အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
CHAPTER (298) အဲ့ဒါရဲ့ နာမည်က ပုရွက်ဆိတ်လေးတဲ့
ကျွိ! ကျွိ! ကျွိ!
ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်တို့သည် ဘုရင်နှစ်ယောက်ကြားရှိ စစ်ပွဲကို စောင့်မျှော်နေ သကဲ့သို့ အော်ဟစ်နေကြသည်။
သူတို့သည် သူတို့၏ ဘုရင်အသစ်အား စောင့်မျှော်နေကြခြင်း ဖြစ်သည်။ ဘုရင်အဖြစ် ယှဉ်ပြိုင်မည့် ပုရွက်ဆိတ် နှစ်ကောင်က မျိုးနွယ်စု နှစ်ခုကြားရှိ ကွင်းပြင်၌ ရပ်နေကြသည်။
ထို့နောက် သူတို့သည် သူတို့၏ ဂုဏ်သိက္ခာကို ထုတ်ပြဟန်ဖြင့် အစွယ်များကို ထုတ်ဖော်ကြသည်။ ကျယ်လောင်သော တကျွိကျွိ အသံနှင့်အတူ ပုရွက်ဆိတ်ဘုရင်အဖြစ် ယှဉ်ပြိုင်သူ နှစ်ကောင်သည် တစ်ကောင်နှင့်တစ်ကောင် ထိပ်တိုက် ရင်ဆိုင်လေတော့သည်။
သူတို့သည် လျင်မြန်စွာ လှုပ်ရှားကြပြီး သူတို့၏ ချွန်ထက်သော လက်သည်းများအား တစ်ခါ ဝှေ့ယမ်းလိုက်တိုင်း ပြိုင်ဘက်၏ ကိုယ်ပေါ်၌ သွေးသံတရဲရဲ ဒဏ်ရာတစ်ခု ချန်ရစ်ခဲ့နိုင်ကြသည်။
သူတို့သည် တစ်ကောင်နှင့် တစ်ကောင် ချွန်ထက်သော အစွယ်များဖြင့် ကိုက်ဖဲ့ကြသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားက ဒဏ္ဍာရီအဆင့်များထက်တောင် ပို၍ သာလွန်နေသေးသည်။
ဂျွတ်ခနဲ အသံနှင့်အတူ ပုရွက်ဆိတ်ဘုရင် အဖြစ် ယှဉ်ပြိုင်သူတစ်ကောင်၏ ဝမ်းဗိုက်အောက်ပိုင်း ခုတ်ပိုင်းခြင်း ခံလိုက်ရသဖြင့် သွေးများ မြေကြီးပေါ် ပန်းထွက်လာသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ အစွယ်များက ပြိုင်ဘက်၏ ကိုယ်အား ဖောက်ထွင်းသွားသည်။
ရွှစ်! ရွှစ်! ရွှစ်!
သူတို့၏ တိုက်ပွဲကား ပြင်းထန်လှပေ၏။ အနိုင်ရသူသည် ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်၏ ဘုရင်အဖြစ် သရဖူဆောင်းရပေလိမ့်မည်။
ရှုံးနိမ့်သူကတော့ တစ်ယောက်တည်း သေဆုံးရပေလိမ့်မည်။ ဤသည်မှာ အရက်စက်ဆုံး ကြီးနိုင်ငယ်ညှဉ်း သဘာဝတရားပင်။
ထိတ်လန့်ဖွယ်ကောင်းလှသည့် တိုက်ပွဲကို ကြည့်ပြီး ယဲ့ဖန်၏ ဝိညာဉ်မီးတောက်က တဖျက်ဖျက် တောက်ပလာသည်။
“သူတို့က ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် ဒါမှမဟုတ် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်လောက်နဲ့တောင် ယှဉ်နိုင်နေလောက်တယ်”
ယဲ့ဖန် အလွန် ထိတ်လန့် အံ့အားသင့်သွားသည်။ ပုရွက်ဆိတ်အသိုက်ထဲ၌ သူတို့ကဲ့သို့ ပုရွက်ဆိတ်ဘုရင် အဖြစ် ယှဉ်ပြိုင်သူ အကောင်ရေ များစွာ ရှိနေမည်ဆိုတာကို သူ ရိပ်စားမိသည်။
သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော စုပေါင်း အင်အားကို သူ တွေးကြည့်လိုက်မိသည်နှင့် သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရသည်။
ရွှစ်!
ထိုစဉ် အသံနှင့်အတူ ပုရွက်ဆိတ်ဘုရင် အဖြစ် ယှဉ်ပြိုင်သူ တစ်ကောင်က သူ့ပြိုင်ဘက်၏ ခန္ဓာကိုယ်အား ထိုးဖောက်လိုက်သဖြင့် ထိုအကောင်၏ သွေးများက မြေကြီးပေါ်သို့ ပန်းထွက်လာသည်။
ထို့နောက် ထိုဒဏ်ရာရနေသော အကောင်သည် မြေကြီးပေါ်သို့ လဲကျသွားပြီး သူ၏ ဒဏ်ရာများကြောင့် မလှုပ်မယက်ဖြစ်သွားသည်။
သူ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီ။ သူသည် သူ၏ တိုက်ပွဲဝင်ခွန်အားကို လုံးဝ ဆုံးရှုံးလိုက်ရလေပြီ။ သူ တိုက်ပွဲ၌ ရှုံးသွားခဲ့သည်။ သူ့ကိုယ်သူ ရှုံးနိမ့်သွားမှန်း သူ သိလိုက်သည်။
ဘုရင်အသစ် ပေါ်ပေါက်လာသောအခါ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်က ဂုဏ်ပြု အားပေးသလို ရူးသွပ်စွာ အော်ဟစ်နေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်က တိုက်ပွဲ၌ ရှုံးနိမ့်သွားသည့် အကောင်အား တစ်ကောင်တည်း ထားခဲ့ကာ ဘုရင်အသစ်နား စုပြုံ ဝန်းရံ၍ ပုရွက်ဆိတ် အသိုက်ဆီသို့ ထွက်ခွာသွားကြသည်။
ထိုပုရွက်ဆိတ်လေးသည် ရှုံးနိမ့်သွားသော ဘုရင်ကဲ့သို့ အလွန့်ကို အထီးကျန်ကာ အဖော်မဲ့နေခဲ့သည်။ ရှုံးနိမ့်သွားသော ပုရွက်ဆိတ်လေး၏ တစ်ခုတည်းသော ရွေးချယ်စရာက သေခြင်းတရားကို စောင့်မျှော်နေရန် ဖြစ်သည်။
ပုရွက်ဆိတ်ဘုရင်အဖြစ် ယှဉ်ပြိုင်သူ တစ်ကောင်က တိုက်ပွဲ၌ ရှုံးနိမ့်သွားပါက ထိုအကောင်သည် သေရမည်ပင်။
သူ တည်ရှိခဲ့ဖူးသည့် မိသားစုနှင့် ပုရွက်ဆိတ်အုံကြီးကို ကြည့်ပြီး သူ၏ မှုန်မှိုင်းနေသော မျက်လုံးများက မလိုလားသလို ဖြစ်နေသည်။
ထို့နောက် သူသည် သူ၏ ဒဏ်ရာရနေသော ကိုယ်အား တရွက်တိုက်ဆွဲ၍ မြေကြီးပေါ်၌ တွားသွားလိုက်သည်။ သေခြင်းတရားကို စောင့်မျှော်ရန် တိတ်ဆိတ်သည့် နေရာတစ်ခုကို သူ ရှာဖွေချင်နေခဲ့သည်။
