ ပေတံဖြင့် စာအုပ်၏ စာမျက်နှာကို ညင်သာစွာ ပုတ်နေသည်။ သိုင်းတစ်ထောင်ခန်းမဘက်မှ ပုဂ္ဂိုလ်သုံးဦးတို့၏ ဆုံးဖြတ်ချက်အား စောင့်စားနေ၏။

"ကောင်းပြီ... လူငယ်တွေကို ယှဉ်ပြိုင်ခိုင်းတာပေါ့... မျိုးဆက်စုံမဟာမိတ်အဖွဲ့မှာ ပါရမီရှင်ဘယ်နှစ်ယောက် ပေါ်ထွက်လာနိုင်မလဲလို့ ကြည့်ဦးမယ်... ဝူထန်းနန်... မင်းလူဘယ်နှစ်ယောက်ကို ပျိုးထောင်နိုင်မှာလဲ.."

"အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီကို ငါတို့တွေ အနိုင်ယူခဲ့ကြတယ်... မျိုးဆက်စုံ မဟာမိတ်အဖွဲ့ကိုလည်း အနိုင်ယူနိုင်တယ်.."

သိုင်းတစ်ထောင်အရှင်သခင်က နှာခေါင်းရှုံ့ကာ ပြောသည်။

"ကောင်းပြီလေ..."

ဝူထန်းနန်က ပြုံးသည်။

"ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲ... ဘယ်လောက်ကောင်းတဲ့ အငွေ့အသက်လဲ... ငါတို့လူအိုကြီးတွေ ဒီကိစ္စမှာ အများကြီး ဝင်မပါသင့်ဘူး... စည်းမျဉ်းတွေအတိုင်းပဲ လိုက်ကြရအောင်.."

"အနိုင်အရှုံးပဲဖြစ်ဖြစ်.. သေခြင်းရှင်ခြင်းပဲဖြစ်ဖြစ်... လူငယ်တွေအပေါ်မှာပဲ မူတည်တယ်.."

စကားဆုံးပြီးနောက် သူ၏အကြည့်က တဖြည်းဖြည်းထက်မြလာခဲ့၏။

"ဒါပေမယ့် ဒီမတိုင်ခင်မှာ မင်းတို့ကို ရှင်းရှင်းလင်းလင်းပြောထားမယ်... ဘယ်မျိုးဆက်ဟောင်းတွေမဆို... လူငယ်တွေကို အနိုင်ကျင့်လာခဲ့ရင်၊ မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တစ်ယောက်ကို သတ်ဖြတ်လာခဲ့ရင်.. သူက တစ်ယောက်သတ်ရင် ငါက သုံးယောက်သတ်မယ်.."

"ငါ့ကို ဘယ်သူတွေ တားနိုင်ပြီး မင်းတို့ရဲ့ ပါရမီရှင်တွေကိုကာကွယ်နိုင်မလဲလို့ ကြည့်တာပေါ့.."

သိုင်းတစ်ထောင်ခန်းမဘက်မှ ပုဂ္ဂိုလ်သုံးယောက်၏ မျက်နှာများက လေးနက်သွားကြသည်။ ဝူထန်းနန်သည် လုံးဝ အနှောင်အဖွဲ့ကင်းလွတ်နေပြီး ယခုကဲ့သို့ စကားမျိုးကိုတောင် တစ်ခါတည်း ပြောနိုင်၏။

အရင်တုန်းက အဆုံးမဲ့ကြယ်တာရာအကယ်ဒမီ ရှိစဉ်ကနှင့် မတူပေ။ ထိုအကြောင်းကြောင့်ပင် သူသည် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်လာခဲ့၏။

"ကောင်းပြီ... လူငယ်တွေကို သူတို့ဘာသာ တိုက်ခိုက်ခိုင်းတာပေါ့။ ငါတို့တွေ ဝင်မပါဘူး.."

လိင်ယွင်အရှင်သခင်က အေးစက်စွာ ပြော၏။

"မင်းတို့ လိင်ယွင်တောင်စံအိမ်က စကားနည်းနည်း တည်သေးတယ်။ ဒါပေမယ့် သိုင်းတစ်ထောင်ခန်းမက အယုတ်မာဆုံးနဲ့ မယုံကြည်ရဆုံးဘဲ... ဒါကြောင့်မလို့ ငါသူတို့ကို အနီးကပ် စောင့်ကြည့်ရမယ်.."

ဝူထန်းနန်က အပြုံးတစ်ခုဖြင့် မှတ်ချက်ပေးသည်။

ဖူထန်းဟိုင်က တင်းမာသည့် အခြေအနေကို တွေ့ရပြီးနောက် ပြော၏။

"ကောင်းပြီကောင်းပြီ... သိုင်းတစ်ထောင်ခန်းမရဲ့ လူအိုကြီးတွေက အရှက်မဲ့ပေမယ့် ခန်းမသခင်ကတော့ အရှက်မမဲ့ဘူး... သူက ယုံကြည်လို့ ရပါသေးတယ်.."

"ရံဖန်ရံခါ လှည့်ကွက်အချို့ သုံးတက်ပေမယ့် လုပ်ကြံသတ်ဖြတ်တာ၊ မုဒိမ်းကျင်တာ သို့မဟုတ် လုယက်တာမျိုးတွေ လုပ်လေ့မရှိဘူး..."

သိုင်းတစ်ထောင်အရှင်သခင်၏ မျက်နှာက နီမြန်းလာပြီးအံကိုကြိတ်ကာ ပြောသည်။

"ဖူထန်းဟိုင်.."

ဖူထန်းဟိုင်က နေရခက်စွာ ပြုံးသည်။ သို့ပေမယ့် သူ၏ပုံစံက ပြန်လည် လေးနက်လာပြီး ပြော၏။

"သိုင်းတစ်ထောင်ခန်းမသခင်... မင်းရဲ့လူတွေကို ကောင်းကောင်းကွပ်ကဲဖို့ လိုအပ်တယ်။ စည်းမျဉ်းတွေကို မချိုးဖောက်စေနဲ့.."

"ဟန့်.."

