အခန်း (၂၈၉-၂၉၁)
Vol. 20 Ch. 289-291
CHAPTER 289 ဆယ်စက္ကန့်သာ
တစ်ခဏအတွင်းမှာပင် ဖေးချမ်နှင့် မင်းသား ကာရိုးလ်တို့ ထိပ်တိုင် ရင်ဆိုင်မိသွားသည်။ နှစ်ယောက်လုံးသည် လျှပ်စီးထက် မြန်သော နှုန်းနှင့် တရကြမ်းပြေးကာ ကြီးမားသော ရှေးဦးသားရဲနှစ်ကောင်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် အကြမ်းပတမ်း ထိုးနှက်ကြသည်။
မည်မျှ အံ့ဩဖွယ်ကောင်း၍ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားများပါလိမ့်။
ဂျွတ်ခနဲ အသံနှင့်အတူ အချင်း သုံးမီတာခန့်ရှိသော ဧရာမ သစ်ပင်ကြီး နှစ်ပိုင်းကွဲသွားပြီး သစ်သားစများနှင့် အပင်ပတ်လည်မှ မြေဆီလွှာများသည် ဘေးပတ်လည်သို့ လွင့်ထွက်သွားသည်။
သစ်ပင်ကြီးတစ်ခုလုံးသည် ၎င်း၏ အဆုံးသတ်ချိန်ကို ရောက်ရှိလာပုံရသည်။
သူတို့နှစ်ယောက် ဖြတ်သန်းသွားသည့် ဘယ်နေရာမဆို ချုံနွယ်များနှင့် သစ်ပင်များအားလုံး အမြစ်မှ ကျွတ်ကုန်ပြီး ကျောက်တုံးများ လေထဲ မြောက်တက်သွားရသည်။
သို့သော် ဖေးချမ်သည် အတည်စွမ်းအင် အကုန်ထုတ်ဖော်ထားသော်လည်း သူသည် သူနှင့် မင်းသား ကာရိုးလ်ကြားရှိ အလွန် ခြားနားသော ကွာခြားချက်ကို မပြုပြင်နိုင်သေးပါ။
ရွှစ်! ရွှစ်! ရွှစ်!
မင်းသား ကာရိုးလ်၏ လက်ဖဝါးသည် ဖေးချမ်၏ အရေပြားအား ထိုးခွဲနေခဲ့သဖြင့် သူ၏ အသားစများ လေထဲ လွင့်ပါလာသည်။ သိပ်မကြာခင်မှာပင် ဖေးချမ်သည် ဆိုးဆိုးရွားရွားကို ဒဏ်ရာရလာ၏။
သူ၏ ဒဏ်ရာများမှ ရဲရဲနီသော သွေးများ စိမ့်ထွက်လာပြီး ဖေးချမ်သည်လည်း သွေးစွန်းနေသော ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလာသည်။
"မင်းက ဒီအတိုင်း ပုရွက်ဆိတ်သာသာပါပဲကွာ။ တကယ်လို့ ငါက မင်းကို သေစေချင်ရင် မင်း အသက်ရှင်လို့ မရနိုင်ပါဘူးကွာ"
မင်းသား ကာရိုးလ်သည် အလွန် အထင်သေးသော မျက်နှာပေးနှင့် ဒေါသတကြီး ပြောလသည်။ သူသည် ဖေးချမ်အား နတ်ဆိုး နတ်ဘုရားကဲ့သို့ လွှမ်းမိုးနိုင်သော အမူအရာနှင့် ဖိနှိပ်ထားသည်။
မင်းသား ကာရိုးလ်၏ တိုက်ကွက်တစ်ကွက်ချင်းစီက လေထုထဲ သွေးစက်များ လွင့်စဉ်သွားစေသည်။ သူသည် ဖေးချမ်အား ဆက်လက်၍ ရက်စက်စွာ တိုက်ခိုက်နေသည်။
သို့သော် ဖေးချမ်သည် နာကျင်မှုအား ဥပေက္ခာပြုထားသည်။ သူ၏ မျက်လုံးသည် ဝင်းဝင်းတောက်နေပြီး တိုက်ခိုက်လိုသော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေသည်။
ဖေးချမ်သည် သူ သေမလား၊ ရှင်မလား ဆိုတာကိုတောင် ဂရုမစိုက်သည့် စစ်နတ်ဆိုးတစ်ကောင်နှင့် သဏ္ဌာန်တူလှသည်။
ရွှစ်!
ထိုစဉ် မင်းသား ကာရိုးလ်သည် ဖေးချမ်၏ ဝမ်းဗိုက်အောက်အား လက်ဖဝါးဖြင့် လှီးဖြတ်လိုက်သဖြင့် နီရဲနေသော သွေးစက်များက မြေကြီးအား ဖြန်းပက်လို့သွားသည်။
ဘေးပတ်လည်မှ လူများသည်လည်း ဤမြင်ကွင်းကြောင့် အလွန် ထိတ်လန့်သွားကာ အားလုံး အော်ဟစ်လိုက်မိကြသည်။
"သခင်ကြီး"
အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး၏ မျက်နှာများ ပြာနှမ်းသွားကြသည်။ အကယ်၍ တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားမည်ဆိုလျင် ဖေးချမ် မုချသေရလိမ့်မည်ကို သူတို့ သိနေကြသည်။
"ဆာ … ကျေးဇူးပြုပြီး ကျုပ်တို့ အရှင်ကို ကယ်ပေးပါ"
ချာခါနှင့် အခြားသူများက ယဲ့ဖန်အား အရေးတကြီး တောင်းခံလာကြသည်။ ဝံပုလွေရိုင်းနှင့် အခြားနောက်လိုက်များအားလုံးတောင်မှ ယဲ့ဖန်အား ဝိုင်းကြည့်လာကြသည်။
ဖေးချမ်သည် တိုက်ပွဲမစခင်ကတည်းက အပြင်းအထန် ဒဏ်ရာရထားပြီးသား ဖြစ်သည်။ တိုက်ပွဲတွင်းတွင် သူ ဒဏ်ရာများ ပိုရခဲ့သည်။ ထို့ကြေင့် သူ သေချာပေါက် သေသွားလောက်သည်။
သူ တိုက်ပွဲတွင် အနိုင်ရရန် မည်သည့်အခွင့်အရေးမျှ မရှိပါ။ သို့သော် ယဲ့ဖန်သည် တည်ငြိမ်သော မျက်နှာထားနှင့် ဖြစ်နေဆဲ ဖြစ်ပြီး တိုက်ပွဲကိုသာ ဆက်ကြည့်နေပြီး အနည်းငယ် မကောင်းဆိုးဝါးဆန်၍ ကြမ်းကြုတ်သော အမူအရာနှင့် ပြောလိုက်သည်။
"နေဦး … သူ ဆက် သည်းခံနိုင်ပါသေးတယ်"
*ဘာ*
ယဲ့ဖန်၏ စကားကို ကြားပြီးနောက် အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး၏ မျက်နှာများ ပို၍ပြာနှမ်းလာသည်။
တစ်ချို့လူတွေတောင်မှ ယဲ့ဖန်သည် ဖေးချမ်၏ သခင်ကြီး ဖြစ်ရန် အရည်အချင်း မပြည့်မီဟုတောင် စ၍ ခံစားလာမိသည်။
သူက သူ့ငယ်သား၏ အသက်ကိုတောင်မှ ဂရုမစိုက်သည့်အပြင် သူသည် ဆရာသခင်အဆင့်သာ ရှိနေသေးသည်။ ဘယ်လောင်တောင်မှ အသုံးမကျလိုက်သည့် သခင်ကြီးပါလိမ့်။
များစွာသော အိပ်မက်ဆိုးသိုင်းပညာရှင်များသည် ယဲ့ဖန်၏ လုပ်ဆောင်ချက်ကို မကျေမနပ် ဖြစ်နေကြသည်။
သို့သော် သူတို့သည် ဖေးချမ် တိုက်ပွဲတွင်းမှ အသက်ရှင်ရန် ဆုတောင်းရုံမှတစ်ပါး အခြား မတတ်နိုင်ပေ။
…
ထိုစဉ် မင်းသား ကာရိုးလ်သည် ဖေးချမ်၏ နှလုံးသားအား သူ့လက်ဖဝါးဖြင့် အားကုန် ထိုးစိုက်လိုက်သည်။
"မဖြစ်ဘူး"
များစွာသော အိပ်မက်ဆိုး သိုင်းပညာရှင်များ ပျာယာခတ်ကာ ကြောက်လန့်သွားကြသည်။ ဝံပုလွေရိုင်းနှင့် အခြားနောက်လိုက်များတောင်မှ အလွန် ထိတ်လန့်သွားကြသေသည်။
"ပုရွက်ဆိတ်ကောင် သေပေတော့"
မင်းသား ကာရိုးလ်သည် ဖေးချမ်အား သူ၏ နောက်ဆုံးတိုက်ကွက်နှင့် အသေသတ်နိုင်မည်ဟု ယုံကြည်မှု ရှိသဖြင့် ကြုံးဝါးလိုက်သည်။
သူ၏ မနှစ်မျို့ဖွယ်ကောင်းသော လက်ဖဝါးသည် ဖေးချမ်၏ နှလုံးသား ရှိရာသို့ အေးစက်စက် အလင်းနှင့်အတူ တိုးဝင်လာသည်။
သူ၏ တိုက်ခိုက်မှုကို မြင်လိုက်သည်နှင့် ဖေးချမ်၏ မျက်နှာပေါ်တွင် အလောတကြီး အမူအရာများနှင့် ပြည့်နှက်သွားကာ ချက်ချင်းပင် ကိုယ်ကို အစွမ်းကုန် လှည့်လိုက်သည်။
ရွှစ်!
