အခန်း (၃၅၇-၃၅၈)
Vol. 27 Ch. 357-358
အပိုင်း(၃၅၇)
ကံကြမ္မာ၏စွမ်းအား
ကုအန် တိတ်ဆိတ်နေသေးသည်ကိုတွေ့သောအခါ ကျန်းရှန်း၀မ် အမတမင်းဆက်၏ ခွန်အားနှင့် မြင့်မြတ်ခုံရုံးထက်ပင်ရှည်လျားသော သမိုင်းကြောင်းကို ဆက်ပြောပြနေခဲ့၏။
“သေမျိုးကမ္ဘာရဲ့ ပထမဆုံးအမတဘုရင်က အမတမင်းဆက်ကို တည်ထောင်ခဲ့တာလေ သူကတစ်ခါတုန်းက ကောင်းကင်ကိုဆန့်ကျင်ပြီး တိုက်ခိုက်ခဲ့ဖူးတယ် သူကျရှုံးသွားခဲ့ပြီး ကမ္ဘာကြီးကို ရေလွှမ်းမိုးသွားခဲ့ပေမယ့် သူ့ခွန်အားကတော့ ငြင်းမရတဲ့အရာပဲ ဒီနေ့ထိ မြင့်မြတ်ခုံရုံးက သူ့လောက်အားကောင်းတဲ့ ဘယ်တည်ရှိမှုကိုမှ မွေးထုတ်မပေးနိုင်သေးဘူး”
ကျန်းရှန်း၀မ်၏ တောင့်တနေသောအကြည့်က ကုအန်ကို အံ့အားသင့်သွားစေခဲ့သည်။
အမတဘုရင်သည် အမတမင်းဆက်၏ တည်ထောင်သူ ဖြစ်နေခဲ့၏။
ဤသို့သာဆိုလျှင် သူတို့သည် အဘယ်ကြောင့် အမတဘုရင်သရဖူနောက် မလိုက်ခဲ့ကြသနည်း။
အမတဘုရင်သရဖူသည် အသက်စွမ်းအားကို စုပ်ယူခြင်းကြောင့်ပေလော။
ကုအန်တွေးနေရင်း ရုတ်တရက် အမတဘုရင်သရဖူတွင် လျှို့ဝှက်ချက်များ ရှိနေနိုင်သေးသည်ဟု တွေးနေခဲ့သည်။
သေချာတွေးကြည့်ပါက အမတဘုရင်သရဖူသည် အတော်လေးအားနည်းနေခဲ့ပြီး မဟာယနအဆင့်ဝိညာဉ်များကိုပင် ပြီးပြည့်စုံအောင် ဖိနှိပ်မထားနိုင်ခဲ့ပေ။ နှစ်ပေါင်းများစွာအတွင်း အမတဘုရင်သရဖူ၌ ပြောင်းလဲမှုများစွာကြုံခဲ့ရသည့်ပုံပင်။
တခဏအကြာတွင်
ကျန်းရှန်း၀မ် ပြောနေသည်ကို ရပ်လိုက်ေသာအခါ ကုအန်အသက်ပြင်းပြင်းတစ်ချက်ရှူကာ မေးလိုက်သည်။
“တာအိုမိတ်ဆွေ အဓိပတိဂိုဏ်းကို ကျွန်ဝောာ့်ကြောင့်လာတာတော့ မဟုတ်ေလာက်ဘူးမလား”
ဆရာသခင်ဓားအရှင်ကို ထပ်ဆွယ်ဖို့ပေလော။
သို့သော် ဆရာသခင်ဓားအရှင်ကလည်း ငြင်းပြီးသား ဖြစ်သည်။
ကျန်းရှန်း၀မ်ပြုံးလိုက်ကာ သူ့အကြည့်က ပြတင်းပေါက်ဆီရောက်သွားပြီး ပြောလိုက်၏။
“ဘယ်ဟုတ်မလဲ ဒါပေမယ့် ငါ့ရည်ရွယ်ချက်ကိုလည်း အချိန်တစ်ခုထိ မင်းကိုပြောမပြနိုင်ဘူး”
ကုအန်တစ်ခုခုကိုတွေးလိုက်မိပုံဖြင့် သူ့နတ်အတွေးက ပင်လယ်ချိုးဖျက်နယ်မြေတစ်ခုလုံးကို ဖုံးအုပ်သွားခဲ့လေသည်။
ထိုအခါ အခြား ကုန်းမြေတိုက်ကြီးများနှင့် သမုဒ္ဒရာများတွင် အမတမင်းဆက်မှ အမတများက သူတို့ချီကံကြမ္မာများကို နက်နက်ရှိုင်းရှိုင်း လာရောက်မြှပ်နှံထားခဲ့ကြသည်ကို တွေ့လိုက်ရ၏။ သူတို့လှုပ်ရှားမှုများက နတ်အတွေးအစစ်အမှန်အမတတစ်ပါး၏ နတ်အတွေးအောက်မှတော့ မလွတ်မြောက်နိုင်ခဲ့ပေ။
သူ့နတ်အတွေးကိုဆက်ဖြန့်ပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို ခြုံ၍ ကြည့်လိုက်သောအခါ အခြားနယ်မြေများတွင်လည်း အမတမင်းဆက်မှ အမတများက ထိုကဲ့သို့သာ လုပ်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့ချီကံကြမ္မာများက စကြာ၀ဠာထဲမှ ကြယ်များကို များပြားလွန်းလှသည်။
အမတမင်းဆက်သည် ဘယ်အရာကို စီစဉ်နေပါသနည်း။
တွေးနေရင်း ကုအန်ပြန်ပြောလိုက်၏။
“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ ဒါပေမယ့် ကျွန်တော်အဓိပတိဂိုဏ်းကို မစွန့်ပစ်နိုင်ပါဘူး တောင်းပန်ပါတယ်”
ကျန်းရှန်း၀မ်ကုအန်ဘက်လှည့်ကာ ပြုံးလိုက်ပြီး
“မလောပါနဲ့ မင်းမှာဆုံးဖြတ်စရာအချိန်ကျန်ပါသေးတယ် ငါအဓိပတိဂိုဏ်းမှာနှစ်နည်းနည်းလောက် နေဖြစ်ဦးမှာ”
ကုအန်ခေါင်းညိတ်ပြလိုက်ရာ ကျန်းရှန်း၀မ် စကားဝိုင်းအကြောင်းအရာကိုပြောင်းလိုက်ပြီး သူတို့နှစ်ယောက် စတင်သောက်ခဲ့ကြ၏။
ရုတ်တရက် ပြတင်းပေါက်အပြင်ဘက်ရှ်ိလေက ပိုမိုအားကောင်းလာခဲ့ပြီး ပြတင်းပေါက်ဘောင်ပေါ်ရှိ မြက်ပင်များပင် လှုပ်ယမ်းသွားခဲ့ကြသည်။
ကျန်းရှန်း၀မ် ရောက်ရှိလာမှုက အဓိပတိဂိုဏ်းအပေါ် ဘာသက်ရောက်မှုမှမရှိခဲ့ဘဲ ဂိုဏ်းက ငြိမ်းချမ်းနေဆဲသာ ဖြစ်၏။ သို့သော် ထိုအရာက အပေါ်ယံသာဖြစ်ပြီး ဂိုဏ်းသားတစ်ယောက်ချင်းစီတိုင်း၏ ကိုယ်ပိုင်အခက်အခဲများကတော့ ရှိနေဆဲသာ။
ခုနှစ်ရက်ကြာသောအခါ
ကုအန် အန်းရှင်းကို သေမျိုးတောင်ထွတ်ကမ္ဘာဆီခေါ်သွားခဲ့ပြီး တောင်ပေါ်ရှိဆေးပင်များကို ခူးနေခဲ့သည်။
လမ်းတွင် ကုအန် ရှုရှီနှင့်လည်း တွေ့ခဲ့၏။ အပြန်အလှန် လေးစားမှုပေးခဲ့ကြပြီးသည့်နောက် ရှုရှီနှင့်အန်းရှင်းသည် ပေါင်းမိသွားခဲ့ကာ ယခုတော့ ကုအန်ဘေးတွင် တီးတိုးစကားပြောနေခဲ့ကြသည်။
ရှုရှီသည် တစ်ခါက ကုအန်ကိုကူညီကာ လုလင်ကျွမ်းကို အဖော်လုပ်ပေးခဲ့ဖူးသောကြောင့် ကုအန် သူမကိုတစ်ခါတရံ ကျင့်ကြံခြင်းတွင် ထောက်ပြတတ်၏။ ဤနှစ်များအတွင်းတွင်လည်း သူမနှင့်အန်းရှင်းက ပိုမိုရင်းနှီးလာခဲ့ကြသည်။
တခဏစကားပြောပြီးနောက် ကုအန် ရုတ်တရက်ပြောလိုက်၏။
“ရှုရှီ အန်းရှင်းကိုခေါ်ပြီး စိတ်ဝိညာဉ်အရှင်လုကိုသွားရှာလိုက်ဦး သူမရောက်နေပြန်ပြီ အရင်လိုပဲ ကူညီပေးလိုက်”
စိတ်ဝိညာဉ်အရှင်လုလား!