သိုင်းတစ်ထောင်အရှင်သခင်က နှာခေါင်းရှုံ့၏။

မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်းများအကြား တိုက်ပွဲကြီးသည် ယာယီအတွင်း ရပ်တန့်သွားခဲ့ပြီး ပါရမီရှင်များ၏တိုက်ပွဲမှာ ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

နှစ်ဖက်သည် ပြိုင်ဘက်အား အနိုင်ယူရန် ဆုံးဖြတ်ထားပြီး ပါရမီရှင်များ၏ တိုက်ပွဲအပေါ် အခြေခံကာ ပိုင်နက်များအား သိမ်းပိုက်ကြမည် ဖြစ်သည်။

အတိတ်တုန်းက အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီ၏ ပါရမီရှင်များ၏ တိုက်ပွဲကဲ့သို့သာ စည်းမျဉ်းများကို ထားရှိ၏။ အသက်၃၀အောက်ရှိ ပါရမီရှင်များ အားလုံးသည် လွတ်လွတ်လပ်လပ်ဖြင့် ပါဝင်နိုင်ကြသည်။

သူတို့၏ သက်ဆိုင်ရာ အင်အားစုတို့မှာမူ ဝင်ပါနိုင်ခြင်း မရှိသလို ပါဝင်ဆင်နွှဲနိုင်ခြင်းလည်း မရှိပေ။ အားနည်းသူကို အနိုင်ကျင့်လို့ မရပါ။

ထို့အပြင် ဒီတစ်ကြိမ် ပါရမီရှင်များအကြား ပြိုင်ပွဲသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်းများ အတွင်းသာ ကန့်သတ်မထားပါ။ လင်းနယ်မြေရှိ ပါရမီရှင်အားလုံးတို့လည်း ဝင်ရောက်ဆင်နွှဲနိုင်၏။ ထိပ်တန်းဆယ်ယောက်တို့သည် များပြားလှသည့် ဆုကြေးများနှင့် လျှို့ဝှက်ဆန်းကြယ်သည့် အခွင့်အရေးကြီးတစ်ခုကို ရရှိမည် ဖြစ်၏။

မကြာခင်တွင် ပါရမီရှင်များအကြား ယှဥ်ပြိုင်ပွဲသည် စတင်မည်ဖြစ်ပြီး ဆယ်နှစ်ကြာအောင် ရှည်ကြာမည်ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိဉာဉ်ဂိုဏ်းအချို့သည် သူတို့၏ ပါရမီရှင်များအား ပျိုးထောင်မှုတွင် လုံးဝအားစိုက်ထားကြပြီး ပါရမီကောင်းမွန်သည့် လေလွင့်သိုင်းသမားများကိုပင် စတင် ခေါ်ယူခဲ့ကြသည်။ တိုက်ပွဲအတွင်းတွင် စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် ကိုယ်စားပြုကာ တိုက်ခိုက်ခိုင်းမည် ဖြစ်၏။

လောကကြီးရှိ လေလွင့်သိုင်းသမားများအတွက် မိမိ၏ကံကြမ္မာကိုပြောင်းလဲရန်အတွက် အခွင့်အရေးတစ်ခု ပေါ်လာဟန်ရသည်။

စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စွမ်းအားနှင့် လင်းနယ်မြေအပေါ်သူတို့၏ နက်ရှိုင်းသည့် ထိန်းချုပ်ထားမှုကြောင့် ပါရမီထူးကဲသည့် လေလွင့်သိုင်းသမား များစွာတို့သည် ဂိုဏ်းများအတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်ကြဆဲ ရှိသည်။

ဤသည်ကို အဆင့်နိမ့်သိုင်းသမားများမှ အဆင့်မြင့်သိုင်းသမားများအဖြစ် မြင့်တက်နိုင်မည့် အခွင့်အရေးတစ်ခုဟု ယူဆကြ၏။

အပိုင်း ၅၃၃ - ပါရမီရှင်များ၏ တိုက်ပွဲ၊ ရွှီယန်၏ အနှိုင်းမဲ့သည့်လမ်းစဉ်(၂)

မျိုးဆက်စုံမဟာမိတ်အဖွဲ့ ဘက်တွင်တော့ မည်သည့်သိသာသည့် လှုပ်ရှားမှုမှ အများကြီး မရှိပါ။ စွမ်းအားကြီးမားသည့် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာသည်ဟုပင် သတင်းမရှိပေ။

သို့ရာတွင် စိတ်ဝိဉာဉ်နယ်မြေရှိ စိတ်ဝိဉာဉ်ဂိုဏ်းများနှင့်မိသားစုကြီးများရှိ ထိပ်တန်းပါရမီရှင်များ၏ နာမည်များမှာတော့ စတင်ပျံ့နှံ့လာခဲ့သည်။

လူတိုင်းသည် ထိုနာမည်များနှင့် ရင်းနှီးလာခဲ့ပြီး ဤသည်မှာ ပါရမီရှင်များ၏ ယှဥ်ပြိုင်ပွဲအတွက် စိတ်ဝိဉာဉ်ဂိုဏ်းများက အရှိန်အဟုန်တစ်ခုအား ဖန်တီးခြင်း ဖြစ်လေသည်။

သို့ပေမယ့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များ၏ အမည်များမှာတော့ ပျံ့နှံခြင်း မရှိသေးပေ။ သူတို့၏ လက်အောက်ခံဂိုဏ်းများမှ ပါရမီရှင်အချို့၏ အမည်များသာ တဖြည်းဖြည်း ပေါ်ထွန်းလာခြင်း ဖြစ်၏။

ဥပမာအားဖြင့် ချိုင်ယွင်ဟုန်မှာ ချန်းယွင်နိုင်ငံမှ ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ထိုနိုင်ငံသည် လိင်ယွင်တောင်စံအိမ်၏ လက်အောက်တွင် ရှိသည်။ သူသည် ထိပ်တန်း ဒီဗိုင်းခန္ဓာ၁၀ခုထဲရှိ နံပါတ်တစ်ခန္ဓာအား ပိုင်ဆိုင်ထားပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။

ယွီချန်ဖုန်းသည် သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ရှိ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်သည့် လင်ကျုံးဓားဂိုဏ်းမှ အသန်မာဆုံး ပါရမီရှင်ဖြစ်ပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။

ဝူထူ၊ လုယီ၊ ပေါင်ရှန်း ပါရမီရှင်၃ယောက်တို့သည် သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ခံ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်သည့် အံ့ဖွယ်သုံးပါးမျှော်စင်မှ ဖြစ်ပြီး ဆေဘာ၊ လှံနှင့် လက်သီးသိုင်းတို့ကို အသီးသီး ကျင့်ကြံကြသည်။

ရှင်းလင်းစွာပင် စိတ်ဝိဉာဉ်ဂိုဏ်းများသည် အရှိန်အဝါကိုတည်ဆောက်နေခြင်းဖြစ်ပြီး အိုမင်းသည့် သိုင်းသမားကြီးများသည် ပါရမီရှင်များက ကြီးစိုးမှုအတွက် ယှဥ်ပြိုင်ကြသည့် အတိတ်၏ ခေတ်အခါကို ရေတေးတေး ပြန်လည် မြင်ယောင်လာမိကြသည်။။ စိတ်ဝိဉာဉ်ဂိုဏ်းများအကြား သိုင်းပြိုင်ပွဲကို ပြန်လည်သတိရမိကြ၏။

ထို့နောက် ချက်ချင်းပင် ထိပ်တန်းပါရမီရှင်များ၏ စာရင်းဇယားက ပေါ်လာခဲ့သည်။ သို့ပေမယ့် စိတ်ဝိဉာဉ်နယ်မြေမှ ပါရမီရှင်၁၀၀၀အား စာရင်းသွင်းမည့် ထိုစာမျက်ပေါ်တွင် မည်သည့်နာမည်မှ ပေါ်မလာသေးပေ။

