← Chapters

လေ၊ မိုးကြိုး၊ မိုး၊ လျှပ်စီး

Vol. 4 Ch. 400

လေ၊ မိုးကြိုး၊ မိုး၊ လျှပ်စီး

Vol. 4 Ch. 400

သာမန်မိစ္ဆာ စွမ်းအားဖြစ်ပါက ဆန်းလျန်၏ မှော်ဝင်ဓားဖြင့် ပယ်သတ်ပစ်နိုင်မည် ဖြစ်လေသည်။ ဆန်းလျန် အနိုင်ယူနိုင်ခြင်း မရှိသည့် မိစ္ဆာစွမ်းအား ဆိုသည်မှာ ရှားပါးလေသည်။ ထို့ကြောင့်လည်း ဆန်းလျန်က သတိလွတ်ခဲ့မိခြင်း ဖြစ်သည်။

သို့သော် ယခု ရင်ဆိုင်လိုက်ရသည့် မိစ္ဆာစွမ်းအားသည် စကြဝဠာ တစ်ခုလုံးနှင့် နဂါးငွေ့တန်း တစ်လျှောက်တွင် အရှားပါးဆုံးသော မိစ္ဆာစွမ်းအားဖြစ်ပြီး မူလပိုင်ရှင် ဖြစ်သည့် မိစ္ဆာနတ်ဘုရား မှာလည်း အလွန်မှ ကြောက်မက်ဖွယ် ကောင်းသူ တစ်ယောက် ဖြစ်နိုင်လေသည်။

ရွှေစကြာဘုရင်နှင့် တိုက်ခိုက်ရင်း ထိုသို့ ဖြစ်လာလိမ့်မည် ဆန်းလျန် မျှော်လင့်ထားမိခြင်း မရှိပေ။

ဆန်းလျန်သည် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်ထဲမှ ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားကို ဖော်ထုတ်ကာ မိစ္ဆာစွမ်းအားကို တန်ပြန် တိုက်ခိုက်ရန် ကြိုးစား ကြည့်လိုက်သည်။ သို့သော်… ဆန်းလျန်က စိတ်အာရုံများကို ထိန်းချုပ်ခြင်း စာအုပ်မှ ကျင့်စဉ် စွမ်းအားကို အသုံးမပြုနိုင်အောင် မိစ္ဆာစွမ်းအားက တားဆီးထားပြီး ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများကို ပျက်ပြားအောင် တိုက်ခိုက်လေသည်။

ထိုအခါ စိတ်အာရုံများမှာ မတည်ငြိမ်တော့သည့် အတွက် ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားကိုပင် ပုံဖော်ကြည့်၍ မရတော့ပေ။

သို့သော် ယခုကဲ့သို့ ဒဏ်ရာ အပြင်းအထန် ရခဲ့သည့်အတွက် သူ့ကိုယ်သူ သတိပေးမှု တစ်ခုတော့ ရှိသွားခဲ့ရလေပြီ။

ကျုန်းစန်းတောင် ဓားသိုင်းပြိုင်ပွဲတွင်သာ ယခုကဲ့သို့ သတိလက်လွတ် ဖြစ်မိပါက သူ့အနေဖြင့် အသက်ရှင်ရန်ပင် အခွင့်အရေး ရရှိမည် မဟုတ်ပေ။

ကျောက်ရှောင်ယွီ…

ကျောက်ရှောင်ယွီသည် ကျီမော့ တောင်ထိပ်ရှိ လော်ဝါဒ ဂိုဏ်းဌာနချုပ်တွင် ရှိနေခဲ့လေသည်။

သူမက သစ္စာမဲ့ လက်အောက် ငယ်သားများအားလုံးကို ရှင်းလင်းပစ်ခဲ့ပြီး ဂိုဏ်း၏ စည်းကမ်းကိုလည်း ပိုမိုတင်းကြပ်ခဲ့သည်။ မည်သူမဆို ဂိုဏ်း၏ စည်းမျဉ်းနှင့်အညီ ဆုပေး ဒဏ်ပေးစနစ်ကို ပြတ်သားစွာ သူမက လုပ်ဆောင်လေသည်။

