အခန်း (၂၈၆-၂၈၈)
Vol. 20 Ch. 286-288
CHAPTER 286 နောင်ဘဝမှ တွေ့ကြတာပေါ့
အိပ်မက်ဆိုး ချောက်ကမ်းပါးသည် ယခင် အိပ်မက်ဆိုးဘုရင် ပြုတ်ကျသွားခဲ့သည့် နေရာဖြစ်သည်။
ထိုချောက်ကမ်းပါးသည် အမြင့် မီတာ သုံးထောင် ရှိသည်။ ထိုကဲ့သို့ အမြင့်မှ ပြုတ်ကျသွားလျင် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တောင်မှ အသက်ဆုံးရှုံးရလောက်သည်။
ထိုချောက်ကမ်းပါးကို မြင်သည်နှင့် ဦးလေးချာခါသည် အလွန် စိတ်ဓာတ်ကျသွားသော မျက်နှာနှင့် ပြောလိုက်သည်။
"သူက အိပ်မက်ဆိုးဘုရင် အသစ်ကို ရှင်းပစ်ချင်နေတာပဲ။ အရင် အိပ်မက်ဆိုးဘုရင်ကလည်း အိပ်မက်ဆိုး ချောက်ကမ်းပါးမှာ သေသွားခဲ့ရတာ။ ဘုရင်အသစ်ကကော ဒီမှာပဲ သေဆုံးရမှာလား"
ဦးလေးချာခါ သာမက ဘေးပတ်လည်မှ အခြား အိပ်မက်ဆိုး သိုင်းပညာရှင်များလည်း အလွန် ဝမ်းနည်းလာကြသည်။
အိပ်မက်ဆိုးဘုရင်သည် သူ့ဘဝ အမြင့်သို့ မရောက်ရှိခင် ကျဆုံးသွားရတော့မည် ဟူသည့်အချက်ကို သူတို့ လက်မခံနိုင် ဖြစ်နေကြသည်။
ဂျွတ်ခနဲ အသံနှင့်အတူ နောက်ထပ် အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်သည် မင်းသား ကာရိုးလ်၏ လက်ဖဝါးချက်အောက်၌ ကိုယ်နှစ်ခြမ်း အပိုင်းခံလိုက်ရ၏။
မြေကြီးပေါ်၌ မျက်စိတစ်ဆုံး အလောင်းများနှင့် ပြည့်နှက်နေ၏။ အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ သွေးများကြောင့် မြေကြီးသည် ရဲရဲနီလို့နေ၏။
မိစ္ဆာကဲ့သို့သော မင်းသား ကာရိုးလ်အား ပြန်လည်ခုခံနိုင်ခြင်းငှာ မစွမ်းနိုင်ကြပေ။ သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် သူသည် ဖေးချမ်အား စိုက်ကြည့်ကာ လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်သည်။
"ပုရွက်ဆိတ်လိုကောင် မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"
"လုပ်စမ်းပါ။ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို ငါ့ကို အပ်ပြီးတော့ မင်းရဲ့ သခင်ကြီးအဖြစ် ငါ့ကို မှတ်ယူလိုက်။ ဒါဆို မင်းကို ငါ ခွင့်လွှတ်ပေးမယ်"
…
သူ့စကားကြောင့် ဖေးချမ်၏ မျက်လုံးများက ရုတ်ချည်း တောက်ပလာသည်။
"မင်းကို ငါ့သခင်ကြီးအဖြစ် မှတ်ယူရမယ် ဟုတ်လား"
ဖေးချမ်သည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး မင်းသား ကာရိုးလ်အား စိတ္တဇဆန်သော မျက်လုံးများဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"ကာရိုးလ် မင်းက တစ်မူထူးဆန်းပါပေတယ်။ အဲ့တော့ကော ဘာဖြစ်လဲ။ မင်း ငါ့ကို သတ်နိုင်တယ်၊ ဒါပေမယ့် မင်း ငါ့အရိုးတွေကို ချိုးနိုင်မှာ မဟုတ်ဘူး"
"ငါ့ရဲ့သခင်ကြီးက သေချာပေါက် ငါ့ဧကရာဇ် ဖြစ်လာမယ့်သူကွ။ သူ အမိန့်ထုတ်လိုက်တာနဲ့ နတ်ဆိုးအားလုံးက သူ့ရှေ့ ဒူးထောက်ရမှာ"
"မင်းက ဘာကောင်မို့လို့လဲ"
*ဘာ*
ဖေးချမ်၏ စကားကြောင့် မင်းသား ကာရိုးလ်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
"ပထမဆုံးပဲ"
ဖေးချမ်သည် မင်းသား ကာရိုးလ်အား လူကြားထဲ လှောင်ပြောင်ရှုတ်ချရဲသည့် တကယ့် ပထမဆုံးသူပင် ဖြစ်သည်။
"ဘယ်လို ပမွှားကောင်လေးလဲ၊ မင်း ငါ့ကို အညံ့ခံကိုခံရမယ်။ မင်း အခုချက်ချင်း ငါ့ရှေ့ ဒူးထောက်ကို ထောက်စေရမယ်ကွ"
မင်းသား ကာရိုးလ်သည် အလွန်မောက်မာသော မျက်နှာထားနှင့်အတူ နိုင်လိုမင်းထက် ပြုမူလိုသော ဟန်ပန်ဖြင့် ဆက်ပြောလိုက်သည်။
"မင်းက ငါ့အစေခံ ဖြစ်လာလိမ့်မယ်လို့ ငါပြောခဲ့တယ်လေ၊ ဒါကြောင့် မင်း ငါ့ကို မင်းသခင်ကြီးအဖြစ် မှတ်ကို မှတ်ယူရမယ်ကွ"
ထိုသို့ပြောပြီး မင်းသား ကာရိုးလ်သည် ဖေးချမ်ထံသို့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ထပ်ပြောလိုက်သည်။
"ဒီနေ့ ငါ မင်းကို ဘယ်သူက သခင်ဖြစ်ပြီး ဘယ်သူက အစေခံလဲဆိုတာကို သင်ပြပေးမယ်"
ထို့နောက် မင်းသား ကာရိုးလ်သည် ဖေးချမ်ထံသို့ တန်းနေအောင် ပြေးဝင်သွားသည်။ ဤအဖြစ်ကို မြင်လိုက်ရသောကြောင့် အကြီးအကဲချာခါသည် မင်းသား ကာရိုးလ်အား တားမြစ်ရန် အလျင်အမြန် ပြေးတက်သွားသည်။ သို့သော် သူသည် ဖေးချမ်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။
ထို့နောက် ဖေးချမ်သည် အလွန် ပြင်းပြသော ဆန္ဒဖြင့် ပြောလိုက်သည်။
"ဦးလေး ချာခါ မှတ်ထားပေးပါ။ အကယ်၍ သူနဲ့ ကျွန်တော် သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင် ကျေးဇူးပြုပြီး ဟွာရှနိုင်ငံ ကျန်းရှီမြို့က ကျုပ်သခင်ကြီး ယဲ့ဖန်ကို ကျုပ်ကိုယ်စား လိုက်ရှာပေးပါ"
"ပြီးတော့ သူ့ကို ပြောပေးပါ။ လောဘအိုး ဝံပုလွေ ဖေးချမ်က နတ်ဆိုးဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို အရှက်ရစေခဲ့ပါတယ်လို့ ပြီးတော့ နောင်ဘဝရောက်မှပဲ အကြွေးပြန်ဆပ်ပါ့မယ်လို့"
ထိုသို့ ပြောပြီးနောက် ဖေးချမ်၏ မျက်နှာက ပြာနှမ်းလာသည်။ ထိုအချိန်တွင် သူသည် သူ၏ သုံးမြှောင့်ဓားချွန်အား ဝှေ့ယမ်း၍ မင်းသား ကာရိုးလ်ထံနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
တိုက်ပွဲ ခေါ်သံနှင့်အတူ သိုင်းပညာရှင်နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက် ရင်ဆိုင်မိသွားသည်။
ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီအဆင့်တို့သည် အဆင့်ချင်းနီးကပ်သည်ဟု ဆိုရသော်လည်း ခွန်အား နှစ်ခုကြား၌ မကျော်လွှားနိုင်သော ခြားနားမှုကြီးတစ်ခု ရှိနေသည်။
မင်းသားကာရိုးလ်သည် ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်ဖြစ်သည်။ ရှေးဟောင်း လျှို့ဝှက် သိုင်းကျမ်းကို ရရှိသွားပြီးနောက် သူ၏ တိုက်ပွဲဝင်ခွန်အားသည် ဒဏ္ဍာရီလာ နောက်ဆုံးအဆင့်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
သို့သော် ဖေးချမ်သည် ဒဏ္ဍာရီ အထွတ်အထိပ် အဆင့်၌သာ ရှိသေးသည်။ သူတို့၏ တိုက်ပွဲဝင် ခွန်အားနှစ်ခုကြား၌ ကြီးမားသော ကွာခြားမှုတစ်ခု ရှိနေသည်။
မင်းသား ကာရိုးလ်သည် ဖေးချမ်အား အစကတည်းက ဖိနှိပ်ထားနိုင်နေပြီ ဖြစ်သည်။
ရွှစ်! ရွှစ်! ရွှစ်!
