← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

CHAPTER 310 နောက်ဆုံးအသွင်

“မဟုတ်ဘူး”

ကောင်းရှန့် ရူးမတတ် ဖြစ်နေသည်။ ယဲ့ဖန်၏ တိုက်ပွဲဝင်ခွန်အားသည် သူ ထင်ထားသည်ထက် ကျော်လွန်နေ၏။

*ဒဏ္ဍာရီလာအဆင့် လေးယောက်ကို လက်ဖဝါး လေးချက်ရိုက်ပြီး သတ်လိုက်တယ်။ ထူး ... ထူးဆန်းလိုက်တဲ့ကောင်ကွာ*

“ဒီခွေးသားက လွန်ခဲ့တဲ့ နှစ်ဝက်ကထက် ပိုသန်မာ လာတာပဲ”

ယခင်တုန်းက ကောင်းရှန့်သည် သူသာ ဒဏ္ဍာရီလာ အဆင့်သို့ တက်သွားနိုင်ပြီဆိုလျင် ယဲ့ဖန်အား လွယ်ကူစွာ သတ်ဖြတ်နိုင်သည်ဟု သူ ထင်ခဲ့မိသည်။

သို့သော် ယခု သူ့ရန်သူ၏ ခွန်အားကြောင့် သူ အကြီးအကျယ် ထိတ်လန့်ခဲ့ရပြီ ဖြစ်သည်။ ကောင်းရှန့်၏ စကားကြောင့် ယဲ့ဖန်က အေးစက် တင်းမာသော အကြည့်ဖြင့် ပြန်ပြောလိုက်သည်။

“လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက မင်းက ငါ့ရှေ့မှာ တီကောင်သာသာပဲ ရှိတယ်၊ တစ်နှစ်ခွဲ ကျော်သွား တာတောင် မင်းက အခုထိ တီကောင်အဆင့်ပဲ ရှိသေးတာပါလား”

“ငါက မင်းကို သေစေချင်ရင် မင်းက သေရမှာပဲ”

ထိုသို့ပြောပြီးနောက် ယဲ့ဖန်သည် ကောင်းရှန့်ထံသို့ လျှောက်လာသည်။ သူ၏ ခြေလှမ်းတိုင်းက ကောင်းရှန့်၏ နှလုံးသား တစ်စစီ ဖြစ်အောင် နင်းချေနေ သလိုပင်။ ထို့ကြောင့် ကောင်းရှန့်သည် ဖြူဖပ်ဖြူရော် မျက်နှာနှင့် အော်ဟစ်လိုက်သည်။

“သူ့ကိုတား၊ မြန်မြန်၊ သူ့ကိုတားကြ”

ကောင်းရှန့်၏ မျက်နှာက လျင်မြန်စွာ မည်းမှောင် လာသည်။ သူ၏ လူသတ် တိုက်ကွက်အား ထုတ်ဖော်ရန် စက္ကန့်အနည်းငယ်မျှ လိုအပ်သည်။ ထိုသို့မတိုင်ခင်တွင် သူသည် ယဲ့ဖန်အား နှောင့်နှေးစေရန် အခြားသူများ၏ အသက်ကို စတေးရန် ကြံရွယ်ထားသည်။

သူ့အမိန့်ကြောင့် အခြား ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်‌ယောက်နှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီ အထွတ် အထိပ်အဆင့်တို့သည် သူတို့ သေမင်းခံတွင်းဝသို့ ခုန်ဆင်းနေရမှန်း သိသော်လည်း ယဲ့ဖန်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားကြရုံသာ တတ်နိုင်သည်။

သူတို့သည် ဓားသမားဂိုဏ်း၏ တပည့်များ ဖြစ်သည်။ အကယ်၍ သူတို့သာ ရှေ့မတက် သွားဘူးဆိုပါက သူတို့ အခြားသူများ သတ်သည်ကို ခံရမည်ပင်။

“သေပေတော့”

ထို့နောက် ဓားသမားဂိုဏ်း၏ တပည့်အားလုံးသည် သူတို့အသက်ကို ပဓာန မထားဘဲ သူတို့၌ ရှိသမျှ ခွန်အားအကုန် ထုတ်သုံးလိုက်ကြသည်။

ထို့ကြောင့် များစွာသော ဓားရောင်များက ယဲ့ဖန်ထံသို့ ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ရောက်ချ လာသည်။ သို့သော် ယဲ့ဖန်က ဤမြင်ကွင်းကို မြင်သော်လည်း နှုတ်ခမ်းတွန့်ရုံသာ ပြုံးနေ၏။

ထို့နောက် သူ၏လက်တစ်ဘက်ကို ခါလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင် အလင်းတန်း များစွာက သူ့အင်္ကျီလက်ထဲမှ ထွက်လာသည်။

ထိုအလင်းတန်းများသည် နတ်ဆိုးသဖွယ် ဂုဏ်ရောင်ဂုဏ်ဝါရှိသော အနက်ရောင် ပုရွက်ဆိတ် များပင် ဖြစ်သည်။ အကောင်ရေများစွာ ရှိနေသဖြင့် ထိုပုရွက်ဆိတ်အဖွဲ့ကြီးသည် အနက်ရောင်လွင်ပြင်တစ်ခုကို ဖန်တီးလို့နေသည်။

ပုရွက်ဆိတ်များသည် အလွန် လျင်မြန်သောနှုန်းဖြင့် အရှေ့သို့ ပြေးတက်လာကြသည်။ အနက်ရောင် အလင်းတန်းများက ဓားရှည်များထံသို့ ဦးတည်၍ ပြေးဝင်လာကြသည်။

ဂျွတ်! ဂျွတ်!

အလွန် သေးကွေးသော ကိုက်သံများစွာ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ အားလုံး၏ အကြည့်အောက်မှာပင် ဓားရှည်များက တစ္ဆေ တစ်ကောင်၏ ကိုက်ဝါးခြင်းကို ခံနေရသကဲ့သို့ တဖြည်းဖြည်း တိုသထက် တိုလာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ခြံဝန်းထဲရှိ ဓားရှည်အားလုံး လေနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။ ထို့သို့ဖြစ်သွားသဖြင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီ အထွတ် အထိပ်အဆင့်တို့ တွေဝေသွားကြသည်။

သူတို့အားလုံးသည် မပြည့်စုံတော့သော ဓားရှည်များကို အူကြောင်ကြောင်နှင့် ကိုင်ထားမိ ကြသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။

ရှဲ!

