အခန်း (၃၀၇-၃၀၉)
Vol. 21 Ch. 307-309
CHAPTER 307 ကြောက်မက်ဖွယ်ရာပါလား
“ယဲ့ဖန် ပြန်လာပြီတဲ့”
ထိုသတင်းကို ကြားလိုက်ရပြီးနောက် ကောင်း အိမ်တော်တစ်ခုလုံး သုသာန်အလား တိတ်ဆိတ်လို့ သွားသည်။
ခွမ်း!
ဓားသမားဂိုဏ်းသား တစ်ယောက်သည် ကြောက်စိတ်ကြောင့် လက်ထဲမှ ဝိုင်ပုလင်းကို လွှတ်ချလိုက်မိသည်။
တိတ်ဆိတ်ခြင်း။
ခြံဝန်းတစ်ခုလုံး အလွန် တိတ်ကျသွားသဖြင့် ယဲ့ဖန်၏ နာမည်က အံ့ဖွယ်ကောင်းလှပုံရသည်။ ကောင်းရှန့် တောင်မှ တုန်ယင်သွားကြသည်။
ထို့နောက် သူသည် ဓားသမားဂိုဏ်း၏ တပည့်အား စိုက်ကြည့်ကာ ပြင်းထန်၊ ကြမ်းကြုတ်သော မျက်လုံး များဖြင့် မေးလိုက်သည်။
“မင်း သေသွားတဲ့ ယဲ့ဖန်ကို မေးနေတာလား”
သူ၏ ခက်ထန်သော အမေးကြောင့် ဓားသမားဂိုဏ်းမှ တပည့်သည် တုန်ယင်လာပြီး သွေးကြောင်နေသော မျက်နှာနှင့် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်၊ သခင်လေး။ သေသွားတဲ့ ယဲ့ဖန်ကို ပြောတာပါ၊ သူ ပြန်ရောက်လာပါပြီ၊ အဲ့သတင်းကို ရပြီးတာနဲ့ ဓားသမားဂိုဏ်းရဲ့ တပည့်တော်တော် များများက သူ့ကို သွားပြီး တားဆီးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက ဘယ်သူမှ ပြန်မလာ နိုင်ခဲ့ပါဘူး”
…
ထိုသတင်းကို ကြားပြီးနောက် ကောင်းအိမ်တော်ထဲမှ လူများအားလုံး ငေးငိုင်သွားကြသည်။ ဓားသမား ဂိုဏ်းမှ တပည့်များစွာ ကြက်သီးမွေးညင်း ထလာ ကြသည်။
သူတို့သည် ယဲ့ဖန်၏ ဂုဏ်သတင်းနှင့် မြင့်မြတ်သော တိုက်ပွဲဝင် စွမ်းရည်တို့အား ကြားဖူးထားခဲ့ ကြသည်မှာ ကြာလှပြီ ဖြစ်သည်။
ပြန်ရောက်လာသည်နှင့် သူက သေချာပေါက်ကို သွေးထွက်သံယို တိုက်ပွဲတစ်ပွဲကို ဖြစ်ပွားစေခဲ့ပြီ ဖြစ်သည်။
ဓားသမားဂိုဏ်းမှ တပည့်များနှင့် ဆန့်ကျင်ဘက် တွင်တော့ ဝေ့ဖန်းနှင့် အခြားသူ လေးယောက် တို့သည် ထိုသတင်းကို ကြားပြီးနောက် ပျော်ရွှင်ကာ မျက်ရည်စို့ တက်လာကြသည်။
အကြောက်အလန့်ကင်းသော လူတစ်ယောက် ဖြစ်သော ဝေ့ဖန်းသည် သူ နှိပ်စက်ခံရစဉ်က တစက် ကလေးမျှ မျက်ရည်မကျခဲ့ပေ။ သို့သော် ယခုအချိန် တွင်တော့ သူ့မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလျက် ရှိသည်။
မြေကြီးပေါ် ဒူးထောက်နေရင်း ငိုကြွေးနေသော မျက်နှာနှင့် သူ ပြောလိုက်မိသည်။
“ဘုရားသခင်က ငါတို့ကို ကောင်းချီးပေးပြီ၊ ငါတို့သခင်ကြီး ဘာဘေးအန္တရာယ်မှ မကြုံရဘဲ ပြန်လာပြီ။ သူက ကျန်တဲ့ရန်သူတွေကို လူသတ် စက်ကြီးလို သေချာပေါက် သတ်ပစ်မှာပဲ”
“ဓားသမားဂိုဏ်း ၊ မင်းတို့ မကြာခင် သုတ်သင်ခံရ တော့မှာကွ … ဟားဟား”
ဝေ့ဖန်းသည် ရူးနေသော နတ်ဆိုးတစ်ကောင်ကဲ့သို့ ငိုလိုက်ရယ်လိုက် ဖြစ်နေသည်။ ဒေါက်တာရှု၊ မာစတာလင်၊ ယဲ့ဖန့်ချန်နှင့် ပိုင်ရှုံးတို့သည်လည်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်ကာ တီးတိုး ရေရွတ်နေ ကြသည်။
“သူ ပြန်လာပြီ၊ နောက်ဆုံးတော့ သူ ပြန်လာပြီပဲ”
သူတို့အားလုံး နှစ်ဝက်ခန့် နှိပ်စက်ညှင်းပန်းမှုကို တောင့်ခံပြီး ဤကဲ့သို့ အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
ယခုတော့ သူတို့သခင်ကြီး ပြန်ရောက်လာလေပြီ။
“သ…သခင်လေး ယဲ့ဖန်က နတ်ဆိုးနော်။ သူ့ကြောင့် အသတ်ခံလိုက်ရတဲ့ ဘယ်သူမဆို အလောင်းက အပြည့်အစုံ မကျန်ရစ်ခဲ့ဘူးလို့ ပြောကြတယ်”
ဓားသမားဂိုဏ်း၏ တပည့်တစ်ယောက်က ကြောက်စိတ် မွှန်ကာ ကောင်းရှန့်အား ပြောလာ သည်။
“ဘာ … ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ ကျွန်တော်တို့ ထွက်ပြေးသင့်လား။ ကျွန်တော်တို့ ဓားသမားဂိုဏ်း ဌာနချုပ်ကို ပြန်ပြီးတော့ သူ့ကို သတ်ဖို့ ဂိုဏ်းချုပ်ကို ဖိတ်ခေါ်လို့ ရတယ်လေ”
ထိုတပည့်၏ အကြံပေးစကားကို ကြားပြီး ကျန်သူများအားလုံး ခေါင်းညိတ်လာကြသည်။ သူတို့ တကယ့်နတ်ဆိုးနှင့် ရန်သူ မဖြစ်လိုပါ။ ထို့နောက် သူတို့အားလုံး ကောင်းရှန့်အား မျှော်လင့်တကြီး ကြည့်နေကြသည်။
ဘုန်း!