ပါရမီရှင်တစ်ယောက်သည် ထိုလက်ရွေးစင် စာရင်းထဲတွင် ပါဝင်နိုင်ရန်အတွက် အခြားပါရမီရှင်များကို အနိုင်ယူရန် လိုအပ်သည်။ အနိုင်ယူခဲ့သည့် လူမှာလည်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်ရပေမည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား မဟုတ်သည့် လူများကို ဒီတိုက်ပွဲကြီးတွင် ပါဝင်ဆင်နွှဲရန် ထိုက်တန်သည်ဟု ယူဆထားခြင်း မရှိပါ။

စိတ်ဝိဉာဉ်နယ်မြေ၏ အခြေအနေသည် လျှင်မြန်စွာ ပြောင်းလဲလာခဲ့၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်း အသီးသီးအကြား တိုက်ပွဲသည် စွမ်းအားကြီးမားသူများ၏ ရင်ဆိုင်မှုကို ဆက်တိုက် ဖြစ်ပွားစေခဲ့ပြီးနောက် ရုတ်တရက် ပုံစံပြောင်းကာ အချိန်တိုအတွင်းပါရမီရှင်များအကြား တိုက်ပွဲ ဖြစ်လာခဲ့သည်။

စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပြင်ဆင်မှုနှင့် ပါရမီရှင်ဇယား၏ ထုတ်လွှတ်မှု အားလုံးတို့သည် လဝက်ပင်မကြာဘဲ အသီးသီး ဖြစ်ပွားခဲ့ကြ၏။

တစ်ချိန်တည်းတွင် ထိုသတင်းများသည် လီရွှမ်၏ စံအိမ်ဆီသို့လည်း ရောက်ရှိလာခဲ့သည်။ လီရွှမ်က မနေနိုင်ဘဲ သက်ပြင်းချ၏။ ဒီရောက်ရှိလာတော့မည့် ယှဥ်ပြိုင်ပွဲသည် ရွှီယန်နှင့်မုန့်ချုံတို့အတွက် စီစဉ်ထားခြင်းဖြစ်သည်။

ရွှီယန်မှာ ဒီဗိုင်းဆန္ဒအဆင့်၏ အထွတ်အထိပ်သို့သာ ရောက်ရှိသေးပေမယ့် မကြာခင်အတွင်း လုံလောက်သည့် အခြေခံကို စုဆောင်းနိုင်ကာ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်မည် ဖြစ်သည်။

မုန့်ချုံ၏ ခန္ဓာကိုယ်ခုခံမှုမှာ သူ၏ ရုပ်ပိုင်းဆိုင်ရာသိုင်းပညာစနစ်ကြောင့် အနှိုင်းမဲ့၏။ စိတ်ဝိဉာဉ်နယ်မြေမှ မည်သည့် ပါရမီရှင်မဆို သူ့ကို ထိခိုက်အောင်လုပ်ရန် အလွန်ခက်ခဲလှမှာ ဖြစ်သည်။

ထို့အပြင် တိုက်ပွဲအတွင်းတွင် သူ၏ခွန်အားသည်သံသယဝင်စရာ မကောင်းလောက်အောင် လျှင်မြန်စွာမြင့်တက်လာပြီး မသေခြင်းရွှေခန္ဓာ၏ ဒုတိယအဆင့်သို့ ချိုးဖျက်သွားမှာ ဖြစ်၏။

ဖန်းဟောင်၏ ခွန်အားမှာလည်း နိမ့်ကျခြင်း မရှိပေ။ သူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ပြဿနာမရှိပါ။

သူ၏ ထူးကဲလှသည့် ချီမန် အခင်းအကျင်းတို့ကို ထုတ်ဖော်လိုက်သည်နှင့် စိတ်ဝိဉာဉ်ဂိုဏ်းမှ ထိုပါရမီရှင်များသည် ကြောင်တောင်ကုန်ကြမှာ ဖြစ်၏။

'စုလင်းရှုံလည်း ဝင်ပါခဲ့ရင်... ငါ့ရဲ့တပည့်တွေကသေချာပေါက် ပါရမီရှင်အဆင့် ဇယားရဲ့ ထိပ်တန်း၄နေရာကို ယူထားကြမှာပဲ..'

လီရွှမ်က ကိုယ့်ကိုယ်ကိုယ်စဉ်းစားကာ ပြုံး၏။ ပါရမီရှင်များ၏ ယှဥ်ပြိုင်ပွဲ စည်းမျဉ်းအရ အားနည်းသူကို အနိုင်ကျင့်လို့ မရပေ။ စွမ်းအားကြီးမားသည့် စောင့်ရှောက်သူများ သို့မဟုတ် အဖွဲ့အစည်းများ ဝင်ပါခြင်း မပြုရပါ။ စိတ်ဝိဉာဉ်ဂိုဏ်းများက ထိုစည်းမျဉ်းတို့ကို လိုက်နာမည်လား ဟူသည်မှာတော့ ဆက်လက်ကြည့်ရှု့ရပေဦးမည်။

သို့ရာတွင် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများက ယခုမျှအထိ လိုက်ရောကာ ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲကို ခွင့်ပြုခဲ့သည်မှာ နောက်ကွယ်တွင် အကြောင်းပြချက်အချို့ ရှိရပေလိမ့်မည်။

ရွှီယန်တို့အားလုံးမှာ စိတ်လှုပ်ရှားနေကြ၏။ သူတို့၏ စိတ်ဝိဉာဉ်နယ်မြေရှိ ပါရမီရှင်များကို စိန်ခေါ်မှုပြုရန်အတွက် ပြင်ဆင်ပြီးချိန်၌ ပါရမီရှင်များ၏ အဆင့်ပြဇယားကလည်း ပေါ်လာခဲ့သည်။

'အံ့ဖွယ်သုံးပါးစံအိမ်က သိုင်းတစ်ထောင်ခန်းမရဲ့ အောက်က ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်း တစ်ခုပဲ။ ဆေဘာ၊ လှံနဲ့ လက်သီးသိုင်းပညာသုံးခုကို အထူးကျင့်ကြံကြတယ်။ ငါ့အတွက် ဆေဘာပညာကို မြှင့်တင်ဖို့သင့်တော်တယ်။ ဝူထူရဲ့ဆေဘာနဲ့ ပေါင်ရှန်းရဲ့လက်သီးကို အသုံးပြုပြီး ငါ့ရဲ့စွမ်းအားကို စမ်းသပ်ကြည့်ရမယ်..'