ဓားရှည်များကို စားသောက်ပြီးနောက် ပုရွက်ဆိတ် များသည် သူတို့၏ အစွယ်များကို ထုတ်ဖော်ပြီး သူတို့၏ လက်သည်းများကို ဝင့်၍ ဓားသမား ဂိုဏ်း၏ ကျန်ရှိနေသော တပည့်များဆီသို့ အရူးအမူး ပြေးဝင်သွားကြသည်။

“အား…”

“အား…”

“အား…”

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော အဖြစ် အပျက်တစ်ခု ဖြစ်ပေါ်လာလေသည်။ ဓားသမား ဂိုဏ်းမှ တပည့်များ၏ သွေးများက ဆက်တိုက် ပန်းထွက်လို့လာသည်။

သူတို့ခန္ဓာကိုယ်များသည် ပုရွက်ဆိတ်များဖြင့် ဖုံးလွှမ်းလို့နေ၏။ ပုရွက်ဆိတ်များက သူတို့၏ မျက်နှာများ၊ လည်ပင်းများ၊ ရင်ဘက်များနှင့် ခြေထောက်များကို ကိုက်ဖြတ်နေကြသည်။

သူတို့အားလုံးသည် သူတို့၏ မျက်လုံးများ အစားမခံ ရချိန်အထိ ငယ်သံပါအောင် အော်ဟစ်ခဲ့ကြသည်။ ဤမြင်ကွင်းက ခြံဝန်းထဲရှိ လူတိုင်းအား အလွန် ထိတ်လန့် သွားစေခဲ့သည်။

ယဲ့ဖန် တစ်ယောက်တည်းသာ တည်ငြိမ်လျက် ရှိသည်။ သူသည် ကောင်းရှန့်ထံသို့ တစ်လှမ်း ချင်းလှမ်း၍ လျှောက်လာသည်။

ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်နှင့် ဒါဇင်နှင့်ချီသော ဒဏ္ဍာရီ အထွတ်အထိပ် အဆင့် များသည် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွား ကြပြီ ဖြစ်သည်။

ယဲ့ဖန်သည် ငရဲမှ ထွက်ပေါ်လာသော နတ်ဆိုး နတ်ဘုရားကဲ့သို့ လျှောက်လာနေသည်။ သူ ဖြတ်သွားသည့် နေရာတိုင်း၌ သေဆုံးသွားသော ဝိညာဉ်များ တိုးပွားလာသည်။

ဝုန်းခနဲ အသံနှင့်အတူ ဓားသမားဂိုဏ်း၏ နောက်ဆုံး တပည့်သား တစ်ယောက် သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားချိန်တွင် ယဲ့ဖန်သည်လည်း ကောင်းရှန့်၏ ရှေ့သို့ ရောက်နေပြီ ဖြစ်သည်။

*သေသွားပြီ*

*သူတို့အားလုံး သေသွားပြီ*

ကောင်းရှန့် တွေဝေနေသည်။ သူသည် သွေးများ‌ ပေကျံနေသော ပုရွက်ဆိတ်များအား သရဲ သဘက်အား မြင်နေရသကဲ့သို့ ငေးငိုင်၍ ကြည့်နေ မိသည်။

ဝေ့ဖန်းနှင့် အခြားသူလေးယောက်တို့ လိပ်ပြာ လွင့်မတတ် ထိတ်လန့်သွားကြသည်။ သည်လောက် ရက်စက်သည့် ပုရွက်ဆိတ်မျိုးစိတ်မျိုး သူတို့ အရင်က တစ်ခါမှ မမြင်ဖူးခဲ့ပါ။

ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်များသည် ပုရွက်ဆိတ်များအတွက် အဆာပြေ စားစရာ အဆင့်သာ ဖြစ်သည်။ ပုရွက်ဆိတ်များက သူတို့အား အလွန် လွယ်ကူ၊လွတ်လပ်စွာ စားသုံးနိုင်ကြသည်။

“မင်း အခု သေလို့ရပြီလား”

ယဲ့ဖန်က ကောင်းရှန့်အား မကောင်းဆိုးဝါးသဖွယ် အပြုံးမျိုး ပြုံး၍ ကြည့်ကာ ပြောလိုက်သဖြင့် သူ ကြောက်လန့်ကာ တုန်လှုပ်သွားသည်။

“မဟုတ်ဘူး၊ ငါ့မှာ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ် ရှိတယ်ကွ။ ငါ မင်းကို လုံးဝ အညံ့မခံနိုင်ဘူး”

ကောင်းရှန့်သည် သူ့၌ နောက်ဆုတ်ရန် လမ်းမရှိ တော့သည်ကို သိလိုက်သည်။

“ယဲ့ဖန်၊ တစ်နှစ်ခွဲတောင် ရှိသွားပြီပဲ။ ငါ မင်းကို သတ်ဖို့ စောင့်နေတာ တစ်နှစ်ခွဲတောင် ရှိနေပြီ”

“ငါ မင်းကို ငါ့လက်နဲ့ သတ်မယ်။ ငါ မင်းအလောင်းကို နင်းပြီး ကျန်းရှီမြို့ရဲ့ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာစေရမယ်ကွ”

ကောင်းရှန့်၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။

…

သူ့ကိုယ်တွင်းမှ သွေးများ ပွက်ပွက်ဆူလာသည်။ သန်မာသော ချီမျှင်စုများက ခြံဝန်းအတွင်း ဖိနှိပ်နိုင် သော ဟန်ပန်ဖြင့် ဖုံးလွှမ်းလာသည်။

တစ်ချိန်တည်းမှာပင် ပြင်းထန်သော ချီဓာတ် နှင့်အတူ သူ၏ ခြေထောက်အောက်မှ မြေကြီးသည် အက်ကွဲလို့လာသည်။ ထို့နောက် သူ့အဝတ် အစားများက တစ်စစီ စုတ်ပြဲကုန်သည်။

ထို့နောက်တွင်မူ များစွာသော ဆူးချွန်များက သူ့အရေပြားထံမှ ထွက်ပေါ်လာသည်။

သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များ။

ဆူးချွန်တစ်ခုချင်းစီ၌ သေစေနိုင်သော အဆိပ် ပမာဏများစွာ ပါဝင်နေသည်။ အဆိပ်သည် ဒဏ္ဍာရီလာအဆင့်တစ်ယောက်ကို သတ်နိုင် လောက်အောင်ကို ပြင်းထန်လှပေသည်။

ဤသည်မှာ ကောင်းရှန့်အတွက် ရီကျန့်ထျန်း တီထွင် ပေးထားသော လူသတ်တိုက်ကွက် ဖြစ်သည်။ တဖျစ်ဖျစ် တဖြောက်ဖြောက် အသံများက ကြည့်နေသူများ၏ နားစည်ထဲသို့ တောက်လျှောက် ရိုက်ခတ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းရှန့်၏ နောက်ကျော၊ လည်ပင်းနှင့် ခါးတို့မှ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန် တစ်ရာကျော် ထွက်လာသည်။ ဤသည်ကြောင့် ကောင်းရှန့်သည် ဧရာမ ဖြူကောင် တစ်ကောင်နှင့် တူနေလေတော့သည်။

ထို့ပြင် သူ၏ချီဓာတ်သည် ဒဏ္ဍာရီလာ အထွတ် အထိပ်အဆင့်သို့ပင် ရောက်လို့နေ၏။ သူ့ပုံစံက နတ်ဆိုးဘုရင်တစ်ပါး လူသားကမ္ဘာသို့ ရောက်ရှိလာ သည့်ဟန်နှင့် တူလှပေသည်။

“ဒါ … ဒါက သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်ရဲ့ နောက်ဆုံးအသွင် မဟုတ်လား”

ဤမျှ ကြောက်ဖို့ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့ ကြက်သီး တဖြန်းဖြန်း ထသွားရသည်။ သူတို့ သေမင်း အရိပ်အငွေ့များကို အနံ့ရနေသလိုပင်။

“ဟားဟား … ယဲ့ဖန်၊ မင်းက ငါ့ရဲ့ သွေးဆိုးတိုက်ပွဲဝင် ဆူးချွန်နဲ့ တိုက်ခိုက်ရတဲ့ ပထမဆုံးသူပဲ”