ထိုစဉ် ကောင်းရှန့်က ထိုတပည့်အား အားနှင့် ပိတ်ကန်လိုက်သဖြင့် အော်ချိန်ပင် မရလိုက်ဘဲ လွင့်ထွက် သွားရသည်။
“ီးပဲ”
ကောင်းရှန့် ဒေါသမီးတို့ တောက်လောင်လာရသည်။ သူ နှစ်ဝက်လောက် တည်ဆောက်ခဲ့ရသည့် ဂုဏ်သတင်းက ယဲ့ဖန် ပြန်ရောက်လာသော သတင်းကြောင့် သေးနုပ်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ထို့ကြောင့် သူသည် အလွန်ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သည့် မျက်လုံးများဖြင့် ကြုံးဝါး လိုက်သည်။
“ယဲ့ဖန်လား၊ အဲ့တော့ ဘာဖြစ်လဲ၊ ဒါ သူ့နယ်မြေမှ မဟုတ်တော့တာ”
“ဒဏ္ဍာရီလာ အဆင့်ကို အဆင့်တက်နိုင်ခဲ့ ပြီးနောက်ပိုင်း ငါ့ရဲ့ အကြီးမားဆုံး နောင်တက အဲ့ခွေးမသားကို ငါ့လက်နဲ့ မသတ်လိုက်ရတာပဲ။ အခု သူ အသက်ရှင်နေသေးတယ်ဆိုတော့ ငါ အလှောင်ခံ ခဲ့ရတာတွေ အတွက် ငါ သူ့အရေခွံကို ခွာပြီး သူ့ကြွက်သား တွေကို ဆွဲထုတ်ပစ်မယ်”
ထိုသို့ပြောပြီး သူက အခြားသူများအား အော်ဟစ် လိုက်သည်။
“ငါ့အမိန့်ကို နာခံစမ်း ၊ ယဲ့ဖန်ကို ဝိုင်းတိုက်ဖို့ ကျန်းရှီ မြို့က ဓားသမားဂိုဏ်းရဲ့ တပည့်အားလုံးကို စုစည်း လိုက်”
“မဟာ စောင့်ရှောက်သူ လေးယောက်ကို ဖိတ်ခေါ် လိုက်”
*မဟာစောင့်ရှောက်သူ*
သူ့အမိန့်ကို ကြားပြီးနောက် ဘေးပတ်လည်မှ တပည့်များ အားလုံး ရုတ်တရက် မျှော်လင့်ချက် ရောင်ခြည် တောက်ပလာ၏။
ထိုလူလေးယောက်သည် လွန်ခဲ့သည့် နှစ်ဝက်က ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ယခုအခါတွင် သူတို့က ဒဏ္ဍာရီလာ အဆင့်သို့ အဆင့်တက်သွားခဲ့ပြီးပြီ ဖြစ်သည်။
သူတို့ နှစ်ဝက်လုံး တံခါးပိတ် ကျင့်ကြံနေသော်လည်း သူတို့သည် ဓားသမားဂိုဏ်း၏ တပည့်များကြား၌ ဂုဏ်သတင်း ကြီးမားလေသည်။
ထိုလူလေးယောက်သာ ကောင်းရှန့်နှင့် ပူးပေါင်း လိုက်ပါက သူတို့၌ ဒဏ္ဍာရီလာအဆင့် ငါးယောက် ရှိပြီဖြစ်သည်။
ထို့ပြင် ဓားသမားဂိုဏ်း၏ တပည့်များအားလုံး ယဲ့ဖန်၏ တိုက်ပွဲဝင် စွမ်းရည်အပေါ် ကြောက်လန့် နေမှုများ လျော့နည်း လာကြသည်။ ဒဏ္ဍာရီလာ အဆင့် ငါးယောက်လုံး သာမန် တိုက်ကွက်လေး တစ်ကွက် ထုတ်လိုက်ရုံနှင့် ယဲ့ဖန်သည် ဘယ်လောက် အင်အားကြီးမားပါစေ သေချာပေါက် သေရလိမ့်မည်ပင်။
ခြံဝန်းထဲမှ ဓားသမားဂိုဏ်း၏ တပည့်များအားလုံး ချက်ချင်း တက်ကြွလာကြသည်။ ဝေ့ဖန်းနှင့် အခြားသူများ ကတော့ ဖြူဖပ်ဖြူရော် ဖြစ်လာကာ ထပ်မံ၍ စိတ်ညစ်သွားကြသည်။
…
ထိုသို့ဖြစ်နေစဉ်တွင် ကျန်းရှီမြို့၏ လမ်းမများပေါ်၌ များစွာသော သိုင်းပညာရှင်များ ပေါ်ထွက်လို့ လာနေသည်။ သူတို့အားလုံးသည် ဟွာရှနိုင်ငံမှ နံပါတ်တစ် သိုင်းပညာရှင်၏ လွှမ်းမိုးနိုင်သော မျက်နှာကို မြင်လို၍ ရောက်ရှိလာခြင်း ဖြစ်သည်။
ထို့အပြင် ယဲ့ဖန်၏ နောက်မှ ညအဖွဲ့ လူဦးရေ သည်လည်း လူငါးရာထက် ကျော်သွားပြီ ဖြစ်သည်။
မည်မျှ ထည်ဝါလိုက်သည့် ချီဓာတ်ပါလိမ့်။
သူတို့ အတူတကွ လမ်းလျှောက်လာချိန်တွင် သူတို့၏ ချီဓာတ်များက လေနှင့်အတူ မျောလွင့်လာသည်။ ညအဖွဲ့သားတိုင်း၏ စိတ်ထဲ၌ မုန်းတီးမှုနှင့် ရူးသွပ်မှု များဖြင့် ပြည့်နှက်လို့နေသည်။
လွန်ခဲ့သည့် နှစ်ဝက်က သူတို့ လှောင်ပြောင်ခံခဲ့ ရသည်များကို သူတို့ရန်သူ၏ ဝိညာဉ်များဖြင့် လက်စားချေ လိုကြသဖြင့် သွေးများ ပွက်ပွက်ဆူ နေကြသည်။
ယဲ့ဖန်၏ အဖွဲ့က ကောင်းအိမ်တော်နှင့် နီးကပ် လာချိန်တွင် လမ်းဆုံလမ်းခွတစ်ခု၌ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ထောင် ကျော်ဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ဓားသမားဂိုဏ်းမှ တပည့်များ ဖြစ်ကြလေသည်။
လူတိုင်း သိုင်းကျင့်ကြံသည့် ခေတ်အစဖြစ်သဖြင့် စမ်းချောင်းထဲ၌ ငါးများ ခုန်ပျံကူးခတ် နေသည့်အလား လူများစွာတို့သည် ဓားသမား ဂိုဏ်းထဲသို့ တဖွဲဖွဲ ဝင်ရောက်ခဲ့ကြသည်။
နိုင်ငံတစ်ဝန်း၌ ဓားသမားဂိုဏ်း၏ တပည့်များ ထောင်သောင်းနှင့်ချီ၍ ရှိလေသည်။ ကျန်းရှီမြို့ရှိ ဓားသမားဂိုဏ်း၌ သိုင်းပညာရှင်ပေါင်း အယောက် တစ်ထောင်ကျော်ရှိပြီး သူတို့ထဲမှ အများစုသည် ဆရာသခင်အဆင့်နှင့် ဒဏ္ဍာရီအဆင့်များ ဖြစ်ကြသည်။
သူတို့ အတူတကွ ရပ်နေကြသည့်အခါတွင် သူတို့၏ တိုးပွားလာသော ကြမ်းကြုတ်သည့် ချီဓာတ်များက ဖိနှိပ်နိုင်လာသည်။
“ယဲ့ဖန် သွားသေလိုက်တော့”
ယဲ့ဖန်နှင့် သူ့နောက်လိုက်များ နီးကပ်လာချိန်တွင် တပည့် အဖွဲ့သားများက ဆူနာမီကဲ့သို့ အဟန့်ကောင်းသော ဟန်ပန်တို့ဖြင့် ရုတ်တရက် ထအော် လေသည်။
ချွင်!
ဓားသမားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်တို့က သူတို့၏ အေးစက်သော ဓားများကို ကြောက်မက် ဖွယ် အမူအရာဖြင့် ဆွဲထုတ် လာကြသည်။
ဘေးပတ်လည်မှ ဖြတ်သွားဖြတ်လာလူများအားလုံး မှင်တက် သွားကြသည်။ ဓားသမားဂိုဏ်း၏ ဖိနှိပ်နိုင်သော သိုင်းပညာရှင်များကို ကြည့်ပြီး သူတို့အားလုံး ကြောက်စိတ်မွှန်လာကြသည်။
ဝိုင်း၍ လုပ်ကြံခြင်းပါလား။
ဓားသမားဂိုဏ်းက ဝိုင်းဖွဲ့၍ ယဲ့ဖန်အား တတ်နိုင်သမျှ မြန်မြန် သတ်ချင်နေသည်မှာ သိသာလှပေ၏။ သို့သော် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ယဲ့ဖန်သည် ဂိုဏ်းသားများကို လျစ်လျူရှုထားသည်။ ထို့အပြင် သူက ရှေ့သို့ ဆက်တိုးလာပြီး သူ့နောက်မှ ညအဖွဲ့သားများကလည်း တုံ့နှေးချင်းမရှိ လိုက်ပါလာ ကြသည်။
….
ဤမြင်ကွင်းက ဖြတ်သွားဖြတ်လာများကို ထိတ်လန့် သွားစေရုံ သာမက ဓားသမားဂိုဏ်း၏ တပည့် တစ်ထောင် ကျော်ကိုပါ ဒေါသထွက်သွားစေခဲ့သည်။
“သွားသေလိုက်တော့”
ဓားသမားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်က ထိုသို့ကြုံးဝါးပြီး သူတို့၏ တောက်ပသော ဓားများကို ဝင့်၍ ယဲ့ဖန်ထံသို့ ရေလှိုင်းသဖွယ် ပြေးဝင်လာ ကြသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ခက်ထန်သော လေသံဖြင့် ပြောလာသည်။
“မင်းတို့က သေချင်နေတာပဲ”
ထို့နောက် သူက လက်ကို ခါ၍ အမိန့်ပေးလိုက်သည်။
“သူတို့အားလုံးကို သတ်လိုက်”
သူ့အမိန့်အဆုံးတွင် များစွာသော အနက်ရောင် အလင်းတန်းများက ချက်ချင်း ထွက်ပေါ်လာသည်။ ပုရွက်ဆိတ် တပ်ဖွဲ့ကြီးသည် ငရဲမှ လူသတ် လက်နက်များသဖွယ် ထွက်ပေါ်လာကြသည်။
နောက်ထပ် ဖြစ်ပွားလာသည့် အဖြစ်အပျက်က ဘေးမှ ကြည့်နေသူများအား သွေးပျက်သွား စေခဲ့သည်။ ရုတ်တရက် အနက်ရောင် အလင်းတန်း များက ဓားသမားဂိုဏ်း၏ တပည့်အဖွဲ့များနှင့် ထိတွေ့မိ သွားပြီးနောက် သူတို့အား အရူးအမူး စားသုံးလေ တော့သည်။
ထို့ကြောင့် ဓားသမားဂိုဏ်း၏ တပည့်များအားလုံး တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် လဲကျသွားကြသည်။
သေမင်းနတ်ဘုရား ဆင်းသက်လို့ လာချေပြီ။ ပြင်းထန်သော အော်သံများ ကျန်းရှီမြို့တွင်း၌ ပဲ့တင်ထပ် လာပြီးနောက်တွင် ဓားသမားဂိုဏ်း၏ တပည့်များ အားလုံး သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွား လေတော့သည်။
ဆယ်ယောက်၊ အယောက်ငါးဆယ်၊ အယောက် တစ်ရာ၊ အယောက်နှစ်ရာ။
….
ထိုအချိန်တွင် သွေးနှင့် အော်သံများ ပေါင်းစပ် နေမှုကြောင့် လမ်းဆုံလမ်းခွကြီးသည် သားသတ်ရုံ အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။ တစ်မိနစ် အတွင်းမှာပင် ကြောက်လန့်တကြား ထွက်ပြေး နေသော ဓားသမားဂိုဏ်း၏ နောက်ဆုံးတပည့် အယောက် တစ်ရာတို့ ဝါးမျိုခံလိုက်ရပြီးနောက် လမ်းဆုံတစ်ခုလုံး သွေးစီးနေသော မြစ်တစ်ခုကဲ့သို့ ကူးပြောင်း သွားလေတော့သည်။
သေပြီ၊ သူတို့အားလုံး သေကုန်ပြီ။
တစ်မိနစ်လေး အတွင်းမှာပင် ဓားသမားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်လုံး အသတ်ခံလိုက်ရပြီး မည်သည့် ကိုယ်အင်္ဂါ အစိတ်အပိုင်းမှ မကျန်ရစ်ခဲ့ပေ။
…
ဘေးပတ်လည်မှ လူများအားလုံး နွေခေါင်ခေါင်၌ မိုးကြိုးပစ် ခံလိုက်ရသလို ထိတ်လန့်သွားကြသည်။
“မဖြစ်နိုင်ဘူး၊ သေပြီ၊ သူတို့အားလုံး ဝါးမျိုခံ လိုက်ရပြီ၊ သူ … သူတို့က ပုရွက်ဆိတ်ဆိုတာထက် နတ်ဆိုးတွေနဲ့ ပိုတူနေတယ်”
ဘေးမှလူများ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် သလို ဖြစ်နေကြသည်။ မည်သည့်သားရဲကမှ ဤမျှ မြန်မြန်ဆန်ဆန် မသတ်ဖြတ်နိုင်ပါ။
သို့သော် ယခုအခါတွင်တော့ …. ချက်ချင်းဆို သလိုပင် ဘေးမှလူများ၏ စိတ်ထဲတွင် ကြောက်စိတ် များဖြင့် ပြည့်နှက်လာကြသည်။
CHAPTER 308 သူတို့ မင်းကို တမလွန်မှာ စောင့်နေပါတယ်
ထိုသို့သောအချိန်တွင် ကျန်းရှီမြို့ရှိ လမ်းမထက်တွင် သွေးနံ့များ လှိုင်လှိုင်ထလို့နေ၏။ ဓားသမားဂိုဏ်း၏ တပည့်တစ်ထောင်ကျော်၏ သွေးများဖြင့် သွေးမြစ် တစ်စင်း ဖြစ်ပေါ်လို့လာသည်။
