အခန်း (၃၁၃-၃၁၅)
Vol. 21 Ch. 313-315
CHAPTER 313 အရှင်ဝူ ပြန်လာပြီ
ဟဲရှန့်စီရင်စုဒေသရှိ ကျန်းဟဲမြို့သည် မြစ်ကြီး တစ်စင်း၏ နံဘေး၌ တည်ရှိလေသည်။ ပြီးခဲ့သည့် နှစ်ဝက် ကာလအတွင်း ရေခီစွမ်းအင်များက တစ်ကမ္ဘာ လုံးအနှံ့ တစ်ဟုန်ထိုးစတင် တိုးပွား လာသဖြင့် မြစ်ကြီးထဲမှ သတ္တဝါအားလုံး ရူးချင်စရာ ကောင်းလောက်သော သန္ဓေပြောင်းလဲမှုနှင့် ကြုံတွေ့ ရလေသည်။
သူတို့သည် အသားများကို စတင်၍ စားသောက် လာကြပြီး လူများကို ရက်စက်၊ကြမ်းတမ်းစွာ သတ်ဖြတ်ကြလေသည်။
သူတို့သည် များစွာသော သားရဲတပ်ဖွဲ့များ ဖွဲ့စည်း၍ ကျန်းဟဲမြို့အား ထပ်ကာတလဲလဲ တိုက်ခိုက် ကြသည်။
ထိုအချိန် အတောအတွင်း ကျန်းဟဲမြို့ရှိ မြို့သူ မြို့သားများသည် ကြီးမားသော ထိခိုက် ပျက်စီးမှုနှင့် ကြုံရလေတော့သည်။ ကျန်းဟဲမြို့ တစ်မြို့လုံး အလောင်းများနှင့် ပြည့်နှက်နေခဲ့သည်။
သို့သော် လွန်ခဲ့သည့် နှစ်ဝက်ခန့်က ကျန်းဟဲမြို့၌ လူတစ်ယောက် ပေါ်လာပြီးကတည်းက မည်သူမျှ ထပ်၍ မသေကြေကြတော့ပေ။
ထိုလူအား မြို့သူမြို့သားများက အရှင်ဝူဟု သိထား ကြသည်။ သူက အရှင်ဝူ၏ အစောင့် တပ်ဖွဲ့ စစ်သားများနှင့် အရှင်ဝူ၏ စစ်တပ်တို့အား တည်ထောင် ခဲ့သည်။
သူသည် သားရဲများစွာကို သတ်ဖြတ်ခဲ့ပြီး ဒေသခံ မြို့သူမြို့သားများအား အကြိမ်ကြိမ် အခါခါ ကာကွယ်ခဲ့သည်။
သူသည် ကျန်းဟဲမြို့ရှိ ထောင်သောင်းနှင့်ချီသော လူများက လေးစားကြည်ညိုခြင်းကို ခံရလေသည်။ သူသည် ကျန်းဟဲမြို့၏ အရှင်သခင် အစစ်ပင်။
အရှင်ဝူ၏ အိမ်တော်ဝင်းသည် ကျန်းဟဲမြို့လယ်၌ တည်ရှိသည်။ ထိုအချိန်တွင် အရှင်ဝူ၏ ဇနီးက သူ၏ ရင်ခွင်ထဲ၌ နေရင်း အတူတကွ တီဗွီ ကြည့်နေ ကြသည်။
အရှင်ဝူ၏ ဇနီးသည် အလွန် လှပပြီး ကိုယ်ကျင့် သိက္ခာ ကောင်းမွန်သည်။ သူမက သူ့ခင်ပွန်းကို ကြည့်နေသည့်အခါတိုင်း သူမမျက်နှာ၌ ချစ်ခြင်း မေတ္တာနှင့် နွေးထွေးမှုတို့ အမြဲထင်ဟပ်နေသည်။
သူမခင်ပွန်းသည် ကျန်းဟဲမြို့၏ သူရဲကောင်း ဖြစ်သည်။ သူသည် သားရဲကောင်များအား ကြက်၊ ဝက်တို့အား သတ်ဖြတ်သကဲ့သို့ အလွန် ထည်ဝါ သော ဟန်ပန်ဖြင့် သတ်ဖြတ်ခဲ့သည့် ဒဏ္ဍာရီလာ အဆင့် သိုင်းပညာရှင် ဖြစ်သည်။
အရှင်ဝူ၏ ဇနီးသည်က ရင်သွေးငယ်လေး နှစ်ယောက် တည်ရှိနေသော သူမ၏ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဤရင်သွေး ငယ်လေး နှစ်ယောက်သည် သူတို့ချစ်ခြင်း၏ အချစ် သက်သေလေး ဖြစ်သည်။
တောက်!
အရှင်ဝူ၏ ဇနီးသည်သည် နွေးထွေးသလို ဖြစ်နေ စဉ်တွင် သူမမျက်နှာပေါ်သို့ မျက်ရည်တစ်စက် ကျလာသည်ကို သူမ ခံစားလိုက်မိသည်။
သူမ တစ်ခဏမျှ ထိတ်လန့်သွားရသည်။ ထို့နောက် အရှင်ဝူသည် နံရံပေါ်ရှိ နက်မှောင်နေသော အရိုးစုကို မျက်ရည်များ ပြည့်နှက်နေသော မျက်လုံး များဖြင့် စိုက်ကြည့်နေသည်။
ထိုအနက်ရောင် အရိုးစုသည် အရှင်ဝူကိုယ်တိုင် ပြုလုပ်ထားသည့် အရိုးစုဖြစ်သည်။ ထိုအရိုးစုသည် သူ့လက်မောင်း၌ ရှိသော ‘အရိုးစု’ တက်တူးကဲ့သို့ ဆိုးရွား၍ မကောင်းဆိုးဝါးဆန်လှသည်။
သို့သော် အရှင်ဝူက ထိုနတ်ဆိုး အရိုးစုအား မြင်သည့်အခါတိုင်း ထိုအရိုးစုက ဝံပုလွေအုပ်အား သတိရစေသကဲ့သို့ မျက်ရည်ကျလာသည်။
“ဟင်း … ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း ဒါနဲ့ဆို ကိုးဆယ့်သုံးကြိမ် ရှိပြီ”
အရှင်ဝူ၏ ဇနီးသည်က ပြောရင်း မချိတင်ကဲ ပြုံးလိုက် မိသည်။ သူမခင်ပွန်း ဘာတွေ ကြုံတွေ့ခဲ့ ရသလဲဆိုတာ သူမ လုံးဝ မသိပါ။ သူ့အတိတ် အကြောင်းကို သူမ မေးလိုက်သည့်အခါတိုင်း သူမခင်ပွန်းက သူ့စိတ်ထဲ၌ ဘယ်လိုမှ မေ့မရ နိုင်သော လူတစ်ယောက်ရှိနေဟန်ဖြင့် အမြဲ ငြိမ်ကျ သွားသည်။
“အရှင်၊ အရှင်ရဲ့ အတိတ်အကြောင်းကို ပြန်တွေး ပြန်တာလား”
“ဘာဖြစ်လို့ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို အမှတ်ရနေ သေးတာလဲ။ ဒီအတိုင်း မေ့လိုက်ပါလား”
အရှင်ဝူ၏ ဇနီးသည်က အလွန် သနားလို့နေသည်။
*မေ့လိုက်ရမှာလား*
သူမစကားကြောင့် အရှင်ဝူ၏ ခက်ထန်သော မျက်နှာ၌ ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“ငါ့အတိတ်အကြောင်းကို ငါ မမေ့နိုင်ဘူး။ သူက ငါ့ရဲ့ ယုံကြည်ရာဖြစ်ပြီး သူက ငါ့ရဲ့ နတ်ဘုရားပဲ”
“ကိုယ်တို့ကလေးတွေ ဒီလောကထဲ ရောက်လာတဲ့ အချိန်ရောက်ရင် ကိုယ် သူ့ကို သွားရှာမယ်”
အရှင်ဝူက ပြုံးရယ်၍ ပြောလိုက်သည်။
*သူ့ကို သွားရှာမယ်*
အရှင်ဝူ၏ ဇနီးသည်က သူ့စကားများကို နားမလည်ပေ။ သို့သော် သူမ ခဏခဏ မေးလျင် လည်း သူမခင်ပွန်းက ဘယ်တော့မှ ပြန်ဖြေမည် မဟုတ်သည်ကို သိနေသည်။
ရှဲ!