မုန့်ချုံက စိတ်လှုပ်ရှားစွာဖြင့် ပြောကာ ကတုံးပြောင်ကိုကုပ်သည်။

'ဓားဂိုဏ်းကလည်း သိုင်းတစ်ထောင်ခန်းမရဲ့ လက်အောက်ခံဂိုဏ်း တစ်ခုပဲ။ ဓားပါရမီရှင် ယွီချန်ဖုန်းက ငါ့ရဲ့ ပထမဆုံးပြိုင်ဘက် ဖြစ်လိမ့်မယ်..'

ရွှီယန်က သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြား၏။

ပထမဆုံးပစ်မှတ်ကို ရွေးချယ်ပြီးနောက် မျက်နှာတစ်ခုလုံးသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေသည်။

သူသည် ယွီချန်ဖုန်းကို စိန်ခေါ်ကာ ဓားဂိုဏ်းအား စစ်မှန်သည့် ဓားတာအိုဟူသည်မှာ မည်သည်ဟူသည်ကို ပြသရန် မစောင့်နိုင်တော့ပေ။

ဖန်းဟောင်၏ ချီမန် လက်နက်သေတ္တာသည် နောက်ဆုံးအဆင့်အထိတိုင်အောင် ရောက်ရှိလာခဲ့ပြီး အရေးကြီးသည့် အချိန်အခါသို့ ကျရောက်နေ၏။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ လက်နက်သေတ္တာသည် အလင်းများ ပေါက်ကွဲထွက်လာသည်။

ဖန်းဟောင်က သူ၏ သွေးအဆီအနှစ် အနည်းငယ်ကိုလက်နက်သေတ္တာပေါ်သို့ အစက်ချလိုက်၏။ ချီမန်လက်နက်သေတ္တာပေါ်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ သင်္ကေတနှင့် တူညီသည့် ပုံတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"ပြန်လာခဲ့.."

ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် လက်ကိုညွှန်ကာ ပြောလိုက်သည်နှင့် ချီမန်လက်နက်သေတ္တာသည် လျှပ်တစ်ပြက်အတွင်း ကျုံ့ဝင်သွားကာ အလင်းတန်းတစ်ခုကဲ့သို့ ပြောင်းလဲပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

"အောင်မြင်ပြီ.."

ဖန်းဟောင်က စိတ်လှုပ်ရှားစွာဖြင့် အသံပြု၏။

ဒီချီမန်လက်နက်သေတ္တာကို ပြုလုပ်ရန်အတွက် သူသည် အချိန်နှင့်စွမ်းအင်များစွာကို အသုံးပြုခဲ့ရသည်။ ထို့အပြင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့ရှိ ရတနာများစွာတို့ကိုလည်း ကုန်ကျခဲ့၏။ အထူးသဖြင့် အချို့ ရှားပါးသော ရတနာများအား ကုန်လုနီးပါးအထိ အသုံးပြုခဲ့ရသည်။ သို့ပေမယ့် ဤသည်မှာ ထိုက်တန်လေသည်။

ယွဲ့ချန်မင်နှင့် ယွဲ့အာတို့ နှစ်ယောက်လုံးမှာ မှင်သက်နေကြ၏။ ဤသည်မှာ မည်ကဲ့သို့သော နည်းလမ်းဖြစ်သနည်း။ မည်ကဲ့သို့သော စိတ်ဝိဉာဉ်ကိရိယာကို ဖန်တီးခဲ့ခြင်း ဖြစ်သနည်း။ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူနိုင်သည်လား။

"အဘိုးကြီးယွဲ့... အခုဆိုရင် ခင်ဗျားက ကျွန်တော်တို့ ယွီကျိုးမဟာမိတ်အဖွဲ့ခွဲရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာပြီ... အဲ့ဒါကြောင့်မလို့ ဘယ်လိုလက်နက်မျိုး လိုချင်လဲ ဆိုတာကိုသာ ကျွန်တော့်ကိုပြောလိုက်.."

ဖန်းဟောင်က အပြုံးတစ်ခုဖြင့် ယွဲ့ချန်မင်ကို ကြည့်သည်။ သူ၏နံဘေးတွင် ယွဲ့ချန်မင်ရှိနေရာ မျိုးဆက်စုံမဟာမိတ်အတွင်း၌ အရေးပါမှုနှင့် သြဇာတို့ ပိုမိုမြင့်တက်လာမှာ ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်.."

ယွဲ့ချန်မင်က တိတ်တဆိတ် စိတ်လှုပ်ရှားသွား၏။ ပြီးနောက် ပြောလေသည်။

"ကျွန်တော်က လခြမ်းဓားကို အသုံးပြုလေ့ရှိတယ်... အရင်တုန်းက တိုက်ပွဲမှာ ပျက်စီးသွားခဲ့တာ။ အခု လခြမ်းဓားအသစ် တစ်ခုကို လိုချင်ပါတယ်.."

သူသည် လခြမ်းဓား၏ အသွင်အပြင်ကို ဖော်ပြ၏။

"ပြဿနာမရှိဘူး.."

ဖန်းဟောင်က ခေါင်းငြိမ့်သည်။

လခြမ်းဓားအသစ် တစ်စုံကို ဖန်တီးရန်မှာ သူ့အတွက် ခက်ခဲခြင်း မရှိပေ။ ထို့အပြင် ၎င်းတို့၏ အဆင့်မှာလည်း မူလ ယွဲ့ချန်မင်အသုံးပြုခဲ့သည့် လခြမ်းဓားထက် များစွာ ပိုမိုမြင့်မားနေမှာ ဖြစ်သည်။

ထုတ်ဖော်နိုင်သည့် စွမ်းအားက ကြီးမားကာ စိတ်ဝိဉာဉ်နယ်မြေရှိ စိတ်ဝိဉာဉ်ကိရိယာများ၏ စံနှုန်းဖြင့် တိုင်းတာလို့ မရတော့ပေ။ ဘာပဲဖြစ်ဖြစ် ဖန်းဟောင်ဖန်တီးသည့် လက်နက်များသည် များစွာ ပိုမိုထူးကဲ၏။

"ကျွန်မလည်း တစ်ခုလိုချင်တယ်..."

ယွဲ့အာက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

သူမသည် သိုလှောင်အိတ်အတွင်းမှ လက်နက်ကိရိယာထုလုပ်ခြင်း ကုန်ကြမ်းများကို ထုတ်ကာပြော၏။

"ထုလုပ်တဲ့အခါ ဒါတွေကို သုံးလို့ရတယ်.."

"ကောင်းပြီ.."