ဆိုးရွားပြီး သွေးသံတရဲရဲနှင့် ဒဏ်ရာများက ဖေးချမ်၏ ကိုယ်ပေါ်၌ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် သူသည် သူ့ဒဏ်ရာများအားလုံးကို ဂရုမစိုက်သည့် လူသတ်လက်နတ်ကဲ့သို့ ဖြစ်နေပြီး သူ့မျက်လုံးအစုံက ရဲရဲနီနေ၏။
ဖေးချမ်သည် မင်းသားကာရိုးလ်နှင့် အသက်ချင်းလဲ၍ ထိပ်တိုက်ရင်ဆိုင်နေခြင်း ဖြစ်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ မင်းသားကာရိုး၏ ဘယ်ဘက်ပါးပေါ်၌ နီရဲနေသော ဒဏ်ရာတစ်ခု ထင်ကျန်လာသည်။
တောက်! တောက်!
သူ့ဒဏ်ရာမှ ရဲရဲနီနေသော သွေးများ စီးကျလာပြီးနောက် မင်းသား ကာရိုးလ်သည် ဒေါသူပုန်ထသွားလေ၏။
"ပုရွက်ဆိတ်လိုကောင် … မင်းကများ ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့"
ကမ္ဘာတစ်ဝန်းမှ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့သည့် လူခြောက်ဦးထဲမှ တစ်ဦးဖြစ်သည့် သူသည် သူ့ဒဏ်ရာအတွက် အရှက်ရသလို ခံစားမိသည်။
ဂျွတ်!
ဒေါသတကြီး ဖြစ်လာပြီးနောက် သူ၏ လက်ဖဝါးသည် ဖေးချမ်၏ ရင်ဘတ်အား ထပ်မံ၍ ထိုးဖောက်သွားသည်။
"မင်း ငါ့ကို အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်း ပေးပြီးတော့ ငါ့ကို မင်းရဲ့ သခင်ကြီးအဖြစ် မှတ်ယူပါ့မယ်လို့ ငါ့ကိုပြောစမ်း"
မင်းသား ကာရိုးလ်သည် ခက်ထန်သော မျက်နှာထားနှင့် ပြောဆိုလိုက်သည်။ သူ့စကားကြောင့် ဖေးချမ်သည် မင်းသား ကာရိုးလ်၏ မျက်နှာပေါ်သို့ သွေးများ ထွေးထုတ်လိုက်သည်။ ထို့နောက် သူက ဟားတိုက်ရယ်မောလေသည်။
"ပုရွက်ဆိတ်တဲ့လား။ ဟဟ … ငါ့သခင်ကြီး ရှေ့ရောက်သွားရင် မင်းကမှ ပုရွက်ဆိတ်သာသာ အဆင့်ကွ"
*ဘာ*
သူ့စကားကြောင့် မင်းသား ကာရိုးလ် ဒေါပွသွားသည်။
"ခွေးကောင်"
ထိုသို့ရေရွတ်ပြီးနောက် မင်းသား ကာရိုးလ်သည် ဖေးချမ်၏ ရင်ဘတ်ထဲမှ သူ့လက်ဖဝါးအား အားနှင့် ပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် ဖေးချမ်၏ ဘယ်ဘက်လက်မောင်းအား ချိုးချလိုက်၏။
ဂျွတ်!
ရဲရဲနီနေသော သွေးများက မြေကြီးပေါ်သို့ ပြန့်ကျဲထွက်သွားသည်။ ကြီးစွာသော နာကျင်မှုကြောင့် ဖေးချမ်သည် တစ်ကိုယ်လုံး ချွေးစို့လာရသည်။
"မင်း ငါ့ကို အရှုံးပေးပြီလား"
မင်းသား ကာရိုးလ်က တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။
"ီးကို အရှုံးပေးလိုက် … ငါက နတ်ဆိုးကွ။ ငါ မိုးကောင်ကင်ကို ဒူးမထောက်သလို မြေကမ္ဘာကိုလည်း ဒူးမထောက်ဘူး။ ငါ့သခင်ကြီး တစ်ယော်တည်းရဲ့ ရှေ့မှာပဲ ငါ ဒူးထောက်တယ်။ ငါ့သခင်ကြီးကိုပဲ နတ်ဆိုး ဧကရာဇ်အဖြစ် မှတ်ယူတာ။ မင်းက သောက်သုံးမကျတဲ့ကောင်ပဲကွ"
ဖေးချမ် ရယ်မောလိုက်သည်။ သူသည် သွေးများနှင့် ပေကျံနေပြီး အရူးတစ်ယောက်ကဲ့သို့ ရဲတင်းလွန်းစွာ ပြုမူနေသည်။
"ီးပဲကွာ … ီးပဲ … သောက်ချေးတဲ့မှ"
မင်းသား ကာရိုးလ် အလွန် ဒေါသထွက်နေ၏။ သူ သိုင်းပညာရှင်များစွာကို အလွန် ရက်စက်သော နည်းလမ်းများဖြင့် အနိုင်ယူခဲ့ဖူးသည်၊ သို့သော် ဤဖက်တီးလေးက သည်လောက် စိတ်ဓာတ် ခိုင်မာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
"ကောင်းပြီလေ မင်း နာကျင်မှုကို ဘယ်လောက်ထိ တောင့်ခံနိုင်လဲဆိုတာကို ငါ စောင့်ကြည့် ရသေးတာပေါ့"
"မင်း ငါ့ကို အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို တစ်စက္ကန့်အတွင်း မပေးဘူးဆိုရင် ငါ မင်းကို တစ်ကြိမ် ထိုးနှက်မယ်။ မင်း ငါ့ကို တစ်မိနစ်အတွင်း မင်းရဲ့ သခင်ကြီးအဖြစ် မသတ်မှတ်ဘူးဆိုရင် မင်းကို ငါ အကြိမ် ခြောက်ဆယ် ထိုးနှက်မယ်"
ထို့နောက် မင်းသား ကာရိုးလ်သည် အလွန် ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် ကြုံးဝါးလိုက်သည်။
"မင်း ငါ့ကို အစွမ်းကုန် ရိုသေလေးစားပြီး မင်း ငါ့ကို သခင်ကြီးအဖြစ် မှတ်ယူတာကို ငါ လိုချင်တယ်"
ရွှစ်!