အန်းရှင်း၏ မျက်နှာဖုံးအောက်မှ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီးနောက်တွင် သူမကုအန်ပို့လိုက်သော သတင်းစကားကိုကြားလိုက်ရပြီး သူ့အမူအရာထူးဆန်းသွားခဲ့သည်။
သူတစ်ခုခုကိုတွေးလိုက်မိဟန်ဖြင့် စိတ်လှုပ်ရှားလာခဲ့၏။
ထို့နောက် အမျိုးသမီးနှစ်ယောက်သည် ဆွေးနွေးခြင်းတောင်ထွတ်သို့ ထွက်ခွာသွားခဲ့ကြသည်။
ကုအန်ဦးတည်ချက်မဲ့စွာ တစ်ယောက်တည်းလျှောက်သွားနေပြီး တစ်ခါတရံလမ်းတွင်တွေ့သော တပည့်များနှင့် စကားပြောနေခဲ့သည်။
အမတမင်းဆက်သည် သေမျိုးတောင်ထွတ်ကမ္ဘာတွင်လည်း အမတမင်းဆက် ချီကံကြမ္မာအရိပ်အယောင်တစ်စွန်းတစ်စမှမပေါ်စေဘဲ ဆွေးနွေးခြင်းတောင်ထွတ်၌ သူတို့ချီကံကြမ္မာကို ဝှက်ထားခဲ့ကြ၏။ ထိုတည်ရှိမှုကို သေမျိုးတောင်ထွတ်ကမ္ဘာမှ ဘယ်သူမှ သတိမထားမိခဲ့ကြပေ။
ကုအန် ၀င်ပါဖို့ စိတ်ကူးမရှိပေ။ အမတမင်းဆက်သည် မြင့်မြတ်ခုံရုံးကို တိုက်ခိုက်ဖို့ တစ်ခုခုစီစဉ်နေတာသေချာပြီး သူထိုကဲ့သို့သော ကိစ္စမျိုးထဲ ၀င်ပါ၍ မဖြစ်ပေ။
အမတမင်းဆက်သည် သူတို့အမတများကို ဂိုဏ်းတစ်ဂိုဏ်းချင်းဆီတိုင်းသို့ လွှတ်ထားချိန်တွင် ဂိုဏ်းအသီးသီးကိုလည်း သူတို့အမတမင်းဆက်ဆီ ဖိတ်ခေါ်နေခဲ့ကြ၏။ သူတို့ ဘာကိုတွက်ချက်နေပါသနည်း။
အမတမင်းဆက်သည် ကမ္ဘာကြီးကို ဖျက်ဆီးချင်နေသည်ဟု ကုအန်ပို၍ခံစားလာခဲ့ရသည်။ သို့သော် သူ့အမြင်တွင်တော့ အမတမင်းဆက်က ဘယ်လိုမှ မြင့်မြတ်ခုံရုံး၏ပြိုင်ဘက်မဖြစ်နိုင်ခဲ့ပေ။
အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။
ညနေချိန်တွင် အန်းရှင်းပြန်လာခဲ့ပြီး ကုအန်သူမကို အဓိပတိဂိုဏ်းဆီ ပြန်ခေါ်သွားခဲ့သည်။
ဆရာတပည့်နှစ်ယောက်တောအုပ်ထဲတွင် လမ်းလျှောက်နေကြရင်း အန်းရှင်း သူ့မျက်နှာဖုံးကိုချွတ်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ဆရာ ကျွန်မရုတ်တရက် တစ်ယောက်ယောက်ရဲ့ သရုပ်မှန်ကိုဖုံးကွယ်ထားရတဲ့ ခံစားချက်ကို နားလည်သွားတယ် စီနီယာလုက ကျွန်မကိုမမှတ်မိဘူး သူကကျွန်မကို စီနီယာတစ်ယောက်လို့တောင် အထင်မှားနေသေးတယ်”
အတိတ်တုန်းက သူမသည် လုလင်ကျွမ်းကို အလွန်လေးစားခဲ့ရပြီး ယခုလ်ိုအခြေအနေများက ပြောင်းပြန်ဖြစ်သွားမည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။
သူရုတ်တရက် သူ့ဆရာက အဘယ်ကြောင့် သူ့သရုပ်မှန်ကိုဖုံးကွယ်ပြီးသာ အသိအကျွမ်းများ တပည့်များကို ကူညီရသလဲဆိုတာကိုနားလည်သွားခဲ့သည်။ ထိုခံစားချက်က တကယ့်ကို အံ့ဖွယ်ပင်။
“ဆရာ စီနီယာလုသာ ဆရာ့သရုပ်မှန်ကိုသိသွားရင် သူနောင်တရမှာ သေချာတယ် နောက်ဆုံးတော့ သူဒီနှစ်တွေမှာ အပြင်တွေလျှောက်သွားရင်း ဆရာနဲ့ ပိုပ်ုဝေးကွာသွားတယ်လေ တတိယတောင်ကြားမှာဆိုရင် သူကဆရာနဲ့ အတူလေ့ကျင့်ဖော်လေ့ကျင့်ဖက်လုပ်လို့တောင်ရတယ် သေမျိုးတောင်ထွတ်ကမ္ဘာမှာတော့ သူက ဆရာ့ကိုတွေ့ဖို့တောင် အရည်အချင်းမပြည့်မီဘူး”
ပြောနေရင်း အန်းရှင်း ခံစားသွားရပြီး စိတ်ထဲတွင်လည်း ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ယနေ့လုလင်ကျွမ်းကိုတွေ့ခဲ့ပြီးနောက် သူမဘယ်လောက်ကံကောင်းခဲ့လဲဆိုတာကို နားလည်သွားခဲ့ရသည်။
လုလင်ကျွမ်းနှင့်ယှဉ်ပါက သူမသည် အများကြီးမစတေးခဲ့ရဘဲ လုလင်ကျွမ်း အိပ်မက်ပင်မမက်ဝံ့သော အရာကို ရရှိခဲ့၏။
“ထပ်မတွေးနဲ့တော့ မင်းဆရာက အေးအေးဆေးဆေးပဲကျင့်ကြံချင်တာ ကိစ္စတွေအများကြီးမှာ ၀င်ပါပြီး ပြဿနာတွေမဖြစ်ချင်ဘူး မင်းရောပဲ ဘယ်လောက်ပဲအောင်မြင်မှုတွေ ရရှ်ိပါစေ နှိမ့်ချတတ်တဲ့နှလုံးသားကို မပျောက်ဆုံးစေနဲ့” ကုအန် သာမန်အတိုင်း ပြောလိုက်သည်။
အန်းရှင်း ခေါင်းညိတ်ပြလိုက်၏။
“ကျွန်မနားလည်ပါပြီ ဆရာ ဆရာက စီနီယာလုကို ဂရုစိုက်မှတော့ သူ့အနာဂတ်အောင်မြင်မှုက ကြီးမားနေမှာ သေချာတယ် ကျွန်မက ဒီတိုင်းရွေးချယ်မှုတွေက မတူညီတဲ့လမ်းစဉ်တွေကို ဦးတည်သွားစေတယ်ဆိုတာ တွေးမိရုံပါ”
“စကားမစပ်ဆရာ ပင်လယ်ဗုဒ္ဓဂိုဏ်းက စွမ်းအားကြီးလား သေမျိုးတောင်ထွတ်ကမ္ဘာနဲ့ယှဉ်ရင် ဘယ်ဟာက ပိုစွမ်းအားကြီးလဲ အဲ့ဒီအဆင့်မြင့်ဘုန်းကြီးတွေက အရမ်းသန်မာကြပုံပဲ သူတို့တည်ရှိမှုက ရှန်ရှင်းကျိထက်တောင် သန်မာကြတယ် သူတို့သေမျိုးတောင်ထွတ်ကမ္ဘာမှာ ဘာလာလုပ်ကြတာလဲ သိချင်မိတယ် …”
သူမအဆုံးမဲ့စွာ စတင်ပြောလေတော့သည်။ တကယ်တော့ သူမအဖြေကိုသိချင်၍ ပြောနေခြင်းမဟုတ်ဘဲ သူမခံစားချက်များကိုထုတ်ပြချင်နေရုံသာ ဖြစ်သည်။
ကုအန် သူမပြောနေသည်များကိုသာ နားထောင်နေခဲ့ပြီး ဘာမှဆက်မပြောခဲ့ပေ။
တကယ်တော့ သူလည်း တစ်မျိုးတစ်မည် ခံစားနေရခြင်းသာ ဖြစ်၏။ သူ့ခံစားချက်ကတော့ မတူညီသော အဆင့်များကြောင့် မတူညီသော ကမ္ဘာများဖြစ်သွားကြသည့်အကြောင်းသာ ဖြစ်သည်။
လုလင်ကျွမ်းက သူ့လမ်းစဉ်ကို ခက်ခဲကြမ်းတမ်းစွာလျှောက်လှမ်းခဲ့ရသော်လည်း အန်းရှင်းကတော့ သူ့ကာကွယ်ပေးမှုအောက်တွင် အပူအပင်ကင်းနေခဲ့သည်။ သူတို့နှစ်ယောက်သည် ကိုယ့်ဘ၀နှင့်ကိုယ် ရှင်သန်နေကြခြင်းဖြစ်သော်လည်း ကမ္ဘာပေါ်တွင် ကပ်ဘေးကြီးတစ်ခုဖြစ်လာတော့မှာကိုတော့ မသိခဲ့ကြပေ။
အမတမင်းဆက်နှင့်မြင့်မြတ်ခုံရုံးသာ စစ်ခင်းကြလျှင် ထိုစစ်ပွဲက ကမ္ဘာတစ်ခုလုံးအပေါ်သက်ရောက်မှုရှိစေမှာ သေချာပေသည်။
ထိုဧရာမအင်အားစုကြီးနှစ်ခုရှေ့တွင် သက်ရှိများဧ။် အသက်များက အသေးအမွှားေလးများးဖြစ်ကုန်ကြပေလိမ့်မည်။
“မင်းကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ လုလင်ကျွမ်းက မင်းအတွက်ကြိုးစားလ်ုက်ရမယ့် ပန်းတိုင်တစ်ခုဖြစ်နေတုန်းပဲ” ကုအန်ရှေ့ကိုကြည့်နေရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါဆရာ ကျွန်မကြိုးစားပါ့မယ် ဆရာပြသခဲ့တဲ့ နှစ်သက်မှုကို စိတ်မပျက်စေရပါဘူးဆရာ!”