ကောင်းရှန့်က ရူးသွပ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အခု မင်း သေလို့ရပြီ”

ထိုသို့ပြောပြီး ကောင်းရှန့်သည် မြေကြီးပေါ်၌ လှိမ့်လိုက်ပြီးနောက် ဖြူတစ်ကောင်ကဲ့သို့ ဘောလုံး တစ်လုံးလို ဖြစ်သွားကာ သူ၏ ဆူးချွန်များကို မြင်သာအောင် ဖော်ထုတ်ထားသည်။

သူ၏ တိုက်ခိုက်မှု၌ မည်သည့် ဟာကွက်မျှ မရှိပေ။ ထို့နောက် ထိုဘောလုံးသည် ယဲ့ဖန်ထံသို့ အလွန် ပြင်းထန်သော အရှိန်အဟုန်ဖြင့် လှိမ့်လာသည်။

ထို့နောက် လူများစွာက သူ့ထံသို့ ပြေးဝင်ကာ တိုက်ခိုက်မှုအား တားဆီးကြသည်။ သို့သော် သူတို့ ကောင်းရှန့်ထံသို့ ပြေးဝင်သွားသည်နှင့် တိုက်ခိုက်ခံ လိုက်ရပြီး ဆူးချွန်များ၏ ပြင်းထန်သော အရှိန်ကြောင့် အနောက်သို့ လွင့်ထွက်သွားသည်။

သူတို့ ထိုဘောလုံးနားသို့ ကပ်ပင်မကပ်နိုင်ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဘောလုံးသည် ပုရွက်ဆိတ်အုံကြီးအား ဖြတ်ကျော်၍ ယဲ့ဖန်ထံသို့ အရှိန်နှင့် လှိမ့်ဝင်လာသည်။

“ဟားဟား…ယဲ့ဖန်၊ မင်း သေတော့မှာကွ”

မောက်မာသော အသံတစ်သံက ထိုဘောလုံး အတွင်းမှ ထွက်ပေါ်လာသည်။ ထို့နောက် များစွာသော ဆူးချွန်များက ယဲ့ဖန်ထံသို့ ပျံသန်း လာသည်။

“သေပေတော့”

ရုတ်ချည်းဆိုသလို သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များက လေနှင့်အတူ လွင့်ပျံ၍ ရောက်ရှိ လာသည်။ ထိုအခါ ယဲ့ဖန်က သူ့လက်နှစ်ဘက်ကို ဆန့်ထုတ်၍ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များကို ဖမ်းကိုင်ရန် ပြင်လိုက်သည်။

“သခင်ကြီး သတိထား၊ ဆူးချွန်တွေက အဆိပ် ရှိတယ်”

အန္တရာယ်ပေးနိုင်သော တိုက်ခိုက်မှုကို ကြည့်ပြီး ယဲ့ဖန်၏ နောက်လိုက်ငါးယောက်တို့က ထိတ်လန့် တကြား သတိပေးလာသည်။

သို့သော် ကောင်းရှန့်၏ လှောင်ရယ်သံများက ပို၍ ကျယ်လောင်လာသည်။

“အရူး … တိုက်ပွဲဝင် ဆူးချွန်ပေါ်က အဆိပ်ကို ခြေလှမ်းတစ်ဝက် အဆိပ်လို့ ခေါ်တယ်ကွ၊ ခွန်းလွင် တောင်ပေါ်က အပြင်းဆုံးအဆိပ်တွေထဲက တစ်ခုပဲ။ ဒဏ္ဍာရီလာအဆင့်က သူဆိုရင်တောင်မှ အရေပြားကို နည်းနည်းလေး ဖောက်ဝင်သွားတာနဲ့ ခြေလှမ်း တစ်ဝက်အတွင်း သေသွားမှာကွ”

“ဒီတစ်ခါတော့ မင်း အသက်ရှင်စရာ အကြောင်း မရှိတော့ဘူး”

ကောင်းရှန့်သည် အလွန် ယုံကြည်မှုရှိဟန်ဖြင့် ပြောလိုက်သည်။ သူ၏ တိုက်ပွဲဝင် ဆူးချွန် တစ်ခုစီတိုင်းက သွေးသောက်ဓား၏ ဓားသွားထက် ပို၍ ထက်ရှသည်။

သို့သော် ထိုအချိန်တွင် ချွင်ဟူသော ကျယ်လောင်သည့် အသံတစ်ခုက အိမ်တော်အနှံ့ ပျံ့နှံ့သွားသည်။ သတ္တုချင်း ရိုက်ခတ်မိသံနှင့်အတူ သူ၏ ဆူးချွန်များသည် ယဲ့ဖန်၏ လက်ဖြင့် ဖမ်းဆီး ခြင်းကို ခံလိုက်ရသည်။

ထို့နောက် ယဲ့ဖန်သည် ဘောလုံးအား နောက်သို့ ဆတ်ခနဲ ဆောင့်ဆွဲလိုက်သည်။ ဂျွတ်ခနဲ အသံ နှင့်အတူ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များက ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆွဲနုတ်ခံလိုက်ရပြီးနောက် သွေးများ ပန်းထွက်လို့လာ၏။

CHAPTER 311 ငါ မင်းကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ

ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆူးချွန်များ ဆွဲထုတ်ခံ လိုက်ရသည်နှင့် သွေးများက ဒလဟော ပန်းထွက် လာသည်။

“အား”

ကောင်းရှန့် ထိတ်လန့်၊ ဒေါသထွက်ကာ ဟစ်အော် လိုက်မိသည်။

“မဖြစ်နိုင်ဘူး။ ဘယ်လိုလုပ် မင်းက ငါ့တိုက်ပွဲဝင် ဆူးချွန်တွေရဲ့ တိုက်ခိုက်မှုကနေ အသက်ရှင် နေသေးရတာလဲ”

ကောင်းရှန့် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ။ သူ၏ သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်များသည် သွေးသောက် ဓားထက် ပို၍ ထက်ရှသေးသည်။

ယဲ့ဖန်၏ အရေပြားအား ဖောက်ထွင်းမိသည်နှင့် သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။ သို့ဖြစ် ပါလျက် ယခုအခါတွင် ...

ယဲ့ဖန်က ဂျွတ်ဟူသော မြည်သံနှင့်အတူ သက်သေပြ လိုက်သည်။ ဒုတိယမြောက် တိုက်ပွဲဝင် ဆူးချွန်သည် သူ့ကိုယ်ပေါ်မှ ဆွဲဖြုတ်ခြင်း ခံလိုက်သည်။

ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေးအသားများနှင့် ပြန်တည် ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

မြင့်မြတ်သော ရှေးဟောင်းပစ္စည်းများတောင်မှ သူ့အရေပြားအား မဖောက်ထွင်းနိုင်ပါ။

“မင်းက အခုထိ ငါ့မျက်လုံးထဲမှာ တီကောင် လိုပါပဲလို့ ငါ ပြောခဲ့သားပဲ”

ထိုသို့ပြောပြီး ယဲဖ့န်သည် ဆူးပါသော ဘောလုံးအား မြေကြီးပေါ် ဖိကပ်၍ သူ၏ လက်ဖဝါးကို လှုပ်ရှား လိုက်ပြီး ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆူးချွန်များအား လျင်မြန်စွာ ဆွဲထုတ်လေတော့သည်။

နောက်ထပ် မြည်သံနှင့်အတူ တတိယမြောက် သွေးဆိုးတိုက်ပွဲဝင် ဆူးချွန်သည် ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆွဲထုတ်ခံလိုက်ရသည်။

“အား...အား...အား...”