ထိုသို့ပြောပြီး သူသည် ဖေးချမ်၏ ဘယ်ဘက်ပခုံးအား သူ့လက်ဖဝါးဖြင့် အားကုန် ထိုးစိုက်လိုက်သည်။ ဖေးချမ် တစ်ချက်တုန်ယင်သွားပြီးနောက် ဟစ်ကြွေးလိုက်သည်။
"ငါ့သခင်ကြီးက နတ်ဘုရားနဲ့ အင်မော်တယ်တွေကို သတ်ဖြတ်နိုင်တယ်ကွ"
ရွှစ်!
မင်းသား ကာရိုးလ်က သူ့အား ထပ်၍ ထိုးနှက်လိုက်သည်။ ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက်တွင်မူ မင်းသား ကာရိုးလ်က ဖေးချမ်၏ ခန္ဓာကိုယ်အား ထပ်ခါထပ်ခါ ထိုးနှက်လာသည်။
သို့သော် ဖေးချမ်သည် သူ့အသက်ကို လုံးဝ ဂရုမစိုက်သော အရူးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ အလွန်အမင်း လေးစားသော မျက်နှာထားဖြင့် သူ၏ ဟစ်ကြွေးသံများက ကမ္ဘာတုန်လောက်ပေ၏။
ထိတ်လန့်စရာကောင်းလိုက်ပါဘိ။
ဘေးမှ ကြည့်နေသူများအားလုံးသည် ကမ္ဘာပေါ်ရှိ မည်ကဲ့သို့သော တည်ရှိမှုမျိုးက ဤကဲ့သို့ ရူးသွပ်သော သူတစ်ယောက်ကို သူ၏ အစေခံဖြစ်အောင် လုပ်နိုင်ခဲ့သလဲဆိုတာကို သိချင်မိကြသည်။
မည်ကဲ့သို့သော တည်ရှိမှုမျိုးက အိပ်မက်ဆိုး ဘုရင်သစ်အား သည်လောက် မိုက်မဲအောင် လုပ်နိုင်တာပါလိမ့်။ ဘယ်လိုလုပ် သူက ထိုသူ၏ ဂုဏ်သိက္ခာကို သူ့အသက်ဖြင့် ခုခံ ကာကွယ်ပေးနေရသနည်း။
အံ့…အံ့ဩစရာ ကောင်းလိုက်ပါဘိ။
ဒုန်းခနဲ အသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး အကြီးအကဲချာခါနှင့် အခြား အိပ်မက်ဆိုး သိုင်းပညာရှင်များ ဖေးချမ်ရှေ့ ဒူးထောက်ကျလာပြီး သူတို့၏ မျက်နှာပေါ်၌ ပူနွေးသော မျက်ရည်များဖြင့် ပြည့်နှက်လာသည်။
ဘုရင်အသစ် ကျဆုံးတော့မည်ကို သူတို့ သိနေသည်။
"အရှင် … အရှင်"
အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး ချက်ချင်း မြေကြီးပေါ် ဒူးထောက်ကျလာသည်။ သူတို့ ဖေးချမ်နှင့် အချိန်အတော်ကြာ သိကျွမ်းခြင်း မရှိခဲ့သော်လည်း ဤဖက်တီးလေး၏ ရူးသွပ်သော စိတ်ဆန္ဒတို့ကိုတော့ သူတို့ သိနားလည်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
သူသည် သူတို့၏ ဘုရင်ပင်။
"ဟားဟား…"
ထိုစဉ် ဖေးချမ်သည် ဟားတိုက်ရယ်မောနေရင်း သူ၏ နဖူးအလယ်တည့်တည့်မှ ရွှေအိုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် သူ၏ ကိုယ်ပိုင် သဘာဝသွေးသားများကို လောင်မြှိုက်နေခြင်း ဖြစ်သည်။
ဘုန်း!
ဖေးချမ်သည် သူ၏ ခွန်အားအပြည့် အသုံးပြုပြီး မင်းသား ကာရိုးလ်အား ထိုးနှက်လိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ မင်းသား ကာရိုးလ်၏ လက်ဖဝါးသည် မည်သို့မျှ ကြိုတင်ကာကွယ်မှု မပြုလုပ်လိုက်ရဘဲ နောက်လန်၍ ကျိုးသွားပြီး သူသည်လည်း လေထဲသို့ သုံး၊လေး မီတာခန့် လွင့်ထွက်သွားသည်။ ထို့နောက် သူသည် အလွန် ထိတ်လန့်သွားသော မျက်နှာနှင့် နောက်သို့ ခပ်မြန်မြန် ဆုတ်လိုက်သည်။
ထိုအချိန်တွင် ဖေးချမ်သည် ယိုင်တိယိုင်တိုင် ဖြစ်နေပြီး သတိလစ်မတတ် ဖြစ်နေသည်။ သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် သူသည် ဟွာရှနိုင်ငံ တည်ရှိရာ အရပ်သို့ လှမ်းကြည့်ရင်း အနည်းငယ် နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။
"သခင်ကြီး … နောင်ဘဝမှ ပြန်တွေ့ကြတာပေါ့"
ထိုသို့နောက်ဆုံးစကားပြောပြီး ဖေးချမ်းသည် ခြေတစ်လှမ်းတိုး၍ အိပ်မက်ဆိုး ချောက်ကမ်းပါးသို့ ခုန်ချလိုက်သည်။
"မဟုတ်ဘူး"
အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး အလွန် ကြောက်လန့်သွားကြပြီး သူတို့မျက်နှာပေါ်၌ အလွန် မျှော်လင့်ချက် ပျက်သုဉ်းသွားဟန်များ ပြည့်နှက်နေသည်။
မင်းသား ကာရိုးလ်၏ မျက်နှာတောင်မှ ညှိုးနွမ်းသွားသည်။ သူ ဖေးချမ်အား တားချင်သော်လည်း နောက်ကျသွားချေပြီ။
ဖေးချမ်သည် ချောက်ကမ်းပါးအောက်မျ တိမ်တိုက်များကြား၌ ပျောက်ကွယ်သွားပြီး အလွန် ရူးသွပ်သော အော်ဟစ်သံသာ ကြားနေရသည်။
"နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရှာကျော် ရှည်ပါစေ"
CHAPTER 287 မင်း ထပ်ပြောရဲရင် ပြောကြည့်လိုက်စမ်း
အိပ်မက်ဆိုး ချောက်ကမ်းပါးအစွန်း၌။
လေထုသည် အလွန် လေးလံထိုင်းမှိုင်းလို့နေ၏။ ဖေးချမ် သည်လောက် စိတ်ဓာတ် ခိုင်မာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။ သူသည် အညံ့ခံရမည့်အစား အသေခံသာ ခံလိုက်သည်။
အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ မျက်နှာများသည် အလွန် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်လို့နေပြီး ပြာနှမ်းလို့နေ၏။
အိပ်မက်ဆိုး ဘုရင်သည် အိပ်မက်ဆိုး ချောက်ကမ်းပါး အစွန်း၌ သုတ်သင်ခံရတော့မည်။ ယခင် အိပ်မက်ဆိုးဘုရင်သည် အိပ်မက်ဆိုး ချောက်ကမ်းပါးမှ ပြုတ်ကျပြီး သေဆုံးသွားခဲ့ရသည်။ ဘုရင်အသစ်သည်လည်း တူညီသော ကံကြမ္မာကို ဝေမျှ ခံစားရတော့မည်။
အိပ်မက်ဆိုး ချောက်ကမ်းပါးသည် တကယ်ပင် သေမင်း မြစ်ဝကျွန်းပေါ်ဒေသ၏ အိပ်မက်ဆိုး ဖြစ်ဟန်တူသည်။
"အရှင်"