စိတ်မချမ်းမသာဖြစ်စေလှသည်။
ကျန်းရှီမြို့ရှိ တိုက်ခိုက်ရေးသမား အားလုံး အသက်ရှူ ရပ်မတတ် ဖြစ်ကာ ကမ္ဘာ့ဆွဲအား၏ ဆွဲငင်ခြင်းကို ခံရသကဲ့သို့ ရင်လေးလာကြသည်။
ဓားသမားဂိုဏ်း၏ မည်သည့်တပည့်မျှ ဤနှစ်ဝက် အတွင်း အသတ်မခံခဲ့ရပေ။ သို့သော် ယခုအခါတွင် တစ်မိနစ် အတွင်း ဓားသမားဂိုဏ်း၏ တပည့်များ အားလုံး လမ်းမပေါ်၌ ဝါးမျိုခံလိုက်ရပြီ ဖြစ်သည်။
မြန်ဆန်လှသော တိုက်ပွဲကြောင့် ဘေးမှ ကြည့်နေ သူများ သေမတတ် ထိတ်လန့်သွားရသည်။
“ဟွာရှနိုင်ငံတော့ … နောက်ထပ် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုနဲ့ ကြုံရတော့မှာပဲ”
ကျန်းရှီမြို့ရှိ တိုက်ခိုက်ရေးသမားများ အားလုံး မျက်ခုံး တလှုပ်လှုပ် ဖြစ်နေကြသည်။ သူတို့အားလုံး လမ်းတစ်လျှောက်၌ လေပြင်းတိုက်ခတ်၍ သွေးမိုးရွာ တော့မည်ကို ရိပ်စားမိနေကြသည်။
ကျန်းရှီ မြို့သူမြို့သားများသာမက ယဲ့ဖန်နောက်မှ နောက်လိုက်များပါ ဤအဖြစ်ကြောင့် အံ့ဩနေ ခဲ့ကြသည်။
တစ်အောင့်မျှ ငြိမ်သက်နေပြီးနောက် သူတို့အားလုံး ပျော်ရွှင်တက်ကြွလာကြသည်။ သူတို့ သခင်ကြီး၏ အပြုအမူက သူတို့ရန်သူများ၏ မျက်လုံးထဲတွင် သရဲတစ္ဆေ ဖြစ်သော်လည်း သူ့မိတ်ဆွေများ၏ ရင်ထဲတွင်တော့ သူသည် နတ်ဘုရားတစ်ပါးသာ ဖြစ်သည်။
ယဲ့ဖန်သည် ဘေးလူများ၏ တုံ့ပြန်မှုကို လျစ်လျူရှု ထားသည်။ သူ လက်တစ်ဘက် ဝှေ့ယမ်းလိုက်သဖြင့် ပုရွက်ဆိတ် အကောင်ရေ ခြောက်ထောင် ကျော်တို့သည် သူ၏ အင်္ကျီလက်ထဲသို့ ချက်ချင်း ပြန်ဝင်သွားကြသည်။
ထို့နောက် ယဲ့ဖန်သည် သူ့နောက်မှ ရာနှင့်ချီသော နောက်လိုက်တို့နှင်အတူ ရှေ့သို့ဆက်၍ ချီတက် လာသည်။
…
ထိုသို့သော အချိန်တွင် ကျန်းရှီမြို့ရှိ ဓားသမား ဂိုဏ်း၏ ထိပ်တန်း သိုင်းပညာရှင်များ အားလုံး ကောင်းအိမ်တော်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ကောင်းရှန့်၊ ဒဏ္ဍာရီလာအဆင့် မဟာ စောင့်ရှောက်သူ လေးယောက်၊ ဒဏ္ဍာရီလာ တစ်ပိုင်း အဆင့် ရှစ်ယောက်နှင့် ဒဏ္ဍာရီ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော ဒါဇင်နှင့်ချီသည့် တပည့်များ ရှိနေကြသည်။
သူတို့အားလုံးသည် ကျန်းရှီမြို့ ဓားသမားဂိုဏ်းခွဲရှိ ထိပ်တန်း အင်အားစုများ ဖြစ်သည်။ ဤမျှ သန်မာသည့် အင်အားစုကြီးက လွန်ခဲ့သည့် နှစ်ဝက်ခန့် ကဆိုလျင် တစ်နိုင်ငံလုံးကိုတောင် သုတ်သင်နိုင်ပြီ ဖြစ်သည်။ သို့သော် ယခုအချိ န်တွင်တော့ ဤသည်က များစွာသော အင်အားစု များ၏ ဂိုဏ်းခွဲတစ်ခု အင်အားမျှသာ ဖြစ်နေ တော့သည်။
မည်မျှ သွေးပျက်ဖွယ်ကောင်းလှသည့် အင်အား စုပါလိမ့်။
“ဟားဟား … ဒဏ္ဍာရီအဆင့် တစ်ထောင်ကျော်က ဝိုင်းတာကို မြင်ပြီး ဖြစ်သွားမယ့် ယဲ့ဖန်ရဲ့ ပုံစံကို တွေးကြည့် လိုက်စမ်း”
ကောင်းရှန့်က ထိုင်ခုံ၌ ဇိမ်ကျကျထိုင်နေရင်း မခိုးမခန့် မျက်နှာပေးနှင့် ပြောလိုက်သည်။ သူ့စကားကြောင့် မဟာစောင့်ရှောက်သူ တစ်ယောက်က ပြောလိုက်သည်။
“ဟီးဟီး … သူ ပျောက်နေတာ နှစ်ဝက်လောက် ရှိနေပြီ၊ ဟွာရှနိုင်ငံအတွင်းမှာ ဘာတွေ ပြောင်းလဲ နေပြီလဲ ဆိုတာကို သိတောင်သိမယ့်ပုံ မပေါ်ဘူး။ သူက အခုထိ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေ တာလား မသိဘူး။ ဆရာသခင်အဆင့်နဲ့ ဒဏ္ဍာရီ အဆင့် အယောက်တစ်ထောင်ကို သူ မြင်ရင် အတော်လေး ထိတ်လန့်သွားမှာ”
ဓားသမားဂိုဏ်း၏ အခြားအဖွဲ့ဝင်များသည်လည်း မကောင်းဆိုးဝါးသဖွယ် အပြုံးများနှင့် ပြောလာ သည်။
“ဆရာသခင်အဆင့်နဲ့ ဒဏ္ဍာရီအဆင့် အယောက် တစ်ထောင်တို့ အတူတူ တိုက်စစ်ဆင်မယ်ဆိုရင် ဒဏ္ဍာရီလာ အဆင့်တစ်ယောက်တောင် နောက်ဆုတ်ဖို့ ဖိအားပေး ခံရနိုင်တယ်။ ယဲ့ဖန် ဒီဝင်္ကပါကို ချိုးဖျက်ဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ သူ ဒဏ်ရာအပြင်းအထန် ရလောက်တယ်”
“ဟမ့် … ငါ့အထင် သူတော့ ဓားသမားဂိုဏ်းရဲ့ တပည့်တစ်ထောင်ကျော် သတ်တာ ခံလိုက်ရပြီ ထင်တယ်။ လူတစ်ထောင် နတ်ဘုရား သတ်ဖြတ်ခြင်း ဝင်္ကပါက ဒဏ္ဍာရီလာအဆင့်ကို အလွယ်တကူ သတ်နိုင်ဖို့ အရှင် ဖန်တီးခဲ့တဲ့ ဝင်္ကပါပဲလေ”
….
