← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

CHAPTER 316 မင်း သေကို သေရမယ်

လာမည့် သုံးရက်အတောအတွင်း၌ ဟွာရှတစ်နိုင်ငံ လုံးသည် သွေးမြူခိုးတို့ဖြင့် မှုန်ဝါးဝါးဖြစ်လို့နေ၏။

ညအဖွဲ့သည် မြောက်ဘက်မှ မွန်ဂိုလီးယားနယ်မြေ၊ တောင်ဘက်ခြမ်းရှိ ဟွာရှတောင်ပင်လယ်၊ အနောက်ဘက်မှ နယ်စပ်ဒေသနှင့် အရှေ့ဘက်ရှိ ပေါ်ဟိုင် ပင်လယ်ကွေ့ဒေသတို့အား ရှင်းလင်း ခဲ့သည်။

ညအဖွဲ့မှ နတ်ဆိုးလူသားများနှင့် ဝိညာဉ်စား ပုရွက်ဆိတ်များ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ဓားသမားဂိုဏ်း၏ အလောင်းများ တောင်လိုရာလို ပုံ၍ ကျန်ခဲ့သည်။

တစ်မြို့ပြီးတစ်မြို့ရှိ ဓားသမားဂိုဏ်း၏ တပည့်များ ရှင်းလင်းခံ လိုက်ရသည်။ သူတို့၏ ရဲရဲတောက် နေသော သွေးများက သူတို့၏ အဖြူရောင်ဝတ်စုံက နီရဲသွားစေခဲ့သည်။

သေမင်း နတ်ဆိုးကျိန်စာက ဓားသမားဂိုဏ်း၏ သေဆုံးသွားသော တပည့်များ၏ ဝိညာဉ်များကို နုတ်ယူသွားခဲ့သည်။

ပြီးခဲ့သည့် နှစ်ဝက်အတောအတွင်း ဓားသမား ဂိုဏ်းသည် ဟွာရှနိုင်ငံအတွင်း၌ စိတ်ကြီးဝင်၍ ဖိနှိပ် ညှင်းပန်းသော ဟန်ပန်တို့ဖြင့် ကွပ်ကဲ အုပ်ချုပ် ခဲ့သည်။

သူတို့ကို အညံ့မခံသည့် မည်သူမဆိုကို သတ်ပစ်ခဲ့ ကြသည်။ သူတို့ကို ဆန့်ကျင်ရဲသည့် မည်သူမဆိုကို သတ်ပစ်ကြသည်။

သိုင်းပညာရှင်များစွာ အနိုင်ကျင့်ခံရပြီး ဖိနှိပ် ချုပ်ချယ်ခံရပြီး ထောင်သောင်းနှင့်ချီသော သိုင်း ပညာရှင်များ ခေါင်းပင်မမော်နိုင်ခဲ့ချေ။

သူတို့အားလုံး ဓားသမားဂိုဏ်းကို အလွန်အမင်း မုန်းတီးကြသည်။ ကျိုချင်းချန်၏ လက်မောင်းကို ဖြတ်လိုက်ပြီးနောက် ရီကျန့်ထျန်းသည် ဓားသမား ဂိုဏ်းမှ မဟုတ်သော ဟွာရှနိုင်ငံရှိ သိုင်းပညာရှင် များ၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား ခဲ့သည်။

ညအဖွဲ့မှ နတ်ဆိုးလူသားများ ဖြတ်သွားသည်နှင့် မြို့များရှိ အခြားသိုင်းပညာရှင်များကလည်း ပုန်ကန် ကြသည်။ သူတို့အားလုံး မြို့တံခါးများကို ဖွင့်၍ နတ်ဆိုးလူသားများကို ကြိုဆိုကြသည်။

သူတို့သည် အဓိကရုဏ်းများကို ရူးသွပ်စွာ အစပျိုး ခဲ့ပြီး ဓားသမားဂိုဏ်းသားကို သတ်ဖြတ် ခဲ့ကြသည်။ ထို့ကြောင့် ဓားသမားဂိုဏ်းသည် သေကျေ၊ ဒဏ်ရာရသူ များစွာနှင့် ကြုံတွေ့ရတော့သည်။ ညအဖွဲ့သည် ၎င်း၏ အောင်မြင် ကျော်ကြားချိန်သို့ ရောက်ရှိ လာလေတော့သည်။

….

ခွန်းလွင်တောင်သည် ဟွာရှနိုင်ငံတွင်း၌ နံပါတ်တစ် မသေမျိုးတောင်အဖြစ် လူသိများလေသည်။ အနောာက်ဘက်ဒေသရှိ အင်မော်တယ် မိခင် ဘုရင်မကြီးက တောင်၏ နက်ရှိုင်းသော တစ်နေရာ ရာ၌ နေထိုင်ခဲ့သည်ဟု ဆိုကြသေးသည်။

တကယ်တမ်းတွင်တော့ တောင်၏ အတွင်းဘက်၌ ဟွာရှနိုင်ငံ၏ နံပါတ်တစ် ဂိုဏ်းဖြစ်သော ဓားသမားဂိုဏ်း၏ ဌာနချုပ် ပုန်းကွယ်၍ တည်ရှိ နေခြင်း ဖြစ်သည်။

ခွန်းလွင်တောင်ရှိ ဓားသမားဂိုဏ်း ဌာနချုပ်၏ ပင်မခန်းမ၌ လေထုသည် အလွန် လေးလံ ထိုင်းမှိုင်း လျက် ရှိသည်။ မဟာ အကြီးအကဲ ခြောက်ယောက် လုံးက သူတို့ လက်အောက်ငယ်သားများ တင်ပြ လာသော သတင်းကို ဝမ်းနည်းနေသော မျက်နှာထား များဖြင့် နားထောင်နေကြသည်။

“နောက်ဆုံးရသတင်း၊ ညအဖွဲ့ရဲ့ ဒဏ္ဍာရီလာအဆင့် ဝိညာဉ်ရိုင်းက ပေါ်ဟိုင် ပင်လယ်ကွေ့ဒေသက အမဲလိုက် ကွင်းပြင်ကို သူ့နောက်လိုက် တွေနဲ့အတူ သိမ်းပိုက် လိုက်ပါပြီ။ အမဲလိုက်သမားအားလုံးက ညအဖွဲ့ဆီကို အညံ့ခံလိုက်ကြပါပြီ။ ဓားသမား ဂိုဏ်းရဲ့ အရှေ့ဘက်ဂိုဏ်းခွဲ သုတ်သင်ခံလိုက်ရပါပြီ”

“နောက်ဆုံးရသတင်း၊ ညအဖွဲ့ရဲ့ ဒဏ္ဍာရီလာအဆင့် ဝံပုလွေရိုင်းက အနောက်ဘက် နယ်စပ်ဒေသကို ကျားဘုရင်နဲ့ စပါးကြီးမြွေတို့နဲ့အတူ သွားပြီး ဒဏ်ခတ်ခဲ့ ပါတယ်။ ဓားသမားဂိုဏ်းရဲ့ အနောက် ဘက် ဂိုဏ်းခွဲမှာ အကြီးအကျယ် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေ ရပါတယ်”

“နောက်ဆုံးရသတင်း၊ ညအဖွဲ့ရဲ့ ဒဏ္ဍာရီလာအဆင့် သွေးစွန်းတစ္ဆေက ဟွာရှတောင်ပင်လယ်ဘက်ကို ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်နဲ့အတူ ရောက်ရှိခဲ့ပါတယ်။ ဓားသမားဂိုဏ်းရဲ့ တောင်ဘက် ဂိုဏ်းခွဲက တပည့်တွေအားလုံး အသက်ပေးပြီး တိုက်ခိုက်ခဲ့ ကြပါတယ်”

“နောက်ဆုံးရသတင်း၊ ရိုစ့်၊ အနားဆန်နဲ့ ဝံပုလွေ လူသား သုံးယောက်က မွန်ဂိုလီးယားက ဝူတမြို့ကို ရှင်းလင်း ပစ်ခဲ့ပါတယ်၊ ဓားသမားဂိုဏ်းရဲ့ မြောက်ဘက် ဂိုဏ်းခွဲက တပည့်အားလုံး သေသွား ပါပြီ”

သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရရှိပြီးနောက် ဓားသမား ဂိုဏ်း၏ မဟာအကြီးအကဲ ခြောက် ယောက်လုံး ပို၍ပို၍ ဝမ်းနည်းရိပ်သန်း လာကြ သည်။

နှစ်ရက်။

ဤနှစ်ရက်ကလေးအတွင်း၌ ဓားသမားဂိုဏ်း၏ ဂိုဏ်းခွဲလေးခုလုံး သုတ်သင်ခံရလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။

ဓားသမားဂိုဏ်း၏ ဂိုဏ်းခွဲလေးခုလုံးမှ တပည့် အားလုံး အသတ်ခံလိုက်ရချေပြီ။ ညအဖွဲ့၏ လျင်မြန်လှသော ဒဏ်ခတ်ခြင်းက သူတို့ ထင်ထား သည် ထက်ကို ကျော်လွန်လို့နေ၏။

“ခွေးမသား”

မဟာအကြီးအကဲ တစ်ယောက်က လက်ဘက် ရည်အိုးကို ဒေါသတကြီး ဖျစ်ညှစ်လိုက်သည်။ ထို့အတူ ကြမ်းကြုတ်သော ချီဓာတ်များ ပါဝင်သည့် အကြည့်များနှင့်အတူ သူ၏ မျက်ခွံက တဆတ်ဆတ် လှုပ်နေ၏။

“သောက်ယဲ့ဖန်၊ သောက်ညအဖွဲ့၊ ဓားသမားဂိုဏ်းက ငါတို့ဆုံးရှုံးခဲ့ရတာတွေအတွက် လက်စားချေရမယ်”

ထိုသို့ပြောပြီး ထိုမဟာအကြီးအကဲက လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ဓားသမားဂိုဏ်းက ဒဏ္ဍာရီလာအဆင့် အားလုံးကို ဆင့်ခေါ်လိုက်၊ ငါနဲ့အတူ ကျန်းရှီမြို့ကို လိုက်ခဲ့၊ ငါ ယဲ့ဖန်ကို သွားသတ်မယ်”

သူ့စကားကြောင့် ဆက်သား (သတင်းပို့ဆောင်သူ) သည် ချက်ချင်း နောက်လှည့်ကာ ထိုအမိန့်ကို ဖြန့်ရန် ပြင်လိုက်သည်။

ထိုစဉ် နောက်ထပ် အသံတစ်ခုကို သူ ကြားလိုက် ရသည်။

“ခဏနေဦး”

ထိုရိုးရှင်းလှသည့် စကား၌ အတောမသတ်နိုင်သော အာဏာများ ပါဝင်နေသဖြင့် အခြားသူများအားလုံး ချက်ချင်း တုန်ယင်သွားကြသည်။

ထို့နောက် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လေးထောင့်ကျကျ မျက်နှာနှင့် သတ်လတ်ပိုင်း အရွယ် အမျိုးသား တစ်ယောက် ပင်မခန်းမထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။

ထိုအမျိုးသားကို မြင်သည်နှင့် မဟာ အကြီးအကဲ ခြောက်ယောက်နှင့် တပည့်များက လျင်မြန်စွာ ကိုယ်ကိုရို့၍ အရိုအသေပေးကာ နှုတ်ဆက်လို က်ကြသည်။

“အရှင်”

ထိုသတ်လတ်ပိုင်းအရွယ် အမျိုးသားသည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ရီကျန့် ထျန်းပင် ဖြစ်လေသည်။

သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်ပြီး ဟွာရှ တစ်နိုင်ငံလုံး၏ အသန်မာဆုံးသူအဖြစ် အတော် များများက လက်ခံထားကြသည့် သူဖြစ်သည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း ခန်းမထဲမှ လူတိုင်း ကြောက်လန့်ကာ တုန်လှုပ် သွားကြပြီး သူ့ရှေ့၌ ဒူးထောက် ဝပ်တွားချင်စိတ်ပင် ဖြစ်လာရသည်။

ဤသည်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်၏ ခွန်အား ဖြစ်သည်။ ရီကျန့်ထျန်းကို မြင်သည်နှင့် ဒေါသထွက် နေသော မဟာအကြီးအကဲက လျင်မြန်စွာ ကိုယ်ကို ရို့၍ အရိုအသေပေးပြီးနောက် ပြောလိုက်သည်။

“အရှင်၊ ဓားသမားဂိုဏ်းက ဟွာရှနိုင်ငံမှာ နံပါတ်တစ် အင်အားစုပါ၊ ဘယ်လိုလုပ် ကျွန်တော်တို့က ယဲ့ဖန် သောင်းကျန်းနေတာကို သည်းခံနိုင်ရမှာလဲ”

“အရှင်၊ ကျေးဇူးပြုပြီး ဓားသမားဂိုဏ်းက ဒဏ္ဍာရီ လာအဆင့် အားလုံးကို အဲ့ခွေးမသားကို သတ်ဖို့ အမိန့်ပေးလိုက်ပါ”

ဤသည်ကို ကြည့်ပြီး ကျန် မဟာအကြီး အကဲ ငါးယောက်နှင့် ဓားသမားဂိုဏ်း၏ တပည့်များက ရီကျန့်ထျန်းအား အရိုအသေပေး၍ တစ်ပြိုင်နက် စောဒက တက်လာကြသည်။

“အရှင်၊ ကျေးဇူးပြုပြီး အမိန့်ပေးလိုက်ပါ”

သူတို့၏ အသံများနှင့် ကြမ်းကြုတ်သော ဆန္ဒများ ပါဝင်လို့နေသည်။ သို့သော် သူတို့စကားကြောင့် ရီကျန့်ထျန်းက လှောင်ရယ်၍ ပြောလိုက်သည်။

“ဒါတွေအားလုံးကို ငါ စီစဉ်ခဲ့တာ”

*ဘယ်လို*

ရီကျန့်ထျန်း၏ စကားကြောင့် ခန်းမထဲရှိ ဓားသမား ဂိုဏ်း၏ သိုင်းပညာရှင်များအားလုံး မှင်တက် သွားကြသည်။ ရီကျန့်ထျန်း၏ ဆိုလိုရင်းကို သူတို့ နားမလည် ကြပေ။

“အဲ့ဒီဗွီဒီယိုကို ထုတ်လွှင့်ပြီး နောက်ပိုင်း ဂိုဏ်းခွဲ လေးခုလုံးက ဒဏ္ဍာရီလာအဆင့် အားလုံးကို ပြန်ခေါ်လာဖို့ အမိန့်ထုတ်ထားခဲ့ပြီးပြီ”

ရီကျန့်ထျန်းက အေးစက်၊ခက်ထန်သော အကြည့် များဖြင့် ပြောလိုက်သဖြင့် သူ၏ နောက်လိုက် တပည့်သားများ ရင်တုန်သွားကြရသည်။

“ငါက ညအဖွဲ့ကို ငါတို့ ဂိုဏ်းခွဲလေးခုလုံးကို သုတ်သင်ခွင့် ပေးလိုက်တာ”

“ဒီနည်းနဲ့မှပဲ ဘယ်သူတွေက ဓားသမားဂိုဏ်းကို သစ္စာရှိသလဲ ဆိုတာကို ငါတို့သိနိုင်မှာ”

သူ့စကားကို ကြားပြီးမှသာ ခန်းမထဲမှ အခြားသူများ သူ၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ ထို့နောက် ရီကျန့်ထျန်းက ဆက်ပြောလာသည်။

“ဓားသမားဂိုဏ်းမှာ သိုင်းပညာရှင်တွေ နည်းပါး မနေဘူး၊ သိုင်းပညာရှင် တစ်သုတ်သေသွားရင် နောက်တစ်သုတ် ထွက်ပေါ်လာလိမ့်မယ်”

“ညအဖွဲ့က ဝံပုလွေအုပ်စုသာသာပဲ၊ ငါတို့ သိုင်းပညာရှင် တွေကို စုစည်းပြီး ဝံပုလွေ ဘုရင် ဖြစ်တဲ့ ယဲ့ဖန်ကို သတ်လိုက်မယ်ဆိုရင် ဝံပုလွေ အုပ်ကြီးက ပြိုကွဲသွားမှာပဲ”

“ဒါဆို ဟွာရှက ငါတို့အပိုင် ဆက်ဖြစ်နေဦးမှာပဲ၊ ငါတို့ကို ဆန့်ကျင်တဲ့သူတွေအားလုံး ... သေရမယ်”

...