ဖန်းဟောင်က ခေါင်းငြိမ့်သည်။

ယွဲ့အာသည် ကြာပွတ်တစ်ချောင်းနှင့် လခြမ်းဓားတစ်စုံကို လိုချင်၏။ ဖန်းဟောင်က တုံ့ဆိုင်းခြင်းမရှိဘဲသဘောတူလိုက်ပြီး စတင်ထုလုပ်သည်။

ကြောင်နီ၊ ယွီရှောင်လုံနှင့် ဟကလေးတို့ အားလုံးလည်းစုစည်းလာကြသည်။

လီရွှမ်သည် လက်ထဲတွင် ကျောက်စိမ်းအဆောင်ကို ကိုင်ရင်းက စံအိမ်၏နံဘေးရှိ တောင်ပေါ်သို့ အေးအေးလူလူ လမ်းလျှောက်သွားသည်။ ရွှီယန်က သူ၏နောက်မှ နီးကပ်စွာလိုက်၏။

တပည့်ဖြစ်သူသည် စိတ်ဝိဉာဉ်နယ်မြေကို ခြေဆန့်ပြီး ပါရမီရှင်များကို စိန်ခေါ်ကာ အထွတ်အထိပ်သို့ တက်လှမ်းမည် ဖြစ်သည်။

ထို့ကြောင့် ရွှီယန်၏ စိန်ခေါ်ပွဲသည် စိတ်ဝိဉာဉ်နယ်မြေရှိ ပါရမီရှင်များနှင့်သာ ပြီးဆုံးမည် မဟုတ်ပေ။ စွမ်းအားကြီး ပုဂ္ဂိုလ်များလည်း ပါဝင်၏။ အသန်မာဆုံးပုဂ္ဂိုလ်များပင်လျှင် သူ၏ပစ်မှတ် ဖြစ်လာမှာဖြစ်သည်။ အနှိုင်းမဲ့သည့် လမ်းစဉ်သည် ထိုနေရာမှ စတင်၏။

ထို့ကြောင့် လီရွှမ်သည် သူ့အား ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်ရှိ ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးလို၏။ ထိုအခါမှသာ အနှိုင်းမဲ့သည့် လမ်းစဉ်အား လျှောက်လှမ်းနေချိန်တွင် ဉာဏ်အလင်းပွင့်ရန် အခွင့်အရေးတို့ ပေါ်လာနိုင်မည် ဖြစ်သည်။

"ဒီဗိုင်းအသွင်အဆင့်က ကောင်းကင်နှင့်ကမ္ဘာမြေကြီးရဲ့ နိယာမကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်... ဒီဗိုင်းအသွင်အဆင့်မှာ လူတစ်ယောက်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို မကျော်လွန်နိုင်သေးဘူး။ ဒါပေမယ့် ပိုမိုစွမ်းအားကြီးမားလာပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကန့်သတ်မှုကနေ လွတ်ကင်းနိုင်လိမ့်မယ်.."

"အဲ့ဒီ့ချုပ်ခြယ်မှုက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ အကြားက လေဟာနယ်ပဲ။ လေဟာနယ်ကို ချိုးဖျက်ရမယ်။ ဟင်းလင်းပြင်ကို လှည့်လည်ရမယ်။ နိယာမတွေရဲ့ ချည်နှောင်မှုကို မခံရဘူး။ နိယာမတွေကို ဖြတ်သန်းသွားလိမ့်မယ်.."

"အဲ့ဒါက ကျော်လွန်ခြင်းရဲ့ စတင်မှုပဲ... နိယာမရဲ့ချည်နှောင်မှုတွေကို ချိုးဖျက်မှုပဲ.."

ရက်အနည်းငယ်ကြာအောင် စဉ်းစားတွေးတောမှု အပြီးတွင် လီရွှမ်သည် နောက်ဆုံး၌ ဒီဗိုင်းအသွင်အဆင့်၏ အထက်ရှိအဆင့်ကို နားလည်သဘောပေါက်လာခဲ့သည်။

ဒီဗိုင်းအသွင်အဆင့်တွင် သိုင်းပညာနိယာမတို့သည် ဒီဗိုင်းအသွင်အဖြစ် ပြောင်းလဲလာပြီး လူတစ်ယောက်ကို ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့အား ထိန်းချုပ်လာနိုင်စေသည်။

ဒီဗိုင်းအသွင်အဆင့်၏ အထက်တွင် လူတစ်ယောက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လေဟာနယ်၏ ချည်နှောင်မှုအောက်တွင် မရှိတော့ပေ။ နိယာမကို ချိုးဖျက်ကာ ၎င်းတို့၏ ကန့်သတ်ထားမှုကို မခံရတော့ပါ။

လေဟာနယ်ကို ချိုးဖျက်ကာ ဟင်းလင်းပြင်တွင် လှည့်လည်ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ကျော်လွန်မည် ဖြစ်သည်။ ချည်နှောင်မှုကင်းမဲ့စွာ လွတ်လပ်နိုင်မည် ဖြစ်သည်။ ထိုအခါ ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ကျော်လွန်ပြီးဆက်လက်မြင့်တက်နိုင်မည် ဖြစ်၏။

ထို့ကြောင့် ဒီဗိုင်းအသွင်အဆင့်၏ အထက်တွင်ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့် ရှိသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လေဟာနယ်ကို ချိုးဖျက်ကာ ဟင်းလင်းပြင်၌ သွားလာပြီး နိယာမများ၏ ကန့်သတ်မှုကို ဆန့်ကျင်မည် ဖြစ်သည်။

ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အလွန်သို့ ကျော်လွန်နိုင်ခြင်း မရှိသေးပေမယ့် နိယာမများ၏ အလွန်သို့ ရောက်ရှိပြီးဖြစ်သည်။ လေဟာနယ်၏ ချည်နှောင်မှုကိုမခံရပဲ စစ်မှန်သည့် ကျော်လွန်နိုင်မှုနှင့် မဝေးတော့ပေ။

ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်သို့ ရောက်ရှိရန် လွယ်ကူမည် မဟုတ်ပါ။ လီရွှမ်သည် တာအိုရွှေစာအုပ်အတွင်းရှိ ထိုအဆင့်၏ အချက်အလက်များကို ကြည့်လိုက်၏။

ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်

ပြည့်စုံမှု - အလယ်အလတ်အဆင့်

အဆင့်များအကြား ဆက်သွယ်မှု --အလယ်အလတ်၏ အထက်

ဉာဏ်လင်းပွင့်ရန် ခက်ခဲမှု - မြင့်မားသည်

ကျင့်ကြံရန်ခက်ခဲမှု- မြင့်မားသည်+

တာအိုရွှေစာအုပ်က မှတ်ချက်ပေးထားသည့် ကျင့်ကြံခဲ့မှုကိုကြည့်ကာ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်သို့ ရောက်ရှိနိုင်ရန် မည်ကဲ့သို့ စိန်ခေါ်မှုကြီးမားလှပုံကို တွေ့မြင်နိုင်ပေသည်။

ဤသည်မှာ လေဟာနယ်ကိုချိုးဖျက်ပြီး ဟင်းလင်းပြင်တွင် သွားလာနိုင်ခြင်း ဖြစ်၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို လျစ်လျူရှု့ကာ လေဟာနယ်၏ ချည်နှောင်ထားမှုကို ချိုးဖျက်မည် ဖြစ်သည်။