အန်းရှင်း ပြတ်ပြတ်သားသားပြောလိုက်ပြီး သူမမျက်လုံးထဲ ဆုံးဖြတ်ချက်ပြတ်သားမှုများဖြင့် ပြည့်နေခဲ့၏။
ကောင်းကင်ပြာကြီးအောက်တွင်
မြင့်မားလွန်းသော တောင်တန်းကြီးများက ထည်ဝါစွာတည်ရှ်ိနေပြီး လေညင်းများတိုက်ခတ်နေကာ ကျေးငှက်များက တွန်ကျူးနေခဲ့ကြသည်။
အပြာရောင်နှင့်အဖြူေရာင် ရောေနေသာ ၀တ်စုံကို၀တ်ဆင်ထားသော အန်းဟောင် တောင်တစ်၀က်တွင်ရပ်နေရင်း တောင်ထိပ်ရှ်ိ ပုံရိပ်ကို မော့ကြည့်နေခဲ့၏။ ထိုပုံရိပ်သည် အရပ်မြင့်မားပြီး သူ့တစ်ကိုယ်လုံးမှ အနီရောင်တောက်တောက်အလင်းများ ထွက်နေခဲ့သည်။ သေချာကြည့်ပါက ထိုအလင်းများက အနီရောင်မီးတောက်များ ဖြစ်မှန်း တွေ့နိုင်၏။
ထိုလူ၏ အ၀တ်အစားများကလည်း တန်ဖိုးကြိးအ၀တ်အစားများ ဖြစ်သောကြောင့် သူ့ပုံစံက အဆင့်အတန်းမြင့်သူ တစ်ယောက်ပုံပေါက်နေခဲ့သည်။
သူအန်းဟောင်ကို ငုံ့ကြည့်ကာ ပြောလိုက်၏။
“မွေးရာပါ များပြားလွန်းတဲ့ချီကံကြမ္မာတွေ မင်းဘ၀တစ်ခုလုံးကနေ တော်၀င်အရှိန်အဝါတွေ ထုတ်လွှတ်နေတယ် အမတမင်းဆက်နဲ့ပူးပေါင်းပါ မင်းကငါတို့နဲ့ ကံကြမ္မာပါလာတယ်”
အန်းဟောင်မျက်လုံးများ မှေးကျဉ်းသွားပြီး တုန့်ပြန်လိုက်သည်။
“အမတမင်းဆက်လား ကိုယ့်ကိုကိုယ်အမတတွေလို့ သတ်မှတ်ထားတာက အဝောာ်လေး မောက်မာတာပဲ”
သူ့လည်ပင်းကိုတစ်ချက်ချိုးလိုက်ရာ သူ့ကိုယ်မှလည်း မီးတောက်များ ထွက်ပေါ်လာခဲ့၏။
ကမ္ဘာဦးမီးတောက်ရတနာခန္ဓာ!
သူ့အရှိန်အဝါ ထွက်ပေါ်လာရာ သူ့အောက်ရှိ တောင်ကွဲကြေသွားပြီး ဖုန်မှုန့်များ ထိုးတက်လာပြီး ကျောက်တုံးများကလည်း ဖရိုဖရဲနှင့် လေထဲတွင် ပျံသန်းနေခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်သောအခါ တောင်ထိပ်ရှိလူ
ပြုံးလိုက်ပြီး သူ့မျက်လုံးထဲ အသိအမှတ်ပြုမှုများဖြင့် တောက်ပသွားခဲ့သည်။
“မင်းက မင့်ရဲ့တကယ့်ခန္ဓာကို မထုတ်ဖော်နိုင်သေးတဲ့ပုံပဲ” အနီရောင်တောက်နေသည့်လူ ပြောလိုက်သည်။
“ဘာကိုဆိုလိုတာလဲ” အန်းဟောင် မေးလိုက်၏။ တစ်ဖက်လူဆီမှ ရန်လိုသည့်အပြုအမူကိုမခံစားမိသောကြောင့် သူအလောတကြီးတိုက်ခိုက်စရာ မလိုခဲ့ပေ။
“မင်းက ကမ္ဘာဦးမီးတောက်ရတနာခန္ဓာကို ကျင့်ကြံနိုင်တယ်ဆိုကတည်းက မင်းရဲ့မွေးရာပါခန္ဓာက အရမ်းသန်မာနေတယ်လို့ ဆိုလိုနေတယ် မင်းမှာ ရှေးဟောင်းရတနာခန္ဓာကို ကျော်လွန်နေတဲ့ ခန္ဓာမျိုးပိုင်ဆိုင်ထားတယ် ကံဆိုးတာက ဘယ်သူမှ မင်းကိုအဲ့ဒီအရာကိုထုတ်ဖော်ဖို့ မကူညီခဲ့ကြဘူး အမတမင်းဆက်ကို ၀င်ပါ ဒီလိုချီကံကြမ္မာမျိုးနဲ့ဆို မင်းက ကောင်းကင်ရဲ့သားတော်ပဲ အမတမင်းဆက်ကသာ မင်းကိုကြီးပြင်းလာဖို့ ကူညီပေးနိုင်လိမ့်မယ်”
အနီရောင်တောက်နေသည့်လူ ခဏရပ်လိုက်ကာ ဆက်ပြောလိုက်သည်။
“အမတမင်းဆက်မှာ ငါတို့မြို့သားတွေက နိဗာနအဆင့်နဲ့ မွေးဖွားလာကြတယ် ငါတို့ဧကရာဇ်က အမတလမ်းစဉ် ၈ ဆင့်မြောက်ကို ရောက်နေခဲ့ပြီ ဘာလို့မင်းပါရမီက အရမ်းအားကောင်းနေရသလဲဆိုတာ မင်းမသိချင်ဘူးလား မင်းက အမတစိတ်ဝိညာဉ်တစ်ခုအဖြစ်မွေးဖွားလာတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ဘာလို့ငါတို့နဲ့ပူးပေါင်းပြီး အမတအစစ်တစ်ပါးဖြစ်လာအောင် မကြိုးစားရမှာလဲ”
အန်းဟောင်နားထောင်နေရင်း သူ့အမူအရာက ပြောင်းလဲနေခဲ့သည်။
နိဗာနအဆင့်နဲ့ မွေးဖွားခြင်းလား!
အမတလမ်းစဉ် ၈ ဆင့်မြောက် အဆင့်တဲ့လား!