အကြီးအကဲ ချာခါနှင့် အခြားသူများ မျက်ရည်ကျလာကြသည်။ ဖေးချမ်၏ သေဆုံးမှုသည် သေမင်း မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံး၏ နေဝင်ချိန်ကို ရောက်နေပြီဟု ညွှန်ပြနေသလိုပင်။
သူတို့ စိတ်ဓာတ်ကျနေကြသည်။ သူတို့၏ သစ်လွင်လာသော မျှော်လင့်ချက်များအားလုံး ဆုံးရှုံးလိုက်ရသကဲ့သို့ သူတို့၏ မျက်လုံးများ ဗလာနတ္ထိ ဖြစ်နေကြသည်။
မင်းသား ကာရိုးလ်၏ မျက်နှာသည်လည်း သုန်မှုန်လို့နေ၏။
"သောက်ခွေးမသား"
မင်းသား ကာရိုးလ်သည် မုန်းတီးဟန်ဖြင့် အံကို တင်းနေအောင် ကြိတ်လိုက်မိသည်။ ဖေးချမ်က အိပ်မက်ဆိုး လျို့ဝှက်သိုင်းကျမ်းကို ရရှိသွားပြီ ဟူသော သတင်းကို ရလိုက်သည်နှင့် မင်းသား ကာရိုးလ်သည် သေမင်း မြစ်ဝကျွန်းပေါ်ဒေသအား ချင်းနင်းဝင်ရောက်ပြီး အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းအား လုယက်၍ အိပ်မက်ဆိုး သိုင်းပညာရှင်များ အားလုံးကို အုပ်စိုးချင်ခဲ့သည်။
မင်းသား ကာရိုးလ်သာ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်း နှစ်ခုကို ရရှိလိုက်သည်နှင့် သူသည် ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းများကို ရရှိခဲ့သည့် ကျန်ငါးယောက်ကို ဖိနှိပ်ထားနိုင်ပြီး တကယ့် ပါရမီရှင် ဖြစ်လာပေလိမ့်မည်။
သို့သော် သူ၏ အိပ်မက်အားလုံးသည် ဖေးချမ်၏ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုကြောင့် ပျက်စီးသွားခဲ့ရလေပြီ။
"တကယ်လို့များ အဲ့ခွေးကောင်က အညံ့ခံဖို့ထက် အသေခံမယ်ဆိုတာကိုသာ ငါ သိခဲ့မယ်ဆိုရင် ငါ သူ့ကို တစ်စစီဖြစ်အောင် ခုတ်ပိုင်းပစ်လိုက်ပါတယ်ကွာ"
မင်းသား ကာရိုးလ်သည် ဖေးချမ်အား အလွန်အမင်း မုန်းတီးသွားခဲ့သည်။ သို့သော် သူ့အတွက် နောင်တရရန် အလွန် နောက်ကျသွားချေပြီ။
ထိုစဉ် ရုတ်တရက် တစ်ခုခု မှားနေပြီဆိုသည်ကို သူ ခံစားမိလိုက်သည်။
အိပ်မက်ဆိုး သိုင်းပညာရှင်များ ငိုကြွေးနေရာမှာ ရပ်တန့်သွားသည်ကို သူ တွေ့လိုက်ရသည်။ ငိုကြွေးနေရမည့်အစား သူတို့အားလုံးသည် ချောက်ကမ်းပါးအား မယုံနိုင်စရာကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရဟန်ဖြင့် မျက်လုံးအပြူးသားနှင့် ငုံ့ကြည့်နေကြသည်။
*အမ်*
မင်းသား ကာရိုးလ် တဒင်္ဂမျှ မှင်တက်သွားရသည်။ သူ ခပ်သွက်သွက် ရှေ့တိုး၍ ချောက်ကမ်းပါးကို ငုံ့ကြည့်လိုက်သည်။
သူ မြင်လိုက်ရသည့်အရာကြောင့် လုံးဝ ထိတ်လန့်သွားရသည်။ ချောက်ကမ်းပါးအောက်ရှိ ထူထပ်နေသော တိမ်တိုက်များကြားထဲမှ သွေးစွန်းနေသော ပုံရိပ်တစ်ခုသည် တိမ်ကဲ့သို့ အပေါ်ဘက်သို့ ပြန်တက်လာနေသည်။
"အရှင်"
ထိုသွေးစွန်းနေသော ပုံရိပ်အား မြင်လိုက်သည်နှင့် အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး ပျော်ရွှင်စွာ အော်ဟစ်လိုက်မိကြသည်။
ထိုသူသည် ဖေးချမ်ပင် ဖြစ်သည်။ ချောက်ကမ်းပါးစွန်းမှ ခုန်ချသွားသော ဖေးချမ် အသက်ရှင်လျက် ရှိနေသေးလိမ့်ဦးမည်ဟု မည်သူမျှ ထင်မှတ်မထားမိပါ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က ထအော်လာသည်။
"ကြည့်စမ်း … အရှင့်ခြေထောက်ပေါ်က ဘာကြီးလဲ"
အနက်ရောင် ချီမျှင်စုများက ဖေးချမ်၏ ခြေထောက်၌ ချိတ်တွယ်လျက် ရှိပြီး ဖေးချမ်းအား အပေါ်သို့ ပြန်ဆွဲတင်နေသည်ကို မြင်လိုက်ရသဖြင့် အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင် ဖေးချမ်သည် ချောက်ကမ်းပါး အစွန်းသို့ ပြန်တက်လာပြီး အနက်ရောင် ချီမျှင်စုများက သူ့အား မြေကြီးပေါ် ပြန်ချပေးလာသည်။
ဤမြင်ကွင်းကို ကြည့်ပြီး အိပ်မက်ဆိုး သိုင်းပညာရှင်တိုင်းက မြေကြီးပေါ် ဒူးထောက်၍ ဟစ်အော်လိုက်ကြသည်။
"ဂုဏ်ယူပါတယ် အရှင်"
အိပ်မက်ဆိုး သိုင်းပညာရှင်တိုင်း အလွန်ပျော်ရွှင်နေကြသည်။ အနက်ရောင် ချီဓာတ်များ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ဖေးချမ်၏ ပြူးကျယ်နေသည့် ကြမ်းကြုတ်လှသည့် မျက်လုံးသည် ချက်ချင်း စိုစွတ်ကာ နီရဲလာ၏။
"သူလား … တကယ်ပဲ သူလား"
ဖေးချမ် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သေးပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေ၍ သူ ပြန်အကြွေးဆပ်ချင်သော လူ၊ သူ့ဘဝကို ရင်း၍ လိုက်ပါချင်သောလူသည် နောက်ဆုံးတော့ ပြန်လာခဲ့ချေပြီ။
"ဟားဟား"
ထိုစဉ် မင်းသား ကာရိုးလ်က အလွန် ပျော်ရွှင်နေဟန်ဖြင့် ဟားတိုက်ရယ်မော၍ ပြောဆိုလာသည်။
"ပါရမီရှင် ဘုရားကတောင်မှ ငါ့ကို ကူညီနေတာကိုး။ ငါ့ထက် ပိုပြီး ဘယ်သူက ပါရမီရှင် ဖြစ်ဖို့ အရည်အချင်း ပြည့်မီမှာလဲ"
ဘုရားက သူ့ဘက်၌ ရပ်တည်နေသည်ဟု မင်းသား ကာရိုးလ်က ချက်ချင်း ယုံကြည်သွားသည်။ သူသည်သာ ပါရမီရှင် ဖြစ်သည်ဟု သူ ယုံကြည်သွားခဲ့သည်။
ထို့နောက် မင်းသား ကာရိုးလ်သည် ဖေးချမ်အား စိုက်ကြည့်ကာ လှောင်ရယ်၍ ပြောလိုက်သည်။
"ဟီးဟီး … ငနာလေး မင်း ဘယ်လိုထင်လဲ။ ငါက ပါရမီရှင်ပဲ။ ငါ့ကို အညံ့ခံပြီး အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို ငါ့ဆီ ပေးလိုက်။ မဟုတ်လို့ကတော့ မင်း သေကို သေရမယ်"
