အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
CHAPTER 328 သူမ … ပျောက်နေတယ်
အနောက်ဘက်ဒေသရှိ ဓားသမားဂိုဏ်း ဌာနချုပ်မှ မိုင်သုံးဆယ် အကွာ၌ ချိုင့်ဝှမ်းတစ်ခု ရှိသည်။ ယခုအချိန်တွင် များစွာသော လူတို့ ထိုနေရာသို့ ရောက်ရှိနေကြသည်။
ထိုသူများကား ယဲ့ဖန်၊ ကျိုချင်းချန်၊ ဝံပုလွေရိုင်း၊ မိစ္ဆာ ဝိညာဉ်ရိုင်း၊ အရှင်ဝူနှင့် အခြားသူ များစွာတို့ ဖြစ်ကြသည်။
“သခင်ကြီး၊ ဒါက ဓားသူရဲကောင်းများ ချိုင့်ဝှမ်းပါ”
ဝံပုလွေရိုင်းက သုန်မှုန်၍ ဝမ်းနည်းပူဆွေးနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူ့စကားအဆုံးတွင် ယဲ့ဖန်က ခေါင်းညိတ်၍ လက်တစ်ဘက်ကို လှုပ်ခါလိုက်သည်။ ထို့နောက် တောက်ပသော အဖြူရောင် အလုံးလေးတစ်လုံးက သူ့လက်ထဲ ပေါ်လာသည်။
…
ထို့နောက် ယဲ့ဖန်က ငရဲမီးအား ထိုတောက်ပသော အဖြူရောင် အလုံးလေးထဲသို့ ထည့်သွင်း လိုက်သည်။ ရုတ်တရက် တရှဲရှဲ မြည်သံများက စူးခနဲ ထွက်ပေါ်လာသည်။
“အား…အား…အား”
“မစ္စတာယဲ့၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ ဒီကို ရောက်နေပါပြီ။ ဖေးချမ်နဲ့ ညအဖွဲ့က အခြားသူတွေလည်း ဒီမှာပါ”
ထိုအော်သံသည် ရီကျန့်ထျန်း၏ အသံပင်။ ထိုတောက်ပသော အလုံးလေးသည် ရီကျန့်ထျန်း၏ စိတ်ဝိညာဉ် ဖြစ်သည်။
ယဲ့ဖန်က တောက်ပသော အလုံးလေးအား အေးစက် သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တင်းမာစွာ ပြောလိုက်သည်။
“ဆက်ပြော”
သူ့စကားကြောင့် ထိုအလုံးက ချက်ချင်း တုန်ယင် သွားသည်။ ထို့နောက် ရီကျန့်ထျန်း၏ စိတ်ဝိညာဉ်က ခပ်သွက်သွက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ သုံးလလောက်က ကျုပ်တို့ ဖေးချမ်နဲ့ အခြားသူတွေကို ဓားသူရဲကောင်းများ ချိုင့်ဝှမ်း အနီးအနားမှာ ခြေရာခံခဲ့မိပါတယ်။ အဲ့ဒါနဲ့ ကျုပ်တို့ အလင်းတော် ဘုန်းတော်ကြီး၊ အိန္ဒိယ ကာရိုးလ် မဟာသခင်ကြီး၊ ဥရောပ နတ်ဘုရားနဲ့ မှော်နက် နတ်ဘုရားမတို့ကို ဖိတ်ပြီး သူတို့နောက်ကို အတူတူ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်”
“နောက်ဆုံးတော့ ကျုပ်တို့ သူတို့ကို ဓားသူရဲ ကောင်းများ ချိုင့်ဝှမ်းမှာ ဝိုင်းထား နိုင်ခဲ့တယ်၊ ဒါပေမယ့်…”
“ဒါပေမယ့် ကျုပ်တို့ သူတို့ကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်နိုင်ခဲ့တဲ့ အချိန်မှာပဲ ဓားသူရဲကောင်းများ ချိုင့်ဝှမ်းက မထင်မှတ်ထား လောက်အောင် သန်မာတဲ့ အင်အားနဲ့ အဖြူရောင် အလင်းတန်းကို ထုတ်လွှတ်လာတယ်။ ခဏ လောက်လည်း ကြာရော သူတို့အားလုံး ပျောက်ကွယ် သွားကြတယ် …”
*ဘာ*
သူ့စကားကြောင့် ဝံပုလွေရိုင်းနှင့် အခြားသူများ အားလုံး ရုတ်ချည်းဆိုသလို အံ့အားသင့် သွားကြသည်။
*သူတို့ ဘယ်လိုလုပ် ပျောက်သွားကြတာလဲ*
သူတို့မျက်လုံးမှ ပြင်းထန်၍ ကြမ်းကြုတ်သော ချီဓာတ်များ ထုတ်ဖော်လာကြသည်။ ထို့နောက် ယဲ့ဖန်၏ မျက်လုံး သူငယ်အိမ်က ကျဉ်းမြောင်း လာပြီး မေးလိုက်သည်။
“အဲ့အချိန်တုန်းက ဒီနေရာမှာ ဘယ်သူတွေ ပျောက် သွားတာလဲ”
“ထောင်ချောက်ဆင်ခံလိုက်ရတဲ့သူတွေက ဖေးချမ်၊ လင်းလန်၊ အန်းရှီ၊ ယဲ့ရွှင်းအာ၊ ဖန့်ယင်းနဲ့ သေမင်း မြစ်ဝကျွန်းပေါ်ဒေသ သိုင်းပညာရှင်တွေပါ”
ရီကျန့်ထျန်းက ထိုသူတို့အား လနှင့်ချီ၍ နောက်ယောင်ခံလိုက်ခဲ့သည်။ ထို့ကြောင့် သူတို့ အဖွဲ့ဝင်များနှင့် ပတ်သတ်၍ သူ သေချာ သိနေခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ စိတ်ဝိညာဉ်က ငရဲမီးကို ကြောက်ရွံ့ နေသဖြင့် လုံးဝ ညာမပြောရဲပေ၊ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်က သိထားသမျှ အားလုံးကို ထုတ်ပြော နေခြင်းပင်။
သူ့စကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ် သွားရသည်။ ကျန်းရှီမြို့မှ တိုက်ပွဲကတည်းက စ၍ ဖေးချမ်နှင့် အခြားသူများ ပျောက်ဆုံးနေကြောင်း ဝံပုလွေရိုင်း သူ့ကို ပြောခဲ့ဖူးသည်။
ဝံပုလွေရိုင်းသာမက အမှောင်သခင် မိစ္ဆာနှင့် သွေးစွန်းတစ္ဆေတို့ပါ ဖေးချမ်နှင့် အခြားသူများ အားလုံးတို့နှင့် လူကွဲသွားကြပုံ ရသည်။
ထို့နောက် ယဲ့ဖန်က ဓားသူရဲကောင်းများ ချိုင့်ဝှမ်းသို့ ချက်ချင်း ဝင်သွားလိုက်သည်။ ဓားသူရဲကောင်းများ ချိုင့်ဝှမ်းတစ်ခုလုံးသည် မပြည့်မစုံနှင့် ကျိုးပဲ့ နေသော ကျောက်တုံးများနှင့် ပြည့်နှက်လို့ နေသည်။
ချိုင့်ဝှမ်းတစ်ဝိုက်အား တစ်ချက် ကြည့်လိုက် ပြီးနောက် သူ၏ မျက်နှာက ပို၍ သုန်မှုန်လာသည်။
“သခင်ကြီး၊ အခြေအနေ ဘယ်လိုရှိလဲဗျ”
ဝံပုလွေရိုင်းက အခြားသူများနှင့်အတူ စိတ်လှုပ်ရှား စောင့်နေပြီးမှ မေးလိုက်သည်။
“အဲ့ဒါ ပျက်စီးသွားပြီလို့ ငါ ထင်တယ် … ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်လေ”
ယဲ့ဖန်၏ စကားကို ကြားပြီး အခြားသူများ အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။
*ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်တဲ့*