ထိုအချိန်မှသာ ပင်မခန်းမထဲရှိ အခြားသူများ အားလုံး သူ၏ ရည်ရွယ်ချက်ကို နားလည် သွားသည်။ အဘယ်ကြောင့် ရီကျန့်ထျန်းက ယဲ့ဖန်ကို တစ်ယောက်တည်း လာခိုင်းခဲ့ သလဲ ဆိုတာကို သူတို့ နားလည်သွားကြသည်။

သူက ဓားသမားဂိုဏ်းမှ ထိပ်တန်း သိုင်းပညာ ရှင်များအား စုစည်းပြီး ယဲ့ဖန်အား အတူပူးပေါင်း၍ သတ်ချင်နေသည်ကိုး။

ယဲ့ဖန် တောင်ပေါ်သို့ ရောက်လာသည့် အချိန် ရောက်လျင် ဓားသမားဂိုဏ်းမှ ဒဏ္ဍာရီလာ အဆင့်များ အားလုံးက အတူ တန်ပြန်တိုက်စစ် ဆင်၍ ညအဖွဲ့အား အပြီးတိုင် သုတ်သင်ပစ်မည် ဖြစ်သည်။ ရန်သူများအားလုံး ချက်ချင်းဆိုသလို အသတ်ခံရပေလိမ့်မည်။

ချောင်ပိတ်မိခြင်းပင်။ ဤသည်ကား ယဲ့ဖန်ကို ပစ်မှတ်ထားသော ချောင်ပိတ်တိုက်ခိုက်ခြင်းပင်။

ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့်များ အတူ တိုက်ခိုက်သည့်အခါ ယဲ့ဖန်သည် မည်မျှ သန်မာ နေပါစေ၊ သူတို့ သူ့အား သတ်နိုင်မည်သာ။

ထို့နောက် ပင်မခန်းမထဲမှ သိုင်းပညာရှင်များ အားလုံး ရီကျန့်ထျန်းအား အလွန် လေးစားသွား ကြသည်။ ထိုစဉ် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့် အေးစက်စက် ခံစားချက်က သူတို့အား လွှမ်းမိုးလာသည်။

ယဲ့ဖန်ကို သတ်ရန်အတွက် ရီကျန့်ထျန်းသည် ဓားသမား ဂိုဏ်းမှ တပည့်များ၏ အသက်ကို လုံးဝ ဂရုမစိုက်ပေ။ သူ၏ ရက်စက်မှုကြောင့် ပင်မ ခန်းမထဲရှိ လူများအားလုံး ကြောက်လန့်ကာ တုန်လှုပ်လာကြသည်။

သို့သော် ရီကျန့်ထျန်းသည် သူ့နောက်လိုက်များ၏ ခံစားချက်များကို ဥပေက္ခာပြုထားသည်။ ထိုအစား သူသည် ကျန်းရှီမြို့ရှိရာ အရပ်သို့ လှမ်းကြည့်ကာ ရက်စက်စွာ လှောင်ရယ်၍ ပြောလိုက်သည်။

“ယဲ့ဖန်၊ ငါ့ကို အပြစ်မတင်နဲ့၊ မင်းရဲ့ ထူးဆန်းတဲ့ လျှို့ဝှက်သိုင်းကျမ်းက မင်းကို ဒီလိုဖြစ်အောင် လုပ်လိုက် တာပဲ”

“တစ်ယောက်သောသူက မင်းရဲ့ လျှို့ဝှက် သိုင်းကျမ်းကို လိုချင်နေတာ၊ အဲ့ဒီအတွက် မင်း သေကိုသေရမယ်”

ရီကျန့်ထျန်း၏ စကားလုံးများက အေးစက်ကာ ခက်ထန်လှသည်။

....

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက်မြောက်နေ့သို့ ရောက်ရှိ လာသည်။ ဟွာရှနိုင်ငံတစ်ဝန်းမှ သိုင်းပညာရှင် များအားလုံး ထိတ်လန့်နေကြသည်။

သိုင်းပညာရှင်များစွာတို့သည် ခွန်းလွင်တောင်ပေါ်မှ တိုက်ပွဲအား ကိုယ်တိုင်ကိုယ်ကျ မကြည့်ရှုနိုင် သော်လည်း သူတို့သည် အရာအားလုံးအား ကြီးမားသော ဖန်သားပြင်ပေါ်မှ ကြည့်ရှုနိုင် သေးသည်။ အဘယ်ကြောင့်ဆိုသော် ဓားသမား ဂိုဏ်းသည် ဟွာရှမီဒီယာအား အရှင်သခင် နှစ်ယောက် တိုက်ခိုက်သော တိုက်ပွဲအား ထုတ်လွှင့် ပေးပါရန် တောင်းဆိုထားသောကြောင့်ပင်။

ဓားသမားဂိုဏ်းသည် ဟွာရှနိုင်ငံ၏ နံပါတ်တစ် အင်အားစု ဖြစ်သည်ကို သူတို့ သက်သေပြ ချင်နေသည်။

....

ဓားသမားဂိုဏ်း ဌာနချုပ်၏ ပင်မဝင်ပေါက်အဝ၌ များစွာသော လူတို့က ကြောက်မက်ဖွယ် ကောင်း လောက်အောင် များပြားလှသည့် ချီဓာတ်များဖြင့် ရပ်နေကြသည်။

များပြားလှသည့် ဒဏ္ဍာရီလာအဆင့်များက ပင်မ ဝင်ပေါက်၏ အဝ၌ ရပ်ကာ အထဲဝင်မည့် လမ်းအား ပိတ်ဆို့ထားကြသည်။

တစ်ယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။

…

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားသမား ဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့် အယောက် ငါးဆယ် ကျော် ရှိနေပြီဖြစ်သည်။

သိုင်းပညာရှင် တစ်ယောက်ချင်းစီသည် သူတို့ ဂိုဏ်းထဲ ဝင်ခဲ့သည့် လွန်ခဲ့သည့် နှစ်ဝက်ခန့်က ဒဏ္ဍာရီ အဆင့်များသာ ဖြစ်သည်။

များစွာသော ဆေးလုံးများနှင့် အင်မော်တယ် သစ်သီးများအား မှီဝဲစားသုံးပြီးနောက် သူတို့ အားလုံး ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက် သွားခဲ့ကြသည်။

ထို့အပြင် သူတို့၌ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တစ်ရာ ကျော် ရှိသေးသည်။ မည်မျှ ထည်ဝါ လိုက်သည့် ဖွဲ့စည်းပုံ ပုံစံပါလိမ့်။

ထို့အအတူ ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် တစ်ထောင်ကျော် ရှိနေသေးသည်။ ဤမျှ ကြောက်မက်ဖွယ် ကောင်းသည့် တိုက်ပွဲဝင် ပုံစံက အခြား ဟွာရှ သိုင်းပညာရှင်အားလုံး ငြိမ်ကုပ် သွားစေခဲ့သည်။

သို့သော် သူတို့၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် အနက်ရောင်ဝတ်စုံနှင့် လူငယ် တစ်ယောက်က ခွန်းလွန်တောင်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။

ထိုလူငယ်သည်ကား ယဲ့ဖန်ပင်။

CHAPTER 317 သွေးယဇ်ပူဇော်ပွဲကြီး စတင်လေပြီ

“ကြည့်ရှုသူများခင်ဗျား၊ အခု တင်ဆက် နေတာကတော့ ဟွာရှ တိုက်ခိုက်ရေးသမားများ တီဗွီ ရုပ်သံလိုင်းကပါ”