ထိုစဉ် အသားဟူ၍ မပါရှိဘဲ အရိုးဖြူဖြူများသာ ရှိသော ခြေထောက်တစ်ဘက်က မီတာ အနည်းငယ်ခန့် အကွာ၌ ထွက်ပေါ်လာသည်။
ထိုပုရွက်ဆိတ်သည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူ ခေါင်းမော့ကြည့်လာသည်။ ယဲ့ဖန်၏ အရိုးစုကို သူ မြင်လိုက်ရသည့်အခါတွင် သူ အကြီးအကျယ် ထိတ်လန့်သွားရသည်။
ထိုအရိုးစုကို သူ မှတ်မိပါသည်။ တစ်ချိန်က ထိုအရိုးစုအား သူ့ပုရွက်ဆိတ်အုံနှင့်အတူတူ ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ဖူးသည်။
သို့သော် သူ ထိုအရိုးစုအား တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်း သူသည် ကျယ်လောင်သော ခေါင်းလောင်းသံနှင့်အတူ အဝေးသို့ လွင့်ထွက်သွားခဲ့ရသည်။
သူ့ကိုယ်ပေါ်မှ အက်ကြောင်းရာများသည် ထိုသောက်အရိုးစုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝိညာဉ်စားပုရွက်ဆိတ်၏ မျက်လုံးများက ကြောက်စိတ်ကြောင့် ဖိတ်ဖိတ်တောက်လာ၏။
ထို့နောက် ထိုပုရွက်ဆိတ်သည် ယဲ့ဖန်၏ အရိုးစုနှင့် ဝေးရာသို့ ထွက်ပြေးချင်ဟန်ဖြင့် နောက်သို့ ဆုတ်ရန် ပြင်လာသည်။
သို့သော် ထိုအခိုက်တွင် အသံတစ်သံကို သူ ကြားလိုက်ရသည်။
“မင်း နိုင်ချင်လား။ မင်း ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဂုဏ်သိက္ခာကို မင်း ပြန်လိုချင်လား။ မင်း ပုရွက်ဆိတ် အားလုံးရဲ့ လေးစားတာကို ခံရပြီးတော့ ပုရွက်ဆိတ်ဘုရင် ဖြစ်ချင်လား”
…
စိတ်ဝိညာဉ်၏ အသံတစ်သံက ဝိညာဉ်စား ပုရွက်ဆိတ်၏ စိတ်ထဲ ရစ်ဝဲကာ ရောက်ရှိလို့လာသည်။ ဤသည်မှာ ဘာသာစကားမဟုတ်ဘဲ ဝိညာဉ်အချင်းချင်း ဆက်သွယ်သည့် ဟိန်းသံတစ်ခုသာ ဖြစ်သည်။
ထိုပုရွက်ဆိတ်၏ မျက်လုံးများက အလွန် စိတ်ရှုပ်သွားကာ သတိစိတ် နိုးကြားသွားဟန်ဖြင့် တလက်လက် တောက်ပလာသည်။
သူ၏ တုံ့ပြန်မှုကို ကြည့်ပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ် မီးတောက်သည် တုန်ခါသွားရသည်။ ထို့နောက် သူသည် ထိုပုရွက်ဆိတ်ရှေ့၌ သူ့လက်ကို တစ်ချက် လှုပ်လိုက်သည်။
ရုတ်တရက် စိတ်ဝိညာဉ် မှတ်တမ်းတစ်ခုက ပုရွက်ဆိတ်၏ ရှေ့၌ ပေါ်လာသည်။ ဧရာမ ကမ္ဘာခြား နဂါးတစ်ကောင်သည် ကံဆိုးမှုများကို ကံကောင်းမှုအဖြစ်သို့ ပြောင်းလဲပေးနိုင်သည့် ထူးခြား ဆန်းပြားသော သားရဲတစ်ကောင်ဖြစ်သည့် မျက်လုံး ခြောက်လုံးပါသော ချီလင်တစ်ကောင်နှင့် တိုက်ခိုက်နေသည့် မှတ်တမ်းဖြစ်သည်။
သူတို့၏ တိုက်ကွက်တစ်ခုတိုင်းတွင် စကြဝဠာ၏ ဥပဒေသများ ပါဝင်နေပြီး ကောင်းကင်ကို မိုးပြိုစေနိုင်သလို သို့မဟုတ် ကမ္ဘာမြေအား ပြိုလဲ ပျက်စီးသွားစေလောက်သည်။
ဂြိုဟ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားရသည်။ နဂါးငွေ့တန်းများ တစ်စစီ ဆွဲစုတ်ခံလိုက်ရသည်။
ထိတ်လန့်ဖွယ်ကောင်းလိုက်ပါဘိ။
ဝိညာဉ်စား ပုရွက်ဆိတ်လေးသည် ထိုမှတ်တမ်းကြောင့် အလွန် အံ့အားသင့်သွားသည်။ သူသည် ပုရွက်ဆိတ်အုံနှင့် မွေးကတည်းက အတူ နေလာခဲ့ခြင်း ဖြစ်သည်။ သူ တစ်ခါမှ အပြင်လောကကို မမြင်ဖူးခဲ့သလို ဧရာမ ကမ္ဘာခြား သားရဲကောင် နှစ်ကောင်၏ တိုက်ပွဲက သည်လောက် ထိတ်လန့်စရာ ကောင်းမည်ဟုလည်း ထင်မှတ်မထားခဲ့မိပါ။
သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။ သူ ပို၍ သန်မာလာချင်သည်၊ သူ၏ ဂုဏ်သိက္ခာကို သူ ပြန်ရယူလိုသည်။ သူသည် ပုရွက်ဆိတ်အားလုံး၏ ထိပ်ဆုံး၌ ရပ်တည်ကာ အခြားသူများ အားလုံး၏ လေးစားခြင်းကို ခံယူလိုသည်။
ထိုစဉ် ယဲ့ဖန်က သူ့လက်ဖဝါးကို ပြန်ရုတ်လိုက်သည်။ စိတ်ဝိညာဉ်မှတ်တမ်း ပျောက်လို့သွားလေသည်။ ထိုအခါ ဝိညာဉ်စား ပုရွက်ဆိတ်သည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက ယဲ့ဖန်ကို မော့ကြည့်လာသည်။
“ငါ့ကို အညံ့ခံပါ။ မင်း သန်မာလာအောင် ငါ ကူညီပေးနိုင်တယ်။ ငါ မင်းရဲ့ ဂုဏ်သိက္ခာကို ပြန်ယူပေးနိုင်တယ်။ မင်း ပုရွက်ဆိတ်တွေရဲ့ ဘုရင် ဖြစ်လာအောင် ငါ ကူညီနိုင်တယ်”
ယဲ့ဖန်၏ စိတ်ဝိညာဉ် အသံက ဝိညာဉ်စား ပုရွက်ဆိတ်၏ နားထဲ၌ ပဲ့တင်ထပ်သွားသည်။ သူ ချီတုံချတုံ ဖြစ်နေပြီး ရုန်းကန် လှုပ်ရှားလာသည်။
ထို့နောက် သူသည် မြေကြီးပေါ် ခေါင်းကို နှိမ့်၍ လဲချလိုက်သည်။ ဤမြင်ကွင်းကို ကြည့်ပြီး ယဲ့ဖန်၏ စိတ်ဝိညာဉ် မီးတောက်သည် ပို၍ စိတ်လှုပ်ရှားသွားရသည်။
ထို့နောက် သူသည် လေထဲ၌ လက်တစ်ချက် လှုပ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကျွန်အမှတ်အသား တစ်ခုက လေထဲ၌ ပေါ်လာသည်။ ထို့နောက် ထိုအမှတ်အသားသည် ပုရွက်ဆိတ်၏ ဦးခေါင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။
တစ်မိနစ်။ နှစ်မိနစ်။
….