“သခင်ကြီး၊ ခင်ဗျား ပြောချင်တာက သူတို့တွေ ကမ္ဘာပေါ်ကနေ ထွက်သွားပြီးတော့ တစ်ခြားဂြိုဟ် တစ်ခုကို ရွှေ့ပြောင်းသွားတယ်၊ အဲ့လိုလား”
ဝံပုလွေရိုင်းက အလွန် ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ ယဲ့ဖန်က ခေါင်းကိုခါ၍ ပြန်ပြောလိုက်သည်။
“ငါ တပ်အပ် မပြောနိုင်သေးဘူး”
“ဒီ ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်ရဲ့ ဘောင်နဲ့ မှော်စာလုံးတွေက ဂမ္ဘီရပညာလိုပဲ လျှို့ဝှက် ဆန်းကြယ်တယ်။ ဒါပေမယ့် ဒီဟာရဲ့ အဓိက အစီအရင်က ပျက်စီးနေပြီ။ ဆိုလိုတာက သူတို့ နေရာ ရွှေ့ပြောင်းတဲ့ ဖြစ်စဉ်အတောအတွင်းမှာ ပြဿနာ တစ်ခုခု ကြုံခဲ့တဲ့ပုံပဲ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ဝံပုလွေရိုင်းနှင့် အခြား သူများအားလုံး ထပ်မံ၍ စိတ်ဓာတ်ကျ သွားကြသည်။
“သခင်ကြီး ပြောချင်တာက”
ယဲ့ဖန်က တောက်ပ၍ လေးနက်သော မျက်ဝန်း များဖြင့် ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက် သည်။
“သူတို့ ကမ္ဘာပေါ်မှာ ဒါမှမဟုတ် … ဂြိုဟ်တွေ ကြားထဲက တစ်နေရာရာမှာ လူစုကွဲသွား လောက်တယ်”
*လူစုကွဲသွားတယ်*
သူ့စကားကြောင့် သူတို့အားလုံး ရင်ထဲ လေးလံ လာသလို ခံစားလိုက်ရ၏။ ဂြိုဟ်များတွင် အင်အား ကြီးသော သက်ရှိများစွာ ရှိနေသည်။
အကယ်၍ ဖေးချမ်နှင့် အခြားသူများ အတူတကွ ရှိနေပါက သူတို့ တစ်ယောက်ကို တစ်ယောက် ကာကွယ် စောင့်ရှောက်နိုင်သည်။
သို့သော် သူတို့ လူစုကွဲသွားခဲ့ပါလျင် သူတို့ ပို၍ ကြီးမားသော ဘေးအန္တရာယ်များကို အသီးသီး ကြုံတွေ့ရလောက်သည်။
ယဲ့ဖန် စိတ်အပူဆုံးကတော့ လင်းလန်ပင်။
တကယ်တမ်းတွင် ဖေးချမ်သည် လောဘအိုး ဝံပုလွေ ဆုဒြာနှင့် အိပ်မက်ဆိုး လျှို့ဝှက် သိုင်းကျမ်းတို့ကို ကျွမ်းကျင်ခဲ့ပြီးပြီ ဖြစ်သည်။ ရွှင်းအာ၌ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ရှိပြီး အန်းရှီ၌ ဆန်းကြယ် ရေခဲခန္ဓာကိုယ် ရှိသလို ဖန့်ယင်း၌လည်း မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိနေသည်။
သို့သော် လင်းလန်ကတော့ သာမန်လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမသည် ပို၍ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရလောက်သည်။
“မင်း ဆက်ဆက် အသက်ရှင်နေမှ ဖြစ်မယ်”
ယဲ့ဖန် ကမ္ဘာခြားဂြိုဟ်သို့ ပြန်လည် ရောက်ရှိ လိုသည့် ဆန္ဒက ပို၍ ပြင်းပြလာသည်။
သူ ပြန်သွားနိုင်မှသာ ဖေးချမ်နှင့် ကမ္ဘာပေါ်၌ သိကျွမ်းခဲ့သော သူ၏ အခြားမိတ်ဆွေများကို ရှာဖွေနိုင်မည် ဖြစ်ပြီး စကြဝဠာထဲမှ အခြား နတ်ဆိုးများနှင့် ပြန်လည် ဆုံစည်းနိုင်ပြီး ဟွမ်အာနှင့် ပြန်တွေ့နိုင်မည် ဖြစ်သည်။
“လင်းလက်နေတဲ့ ကောင်းကင်ကြီးက ငါတို့နဲ့ သိပ်မလှမ်းတော့ပါဘူး”
ယဲ့ဖန်က မီးဝင်းဝင်းတောက်နေသော မျက်လုံး များဖြင့် ရေရွတ်လိုက်သည်။ ထိုစဉ် ရီကျန့်ထျန်း၏ ဖျော့တော့နေသော အသံကို သူ ကြားလိုက်ရသည်။
“မစ္စတာ … မစ္စတာယဲ့၊ ကျုပ် မှားခဲ့တယ်ဆိုတာကို ကျုပ် နားလည်သွားပါပြီ။ ကျုပ် သိသမျှ အရာအားလုံးကို ခင်ဗျားကို ပြောခဲ့ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျုပ် စိတ်ဝိညာဉ်ကို လွှတ်ပေးပါ။ ကျုပ် သရဲဖြစ်နေခဲ့ရင်တောင် ခင်ဗျားကို ကျုပ် ကျေးဇူးတင်မိမှာပါ”
တောက်ပနေသော အလုံးလေးသည် ကြောက်စိတ် ကြောင့် တုန်ယင်နေသည်။ ရီကျန့်ထျန်းက ယဲ့ဖန်ကို အလွန်အမင်း ကြောက်လန့်နေသည်မှာ သိသာလှ သည်။
*လွှတ်ပေးရမယ်*
ယဲ့ဖန်က ခက်ထန်သော အကြည့်များဖြင့် ထပ်ပြော လိုက်သည်။
“မင်းကို လွှတ်ပေးရမှာလား။ ဒါပေါ့ ငါ လုပ်ပေး နိုင်ပါတယ်”
*ငါ ဘာကြားလိုက်တာလဲ*
ယဲ့ဖန်၏ ကတိစကားကြောင့် ရီကျန့်ထျန်း၏ စိတ် ဝိညာဉ်က တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ ပျော်ရွှင်သွားသည်။
သို့သော် သူ၏ စိတ်ဝိညာဉ်က ယဲ့ဖန်အား ကျေးဇူး တင်ကြောင်း ပြောတော့မည့်အချိန်တွင် ယဲ့ဖန်၏ ခက်ထန်သော အသံကို သူ ထပ်ကြားလိုက်ရသည်။
“အိပ်မက်မက်မနေနဲ့”
ထို့နောက် ငရဲမီး တောက်လောင်လာသည်။ လေတိုက်သံနှင့်အတူ ငရဲမီးကြောင့် ရီကျန့်ထျန်း၏ စိတ်ဝိညာဉ်သည် စူးရှစွာ အော်ဟစ်နေသည်။
နောက်ဆုံးတွင် တောက်ပသော အဖြူရောင် အလုံးလေး လောင်ကျွမ်းသွားသည်။ ထို့အတူ ရီကျန့်ထျန်း၏ စိတ်ဝိညာဉ်သည်လည်း ဘယ်သော အခါမှ ပြန်လည်ဝင်စားနိုင်မည် မဟုတ်ပေ။
ရီကျန့်ထျန်းကို သတ်ပြီးနောက် ယဲ့ဖန်သည် ဓားသူရဲကောင်းများ ချိုင့်ဝှမ်းမှ သူ၏ နောက်လိုက်များ နှင့်အတူ ထွက်လာခဲ့သည်။
ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်က ပျက်စီးနေပြီ ဖြစ်သဖြင့် သည့်ထက်ကြာ ကြာနေလည်း သူ့အတွက် အကျိုးမရှိတော့ပေ။
ယခုအချိန်တွင် ယဲ့ဖန် အလိုအပ်ဆုံးအရာကား ပို၍ အင်အားကြီးလာရန် ဖြစ်သည်။ ဤနည်းနှင့်မျသာ သူ၏ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ပြန်လည် ဆုံစည်းနိုင်မည် ဖြစ်သည်။
…
ကျန်းရှီမြို့၌။
ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များ ကျန်းရှီမြို့သို့ ပြန်ရောက်လာသောအခါ တစ်မြို့လုံး လူများနှင့် ပြည့်နှက်နေသည်ကို သတိပြုလိုက်မိသည်။
မြို့ထဲမှ ကျန်းရှီ သိုင်းပညာရှင်တိုင်း မြို့ပေါက်ဝသို့ လာကာ ယဲ့ဖန်အား အလွန် လေးစား ကြည်ညိုမှုများဖြင့် ခရီးဦးကြိုမှု ပြုကြသည်။
ယဲ့ဖန်ကို မြင်သည်နှင့် သိုင်းပညာရှင်များ ပွက်လောရိုက်သွားပြီး သူတို့၏ သူရဲကောင်းအား ပြိုင်တူနှုတ်ဆက်၍ ကြိုဆိုကြသည်။
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
သို့သော် ယဲ့ဖန်သည် ထိုအသံများကို ဂရုမစိုက်ချေ။ သူသည် သူ၏ ကိုယ်ပိုင်ခြံဝန်းသို့ ပိုင်ရှုံးနှင့် အခြား မြို့ခံအင်အားစုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက် လာသည်။
သို့သော် ထိုအချိန်တွင် ပိုင်ရှုံးတစ်ယောက် အလွန် အထီးကျန်၍ ဝမ်းနည်းနေသည်ကို ယဲ့ဖန် သတိထား လိုက်မိသည်။ ထို့နောက် သူ ပိုင်ရှုံးကို မေး လိုက်သည်။
“အဘိုးပိုင် ဘာဖြစ်ခဲ့လို့လဲ”
ယဲ့ဖန် ပိုင်ရှုံးကို အလွန်လေးစားသည်။ သူ့အမေး ကြောင့် ပိုင်ရှုံး၏ မျက်လုံး၌ မျက်ရည်များဖြင့် ချက်ချင်း ပြည့်နှက်လာသည်။
“ယဲ့ဖန် ကျုပ် တောင်းပန်ပါတယ်၊ ကျုပ် အတွေးလွန် သွားတယ်”
“ကျုပ် တွေးနေတာက ပိုင်ယီသာ … ပိုင်ယီသာ မင်းပြန်လာတာကို မြင်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ပါ”
*ပိုင်ယီ*
ပိုင်ရှုံး၏ စကားကြောင့် ယဲ့ဖန် တစ်ခဏမျှ မှင်တက် သွားသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ပိုင်ယီ ဘာဖြစ်လို့လဲ”
ယဲ့ဖန်၏ အမေးကြောင့် ပိုင်ရှုံးက ဝမ်းနည်းမှုကြောင့် အက်ကွဲနေသော အသံများနှင့် မျက်ရည်များ ကျဆင်းလာရင်း ပြောလိုက်သည်။
“မင်း သေပြီဆိုတဲ့ သတင်း ရှန့်ကျန်းမြို့မှာ ပျံ့ခဲ့တုန်းက ပိုင်ယီက မယုံခဲ့ဘူး။ အဲ့ဒါကြောင့် သူမ ကျန်းရှီမြို့ကို ပြန်လာခဲ့တယ်”
“မင်း သေပြီဆိုတာကို အတည်လည်း ပြုလိုက် ပြီးရော သူမ အရမ်း ကြေကွဲပြီးတော့ အခန်းထဲမှာ နေ့တိုင်း သော့ခတ်နေခဲ့တယ်။ သူမ စားလည်းမစား၊ သောက်လည်းမသောက်ဘဲ တစ်နေ့လုံး ငိုနေ ခဲ့တယ်”
“တစ်လလောက်လည်း ကြာရော သူမ …”
*ဘာ*
ပိုင်ရှုံး၏ စကားကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း ဝမ်းနည်းသလို ဖြစ်လာသည်။ ပိုင်ရှုံးက ဆက်ပြောလာသည်။
“ယဲ့ဖန် ငါက မင်းထက် အသက်ပိုကြီးတယ် ဆိုပင် မယ့်လည်း ငါ မင်းကို တစ်ခုလောက်တော့ တောင်းဆိုချင်သေးတယ်”
“ငါနဲ့အတူ ပိုင်အိမ်တော်ကို လိုက်ခဲ့ပေးပါ”
…
ပိုင်အိမ်တော်။
ပိုင်အိမ်တော်သည် ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည် ရရှိခဲ့ပြီးပြီ ဖြစ်သည်။ တန်ဖိုးကြီး အဆောက် အဦးများနှင့် လူသံများဖြင့် ပြည့်နှက်လို့နေသည်။
သို့သော် အခန်းတစ်ခန်းကတော့ အလွန် တိတ်ဆိတ် လို့နေဆဲပင်။ ထိုအခန်းသည် အခန်းပိုင်ရှင်ကဲ့သို့ အလွန် ကြော့ရှင်း၊ ငြိမ်သက်အေးချမ်း၍ ချစ်စဖွယ် ကောင်းလှသည်။
ထိုအခန်းသည် ပိုင်ယီ၏ အခန်းပင်။
သို့သော် ယဲ့ဖန် သူမအခန်းတံခါးကို ဖွင့်၍ အထဲသို့ ဝင်လိုက်ချိန်တွင် အကြီးအကျယ် ထိတ်လန့် သွားမှုကြောင့် တုန်ယင်သွားရသည်။
CHAPTER 329 ကျွန်မ ရှင့်ကို သိပ်ချစ်တယ်
အခန်းလေးအား ပန်းရောင်များဖြင့် အလှဆင် ထားသည်။ အခန်းတွင်းမှ ရနံ့သည် အလွန် မွှေးကြိုင် လှ၏။ မည်သူမဆို အသာအယာ အနံ့ခံလိုက် သည့်အခါတိုင်း ချက်ချင်း ယစ်မူးသွား လောက်သည်။
သို့သော် နံရံများတွင် ဓာတ်ပုံများ၊ စက္ကူညှပ်များနှင့် ပုံတူပန်းချီများနှင့် ပြည့်နှက်လို့နေသည်။
‘ရှန့်ကျန်း တိုက်ခိုက်ရေး သတင်းစာ -- လီကျိုးယောင် အကြီးအကျယ် ရှုံးနိမ့်ခြင်း၊ မြေပြန့် သူရဲကောင်းအသစ် တစ်ယောက် ပေါ်ထွန်းလာခြင်း’
‘သေမင်း နတ်ဘုရား၏ တိုက်ခိုက်မှု၊ ရှန့်ကျန်းမြို့ သိုင်းလောက၏ အိပ်မက်ဆိုး’
‘ရှန့်ကျန်းမြို့ကို ထိတ်လန့်စေခဲ့သည့် အင်အား အကြီးဆုံး ကိုရီးယားလူမျိုး သားအဖ သေရေး ရှင်ရေး အခြေအနေ၌ ဆိုးရွားစွာ နင်းခြေခံ လိုက်ရခြင်း’
သတင်းစာ အပိုင်းအစတိုင်းက လွန်ခဲ့သည့် နှစ်ဝက် ကာလမှ ရှန့်ကျန်းမြို့နှင့် ဟွာရှနိုင်ငံကို ထိတ်လန့် စေခဲ့သည့် အဓိက အဖြစ်အပျက်များ ဖြစ်သည်။
ထိုသတင်းစာ အပိုင်းအစအားလုံး၌ နာမည်တစ်လုံး ပါဝင်နေ၏။ ထိုနာမည်ကား __ ယဲ့ဖန် ပင်။
ထို့အပြင် ပုံတူပန်းချီကားတိုင်းသည် ယဲ့ဖန်၏ အပြုံး၊ အေးစက်မှု၊ နတ်ဆိုးဆန်မှုနှင့် ရက်စက်မှု များအကြောင်း ရေးဆွဲထားခြင်း ဖြစ်သည်။
ပန်းချီကားချပ်တိုင်းက အလွန် ကွက်ကွက် ကွင်းကွင်း ရှိလှပြီး အစစ်လား အောက်မေ့ရသည်။
ယခုအချိန်တွင် ဖြူစင်လှသော မိန်းကလေး တစ်ဦးက သတင်းစာများကို တစ်ခုပြီး တစ်ခု ဖြတ်နေပြီး စုတ်ချက် တစ်ခုချင်းစီတိုင်းက သူမကို အမှန်တကယ် ပျော်ရွှင်စေဟန်ဖြင့် ပန်းချီကား များအား အပြုံးနှင့် ဆွဲနေသည်ကို ယဲ့ဖန် မြင်ယောင် လာသည်။
