အခန်း (၃၄၇-၃၄၈)
Vol. 27 Ch. 347-348
Htet Paing:
အပိုင်း(၃၄၇)
မြင့်မြတ်၀န်ကြီးပေါ်ထွက်လာခြင်း
သေမျိုးတောင်ထွတ်ကမ္ဘာ၏တောင်ထွတ်တစ်ခုပေါ်တွင်
ဖူရှန်းရွှီ ချောက်ကမ်းပါးအစွန်းတွင်ရပ်နေသော တာအိုအရှင်ယုံနျန်ဘေးတွင်ရပ်နေရင်း ကောင်းကင်ကိုအချိန်အတန်ကြာ ကြည့်ရှုနေခဲ့သည်။
“ဆရာ ဆရာသခင်ဓားအရှင်က တာအိုအဆင့်ဘယ်လောက်မှာရှိနေလောက်လဲ” ဖူရှန်းရွှီ မမေးဘဲ မနေနိုင်ခဲ့ပေ။
ထာ၀ရတာအိုအရှင် ခြောက်ကပ်ကပ်ပြုံးလိုက်ပြီး
“ငါလည်း မင်းထက် နှစ်နည်းနည်းပဲပိုအသက်ရှင်လာတာ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတအဆင့်က ငါသိတာအကုန်ပဲ အဲ့ဒီအထက်က အဆင့်သုံးဆင့်ကို ငါလည်းမသိဘူး”
ဖူရှန်းရွှီ သက်ပြင်းချလိုက်၏။
“ကောင်းကင်ပြင်ပက ကောင်းကင်မိစ္ဆာက စီနီယာမုန့်ထက်တောင်ပိုပြီးကြောက်စရာကောင်းတယ် တကယ်ပဲ တောင်တစ်လုံးထက်မြင့်တဲ့နောက်တောင်တစ်လုံးရှိပြီး လူတစ်ယောက်ထက်မြင့်တဲ့နောက်လူတစ်ယောက်ရှိနေတာပဲ”
ထာ၀ရတာအိုအရှင် မျက်ခုံးအနည်းငယ်ကြုံ့လိုက်ကာ သက်ပြင်းချလိုက်သည်။
“မြင့်မြတ်ခုံရုံးအတွက် ပြဿနာကြီးတစ်ခုလာနေပြီလို့ ငါအမြဲခံစားနေခဲ့ရတာ ဒီလိုမိစ္ဆာမျိုးကိုတောင် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲ ၀င်ခွင့်ပြုခဲ့ပုံထောက်ရင် နှစ်တစ်သန်းမှာတစ်ခါကြုံရတဲ့ ကပ်ဘေးကြီးက ဖြစ်လာတော့မယ့်ပုံပဲ”
ဖူရှန်းရွှီ ခေါင်းညိတ်လိုက်ကာ သူလည်းထိုကဲ့သို့သာ ခံစားနေခဲ့ရသည်။
“ဘာပဲဖြစ်ဖြစ် ဆရာသခင်ဓားအရှင်အဲ့ဒီမိစ္ဆာကိုသတ်ပစ်လိုက်တာလည်း ကောင်းတဲ့အရာပါပဲ အဲ့ဒီကောင်က ကောင်းကင်မိစ္ဆာတွေကိုမရှင်းခင် အပြစ်မဲ့တဲ့သူတွေကို အရင်သတ်ဖြတ်နေခဲ့တာ မြင့်မြတ်ခုံရုံးက အဲ့လိုမိစ္ဆာမျိုးနဲ့ ပူးပေါင်းရဲတာ အံ့ဩစရာပဲ” လမ်းမှန်လမ်းစဉ်က ဖူရှန်းရွှီ မကျေနပ်ဟန်ဖြင့် ထုတ်ပြောလိုက်၏။
ဘယ်အချိန်က မြင့်မြတ်ခုံရုံးသည် ထိုကဲ့သို့ ဖြစ်သွားရပါသနည်း။
ထာ၀ရတာအိုအရှင်ကတော့ ဘာမှမပြောခဲ့ပေ။ ထိုကဲ့သို့သော အရာမျိုးက သူထုတ်ပြောနိုင်သည့်အရာမျိုး ဟုတ်မနေပေ။
ထိုအခိုက်တွင် သေမျိုးတောင်ထွတ်ကမ္ဘာတွင်သာမကဘဲ ချီကံကြမ္မာပိုင်ဆိုင်သော ဂိုဏ်းကြီးတိုင်း မင်းဆက်တိုင်းတွင် ထိုကိစ္စအကြောင်းဆွေးနွေးနေကြပြီး အမတမင်းဆက်တွင်ပင် ထိုအကြောင်း ဆွေးနွေးငြင်းခုန်နေခဲ့ကြ၏။
ထိုကိစ္စ၏ လွှမ်းမိုးမှုက လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့လေသည်။
….
နွေရာသီကုန်ဆုံးကာ ဆောင်းဦးသို့ရောက်ရှိလာခဲ့သည်။
တတိယတောင်ကြားထဲ၌
ကုအန် စားပွဲတွင် ရှန်းကျန်နှင့်အတူတူထိုင်ကာ ကိစ္စတစ်ခုအကြောင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေခဲ့ကြ၏။
လပေါင်းများစွာကြာပြီးချိန်ထိ ဆရာသခင်ဓားအရှင်နှင့် အမှောင်စစ်ပွဲဧကရာဇ်ကြားတိုက်ပွဲကသတင်းက တိမ်မြုပ်မသွားခဲ့ဘဲပို၍ပင် ထင်ရှားလာနေခဲ့သည်။
“ပြောကြတာတော့ ကောင်းကင်ပြင်ပက ကောင်းကင်မိစ္ဆာကို မြင့်မြတ်ခုံရုံးက ဖိတ်ခေါ်ခဲ့တာတဲ့ ဟက်ဟက် တကယ်ပဲ ဒီကမ္ဘာကြီးက သတင်းကောင်းဆိုတာကိုရှာမတွေ့နိုင်တဲ့ အမှောင်ကမ္ဘာကြီးပဲ တာအိုဂိုဏ်းဖြစ်ဖြစ် အဓိပတိဂိုဏ်းဖြစ်ဖြစ် ကြယ်ခုနှစ်လုံးစိတ်ဝိညာဉ်နယ်မြေဖြစ်ဖြစ် မြင့်မြတ်ခုံရုံးဖြစ်ဖြစ် အမှောင်ခြမ်းဆိုတာ ရှိနေကြတာပဲ” ရှန်းကျန် ရွဲ့တဲ့တဲ့ပြောလိုက်သည်။
ကုအန် အကူအညီမဲ့စွာ တုန့်ပြန်လိုက်၏။