ကျောက်ရှောင်ယွီသည် မြင့်မြတ်သော နတ်ဘုရားတစ်ပါး ဖြစ်သည့်အတိုင်း သူမနှင့်အတူ လော်ဝါဒဂိုဏ်းကြီးကို ထိန်းချုပ်ရန် အတွက် ကိုယ်ရံတော် နတ်ဘုရားလေးပါးကို ရွေးချယ် ခန့်အပ်ခဲ့လေသည်။ လေ၊ မိုးကြိုး၊ မိုး၊ လျှပ်စီးဆိုသည့် ထူးဆန်းသည့် နတ်ဘုရားလေးပါးပင် ဖြစ်လေသည်။ ထိုနတ်ဘုရားလေးပါးတွင် အခြား နတ်ဘုရားများနှင့် မတူညီသည့် စွမ်းရည်များကို ပိုင်ဆိုင် ထားလေသည်။

ကျောက်ရှောင်ယွီသည် ကျီမော့တောင်ထိပ်ရှိ ကျောက်တုံးကြီး တစ်ခုပေါ်တွင် ရပ်နေလေသည်။

ကောင်းကင်ထက်တွင် လပြည့်ဝန်းက ထိန်ထိန်သာနေပြီး ကျောက်ရှောင်ယွီ၏ လှပသော မျက်နှာထက်သို့ လရောင်က ဖြာကျနေလေသည်။

သူမသည် လော်ဝါဒနှင့် ပတ်သက်ပြီး အောင်မြင်မှုပေါင်း များစွာကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည့်တိုင် ထျန်းမုန့်နတ်သမီး အကြောင်းကိုတော့ သတင်းအစအနပင် မရရှိသေးပေ။ ထို့ပြင် ထူးခြားစွာ ပေါ်ပေါက်လာသည့် ဇာစ်မြစ်မသိရသည့် ဂိုဏ်းကြီးမှာလည်း အစအနပင် မကျန်အောင် တစ်ချိန်တည်းမှာပင် ပျောက်ကွယ် သွားခဲ့လေသည်။

ထူးဆန်းစွာ ထွက်ပေါ်လာသည့် ဂိုဏ်းကြီးကို ဗုဒ္ဓဘာသာ ကျောင်းတော်ကြီး ရှစ်ခုကပင် စိတ်ဝင်စားကာ ရှာဖွေ စုံစမ်းကြသည့်တိုင် သဲလွန်စပင် မကျန် ပျောက်ကွယ် သွားခဲ့ခြင်း ဖြစ်လေတော့သည်။

ဆန်းလျန်၏ ပြောပြချက်များကို သိရှိပြီးသည့် နောက်ပိုင်း ထိုဂိုဏ်းကြီး၏ ခေါင်းဆောင်မှာ ယန်ရွှီးများလားဟု ကျောက်ရှောင်ယွီက သံသယ ဖြစ်နေမိသည်။ သို့သော် သူမအနေဖြင့် ထျန်းမုန့် နတ်သမီးမှာ ထိုဂိုဏ်းကြီးနှင့် ပတ်သက်မှု ရှိကြောင်းကို သက်သေ အထောက်အထား ရှာမတွေ့ခဲ့ပေ။

ခုနစ်လာပိုင်း လလယ်တွင် တစ္ဆေကြီး ပွဲတော်ရှိလေသည်။

သို့သော် ခုနစ်လပိုင်း လလယ် ရောက်ရန်အတွက် ဆယ်လခန့်ပင် လိုသေးသည်။

ကျောက်ရှောင်ယွီသည် တစ္ဆေကြီးပွဲကို စိတ်ဝင် စားသောကြောင့် မဟုတ်ပါ။ သေသေချာချာ တွက်ချက် ကြည့်ပြီးသည့်နောက် ထိုနေ့သည် ဆန်းလျန် ကျုန်းစန်းတောင်သို့ ရောက်မည့်နေ့စွဲ ဖြစ်သောကြောင့် ဖြစ်လေသည်။