တစ်ခုပြီးတစ်ခု။ သတင်းစာ အပိုင်းအစများကို ကြည့်ပြီး ယဲ့ဖန် ရင်ထဲ တဆစ်ဆစ်နှင့် နာကျင် လာသလို ခံစားလာရသည်။
သည်လောက် ဖြူစင်လှသည့် မိန်းကလေးက သူ့အား တိတ်တခိုး သဘောကျနေခဲ့မှန်း သူ မသိခဲ့ပါ။ သူမက သူ့ထံသို့ ဘယ်သောအခါကမှ စိတ်ဝင်တစား ချဉ်းကပ်ခဲ့ခြင်း မရှိခဲ့သလို သူမ လွန်ကဲစွာ ပြုမူခဲ့ခြင်းလည်း မရှိပေ။
သူမက သည်အတိုင်းလေး တိတ်တဆိတ် စောင့်ကြည့်၊ နားထောင်ကာ ပြုံးခဲ့နေခဲ့သည်။
ထို့အပြင် သူမ ခေါင်းအုံးပေါ်မှ သူမ မရေတွက်နိုင် လောက်အောင် ငိုကြွေးခဲ့သဖြင့် ဖြစ်ပေါ်လာသော အဖြူရောင် အစင်းကြောင်းများကို မြင်လိုက် ရသည်။ သူမ ခေါင်းအုံးပေါ်မှ သူမ မျက်ရည်များ ခြောက်သွေ့ သွားသည့်အခါတွင် ခေါင်းအုံးပေါ်၌ အရာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ယဲ့ဖန် ခြေသံ ကြားလိုက်ရပြီးနောက် အခန်း ထဲသို့ ပိုင်ရှုံး ဖြည်းဖြည်းချင်း ဝင်လာသည်ကို မြင်လိုက်ရသည်။
သူ့မြေးမလေး၏ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုများကို ကြည့်ပြီး ပိုင်ရှုံး အလွန် ကြေကွဲသလို ခံစားရပြီး ပြောလာသည်။
“ယဲ့ဖန် မင်း သိလား။ ပိုင်ယီက မင်းကို အမြဲတမ်း ချစ်နေခဲ့တာ။ သူ မင်းကို သိပ်ချစ်တာ”
“သူမက ကျောင်းက သူမ အတန်းချိန်တွေကို အာရုံ မစိုက်နိုင်ခဲ့ဘူး။ သူမက သူရဲ့ အတန်းချိန်တွေတိုင်း အမြဲ မင်းကို ခိုးကြည့်နေခဲ့တာ”
“သူမ အိမ်ကို ပြန်လာပြီဆိုရင် အမြဲ မင်းအကြောင်း ပြောတယ်”
“သူမ မင်းနာမည်ကို ရည်ညွှန်းပြီး ပြောလိုက်တိုင်း သူမက အရူးလို အားပါးတရ ပြုံးတတ်သေးတယ်”
ပိုင်ရှုံးသည် သူ၏ အပြစ်ကင်းစင်လှသော မြေးမလေးကို အလွန် သနားမိသဖြင့် သက်ပြင်းချ လိုက်မိ၏။
“သူက မင်းကို ငါ ပြောလိုက်မှာကို မလိုချင်ခဲ့သလို ပိုင်ကလန်ထဲက ဘယ်သူမဆို မင်းကို ပြောလိုက်မှာ ကိုလည်း မလိုလားခဲ့ဘူး”
“တစ်ခါတုန်းကဆိုရင် သူမက မင်းကို တိတ် တိတ်လေး ကြည့်နေရရင်ကို ပျော်နေပါပြီလို့ ပြောခဲ့ ဖူးတယ်။ အခြားသူတွေမျိုးပဲပေါ့တဲ့”
သူ့စကားကြောင့် ယဲ့ဖန် အနည်းငယ် တုန်လှုပ် သွားခဲ့သည်။ ပိုင်ယီ သူ့ကို တစ်ခဏတာမျှ စိတ်ဝင် စားနေမှန်း သူ သိပါသည်။ သို့သော် သူမ သူ့ကို သည်လောက်ထိ ချစ်နေခဲ့မှန်း သူ မသိခဲ့။
“မင်း သေပြီဆိုတဲ့ သတင်းကို ကြားပြီးတော့ ပိုင်ယီ အသည်းကွဲသွားခဲ့တယ်။ သူမ သုံးကြိမ်ဆက်တိုက် သတ်သေဖို့ ကြိုးစားခဲ့တာ။ ငါတို့ ကြိုတင် ကာကွယ်မှုတွေ အများကြီး လုပ်ထားခဲ့မိလို့ တော်သေးတယ်”
“အဲ့အချိန်အတောအတွင်း သူမ နေ့တိုင်းနီးပါး စိတ်ဓာတ်ကျ နေခဲ့တာ။ သူ့အခန်းထဲသူ တံခါးပိတ် နေပြီး စားလည်းမစား၊ သောက်လည်းမသောက်နဲ့ အိပ်လည်း မအိပ်ဘူး၊ သူ ငိုပဲငိုနေခဲ့တာ”
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက သူမ ကျခဲ့ရတဲ့ မျက်ရည်တွေက ဒီအချိန်အတောအတွင်း သူမ ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ယှဉ်လို့တောင် မရဘူး”
ထိုစဉ် ယဲ့ဖန်သည် ပိုင်ယီတစ်ယောက် အိပ်ရာဘေး၌ ထိုင်ရင်း မျက်ရည်များကို သုတ်ကာ ပြတင်းပေါက် မှတစ်ဆင့် အပြင်သို့ ကြည့်နေသည်ကို မြင်ယောင် လာရသည်။
သူမ အရမ်းကို အထီးကျန်ဆန်ခဲ့ရတာပါလား။ ထိုအထီးကျန်ဆန်၍ အစွဲအလမ်းကြီးသော မျက်နှာလေးက သိပ်ကို ဝမ်းနည်းဖွယ် ကောင်း လှသည်။
“သူမ ဘယ်လိုလုပ် ပျောက်သွားတာလဲ”
ယဲ့ဖန်သည် ရင်ထဲ နာကျင်သလို ခံစားလာရသဖြင့် ခပ်အက်အက် အသံဖြင့် မေးလိုက်သည်။ ယဲ့ဖန် စကားကြောင့် ပိုင်ရှုံးက သုန်မှုန်နေသော မျက်နှာ ထားဖြင့် ပြောလိုက်သည်။
“တစ်ညတုန်းက ငါတို့ သူ့အခန်းက မူမမှန်တဲ့ အသံမျိုး ကြားခဲ့ရတယ်။ ငါတို့ အခန်းထဲလည်း ရောက်ရော အမယ်အိုကြီးတစ်ယောက်က ပိုင်ယီနဲ့ အတူ ထွက်သွားတာကို မြင်လိုက်ရတယ်။ ငါတို့ သူ့နောက်လိုက်ပင်မယ့် သူတို့ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး”
*အမယ်အိုကြီး*
ယဲ့ဖန်၏ မျက်လုံးများက အလွန်ခက်ထန်လာသည်။ ထိုစဉ် ခပ်သုတ်သုတ် ခြေသံတစ်ချို့ကို ကြားလိုက် ရသည်။
“အဖေ အဖေ”
ပိုင်ရှုံးကို ဝမ်းသာအားရ ခေါ်နေသည့်သူက ပိုင်ကျန်းခို့ ဖြစ်သည်။ ပိုင်ကျန်းခို့၏ စိတ်လှုပ်ရှား နေသော အမူအရာကို ကြည့်ပြီး ပိုင်ရှုံးတစ်ယောက် မျက်မှောင်ကြုတ်ကာ သူ့သားကို အပြစ်တင်လို က်သည်။
“ကျန်းခို့၊ မင်း ဘာလို့ မစ္စတာယဲ့ရှေ့မှာ ရိုင်းပျ ရတာလဲ”
သို့သော် ပိုင်ကျန်းခို့က ပိုင်ရှုံး၏ အပြစ်တင်မှုကို ဂရုမစိုက်ဘဲ ဝမ်းသာအားရ ပြောလာသည်။
“အဖေ ရှောင်ပိုင် (ပိုင်ယီကို ချစ်စနိုးဖြင့် ခေါ်သောနာမည်) ပြန်လာပြီ”
*ဘာ*
သူ့စကားကြောင့် ပိုင်ရှုံး တစ်ခဏမျှ တွေဝေ သွားသည်။ ထို့နောက် သူက ဝမ်းမြောက်စွာ မေးလိုက် သည်။
“ဘယ်မှာလဲ။ ပိုင်ယီ ဘယ်မှာလဲ”
ပိုင်ရှုံးတစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် ကတုန် ကယင် ဖြစ်လာရသည်။
“သူမက ဧည့်ခန်းထဲမှာ၊ သူ ယဲ့ဖန်နဲ့ တွေ့ချင် နေတယ်”
လူသုံးယောက်သည် ဧည့်ခန်းထဲသို့ ခပ်သွက်သွက် လျှောက်သွားလိုက်ကြသည်။
….