“ကျွန်တော့်ချစ်ရတဲ့အဖွားလေးရယ် ကျေးဇူးပြုပြီးအဲ့လိုကိစ္စတွေကို အကျယ်ကြီးမပြောလို့ မရဘူးလား အဲ့ဒီကျင့်ကြံသူတွေက အမတတွေလောက် အစွမ်းထက်ကြတာ သူတို့ကြားသွားမှာမကြောက်ဘူးလား”
“သူတို့ကြားတော့ ဘာဖြစ်လဲ အခုလူတိုင်းက အဲ့ဒီကောင်းကင်မိစ္ဆာကို မြင့်မြတ်ခုံရုံးကဖိတ်ကြားခဲ့မှန်း ပြောနေကြတာ သူတို့ပြောကြတာတော့ အမှောင်စစ်ပွဲဧကရာဇ်ဝါးမြိုလိုက်တဲ့ ကုန်းမြေတိုက်ကြီး ၈ ခုတောင် ရှိတယ်တဲ့ ဆိုးယုတ်လိုက်တာ” ရှန်းကျန် ရွံရှာဟန်ဖြင့် ပြောလိုက်သည်။
ကုအန် သူမကိုသတိပေးလိုက်၏။
“နင်စိတ်ကြိုက်ဝေဖန်လို့ရပါတယ် ဒါပေမယ့် အဲ့တာတွေအကြောင်း ချရေးတာ ပုံဆွဲတာမျိုးတော့ မလုပ်လိုက်နဲ့နော်”
ရှန်းကျန်သူ့ကိုမျက်လုံးလှန်ကြည့်လိုက်ကာ ဒေါသတကြီးပြောလိုက်သည်။
“ငါကအရူးလို့ နင်ထင်နေလား နောက်ပြီး ငါ့မှာအဲ့လောက်အားကောင်းတဲ့ ဖြောင့်မတ်တဲ့စိတ်လည်းမရှိပါဘူး ငါကမြင့်မြတ်ခုံရုံးက မြင့်မြတ် ဆိုတဲ့နာမည်ကိုသုံးထားပြီး ဒီလိုလုပ်ရပ်တွေလုပ်နေတာကို မခံရပ်နိုင်ရုံပဲ”
ထိုအခိုက်တွင် တောင်ကြားက ကျားကစားသမားများလည်း မြင့်မြတ်ခုံရုံးကို ကျိန်ဆဲနေခဲ့ကြသည်။
ကုအန် ဤအဖြစ်အပျက်မှ မရိုးရှင်းသည့် ပူးပေါင်းကြံစည်မှုတစ်ခု၏ အနံ့အသက်ကို ရလိုက်မိသည်။ မြင့်မြတ်ခုံရုံးလို အင်အားစုမျိုးက သူတို့လုပ်နိုင်စွမ်းများဖြင့် အဘယ်ကြောင့် လူထုအမြင်ယခုလိုဖြစ်အောင် လုပ်ခဲ့ရပါသနည်။
မြင့်မြတ်ခုံရုံးက သူတို့ ဂုဏ်သိက္ခာကိုဂရုမစိုက်တာမျိုးကတော့ လုံး၀ မဖြစ်နိုင်ပေ။
မဟာမြေအောက်သူတော်စင်ဘုရင်၏ အပြုအမူများအရ မြင့်မြတ်ခုံရုံးဂရုအစိုက်ဆုံးအရာမှာ သူတို့ဂုဏ်သိက္ခာဖြစ်မှန်း သိနိုင်ပေသည်။
ဂုဏ်သိက္ခာဆိုသည်မှာ မမြင်ရသောအရာတစ်ခုဖြစ်သော်လည်း ထိုအရာက သေချာသောအဆင့်တစ်ခုသို့ရောက်လာသောအခါ လူတစ်ယောက်သို့မဟုတ်အဖွဲ့အစည်းတစ်ခု၏ ချီကံကြမ္မာအပေါ် လွှမ်းမိုးနိုင်စွမ်း ရှိ၏။
ဒါပေါ့ မြင့်မြတ်ခုံရုံး၏ကောင်းခြင်းဆိုးခြင်းကတော့ ရှန်ထျန်းသည် ဘယ်လိုလူလဲဆိုတာပေါ်တွင်သာ မူတည်ပေသည်။
ကုအန် တွေးနေရင်း ကောင်းကင်ဘုံအကျဉ်းထောင်ဆီတစ်ချက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
ဤအရာများက ပူးပေါင်းကြံစည်မှုဟုတ်ဟုတ် မဟုတ်ဟုတ် သူ့အတွက် ဖြေရှင်းစရာရန်ငြှိုးကတော့ ရှိနေသေးသည်။
တစ်နာရီခန့်ကြာသောအခါမှ ရှန်းကျန်ထွက်ခွာသွားပြီး ထိုအခါမှ ကုအန်လည်း တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီ ဦးတည်လာခဲ့လေသည်။
……
ခန်းမကြီး၏ထိပ်တွင် မီးတောက်များက တဖြတ်ဖြတ်ခါကာ တောက်လောင်နေခဲ့သည်။
အနက်ရောင်၀တ်စုံ၀တ်လူပလ္လင်ပေါ်တွင် မျက်မှောင်ကြုံ့ကာထိုင်နေရင်း သူ့ခေါင်းပေါ်ရှ်ိ နဂါးရိုးသရဖူမှ နဂါးဝိညာဉ်နှစ်ကောင်ထွက်ပေါ်နေပြီး အချင်းချင်း လုံးထွေးရစ်ပတ်နေခဲ့ကြသည်။
အမှောင်စစ်ပွဲဧကရာဇ်သေဆုံးတာ လပေါင်းများစွာကြာသွားချိန်ထိ ဆရာသခင်ဓားအရှင်က သူ့ကိုသတ်ရန် ကောင်းကင်ဘုံ အကျဉ်းထောင်ကိုရောက်မလာခဲ့သေးပေ။ ထိုအရာကြောင့် သူစိတ်သက်သာရာရရမယ့်အစား ပို၍ပင် သောကရောက်လာခဲ့ရပြီး ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရတော့မလို ခံစားနေခဲ့ရသည်။
ကောင်းကင်ဘုံအကျဉ်းထောင်သည် ကောင်းမွန်စွာဖုံးကွယ်ထားသော ကမ္ဘာငယ်လေးတစ်ခုဖြစ်သော်လည်း ဆရာသခင်ဓားအရှင်လိုတည်ရှိမှုအတွက်တော့ ထိုအရာ၏ပုန်းကွယ်နေမှုက လုံလောက်မည် မဟုတ်ပေ။
ဖတ်!