အန်းဟောင် ပင်လယ်ပြင်တွင်လျှောက်သွားရင်း ထိုကဲ့သို့သော အားကောင်းသည့်အင်အားစုမျိုးကို ပထမဆုံးအကြိမ်အနေနှင့် တွေ့ခဲ့ရခြင်း ဖြစ်၏။
သူအမတမင်းဆက်ကိုစိတ်၀င်စားလာခဲ့သော်လည်း တစ်ဖက်လူစကားကို အလွယ်တကူတော့ မယုံကြည်ခဲ့ပေ။
“တကယ်လို့ အမတမင်းဆက်တကယ်ပဲ အရမ်းသန်မာရင် ကျွန်တော်၀င်ချင်ပါတယ် ဒါပေမယ့် အဲ့ဒီမတိုင်ခင် ခင်ဗျားကျွန်တော့်ကို အရင်အနိုင်ယူပြရမယ်”
အန်းဟောင် ခုန်တက်လိုက်ပြီး ကောင်းကင်တွင်ပျံသန်းနေရင်း သူ့ကိုယ်မှ မီးတောက်များက သိပ်သည်းလာကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် နေလုံးကြီးတစ်လုံးထွန်းလင်းလာသလို တောက်ပသွားခဲ့လေသည်။
အနီရောင်တောက်နေသည့်လူ ပြုံးလိုက်ပြီး မော့ကြည့်ကာ ပြောလိုက်၏။
“ဒါဆိုရင်လည်း မင်း အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား”
အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတလား!
အန်းဟောင်အလိုလိုမျက်မှောင်ကြုံ့လိုက်မိပြီး သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
နှစ်တစ်နှစ်က ကုန်ဆုံးသွားဖို့ နီးကပ်လာခဲ့၏။
ကုအန် ရှန်းကျန်နှင့် အိမ်ထဲတွင် ပန်းချီအကြောင်းဆွေးနွေးနေခဲ့ကြသည်။ ထိုစဉ် သူရုတ်တရက်စိတ်၀င်စားမှုပျောက်ဆုံးသွားခဲ့ပြီး ရှန်းကျန်ကို အာရုံစိုက်နေချင်ယောင်ဆောင်ကာ သူ့နတ်အတွေးဖြင့် သူ့အသိအကျွမ်းဟောင်းများ ဘာလုပ်နေသလဲဆိုတာ လိုက်ရှာကြည့်နေခဲ့၏။
လီယသည် သုံးပါးတစ်ဆူတောင်တွင်သာ ရှိနေသေးပြီး ညဏ်အလင်းပွင့်မှုကို ရှာဖွေနေကာ နတ်သိုင်းအချို့ကို ကျင့်ကြံနေခဲ့သည်။
ကျန်းချောင်ကတော့ အခြားဂိုဏ်းများ၏ စီနီယာအဖွဲ့၀င်များနှင့် တင်းမာစွာ ညှိနှိုင်းနေခဲ့၏။
ဝူကျဲကတော့ မိစ္ဆာနယ်မြေတွင် လေ့ကျင့်နေရင်း သူနှင့်အတူ အမျိုးသမီးအဖော်တစ်ယောက်လည်း ပါနေခဲ့သည်။ ကြည့်နေရင်း ထိုနှစ်ယောက် တစ်တီတူးရန် ပြင်ဆင်နေကြသောကြောင့် ကုအန် အံ့အားသင့်သွားပြီး သူ့နတ်အတွေးကို အမြန်ရုတ်လိုက်ရသည်။
“နေ့ခင်းကြောင်တောင်ကြီး မြက်ခင်းကို ဖျာလိုသုံးပြီးတော့…ဒီကောင် မထင်ထားလောက်အောင် ရဲတင်းတာပဲ”
ကုအန် ကြိတ်၍ မှတ်ချက်ပြုလိုက်ပြီး အခြားသူများကို ဆက်ကြည့်လိုက်၏။
ရီလန်နှင့်ကျန်းချင်သည် ဂိုဏ်းခွဲထဲတွင် ဆန်းကြယ်သောအမှုတစ်ခုကိုစုံစမ်းနေကြပြီး အတော်လေး ဒုက္ခရောက်နေခဲ့ကြသည်။
နေပါဦး!
အန်းဟောင် ဘယ်မှာလဲ!
ကုအန် ချက်ချင်း အန်းဟောင် ချီနောက်လိုက်လိုက်ရာ ထိုကောင်လေးသည် ပင်လယ်ချိုးဖျက်နယ်မြေမှ ထွက်ခွာသွားကာ ကမ္ဘာမြေအဆုံးထိ ပျံသန်းနေသည်ကို တွေ့လိုက်ရ၏။
အန်းဟောင်နှင့်အတူ အံ့ဖွယ်ဓမ္မနယ်ပယ်နတ်အမတတစ်ပါးလည်း ပါလာခဲ့သည်။
ဟမ်!
အမတမင်းဆက်က အမတလား!
ကုအန် သူတို့စကားဝိုင်းကို ချောင်းနားထောင်လိုက်ပြီး မကြာခင် အန်းဟောင်က အမတမင်းဆက်ကို၀င်ချင်မှန်း သိသွားခဲ့၏။
သူရုတ်တရက် ကံကြမ္မာ၏စွမ်းအားကို ခံစားမိသွားခဲ့သည်။
ယန်ကျင်းသည် မြင့်မြတ်ခုံရုံးကိုပြန်သွားခဲ့ပြီး အန်းဟောင်ကတော့ အမတမင်းဆက်ဆီ ၀င်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် အရင်ကတည်းက ထျန်းပန်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ဖို့ သဘောတူထားကြသူများ ဖြစ်ကြ၏။ သူတို့နှစ်ယောက် ပြန်တွေ့သောအခါ အမှန်တကယ်ပင် တိုက်ပွဲကြီးတစ်ခု ဖြစ်လာနိုင်ပါသလော။
ကုအန် တွေးနေခဲ့ပြီး အန်းဟောင်ကို မတားခဲ့ပေ။
အမတမင်းဆက်တွင် စစ်ပွဲကိုအနိုင်ရရန် အခွင့်အရေးအနည်းငယ်သာ ရှ်ိမည်ဟု သူခံစားရသော်လည်း နှစ်ပေါင်းများစွာတည်ရှိလာသော အင်အားစုတစ်ခုဖြစ်သောကြောင့် နက်ရှိုင်းမှာတော့ သေချာပေသည်။
အကယ်၍ အန်းဟောင်သာ မ၀င်ချင်လျှင်လည်း သူ့ဆရာကို စိတ်ထဲမှ ခေါ်လိုက်၍ ရသေး၏။
တခဏအကြာတွင် ကုအန် နတ်အာရုံကို ရုတ်လိုက်သည်။
“လတ်တလော ငါပန်းချီဆွဲနေရင်း ငါဖမ်းဆုပ်ချင်တဲ့ မြင်ကွင်းတစ်ခုကို တွေးမိခဲ့တယ် ဒါပေမယ့် ငါဆွဲလိုက်ရင် ကောင်းကင်အမျက်ကို ဆွမိသွားမှာကိုလည်း ကြောက်နေတယ် ငါဆွဲသင့်လား” ရှန်းကျန် ရုတ်တရက်မေးလိုက်သည်။
ကုအန် ခေါင်းယမ်းလိုက်၏။
“မဆွဲနဲ့ ငါ့ကိုပဲပြောပြ”
ရှန်းကျန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ သူမအသံက ဆန်းကြယ်သွားခဲ့သည်။