ယဲ့ဖန် အလွန်အမင်း စိတ်လှုပ်ရှားလာသည်။ သူသည် ကျွန်အမှတ်အသားဖြင့် များစွာသော သန်မာသည့် မှင်စာများကို ကျွန်ပြုနေခဲ့သည်။
သို့သော် ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူ ထင်မှတ်ထားသည်ထက် ကျော်လွန်နေသည်။ လွန်ခဲ့သည့် ကမ္ဘာခြားဂြိုဟ်တွေပေါ်မှာတုန်းက မည်သည့် ကမ္ဘာခြား အင်အားကြီးသူမဆို ဝိညာဉ်စား ပုရွက်ဆိတ်များအား အနိုင်မယူနိုင်ခဲ့ပါ။
ဤသည်မှာ လုံးဝ မဖြစ်နိုင်သည့် အရာပင်။
…
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ယဲ့ဖန်သည် စိတ်လှုပ်ရှားလာသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ကျော်လွန်ခဲ့ပြီးနောက် လုံးဝကို စမ်းသပ်မှု အသစ်တစ်ခုပင် ဖြစ်သည်။ သူ့စမ်းသပ်မှုကို သူ ပြီးစီးသွားနိုင်သည်နှင့် သူသည် ကမ္ဘာခြား စကြဝဠာတစ်ခုလုံးကို သေချာပေါက် ထိတ်လန့်သွားအောင် လုပ်နိုင်ပေတော့မည်။
ထိုစဉ် ဝိညာဉ်စား ပုရွက်ဆိတ်က ရုတ်တရက် ခေါင်းမော့လာသည်။ အစပိုင်းတွင် သူ့မျက်လုံးများက စိတ်ရှုပ်ထွေးနေဟန်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် အလွန်အမင်း ရူးသွပ်စွဲလန်းမှုများ ပျော်ဝင်လာသည်။
ထို့အပြင် သူသည် ယဲ့ဖန်ထံသို့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေပြီး ယခုမှ သူ့မိသားစုဝင်အား ရုတ်တရက် ပြန်တွေ့လိုက်ရသည့် ကလေးငယ်သဖွယ် တွားသွား၍ လျှောက်လာသည်။
သူ၏ ရင်းနှီးပြီး စိတ်လှုပ်ရှားနေသော အပြုအမူကို ကြည့်ပြီး ယဲ့ဖန် ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင်သလို ဖြစ်သွားရသည်။
“ငါ လုပ်နိုင်သွားပြီပဲ”
ယဲ့ဖန် တက်ကြွ ပျော်ရွှင်လာသည်။ သူနှင့် ဝိညာဉ်စား ပုရွက်ဆိတ်တို့ကြားရှိ ထိုးထွင်းသိမြင်နိုင်သော ဆက်ဆံရေးကို သူ ရှင်းလင်းစွာ ခံစားမိသည်။
ယဲ့ဖန်သာ အမိန့်ပေးလိုက်ပါက ထို ဝိညာဉ်စား ပုရွက်ဆိတ်သည် မဆိုင်းမတွ သေရဲနေသည်။
“ငါ ဝိညာဉ်စား ပုရွက်ဆိတ်ကို ကျွန်ပြုနိုင်ခဲ့ပြီပဲ”
ယဲ့ဖန် အလွန် တက်ကြွလာကာ ကိုယ်ကိုကိုင်း၍ လက်ဆန့်ထုတ်လိုက်သည်။ ဝိညာဉ်စား ပုရွက်ဆိတ်က ချက်ချင်းပင် သူ၏ အရိုးလက်ချောင်းပေါ်သို့ တွားသွား၍ တက်လာသည်။
“အခုကစပြီး မင်းကို ငါ ပုရွက်ဆိတ်လေးလို့ ခေါ်မယ်”
ယဲ့ဖန်က ပုရွက်ဆိတ်လေးကို စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။
“ပုရွက်ဆိတ်လေး … မှတ်ထား၊ မင်းက ငါ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ မင်းက ငါ့မိသားစုဝင်နဲ့ ငါ့ညီအစ်ကို တစ်ယောက် ဖြစ်လာပြီ။ ညီအစ်ကိုဆိုတာက အတူ ရှင်တွဲနေထိုင်ကြသလို အတူ သေဆုံးကြတယ်”
သူ့စကားအဆုံးတွင် ပုရွက်ဆိတ်လေး တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လာသည်။
သူသည် သူ၏ အသိုက်မြုံ၊ မိသားစုနှင့် မိတ်ဆွေများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ယခုအခါတွင်တော့ သူ့တွင် သခင်တစ်ယောက်၊ ညီအစ်ကိုတစ်ယောက် ရှိလာပြီ ဖြစ်သည်။
*ညီအစ်ကို*
ထိုစကားလုံးက ပုရွက်ဆိတ်လေး၏ စိတ်ထဲ၌ အမြစ်တွယ်သွားသည်။ နောင် နှစ်ပေါင်းများစွာ ကြာသည့်အခါတွင်တော့ ပုရွက်ဆိတ်လေးက ကမ္ဘာခြား စကြဝဠာထဲတွင် သွေးမုန်တိုင်းတစ်ခုကို ဖန်တီးလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားနိုင်လောက်ပါ။
သူသည် နတ်ဘုရားများ၊ အင်မော်တယ်များ၊ တစ္ဆေများနှင့် မှင်စာများ၏ မျက်လုံးထဲတွင် သေမင်း၏ ပြယုဂ် ဖြစ်လာပေတော့မည်။
ယဲ့ဖန်အပြင် သူသည်လည်း အကြမ်းကြုတ်ဆုံး ဝိညာဉ်စား ပုရွက်ဆိတ် ဧကရာဇ် ဖြစ်လာပေတော့သည်။
နတ်ဘုရားများ၏ အသားများက သူ၏ အရသာရှိသော အစာ ဖြစ်လာခဲ့သည်။ အင်မော်တယ်များ၏ သွေးများက သူ၏ သောက်လို့ကောင်းသော ဖျော်ရည် ဖြစ်လာခဲ့သည်။
သူသည်ကား ပုရွက်ဆိတ်လေးပင်တည်း။
CHAPTER 299 ပုရွက်ဆိတ်ဘုရင်၏ ဂုဏ်ကျက်သရေ
ပုရွက်ဆိတ်အသိုက်အတွင်း၌ ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ထောင်ကျော်၏ ဘုရင်အသစ်ကား ထွက်ပေါ်လာပြီ ဖြစ်သည်။
ပုရွက်ဆိတ်များက သူ၏ အောင်နိုင်မှုအား ဂုဏ်ပြုနေသကဲ့သို့ အော်ဟစ်နေကြသည်။ ကြီးနိုင်ငယ်ညှဉ်း ဥပဒေသအရ ဘုရင်၌ သေချာပေါက်ကို ဩဇာ အာဏာရှိလေသည်။
သူသည် အခြား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ သေခြင်း၊ရှင်ခြင်းနှင့် ချီးကျူးထောပနာ ပြုခြင်း သို့မဟုတ် လှောင်ပြောင်သရော်ခြင်းတို့အား ဆုံးဖြတ်နိုင်သည်။
ဘုရင်သည် အမြဲတမ်း အထွတ်အထိပ်၌ ရှိပြီး အစဉ်အမြဲ လေးစား လိုက်နာအပ်သည့်သူ ဖြစ်သည်။
အခြားပုရွက်ဆိတ်များအားလုံးသည် စိန်ခေါ်ပွဲများမှ နောက်ထပ် ပုရွက်ဆိတ်ဘုရင် ရွေးချယ်မခံရသေးသ၍ ဤဘုရင်အား အညံ့ခံကြမည် ဖြစ်သည်။
ဘုရင်က ရှုံးနိမ့်သွားသည် သို့မဟုတ် အသတ်ခံလိုက်ရပါက ပုရွက်ဆိတ်အုံအတွင်း ခေတ်သစ်တစ်ခု စတင်လာပေလိမ့်မည်။
သို့သော် လက်ရှိအချိန်တွင် ပုရွက်ဆိတ် ဘုရင်အသစ်သည် ပုရွက်ဆိတ် တစ်ထောင်ကျော်ရှိသော ဤမျိုးနွယ်စု၏ အုပ်ချုပ်သူပင် ဖြစ်သည်။
သို့သော် ပုရွက်ဆိတ်များ အောင်ပွဲအား ကျင်းပနေချိန်တွင် အသိုက်အပြင်ဘက်မှ စီခနဲ အော်သံကို ကြားလိုက်ရသည်။
ထိုအော်သံသည် ရက်စက်၊ မောက်မာပြီး ရန်လိုမှုတို့ဖြင့် ပြည့်နှက်နေသည်။ ထိုအသံများသည် စိန်ခေါ်မှုကို ကိုယ်စားပြုနေသည်။
နောက်ထပ် ပုရွက်ဆိတ်တစ်ကောင်က ဘုရင်အသစ်အား စိန်ခေါ်နေခြင်းပင်။ ဆက်တိုက် ထွက်ပေါ်လာသော အော်သံက ပုရွက်ဆိတ်အားလုံး၏ အာရုံစိုက်ခံရခြင်းကို ရရှိလိုက်သည်။
ထို့နောက် ဘုရင်အသစ်သည် အသိုက်အပြင်ဘက်သို့ ထွက်လာသည်။ သို့သော် စိန်ခေါ်သူက ဘုရင်အသစ်ထံ၌ ရှုံးနိမ့်သွားခဲ့သည့် သူသာ ဖြစ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
ပုရွက်ဆိတ်လေး။
ပုရွက်ဆိတ်လေးကို မြင်လိုက်ရချိန်တွင် ဝိညာဉ်စား ပုရွက်ဆိတ်အားလုံး အလွန် ထိတ်လန့်သွားကြသည်။ ပုရွက်ဆိတ် လောကတွင် ဘုရင်အဖြစ် ယှဉ်ပြိုင်သူက တိုက်ပွဲကို ရှုံးနိမ့်သွားပါက သူသည် ဘယ်သောအခါမှ ဒုတိယအကြိမ် စိန်ခေါ်မှု ပြုလုပ်မည် မဟုတ်ပေ၊ သို့မဟုတ်ပါက ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားပေလိမ့်မည်။
ကျွိ! ကျွိ!