ရုတ်တရက် အနက်ရောင်၀တ်လူ သူ့ပုခုံးပေါ်တစ်ခုခုကျလာသည်ကို ခံစားလိုက်ရပြီး သူ့နှလုံးခုန်သံမြန်သွားကာ မျက်လုံးများ အလိုလိုပွင့်လာခဲ့၏။
သူ့မျက်လုံးထောင့်မှ မြင်ကွင်းကြောင့် သူ့သူငယ်အိမ်များ မှေးကျဉ်းသွားခဲ့ရပြီး အမှောင်ထုထဲကျရောက်သွားသလို ခံစားလိုက်ရကာ သူ့ကျောရိုးများ အေးစက်သွားခဲ့ရသည်။
သူ့ဘေးတွင်တော့ ခရမ်းရောင်မိစ္ဆာချီများဖြင့် ၀န်းရံထားသည့် ပုံရိပ်တစ်ခု ရပ်နေခဲ့၏။
ဆရာသခင်ဓားအရှင်!
ကုအန် သူ့ကိုငုံ့ကြည့်ကာ သက်တမ်းစစ်ဆေးခြင်းသုံးလိုက်သည်။
[မိစ္ဆာဝိညာဉ်သခင်(အပူအပင်မဲ့ကမ္ဘာဦးအမတအဆင့် ၈)၅၉၀၃၂၈/၈၀၀၀၀၀/၁၅၀၀၀၀၀]
ကုအန် ဖြည်းဖြည်းချင်းပြောလိုက်သည်။
“နှစ်ပေါင်း ၅သိန်းကျော်အသက်ရှင်သန်နိုင်ခဲ့ဖို့က မင်းအတွက် မလွယ်ကူခဲ့လောက်ပါဘူး မင်းဖာသာမင်း၀န်ခံချင်လား ငါလုပ်ရမလား”
သူ့အသံကအေးစက်ကာ အက်ကွဲနေပြီး မိစ္ဆာဝိညာဉ်သခင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ပင်လယ်ချိုးဖျက်နယ်မြေသခင် ချင်စုန်ကျိ ကျွန်တော့်ဆီရောက်လာပြီး မြင့်မြတ်ဘုရင်ရဲ့အမိန့်နဲ့ ကောင်းကင်မိစ္ဆာတစ်သုတ်ကို ထိုက်ကန်ကုန်းမြေတိုက်ကြီးဆီ ပို့လွှတ်ဖို့ ပြောခဲ့တာပါ အဲ့တာက မြင့်မြတ်ဘုရင်တစ်ပါးပါစီနီယာ ကျွန်တော့်မှာ ငြင်းဆန်နိုင်စွမ်းမရှိပါဘူး ကျွန်တော်က သာမန်နယ်ရုပ်လေးသက်သက်ပါပဲ စီနီယာ့ကိုဆန့်ကျင်ဖို့ ရန်ငြိုးလည်း မရှိပါဘူး ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ…” မိစ္ဆာဝိညာဉ်သခင်အံကိုကြိတ်ကာ ကြောက်လန့်မှုများပြည့်နေဟန်ဖြင့် ပြောလိုက်၏။
ထို့နောက် ကုအန်ခန်းမ၏ထိပ်ဆီသို့ မော့ကြည့်လိုက်လေသည်။ သူ့လက်များကတော့ မိစ္ဆာဝိညာဉ်သခင်ကို ဖိထားတာကို လွှတ်မပေးခဲ့သေးပေ။
ကုအန်၏အကြည့်အောက်တွင် ရွှေရောင်အလင်းများသည် အာကာသေလဟာနယ် နှစ်ခြမ်းကွဲပြီးေပါ်လာသလို ခန်းမကြီးထိပ်၌ ပေါ်လာခဲ့၏။ ထို့နောက်အလင်းများက လျင်မြန်စွာ ပြန့်ကားလာပြီး ထိုအလင်းများထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ထိုလူ့ကို ရွှေရောင်အလင်းများက ဖုံးအုပ်ထားသောကြောင့် ကုအန် သူ့ပုံသဏ္ဍာန်ကိုမမြင်ခဲ့ရပေ။
ကုအန်ရောက်ရှိလာသူကို သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။
[မြင့်မြတ်၀န်ကြီး(နတ်အတွေးအစစ်အမှန်အမတအဆင့်၉): ၀/၀/၀]
သက်တမ်း မရှိဘူးလား!
ဒါက သူ့ကိုယ်အစစ်မဟုတ်ဘူး!
မိစ္ဆာဝိညာဉ်သခင်လည်း မြင့်မြတ်၀န်ကြီး၏ပုံရိပ်ကိုမြင်လိုက်ရပြီး သူ့မျက်လုံးထဲ အကြောက်တရားများ ပြည့်နှက်သွားခဲ့သည်။ သူအရင်ကတစ်ခါမှ မြင့်မြတ်၀န်ကြီးကိုမမြင်ဖူးခဲ့ဘဲ အခုလိုအချိန်တွင် မြင့်မြတ်ဝန်ကြီးကိုမြင်တွေ့ရခြင်းမှာ သူ့အတွက်ကောင်းသောအရာတော့ မဟုတ်ပေ။
မြင့်မြတ်၀န်ကြီး ပြောလိုက်၏။
“ငါမဟာမြေအောက်မဟာသူတော်စင်ကို ရာထူးကဖြုတ်ချပေးနိုင်တယ်”
သူ့ပထမဆုံးပြောသည့်စကားကြောင့် မိစ္ဆာဝိညာဉ်သခင် အမူအရာချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဤကဲ့သို့သော အခွင့်အာဏာမျိုး!