ထိုစဉ် မင်းသား ကာရိုးလ်၏ ချီဓာတ်များက ဖေးချမ်၏ နောက်ဆုတ်နိုင်သော လမ်းကြောင်းများကို ဖြတ်တောက်လိုက်သည်။
ဖေးချမ်အတွက် သူ ထွက်ပြေးချင်လျင်တောင် မဖြစ်နိုင်တော့ပေ။ သူ့စကားကြောင့် ဘေးပတ်လည်မှ အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ မျက်နှာများ ပြာနှမ်းလို့လာသည်။
ထိုအချိန်တွင် သူတို့သည် ဖေးချမ် အချိန်အတိုင်းအတာ တစ်ခုမျှ အသက်ရှင်လျင်တောင်မှ မုချ သေရလိမ့်ဦးမည်ကို သတိပြုမိလိုက်ကြသည်။
ထူးဆန်းသည်က ဖေးချမ်သည် လုံးဝ ကြောက်ရွံ့နေပုံ မပေါ်ပေ။ ထိုအစား သူသည် မင်းသား ကာရိုးလ်အား သူ့ရန်သူကို အရူးတစ်ယောက်ဟု ထင်နေဟန်ဖြင့် အထင်သေးသော လှောင်ပြုံးနှင့် ကြည့်နေသည်။
"မင်း ထပ်ပြောရဲရင် ပြောကြည့်လိုက်စမ်း"
ဖေးချမ်သည် မင်းသား ကာရိုးလ်အား စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူ့စကားလုံးများက အလွန် ထိတ်လန့်စရာကောင်းလှသည်။
မင်းသား ကာရိုးလ်သည်လည်း ဖေးချမ် သည်လောက် တည်ငြိမ်နေလိမ့်မည်ဟု ထင်မှတ်မထားသဖြင့် တစ်ခဏမျှ မှင်တက်သွားသည်။
"ငါ့ကို အညံ့ခံ ဒါမှမဟုတ်ရင် သေလိုက်"
မင်းသား ကာရိုးလ်၏ စကားအဆုံးတွင် အရိုးကွဲမတတ် အေးစိမ့်သော အသံတစ်သံက ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
"သေရမယ် ဟုတ်လား … ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"
*ဘာ*
ထိုစကားကြောင့် အခြားသူများအားလုံး အလွန် ထိတ်လန့် အံ့အားသင့်သွားကြသည်။
"အဲ့ဒါ ဘယ်သူလဲ"
မင်းသား ကာရိုးလ်၏ မျက်နှာ၌ ကြောက်ရွံ့နေဟန်များ ပေါ်လွင်နေပြီး သူ့အား ရှေးဦး သားရဲကောင်ကြီး စိုက်ကြည့်နေသလလို ရုတ်တရက် ခံစားလိုက်ရသည်။
ထို့နောက် သူသည် သံသယများစွာနှင့် ချက်ချင်း ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်သည်။ ရုတ်ရုတ်သဲသဲ ဖြစ်နေရာနေရာသို့ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
ထိုသူကား ယဲ့ဖန်ပင်။ မဟူရာ ဧကရာဇ်အား သူ သတ်လိုက်သည်မှာ လဝက်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယဲ့ဖန်သည် ဖေးချမ်အတွက် အလွန် စိုးရိမ်နေခဲ့သဖြင့် သေမင်း မြစ်ဝကျွန်းပေါ်ဒေသသို့ သူ မြန်နိုင်သမျှ မြန်မြန် ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် သူ အလောင်းများစွာကို မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါ။ ဖေးချမ်၏ သွေးနံ့ကို သူ သတိထားမိသည်နှင့် သူ မြန်နိုင်သမျှ မြန်မြန် ပြေးလာခဲ့သည်။
အကယ်၍ သူသာ နောက်ကျသွားလျင် ဖေးချမ် သေချာပေါက် သေသွားပေလိမ့်မည်။ ယဲ့ဖန်၏ မျက်လုံးမှ ချက်ချင်းပင် ကြမ်းကြုတ်သော ချီဓာတ်များ ထွက်ပေါ်လာသည်။
ဒေါသထွက်နေသော ခြင်္သေ့ထီးကဲ့သို့ သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်က တိုးပွားလာသည်။ သူ ရှေ့သို့ လှမ်းလာတိုင်း တောအုပ်တစ်ခုလုံး စတင်၍ လှုပ်ခါလာသည်။
"ဆရာသခင် အထွတ်အထိပ်အဆင့်လား"
ယဲ့ဖန်သည် သူ့ချီဓာတ်ကို မဖုံးကွယ်ထားပါ။ ထို့ကြောင့် မင်းသား ကာရိုးလ်သည် ယဲ့ဖန်၏ အဆင့်ကို ချက်ချင်း သိရှိသွားသည်။
သို့သော် ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုလူငယ်သည် ဆရာသခင်အဆင့် ဖြစ်သော်လည်း အလွန် အန္တရာယ်များသည်ဟု ခံစားလိုက်ရသည်။
မင်းသား ကာရိုးလ်သည် ကြောက်စိတ်ကြောင့် သူ့ဆံပင်မွေးများ ထောင်လာသလို ခံစားမိသည်။
"မင်းက ဘယ်သူလဲ"
မင်းသား ကာရိုးလ်က ယဲ့ဖန်အား စိုက်ကြည့်၍ မေးလိုက်သည်။ ထိုစဉ် ဖေးချမ် လှောင်ရယ်၍ ပြောလိုက်သော စကားက မင်းသာ ကာရိုးလ်အား အကြီးအကျယ် ထိတ်လန့်သွားစေသည်။
"အရူး … သူက ငါ့သခင်ကြီးပဲ"
ထို့နောက် သူသည် အလွန် ရူးသွပ်နေဟန်ဖြင့် ဒူးတစ်ဘက်ထောက်၍ နှုတ်ဆက်လိုက်သည်။
"လောဘအိုး ဝံပုလွေ ဖေးချမ်က သခင်ကြီးကို ဂါဝရပြုပါတယ်"
ထိုနေရာမှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ဖေးချမ်၏ သခင်ကြီးက ဆရာသခင် အထွတ်အထိပ်အဆင့်သာ ဖြစ်နေလိမ့်မည်ဟု မင်းသား ကာရိုးလ် သာမက အိပ်မက်ဆိုး သိုင်းပညာရှင်များပါ ထင်မှတ်မထားမိခဲ့ကြပါ။
"လုံးဝ … မဖြစ်နိုင်ဘူး "
"သခင်ကြီး ဟုတ်လား … ဟားဟား"
အဖြစ်အပျက်များကို သတိပြုမိပြီးနောက် မင်းသား ကာရိုးလ်သည် ရယ်ရလွန်း၍ လဲကျမတတ် ဖြစ်သွားရသည်။
ထို့နောက် သူက ဖေးချမ်အား လက်ညှိုးထိုး၍ အလွန် အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အင်မော်တယ်နဲ့ နတ်ဘုရားတွေကို သတ်နိုင်ပါတယ်လို့ မင်း ပြောတဲ့ သခင်ကြီးက ဆရာသခင် အထွတ်အထိပ်အဆင့် သခင်ကြီးသာသာပါလား။ ဟားဟား … ရယ်ရလွန်းလို့ အူတွေပါ နာတယ်"
"အရူး … ဘယ်လောက်တောင် ရူးတဲ့ အရူးလဲ"
မင်းသား ကာရိုးလ်သည် ထပ်ခါထပ်ခါ ရယ်မောနေသဖြင့် မျက်ရည်များပါ ဝဲလာသည်။ သို့သော် နောက်ထပ် ဖြစ်လာသည့်အရာက သူ့အပြုံးများအား အေးခဲသွားစေခဲ့သည်။
ဂလု!