ထိုစဉ် တီဗွီမှ ဖန်သားဖြင်သည် လျှပ်စစ်လှိုင်း နှင့်အတူ တရှဲရှဲ မြည်လာသည်။ ထို့နောက် ဖန်သားပြင် တစ်ခုလုံး ဖွေးစွက်သွားသည်။
ထို့နောက် တိကျရှင်းလင်း ပြတ်သားသော မျက်နှာ ထားနှင့် တောက်ပသော မျက်လုံး တစ်စုံရှိသည့် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ဖန်သားပြင် ပေါ်၌ ပေါ်လာပြီး ခက်ထန်၍ နတ်ဆိုးဆန်သော မျက်နှာထားဖြင့် ပြောလာသည်။
“နှစ်ဝက်တောင် ရှိသွားပြီပဲ။ ညအဖွဲ့ ပြန်ပေါ်လာပြီ”
မြင်ကွင်းက ရုတ်ချည်းဆိုသလို ပေါ်လာခြင်း ဖြစ်သည်။
အရှင်ဝူ၏ ဇနီးက ထိုသတင်းကို မြင်ပြီး မျက်မှောင် ကြုတ်ကာ မေးလိုက်မိသည်။
“ဘာဖြစ်တာလဲ။ တီဗွီလိုင်းကများ တစ်ခုခု ဖြစ်နေ တာလား”
သူမ ချက်ချင်း လိုင်းပြောင်းလိုက်ချင်သည်။ သို့သော် ထိုအချိန်တွင် သူမဘေးမှ အရှင်ဝူက တုန်ယင် လာသည်ကို သူမ ခံစားမိလိုက်သည်။
ထို့နောက် သူမ သူ့ကို လှည့်ကြည့်လိုက်သောအခါ သူက တီဗွီဖန်သားပြင်ပေါ်မှ လူကို ကြည့်ပြီး မျက်ရည်များ ကျနေသည်။
သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကို မဖုံးထားနိုင် သည့်ဟန်ဖြင့် နီမြန်းလို့နေ၏။
“သူ အသက်ရှင် နေသေးတယ် … သူ ပြန်လာပြီ။ ဟားဟား … ငါ့သခင်ကြီး ပြန်လာပြီ”
အရှင်ဝူ ချက်ချင်း တက်ကြွပျော်ရွှင်လာကာ ဆိုဖာပေါ်မှ ချက်ချင်း ခုန်ထလိုက်မိသည်။
“အရှင်ဝူရဲ့ အစောင့်တပ်သားတွေ၊ ငါ့အမိန့်ကို နာခံစမ်း”
အရှင်ဝူ အော်ဟစ်လိုက်မိပြီးနောက် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက် ချက်ချင်း ပေါ်လာသည်။ သူတို့တစ်ယောက်ချင်းစီသည် အလွန် သန်မာ၍ မျက်လုံးများမှ အလွန် ကြမ်း ကြုတ်သော ချီဓာတ်များကို ထုတ်လွှတ် နေသည်။
ထို့နောက် သူတို့သည် ဒူးတစ်ဘက်ထောက်၍ ပြိုင်တူ နှုတ်ဆက်လာကြသည်။
“အရှင်”
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်လုံးက အရှင်ဝူအား အလွန် ရိုသေလေးစားဟန်များ ပြသလျက် ရှိသည်။
သူတို့အားလုံး ခေါင်းကိုငုံ့ထားပြီး သူ့အား အညံ့ခံနေ ကြသည်။ သူ၏ ညီအစ်ကို ခြောက်ယောက်အား ကြည့်ပြီး အရှင်ဝူက တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
“သွားကြမယ်၊ ငါ့သခင်ကြီး ပြန်လာပြီ။ ငါနဲ့အတူ ငါ့သခင်ကြီးကို နှုတ်ဆက်ဖို့ လိုက်ခဲ့ကြ”
*ဘာ*
သူ့စကားကြောင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွား ရသည်။
*အရှင်ဝူက … အဲ့လူကို ပြောနေတာများလား*
အရှင်ဝူသည် လူတစ်ယောက်အကြောင်း နေ့တိုင်း နီးပါး ပြောခဲ့သည်။ ထို့ကြောင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်လုံးက ထိုထူးဆန်းသော လူအား အလွန်အမင်း လေးစား ခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့သော် ယခုအခါတွင် … သူတို့သခင်ကြီး ပြန်ရောက်လာတာကို သိလိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားကာ ထခုန်မိမတတ် ဖြစ်သွားရသည်။
“အရှင်ဝူ”
ထိုစဉ် အရှင်ဝူ၏ ဇနီးသည်က ငိုကြွေးနေသဖြင့် သူမ၏ လှပသော မျက်နှာပေါ်၌ မျက်ရည်များ စီးကျလို့ နေသည်။
“အရှင်ဝူ၊ သူက တကယ်ပဲ ရှင့်အတွက် ဒီလောက် အရေးပါ တာလား”
သူမစကားကြောင့် အရှင်ဝူက ချက်ချင်း ရပ်တန့် သွားသည်။ သူ နောက်ပြန်မလှည့်သလို၊ သူ့မိန်းမ၏ မျက်ရည်များဖြင့် ရွှဲစိုနေသော မျက်နှာကိုလည်း လှည့်မကြည့်ရဲပါ။ အသက်ပြင်းပြင်း ရှူလိုက် ပြီးနောက် သူက ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ဆင့်ခေါ်ခံရပြီးမှတော့ ငါ့အသက်ကို စွန့်ရမယ်ဆိုရင်တောင်မှ ငါ အဲ့ဒီကို သွားမှဖြစ်မယ်”
သူ့စကားကြောင့် သူမ၏ သေးသွယ်သော ခန္ဓာကိုယ် လေးက ပြင်းထန်စွာ တုန်ယင်လာပြီး ပို၍ မျက်ရည် များ စီးကျနေသော မျက်နှာဖြင့် မေးလိုက်သည်။
“ကျွန်မကရော။ ကျွန်မတို့ ကလေးတွေကိုရော ဘယ်လိုလုပ်မလဲ”
“ကျန်းဟဲမြို့က မြို့သူမြို့သားတွေနဲ့ ရှင်ရဲ့ ငယ်သား တွေကိုရော ဘယ်လိုလုပ်မလဲ”
“အခြားသူ အားလုံးကို ဘယ်လိုလုပ်မလဲ”
အရှင်ဝူ၏ ဇနီးက ချုံးပွဲချ ငိုကြွေးလလာသည်။ ဘယ်လိုလူက သူမအရှင်၏ အလွန် ကြည်ညို လေးစားခြင်းကို ခံရသလဲဆိုတာကို သူမ နားမလည် နိုင်ပါ။