ဘုရင်အသစ်က သူ အနိုင်ယူခဲ့သော ပြိုင်ဘက်၏ စိန်ခေါ်မှုကို ခံလိုက်ရသဖြင့် ရှက်ရွံ့သည့်ဟန်ဖြင့် ဟစ်အော်လာသည်။
ထိုပုရွက်ဆိတ်သည် အသိုက်တွင်းမှ သန်မာ ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ အလွန်မောက်မာသော ဟန်ပန်ဖြင့် ထွက်လာသည်။
သူ အလွန်ဒေါသထွက်နေသည်။ သူသည် ရှုံးနိမ့်သွားသည့် ပြိုင်ဘက်၏ အလောင်းဖြင့် သူ့ကို စိန်ခေါ်သည့် အခြား မည်သူကိုမဆို သူ၏ ဂုဏ်သိက္ခာကို သက်သေပြချင်နေသည်။
သူ့မျိုးနွယ်ထဲတွင် သူသည်သာ အသန်မာဆုံး ပုရွက်ဆိတ်ဖြစ်သည်။ သူ့ကို စိန်ခေါ်သည့် မည်သူမဆို သေကို သေရမည်။
ဘုရင်သစ်နှင့် ပုရွက်ဆိတ်လေးတို့ ချက်ချင်း ထိပ်တိုက်တွေ့သွားကြသည်။
ကျွိ! ကျွိ! ကျွိ!
ဘေးပတ်လည်မှ ပုရွက်ဆိတ်အားလုံးက ရူးသွပ်မတတ် အော်ဟစ်နေကြသည်။ သူတို့အားလုံးသည် သူတို့ဘုရင်သစ် စိတ်ဓာတ် မြင့်တက်လာအောင် ကျယ်လောင်စွာ ဟစ်အော်နေကြသည်။
သူတို့သည် သူတို့၏ ဘုရင်အသစ်က ပုရွက်ဆိတ်လေး၏ ခေါင်းကို ကိုင်ကာ ပုရွက်ဆိတ်လေး၏ ကိုယ်ကို တစ်စစီ ဆွဲဖြဲနိုင်ရန် မျှော်လင့်နေကြသည်။
သူတို့အားလုံးသည် သူတို့၏ ဘုရင်သစ်က ပုရွက်ဆိတ်လေးအား အလွန် ရက်စက်သော ဟန်ပန်ဖြင့် သတ်ရန် စောင့်မျှော်နေကြသည်။
ဤနည်းတစ်ခုတည်းကသာ ဘုရင်သစ်သည် ပုရွက်ဆိတ်မျိုးနွယ်တစ်ခုလုံး၏ လေးစားခြင်းကို ခံရပေလိမ့်မည်။
သို့သော် ပုရွက်ဆိတ်နှစ်ကောင် ထိပ်တိုက်တွေ့ကြစဉ်တွင် ဘုရင်သစ်နှင့် အခြား ဝိညာဉ်စား ပုရွက်ဆိတ်များ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ပုရွက်ဆိတ်လေးသည် သူ၏ ချွန်ထက်သော လက်သည်းများကို လူသား သိုင်းပညာရှင်ကဲ့သို့ မတူညီသော လှုပ်ရှားမှုမျိုးနှင့် ဝှေ့ယမ်းနေသည်။
လက်သည်းတစ်ဘက်ကို ရှေ့မှာ ထား၍ နောက်တစ်ဘက်ကို အနောက်၌ ထားထားသည်။ ခြေထောက်ရှိ ခြေသည်းတို့အား မြေကြီးထဲသို့ မြဲနေအောင် စိုက်နင်းထားသည်။ ထိုပုရွက်ဆိတ်သည် သိုင်းပညာရှင်တစ်ယောက်လို ဖြစ်နေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်အားလုံး အံ့အားသင့်သွားကြသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များအတွက် သူတို့၏ တိုက်ခိုက်သည့် ပုံစံသည် အမြဲ ရှေးကျ၍ ရက်စက်သည်။ သူတို့၏ တိုက်ခိုက်ပုံသည် ချွန်ထက်သော လက်သည်းများ၊ အစွယ်များနှင့် သန်မာသော ခန္ဓာကိုယ်တို့ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။
သူတို့သည် ရန်သူ၏ ခန္ဓာကိုယ်အား သူတို့၏ ချွန်ထက်သော လက်သည်းများဖြင့် ချိုးဖျက်ကြသည်။ သူတို့သည် ရန်သူ၏ ဦးခေါင်းအား သူတို့၏ ချွန်ထက်နေသော လက်သည်းများဖြင့် ကိုက်ဖြတ်ကြသည်။
သူတို့၌ ထူးခြားသော လှုပ်ရှားမှု သို့မဟုတ် ပုံစံဟူ၍ မရှိပေ။ သို့သော် ပုရွက်ဆိတ်လေးသည် ဝိညာဉ်စား ပုရွက်ဆိတ်တို့၏ သမိုင်းတွင် ထူးခြားသော လှုပ်ရှားမှုကို အသုံးပြုသည့် ပထမဆုံး ဝိညာဉ်စား ပုရွက်ဆိတ် ဖြစ်သည်။
ကျွိ! ကျွိ! ကျွိ!