“ဒဏ္ဍာရီလာအဆင့် အယောက် ငါးဆယ်ကျော်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် အယောက်တစ်ရာနဲ့ ဒဏ္ဍာရီ အထွတ်အထိပ်အဆင့် အယောက် တစ် ထောင်ကျော်တို့ ခွန်းလွင်တောင်ပေါ်မှာ စုစည်း ရောက်ရှိနေပါပြီ။ ယခုလို အချိန်မှာဆိုရင်ဖြင့် ဓားသမား ဂိုဏ်းက သိုင်းပညာရှင်အားလုံးကို ယဲ့ဖန်နဲ့ တိုက်ခိုက်ဖို့ တာဝန်ပေးထားပြီးသားပါ။ ဟွာရှနိုင်ငံရဲ့ နံပါတ်တစ်အင်အားစုအတွက် တိုက်ပွဲ မစခင် နိုင်ခြေကတော့ ဓားသမားဂိုဏ်းဘက်က ယိမ်း နေပါပြီ”

“ယဲ့ဖန်နှင့် ဓားသမားဂိုဏ်း၊ ဒီတစ်ခါမှာတော့ ဟွာရှ နိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ဟောင်းက ဆိုးရွားတဲ့ ဖြစ်လာနိုင်ချေတွေအတွက် ဗျာများနေ လောက်ပါပြီ”

“ဓားသမားဂိုဏ်းက ယဲ့ဖန်ကို ဘယ်လိုသတ်မလဲ။ ယဲ့ဖန်က ဒီလိုဘေးကျပ်နံကျပ် အခြေအနေကို ကျော်လွှား နိုင်ပါ့မလား။ မကြာခင် သိလာရ တော့မှာပါ….”

“….”

ထိုအချိန်တွင် ဟွာရှ မီဒီယာအဖွဲ့တိုင်းက ခွန်းလွင် တောင်ခြေ၌ အခြေချ၍ တိုက်ပွဲအား တိုက်ရိုက် ထုတ်လွှင့်နေကြသည်။

ဓားသမားဂိုဏ်း၏ ကြောက်မက်ဖွယ် ကောင်း လောက်သော တိုက်ပွဲ ဖွဲ့စည်းပုံကို ကြည့်ပြီး ယဲ့ဖန် နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်ရဲတော့ချေ။

မည်သို့ပင် ဆိုစေကာမူ နှစ်ဘက်တွင် အင်အားနှင့် လူဦးရေက အလွန်ကွာခြားနေသည်။ ဟွာရှနိုင်ငံ၏ နိုင်ငံသားတိုင်းက ရင်ပြင်များ၌ စုဝေး၍ ဧရာမ ဖန်သားပြင်မှ တင်ဆက်နေသော သတင်းများကို ကြည့်ရှု နေကြသည်။

သူတို့အားလုံး အလွန် ထိတ်လန့်နေကြသည်။

“ဘုရားရေ ဒီလောက်များတဲ့ သိုင်းပညာရှင်တွေ ဓားသမားဂိုဏ်းမှာ ဘယ်လိုလုပ် ရှိနေတာလဲ။ အံ့ဩဖို့ ကောင်းလိုက်တာ”

“ဆိုးတာပဲ၊ ယဲ့ဖန်တော့ သေမှာပဲ။ ဒဏ္ဍာရီလာ အဆင့် ငါးဆယ်ကျော်တယ်၊ သူ … သူ ဘယ်လို တိုက်မှာလဲ”

“ဓားသမားဂိုဏ်းက ခွေးမသားတွေချည်းပဲ။ သူတို့က လူဦးရေ ပိုများတာကို အခွင့်ကောင်းယူပြီး ယဲ့ဖန်ကို သတ်ပစ်ချင်နေတာ။ ဒါ သိုင်းလောကအတွက် အရမ်းရှက်ဖို့ကောင်းတယ်”

…

ဟွာရှနိုင်ငံမှ သိုင်းပညာရှင်များအားလုံး ဓားသမား ဂိုဏ်းကို အလွန် မုန်းတီးလာကြသည်။ သို့သော် သူတို့ ယဲ့ဖန်ကို ကူညီရန် ဘာမှမလုပ်ပေးနိုင်ပေ။

“ကြည့်စမ်း၊ အဲ့ဒါ ယဲ့ဖန်ပဲ”

ထို့နောက် စိတ်လှုပ်ရှားနေသော မြို့သူမြို့သား တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အခြားသူများက အံ့အားသင့်စွာဖြင့် ခေါင်းမော့ ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်က တောင်ခြေထံသို့ ခြင်း တစ်လုံးကို ကျောတွင်သယ်လာရင်း လျှောက်လာ နေသည်။

*တောင်းတစ်လုံးလား*

လူတိုင်း အံ့ဩသွားကြသည်။ ယဲ့ဖန်က လက်နက် အစား ဘာကြောင့် ခြင်းဟောင်းတစ်လုံးကို ကျော တွင် သယ်လာမှန်း သူတို့ နားမလည်ကြပေ။

ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်တိုင်းက အားပါး တရ ရယ်မောကြလေသည်။

“ဟားဟား … သူက တောင်ပေါ်ကို ခြင်းတစ်လုံး သယ်ပြီး တက်လာတယ်၊ ဒီလူက ခွန်းလွင် တောင်ပေါ်က ထင်းခြောက်တွေကို ကောက်ချင် နေတာလား”

“အရူး၊ ဓားမော့ ဒါမှမဟုတ် ဓားရှည်အစား ချာတူးလံ ခြင်းတောင်းတစ်လုံးကို သယ်လာ ရတယ်လို့။ လက်စသတ်တော့ ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ဟောင်းက အရူး ဖြစ်နေ တာကိုး”

“ငါ ရယ်ရလွန်းလို့ အူတောင်နာတယ်”

ဓားသမားဂိုဏ်းရဲ့ သိုင်းပညာရှင်များ ဟားတိုက် ရယ်မောကြလေသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် တကယ့်ကို အရူးတစ်ယောက်လို ပြုမူ နေသည်ဟု ထင်နေကြသည်။

သို့သော် ဤမျှ လှောင်ပြောင်သရော်မှု များနှင့် ကြုံရတာတောင်မှ ယဲ့ဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်ဆဲပင်။ သူက တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း လျှောက်လာသည်။

မီတာ နှစ်ရာ၊ မီတာ တစ်ရာ၊ မီတာ ငါးဆယ်။

ဓားသမားဂိုဏ်း၏ ဌာနချုပ်နှင့် နီးကပ်လာ သည်နှင့်အမျှ သူ၏ မျက်လုံးများသည် ပို၍ အေးစက် လာသည်။

တောင်ခြေသို့ ရောက်သောအခါ သူက ခေါင်းကို မော့၍ ဒဏ္ဍာရီလာအဆင့်နှင့်ဒဏ္ဍာရီအဆင့် အယောက် တစ်ထောင်တို့အား ကြည့်၍ ကြုံးဝါး လိုက်သည်။

“ဒီနေ့ ခွေးတွေဝက်လို နိမ့်ကျတဲ့ ဓားသမားဂိုဏ်းက သိုင်းပညာရှင်တွေရဲ့ အသက်ကို အသုံးပြုပြီး ညအဖွဲ့က သေသွားတဲ့ သူရဲကောင်းတွေရဲ့ ဝိညာဉ် တွေကို ကျေနပ်စေရမယ်”

…

သူ၏ မိုက်ရူးရဲဆန်၍ သူရဲကောင်းဆန်သော စိတ်ဆန္ဒက ဟွာရှနိုင်ငံ တစ်ဝှမ်းက သိုင်းပညာ ရှင်များ စိတ်လှုပ်ရှားမှုများ တိုးပွားလာသည်။