သွေးများ ပန်းထွက်လာပြီးနောက် သူ၏ အလွန် ချွန်ထက်သော လက်ဖဝါးသည် ဖေးချမ်၏ ကိုယ်အား ပြင်းစွာ ဖောက်ထွင်း၍ ဖေးချမ်၏ နှလုံးသားနှင့် သုံးစင်တီမီတာခန့်သာ ကွာဝေးတော့သည်။
အကယ်၍ ဖေးချမ်သာ အနည်းငယ် နှေးသွားမည်ဆိုလျင် သူ သေသွားလောက်သည်။ ထိုသို့ မဟုတ်လျင်တောင်မှ ဖေးချမ်သည် အသက်ခံရလုနီးပါး ဖြစ်နေဆဲပင် ဖြစ်သည်။
"အရှင်"
"ဖေးချမ်"
အိပ်မက်ဆိုး သိုင်းပညာရှင်များ၊ ဝံပုလွေရိုင်း၊ သွေးစွန်းတစ္ဆေနှင့် အခြားနောက်လိုက်များအားလုံး သည်းထိတ်ရင်ဖို ဖြစ်သွားကြသည်။
ထိုစဉ် ယဲ့ဖန်က စိတ်လှုပ်ရှားနေသော အကြည့်များဖြင့် ပြောလာသည်။
"ဆယ့်စက္ကန့်ပဲ … ကာရိုးလ် ဆယ်စက္ကန့်အတွင်း သေကို သေလိမ့်မယ်"
*ဘာ*
သူ့စကားကြောင့် အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး မှင်တက်သွားကြသည်။ ဖေးချမ်သည် သေလုနီးပါး ဖြစ်နေပြီး သူ့ခွန်အားကို ဆုံးရှုံးလုမတတ် ဖြစ်နေခဲ့သည်၊ ဘယ်လိုလုပ် သူက အင်အားကြီးသော မင်းသား ကာရိုးလ်ကို သတ်နိုင်ပါမည်နည်း။
အိပ်မက်မက်နေမှာသာ ဖြစ်လိမ့်မည်။ ဒါ လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိပါ။ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတောင်မှ ယဲ့ဖန်၏ စကားကို မယုံနိုင်ပါ။
"ဂါး"
ထိုစဉ် ဖေးချမ်သည် ကြမ်းကြုတ်သော သားရဲကောင်ကြီးကဲ့သို့ မာန်ဖီလာ၏။ သူ၏ မျက်လုံးတစ်ဘက်မှ ရွှေအိုရောင် အလင်းများ လင်းလက်လာပြီး ကျန်တစ်ဘက်မှ မည်းနက်နေသော အလင်းများ တောက်ပလာသည်။
ထို့အတူ တစ်ချိန်တည်းမှာပင် ရွှေအိုရောင်နှင့် အနက်ရောင် ချီမျှင်စုများက ဖေးချမ်ပတ်လည်၌ လှည့်လည်ရစ်ပတ်လာသည်။
ထို့ကြောင့် ဖေးချမ်သည် သရဲတစ္ဆေကဲ့သို့ မကောင်းဆိုးဝါးဆန်လှနေသည်။ ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်က ဖေးချမ်၏ လက်များသည် ဝံပုလွေ လက်သည်းများကဲ့သို့ ထက်ရှလာပြီး ထိုလက်များမှ အေးစိမ့်သော အလင်းများ ဖိတ်ဖိတ်တောက်လာသည်။
….