ပုရွက်ဆိတ်များစွာက ပုရွက်ဆိတ်လေး၏ လှုပ်ရှားမှုအား လှောင်ပြောင်ဟန်ဖြင့် တကျွိကျွိနှင့် အော်ဟစ်နေကြသည်။
ဘုရင်အသစ်သည် ပုရွက်ဆိတ်လေး၏ လှုပ်ရှားမှုကို အလွန် စက်ဆုပ်ရွံရှာလေ၏။ သူသည် သူ အနိုင်ယူခဲ့သည့် ပြိုင်ဘက်အား ထပ်မံ၍ အနိုင်ရနိုင်သည်ဟု ယုံကြည်မှု လွန်ကဲနေခဲ့သည်။
ဘုရင်အသစ်သည် ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ ပုရွက်ဆိတ်လေးထံသို့ လှစ်ခနဲ ပြေးဝင်လာသည်။ ထို့နောက် သူသည် သူ၏ ချွန်ထက်သော လက်သည်းများ၏ ပုရွက်ဆိတ်လေး၏ ဦးခေါင်းထံသို့ ကြမ်းကြုတ်စွာ ဝှေ့ယမ်းလိုက်သည်။
ဤသည်ကား အင်မတန် ကြမ်းကြုတ်ရက်စက်သော တိုက်ကွက်တစ်ခု ဖြစ်သည်။ သို့သော် ပုရွက်ဆိတ်လေး၏ မျက်လုံး၌ အထင်သေးသော အကြည့်တစ်ချက် ရိပ်ခနဲ ဖြတ်ပြေးသွားသည်။
ထို့နောက် သူသည် တစ်ဟုန်ထိုး ပြေးတက်လာပြီး ဘုရင်အသစ်၏ တိုက်ကွက်အား ချက်ချင်း ငုံ့ရှောင်လိုက်သည်။
တစ်ခဏအကြာတွင် သူသည် သူ၏ ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်း၍ လျှပ်စီးထက် မြန်သော အလျင်ဖြင့် ဘုရင်အသစ်၏ ခန္ဓာကိုယ်အား မြေကြီးပေါ် လဲကျအောင် ပြုလုပ်လိုက်သည်။
ထိုအချိန်တွင် ပုရွက်ဆိတ်အုံတစ်ခုလုံး တိတ်ကျသွားသည်။ ဝိညာဉ်စား ပုရွက်ဆိတ်အားလုံး ငေးငိုင်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။
ပုရွက်ဆိတ်လေးက ဘုရင်အသစ်အား တစ်ချက်တည်းဖြင့် လဲကျသွားအောင် ပြုလုပ်လိုက်ခြင်းက သူတို့ မှန်းထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
အံ့ဩစရာကောင်းလှ၏။ မကြာသေးခင် အချိန်တုန်းက ပုရွက်ဆိတ်လေးသည် ဘုရင်အသစ်ကြောင့် အကြီးအကျယ် ဒဏ်ရာရခဲ့သည်။
အချိန်တိုလေးအတွင်းမှာပင် ပုရွက်ဆိတ်လေးသည် ဘုရင်အသစ်အား တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်နိုင်နေပြီ။
အိပ်မက်မက်နေသလား အောက်မေ့ရသည်။ ဘုရင်အသစ်သည်လည်း အံ့ဩလို့နေသည်။ ထို့နောက် ဘုရင်အသစ်သည် ဒေါသူပုန်ထလာသည်။
ထို့အပြင် သူသည် ချက်ချင်းဆိုသလို သူ၏ ချွန်ထက်သော လက်သည်းများကို ဝှေ့ယမ်း၍ သူ၏ နာကျင်မှုကို လျစ်လျူရှုကာ ပုရွက်ဆိတ်လေးအား ဆွဲဖြဲရန် ကြံစည်နေသည်။
ထိုစဉ် အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ ပြေးသွားသည်။ ဘုရင်အသစ်၏ ချွန်ထက်သော လက်သည်းများက ချက်ချင်း မလှုပ်မယှက် ဖြစ်သွားသည်။
သူ့မျက်လုံးထဲတွင် အလွန် ထိတ်လန့်နေဟန်များဖြင့် ပြည့်နှက်သွားသည်။ အားလုံး၏ အံ့ဩနေသော အကြည့်အောက်မှာပင် ဘုရင်အသစ်၏ ဦးခေါင်းက သူ့လည်ပင်းမှ တဖြည်းဖြည်း ပြတ်ကျသွားသည်။
ဘုရင်အသစ်သည် တစ်ချက်တည်းဖြင့် ဒဏ်ရာ အပြင်းအထန်ရခဲ့သည်။ ထို့အပြင် နောက်ထပ်တစ်ချက်ဖြင့် သူ ခေါင်းဖြတ်အသတ်ခံလိုက်ရသည်။
….
ဝိညာဉ်စား ပုရွက်ဆိတ်များ အားလုံး အလွန် ထိတ်လန့်သွားကြသည်။ ဤပွဲသည် သူတို့မြင်ဖူးသမျှ ဘုရင်ဖြစ်လိုသူတို့၏ တိုက်ပွဲထဲတွင် အမြန်ဆုံးသော တိုက်ပွဲဖြစ်သည်။
ပုရွက်ဆိတ်လေးက ဘုရင်အသစ်အား နှစ်ချက်တည်းဖြင့် သတ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ် ကောင်းလှ၏။
အခြား ပုရွက်ဆိတ်များအားလုံး သူတို့ မြင်လိုက်ရသည့် အရာကို နားမလည်နိုင်သေးသည့် ဟန်ဖြင့် ခပ်တောင့်တောင့် ဖြစ်နေကြသည်။
သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်နေကြသည်။ သူတို့၏ စိတ်ဝိညာဉ်များ တုန်ခါလို့နေသည်။
ပုရွက်ဆိတ်လေးသည် သူတို့ မြင်ဖူးသမျှထဲတွင် အရက်စက်ဆုံး ဝိညာဉ်စား ပုရွက်ဆိတ်ပင် ဖြစ်သည်။ သူ၏ တိုက်ခိုက်ပုံက ပုရွက်ဆိတ်အုံကြီး၏ အတွေးအမြင်အား ပြောင်းပြန်လှန်လိုက်သလိုပင်။
ဘုရင်အသစ် ထွက်ပေါ်လာပြန်သည်။ ထိုအချိန်တွင် များစွာသော မျိုးနွယ်စုများ သူ့ရှေ့မှောက်၌ ပြားပြားဝပ်နေကြသည်ကို ကြည့်ပြီး ပုရွက်ဆိတ်လေးသည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
သူ လုပ်နိုင်ခဲ့ပြီ။ သူ အရှုံးသမား အဖြစ်ကနေ ဘုရင်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီ။ ဒါသည် သူ၏ ကိုယ်ပိုင် ဂုဏ်ကျက်သရေဖြစ်ပြီး သူ့သခင်က သူ့ကို လက်ဆောင်ပေးသည့် ဂုဏ်ကျက်သရေ ဖြစ်သည်။
ပုရွက်ဆိတ်လေး အလွန်အမင်း တက်ကြွပျော်ရွှင်လို့နေ၏။ သူ၏ သွေးများသည် စိတ်လှုပ်ရှားမှုကြောင့် ပွက်ပွက်ဆူနေပြီး သူ၏ ဆဲလ်များအားလုံးက ကြမ်းကြုတ်စွာ ဟစ်ကြွေးနေသလို ခံစားနေရသည်။
အခြား ပြိုင်ဘက်များ၏ သွေးများဖြင့် သူ၏ ဂုဏ်ကျက်သရေကို ဖန်တီးချင်လာသည်။ ပုရွက်ဆိတ်လေးသည် ပုရွက်ဆိတ်အသိုက်ထဲသို့ မဝင်ဘဲ ပုရွက်ဆိတ်အုံကြီးထံသို့ ရူးသွပ်စွာ ဟစ်အော်လိုက်သည်။
ထို့နောက် သူသည် ပုရွက်ဆိတ် အကောင်ရေ တစ်ထောင်အား နောက်ထပ် ပုရွက်ဆိတ်အုံသို့ ဦးဆောင်၍ ခေါ်သွားသည်။
ပုရွက်ဆိတ်လေးအတွက် ဤသည်မှာ စတင်ခါစ အချိန်သာ ဖြစ်သေးသည်။ သူ နောက်ထပ်ဘုရင်တွေကို အနိုင်ယူချင်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သွေးမုန်တိုင်းတစ်ခုသည် ပုရွက်ဆိတ်အသိုက် အတွင်း၌ ဖြစ်ပေါ်လာသည်။
ဒုတိယ ပုရွက်ဆိတ်အုံ၏ ဘုရင်သည် ပုရွက်ဆိတ်လေးကြောင့် တစ်ချက်တည်းဖြင့် ခေါင်းဖြတ် အသတ်ခံလိုက်ရသည်။ ထို့နောက် တတိယမြောက် ပုရွက်ဆိတ်အုံ၏ ဘုရင်သည်လည်း ပုရွက်ဆိတ်လေးကြောင့် ခေါင်းဖြတ်အသတ်ခံလိုက်ရသည်။
စတုတ္ထမြောက်။ ပဉ္စမမြောက်။