“ငါပုံရိပ်နှစ်ခု ရင်ဆိုင်နေကြတဲ့ မြင်ကွင်းကို မြင်ခဲ့တာ တစ်ယောက်က နေမင်းကြီးတစ်စင်းလိုပဲ တစ်ယောက်ကတော့ ကောင်းကင်အောက်ကအရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့သူလိုပဲ သူတို့က ကောင်းကောင်ကိုးဆင့်အထက်မှာ ရပ်နေခဲ့ကြတယ် ဓားသွားတွေက တစ်ခုနဲ့တစ်ခု ခတ်နေခဲ့ကြတယ်”
အပိုင်း(၃၅၈)
ယွမ်ရှု အမတဘိုးဘေး၊ ပြန်လည်မွေးဖွားခြင်းစတင်ခြင်း
ရှန်းကျန်စကားကိုကြားသောအခါ ကုအန် ရယ်မောလိုက်ကာ မေးလိုက်သည်။
“နင်ဘယ်လိုထင်လို့လဲ အဲ့တာက ဗျာဒိတ်တစ်ခုလား”
ရှန်းကျန် သူ့ကိုမျက်လုံးလှန်ကြည့်လိုက်ပြီး ပြောလိုက်၏။
“အဲ့တာက ဒီတိုင်းကြီးငါ့စိတ်ထဲမှာ ပေါ်လာတာပါ မြင်ကွင်းက ကြောက်စရာကောင်းလွန်းလို့ ငါပြန်တွေးမိတိုင်း ကြက်သီးထသွားရတုန်းပဲ အဲ့တာက ဗျာဒိတ်လား ဘာလားဆိုတာတော့ ငါလည်းမသေချာဘူး”
“တကယ်လို့ အနာဂတ်မှာ နင်တစ်ခုခုထပ်သိလာရရင်လည်း ငါ့ကိုထပ်ပြောပြ” ကုအန်ပြုံးကာ ဆက်ပြောလိုက်သည်။
“နင်မြင်ခဲ့တဲ့ပုံရိပ်နှစ်ခု ဘာဆက်ဖြစ်မလဲဆိုတာ ငါအတော်လေး စိတ်၀င်စားနေတယ်”
ကုအန် အန်းဟောင်နှင့်ယန်ကျင်းကို တွေးလိုက်မိသည်။ သို့သော် သူတို့ကျင့်ကြံခြင်းက ထိုမျှမမြင့်သေးပေ။ သူတို့နှစ်ယောက် အပြည့်အ၀ ကြီးပြင်းရန်မှာ အချိန်မည်မျှလိုမည်ကို မည်သူသိနိုင်ပါမည်နည်း။
ထိုအရာသည် အမတမင်းဆက်ဧကရာဇ် ယန်ရှန်းနှင့်
ရှန်ထျန်းပေလော။
ထိုအရာကလည်း မဖြစ်နိုင်ပေ။ ရှန်းကျန် တာအိုအဆင့်နှင့် အမတလမ်းစဉ် အဆင့် ၈ နှင့် အဆင့် ၉ ထိပ်တိုက်တွေ့မှုကို မည်သို့ ခန့်မှန်းနိုင်ပါမည်နည်း။
ရှန်းကျန် ခေါင်းညိတ်ပြလိုက်ကာ ရုတ်ချည်း စိတ်လှုပ်ရှားလာခဲ့သည်။
“ကုအန် ငါက ပြန်လည်မွေးဖွားလာတဲ့ အမတတစ်ပါးလို့ နင်ထင်လား ငါကအရမ်း တုနှိုင်းမဲ့နေတယ် ဒီကမ္ဘာမှာ ငါကလွဲ ဘယ်သူက ပန်းချီနဲ့စာရေးသားရင်း ညဏ်အလင်းပွင့်နိုင်မှာလဲ ငါက ကောင်းကင်ရဲ့လျှို့ဝှက်ချက်တွေကိုတောင် အရိပ်အမြွက်မြင်နေနိုင်သေးတယ်…”
ပြောလေလေ စိတ်လှုပ်ရှားလေလေဖြစ်လာပြီး သူမမျက်လုံးများပင် တောက်ပလာခဲ့သည်။ အဆုံးတွင်တော့ သူမထပင်ရပ်လိုက်ပြီး စားပွဲကို လက်ဖြင့် ရိုက်လိုက်လေသည်။
သူမ ထိုင်နေသော ကုအန်ကိုငုံ့ကြည့်လိုက်ကာ အသည်းအသန်မေးလိုက်၏။
“ကုအန် င့ါကိုနင့်၀တ္ထုထဲက အဓိကဇာတ်ကောင်အဖြစ်သတ်မှတ်လို့ ရပြီလို့ နင်ထင်လား”
ကုအန် မျက်နှာရှုံ့မဲ့သွားပြီး မေးလိုက်သည်။
“နင်အူကြောင်ကြောင်လုပ်ဖို့ ကြိုးစားနေတာလား”
ရှန်းကျန် ကုအန်ထံမှ ထိုကဲ့သို့ထူးဆန်းသော အသုံးအနှုန်းများကို ကြားရတတ်ပြီး ယခုအခါ သူမအဓိပ္ပာယ်ကို နားလည်နေပြီ ဖြစ်သည်။ ကုအန် အကြည့်ကြောင့် သူမပြန်ထိုင်လိုက်ပြီး သူမမျက်နှာပေါ် အပြုံးတစ်ပွင့်ပေါ်လာခဲ့၏။
ကုအန် သူမကိုဘာမှထပ်မပြောတော့ဘဲ သူ့စုတ်စံကိုကောက်ကိုင်ပြီးသာ စတင်ရေးသားလေတော့သည်။
ယခုနှစ်များအတွင်း သူသည် သူ့အချိန်အများစုကို ဆေးပင်များပေါ်တွင်သာ ကုန်ဆုံးတတ်ပြီး အချို့ ပျင်းရိချိန်များတွင်တော့ အပျင်းပြေ စာရေးတတ်၏။
အနာဂတ်တွင် တရုတ်ပြည်၏ ဂန္တ၀င်၀တ္ထုကြီး လေးအုပ်ထဲမှ နောက်သုံးအုပ်ကို အမတကျင့်ကြံခြင်းကမ္ဘာပုံစံမျိုးဖြင့် ထုတ်ဝေဖို့လည်း သူ့တွင် စိတ်ကူးရှိပေသည်။ [တရုတ်ဂန္တ၀င်၀တ္ထုကြီး လေးအုပ်က journey to the west(အနောက်အရပ်သို့ခရီးသွားမှတ်တမ်း)၊ romance of three kingdoms(သုံးပြည်ထောင်ပုံပြင်)၊ the water margin(မင်းပုန်းတောင်သိုင်းသမား) နဲ့ dream of the red chamber(ခန်းဆောင်နီအိပ်မက်) တို့ပါ]
ထိုအတွေးကြောင့် ကုအန်စိတ်ထဲ သူ့အရင်ကမ္ဘာကိုပင် သတိရလာမိသည်။
သူ့အရင်ဘ၀က ကမ္ဘာမြေသည် မည်သည့်နေရာတွင် ရှိနေပါသနည်း။
ဤဘ၀၌ သူ့တွင် မိဘများလည်းမရှိသလို မိသားစုလည်း မရှ်ိခဲ့ပေ။ ထို့ကြောင့် သူ့စိတ်ထဲ ဘာမှရှိမနေဘဲ သူဘယ်ကလာသလဲဆိုတာကိုပင် မသိဖြစ်နေခဲ့ရသည်။
ထိုအထီးကျန်မှုကြောင့်လည်း သူသည် သူ့ဘေးနားက လူများကို တန်ဖိုးထားနေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အချိန်တစ်ခုအထိ အခန်းက တိတ်ဆိတ်နေပြီး လူနှစ်ယောက်လုံးက အတွေးကိုယ်စီဖြင့် ငြိမ်သက်နေခဲ့ကြသည်။
…..