ကြည့်နေကြသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ဘယ်သူမှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ။ အထူးသဖြင့် မင်းသား ကာရိုးလ်ပင်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း မင်းသား ကာရိုးလ်သည် သူ့ရှေ့တည့်တည့်၌ ဒေါသူပုန်ထနေသော နတ်ဆိုးဘုရင်တစ်ယောက် ရပ်နေသကဲ့သို့ အန္တရာယ် အငွေ့အသက်ကို ရုတ်တရက် ခံစားလာမိသည်။
"မဖြစ်ဘူး"
မင်းသား ကာရိုးလ် ကြက်သီးတဖြန်းဖြန်းထကာ သူ မြန်နိုင်သမျှ မြန်မြန် နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်သည်။
"နောက်ဆုတ် … နောက်ဆုတ် … နောက်ဆုတ်ရမယ်"
မင်းသား ကာရိုးလ် အားကုန်သုံး၍ ကြိုးပမ်းနေသည်။ သို့သော် သူ အရမ်းနှေးနေသေး၏။
ရွှေအိုရောင်နှင့် အနက်ရောင် အလင်းများ လှစ်ခနဲ ဖြတ်ပြေးသွားပြီးနောက် ဖေးချမ်၏ ထက်ရှသော လက်သည်းများက မင်းသား ကာရိုးလ်၏ လက်မောင်းကို ဆွဲကိုင်လာသည်။
ဂျွတ်ခနဲ အသံနှင့်အတူ သွေးမိုး ရွာလာလေသည်။ ထို့အတူ သူ၏ လက်မောင်းတစ်ဘက်သည် ဆွေးမြည့်နေသော သစ်သားကဲ့သို့ ဆွဲဖြုတ်ခံလိုက်ရသည်။
"အား…အား…အား"
မင်းသား ကာရိုးလ် အလွန် ကြောက်စိတ်မွှန်နေ၏။ တိုက်ပွဲက အခြေအနေ ပြောင်းပြန် ဖြစ်သွားလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မှတ်မထားမိပါ။
သို့သော် အိပ်မက်ဆိုးကား ယခုမှ စရုံလေးပင် ရှိသေးသည်။ နောက်ထပ် ဂျွတ်ခနဲ အသံနှင့်အတူ မင်းသား ကာရိုးလ်၏ လက်ပြင်ရိုး ဆွဲဖြဲခံလိုက်ရပြီး ကောင်းကင်ထံသို့ နီဆွေးနေသော အသားစများ ဖြန်းပက်သွားသည်။
အလွန် ကြောက်မက်ဖွယ်ကောင်းလှ၏။ သို့သော် ရှေးဦးသားရဲတစ်ကောင် မော်တယ်ကမ္ဘာသို့ ရောက်ရှိလာသကဲ့သို့ ဖေးချမ်၏ မျက်လုံးများသည် ရွှေအိုရောင်နှင့် အနက်ရောင် အလင်းများ ဖိတ်ဖိတ်တောက်နေသည်။
ဆုတ်ဖြဲခြင်း။
ဆုတ်ဖြဲခြင်း။
ဆုတ်ဖြဲခြင်း။
သူသည် မင်းသား ကာရိုးလ်၏ ခန္ဓာကိုယ် အစိတ်အပိုင်များအား လိမ္မော်သီး အခွံနွှာသလို ဆွဲဖြဲနေသည်။
အလွန် သွေးပျက်ဖွယ်ကောင်းလိုက်ပါဘိ။
…
လူအုပ်ကြီးသည်လည်း မှင်တက်လို့နေသည်။ ဝံပုလွေရိုင်း ၊ သွေးစွန်းတစ္ဆေနှင့် ဖေးချမ်၏ အခြား နောက်လိုက်များသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီမြန်းလာကာ ရေရွတ်လိုက်မိကြသည်။
"လောဘအိုး ဝံပုလွေ ဆုဒြာက အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းနဲ့ ပေါင်းစပ်သွားပြီပဲ"
"အရင်တုန်းက ဖေးချမ် လောဘအိုး ဝံပုလွေ ဆုဒြာကို အပြည့်အဝ အသက်မသွင်းနိုင်ခဲ့ဘူး။ ဒီတစ်ခါတော့ သူက လောဘအိုး ဝံပုလွေ ဆုဒြာရဲ့ ခွန်အားကို အပြည့်အဝ အသုံးချနိုင်ပြီးတော့ အခု လျှို့ဝှက်သိုင်းကျမ်းကို ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာအဆင့် တစ်ယောက်ကိုတောင် ဆွဲဖြဲနိုင်နေပြီ။ အံ့ဩဖို့ ကောင်းလိုက်တာ"
ဝံပုလွေရိုင်းနှင့် သွေးစွန်းဝံပုလွေတို့သည် စိတ်လှုပ်ရှားမှုကြောင့် ဖိမ့်ဖိမ့်တုန်သွားကြသည်။ အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ အထူးသဖြင့် အကြီးအကဲ ချာခါပင်။
သူသည် တိုက်ပွဲအား အလွန်အမင်း ထိတ်လန့်ကာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေမိသည်။
သုံးစက္ကန့်။
မင်းသား ကာရိုးလ်၏ ပေါင်များ ဆွဲဖြဲခံလိုက်ရသည်။
လေးစက္ကန့်။
သူ၏ နံရိုးများ ကျိုးကြေသွားလေပြီ။
ငါးစက္ကန့်။
….
အချိန် ကြာလာသည်နှင့်အမျှ မင်းသား ကာရိုးလ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ လေထဲသို့ တစ်ခုပြီးတစ်ခု မြောက်တက်လာသည်။
အကျိုးဆက်အရ မင်းသား ကာရိုးသည် ဆိုးရွားစွာ ကိုယ်အင်္ဂါ ချို့ယွင်းနေသော သွေးများ ပေကျံနေသည့် အရာတစ်ခု ဖြစ်လာပြီး သူ့မျက်လုံးထဲ၌ ကြောက်စိတ်များ အလွန်အမင်း ဖုံးလွှမ်းနေ၏။
မင်းသား ကာရိုးလ်သည် ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းအား ရရှိထားသည့် ကမ္ဘာအနှံ့ နာမည်အကြီးဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။
သူသည် ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်းအား ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်သည်။ သူသည် အထူး အခွင့်ထူးခံလူတစ်ယောက် ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူသည် ရက်စက်သော ဖေးချမ်ရှေ့တွင် အားနည်းသော သိုးကောင်လေးလိုပင်။ ထို့အပြင် သူသည် စူးရှသော နာကျင်မှုကြောင့် ရူးမတတ် ဖြစ်နေသည်။
"မဟုတ်ဘူး"
မင်းသား ကာရိုးလ် သွေးပျက်လာသည်။ သူ ထွက်မပြေးနိုင်သလို တိုက်ပွဲကိုလည်း မနိုင်နိုင်ပေ။ ထို့ကြောင့် သူသည် စိတ်ပျက်ပြီး ကြောက်လန့်နေသည်။
ဆယ်စက္ကန့်။
ဖေးချမ်၏ ချွန်ထက်သော လက်သည်းသည် မင်းသား ကာရိုးလ်၏ နဖူးအလယ်တည့်တည့်သို့ ထိုးဖောက်သွားသည်။
CHAPTER (290) ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်း
တောက်! တောက်!
မင်းသား ကာရိုးလ်၏ နဖူးအလယ်တည့်တည့်မှ ရဲရဲနီနေသော သွေးများ စီးကျလာသည်။ သူ့မျက်လုံးထဲတွင် အလွန် မျှော်လင့်ချက် ပျက်သုဉ်းနေဟန်များဖြင့် ပြည့်နှက်နေပြီး ယခုထိ တောင့်တင်းလျက် ရှိနေသည်။
ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသော ဒဏ္ဍာရီလာအဆင့် ရှိသည့်သူသည် ဒဏ္ဍာရီအဆင့်သာ ရှိသည့် လူတစ်ယောက်၏ သတ်ခြင်းကို ခံရလိမ့်မည်ဆိုသည်ကို သူ မယုံကြည်နိုင်ပါ။
"မဟုတ်ဘူး … မဖြစ်နိုင်ဘူး"
သူ၏ အားနည်းစွာ ရေရွတ်လိုက်သံနှင့်အတူ မင်းသား ကာရိုးလ်၏ မျက်လုံးများသည် ချက်ချင်း ငြိမ်ကျသွားသည်။
ထို့နောက်တွင်မူ ချောက်ကမ်းပါးသည် အလွန် တိတ်ဆိတ်လို့သွားသည်။ အိပ်မက်ဆိုး သိုင်းပညာရှင်များ အားလုံး အသက်ပင် မရှူဝံ့တော့ပေ။
ဖေးချမ်သည် သူ၏ အတည်စွမ်းအင်ကို အပြည့်အဝ ထုတ်သုံးနိုင်ပြီး ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသည့် ဒဏ္ဍာရီလာအဆင့် ရှိသည့်သူအား သေလုနီးပါး အခြေအနေ၌ သတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။
အကြီးအကဲ ချာခါ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။
"ဆယ်စက္ကန့် … သူ တကယ်ပဲ ကာရိုးလ်ကို ဆယ်စက္ကန့်အတွင်း သတ်နိုင်လိုက်တာပဲ။ ဒါ … လုံးဝ မဖြစ်နိုင်ဘူး"
ယဲ့ဖန်က ကာရိုးလ် ဆယ်စက္ကန့်အတွင်း အသတ်ခံရလိမ့်မည်ဟု ပြောခဲ့စဉ်က အကြီးအကဲ ချာခါသည် သူ့စကားများကို လုံးဝ မယုံကြည်ခဲ့ပါ။
သို့သော် သူ့စကားများက လုံးဝ စစ်မှန်နေသည်။ ဤသည်ကား အလွန် ထိတ်လန့်ဖွယ်ကောင်းလှ၏။
ယဲ့ဖန်သည် ထူးခြားဆန်းကြယ်မှုများနှင့် ဖုံးကွယ်နေသော လူတစ်ယောက်ဖြစ်သည်ဟု အကြီးအကဲ ချာခါ ခံစားလိုက်မိသည်။
ထို့အတူ တိုက်ပွဲကွင်းပြင်၌ ဖေးချမ်သည် သူ့လက်ဖဝါးကြားမှ စီးကျနေသော သွေးများကို ကြည့်ပြီး တွေဝေနေသည်။
"ငါ သူ့ကို သတ်လိုက်တယ်။ ငါ … လုပ်နိုင်သွားပြီပဲ"
ဖေးချမ်ကိုယ်တိုင်တောင်မှ ရလဒ်ကို မယုံကြည်နိုင် ဖြစ်နေသည်။ သူ အိပ်မက်နေသလို ခံစားနေမိသည်။ အချိန်အတော်ကြာပြီးနောက် ဖေးချမ်သည် ပြန်၍ စိတ်တည်ငြိမ်လာသည်။
ထို့နောက် သူသည် ယဲ့ဖန်ထံသို့ ပို၍ပို၍ လေးစားမှုများ တိုးလာသည့် မျက်လုံးများဖြင့် ယဲ့ဖန်ထံသို့ လှမ်းလာနေသည်။
ဒုန်းခနဲ အသံနှင့်အတူ သူသည် ဒူးတစ်ဘက်ထောက်၍ နီမြန်းနေသော မျက်နှာနှင့် ပြောလိုက်သည်။
"သခင်ကြီး လောဘအိုး ဝံပုလွေ ဖေးချမ်က သခင်ကြီး မျှော်မှန်းထားတဲ့အတိုင်း လုပ်ဆောင်နိုင်ပါပြီ"
သူ့စကားအဆုံးတွင် ယဲ့ဖန်က သူ မတ်တပ်ရပ်နိုင်ရန် ထူမလိုက်ပြီး ကျေနပ်နေသော မျက်နှာနှင့် ပြောလိုက်သည်။
"အခု မင်း ကာရိုးလ်ရဲ့ လျှို့ဝှက်သိုင်းကျမ်းကို အပိုင်သိမ်းလို့ရပြီ"
*ဘာ*
ယဲ့ဖန် စကားက လူတိုင်းအား နေသာနေသော နေ့တစ်နေ့၌ မိုးကြိုးပစ်သလို ခံစားလိုက်ရအောင် ထိတ်လန့်သွားစေခဲ့သည်။
ကာရိုးလ်ရဲ့ လျှို့ဝှက်သိုင်းကျမ်း။ ထိုအခါမှသာ ဖေးချမ်သည် လျှို့ဝှက်သိုင်းကျမ်းကို မေးရန်အတွက် ကာရိုးလ်ကို အသက်ရှင်လျက် ထားရန် မေ့သွားခဲ့သည်ကို သတိပြုလိုက်မိသည်။
ထို့ကြောင့် သူတို့အားလုံး သက်ပြင်းကိုယ်စီချ၍ ခြေဆောင့်လိုက်မိကြသည်။ ဖေးချမ်၏ ပြည့်ဖောင်းသော မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်လာပြီးနောက် ယဲ့ဖန်က မချိတင်ကဲ အပြုံးနှင့် ပြောလိုက်သည်။
"သခင်ကြီး ကျွန် … ကျွန်တော် သူ့ကို အသက်ရှင်လျက်ထားဖို့ မေ့သွားတယ်။ သူ သေနေလောက်ပြီဗျ”
သူ့စကားကြောင့် ယဲ့ဖန်က ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။
"သူ သေပြီးလည်း သူ့ရဲ့ လျှို့ဝှက်သိုင်းကွက်ကို အပိုင်သိမ်းလို့ မရဘူးလို့ ဘယ်သူပြောလဲ"
*ဘာ*
ယဲ့ဖန်၏ စကားကို ကြားပြီးနောက် အိပ်မက်ဆိုး သိုင်းပညာရှင်များ မှင်တက်သွားကြသည်။
သူတို့၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်သည် ရုတ်တရက် ရှေ့သို့ လှမ်းသွားကာ မင်းသား ကာရိုးလ်၏ အလောင်းထံသို့ လျှောက်သွားသည်။
ထို့နောက် သူသည် ကာရိုးလ်၏ အလောင်းအား ခြေဖြင့် နင်းလိုက်ပြီးနောက် လက်ဆန့်ထုတ်လိုက်သည်။ ထိုအချိန်တွင် သူ၏ လက်တွင် ပွားများလာသော အနက်ရောင် ချီဓာတ်များဖြင့် ဖုံးအုပ်နေသည်။
ထို့နောက် သူသည် သူ့ခွန်အားကို အသုံးပြုလိုက်သဖြင့် ရုတ်ချည်းဆိုသလို ဂျွတ်ခနဲ အသံ ထွက်ပေါ်လာသည်။
နားကွဲမတတ် ငယ်သံပါအောင် အော်ဟစ်သံနှင့်အတူ အသက်မဲ့နေသော အလောင်းထဲမှ စိတ်ဝိညာဉ်တစ်ခု ကွဲထွက်လာသည်။
ဖောက်ထွင်း မြင်နိုင်လုနီးပါး ဖြစ်နေသော အဖြူရောင် ပုံရိပ်တစ်ခုသည် အလောင်းထဲမှ ခွဲ၍ ထွက်ပေါ်လာသည်။
"အဲ့ဒါ … အဲ့ဒါ စိတ်ဝိညာဉ်ပါလား"
အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားကာ ကတုန်ကယင် ဖြစ်လာကြသည်။
ယဲ့ဖန်က လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ဆွဲထုတ်နိုင်နေသည် မဟုတ်ပါလား။ အံ့ဩစရာ ကောင်းလှသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် အိပ်မက်ဆိုး သိုင်းပညာရှင်အားလုံး၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် နတ်ဘုရားတစ်ပါးလို ဖြစ်လာသည်။
"သေစမ်း … ငါ့စိတ်ဝိညာဉ်"
တစ်ချိန်တည်းမှာပင် ဖောက်ထွင်းမြင်နိုင်လုနီးပါး ဖြစ်နေသော စိတ်ဝိညာဉ်သည် အလွန် ထိတ်လန့်နေဟန်ဖြင့် သနားစဖွယ် ကောင်းလောက်အောင် အော်ဟစ်လာသည်။