ပုရွက်ဆိတ်လေးသည် သူ၏ လှုပ်ရှားမှုများဖြင့် ပို၍ အသားကျလာသည်။ ထို့အပြင် သူ၏ တိုက်ပွဲဝင် တိုက်ကွက်များသည် ပိုပို၍ ရက်စက်လာသည်။
သူသည် ပုရွက်ဆိတ်ဘုရင်များကို တစ်ကောင်ပြီးတစ်ကောင် အနိုင်ယူခဲ့သည်။ သူသည် အဆုံးမသတ်နိုင်သော ပုရွက်ဆိတ်အုံများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့သည်။
ပုရွက်ဆိတ်လေး ဖြတ်သွားသည့် မည်သည့်နေရာတွင်မဆို သူသည် ပုရွက်ဆိတ်ဘုရင်များ၏ အလောင်းများကို ချန်ထားရစ်ခဲ့ပြီး အခြား ပုရွက်ဆိတ်များ၏ လေးစားခြင်းကို ရယူလေတော့သည်။
ပုရွက်ဆိတ်လေး၏ အဖွဲ့သည် ရူးမတတ် အင်အားတိုးပွားလာသည်။
တစ်ထောင်၊ ထောင့်ငါးရာ ၊ နှစ်ထောင်၊ နှစ်ထောင့်ငါးရာ၊ သုံးထောင်။
တစ်ရက်အတွင်းမှာပင် ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေက ခြောက်ထောင်နီးပါးအထိ ရောက်ရှိသွားသည်။
သူ၏ အင်အားစုက မြေကြီးပေါ်၌ ထူထပ်စွာ ဖုံးလွှမ်းနေသဖြင့် မြေပြင်သည် ပိန်းနက်နေအောင် မှောင်မည်းနေတော့သည်။
သူတို့၏ ချီဓာတ်ကား အင်မတန် ကြောက်လန့်ဖွယ်ကောင်းသည်။
ပုရွက်ဆိတ်လေး၏ ကိုယ်တွင် အခြား ပုရွက်ဆိတ်ဘုရင်များ၏ သွေးများ ဖုံးလွှမ်းနေပြီး သူ၏ ဂုဏ်ကျက်သရေကို ဖော်ပြသလို ဖြစ်နေ၏။
ဤသည်ကို ကြည့်ပြီး ယဲ့ဖန် မချိပြုံး ပြုံးလိုက်ရသည်။ သူ ပုရွက်ဆိတ်လေး၏ အင်အားကို ဒီ့ထက်ပို၍ မချဲ့စေလိုပါ။ အဘယ်ကြောင့်ဆိုသော် တစ်ပိုင်းတစ်စ အရွယ်ရောက်ပြီးနေသော ဝိညာဉ်စား ပုရွက်ဆိတ်များထံမှ ခြိမ်းခြောက်မှုတစ်ခုကို အာရုံခံမိနေသောကြောင့်ပင်။
ထို့ပြင် ပုရွက်ဆိတ်အသိုက်ထဲ၌ ပို၍ အင်အားကြီးသော ပုရွက်ဆိတ်များ ရှိနေသည်။ ယဲ့ဖန်သည် ပုရွက်ဆိတ်လေးအား စွန့်စားရသော လှုပ်ရှားမှုမျိုး မပြုလုပ်စေလိုပါ။
“ကြည့်ရတာ ထွက်သွားဖို့ အချိန်တန်ပြီထင်တယ်”
ယဲ့ဖန်သည် တားမြစ်စနစ်အား တအံ့တဩဖြစ်နေဟန်ဖြင့် မော့ကြည့်လိုက်သည်။
CHAPTER 300 ရှင်ဘုရင် ပြန်ပေါ်လာပြီ
ဝိညာဉ်စား ပုရွက်ဆိတ် အကောင် ခြောက်ထောင်ကို သိမ်းပိုက်စိုးမိုးနိုင်ခဲ့ပြီးနောက် ယဲ့ဖန်သည် ဤနေရာမှ ထွက်ခွာရန် ကြံရွယ်လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်ကို သူ ပြန်တည်ဆောက်ရန် လိုအပ်နေသည်။
*ငါ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ရဦးမှာပါလား*
ယဲ့ဖန်သည် ဒါဇင်နှင့်ချီသော အရွယ်ရောက်ပြီးသား ပုရွက်ဆိတ်များ၏ အလောင်းကို တစ်ချက် ကြည့်လိုက်သည်။ ထိုအလောင်းများသည် သေဆုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ယခုအထိ မူလ အခြေအနေအတိုင်း အကောင်းပတိ ရှိနေသေးသည်။
ထိုအလောင်းများသည် ပုပ်သိုးဆွေးမြည့်ခြင်း မရှိချေ။
“တကယ်လို့များ ငါ့ခန္ဓာကိုယ်ကို ဒီအရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ အလောင်းနဲ့ ပြန်တည်ဆောက်မယ်ဆို ငါ့ခန္ဓာကိုယ်က ကြောက်ဖို့ကောင်းလောက်အောင် မာကြောလာမှာပဲ”
ယဲ့ဖန်၏ မျက်လုံးတွင် အလွန် ရူးသွပ်မှုများနှင့် ပြည့်နှက်လို့နေ၏။ ကမ္ဘာခြား စကြဝဠာတွင် မည်သူမျှ သူတို့၏ ခန္ဓာကိုယ်ကို ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေးအသားများနှင့် ပြန်တည်ဆောက်ရန် ကြံစည်ရဲမည် မဟုတ်ချေ။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် အလွန့်အလွန် ရှားပါးလှသည်။ သူတို့ အရွယ်ရောက်လာပြီးပါက သူတို့ကို သတ်ရန် မဖြစ်နိုင်သလောက် နီးပါး ဖြစ်သွားပြီ ဖြစ်သည်။
အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တစ်ကောင်၏ အလောင်းသည် စကြဝဠာအတွင်း ထိတ်လန့်သွားစေလောက်သည်။ ဒါဇင်နှင့်ချီသော အလောင်းများဆိုလျင် ပြောနေစရာပင် မလိုလောက်ပေ။
“ဒါ တကယ့်ကို ရတနာသိုက်ကြီးပါလား”
ယဲ့ဖန် အလွန် တက်ကြွပျော်ရွှင်သွားသည်။ သူသည် အလောင်းများ ရှိရာသို့ ချက်ချင်းပြေးသွားပြီး မြေကြီးပေါ် ခြေချိတ်ထိုင်ချလိုက်သည်။
တစ်ခဏမျှကြာသော် သူ၏ အရိုးစုအတွင်းမှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အလောင်းများကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
ထို့နောက် ယဲ့ဖန်သည် သူတို့၏ အသွေးအသားများကို စတင်၍ သန့်စင်လေတော့သည်။ ပုရွက်ဆိတ်လေးနှင့် သူ၏ နောက်လိုက် အကောင်ရေ ခြောက်ထောင်က ယဲ့ဖန်ကို စက်ဝိုင်းပုံစံ တစ်ထပ်ပြီးတစ်ထပ် ဝိုင်း၍ အလွန် နိုးနိုးကြားကြားရှိစွာဖြင့် ကာကွယ်ပေးနေကြသည်။
အချိန်က တဖြည်းဖြည်းနှင့် ကုန်လွန်သွားသည်။ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အလောင်းသည် ထူးထူးခြားခြားကို မာကြောလှသည်။
ယဲ့ဖန်က နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာကို အသုံးပြုနေတာတောင်မှ သူတို့၏ အလောင်းများကို သန့်စင်ရန် သူ့အတွက် ခက်ခဲနေသေးသည်။
တစ်လကြာပြီးနောက် ယဲ့ဖန်သည် အလောင်းဆယ်လောင်းကို သန့်စင်သွားခဲ့နိုင်ပြီ ဖြစ်သည်။ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အလောင်းဆယ်လောင်းသည် ပြာအဖြစ် ပြောင်းလဲသွားပြီးနောက် ယဲ့ဖန်၏ ခြေဖဝါးနှင့် ခြေထောက်တို့တွင် အသွေးအသားများ ဖြည်းဖြည်းချင်း ပြန်ပြည့်လာသည်။
နှစ်လကြာပြီးနောက် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ် အလောင်းနှစ်ဆယ်တို့ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ယဲ့ဖန်သည်လည်း သူ၏ ခန္ဓာကိုယ်အောက်ပိုင်းအား ပြန်တည်ဆောက်နိုင်သွားပြီ ဖြစ်သည်။
...