သူမငိုသံကို ကြားပြီး အရှင်ဝူက အောင့်သက်သက် ပြုံး၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ အရှင်ဝူ စစ်တပ်ကို နှစ်ဝက်လုံး လေ့ကျင့်ထားပေးခဲ့ပြီးပြီ”
“သူတို့က ငါတို့ကို သစ္စာရှိပါတယ်။ သူတို့အားလုံးက သန်မာကြတယ်။ သူတို့က ကိုယ့်ကိုယ်စား မင်းနဲ့ ကိုယ်တို့ ကလေးကိုရော ကျန်းဟဲမြို့က မြို့သူ မြို့သားတွေကိုပါ ကာကွယ်နိုင်ပါတယ်”
*ကျွန်မ နားလည်ပြီ*
ထိုအခိုက်မှာပင် ဘာကြောင့် အရှင်ဝူက အရှင်ဝူ စစ်တပ်ကို ဖွဲ့စည်းခဲ့ပြီး သန်မာ၍ သစ္စာရှိလာအောင် သင်ပေးခဲ့တာလဲ ဆိုသည်ကို သူမ နားလည်သွားပြီ ဖြစ်သည်။ သူသည် ယခုလို အချိန်အခါအတွက် အားလုံးကို ပြင်ဆင်ထားခဲ့ပုံ ရသည်။
ထိုလူတစ်ယောက်အတွက် သူ အားလုံးကို လုပ်ထား ခဲ့ခြင်း ဖြစ်သည်။
“ဝူလူ”
ရုတ်တရက် ဝူလူထံမှ အသံထွက်လာသဖြင့် သူ့ဇနီးသည် ကြောင်အသွားရသည်။
“အရှင်ဝူ၊ ရှင် ဘာပြောလိုက်တာလဲ”
အရှင်ဝူ၏ ဇနီးသည်က သူပြောလိုက်သည့် စကားကို နားမလည်လိုက်ပါ။ သို့သော် အရှင်ဝူက သူ၏ အစောင့် ခြောက်ယောက်နှင့်အတူ အိမ်တော် ထဲမှ ထွက်မလာခင် စကားအချို့ ထပ်ပြောခဲ့သည်။
“ကိုယ့်နာမည်က ဝူလူ၊ ညအဖွဲ့ဝင်၊ နတ်ဆိုး ဧကရာဇ်ရဲ့ ကျေးကျွန် ဝူလူ”
*သူ့နာမည်ပါလား*
ဒါက အရှင်ဝူ၏ နာမည်ဖြစ်သည်။ သူမခင်ပွန်း၏ နာမည်။ အရှင်ဝူ၏ ဇနီးသည်က ငိုနေရင်း ပြုံးလိုက် မိသည်။
သူမခင်ပွန်းရဲ့ နာမည်အစစ်ကို သူမ ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူမခင်ပွန်း၏ ကျောပြင်ကို ငေးကြည့်ရင်း ခိုင်မာသော အကြည့် များဖြင့် ပြောလိုက်သည်။
“အရှင်ဝူ၊ ရှင် ခစားတဲ့သူက အနိုင်မခံ အရှုံးမပေးတဲ့ သူမျိုးပဲ ဖြစ်ရမယ်။ ကျွန်မ ရှင့်ကို ယုံတယ်”
“ကျွန်မတို့ ကလေးတွေ ဒီလောကထဲကို ရောက်လာတဲ့အချိန် ရောက်ရင် ကျွန်မ သူတို့ကို ပျိုးထောင် ပြီးတော့ သူတို့တွေကို ရှင့်ကို လိုက်ရှာ ခိုင်းမယ်။ သူတို့လည်း ရှင်နဲ့အတူ အဲ့လူကို ခစားလို့ ရတာပေါ့”
“ကျွန်မ သေချာပေါက် အဲ့လိုလုပ်မှာပါ”
CHAPTER 314 နတ်ဆိုးတွေ ငါ့အမိန့်ကို နာခံစမ်း
ဟွာရှနိုင်ငံ၏ အနောက်တောင်ဘက်ရှိ မဟူရာ တောအုပ်၌ ဖြစ်သည်။ ထိုနေရာသည် သားရဲ မျိုးစုံနှင့် ပြည့်နှက်နေသော အလွန် ကျယ်ပြောသော ကုန်းမြေဖြစ်သည်။
ထို့ပြင် တောအုပ်ထဲ၌ ကြမ်းတမ်းသော ပဋိပက္ခများ ဖြစ်စေ နိုင်သော သားရဲဘုရင်များစွာနှင့် ပြည့်နှက် လို့နေ၏။
ရုတ်တရက် အဖြူရောင် ဝတ်စုံနှင့် လူငါးယောက်က တောအုပ် အစပ်သို့ ရောက်ရှိလာကြသည်။ သူတို့ အားလုံးသည် ဓားသမားဂိုဏ်း၏ ဂိုဏ်းသားများ ဖြစ်ကြသည်။
“မမလေး၊ ကျွန်တော်တို့ ဝင်လို့မရဘူးနော်။ မဟူရာ တောအုပ်က အရမ်းကြောက်ဖို့ကောင်းတာ။ အဲ့ထဲမှာ ဝံပုလွေလူသားတွေ ရှိတယ်လို့ ပြော ကြတယ်”
ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်က မိန်းမပျိုလေး တစ်ယောက်ကို စိုးရိမ်တကြီး ပြော လိုက်သည်။
ထိုမိန်းမပျိုလေးသည် ဓားသမားဂိုဏ်းမှ မဟာ အကြီးအကဲ၏ မြေးမလေး ဖြစ်သည်။ သူ့နောက်၌ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက်ရှိသည်။
“ဝံပုလွေလူသားလား”
ထိုဒဏ္ဍာရီလာအဆင့်၏ သတိပေးစကားကို ကြားပြီး မိန်းမပျိုလေးသည် တစ်ခဏမျှ တွေဝေ သွားရသည်။ ထို့နောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ရှင်ပြောတာက ဓားသမားဂိုဏ်းက တပည့်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ မဟူရာတောအုပ် ဝံပုလွေ လူသား တွေကို ပြောတာလား”
“ဟုတ်ပါတယ်”
ထိုအချိန်တွင် ဒဏ္ဍာရီလာအဆင့် သူက ဘေးဘီဝဲယာကို လေးလေးနက်နက်နှင့် လိုက်လံ ကြည့်ရှုနေရင်း ကြောက်လန့်တကြားနှင့် ဆက်ပြော သည်။
“မဟူရာတောအုပ်ကို ဓားသမားဂိုဏ်းရဲ့ တားမြစ် နယ်မြေ အဖြစ် လူသိများပါတယ်။ ဓားသမား ဂိုဏ်းရဲ့ တပည့်တော်တော်များများက သူတို့ အသက်ကို ဒီနေရာမှာ ဆုံးရှုံးခဲ့ရတာပါ”
“မဟူရာတောအုပ်ရဲ့ အရှင်က ဓားသမားဂိုဏ်းကို သေမတတ် မုန်းတယ်လို့ ပြောကြပါတယ်။ မဟူရာ တောအုပ်ထဲကို ဝင်လာရဲတဲ့ ဓားသမားဂိုဏ်းက ဘယ်သူကိုမဆို သတ်ပစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တပည့်တွေကိုတောင်မှ ဒီတောအုပ်ထဲမှာ အသတ်ခံခဲ့ရပါတယ်”