ထိုအချိန်တွင် များစွာသော ခေါင်းပြတ်များသည် ကောင်းကင်ပေါ်မှ မိုးစက်များ ကျဆင်းလာသကဲ့သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာသည်။
ခေါင်းပြတ် ပိုင်ရှင်များသည် တစ်မူထူးခြားလောက်အောင် သန်မာလှသည်။ သူတို့ သေသွားခဲ့ပြီးတာတောင်မှ သူတို့ ဦးခေါင်းများမှ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များကို ထုတ်လွှတ်နေသေးသည်။
သို့သော် သူတို့အားလုံး၏ မျက်လုံးထဲတွင် မသေခင် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ခုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ အဆုံးအစမဲ့ ကြောက်စိတ်မွှန်နေဟန်များ ဖုံးလွှမ်းနေသည်။
ဒုန်း! ဒုန်း! ဒုန်း!
ခေါင်းပြတ်များကို မြင်သည်နှင့် မင်းသား ကာရိုးလ်သည် မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားရသည်။
"မဟာ စောင့်ရှောက်သူ နှစ်ယောက် … စစ်သူကြီး လေးယောက် … မဟုတ်ဘူး … မဖြစ်နိုင်ဘူး"
မင်းသား ကာရိုးလ် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။ ဦးခေါင်းပြတ် ပိုင်ရှင်များသည် သူ အိန္ဒိယမှ ခေါ်လာခဲ့သည့် ထိပ်သီး သိုင်းပညာရှင်များ ဖြစ်သည်။
ဒဏ္ဍာရီလာအဆင့် နှစ်ယောက်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက်နှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီအဆင့်များ။
မဖြစ်နိုင်လိုက်တာ။
CHAPTER 288 မင်းက လောဘအိုး ဝံပုလွေသခင်ပဲ
ဦးခေါင်းပြတ်များ မြေကြီးပေါ် ကျလာသည်နှင့် အိပ်မက်ဆိုး ချောက်ကမ်းပါးစန်း၌ ရှိနေသည့်သူများ အားလုံး အလွန် မှင်တက်သွားကြသည်။
မြေကြီးသည် လူ့ဦးခေါင်းများဖြင့် ဖုံးလွှမ်းလို့နေ၏။ ဦးခေါင်းပြတ် တစ်ခုချင်းစီသည် သွေးစွန်းနေသော ဖရဲသီးများနှင့် ဆင်တူလှပြီး လူအုပ်ကြီးအား ကြောက်လန့်ကာ တုန်လှုပ်သွားစေသည်။
မင်းသား ကာရိုးလ်၏ လှောင်ရယ်သံ အေးခဲသွားသည်မှာ ကြာလှပြီ ဖြစ်သည်။ သူ့ပုံစံမှာ လည်လိမ်ခံထားရသော ဘဲထီးနှင့် ဆင်တူလှသည်။ သူ့အမူအရာသည်လည်း လူရယ်ချင်စရာ ဖြစ်နေသည်။
ဘေးပတ်လည်မှ အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။
"အိန္ဒိယရဲ့ မဟာစောင့်ရှောက်သူ လေးယောက်လား … သူတို့က သေမင်း မြစ်ဝကျွန်းပေါ် ဒေသကို ချင်းနင်း ဝင်ရောက်ခဲ့တဲ့သူတွေလေ"
"အဲ့ဒါ မဟာ စောင့်ရှောက်သူ ဖာဝူတ မဟုတ်လား။ သူက ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်ကို အဆင့်တက်တော့မလို ဖြစ်နေတာလေ။ သူက ထူပါ့ကို ဖမ်းသွားခဲ့တာ"
"အဲ့ဒါ ပီကန်းလေ။ သူက ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဖိုလိုကို သတ်ခဲ့တာ"
ထိုအချိန်တွင် ရန်သူများ၏ ခေါင်းပြတ်များကို ကြည့်ပြီး အိပ်မက်ဆိုး သိုင်းပညာရှင်များ အံ့အားသင့်နေကြသည်။
ပြိုင်ဘက်ကင်းသော ရန်သူများအား လုံး ခေါင်းဖြတ် အသတ်ခံရပြီး သူတို့၏ ခေါင်းပြတ်များကို လေထဲတွင် ဘောလုံးကဲ့သို့ အပစ်ခံရလိမ့်မည်ဟု ထင်မှတ်မထားမိပါ။
"ရူးချင်စရာပဲ၊ ဒဏ္ဍာရီလာအဆင့် နှစ်ယောက်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက်နဲ့ ဒဏ္ဍာရီအဆင့် ဒီလောက် အများကြီးကို သတ်နိုင်တဲ့ အင်အား ဘယ်သူ့မှာ ရှိနေတာလဲ"
အိပ်မက်ဆိုး သိုင်းပညာရှင်များ သူတို့မျက်လုံးကို သူတို့ မယုံချင်ကြပေ။
မင်းသား ကာရိုးလ်သည်လည်း မယုံသင်္ကာဟန်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက ယဲ့ဖန်အား စိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။
"မင်းလား … သူတို့ကို မင်း သတ်လိုက်တာလား"
သူ့အမေးကြောင့် ယဲ့ဖန်က နှုတ်ခမ်း တွန့်ရုံလေးပြုံး၍ ဖြေလိုက်သည်။
"မဟုတ်ဘူး ငါ မသတ်ဘူး၊ ဒါပေမဲ့ … သူတို့ သတ်လိုက်တာ"
ထိုသို့ပြောပြီး ယဲ့ဖန်က အပေါ်ကို လက်ညှိုးထိုးပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် နတ်ဆိုးဆန်သော သိုင်းပညာရှင်များစွာသည် ရှေးဟောင်းသစ်ပင်ကြီးပေါ်မှ ခုန်ဆင်းလာကြသည်။
ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲသို့ ဖက်ထုပ်ကလေးများ ပစ်ချလိုက်သည်နှင့် ဆင်တူလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သိုင်းပညာရှင် အယောက်တစ်ရာကျော်သွားပြီ ဖြစ်သည်။
သိုင်းပညာရှင် တစ်ယောက်ချင်းစီသည် အနည်းဆုံး ဒဏ္ဍာရီ အဆင့်များ ဖြစ်ကြသည်။ အဖွဲ့၏ ရှေ့ဆုံးမှ လူသုံးယောက်လုံးသည် ဒဏ္ဍာရီလာအဆင့်များ ဖြစ်ကြသည်။