ကောင်းရှန့် နာကျင်စွာ ဟစ်အော်မိသည်။ သူ ကြောက်လန့်လို့လာသည်။ ယခင်တုန်းက သူ၏ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်၏ နောက်ဆုံး အသွင်နှင့်ဆိုလျင် သူ ယဲ့ဖန်ကို လွယ်လင့်တကူ သတ်နိုင်ပြီဟု ယုံကြည်ခဲ့သည်။

မမျှော်လင့်ဘဲ သူ့အဖြစ်က အင်မတန် ဆိုးရွား လာခဲ့သည်။

“ယဲ့ဖန်၊ မင်း...မင်း ငါ့ကို မသတ်သင့်ဘူးနော်၊ ငါ့ဆရာက ရီကျန့်ထျန်းကွ၊ သူက နတ်ဘုရား တစ်ပိုင်းအဆင့်ကွ”

နတ်ဘုရား တစ်ပိုင်းအဆင့်သည် ဒဏ္ဍာရီလာ အထွတ်အထိပ် အဆင့်ထက် အဆင့်တစ်ဆင့် ပိုမြင့် သည်။ နတ်ဘုရားတစ်ပိုင်း အဆင့်များသည် သူတို့၏ သေမျိုးခန္ဓာကိုယ်အား ဖယ်ရှား၍ နတ်ဘုရား အဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်သွား ကြသည်ဟု ဆိုကြသည်။

သူတို့သည် လက်ကလေး တစ်ချက်လှုပ်လိုက်ရုံနှင့် တောင်များကို ပြိုစေပြီး မြေငလျင်များကို ဖန်တီး နိုင်သည်။ သူတို့သည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှ၏။

ကောင်းရှန့်၏ စကားကြောင့် ယဲ့ဖန်က အထင်သေး သလို ပြုံး၍ ပြောလိုက်သည်။

“နတ်ဘုရား တစ်ပိုင်းအဆင့်လား၊ သူလည်း တီကောင် သာသာပါပဲ”

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ကောင်းရှန့် ချက်ချင်း တွေဝေ သွားသည်။

နတ်ဘုရားတစ်ပိုင်းအဆင့်သည် ကောင်းရှန့် မြင်ဖူး သမျှတွင် အသန်မာဆုံး သိုင်းအဆင့် ဖြစ်သည်။ သို့သော် ယဲ့ဖန်က နတ်ဘုရား တစ်ပိုင်းအဆင့်အား တီကောင်လိုသာ သဘောထားနေသေးသည်။

*မဖြစ်နိုင်ဘူး*

သို့သော် ယဲ့ဖန်သည် သူအား ပြန်ငြင်းခုံခွင့်ပင် မပေး တော့ပေ။ ထို့နောက် ကောင်းရှန့်သည် သူ့ခန္ဓာကိုယ် ပေါ်မှ လေးခုမြောက် သွေးဆိုး တိုက်ပွဲဝင် ဆူးချွန် ဆွဲထုတ်ခံ လိုက်ရပြီးနောက် နောက်ထပ် စုတ်ပြဲခံ လိုက်ရသည့် နာကျင်မှုကို ထပ်၍ ခံစားလိုက် ရသည်။

ချက်ချင်းဆိုသလိုပင် သူ့ကိုယ်မှ သွေးများ ပန်းထွက် လာပြန်သည်။

“မလုပ်နဲ့”

ကောင်းရှန့် ကြောက်လွန်းသဖြင့် ဘောင်းဘီထဲ သေးထွက်ကျလုမတတ် ဖြစ်သွားရသည်။ ထို့နောက် သူ အလွန် နောင်တရသလို ခံစားလာရသည်။ အကယ်၍ ယဲ့ဖန် သည်လောက် ရက်စက် တတ်သည်ကို သူ သိခဲ့ပါက ဘယ်တော့မှ ယဲ့ဖန်ကို စိန်ခေါ်မိမည် မဟုတ်။

သို့သော် ယခုအချိန်မှ နောင်တရလည်း သူ့အတွက် အသုံးမဝင်တော့ချေ။ ဂျွတ်ခနဲ အသံနှင့်အတူ နောက်ထပ် သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်တစ်ချောင်း ထပ်၍ ဆွဲထုတ်ခံလိုက်ရသည်။

“ဒီဆူးချွန်က သေသွားခဲ့တဲ့ ညအဖွဲ့သားတွေရဲ့ ဝိညာဉ် အတွက်ပဲ”

ဂျွတ်!

နောက်ထပ် သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်တစ်ချောင်း သူ့ကိုယ်ထဲမှ သူ့အသွေးအသားနှင့်အတူ ဆွဲထုတ်ခံ လိုက်ရသည်။

“ဒီဆူးချွန်က မကြာခင် ရောက်လာမယ့် မင်းရဲ့ သေခြင်းတရားအတွက်ပဲ”

ဂျွတ်!

“ဒီဆူးချွန်က ရို့စ်အတွက်ပဲ”

ရွှစ်!

“ဒီဆူးချွန်က အားဆန်အတွက်ပဲ”

…

ဤမြင်ကွင်းကို ကြည့်ပြီး အခြားသူများအားလုံး ကြက်သီး တဖြန်းဖြန်း ထသွားရသည်။ ဂျွတ် ဟူသော အသံများက သူတို့နားထဲ ဆက်တိုက် စွဲထင် ကျန်ရစ်နေသည်။

ခြံဝန်းတစ်ခုလုံး၌ ကောင်းရှန့်၏ ငယ်သံပါအောင် အော်ဟစ်သံများ ပဲ့တင်ထပ်နေ၏။ တိုက်ပွဲဝင် ဆူးချွန်များသည် ကောင်းရှန့်၏ ကိုယ်ပေါ်မှ ဆက်တိုက် ဆွဲထုတ်ခံနေရသည်။ ဆူးချွန်များ ပို၍ ဆွဲထုတ်ခံရလေ၊ ရဲရဲနီသော သွေးများက ပို၍ ပန်းထွက်လာလေ ဖြစ်သည်။

နာရီဝက်အတွင်းမှာပင် နောက်ဆုံးကျန်ရှိသော သွေးဆိုး တိုက်ပွဲဝင် ဆူးချွန်သည် သူ့ကိုယ်ပေါ်မှ ဆွဲထုတ်ခံလိုက်ရပြီးနောက် ကောင်းရှန့်သည်လည်း သွေးသံတရဲရဲနှင့် ပုံပျက်နေသော အသားဖတ် အဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

သူ၏ လည်ပင်း၊ ကျောပြင်၊ ခါးနှင့် ဝမ်းဗိုက်တို့ရှိ သွေးသံတရဲရဲနှင့် အပေါက်များမှ သွေးများ စီးကျနေ ဆဲဖြစ်ပြီး သူသည်လည်း မြေကြီးပေါ်၌ လဲလို့နေ သေးသည်။

သူ အတော်လေးကို ဆိုးဆိုးရွားရွား ဒဏ်ရာ ရထားသည်။

“နာလိုက်တာ …”