မဟူရာတောအုပ်၏ အရှင်။
ထိုအမည်နာမကို ကြားလိုက်ရသည်နှင့် ကျန် ဒဏ္ဍာရီလာအဆင့် သုံးယောက်လုံး ချက်ချင်း သတိ အနေအထား ဖြစ်သွားရသည်။
ဓားသမားဂိုဏ်း၏ မည်သည့်တပည့်မျှ မဟူရာ တောအုပ်ထဲမှ အသက်ရှင်လျက် ထွက်မလာ နိုင်ခဲ့ပါ။ ဓားသမားဂိုဏ်း၏ သိုင်းပညာရှင်များသည် မဟူရာတောအုပ်၏ အရှင်နှင့် ပတ်သတ်သော ဇာတ်လမ်းများကို ကြားဖူးကြသည်။
မဟူရာတောအုပ်တစ်ခုလုံးအား လူတစ်ယောက် တည်းက ကြီးစိုးသည်ဟု ဆိုကြသည်။သူသည် သားရဲ ဘုရင်နှစ်ကောင် ဖြစ်သည့် ကျားဘုရင်နှင့် စပါးကြီးမြွေဘုရင်တို့အား အနိုင်ယူနိုင်ခဲ့သည်။
သူသည် မဟူရာတောအုပ်ထဲတွင် ပြိုင်ဘက် ကင်းသော သူပင်။ သူက သာမန် သိုင်းပညာရှင် များကို တိုက်ခိုက်ခြင်း မပြုပေ။ သို့သော် သူ့ပိုင်နက်ထဲ ဝင်လာသည့် ဓားသမားဂိုဏ်းမှ မည်သူကိုမဆို သတ်သည်။ သူသည် အလွန် ရက်စက်လှ၏။
“မေ့ထားလိုက်စမ်းပါ”
သူ့စကားကြောင့် မိန်းမပျိုလေးက အလွန် အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“ဘာ မဟူရာတောအုပ်ရဲ့ သောက်အရှင်သခင်လဲ။ ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မက ဒီကို လျှပ်စီး ကျားသစ်ကို ဖမ်းဖို့လာတာ။ လျှပ်စီးကျားသစ်က မဟူရာတောအုပ်ထဲမှာ ရှားပါးတဲ့ သားရဲကောင်ပဲ”
“ပြီးတော့ ကျွန်မအဘိုးက ရှင်တို့လေးယောက်ကို ကျွန်မကို ကာကွယ်ပေးရမယ်လို့ မမှာလိုက် ဘူးလား။ ကျွန်မ တောအုပ်ရဲ့ သောက်အရှင်သခင်ကို ဂရုကိုမစိုက်ဘူး။ သူ ပေါ်မလာဘူးဆိုရင်တော့ ကျွန်မ သူ့ကို ထိခိုက်အောင် မလုပ်ဘူး။ အကယ်၍ သူ ပေါ်လာမယ်ဆိုရင် ကျွန်မအတွက် သူ့ကို သတ်ပေးရမယ်”
*ဘာ*
သူမစကားကြောင့် ဒဏ္ဍာရီလာအဆင့် လေး ယောက်လုံး အလွန်အမင်း သုန်မှုန် သွားကြသည်။ သည်မိန်းမပျိုလေးသည် ဓားသမားဂိုဏ်းအတွင်း၌ အလွန်မြင့်သော ရာထူးရှိသည်ကို သူတို့ သိထား ကြသည်။ သူမသည် ရန်သူများကို သိမ်ငယ် စေလေ့ရှိပြီး သတ်ဖြတ်လေ့ရှိသည်။
“ကောင်းပြီလေ၊ ထားလိုက်ပါတော့။ အနားယူ ရအောင်၊ ဒီမမလေးက နောက်ဆုံးထွက် ရုပ်ရှင် ဇာတ်လမ်းကို ကြည့်ဦးမယ်”
ထို့နောက် သူမသည် ဒဏ္ဍာရီလာအဆင့် လေး ယောက်အား လျစ်လျူရှုပြီး သူမဖုန်းကို ထုတ်လို က်သည်။ လိုင်းဖွင့်လိုက်ပြီးနောက် သူမသည် ရုပ်ရှင် ဇာတ်လမ်းကို စကြည့်လေ တော့သည်။
ဤသည်ကို ကြည့်ပြီး ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ခါးသီးစွာ ပြုံးလိုက်မိသည်။ သူတို့ ဘာပြောလို့ ပြောရမယ်မှန်း မသိတော့ချေ။
ထိုစဉ် အလင်းထက်မြန်သော လေတိုးသံကို သူတို့ ကြားလိုက်သည်။ ဒဏ္ဍာရီလာအဆင့် လေး ယောက်လုံး ထိတ်လန့်သွားကြသည်။ သူတို့ နားကို စွင့်၍ ခပ်လှမ်းလှမ်းမှ နေရာတစ်ခုကို စိုက်ကြည့် လိုက်မိကြသည်။
“လျှပ်စီးကျားသစ်ပါလား”
ကျားသစ်က ချဉ်းကပ်လာသည်နှင့် သူတို့ တက်ကြွ၊ ပျော်ရွှင်လာကြသည်။
“မြန်မြန်၊ လိုက်ဖမ်းကြ”
ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး လျင်မြန်စွာဖြင့် ချက်ချင်း ရှေ့သို့ လှစ်ခနဲ ပြေးသွားကြသည်။ လျှပ်စီး ကျားသစ်က အရှိန်အဟုန် အပြည့်ဖြင့် ထွက်ပြေး သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားသစ်သည် မီတာ တစ်ရာအဝေးသို့ ရောက်ရှိသွားသည်။ ၎င်း၏ အမွေးများက ထောင်မတ်လို့နေပြီး ၎င်း၏ မျက်လုံး၌ သရဲသဘက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသကဲ့သို့ ကြောက်လန့်လို့နေသည်။
သို့သော် ကျားသစ်က ၎င်းကို၎င်း ထွက်ပြေးလို့ လွတ်မြောက် နိုင်ပြီဟု ထင်နေချိန်တွင် လုံးပတ် သုံးဆယ်မီတာရှိသော အနီရောင် စပါးကြီး မြွေတစ်ကောင်က နွယ်ပင်များမှ ရုတ်တရက် တစ်ဟုန်ထိုး ခုန်ဆင်းလာပြီး ၎င်း၏ လည်မျိုအား ကိုက်ခဲသွားသည်။
ထို့နောက် အနီရောင် စပါးကြီးမြွေသည် သားကောင် အား ၎င်း၏ ကိုယ်ဖြင့် ရစ်ပတ်လာသည်။ ဂျွတ်ခနဲ အသံနှင့်အတူ လျှပ်စီးကျားသစ်၏ အရိုးများ တစ်စစီ ကျိုးသွားပြီး ချက်ချင်း သေဆုံးသွား လေတော့သည်။
ထို့နောက် ထို အနီရောင် စပါးကြီးမြွေသည် ၎င်း၏ ကြီးမားသော ပါးစပ်ကိုဟကာ နွားပေါက် အရွယ် ရှိသော လျှပ်စီးကျားသစ်အား မြိုချ လိုက်သည်။
...
ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ပြေးလွှားနေရာမှ ချက်ချင်း ရပ်တန့်သွားကာ ထိတ်လန့်၊ ကြောက်ရွံ့သွားကြသည်။
“သားရဲဘုရင်”
ထိုအနီရောင် စပါးကြီးမြွေသည် သားရဲဘုရင် ဖြစ် သည်။ သားရဲဘုရင်များသည် လူသား ဒဏ္ဍာရီလာ အဆင့်များနှင့် အဆင့်တူသည်။
သူတို့၏ ခန္ဓာကိုယ်များက အလွန်အာကြောလှပြီး သားရဲဘုရင် တစ်ကောင်ချင်းစီက လူသား ဒဏ္ဍာရီလာ အဆင့်များကို အနိုင်ယူ တိုက်ခိုက် နိုင်သည်။
“မဖြစ်ဘူး၊ ဒါ သွေးဆိုးမိစ္ဆာ စပါးကြီးမြွေပဲ။ ဒါ ... ဒါက မဟူရာတောအုပ် အရှင်သခင်ရဲ့ လက်ပါးစေ အကောင်ပဲ”
ဧရာမ စပါးကြီးမြွေကို မှတ်မိသွားပြီးနောက် ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ထိတ်လန့် ကြောက်ရွံ့သွားကြသည်။ သူတို့ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးကြသည်။ သူတို့သည် မိန်းမပျိုလေး နှင့်အတူ ခပ်ဝေးဝေးသို့ ယောက်ယက် ခတ်စွာ ထွက်ပြေးရန် ပြင်နေကြသည်။
သို့သော် ထိုအချိန်တွင် တောအုပ်တစ်ခုလုံးကို တုန်လှုပ်သွားစေလောက်သည့် အလွန် လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။
ထို့နောက် သူတို့ ထွက်ပြေးရာ လမ်းကြောင်း၌ ကြမ်းကြုတ်သော ကျားတစ်ကောင် ပေါ်လာသည်။ နောက်ထပ် သားရဲဘုရင်ပါလား။
သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
ထိုကျား၏ ကျောပေါ်၌ ထူးဆန်းသော လူငယ် တစ်ယောက်က နတ်ဆိုးဆန်သော အပြုံးနှင့်အတူ ထိုင်လျက် ရှိနေသည်။
သူသည် သားရဲ သားရေခွံကို ဝတ်ဆင်ထားပြီး သားရဲဘုရင်၏ အရိုးများကို လက်နက်အဖြစ် ကိုင်စွဲ ထားသည်။ သူ့ထံမှ ကြမ်းကြုတ်၍ ကြောက်မက် ဖွယ် ကောင်းသော ချီဓာတ်များ ပျံ့လွင့် နေသဖြင့် ဒဏ္ဍာရီလာအဆင့် လေး ယောက်လုံး ကတုန်ကယင် ဖြစ်လာကြသည်။
“သူ ... သူက မဟူရာ တောအုပ် အရှင်သခင်ပဲ”
ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး မျက်ခုံး တလှုပ်လှုပ် ဖြစ်လာကြသည်။ ထိုလူငယ်လေး၏ ချီဓာတ်အရ သူသည် ဒဏ္ဍာရီလာ အထွတ်အထိပ် အဆင့်မှန်း သူတို့ သတိပြုလိုက်မိသည်။
ထို့ကြောင့် သူတို့ ခြေမခိုင်ချင်တော့သလို ခံစားလာ ရသည်။ သို့သော် ဤသည်က အစသာ ရှိသေး၏။ ထို့နောက်တွင်မူ များစွာသော သန်မာသည့် နတ်ဆိုး လူသားများက ဘေးပတ်လည်ရှိ သစ်ပင်အိုကြီး များမှ ခုန်ဆင်းလာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူ ဆယ့်ရှစ်ယောက် ရှိနေပြီ ဖြစ်သည်။ သူတို့၏ ချီဓာတ်များကို အာရုံခံမိ ပြီးနောက် ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး အလွန် သွေးပျက်သွားကြသည်။
“ဒဏ္ဍာရီလာအဆင့် သုံးယောက်နဲ့ ဒဏ္ဍာရီလာ တစ်ပိုင်း အဆင့် ဆယ့်ငါးယောက်။ သူတို့အားလုံးက မဟူရာ တောအုပ်ထဲက ဝံပုလွေလူသားတွေပဲ”
ဤသို့ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီ ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ဖင်ထိုင်ရက် လဲကျသွားသည်။
သူတို့ သည်လောက် ကံဆိုးမိုးမှောင်ကျလိမ့်မည်ဟု ထင်မှတ် မထားခဲ့မိကြပါ။ သူတို့သည် မဟူရာ တောအုပ်၏ အရှင်သခင်နှင့် ထိပ်တိုက် ဆုံတွေ့ရရုံ သာမက သူ၏ ဝံပုလွေလူသားများနှင့်ပါ တိုးနေ သည်။
ထိုအချိန်တွင် မိန်းမပျိုလေးသည် လိပ်ပြာ လွင့်မတတ် ကြောက်လန့်လို့နေသည်။ သူမသည် ကတုန်ကယင်နှင့် ဒဏ္ဍာရီလာအဆင့် လေး ယောက်၏ အနောက်၌ ပုန်းကွယ်လို့နေသည်။
“ဓားသမားဂိုဏ်းက မဟုတ်လား”
ထိုစဉ် မဟူရာတောအုပ်၏ အရှင်သခင်က ခက်ထန်စွာ ပြောလာသည်။
“ဓားသမားဂိုဏ်းက တပည့်တွေက မဟူရာ တောအုပ်ထဲ ဝင်လာရဲတယ်လား။ မင်းတို့က တကယ့်ကို သေချင်နေတာပဲ။ သူတို့ကို သတ်လိုက်”
သူ အမိန့်ပေးလိုက်သည်နှင့် သွေးဆာနေသော မိစ္ဆာ စပါးကြီးမြွေက ချက်ချင်းဆိုသလို လျှပ်စီးထက် မြန်သော အလျင်နှင့် တောအုပ်ထဲသို့ လှစ်ခနဲ တိုးဝင် လာသည်။
ထို့အတူ ဝံပုလွေလူသား ဒဏ္ဍာရီလာအဆင့် သုံးယောက်ကလည်း ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာ အဆင့် သုံးယောက်ထံသို့ တိုက်ခိုက် လာသည်။
တိုက်ပွဲကား ချက်ချင်းဆိုသလို စတင်လာခဲ့သည်။ သိုင်းပညာရှင်များ၏ တိုက်ပွဲဝင်ခွန်အားကား အလွန် များပြားလှ၏။
အချိန်တိုလေးအတွင်းမှာပင် ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး မချိတင်ကဲ အော်ဟစ်ပြီးနောက် အသတ်ခံလိုက်ရသည်။ သူတို့၏ သွေးများက မြေဆီလွှာကို ဖုံးလွှမ်းလာသည်။
ဤမြင်ကွင်းကြောင့် မိန်းမပျိုလေးသည် ကြောက် လန့်ကာ သူမဘောင်းဘီထဲ စိုရွှဲလို့ လာသည်။
“မဟုတ်ဘူး...မလုပ်ပါနဲ့၊ ကျွန်မကို မသတ်ပါနဲ့။ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့”
မိန်းမပျိုလေးသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ နေသည်။ သူမ မြေကြီးပေါ် ပစ်လဲချလိုက်ပြီးနောက် ချက်ချင်း လေးဘက်ထောက် ဝပ်တွားလိုက်သည်။
ဤသည်ကို ကြည့်ပြီး မဟူရာတောအုပ်၏ အရှင်သခင်က မကောင်းဆိုးဝါးသဖွယ် ပြုံး၍ ထိုမိန်းမပျိုကို သတ်ရန် ချက်ချင်း အမိန့်ပေး လိုက်သည်။
သို့သော် ထိုသို့သော အချိန်တွင် သူမ ဖုန်းမျက်နှာ ပြင်သည် လျှပ်စစ်လှိုင်းကြောင့် တရှဲရှဲ မြင်လာ သည်။
“နှစ်ဝက်တောင် ရှိသွားပြီပဲ။ ညအဖွဲ့ ပြန်လာပြီ”
...