အမတမင်းဆက်၏ အမတများကို ကမ္ဘာအနှံ့ဖြန့်ကျက်ထားခဲ့ခြင်းက သေမျိုးကမ္ဘာတွင် မည်သည့် ဂယက်ထမှုမျိုးကိုမှ ဖြစ်မသွားစေခဲ့ပေ။ ဂိုဏ်းကြီးများက ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စမှ ရှာမေတွ့ခဲ့ကြပေ။
ဤသို့ဖြင့် နောက်ထပ် ၁၀ နှစ်ကုန်ဆုံးသွားခဲ့ပြန်၏။
ထိုနှစ် နွေရာသီတွင် ထျန်းယတောင်ကြားမှပြန်လာသော အသက် ၄၁၂နှစ်အရွယ် ကုအန် ကုလားထိုင်တွင်ထိုင်ကာ အပျင်းကြောဆန့်နေခဲ့သည်။
သူအစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းစာအုပ်ကို ထုတ်ရန် ပြင်လိုက်စဉ်တွင် တစ်ခုခုကိုအာရုံခံလိုက်မိပြီး ၀င်္ကပါအစီအရင်ကျမ်းစာအုပ်ကိုသာ အမြန်ထုတ်လိုက်၏။
မကြာခင်တွင် အခန်းအပြင်မှ ခြေသံများ ထွက်ပေါ်လာခဲ့လေသည်။
အခန်းတံခါးကိုတွန်းဖွင့်ကာ ယုယင်ယင်၀င်လာခဲ့၏။ သူမစားပွဲဆီရောက်လာပြီး စာအုပ်တစ်အုပ်ကိုစားပွဲပေါ်ပစ်ချလိုက်ကာ ကုအန်ကိုဒေါသမျက်၀န်းများဖြင့် ကြည့်နေရင်း ပြောလိုက်သည်။
“နင်ဘယ်လိုလုပ် ၀န်ကြီးချုပ်ကို သေအောင်ရေးရဲရတာလဲ”
လွန်ခဲ့သော ကိုးနှစ်က ကုအန် သုံးပြည်ထောင်ပုံပြင် စာအုပ်ကို အမတကျင့်ကြံခြင်းကမ္ဘာနောက်ခံဖြင့် ထုတ်ဝေခဲ့၏။ စာအုပ်ထဲမှ သူရဲကောင်းများ ပညာရှိများ စစ်သည်တော်များ အားလုံးက ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ထိုစာအုပ်က ထုတ်ဝေပြီး လပေါင်းအနည်းငယ်အကြာမှာပင် အမတကျင့်ကြံခြင်းကမ္ဘာကြီးတစ်ခုလုံးဆီ ပျံ့နှံ့သွားခဲ့၏။
အချိန်အတန်ကြာ တိတ်ဆိတ်နေခဲ့သော ဖန်းအန်သည် သူ့စာအုပ်အသစ်ဖြစ်သော သုံးပြည်ထောင်ပုံပြင်နှင့်အတူ ကျော်ကြားလာခဲ့ပြန်ပြီး သူ့ဂုဏ်သတင်းက ပင်လယ်ရပ်ခြားထိ ပျံ့နှံ့သွားခဲ့လေသည်။
မက်မွန်ဥယျာဉ်တွင် ကျမ်းကျိန်ခဲ့သော ညီအစ်ကိုသုံးယောက်အေကြာင်းသည် အမတကျင့်ကြံခြင်းကမ္ဘာေပါ်တွင် လှပသော ပုံပြင်လေးတစ်ပုဒ်ဖြစ်လာခဲ့ပြီး အမတကျင့်ကြံခြင်းကမ္ဘာ၌ သွေးသောက်ညီအစ်ကိုဖွဲ့ခြင်းက လူကြိုက်များသော အရာတစ်ခုပင် ဖြစ်လာခဲ့၏။ (Romance of three kingdoms မှာ လျူပေ့ ကွမ်ယု နဲ့ ကျန်းဖေး တို့သုံးယောက်က မက်မွန်ဥယျာဉ်ထဲမှ ကျမ်းကျိန်ခဲ့လို့ taoyuan oath brotherhood လို့ ကျော်ကြားပါတယ်)
မိစ္ဆာနတ်ဘုရား လွီပုက လျူကွမ်ကျန်း၏ မဟာအမတသုံးပါးကို တိုက်ခိုက်သည့် တိုက်ပွဲကလည်း လူကြိုက်များကာ ကျော်ကြားလာခဲ့သည်။
ယနေ့တွင် အဓိပတိဂိုဏ်းက သုံးပြည်ထောင်ပုံပြင်နောက်ဆုံးစာအုပ်ကို ထုတ်ဝေခဲ့ပြီး စာအုပ်ထဲတွင် ရှုအမတတိုင်းပြည်၏ ၀န်ကြီးချုပ် ကျူးကောလျန်က ကြယ်ခုနှစ်လုံးမီးအိမ်ကျရှုံးမှုကြောင့် သေဆုံးသွားခဲ့ရကြောင်း ပါ၏။
ယုယင်ယင်ထိုနောက်ဆုံးစာအုပ်ကိုဖတ်ကာ အလွန်၀မ်းနည်းသွားခဲ့ပြီး ကျူးကောလျန်သေဆုံးမှုက သူမကို ကြေကွဲသွားစေခဲ့သည်။ ယခုအခါ ကျူးကောလျန်သေဆုံးမှုကြောင့် သူမ သုံးပြည်ထောင်ပုံပြင်စာအုပ်တစ်အုပ်လုံးအပေါ် စိတ်၀င်စားမှု ပျောက်ဆုံးသွားခဲ့ရပြီး ဒေါသကြောင့် ကုအန်ကိုလည်း ထုရိုက်ပစ်ချင်နေခဲ့၏။
ကုအန် အကူအညီမဲ့စွာ တုန့်ပြန်လိုက်သည်။
“နောင်တေတွဆိုတာ အမြဲရှ်ိတယ်မဟုတ်လား အခုပဲသေသေ နောက်ပဲသေသေ အားလုံးကနောက်ဆုံးတော့ သေရမှာပဲလေ”
“အဲ့တာက မတူဘူး သူကကျူးကောလျန်ဟဲ့ ကံကြမ္မာကိုတောင်တွက်ချက်နိုင်တဲ့သူ ကောင်းကင်နဲ့မြေပြင်စွမ်းအားကိုသုံးပြီး ရှစ်ထောင့်ချွန်အစီအရင်ကို ခင်းကျင်းနိုင်တဲ့သူ သူ့ငှက်မွှေးယပ်တောင်တစ်ချက်ယမ်းလိုက်တာနဲ့ ကမ္ဘာတစ်ထောင်ကို ဖြတ်သန်းတိုက်ခတ်သွားတဲ့ အရှေ့လေကို ဆင့်ခေါ်နိုင်တဲ့သူ” သူမပြောနေရင်း ပိုပိုပြီး ဒေါသမီးတောက်လာကာ ကုအန် စားပွဲတွင်ပတ်လျှောက်နေရင်း ကုအန်ကိုယ်ပေါ်ပါ လက်တင်ဖို့ လုပ်လိုက်သည်။
ကုအန် အမြန်မတ်တပ်ထရပ်လိုက်ပြီး သူမလက်သည်းများကို ရှောင်ဖို့ ကြိုးစားလိုက်၏။
သူတို့နှစ်ယောက် အခြေအတင်ဖြစ်နေရင်း ကုအန် လှေကားအောက်သို့ ပြေးဆင်းသွားခဲ့လေသည်။
ထိုအခါ လှေကားနှင့်မလှမ်းမကမ်းတွင်လည်း ကုယူနှင့်ကျိုးလင် အလောတကြီးရောက်လာကြသည်ကို တွေ့လိုက်ရ၏။ သူတို့၏ ဒေါသမျက်နှာများကိုမြင်သောအခါ ကုအန် မကောင်းတော့ဘူးဟုရေရွတ်လိုက်ပြီး ကျိရှောင်ယု အခန်းထဲ အမြန်ပြေး၀င်သွားခဲ့လေသည်။
ကျိရှောင်ယုသည် ပါရမီရှင်တစ်ယောက်အဖြစ် ဂုဏ်သတင်းကြီးသူဖြစ်ကာ သူမနောက်တွင်လည်း ကျိမိသားစုနောက်ခံရှိနေသောကြောင့် ယုယင်ယင် ကျိုးလင်နှင့် ကုယူ တို့သူမအခန်းထဲကိုတော့ လက်လွတ်စပယ်မ၀င်ရဲကြပေ။
အခန်းထဲတွင်
ကျိရှောင်ယု ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ တရားထိုင်နေရင်း ကုအန်ကို စိတ်၀င်တစားကြည့်နေခဲ့၏။
“ကျူးကောလျန်က ဘယ်သူလဲ အစ်ကိုနောက်ထပ်စာအုပ်တစ်အုပ်ရေးပြီးပြီလား”
သူမသည် မကြာခဏဆိုသလို တံခါးပိတ်ကျင့်ကြံတတ်သောကြောင့် စာဖတ်ဖို့ အချိန်မရှိခဲ့ပေ။
ကုအန် သူမချောင်းနားထောင်နေသည်ကို စိတ်မရှိဘဲ ဖြေလိုက်သည်။
“ဟုတ်တယ် အစ်ကိုတစ်အုပ်ရေးထားတယ် ဘယ်လိုလုပ် လူတွေက စာအုပ်ထဲကအကြောင်းအရာကြောင့် စာရေးဆရာကို ပြဿနာရှာချင်ကြတာလဲ ရိုင်းစိုင်းလိုက်တဲ့လူတွေ”
“ညီမလေး တစ်ချက်ကြည့်လို့ရမလား” ကျိရှောင်ယု စိတ်၀င်စားသွားပြီး ကုတင်ပေါ်မှ ချက်ချင်းဆင်းလာခဲ့၏။
ကုအန်လည်း ခေါင်းညိတ်ပြလိုက်ပြီး စားပွဲဆီချဉ်းကပ်သွားခဲ့သည်။ ထို့နောက် ညာလက်ကိုတစ်ချက်ဝေ့ယမ်းလိုက်ရာ စားပွဲပေါ်တွင် စာအုပ်အထပ်လိုက်ကြီး ပေါ်လာခဲ့၏။
ကျိရှောင်ယုလည်း စားပွဲတွင် ထိုင်ချလိုက်ပြီး စာအုပ်များကို စတင်လှန်လှောလေတော့သည်။
ကုအန် အခန်းထဲလျှောက်ကြည့်နေရင်း အမွှေးနံ့သင်းသင်းလေးကို ခံစားမိနေခဲ့၏။
ထိုအမွှေးနံ့အတိုင်း လိုက်သွားလိုက်ရာ သူ့အကြည့်က ကျိရှောင်ယု အိပ်ယာပေါ်မှ လက်ကိုင်ပုဝါဆီ ရောက်သွားခဲ့သည်။ အမွှေးနံ့က ထိုလက်ကိုင်ပုဝါဆီမှ ထွက်လာနေခြင်းဖြစ်၏။
အာ!