သူတို့ အဝတ်အစားပေါ်မှ သင်္ကေတများကို ကြည့်ပြီး မင်းသား ကာရိုးလ် မျက်ခုံးလှုပ်လာကာ ချွေးတဒီးဒီးကျလာ၏။
"ဒုစရိုက်မြို့တော်၊ ဆိုက်ဘေးရီးယား ဝံပုလွေနတ်ဘုရား တောင်ကြား၊ ဘယ်လိုလုပ် ဒီလောက် လူအများကြီးက ဒီကို ရောက်လာရတာလဲ"
မင်းသား ကာရိုးလ် မှင်တက်သွားရသည်။ လျှို့ဝှက်သိုင်းကျမ်းများ အမွေဆက်ခံရရှိမှုသည် အလွန် လျှို့ဝှက်လွန်းလှသည်။ မင်းသား ကာရိုးလ်သည် သတင်းအချက်အလက်များ ရရှိရန် အချိန်အတော်ကြာ ပေးဆပ်ခဲ့ပြီးမှ သေမင်း မြစ်ဝကျွန်းပေါ်ဒေသသို့ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ဒုစရိုက်မြို့တော်နှင့် ဝံပုလွေနတ်ဘုရား တောင်ကြားတို့သည်လည်း ဤကိစ္စ၌ ဝင်ပါလာလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မှတ်မထားမိပါ။
"အဲ့ဒါ ဒုစရိုက် ဧကရာဇ်နဲ့ ဝံပုလွေဘုရင် အသစ်လား"
သွေးစွန်းတစ္ဆေနှင့် ဝံပုလွေရိုင်းတို့၏ ကြမ်းကြုတ်သော ချီဓာတ်တို့ကို အာရုံခံစားမိသဖြင့် မင်းသား ကာရိုးလ် အလွန် ရင်တုန်လာရသည်။
ထိုသိုင်းပညာရှင်နှစ်ယောက်သည် သူ့လောက်နီးနီး သန်မာသည်ကို သူ သေချာပေါက် ပြောနိုင်သည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်က ယဲ့ဖန်အနောက်မှ အနက်ရောင် အရိပ်ပင် ဖြစ်သည်။ ထိုပုံရိပ်သည် အနက်ရောင် မြူခိုးကဲ့သို့ မှုန်ဝါးဝါးနှင့် ဖြစ်၏။ သို့သော် ထိုအရာထံမှ သေစေ နိုင်လောက်သော ဘေးအန္တရာယ်ကို ပေးစွမ်းနေသည်။
ထိုသို့ရှိနေစဉ်တွင် သိုင်းပညာရှင် အားလုံးသည် မင်းသား ကာရိုးလ်အား လျစ်လျူရှုထားကြသည်။ ဝံပုလွေရိုင်းက ဖေးချမ်အား စိုက်ကြည့်ကာ ပြောလာသည်။
"ဘော့စ် … ဘာလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေရတာလဲ။ တကယ်လို့ ခင်ဗျားသာ သေသွားရင် ကျုပ်တို့ သခင်ကြီး အရမ်း ဝမ်းနည်းသွားရမှာလေ။ ဘယ်သူမှ ကျုပ်ကို ကာကွယ်ပေးတော့မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ တပည့်တွေလည်း အရမ်း ဝမ်းနည်းသွားကြလိမ့်မယ်"
ထို့နောက် ဝံပုလွေရိုင်းသည် မချိတင်ကဲနှင့် သူ့ပါးစပ်ကို ပြန်ပိတ်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
သွေးစွန်းတစ္ဆေသည်လည်း ပြုံးစစမျက်နှာပေးဖြင့် ပြောလာသည်။
"ဖက်တီးလေး … မင်း သေသွားရင် ပျော်စရာမကောင်းတော့ဘူးကွ။ မင်း ငါတို့ခံစားချက်တွေကိုရော ထည့်တွက်ခဲ့ရဲ့လား"
သူတို့စကားကို နားထောင်ပြီးနောက် ဖေးချမ်၏ မျက်လုံးသည် နီရဲကာ စိုစွတ်လာပြီး ပြောလိုက်သည်။
"ခွေးကောင်တွေ"
သူ့အပြုံးကို ဖုံးကွယ်ထားသော်လည်း သူ့စိတ်ထဲ နွေးထွေးနေသလို ခံစားနေရသည်။
ညီအစ်ကိုတွေ။ သူတို့သည် သူ နေ့စဉ်နေ့တိုင်း သတိရနေခဲ့ရသည့် သူ့ညီအစ်ကိုတွေ ဖြစ်သည်။
သူတို့အားလုံး ရောက်လာပြီ ဖြစ်သည်။ သွေးသောက်ညီအစ်ကိုများ အတူတကွ ပြန်ဆုံစည်းခဲ့ချေပြီ။
သို့သော် သူတို့စကားများကို ကြားပြီး ဘေးမှ ကြည့်နေသူများ အလွန် တွေဝေသွားကြသည်။
*သခင်ကြီးလား*
*ဒုစရိုက် ဧကရာဇ်နဲ့ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်တို့လည်း သခင်ကြီးဆိုတဲ့အကြောင်း ပြောကြတယ်*
ထို့နောက် ဘေးမှ ကြည့်နေသူများသည် ယဲ့ဖန်ကို စိုက်ကြည့်ရင်း မဖြစ်နိုင်သော ပေါက်ပေါက်ရှာရှာ အတွေးများ တွေးလိုက်မိသဖြင့် ဒယိမ်းဒယိုင် ဖြစ်သွားကြသည်။
*သူတို့ ပြောနေတဲ့ သခင်ကြီးဆိုတာ သူများလား*
ထို့နောက် မင်းသား ကာရိုးလ် တုန်ယင်လာပြီး သူ့မျက်နှာသည်လည်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"မဖြစ်နိုင်ဘူး၊ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို ရသွားတဲ့သူက သူ့ကို သခင်ကြီးကို ခေါ်နေတယ်။ ဝံပုလွေ နတ်ဘုရားရဲ့ လျှို့ဝှက်သိုင်းကျမ်းကို ရသွားတဲ့ သူကတောင်မှ သူ့ကို သခင်ကြီးလို့ ခေါ်နေတာလား၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး"
အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းနှင့်ပါ ဆိုလျင် ရှေးဟောင်း လျှို့ဝှက် သိုင်းကျမ်းကို ရှာတွေ့ခဲ့သူ ခုနစ်ယောက် ရှိပြီ ဖြစ်သည်။
သို့သော် ထိုလူခုနစ်ယောက်ထဲမှ သုံးယောက်သည် လူတစ်ယောက်တည်းကို သခင်ကြီးဟု သတ်မှတ်ထားကြသည်။ အံ့ဩစရာ ကောင်းလိုက်လေခြင်း။
ထို့အပြင် မင်းသား ကာရိုးလ်သည် ယဲ့ဖန်နောက်မှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် အရိပ်ကို ကြည့်ရင်း မေးလိုက်သည်။
"သူကရော မင်းရဲ့ အစေခံပဲလား"
….