ကောင်းရှန့်သည် မည်သူမဆို အဘယ် နေရာတွင်မှ မခံစားဖူးသည့် နာကျင်မှုအား ခံစားလိုက် ရသကဲ့သို့ တုန်ယင်နေသော အသံဖြင့် ညည်းတွားလိုက်မိသည်။

သူ ကြောက်လန့်လို့နေသည်။ အကယ်၍ သူသာ အသက်ရှင် နိုင်မည်ဆိုပါက သူ ဘယ်တော့မှ ယဲ့ဖန် ထပ်၍ ရန်စမည် မဟုတ်ပါ။

နောက်ဆုံးတွင်တော့ သူ ယဲ့ဖန်ကို ကြောက်လို့လာပြီ ဖြစ်သည်။ သည်လောက် ရက်စက်၊ ကြမ်းကြုတ် သည့် လူမျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ယဲ့ဖန်သည် လုံးဝကို လူသားတစ်ယောက် မဖြစ်နိုင်ပေ။

“ယဲ့ဖန် … ငါ မှားသွားပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ။ ငါ့ … ငါ့မှာ သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ် ရှိတယ်လေ။ ငါ မင်းရဲ့ ကျေးကျွန်အဖြစ် နေနိုင်ပါတယ်။ ငါ မင်းရဲ့ ကြိုးဆွဲရာ ကပြီး မင်းရဲ့ ခြေနင်းခံအဖြစ် နောက်ကနေ လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး … ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ် ပေးပါ”

ကောင်းရှန့် သေရမည်ကို အလွန် ကြောက်နေသည်။ သူ သေခြင်းတရားကို အလွန် ကြောက်ရွံ့သည်။ ယဲ့ဖန်ကြောင့် သူ ဒုက္ခိတ ဖြစ်သွားတာ‌တောင်မှ သူ မသေချင်သေးပါ။

ယဲ့ဖန်အား အနူးအညွတ်တောင်းပန်နေသော မျက်နှာ ထားဖြင့် သူ ကြည့်နေမိသည်။ ဤသည်ကို ကြည့်ပြီး ဘေးပတ်လည်မှ ကျန်သိုင်းပညာရှင်များသည် သူတို့ အိပ်မက်မက်နေသည်ဟု ခံစားနေမိကြသည်။

လွန်ခဲ့သည့် နာရ်ဝက်ခန့်က ဓားသမားဂိုဏ်းသည် ကျန်းရှီမြို့၏ နံပါတ်တစ် အင်အားစု ဖြစ်ပြီး ကောင်းရှန့်သည်လည်း ကျန်းရှီမြို့၏ ဘုရင် ဖြစ်နေခဲ့ သေးသည်။

သို့သော် ယခုအခါတွင် ဓားသမားဂိုဏ်း၏ ကျန်းရှီမြို့ ဂိုဏ်းခွဲကား သုတ်သင်ခံလိုက်ရလေပြီ။ ကောင်းရှန့် သည် ဒုက္ခိတဖြစ်နေပြီး ယဲ့ဖန်အား ခွင့်လွှတ် ပေးပါရန် ခွေးတစ်ကောင်လိုဆက်၍ တောင်းပန် နေသည်။

“မင်းကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား”

ကောင်းရှန့်၏ စကားကြောင့် ယဲ့ဖန်က မကောင်း ဆိုးဝါး အပြုံးမျိုးနှင့် ပြန်ပြောလိုက်သည်။

“မင်းကို ငါ ခွင့်လွှတ်ပေးရင်တောင်မှ ကျဆုံးသွားတဲ့ ညအဖွဲ့သားတွေရဲ့ ဝိညာဉ်က မင်းကို ခွင့်လွှတ် ပေးမှာ မဟုတ်ဘူး”

“သွားသေလိုက်တော့”

ထိုသို့ပြောပြီး ယဲ့ဖန်၏ ခြေထောက်တစ်ဘက်က ကောင်းရှန့်၏ ခေါင်းပေါ်သို့ တဖြည်းဖြည်း နိမ့်ကျ လာသည်။

“မလုပ်နဲ့”

ကောင်းရှန့် ကြောက်လန့်တကြား အော်ဟစ် လိုက်ပြီးနောက် သူ၏ဦးခေါင်းသည် ယဲ့ဖန်၏ ခြေထောက်ဖြင့် နင်းချေခြင်းကို ခံလိုက်ရသည်။

*သူ သေသွားပြီ*

*လွန်ခဲ့တဲ့ နှစ်ဝက်က ကျန်းရှီမြို့ကို စိုးမိုးခဲ့တဲ့ ဓားသမား ဂိုဏ်းခေါင်းဆောင် ရီကျန့်ထျန်းရဲ့ နောက်ဆုံး တပည့် ကောင်းရှန့်က ခွေးလိုဝက်လို အလှောင် ခံရပြီး‌တော့ တီကောင်လို တက်နင်းခံ လိုက်ရတယ်*

ပြောင်းပြန် ဖြစ်သွားသည့် အခြေအနေကြောင့် ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များသည် ယဲ့ဖန်အား အလွန် လေးစားမိသွားသည်။

ထိုစဉ် ယဲ့ဖန်က လက်တစ်ဘက်ကို ဝှေ့ယမ်း လိုက်သည်။ ချက်ချင်းဆိုသလိုပင် ပုရွက်ဆိတ် တပ်ဖွဲ့ကြီးက ကောင်းအိမ်တော် အတွင်းရှိ အခန်းများထဲသို့ လှစ်ခနဲ ပြေးဝင်သွားကြသည်။

တစ်ခဏမျှ အကြာတွင် သူတို့သည် ထူးဆန်းသည့် ကျောက်တုံး များစွာကို ဆွဲယူလာကြသည်။ ထူးဆန်းသော ကျောက်တုံးများ အားလုံးသည် ထိပ်တန်း အရည်အသွေးများ ဖြစ်သည်။ ထိုကျောက်တုံး အားလုံးသည် တလက်လက် တောက် ပနေသော အလှဆင်ထားသည့် ပုံစံများ ရှိသည့် သလင်းကျောက်များ ဖြစ်သည်။

ထို့နောက် ယဲ့ဖန်သည် ထိုထူးဆန်းသော ကျောက်တုံး များပေါ်၌ ထူးဆန်းသည့် မှော်စာလုံး များကို သူ၏ ဓားကဲ့သို့ လက်ချောင်းများဖြင့် ရေးဆွဲ လိုက်သည်။

ထိုထူးဆန်းသော ကျောက်တုံးများပေါ်၌ မှော်စာလုံး များ ရေးဆွဲပြီးသောအခါ ယဲ့ဖန်က လက်ကို ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

“သွားကြ”

ထို့နောက်တွင် ပုရွက်ဆိတ်တပ်ဖွဲ့ကြီးက ကျန်းရှီမြို့၏ အရပ်မျက်နှာအနှံ့သို့ ပြေးထွက် သွားကြသည်။ ထို့အပြင် ယဲ့ဖန်က လေထဲသို့ လက်ညှိုး ညွှန်ကာ ထူးဆန်း၍ ဆန်းကြယ် နက်နဲသော ဝင်္ကပါကို တည်ဆောက်လိုက်သည်။

ထို့နောက် သူသည် ကောင်းအိမ်တော်ခန်းမ၏ ခေါင်မိုးပေါ်သို့ ခုန်တက်ကာ ဟစ်အော်လိုက်သည်။

“စတင်စမ်း”

ထိုထူးဆန်း၍ ဆန်းကြယ်နက်နဲသော ဝင်္ကပါသည် ချက်ချင်းဆိုသလို ကောင်းကင်အနှံ့ ဖြန့်ကျက် သွားသည်။ ဆက်၍ ဖြစ်ပေါ်လာသော မြင်ကွင်းကား အလွန်ထိတ်လန့်စရာ ကောင်းလှသည်။

ဝုန်း!