ရန်သူ အယောက်တစ်ထောင်ကျော် ရှိနေသော် ငြားလည်း သူက အကြောက်အလန့်ကင်းနေဆဲပင်။ ဤမျှ သူရဲကောင်းဆန်သော ပင်ကိုစရိုက်က ဟွာရှ နိုင်ငံတစ်ဝှမ်းမှ အခြားသိုင်းပညာရှင်များ ရူးမတတ် ဖြစ်လာကြသည်။

ချက်ချင်းဆိုသလိုပင် သိုင်းပညာရှင်များသည် သွေးများ ပွက်ပွက်ဆူလာသလို ခံစားရပြီး ကျယ်လောင်စွာ သံပြိုင်ကြွေးကြော်လာကြသည်။

“ယဲ့ဖန်”

“ယဲ့ဖန်”

“ယဲ့ဖန်”

ယဲ့ဖန်က ဟွာရှတစ်နိုင်ငံလုံးအား ကိုယ်စားပြု သကဲ့သို့ ဟွာရှနိုင်ငံရှိ မြို့တိုင်းတွင် ထိုနာမည် တစ်လုံးသာ ပဲ့တင်ထပ်နေသည်။

သတင်းထောက်များတောင်မှ သူတို့၏ လေးစားမှုကို ပြသနေကြသည်။ လူတစ်ယောက်က ဒဏ္ဍာရီလာ အဆင့်နှင့် ဒဏ္ဍာရီအဆင့် အယောက် တစ်ထောင်တို့ အား မကြောက်သည့်အပြင် ခွေးလိုဝက်လို နှိမ်ချစွာ ဆက်ဆံလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မ ထားမိကြပေ။

ယဲ့ဖန်၏ အသံကို ကြားပြီးနောက် ဒဏ္ဍာရီလာ အဆင့်နှင့် ဒဏ္ဍာရီအဆင့် အယောက် တစ်ထောင်တို့ ချက်ချင်း မျက်နှာများ တင်းမာလာကြသည်။

ရဲတင်းလိုက်တာ။

ဤကဲ့သို့ အင်အားတောင့်လှသော အဖွဲ့အစည်းရှေ့၌ ယဲ့ဖန်က ဆက်၍ မောက်မာရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။

“ယဲ့ဖန် သွားသေလိုက်တော့”

ထိုစဉ် ဒဏ္ဍာရီလာအဆင့် တစ်ယောက်က လှစ်ခနဲ ပြေးထွက် လာကာ လျှပ်စီးထက် မြန်သော နှုန်းဖြင့် သူ၏ ဓားရှည်ကို ထုတ်ကာ ယဲ့ဖန်အား ခုတ်ပိုင်း လိုက်သည်။

သို့သော် ထင်မှတ်မထားသည်က ယဲ့ဖန်သည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းမှု မပြုခြင်းပင်၊ သူ့ထံ ဝဲလာနေသော ဓားအား ခက်ထန်သော အကြည့် များဖြင့် ကြည့်နေသည်။

ထိုတိုက်ခိုက်မှုကို မြင်သည်နှင့် အနီးဝန်းကျင်မှ သတင်းထောက်များကြား၌ ပွက်လောရိုက် သွားသည်။

*သူတော့ သွားပြီ*

*ဒဏ္ဍာရီလာ အဆင့်ရဲ့ တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရ တာတောင် သူက ရှောင်ဖို့ မကြိုးစားဘူး။ ဒါ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ မထူးခြားနားပဲလေ*

“တိုက်ပွဲကြီး စတောင်မစလိုက်ရသေးခင် ပွဲက ပြီးသွားမှာလား”

ဟွာရှ သတင်းထောက်များ မျက်နှာသုန်မှုန် လာကြ သည်။ တစ်ဘက်တွင်တော့ တိုက်ခိုက်လာသည့် ဒဏ္ဍာရီလာ အဆင့်က အလွန် တက်ကြွနေ၏။

သူသည် ယဲ့ဖန်ကို တိုက်ခိုက်လာသည့် ပထမဆုံးသူ ဖြစ်သည်။ အကယ်၍ သူသာ ယဲ့ဖန်ကို တစ်ချက် တည်း သတ်လိုက်နိုင်ပါက သူ၏ ဂုဏ်သတင်းသည် ဟွာရှတစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။

ထို့နောက် ထိုဒဏ္ဍာရီလာအဆင့်သည် သူ၏ ချီဓာတ်အား ဓားရှည်ထဲသို့ ပို့လွှတ်လိုက်သည်။

“သေပေတော့”

ခက်ထန်သော‌ အော်သံနှင့်အတူ ဓားရှည်က ယဲ့ဖန်၏ လည်ပင်းအား လျင်မြန်လှသော နှုန်းဖြင့် ခုတ်ပိုင်း လာသည်။ ထိုဒဏ္ဍာရီလာအဆင့်သည် သူ၏ ပစ်မှတ်အား တစ်ချက်တည်းဖြင့် ထိမှန်ခဲ့သည်။

ဤသည်ကို ကြည့်ပြီး ထိုဒဏ္ဍာရီလာအဆင့်လူက ပျော်ရွှင်လာသည်။ သို့သော် တစ်ခဏမျှ အကြာတွင် သူ၏ ပြုံးပျော်နေသော မျက်နှာက ချက်ချင်း အေးခဲသွားသည်။

ဓားသွားက ယဲ့ဖန်၏ လည်ပင်းနှင့် ထိမိသည့်နှင့် သူ၏ လည်ပင်းက ရှေးဟောင်း သတ္တုတစ်ခု ပြုလုပ်ထား သကဲ့သို့ ပြန်ကန်ထွက်လာသည်။

“မ…မဖြစ်နိုင်ဘူး”

ထိုဒဏ္ဍာရီလာအဆင့်လူက လုံးဝကို နားဝေ တိမ်တောင် ဖြစ်နေသည်။ အလွန်ရှားပါးသည့် လက်နက်တောင်မှ ဤတိုက်ခိုက်မှုကြောင့် ပျက်စီးသွား ခဲ့သေးသည်။ သို့သော် ယဲ့ဖန်က မည်သို့ မျှ ဒုက္ခမရောက်ပေ။

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

သတင်းထောက်များ အံ့အားသင့်ကာ ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။

နောက်ထပ် ဖြစ်ပေါ်လာသည်က သတင်းထောက် များအား လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားစေ ခဲ့သည်။

“မဟုတ်ဘူး”

ထိုဒဏ္ဍာရီလာ အဆင့်လူသည် သူ့တစ်ကိုယ်လုံး သေမင်း ချီဓာတ်များဖြင့် ဖုံးအုပ်ခံလိုက်ရသလို ခံစားလိုက် ရသည်။

ရွှစ်!

သွေးများက မြေကြီးပေါ်သို့ ဖုံးလွှမ်းသွားသည်။ ဒဏ္ဍာရီလာ အဆင့်လူ၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်း အေးခဲ သွားသည်။

တောက်! တောက်!

ထိုဒဏ္ဍာရီလာအဆင့်လူ၏ သွေးများက မြေကြီးပေါ် ဖုံးလွှမ်း သွားသည်နှင့် ဘေးပတ်လည်၌ တိတ်ဆိတ် လို့သွား၏။

တစ်ချက်တည်း။

ယဲ့ဖန်က ဒဏ္ဍာရီလာအဆင့်ကို တစ်ချက်တည်းနှင့် သတ်လိုက် လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မ ထားခဲ့မိကြချေ။ ထို့နောက် ကျန်လူများ၏ အံ့ဩ နေသော အကြည့်များအောက်မှာပင် ယဲ့ဖန်က သူ့လက်ဖဝါးကို ပြန်ဆွဲထုတ်လိုက်သဖြင့် သွေးများ ပေကျံနေသော သူ့လက်ထဲ၌ မူလ သလင်းကျောက် တစ်ခု ပါလာသည်။

ဒဏ္ဍာရီလာအဆင့်၏ မူလသလင်းကျောက်။

“ပထမဆုံးတစ်ယောက်”

ယဲ့ဖန်က တင်းမာစွာပြော၍ ထိုမူလ သလင်း ကျောက်အား သူ့ကျောပေါ်မှ ခြင်းထဲသို့ ပစ်ထည့် လိုက်သည်။

….