သို့ရာတွင် လီရွှမ်၌ ရွှီယန်အပေါ် ယုံကြည်ချက်ရှိ၏။ ကျင့်ကြံရန် ခက်ခဲပေမယ့် ဉာဏ်အလင်းသာ ရနိုင်ပါက သူသည် တာအိုရွှေစာအုပ်မှ တန်ပြန်အကျိုးပြုမှုအား ရရှိလာမှာ ဖြစ်သည်။ ရွှီယန်အတွက်လည်း ဉာဏ်အလင်းရသည်နှင့် ကျင့်ကြံရန် အချိန်တစ်ခုသာ လိုမှာ ဖြစ်၏။

'ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်ပြီးရင် ဘယ်လိုဆက်ပြီး ကျင့်ကြံမလဲဆိုတာ အခုအချိန်မှာ ရှင်းလင်းတဲ့စိတ်ကူး မရသေးဘူး။ အဆင့်တွေအများကြီးကို ကျော်ပြီးတော့ စဉ်းစားဖို့မဖြစ်နိုင်ဘူး။ ငါ့ရဲ့ ခွန်အားအဆင့် မြင့်တက်လာပြီးရင် နောက်ဆက်တွဲကျင့်စဉ်တွေကို ဖန်တီးဖို့ ပိုမိုလွယ်ကူလာမှာ..'

'အခုအတွက်တော့ ဒီဗိုင်းအသွင်အဆင့်နဲ့ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်ကို လက်ဆင့်ကမ်းပေးတာပဲ ကောင်းတယ်။ အဲ့ဒါကို ရွှီယန် ပါရမီရှင်တွေကို အနိုင်ယူပြီး စိတ်ဝိဉာဉ်နယ်မြေရဲ့ အထွတ်အထိပ်ကို မရောက်ခင်မှာ ဉာဏ်အလင်းပွင့်နိုင်ဖို့ မျှော်လင့်တယ်..'

လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူသည် ရွှီယန်အတွက် ဆက်လက်ကျင့်ကြံရန် သိုင်းအဆင့်တို့ကို ဖန်တီးခဲ့ပြီး ဖြစ်၏။ သို့ပေမယ့် မုန့်ချုံ၏ ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာစနစ်အတွက် နောက်ဆက်တွဲ ကျင့်စဉ်တို့ကို မဖန်တီးရသေးပေ။

ယခုအချိန်၌ ထိုအတွက် ဆိုင်းငံ့ထားရုံသာ တတ်နိုင်၏။ ဘာပဲဖြစ်ဖြစ် မုန့်ချုံသည် မသေခြင်းရွှေခန္ဓာ၏ အဆင့်သုံးခုတို့ကို ပြည့်စုံစွာ ကျင့်ကြံနိုင်ရန် အလှမ်းကွာသေးသည်။ ထို့ကြောင့် နောက်ဆက်တွဲကျင့်စဉ်ကို ဖန်တီးရန်အတွက် အချိန်များစွာ ရှိသေး၏။

"ငါ့တပည့်... စိတ်ဝိဉာဉ်နယ်မြေရဲ့ ပါရမီရှင်တွေကို တွေ့ဆုံဖို့ မစောင့်နိုင်တော့ဘူးလား..."

လီရွှမ်က အသာရယ်ကာ ပြော၏။

"ဟုတ်ပါတယ်ဆရာ.."

ရွှီယန်က စိတ်အားထက်သန်စွာ ဖြေကြားသည်။

အပိုင်း ၅၃၄ - ကျောက်စိမ်းအဆောင်၊ လူတစ်ယောက်လမ်းကြောင်းတစ်ခုသို့

လီရွှမ်က အသာကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောသည်။

"ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်တာ၊ လင်းနယ်မြေကိုလှည့်လည်တာ၊ လောကကြီးရဲ့ အသန်မာဆုံးလူတွေကို တွေ့ဆုံတာနဲ့ သိုင်းပညာတိုက်ပွဲတွေ အတွင်းမှာ ကိုယ့်ကိုယ်ကိုယ်မြှင့်တင်တာက မင်းရဲ့ အနှိုင်းမဲ့တဲ့လမ်းစဉ်ပဲ.."

"သိုင်းပညာတိုက်ပွဲတွေက မင်းရဲ့ ကိုယ်ပိုင်ခွန်အားကို အလွယ်တကူ နားလည်မှုရလာပြီး မြှင့်တင်ဖို့အတွက် ကူညီပေးနိုင်တယ်.."

"အခုဆိုရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့ အနှစ်သာရကိုဖမ်းဆုပ်မိပြီးပြီဆိုတော့ ဆရာ မင်းကို ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ရဲ့ အထက်က သိုင်းအဆင့်ကို ဒီနေ့မှာသင်ကြားပေးမယ်.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်သည် အလွန်စိတ်လှုပ်ရှားသွားခဲ့၏။

"ဆရာ... ကျွန်တော်သေချာပေါက် ပါရမီရှင်တွေနဲ့ တိုက်ပွဲမှာ ဉာဏ်အလင်းရအောင် ကြိုးစားပါမယ်.."

လီရွှမ်က ပြုံးသည်။

"ငါတပည့်မှာ ဒီလိုယုံကြည်ချက်မျိုးရှိတာ ငါ့ကိုအရမ်းပဲကျေနပ်စေတယ်။ ဒါပေမယ့် အရမ်းကြီး အလောတလျှင်လုပ်စရာမလိုဘူး။ ခြေတစ်လှမ်းချင်းစီ ရှေ့ဆက်တာက မင်းကိုအထွတ်အထိပ်ကို ရောက်စေလိမ့်မယ်.."

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်က ခေါင်းငြိမ့်သည်။

လီရွှမ်သည် သူ၏အနှစ်သက်ဆုံးတပည့်ဖြစ်သည့် ရွှီယန်နှင့် ပတ်သက်ပြီး မည်သည့်သံသယမှ မရှိပေ။ ရွှီယန်သည် ထူးကဲသည့် နားလည်သဘောပေါက်နိုင်စွမ်း၊ ကျယ်ပြန့်သော အတွေးအခေါ်နှင့် တည်ငြိမ်သည့်အသွင်အပြင်ရှိ၏။ ထို့အပြင် သိုင်းပညာအပေါ်၌လည်း ကောင်းမွန်သည့် အတွေ့အကြုံတို့ ရရှိထားသည်။

"ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်က လူတစ်ယောက်ရဲ့သိုင်းပညာနိယာမကို ကိုယ်စားပြုတယ်။ ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့ အထက်မှာ လူတစ်ယောက်ကကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို အသုံးချပြီး မိမိရဲ့ကိုယ်ပိုင်အကျိုးအတွက် အသုံးပြုကြတယ်။ အဲ့ဒီ့အပြင် နိယာမတွေရဲ့ ကန့်သတ်ထားခြင်းကိုလည်း မခံရတော့ဘူး.."