မြင့်မြတ်ခုံရုံးတွင် မြင့်မြတ်ဘုရင်တစ်ပါးကိုဖြုတ်ချပစ်နိုင်သည့် တည်ရှိမှုနှစ်ခုသာ ရှ်ိပေသည်။
ကုအန် မေးလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ”
မြင့်မြတ်၀န်ကြီးဖြေလိုက်သည်။
“ငါက မြင့်မြတ်ခုံရုံးတစ်ခုလုံးကို အုပ်ချုပ်ရတဲ့ မြင့်မြတ်၀န်ကြီးပါ အမှောင်စစ်ပွဲဧကရာဇ်ကိစ္စကလည်း ငါ့အကြံပဲ အစကတော့ သူ့ကိုသုံးပြီး ကောင်းကင်မိစ္ဆာတွေကိုရှင်းပစ်ဖို့ ရည်ရွယ်ထားခဲ့တာ အခုလိုကိစ္စတွေဖြစ်လာမယ်လို့တော့ ထင်မထားခဲ့မိဘူး”
မြင့်မြတ်၀န်ကြီးထိုမျှမြန်မြန်၀န်ခံလိမ့်မည်ဟု ကုအန် ထင်မထားမိခဲ့ပေ။ တခဏအတွင်း မြင့်မြတ်၀န်ကြီး၏ ရည်ရွယ်ချက်ကို သူမခန့်မှန်းနိုင်ခဲ့ပေ။
“ဆရာသခင်ဓားအရှင်မင်းက မြင့်မြတ်ခုံရုံးရဲ့ ချီကံကြမ္မာရာထူးကို ငြင်းဆန်ခဲ့တယ် မင်းအကြောင်းပြချက်တွေကို ငါမသိချင်ပါဘူး ဒါပေမယ့် ငါတို့ကြားအထင်လွဲမှားမှုတွေ ဖြစ်မလာဖို့ မင်းရဲ့မြင့်မြတ်ခုံရုံးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကိုတော့ သိချင်တယ် မင်းရဲ့လုပ်ရပ်တွေအရ မင်းကမိစ္ဆာလမ်းစဉ်က မဟုတ်တာလည်း ထင်ရှားပါတယ်” မြင့်မြတ်၀န်ကြီးခပ်အေးအေးပြောလိုက်ပြီး သူ့အသံတွင်
မည်သည့် ခံစားချက်အတက်အကျမှ ပါမနေခဲ့ပေ။
ကုအန်တခဏတာတိတ်ဆိတ်သွားပြီးနောက်ပြောလိုက်၏။
“ကျူပ်ဘယ်သူနဲ့မှ ရန်သူမဖြစ်ချင်ဘူး ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျင့်ကြံချင်တယ် အရင်က ကျုပ်၀င်ပါခဲ့တာတွေဆိုတာကလည်း ကျုပ်ကဒီကုန်းမြေပေါ်မှာ နေထိုင်နေပြီးတော့ အဲ့ဒီကုန်းမြေရဲ့ စိတ်ဝိညာဉ်စွမ်းအားကြောင့် အကျိုးအမြတ်ရရှိနေရင် အဲ့ဒီကုန်းမြေကိုကာကွယ်ပေးဖို့လည်း တာ၀န်ရှိတယ်လို့ ခံစားရလို့ပဲ”
ထိုစကားကိုကြားသောအခါ မြင့်မြတ်၀န်ကြီးချက်ချင်းပြောလိုက်၏။
“ငါသိပြီ ငါနားလည်နိုင်ပါတယ် ခေတ်တွေအများကြီးမှာ မင်းလို အမတလမ်းစဉ်ကိုပဲလိုက်ချင်တဲ့ လူထူးဆန်းတွေရှိတတ်ကြပါတယ် မင်းကအဲ့ဒီလူတွေကို ကာကွယ်ပေးနေမှတော့ သူတို့အတွက်ကံကောင်းခြင်းပါပဲ အခုချိန်ကစပြီး မြင့်မြတ်ခုံရုံးက မင်းကျင့်ကြံခြင်းကို မနှောင့်ယှက်တော့ဘူး”
ဤတစ်ကြိမ်တော့ သူ့လေသံထဲတွင် ခပ်ရွှင်ရွှင်ပြောနေသည့် အရိပ်အယောင်တစ်ခုပါလာခဲ့သည်။
“ကျုပ်တစ်ခုတောင်းဆိုလို့ရမလား” ကုအန် ရုတ်တရက်မေးလိုက်၏။
“ကျေးဇူးပြုပြီး ပြောပါ”
“မဟာမြေအောက်သူတော်စင်ဘုရင်ကို ကျုပ်အတွက်ယူလာပေး ကျုပ်သူ့ကိုကိုယ်တိုင်သတ်ချင်တယ်”
အပိုင်း(၃၄၈)
မြင့်မြတ်ဓား၊ တတိယအဆင့်ကောင်းကင်ရာထူး
“ကျုပ်သူ့ကို ကိုယ်တိုင်သတ်ရမှဖြစ်မယ်!”
ကုအန်စကားလုံးများက ခန်းမထဲတွင် ဟိန်းထွက်လာခဲ့ပြီး ထိုစကားလုံးများကြောင့် မီးတောက်များပင် ပိုအားကောင်းသွားးသလို ဖြစ်သွားခဲ့၏။
ကုအန်လက်ဖြင့် ပုခုံးကိုဖိခြင်းခံထားရေသာ မိစ္ဆာဝိညာဉ်သခင် ထိုစကားများကိုကြားပြီး သတိအနေအထားဖြစ်သွားခဲ့သည်။ မြင့်မြတ်၀န်ကြီးက အလျှော့ပေးနေသော်လည်း ဆရာသခင်ဓားအရှင်က လုံး၀မနာခံလိုသည့်ပုံပြနေခြင်းမှာ ကောင်းသောအရာတော့ မဟုတ်ပေ။
ထိုစကားများကိုကြားသောအခါ မြင့်မြတ်၀န်ကြီးတိတ်ဆိတ်သွားခဲ့၏။
ကုအန် မလောပေ။ မြင့်မြတ်၀န်ကြီးတုန့်ပြန်မှုကို စောင့်နေခဲ့သည်။
သူသည် အမုန်းတရားကြောင့် မျက်ကန်းသွားသော သူမဟုတ်ပေ။ ဤအခွင့်အရေးကိုယူ၍ သူ့စည်းဘောင်အကြောင်း မြင့်မြတ်ခုံရုံးကို အသိပေးလိုခြင်းဖြစ်ပြီး သူ့ရန်သူက မဟာမြေအောက်သူတော်စင်ဘုရင်တစ်ယောက်တည်းဆိုတာကို သက်သေပြနေခြင်းလည်း ဖြစ်၏။
“မြင့်မြတ်ခုံရုံးရဲ့ သူတော်စင်ဘုရင်ဆိုတာ တော်ရုံလူမဟုတ်ဘူး သူသေဆုံးရမယ်ဆိုရင်တောင် မြင့်မြတ်ခုံရုံးကိုယ်တိုင်ရဲ့ လက်ထဲမှာပဲ ဖြစ်ရမယ်” မြင့်မြတ်၀န်ကြီးဘာခံစားချက်မှမပါသောအသံဖြင့် ပြောလိုက်သည်။
မိစ္ဆာဝိညာဉ်သခင်တောင့်တင်းသွားခဲ့၏။ လေထု၏တင်းမာနေမှုကို သူခံစားမိပြီး အကယ်၍ ထိုနှစ်ယောက်သာတိုက်ခိုက်ကြလျှင် အကျိုးဆက်ကို သူ့ကောင်းကင်ဘုံအကျဉ်းထောင်ကသာ အများဆုံး ခံစားရမည် ဖြစ်သည်။
အတွေးများစွာ တွေးပြီးသည့်နောက် မြင့်မြတ်၀န်ကြီး လေသံပြောင်းသွားခဲ့ပြန်သည်။
“တကယ်လို့တာအိုမိတ်ဆွေက မြင့်မြတ်ခုံရုံးကို၀င်မယ်ဆိုရင် ကျုပ်ကိုယ်တိုင် တာအိုမိတ်ဆွေလက်ထဲ မဟာမြေအောက်သူတော်စင်ဘုရင်ကို အပ်မယ် မိတ်ဆွေက ချီကံကြမ္မာသစ်သီးရာထူးကိုလည်း လက်ခံစရာမလိုဘူး မြင့်မြတ်ခုံရုံးထဲ အမည်ခံ၀င်လိုက်ရင် လုံလောက်ပြီ သာမန်အားဖြင့်တော့ ခုံရုံးက မိတ်ဆွေကို ဘာတာ၀န်မှလည်းပေးအပ်မှာမဟုတ်ဘူး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးက ခြိမ်းခြောက်မှုနဲ့ ကြုံလာရတဲ့အခါမှသာ လှုပ်ရှားပေးဖို့ လိုလိမ့်မယ်”
အမည်ခံ ၀င်ဖို့လား!