အချိန်ကုန်တာ မြန်လှပေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်တစ်ဝက်ခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။
နောက်ဆုံး အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်၏ အလောင်း ပျက်စီးသွားချိန်တွင် ယဲ့ဖန်၏ ဦးခေါင်း၌ အသွေးအသားများနှင့် ချက်ချင်း ပြည့်နှက်လာသည်။
ယခုအချိန်တွင်တော့ သူသည် အရင်ကနှင့် တစ်ပုံစံတည်းပင်။ သို့သော် သူ၏ အသားအရေသည် ကြေးနီရောင်သန်းနေပြီး သူ၏ ခန္ဓာကိုယ်သည် မာကြောသည့်အပြင် ကြောက်မက်ဖွယ် ကောင်းသော ချီဓာတ်ကို ထုတ်ဖော်နေသည်။
ထို့ပြင် သူသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ မာကြောသော အစိတ်အပိုင်းများကို အသုံးပြု၍ နတ်ဆိုး ချပ်ဝပ်တန်ဆာ တစ်စုံကို တည်ဆောက်ခဲ့သည်။
ထိုချပ်ဝတ်ကို ဝတ်ဆင်ထားသဖြင့် သူသည် နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် သဏ္ဌာန်တူနေလေသည်။
သူသည် ဒဏ္ဍာရီအဆင့်များနှင့် ဒဏ္ဍာရီလာအဆင့်များကို သူ၏ သန်မာသော ချီဓာတ်တစ်ခုတည်းဖြင့် အနိုင်ယူနိုင်နေပြီ ဖြစ်သည်။
“သန်မာလာရတာက တကယ့်ကို ခံစားလို့ကောင်းတာပဲ”
ယဲ့ဖန်၏ နက်မှောင်နေသော မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းလောက်သည့် အေးစက်စက် အကြည့်များကို ထုတ်ဖော် နေသည်။
ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်ရှိသော သူကိုတောင် လက်သီး တစ်ချက်တည်းဖြင့် တစ်စစီ ပေါက်ကွဲထွက်သွားအောင် လုပ်နိုင် နေပြီဟု ခံစားနေရသည်။
“ဒီနေရာက ထွက်ဖို့ အချိန်တန်ပြီ”
ယဲ့ဖန် အသာအယာပြုံး၍ ပြောလိုက်သည်။ သေမင်း နှုတ်ခမ်းဝ၌ အသက်ရှင်ခဲ့ပြီးနောက် သူ့အရင်ဘဝကထက် ပို၍ သန်မာလာရမည်ဟု ဆုံးဖြတ်ထားသည်။
ထို့နောက် သူသည် သူ့လက်မောင်းကို လှုပ်ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပုရွက်ဆိတ်လေးနှင့် ဝိညာဉ်စား ပုရွက်ဆိတ်အကောင် ခြောက်ထောင်အဖွဲ့ကြီးက သူ့အင်္ကျီလက်အတွင်းသို့ လှစ်ခနဲ ဝင်လာကြသည်။
ထို့နောက် သူ ရှေ့သို့ လျှောက်သွားလိုက်သည်။ သူ့ခြေလှမ်းများက ချီဓာတ်လှိုင်းများကို ဖြစ်ပေါ်လာစေပြီး ကျန်ပုရွက်ဆိတ်အုံများကို ဒေါသထွက်သွားစေသည်။
သူတို့သည် ယဲ့ဖန်ကို မြင်လိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ သူတို့ ဘိုးဘေးတို့၏ ချီဓာတ်များကို အာရုံခံမိသဖြင့် တစ်ခဏမျှ မှင်တက်သွားကြသည်။
….
ဝိညာဉ်စား ပုရွက်ဆိတ်အားလုံး မှင်တက်သွားပြီးနောက် နောက်မှ လိုက်နေရာမှ ရပ်တန့်ကာ အနားသို့ မကပ်ရဲကြတော့ပေ။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန် ပြုံးလိုက်မိသည်။ ထို့နောက် သူသည် ခြေဆောင့်နင်းလိုက်ပြီး အပေါ်သို့ ခုန်တက်လိုက်သည်။
“ပွင့်စမ်း”
များပြားသော နတ်ဆိုးချီဓာတ်များက တားမြစ်စနစ်အတွင်းသို့ ဝင်တိုးသွားသည်။ ဂျွတ်ခနဲ အသံနှင့်အတူ တားမြစ်စနစ် ပတ်လည်၌ အပေါက်တစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။
ယဲ့ဖန်သည် ချက်ချင်းဆိုသလို မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးလိုက်သည်။ တစ်ခဏကြာသော် တားမြစ်စနစ်က ပြန်ပိတ်သွားသည်။
နှစ်တစ်ဝက်ကြာပြီးနောက် နောက်ဆုံးတွင် ရှင်ဘုရင် ပြန်လာပြီ ဖြစ်သည်။
….