"လောကကြီးကို ကျော်လွန်မဲ့လူတွေက ဘယ်လိုလုပ်ပြီးတော့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမချည်နှောင်မှုကို ခံကြမှာလဲ... အဲ့ဒီ့ထက် နိမ့်ကျကြမှာလဲ... အဲ့ဒါကြောင့်မလို့ နိယာမကို အသုံးပြုနိုင်ပြီး အဲ့ဒါတွေရဲ့ ကန့်သတ်မှုကို မခံရဘူး.."

လီရွှမ်က စကားလုံးတစ်လုံးချင်းစီကို ပြော၏။

ရွှီယန်မှာ မှင်သက်သွားသည်။

'ဆရာက တကယ့်ကို ကောင်းကင်နဲ့ကမ္ဘာမြေကြီးထက် ကျော်လွန်တာပဲ..'

ဆရာဖြစ်သူသည် လက်တစ်ချောင်းကို ဝှေ့ရမ်းလိုက်ရုံနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ခါစေနိုင်၏။ ထို့ကြောင့် အရှိန်အဝါကို အမြဲတမ်း ရုတ်သိမ်းထားကာ သာမန်လူတစ်ယောက်ကဲ့သို့သာ နေထိုင်လေ့ရှိသည်။

စွမ်းအားတို့ကို ထုတ်ဖော်သည်မှာ ရှားပါးလှပြီး မဖြစ်မနေ လိုအပ်လာလျှင်တောင် ရန်သူ၏ အဆင့်တူသို့သာ ဖိနှိပ့်ထားလေ့ ရှိသည်။

ထို့ကြောင့် သိုင်းလမ်းစဉ်၏ အဆုံးသတ်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ကျော်လွန်ခြင်းလေလား။

'မဟုတ်ဘူး.. ဆရာပြောဖူးတယ်... သိုင်းပညာက အဆုံးမသတ်နိုင်ဘူးတဲ့... ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျော်လွန်တာက သိုင်းပညာရဲ့ နောက်ဆုံးပန်းတိုင်တစ်ခုမဟုတ်ဘူး...'

ရွှီယန်သည် စိတ်အားထက်သန်စွာဖြင့် စဉ်းစား၏။

'ငါ နှစ်၁ဝဝအတွင်းမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ကျော်လွန်နိုင်ဖို့အတွက် ပန်းတိုင်အဖြစ် ထားရှိရမယ်..'

ဒီအချိန်၌ ရွှီယန်သည် သူ၏ သိုင်းပညာပန်းတိုင်တစ်ခုအား သတ်မှတ်မိလိုက်၏။ နှစ်၁၀၀အတွင်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ကျော်လွန်အောင် လုပ်မည်ဖြစ်သည်။

လီရွှမ်က ဆက်လက် ပြောကြားသည်။

"ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့ အထက်မှာ ဒီဗိုင်းအသွင်အဆင့်ပဲ... လူတစ်ယောက်က မိမိရဲ့နိယာမနဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ထိန်းချုပ်ပြီး အဲ့ဒါကို သိုင်းပညာ ဒီဗိုင်းအသွင်အဖြစ် ပြောင်းလဲနိုင်တယ်..."

သူသည် ဒီဗိုင်းအသွင်အဆင့်၏ သိုင်းပညာသဘောတရားများကို ရွှီယန်အား အသေးစိတ်ရှင်းပြ၏။

ထိုအထဲတွင် သူစုဆောင်းထားသည့် ကောင်းကင်နှင့်ကမ္ဘာမြေ၏ နိယာမပုံကြမ်းများကို ပေါင်းထည့်ပြီး ရှင်းလင်းစွာ ညွှန်ကြားသည်။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ ပုံကြမ်းများသာ မရှိပါက သိုင်းပညာ ဒီဗိုင်းအသွင်အဆင့်ကို ကျင့်ကြံရန် အလွန်ခက်ခဲမှာ ဖြစ်၏။

သို့ပေမယ့် ဒီပုံကြမ်းများနှင့် လူတစ်ယောက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမမှ အားနည်းချက်များကို တွေ့မြင်နိုင်ပြီး ကိုယ်ပိုင် သိုင်းပညာနိယာမအား ထိုအတွင်းသို့ ပေါင်ထည့်နိုင်မည် ဖြစ်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ဤနည်းအားဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ထိုအတွက် အဆင့်တူသည့် နားလည်သဘောပေါက်မှုအား လိုအပ်၏။ ရွှီယန်သာ ၎င်းကို နားလည်ပြီးပါက ဒီဗိုင်းအသွင်အဆင့်အား ကျင့်ကြံရန် လွယ်ကူလာမှာ ဖြစ်သည်။

ရွှီယန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမပုံကြမ်းများ အပါအဝင် ဒီဗိုင်းအသွင်အဆင့်၏ နိယာမများကို မှတ်သားသည်။ ဤသည်မှာ သူ၏ နိယာမပုံကြမ်းများကို ပထမဆုံးအကြိမ် လေ့လာခြင်းမဟုတ်ရာ အချိန်ခဏယူပြီးနောက် ပုံကြမ်းတို့ကို မှတ်မိသွားခဲ့၏။

ရွှီယန်၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများအား လေ့လာရာတွင် ပိုမိုလွယ်ကူစေရန် လီရွှမ်သည် ပုံကြမ်းများအတွင်းတွင် ဂရုတစိုက်ရွေးချယ်ကာ ရိုးရှင်းအောင်ပြုလုပ်ထားသည့် နိယာမများကိုသာ ထည့်သွင်းထားသည်။ သူ၏ပါရမီနှင့် အချိန်ယူလိုက်ပါက သင်ယူရန်ခက်ခဲမည်မဟုတ်ပေ။

ရွှီယန်က ဒီဗိုင်းအသွင်အဆင့်၏ နိယာမများကို လေ့လာနေစဉ် လီရွှမ်မှာ တိတ်တဆိတ် စောင့်စားနေ၏။ သူသည် ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်အား ဆက်လက်သင်ကြားပေးမှု မပြုပါ။ ရွှီယန် လုံးဝ မှတ်သားပြီးစီးကာ ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်နှင့်ပတ်သက်ပြီး နားလည်သဘောပေါက်မှုအချို့ ရလာခြင်းအား စောင့်စားပြီးမှသာလျှင် ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်၏ ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးမည် ဖြစ်သည်။

"ဆရာ... ကျင့်စဉ်ကို ကျွန်တော့်ရဲ့နှလုံးသားထဲမှာ မှတ်သားထားပြီးပါပြီ.."

နောက်ဆုံးတွင် ရွှီယန်၏မျက်လုံးများက ပွင့်လာပြီး လေးစားစွာ ပြောသည်။

"ကောင်းတယ် အရမ်းကောင်းတယ်.."