မင်းသား ကာရိုးလ်သည် ရုတ်တရက် အသိစိတ်ထဲ တိုက်ခိုက်ခံလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ့နောက်ကျော၌ ဇောချွေးများ ပြန်လာရသည်။
"မင်း ဘယ်သူလဲ … မင်းက ဘာကောင်လဲ"
သူက ယဲ့ဖန်ကို စိုက်ကြည့်ပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူ့စကားကြောင့် အခြားလူများအားလုံး မင်းသား ကာရိုးလ်ကို ဝိုင်းကြည့်လာကြသည်။
ထို့နောက် ယဲ့ဖန်က မထီမဲ့မြင် အပြုံးနှင့် ပြန်ပြောလိုက်သည်။
"မင်း ငါ ဘယ်သူလဲဆိုတာကို သိစရာမလိုဘူး။ မင်း ဘယ်လိုသေရမယ်ဆိုတာကိုပဲ မင်း သိဖို့လိုတာ"
*ဘာ*
သူ့စကားကြောင့် မင်းသား ကာရိုးလ်၏ မျက်နှာပေါ်တွင် ထိတ်လန့်နေဟန်များ ပြည့်နှက်သွားသည်။
မောက်မာလိုက်တာ။
သည်လောက် မောက်မာသည့် လူငယ်မျိုး သူ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ယဲ့ဖန်က သူ့ကို သိသိသာသာပင် ပုရွက်ဆိတ်တစ်ကောင်လို မှတ်ယူနေသည်။
ထို့ပြင် ဝံပုလွေရိုင်းသည် ရှေ့သို့ တစ်လှမ်းတက်လာပြီး ကြမ်းကြုတ်သော ချီဓာတ်တို့ ပါဝင်သော မျက်လုံးများနှင့် ယဲ့ဖန်အား ပြောလိုက်သည်။
"သခင်ကြီး … ကျွန်တော် အဲ့ကောင်ကို သတ်ပါရစေ"
ဝံပုလွေရိုင်းနှင့် ဖေးချမ်တို့သည် လည်ပင်းဖက်၍ ကြီးပြင်းလာသော ညီအစ်ကိုများ ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ညီအား ဒဏ်ရာရအောင် လုပ်ထားသည်ကို သူ ဘယ်တော့မှ သည်းခံနိုင်မည် မဟုတ်ပေ။
သူ့စကားကြောင့် ယဲ့ဖန်သည် ခပ်ဖွဖွ ပြုံး၍ ပြောလိုက်သည်။
"မလိုဘူး … ဖေးချမ် မင်း သူ့ကို သတ်နိုင်တယ်"
*ဘာ*
သူ့စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။
ယဲ့ဖန်သည် ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသည့် သူနှစ်ယောက်နှင့် ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် အရိပ်တို့ကို ကျော်၍ မင်းသား ကာရိုးလ် သတ်ဖြတ်ခြင်းကြောင့် ဒဏ်ရာ အကြီးအကျယ် ရထားသည့် ဖေးချမ်ကို ရွေးချယ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိကြပါ။
"လောဘအိုး ဝံပုလွေက သေမင်း နှုတ်ခမ်းဝနားမှာ လှုပ်ရှား ကခုန်တယ်။ သေရေးရှင်ရေး အခြေအနေတွေမှာ အတည်စွမ်းအင်တွေကို ရုတ်တရက် ထုတ်ဖော်နိုင်တယ်"
"သေခြင်းတရားကသာ မင်းရဲ့ ခိုင်မာတဲ့ စိတ်ဆန္ဒကို အသက်သွင်းနိုင်မယ်"
"မင်းက လောဘအိုး ဝံပုလွေသခင်ပဲ …. မင်းကို တားဆီးတဲ့ ဘယ်သူမဆို သေကို သေရမယ်"
….
ယဲ့ဖန်၏ စကားများက ဖေးချမ်၏ စိတ်ထက်သန် ပြင်းပြမှုကို ချက်ချင်း ပြန်လည်နိုးထလာစေသည်။
သူသည် ဖြည်းဖြည်းချင်း ပြန်ထလိုက်ပြီး သူ၏ တလက်လက်တောက်နေသော မျက်လုံးများမှ ကြမ်းကြုတ်သော အလင်းတစ်ခုကို ထုတ်လွှတ်နေ၏။
"ဟုတ်တယ် ငါက လောဘအိုး ဝံပုလွေ ဖေးချမ်ပဲ၊ ငါက လောဘအိုး ဝံပုလွေသခင် ဆက်လက် ရှင်သန်နိုင်ရေးအတွက် ခိုင်မာပြင်းပြတဲ့ စိတ်ဆန္ဒကို အမွေဆက်ခံထားတာ"
"ငါ့ကို တားတဲ့ ဘယ်သူမဆို သေရမယ်"
ထို့နောက် သူသည် သူ၏ သုံးမြှောင့်ဓားချွန်အား ဝှေ့ယမ်းရင်း ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်ကို ထုတ်ဖော်လိုက်သည်။
"ကာရိုးလ် … မင်းတော့ အသေပဲ"
….
ဘေးမှ ကြည့်နေသည့်သူများသည် သူတို့ မြင်လိုက်ရသည့်အရာကြောင့် အလွန် ထိတ်လန့် သွားကြသည်။ သေလုမတတ် ဖြစ်နေသော ဖေးချမ်သည် ယဲ့ဖန်၏ တိုတောင်းသော စကားများကို ကြားပြီးနောက် သူ၏ သန်မာသော အတည်စွမ်းအင်တို့ကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိပါ။
ဘေးပတ်လည်မှ အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး ဖေးချမ်၏ ကြမ်းကြုတ်သည့် ချီဓာတ်ကြောင့် မှင်တက်သွားကြသည်။
သူတို့မျက်လုံးထဲတွင် ဖေးချမ်သည် သူ၏ အောင်မြင်ကျော်ကြားချိန်ကထက် ပို၍ ကြမ်းကြုတ် နေသလိုပင်။
ရုတ်တရက် ကာရိုးလ်သည် အံ့ဩသွားသော မျက်နှာထား ဖြစ်သွားသည်။ သို့သော် သူ့၌ ဖေးချမ်အပြင် သွေးစွန်းတစ္ဆေနှင့် ဝံပုလွေရိုင်းတို့ကို အနိုင်ယူနိုင်သည့် အခွင့်အရေးများစွာ ရှိနေသေးသည်ဟု သူ ယုံကြည်နေဆဲပင်။
မင်းသား ကာရိုးလ်သည် ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဖေးချမ်ကို စိုက်ကြည့်၍ လှောင်ရယ်ပြီး ပြောလိုက်သည်။
"ဟား … အရူးကောင် … မင်း ကံကောင်းသွားရုံပါကွာ။ ဒီတစ်ခါတော့ မင်း သေချာပေါက် သေရမယ်"
"မင်းက ဒီအတိုင်း ပုရွက်ဆိတ်သာသာပါပဲ"
ထို့နောက် မင်းသား ကာရိုးလ်သည် အားမာန်အပြည့်နှင့် ထိုးနှက်လိုက်သည်။
"သွားသေလိုက်တော့"
…
တိုက်ပွဲသည် ရုတ်တရက် ဖြစ်ပွားလာလေတော့သည်။