ကုအန်အရင်ဆုံးတွေးမိသည်က သူ့ကိုခန့်အပ်ချင်သည့် အမတမင်းဆက်ကို ဖြစ်သည်။
အဓိကပြိုင်ဘက်အဖြစ် အမတမင်းဆက်ကရှ်ိနေချိန်တွင် မြင့်မြတ်ခုံရုံးသည် ဇာစ်မြစ်မသိရသော သူတစ်ယောက်ကို အပြည့်အ၀ယုံကြည်ဖို့ ခက်ပေလိမ့်မည်။
သို့သော်လည်း မြင့်မြတ်၀န်ကြီးတွေးသည်မှာ ဆရာသခင်ဓားအရှင်၏သရုပ်မှန်ကို မသိရလျှင်တောင် အရေးမကြီးပေ။ သူလိုချင်သည်မှာ ဆရာသခင်ဓားအရှင် မြင့်မြတ်ခုံရုံးကို၀င်သွားပြီဆိုတာကို လူတိုင်းသိစေချင်ရုံသာ ဖြစ်သည်။
ကုအန်လည်းတကယ်တော့ မြင့်မြတ်ခုံရုံးကို၀င်ဖို့ကို မငြင်းချင်ခဲ့ပေ။ ရပ်တည်ချက်တစ်ခုခုရှိမနေလျှင် သူ့တွင် ရန်သူပိုများလာနိုင်ပြီး တစ်ဖက်တည်းတွင်ရပ်တည်ခြင်းကသူ့အတွက် ပိုကောင်းမည်ဖြစ်သည်။ သူငြင်းဆန်ချင်သည်က ချီကံကြမ္မာသစ်သီးရာထူးကိုသာ ဖြစ်၏။
“ကောင်းပြီ” ကုအန် စကားတစ်လုံးသာ ပြောလိုက်သည်။
မြင့်မြတ်၀န်ကြီးချက်ချင်းလက်မြှောက်ကာ ကုအန်ဆီ ရွှေရောင်တံဆိပ်ပြားတစ်ခုပစ်ပေးလိုက်ရာ ကုအန်လည်း ဖမ်းထားလိုက်၏။
တံဆိပ်ပြားသည် လေးလံမနေဘဲ ငှက်မွှေးထက်ပင် ပေါ့ကာ အရှည် ၂၀စင်တီမီတာရှ်ိပြီး အကျယ်က လက်၄လုံးခန့် ရှ်ိသည်။ တံဆိပ်ပြား၏ထောင့်စွန်းများတွင် နဂါးပုံရိပ်များရှိနေပြီး ထိပ်တွင်တော့ လက်သည်းခြင်းယှက်ထားသည့် မီးဖီးနစ်နှစ်ကောင်ရှိနေခဲ့၏။
တံဆိပ်ပြားပေါ်တွင် စာလုံးသုံးလုံး ခပ်နှိပ်ထားခဲ့သည်။
မြင့်မြတ်ဓား တတိယ!
“မြင့်မြတ်ဓားဆိုတာ ကျုပ်မ်ိတ်ဆွေကိုအပ်နှင်းမယ့် ဘွဲ့ထူးပဲ” မြင့်မြတ်၀န်ကြီးရှင်းပြလိုက်၏။
“အောက်က တတိယဆိုတာက မိတ်ဆွေရဲ့ကောင်းကင်ရာထူးကို ကိုယ်စားပြုတယ် မြင့်မြတ်ဘုရင်တွေကလည်း ကောင်းကင်တတိယရာထူးကို ကိုင်ဆောင်ထားကြတယ် တကယ်တော့ မိတ်ဆွေရဲ့ နတ်အတွေးအစစ်အမှန်အမတအဆင့် ကျင့်ကြံခြင်းနဲ့ဆို ကောင်းကင်တတိယရာထူးက မသင့်တော်ပါဘူး ဒါပေမယ့်လည်း မိတ်ဆွေက ချီကံကြမ္မာသစ်သီးရာထူးကို လက်မခံနိုင်ဘူးဆိုမှတော့
မြင့်မြတ်ခုံရုံးကလည်း မိတ်ဆွေကို အပြည့်မ၀မယုံကြည်နိုင်ဘူး မိတ်ဆွေနားလည်ဖို့ မျှော်လင့်ပါတယ်”
“ဒီတံဆိပ်ပြားကို ကောင်းကင်အမိန့်တော်တွေမှာသုံးတဲ့ သတ္တုနဲ့တူတဲ့ သတ္တုနဲ့ပဲ ထုလုပ်ထားတာ ဒီထဲမှာ ဘာစည်းတံဆိပ်မှတော့ မပါဘူး ဒါက မိတ်ဆွေရဲ့ သရုပ်ကို အခြားသူတွေကိုပြတဲ့အခါ အသုံး၀င်ဖို့ပဲ လုပ်ပေးထားတာ အတုမဲ့တဲ့ သတ္တုမျိုးဖြစ်လို့ ဘယ်စွမ်းအားနဲ့မှလည်း အတုလုပ်လို့ရမှာမဟုတ်ဘူး”
နားထောင်ပြီးသောအခါ ထိုလူသည် မလာခင်ကတည်းက ဒါကိုကြိုစီစဉ်ထားသလားဟု ကုအန် တွေးလိုက်မိသည်။
သို့သော် မြင့်မြတ်ခုံရုံး၏ နက်ရှိုင်းလှသော အုတ်မြစ်နှင့်ဆိုလျှင် ထိုမျှယုံကြည်ချက်ရှိနေသည်ကိုလည်း ကုအန် လက်ခံနိုင်၏။
နတ်အတွေးအစစ်အမှန်အမတတစ်ယောက်အနေနှင့် ကုအန် ယခုအခါ မြင့်မြတ်ခုံရုံး၏ ချီကံကြမ္မာကိုမြင်နိုင်နေပြီဖြစ်ပြီး သူ့ချီကံကြမ္မာက အမတမင်းဆက်အပါအ၀င် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးရှိ ဂိုဏ်းများအားလုံးပေါင်းခြင်းထက်ပင် များနေသေးသည်။
“ဒီနေ့ကစပြီး မိတ်ဆွေက မြင့်မြတ်ခုံရုံးရဲ့ မြင့်မြတ်ဓား ပဲ ဒါက မိတ်ဆွေအတွက်သီးသန့်ဖန်တီးပေးထားတဲ့ ဘွဲ့ထူးဆိုလည်း ဟုတ်တယ် ကျုပ်အနာဂတ်မှာ ဒီကိစ္စကို ကြေငြာမယ် မိတ်ဆွေဆီ မဟာမြေအောက်သူတော်စင်ဘုရင်ကို ပို့ဖို့ကိုတော့ ထိုက်ကန်ကုန်းမြေတိုက်ကြီးဆီကို တစ်ယောက်ယောက်လွှတ်လိုက်မယ် မိတ်ဆွေက စိတ်မပါရင် မြင့်မြတ်ခုံရုံးကို လာလည်စရာလည်း မလိုဘူး ဘယ်လိုလဲ ကျေနပ်ရဲ့လား” မြင့်မြတ်၀န်ကြီး မေးလိုက်သည်။
ကုအန်ဖြေလိုက်၏။ “ဒါပေါ့ ကျေနပ်ပါတယ် ကျေးဇူးတင်ပါတယ် မြင့်မြတ်၀န်ကြီး”
မြင့်မြတ်၀န်ကြီးခပ်ဟဟရယ်မောလိုက်သည်။