ယခုအချိန်တွင် ကောင်းအိမ်တော်ရှိ ဓားသမား ဂိုဏ်း၏ ထိပ်တန်းအင်အားစုများက ယဲ့ဖန်ကို မြင်တွေ့ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မ ထားခဲ့မိပေ။
သူတို့စိတ်ထဲတွင် ယဲ့ဖနသ်ည တောင်ပံကျိုး၍ မြေကြီးပေါ် ပြုတ်ကျလာသော ငှက်တစ်ကောင် ကဲ့သို့ မနည်းထွက်ပြေးနေသည်ဟု ထင်နေကြသည်။
သူတို့စကားကြောင့် ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့ ဝမ်းနည်း ပူဆွေး လာကြသည်။
“သခင်ကြီး … မလာခဲ့ပါနဲ့ … စိမ်းစိုတဲ့ တောင်တန်းတွေ ရှိနေသေးသရွေ့ ထင်းရေးအတွက် စိတ်မပူစရာ မလိုသလို၊ သခင်ကြီး အသက်ရှင်မှ ဖြစ်မှပါ”
ဝေ့ဖန်းသည် ယဲ့ဖန်အတွက် ရင်ထဲ ဆို့နင့်နေရင်း တီးတိုးရေရွတ်လိုက်မိသည်။ ယဲ့ဖန့်ချန်သည်လည်း ပြာနှမ်းနေသော မျက်နှာနှင့် ရေရွတ်နေမိသည်။
“ယဲ့ဖန်၊ သွားတော့။ မင်း အခု ထွက်သွားမှ ဖြစ်မှာ …”
…
သူတို့ စောင့်ဆိုင်းနေကြစဉ်တွင် ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့သည် ယဲ့ဖန် အသက်ရှင် နေသေးသည့်အတွက် ဝမ်းသာမိသော်လည်း ယဲ့ဖန်က အိမ်တော်ကို တိုက်ခိုက်လာမည် ကိုလည်း သူတို့ စိုးရွံ့မိကြသည်။ အဘယ်ကြောင့်ဆိုသော် အိမ်တော်သည် သေစေနိုင်လောက်သည့် ထောင်ချောက် တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
တပည့် တစ်ထောင်ကျော်၏ နတ်ဘုရား သတ်ဖြတ်ခြင်း ဝင်္ကပါ၊ ဒဏ္ဍာရီလာအဆင့် ငါးယောက်၊ ဒဏ္ဍာရီလာ ငါးယောက်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် ဒဏ္ဍာရီ အထွတ်အထိပ် အဆင့် ဒါဇင်နှင့်ချီသော လူများ ရှိနေ သောကြောင့် ယဲ့ဖန်၌ ရွေးစရာလူ မရှိတော့ပေ။
ချက်! ချက်!
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးလာပြီး ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့ စိုးရိမ်တကြီး စောင့်နေခဲ့ကြသည်။
ထိုစဉ် ကောင်းအိမ်တော်၏ အပြင်ဘက်၌ ခြေသံ များကို သူတို့ ကြားလိုက်ရသဖြင့် အထဲရှိ လူများ စိတ်ဓာတ် တက်ကြွလာကြသည်။
“သူ လာနေပြီ”
ကောင်းရှန့်သည် လှောင်ရယ်လိုက်ရင်း တံခါးဝသို့ မခိုးမခန့် မျက်နှာပေးနှင့် ကြည့်လိုက်သည်။ ကျန်းရှီမြို့ရှိ ဓားသမားဂိုဏ်း၏ ထိပ်တန်း အင်အားစုများ အားလုံး တံခါးဝသို့ ပျော်ရွှင်နေသည့် အပြုံးဖြင့် ကြည့်လိုက်ကြသည်။
သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့သည် သူတို့ရင်ထဲ စည်တီး သကဲ့သို့ တဒုန်းဒုန်းဖြစ်နေကြသည်။ ထို့အပြင် သူတို့နဖူးမှ ချွေးများ တဒီးဒီး စီးကျလျက် ရှိသည်။
အိမ်တော်ရှိ လူများ၏ အကြည့်အောက်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က လူတစ်စုနှင့်အတူ ခြံထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။
ထိုသူကား ယဲ့ဖန်ပင်။ သို့သော် သူ့မျက်နှာကို သူတို့ မြင်လိုက်ရသည့် အခိုက်မှာပင် သူတို့အားလုံး မှင်တက် သွားကြသည်။
“မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ကောင်းရှန့်နှင့် အခြားသူများ မျက်မှောင်ကြုတ် သွားမိသည်။ ယဲ့ဖန်၏ ကိုယ်ပေါ်၌ မည်သည့် သွေးစက်မှ ထင်ကျန်နေခြင်း မရှိသည်ကို သူတို့ တွေ့မြင်လိုက်ရ သောကြောင့်ပင်။
ယဲ့ဖန်သည် ပုံမှန် လမ်းလျှောက်ထွက်လာသကဲ့သို့ တည်ငြိမ် အေးဆေးစွာဖြင့် လျှောက်လာနေသည်။
*မဖြစ်နိုင်ဘူးလေ*
ကောင်းရှန့်နှင့် ကျန်းရှီမြို့ရှိ ဓားသမားဂိုဏ်းမှ အခြား ထိပ်တန်း သိုင်းပညာရှင်များ ချက်ချင်း ဆိုသလို မျက်နှာပျက်သွားကြသည်။
“သခင်ကြီး”
“ယဲ့ဖန်”
“ဆရာ”
ထိုအချိန်တွင် ဝေ့ဖန်းနှင့် အခြားသူလေးယောက်တို့ ပျော်ရွှင်တက်ကြွလာကာ စိတ်လှုပ်ရှားမှုကြောင့် ဟစ်အော်လိုက်မိသည်။
သူတို့သခင်ကြီးသည် ထိခိုက်ဒဏ်ရာ ရထားခြင်း မရှိပေ။ သူသည် ယခုထိ အသက်ရှင်လျက်ရှိ နေသေးပြီး နတ်ဆိုးနတ်ဘုရားကဲ့သို့ ပြိုင်ဘက်ကင်း နေဆဲပင်။
….