"မဖြစ်ဘူး ငါက တိုက်ပွဲဝင် ခွန်အားနဲ့ စိတ်ဝိညာဉ်ကို ကျင့်ကြံခဲ့တာလေ။ ငါ့စိတ်ဝိညာဉ်က ကာရိုးလ် ဘိုးဘေး စိတ်ဝိညာဉ်တွေရဲ့ မစခြင်းကို ခံထားရတာလေ။ ဘယ် … ဘယ်လိုလုပ် မင်းက ငါ့စိတ်ဝိညာဉ်ကို ဆွဲထုတ်နိုင်ရတာလဲ။ ဒါ … လုံးဝ မဖြစ်နိုင်ဘူး"
မင်းသား ကာရိုးလ်၏ စိတ်ဝိညာဉ်သည် သေချာပေါက် ထိတ်လန့်လို့နေ၏။ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိထားသော လူတစ်ယောက် ဖြစ်သည့် မင်းသား ကာရိုးလ်၏ ခန္ဓာကိုယ်သည် ရုပ်ခန္ဓာအရ သေဆုံးသွားသော်လည်း တကယ်တမ်းတွင် သူ အသက်ဆက်ရှိနေဆဲ ဖြစ်သည်။
သူ့စိတ်ဝိညာဉ်က အိန္ဒိယရှိ ကာရိုးလ် ဌာနချုပ်သို့ ပြန်ရောက်သည်နှင့် သူ၏ စိတ်ဝိညာဉ်သည် စိတ်ဝိညာဉ် အထူးသီးသန့် တိုက်ပွဲဝင် သိုင်းကွက်များကို ကျင့်ကြံနိုင်သည်။
အနာဂတ်တွင် သူ၏ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်အသစ်တွင် နေထိုင်နိုင်ပြီး ပြန်လည်မွေးဖွားလာနိုင်၏။
သို့သော် ယခုအခါတွင် … ကာရိုးလ်၏ စိတ်ဝိညာဉ်သည် အလွန် ထိတ်လန့်နေဟန်များဖြင့် ပြည့်နှက်နေ၏။ ထို့ကြောင့် သူ ကြောက်လန့်ကာ တုန်လှုပ်နေသည်။
"ဒါက ဒီအတိုင်း စိတ်ဝိညာဉ် သေးသေးလေးပဲကို … ဘာမှလည်း သိပ်အရေးမကြီးပါဘူး"
ယဲ့ဖန်က မကောင်းဆိုးဝါး အပြုံးမျိုးနှင့် ပြုံး၍ ပြောလိုက်သည်။ သူ့စကားကြောင့် ကာရိုးလ်သည် ချက်ချင်း တောင်းပန်လေတော့သည်။
"မဟုတ်ဘူး … ငါ့ကို မသတ်ပါနဲ့။ ငါ မင်းကို ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်း ပေးပါ့မယ်။ ကျေးဇူးပြုပြီး ငါ့စိတ်ဝိညာဉ်ကို အိန္ဒိယကို ပြန်သွားခွင့်ပေးပါ"
သူ ကြောက်လန့်နေသည်။ သူ တုန်လှုပ်နေခဲ့သည်။ သည်လောက် ထူးဆန်းသော သူနှင့် သူ ဘယ်သောအခါကမှ မဆုံခဲ့ဖူးပါ။ လျှို့ဝှက် သိုင်းကျမ်းကို သူ ရထားပြီးတာတောင်မှ သူသည် ယဲ့ဖန်နှင့် ယှဉ်လျင် ပုရွက်ဆိတ်လို ဖြစ်နေသည်ဟု ခံစားနေရသည်။
*ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်းကို ပေးမယ်တဲ့လား*
သူ့စကားကြောင့် ဖေးချမ်နှင့် အခြား အိပ်မက်ဆိုး သိုင်းပညာရှင်များ ချက်ချင်း ပျော်ရွှင်သွားကြသည်။ သို့သော် ယဲ့ဖန်က လှောင်ရယ်၍ ပြောလိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တာ မင်းရဲ့ လျှို့ဝှက်သိုင်းကျမ်းက မင်းရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်ထားပြီးသားလေ။ ဒါကို မင်းက ငါ့ကို ဘယ်လိုပေးမှာလဲ"
"ငါကတော့ မင်းက မင်းရဲ့ စိတ်ဝိညာဉ်ကို ဖုံးကွယ်ပြီး ခန္ဓာကိုယ်အသစ် ရှာချင်နေတယ်လို့ ထင်တာပဲ"
…
သူ့စကားကြောင့် ကာရိုးလ်၏ စိတ်ဝိညာဉ်သည် ပျာယာခတ်ကာ ပျက်စီးတော့မလို ဖြစ်သွားရသည်။
*မဖြစ်နိုင်လိုက်တာ*
*သူ ဒါကို ဘယ်လိုသိနေတာလဲ*
ကာရိုးလ်သည် တိုက်ပွဲဝင်ခွန်အားနှင့် စိတ်ဝိညာဉ်တို့ကို တစ်ပြိုင်တည်း ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ မင်းသား ကာရိုးလ်၏ စိတ်ဝိညာဉ်အတွက် ခန္ဓာကိုယ်အသစ် ရှာ၍ ပြန်လည် ရှင်သန်ရန် လွယ်ကူလွန်းလှသည်။
အခွင့်အရေးသာ ရပါက သူသည် ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်းကို အသုံးပြု၍ ဖေးချမ်၏ စိတ်ဝိညာဉ်ကို သတ်ဖြတ်ကာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည်။
သို့သော် သူ ဖုံးကွယ်ထားသမျှကို ယဲ့ဖန်က ရိပ်မိနေလိမ့်မည်ဟု ထင်မထားမိခဲ့ပါ။ ကာရိုးလ်၏ စိတ်ဝိညာဉ်သည် ချက်ချင်း အဝေးသို့ ထွက်ပြေးသွားသည်။ သူ ထွက်ပြေးချင်နေခဲ့သည်။
သူသာ ကာရိုးလ် ဌာနချုပ်ကို ပြန်သွားနိုင်ပါက သူသည် တံခါးပိတ် ကျင့်ကြံနေသော ကာရိုးလ် ဘိုးဘေးများကို ဖိတ်ခေါ်၍ သူ့ခန္ဓာကိုယ်ကို ပြန်လည် ဖွဲ့စည်းခိုင်းနိုင်ပြီး ဖေးချမ်ကို ပြန်လက်စားချေနိုင်မည် ဖြစ်သည်။
"ကြည့်ကြသေးတာပေါ့ကွာ … ငါ့ဘိုးဘေးတွေ ရောက်လာတဲ့ အချိန်ကျရင် မင်းတို့အားလုံး သေမှာပဲ"
မင်းသား ကာရိုးလ်၏ ရက်စက်သော အသံသည် လေထုထဲ၌ ပဲ့တင်ထပ်၍ ထွက်ပေါ်နေပြီး သူ၏ စိတ်ဝိညာဉ်ကမူ ပျောက်ကွယ်လို့သွားသည်။
ဤမြင်ကွင်းကြောင့် အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ မျက်နှာများ အလွန် မည်းမှောင်သွားကြသည်။ ရှေးဟောင်းသိုင်းကျမ်းများကို ရရှိထားသော လူများသည် အလွန် ထူးဆန်းမှန်း သူတို့ သိပါသည်။ သို့သော် ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်းက ဤမျှ ကြောက်မက်ဖွယ်ကောင်းမည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သို့သော် ဤအဖြစ်ကြောင့် ယဲ့ဖန်သည် တည်ငြိမ်စွာပင် ခေါင်းကိုခါ၍ အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"ကျူပင်ခုတ်ရင် ကျူငုတ်ပင် မကျန်စေနဲ့တဲ့ … မင်း လူတစ်ယောက်ကို သတ်မယ်ဆိုရင်လည်း သူ့ရဲ့ စိတ်ဝိညာဉ်ကို မင်း ရှင်းလင်းပစ်မှ ရမယ်"
"ဒီမှာပဲ နေစမ်း"
ခက်ထန်သော အသံနှင့်အတူ ယဲ့ဖန်သည် လေထဲသို့ လက်ညှိုးထိုးလိုက်သည့်အခါ အနက်ရောင် ချီမျှင်စုများ ထွက်ပေါ်လာကာ အဝေးသို့ ထွက်ခွာသွားသည်။
ရွှစ်!