“အခုကစပြီး ကျုပ်တို့တစ်ယောက်ကိုတစ်ယောက် တာအိုမိတ်ဆွေလို့ပဲ ခေါ်ကြတာပေါ့ ကောင်းကင်ဘုံအကျဉ်းထောင်မှာ မြင့်မြတ်ခုံရုံးရဲ့ ချီကံကြမ္မာမရှိပေမယ့် မြင့်မြတ်ခုံရုံးဆီမှာအမှုထမ်းတဲ့ နေရာတစ်ခုပဲ တကယ်လို့ မိတ်ဆွေ ထောင်သခင်ကိုမကျေနပ်ရင် သတ်ချင်သတ်ပစ်လို့ရတယ် ကျုပ်အသစ်တစ်ယောက် စီစဉ်ပေးလိုက်မယ်”
ထိုစကားများကြောင့် မိစ္ဆာဝိညာဉ်သခင်မျက်နှာပေါ် စိတ်ပျက်အားငယ်မှုများ အထင်းသားပေါ်လာပြီး သူ့ကိုအသက်ချမ်းသာပေးဖို့တောင်းပန်နေခဲ့၏။
“ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ စီနီယာ…စီနီယာ…”
ထို့နောက် ကုအန် သူ့ဘယ်လက်ကိုလွှတ်လိုက်ပြီး အကျဉ်းထောင်သခင်လည်း လွတ်လပ်သွားခဲ့လေသည်။ သူချက်ချင်းပင် ဒူးထောက်ကာ ကုအန်ကို ရှိခိုးလေတော့သည်။
အပူအပင်မဲ့ကမ္ဘာဦးအမတတစ်ပါး ထိုကဲ့သို့သော အခြေအနေဖြစ်နေသည့် မြင်ကွင်းမျိုးက မြင်ရခဲ၏။
“သူဆက်လုပ်ပါစေ” ကုအန် ပြောလိုက်သည်။
မြင့်မြတ်၀န်ကြီးပြုံးလိုက်ပြီးနောက် ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။
မိစ္ဆာဝိညာဉ်သခင်လည်း ကုအန်ကိုဆက်လက်ဦးချနေပြီး ကျေးဇူးတင်နေခဲ့သည်။
“ကောင်းကောင်းနေထိုင်”
ထိုစကားပြောပြီးနောက် ကုအန်လည်း ပျောက်ကွယ်သွားခဲ့၏။
သူ့ခေါင်းမော့လိုက်ပြီး ကုအန် မရှိတော့တာကိုတွေ့မှ မိစ္ဆာဝိညာဉ်သခင် သက်ပြင်းချလိုက်နိုင်ခဲ့သည်။
“မဟာမြေအောက်သူတော်စင်ဘုရင် ခင်ဗျားလိုလူမှာတောင် ဒါမျိုးနေ့ရက် ရှ်ိလာသေးတာပဲ”
မိစ္ဆာဝိညာဉ်သခင် မဟာမြေအောက်သူတော်စင်ဘုရင်ကြုံတွေ့ရမည့် ကံကြမ္မာကိုတွေးလိုက်မိပြီး ကြိတ်၍ ကြောက်လန့်သွားခဲ့၏။
သူ့စိတ်ထဲတွင်တော့ ကုအန်ကို နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်နေခဲ့မိသည်။ မြင့်မြတ်၀န်ကြီး၏စကားများအရ ထိုသူက သူ့ကိုလုံး၀စွန့်ပစ်လိုက်တာသေချာပြီး ထိုကဲ့သို့သောအခြေအနေမှာပင် ဆရာသခင်ဓားအရှင်က သူ့ကိုအသက်ချမ်းသာပေးခဲ့သေးသည်။ အဘယ်သို့ သူကျေးဇူးမတင်ဘဲ နေနိုင်ပါမည်နည်း။
……
ကုအန် ဆန်းကြယ်တောင်ကြားသို့ပြန်ရောက်လာခဲ့ပြီး နွယ်စိမ်းပင်အောက်တွင်ထိုင်ကာ တံဆိပ်ပြားကိုထုတ်ကြည့်နေရင်း စဉ်းစားနေခဲ့၏။
သူမြင့်မြတ်အမိန့်ပြားကိုစစ်ဆေးပြီးဖြစ်ပြီး ဤအရာတွင် မည်သည့်ထောင်ချောက်မှပါမနေသလို မှော်အသုံးအဆောင်တစ်ခုဟုပင် သတ်မှတ်၍ရသောအရာ မဟုတ်ပေ။
မြင့်မြတ်၀န်ကြီးက အဝောာ်လေးညဏ်များသူဟု ပြောရမည် ဖြစ်သည်။
ကုအန်အရင်က သူ့နည်းလမ်းများကို သဘောမေတွေ့လှသော်လည်း အခုတော့ သူ့ခန့်အပ်ခြင်းကိုပင် ခံလိုက်ရ၏။ ထိုသူသည် မြင့်မြတ်၀န်ကြီးနေရာကို တိုက်ဆိုင်မှုသက်သက်ဖြင့် ရောက်လာသူတော့ မဟုတ်နိုင်ပေ။
သို့သော် ကုအန် မြင့်မြတ်၀န်ကြီးနှင့် အလွန်နီးနီးကပ်ကပ်ကြီးတော့ မနေလိုပေ။ သူလက်ခံလိုက်သည်မှာလည်း ပြဿနာများလျော့နည်းသွားစေလို၍သာ ဖြစ်သည်။
မြင့်မြတ်၀န်ကြီး၏ နတ်အတွေးအစစ်အမှန်အမတအဆင့် ၉ ဟူသော အဆင့်ကလည်း ကုအန်ကို ဖိအားပေးနေခဲ့၏။
ကုအန် အဆင့်တူအတွင်း တိုက်ခိုက်ပြီး သူ့တိုက်ခိုက်ခြင်းစွမ်းရည်ကို စမ်းသပ်ရတာ မကြိုက်ပေ။ အဆင့်နိမ့်သူများကိုဆင်း၍ တိုက်ခိုက်ရခြင်းကိုသာ သူပို၍ ကြိုက်ပေသည်။
ထို့ကြောင့် သူ့အရူးအမူး သက်တမ်းစုဆောင်းကာ ကောင်းကင်ဘုံကိုးဆင့်မြောက်ကို တက်လှမ်းဖို့ လိုနေခဲ့ချေပြီ။
အခြားသူများထက် အားနည်းနေခြင်းက ကုအန်ကို စိတ်မလုံခြုံမှု ခံစားရစေခဲ့၏။
မြင့်မြတ်ခုံရုံး၏ လုပ်ရပ်များအရ သူတို့သည် အချိန်မရွေး ရန်သူများလည်း ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့် ကုအန် ပိုသန်မာလာဖို့ အပြင်းအထန်ကြိုးစားရပေတော့မည်။
နွယ်စိမ်းပင် ကုအန်ခံစားချက်ကို အာရုံခံမိဟန်ဖြင့် နွယ်ကြိုးနှစ်ချောင်းသုံးကာ သူ့ပုခုံးကို ငြင်သာစွာနှိပ်နယ်ပေးနေခဲ့သည်။