ထိုစဉ် ကောင်းရှန့်သည် ထိုင်ခုံ၌ ထိုင်နေရာမှ ထရပ်ကာ ယဲ့ဖန်အား စိုက်ကြည့်၍ ခက်ထန်စွာ မေးလိုက်သည်။
“ယဲ့ဖန် မင်း ဝင်္ကပါကို ဘယ်လို ဖောက်ထွက် လာတာလဲ၊ ငါ့လက်အောက်ငယ်သား တစ်ထောင် ကော ဘယ်မှာလဲ”
ကောင်းရှန့် ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင် တော့ပေ။ ယဲ့ဖန် ကျော်ဖြတ်လာနိုင်လိမ့်မည်ဟု သူ ထင်ထားသော်လည်း သူ ဘေးမသီရန်မခဘဲ ရှိနေလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ယဲ့ဖန်၏ ကိုယ်ပေါ်၌ သွေးတစ်စက်ပင် မရှိပေ။
*မဖြစ်နိုင်ဘူးလေ*
သူ့စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ခက်ထန်ပြီး သွေးဆာသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“သူတို့လား … သူတို့ မင်းကို တမလွန်မှာ စောင့်နေ တယ်လေ”
…
သူတို့စကားကြောင့် ကောင်းရှန့် မျက်နှာက ထိတ်လန့်သွားပုံ ပေါက်လာပြီး ကြမ်းကြုတ်သော ချီဓာတ်များ တိုးပွားလာသည်။
“သူ့ကို သွားသတ်ကြ”
ကြုံးဝါးသံနှင့်အတူ မဟာ စောင့်ရှောက်သူ ဒဏ္ဍာရီလာအဆင့် လေးယောက်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် ဒဏ္ဍာရီ အထွတ် အထိပ်အဆင့် ဒါဇင်နှင့်ချီသော လူများသည် ယဲ့ဖန်ထံသို့ ပြေးဝင်လာကြပြီး ချက်ချင်း ဝိုင်း၍ တိုက်ခိုက် လာကြသည်။
ကောင်းရှန့် လက်တစ်ချက် လှုပ်လိုက်သောအခါ သူ့လက်ထဲ၌ အလွန်ထက်၍ သွေးဆာနေသည့် ဓားတစ်လက် ပေါ်လာသည်။
ထိုဓားကို မြင်သည်နှင့် ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့ အလွန် ကြောက်လန့် သွားကြသည်။ ထိုဓားသည် ပြီးခဲ့သည့် နှစ်ဝက် ကာလက ရီကျန့်ထျန်း တစ်ယောက် ဟွာရှနိုင်ငံရှိ အခြား သိုင်းပညာရှင်များကို အနိုင်ယူခဲ့စဉ်က အသုံးပြုခဲ့သည့် ထိပ်တန်း အရည်အသွေး ရှိသော ရှားပါး ရှေးဟောင်း ဓားတစ်လက်မှန်း သူတို့ သိနေသောကြောင့်ပင်။
ထိပ်တန်း အရည်အသွေး ရှိသော ရှားပါးသည့် လက်နက်များကို ဒဏ္ဍာရီလာ အထွတ်အထိပ် အဆင့်မှ သိုင်းပညာရှင်များသာ ပြုလုပ်နိုင်သည်။
ထိုလက်နက်သည် ဒဏ္ဍာရီလာအဆင့် တစ်ယောက် ကို တစ်ချက်တည်းဖြင့် ခုတ်ပိုင်း နိုင်သည်ဟု ဆိုကြသည်။
လွန်ခဲ့သည့် နှစ်ဝက်က ရီကျန့်ထျန်းသည် ဤဓားဖြင့် ရန်သူများစွာကို သတ်ဖြတ်ခဲ့ပြီး ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်ဟူသော နာမည်ကို ရယူခဲ့ သည်။
ထို့နောက် ကောင်းရှန့်အား သူ၏ နောက်ဆုံးတပည့် အဖြစ် သတ်မှတ်လိုက်ပြီးနောက် ထိုဓားကို သူ့အား လက်ဆောင်အဖြစ် ပေးခဲ့လိုက်ခြင်း ဖြစ်သည်။
“ယဲ့ဖန် သွားသေလိုက်တော့”
ဤမျှ အားကောင်းသော လက်နက်ကို လက်ထဲ ကိုင်ဆောင်ထားရသဖြင့် ကောင်းရှန့်တစ်ယောက် မိမိကိုယ်မိမိ ယုံကြည်စိတ်တို့ တိုးပွားလာရသည်။
ထို့နောက် သူသည် ဓားကိုဝင့်၍ ယဲ့ဖန်၏ ဦးခေါင်း ထံသို့ လျှပ်စီးထက် မြန်သော အမြန်နှုန်းဖြင့် ခုတ်ပိုင်းလိုက်သည်။
မဟာစောင့်ရှောက်သူ ဒဏ္ဍာရီလာအဆင့် လေးယောက်နှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက် တို့သည်လည်း ယဲ့ဖန်ထံသို့ တိုက်ကွက် ထုတ်ဖော်၍ ပြိုင်တူတိုက်ခိုက်လာကြသည်။
သူတို့အားလုံးသည် သူတို့၏ ထက်ရှသော ဓားများကို ကိုင်ဆွဲ၍ ယဲ့ဖန်အား အရူးအမူး တိုက်ခိုက်ကြ တော့သည်။
…
စက္ကန့်ပိုင်းအတွင်းမှာပင် တောက်ပသော အလင်းများက ကောင်းကင်သို့ ရောင်ပြန်ဟပ် လာသည်။ သို့သော် ထိတ်လန့်စရာကောင်းသော အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာသည်။
ယဲ့ဖန်သည် အထင်သေးသော မျက်နှာထားနှင့် ငြိမ်သက်စွာ ရပ်နေသည်။ သူသည် ရှောင်ဖို့ပင် မကြိုးစားချေ။
“သခင်ကြီး သတိထားပါ”
ဤသည်ကို ကြည့်ပြီး ဝေ့ဖန်းနှင့် အခြားသူများ အလွန် ထိတ်လန့်သွားကြသည်။ သို့သော် သူတို့၏ အလွန်အံ့ဩနေသော အကြည့်များအောက်မှာပင် ဓားရှည်များက ယဲ့ဖန်အား ကြမ်းကြုတ်စွာ ထိုးစိုက် လာကြပြီးနောက် ချွင်ဟူသော အသံများ ထွက်ပေါ် လာသည်။
ကောင်းရှန့်၏ သွေးသောက်ဓားက ယဲ့ဖန်၏ ဦးခေါင်းကို ခုတ်မိသည်။ သူတို့အားလုံး တစ်ချက် တည်းနှင့် ပစ်မှတ်ကို ထိအောင် တိုက်ခိုက်လိုက် နိုင်သည်။ ထို့ကြောင့် ကောင်းရှန့်နှင့် သူ့လူများ အလွန် ပျော်ရွှင်လာကြသည်။
သူတို့ လွယ်လင့်တကူ အနိုင်ရသွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။ သို့ပေမဲ့ ခဏအကြာတွင် ကောင်းရှန့်နှင့် သူ့လူများ၏ လှောင်ရယ်သံများက ချက်ချင်း တိခနဲ ရပ်သွားသည်။
သူတို့ ပစ်မှတ်ကို သူတို့ ထိမှန်အောင် တိုက်ခိုက်နိုင် သော်လည်း သူတို့၏ လက်နက်များက ယဲ့ဖန်၏ အရေပြားအား တစ်လက်မလေးမျှ ထိုးဖောက် သွားခြင်း မရှိသည်ကို သူတို့ သတိထားမိ သွားကြသည်။
….
သူတို့ တိုက်ခိုက်မှု၏ အကျိုးဆက်ကို ကြည့်ပြီး ဘေးမှလူများအားလုံး မှင်တက်သွားကြသည်။
CHAPTER 309 ဒါ စိတ်အာရုံ ချောက်ချားတာ ဖြစ်ရမယ်
ကောင်းရှန့်နှင့် သူ့လူများ ယဲ့ဖန်အား တစ်ချက် တည်းဖြင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိကြပါ။
ထို့အပြင် ယဲ့ဖန်က ရှောင်ခြင်းလည်း မရှိပေ။ သူတို့၏ ရက်စက်သော တိုက်ခိုက်မှုက ဝေ့ဖန်းနှင့် အခြားသူ လေးယောက်အား လိပ်ပြာလွင့် ထွက်သွားအောင် ခြောက်လှန့် စေခဲ့သည်။
ဤသည်ကား ဒဏ္ဍာရီလာအဆင့် ငါးယောက်နှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်တို့၏ သာမန် တိုက်ကွက်သာ ဖြစ်သေးသည်။
ဒဏ္ဍာရီလာ အထွတ်အထိပ် အဆင့်ရှိသော သိုင်းပညာရှင် တစ်ယောက်တောင် သူတို့၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ရဲခြင်းမရှိပေ။
အကယ်၍ ယဲ့ဖန်သာ သာမန် ဒဏ္ဍာရီလာအဆင့် ရှိသူ ဖြစ်နေလျင် သူ အသတ်ခံလောက်ပြီ ဖြစ်သည်။ သို့သော် ဤမျှ သန်မာသော တိုက်ကွက်ကား ယဲ့ဖန်ထံသို့ တိုးဝင်လာနေသည်။
ဝေ့ဖန်းနှင့် အခြားသူများ၏ မျက်နှာများ ပြာနှမ်း လာကာ ကြောက်စိတ်ကြောင့် မျက်လုံးကို အကြည့်လွှဲ ထားမိသည်။ သို့သော် သူတို့သည် သွေးများ ပန်းထွက်လာသည့် အသံကို မကြားရဘဲ သတ္တုချင်း ရိုက်ခတ်သံကိုသာ ကြားလိုက်ရသည်။
...
ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့ ခပ်သွက်သွက် လှည့်ကြည့်လိုက် သောအခါ အလွန် ထက်သော ဓားသွားများက ယဲ့ဖန်၏ အရေပြားမှ ပြန်ကန်ထွက် လာသည်။
“ဒါ ... မဖြစ်နိုင်ဘူး”
ဤမြင်ကွင်းကိုကြည့်ပြီး အိမ်တော်ထဲမှ အခြားသူများ အားလုံး အလွန် အံ့အားသင့် သွားကြ သည်။ ထို့အပြင် ကောင်းရှန့်၏ သွေးသောက်ဓားက ဆံပင်မွေး အနည်းငယ်လောက်ကိုသာ ဖြတ်လိုက် နိုင်သည်ကို သူတို့ သတိထားလိုက်မိကြသည်။
ဤသည်ကား အစသာ ရှိသေးသည်။
ဂျွတ်! ဂျွတ်!
ကျိုးပဲ့သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ အားလုံး၏ အံ့ဩနေသော အကြည့်များ အောက် မှာပင် ထက်လှသော ဓားများ၌ ချက်ချင်း ဆိုသလို ပင့်ကူမျှင် အရွယ်အစားရှိသည့် အက်ရာများ ထွက်ပေါ်လာသည်။
သွေးသောက်ဓားတောင်မှ အက်ရာများ ဆက်တိုက် ပေါ်လာသည်။
ဂျွတ်!
နောက်ဆုံးသော ဂျွတ်ဟူသည့် မြည်သံအဆုံးတွင် ဓားများအားလုံး တစ်စစီ ကျိုးပဲ့သွား လေတော့သည်။ ထိုအခိုက်တွင် အချိန်သည် ရပ်တန့်နေပုံရသည်။ အိမ်တော်ထဲရှိ မည်သူမျှ အသက်မရှူနိုင်ပါ။
“မဟုတ်ဘူး … ဒါ မဖြစ်နိုင်ဘူး”
ကောင်းရှန့်လက်ထဲမှ သွေးသောက်ဓားတောင်မှ ကျိုးပဲ့သွား ရသဖြင့် သူ့လက်ထဲ၌ ဓားလက်ကိုင်သာ ကျန်ရစ်ခဲ့သည်။ ကောင်းရှန့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရသည်။
“ကျိုးသွားပြီ … သွေးသောက်ဓားက ကျိုး သွားတယ်”
ထိုအချိန်တွင် ကောင်းရှန့်သည် မည်သို့မျှ မယုံနိုင် သေးချေ။ သွေးသောက်ဓားသည် ထိပ်တန်း အရည် အသွေး ရှိသည့် ရှားပါးသော လက်နက်တစ်ခု ဖြစ်သည်။ ဤဓားသည် ဒဏ္ဍာရီလာ အဆင့်ကို တောင်မှ တစ်ချက်တည်းနှင့် သတ်နိုင်သေးသည်။
ဤဓားသည် ဒဏ္ဍာရီလာအဆင့် တစ်ယောက်၏ ခန္ဓာကိုယ်အား ဖရဲသီးနှင့် ဟင်းသီးဟင်းရွက် များအား လှီးဖြတ်သကဲ့သို့ နုတ်နုတ်စင်း နိုင်သည်။
သို့သော် ယခုအခါတွင် ဤဓားသည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသဖြင့် ဘာကိုမျှ မဖြတ်နိုင် တော့ပေ။
အံ့ဩစရာ ကောင်းလှပါဘိ။ ထိတ်လန့်စရာ ကောင်း လှသည်။
သို့သော် ယဲ့ဖန်၏ ခံစစ်ကား ယခုမှ စမည်ဖြစ်သည်။
“သခင်လေး သတိထား”
သိုင်းပညာရှင်များ ငေးငိုင်နေကြစဉ်တွင် ဒဏ္ဍာရီလာ အဆင့် မဟာစောင့်ရှောက်သူ တစ်ယောက် အလွန် ထိတ်လန့်သွားသည်။
ထို့နောက် သူသည် တွေဝေနေသော ကောင်းရှန့် ဆီသို့ အပြေးသွားကာ ကောင်းရှန့်ကို တွန်းထုတ်လို က်သည်။ ထို့နောက် သူသည် လက်သီး ဆုပ်၍ ယဲ့ဖန်၏ ချီဓာတ်အပြည့်ပါသော လက်ဖဝါးအား ပြန်ထိုးလိုက်သည်။
ထိုစဉ် လေတိုးသံနှင့်အတူ ယဲ့ဖန်၏ ကြေးနီရောင် သံမဏိ လက်ဖဝါးသည် အင်မော်တယ် တစ်ယောက်ထံမှ ဆင်းသက်လာသော လက်ဖဝါး ကဲ့သို့ ရောက်ရှိ လာသည်။
သန်မာသော အရှိန်အဟုန်ကြောင့် မြေပြင် တစ်လျှောက် အက်ရာများ ဖြစ်ပေါ်လာရသည်။
ဝုန်း!
စက္ကန့်ပိုင်းအတွင်းမှာပင် ယဲ့ဖန်၏ သံမဏိ လက်ဖဝါးနှင့် မဟာစောင့်ရှောက်သူ၏ လက်သီးတို့ ပြင်းထန်စွာ ထိုးနှက်မိသွားကြသည်။ သို့သော် ယဲ့ဖန်၏ လက်ဖဝါးသည် အိပ်မက်ဆိုးတစ်ခုအား ဖန်တီးလို့ လာခဲ့သည်။
ဂျွတ်!
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ၏ လက်သီးသည် ဆွေးမြည့်နေသော သစ်သားကဲ့သို့ ကျိုးကြေ သွားလေတော့သည်။ သူ တစ်ချက် ကလေးမှ အသံမထွက်လိုက်နိုင်ခင်မှာပင် သူ၏ ဦးခေါင်းသည်လည်း တစ်စစီ ပေါက်ကွဲ ထွက်သွား ရသည်။
ဂျွတ်!
သူ၏ ရင်ညွန့်ရိုး ကျိုးကြေသွားရသည်။
ဂျွတ်!
သူ့ခြေထောက်များ ကျိုးသွားသည်။ စက္ကန့်ပိုင်း အတွင်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော လက်သီးသည် ဒဏ္ဍာရီလာအဆင့် မဟာ စောင့်ရှောက်သူအား အသားတုံးကြီး ဖြစ်အောင် ထိုးနှက် လိုက်ပြီးပြီ ဖြစ်သည်။
*သူ သေသွားပြီ*
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူသည် အသံ တစ်ချက်ကလေးမှ မထွက်လိုက်ရသေးခင် မှာပင် ယဲ့ဖန်၏ လက်ဖဝါးချက်ကြောင့် တစ်စစီ ပေါက် ကွဲ၍ သေဆုံးသွားပြီ ဖြစ်သည်။
ထို့နောက် မြေကြီးပေါ်၌ ဧရာမ လက်ဖဝါးရာတစ်ခု ထင်ကျန်ရစ် နေခဲ့သည်။ ထိုလက်ဖဝါးရာထဲမှ နီရဲရဲ သွေးများ စီးထွက်လာသဖြင့် အခြားသူများ ကြက်သီး တဖြန်းဖြန်း ထသွားရသည်။
….
ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ရင်း ဘေးပတ်လည်မှ အခြားသူများကြား၌ ပွက်လောရိုက် လာကြသည်။
ရက်စက်သည်။
လူ့ဘီလူးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို မြေကြီးပေါ် ပုတ်ထုတ်လိုက်သည်ကို ကြည့် ရသည်နှင့် ဆင်တူလှသည်။
“ခွေးမသား”
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ နှစ်ယောက်တို့သည် ဘာတွေဖြစ်သွားခဲ့သည်ကို သတိပြုမိလာကြပြီးနောက် ကြောက်လန့် သွားကြ သည်။
“မင်း … မင်း ငါ့ရဲ့ တတိယညီလေးကို သတ်လိုက် တယ်ပေါ့လေ။ သွားသေလိုက်တော့”
နှစ်ယောက်လုံး ရူးမတတ် ဒေါသထွက်လာကြသည်။ ထို့နောက် သူတို့သည် သူတို့အသက်ကို ပဓာန မထားဘဲ ယဲ့ဖန်အား ရူးသွပ်စွာ တိုက်ခိုက် လာကြသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှု များသည် မီးကိုတိုးနေသည့် ပိုးဖလံအကောင်များ၏ အဖြစ်နှင့် သွား၍ ဆင်တူနေ၏။
ယဲ့ဖန်၏ မျက်လုံးထဲ၌ မီးဝင်းဝင်း တောက် လာသည်။ ဒဏ္ဍာရီလာအဆင့် မဟာ စောင့်ရှောက်သူ နှစ်ယောက်ထံသို့ သူ၏ သံမဏိ လက်ဖဝါး နှစ်ဘက်ကို ဝင့်လိုက်သည်။
ဝုန်း! ဝုန်း!
ရုတ်တရက် နှစ်ယောက်လုံး အရှိန်ပျက်သွားသည်။ နှစ်ဦးစလုံးအား ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့် အင်အားတစ်ခုက ဖုံးလွှမ်းသွား သလိုပင်။
“မဖြစ်ဘူး”
အခြားသူများ၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ကြောက်လန့်ကာ ငယ်သံပါအောင် အော်ဟစ်နေသံများနှင့်အတူ သူတို့၏ ခန္ဓာကိုယ် များသည် ယဲ့ဖန်၏ လက်ဖဝါးကြောင့် တစ်စစီ ဖြစ်သွား လေတော့သည်။
သူတို့၏ အရိုးများ ကျိုးကြေသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးသည် ပစ်ပေါက်ခံ လိုက်ရသည့် အသားလုံးသဖွယ် ဖြစ်သွားကြသည်။ အခြားသူများ အားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ကြပေ။
သူတို့နှစ်ယောက်လုံးသည် ဒဏ္ဍာရီလာအဆင့်များ ဖြစ်ကြသည်။ ယဲ့ဖန်က ဒဏ္ဍာရီလာအဆင့် သုံးယောက်ကို သုံးချက်တည်းဖြင့် ရိုက်သတ်လိုက် နိုင်ခဲ့သည်။
မည်မျှ သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်း ပါလိမ့်။
“သောက်ငကြောင်ကောင်”
နောက်ဆုံးသော ဒဏ္ဍာရီလာအဆင့် မဟာ စောင့်ရှောက်သူသည် ကြက်သီးတဖြန်းဖြန်းကာ ခေါင်းမွေးများပင် ထောင်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက သူ့အား လိပ်ပြာလွင့်မတတ် ကြောက်လန့်နေစေခဲ့သည်။ သူ ချက်ချင်း တတ်နိုင်သမျှ မြန်မြန် ထွက်ပြေး လိုက်သည်။
သူ မသေချင်သေးသလို အသားတုံးဖြစ်သည်အထိ ရိုက်သတ်ခံရမှာကိုလည်း မလိုလားပေ။ သူက အသံထက်မြန်သော အရှိန်ဖြင့် ထွက်ပြေးလို့နေ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် ခြံတံခါးဝနားသို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် သူ အလွန် ပျော်ရွှင်နေပုံရသည်။
တစ်စက္ကန့်။
နောက်ထပ် တစ်စက္ကန့်သာဆိုလျင် သူသည် အဝေးသို့ ထွက်ပြေးသွားနိုင်ပြီး နတ်ဆိုး၏ လက်သည်းနှင့် အစွယ်များလက်မှ လွတ်မြောက် တော့မည် ဖြစ်သည်။
သို့သော် သူ နောက်ဆုံး ခြေလှမ်း လှမ်းလိုက်ချိန်တွင် ရုတ်တရက် လေတိုးသံကို သူ ကြားလိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ လက်ဖဝါး တစ်ဘက်က နီးကပ်လို့လာပြီး သူ့ကျောပြင် အား ရိုက်နှက်သွားသည်။
မိုးကြိုးပစ်ခြင်း ခံလိုက်ရသလို သူ ခံစားလိုက် ရသည်။
“အား”
ကြောက်လန့်ကာ ငယ်သံပါအောင် အော်ဟစ်လိုက် မိပြီးနောက် သူသည် လက်ဖဝါးချက် တစ်ချက် တည်းဖြင့် အသားတုံးကဲ့သို့ မြေကြီးပေါ် လဲကျ သွားသည်။
တောက်! တောက်!
ထိုအချိန်တွင် ကောင်းအိမ်တော်တစ်ခုလုံး တိတ်ဆိတ် လို့နေပြီး ချွေးတဒီးဒီးကျနေကြသည်။
အခြားသူများသည် သွေးစီးကြောင်းများအား ငိုင်တွေ၍ ကြည့်နေကြသည်။ အသားတုံး လေးတုံး။
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ လေးယောက်လုံး တစ်မိနစ် မပြည့်သေးသည့် အချိန်မှာပင် အသတ်ခံလိုက်ရလေပြီ။
ဂလု!
ကောင်းရှန့် တံတွေး မျိုချလိုက်ရင်း သူ့ခွန်အားတွေ အားလုံး စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။ ကြောက်လွန်းလို့ ကိုယ်တွင်းရှိ ဆဲလ်များပင် တုန်လှုပ် နေကြသည်။
သူ အဝေးသို့ ထွက်ပြေးချင်သည်။ သို့သော် သူ့ခြေထောက်များသည် ကျောက်ချထားသကဲ့သို့ ဖြစ်ကာ လုံးဝ လှုပ်၍ မရပေ။
“မဖြစ်နိုင်ဘူး၊ ဒါ စိတ်ချောက်ချားတာ သက်သက်ပဲ၊ ဒါ စိတ်ချောက်ချားတာပဲ ဖြစ်ရမယ်”
ကောင်းရှန့် သူ မြင်နေရသည့်အရာများကို မယုံကြည်ရဲပါ။ ထိုအချိန်တွင် ယဲ့ဖန်က ကောင်းရှန့်အား ဆိုးရွား၍ နတ်ဆိုးဆန်သော အပြုံး မျိုးနှင့် ကြည့်နေ သည်။
သို့သော် ကောင်းရှန့်၏ စိတ်ထဲတွင်တော့ ထိုအပြုံး သည် မရဏအငွေ့အသက်များ အပြည့်အဝ ပါဝင်နေ သော သေမင်းနတ်ဘုရား၏ အပြုံးဟု ထင်နေ မိသည်။