ထိုအသံကို ကြားပြီးနောက် မဟူရာတောအုပ်၏ အရှင်သခင်သည် ခေါင်းကို တူနှင့် အထုခံလိုက် ရသကဲ့သို့ နားဝေတိမ်တောင် ဖြစ်သွားသည်။
ဝံပုလွေလူသား ဆယ့်ရှစ်ယောက်သည်လည်း မှင်တက် သွားကြသည်။
....
ထို့နောက် မဟူရာတောအုပ် အရှင်သခင်နှင့် ဝံပုလွေ လူသားများက ချက်ချင်း ရှေ့သို့ တိုးလာကာ ဖုန်းကို ကောက်ယူလိုက်သည်။
ဖုန်းမျက်နှာပြင်ပေါ်မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
“သခင်ကြီး”
သူတို့သည် ထိတ်လန့်၊ အံ့ဩမှုစိတ်တို့နှင့်အတူ ငိုကြွေးမိကြသည်။ သူတို့သည် ဖုန်းထဲမှ အနက်ရောင် ဝတ်စုံနှင့် လူရှေ့ရှိ မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်သည်။ ထို့နောက် ရင်ဘတ်ပေါ် လက်တင်၍ ဟစ်ကြွေးလိုက်သည်။
“ဝံပုလွေရိုင်းက အမိန့်ကို နာခံလျက်ပါ”
“နတ်ဆိုးတွေ အမိန့်ကို နာခံကြစမ်း”
CHAPTER 315 သတ်၊သတ်၊သတ်
တစ်ချိန်တည်းလိုလိုမှာပင် ဗွီဒီယို အတိုလေး တစ်ပုဒ်ကြောင့် ဟွာရှတစ်နိုင်ငံလုံး အလွန် ထိတ်လန့် သွားကြသည်။
*ညအဖွဲ့ ပြန်လာပြီ*
ထိုရိုးစင်းသော စကားလုံး နှစ်လုံးသည် များစွာသော သိုင်းပညာရှင်များ၏ စိတ်ဝိညာဉ်ကို တက်ကြွ လာစေခဲ့သည်။ သူတို့၏ နှလုံးသားသည် ရွှင်လန်းစွာ ခုန်လှုပ်လာကြသည်။
ဟွာရှနိုင်ငံ အနှံ့အပြားတွင် ဘေးဘီဝဲယာရှိ သိုင်းပညာရှင်များက အခြားသူများ၏ အံ့ဩနေ သော အကြည့်များအောက်မှာပင် ဒူးထောက်လျက် ရှိကြသည်။ ထို့နောက် သူတို့ အတူတကွ ဟစ်ကြွေး လာကြသည်။
သူတို့ အလွန် စိတ်အားထက်သန်နေကြသည်။ သူတို့ သွေးဆာနေကြ၏။
သူတို့ထဲတွင် စစ်တပ်၏ ဗိုလ်ကြီးများ၊ လမ်းဘေး ကုန်သည်များ၊ မီးဖိုချောင်ဓားများကို ကိုင်ဆောင် ထားသော သားသတ်သမားများနှင့် မြို့များ၏ အရှင်သခင်များ … စသည်တို့ ပါဝင်နေကြသည်။
ယခုအချိန်တွင် သူတို့အားလုံး၌ နာမည် တစ်ခုတည်းသာ ရှိသည်။ ဤသည်ကား … ညအဖွဲ့ပင်။
သူတို့သည် လူစုလူဝေး များစွာဖြင့် ကျန်းရှီမြို့သို့ ချီတက်လာကြသည်။ သူတို့ အရှင်နောက်သို့ ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့ လိုက်ပါလာ ကြသည်။
နှစ်ဝက်ခန့် ယိုယွင်းနေခဲ့သော နတ်ဆိုး စစ်တပ်ကြီးသည် ကျန်းရှီမြို့၌ စုဝေးလျက် ရှိနေကြ သည်။ လူငါးရာမှ စ၍ လူဦးရေသည် တဖြည်းဖြည်း တိုးပွားလာပြီး ခြောက်ရာ၊ခုနစ်ရာ၊ရှစ်ရာမှနေ၍ နောက်ဆုံးတွင် အယောက်တစ်ထောင်သို့ ရောက်ရှိ လာသည်။
ကြည်နူးပျော်ရွှင်သော မျက်ရည်စများနှင့် ညီအစ်ကိုများ အတူတကွ ပြန်လည်ဆုံစည်းခဲ့ကြပြီ ဖြစ်သည်။ အချိန်အတော်ကြာ ကွဲကွာနေခဲ့ကြသော ညအဖွဲ့သားများက တစ်ယောက်နှင့်တစ်ယောက် စိတ်လှုပ်ရှားစွာ ထွေးပွေ့လာကြသည်။
သူတို့အားလုံး၌ ယုံကြည်ချက် တစ်ခုတည်းသာ ရှိသည်၊ ၎င်းသည် ကျန်းရှီ ဗဟိုဗိမာန်၏ ခေါင်မိုး၌ ရှိနေသော လူသည် နတ်ဆိုးအားလုံး၏ အရှင်သခင် ဖြစ်သည်ဟုသော ယုံကြည်မှုပင်။
ထိုစဉ် လူငယ်တစ်ယောက်သည် ကျန်းရှီမြို့ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ မြို့ထဲ ဝင်လာ သည်နှင့် ကျန်းရှီ ဗဟိုဗိမာန် ခေါင်မိုး၌ ရပ်နေသော ယဲ့ဖန်ကို သူ လှမ်းမြင်လိုက်သည်။
ထိုလူငယ်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင် လာကာ ပူနွေးသော မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူသည် ကျန်းရှီ ဗဟို ဗိမာန်ထံသို့ ပြေးလာသည်။ ဗိမာန်ရှေ့သို့ ရောက်သောအခါ သူက ချက်ချင်း ဒူးတစ်ဘက်ထောက်၍ ဟစ်ကြွေး လိုက်သည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်။ ညအဖွဲ့ရဲ့ မိစ္ဆာ ဝိညာဉ်ရိုင်း ပြန်လာပါပြီ”
တစ်ချိန်တည်းမှာပင် နောက်ထပ် နတ်ဆိုးဆန်သော လူတစ်ယောက်က မြို့ထဲသို့ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်နှင့်အတူ လှစ်ခနဲ ရောက်ရှိလာသည်။ သူတို့အားလုံး ဒူးတစ်ဘက် ထောက်ကာ အလွန် ရူးသွပ်နေသော မျက်လုံး များဖြင့် နှုတ်ခွန်းဆက်လာကြသည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်၊ ညအဖွဲ့ရဲ့ သွေးစွန်း တစ္ဆေ ပြန်လာပါပြီ”
ဤမျှလောက်နှင့် အဆုံးမသတ်သေးပေ။ ကမ္ဘာ မြေကြီးတောင် တုန်ခါလို့လာရသည်။
ကျားဘုရင်ကို စီးနင်း၍ စပါးကြီးမြွေဘုရင်ကိုပါ ရစ်ပတ်၍ သယ်ဆောင်လာသော နတ်ဆိုး လူသားတစ်ယောက်နှင့် သူ၏နောက်မှ ထိပ်တန်း သိုင်းပညာရှင် ဆယ့်ရှစ်ယောက် လိုက်ပါလာသည်။
ဗိမာန်ရှေ့သို့ ရောက်သည်နှင့် ထိုလူက ကျားပေါ်မှ ခုန်ဆင်းကာ နောက်မှ လိုက်ပါလာသော အခြားသူ များနှင့်အတူ ဒူးတစ်ဘက် ထောက်လိုက်သည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်။ သံလက် ဝံပုလွေရိုင်း ပြန်လာပါပြီ”
ကျန်းရှီမြို့ရှိ လမ်းမများပေါ်၌ ညအဖွဲ့သားများ အားလုံးသည် ကျန်းရှီ ဗဟိုဗိမာန် ခေါင်မိုး၌ ရပ်နေသော သူအား ပြိုင်တူ နှုတ်ဆက်လိုက်သည်။
“သခင်ကြီးကို ဂါဝရပြုပါတယ်၊ ညအဖွဲ့က နတ်ဆိုးတွေ ပြန်လာပါပြီ”
ဗိမာန်၏ ခေါင်မိုး၌ ရပ်နေသော ယဲ့ဖန်က ဟွာရှနိုင်ငံ၏ အနောက်မြောက် အရပ်သို့ လှမ်း ကြည့်ကာ လေးနက်စွာ ရေရွတ်လိုက်သည်။
“သွေးကြွေးဆပ်ဖို့ အချိန်တန်ပြီ”
...