ကျောက်ရှောင်ယွီ သက်ပြင်းဖွဖွ တစ်ချက် ချလိုက်မိသည်။

ဆန်းလျန်တစ်ယောက် ကျုန်းစန်းတောင်မှ အသက်ရှင်လျက် ပြန်ရောက် လာနိုင်ပါမည်လား။

သူမနှင့် ဆန်းလျန်သည် မိတ်ဆွေရင်းချာများ ဖြစ်သည့်တိုင် သူမအနေဖြင့် ဆန်းလျန် အပေါ်တွင် ခံစားချက် များစွာ ရှိလေသည်။ ပြီးတော့ ဆန်းလျန်သာ မကူညီခဲ့လျှင် သူမသည် လော်ဝါဒ ဂိုဏ်းကြီးကို ပြန်လည် တည်ထောင်နိုင်ရန် ခဲယဉ်းမည် ဖြစ်လေသည်။

ကျင်းကျိနိုင်ငံတွင် စူးဖန်းနာ့ဘုရင် နတ်ရွာစံ သွားပြီးသည့်နောက် ဆင်းရဲသားများ၊ နန်းတွင်း အမှုထမ်း၊ အရာထမ်းများ၊ သူဌေးသူကြွယ်များ အားလုံး ပြည်သူတစ်ဦး တစ်ယောက် မကျန်အောင် ပျော်ရွှင် ခဲ့ကြလေသည်။

သို့သော် ဘုရင်မရှိသော တိုင်းပြည်ကို မည်သူက အုပ်ချုပ်မည်နည်း။

လူအများစုကတော့ ဆန်းလျန်ကို သူတို့၏ ဘုရင်အဖြစ် ရွေးချယ် ထောက်ခံကြလေသည်။

သို့သော် ထူးဆန်းလွန်းသည့် တာအိုဆရာ ဆန်းလျန်သည် ကျင်းကျိတိုင်းပြည်မှ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီ ဖြစ်လေသည်။

အစိမ်းရောင် ဝတ်ဆင်ထားသော တာအိုဆရာ တစ်ယောက်နှင့် မိန်းကလေးငယ် တစ်ယောက်သည် အကန့်အသတ်မရှိ ကျယ်ပြောလှသည့် တောကြီးတစ်ခု၏ တစ်နေရာတွင် ရုတ်တရက် ပေါ်လာလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးက ဆီးနှင်းများ ဖုံးအုပ်နေပြီး ထိုဆီးနှင်းများမှာ နှစ်ပေါင်း တစ်သောင်းရှိနေသော ရေခဲပြင်ထုကြီး ဖြစ်လေသည်။

သို့သော် အစိမ်းရောင် တာအိုဆရာ၏ ခြေရာများကတော့ ရေခဲထုပေါ်တွင် သုံးလက်မခန့် ထင်ကျန်ရစ် နေလေသည်။

ခြေရာများ၏ အကွာအဝေးသည် တစ်ပေ ကွက်တိဖြစ်ပြီး ပိုလည်းမပိုသလို လျော့လည်း မလျော့နည်းပေ။

အစိမ်းရောင် ဝတ်တာအိုဆရာမှာ ဆန်းလျန်ပင် ဖြစ်လေသည်။

ဖန်းယန်ယင်းသည် ဆန်းလျန်၏ ဘေးတွင် လမ်းလျှောက် လိုက်ပါလာလေသည်။ သူမသည် ဆန်းလျန်ကို စိတ်ပူပန်သည့် မျက်ဝန်းများဖြင့် တောက်လျှောက် ကြည့်နေခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ ဒဏ်ရာမှာ ပြင်းထန်ပြီး နာကျင်မှု ဝေဒနာကို ခံစားနေရကြောင်း သူမ ရိပ်မိသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ မျက်နှာက တည်ငြိမ်နေပြီး နာကျင်မှုကို ဟန်ဆောင် ဖုံးကွယ်ထားသည့်တိုင် ရေခဲပြင်ထက်မှ ခြေရာများက နာကျင်လွန်းသည့် အတွက် မည်မျှ အားစိုက် နေရကြောင်းကို ဖော်ပြနေသည် မဟုတ်ပါလား။

မဟုတ်ပါက ဆရာဦးလေး ဖြစ်သူသည် အပါးလွှာဆုံး နှင်းများထက်တွင်ပင် ခြေရာထင်အောင် လမ်းလျှောက်မည့်သူ မဟုတ်ပေ။