ထိုအသံနှင့်အတူ မင်းသား ကာရိုးလ်၏ စိတ်ဝိညာဉ်က မြေကြီးပေါ်သို့ ဖုတ်ခနဲ ပြန်ပြုတ်ကျလာသည်။
"မဟုတ်ဘူး … မဖြစ်နိုင်ဘူး"
ယဲ့ဖန် ဤကဲ့သို့ ပြုလုပ်နိုင်မည်ဟု မယုံကြည်ထားသဖြင့် ကာရိုးလ်၏ စိတ်ဝိညာဉ်သည် မရပ်မနား တုန်ယင်လို့နေသည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
"သန့်စင်စမ်း"
ကြုံးဝါးသံနှင့်အတူ အနက်ရောင် ချီမျှင်စုများက ကာရိုးလ်၏ စိတ်ဝိညာဉ်အား လှည့်ပတ်လာသည်။ ထို့နောက် ငရဲမီးများ စတင်၍ လောင်မြိုက်လာ၏။
"အား…အား…အား"
ငယ်သံပါအောင် အော်ဟစ်သံများက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာ၏။ ကာရိုးလ်၏ ဝိညာဉ်သည် အလွန် နာကျင်နေသဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် သတ်သေချင်နေသည်။
"ဒါ ဒဏ္ဍာရီထဲက ငရဲမီးမလား"
မင်းသား ကာရိုးလ်၏ ဝိညာဉ်က ထိတ်လန့်တကြား အော်ဟစ်ပြောဆိုလိုက်သည်။ တစ်စုံတစ်ယောက်၏ ဝိညာဉ်အား ငရဲမီးနှင့် လောင်မြှိုက်ပါက ထိုသူသည် ဘယ်သောအခါမှ ပြန်လည်ဝင်စားခြင်း မပြုနိုင်တော့ပေ။
ဆရာသခင်အဆင့် ပုရွက်ဆိတ်လိုကောင်၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟု မင်းသား ကာရိုးလ်၏ ဝိညာဉ်က လုံးဝ ထင်မှတ်ထားမိခြင်း မရှိခဲ့ပေ။
"အား…"
အလွန်အမင်း စူးရှစွာ အော်ဟစ်နေသံများနှင့်အတူ ကာရိုးလ်၏ ဝိညာဉ်သည် လုံးဝ ပျက်ဆီးသွားလေ၏။
ထို့နောက် ၎င်းသည် အပြာရောင် ဘောလုံးအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖန်ထံသို့ ပျံဝဲလာသည်။ ဤသည်ကား ကာရိုးလ်၏ လျှို့ဝှက်သိုင်းကျမ်းပင်။
CHAPTER (291) ရုတ်တရက် ပြောင်းလဲမှု
သေမင်းမြစ်ဝကျွန်းပေါ်ဒေသ၏ အလယ်ဗဟို၌ အထွတ်အမြတ်ထားသော နေရာတစ်ခုရှိသည်။ ထိုနေရာသည် ယခင် အိပ်မက်ဆိုးဘုရင်၏ ဂေဟာ ဖြစ်သည်။
ရုတ်တရက် ထိုဂေဟာ၏ အလယ်ဗဟိုမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ခြံဝန်းတစ်ခုလုံး တစ်ဟုန်ထိုး တိုးပွားလာသော ချီဓာတ်များဖြင့် ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ယဲ့ဖန်နှင့် သူ့လူများသည် ထိုပေါက်ကွဲမှုကို အာရုံခံမိသွားပြီးနောက် အားရဝမ်းသာစွာ ပြုံးလိုက်ကြသည်။
"ကြည့်ရတာ ကျုပ်တို့ဘော့စ်က ဒဏ္ဍာရီလာအဆင့်ကို အဆင့်တက်သွားပြီနဲ့ တူတယ်"
ဝံပုလွေရိုင်းက အလွန် စိတ်လှုပ်ရှားနေသော မျက်နှာနှင့် ရေရွတ်လိုက်သည်။ အိပ်မက်ဆိုး သိုင်းပညာရှင်တိုင်းလည်း အလွန် တက်ကြွပျော်ရွှင်သွားကြပြီး ယဲ့ဖန်ကိုလည်း အလွန် လေးစား ကြည်ညိုဟန်များ ဖော်ပြလာသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်၏ အကူအညီသာ မရခဲ့ပါက အိပ်မက်ဆိုးအဖွဲ့သည် ဖျက်ဆီးခံခဲ့ရသည်မှာ ကြာလောက်ပြီ ဖြစ်ပြီး အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး မင်းသား ကာရိုးလ်၏ ကျွန်ပြုခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
ထိုစဉ် အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်သည် ခန်းမထဲသို့ ဒရောသောပါး ပြေးဝင်လာသည်၊ သူ့နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက်နေ၏။
"သခင်ကြီး … တီဗွီ ဖွင့်ကြည့်ပါဦး … အရေးပေါ် အခြေအနေပါ"
*ဟမ်*
ထိုသိုင်းပညာရှင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ကြောက်လန့်လို့နေ၏။
သူ့စကားများက အခန်းထဲရှိ လူတိုင်းအား ထိတ်လန့်သွားစေသည်။
*တီဗွီလား*
ထို့နောက် လူအုပ်ကြီးသည် ယဲ့ဖန်အား ဝိုင်းကြည့်လိုက်မိကြသည်။ ထိုအခါ ယဲ့ဖန်က မျက်မှောင်ကြုတ်မိကာ စိတ်ထဲ ထင့်သွားမိသည်။ သူ ချက်ချင်း လက်ပြလိုက်သည်။
ထို့နောက်တွင်မူ အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်က ချက်ချင်း ရှေ့သို့ တိုးသွားကာ နံရံပေါ်မှ ကြည်လင်သော တီဗွီကို ကောက်ဖွင့်လိုက်သည်။
တီဗွီမှ ထုတ်လွှင့်နေသော သတင်းကို ကြည့်ပြီး သူတို့အားလုံး ရုတ်ချည်းဆိုသလို မှင်တက်သွားရသည်။
"ထိုင်းနိုင်ငံ သတင်းပါ … ဒီမနက် ဆယ်နာရီအချိန်က ထိုင်းနိုင်ငံ တောက်ဘက်ခြမ်းရှိ ထိုင်းပင်လယ်ကွေ့တွင် ပင်လယ်သားရဲများက လူတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ခရီးသွား သုံးယောက် အသတ်ခံလိုက်ရပါတယ်။ ထိုပင်လယ်သားရဲများလည်း အသတ်ခံလိုက်ရပါပြီ။ ကျွမ်းကျင်တဲ့ သုတေသန ပညာရှင်များရဲ့ အဆိုအရ ထိုသားရဲများက ကျားငါးမန်းမျိုးစိတ်တွေရဲ့ သန္ဓေပြောင်းလဲကောင်တွေလို့ ဆိုပါတယ်"
ထိုသတင်းတင်ဆက်သူ၏ သတင်းအပြီး မကြာခင်မှာပင် ဖုန်းတစ်လုံးနှင့် ရိုက်ထားသော ဗွီဒီယိုတစ်ခုကို ထုတ်လွှင့်လာသည်။
ထိုင်းပင်လယ်ကွေ့ရှိ ပင်လယ်ကမ်းခြေတွင် ရာနှင့်ချီသော ခရီးသွားများ လာရောက်လည်ပတ်လျက် ရှိနေသည်။