ထိုစဉ် အပြာရောင် ကြာပန်းထက်ပင် ပို၍ သန့်ရှင်း ကြည်လင်လှသည့် အမျိုးသမီးတစ်ယောက်က ဧည့်ခန်းထဲ၌ ကြော့ရှင်း၊ ငြိမ်သက်စွာ ထိုင်နေသည်။
ထိုအမျိုးသမီးကို မြင်သည့် ဒေါသထွက်နေသော မည်သည့် အမျိုးသားမဆို တည်ငြိမ် သွားပေ လောက်သည်။
“ပိုင်ယီ”
ထိုအမျိုးသမီးကို မြင်သည်နှင့် ပိုင်ရှုံးနှင့် အခြားသူများအားလုံး ပျော်ရွှင်သွားသည်။
“ဘိုးဘိုး”
ပိုင်ယီက ရှေ့သို့ ပြေးလာကာ ပိုင်ရှုံးအား ဖက်လိုက်ပြီး တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
“ဘိုးဘိုး ပြီးခဲ့တဲ့ သုံးလလုံးလုံး သမီး ဘိုးဘိုးကို သိပ် လွမ်းနေခဲ့တာ”
“ကောင်မစုတ်လေး၊ မင်း ဒီအတောအတွင်း ဘယ်ကို ရောက်နေတာလဲ။ မင်းက ဘိုးဘိုးကို စိုးရိမ်ရအောင် အရမ်းလုပ်တာပဲ”
ပိုင်ရှုံးက သူမကို အပြစ်တင်နေသော်လည်း သူ့ပုံစံက ဆက်၍ အလိုလိုက် အလျော့ပေးချင်နေပုံ ရသည်။ ပိုင်ရှုံး၏ စကားကြောင့် ပိုင်ယီက ရှက်ကိုး ရှက်ကန်း ပြုံး၍ ပြန်ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊ ဘိုးဘိုး၊ သမီးရဲ့ ဆရာက ဘိုးဘိုးရဲ့ ခွင့်ပြုချက် မပါဘဲ သမီးကို အဝေးခေါ် သွားခဲ့တာ။ သမီးရဲ့ ဆရာကိုယ်စား သမီးကပဲ တောင်းပန်ပါတယ်”
“ယဲ့ဖန်က အသက်ရှင်နေသေးတယ်ဆိုတာကို ကြားပြီး သမီးဆရာက သမီးကို တောင်ပေါ်က ဆင်းခွင့်ပေးလိုက်တာ”
*ဆရာ*
*တောင်ပေါ်က ဆင်းခွင့်ပေးတယ်*
သူမ၏ ရှင်းပြချက်ကို ကြားပြီး ပိုင်ရှုံးနှင့် အခြားသူ တွေ အားလုံး ချက်ချင်း ပင့်သက်ရှိုက် လိုက်မိသည်။
“ဘိုးဘိုး သမီး ယဲ့ဖန်နဲ့ နှစ်ယောက်တည်း စကား ပြောချင်လို့”
ထိုစဉ် ပိုင်ယီက ရှက်သွေးဖြန်းနေသော မျက်နှာ လေးဖြင့် ပိုင်ရှုံးကို ပြောလိုက်သည်။ သူမ စကားကြောင့် ပိုင်ရှုံးက နားလည်ပေးသော မျက်နှာ ဖြင့် အော်ရယ်၍ ပြောလိုက်သည်။
“ဟုတ်ပါပြီ။ မင်းတို့နှစ်ယောက်လုံးက လူငယ်တွေ ဆိုတော့ မင်းတို့ဘာသာ မင်းတို့ ပြောကြပါ”
“ကျေးဇူး ဘိုးဘိုး”
ပိုင်ယီက ကျေနပ်သွားသော မျက်နှာထားလေးဖြင့် သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
….
တစ်ခဏမျှ ကြာပြီးနောက် လူငယ်တစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့သည် ဝေ့ဟေး မြစ်ကမ်းပါး နံဘေး၌ ဖြည်းညှင်းစွာ လမ်းလျှောက် နေကြသည်။
သူတို့နှစ်ယောက်ကား ယဲ့ဖန်နှင့် ပိုင်ယီတို့ပင်။
“ယဲ့ဖန် ရှင် ဒီနေရာကို မှတ်မိလား”
ပိုင်ယီက မသိမသာ ရှက်သွေးဖြန်းနေသော မျက်နှာ လေးဖြင့် မေးလာသည်။ ထို့အပြင် သူမ၏ မျက်လုံး ထဲ၌ ချစ်ခြင်းတရားများဖြင့် ပြည့်နှက်လို့နေသည်။
“အင်း ငါ မှတ်မိတယ်”
ယဲ့ဖန်က ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းစွာ အမှတ်ရ သွားဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။
“ငါတို့ ဒီဝေ့ဟေးမြစ်ကမ်းဘေးမှာပဲ တစ်ယောက်နဲ့ တစ်ယောက် ဒီနေရာမှာ ဆုံခဲ့ကြတာ”
ယဲ့ဖန်၏ ပြန်ပြောစကားကြောင့် ပိုင်ယီ ချက်ချင်း ကျေနပ်သွားသလို ရှိလာသည်။
“ဟုတ်တယ်၊ အချိန်ကုန်တာ မြန်တယ်နော်၊ တစ်နှစ် တောင် ရှိသွားပြီ”
ပိုင်ယီ၏ လှပသော မျက်ဝန်းလေးများက လခြမ်းကွေး ကဲ့သို့ ဖြစ်လာပြီး လွန်စွာ လှပလှ၏။
“ကျွန်မအဘိုး၊ အန်ကယ်လ်ကျိုးနဲ့ ကျွန်မတို့ ဒီနေရာမှာ ငါးဖမ်းခဲ့ကြတာကို မှတ်မိသေးတယ်၊ မမျှော်လင့်ဘဲ ကျွန်မတို့ အသက်ရှင်နေသေးတဲ့ လူကို ဖမ်းမိသွားတာလေ”
ပိုင်ယီက တခစ်ခစ် ရယ်မောလိုက်သောအခါ သူမ၏ မျက်နှာလေးက ဝင်းပလို့လာသည်။သူမ ရယ်လို့ပြီး သွားသောအခါ သူမက ယဲ့ဖန်၏ မျက်လုံးကို တည့်တည့်ကြည့်ကာ ရှက်သွေးဖြာနေသော မျက်နှာ လေးဖြင့် မေးလိုက်သည်။
“ယဲ့ဖန် ရှင်သိလား။ ကျွန်မ ရှင် သေပြီဆိုတဲ့ သတင်း ကိုလည်း ကြားရော ကျွန်မဘဝကြီးတစ်ခုလုံး အဆုံးသတ် သွားပြီလို့ တွေးလိုက်မိတာ။ ကျွန်မ ဆရာက ကျွန်မကို တောင်ပေါ် ခေါ်သွားတုန်းက ကျွန်မ လောကီရေးရာတွေမှာ ထပ်မပါတော့ဘဲ တောင်ပေါ်မှာ တစ်သက်လုံး နေတော့မယ်လို့ စီစဉ် ခဲ့တာ”
“မမျှော်လင့်ဘဲ ရှင် ပြန်ရောက်လာခဲ့တယ်”
ထို့နောက် ပိုင်ယီက အောက်နှုတ်ခမ်းကို သွားဖြင့် ကိုက်ကာာ အလွန် ချစ်စိတ်များဖြင့် ဖုံးလွှမ်းနေသော အကြည့်များဖြင့် ဆက်ပြောလိုက်သည်။
“ယဲ့ဖန် ကျွန်မ ရှင့်ကို ပြောစရာရှိလို့”
“ကျွန်မ …. ရှင့်ကို … ချစ်တယ်”
ထိုစကားလေး သုံးလုံးက သူမ၏ အားအင်များကို စုပ်ယူသွားသည့်ပုံပင်။ သူမက ယဲ့ဖန်၏ ပခုံးပေါ် ဖြည်းဖြည်းချင်း မှီလိုက်သည်။ သူ၏ ကိုယ်နံ့ကို ရှူရှိုက်ရင်း သူမက ချစ်စိတ် လွှမ်းနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ယဲ့ဖန် ကျွန်မ ရှင့်ကို သိပ်ချစ်တာပဲ”
ရွှစ်!