လီရွှမ်မှာ ကျေနပ်မှုတို့ဖြင့် ပြည့်နက်နေ၏။

"ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရဲ့ နိယာမတွေကို မှတ်သားထားပြီးပြီဆိုတော့ ငါမင်းကို အဲ့ဒီ့အဆင့်ရဲ့အထက်က သိုင်းပညာသဘောတရားတွေကို လက်ဆင့်ကမ်းပေးမယ်.."

လီရွှမ်က ဆက်လက်ပြောသည်။

"ဟုတ်ကဲ့ပါဆရာ.."

ရွှီယန်သည် အလွန် စိတ်လှုပ်ရှားနေ၏။ ဒီဗိုင်းအသွင်အဆင့်သည် အလွန် စွမ်းအားကြီးမားနေပြီး ဖြစ်သည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ကို အသုံးပြုပြီး မိမိ၏ ကိုယ်ပိုင်အကျိုးအတွက် အသုံးချနိုင်၏။

ထိုအဆင့်၏ အထက်တွင် လူတစ်ယောက်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ကျော်လွန်နိုင်ပြီးပြီလား။

"ဒီဗိုင်းအသွင်အဆင့်ရဲ့ အထက်မှာ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့် ရှိတယ်။ အဲ့ဒါက လေဟာနယ်ကိုချိုးဖျက်ပြီးတော့ ဖြတ်သန်းသွားနိုင်တယ်..."

လီရွှမ်သည် ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၌ ပိုင်ဆိုင်နိုင်မည့် ခွန်အားကို ရှင်းပြ၏။ လေဟာနယ်ကိုချိုးဖျက်ကာ ဟင်းလင်းပြင်တွင် ဖြတ်သန်းမည်ဖြစ်သည်။

ရွှီယန်မှာ ကြီးစွာ အံ့သြသွား၏။ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်သို့ တက်လှမ်းပြီးပါက ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မိုင်ပေါင်းသောင်းချီသန်းချီကို လျှပ်တပြက်အတွင်း ရောက်ရှိနိုင်မှာလေလား။

ဤသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအား ကျော်လွန်နိုင်ခြင်း မရှိသေးပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လေဟာနယ်နှင့် နိယာမကို လျစ်လျူရှု့နိုင်နေပြီး ဖြစ်သည်။

ထိုအဆင့်သို့ ရောက်ပြီးလျှင် ကောင်းကင်နှင့်ကမ္ဘာမြေ၏ လေဟာနယ်အတွင်း၌ စိတ်ကြိုက် ပြုမူစွမ်းဆောင်နိုင်ပြီဟု ပြောနိုင်၏။

"လေဟာနယ်ကို ချိုးဖျက်ပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ကန့်သတ်မှုကို ထိုးဖောက်ဖို့အတွက် လူတစ်ယောက်မှာ ကြီးမားတဲ့ခွန်အားကို လိုအပ်တယ်... အဲ့ဒါက မိမိရဲ့ကိုယ်ပိုင် သိုင်းပညာနိယာမ အပေါ်မှာ မှီခိုနေလိမ့်မယ်..."

လီရွှမ်သည် ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ သဘောတရားများကို စတင် လက်ဆင့်ကမ်းပေးသည်။ မိမိ၏ ကိုယ်ပိုင် သိုင်းပညာနိယာမကို အသုံးပြုကာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမကို ချိုးဖျက်ပြီး ဟင်းလင်းပြင်အကြားတွင် ကူးလူးသွားလာမည်ဖြစ်သည်။ ဤသည်မှာ ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့် ဖြစ်၏။

ထို့ကြောင့် ဟင်းလင်းပြင်ချိုးဖျက်ခြင်းအဆင့်၏ အဓိကအချက်သည် မိမိ၏ကိုယ်ပိုင် သိုင်းပညာနိယာမအား ပျိုးထောင်ခြင်း ဖြစ်၏။

ရွှီယန်အား ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ ကျင့်စဉ်အသေးစိတ်ကို ရှင်းပြပြီးနောက် လီရွှမ်သည် ထိုအဆင့်မှာ အလွန် စွမ်းအားကြီးမားလှသည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူ၏တပည့် တစ်ခုခုလွဲချော်သွားမည်ကို စိုးရိမ်ပြီး ပထမဆုံးအကြိမ် ထပ်မံရှင်းပြမှုပြု၏။

ရွှီယန်မှာ ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်၏ စွမ်းအားအတွင်း၌ နစ်မျောနေပြီး သူ၏စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ခြေတစ်လှမ်းနှင့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး အကြားရှိ လေဟာနယ်တွင် အက်ကွဲကြောင်းတို့ ဖြစ်ပေါ်ကာ သူ၏ပုံရိပ်သည် လောကအတွင်း၌ ပျောက်ကွယ်သွား၏။ နောက်တစ်စက္ကန့်တွင် အဝေးရှိ လေဟာနယ်တစ်ခု၌ ထွက်ပေါ်လာခဲ့သည်။

ရွှေရောင်နဂါးကြီးအား ဖြစ်ပေါ်စေသည့် လက်ဝါးချက်ပင်လျှင် လေဟာနယ်ကို ဖောက်ထွင်းပြီး လျှပ်တပြက်အတွင်း မာန်ဖီကာ ကျယ်ပြောသည့် ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်သည်။ အဝေးရှိ ရန်သူကို သတ်ဖြတ်နိုင်သည်။

သူသည် စဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။ သွေးများပင် စတင် ဆူပွက်လာခဲ့သည်။

ဟင်းလင်းပြင်ချိုးဖျက်ခြင်း အဆင့်သည် တကယ့်ကို အလွန် စွမ်းအားကြီးမား လွန်းလှသည်။ ထိုအဆင့်သို့ရောက်ရှိပြီးပါက သူသည် အတွင်းဘက်နယ်မြေသို့ ပြန်လိုလျှင် သို့မဟုတ် အတွင်းဘက်နယ်မြေမှ လင်းနယ်မြေသို့ ပြန်ကူးလို့လျှင် ဂိတ်တံခါးကို အသုံးပြုစရာမလိုတော့ပေ။ တစ်ခါတည်း ဖြတ်သန်းသွားလို့ရ၏။

"ဆရာ... ကျွန်တော်မှတ်မိပါပြီ.."

ရွှီယန်က သူ၏ စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်ကာ လေးစားစွာပြော၏။

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်သည်။ သူသည် အလွန်ကျေနပ်နေ၏။ ကျင့်စဉ်တို့ကို သင်ကြားပေးပြီးနောက် လီရွှမ်သည် နောက်သို့လှည့်ကာ ပြန်ခဲ့၏။

ရွှီယန်မှာတော့ နေရာတွင် ဆက်လက်ရှိနေပြီး ရရှိလာသည့် ဗဟုသုတများအား နားလည်သဘောပေါက်အောင်ပြုလုပ်ကာ ကျေညက်အောင် ကြိုးစားသည်။

All Chapters