ဤအရာသည် အမှန်တကယ်ပင် အထွတ်အထိပ်အမတရတနာတစ်ခု ဖြစ်နေခဲ့သည်။
ကုအန် အရင်ကနတ်အာရုံသုံးကာ ရှာဖွေခဲ့ဖူးသော်လည်း ဤရတနာကို အာရုံမခံမိခဲ့ပေ။
ဤအထွတ်အထိပ်အမတရတနာသည် မည်သည့်နေရာမှ ရောက်လာခဲ့ပါသနည်း။
ဤလက်ကိုင်ပုဝါထဲရှိ စည်းက ကျိရှောင်ယု၏အရှိန်အဝါနှင့် ဆင်တူနေပြီး အခုမှ သခင်အဖြစ်အသိအမှတ်ပြုထားပုံလည်း ပေါ်မနေခဲ့ပေ။
ဤအထွတ်အထိပ်အမတရတနာသည် သူမအရင်ဘ၀က သန့်စင်ခဲ့သော ရတနာတစ်ခုပေလော။
ဤသို့ဆိုလျှင် ကျိရှောင်ယု၏အတိတ်ဘ၀သည် အနည်းဆုံးတော့ ကောင်းကင်ကိုးဆင့်မြောက်တွင် ရှိနေနိုင်ပေသည်။
ဤအရာက အဓိပ္ပာယ်ရှိ၏။ ထိုမျှကျင့်ကြံခြင်းမမြင့်လျှင် ကောင်းကင် ၈ ဆင့်ဖြစ်သော နေလမြေအောက်ကမ္ဘာဧကရာဇ်က အဘယ်ကြောင့် သူမအမိန့်တိုင်းကို နာခံနေပါမည်နည်း။
ယခုအခါ နေလေမြေအောက်ကမ္ဘာဧကရာဇ်က တတိယတောင်ကြားထဲတွင်သာ ရှိနေသေးပြီး တစ်ခါတရံမှသာ သူ့အိမ်ထဲမှ ထွက်လာတတ်သည်။
ယုယင်ယင်နှင့်အခြားသူများ လူစုကွဲသွားကြသောအခါ ကုအန်လည်း ထွက်သွားရန် ပြင်လိုက်၏။
ကျိရှောင်ယုသည်လည်း သုံးပြည်ထောင်ပုံပြင်၏ ဆွဲဆောင်ခြင်းကိုခံထားရပြီး သူ့ကိုမတားခဲ့ပေ။
အခန်းထဲမှ ထွက်လာပြီးနောက် ကုအန်အပေါ်ထပ်သို့ ပြန်တက်မသွားဘဲ သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုစီးနင်းကာ ဆေးတောင်ကြားထဲတွင်သာ လှည့်ပတ်စစ်ဆေးနေခဲ့သည်။
အန်းရှင်းသည် ဆန်းကြယ်သန့်စင်ပင်အောက်တွင် စိတ်ဝိညာဉ်စွမ်းအင်စုပ်ယူ၍ ကျင့်ကြံနေကာ လုံချင်းနှင့်ရှန်ရှင်းကျိတို့က တောအုပ်ထဲတွင် ခန္ဓာသန့်စင်ခြင်းကို ကျင့်ကြံနေကြပြီး အခြားတပည့်များကလည်း ကိုယ်စီတာ၀န်များနှင့် အလုပ်ရှုပ်နေခဲ့ကြ၏။ ဆေးတောင်ကြားတစ်ခုလုံး၏ ယခုအခြေအနေက ကုအန်ကို ကျေနပ်သွားစေခဲ့သည်။
သွေးအကျဉ်းထောင်မဟာသူတော်စင်လှည့်ပတ်သွားနေရင်း မကြာခင်တွင် ကျယ်ပြန့်လှသော အရှိန်အဝါကြီးတစ်ခုက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။
ကုအန် မော့ကြည့်လိုက်ရာ ပုံရိပ်တစ်ခု မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထက်တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် ကောင်းကင်ပြင်ပအလင်းလွှာ၏ အောက်တွင်ရှိနေပြီး မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေထဲတွင်သာ တည်ရှိနေသေး၏။
နတ်အတွေးအစစ်အမှန် အမတတစ်ပါး!
“ကျူပ်က အမတမင်းဆက်ရဲ့ဘိုးဘေး ယွမ်ရှုဖြစ်ပြီး ကျူပ်ဘ၀ရဲ့ အဆုံးသတ်ကို ရင်ဆိုင်နေရသူပါ ကျုပ်ကအခု ကျုပ်ရဲ့ ကျင့်ကြံထားခဲ့တဲ့ သက်တမ်း သန်း၃၀ ကိုသေမျိုးတွေအားလုံးအတွက် အကျိုးပြုဖို့ဆုံးဖြတ်ထားပါတယ် ကျုပ်ရဲ့မဟာတာအိုက အမတမိုးအဖြစ်ပြောင်းလဲသွားပြီး သက်ရှိတိုင်းကို ညဏ်အလင်းပွင့်စေမယ် ကျုပ်ရဲ့ခန္ဓာကိုယ်ကတော့ ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ကို ဖွင့်လှစ်ပေးပြီး သေမျိုးဝိညာဉ်တိုင်းအတွက် ကံကြမ္မာတစ်ခု ရရှိစေမယ်”
ထည်ဝါလှသောအသံကြီးက မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့ပြီး တောင်ကြားထဲရှိတပည့်များအားလုံး အံ့အားသင့်ကာ အပေါ်မော့ကြည့်လိုက်မိကြသည်။
ထို့နောက်တွင်တော့ ကုအန် ဘိုးဘေးယွမ်ရှုသည် သု့လက်များကိုဆန့်တန်းကာ သူ့ကိုယ်မှအလင်းရောင်များတောက်လာပြီး ထိုအလင်းများက ကောင်းကင်ပြင်ပရှိ နေခုနှစ်စင်း၏ အလင်းကိုပင်ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရ၏။
မြင့်မြတ်ခုံရုံးမှ မရေတွက်နိုင်သော ကျင့်ကြံသူများ ဘိုးဘေးယွမ်ရှုဆီ ထိုးတက်သွားကြပါသော်လည်း နောက်ကျသွားခဲ့ချေပြီ။
မော့ကြည့်နေရင်း ထိုအလင်းများက ကောင်းကင်တစ်ခွင်တွင် ပြန့်ကျဲကာ အောက်သို့ဆင်းသက်လာပြီး သူနှင့် သွေးအကျဉ်းထောင်မဟာသူတော်စင်ကိုပင် ဖုံးလွှမ်းသွားသည်ကို ကုအန် တွေ့လိုက်ရသည်။
“တာအိုကျင့်ကြံခြင်းသက်တမ်း သန်း၃၀တဲ့လား အဲ့တာက အမှန်တရားဖြစ်နိုင်လား” သွေးအကျဉ်းထောင်မဟာသူတော်စင် တုန်လှုပ်သွားဟန်ဖြင့် မေးလိုက်၏။
သက်တမ်း သန်း၃၀နေထိုင်ခဲ့သည်ဟူသော အဖြစ်ကိုသူတွေးပင်တွေးမကြည့်ဖူးဘဲ ထိုမျှကျင့်ကြံလိုက်လျှင် ကျင့်ကြံခြင်းအဆင့်မည်မျှရောက်သွားမလဲဆိုတာလည်း သူမသိခဲ့ပေ။
ထို့အပြင် သူ့စကားထဲ၌ပါသော အမတမင်းဆက်ဆိုတာကလည်း သာမန်တော့ မဟုတ်လောက်ပေ။
မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတွင် မြင့်မြတ်ခုံရုံးနှင့်ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်ခု ရှိနေခြင်းပေလော။
အလင်းရောင်များ မပျောက်သေးခင်တွင် မိုးများသည်းကြီးမည်းကြီးစတင်ရွာချလေတော့သည်။ လူတိုင်း အမြင်အာရုံများရှင်းလင်းသွားချိန်တွင် ကောင်းကင်ပေါ်ရှိ ရွှေရောင်တိမ်တိုက်များမှ ရွှေမိုးများ ရွာချနေသည်ကို တွေ့လိုက်ရ၏။