ပိုင်ယီ၏ စကားအဆုံးတွင် ယဲ့ဖန်က သူမ၏ နှလုံးသားသို့ သူ့လက်ဖြင့် ထိုးဖောက်လိုက်သဖြင့် ရဲရဲနီနေသော သွေးများက မြေကြီးပေါ် စီးကျ လာသည်။
ပိုင်ယီက အလွန် ထိတ်လန့်သွားသော မျက်နှာ လေးဖြင့် ပြောလိုက်မိသည်။
“ယဲ့ဖန် ရှင် ….”
“မင်း ငါ့ကို မချစ်ပါဘူး၊ မင်းက ငါ့ခေါင်းကို သဘောကျနေတာလေ”
ယဲ့ဖန်က အေးတိအေးစက် မျက်နှာထားဖြင့် ပြော ကာ လက်ကို ဝှေ့ယမ်းလိုက်သဖြင့် ယဲ့ဖန် သူမကို သတ်မည်ဟု မထင်ထားသဖြင့် ထိတ်လန့်နေသော မိန်းမပျိုလေး၏ ဦးခေါင်းက အဝေးသို့ လွင့်ထွက် သွားသည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ ထို့နောက် ယဲ့ဖန်က ပိုင်အိမ်တော်နားမှ တောအုပ်ကို စိုက်ကြည့်ကာ ရက်စက်သော မျက်နှာထားဖြင့် အော်ပြော လိုက်သည်။
“မင်းတို့ ထွက်လာလို့ ရတယ်”
သူ့စကားအဆုံးတွင် ရွှန်းလက်သော မိန်းမပျိုများ စွာက လက်ဖျားခါလောက်သော ချီဓာတ်တို့နှင့်အတူ တောအုပ်ထဲမှ ထွက်လာသည်။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့် အချက်ကား သူတို့အားလုံးက … ပိုင်ယီ ဖြစ်နေခြင်းပင်။
CHAPTER (330) ပိုင်ယီ၊ ပိုင်ယီ
တောအုပ်ထဲမှ မြင်ကွင်းသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှ၏။
တရှဲရှဲ မြည်သံနှင့်အတူ ပျော့ပျောင်း နွဲ့ယဉ်ပြီး ကျက်သရေရှိသော ဒါဇင်နှင့်ချီသည့် မိန်းမပျိုများ စွာတို့သည် တောအုပ်ထဲမှ ထွက်လာကြသည်။
သူတို့အားလုံးသည် အလွန်လှပကြပြီး အားလုံးက ပုံသွင်းထားသကဲ့သို့ မျက်နှာကျနှင့် အပြုအမူများပါ တူညီနေကြသည်။
ထိတ်လန့်စရာ အကောင်းဆုံးအချက်သည်ကား သူတို့ အားလုံးက ဒဏ္ဍာရီလာအဆင့်များ ဖြစ်နေ ကြခြင်းပင်။ စုစုပေါင်း ဒဏ္ဍာရီလာအဆင့်များ ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံအား မြင်လိုက်မိသည့် မည်သူမဆို ချက်ချင်း ကြက်သီး မွေးညင်း ထသွားလောက်သည်။
ဒဏ္ဍာရီလာအဆင့်များ၏ အရေအတွက်သည် နှစ်နှစ်ရာကျော် သမိုင်း၌ တည်ရှိခဲ့သည့် ဓားသမား ဂိုဏ်းနှင့်တောင်မှ ယှဉ်နိုင်နေပြီ ဖြစ်သည်။
သို့သော် သူတို့အားလုံးသည် အချစ်နာကျ သော၊ ပြုံးနေသော၊ မကျေမနပ်ဖြစ်နေသော နှင့် ဒေါသထွက် နေသော ပိုင်ယီ ဖြစ်နေကြသည်။
သူတို့ကို မြင်လိုက်သည့် မည်သူမဆို မျက်စိပြာ သွား လောက်သည်။ ဤသည်ကို မြင်ပြီး ယဲ့ဖန်၏ မျက်နှာ က တင်းမာသွားကာ ရေရွတ်လိုက်သည်။
“ကိုယ်ပွားကောင်တွေ”
သည်လောက် အံ့ဩဖွယ်ကောင်းသော တည်ရှိမှု မျိုးအား ကမ္ဘာပေါ်၌ မြင်တွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ရှေးခေတ်နှင့် အံ့ဩဖွယ်ကောင်းသော ခေတ်ပြိုင် ခေတ်များ၌ ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် ဆယ်မျိုးအပြင် ထိုထက် သာလွန်သည့် ပို၍ ဆန်းကြယ်သော ခန္ဓာကိုယ်များစွာ စကြဝဠာထဲ၌ အများအပြား ရှိသေးသည်။
ထိုခန္ဓာကိုယ်များထဲမှ တစ်ခုသည် သန့်စင်သော ကိုယ်ပွား ခန္ဓာကိုယ်ဖြစ်သည်။
အစပိုင်းတွင် ဤခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသည့် သူသည် သာမန်လူမျှသာ ဖြစ်သည်။ သို့သော် ထိုခန္ဓာကိုယ်ပိုင်ရှင်သည် သူမ၏ သန့်စင်သော ကိုယ်ပွား ခန္ဓာကိုယ်အား နိုးထပြီးသွားလျင်တော့ သူမသည် မူလကိုယ်နှင့် တူညီသော လူများစွာတို့ကို ပွားထုတ်နိုင်သည်။
ထို့ပြင် သူတို့၏ စိတ်များသည် တစ်စိတ်တည်း တစ်ဉာဏ်တည်းပင်။ သူတို့၏ တိုက်ပွဲဝင် ခွန်အား များက မူလ ခန္ဓာကိုယ်နှင့် မယှဉ်နိုင်သော်လည်း တစ်ယောက်နှင့် တစ်ယောက် မပြောဘဲ သိသာစွာ အတူတကွ အကြိမ်ပေါင်းများစွာ ပူးပေါင်း၍ တိုက်ခိုက်လျင် သူတို့၏ စုပေါင်း တိုက်ပွဲဝင် ခွန်အားကို တိုးမြှင့်နိုင်သည်။
သူတို့သည် မည်သူ့ကိုမဆို အနိုင်ပိုင်းနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် စစ်တပ်ကြီးနှင့် သဏ္ဌာန်တူနေသည်။
ယဲ့ဖန် တစ်ချိန်တုန်းက ကမ္ဘာဦး စကြဝဠာခေတ်က ထိပ်သီး ဘုရင်မတစ်ပါးဖြစ်သည့် ကမ္ဘာဦးဘုရင်မ အကြောင်း သိခဲ့ရသည်။
သူမသည် ကိုယ်ပွား တစ်သောင်းပါသည့် စစ်တပ်ကို ဖွဲ့စည်းခဲ့သည်။ သူတို့သည် စကြဝဠာအနှံ့၌ ပြိုင်ဘက် ကင်းပြီး နတ်ဘုရားများကို ရှင်းလင်း၍ အင်မော်တယ်များကို သုတ်သင်ခဲ့သည်။
နံပါတ်တစ် ဘုရင်မသည် ကမ္ဘာဦး စကြဝဠာအား နှစ် မီလီယံချီ၍ အုပ်စိုးခဲ့သည်။ သူမ သေသွားပြီးသည့် အခါမှသာ နတ်ဘုရားမနှင့် အင်မော်တယ်များ ပြန်လည် ဦးမော့လာခဲ့ပြီး သူတို့၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်ခဲ့သည်။
ယဲ့ဖန်သည်လည်း သူ၏ အောင်မြင် ကျော်ကြားချိန် တွင်တောင်မှ အရွယ်ရောက်ပြီးသား သန့်စင်သော ကိုယ်ပွားခန္ဓာကိုယ်ကို ကြောက်ရွံ့သည်ဟု ဆိုနိုင် သည်။