ရုတ်တရက် ပင်လယ်ထဲမှ ငါးမန်းနှင့်တူသော ပင်လယ်သားရဲတစ်ကောင် ခုန်ထွက်လာသည်။သို့သော် ထိုပင်လယ်သားရဲ၌ ခြေလက်များ ပါရှိနေသည်။ ထိုသတ္တဝါသည် ကုန်းမြေပေါ်တွင် လျင်မြန်စွာ ပြေးလွှားနိုင်ပြီး ပင်လယ်ထဲ၌လည်း လျှောခနဲ ကူးခတ်သွားလာနိုင်သည်။
ခရီးသွားများအားလုံး ကြောက်လန့်သွားကာ အသည်းအသန် ထွက်ပြေးခဲ့ကြသည်။ ထိုစဉ် ထိုပင်လယ်သားရဲသည် သွေးစွန်းနေသော ၎င်း၏ ပါးစပ်ကို ဖွင့်ကာ ခရီးသွားအချို့ကို ဆွဲဖြဲကာ စားသောက်ပစ်ခဲ့သည်။
၎င်း ပါးစပ်ပိတ်လိုက်တိုင်း ရဲရဲနီနေသော သွေးများက လေထဲ ပန်းထွက်လာသည်။ ၎င်း၏ လက်သည်းများသည် အလွန် ထက်လှ၏။ ၎င်း၏ ချွန်ထက်နေသော လက်သည်းများကို ဝှေ့ယမ်းလိုက်တိုင်း ခရီးသွားများ တစ်ယောက်ပြီးတစ်ယောက် တစ်စစီ ဖြစ်ကာ သွေးမိုးများ ရွာချလာသလိုပင်။
မြင်ကွင်းကား အလွန် သွေးပျက်ဖွယ်ကောင်းလှသည်။ ခရီးသွားများ၏ သနားစဖွယ် အော်ဟစ်နေသံများနှင့် ပင်လယ်သားရဲများ၏ ရက်စက်သော မာန်ဖီသံများက ကြည့်နေသူများ၏ နားစည်ထဲတွင် စွဲကျန်ရစ်နေသည်။
အဆုံးတွင် ထိုင်းနိုင်ငံ၏ စစ်တပ်သည် တာဝန်ယူရတော့သည်။ ထို့ကြောင့် ထိုင်းအစိုးရသည် ကြည်း ရေ လေ တပ်မတော်များ၊ ဟယ်လီကော်ပတာနှင့် အပူကိရိယာ လက်နက်များဖြင့် ပင်လယ်သားရဲအား ဝိုင်းစေခဲ့သည်။
သို့သော် ထိုပင်လယ်သားရဲသည် လျင်မြန်စွာ ရွေ့လျားနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပေ။ ပထမအကြိမ်မှာပင် စစ်တပ်သည် အတော်လေး ဆုံးရှုံးလိုက်ရသည်။
ပို၍ ကြောက်လန့်ဖွယ်ကောင်းသည်က ထိုပင်လယ်သားရဲ၏ အရေပြားသည် အနက်ရောင် ကြေးခွံများဖြင့် ဖုံးလွှမ်းလို့နေပြီး ၎င်း၏ ကိုယ်ထည်အား အဖြိုက်နက် သံမဏိဖြင့် ပြုလုပ်ထားသလို ဖြစ်နေ၏။ ကျည်ဆံများက လုံးဝ မထိရောက်နိုင်ခဲ့ပေ။
စစ်တပ်မှ မျှော်လင့်ချက် ပျက်သုန်းနေချိန်တွင် အင်အားကြီးသော ပုံရိပ်တစ်ခုက အင်မော်တဘ် စစ်သားသဖွယ် မြေကြီးပေါ်သို့ ဆင်းသက်လာသည်။
ထိုသူသည် သူ့လက်ထဲမှ ဓားမော့ဖြင့် ပင်လယ်သားရဲအား တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်လေသည်။
ထို့နောက်တွင် ထိုပင်လယ်သားရဲသည် နှစ်ပိုင်း ပိုင်းခံလိုက်ရသဖြင့် တိုက်ပွဲသည် ရပ်တန့် သွားလေတော့၏။
"ဒဏ္ဍာရီအဆင့် ထိုင်းလူမျိုးပါလား"
ထိုဗွီဒီယိုအား ကြည်နေရင်း အခန်းထဲမှ လူတိုင်း အသက်ကို ပြင်းစွာ ရှူနေမိသည်။ ပင်လယ်သားရဲကောင်သည် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် တိုက်ခိုက် နိုင်ရလောက်အောင် သန်မာနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပေ။
၎င်းသည် အသတ်ခံလိုက်ရပြီးတာတောင်မှ ၎င်း၏ အဖျက်စွမ်းအားသည် ဒုက္ခပေးနိုင်နေသေးသည်။ ထို့နောက်တွင် သတင်းတင်ဆက်သူက ဆက်၍ ကြေညာလေသည်။
"ထိုင်းတပ်မတော်က ပင်လယ်ကမ်းခြေပတ်လည်က ဧရိယာတွေအားလုံးကို ပိတ်ဆို့ထားပြီး ပင်လယ်သားရဲတွေကို သတ်ဖြတ်ဖို့ များပြားလှတဲ့ အင်အားစုတွေကို တာဝန်ပေးထားပါတယ်။ ဒါပေမယ့် သက်ရောက်မှုက နည်းပါးလွန်းလှပါတယ်။ အချို့ပင်လယ်သားရဲတွေက ကုန်းတွင်းပိုင်း ဒေသကို ဝင်ရောက်လာပြီး လူတွေကို တိုက်ခိုက်ခဲ့ပါတယ်"
"ဒီလိုမျိုး တူညီတဲ့ ကိစ္စတွေက ထိုင်းနိုင်ငံတစ်ဝိုက်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ လူပေါင်း သုံးရာခြောက်ဆယ့်ငါးယောက်လုံး အသက်ဆုံးရှုံးခဲ့ရပါတယ်"
"ထိုင်းအာဏာပိုင်အများ အဆိုအရ ဒီကိစ္စက ကမ္ဘာတစ်ဝှမ်းမှာ ပြောင်းလဲလာတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်မှု ရှိလိမ့်မယ်လို့ ဆိုပါတယ်။ မြို့သူမြို့သားများခင်ဗျား … ခင်ဗျားတို့ရဲ့ လုံခြုံရေးအတွက် ကျေးဇူးပြုပြီး ပင်လယ်ကမ်းခြေနဲ့ ဝေးရာမှာ နေထိုင်ပေးကြပါ"
ကြားဖြတ်သတင်းအား ကြည့်ရှုပြီးနောက် အခန်းတစ်ခန်းလုံး အလွန် တိတ်ကျသွားသည်။ အခန်းထဲ၌ မှောင်ရိပ်သန်းနေ၏။ ယဲ့ဖန်တောင်မှ ခြွင်းချက်ဖြစ်မနေပေ။
"ကြည့်ရတာ မှင်စာတွေ သမုဒ္ဒရာအောက်ကနေ ထွက်လာပြီနဲ့ တူတယ်"
ယဲ့ဖန် ပြောနေရင်း သူ့မျက်နှာက သုန်မှုန်လာသည်။ သူတောင်းအိုကြီးက ကမ္ဘာပေါ်တွင် ရေခီစွမ်းအင်များ ပို၍ တိုးပွားလာသည်ဟု ပြောခဲ့သည်ကို သတိရလာသည်၊ ဤအဓိပ္ပာယ်မှာ ပို၍ ပို၍ သန်မာသော အင်အားစုများ ပေါ်ထွက်လာမည်ဟု ဆိုလိုခြင်းပင်။
ကြမ်းတမ်းသော သားရဲများတောင်မှ မှင်စာများအဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာသည်။ မှင်စာများသည် စကြဝဠာထဲတွင် အလွန် ကြောက်လန့်ဖွယ်ကောင်းသည့် မျိုးစိတ်ဖြစ်သည်။