ရုတ်တရက် ကောင်းကင်၌ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စီး လက်ခြင်းတို့ ပေါ်ပေါက်လာသည်။ ထို့နောက် လေနှင့်အတူ ရေခီစွမ်းအင်စုများ ရောက်ရှိ လာသည်။ထို့အပြင် နတ်ဆိုး ချီဓာတ် များက ကျန်းရှီမြို့သို့ ရွာကျလာသည်။

ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်တို့ ပေါင်းစပ် သွားသည့်အခါ နှစ်ခုစလုံးက ကောင်းကင်၌ ထိုက်ချိပုံစံ ဖြစ်ပေါ်လာကာ ဘေးပတ်လည်ရှိ ရေခီ စွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များကို စုပ်ယူ သွားသည်။

ရေခီစွမ်းအင်များ မိုးရေစက်ကဲ့သို့ ပေါများ လာပြီးနောက် ရေခီစွမ်းအင် မြူခိုး ဖြစ်ပေါ် လာသည်။ နတ်ဆိုးချီဓာတ်များက အနက်ရောင် တိမ်တိုက်များ ဖြစ်သွားပြီး နေကိုတောင် ကာဆီး သွား၏။

ထို့သို့ ဖြစ်နေခိုက်တွင် ယဲ့ဖန်၏ နောက်လိုက် များသည် အလွန်များပြားလာသည့် ရေခီ စွမ်းအင်များက သူတို့ကိုယ်ထဲ၌ တလိပ်လိပ် တိုးလာ သလို ခံစားလာရသည်။

တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများနှင့်အတူ သူတို့သည် တစ်ဆို့ကြန့်ကြာနေသော အဆင့်မှ ချိုးဖောက်၍ အဆင့်တက်သွားနိုင်ကြသည်။

ဆရာသခင်အဆင့်။

ဆရာသခင် အထွတ်အထိပ်အဆင့်။

ဒဏ္ဍာရီ တစ်ပိုင်းအဆင့်။

ဒဏ္ဍာရီ အလယ်အလတ်အဆင့်။

ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်။

တစ်နှစ်ခွဲခန့် ကန့်သတ်ခံထားရပြီးနောက် ညအဖွဲ့သားများ၏ ကျင့်ကြံမှုအဆင့်များသည် မကြုံ စဖူး ကျစ်လစ်၊ခိုင်မာ၍ ပေါင်းစည်းလာသည်။

ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များနှင့် ပြည့်နှက် လာပြီးနောက် သူတို့အားလုံးသည် တစ်ဆို့နေသော အဆင့်များမှ လျင်မြန်သော အရှိန်အဟုန်နှင့် အဆင့် တက်လာကြသည်။

သူတို့ မြင့်မားသော အဆင့်သို့ တက်ရောက် လာသလို မြို့တစ်ဝိုက်တွင် တဖျစ်ဖျစ် တဖြောက် ဖြောက် မြည်သံများစွာ ပဲ့တင်ထပ်၍ ထွက်ပေါ် လာသည်။

CHAPTER 312 ညအဖွဲ့ပြန်လာပြီ

အဆင့်တက်ခြင်း။

အဆင့်တက်ခြင်း။

အဆင့်တက်ခြင်း။

ထိုအချိန်တွင် ကောင်းအိမ်တော်တွင်းရှိ ညအဖွဲ့သား များသည် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် အဆင့်တက် လာကြသည်။

ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူတို့သည် မည်သည့် ဆေးလုံး သို့မဟုတ် အင်မော်တယ် သစ်သီးများအား ဝယ်ယူခွင့်မရှိသလို မည်သည့် ရေခီစွမ်းအင်ကိုမျှ မရရှိခဲ့ပါ။ ဓားသမားဂိုဏ်းမှ တပည့်တပန်းများ၏ ဖယ်ကျဉ်ခြင်းကို ခံရသဖြင့် သူတို့၏ ကျင့်ကြုမှု အဆင့်များ တိုးတက်မှု နှေးနေခဲ့သည်။

သို့သော် ယခု သူတို့ လျင်မြန်စွာ အဆင့်တက် လာကြပြီဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် ရေခီ စွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များဖြင့် ပြည့်ဝလာ သဖြင့် သူတို့သည် သူတို့၏ လွှမ်းမိုးနိုင်သော ချီဓာတ် များအား မီးရှို့ခံလိုက်ရသည့် ယမ်းစာဘူးကဲ့သို့ ဝုန်းခနဲ ထုတ်လွှတ်လာနိုင်လေပြီ။

ထိပ်ပြောင်အားဆန်၏ အဆင့်တက်မှုက ရူးချင်စရာ အကောင်းဆုံးပင်။ ပြီးခဲ့သည့် နှစ်ဝက်အတွင်း သူသည် နေ့တိုင်းနီးပါး တိုက်ခိုက်ခဲ့ရသည်။

သေရေးရှင်‌ရေး အခြေအနေများစွာနှင့် ကြုံတွေ့ခဲ့ ရပြီးနောက် သူ၏ ခန္ဓာကိုယ်တွင်းရှိ ချီဓာတ်များ သည် ကျစ်လစ် သိပ်သည်းလာသည်။

ဆရာသခင် အလယ်အလတ်အဆင့်။

ဆရာသခင် နောက်ဆုံးအဆင့်။

ဆရာသခင် အထွတ်အထိပ်အဆင့်။

ဒဏ္ဍာရီ တစ်ပိုင်းအဆင့်။

....

ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်သည့် တိုင်အောင် သူ အဆင့်တက် သွားသည်က ရပ်တန့်ခြင်း မရှိသေးပေ။ အလွန့်အလွန် များပြား သော အားအင်များနှင့်အတူ သူသည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်သို့ ချက်ချင်း အဆင့်တက် သွားလေသည်။

ရို့စ်၏ တိုက်ပွဲဝင်ခွန်အားသည်လည်း ရူးမတတ် တိုးပွားလာသည်။ သူမ၏ ခွန်အားသည် ဒဏ္ဍာရီ အထွတ်အထိပ်သို့ မရောက်မချင်း ရပ်တန့်ခြင်း မရှိပေ။

ကျန်သော ညအဖွဲ့သားများသည်လည်း ဒဏ္ဍာရီ အဆင့်သို့ အဆင့်တက်သွားကြသည်။ ချက်ချင်းဆို သလိုပင် ကောင်းအိမ်တော်အတွင်း၌ ဒဏ္ဍာရီအဆင့် ငါးရာကျော် ထွက်ပေါ်လာသည်။

သူတို့၏ ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ် များက အခြားသူများအား ကြောက်လန့် တုန်လှုပ် သွားစေသည်။ သူတို့သည် နတ်ဆိုး စစ်တပ်နှင့် တောင် သဏ္ဌာန်တူနေသည်။