ကုအန်လည်း မျက်လုံးမှိတ်လိုက်ပြီး စတင်အနားယူခဲ့၏။
ယခုအခါ မြင့်မြတ်၀န်ကြီး မဟာမြေအောက်သူတော်စင်ဘုရင်အား သူ့ဆီ ပို့တာကိုသာ သူစောင့်နေဖို့ လိုတော့သည်။
ညအချိန်ရောက်မှသာ ကုအန် တတိယတောင်ကြားဆီ ပြန်လာခဲ့လိုက်၏။
ဆောင်းဦးညကောင်းကင်တွင် ကြယ်များကတောက်ပနေခဲ့ပြီး ပန်းချီကားတစ်ချပ်လိုပင် ဖြစ်နေခဲ့သည်။
ကုအန် အိမ်အောက်တွင်ရပ်နေရင်း လရောင်ကိုခံစားနေခဲ့၏။
ထိုစဉ် လုံချင်းသူ့ဆီပြေးလာပြီး ဖက်လိုက်ကာ သူ့ကိုချီခိုင်းလိုက်သည်။
ကုအန်လုံချင်းကိုချီလိုက်ကာ ရယ်မောလိုက်၏။
“မင်းက ဘယ်လောက်တောင်ထွားလာပြီလဲ အခုထိ အချီခံချင်နေသေးတယ်လား”
အသက်ငါးနှစ်အရွယ်လုံချင်းသည် သန့်စင်သောအပြာရောင်၀တ်စုံကို၀တ်ဆင်ထားပြီး တောက်ပနေသောမျက်လုံးများရှိကာ ကုအန်စကားကိုကြားသောအခါ မျက်လုံးမှိတ်၍ လျှာထုတ်ပြလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော်ဂရုမစိုက်ဘူး ကျွန်တော်ကတော့ ဆရာချီတာခံချင်တာပဲ”
ကုအန် သူ့နှာခေါင်းလေးကိုမညှစ်ဘဲ မနေနိုင်တော့ဘဲ အန်းရှင်းပျိုးထောင်မှုကြောင့် ဤကလေးက မိန်းကလေးအနည်းငယ်ဆန်နေသည်ဟု တွေးလိုက်မိသည်။
“ဆရာ ကြယ်တွေဆီရောက်ဖူးလား” လုံချင်း ရုတ်တရက်ကောင်းကင်ကိုညွှန်ပြလိုက်ကာ မေးလိုက်၏။
ကုအန်သာမန်အတိုင်းပြန်ဖြေလိုက်သည်။
“မရောက်ဖူးဘူး မင်းသွားချင်လို့လား”
“သွားချင်တယ် လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ကျွန်ဝောာ်ကြယ်တွေကြားမှာ ပျံသန်းနေတယ်လို့ အိပ်မက်မက်တယ်” လုံချင်တောင့်တမှုများပြည့်နေသော မျက်နှာဖြင့် ပြောလိုက်၏။
ကုအန်သူနှင့် စိတ်ရှည်စွာ စကားပြောနေခဲ့ပြီး သူ့အတွေးများက လုံရှင်းနှင့် လုချူရှန်းငယ်စဉ်က အချိန်များဆီ ရောက်ရှိသွားခဲ့သည်။
ချူလုတွင်လည်း ကလေးတစ်ယောက်ရှိသော်လည်း ကလေး၁နှစ်သားမှာတင် သူက အနက်ရောင်နက်နဲခြင်းဧကရာဇ်၏ခြေမွခြင်းကို ခံလိုက်ရခြင်း ဖြစ်၏။
ကုအန်ထိုမှတ်ညဏ်များကို ပိုင်ဆိုင်ထားသောကြောင့် သူ့စိတ်ထဲထိုအရာနှင့်ပတ်သက်သည့် ခံစားချက်များရှိနေခဲ့သည်။ သို့သော်လည်း သူထိုအရာများအပေါ် နှောင်တွယ်ခြင်းမျိုးတော့ ရှိမနေပေ။ နောက်ဆုံးတွင် သူ့အရင်ဘ၀များကို အရင်ကတည်းက လက်ရှိဘ၀မှ သူပက်ဖျက်ပြီးသားဖြစ်၏။
သူ့ပစ္စုပ္ပန်ကသာ သူဖြစ်ပြီး ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းဆိုသည်မှာ သူပိုသန်မာလာဖို့ လုပ်ရသည့် လုပ်ငန်းစဉ်တစ်ခုဟူ၍သာ ကုအန် အမြဲယုံကြည့်ပေသည်။
သူသည်သာ မူလကိုယ်ဖြစ်ပြီး အခြားသူများ၏ သူကိုယ်ပွားများ သက်သက်သာ ဖြစ်ကြ၏။
အဆင့်တစ်ခုသို့ရောက်လျှင်တော့ သူလည်း ကျိရှောင်ယုလို သူ့တကယ့်ကိုယ်ဖြင့် ပြန်လည်မွေးဖွားရတာမျိုး ရှိကောင်းရှိလာနိုင်ပေသည်။
ကုအန် အတွေးနွံနစ်နေရင်း ရုတ်တရက် အဝေးမှ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတတစ်ပါးပေါ်ထွက်လာသည်ကို အာရုံခံလိုက်မိသည်။
အာရုံစိုက်လိုက်သောအခါ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတသည် မြင့်မြတ်ခုံရုံးထဲမှ လျင်မြန်စွာ ပျံသန်းလာခြင်းဖြစ်ပြီး စကြာ၀ဠာအတွင်းပိုင်းထဲသို့ ဦးတည်နေသည်ကို တွေ့လိုက်ရ၏။
သို့သော်လည်း ဧရာမလက်ကြီးတစ်ဖက် စကြာ၀ဠာအထက်တွင်ပေါ်လာခဲ့ပြီး တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတကို အလင်းအလျင်ဖြင့် ဖမ်းဆီးသွားခဲ့လေသည်။
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတသည် အသံမဲ့အပျက်အဆီးနယ်မြေအစပ်ဆီ ရောက်ရှိနေပြီဖြစ်သော်လည်း ပြန်ဖမ်းခံလိုက်ရ၏။
ဤလက်ကြီးက နတ်အတွေးမှ ဖွဲ့စည်းထားသော လက်ကြီးဖြစ်မှန်း ကုအန် ပြောနိုင်သည်။
မြင့်မြတ်၀န်ကြီး!