ထိုအခါမှသာ ယဲ့ဖန်က ဘာကြောင့် ခြင်းတောင်း တစ်ခုကို သူ့ကျောပေါ်၌ လွယ်လာမှန်း ကြည့်နေ သူများ နားလည်သွားကြသည်။

တောင်ပေါ်ရှိ သိုင်းသမားအားလုံး၏ မူလ သလင်းကျောက်ကို ထည့်ရန် ထိုခြင်းတောင်း လေးက အနေတော်ဖြစ်သည်ဟု ပြောလို့ ရသည်။

“ခွေးမသား”

ဤမြင်ကွင်းကြောင့် ဘေးပတ်လည်မှ ဒဏ္ဍာရီလာ အဆင့်များ ဒေါသမီးတို့ တောက်လောင်လာသည်။ ဒဏ္ဍာရီလာအဆင့် သုံးယောက်က ချက်ချင်း သူတို့၏ ဓားရှည်များကို ထုတ်၍ ယဲ့ဖန်အား ရူးသွပ်စွာ ခုတ်ပိုင်းလာကြသည်။

သို့သော် ဤတိုက်ခိုက်မှုကို ကြည့်ပြီး ယဲ့ဖန်က မကောင်းဆိုးဝါးသဖွယ် အပြုံးနှင့် ပြုံး၍ ပြောလာသည်။

“နောက်ထပ် သွေးယဇ်ပူဇော်ပွဲ လာပြီပဲ”

ထို့နောက် ယဲ့ဖန်က လှစ်ခနဲ ပျောက်သွားသည်။ သူတို့ သူ့အား ရှာဖွေရန် ကြိုးစားနေချိန်တွင် ယဲ့ဖန်က ရှေ့နားမှ အနီးဆုံး ဒဏ္ဍာရီလာ အဆင့်သူနားသို့ ရောက်ရှိနေသည်ကို သတိထား လိုက်မိကြသည်။

ထို့ပြင် သူက သူ၏ ချွန်ထက်သော လက်သည်း များကို ဆန့်ထုတ်လာသည်။

ရွှစ်!

ဒုတိယမြောက် ဒဏ္ဍာရီလာအဆင့်လူ၏ နဖူး အလယ် တည့်တည့်သို့ သူ၏လက်တစ်ဖက်က စူးဝင်လို့ သွားသည်။

ထို့နောက် ယဲ့ဖန်က အခြား ဒဏ္ဍာရီလာအဆင့် နှစ်ယောက် နောက်မှ အရှိန်ဖြင့် ပြိုင်တူ ထိုးဖောက် လိုက်သည်။

…

မည်မျှ မယုံနိုင်စရာ ကောင်းလိုက်သည့် မြင်ကွင်း ပါလိမ့်။ သူက ဒဏ္ဍာရီလာအဆင့် သုံးယောက်အား တစ်ချက်တည်းဖြင့် သတ်လိုက်ခြင်းပင်။

ဒဏ္ဍာရီလာအဆင့်များ၏ ဦးခေါင်းများမှ သွေးများက တုတ်ချောင်းပေါ်မှ အပေါ်ယံ ရွှေမှုန်ကြဲ ထားသော ဆူးချွန်များနှင့်တူသော ယဲ့ဖန်၏ လက်မောင်းပေါ်သို့ ဒလဟော စီးကျလို့နေသည်။

ကြောက်မက်ဖွယ် ကောင်းလှ၏။ ထိတ်လန့်ဖွယ် ကောင်းလှပါဘိ။

ကြည့်ရှုနေသူများအားလုံး အလွန် မှင်တက် သွားကြ သည်။

CHAPTER 318 ကောင်းကင်ခွင်းဓား ခုနစ်လက်

ဒဏ္ဍာရီလာအဆင့် သုံးယောက်၏ ဦးခေါင်းထဲသို့ ယဲ့ဖန်၏ လက်မောင်း ဖောက်ဝင်သွားပြီးနောက် သူတို့၏ သွေးများက မြေကြီးပေါ်သို့ စတင်၍ စီးကျ လာသည်။

သွေးထွက်သံယို များလှသည်။ ကြောက်မက်ဖွယ် ကောင်းလှ၏။

ဖန်သားပြင်ကြီးကို ကြည့်ပြီး ဟွာရှနိုင်ငံ၏ နိုင်ငံသားများ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ သူတို့ တိုက်ပွဲများစွာကို ကြည့်ဖူး သော်လည်း ဘယ်အရာကမှ သည်လောက် မရက်စက်ချေ။

ထို့နောက် ယဲ့ဖန်က ထိုသူတို့၏ ဦးခေါင်းထဲမှ သူ့လက်မောင်းကို ဆွဲထုတ်လိုက်သည်ကို သူတို့ မြင်လိုက်ရသည်။

ဝှစ်!

ရဲရဲနီနေသော သွေးများက သူတို့လည်ပင်းမှ စီးကျ လာပြီး ဒဏ္ဍာရီလာအဆင့် သုံးယောက်၏ ခေါင်းပြတ် ခန္ဓာကိုယ်များက မြေကြီးပေါ်သို့ လဲကျ သွားသည်။ သူတို့၏ မျက်လုံးထဲတွင် အတော မသတ်နိုင်သော ထိတ်လန့်၊ကြောက်ရွံ့မှုများ ပါဝင် နေသည်။

ယဲ့ဖန်၏ လက်ဖဝါးထဲတွင်တော့ ဒဏ္ဍာရီလာအဆင့် သုံးယောက်၏ မူလ သလင်းကျောက်များ ရှိနေ၏။

“တော်…တော်တော်လေး အင်အားကြီးမားတာပဲ”

ဟွာရှနိုင်ငံသားများ မျက်ခုံး တလှုပ်လှုပ် ဖြစ်လာကြသည်။ ယဲ့ဖန်သည် သွေးဆာလွန်းသော ထိပ်တန်း နတ်ဆိုးတစ်ကောင် ဖြစ်သည်ဟု သူတို့ ထင်နေမိ ကြသည်။

သို့သော် တိုက်ပွဲကား မပြီးသေးချေ။ ထို့နောက် တွင်တော့ အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုကြီးကား တရားဝင် စတင်လေတော့သည်။

ယဲ့ဖန်သည် ခွန်းလွင်တောင်ထိပ်သို့ တစ်လှမ်းပြီး တစ်လှမ်း ပြေးတက်လာသည်။

သူ လှုပ်ရှားလိုက်တိုင်း သိုင်းပညာရှင် သုံးယောက်၏ ဦးခေါင်းများ ထိုးဖောက်ခံရသည်။

ငါးယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။

…

ဤသည်ကား တစ်ဖတ်သတ် တိုက်ပွဲပင်။ ယဲ့ဖန်သည် သိုင်းပညာရှင် တစ်ထောင်ကျော်အား ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် တိုက်ခိုက်လာခဲ့သည်။

သူသည် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လူတစ်ယောက်ကို သတ်ပစ်သည်။ ငရဲမှ ထွက်လာ သောသူလိုပင်။ သူ တစ်ချက် တိုက်ခိုက်လိုက်တိုင်း မူလ သလင်းကျောက်တစ်ခုကို ထုတ်ယူနိုင်ပြီး နောက်ထပ် သိုင်းပညာရှင်တစ်ယောက် မြေကြီးပေါ် လဲကျသွားသည်။

ဤကဲ့သို့ သွေးစွန်းလှသည့် မြင်ကွင်းကို ကြည့်ပြီး ဟွာရှနိုင်ငံတစ်ဝှမ်းမှ သိုင်းပညာရှင်များ ပျော်ရွှင် လာကြသည်။

မြေကြီးပေါ်၌ အလောင်းများ ပို၍ပို၍ ပေါများ လာသည်။ တောင်ခြေမှစ၍ တောင်ထိပ်သို့ တက်သည့် လမ်းတစ်လျှောက်လုံး၌ အလောင်း များဖြင့် ဖုံးလွှမ်းလို့နေသည်။