ကောင်းအိမ်တော်၏ အပြင်ဘက် လမ်းပေါ်၌ ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များနှင့် ပြွတ်သိပ်လို့ နေသည်။ ကျန်းရှီမြို့၏ မြို့သူမြို့သား အားလုံး နီးပါးတို့က ယဲ့ဖန်အား အလွန် လေးစား သည့်ဟန်ဖြင့် မြင်တွေ့ခွင့်ရရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

များစွာသော လူတန်းကြီးက မိုင်နှင့်ထောင်ချီ၍ ရှည်လျား လေသည်။ တစ်ဟုန်ထိုး တိုးပွားလာသော ရေခီစွမ်းအင်နှင့် နတ်ဆိုးချီဓာတ်များ ရောက်ရှိလာ သောအခါ ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များသည် လည်း ခွန်အားများ တိုးပွားလာရသည်။

လူအုပ်ကြားထဲ၌ တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်သံများ ဆက်တိုက် ထွက်ပေါ်လာသလို တက်ကြွပျော်ရွှင်စွာ ပြောဆိုနေသံများလည်း ထွက်ပေါ် လာ၏။

“အိုး ... ဝိုး ... ဆရာသခင် အထွတ်အထိပ် အဆင့် ပါလား။ ငါ မြင့်မားတဲ့အဆင့်ကို တက်ရောက် သွားနိုင်ပြီပဲ”

“ဟားဟား ... ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကွ။ ငါ ဒဏ္ဍာရီ အဆင့်ကို ရောက်ပြီကွ”

“ငါ နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီပဲ။ ငါ ဒီအဆင့်မှာ ပြီးခဲ့တဲ့ တစ်လလုံးလုံး တန့်နေခဲ့တာ။ ငါ နောက်ဆုံး တော့ အဆင့်တက်သွားပြီကွ”

...

တက်ကြွ ပျော်ရွှင်သံများက ဆက်တိုက် ထွက်ပေါ် လာသည်။ ကျန်းရှီမြို့ရှိ သိုင်းပညာရှင်အားလုံး နီးပါး ပိုမြင့်သည့် အဆင့်သို့ အဆင့်တက်သွားခဲ့ကြသည်။

ဝင်္ကပါ၏ စွမ်းအင်များက ကျန်းရှီတစ်မြို့လုံးကို ဖုံးအုပ်သွားပြီး ကျန်းရှီမြို့၏ ရေခီစွမ်းအင်များက ပို၍ ပွားများသထက် ပွားများလာသည်ကို သူတို့ သိလိုက်သည်။

ကျန်းရှီမြို့ရှိ လူတိုင်း လျင်မြန်သော အရှိန် အဟုန်ဖြင့် ပိုမြင့်သော အဆင့်သို့ အဆင့်တက် သွားကြသည်။ ထို့နောက် ကျန်းရှီမြို့ရှိ လူတိုင်းသည် ကောင်းအိမ်တော်ရှိ အဓိကခန်းမ၏ ခေါင်မိုးပေါ်၌ ရပ်နေသော ယဲ့ဖန်ကို လှမ်းကြည့်ပြီး အလွန် လေးစား ကြည်ညိုဟန်ဖြင့် သံပြိုင် ကြွေးကြော် လိုက်ကြသည်။

“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ကွ”

ထိုအချိန်တွင် ကျန်းရှီမြို့၏ သိုင်းပညာရှင် တစ်ယောက်က ကျယ်လောင်စွာ ကြွေးကြော် လိုက်သည်။ ထို့နောက် ကျန်းရှီတစ်မြို့လုံး၌ ကျယ်လောင်သော ကြွေးကြော်သံများဖြင့် ပြည့်နှက် သွားသည်။

“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”

“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”

“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”

ထောင်သောင်းနှင့်ချီသော လူများက ပျော်ရွှင်စွာ ဟစ်ကြွေးကြသဖြင့် သူတို့၏ အသံများက ကမ္ဘာတောင် တုန်လှုပ်လောက်စေသည်။

ယခုသောအချိန်တွင် ယဲ့ဖန်သည် ညအဖွဲ့သား၏ ရင်ထဲတွင် နတ်ဘုရားဖြစ်ရုံသာမက ကျန်းရှီမြို့ တစ်ခွင်ရှိ လူတိုင်း၏ ရင်ထဲတွင်လည်း နတ်ဘုရား တစ်ပါး ဖြစ်လာလေသည်။

....

ပေါ်ဟိုင်ပင်လယ်၏ ပင်လယ်ကမ်းခြေ ဒေသရှိ အမဲလိုက်ကွင်းပြင်ဟု ခေါ်သော စစ်တလင်း၌ ဖြစ်လေသည်။ ဤစစ်တလင်းနှင့် လူသားနှင့် မှင်စာများ၏ စစ်တလင်းများထဲမှ တစ်ခုဖြစ်သည်။

ထိုအချိန်တွင် လူငယ်တစ်ယောက်သည် မြေကြီးပေါ် ထိုင်ချကာ အုတ်နံရံကို မှီ၍ ရေသောက်နေသည်။ သူ့တစ်ကိုယ်လုံးတွင် မှင်စာများ၏ သွေးများဖြင့် ပေကျံနေသည်။

သူ၏ တိုက်ပွဲဝင် ဓားမော့သည် မှင်စာများစွာကို သတ်ရာတွင် အသုံးပြုခဲ့ရသဖြင့် ပွန်းရာပဲ့ရာများနှင့် ဖုံးလွှမ်းနေသည်။

ဘေးပတ်လည်မှ သန်မာသော အမဲလိုက်သမားများ အားလုံးသည် ထိုလူငယ်လေးနှင့် ဝေးရာ၌ နေနေကြပြီး သူတို့၏ မျက်နှာထက်၌ အလွန် ကြောက်လန့်၊လေးစားဟန်များ ဖုံးလွှမ်းနေသည်။

ထိုလူငယ်လေးသည် သူသောင်တင်နေစဉ် အတောအတွင်း သူ့ခွန်အား တိုးပွားလာစေရန် အလို့ငှာ သားရဲကောင်များအား အမဲလိုက်ခြင်း ဖြစ်ကြောင်း အားလုံး သိကြလေသည်။

တစ်နေ့ပြီးတစ်နေ့။

တစ်ညပြီးတစ်ည။

သူသည် သားရဲကောင်များအား ပြိုင်ဘက်ကင်း လူသတ်စက်ကဲ့သို့ နေ့တိုင်း သတ်ဖြတ်ခဲ့သည်။ သူ အမဲလိုက်ခဲ့သော သားရဲကောင်များသည် အမဲလိုက် ကွင်းပြင်ရှိ ပထမအဆင့် အကောင်များ ဖြစ်သည်။

သူသည် ပေါ်ဟိုင်ပင်လယ်၏ ပင်လယ်ကမ်းခြေ ဒေသရှိ အမဲလိုက်ကွင်းပြင်၏ အရှင်သခင်ပင် ဖြစ်သည်။

ထိုလူငယ်လေးသည် ငြိမ်သက်ဆဲပင်။ သူ့အဆင့် တက်ရန်အတွက် အဘယ်ကြောင့် ရေကုန်ရေခမ်း ကြိုးစားနေမှန်း မည်သူမျှ မသိကြ ပါ။

သူသည် တစ်စုံတစ်ယောက်အား လွမ်းဆွတ် တမ်းတနေဟန်နှင့် မျက်ရည်များ သုတ်ခဲ့သည် ကိုသာ သူတို့ သိကြသည်။

“နှစ်ဝက်တောင် ရှိသွားပြီပဲ ...”