ဟင်းလင်းပြင်လက်ကြီးက သူတွေ့ခဲ့ဖူးသော မြင့်မြတ်၀န်ကြီး၏ နတ်အတွေးသာဖြစ်ပြီး သူနှင့်တွေ့စဉ်ကထက် ပိုသန်မာနေရုံသာ ရှ်ိသည်။
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတကိုဖမ်းပြီးနောက် လက်ကြီးလည်း အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့၏။
များစွာသော နတ်အာရုံများ မဟာကောင်းကင်စိတ်ဝိညာဉ်ထဲမှနေပြီး ထိုအဖြစ်အပျက်ကို ကြည့်ရှုနေသည်ကို ကုအန် သတိထားမိလိုက်ပြီး ထိုထဲတွင် နတ်အတွေးအစစ်အမှန်အမတ၂ပါး၏ နတ်အာရုံများပင် ပါနေသေးသည်။ ထိုနတ်အာရုံ၂ခုက မြင့်မြတ်ခုံရုံးနှင့် အမတမင်းဆက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
တကယ်ပဲ ဒီကမ္ဘာမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှ်ိနေသေးတာပဲ!
ကုအန်ကြိတ်တွေးလိုက်မိဧ။်။ ကံကောင်းသည်မှာ သူအဆင့်ချိုးဖြတ်တိုင်း သက်တမ်းအလွှာကာထား၍သာ ဖြစ်ပြီး မဟုတ်လျှင် အရင်ကတည်းက သူချေမွခံပြီးသား ဖြစ်နေပေလိမ့်မည်။
တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတလူသိရှင်ကြား အဖမ်းခံလိုက်ရခြင်းမှာ မြင့်မြတ်၀န်ကြီးက တမင်ပြသခဲ့သော အရာဟု ကုအန်ခံစားနေခဲ့ရသည်။
ထိုသူသည် သူ့စွမ်းအားကို ထုတ်ပြချင်နေပုံ ရ၏။
မဟုတ်လျှင် တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတတစ်ပါးက မြင့်မြတ်ခုံရုံးမှ ထွက်ပြေးနိုင်စရာ အကြောင်းမရှိပေ။
ထို့နောက် ကုအန် သူ့နတ်အတွေးကိုသိမ်းလိုက်ပြီး လုံချင်းကိုခေါ်ကာ အပေါ်ထပ်တက်လာခဲ့လေသည်။
ကောင်လေး သူ့အိပ်မက်ကိုပြန်ပြောပြနေသည်မှာ ရယ်စရာကောင်းသည်ဟု ကုအန်ခံစားနေခဲ့ရ၏။
အန်းရှင်းက ကြယ်များပေါ်လူးလှိမ့်နေပြီး နွားသိုးမိစ္ဆာဘုရင်က ကြယ်များနှင့်တိုက်ခိုက်နေသည်ဟူသော အရာမျိုးက လုံး၀ အဓိပ္ပာယ်မရှိလှပေ။
…..
ငါးရက်ကြာသွားခဲ့သည်။
ကုအန် နျန်းချူဂူမှတတိယတောင်ကြားဆီ ပြန်လာခဲ့ပြီးနောက် စိတ်အားတက်ကြွစွာဖြင့် ရှန်ရှင်းကျိနှင့် အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်း ဆွေးနွေးနေခဲ့၏။
ထိုစာအုပ်ကို ကုအန်ရေးမှန်း ရှန်ရှင်းကျိ သိပြီးသားဖြစ်သည်။ သို့သော် ကုအန်ပြောစကားအရ ထိုစာအုပ်ကို သူ့အိပ်မက်ထဲတွင် တစ်ယောက်ယောက်က လာပြောပြသွားသည်ဆိုသောကြောင့် ထိုစာအုပ်အပေါ် ရှန်ရှင်းကျိလေးစားမှုက ပိုတိုးနေခဲ့သည်။
သူတို့အချိန်အတန်ကြာ ငြင်းခုန်နေခဲ့ကြ၏။
“ကိုယ်တော်က အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်းကို ဖန်းအန်ထက် ပိုနားလည်ဦးမလား” ကုအန် မပြောဘဲ မနေနိုင်တော့ပေ။
ရှန်ရှင်းကျိ သာမန်အတိုင်းပြန်ပြောလိုက်သည်။
“ဖန်းအန်နဲ့ဘာယှဉ်စရာလိုမှာလဲ သူက စာရေးသူတစ်ယောက်သက်သက်ပဲ အနောက်အရပ်သို့ခရီးသွားခြင်းအကြောင်း ဘာသိမှာလဲ”
ကုအန်ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရပြီး လက်မထောင်ပြလိုက်ကာ ပြောလိုက်၏။
“ကိုယ်တော်က တကယ့်အံ့ဖွယ်ပဲ!”
ပြောပြီးသည်နှင့် ကုအန် ထွက်ခွာသွားခဲ့လေသည်။
ရှန်ရှင်းကျိကတော့ စာအုပ်ကိုသာ ဆက်ဖတ်နေခဲ့၏။
ကုအန် အပြင်စည်းမြို့သို့ဦးတည်၍ ပျံသန်းလာနေစဉ်တွင် ကုနး်မြေတိုက်ကြီးအစပ်၌ တာအိုဟင်းလင်းပြင်ဆန်းကြယ်အမတနှစ်ပါး ရောက်ရှိလာသည်ကို ခံစားလိုက်ရလေသည်။
ထိုထဲမှ တစ်ယောက်က အရင်နေ့က မြင့်မြတ်၀န်ကြီး ဖမ်းဆီးသွားခဲ့သူဖြစ်ပြီး သူ့အရှိန်အဝါက အတော်လေးအားနည်းနေကာ ဒဏ်ရာအပြင်းအထန်ရထားမှန်း ထင်ရှားလှသည်။
ကုအန် မြင့်မြတ်၀န်ကြီးထိုမျှမြန်မြန်ဆောင်ရွက်ပေးလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။ သူသည် မဟာမြေအောက်သူတော်စင်ဘုရင်ကို ပို့လိုက်ချေပြီ။