စကြဝဠာထဲတွင် နတ်ဘုရားများ၊ အင်မော်တယ်များ၊ မှင်စာများ၊ နတ်ဆိုးများ၊ တစ္ဆေများနှင့် ထူးဆန်းသည့် အချို့ အင်အားစုများကဲ့သို့သော အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် အင်အားစုများရှိသည်။
ထို့နောက်တွင် အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်က တီဗွီလိုင်းကို ခပ်သွက်သွက် ပြောင်းလိုက်သည်။
ဂျပန်နိုင်ငံသတင်း။
စင်ကာပူနိုင်ငံသတင်း။
ဖိလစ်ပိုင်နိုင်ငံသတင်း။
ပင်လယ်ကမ်းခြေ နိုင်ငံအားလုံးနီးပါး ပင်လယ်သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ပင်လယ်သားရဲတိုင်းသည် အလွန် ကြမ်းကြုတ်လှသည်။
ထိုပင်လယ်သားရဲများ၏ ချွန်ထက်သော လက်သည်းများနှင့် ယှဉ်လျင် လူသားများသည် ပုရွက်ဆိတ်ကဲ့သို့ အားနည်းလွန်းလှသည်။
သွေးပျက်ဖွယ် သတင်းများကို ကြည့်ပြီး ယဲ့ဖန်သည် အသက်ပြင်းစွာ ရှူ၍ မတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်သွားသည။ ထို့နောက် သူက ချက်ချင်း အမိန့်ပေးလိုက်သည်။
"အိပ်မက်ဆိုး ချောက်ကမ်းပါးကို သွားကြစို့"
ထို့နောက် သူသည် အိပ်မက်ဆိုး ချောက်ကမ်းပါးသို့ ထွက်ခွာသွားသည်။ သူ့နောက်မှ အမှောင်သခင်၊ ဝံပုလွေရိုင်း၊ သွေးစွန်း တစ္ဆေနှင့် အကြီးအကဲ ချာခါတို့ လိုက်ပါလာသည်။ မကြာခင်မှာပင် သူတို့ ထိုနေရာသို့ ရောက်သွားကြသည်။
အိပ်မက်ဆိုး ချောက်ကမ်းပါးသည် နက်ရှိုင်းလွန်းလှသည်။ တစ်စုံတစ်ယောက်သာ ငုံ့ကြည့်မည်ဆိုပါက အဆုံးမရှိနိုင်သော ကီလိုမီတာများစွာ နက်ရှိုင်းမှုကို မြင်တွေ့ရပေလိမ့်မည်။
ထို့နောက် ယဲ့ဖန်သည် မကောင်းဆိုးဝါးဆန်သော အလင်းများ ဖြာထွက်နေသည့် မျက်လုံးများနှင့် အမှောင်သခင်အား မေးလိုက်သည်။
"အမှောင်သခင် အရင်တစ်ခေါက်က ဒီနေရာကနေ ရင်းနှီးနေတဲ့ ချီဓာတ်ကို မင်း ခံစားမိလား"
*ဟမ်*
အမှောင်သခင် ပြန်လည်ဝင်စားထားသူက တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ရင်း ထိတ်လန့်နေသော မျက်နှာထားဖြင့် ပြန်ဖြေလာသည်။
"ရပါတယ် သခင်ကြီး။ အရင်တစ်ခေါက် ကျွန်တော်တို့ ဒီနေရာကို လာတုန်းက ကျွန်တော် တကယ်ကို ရင်းနှီးနေတဲ့ ချီဓာတ်ကို ခံစားခဲ့မိပါတယ်။ အဲ့တုန်းက အဲ့ဒါကို ကျွန်တော် ဂရုမစိုက်မိခဲ့ ပင်မယ့်လည်းပေါ့"
"စကြဝဠာထဲက အခြားနေရာမှာ ရှိတဲ့ ရင်းနှီးတဲ့ ချီဓာတ်မျိုး ခံစားမိပါတယ်"
အမှောင်သခင် ပြန်လည်ဝင်စားသူ၏ စကားကြောင့် ကြည့်နေသူများ၏ မျက်နှာများက ချက်ချင်း ပြောင်းလဲသွားကြသည်။
ထိုအခါ ယဲ့ဖန်က တလက်လက် တောက်ပပြီး နက်မှောင်နေသော အကြည့်များဖြင့် သုန်မှုန်စွာ ပြောလာသည်။
"ငါ အန္တရာယ်ရှိတဲ့ ချီဓာတ်မျိုး အနံ့ရနေတယ်။ အနီးအနားမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်စုံတစ်ခု ရှိကိုရှိနေလိမ့်မယ်"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့ ယဲ့ဖန်၏ အရည်အချင်းကို သိနားလည်သည်။
ယဲ့ဖန်က အင်မတန် သန်မာနေလျင်တောင်မှ ၊ သူ အာရုံခံမိသည့် အရာက ဘယ်လိုအရာပဲ ဖြစ်နေပါစေ သူ့ကိုလည်း ထိတ်လန့်စေသည်။
ထို့နောက် ယဲ့ဖန်သည် အကြီးအကဲ ချာခါအား စိုက်ကြည့်ကာ မေးလိုက်သည်။
"အရင် အိပ်မက်ဆိုးဘုရင်က ဒီနေရာ သေသွားခဲ့တယ်လို့ ခင်ဗျားပြောခဲ့တာကို ကျုပ်သတိရမိတယ်။ ဟုတ်သလား"
ယဲ့ဖန်၏ အမေးကြောင့် အကြီးအကဲ ချာခါသည် အလျင်အမြန် ကိုယ်ကို ယို့၍ လေးစားမှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ပါတယ် သခင်ကြီး"
အကြီးအကဲ ချာခါသည် ယဲ့ဖန်အား အလွန်တရာ လေးစားမိသည်။ ထို့ကြောင့်ပင် သူသည် ဖေးချမ်ကဲ့သို့ ယဲ့ဖန်အား သခင်ကြီးဟု ခေါ်ခြင်း ဖြစ်သည်။
ထို့နောက် အကြီးအကဲ ချာခါက ထပ်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရာနဲ့ ချီစဉ်က ကျုပ်ရဲ့ ဘိုးဘေးက ကြီးကျယ်တဲ့ တိုက်ပွဲတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ အိပ်မက်ဆိုးဘုရင်က အိပ်မက်ဆိုး ချောက်ကမ်းပါး အစွန်အဖျားနားမှာ တံခါးပိတ် ကျင့်ကြံနေခဲ့တဲ့ ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ သရေကျခဲ့ပါတယ်"
"ဒါပေမယ့် အဆုံးမှာတော့ …"
ဝံပုလွေရိုင်းသည် မနေနိုင်ဘဲ ဖြတ်ပေးလိုက်မိသည်။
"အဲ့ ထိပ်တန်းသိုင်းပညာရှင်က အိပ်မက်ဆိုးဘုရင်ကို သတ်ခဲ့တာလား"
အကြီးအကဲ ချာခါက ခေါင်းကိုခါ၍ အကြီးအကျယ် ထိတ်လန့်၍ မယုံနိုင်ဟန်ဖြင့် ဆက်ပြောလာသည်။
"မဟုတ်ဘူး … အိပ်မက်ဆိုး ဘုရင် သေခဲ့သလို အဲ့ထိပ်တန်း သိုင်းပညာရှင်လည်း သေဆုံးခဲ့တယ်"
"ဒါပေမဲ့ သူတို့ကို သတ်လိုက်တဲ့ သူက … ပုရွက်ဆိတ်တစ်ကောင်ပါ"
*ဘာ*
သူ့စကားကြောင့် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူပါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
*ပုရွက်ဆိတ်လား*
*အဲ့ဒါများ…*