ထိုလူငယ်လေးသည် ရေခဲရေအား ပါးစပ်အပြည့် မော့ချလိုက်ရင်း သူ့မျက်လုံး၌ ဝမ်းနည်းရိပ်များက ထပ်မံ၍ ပေါ်လာသည်။

သူသည် သူ၏ ဝံပုလွေအုပ်အား တမ်းတနေသည့် ဒဏ်ရာရနေသော သင်းကွဲဝံပုလွေတစ်ကောင်နှင့် တူလှသည်။

“သခင်ကြီး ငါတို့ကို ထားသွားခဲ့တာ နှစ်ဝက်‌တောင် ရှိသွားပြီ။ ငါ့ရဲ့ တိုက်ပွဲဝင် ခွန်အားကလည်း ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်ကို ရောက် လာပြီ။ ဒါပေမယ့် ဒါက ငါ့သခင်ကြီးရဲ့ သေဆုံးမှုကို လက်စားချေဖို့ ငါ့အတွက် မလုံလောက်သေးဘူး”

သူ ရေရွတ်နေရင်း ပူနွေးသော မျက်ရည်များ စီးကျ လာသည်။ ထို့နောက် သူက မျက်ရည်ကို သုတ်ကာ ဓားမော့ကို ကိုင်၍ ထရပ်လိုက်သည်။

သူသည် ထပ်မံ၍ အဆင့်တက်လာရန်အတွက် နောက်ထပ် သတ်ပွဲတစ်ခု ဆင်နွှဲရန် အဆင်သင့် ဖြစ်နေသည်။

သို့သော် ထိုအချိန်တွင် အမဲလိုက်ကွင်းပြင်ရှိ ကြီးမားသော LCD ဖန်သားက ကြီးမားသော လျှပ်စစ်လှိုင်းနှင့်အတူ တရှဲရှဲ မြည်လာသည်။

တစ်ခဏကြာသော် ထိုကြီးမားသော ဖန်သားပြင်က ဖျက်ခနဲ ပွင့်လာသည်။ ထို့နောက် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ပေါ်လာ၏။

“ဘာတွေ ဖြစ်နေတာလဲ”

အမဲလိုက်သမားများအားလုံး တိတ်ကျသွားသည်။ သူတို့အားလုံး ထိုဖန်သားပြင်ကိုသာ မော့ကြည့် နေကြသည်။

ထိုဖန်သားပြင်သည် ဟွာရှနိုင်ငံ၏ သားရဲများနှင့် ပြည့်နှက်နေသော ပင်လယ်ကမ်းဒေသနှင့် ပတ်သက်သော သတင်းများကိုသာ ထုတ်လွှင့် လေ့ရှိသည်။ သို့သော် ယခုအခါတွင် …

ထိုလူငယ်သည် ဖန်သားပြင်ပေါ်မှ သတင်းကို လုံးဝ စိတ်ဝင်စားပုံမပေါ်ပေ။ သူက ကမ်းစပ်သို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်နေသည်။

သို့သော် ထိုအခိုက်တွင် ဖန်သားပြင်ပေါ်မှ လူက တည်ငြိမ်စွာ ပြောလာသည်။

“နှစ်ဝက်‌‌တောင် ကြာသွားပြီပဲ။ ညအဖွဲ့ ပြန်ပေါ် လာပြီ”

ထိုအသံကို ကြားသောအခါ ထိုလူငယ် ရပ်သွား သည်။ သူ ချက်ချင်း နောက်လှည့်ကာ ဖန်သားပြင်ကို မော့ကြည့်လာသည်။

ဖန်သားပြင်ပေါ်မှ လူကို ကြည့်နေရင်း ထိုလူငယ် မျက်ရည်များ စီးကျလို့လာသည်။

“သ…သခင်ကြီး”

ထိုလူငယ်လေးသည် သူ၏ မိသားစုဝင်အား ပြန်တွေ့ လိုက်သည့် သင်းကွဲဝံပုလွေကဲ့သို့ ခပ်အက်အက် အသံဖြင့် ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူ့အသံက ပျော်ရွှင်မှုကြောင့် တုန်ခါလို့နေ၏။ သူ့မျက်လုံးတောင် သူ မယုံကြည်ရဲပေ။

“ငါ့သခင်ကြီး … ပြန်လာပြီ။ ဟားဟား…”

ထိုလူငယ် ရုတ်တရက် ရယ်မောလိုက်သဖြင့် သူ၏ အပြုံးနှင့် မျက်ရည်များက ဘေးမှလူများ၏ ရုပ်ခန္ဓာ သာမက စိတ်ဝိညာဉ်ကိုပါ တုန်ခါသွားစေသည်။

ထို့နောက် အခြားသူများ၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ထိုလူငယ်က ဖန်သားပြင် ပေါ်မှ လူထံသို့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ အလွန် ရူးသွပ်၊ ပျော်ရွှင် နေသော မျက်နှာထားဖြင့် ပြောလိုကသည်။

“သခင်ကြီး၊ မိစ္ဆာ ဝိညာဉ်ရိုင်းက သခင့်အမိန့်ကို နာခံလျက်ပါ”

ထိုသို့ပြောပြီး မိစ္ဆာ ဝိညာဉ်ရိုင်းသည် ပြန်မတ်တပ် ရပ်လိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ထို့နောက် အမဲလိုက်ကွင်းပြင်ရှိ အခြား အမဲလိုက် သမားများ အားလုံး တွေဝေသွားကြသည်။

*သ…သခင်ကြီးတဲ့လား*

သူတို့အားလုံး နားရှိလို့သာ ကြားရသော်လည်း မယုံနိုင်ပုံ ပေါ်နေသည်။

မှင်စာများစွာကို သတ်ဖြတ်ခဲ့သည့် အမဲလိုက် ကွင်းပြင်၏ အရှင်သခင်ဖြစ်သူ၊ ရူးသွပ်နေသည့် လူငယ်လေးက တစ်စုံတစ်ယောက်ကို သခင်ကြီးဟု ခေါ်လိုက်သည်တဲ့လား။

မ…မယုံနိုင်စရာကောင်းလှပါဘိ။

…

တစ်ချိန်တည်းမှာပင် အဆိုပါ ထူးဆန်းသော ဗွီဒီယိုကို ဟွာရှနိုင်ငံရှိ ရုပ်သံလိုင်းအားလုံးတွင် ဗိုင်းရပ်စ် ဝင်သကဲ့သို့ ထုတ်လွှင့်ပြသခဲ့ကြသည်။

နိုင်ငံတွင်းရှိ ရုပ်သံလိုင်းများအားလုံး၊ ကြီးမားသော ဖန်သားပြင်များနှင့် ရုပ်ရှင်ရုံများ၌ တူညီသော ဗွီဒီယိုကိုသာ ထုတ်လွှင့်လာခဲ့သည်။

“ညအဖွဲ့ ပြန်လာပြီ”

All Chapters