ဒဏ္ဍာရီလာအဆင့်များ၏ နီရဲနေသော သွေးများ ကြောင့် တောင်ကြောတစ်လျှောက် သွေးမြစ် တစ်စင်း ဖြစ်ပေါ်လို့နေသည်။

ယဲ့ဖန်၏ အနောက်မှ သတင်းထောက်များ၏ ဖိနပ်များသည်လည်း သွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။ သူတို့သည် ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့်များ၏ အလောင်းများကို နင်းဖြတ် ရင်း သတင်းထုတ်လွှင့်နေခြင်း ဖြစ်သည်။ သူတို့ အိပ်မက်ထဲ ရောက်နေသလို ခံစားနေရသည်။

“ဒါ ပေါ်ဟိုင်ပင်လယ်ကွေ့ဒေသက ဓားသမား ဂိုဏ်းခွဲရဲ့ အကြီးအကဲပဲ။ သူက နာမည်ကြီး ဒဏ္ဍာရီလာအဆင့် တစ်ယောက်လေ။ ဒါပေမယ့် အခုတော့ သူသေသွားပြီ”

“ဒါ ဓားသမားဂိုဏ်းရဲ့ မွန်ဂိုလီးယားဂိုဏ်းခွဲက ဥက္ကဋ္ဌပဲ။ သူ့ခေါင်းက ယဲ့ဖန် နင်းခြေတာ ခံလိုက်ရပြီ”

“ပြီးတော့ ဟိုနားက တစ်ယောက်၊ သူက ဟွာရှနိုင်ငံရဲ့ အနောက်ဘက် နယ်စပ်က နာမည်ကြီးသူပုန်ပဲ၊ သူက ဓားသမားဂိုဏ်းနဲ့ ပူးပေါင်းခဲ့တာလေ၊ ဒါပေမယ့် သူလည်း သေတာပါပဲ”

ထိပ်တန်း သိုင်းပညာရှင်များစွာ၏ အလောင်းများကို ကြည့်ပြီး သတင်းထောက်များ နဖူးမှ ချွေးတဒီးဒီး ကျလာကြသည်။

သူတို့ တစ်ဘဝလုံးတွင် ဤသည်က ထိတ်လန့်စရာ အကောင်းဆုံး သတင်းဖြစ်သည်။ သို့သော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးကား မပြီးဆုံး သေးချေ။

“သွားသေလိုက်တော့”

ယဲ့ဖန်က အေးတိအေးစက် မျက်လုံးများဖြင့် ကြုံးဝါး လိုက်သည်။ သူသည် လက်ကို ဆန့်ထုတ်၍ ဒဏ္ဍာရီလာ အဆင့် တစ်ယောက်၏ ခေါင်းကို အားနှင့် ဖိညှစ်လိုက်ပြီး မူလ သလင်းကျောက်ကို သူ့အိတ်ထဲ ကောက်ထည့် လိုက်သည်။ သူ့ကျော ပေါ်မှ ခြင်းတောင်းက တစ်ဝက်ခန့် ပြည့်နေပြီ ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းလှပါဘိ။

ယဲ့ဖန်သည် တောင်စောင်းနားသို့‌ ရောက်လို့နေ လေပြီ။ သူသည် ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီအဆင့် ရာနှင့်ချီ၍ သတ်ဖြတ်ပြီးပြီ ဖြစ်သည်။

သို့သော် သူသည် မရှုံးနိမ့်နိုင်သော လူသတ် စက်ကဲ့သို့ သိုင်းပညာရှင်များအား ဆက်၍ သတ်ဖြတ် နေဆဲပင်။

သူတို့ ကြောက်လန့်နေကြသည်။ ထိုအချိန်တွင် ကျန်ရှိနေသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီ အဆင့် များအားလုံး ကြောက်လန့်ကာ တုန်ယင်နေ ကြသည်။

သူတို့ စ၍ နောက်ဆုတ်လာကြသည်။ သူတို့ အားလုံးသည် ယဲ့ဖန်အား သေမင်းနတ်ဘုရားဟု ထင်မြင်လာကာ သူတို့ မျက်နှာပေါ်၌ ကြောက်ရွံ့ မှုများ စိုးမိုးလာသည်။ သူတို့ နောက်ပြန်လှည့်ကာ အဝေးသို့ ထွက်ပြေးချင်နေကြသည်။

တောက်! တောက်!

သူတို့နဖူးမှ ပဲသီးစေ့ အရွယ်အစားလောက် ရှိသည့် ချွေးစက်များ စီးကျလို့လာသည်။ ယဲ့ဖန် ရှေ့သို့ တစ်လှမ်းတိုးလာတိုင်း သူတို့အားလုံး နောက်သို့ တစ်လှမ်း ဆုတ်ကြသည်။

မည်သူမျှ ယဲ့ဖန်နှင့် မတိုက်ခိုက်ရဲပေ။ ဤသည်ကို ကြည့်ပြီး ကျန်ဟွာရှ သိုင်းပညာရှင်များအားလုံး တက်ကြွ ပျော်ရွှင်ကာ ဟစ်ကြွေးလာကြသည်။

ယဲ့ဖန် တစ်ယောက်တည်းနှင့် တောင်တစ်ခုလုံးအား အလောင်းများနှင့် ပြည့်နှက်စေပြီး ဒဏ္ဍာရီလာ အဆင့်များအား ကြောက်ရွံ့စေခဲ့သည်။

သူ၏ ထည်ဝါသော အရှိန်အဝါက အခြားသူများ၏ လေးစားကြည်ညိုမှုကို ရရှိသွားခဲ့သည်။ သို့သော် ထိုသို့သော အချိန်တွင် ဓားတစ်စင်းက မိုးပေါ်မှ ဆင်းသက်လာပြီး အလင်းတန်းတစ်ချက်နှင့်အတူ ယဲ့ဖန်အား ကြမ်းကြုတ်စွာ ခုတ်ပိုင်းလာသည်။

ရွှစ်!

ယဲ့ဖန်၏ အလွန့်အလွန် မာကျောသော နတ်ဆိုး ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာပြီး သူသည် လည်း ဓားချက်ကြောင့် နောက်သို့ လွင့်သွားရသည်။

သတ္တုနှင့် ကျောက်တုံးတို့ ပွက်တိုက်သွားသည့် အသံနှင့်အတူ သူ၏ ခြေဖဝါးကြောင့် မြေကြီးပေါ်၌ ခပ်နက်နက် မြောင်းနှစ်ခု ဖြစ်ပေါ်လာသည်။ အနောက်သို့ ဆယ်မီတာခန့် လွင့်သွားပြီးမှသာ သူ ရပ်တန့်သွားသည်။

*အိုး...ဝိုး*

ဤသည်ကို ကြည့်ပြီး သတင်းထောက်များနှင့် ဟွာရှ သိုင်းပညာရှင်များ မှင်တက်သွားကြသည်။

“ကောင်းကင်းခွင်းဓား”

“အိုး...သေစမ်း... အဲ့ဒါ ဓားသမားဂိုဏ်းရဲ့ နံပါတ်တစ် ရှားပါးရတနာဖြစ်တဲ့ ကောင်းကင်ခွင်းဓားပဲ”

ကောင်းကင်ခွင်းဓားသည် ဓားသမားဂိုဏ်း တည်ထောင်ခဲ့သူ လွန်ခဲ့သည့် နှစ်နှစ်ရာခန့်က ထားခဲ့သည့် ထိပ်တန်း ရှားပါး ရတနာဖြစ်သည်။

ထိုဓားသည် အထွတ်အမြတ်ထားသော ရှေးဟောင်း လက်နက်လည်း ဖြစ်သည်။ ထိုဓားသည် တောင်ကို ပိုင်း၍ မြစ်ကို တားဆီးနိုင်သည်။ အင်မတန် ကြောက်မက်ဖွယ်ကောင်းလှ၏။

ကြည့်ရှုနေသူထဲမှ တော်တော်များများသည် ကောင်းကင်ခွင်းဓား၏ ကြောက်မက်ဖွယ် ကောင်းပုံ များကို ကြားဖူးထားကြသည်၊ သို့သော် မည်သူမှ တော့ ကိုယ်တိုင် မမြင်ဖူးကြပေ။