ရွှေမိုးများက သူတို့ကိုယ်ပေါ်ကျဆင်းသွားပြီး သူတို့ကိုယ်ကိုဆေးကြောလိုက်သောအခါ သက်ရှိများအားလုံး လန်းဆန်းသွားသလိုခံစားလိုက်ရပြီး ကျင့်ကြံခြင်းပင် အနည်းငယ်တိုးတက်သွားခဲ့ကြသည်။
ကမ္ဘာကြီးတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေပြီး အဓိပတိဂိုဏ်းလည်း ပွက်လောရိုက်နေခဲ့၏။
“ဒီမိုးက အစစ်လား”
“အမတမင်းဆက်…ယွမ်ရှုဘိုးဘေး…ငါအိပ်မက်မက်နေတာလား”
“အမြန်ထိုင်ပြီး ကျင့်ကြံ အဲ့တာကတကယ်ပဲ ကျင့်ကြံခြင်းကိုတိုးလာစေနိုင်တယ်”
“အမတမင်းဆက်လား အဲ့တာက အနောက်အရပ်သို့ခရီးသွားခြင်းထဲက ကောင်းကင်ခုံရုံးလို ဖြစ်နိုင်လောက်လား”
“ဖန်းအန်က စိတ်ကူးယဉ်ခဲ့ရုံသက်သက်မဟုတ်ဘူးပဲ
တကယ်ကြီး အမတတွေ နတ်ဘုရားတွေစုနေတဲ့ နေရာမျိုး ရှိနေခဲ့တယ်”
တတိယတောင်ကြားရှိတပည့်များ စိတ်လှုပ်ရှားကုန်ကြပြီး ကျင့်ကြံကုန်ကြလေသည်။ အချို့ကတော့ ဤအရာက မကောင်းကြံမှုတစ်ခုခုဖြစ်မှာကြောက်ပြီး ကျင့်ကြံဖို့ တွန့်ဆုတ်နေခဲ့ကြ၏။
ကုအန် အကြည့်က ရွှေရောင်တိမ်တိုက်များကိုဖောက်ကာ ယွမ်ရှုဘိုးဘေးဆီ ရောက်ရှိနေခဲ့သည်။ အလင်းရောင်များအောက်တွင် ယွမ်ရှုဘိုးဘေး၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး လေစီးကြောင်းတစ်ခုဖြစ်သွားကာ လည်ပတ်နေသော စက်လုံးတစ်ခုအဖြစ် တဖြည်းဖြည်းဖွဲ့တည်နေခဲ့၏။
ကုအန် အဝေးမှပင် ထိုစက်လုံးဆီသို့ ကောင်းကင်မြေပြင်နိယာမများ ချဉ်းကပ်သွားနေသည်ကို ခံစားမိနေခဲ့သည်။
ဤနိယာမများက ဝိညာဉ်နှင့်ဆက်သွယ်နေသော နိယာမဖြစ်ပြီး ကုအန် စကားလုံးနှစ်လုံးကို စဉ်းစားလိုက်မိသည်။
ပြန်လည်မွေးဖွားခြင်း!
နတ်အတွေးအစစ်အမှန်အမတတစ်ပါး၏ စတေးမှုက ပြန်လည်မွေးဖွားခြင်းလမ်းစဉ်ကို ဖွင့်လှစ်နိုင်ခြင်း!
ပြန်လည်မွေးဖွားခြင်းဆင့်ကဲပြောင်းလဲခြင်းထဲမှာပင် ကုအန် ဤကဲ့သို့ ဆန်းကြယ်သည့်ဖြစ်ရပ်မျိုးကို မကြုံခဲ့ဖူးပေ။
ဤဖြစ်ရပ်ပြီးသည့်နောက် မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေက အမတမင်းဆက်နှင့် ဘိုးဘေးယွမ်ရှုဟူသောနာမည်ကို အမြဲသတိရနေတော့မည် ဖြစ်ပြီး သူတို့ကျေးဇူးကိုလည်း မမေ့တော့မှာ သေချာနေခဲ့သည်။
ယခုအခါ မြင့်မြတ်ခုံရုံးသာ အမတမင်းဆက်ကိုသွားတိုက်ခိုက်ပါက သေမျိုးများ၏စိတ်ထဲက မြင့်မြတ်ခုံရုံး၏ ပုံရိပ်ကို ထိခိုက်သွားစေနိုင်၏။
ကုအန် ရွှေမိုးများကိုထိကြည့်ရန် ညာလက်ကိုမြှောက်လိုက်လေသည်။
ရုတ်တရက်
ကျန်းရှန်း၀မ် လေထဲသို့ ထိုးတက်သွားပြီး ထိုက်ကန်ကုန်းမြေတိုက်ကြီး၏ လေထုထဲတွင် ရပ်ကာ တာအိုကို စတင်ဟောပြောလေတော့သည်။
သူ့ဆန်းကြယ်လှသောအသံကြောင့် ကုန်းမြေတိုက်ကြီးရှိ သက်ရှိများအားလုံး ဘာပဲလုပ်နေနေ ဆန်းကြယ်သောအခြေအနေတစ်ရပ်သို့ ၀င်ရောက်သွားခဲ့ကြ၏။
ထိုအရာက ထိုက်ကန်မင်းဆက်တွင်သာ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ကမ္ဘာတစ်ခုလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အမတမင်းဆက်က ကမ္ဘာအနှံ့ဖြန့်ကျက်ထားသော အမတများက နေရာအသီးသီးတွင် ထွက်ပေါ်လာကာ တာအိုကို ဟောကြားနေခဲ့ကြသည်။ မြင့်မြတ်ခုံရုံးမှ ကျင့်ကြံသူများ ထိုသူများကို ဝိုင်းထားကြသော်လည်း အလျင်စလိုတော့ မပြုမူရဲကြပေ။
သက်ရှိများအားလုံးက ထိုအမတ၏အသံဖြင့် ချိတ်ဆက်ထားကြသောကြောင့် ထိုသူများစိတ်ထဲ အသံများ ပုံရိပ်များကိုပို့ပေးလိုက်ဖို့က ထိုအမတများအတွက် အတွေးတစ်ချက်သာ လိုအပ်ပေသည်။
ကုအန် အောက်ရှိသွေးအကျဉ်းထောင်မဟာသူတော်စင်လည်း ညဏ်အလင်းပွင့်သောအခြေအနေသို့ ၀င်ရောက်သွားပြီး အသိစိတ်မဲ့စွာ ၀ပ်ဆင်းနေခဲ့၏။
“ဒီလိုနည်းလမ်းမျိုးလည်း ရှိတာပဲ…” ကုအန် တွေးတောလိုက်မိသည်။ သူ့ကိုယ်ကတော့ နွားသိုးကိုယ်ပေါ်တွင်သာ ရှိနေသေးပြီး ငေးကြောင်နေသော မျက်လုံးများဖြင့် ညဏ်အလင်းပွင့်သော အခြေအနေသို့ ဝင်ရောက်နေခဲ့သည်။
နေလမြေအောက်ကမ္ဘာဧကရာဇ်အခန်းထဲမှ ထွက်လာကာ ကျန်းရှန်း၀မ်ကို မျက်မှောင်အနည်းငယ်ကြုံ့၍ ကြည့်နေခဲ့၏။
“အမတမင်းဆက်…နတ်အတွေးအစစ်အမှန်အမတတစ်ပါးကိုတောင် စတေးပစ်ဖို့ တွေးတာက….” နေလမြေအောက်ကမ္ဘာဧကရာဇ်လည်း ဘိုးဘေးယွမ်ရှုလုပ်ရပ်ကြောင့် အံ့အားသင့်နေခဲ့လေသည်။
သက်တမ်း ၁၅သန်းကျော်နေလာသောသူပင် ယခုလို မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ဘိုးဘေးယွမ်ရှု၏ တကယ့်ရည်ရွယ်ချက်က ဘာပဲဖြစ်နေနေ ဤလုပ်ရပ်က မဟာကောင်းကင်စိတ်ဝိညာဉ်နယ်မြေတစ်ခုလုံးကို အကျိုးပြုတာကတော့ အမှန်ပင်။
ရွှေမိုးများက ခေါင်မိုးများ တောင်များကိုဖောက်ပြီးပင် ရွာသွန်းနေခဲ့သည်။ ဘယ်နေရာမှာပဲရှိနေနေ သက်ရှိတိုင်းက ရွှေရောင်မိုးများ၏ ကောင်းချီးပေးမှုကို ခံစားကြရပြီး အမတများ၏ တာအိုတရားသံကို ကြားနေခဲ့ရ၏