ထို့ပြင် ဆန်းလျန်၏ ဘယ်ဘက်လက်မှာ ကျောက်စိမ်း သားလေးပမာ နူးညံ့ လှပနေသည့်တိုင် ညာဘက် လက်ကိုတော့ အဝတ်ဖြူ တစ်စဖြင့် စည်းနှောင် ထားလေသည်။

ရေခဲတောင်ကို ဖြတ်သန်းလာစဉ် ဆန်းလျန်သည် စကားတစ်လုံးမှ မပြောခဲ့ပေ။ ဆယ်ရက် အတွင်း ဆန်းလျန်သည် စကားတစ်လုံးမှ မပြောဘဲ စက်ရုပ် တစ်ရုပ်ကဲ့သို့ အဆက်မပြတ် လမ်းလျှောက်ကာ ခရီးနှင်နေခဲ့လေသည်။

ဖန်းယန်ယင်းသည် ဆရာဦးလေးဖြစ်သူ လမ်းလျှောက် နေသေးသည်ကိုပင် ဝမ်းသာ နေမိလေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် တစ်ချက်တစ်ချက် သတိလစ် သွားတတ်ပြီး ထိုအချိန်မျိုးတွင် လုံးဝ အားမရှိတော့သည့် အလား သေလူကဲ့သို့ ဖြစ်ကာ အသက်ရှူသံ များပင်လျှင် ငြိမ်သက် နေတတ်သောကြောင့် ဖြစ်လေသည်။

ရုတ်တရက်…

ဖန်းယန်ယင်းသည် ဆရာဦးလေးဖြစ်သူကို ကျော်တက်လိုက်ပြီး ရှေ့မှ ကာကွယ် ပေးလိုက်လေသည်။

အဘယ်ကြောင့် ဆိုသော် အရှေ့ဆီမှ နှင်းမုန်တိုင်း တိုက်ခတ် လာသောကြောင့် ဖြစ်လေသည်။ နှင်းမုန်တိုင်း တိုက်ခတ်နေစဉ်တွင် ပတ်ဝန်းကျင် တစ်ခုလုံးတွင် နှင်းများဖြင့် ဖုံးလွှမ်းနေပြီး ရှုခင်းများကိုလည်း မတွေ့ရတော့သလို လမ်းကိုလည်း မမှတ်မိနိုင်တော့ပေ။

နှင်းမုန်တိုင်း ရပ်သွားသည့် အခါတွင်တော့ ဆန်းလျန်က လမ်းလျှောက်ခြင်းကို ရပ်တန့် လိုက်သည်။

"နောက်ဆုံးတော့ ရောက်လာခဲ့ပြီ"

ပထမဆုံး စကားတစ်ခွန်းကို ဆန်းလျန်က ပြောလိုက်လေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးတွင် နွေဦးရာသီ ရောက်တော့မည့် အလား ဆီးနှင်းများက စတင် အရည်ပျော်ကျ နေလေသည်။ ဆန်းလျန်၏ ညဘက်လက်တွင် အဝတ်ဖြူ တစ်စဖြင့် စည်းနှောင် ထားသည့်တိုင် မိစ္ဆာ စွမ်းအားများကြောင့် မတည်ငြိမ်သည့် စိတ်များသည် အနည်းငယ် တည်ငြိမ်လာပြီး လူလည်း အနည်းငယ် လန်းဆန်း လာလေသည်။

ဆန်းလျန်သည် မဟာနှင်းတောင် တည်ရှိရာနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန် လျှောက်သွားရာ လမ်းတစ်လျှောက်တွင် မြက်ပင်လေးများကို တွေ့ရှိရပြီး နှင်းများ ဖုံးလွှမ်းခြင်းမရှိသည့် ရွှေရောင် ပန်းပွင့်လေးများ ပွင့်လန်း နေသည်ကိုလည်း တွေ့ရလေသည်။

ရွှေရောင် ပန်းပွင့်လေးများသည် အကွေ့အကောက် များသော လမ်းကြောင်းလေး တစ်ခုအတိုင်း ပေါက်ရောက်နေခြင်း ဖြစ်ပြီး မဟာနှင်းတောင်၏ အနက်ရှိုင်းဆုံး နေရာတစ်ခုသို့ လမ်းပြနေသည့် အလားပင် ဖြစ်လေသည်။

***

All Chapters