‘.... ယဲ့ဖန် ပြန်ရောက်လာပြီ၊ ဓားသမားဂိုဏ်းရဲ့ ကျန်းရှီမြို့က ဂိုဏ်းခွဲ သုတ်သင်ခံလိုက်ရပြီ။ ရီကျန့်ထျန်းရဲ့ နောက်ဆုံးတပည့် ကောင်းရှန့်က သွေးဆိုး တိုက်ပွဲဝင် ခန္ဓာကိုယ်ရှိတာတောင်မှ အသတ်ခံလိုက်ရပြီ’
ဤသတင်းက နိုင်ငံတစ်ခုလုံးကို ထိတ်လန့် သွားစေခဲ့သည်။ ဟွာရှနိုင်ငံသားတိုင်းက ဓားသမား ဂိုဏ်း၏ တုံ့ပြန်မှုကို စောင့်မျှော်နေကြသည်။
ထင်ထားသည့်အတိုင်းပင် တစ်ရက်အကြာ၌ ရုပ်သံလိုင်းအားလုံးမှ ဗွီဒီယိုတစ်ခုကို ထပ်ကာ တလဲလဲ ထုတ်လွှင့်ပြသလေသည်။
ဗွီဒီယိုထဲ၌ အကျဉ်းထောင်တစ်ခု ပါဝင်သည်။ သတ်လတ်ပိုင်းအရွယ် ယောကျ်ားတစ်ယောက်၏ လက်ဖဝါးနှင့် ခြေဖဝါးများကို အကျဉ်းထောင်၏ တိုင်တစ်ခု၌ သံဖြင့်စွဲအောင် ရိုက်ထားသည်။
သူ့တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏ အရေပြားက ဟက်တက်ကွဲနေပြီး အသားများက ပေါက်ပြဲလို့နေ၏။
သူ၏ နဖူးအလယ်တည့်တည့်၌ နီရဲရဲ အပေါက် တစ်ပေါက် ရှိနေပြီး သွေးပျက်ဖွယ်ကောင်းလှသည်။
တောက်! တောက်!
သူ့ပါးစပ်မှ သွေးများ တစ်စက်တစ်စက်ချင်းစီ ကျနေသဖြင့် သူ၏ ပုံစံသည် အလွန် သနားစရာ ကောင်းလှသည်။
တီဗွီရှေ့မှ လူတိုင်းသည် ထိုသူ မည်သူ မည်ဝါ ဖြစ်သည်ကို သတိပြုလိုက်မိပြီးနောက် အားလုံး ထိတ်လန့် သွားကြသည်။
ထိုသူသည် ဟွာရှနိုင်ငံ၏ ဒဏ္ဍာရီလာ သူရဲကောင်း ဖြစ်ပြီး အမှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် ကျိုချင်းချန်ပင် ဖြစ်သည်။
သူသည် တစ်ချိန်က မဲခေါင်မြစ်ကမ်းပါး၌ အရှေ့ တောင်အာရှရှိ ဒဏ္ဍာရီအဆင့် ရှစ်ယောက် အား သတ်ဖြတ်ခဲ့သည်။
သူသည် ဟွာရှနိုင်ငံသို့ ကျူးကျော် ဝင်ရောက် လာသော အရှေ့တောင်အာရှ သိုင်းပညာရှင်များကို တားဆီး၍ ရွှီရွှမ်းပန်နာဒေသ၊ ယွင်နန်စီရင်စု ဒေသနှင့် ဟွာရှနိုင်ငံ အနောက်တောင်ဒေသသို့ ကျူးကျော်သူ အားလုံးကို သတ်ဖြတ်ခဲ့သည်။
သူသည် ‘ကျဆုံးသွားသော သိုင်းပညာရှင်များ၏ ဝိညာဉ်ည’ကို ဖန်တီးခဲ့ပြီး အရှေ့တောင်အာရှရှိ သိုင်းပညာလောကအား ထိတ်လန့်စေခဲ့သည်။
သူသည် ဟွာရှနိုင်ငံအား အရှေ့တောင်အာရှ ဒဏ္ဍာရီ အဆင့်များ၏ တားမြစ်နယ်မြေ ဖြစ်လာအောင် ပြုလုပ်ခဲ့သည်။
သူက အမှောင်ဂိုဏ်းကိုလည်း တည်ထောင်ခဲ့ပြီး ဟွာရှနိုင်ငံအား လူမျိုးခြား ရန်သူများ၏ ကျူးကျော် ခံရခြင်းမှ ကာကွယ်ခဲ့သည်။
သို့သော် ဟွာရှနိုင်ငံ၏ သမိုင်းဝင် ပုဂ္ဂိုလ်ဖြစ်ပြီး သူရဲကောင်းလည်း ဖြစ်သည့်သူက အကျဉ်းချခံရပြီး ထောင်သားတစ်ယောက်လို နှိပ်စက်ခံနေရသည်။ ဤအဖြစ်ကြောင့် ဟွာရှနိုင်ငံသားများအားလုံး ဒေါသထွက် လာကြသည်။
သို့သော် ဗွီဒီယိုက ဒီလောက်နှင့် မပြီးသွားသေးချေ။ ထို့နောက် လေးထောင့်ကျကျ မျက်နှာနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ယောကျ်ား တစ်ယောက်က ဗွီဒီယိုထဲ၌ ပေါ်လာ သည်။
သူသည်ကား ဓားသမား ဂိုဏ်းချုပ်ဖြစ်သူ ရီကျန့် ထျန်းပင်။ ထို့နောက် ရီကျန့်ထျန်းသည် အေးတိ အေးစက် မျက်လုံးများဖြင့် လက်တစ် ဘက်ကို လှုပ်လိုက်သည်။
ထို့နောက် ဓားရှည်တစ်လက်က မြွေပွေး တစ်ကောင် ကဲ့သို့ ဖျတ်ခနဲ ပေါ်လာသည်။
ဝှစ်!