သို့သော် ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် ဆယ်မျိုး အပြင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် ဆန်းကြယ်သော ခန္ဓာကိုယ်က ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
“ယဲ့ဖန် ရှင် အရမ်း ရက်စက်တာပဲ၊ ဘာလို့ ရှင် ကျွန်မကို သတ်တာလဲ။ ကျွန်မက ပိုင်ယီလေ”
ထိုစဉ် ကိုယ်ပွားတစ်ယောက်က မျည်ရည်များဖြင့် ပြည့်နှက်နေပြီး မျက်ဝန်းများဖြင့် ယဲ့ဖန်အား အလွန် ဝမ်းနည်းစွာနှင့် မကျေမနပ် ပြောလာသည်။
သူမ ယဲ့ဖန်သို့ တစ်လှမ်းပြီး တစ်လှမ်း လှမ်းလာ စဉ်တွင် သူမ မျက်နှာလေးသည် သနားချင့်စဖွယ် မျက်နှာလေးဖြင့် ဖြစ်နေသည်။
သို့သော် သူမ ယဲ့ဖန်နားသို့ နီးကပ်လာသည်နှင့် သူမသည် သူမ၏ အင်္ကျီစထဲမှ အေးစက်သော အလင်းတန်းတစ်ခုအား ယဲ့ဖန်၏ လည်ပင်းထံသို့ ပစ်လွှတ်လိုက်သည်။
ရွှစ်!
သူမ၏ အေးစက်သော ဓားမော့အား ဝှေ့ယမ်း လိုက်စဉ်တွင် သူမ အသံတစ်ခုကို ကြားလိုက်ရပြီး လက်တစ်ဘက်က သူမ၏ နဖူးအလယ် တည့်တည့်သို့ ရက်စက်စွာ ထိုးဖောက်သွားသည်။
တောက်! တောက်!
ရဲရဲနီနေသည့် သွေးစက်များက ပိုင်ယီ၏ နဖူးအလယ် တည့်တည့်မှ စီးကျလာပြီး သူမ၏ လှပသော မျက်ဝန်းလေးသည် ဝိုင်းစက်လို့နေပြီး အတော မသတ်နိုင်သော ဝမ်းနည်း ကြေကွဲမှုတို့နှင့် ဖုံးလွှမ်းလို့နေသည်။
ထိုစဉ် ယဲ့ဖန်၏ မျက်လုံးများက အေးစက်လာပြီး သူ့လက်ကို ပြန်ဆွဲထုတ်လိုက်သည်။ ဂျွတ်ခနဲ အသံ နှင့်အတူ ဒဏ္ဍာရီလာအဆင့်တစ်ယောက်၏ မူလ သလင်းကျောက်က သူ့လက်ထဲ ပါလာ၏။
အလောင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ဒဏ္ဍာရီလာအဆင့်၏ မူလသလင်းကျောက်ကို မျိုချလိုက် ပြီးနောက် ယဲ့ဖန်က အေးတိအေးစက်နှင့် ပြောလိုက်သည်။
“မင်း တော်တော်ဆိုးတာပဲ၊ မင်းက ကိုယ်ပွား ဆိုတာကို ခုနက ငါ မခန့်မှန်းနိုင်ဘူးဆိုရင် ငါ သေနေ လောက်ပြီ”
သာမန်လူတစ်ယောက်ကသာ မိသားစုဝင်ထဲမှ ကိုယ်ပွားတစ်ယောက်၏ တိုက်ခိုက်ခြင်းကို ခံရပါက သူတို့ သေချာပေါက် သေသွား လောက်သည်။
စိတ်မကောင်းစရာက ယဲ့ဖန်သည် သန့်စင်သော ကိုယ်ပွားခန္ဓာကိုယ်နှင့် ကိုယ်ပွားများကို ကောင်း ကောင်းကြီး သိနေခြင်းပင်။
“သေလိုက်တော့”
ထိုစဉ် ပိုင်ယီ၏ မျက်နှာက တင်းမာလာသလို သူမ၏ ခန္ဓာကိုယ်ကလည်း တုန်ယင်လာပြီး ယဲ့ဖန် ထံသို့ ပြေးဝင်လာသည်။
ထို့အတူ သူတို့သည် ယဲ့ဖန်၏ အရေးပါသော ကိုယ်အင်္ဂါ အစိတ်အပိုင်းများအား သူတို့၏ ထက်လှသော အေးစက်သည့် ဓားမော့များဖြင့် ခုတ်ပိုင်းလိုက်သည်။
ဒါဇင်နှင့်ချီသော ဒဏ္ဍာရီလာအဆင့် ကိုယ်ပွား များသည် မပြောဘဲ အလိုက်သတိ ပူးပေါင်းနိုင် စွမ်းရှိသည်။ သူတို့၏ ကြောက်မက်ဖွယ် ကောင်းသော တိုက်ပွဲဝင် ခွန်အားနှင့်ဆိုလျင် သူတို့သည် နတ်ဘုရားတစ်ပိုင်း အဆင့်များကိုပင် အနိုင်ယူနိုင်သည်။
စိတ်မကောင်းစရာက သူတို့ ယဲ့ဖန်နှင့်မှ လာဆုံရ ခြင်းပင်။
“သေလိုက်တော့”
ယဲ့ဖန်သည် သေမင်းနတ်ဘုရားကဲ့သို့ ရက်စက်၍ အကြင်နာ ကင်းသော မျက်လုံးများနှင့် ကြုံးဝါး လိုက်သည်။ တစ်ချက်ချင်းစီတိုင်း၌ သူသည် ကိုယ်ပွား တစ်ယောက်၏ နဖူး အလယ် တည့်တည့်အား ထိုးဖောက်သွားသည်။
ထို့နောက် သူသည် သူတို့၏ မူလ သလင်းကျောက် များကို တစ်ခုပြီးတစ်ခု ကောက်ယူ၍ ချက်ချင်း ဝါးစားလိုက်သည်။
မသေဆုံးခင် အချိန်၌ ကိုယ်ပွားများသည် အလွန် နာကျင်စွာ အော်ဟစ်ကြရသည်။
“ယဲ့ဖန် ရှင် အရမ်း ရက်စက်တာပဲ။ ရှင်က အသည်းခွဲတဲ့သူ”
“ယဲ့ဖန် ရှင် ဘာလို့ ကျွန်မကို သတ်ရတာလဲ။ ကျွန်မက ရှင့်ကို သိပ်ချစ်တာလေ”
“ဖန် ရှင် တကယ်ပဲ ကျွန်မကို ထားသွား တော့မလို့လား။ ဘာလို့ ကျွန်မကို သတ်ရတာလဲ။ ဘာလို့လဲ”
သူတို့၏ စူးရှသော အော်သံများက အလွန် အနှောင့်အယှက်ပေးလှသည်။ အကယ်၍ သာမန်လူ တစ်ယောက်သာ သူ ချစ်ရသောသူအား သတ်ပြီး ထိုကဲ့သို့ အော်သံများကို ကြားရပါက ရူးသွား လောက်သည်။
သူ မည်မျှ သန်မာပါစေ သူ၏ တိုက်ပွဲဝင်ခွန်အားက လျော့နည်းလာလောက်သည်။ ထိုအခိုက်တွင် သူ သေသွားနိုင်သည်။
သို့သော် ယဲ့ဖန်သည် အလွန် စိတ်ဓာတ် ကြံ့ခိုင်သည်။ ပိုင်ယီ မည်မျှ သနားစဖွယ် အော်ဟစ်နေပါစေ သူ တည်ငြိမ်နေဆဲပင်။
သေမင်းနတ်ဘုရားကဲ့သို့ သူ၏ လက်များသည် သွေးများဖြင့် ဖုံးလွှမ်းလို့နေသည်။ သူသည် နတ်ဆိုး ကဲ့သို့ အေးစက်လှသည်။
ဒဏ္ဍာရီလာအဆင့်များ၏ မူလ သလင်းကျောက် များကို တစ်ခုပြီး တစ်ခု စားနေခဲ့သဖြင့် သူ၏ တိုက်ပွဲဝင် ခွန်အားသည် တိုးပွားလာ၏။
ကိုယ်ပွားများစွာ မြေကြီးပေါ်သို့ လဲကျလာသည်။
ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက် သုံးဆယ်၊ အယောက်လေးဆယ်။
….