ထိုဓား၏ အင်အားကိုကြည့်ပြီး အခြားသူများ အားလုံး မှင်တက်သွားကြသည်။

ဒဏ္ဍာရီလာအဆင့် တစ်ယောက်တောင်မှ အားကုန် သုံးသော်လည်း ယဲ့ဖန်၏ ကိုယ်ပေါ်၌ မည့်သည့် ဒဏ်ရာဒဏ်ချက်မှ ကျန်ရှိအောင် မလုပ်ဆောင် နိုင်ပါ။ သို့သော် ကောင်းကင်ခွင်းဓားကတော့ ယဲ့ဖန်၏ ကိုယ်အား ထွင်းဖောက်သွားသည်။

မယုံနိုင်စရာကောင်းလှပါဘိ။

“ရှေးဟောင်း လက်နက်ပါလား”

ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လာပြီး ရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ အသွေး အသားများနှင့် ပြုလုပ်ထားသဖြင့် အဆင့်နိမ့် ရှေးဟောင်း လက်နက်များ၏ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိအောင် ပြုလုပ်ပေးထားသည်။

ထို့အပြင် ကောင်းကင်ခွင်းဓားသည် ထိပ်တန်း ရှေးဟောင်း လက်နက် ဖြစ်သည်မှာ သိသာလှပြီး အင်မော်တယ် လက်နက်နှင့်တောင် နှိုင်းယှဉ်လို့ ရနေ လောက်သည်။

“မဟုတ်ဘူး၊ ကောင်းကင်ခွင်းဓားက စုစုပေါင်း ခုနစ်လက် ရှိတာ၊ သူတို့အားလုံးက အဖျက်စွမ်းအင် တအားများတယ်၊ ဒါ ... ဒါက အစပဲ ရှိသေးတယ်”

တိုက်ပွဲကို ကြည့်နေသော လူအိုကြီးတစ်ယောက်က ဖန်သားပြင်ကို ကြည့်နေရင်း ရေရွတ်လိုက်ပြီး ဝမ်းနည်းလို့လာသည်။

သူ့စကားအဆုံးတွင် နောက်ထပ် ဓားရောင် ခြောက်ခုက မိုးကောင်းကင်မှ ဆင်းသက်လာပြီး ယဲ့ဖန်ထံသို့ အလွန်လျင်မြန်လှသော အရှိန်ဖြင့် ကျရောက်လာသည်။

မြန်မှမြန်ပင်။

ဓားများက အလင်းနှုန်းကဲ့သို့ ရောက်ရှိလာသည်။ ယဲ့ဖန် ဓားများအား သေချာမမြင်ရသေးခင်မှာပင် ထက်ရှ၍ ပြိုင်ဘက်ကင်းလှသော ဓားများက သူ့ခန္ဓာကိုယ်အား ခုတ်ပိုင်းလို့လာသည်။

“မဖြစ်ဘူး”

ယဲ့ဖန်၏ မျက်နှာက ထိတ်လန့်သွားကာ အန္တရာယ် အရိပ်အငွေ့ကို ရရှိလာသလို ခံစားလိုက်ရသည်။

ထို့နော် သူ ချက်ချင်း ကိုယ်ကို အားနှင့် လှည့်ကာ ရှောင်လိုက်သည်။

ရွှစ်! ရွှစ်! ရွှစ်!

နီရဲနေသော သွေးများက သူ့ကိုယ်ထဲမှ ပန်းထွက် လာ၏။

ပခုံး၊ ရင်ဘတ်၊ နံရိုးနှင့် ဝမ်းဗိုက်အောက်ပိုင်း။

သူ၏ ခန္ဓာကိုယ်အား ကောင်းကင်ခွင်း ဓားခြောက် လက်က ထိုးဖောက်သွားပြီးနောက် သူသည်လည်း နောက်သို့ ထပ်၍ ဆယ်မီတာကျော်ခန့် လွင့်ထွက် သွားသည်။

ထိုအချိန်တွင် တစ်ကမ္ဘာလုံး ငြိမ်သက်ကာ ရင်တ ထိတ်ထိတ် ဖြစ်နေကြသည်။ယဲ့ဖန်ပါးစပ်မှ စီးကျ လာသော သွေးများကို ကြည့်ပြီး ဟွာရှ သိုင်းပညာရှင်တိုင်း ဝမ်းနည်းပူဆွေးလာကြသည်။

“သခင်ကြီး”

ညအဖွဲ့သားများက ရင်ကွဲမတတ် သံကုန်ဟစ် အော်လိုက်သည်။ ညအဖွဲ့သားတိုင်းက ယဲ့ဖန်နေရာ၌ သူတို့သာ ဖြစ်လိုက်ချင်နေကြသည်။

သူတို့အားလုံး ဖန်သားပြင်ပေါ်မှ ယဲ့ဖန်ကို ကြည့်ပြီး နှလုံးခုန်မမှန်တော့ချေ။

*သူ သေသွားပြီလား*

ဟွာရှသိုင်းပညာရှင်များ၊ သတင်းထောက်များနှင့် ဓားသမား ဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီ အဆင့်တို့သည် မြေကြီးပေါ် လဲကျနေ‌သော ယဲ့ဖန်ကို စိုက်ကြည့်နေကြသည်။

*ရာနဲ့ချီတဲ့ ဒဏ္ဍာရီလာအဆင့်နဲ့ ဒဏ္ဍာရီ အဆင့်တွေကို သတ်ခဲ့တဲ့ နတ်ဆိုးက တကယ်ပဲ သေသွားပြီလား*

တစ်မိနစ်၊ နှစ်မိနစ်၊ ငါးမိနစ်။

ငါးမိနစ် ကြာသွားသော်လည်း ယဲ့ဖန်သည် အစောပိုင်းက သူ ဖန်တီးခဲ့သည့် သွေးမြစ်ထဲ၌ လဲကျနေ တုန်းပင်။

“ဟားဟား ... သူ သေသွားပြီ။ ယဲ့ဖန် နောက်ဆုံးတော့ သေသွားပြီ”

ဓားသမားဂိုဏ်း၏ ကျန်ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီ အဆင့်တို့သည် သူတို့၏ ထိတ်လန့်၊ ကြောက်ရွံ့ မှုများ နောက်ဆုံး၌ လွင့်ပျယ်သွား သည့်ဟန်ဖြင့် စိတ်သက်သာရာ ရသလို သက်ပြင်းချ လိုက်သည်။

ထိုစဉ် အားလုံး၏ အလွန် အံ့ဩနေသော အကြည့်များ အောက်တွင် ဗလုံးဗထွေး အသံ နှင့်အတူ ယဲ့ဖန်သည် မြေကြီးပေါ် လက်ထောက်၍ ဖြည်းဖြည်းချင်း ပြန်ထလာသည်။

...

ကြည့်နေသူများအားလုံး အလွန် လက်မှိုင်ချသွား သည်။ ကောင်းကင်ခွင်းဓားခုနစ်လက်နှင့် ထိုးနှက် ခြင်း ခံရပြီးတာတောင်မှ ယဲ့ဖန် မတ်တပ်ရပ် လာနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ မိကြချေ။

*သူ...လူရော ဟုတ်ရဲ့လား*

ကောင်းကင်ခွင်း ဓားများကို တစ်ချက်ကြည့်ပြီး ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံး လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ခွင်း ဓားတစ်လက်ကို ကိုင်၍ သူ့ကိုယ်ထဲ၌ ထိုဓားကို ဆွဲထုတ်လိုက်သဖြင့် သွေးများ စီးကျလာသည်။

သို့သော် သူက ဘာမှမဖြစ်သလို လျစ်လျူရှု ထားသည်။ ထို့နောက်တွင်မူ သူက ထိုကောင်းကင်ခွင်းဓားအား ပါးစပ်နားတေ့၍ အားပါးတရ ကိုက်လိုက်လေတော့သည်။

All Chapters