သူက ကျိုချင်းချန်၏ လက်မောင်းတစ်ဘက်ကို ချက်ချင်း ခုတ်ပိုင်းလိုက်သဖြင့် သွေးများ ပန်းထွက် လာရသည်။
ရက်စက်သည်။ ကြမ်းကြုတ်လှ၏။
ရီကျန့်ထျန်းက ဟွာရှသူရဲကောင်း၏ လက်မောင်းကို ဖြတ်ရဲရုံသာမက ဟွာရှ နိုင်ငံသားများ မကျေမနပ် ဖြစ်မည်ကို မသိတတ်သည့်ဟန်ဖြင့် ရုပ်သံလိုင်း အားလုံး၌ ထုတ်လွှင့်ပြသ လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။
သူသည် အလွန့်ကို မောက်မာလောက်သည်။
“ရီကျန့်ထျန်း၊ ငကြောက်ကောင်။ ငါ့ကို သတ် လိုက်စမ်း။ ငါ့ကို သတ်လိုက်ဖို့ မင်းကို ငါ ပြောရဲတယ်ကွ”
ကျိုချင်းချန်သည် လက်မောင်းတစ်ဘက် ဆုံးရှုံးသွား သော်လည်း မျက်မှောင်တစ်ချက်ကလေးတောင်မှ မကြုတ်သွားချေ။ ထို့အပြင် သူက နာကျည်း မုန်းတီးစွာဖြင့် ကြုံးဝါးလိုက်သည်။
သူ့စကားကြောင့် ရီကျန့်ထျန်းက အော်ရယ် လေသည်။
“မင်းက သေချင်နေတာလား။ စိတ်မပူပါနဲ့၊ မင်း သခင်ကြီး သေသွားတဲ့အခါကျရင် ငါ မင်း အိပ်မက်တွေ တကယ်ဖြစ်လာအောင် ဖြည့်ဆည်း ပေးပါ့မယ်”
*သခင်ကြီး*
သူ့စကားကြောင့် ကျိုချင်းချန်သည် ထိတ်လန့် မှုကြောင့် တုန်ယင်သွားပြီးနောက် သူသည် ပျော်ရွှင် သွားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သခင်ကြီးလား ... ငါ့သခင်ကြီး မသေသေးဘူးပေါ့ ... ဟားဟား၊ ငါ့သခင်ကြီး မသေသေးဘူးကွ”
ကျိုချင်းချန်၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်ပြီး ရီကျန့်ထျန်းက မခိုးမခန့် မျက်နှာပေးဖြင့် ပြောလိုက်သည်။
“သူ မသေသေးဘူးတဲ့လား။ သူ မကြာခင် သေတော့မှာ”
ထိုသို့ပြောပြီး ရီကျန့်ထျန်းက ကျိုချင်းချန်၏ လက်မောင်းအား ကောက်ယူလိုက်ပြီး ကင်မရာဘက် ထောင်ပြပြီး ရက်စက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ယဲ့ဖန်၊ ဒါ ငါ့တပည့်ကို သတ်တဲ့အတွက် တန်ရာ တန်ကြေးပဲ။ သုံးရက်အတွင်း ခွန်းလွင်တောင်ပေါ်မှာ မင်းနဲ့ ငါ တွေ့မယ်”
“မှတ်ထားပါ၊ မင်း တစ်ယောက်တည်း လာရမယ်၊ မဟုတ်လို့ကတော့ ငါ ကျိုချင်းချန်ကို အသားလုံး ဖြစ်အောင်လုပ်ပြီး မင်းကို လက်ဆောင် ပေးလိုက်မယ်”
ထိုသို့ပြောပြီး သူက ဗွီဒီယိုကို ချက်ချင်း ရပ်ပစ် လိုက်သည်။
....
ဗွီဒီယို ပြီးသွားသည့်အခါ၌ ကျန်းရှီမြို့ရှိ အခန်း တစ်ခန်းထဲ၌ အလွန် တိတ်ကျသွားသည်။ အခန်းထဲရှိ လေထုထဲ၌ အလွန် ရက်စက်ပြီး လူသတ် လိုသော အရိပ်အငွေ့များ ပြည့်နှက်နေသည်။
“သခင်ကြီး၊ ခင်ဗျား တစ်ယောက်တည်း သွားလို့ မဖြစ်ပါဘူး၊ ရီကျန့်ထျန်းက အရမ်းရက်စက်တယ်၊ သူ ထောင်ချောက်ဆင်ထားနိုင်တယ်”
ဝံပုလွေရိုင်းက သုန်မှုန်နေသော မျက်နှာထားဖြင့် အကြံပေးလိုက်သည်။ သူ့ဘေးမှ မိစ္ဆာရိုင်းကလည်း ယဲ့ဖန်ကို ဖျောင်းဖျလာသည်။
“သခင်ကြီး၊ ခွန်းလွင်တောင်ကို အတူတူသွားပြီး လမ်းတစ်လျှောက်က အရာအားလုံးကို သတ်ပစ်ရင် ကောင်းမယ် ပြီးတော့ ရီကျန့်ထျန်းနဲ့ ဓားသမားဂိုဏ်းက အခြားဂိုဏ်းသား အားလုံး ကိုလည်း ခေါင်းဖြတ် သတ်ပစ်မယ်”
ဝိညာဉ်ရိုင်း၏ စကားကြောင့် အခန်းထဲရှိ ကျန်သူများ အားလုံးက ယဲ့ဖန်ကို စိုက်ကြည့် လာကြသည်။
အကယ်၍ ယဲ့ဖန်သာ အမိန့်ပေးလိုက်ပါက သူတို့ အားလုံး ချက်ချင်း ခွန်းလွင်တောင်ကို လိုက်ပါ၍ အရာအားလုံးကို သတ်ပစ်မည် ဖြစ်သည်။
ယဲ့ဖန်၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်း တောက်နေပြီး တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ချင်းချန်က ကောင်းကင်ဘုံ မိစ္ဆာရဲ့ မျိုးဆက်ပဲ၊ သူ မသေနိုင်ဘူး”
“ဖေးချမ်၊ အန်းရှီ၊ လင်းလန်နဲ့ အခြားသူတွေလည်း ပျောက်နေသေးတယ်။ သူတို့ ခွန်းလွင်တောင်မှာ ရှိနေဖို့ များတယ်’”
ထို့နောက် ယဲ့ဖန်က မာဆတ်ဆတ် လေသံဖြင့် ပြောလိုက်သည်။
“ငါ ခွန်းလွင်တောင်ကို တစ်ယောက်တည်း သွားပြီး ရီကျန့်ထျန်းကို သတ်မှဖြစ်မယ်”
“ညအဖွဲ့ အမိန့်နာခံစမ်း”
ယဲ့ဖန်၏ စကားဆုံးတွင် အခန်းထဲရှိ ညအဖွဲ့သား များက ချက်ချင်းဆိုသလို ရူးသွပ်မတတ် မျက်နှာထား များဖြင့် ဒူးထောက်လိုက်ကြသည်။
“ဟွာရှနိုင်ငံထဲက ဓားသမားဂိုဏ်းရဲ့ ဂိုဏ်းခွဲ အားလုံးကို သုံးရက်တည်းနဲ့ ရှင်းပစ်လိုက်”
“သူတို့အားလုံးကို သတ်ပစ်”
ယဲ့ဖန်၏ အမိန့်သံ အဆုံးတွင် သိုင်းပညာရှင် အားလုံးသည် သွေးများ ပွက်ပွက်ဆူလာသလို ခံစားလာရပြီး ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်လာကြသည်။
“သတ်၊သတ်၊သတ်”
သူတို့အားလုံး ရူးသွပ်စွာ ဟစ်ကြွေးလိုက်ကြသည်။
ဟွာရှနိုင်ငံ၏ သွေးစွန်းသော အခန်းကဏ္ဍကား တရားဝင် စတင်လို့လာပြီဖြစ်သည်။
စာစဉ် ၂၁ ဤတွင် ပြီးပါပြီ။