နှစ်တစ်ဝက်အတွင်း ကမ္ဘာမြေပေါ်မှ အစီအစဉ်များသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့လေသည်။ ဤကာလအတွင်း ရေခီစွမ်းအင်သည် ကမ္ဘာတစ်ဝန်း၌ နေ့တိုင်းနေ့တိုင်း တိုးပွား လာခဲ့သည်။
တောထဲတွင် သားရဲဘုရင်များက တစ်ကောင်နှင့်တစ်ကောင် ကြမ်းတမ်းစွာ တိုက်ခိုက်ကြသည်။
ရေထဲတွင် သားရဲဧကရာဇ်များကို ရှာတွေ့ခဲ့ကြသည်။ မှင်စာ များသည် သူတို့ခွန်အားကို ပြန်လည်ရရှိသွားပြီ ဖြစ်သည်။
ပင်လယ်ကွေ့နိုင်ငံများ တစ်ခုပြီးတစ်ခု ကျဆုံးသွားခဲ့ကြသည်။ ရှေးဟောင်းကလန်များသည် သူတို့၏ သန့်စင်မွန်မြတ်သော နယ်မြေများမှ ထွက်ပေါ်လာကြခဲ့ကြသည်။
လူသားနှင့် မှင်စာများကြား၌ ကြမ်းတမ်းသော စစ်ပွဲ ဖြစ်ပွားခဲ့ကြသည်။ လူတိုင်းသည် သိုင်းကျင့်ကြံခြင်း လောကသို့ ဝင်ရောက်လာခဲ့ကြသည်။
ပါရမီရှင်များနှင့် သိုင်းပညာရှင်များသည် နေရာတိုင်း၌ ထင်ရှားစွာ ရှိလာပြီဖြစ်သည်။
လူတိုင်းသည် ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်နေကြသည်။
ဧည့်လမ်းညွှန်တစ်ယောက်က ခရီးသွားတစ်ဖွဲ့ကို ဦးဆောင်၍ အိပ်မက်ဆိုး ချောက်ကမ်းပါးသို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
ခရီးသွားများအားလုံးသည် ဟွာရှ ကျန်းနန်စီရင်စု ကောလိပ်မှ ပထမနှစ် ကျောင်းသားကျောင်းသူများ ဖြစ်ကြသည်။
“ကျောင်းသားတို့ … ကျွန်တော်တို့ ရောက်ပါပြီဗျ”
“အိပ်မက်ဆိုး ချောက်ကမ်းပါးက သေမင်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ တားမြစ်ဒေသ တစ်ခုပါ။ ဒါက အလွန် ထူးဆန်းပါတယ်။ အရင် အိပ်မက်ဆိုးဘုရင်သာမက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန်လည်း လွန်ခဲ့တဲ့ နှစ်ဝက်က ဒီနေရာမှာ သေဆုံးခဲ့ပါတယ်”
*ဟွာရှ ယဲ့ဖန်*
ဟွာရှ ပြည်သူများသည် သူ့နာမည်ကို မေ့လုနီးပါး ဖြစ်နေကြသည်။ နှစ်တစ်ဝက် အတောအတွင်း ကိစ္စအများအပြား ဖြစ်ပွားခဲ့သည်။
လူတိုင်းသည် လက်ရှိ ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်က ရီကျန့်ထျန်းသာ ဖြစ်သည်ကို သိကြတော့သည်။
“ဟေး … ယုဖေး … မင်းက ယဲ့ဖန်နဲ့ သိတယ်လို့ ပြောကြတယ် ဟုတ်လား”
ထိုစဉ် ကျောင်းသား တစ်ယောက်က ကျောင်းသူတစ်ယောက်ကို မေးလိုက်သည်။ ထိုကျောင်းသူသည် ယုဖေး ဖြစ်သည်။ သူမသည် ကောလိပ် ပထမနှစ် ကျောင်းသူဖြစ်နေပြီး ကြယ်တစ်လုံးအဆင့် သိုင်းပညာရှင်လည်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူမသည် သာမန်လူအဖြစ်မှ ကြယ်တစ်လုံးအဆင့် သိုင်းပညာရှင်အဖြစ်သို့ အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ အလွန် အံ့ဩဖွယ်ကောင်းလှသည်။ သို့သော် လက်ရှိ ပတ်ဝန်းကျင် လောကကြီးသည် ရေခီစွမ်းအင်များနှင့် ပြည့်နှက်နေသဖြင့် သူမ၏ အဆင့်တက်နှုန်းသည် သာမန်မျှသာ ဖြစ်သည်။
အဓိက ကလန်များစွာ၏ တပည့်များစွာတို့သည့် စိတ်ဝိညာဉ် ဆေးပင် သို့မဟုတ် အင်မော်တယ် အသီးများကို မှီဝဲပြီး ဆရာသခင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
သူ့စကားကြောင့် ယုဖေး မျက်နှာ တစ်မျိုး ဖြစ်သွားသည်။
*ယဲ့ဖန်*
ထိုနာမည်က သူမဘဝကို ပြောင်းလဲခဲ့သည်။ ယခင်က သူမသည် ယဲ့ဖန်အား ဒီအတိုင်း ယဲ့ကလန်၏ စွန့်ပစ်ခြင်း ခံထားရသော သုံးစားမရသည့် တရားမဝင်သားဟု ထင်ခဲ့မိသည်။ သူသည် ဒီအတိုင်း ကံကောင်းနေခဲ့ခြင်းသာ ဖြစ်သည်ဟု သူက တစ်ချိန်က တွေးခဲ့မိသည်။
သို့သော် သူသည် လူများစွာ၏ နှလုံးသားထဲ၌ နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သူသည် ဟွာရှ သိုင်းပညာရှင် အားလုံးနီးပါး လေးစားရသည့် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ခဲ့သည်။
“နှစ်ဝက်တောင် ရှိနေပြီနော် … ရှင် အဲ့ဒီမှာ အဆင်ပြေရဲ့လား …”
ယုဖေးသည် အိပ်မက်ဆိုး ချောက်ကမ်းပါးအား ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေရင်း ရေရွတ်လိုက်မိသည်။
ယုဖေး၏ အမူအရာကို မြင်သည်နှင့် သူမဘေးမှ အရပ်ရှည်ရှည်နှင့် ခပ်ချောချော လူငယ်လေးက ချက်ချင်းဆိုသလို အထင်သေးသည့် အကြည့်များဖြင့် ပြောလာသည်။
“ယုဖေး … မင်း ဝမ်းနည်းစရာ မလိုပါဘူး။ သူက တကယ် သန်မာပါတယ်။ ဒါပေမယ့် အခုခေတ်မှာ လူတိုင်းက သိုင်းကျင့်ကြံနေကြပြီလေ။ သိုင်းလောကမှာ ငါ့လို ပါရမီရှင်တွေ အများကြီးပဲ။ ငါ အနာဂတ်မှာ သေချာပေါက် သူ့ထက် အဆ တစ်ထောင်မက အဆ တစ်သောင်းလောက်တောင် သန်မာနိုင်တယ်”
ထိုသို့ပြောနေသော လူငယ်လေးသည် ကျန်းနန်ကောလိပ် ပထမနှစ် ကျောင်းသားများကြား၌ အတော်ဆုံး ပင်ကိုယ် အစွမ်းအစနှင့် အကောင်းဆုံး ကျင့်ကြံခြင်း အခြေခံ ရှိသော ပါရမီရှင် ဖြစ်သည်။
စိတ်ဝိညာဉ် သစ်သီးများအား မှီဝဲပြီးနောက် သူ၏ ကျင့်ကြံခြင်း အဆင့်သည် ဒဏ္ဍာရီ တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့စကားကြောင့် ယုဖေးက အလွန် ရွံရှာသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“သူ ဘယ်လောက် သန်မာခဲ့တယ်ဆိုတာကို နင် ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး။ သူ ဘယ်လောက် ရက်စက် ကြမ်းကြုတ်တယ်ဆိုတာကို နင် သိနိုင်မှာ မဟုတ်ဘူး”
*ဘာ*
သူမစကားကြောင့် အရပ်ရှည်ရှည်နှင့် ခပ်ချောချော လူငယ်လေး တဒင်္ဂမျှ မှင်တက်သွားရသည်။ ထို့နောက် သူက သုန်မှုန်နေသော မျက်နှာထားနှင့် ပြန်ချေပလိုက်သည်။
“ဟုတ်လား … အဲ့တော့ ဘာဖြစ်လဲ။ သူက အဲ့ချောက်ကမ်းပါးအောက်မှာ သေသွားပြီလေ။ သူက ဒီအတိုင်း ဘာမှ သုံးစားမရတဲ့ကောင်လို့ ငါ ထင်တာပဲ။ သူက ဘယ်တော့မှ ဟွာရှနိုင်ငံရဲ့ သောက်နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာမှာ မဟုတ်ဘူး။ ငါ သူတို့ရဲ့ ဖြီးလုံးတွေကို လုံးဝ မယုံဘူး”
“သူသာ အသက်ရှင်နေသေးရင် ငါ သူ့ကို လက်သီးတစ်ချက်တည်းနဲ့ ပေါက်ကွဲအောင် လုပ်နိုင်တယ်”
အရပ်ရှည်ရှည်နှင့် လူငယ်လေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ သူသည် သူ ကျင့်ကြံခြင်း စတင်၍ လုပ်ဆောင်ကတည်းက သူနှင့် အဆင့်တူသည့် အခြားသူများကြားတွင် ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူသည် အမြဲ လေလုံးထွား ပြုမူနေခဲ့ပြီး လူတိုင်းအား သိမ်ငယ်စေခဲ့သည်။
သို့သော် သူ့စကားအဆုံးတွင် တစ်ဖွဲ့လုံး ငြိမ်ကျသွားသည်ကို သူ သတိထားလိုက်မိသည်။ ယုဖေးနှင့် အခြားကျောင်းသားကျောင်းသူများသည် ချောက်ကမ်းပါးအစွန်းအား မျက်လုံးပြူး မျက်ဆံပြူးဖြင့် ဝိုင်းကြည့်နေကြသည်။
စာစဉ် (20) ဤတွင် ပြီးပါပြီ။