နောက်ဆုံးသော ကိုယ်ပွားတစ်ယောက်၏ မူလ သလင်းကျောက် ရက်စက်စွာ ဆွဲထုတ် ခံလိုက်ရ ပြီးနောက် မည်သူမျှ အသက်ရှင် ကျန်ရစ် မနေတော့ပေ။
ယခုအချိန်တွင် ယဲ့ဖန်သည် ဒဏ္ဍာရီအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သို့သော် သူ၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုး ချီဓာတ်သည် ဒဏ္ဍာရီလာ တစ်ပိုင်း အဆင့်ကိုတောင်မှ သတ်နိုင်နေသည်။
“ထွက်ခဲ့စမ်း”
ရုတ်တရက် ယဲ့ဖန်က အနက်ရောင် ချီမျှင်စုကို ထုတ်လွှတ်လိုက်ပြီး ကိုယ်ပွားတစ်ယောက်၏ ကိုယ်ထဲသို့ ထည့်သွင်းကာ ပိုင်ယီ၏ စိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။
စက္ကန့်ပိုင်းမျှအကြာတွင် သူ့မျက်လုံးမှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ သူသည် စိတ်ဝိညာဉ်အား လေ့လာနေခြင်း ဖြစ်သည်။
စိတ်ဝိညာဉ်မှတစ်ဆင့် သူ မြင်ကွင်းများစွာကို မြင်လိုက်ရသည်။
အသားဖတ် တစ်ဖတ်က အရှေ့တိုင်းသူ မိန်းမ ပျိုလေး ဖြစ်သည့် ပိုင်ယီ့ကိုယ်ပေါ်မှ လှီးဖြတ် ခံလိုက် ရသည်ကို သူ မြင်လိုက်ရသည်။
သူမ၏ မျက်လုံးသည် အသားလှီးခံလိုက်ရသည်ကို မခံစားမိသည့်ဟန်ဖြင့် မျက်လုံးများက ဝမ်းနည်းမှု နှင့်အတူ တစ်မျိုးတစ်ဖုံ ဗလာကျင်းနေသည်။
ထို့နောက် ထိုအသားဖတ်သည် ရေခီစွမ်းအင်၏ အာဟာရ ဓာတ်ကြောင့် လျင်မြန်စွာ ကြီးထွား လာသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
….
ထိုသွေးသံတရဲရဲနှင့် အသားဖတ်သည် တစ်ပတ်တည်းဖြင့် လူပုံသဏ္ဌာန် ဖြစ်လာ၏။ ထိုအရာသည် တစ်ပတ်အတွင်း ပိုင်ယီနှင့် တစ်ပုံစံတည်း ဖြစ်နေသည်။
ထို့နောက် ပိုင်ယီသည် အလွန် ပူဆွေးနေဟန်ဖြင့် မျက်ရည်များ ကျနေသည်ကို သူ မြင်လိုက်ရသည်။ ထိုစဉ် အလွန် ရွှန်းလက်သော လူဖြူ အမျိုးသမီး တစ်ယောက်နှင့် အဘွားအိုတစ်ယောက် ပိုင်ယီထံသို့ ချဉ်းကပ်လာသည်ကို သူ တွေ့လိုက်သည်။
သူတို့က သူမအား လျှို့ဝှက်သိုင်းကျမ်းတစ်ခုကို သင်ပေးနေခြင်း ဖြစ်သည်။
မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာ။
တစ်စုံတစ်ယောက်က သူတို့ ချစ်ရသူအား မေ့ပစ်ချင်သည့် အခါတွင် သူတို့သည် ပထမဆုံး ကိုယ့်ကိုယ်ကိုယ် မေ့ဖျောက်ပစ်ရသည်။
ထို့ကြောင့် ပိုင်ယီသည် သူမ၏ မှတ်ဉာဏ်များကို စတင်၍ မေ့လျော့လာသည်။ သူမ ပိုပို၍ သန်မာ လာလေ သူမသည် သူမ၏ မှတ်ဉာဏ်များကို ပို၍ မေ့ပျောက်သွားလေ ဖြစ်သည်။
တစ်နေ့တွင် သူမကိုယ်သူမ ဘယ်သူဖြစ်သည် ဆိုတာကိုတောင် မမှတ်မိနိုင်တော့ချေ။ ရက်အ နည်းငယ် ကြာသောအခါ သူမသည် သူမ၏ မိဘ ဆွေမျိုးနှင့် မိတ်ဆွေများကို စ၍ မေ့လာသည်။
ထို့နောက် သူမသည် ရှေ့ရက်က ဘာတွေလုပ်ခဲ့ သလဲဆိုတာကိုတောင် မမှတ်မိတော့ပေ။ နောက်ဆုံး တွင် သူမသည် သူမကိုယ်သူမ လုံးဝ မေ့သွား တော့သည်။
သူမရင်ထဲ၌ ဝမ်းနည်းမှု အနည်းငယ် စွဲထင် နေသော်လည်း ပိုင်ယီ၏ ကမ္ဘာကြီး တစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်လာသည့် ပုံပင်။
မှတ်ဉာဏ်အားလုံးကို ကြည့်ပြီး ယဲ့ဖန်သည် ဒေါသမီးတို့ တောက်လောင်လာပြီး တဆတ်ဆတ် တုန်လာသည်။
မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာ။
သူတို့သည် များစွာသော သိုင်းပညာရှင်များကို ဖန်တီးချင်၍ လျှို့ဝှက်သိုင်းကျမ်းကို သုံးကာ ပိုင်ယီအား ထိန်းချုပ်နေခြင်း ဖြစ်သည်။
သူတို့သည် ကောင်းကင်သမီးပျို စစ်တပ်အား ဖွဲ့စည်းရန် ကြံစည်နေခြင်းဖြစ်သည်။
တုန်ယင်လို့လာသည်။ ယဲ့ဖန် တစ်ကိုယ်လုံး တုန်ယင်လို့ လာသည်။
ပိုင်ယီ ဆင်းရဲဒုက္ခအား မည်မျှ ခံစားခဲ့ရမည်ကို သူ မတွေးနိုင်ပေ။ သူမသည် တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်၌ မေ့လျော့တတ်သော မူလ ကိုယ်အဖြစ်နှင့် သန်မာသော ကိုယ်ပွားများ ဖန်တီးရန် အတွက် အသုံးချခံလို ဖြစ်နေသည်။
အလွန် ခက်ထန် ကြမ်းကြုတ်သော မျက်လုံးများနှင့် ယဲ့ဖန်သည် နတ်ဆိုးကဲ့သို့ အလွန် ရက်စက်ပုံ ပေါက်နေသည်။
“နတ်ဘုရားမ။ ဥရောပ နတ်ဘုရားမ ဌာန။ မင်းတို့အားလုံး အသေပဲ”
စာစဉ် (၂၂) ဤတွင် ပြီးပါပြီ။